မြစ်ရတုလျှင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မြစ်ရတုလျှင်-ချီ ရတု
by ပြည် နဝဒေးကြီး

၁။ မြစ်ရတုလျှင်၊[1] ပျော်မှုသာလွန်း၊ မာဃဆန်းက၊ ကိုင်းကျွန်းနုသစ်၊ ပုရစ်မထ၊ မြ-မလွန်သေး၊ ရွှေရည်ပြေးလျက်၊ စဲးကွေးသီတာ၊ သို့သောခါမူ၊ လဲးဝါပွင့်ကြွေ၊ ဝန်းသည့်လေနှင့်၊ ဆောင်းနွေရောယှက်၊ ဖျန်းကာပက်တည့်၊ ကျေးငှက်တွန်ထူး၊ ဘော်ပြိုင်မြူးက၊ ငုံဖူးပင်တိုင်း၊ မြစ်ကိုင်းကမ်းနား၊ စုံတောပြားတွင်၊ နဂါးသစ်ဆင်၊ ပျဉ်းပင်,အနန်း၊ လောင်းပန်း,သဇင်၊ ဂမုန်းအင်ကို၊ သဘင်ချိန်သင့်၊ ပန်သူလင့်သို့၊ ပွင့်အံ့ပြိုင်တူ၊ လင့်သောဟူ၏့၊ လူတို့သော်ကား၊ သနားဘွယ်ပေ၊ ကြာ့နှယ်ခွေလိမ့်၊ ဝေသည်ချစ်သက်၊ ပိုက်နွှဲးလျက်လျှင်၊ စုံမက် မချန်၊ မှာသောဟန်ကို၊ လျှောက်ပြန်-ခယ၊ ဆန်ခဲ့ရသည်။ ။ တလည်းတရစ် ဘွယ်တကား။

၂။ ချစ်သမှုလျှင်၊ လူသူ့နှယ်ပင်၊ ငှက်သဘင်ဟု၊ ငွေသွင်ဖြူသဲး၊ ကျွန်းပုလဲးထက်၊ ပျော်မြဲးနှစ်လို့၊ ငှက်တို့ဘာသာ၊ မင်္ဂလာဟု၊ ညီညာစုဝေး၊ ထိမ်းမြားပေးက၊ ပဲးတွေး-ဝံလို၊ ထူးအဲးဆိုလျက်၊ ဝံဘိုကား-ဖောင်၊ ရင်ဘောင်ကား-လှေ၊ လှော်သာထွေသို့၊ နှစ်ဆွေမကွာ၊ ဟင်သာမျိုးရင်း၊ နောင့်နှယ်နှင်း၍့၊ သောင်တင်း-အဲးလည်၊ တင်ကျီး-စည်နှင့်၊ နှုတ်မြည်တီးဆော်၊ စင်ယော်-နှဲးသာ၊ ခရာမှုတ်ဟန်၊ တိရစ္ဆာန်တို့၊ သဏ္ဌာန်မတူ၊ ရေသူရင့်ကြွေး၊ တဧးဧးလျှင်၊ ဟန်ရေးထူးခေါ်၊ ရေကြက်ဆော်၍့၊ ရွှင်ပျော်စအီ၊ လူလျှင်သီသို့၊ မညီစတောင်း၊ လွေကား-စောင်းနှင့်၊ ဥဒေါင်း-လက်ရှစ်၊ ငါးဟစ်-ဆော်နှိုး၊ ပြည်စိုး-သီချင်း၊ တညှင်းညှင်းတည့်၊ စောင်းငြင်းပျော်ပွဲး၊ တသဲးသဲးဝယ်၊ ဝမ်းပဲးရယ်ယောင်၊ ငှက်ဘိုးခေါင်လျှင်၊ နောင်တသည်တူ၊ ကြူးလမူက၊ သည်းအူဆွတ်ပျောင်း၊ မလွမ်းတောင်းတည့်၊ ငှက်ပေါင်းဖြင်မျှ၊ ပျော်မြူးကြသည်။ ။ လလည်းလသစ် ဝယ်တကား။

၃။ နှစ်တစ်ခုလျှင်၊ ရတုဂိန်မှာန်၊ ရေဗိမာန်ထက်၊ တောင်ပြန်လေရူး၊ ငါးကြင်းမြူးက၊ ငုံဖူးညောင်းရင့်၊ သစ်ဆင့်ပန်းလား၊ ပွင့်သည်များထက်၊ ရွှေသားနီမြန်း၊ [2](ရဟန်းနှင့်-ဆင်၊ မာတင်ပေါက်ကြီး၊ တည်တစီးနှင့်၊ တသီးဦးထုပ်၊ တရုပ်မြင်းက၊ ကျေးသူဝနှင့်၊ ဇော်တငုံဖူး၊ လှော်ကားဦးသို့၊) တထူးထွေလာ၊ ပန်းတကာတွင်၊ နှိုင်းရာမတူ၊ ခိုင်မဥ္ဇူကို၊ ကြင်သူမကုံး၊ မထုံးသည်နှင့်၊ ဆင်မတင့်တည့်၊ နတ်ရှင့်ရင်နှစ်၊ မခြားဖြစ်၍့၊ ခွေရစ်ရွက်မြ၊ ဆွေသက်မျှနှင့်၊ နွှဲးကြရွှေယဉ်၊ ပျော်စဉ်တွင်၌၊ မြစ်ခွင်ရေကျော်၊ ဆန်ခဲ့လှော်သော်၊ ရွှင်ပျော်စံတုန်း(စတုံ)၊ သွေးစုန်းကျော်ကာ၊ ဆယ့်ငါးဝါဝင်၊ ကလျာနိကာယ်၊ တစ်ဆယ်မက၊ ကြံတွက်ဆသည်။ ။ လှလည်းလှချစ် ရွယ်တကား။


မှတ်ချက်

  1. ရတု-ကား [၁-ဥတု။ ၂-သဘင်] ဟူသော အရာတို့၌ဖြစ်၏။ စတုဓမ္မသာရပျို့တွင် - “ဆောင်းချမ်း-သန်-နွေ၊ သုံးထွေရတု၊ လျော်သမှုဖြင့်” ဟု စပ်ရာ၌ မာဂဓလို “ဥတု” ဖြစ်သည်။ မဟာဝီရ-ချီ ကျေးသားခဏ်းတွင် - “မြစ်နှင့် အလုံး၊ မဆုံးလေမှု၊ ရေရတုဝယ်” ဟု စပ်ရာ၌ မြန်မာလို “သဘင်” ဖြစ်သည်။
  2. ( ) ဤလက်သည်းကွင်း၏ အတွင်းရှိစကားစုမှာ ပေါက်ပွင့်၏ ပရိယာယ်ဖြစ်သည်။
PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.