မြင်စိုင်းဘွဲ့ ကာချင်း (၁)

From Wikisource
Jump to navigation Jump to search
မြင်စိုင်းဘွဲ့ ကာချင်း (၁)
by မြင်စိုင်း ငါးစီးရှင်ကျော်စွာ
မြန်မာသက္ကရာဇ် ၇၀၄ ခုနှစ်တွင် နန်းတက်တော်မူသော မြင်စိုင်းငါးစီးရှင်ကျော်စွာ ကိုယ်တိုင် ကဆိုသည့် မြင်စိုင်းမြို့ဘွဲ့၊ ကာချင်း။
မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ။ နှာ- ၄၊ ၅၊ ၆။ ပိုဒ်- ၈။

တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်းရှင်ချင်း၊ ဟုတ်တည်း ဆွေရင်းဆွေရင်း၊ ဟုတ်တည်း သည်ရင်း[1] သည်ရင်း။
မြင်စိုင်းဟူသည်၊ ရွှေပြည်ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံ[2] တက်နွယ်၊ ခြုံတက်နွယ်။
တောင်လေရှူန်းရှူန်း၊ မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။
နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။
တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရ[3] ဓာတ်စွယ်၊ သရီရဓာတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းပြည့်ဆောလွယ်၊ ပြည့်ဆောလွယ်။
ခါနှင့်ဘုတ်ချိုး၊ ကြက်တော်မျိုး၊ လိုစိုး ကျက်မြေကျယ်၊ ကျက်မြေကျယ်။
ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွှေး[4] စားလိုဖွယ်၊ စားလိုဖွယ်။
ယရည်း[5] သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှချွန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။
စောလူး[6] စီးတန်၊ မျိုးဆက်ဒန်[7]၊ လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်။
မြှောက်စည်[8] လတီး၊ ဝင်ခါနီး၊ စောဓီးနန်းထက်ကျယ်၊ နန်းထက်ကျယ်။
သာသည့်မြေပြင်၊ စောနတ်ရှင်၊ နန်းခွင်ရှုတင့်တယ်၊ ရှုတင့်တယ်။
အထူးလော၊ တက်တိမ်လော၊ နေရောင်လော။

ခက်ဆစ်[edit]

  1. သည်ရင်း (ပေါရာဏ)= မယား။
  2. ဤခြုံဟူသောစကားကို ကဗျာသာရတ္ထ၌ အပင့်ပြသည်။ စွယ်စုံကျော်ထင်သတ်ပုံ၌ အရစ်ပြသည်။ မူလက [ခြုံ] ဟု အရစ်နှင့်ရေးကြသည်။ မွန်ဘာသာ၌ ယခုထက်တိုင် [ခြုံ] ဟု အရစ်နှင့် ရေးလျက်ရှိသည်။ တော်ချုံကို အပင့်နှင့် ရေးရမည်ဆိုသော်လည်း ကဗျာသာရတ္ထဆရာသည် ပန်းခြုံကို အရစ်ရေးရမည် ဆိုပြန်သဖြင့် ရှေ့နောက်စကားမညီ၍ မမှတ်သင့်။ မူလအတိုင်းသာ [ခြုံ] ဟု အရစ်နှင့်ရေးသင့်သည်။
    • ဝေါဟာရလီနတ္ထဒီပနီ၌လည်း [ခြုံ] ဟု အရစ်ဆုံးဖြတ်သည်။
  3. သရီရ (ပါဠိ)= မြတ်စွာဘုရား၏ ကိုယ်တော်မှဖြစ်သော စွယ်တော်စသောဓာတ်မြတ်။
  4. နွှေး (ပေါရာဏ)= အခွံကိုခွာသည်။ ယခုကာလမူကား နွှင်သည်၊ နွှာသည်ဟုပြောကြသည်။ (ထားဝယ်စကားဖြင့် နွှီး ဟု ထွက်ဆိုသည်။)
  5. ယရည်း (ပေါရာဏ)= ဆင်ထိန်း။
  6. စောလူး (ပေါရာဏ)= မင်း။ စောကား မြတ်သည်ဟူလို။ လူးကား တိုးတက်သည်ဆိုလိုသည်။
  7. ဆက်ဒန်= ဆက္ကဒန္တ (ပါဠိ)= အရောင်ခြောက်ပါးအပေါင်းနှင့် ပြည့်စုံသော အစွယ်ရှိသည့် ဆင်ဖြူ။
  8. မြှောက်စည်= မင်းဧကရာဇ်တို့ ဝင်တော်မူရန် တီးရသည့်စည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse