မြကြိုးနွယ် ဘုရားပင့်

From Wikisource
Jump to navigation Jump to search
မြကြိုးနွယ် ဘုရားပင့်
by အမည်မသိ

သိရိန္ဓရဿ ဥဏ္ဏာယ၊ သရီရတော ပဘဿရော။

မဏိကာဝ ဝိရောစေန္တိ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ။

သိရိန္ဓရဿ- နေလရွှေမြ ဂဟေသ၍ ဝေကြွမက်မပြေ လက်လက်ပြောင်ပြောင် ကျက်သရေကိုလည်း ဆောင်တော်မူပေထသော။

သရီရတော- ဝင်းဝါရွှေတောင် နေရောင်ဟပ်သလို မြတ်ရွှေကိုယ်၏။

ဥဏ္ဏာယ- သုံးရက်လသဖွယ် ခုန်းမျက်စ နှစ်သွယ်၏အလယ်၌ တင့်တယ်ရောင်ဖြာ နှစ်တောင့်ထွာပမာဏ ကြီးစရောင်စုံ ဥဏ္ဏလုံခေါ် မွေးတော်ရှင်ဓာတ် လွန်ထူးမြတ်သော အရပ်မှ၎င်း။

ပဘဿရာ- ပြိုးပြိုးပြောင်ပြောင် တိမ်တောင်တွေဟပ် လျှပ်လျှပ်ရောင်စုံ အံ့ချီး၍မကုန်အောင် အစုံစုံပေါ်ထွက်လျက်ရှိသော။

မဏိကာဝ- အစိမ်းရောင်က တဖြာ, အဝါရောင်က တလှည့်, ရတနာရွှေတောင်ကို နေအရောင် ဟပ်သကဲ့သို့ ပြောင်တဲ့ခြည်, ဝင်းတဲ့ခြည်, သင်းတဲ့ခြည်, လင်းတဲ့ခြည်ထိန်ဝဲ စိန်စားပွဲပေါ်မှ ဘော်သာခွါ ငွေကလပ်နှင့် ရွှေတရပ်မွေ့ရာဝယ် ကျောက်ရတနာ မြတင်ကာပြလို့ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ်ရောင်တော်ရှင်တို့သည်။

ဝိရောစေန္တိ- ဖူးမြင်ရသူ ကြည်ဖြူမြတ်လေး ဘဝင်အေးအောင် တင့်တယ်ထွန်းပတော်မူပါကုန်၏။

သော ဗုဒ္ဓေါ- အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။

မေ- ငါးပါးခန္ဓာ ရွံစရာကို လွန်စွာထင်လွဲ မြင်စွဲသွေချော် တပည့်တော်၏။

သီသကေ- ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်ထက်၌။

ဌာတု- မဏ္ဍိုင်မေရု အခြေစုသဖြင့် အသရေယခု ကြွတဲ့အောင် မားမားကြီး ရပ်တန့်တည်နေတော်မူလှည့်ပါ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် အရှင်သူမြတ်ဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse