မောင်လူအေးရဲ့ တစ်နေ့တာ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၉) မောင်လူအေးရဲ့ တစ်နေ့တာ (ကျောင်းသားကိုင်သို့)
339321ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၉) မောင်လူအေးရဲ့ တစ်နေ့တာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

မောင်လူအေးရဲ့ တစ်နေ့တာ

သင်ယူမှုဦးတည်ချက် ။ ။ တစ်နေ့တာကိုမည်သို့ အကျိုးရှိရှိ အသုံးပြုရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မောင်လူအေးလေးရဲ့ တစ်နေ့တာ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါလုပ်ငန်းများကို အဆင့်ဆင့်ပြုလုပ်ပါ။

(၁) ဦးစွာ မေးခွန်းမေးပါ။
-ကလေးတို့ မနက်က ဘယ်အချိန်အိပ်ရာက ထခဲ့ကြသလဲ။
-အိပ်ရာထတဲ့အချိန် ဘာတွေလုပ်ကြသလဲ။ စဉ်းစားပါဦး။
-မျက်စိကို ပွတ်ခဲ့တာလား။ ဝါးကနဲ သန်းခဲ့တာလား။ ဒါမှမဟုတ် အားရပါးရ အပျင်းဆန့်ခဲ့တာလား။ ဘယ်သူ စ ပြောမလဲ။

(၂) ကလေးများပြောသော လှုပ်ရှားမှုများအရ တစ်ဦးကို အမူအရာလုပ်ပြရန် ဖိတ် ခေါ်ပါ။ ကျန်ကလေးများအား ကြည့်ပါစေ။

(၃) ကျန်ကလေးများအား လှုပ်ရှားမှုကို နှုတ်မှ ပြိုင်တူရွတ်ဆိုစေရင်း အမူအရာ လိုက် လုပ်ရန် ညွှန်ကြားပါ။

-ဥပမာ ကဲ “အပျင်းဆန့်မယ်”လို့ အော်ပြီး “သူ့လို လိုက်လုပ်ကြရအောင်”ဟု တိုက်တွန်းပါ။

(၄) အထက်ပါ အဆင့်များအတိုင်း ကလေးများ၏ တစ်နေ့တာလှုပ်ရှားမှုများ ပေါ်ထွက် လာစေရန်နှင့် အမူအရာများ ရွတ်ဆိုပြုလုပ်ကြစေရန် ဆရာက ဦးဆောင်ပါ။ မျက်နှာသစ်၊ သွားတိုက်၊ မိဘကူညီ၊ ဓမ္မစကူးလ်သွား၊ စာသင်၊ စာလေ့လာ၊ ထမင်းစား၊ ရေချိုး၊ စသည်တို့အပြင် ကလေးများအပြောနည်းသော အခြား လှုပ်ရှားမှုများကိုလည်း လက်ခံပေးရန်လိုပါသည်။ ဥပမာ အိမ်သာတက်၊ ခေါင်းဖီး၊ သနပ်ခါးလိမ်း၊ ကြက်ကလေးဆန်ကျွေး ... စသည်။

(၅) “အိမ်က မိသားစုဝင်တွေကို ကူညီအလုပ်လုပ်ပေးတဲ့သူရှိရင် လက်ညှိုးထောင်ပါ။ ဘာတွေ လုပ်ပေးသလဲ၊ ပြောပါဦး”ဟု မေး၍ ရှေးနည်းတူ ဆောင်ရွက်ပါ။

[သတိပြုရန် 1]

֍လှုပ်ရှားမှုအတော်များများကို အမူအရာများနှင့်တကွ ပျော်ရွှင်စွာ သရုပ်ဖော်ကြပြီးပါက “သားတို့၊ သမီးတို့လိုပဲ လိမ္မာတဲ့ မောင်လူအေးလေးအကြောင်း နားထောင်ကြမယ်နော်။ မောင်လူအေးလေး တစ်နေ့တာ ဘာတွေလုပ်သလဲဆိုတာ လေ့လာကြမယ်နော်” ဟု ပြော၍ ဇာတ်လမ်းကို ပြောပြပါ။

မောင်လူအေးရဲ့ တစ်နေ့တာ

တစ်ခါက မောင်လူအေးဆိုတဲ့ ဒုတိယတန်းကျောင်းသားလေးတစ်ယောက် ရှိတယ်။ မနက်မိုးလင်းလို့ သူ့မေမေက အိပ်ရာထဖို့ နှိုးတာနဲ့ ချက်ချင်းထပြီး မျက်နှာသစ်၊ သွားတိုက် တာတွေကို သူ့ဘာသာလုပ်တယ်။

မောင်လူအေးမေမေက တစ်ခါတလေ မောင်လူအေးကို ဘုရားဆွမ်းတော်ကပ်တာ၊ သောက်တော်ရေကပ်တာတွေ လုပ်ခိုင်းတတ်တယ်။ ဘုရားရှိခိုးလည်း သင်ပေးတယ်။ ဒါ ကြောင့် မောင်လူအေးက ဘုရားဆွမ်းတော်လည်း ကပ်တတ်တယ်။ ဘုရားလည်း ရှိခိုးတတ်တယ်။

မောင်လူအေးဟာ မနက်မှာ မေမေပြင်ဆင်ပေးတဲ့ ပဲပြုတ်နဲ့ ထမင်းကြော်တို့ကို စားတယ်။ မေမေ ခိုင်းတာတွေကိုလည်း လုပ်ပေးတယ်။ စားပြီးတဲ့ ပန်းကန်တွေလည်း သိမ်းပေးတယ်။

ကျောင်းသွားချိန်နီးတော့ မောင်လူအေးဟာ ရေချိုး၊ ကျောင်းဝတ်စုံလဲပြီး သူငယ်ချင်း တွေနဲ့အတူ ကျောင်းသွားတယ်။ ကျောင်းတက်တော့ ဆရာ/မတွေ စာသင်တာကို သေချာ ဂရုတစိုက် နားထောင်တယ်။ အားလပ်ချိန် (မုန့်စားဆင်းချိန်) ရောက်တော့လည်း သူငယ် ချင်းတွေနဲ့အတူ ကစားတယ်။ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တဲ့အခါ မိဘကိုကူညီပေး တယ်။ ပြီးမှ ရေချိုးပြီး ညနေစာ ထမင်းစားတယ်။ အိမ်စာတွေလုပ်တယ်။ စာဖတ်၊ စာကျက် တယ်။ ညအိပ်ရာဝင်ခါနီးမှာ သွားတိုက်တယ်။ ပြီးတော့ ဘုရားရှိခိုးတယ်။ မိသားစုအားလုံး၊ သူငယ်ချင်းအားလုံးနဲ့ သတ္တဝါအားလုံးကို မေတ္တာပို့တယ်။ ဖေဖေနဲ့ မေမေကို ကန်တော့ပြီးမှ အိပ်လေ့ရှိတယ်။

မောင်လူအေးဟာ နေ့စဉ်နေ့တိုင်း သူ့ရဲ့တစ်နေ့တာကို ကောင်းကောင်းမွန်မွန် အကျိုးရှိရှိ အသုံးချနေတဲ့ ကလေးလိမ္မာတစ်ယောက် ဖြစ်တယ်။

֍လိုအပ်ပါက ဇာတ်လမ်းကို နောက်တစ်ကြိမ် ထပ်ပြောပါ။ ပြီးလျှင် အောက်ပါ မေးခွန်း များကို မေးပါ။

-အခုဇာတ်လမ်းလေးဟာ ဘယ်သူ့အကြောင်းလဲ။
-ကလေးတို့ရော မောင်လူအေးလေးလို မလိမ္မာချင်ကြဘူးလား။
-မောင်လူအေးလို လိမ္မာချင်ရင် ဘာလုပ်ရမလဲ။
-မောင်လူအေးလို လိမ္မာတဲ့ကလေးတွေ လက်ညှိုးထောင်ကြပါဦး။
-လိမ္မာတဲ့ကလေးဟာ ဘာတွေလုပ်လေ့ရှိသလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သင်ပုန်း၊ တိပ်၊ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မောင်လူအေး၏ တစ်နေ့တာ လှုပ်ရှားမှုရုပ်ပုံများကို ကလေးများအား ဝေပေးပါ။ ဆရာ/ ဆရာမ ပြင်ဆင်ထားသော ရုပ်ပုံအရေအတွက်ပေါ်မူတည်၍ တစ်အုပ်စုလျှင် တစ်ပုံ သော်လည်းကောင်း၊ တစ်ဦးလျှင် တစ်ပုံသော်လည်းကောင်း ဝေနိုင်သည်။

֍ကလေးများအား တစ်ဦးစီ အလှည့်ကျပုံစံဖြင့် မိမိတို့ရရှိထားသော ရုပ်ပုံများကို အတန်း ဘက်သို့ ပြ၍ မောင်လူအေး၏ တစ်နေ့တာအကြောင်းကို ပြောတတ်သလို ပြောပါစေ။

֍ဆရာက အတန်းရှေ့တွင်နေ၍ အစီအစဉ်တကျ ရှိထားပြီးသော မောင်လူအေး၏ တစ်နေ့တာ လှုပ်ရှားမှုရုပ်ပုံများကို အစဉ်လိုက် တစ်ပုံစီပြပါ။ “မောင်လူအေး ဘာလုပ်နေတာလဲ”ဟု မေး၍ ကလေးများအား လှုပ်ရှားမှုအမည်ကို နှုတ်မှ ပြိုင်တူရွတ်ဆိုရင်း အမူ အရာပါ လုပ်ပြပါစေ။

[သတိပြုရန် 2]

֍ဆရာက “မောင်လူအေးလေးဟာ လိမ္မာတဲ့ကလေး ဟုတ်သလား။ ဘာဖြစ်လို့ လိမ္မာတယ်လို့ ပြောတာလဲ”ဟု မေးပါ။ ကလေးများ ဖြေကြားပြီးပါက မိမိလုပ်နိုင်သောအလုပ် ကို မိမိကိုယ်တိုင် ပြုလုပ်ခြင်း၊ မိဘများကို ကူညီခြင်း၊ ဆွမ်းတော်ကပ်ခြင်း၊ ဘုရားရှိခိုး ခြင်း၊ ကျောင်းမှန်မှန် တက်ခြင်း၊ လူကြီးမိဘများကို ရိုသေခြင်း စသည့် အပြုအမူများ ရှိလျှင် လိမ္မာသော ကလေးများအဖြစ် အားလုံးက ချစ်ခင်ကြမည်ဖြစ်ကြောင်း ရှင်းပြပါ။

֍ဆရာက သင်ပုန်းတွင် အောက်ပါအချိန်မျဉ်းကို ဆွဲပါ။

မနက်---------- နေ့လယ်--------- ညနေ---------- ည

֍မောင်လူအေး၏တစ်နေ့တာ ရုပ်ပုံများကို သင်ပုန်းရှိ အချိန်မျဉ်း၏ သင့်လျော်ရာ နေရာတွင် အစီအစဉ်တကျ ကပ်ခြင်းလုပ်ငန်းကို ကလေးများနှင့်အတူ မေးဖြေပြုလုပ်ရင်း ကလေးကိုယ်တိုင် ကပ်ပါစေ။ ဆရာက နမူနာတစ်ခု ပြုလုပ်ပြနိုင်သည်။

֍အုပ်စုတစ်ခုလျှင် ရုပ်ပုံတစ်စုံစီ ဝေပါ။ သင်ပုန်းရှိ အစီအစဉ်တကျ ကပ်ထားမှုအရ မိမိတို့ ရထားသောရုပ်ပုံများကို အုပ်စုဝင်အားလုံး တိုင်ပင်၍ စီပါစေ။ ဆရာက လိုက်ကြည့်ပါ။ ဦးဆုံးပြီးသောအဖွဲ့ကို ဦးစွာ လက်ခုပ်တီး၍ အားပေးပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ လုပ်ဆောင်မှုများကို ရေးသားထားသော စာရွက်ပိုင်းများ သို့မဟုတ် ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သူငယ်ချင်းနဲ့ရန်ဖြစ်၊ အိမ်စာလုပ်၊ အတင်းပြော၊ ဘုရားရှိခိုး၊ ဂိမ်းဆော့၊ စာကျက်၊ မိဘကူ” စသည့် ကတ်ပြားများ၊ စာရွက်ပိုင်းများကို ဆရာက ကြိုတင်ပြင်ဆင်ထားပါ။

[သတိပြုရန် 3]

֍“အချိန်ကို အကျိုးရှိအောင် သုံးတာက ဘာတွေလဲ၊ အကျိုးမရှိအောင် ဖြုန်းတာက ဘာတွေလဲ”ဟု ကလေးများအားမေးပြီး အောက်ပါစာများကို ရေးသားပြီး သင်ပုန်းကို နှစ်ပိုင်း ပိုင်းပါ။

အကျိုးရှိအောင်သုံး | အကျိုးမရှိအောင်ဖြုန်း

֍ကတ်ပြား/ စာရွက်ပေါ်ရှိ စာသားများပေါ် မူတည်ပြီး ကလေးများကို သင်ပုန်း၏ သင့်တော်ရာဘက်တွင် ရပ်စေပါ။

֍အများမြင်သာစေရန် စာရွက်/ကတ်ပြားများကို ကိုင်ထားပါစေ။

֍ဆရာက ကလေးများအဖြေများထဲမှ ပြန်၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် အချိန်ဇယားကို ဆွဲခိုင်းပါ။ (ဥပမာ - မနက်ဆိုရင် ၆ နာရီမှာ အိပ်ရာထမယ်၊ ၉ နာရီမှာ ကျောင်းသွားမယ် စသည်ဖြင့်။)

֍ကလေးများအား မောင်လူအေးကဲ့သို့ လိမ္မာသောကလေးများ ဖြစ်မည်ဟု ယုံကြည် ကြောင်း၊ မောင်လူအေးကဲ့သို့ မလုပ်ဖြစ်သောအရာများ၊ ဥပမာအားဖြင့် ဘုရားရှိခိုးခြင်း၊ မိဘကူညီခြင်း စသည်တို့ရှိနိုင်သော်လည်း မောင်လူအေးထက် ပို၍လုပ်တတ်သော အရာများလည်း ရှိနိုင်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး လုပ်ဆောင်မှုချင်း မတူနိုင်ကြောင်း၊ အရေးကြီးသည်မှာ နေ့စဉ် ပြုလုပ်မှုများသည် မိမိအတွက် (သို့မဟုတ်) မိသားစုဝင် များအတွက် (သို့မဟုတ်) အခြားသူတစ်ဦးဦးအတွက် အကျိုးရှိသော အလုပ်များ ဖြစ်ဖို့လို ကြောင်း ရှင်းပြပါ။

֍ဆက်လက်၍ မောင်လူအေးကဲ့သို့ မိမိတို့နေ့စဉ် ပြုလုပ်သောအလုပ်များကို လူတိုင်း စဉ်းစားကြရမည်ဖြစ်ကြောင်း၊ မိမိပြုလုပ်မှုများကို အတန်းရှေ့သို့ တစ်ဦးစီ ထွက်ပြော ကြရမည်ဖြစ်ကြောင်း ပြော၍ ကလေးများအား စဉ်းစားပါစေ။ ရုပ်ပုံများကို ကိုးကားနိုင်ရန် ပေးထားပါ။ ဆရာက လှည့်လည်ကူညီပါ။

֍တစ်ဦးစီ အလှည့်ကျ ပြောပါစေ။

֍ဆရာက ယနေ့မှစ၍ ပိုမိုလိမ္မာသောကလေးဖြစ်ရန် အကျိုးရှိသောအလုပ်များကို စတင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းအားပေးရင်း စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. သရုပ်ဖော် ရုပ်ပုံများကို သုံးနိုင်ပါသည်။
  2. ကလေးများ မလုပ်နိုင်သော လှုပ်ရှားမှုများရှိပါက ဆရာက သရုပ်ဆောင် ပြပါ။
  3. ရေးထားသော စာရွက် ကတ်ပြားများကို စားပွဲပေါ်တွင် မှောက်ထားပြီး ကလေးများကို တစ်ခုစီ ယူစေပါ။