မေရုဗဟိုရ်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"မေရုဗဟိုရ်"ချီ ရတု
by လှော်ကားသုံးထောင်မှူး

မေရုဗဟိုရ် မြင့်မိုရ်ဦးကိုင် ပန်းလည်တိုင်ကို ကြံခိုင်စွာနိုး ပွတ်ငင်ကြိုးသို့ ရေမျိုးဇာတိ မဟိန္ဓိနှင့် တရိဝင်္ကော် သုံးရစ်ဘော်မှ အဖျော်ဆယ်ခု ထောပတ်ပြု၍ ဥသုဂတံ ဂေါဏောသွန်ဟု မြင်ဟန်မျက်စိ တထောင်ရှိသား မြင့်ဘိဥက္ခောင်း တောင်လည်းကောင်းလျှင် ခေါ်သောင်းမည်ပင် ထောင်နေစင်တိ ကိုယ်လျှင်လက်ခြေ နှစ်ထောင်နေမှ ပရမေသူရာ ဖန်ဆင်းလှာသို့ သိင်္ဂါဘုံမြင့် ရိပ်ဖြူဖွင့်၍ ရှင်ပင့်ဘေးဘိုး ကျွန်းလုံးစိုးသည် နန်းရိုးတည်စ ပင်ကိုယ်သော

မြေထုနဂိုရ် ချက်ထိပ်မို၍ တောင်ညိုမလည် ပွင့်လင်းစည်သား ဆွေသည်ဘော်ကွာ အိမ်သူရှာသော် ပြင်လျာရူပ နဂါးမနှင့် မာဃမြေးရင်း နေနတ်မင်း၏ ရင်တွင်းသားတော် တူစံပျော်မှ ဘွားမြော်အစ သကြားမ၍ သိပ္ပဓနု လေးမှုတတ်ပွန် လက်ရုံးအန်ဖြင့် နိုင်တန်ရှေးဦး ငှက်ဘီလူးက စားကြူးဆီခဲ ဝက်ထီးရဲကို အောင်ပွဲခွင်းလတ် အရိမဒ်ဝယ် တိုက်သတ်ဥမျိုး ရန်ညွှန့်ချိုးသည် တန်းခိုးရည်မျှ ပင်ကိုသော

ဝေဠုအညို စိမ်းမြစိုသား မြင့်မိုရ်ထုတ်သန်း မြခါးပန်း၏ မယွန်းပေါ်ထူး တောင်စူးစူးဝယ် ကျွန်းဦးသပြေ ညှာမှကြွေသော် ကျပေတုံလှာ ရေမျက်နှာထက် သံဝါကျူးတွန် နှစ်လေဟန်မူ ပြုတ်ပြုတ်ဟူ၏ ပေါ်မူထူးလည် ပြုန်းပြုန်းမည်သား နတ်စည်ကစ ပေး၍ရသည် သာလှလေဘိ ဘုန်းဇာတိဖြင့် အရိမဒ္ဒနာ ပေါက္ကာရာမ ဥကင်္သဝယ် ပြန်ထထိပ်မိုး တီးဆော်နှိုးသည် ဘေးဘိုးသည်က ပင်ကိုသော