မေတ္တာပို့ဆုတောင်း

From Wikisource
Jump to navigation Jump to search
မေတ္တာပို့ဆုတောင်း
by အမည်မသိ

မေတ္တာပို့[edit]

ဒုက္ခပ္ပတ္တာ စ နိက္ခာ၊

ဘယပ္ပတ္တာ စ နိဗ္ဘယာ။

သောကပ္ပတ္တာ စ နိဿောကာ၊

ဟောန္တု သဗ္ဗေပိ ပါဏိနော။

ဒုက္ခပ္ပတ္တာ- ဆင်းရဲဒုက္ခ ရောက်နေကြကုန်သော။ သဗ္ဗေပိ- ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကြကုန်သော။ ပါဏိနော– တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများတို့သည်။ နိက္ခာ စ– ဆင်းရဲဒုက္ခ ကင်းဝေးကြကုန်သည်လည်း။ ဟောန္တု- ဖြစ်ကြပါစေကုန်သတည်း။ ဘယပ္ပတ္တာ- ကြောက်လန့် မအေး ဘေးနှင့်ရင်ဆိုင် တွေ့ နေကြရကုန်သော။ သဗ္ဗေပိ- ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကြကုန်သော။ ပါဏိနော- တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများတို့သည်။ နိဗ္ဘယာ စ- ကြောက်လန့်ကင်းကွာ ဘေးဘယာမရှိကြကုန်သည်လည်း။ ဟောန္တု- ဖြစ်ကြပါစေကုန် သတည်း။ သောကပ္ပတ္တာ- စိုးရိမ်ကြောင့်ကြ ဗျာပါရသို့ရောက်၍ နေကြကုန်သော။ သဗ္ဗေပိ- ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကြကုန်သော။ ပါဏိနော- တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများတို့သည်။ နိဿောကာစ- ကြောင့်ကြမဲ့လျှင်း စိုးရိမ်ခြင်းမရှိကြကုန်သည်လည်း။ ဟောန္တု- ဖြစ်ကြပါစေကုန်သတည်း။

ဆုတောင်း[edit]

ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုည သမ္ပဒံ။

သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

ဧတ္တဝတာ- သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤသုတ်ပါဠိတော် ပရိတ်တရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားကို ပူဇော်ခြင်းဖြင့်။ အမှေဟိ– အကျွန်ုပ်တို့သည်။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ- အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံစေခြင်းငှာ။ သမ္ဘတံ- ကောင်းစွာမပြတ် ဆည်းပူးအပ်သော။ ပုညသမ္ပဒံ– ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ ပြည့်စုံခြင်းကို။ သဗ္ဗေ- ကြွင်းမဲ့ဥဿုံ အလုံးစုံသော။ ဒေဝါ- စကြာဝဠာ အဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်။ အနုမောဒန္တု– ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။

နတ်ပို့[edit]

ဒါနံ ဒဒန္တ သဒ္ဓါယ သီလံ ရက္ခန္တု သဗ္ဗဒါ။

ဘာဝနာ ဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာ ဂတာ။

ဒါနံ- ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို။ သဒ္ဓါယ– ကံ ကံ၏အကျိုးကို ယုံကြည်လျက်။ ဒဒန္တု– ဘဝ, ဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။ သဗ္ဗဒါ- နေ့ရော ညဉ့်ပါ အခါခပ်သိမ်း။ သီလံ- စာရိတ္တ ဝါရိတ္တ မြတ်သီလကို။ ရက္ခန္တု- မကျိုးမပေါက် စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။ ဘာဝနာ ဘိရတာ- သမထဝိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်း လျက် စီးဖြန်းမွေ့လျော်ကြကုန်သည်။ ဟောန္တု- ဖြစ်ကြပါစေကုန်သတည်း။ အာဂတာ- စကြာဝဠာ ကမ္ဘာ လောကဓာတ် အရပ်ရပ်မှ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော။ ဒေဝတာ- နတ်, ဗြဟ္မာအပေါင်းတို့ သည်။ ဂစ္ဆန္တု- သာဓု အနုမောဒနာ ဝမ်းမြောက်စွာလျှင် နှုတ်လျှာသံညီး ပြုပြီးလေဘိ မိမိတို့၏ ပျော်ဖွယ်ရာ ရိပ်ခိုနန်း ဘုံဗိမာန်နန်းသို့ ကြွမြန်းတော်မူကြပါစေကုန်သတည်း။

အမျှဝေ[edit]

ပုညဘာဂမိမံ စညံ၊ သမံ ဒဒါမ ကာရိတံ။

အနုမောဒန္တု တံ သဗ္ဗေ၊ မေဒိနီ ဌာတု သက္ခိကေ။

အမှေဟိ– အကျွန်ုပ်တို့သည်။ ကာရိတံ– စေတနာကွန့်မြူး သဒ္ဓါထူးဖြင့် ဆည်းပူးပြုလုပ်အပ်သော။ ဣမဉ္စပုညဘာဂံစ– သုတ်ပါဠိတော် ပရိတ်တရားတော်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ခြင်းဟူသော ဤကုသိုလ်ကောင်းမှု၏ အဖို့အစုကိုလည်းကောင်း။ အညဉ္စ ပုညဘာဂံ– ထိုမှတစ်ဖြာ သင့်လျော်သော အခါ၌ ကောင်းစွာပြုစု ကုသိုလ်၏ အဖို့အစုကိုလည်းကောင်း။ သဗ္ဗေသံ- လူ, နတ်, ဗြဟ္မာ သတ္တဝါမကြွင်း ခပင်းဥဿုံ အလုံးစုံတို့အား။ သမံ ဒဒါမ ...အညီအမျှ ရကြစေငှာ ပေးဝေငှပါကုန်၏။ သဗ္ဗေ- လူ, နတ်, ဗြဟ္မာ သတ္တဝါမကြွင်း ခပင်းဥဿုံ အလုံးစုံတို့သည်။ တံ ပုညဘာဂံ- အကျွန်ုပ်တို့၏ ပေးဝေအပ်သော ထိုကုသိုလ်ကောင်းမှု အဖို့အစုကို။ အနုမောဒန္တု- ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါစေကုန်သတည်း။ မေဒိနီ- ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည်။ အမှာကံ– အကျွန်ုပ်တို့၏၊ သက္ခိကေ– ကာလရှည်လျား မေလျော့ငြားလည်း ပြောကြားပါစေ သက်သေအရာ၌။ ဌာတု- အေးယာဉ်ပုခက် အိုးထိန်းစက်သို့ သွက်သွက်လှုပ်ကာ ထိုအခါဝယ် တည်လှာရပ်တံ့ပါစေကုန်သတည်း။

ဆုတောင်းအမျှဝေ[edit]

ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ချမ်းမြအေးကြည်၊ ဘေးမဲ့မည်သည်၊ ရွှေပြည်ထုတ်ခြောက်၊ လမ်း မကောက်ဘဲ၊ ရောက်ရပါလို၊ ထိုထိုဘဝ၊ ကျင်လည်ရလည်း၊ ဒုက္ခဘေးဒဏ်၊ ရန်မာန်အပေါင်း၊ မကောင်း ဟူသမျှ၊ မတွေ့ရဘဲ၊ သဗ္ဗဣစ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာတတိုင်း၊ ရစေသောဝ်။

ယနေ့ ယခု၊ ပြုပြုသမျှ၊ မြတ်ဘာဂကို၊ မိဘဆရာ၊ မျိုးသဟာနှင့်၊ ကိုယ်မှာစောင့်ကြပ်၊ ကိုယ်စောင့် နတ်က၊ အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့ ရကြပါစေ၊ ပေးငှဝေသည် များထွေသာဓု ခေါ်စေသောဝ်။

(သံပြိုင်ရွတ်ဆိုရန်)

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု..သာဓု..သာဓု

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု..သာဓု..သာဓု

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု..သာဓု..သာဓု

  • * *

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse