မုဒုလက္ခဏပျို့/အခန်း-၂

From Wikisource
Jump to navigation Jump to search
အလောင်းတော်ရသေ့အား မင်းကြီး ကိုးကွယ်ထားခန်း  (1751) 
by ရှင်လင်္ကာသာရ
ရှင်လင်္ကာသာရမှာ နောင် တွင်းသင်းမင်းကြီး ငထွန်းညို ဖြစ်လာသည်

သော ဧကသ္မိံ ကာလေ လောဏမ္ဗိလသေဝ နတ္ထာယ ဟိမဝန္တာ ဩတရိတွာ ဗာရာဏသိံ ပတွာ ရာဇုယျာနေ ဝသိတွာ ပုနဒိဝသေ ကတသရီရပဋိဇဂ္ဂနော ရတ္တဝါကမယံ နိဝါသန ပါရူပနံ သဏ္ဌပေတွာ (လ) အယျဿ ဥပဋ္ဌာနံ ကရောတီတိ ဝတွာ အဂမာသိ။

ထိုသို့ချီသော် မူလတ်သော်တည့် ထိပ်ပေါ်လက်တင် အုတ်အင်ပြောထူ ရွှေပြည်သူတို့ ဦဦသောင်းသောင်း ဖန်တကောင်းနှင့် ဘေးလောင်းအခြား စွမ်းအားတူပြိုင် ရန်မျိုးဆိုင်သော် အောင်နိုင်သောယောင် တို့မင်းခေါင်လည်း ရန်ပေါင်ဖြတ်ခွါ အောင်တတ်စွာသား ကြောင်းခြာထူးထူး ဆယ့်နှစ်ဦးဖြင့် စူးစူးမနေ အောင်လွယ်စေဟု ညောင်ရေသွန်းလောင်း မင်းကောင်းဘုန်းဟေ့ ချီလေနေ့မှ မမေ့မပြတ် ဗောဓိသတ်လည်း ခါမှတ်အသင့် နာရီချင့်လျက် ဘုံမြင့်ထွန်းပေါ် ရွှေနန်းတော်ဝယ် သုံးဘော်ရွေ့ရံ တောင်ညာစံသား အလျှံပြောင်ပြောင် ကိုယ်အရောင်ဖြင့် ခန်းချောင်တိုက်လုံး မိုက်မှောင်ဖုံးလည်း ခပ်ပြုံးလင်းလင်း ဝင်းကြီးဝင်းမျှ အဆင်းပြာနု မုဒုလက္ခဏ ဒေဝီလှထံ ရှင်ပျံနွံ့ကျိုင်း ဆွမ်းအားလှိုင်း၍ နေ့တိုင်းခံတော် မူလတည်း ။

တနေ့သောခါ ဒေဝီချာလည်း မဟာသတ္တ တာပသအား မဲဆားရွမ်းရွမ်း ရသာပြွမ်းသား ဆွမ်းပန်းနွေးနွေး လုပ်လွေးလွေးလျှင် ဘုဉ်းပေးစေချင် ခပ်သိမ်းအင်ကို စီစဉ်ပြီးစီး ခါရောက်နီးသော် ဘုန်းမီးခြောင်းခြောင်း အရှင်ကောင်းသည် မြင့်ညောင်းသေခွေ ကြာလှလေဟု တထွေတလာ ကြိုင်ဧစွာသား နံ့သာပြည့်ဖြိုး ရေမိုးချိုး၍ ကတိုးထုံကြည် နှင်းရည်မွှေးဖျော် အကျော်လိုက်ဖက် ကရမက်ဖြင့် ကိုယ်လက်လိမ်းသပ် ကွမ်းတွပ်တွပ်နှင့် လက်စွပ်ညီးညီး ပုတီးလျှံမောင်း ရွှေနားတောင်းလည်း တင့်ကြောင်းဆင်လျက် ချိပ်ရည်ဆက်သား ဘယ်လက်ပင့်သင် ဆံရှင်မွန်သစ် ပန်းဝတ်နစ်၍ ကလျစ်ကလျူ ဘုံသူပီပီ ကျောက်စီစုံပေါင်း ရွှေညောင်စောင်းထက် လည်းလျောင်းစံတော် မူသတည်း ။

ရွှေညောင်စောင်းထက် လဲလျောင်းသက်၍ ပြိုင်ဘက်မဲ့ရှောင်း ဘုရားလောင်း၏ လမ်းကြောင်းဝေဟာ လာရာတူရူ မျက်နှာမူလျက် နန်းသူယဉ်ကျော် ကြည့်ထွက်မြှော်သော် ထိုရော်အခါ တေဇာဖြိုးအိ မိုးနှယ်ဖိသား ဣဒ္ဓိဝိဓ စသည်ငါးစဉ် အဘိညာဉ်နှင့် ဈာန်ယာဉ်မွေ့ပျော် ရသေ့ကျော်လည်း ချိန်လျော်မလွဲ ဆွမ်းခံမြဲကို ဝမ်းထဲစိုက်စိုက် မှတ်တော်ပိုက်ဖြင့် မြိုက်မြိုက်ခဏ ဈာန်မှထ၍ မိုးဝကောင်းကင် လဟာပြင်ဝယ် ရွှင်ရွှင်ပီပီ ရှုအီအီနှင့် သိင်္ဂီရောင်မြူး နန်းတော်ဦးသို့ စူးစူးမလှည့် မျက်နှာပြည့်၍ အကြည့်ပျံတော် မူလတည်း ။

ဆွမ်းခံချိန်လျက် ဈာန်ရှိန်လွှင့်မှုတ် နန်းချုတ်ချုတ်လျှင် သုတ်သုတ်ဝဲပျံ သင်္ကန်းသံကို နာခံနေမြှော် ဒေဝီကျော်လည်း ကြားတော်မူ၍ ကျေးဇူးလွေ့သား ရသေ့မြတ်ဖျား မယ့်ဘုရားလျှင် ကြွားကြွားမယ့်ဆီ ကြွလာပြီဟု သီညီကျယ်ဝင်း နန်းပြတင်းဝယ် ရပ်တင်းစက်လျောင်း ရွှေညောင်စောင်းမှ ရုတ်ခြည်းထသော် အလှအင်စုံ ကောတုမ္ဗရာဇ် တိုင်းမှဖြစ်တိ ပြေပြစ်သားသား ညံ့ထွားလူလူ စက္ကူအဟန် သိန်းတန်လွလွ ဝတ်တော်စလျှင် ဆမတော်စွာ လစ်ခဲ့ကွာသည် လျှံဝါနန်းလုံး ဝင်းဝင်းတည်း ။

ဣသိဓမ္မ စုံလှညီအင် ရသေ့ရှင်လည်း ကောင်းကင်မိုးထက် လျှောလျှောသက်၍ ကိုးမျက်ပြည့်မံ ခြင်္သေ့ခံသား ရောင်လျှံထွန်းတောက် လေနန်းပေါက်ဖြင့် ချောက်ချောက်ကိုယ်တော် ရှုမြှော်မရဲ အသာဆွဲ၍ ဖောက်ခွဲမြေက ပေါ်လှစ်ကြွသည် နာဂသဏ္ဌာန် ခန့်မှန်တူရူ ဝင်တော်မူသော် နှစ်ဆူလဝန်း ဝိဒေကျွန်းက ပေါ်ထွန်းသောယောင် ရွှေနန်းချောင်ဝယ် အရောင်ပေါင်းစု စောမုဒု၏ ဖွံ့နုပျို့ပျို့ ရွှေရင်စို့ကို နှစ်လို့လေးမြတ် ရှုမိလတ်သည် ရိုးပြတ်ခြင်ဆီ ချင်းချင်းတည်း ။

ရှေးသရောခါ ရဟန္တာအား ဂန္ဓာထုံခိုး ပန်းပုဆိုးနှင့် မြတ်နိုးရွက်လန်း ကြာညိုပန်းကို အဆန်းတထူး လှူခဲ့ဘူးသား ကျေးဇူးအာဏာ ဖြစ်လေရာဝယ် ရုပ်ဝါကိုယ်ထင် မြင်သည်တျားတျား တင်စကားကို နားမျှတစိ ကြားလေမိမူ ခပ်သိမ်းသူ၏ သည်းအူနှလုံး ချုံးဘိသတတ် မိစံလွတ်အား မျက်မှတ်တူရူ မြင်တော်မူသော် ရှင်ဖြူမဟာ ဂုဏဝါလည်း သည်းချာလှုပ်ခြွေ ပြတ်မူးသေမျှ ကိလေမုန်တိုင်း လှိုင်း၍လှုပ်ဖြို တောင်လုံးပြိုလျက် ရွက်ညိုနွယ်ရှင် အုပ်မွမ်းပင်ကို သံရှင်နုတ်ချွတ် ခုတ်ကပြတ်သို့ ဈာန်မြတ်ပျောက်ကွယ် မှောက်ချင်းပြယ်၍ မိုးလယ်ပျံတတ် ကျီးတောင်ပြတ်နှင့် နှိုင်းခတ်မမှား ရသေ့ဖျားသည် ဘဝါးမြေပြင် နင်းနင်းတည်း ။