မုဒုလက္ခဏပျို့/ဇာတ်တော်ပေါင်းခန်း

From Wikisource
Jump to navigation Jump to search
ဇာတ်တော်ပေါင်းခန်း  (1751) 
by ရှင်လင်္ကာသာရ
ရှင်လင်္ကာသာရမှာ နောင် တွင်းသင်းမင်းကြီး ငထွန်းညို ဖြစ်လာသည်

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေသိ၊ သစ္စပရိယောသာနေ သော ဘိက္ခု အရဟတ္တဖလေ ပတိဋ္ဌဟိ၊ သတ္ထာပိ အနုသန္ဓိံ ဃဋေတွာ ဇာတကံ သမောဓာနေသိ။ “တဒါ ရာဇာ အာနန္ဒော အဟောသိ၊ မုဒုလက္ခဏာ ဥပ္ပလဝဏ္ဏာ၊ ဣသိပန အဟမေဝ အဟောသိ” န္တိ။

နဓိဝရ သုဂတနှင့် လောကဂုရု သဗ္ဗညုက စသည်ဖြန့်ချိ မည်ထူးရှိသား မုနိဇေယျ တို့မွေးဘကား မဆွေရှေးဖြစ် ဤသည်ဇာစ်ကို လှစ်ဖေါ်ထုတ်၍ ဒုက္ခတစု သမုဒယ နိရောဓနှင့် မဂ္ဂဟူသည် လေးမည်သစ္စာ ပြည့်စုံစွာ၌ မောဟာပိတ်ပင် စိတ်ဆန့်ကျင်သား ရွယ်ပြင်သွန်းသွန်း ထက်စွန်းအညာ တာဝိန္ဒြေ ဉာဏ်ညွန့်ခြွေသည် မြတ်ထွေအတု မဲ့ရှောင်းတည်း ။

မီးစာမထောက် ဆီမလှောက်သော် ထွန်းတောက်မီးလျှံ ငြိမ်းလေပြန်သို့ ရှေးကံကုသိုလ် အကုသိုလ်ကို နင်းဖြိုလွတ်လွတ် မဂ်ဖြင့်ဖြတ်၍ ကင်းပြတ်သန္ဓေ မိုးလုံးကြွေသော် လူ့ဆွေသကျ နာယကကား မွေးဘသည်းကြား သူတော်များတို့ ကြောင်းလျားစီစစ် ရှာဖွေလစ်မူ ခုနစ်ခါစင် အိမ်ပြန်ချင်သား ရှင်တို့အားကို ထောက်ထားစကာ မအပ်စွာဟု ချင်းရာကျိုးမဲ့ ဝါဒီချဲ့၍ မကဲ့ရဲ့အပ် ကောင်းသတည်း ။

မဂ်ဖြင့်သတ်၍ မပြတ်ရသေး လူဗိုလ်လှေးအား ရှုပ်ထွေးကာကာ တဏှာခုံမှိုင်း ပိတ်ပင်ထိုင်းတိ ဖုံးလွှမ်းဘိ၍ ဣဒ္ဓိလွှားငင် မိုးတိမ်ပြင်ဝယ် ဈာန်ရှင်ကစား သူတို့အားလျှင် လှုပ်ရှားပစ်ခွါ ပျက်တတ်စွာဟု ချင်းရာချုပ်တည်း ရုံးစည်းစပ်ယှက် သန္ဓေဆက်၍ သံမြွက်ဇာတ်တော် ပေါင်းလတည်း ။

အသက်ရှည်စွာ ကမ္ဘာဘာက မကွာမြဲကပ် စွဲကြပ်ကြပ်ဖြင့် ဝေးရပ်တဘုံ အာရုံစွတ်စွတ် ရောက်တို့တတ်လျက် ပညတ်ခေါ်ဆို ကိုယ်လည်းမရ ဟဒယဟု နာမတဆူ ဝတ္ထုဟူသား ကျောက်ဂူလိုဏ်ခေါင်း ကိန်းအောင်းကွယ်ထောင့် စိတ်ကိုစောင့်၍ မနှောင့်ကြည်လင် လွန်ဖြူစင်လျက် ဆင်ခြင်ရာတုံ ဆယ့်ကိုးစုံနှင့် တေဘုမ္မိက ဝဋ်မှကွာကွာ နိဗ္ဗူတာဟု ချမ်းသာခံခံ ပျော်မွေ့စံသည် ခြွေရံစုပေါင်း အိုသားကောင်းတို့ သောင်းသောင်းကြေငြာ ထိုရောခါဝယ် ဗာရာဏသီ ကျော်ညီဝှဲချီး ထိုပြည်ကြီး၌ ရွှေထီးဖြူမိုး ရွှေနန်းစိုးသား တန်ခိုးတုလွတ် ဗြဟ္မဒတ်ကား လှည့်ပတ်သံသာ ကျင်လည်ရာ၌ ငါနှင့်တူစုံ သန္ဓေငုံ၍ ဖွါးတုံတူပင် ရွယ်အင်တူနိုး မျိုးလည်းတူဘိ သီရိရိပ်ငြိမ် စည်းစိမ်ခံသီး ခံစားပြီးမှ ဝေးနီးကြားချောက် အံ့အဲလောက်သား ငါးယောက်ထင်ရှား မင်းသားတို့နှင့် ထပ်ဆင့်စိတ်ညီ ငါ့မှာမှီသော် အသီတိစင် ရှစ်ကျိပ်ဝင်ဖြင့် နှိုင်းအင်စက်ရှိန် အညိန္ဒြိယ အစဉာဏ်ညွန့် ဆယ်ပါးခန့်တွင် နှစ်တန့်ကိလေ ပြတ်ကြေရန်မာန် ငါလျှင်လွန်လည်း သုတ္တန်ဘိဓမ္မာ စိတ်ဖြာခွဲဝေ မေးတိုင်းဖြေလျက် ရာနေနှစ်ဆယ် သက်ပြည့်ကြွယ်သော် မိုးလယ်ကောင်းကင် ထက်ဝယ်တင်လျက် အောင်မြင်နိဗ္ဗာန် ဝင်မည်မှန်သား အာနန်ညီရင်း ဖြစ်လှာလျှင်းလည်း သတင်းထိန့်ရိုက် ညာကြေတည်း ။

ထိုရောခါသည် ထိုရွှေပြည်၌ ငါးမည်ကြန်အင် လှဆင်းပြင်နှင့် အောင်မြင်ရန်ဖြတ် ဗြဟ္မဒတ်၏ သည်းပွတ်စက္ခု နန်းလုံးစုသား မုဒုလက္ခဏ ဒေဝီလှကား ဘဝရှည်လျား ရှေးဘုရား၌ တော်ငြားကြိုက်ဖိ တောင်းဆုရှိ၍ သာဝတ္ထိဟူသည် ဤရွှေပြည်တွင် မျိုးမည်ကောင်းမြေ့ သူဌေ့သည်းချာ ဖြစ်တုံလှာသည် ဝါသနာရှေးလွန် ဆုရင်းသန်ကြောင့် သန္တာန်မွှေးချို ကြာညိုရည်သွေး မည်ရည်ပေးလျက် မြတ်လေးကြင်လောက် ရွယ်သက်ရောက်က ညှီငေါက်အသွင် ဝဋ်သုံးခွင်ကို ထင်ထင်မျက်စိ အမြင်ရှိ၍ သတိဓမ္မ မွေးဘခေါ်ပင့် ဖေါ်သည်နှင့်လျှင် အသင့်ဆောလျင် ငါ့ဆီဝင်သော် ဈာန်ပင်ခက်မြွာ မြစ်ညွန့်ဖြာလျက် ဆဋ္ဌာဘိည စသည်ထူးထူး တဦးဦးသို့ ဆွတ်ခူးအာသာ လက်လှမ်းကာဖြင့် ခေမာမည်ရှိ ဘဂီနိဖြင့် အရှိပြိုင်စေ လက်ဝဲနေလျက် ဧတဒဂ္ဂံ နာမံငယ်မည် ပြင်ရုပ်ရည်ကြောင့် လုပြည်တသွန် ကျော်စောဝှန်မှ ဥပ္ပလဝဏ်မည်သီး ငါသမီးဟု ဝှဲချီးနှစ်လို့ ဖြစ်ပါတို့သည် ထက်သို့ဘဝဂ် လှိုက်ဆူတည်း ။

ထိုရော်မင်းမြတ် ဗြဟ္မဒတ်၏ ရိုညွတ်ကိုးရာ ကျင့်သမ္ဘာနှင့် ပညာဂုဏ်လွေ့ ရှင်ရသေ့ကား မျိုးစေ့ဆယ်လီ ပါရမီကို တညီစုံလှည့် ကုန်အောင်ဖြည့်၍ ပြည့်စုံစွာထွန် ဇာတိလွန်တွင် မိုးစွန်ထက်ခေါင် နန်းပွဲဘောင်သို့ သုံးဆောင်နန်းလယ် ပျော်စံပယ်လျက် မြူးရယ်ရွှင်လို ဥယျာဉ်ညို၌ သူအိုသူနာ ခန္ဓာရုပ်ဓါတ် စုတ်ပြတ်ပြတ်သား နတ်တို့တမန် သည်သုံးတန်တွင် ပြင်းဝှန်ထိတ်လ သဉ္စာတဖြင့် ဝါရလေးခွင် ရဟန်းသွင်ကို မြင်သော်ကောင်းမင်း နှလုံးသွင်း၍ ထွန်းဝင်းပြောင်ဟုံ နေ့ဘို့ကုံလျက် ကြာစုံပွင့်ရာ မင်္ဂလာလွန်စား ရေကန်နားတွင် နတ်သားဝိသုကြုံ စိတ်ကြံတုံလည် ဆတ္တာသည်၏ ရုပ်ရည်သွင်ပြင် မှီးကြောင်းရင်၍ ဆင်သားတန်ဆာ တင့်တယ်စွာလျက် နန်းလျာသားရင်း ဖွါးသတင်းကို အချင်းစေ့စုံ ကြားလတုံသော် ရွှေဘုံနန်းဝှမ်း ညချမ်းဆိုက်လာ ဝင်စဉ်ခါဝယ် ကိသာဂေါတမီ ကျော်ညီနှံ့သိ နာမံရှိသား အရီ့သည်းအူ ဆင်းနတ်တူလျှင် နိဗ္ဗူတာပုဒ် ရွှေနှုတ်ဖွဲ့ဟန် ကြားလထွန်သော် သိန်းတန်လည်ဝယ် ပုလဲသွယ်ကို မျိုးနွယ်သန့်ရှင်း မြောက်သားရင်းအား ဆုနှင်းစေပြီး နန်းရိပ်ထီးထက် သီးသီးတည်တည် ကခြေသည်တို့ မူနည်သွေလှန် ဖေါက်ပြန်စက်ငွေ့ မြင်ပြီး၍လျှင် ငြီးငွေ့စိတ်စက် မြင်းကဏ်ထက်သို့ စီးတက်ပြီးဝယ် ဆံသပ္ပါယ်နှင့် လေးသွယ်လောကဓါတ် တသောင်းနတ်တို့ ရံပတ်လျှင်ပြင်း ပြည်သုံးကွင်းကို ညဉ့်ချင်းလွန်ကာ အနော်မာ၌ သဒ္ဓါကြည်ချစ် ရဟန်းဖြစ်၍ ခြောက်နှစ်စေ့အောင် ကျင့်ပြီးနောင်ဝယ် မြတ်ခေါင်သုပိန် ငါးချက်ချိန်လျက် ရောင်ရှိန်ထွန်းစည့် ကဆုန်ပြည့်တွင် အလှည့်တော်လှာ ဆုရင်းစွာကြောင့် သေနာဂသူ ဆက်လှူဆွမ်းမြတ် ဘုဉ်းပေးလတ်၍ သမာပတ်ဖျား နေရဉ်နားတွင် ချမ်းအားခံခံ နေ့လုံးစံလျက် တိမ်ယံညိုစ ထိုမှထပြီး ကာလနတ်မင်း ချီးမွမ်းခြင်းဖြင့် ကျော်ထင်းကျံကျံ ဘဝဂ်လျှံမျှ မြက်ခံခင်းနှီး ဗောဓိနီးတွင် စစ်ကြီးသေန မာရ်ဒေဝကို သူရစက်ရှင် မချုပ်ခင်ဝယ် အောင်မြင်စူးစူး ရှေးယံဦး၍ ပွင့်ဖူးနီဝေ ပုဗ္ဗနိဝါ ခက်ဖြာလူလူ သန်ဝါမူကား စုတူပပါတ် ဉာဏ်မြတ်တတန် နောက်ဆုံးစွန်ဝယ် ဆယ်ဘန်စပ်ကာ ဝေသာရဇ္ဇ စသည်ကျေးဇူး အထူးထူးဖြင့် အံ့မူးစဉ်လျဉ် တန်ဆာယှဉ်လျက် သဗ္ဗညုဘုန်းခေါင် တန်ဆောင်သင်းကျစ် ငါလျှင်ဖြစ်၍ သုံးခေတ္တတွင် ကျော်စောထင်သည် အောင်မြင်လူနတ် အဆွေတည်း ။

ဤသို့ဟူ၍ လူတို့ဦးစွန်း ကြငှန်းသကျ စောသက္ကကား ကျောင်းမျာ့သျှောင်ပန် ဇေတဝန်၌ စံသည်ကြိုက်တွင် သံမြိုက်ညှင်းညှင်း အကြွင်းမဲ့ထား ရှေးကြောင်းလျားကို ဟောကြားသာဓု မုဒုလက္ခဏ ဇာတ်သာရကား ဤမျှခွဲဝေ ပြည့်စုံစေ၏ ။