မုဒုလက္ခဏပျို့/ဇာတ်တော်နိဒါန်း

From Wikisource
Jump to navigation Jump to search
ဇာတ်တော်နိဒါန်း  (1751) 
by ရှင်လင်္ကာသာရ
ရှင်လင်္ကာသာရမှာ နောင် တွင်းသင်းမင်းကြီး ငထွန်းညို ဖြစ်လာသည်

ဧကာ ဣစ္ဆာ ပုရေ အာသီတိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော သံကိလေသံ အာရဗ္ဘ ကထေသိ။

မဟာဝီရိယ သမ္ဘာရကြောင့် တေဇကျော်ဟိုး မြေပေါ်မိုးထက် တန်ခိုးပြောကျယ် အံ့ဩဘွယ်နှင့် ပင်လယ်နှိုင်းဆ တိုင်းမမျှလိုက် သံသာရအဓွန့် စက်အကန့်ဟု ပွားပြန့်တဏှာ အဝိဇ္ဇာကို သဒ္ဓါရွှေလက် ဉာဏ်သံလျှက်ဖြင့် ရက်ရက်ပိုင်းဖြတ် အလှိုင်းဆွတ်က ကင်းလွတ်စင်ပြေး ကျော်နှံ့မွှေးလျက် နီးဝေးပဲ့တင် တို့ချစ်ရှင်ကား သုံးခွင်ဘုံသူ နတ်နှင့်လူကို ပင့်ကူကိလေ မငြိစေတည့် အောင်မြေပူရိ သာဝတ္ထိဟု ပြည်ကြီ့တံခွန် တောင်လက်စွန်၌ ဇေတဝန်ဝိဟာ စံစဉ်ခါတွင် သဒ္ဓါညှိုးချုံး မောဟဖုံး၍ နှလုံးတိမ်းပါး ယွင်းသောအားဖြင့် တရားမမြင် စိတ်ဆန့်ကျင်သည် ရှင်တယောက်အား မျက်မှောက်ထား၍ ဆန်းပြားချိုသာ ဟောလို့ငှာလျှင် ဧကာဣစ္ဆာ အစဖြာသား ဂါထာတခု တိုင်တည်ပြု၍ မုဒုလက္ခဏ ရှေးဘဝကို သံမြချီငေါ် မိန့်မြွက်ဖော်သည် ရှင်တော်သုံးလူ့ သနင်းတည်း ။

နရုတ္တမ ထွန်းပပြောင်ပြောင် မြင်းမိုရ်တောင်၏ မြရောင်ရိပ်ခို ပြည်ထိုထိုတွင် စီးယိုသီဒါ တိုင်းနှစ်ဖြာထက် သာလည်းသာမြတ် သာစံလွတ်လျက် သာဝတ်ရသေ့ ပျော်မွေ့စင်စစ် နေရာဖြစ်၍ ကြားလစ်နှံ့သိ သာဝတ္ထိဟု ပြည်ကြီ့စတေ ကျော်နှံ့မွေတွင် ချက်ကြွေမြှုပ်ရာ ဆင်းအင်္ဂါနှင့် လက္ခဏာကွေးလွေး သူကောင့်သွေးလျှင် သံလေးချီငေါ် သုံးလူ့ဘော်၏ နှုတ်တော်ထွေသာ ဒေသနာကို ကြားကာငြိမ့်ငြိမ့် သဒ္ဓါစိမ့်၍ နှစ်သိမ့်ဝမ်းသာ သာသနာ၌ မျက်နှာလှည့်လည် ရင်းရှေ့တည်လျက် ဖန်ရည်နီမြန်း ဝတ်သင်္ကန်းနှင့် ရဟန်းသူမွန် ဖြစ်ပြီးထွန်သော် ကျမ်းဂန်ကြီးငယ် အသွယ်သွယ်ကို ဝမ်းဝယ်ပြတ်သား မှတ်ပိုက်ထားလျက် ဆန်းပြားတုံလစ် ဆစ်ဆစ်မျက်မျက် ခဲခက်ရာရာ ဖွေကရှာ၍ လင်္ကာတောဒည်း ကစ္စည်းမလွတ် ပရမတ်ကျယ်ဝင်း ခုနစ်ကွင်းလည်း ချင်းနှင်းသိမ်မွေ့ တတ်စုံစေ့လျက် မမေ့မလျော့ မျဉ်းပျော့သေသတ် ပရိဝသ်နှင့် မာနတ်ဝိနည်း စောင့်စည်းမှတ်ပိုက် ဆိုခြင်း၌လည်း စိုက်စိုက်ဖြောင့်ညံ့ ခံ့သားနှလုံး သုံးသားသီလ အာစာရတုံ ထဲပညီလစ် ရွှေစင်နှစ်သို့ မညစ်ညူးအောင် သိမ်းဆည်းဆောင်သည် နောက်နောင်ကျင့်ပုံ ခင်းခင်းတည်း ။

ဝိပဿနာဓူရ ကြီးလုံ့လဖြင့် ဓမ္မစာရီ ကျော်ညီမှန်ဘိ ရဲသတ္တိနှင့် ပရိသုဒ္ဓ သာရကြိုင်သင်း မှဲ့မြူကင်းလျက် မထင်းမမှို အကုသိုလ်ကို ထိုထိုလွှင့်လိုက် တနေ့၌ဝယ် ရောင်မြိုက်ရှင်လှ စောစောထ၍ ထိုမျှဝတ်တုံ ပြီးပြည့်စုံသော် အာရုံရှုတွက် နေရုဏ်တက်က ကိုယ်လက်သုတ်သင် ပြုပြင်သပ္ပါယ် သပိတ်လွယ်လျက် တင့်တယ်ကြွားကြွား အသွားအပြန် နှစ်တန်စိတ်ဖြာ ဘာဝနာနှင့် မျက်လွှာချမှိန်း စောင့်ထိန်းဣန္ဒြေ တည်နေမြဲချုပ် ရေငုံလုပ်သို့ မလှုပ်မရှက် ငြိမ်သက်မူနည် သူတော်ရည်ဖြင့် ရွှေပြည်ပူရိ သာဝတ္ထိဟု ဘူမိအောင်မြို့ နန်းရိပ်သို့လျှင် နှစ်လို့ကြည်လင် ဆွမ်းခံဝင်သော် မြိတ်သင်လွတ်စ အိမ်ခန်းဝတွင် မြင်ကပြုံးပြုံး သူ့နှလုံးကို ကျုံးဘိသောလား ရှုဘွယ်များနှင့် ဝတ်စားပြုပြင် တန်ဆာဆင်သား ငါးအင်ကြန်သင့် တင်ပြစ်လွင့်လျက် ပွင့်စပန်းဦး ဖူးစရွှေငုံ လှနိတုံကို လမ်းဆုံလမ်းကူး လမ်းနဖူး၌ ခွေးရူးကျားရဲ ဘေးခပဲအား ရှောင်လွှဲအံ့ငှါ အကြောင်းခွါဖြင့် မျက်နှာလှည့်မော် မြှော်စင်ခိုက်တွင် ရှုလိုက်မြင်သည် သခင်စိတ်တော် ယွင်းယွင်းတည်း ။

သမ္မာစာရ သီလကြေးမုံ မွှေးကြောင်းထုံလျက် ကြုံလေသင့်ကြိုက် ထိုခါ၌ဝယ် ရစ်ကျိုက်သွယ်ကာ ငယ်ပျုငှါနှင့် ရတနာစံကျော် လှမနော်ကို မျက်မြော်တည့်ထင် ဖြုတ်ခြည်းမြင်သော် ကောင်းအင်စံမှတ် သူ့အတတ်ဖြင့် ဖြောင့်မတ်လမ်းကြီး ဝေးမနီးက တန့်ပြီးမျက်နှာ မြော်လိုက်ကာမျှ ကိလေသာကား ခြံကိုလွှားသော် စိတ်နွားလန့်ဖျပ် တန့်မရပ်လျက် ပဲခွပ်ခတ်သင့် နို့ရည်ပွင့်သား သစ်ပင့်အရောင် ဆင်ပြောင်မုန်အိုင် ချွန်းမနိုင်သို့ တိမ်းယိုင်မူးဝေ ဣန္ဒြေလည်း ပျက်လေရှင်းရှင်း ခဏချင်းဖြင့် တင်းတင်းမမျှ ကြက်သီးထလျက် ရာဂစုတေ တောတစ္ဆေကို လွတ်စေဖြန်းဖြန်း ကမ္မဋ္ဌာန်းလည်း ရွတ်မန်းမပျော် တဖျော်ဖျော်သည် ကိုယ်တော်တိမ်းတိမ်း ပင်းပင်းတည်း ။

မည်းမိုက်အဝိဇ္ဇာ တိမ်ညိုကာလျက် တဏှာရစ်သိုင်း ပြက်လျှပ်ဆိုင်းနှင့် နေ့တိုင်းဖြိုးဖြိုး ကိလေမိုးလျှင် ထစ်ကြိုးပြင်းစွာ မွမ်းမျှရွာသော် ဘဝနာပျဉ်ထပ် ထေးဖာကြပ်လည်း ဖျပ်ဖျပ်ကွဲပြို သဲသဲယိုလျက် ရှင်ညိုဘုန်းမြတ် ကိုယ်လုံးစွတ်၍ ကွေးညွတ်ခြူးကောင်း ရွှေညောင်စောင်းထက် မညောင်းမညာ အသာခွေလိပ် စက်ပျော်အိပ်လည်း တရိပ်တခြည် ပျော်မည်ကားဝေး တရေးရေးနှင့် ငယ်သွေးပျိုနု ရှုလည်းမရဲ နွှဲလည်းမရာ ကြင်မသာသည် ပြင်လျာဆုံ့ဆည်း မိမယ်နည်းကြောင့် ငါလည်းစေ့ငု ဤယခုဝယ် သဗ္ဗညုဘုန်းခေါင် ငါးမာရ်အောင်၏ ပြောင်ပြောင်ဝင်းဝါ သာသနာကို ဘယ်မှာနှစ်သိမ့် တတ်နိုင်ချိမ့်အံ့ မနိမ့်မမြင့် ဘုံကိုးဆင့်နှင့် ချစ်ရှင့်စံခန်း ရွှေပြည်နန်းသို့ လိုပန်းအားမြောက် ကြိုးစခေါက်လျက် မရောက်ရှိစေ ညက်ခြေပြာလဲ့ စောဖွဲ့နွဲ့နှင့် ရစ်ဖွဲ့သစ္စာ မေတ္တာရှေ့ဆောင် ပျော်ရအောင်လျှင် လယ်ခေါင်နှုန်းနှန်း ဖန်ရည်စွန်းသား သင်္ကန်းခွါခွါ ပရိက္ခရာစွန့်စွန့် ရဟန့်ဘဝ သိက္ခာချ၍ လုံ့လကြိုးလျော့ လူဖြစ်တော့အံ့ ကရော့ကရည်း ကြင်ဘွယ်ချည်းနှင့် မှဲ့မည်းမဆံ နောင့်သက်နှံသည် မင်းစံရွှေရည် ဝင်းဝင်းတည်း ။

တမ်းလေတမ်းလေ လွမ်းမပြေတည့် သရေပြည့်ဝ ကြည့်တိုင်းလှလျက် အလှကိုယ်ပြင် တန်ဆာဆင်၍ သဘင်ရိပ်ငြိမ် ရွှေအိမ်သာလွန်း လေသာစွန်းတွင် ရှုခန်းနောင်နှင့် တော်သဖြင့်လျှင် အသင့်မြှော်ထွေ မြော်မိချေက မြုတေထွေးနု ကင်းလုလုသို့ တိမ်စုရစ်ခဲ့ လှစ်ကာဖွဲ့၍ ငှက်ကဲ့အသွင် ပျံလျှင်လေခတ် ရောက်ဘိတတ်မူ လွတ်လွတ်အင်ပြည့် ဖူးချင်၏ရှင့် မြှော်ကြည့်ရှုတတ် ခုခါမြတ်ဝယ် ဘယ်နတ်စီမံ ဘယ်ကံစီရင် ပြင်ပါလိမ့်နည်း ရောက်ချင်သည်းစွ တလည်းတကာ ရွှေကျောင်းသာက မြှော်ရှာမြော်တမ်း ခေါ်ယောင်ယမ်းလျက် နွမ်းလည်းနွမ်းခဲ့ အလွမ်းနှဲ့၍ နွဲ့လည်းနွဲ့ပြီ မှိုင်သီသီနှင့် ကြုံလှီမျက်နှာ နေတွေ့ကြာသို့ ရသာချိုပျား စားလည်းမဝင် စိတ်မရွှင်လျက် သို့ပင်တန့်ဆိုင်း ရှုကတိုင်းသည် ကသိုဏ်းမျက်ခြည် ကွင်းကွင်းတည်း ။

ခြောက်ထပ်သာစည် နတ်တို့ပြည်မှ မတည်ရွေ့လို နတ်ထိုထိုတို့ မွှေးချိုလန်းလန်း ပန်မြဲမှန်းသား ပန်းလည်းခွေညွတ် အဝတ်နွမ်းနယ် ဆင်းရွယ်ပျက်အို ချွေးယိုသံထွက် နေရာထက်လည်း စိတ်စက်မွေ့လျော် မပျော်ပိုက်လှဲ ထင်ကုန်မြဲသို့ အံ့အဲထူးထူး အင်ရှစ်ဦးတိ ကျေးဇူးဖေါ်ပြ သာဂရနှင့် နှိုင်းဆတူစွာ သာသနာမှ အကြာမဆို တောက်တပိုလျှင် လျှောလိုမချို့ သူမြတ်တို့တုံ နှစ်လို့ကြိုင်ရွှန်း သဒ္ဓါပန်းလည်း လန်းလန်းမထ သီလမြတ်နိုး ဝတ်ပုဆိုးလည်း သမ်းညှိုးမထင်း ကိုယ်အဆင်းလည်း သတင်းမမွှေး ကိလေချွေးလည်း တပ်စွေးရည်ယို စိတ်နှင့်ကိုယ်လည်း စိမ်းညိုမြိုင်ယံ ပျော်စံမတတ် သတိချွတ်၍ ဝိပဿနာ ဝေးဝေးခွါလျက် ငါးဖြာကြောင်းဟိတ် နိမိတ်စဉ်လျဉ် ယှဉ်တုံသဖြင့် မြားဆိပ်သင့်သား သမင့်အဟန် သူတော်မွန်လည်း ငါးကြန်အင်နှုန်း ချစ်ခင်တုန်းတည့် သွေးစုန်းပြာဖြူ လှနတ်တူကြောင့် သည်းအူမချိ ပြတ်လိလိသည် သေဘိမတတ် စင်းစင်းတည်း ။

ဤသို့လျှင်တည့် သခင်နွဲ့နှောင်း သူမြတ်ကောင်းက တပျောင်းပျပျ တတတနှင့် ခုနစ်ရာ့နှစ်ဆယ် ပြည့်ကြွယ်ရောင့်ရောင့် မောဟမှောင့်လျက် နှစ်ထောင့်တဆယ့် ခြောက်ခုဖွဲ့သား တုမဲ့ကျယ်ပြော လောဘဇောသို့ အဆောတလျင် စူးစူးဝင်၍ ကောင်းကင်လက်လှမ်း ကြောင်းလမ်းနက်တံ တခြည်ဆံမျှ ရံခါမပျောက် တအောက်မေ့မေ့ တထေ့ထေ့နှင့် မျဉ်းခွေ့ရောင်ဝါ သာသနာ၌ ပျော်ရာမဲ့ဘဲ ခါမြင်မြဲသော် ဆင်းရဲငြိုငြင် ကိုယ်တော်ပင်လျက် မြရှင်သွယ်မြိတ် ဆံမုတ်ဆိတ်လည်း မရိတ်တတ်အား ဖါးဖါးသွန်းသွန်း ရွှေသင်္ကန်းတုံ နီမြန်းဖေါက်ပြန် ကာလသွန်သည် လူ့ဌာန်ပြန်အံ့ ငင်းငင်းတည်း ။

ထိုရောအခါ ရွှေကျောင်းသာ၌ သဟာဝင်ကျွမ်း ရှေးကပြွမ်းသား ပြည့်မွမ်းထက်ဝန်း ဆွေရဟန်းတို့ ဆန်းဆန်းပြားပြား စကားချောင်းမြောင်း တစုပေါင်း၍ သံညောင်းဖြဖြ မေးကုန်ကြ၏ သည်းစဝမ်းတွင်း အလွမ်းပြင်းလျက် လည်ချင်းနွှဲပတ် ဆွဲမတတ်နှင့် မပြတ်သို့ပင် ကျွမ်းလှကျင်သည် ကိုယ်ပင်နွဲ့နောင်း အိုရှင်ကောင်း ။ တပေါင်းတဖော် မေတ္တာဖျော်၍ ပျော်စမြဲသာ တို့သူငါနှင့် မကွာနေပျော် ရှေးခါသော်မူ စံကျော်ရတနာ မနှိုင်းသာအောင် ရုပ်ဝါပျိုရွယ် လွန်တင့်တယ်လျက် ညှိုးငယ်မူယူ ယခုမူသား ပူပူဆာဆာ ရောဂါညှဉ်းဆဲ စွဲဘိသောလား သွေးသားနက်ကျော ရိုးကြောဆစ်မျက် ပြိုင်းပြိုင်းထွက်၍ ခြေလက်မှာလည်း တည်းရရည်းတိ အသည်းရှည်လံ ဆံလည်းမြိတ်မြိတ် မုတ်ဆိတ်ဖြာဖြာ မျက်နှာညို့ညို့ သမ်းတမို့လျှင် သစ်သို့ကြေးညှော် ဖက်ရွက်ရော်သို့ ကိုယ်တော်နွမ်းရိ ဖြစ်တုံဘိ၍ သတိဓမ္မ လုံ့လကျယ်ဝန်း ကမ္မဋ္ဌာန်းလည်း စီးဖြန်းအားသန် လွန်သလောဟု သဘောချိုချို မေးမြန်းဆိုသည် သိလိုစစ်စစ် ကွင်းကွင်းတည်း ။

ထိုသို့စေ့စုံ ဝန်းခြုံသင်္ဃာ သူတော်စွာတို့ သံသာဖြန်းဖြန်း အခွန်းခွန်းဖြင့် မေးမြန်းစကား ကြားလတ်ထွန်သော် ပြန်ပေတုံခြင်း မေတ္တာပြင်းသည် သတင်းသုံးဘော် ဆွေသူတော်တို့ ပျော်ပျော်စုဝေး ယခုမေး၍ အရေးပစ်ခွါ မလွှဲသာခဲ့ ခြင်းရာဟုတ်တိုင်း မဆုတ်ဆိုင်းလျှင် ပိုင်းပိုင်းပြတ်ပြတ် မှတ်မှတ်သားသား စကားမထောင့် ရောင့်ရောင့်ရင်းရင်း သားချင်းဟူသည် အမှတ်ရည်၍ တမည်မကျန် ကျွန်ုပ်ပြန်ပိမ့် အရန်စုံလင် နားသို့တင်လော့ ဆံရှင်ပယ်ဖြတ် သင်္ကန်းဝတ်လျက် လူနတ်ပြောထု ခေါ်သာဓုနှင့် ရှင်ပြုသော်လည်း မနည်းလောက်စင် မြင့်ကြာတင်သော် လူ့ခွင်တဖန် ပြန်လိုသောငှါ သာသနာ၌ ကြမ္မာဖောက်ပြား မပျော်ပါး၍ နာဖျားမက ကာယနွဲ့ကျုံ ဖြစ်ခဲ့တုံ၍ တစုံတရာ ရောဂါမရှိ ပကတိဟု တစိမထား ဟုတ်တိုင်းကြားသည် စကားသစ်သစ် လင်းလင်းတည်း ။

ယင်းသို့ချောမော ဟုတ်တိုင်းပြောက သဘောဖြောင့်စင်း သတင်းဆွဆွ ဒေါသကင်းစင် သူ့ပြစ်မြင်သော် အလျှင်ဆတ်ဆတ် ကဲ့ရဲ့တတ်သည် သူမြတ်တကာ အရာသိန်းသန်း ထိုရဟန်းတို့ ပတ်ဝန်းကြံကြံ စေ့မျှရံလျက် ရှင်ပျံနွဲ့ချော သို့ပလောဟု ရောနှောလက်ကိုင် အနိုင်အထက် ရွှေစက်တော်အောက် အရောက်ဖျော်ဖျော် ဆောင်လေသော်တည့် ရှင်တော်ဘုန်းဝှန် မသိဟန်သို့ ရင်ကန်နွဲ့မှီ ဤရဟန်းကို ထက်ဝန်းဆီးဆို့ ဆောင်ခဲ့မြို့သည် ဘယ်သို့ကြောင်းစစ် ဖြစ်သနည်းဟု ဖြည်းဖြည်းသံရင့် ရွှေနှုတ်ဖွင့်က မသင့်လေကျင် ဤသည့်ရှင်ကား သို့စင်ကြိုက်ရာ သာသနာ၌ သဒ္ဓါမစည် ကျိုးသားဆည်သို့ နောက်လည်ငံ့ဆွယ် လူဖြစ်ဘွယ်တည့် ဘုန်းကြွယ်ရှင်ချစ် ဖြစ်စေသောဟု လျောလျောလျားလျား လျှောက်ပန်ကြားသည် ထိပ်ဖျားရှိငုံ ကျင်းကျင်းတည်း ။

နရာဝရ နာကယလည်း သံမြနှုတ်ညံ့ ကယ်ဟုတ်ခံ့ဟု အလွံ့မွှေးကြူ မေးတော်မူ၍ ဥဇူဖြောင့်မှန် သဘောပြန်က ကိုးတန်အင်္ဂါ သာသနာဟု မဟာသမယ ကာလသင့်ဆုံး ပွင့်တုန်းတုန်းတွင် ရှေးဘုန်းမပါ မထိုက်ရာသား တဏှာစင်သန့် ရဟန်းဘာဝ ကျင့်စာရနှင့် လုံ့လခဲငြို မဂ်ဖိုလ်ရကြောင်း ချောင်းရမည်လျက် ကြံစည်လက်လွတ် (ဘယ်အတွက်ကြောင့်) မညွတ်မကြည် ဆန့်ကျင်သည်ဟု ရှစ်မည်သံတော် မိန့်လတ်သော်တည့် လောကတံခွန် ကျွန်ုပ်ကျွန်ကား မြေကြန်ဘူမိ နက်သန်ရှိသား သာဝတ္ထိပြည် ဆွမ်းခံလည်သော် ငါးမည်ဆင်းပြင် တန်ဆာဆင်၍ ရှုမြင်စိမ့်မည် ပြဘိသည်သို့ တည်ကြည်လှကြွယ် မိုးနတ်မယ်ကို ဝမ်းဝယ်ပြည့်အောင် ပြည့်မိနောင်ဝယ် ကြိုးဆောင်ကိလေ ဝေဝေဖောက်ထိုး မောက်မောက်ဖြိုးလျက် ကဲမိုးထပ်ဆင့် စိတ်မလွင့်ခဲ့ အခွင့်တော်စွာ ရေသောက်ရာတွင် ချိုသာနားဝင် စကားငင်၍ လူ့ခွင်ရှေးရှူ ပါသည့်သူနှင့် မတူနှိုင်းဆ သိရီမကြောင့် ပျောင်းပျသွေ့မြန်း မရွှင်လန်းသို့ ရဟန်းအစစ် ဖြစ်စခဲလည်း စိတ်ထဲမသာ ကြမ္မာအင်ချို့ တမှို့မှို့နှင့် လူသို့တဖန် ပြန်ရမည်လည်း ကြံစည်နက်လေး ခဲချေသေး၍ ရေးရေးရဲရဲ မျက်စိထဲတွင် အမြဲခုအောင် ထင်မိယောင်ဟု ထိပ်ခေါင်လက်တင် လျှောက်ရေးတင်သည် သံရှင်ချိုမြ ညှင်းညှင်းတည်း ။

ဤသို့မကျန် ဟုတ်တိုင်းပြန်သော် ခြောက်တန်ဘုန်းရှိန် မာရဇိန်ကား ကျွတ်ချိန်တျားတျား မြှော်ထောက်ထားလျက် ချစ်သားရှင်ကျော် ရှေးသူတော်တို့ မိုးပေါ်တိမ်ယာဉ် ဈာန်နှင့်ယှဉ်၍ ဘိညာဉ်ငါးဖြာ သမာပတ်ရှစ် စုံသည်ဖြစ်လည်း ညစ်ညစ်ညမ်းညမ်း အသွမ်းတပုံ အာရုံမတော် ရှုမြော်ထင်ပြ ထိုခဏ၌ ဈာန်မှကင်းဝေး ကွာတုံသေးရှင့် ဂုဏ်ကျေးဇူးတိ စိုးတစိမျှ မရှိနည်းငယ် သင်တို့နှယ်ကား ဆိုဘွယ်ဖြစ်ရေး ဝေးကြီးဝေးခဲ့ လေးကျွန်းဥသျှောင် မြင်းမိုရ်တောင်ကို ပါအောင်ထုတ်ထုတ် ငင်ပစ်နှုတ်သား ဝှေ့သုတ်ပတ်မှောင် လေးမြတ်ခေါင်သည် ဆင်ပြောင်ရှိတည်း တောင်ဦးပြည်းကား အနည်းမျှနေ ဘယ်လွဲချေအံ့ သပြေဇမ္ဗူ ကျွန်းမှန်ကူကို ချီယူဆောင်ပစ် ဝါယောစစ်သည် စေးပျစ်စုံချာ ခြုံမှသာလျှင် ဘဇာလွှဲသွေ ရှောင်ပလေအံ့ ချင့်နေတာပေါင်း သင်္ချာဆောင်းသား ရှစ်သောင်းလေးထောင် နက်ကျယ်ဆောင်သည် ယဉ်ဘောင်မဟာ ဗလဝါကို ချာချာလှုပ်ထ သမီရသည် ခေတ္တထိပ်ဝယ် ဆည်ကန်ငယ်အား အဘယ်ကြောင့်ထွေ လေးစားလေအံ့ ထိန့်ဝေပတ်ရစ် အာဏာခေတ်ကို လောင်ချစ်တတ်စွာ သူရိယာသည် မီးစာအပေါင်း ပျားဖယောင်းအား စီးစောင်းရှောင်သွေ ဘယ်မှာနေအံ့ နှိုင်းထွေပုံပြင် လွန်သန့်စင်သား ဗုဒ္ဓင်္ကုရ လောကဆံရွက် သူတို့လျက်ကို ကြောက်ရှက်မဲ့ငြား လှုပ်ရှားတတ်စွာ ကိလေသာသည် အရာနည်းပါး သင့်အားဘယ်သို့ ရှက်တို့အံ့နည်း သားခမည်းဟု သာဖြည်းထွေငေါ် မိန့်တော်မူပြီး ရှေးအတီးကို ရိုက်ချီးသံညောင်း ဟောလတ်ရှောင်းသည် အကြောင်းမကျန် ရှင်းရှင်းတည်း ။