မိုးကမ္မဝါစာတမ်း/မိုးပရိတ်ရွတ်ရန် စီမံချက်

From Wikisource
Jump to navigation Jump to search
မိုးကမ္မဝါစာတမ်း by လယ်တီဆရာတော်

မိုးပရိတ်ရွတ်ရန် စီမံချက်

မိုးပရိတ်ရွတ်ရန် စီမံချက်

တိုက်ရှိသင်္ဃာများမှာလည်း ထိုနေ့၌ ဆွမ်းခံ မသွားကြမူ၍ ကျောင်းတွင်သာ နံနက်ဆွမ်း နေ့ဆွမ်းများကို ပြီးစီးကြစေရမည်၊ တိုက်တွင်းရှိ ရဟန်းတော် သင်္ဃာတော်များသည် တိုက်လယ်ရှိ အုတ် ကျောင်းကြီးပေါ်မှာအကုန်စည်းဝေး၍ နံနက် ဂ-နာရီတစ်ကြိမ်, နေ့လည် ၁၂-နာရီတစ်ကြိမ်, ညနေ ၄-နာရီတစ်ကြိမ် မိုးပရိတ်ကြီးရွတ်ဖတ် ကြရမည်။

ရွတ်ဖတ်ပုံမှာ

ဩကာသ.ဩကာသ.ဩကာသ.ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ ချီသော မဟာဩကာသကြီးနှင့် ဘုရား ရှိခိုးကြပြီးလျှင် ဝိပဿီ ဗုဒ္ဓေါ ဘဂဝါ မှစ၍ ၇-ဆူစက် ပရိတော်ကြီး, နှစ်ကျိပ်ရှစ်ဆူစက် ပရိတ်တော်ကြီးများကို ညီညာစွာ ရွတ်ဆိုကြပြီး နောက်အဋ္ဌဝီသတိ သမ္ဗုဒ္ဓါ ချီသော ဂါထာနှစ်ပုဒ်ကို ပုရတ္ထိမာယ ဒိသာယ စသည်ဆို၍ဥပရိမာယ ဒိသာယ အထိ အရပ် ၉-မျက်နှာ စေ့အောင် ရွတ်ဆိုရမည်။

ထိုနောက် ပုနာပရံ ယဒါ ဟောမိ အစရှိသော ငါးရံ့မင်းပရိတ် တော်ကြီးကို အခေါက်ပေါင်း ၃၀-စေ့အောင် ရွတ်ဆိုကြရမည်။

နံနက်အကြိမ်မှာ (၃၀) နေ့လည်အကြိမ်မှာ (၃၀) ညနေ အကြိမ်မှာ (၃၀) အခေါက်ပေါင်း (၉၀) ရ၏၊ မိုးသည် ၂-ရက်၊ ၃-ရက်အတွင်းမှာ ဧကန်ရွာလိမ့်မည်။

ဝါဆိုလပြည့်နေ့ မိုးပရိတ်ကြီးရွတ်ကြပြီးနောက် တန်ဆောင် မုန်းလပြည့်နေ့တိုင် မိုးလအတွင်းမှာ စနေနေ့-စနေနေ့တို့၌ ညဝတ် တက်ကြသောအခါ အခေါက်-၃၀-ကျ ရွတ်ကြရမည်၊ ကြွင်းနေ့တို့၌ တစ်ညလျှင် -၃- ခေါက်ကျ ရွတ်ကြရမည်။

ကဆုန်လ, နယုန်လတို့မှာ မိုးကြီးစွာ ခေါင်၍နေခဲ့လျှင်လည်း ထိုနည်းတူ ရွတ်ကြကုန်ရမည်။

မိုးသည် လုံလောက်စွာ ရွာသွန်းသောအခါ၌ ငါးရံ့မင်းပရိတ် ရွတ်မှုကို ချန်လှပ်၍ ကြွင်းပရိတ်များကိုသာ ရွတ်ကြရမည်။

ငါးရံ့မင်းပရိတ်မှာ စရိယပိဋကပါဠိတော်တွင် ရှိလေ၏၊ ပရိတ် ရွတ်ကြသောအခါ၌ အညီအညာလိုလှ၏၊ စာကိုဖတ်၍ ကိုင်ပြီး ရွတ်ကြ လျှင် ညီညာတတ်၏၊ ပရိတ်ရွတ်ရာမှာ ရှင်သာမဏေများ မပါစေရ၊ ပရိတ်မရွတ်မီ တစ်ရက်က ညီညာအောင်ညှိ၍ ထားကြရမည်။

“မောင်သုန္ဒရ, မောင်ဉာဏောဘာသ, မောင်အာသဘ တို့က ပရိတ်ပွဲကြီး ချေမောစွာ ပြီးစီးအောင် အထူးကြောင့်ကြစိုက်ထုတ် ကုန် ရမည်”။

ပွဲပြီးသည်နောက် ၂-ရက်, ၃-ရက်လွန်သောအခါ မိုးရွာလျှင် ရွာကြောင်း မရွာလျှင် မရွာကြောင်း ဆရာတော်ထံ စာနှင့်လျှောက် ကြားရမည်။

(ဤကား မုံရွာမြို့လယ်တီတိုက်ကြီးမှာ မိုးပရိတ်ရွတ်ရန် စီမံချက်ကြီးတည်း။)

“တစ်နိုင်ငံလုံးမှာလည်း မိုးကြီးစွာခေါင်၍နေသော မြို့ရွာတို့၌ ထိုထိုမြို့ရွာရှိ ဆရာတော် သံဃာတော်တို့နှင့် သံဃသာမဂ္ဂီအသင်းကြီး များတို့သည် ထိုမုံရွာမြို့အတူ မိုးပရိတ်ကြီးများကို အားထုတ်၍ ရွတ်နိုင် ကြပါကုန်လျှင် (၈၅)ခုနှစ်၊ ဝါဆိုလမှ စ၍ (၈၈) ခုနှစ်၊ ဝါဆိုလပြည့်ထိ ၃-နှစ်တိုင်တိုင် တစ်ကမ္ဘာလုံး၌ မိုးကြီးစွာခေါင်လိမ့်မည်ဟု ယခုနှစ် နယုန်လဆုတ် ၇-ရက်နေ့ ထုတ်ဝေသော ပညာအလင်းသတင်းစာ တွင်ပါရှိသော (အင်, ကန္ဒာ ဆွာမိပုလဲ) ဆရာကြီး၏ ဟောကိန်းကြီးကို ငါတို့ မြန်မာနိုင်ငံအတွက် ဧကန်အမှန် ကွယ်ကာနိုင်ကြကုန်လတ္တံ့”။

ထိုထိုမြို့ရွာရှိ ဆရာတော် သံဃာတော်တို့နှင့်တကွ သံဃ သာ မဂ္ဂီ အသင်းကြီးများ၏ တာဝန်ကြီးပေတည်း။

အဋ္ဌဝီသတိဂါထာ

* အဋ္ဌဝီသတိ သမ္ဗုဒ္ဓါ၊ ဣဒ္ဓိမန္တော ဇုတိန္ဓရာ။
ဣဒ္ဓိယာ ဇုတိယာ တေသံ၊ အန္တရာယာ သမေန္တု မေ။ 
* သဗ္ဗေ ဒူရေ ပလာယန္တု၊ ပိသာစာ ယက္ခ ရက္ခသာ။ 
သမ္မာ ဒေဝါ ပဝဿန္တု၊ မောဒန္တု သုခိတာ ဇနာ။

မှတ်ချက်။။ မိုးခေါင်မှုနှင့်ရွတ်သောအခါ၌ တစ်ခေါက် တစ်ခေါက် တွင် သမ္မာ ဒေဝါ ပဝဿန္တု ပုဒ်ကို ၃-ထပ် ၃-ထပ်စီ ဆိုရမည်။