မိုက်သူခံ ထိုက်သူစံ

From Wikisource
Jump to navigation Jump to search
မိုက်သူခံ ထိုက်သူစံ သတိပေးတရားတော်
by အမည်မသိ

မာ ပမာဒတ္ထ ဘိက္ခဝေ၊ ပစ္ဆာ ဝိပ္ပဋိသာရိနော။

မာ အဟုဝတ္ထ အယံ ခေါ၊ အမှာကံ အနုသာသနီ။

ဘိက္ခဝေ– သုံးဆယ့်တစ် ဝင့်နှောင်ဘုံမှာ လွတ်အောင်ခုန်ကာ သွားမဟဲ့ဆိုတဲ့ စိတ်အကြံနှင့် နိဗ္ဗာန်ကို ရွယ်ချောင်းလေ့ရှိကြကုန်သော အို... တရားနာပရိတ်သတ်အပေါင်း သူတော်ကောင်းတို့။ တုမှေ- ထိုက်သူစံ မိုက်သူခံဆိုတဲ့ စကားနှစ်တန်ကို တရားဉာဏ်နှင့် သိလိုကြကုန်သော သင်ချစ်သားတို့သည်။ မာ ပမာဒတ္ထ- သံယောဇဉ်ငွေ့ အစဉ်မွေ့၍ မေ့ကာလျော့ကာ မေ့လျော့ကာ မနေလိုက်ကြပါကုန်လင့်။ ဝါ၊ ဘုရားသာသနာ ကြုံကြိုက်ခါတွင် ငါးဖြာကာမဂုဏ် ခုံမင်လိုက်စား တရားမေ့ကာ မနေလိုက်ကြပါကုန်လင့်။ ဝါ၊ အဆင်းရူပါရုံ အချောအလှတွေက အတန်တန်, အသံတွေက အဖုံဖုံ, လှိုင်ထုံသင်းပျံ့, ရနံ့ တွေက အဖြာဖြာ, အရသာတွေက အစုစု, နုနုဖတ်ဖတ် အငွေ့ ဟပ်တဲ့ အတွေ့ ဓာတ်တွေက တောင်လိုပုံ, အာရုံမျိုးစုံ ကာမဂုဏ်တရားတို့ကို တအားတိုးကာ ခုံမင်လိုက်စားလျက် မိုက်မှားကာ မနေလိုက်ကြပါကုန်လင့်။ ပုစ္ဆာ– အသက်အရွယ်ရင့် ဇရာသင့်၍ မကျင့်နိုင်လောက် အချိန်ရောက်ရာ နောက်အခါ၌။ ဝါ၊ အိုမင်းကုန်းကွ အသုံးမကျသည့် မုန်းစရာအဖြစ်ဆိုး အရွယ်မျိုး၌။ ဝိပ္ပဋိသာရိနော– ငယ်ရွယ်ခိုက်မှာ သတိစိုက်ကာ ပြုထိုက်တာ အမှန်ဖြစ်ပေသော ဒါန, သီလ, ဘာဝနာကို မပြုလိုက်ရလေခြင်းဟု ထန်ပြင်းသော နှလုံးမသာယာခြင်း တို့သည်။ ဝါ၊ ရောဂါဖိစီး သေခါနီးမှ အချည်းနှီး ပူပန်ခြင်းတို့သည်။ မာ အဟုဝတ္ထိ- ပူရှိန်ဇောကြွ ဒေါမနနှင့် သောကဖြာဖြာ မဖြစ်လိုက်ကြပါကုန်လင့်။ အယံခေါ- ဤသို့ဖြစ်ထွေ မရှိလေအောင် စိုးရိမ်ကြောင့်ကြ ရှေးမဆွက သြဝါဒရေး သတိပေးရခြင်းသည်။ အမှာကံ– ရှည်ကြာမစဲ အပူပွဲနှင့် မလွဲ နိုင်သူ များဗိုလ်လူကို ကြည်ဖြူသနား, အမှားကိုပြင် ငါဘုရားရှင်တို့၏။ အနုသာသနီ– လူ့ဘဝနှင့် သာသနာ ကြုံလာသည့်ခဏ ဒုလ္လဘကို မလွန်ကြခင် အစတင်၍ သွန်သင်ရှေ့ပြေး အဆုံးအမပေးခြင်း ဖြစ်ပါသတည်း။ ဝါ၊ တကယ်မလွဲ ပါယ်ငရဲဟာဖြင့် မိုက်သူခံဖို့အတွက်ပင်, ထိုက်သူတွေ စံဖို့ရာမှာတော့ ခေမာနန်းပေပေါ့ စေတနာ ဝေဖြာလျှမ်းတဲ့အောင် ဒေသနာခန်းနှင့်ညီစွာ ဪ... ကြည်ကြည်သာသာ ကျင့်ကြံနိုင်ကြပါစေကုန်သတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse