မိထိလာမင်းသမီးရွှေအိမ်ရှင်ရွှေနားတော်သွင်း

From Wikisource
Jump to navigation Jump to search
မိထိလာမင်းသမီးရွှေအိမ်ရှင်ရွှေနားတော်သွင်း

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. ရတနာစက်ခြည် မျက်မျိုးလည်သား မြရည်တင့်ရွှန်း ယုဂန်စွန်းက ငွေဝန်းလျှံလူ ထွက်လှာပြူသို့ မြတ်ဘူတလာ နတ်ရူဇာနှင့် အမရာနိန် ရွှေဉာဏ်ချိန်သည် အာတိန္ဒဖျား စောတရား၏ သည်းကြားတော်ရင်း လေးပါးမင်းတွင် သတင်းအာစာ မြတ်သမ္မာနှင့် လက္ခဏာပြည့်စုံ သုံးရွေရုံလျက် ပဒုံစက်ကြန် ကောင်းညွန့်သန်သား ဗျူဟန္တရာယ် မခြယ်သန့်စင် ရွှေအိမ်ရှင်ဟု သခင်ဘုန်းရှိ နန်းလုံးမိအား ဇာတိနေမျိုး ရှင့်ဘေးဘိုးတို့ နန်းရိုးစတေ ကျွန်းသပြေထက် ကြက်သရေပွင့်လင်း စံကြောင်းခြင်းကို သံညှင်းချိုသာ မင်္ဂလာဖြင့် ရှိကြာစုံရှက် တင်လျှောက်ဆက်အံ့ မြမြတ်နေဇာ သပြေညှာနှင့် ဇေယာအောင်ဦး ဗြဟ္မာကျူး၍ ညာမှူးနောင်လျှင် စိုးမည်ရှင်သည် သခင်တည့်ဘုန်းမွေး နာဘိသေး ။
  2. သတ္တရဘန် ခုနစ်တန်တိ မကဏ္ဏဝေ ရစ်လည်ခွေသည် သိန္နေရုချာ ဒေဝရာသို့ မုဒ္ဓါသဘိ အောင်သိဒ္ဓိနှင့် အတိဂမ္ဘီ ဉာဏ်ဝသီဟု ပါရမီမြတ်ကျင့် နေ့နှယ်ရင့်သား နတ်ရှင့်ရင်နှစ် တင်ပြစ်မပြုံး ရံရွေသုံးတွင် မြတ်ဆုံးတင်သည် သခင်ဘုန်းထွတ် နားတော်ညွတ်လော့ ဝိဝဋ္ဋဌာ ကပ်ကမ္ဘာတွင် မဟာမျိုးပေါင်း ဆယ်တန့်ညောင်းမှ ဘေးလောင်းတောင်ရင်း ညှာခဲ့ဆင်းသော် ခံတွင်းစက်အာ မီးရှူးဖြာသား ဥက္ကာကရာဇ် စောစစ်နရိန် ဇေယသိန်တို့ စက်ရှိန်လျှံမြူး စံပိုင်ကျူးသော် ဘိုးဦးတောင်ယံ ဗျာဒိတ်သံနှင့် တစံမသွေ မှန်ပင်စေဟု သရေခေတ္တ အစတည်ထောင် ဒွတ္တပေါင်က တောင်တန့်ကြည်းဖျား မိန့်တော်အားကြောင့် နဂါးနှင့်နေ မျိုးနှစ်ဆွေတို့ ရင်ရွှေသည်းပွတ် ပြည်ရိမဒ်ဝယ် တမွတ်ရန်နှင်း ပျူစောမင်းမှ သင်းပွင်းချက်ဗွေ မြွက်ခဲ့ပေ၍ မင်းနေသာခေါင် မြင်စိုင်းထောင်သည် ညီနောင်တည့်မဝေး ဘမိသွေး ။
  3. တမိရင်းသွေး ပျံ့မွှေးထင်ပေါ် မင်းသုံးဘော်တွင် နှောင်းမြှော်ဘုန်းလူ သီဟသူဟု ဝှန်ဆူသတင်း ပင်လယ်မင်းလျှင် အောင်ခန်းရွှေဝ ကိန်းမရ၍ ဖြူလွယည်ကြီး မတစီးနှင့် နန်းသီးရွှေပြည် ပင်းယတည်ရှင့် ဝန်းလည်ကြေညာ သင်္ခယာလည်း ဧရာရစ်ဆို့ စကိုင်းမြို့၌ နှစ်လို့မြင့်ညောင်း စံပြီးနှောင်းသော် တကောင်းမျိုးရင်း သတိုးမင်းကား ရန်တင်းပယ်ချိုး မင်းဝံရိုးထက် တန်ခိုးရွှေမွှန်း ဖြူရိပ်ဝန်းလျက် တုကျွန်းဘက်ထွေ စံမြန်းနေသား ရဝေနန်းဆက် ညှာခဲ့သက်မူ သရက်တသင်း ခြောက်ပါးမင်းနှင့် မိုးညှင်းတဝှမ်း ခုနစ်ပြွမ်း၍ ညောင်ရမ်းတသိုက် ဆယ်စင်းစိုက်ရှင့် သိမ်းပိုက်ဆက်ကာ စည်ဆင်းဖြာသည် လေးဇာတိအင် ဒီပဝင်တွင် ရွှေဟင်္သာပြည် စက်ခြည်လျှံဝင်း ဘေးတော်ရင်း၏ ကြောင်းခြင်းသနစ် အဆစ်ဆစ်ကို သစ်သစ်မကြွင်း နားတော်သွင်းပိမ့် စိုးမင်းသခင် တို့ထိပ်တင်သည် သာရွှင်တည့်ငြိမ့်လေး လှိုင်ပျံ့မွှေး ။
  4. ရွှေနားတော်သွင်း သံညင်းချိုလွင် လျှောက်ဦးတင်အံ့ မျက်ရှင်ရောင်လင်း မလည်ရင်းတွင် နေမင်းသတ်မှတ် ရေမျိုးနတ်သို့ လေးမြတ်ရှုစား ပျူမင်းဖျားမှ သားသားမြေးမြစ် ဧကရာဇ်တိ ဆက်လစ်မယွင်း ထွတ်သနင်းတွင် ပင်မင်းသပြေ သီးမှည့်ကြွေ၍ ကျလေပြုတ်ဖြုန်း ဆော်ရိုက်ချုန်းသို့ ရင်ညုန်းသံရှည် နိမတ်ရည်လျက် နတ်စည်ကျူးဧ သတင်းမွှေးသား ရှင့်ဘေးတော်ရင်း စည်သူမင်း၏ ရင်တွင်းမွေးဘွား နန်းတော်များနှင့် သည့်သားကျစွာ ဥဇနာမှ ဆက်လှာမရွေ့ သိမ်ပတေ့ပြီး မင်းကြီးကျော်စွာ သည်းချာသက်နှင်း သရက်မင်းလျှင် မျိုးချင်းအသင့် စည်မလွင့်သား ပြည်မင့်သမီး တစီးသခင် နတ်ရှင်တူမ အလှပြာစင် မွေးမယ်ရှင်နှင့် သာရွှင်တင့်နှိုင်း နွှယ်ရှက်သိုင်း၍ မြင်စိုင်းနန်းရှင် ရှေးဦးမြင်လည်း မာတင်ဖြူလွ ငါးစီးရ၏ နန်းမညာထား ယုယဖြားသည် ခြောက်ပါးကြွေ့ကြွေ့ မျိုးအရွေ့တွင် သိမ်မွေ့့ပြင်လျာ မင်းမြတ်စွာဟု မည်သာပျံ့မွှေး တပါးရှေးနှင့် မြတ်လေးကျင်ချစ် ဘုန်းချစ်ရစ်သည် နွယ်ပြစ်တည့်စည်ရှေး ရှက်ခါထွေး ။
  5. မြင်စိုင်းနန်းတည် သက်တော်ရှည်၏ ချစ်ကြည်မြတ်သား တရဖျားလျှင် လွှံ့ကြားရှိန်ပြင်း ပင်းယမင်းနှင့် သတင်းပြည့်လျှမ်း ညောင်ရမ်းစိုးယူ ရာဇသူတို့ သည်းအူတော်သွေး ချစ်မြေးမှန်လှ ညီအစ်မတွင် မူလကြော့လန်း ပွင့်သစ်ပန်းသို့ ပုခန်းကတော် အလှကျော်သည် မနော်ရုပ်တု ရှင်စောပုနှင့် မြတ်ဆုရွှင်ကြည် စုလျားချည်၍ အမည်လည်းဟူ တောင်ငူမင်းမြစ် သင်းကျစ်ချိုမြ ကရေနတွင် သာလှကျူးရင့် ဝတီးဆင့်လျက် ချိန်သင့်ရွယ်မျှ ဆွေမယ်လျနှင့် တောင်ခမင်းကြီး မျိုးချင်းမှီးက ဝေးနီးကျော်သဲ မင်းရဲဘုန်းလူ သိင်္ဃသူလျှင် ဝှန်ဆူပေါက်ပြ ပင်းယမင်းသား တရားမယွင်း ကနီမင်း၏ မြေးရင်းရင်နှစ် မြစ်တော်ဖြစ်သား ကြွယ်စစ်မင်းသွေး ငြိမ့်လေးရုပ်ဝါ ကမုဒ်ကြာသို့ မဟာဒေဝီ နတ်ပြီယောင်ဆင်း လှများမင်းနှင့် မကင်းတူကွ ရွှင်ပျော်ပ၍ ဟံသကြက်သရေ နန်းနေဇာနည် လောင်းဘုန်းစည်ကို ရှစ်မည်လွှံ့ကျော် ဘွားလှာမြော်သည် နွယ်တော်တည့်ဆက်သွေး တိမ်မဆွေး ။
  6. ဟံသာဝတီ ဌာနီစိုးယူ တန်ခိုးဆူသား ဆင်ဖြူများရှင် မည်ပင်အံ့ခြီး ဘေးစောထီးလျှင် အနီးသားရင်း ညောင်ရမ်းမင်းအား နတ်ဆင်းတမျှင့် ခင်ဘုန်းမြင့်ဟု ပြစ်လွင့်ခြောက်ဘော် သမီးတော်ကို မင်းကျော်လုဖျား ပေးထိမ်းမြားက သည်းကြားတော်ရင်း သာလွန်မင်းနှင့် မြို့ပင်းယပြည် နန်းတည်မင်းသား စကားချင့်ပေါင်း ခုနစ်ကျောင်းကို လျင်ကြောင်းရွတ်ရွတ် သဒ္ဓါလွှတ်သည် နေနတ်မဟာ ဥဇနာမှ ဆက်လှာမဝေး မြစ်တော်မြေး၏ ရင်သွေးသတ်မှတ် ခင်မင်းလတ်တို့ လေးမြတ်ဆင့်ကိုး ယုယပျိုးသား နေမျိုးရဲကျော် မြတ်သားတော်လည်း မျိုးတော်ရှက်ထွေး ဘေးလည်းညီနောင် နှစ်ပြည်ထောင်၍ ရွှေတောင်ပိုင်စိုး ဘိုးလည်းနောင်ညီ သိင်္ဂီနှစ်နန်း စံရွှင်မြန်းရှင့် ကြငှန်းဘုံမြင့် ရိပ်ဖြူဘွင့်သည် သခင့်သမီး အရီးရင်နှစ် ခင်မင်းစစ်နှင့် နွှဲရစ်မကွာ ပျော်ကြာရာတွင် အာဏာဝှန်ပြေး ဘေးတော်ဘေးမှ ပျံ့မွှေးကျော်ဟိုး ဘေးတော်ဘိုးနှင့် မြတ်မျိုးမှန်လှ ဘေးတော်ဘတို့ သာကိယသွင် ချစ်ကြိုးဆင်သည် သခင်တည့်ရှင်ဘေး မှန်မဝေး ။
  7. ပြည်ကပ္ပိလ မြတ်သကျသို့ တဘရင်ငွေ့ စံကြမွေ့သား သုံးရွေ့အလွတ် တမွတ်မြှောက်တင် မင်းနှင်နှင်တွင် ပြင်ဟင်္သာနန်း စက်ပန်းထိန်လင်း ဘေးတော်ရင်းမူ မြစ်မင်းတူရှက် ခုံသန်လျက်ဝယ် ရွှေချက်ဖြန့်မိုး တရာစိုးသော် ဘကိုးတလွှား တလိုင်းများတို့ ဆင့်ကျားရှင့်ကျွန် တိုင်းလုံးလွန်မူ သံဝှန်ထိန့်ဆူ ကြုံးဝါးမူ၍ တောင်ငူတတွင်း တောင်တွင်းအနောက် ချင်းနင်းဘောက်လျက် တလျှောက်မြစ်စည် စင်ရှည်ကျေးရွာ လက်ရောပါဖြင့် သီတာလက်သုံး သိမ်းကျုံးသန်းကူး တံတားဦးက သင်ပန်းစသား အဝနီးစပ် အရပ်ရပ်တွင် တပ်အစို့စို့ ပိတ်ဆီးဆို့သော် နေသို့လျှံဝါ နန်းသီလာမှ ထွက်ခါစံကျင်း သားများမင်းသို့ မှန်ကင်းဇမ္ဗူ ဘေးဘုန်းလူလျှင် ငါးဆူဘုံကျော် တပ်တော်ရှင်ကြမ်း ဂျွမ်းယိုးဒယား လင်းဇင်းသားနှင့် ထွားထွားကြေညက် နွှဲလိုက်ဖျက်သည် စုန်သက်တည့်မနှေး လွတ်ရာပြေး ။
  8. ကြေဥဿာတိုင်း ကွပ်သိုင်းစိုးငြား အမျိုးခြားသည် ဗညားဒလ ပေါက်ပြသတင်း ပဲကူးမင်း၏ ညီရင်းမှန်စွာ ဥပရာကို ရွံရှာမဲ့လစ် ဗိုလ်အားသစ်လျက် အောက်မြစ်ဆုံဝ ရောက်လှာကြသော် မြန်မထိပ်ပေါ် ရှင့်ဘေးတော်လျှင် ရှိန်စော်တန်ခိုး ကျော်လွှံ့ဟိုးသား သတိုးမင်းခေါင် ရန်ရှောင်ဘက်ကင်း စည့်ကိုင်မင်းကို အပြင်းသိမ်းချေ မိန့်တော်စေ၍ ကြည်းရေပိတ်ဆို့ တလုပ်မြို့မှ မြောက်သို့ရစ်သိုင်း နနွင်းကိုင်းနှင့် ခြားပိုင်းကျေးသီး ပုခန်းကြီးက ကြိုသီးပတ်ခြံ တပ်တိရံသော် အကြံမသာ ဥပရာလည်း သာယာသံညောင်း ခွင့်ပန်တောင်းလျက် လျင်ကြောင်းမနေ စုန်ပြေးလေမှ ရွှေမြေနန်းတည် လှည့်ခဲ့လည်သော် ဇာနည်အားကြိုး ဘိုးတော်ဘိုးကို နေမျိုးသနင်း ဘေးတော်မင်းလျှင် ကျယ်ဝင်းခရိုင် မြို့စည့်ကိုင်က အပြိုင်ရွှေနန်း စံစေမြန်းသည် အောင်ပန်းတည့်ပျံ့မွှေး အောင်ဆုပေး ။
  9. သည်ပတထူး ဝေးကြူးမြေခြား ဟုံစော်ဘွားလည်း ရှေးဖျားလက်မွန် ခွေသဝန်နှင့် စန္ဒရော်မော်နီ ထိုပြီနောက်မှ မဟာသရဘူ အယူစောင့်စည်း နိဿရည်းဟု ကသည်းပဏ္ဍိ ဦးရှိတခေါက် ဘူးရောက်မကြာ သို့စင်ပါကို ရွံရှာခန့်ငြား လှသောအားကြောင့် ညွတ်တွားထံမှောက် ကိုယ်တိုင်ရောက်၍ ဆယ့်ခြောက်နှစ်သာ ရင်သည်းချာနှင့် ပဏ္ဏာဖြစ်မျှ ဆက်လှာသရှင့် များလှလုံးရင်း ဂျွမ်းပြည်မင်းမူ သတင်းချိုသာ ရွှေပေစာနှင့် မဟာမိတ်ဆွေ ဖြစ်ပစေဟု စက်ရွှေတော်ဦး ဆိုက်လှာဘူး၏ မြင့်ဖြူးတောင်လည် စိန့်ပြည်သနင်း ဥတည်မင်းလည်း နန်းတွင်းမပြတ် ကိုးစမှတ်သည် အာဘဿရာ ဗြဟ္မာမှန်လုပ် ကိုးယောက်ရုပ်နှင့် ပတ်ချုပ်စိုးယူ နှင်းအပ်မူသား ဧသူထွန်ကာ ရဲနှစ်ဖြာကို ရှိကြာညွတ်တွား ကိုယ်စားမသွေ ဦးခိုက်စေသည် ရိုသေတည့်မြတ်လေး မေတ္တာရှေး ။
  10. ဘေးတော်ဘုန်းစည် ရွှေဉာဏ်ရည်လျက် လေးမည်ရန်ဖြတ် ပျူစောထွတ်၏ နေနတ်မျိုးရင်း မိစိုးမင်းမှ သက်ဆင်းဝံသ ဆက်နွှယ်ကျသား ပင်းယနဂိုရ် ပြည်ဗဟို၌ ရာဇဂြိုဟ်ဂီရိ ရှင်ဇောတိသို့ သေဌိခေါင်မြောက် ဟူစလောက်သည် နှစ်ယောက်ကြင်ရာ စန္ဒာဒေဝီ နတ်ပြည်ဆင်းယောင် ပိုက်ချီဆောင်သား ရွှေတောင်ပိုင်စိုး သခင်ဘိုးကို မြတ်မျိုးမှန်ဘိ သီရိမလ္လာဒေဝီ ကျူးသီပျံ့ကြွယ် ဆယ်လလွယ်သည် ခြောက်သွယ်စံကင်း မင်းရတနာ မည်သာတလှစ် ဘွားတော်ချစ်နှင့် စောစစ်နရိန် အသမ္ဘိန်တိ သာကိန္ဒနည်း တမျှတည်းဖြင့် မောင်လည်းသားကြီး သမီးလည်းမယ် ဆွေများလယ်တွင် ဆက်နွှယ်မပြား စေစိမ့်သားဟု စုလျားရစ်ဆင် ကောင်းခြီးရင်ရှင့် ထိုပြင်တတန် မင်းဝေသန်သို့ နိဗ္ဗာန်အောင်မျှို့ ရောက်မည်ဘို့လည်း ကုသိုလ်အရာ ကြည်သဒ္ဓါသည် နောင်လာတည့်အရေး ချလှူကျွေး ။
  11. အသစ်အသစ် နားတော်လှစ်ပိမ့် နတ်စစ်စတေ ကျွန်းချက်ဗွေထက် သပြေမြညှာ မင်းဘွယ်ရာဖြင့် ဗြဟ္မာအောင်သံ ရေသွန်းခံသည် အသမ္ဘိန်ဇာတ် နေနတ်နွှယ်တော် ဘေးစောကျော်တို့ ရွှင်ပျော်တိုင်းခန်း တည်ထောင်မြန်း၍ ရွှေနန်းစည်ဆက် စံသည့်ချက်ကို အမြွက်မျှလျှင် လျှောက်ဆက်တင်ပြီး သန့်စင်နွယ်ရိုး နန်းလျာပျိုးသား နေမျိုးနွှယ်မြစ် ဘိုးတော်ချစ်နှင့် ဥပရာဇ်စောထီး ဘကြီးတော်မြတ် သုံးပါးနတ်တို့ သိုက်ဓါတ်အညီ သုံးဌာနီထက် ကျူးသီပဉ္စင် ဘိသိက်ရင်၍ စက်ရှင်ရောင်စည့် ကျွန်းလုံးပြည့်မျှ မင်း၏ကြက်သရေ တက်တိုးစေလျက် စံနေကြောင်းလျား အောင်ပွဲများကို ကျူးဖြားသံညင်း ဉာဏ်တော်ရှင်းအောင် နန်းချင်းတတန် တင်လျှောက်ပြန်အံ့ ပြည်တန်နဂ္ဃ ဇော်တရသို့ အလှထွတ်တင် ရွှေအိမ်ရှင်ဟု သခင်ဘုန်းမော် နန်းမမြော်သည် နားတော်တည့်ချိုဧ သာဘိသေး ။
  12. မင်းဝံအောင်ချာ သန်လျက်ညာဟု သီတာရှက်ဆုံ မော်ကမ်းခုံဝယ် ရွှေဘုံထွန်းပြောက် ထွန်းခဲ့မြောက်သော် ထက်အောက်ဝသုန် ရိုက်ရိုက်တုန်မျှ ဆူမှုန်ရန်မိုက် ကိန်းခန်းလိုက်ဖြင့် ကြိုက်လတ်သောခါ သာသနာလည်း ရောင်ဝါမစွေး ပြည်ထဲရေးမူ ပေါက်ကျေးအတူ များရှင်လူတို့ ရေဆူရိပ်နည်း ကြောက်အားသည်းသော် ဥဒည်းမြင့်မား ပြုပ္ပါဖျားက ဘန်သားပြိုးပြက် ရဲရဲတက်သို့ တုဘက်မမြော် ရှင့်ဘိုးတော်လျှင် ရှိန်စော်စက်ပြုန်း ရွှေလက်ရုန်းဖြင့် သာဆုံးမွေ့သိမ် ကျန်းတိုင်းနှိမ်၍ ရှက်လိမ်မြူမှောင် ရန်ကြီးအောင်သား ကုန်းဘောင်မကိုဋ် ရွှေဘိုတိုက်ကို သိမ်းပိုက်သာရွှင် ပြည်ကြီးရင်လျက် ဥကင်ပျံ့ပျူး ဘွင့်မူးမူးတွင် ပဲကူးလူမျိုး မျက်ငြိုးခြိမ်းမောင်း အဲကန်ကောင်းနှင့် တပ်ပေါင်းကိုးထွေ များဗိုလ်ခြေတို့ မင်းနေဌာန ပြည်သိင်္ဃသို့ ပိတ်မျှဝန်းလည် ရံလှာသည်ကို ဇာနည်ရှင်ဘိုး နှံလိုက်ချိုးသည် မြေမိုးတည့်ရိုက်ကြွေး တော်သံပေး ။
  13. ကျော်ဟိုးကြေညာ ဘိုးထွတ်ချာနှင့် သမ္ဘာစည်ဖြီး ပွင့်လုနီးသား ဘကြီးနတ်ပြီ မင်းနောင်ညီတို့ ပည်းသီလုံးရင်း စစ်အင်ကျင်းလျက် လူချင်းမဆို မာန်မင်းကြိုလည်း ရွှေဘိုအောင်ပွဲ ခံမှာလွဲချိမ့် စွမ်းရဲကြုံခါ ရန်ကင်းရှာလျက် သီတာသန်းရှက် ချီခဲ့ထွက်သော် ရှေ့ဘက်တဝိုက် ကျော်စည်တိုက်ကို သိမ်းပိုက်ချင်းကာ မင်းဝံချာဝယ် စကြာပွင့်လန်း ရန်နိုင်မြန်းက မာန်ကျန်းအောင်မြင် ရေးရာစင်မှု တောင်ပြင်တကွင်း ကိုးစို့မြင်းနှင့် ကိုးသင်းခရိုင် အပြိုင်စက်ရွှေ ဦးခိုက်စေ၍ နန်းမြေသိင်္ဂါ လည်ခဲ့လာမှ အညာတလွှား ရှမ်းမင်းများလည်း ညွတ်တွားရှိလက် မပန်ရွက်ဟု စစ်တက်သဘင် ပျံ့ပျူးရွှင်သော် မြစ်ပြင်တည်ထွန်း ရွှေဘော်ကျွန်းတွင် ဖြူဝန်းလွင်ဆောက် ရွှေကွန်းထောက်လျက် တလျှောက်ဝန်းလျား ကိုးစော်ဘွားနှင့် မြို့စားတပ်ပေါင်း ခညောင်းစက်စုံ ညွတ်စေတုံမှ ရွှေဘုံနန်းဆီ လှည့်ခဲ့ချီသား ရာသီကြက်ဆောင်း ငွေသစ်လောင်းခဲ့ ရွက်ညောင်းရွှေရောင် သာမျိုးဆောင်သည် တောတောင်တည့်တဝေး ရှုဘွယ်ရေး ။
  14. ရွှေနန်းဥကင် စမ္ပာယ်ရွှင်က ပြည်ဟင်္သာသား တလိုင်းများတို့ ကြုံးဝါးသတင်း ရဲမာန်သွင်းလျက် လုံးရင်းပြည့်နှက် ဆန်လှာတက်၍ အောင်ချက်မင်းဝံ ထပ်ထပ်ရံမှ ခြံခြံထုတ်ချောက် မခေါက်မလား ကျောက်နွားအရှက် ရှေ့ဘက်သမ်းစွယ် ခိုလည်သီလ စည့်ကူးစသား မြစ်မဖြင်ဖြူ ကျွန်းအငူတွင် လူသူနှင်နှင် အတင်တင်တိ မမြင်ရေးခက် သို့စင်လျက်လည်း ဘုန်းစက်လျှံပတ် ဘိုးတော်မြတ်လျှင် ရွတ်ရွတ်လျင်ပြင်း လွှတ်ထည့်ချင်းက ရောင်လင်းရှက်ဆိုင် တောင်မဏ္ဍိုင်ကို သံအိုင်ကြွေးဟစ် နတ်စက်လှစ်သို့ ရပ်ရှစ်မျက်နှာ သီတာမြစ်ကြောင်း ပဲ့တင်ချောင်းမျှ ထောင်းထောင်းကြေညက် ခုန်သက်ပြေးဆင်း ဘိကာနင်း၍ ဆွေချင်းထက်ကြပ် ကြည်းရေညှပ်လျက် တပ်အတည်တည် နှံလိုက်နှည်ရှင့် ဘက်ရည်မစံ ဘိုးဘုန်းလျှံမူ ပုဂံနတ်မောက် ငသရောက်က ကျောက်ဆောက်တလွှား ပျည်းမနားနှင့် ရှိရှားသင်းကြီး မဲထီးတဖြာ ပင်းမင်းရွာလည်း စကြာတော်ရင်း ညွတ်ခစင်းမှ တောင်ခင်းနန်းတည် လှည့်ခဲ့လည်သည် မိုးစည်တည့်သာလေး ကြူးရိုက်ဧ ။
  15. ပျံ့မွှန်းညာကြေ ကျွန်းသပြေထက် တက်နေတမျှင့် ရွှေဘုန်းပွင့်၍ ပြည်နှင့်တောင်ငူ နေသသူတို့ နှစ်ဆူစကြာ ခိုဝင်လှာသော် ဟံသာစိုးချင်း ပကိုးမင်းက ဆင်မြင်းလှေတက် မိုးမြေအက်မျှ ရေတွက်မသာ အဖြာဖြာတိ တပ်တာဗိုလ်ပုံ ကြည်းရေရုံလျက် ရွှေဘုံနန်းတည် ခေတ္တပြည်သို့ ဝန်းလည်ပတ်ပတ် ရံသတတ်ဟု နေနတ်မှန်ကင်း ကြားလတ်လျှင်းသော် မျိုးချင်းရှက်နှောင် မြတ်ဆွေနောင်ကို စောခေါင်ဘုရား စစ်လျင်ထား၍ လေးစားမခန့် ရွှေစက်ဖြန့်က အဝှန့်ဖြင်ပည်း ခန့်ရုံးစည်းလျက် လင့်ရည်းဦးကြို သူဆီးကြိုလည်း ရွှေဘိုသနင်း ဘိုးတော်မင်းလျှင် ရပ်တင်းမရွှင် ရောက်ချင်းနှင်စေ စောရှင်မြတ်စွာ သုံးလူ့ချာဝယ် ဇေယာရန်ထောင် ဆူရည်စောင်၍ ဘနောင်ရေကင်း မြို့ဟင်းသတ ဒလတခွင် သံလျင်ပန်းလှိုင် မပြိုင်လက်ချ ဒဂုန်ကျသော် ဘဝသခင် တပ်ကြီးရင်လျက် တအင်မကြွင်း ရန်ပြီးလျှင်းမှ နန်းခင်သိင်္ဃာ ဆန်ခဲ့လှာသည် သီတာတည့်ကမ်းမေး သာငြိမ့်ဧ ။
  16. ရွှေညာရပ်မြေ လှည့်ခဲ့ခွေမှ ရဝေအောင်ခန်း စမ္ပာယ်မြန်းသော် ကြငှန်းရိပ်ဖြူ စိုးမည့်သူဟု မဉ္ဇူသံညှင်း ရှင့်ဘမင်းကို စံခင်းဘုံရွှေ စိုးစောင့်စေ၍ ကြည်းရေတင်းကြမ်း ငြိတ်ငြိတ်မွမ်းမျှ မင်းခမ်းစုံစွာ ပြည်ဟံသာသို့ စကြာရောက်နီး နန်းလျာမှီးသား ဘကြီးတော်ရင်း ညီနောင်မင်းကို ရန်တင်းဟန့်တား ရှေ့တပ်ထားလျက် တရားနတ်ရှင် ချီပြန်လျင်က သံလျင်တလျောက် ရေလုံးနောက်အောင် စိုက်ဆောက်သစ်ငုတ် ငြောင့်ခလုတ်တိ ကိုးစုတ်မအား သင်းဘောများနှင့် ကုလားတလိုင်း ညှိနှိုင်းစီမံ တန့်စားခံလည်း ဘက်စံမနှုန်း ဘိုးတော်ဘုန်းကြောင့် ပျက်ပြုန်းကြေမွ မြို့လုံးရရှင့် ထိုကဟံသာ ချီခဲ့လာသော် ဗိုလ်ပါမကျွင်း သုရှင်မင်းလျှင် ရင်တွင်းမျက်ဖျော် ဆင်းမနော်ကို မျိုးဘော်ဆွေများ ရွေဝန်းလျားနှင့် ခန့်ငြားစလျက် ကြိုလင့်ဆက်၍ ယွင်းပျက်သွေဘည် ဖြစ်ပြန်သည်ကို စက်ခြည်စုံရွှေ ဘုန်းမိုးစွေမှ မင်းနေသာခေါင် ပြည်ကုန်းဘောင်သို့ ရန်အောင်ပီပီ ဆန်ခဲ့ချီသည် အောင်ပြီတည့်သံလေး အောင်ဆုကြွေး ။
  17. အောင်ဆုကြော်ငြာ ရေလုံးသာမျှ သူရာရန်စစ် ပယ်ချိုးလှစ်၍ ကသစ်ရွှေပြည် သကြားတည်သို့ နန်းတည်မင်းနေ လှည့်ခဲ့ပေသော် ခြောက်ထွေနတ်ခွင် သည်မှာလျှင်ဟု တွေးထင်မှားယောင် ပြည်ကြီးထောင်လျှက် ခြည်ရောင်လျှံမောင်း စံရွှေကျောင်းနှင့် ဆောင်းဆောင်းမြင့်သီ ရွှေစေတီလည်း ရှုဤဘွယ်ပင် ဘန်စီရင်မှ သုံးအင်သာသနာ ရောင်ဝါမရဲ ယူမှားကွဲသည် မျဉ်းတဲစားတုံ စော်ဘွားဟုံလျှင် နှစ်စုံစကြာ မညွတ်လှာဟု နရာဘုန်းမော် စစ်ချိန်လျှော်တွင် ဘိုးတော်စောထွတ် ဘကြီးလတ်တို့ လနတ်ရာသီ သဘင်ချီသော် တိမ်ဆီခိုက်လု တောင်ထုထပ်ထပ် မြောင်းကြပ်စေးခြုံ ဝါးရုံးဆူးချွန် နွယ်ကြိမ်ညွန်တိ အဝှန်ဖျင်ပြီး မနင်းသီးအောင် ခရီးမြေတာ မသာစလျက် သို့ခဲခက်လည်း ပယ်ဖျက်ဘောက်ထွင်း တွေ့တိုင်းချင်းက ယောင်ဆင်းနုမျစ် နှမချစ်ကို ဆက်လစ်ညွတ်ခ မြို့လုံးရမှ သိင်္ဃဝေယန် တုံ့ခဲ့ပြန်သည် ဘက်ရန်တည့်ကင်းဝေး ရှိပန်းဖွေး ။
  18. သိင်္ဃာဘုံပေါ် စမ္ပာယ်ပျော်မှ ရာကျော်သိမ်းမှတ် ထီးမတ်မတ်တွင် အမြတ်သနင်း သူတစင်းဟု ဂျွမ်းမင်းစက်အောက် မဘူးရောက်က ပွင့်ညှောက်မဟာ ဥပရာနှင့် နန်းလျာခန့်ရော် ခမည်းတော်ကို မင်းကျော်ဘုရား ဘိုးထွတ်ဖျားလျှင် ကိုယ်စားပြည်ကြီး နှင်းခဲ့ပြီးသော် နေမီးစက်ဝါ ရှစ်ဆိုင်ကာလျက် သမ္ဘာထူးမြတ် သားတော်လတ်အား ပယ်ဖြတ်ရန်နှင် ရှေ့တပ်တင်၍ သဘင်ကျင်းခါ မင်းဖွယ်ရာဖြင့် နွယ်တာရတု သန်အားလုတွင် မေရုသခင် သကြားရွှင်သို့ တုန်ယင်မိုးမြေ ချီပြန်လေသော် တောခြေတောင်ယပ် ဆီးကြိုညှပ်လည်း လျပ်လျပ်ထုတ်ချောက် ပိဿလောက်က မြို့သောက္ကတဲ ဘောက်ခွဲရစ်ဝိုက် ကမန်းပိုက်ကို တစိုက်သုံ့ပန်း သိမ်းယူမြန်း၍ မကျန်းဖြည်းညှင်း ရွှေစက်ရင်း၌ ဝပ်စင်းညွတ်တွား ဂျွမ်းမင်းအားလျှင် တရားမသွေ မြဲတည်စေမှ ရွှေမြေနန်းသစ် လည်ခဲ့နစ်သည် ပယ်လှစ်တည့်ရန်ပြေး သုတ်သင်ဆေး ။
  19. တညီးညီးလျှင် ဘုန်းမီးရှိန်ပြင်း ဘိုးတော်ရင်း၏ ပြိုင်ကင်းမမြော် -လွဲတော်ကို ထွေငေါ်အံ့ခြီး တင်လျှောက်ပြီးမှ ဘကြီးတော်မြတ် နှစ်ပါးနတ်တို့ လွှံ့ပတ်ထိန့်ဆူ ကျွမ်းဇမ္ဗူထက် ပစ္စူဖြန့်လွှား စံကြောင်းများကို ခြားနားပျံ့ပျူး တင်ဆက်ကျူးအံ့ ထွန်းမြူးမြုတေ နန်းရဝေတွင် သရေမြတ်မြင့် လနှယ်တင့်သည် လောင်းမင်းမြေးချစ် နားတော်သစ်လော့ စောစစ်နရ ရှင်ဘနောင်ကြီး ရိုက်ရာမှီးက ခြားသီးတမူ တောင်ငူအဝ သံပအဲခိုး လက်ရုံးကိုးလည်း ပယ်ချိုးလှန့်ချိမ်း ပြည်လုံးသိမ်း၍ ချမ်းငြိမ်းရှင်လူ မပူရစေ ဘုန်းမိုးစွေမှ ကြည်းရေလံသိုင်း မြို့စကိုင်းတွင် မနှိုင်းပြိုင်ဘက် ရွှေနန်းတက်သော် ရွှေချက်ကြွေရာ ပြည်သိင်္ဃာဝယ် သီတာပြည့်လင်း ကန်တွင်းစည်းခုံ နိတုံရောင်ဖြာ မြတ်ဝိဟာနှင့် မန်းညာမော်ချက် ပါဒနက်၌ ပြိုးပြက်လျှံလန်း ရွှေစောင်းတန်းကို ရည်မှန်းစိုက်သန် တည်ထားဘန်သည် ဗိမာန်တည့်မဝေး ပုံတပြေး ။
  20. သာထွေဆန်းထူး လျှောက်ပြန်ဦးအံ့ မျက်မူးအာနီ ပုလဲသီသို့ နတ်ပြည်တစံ့ ရွေဝန်းခြံ့လျက် သုံးရံထွတ်တင် နန်းလုံးကြင်သည် သခင်ညွန့်ကိုက် နားတော်ခြိုက်လော့ ရစ်ဝိုက်သောင်းခွင် ဆင်ဖြူရှင်ဟု ကျော်ထင်လွှံ့ပတ် ဘကြီးလတ်လျှင် တမွတ်မင်းဝံ ဘိသိက်ခံသော် နိုင်ငံကျယ်ဝင်း ဂျွမ်းပြည်မင်းနှင့် လင်းဇင်းဘုရင် ခိုဝင်စက်စုံ ညွတ်စေတုံမှ ကိုယ်ရုံစွမ်းအား ဥတည်ဘွားလည်း လေးစားမထီ သိန်းနီခရိုင် တောင်ပိုင်နယ်တွင်း လုံးရင်းဖြီးစည် ဆင်းလှာသည်ကို ရေကြည်မနှောက် ပယ်လွှင့်ဖျောက်၏ ယွင်းဘောက်ကြံမှား ဟုံးစော်ဘွားတုံ ညွတ်တွားကျိုးနွံ သစ္စာခံက ပုဂံအောင်မြေ ကိန်းဝပ်နေသား မီးရေအစုံ ရွှေစည်းခုံနှင့် ရောင်ဟုံခြောက်အင် ဒဂုံရှင်ကို လျှပ်သွင်တမျှင့် ရွှေထီးမြှင့်ရှင့် စွင့်စွင့်လျှံမောင်း သုံးရပ်ကျောင်းလည်း မညောင်းရှုဘွယ် သားသားကယ်သည် ရောင်နွှယ်တည့်စွေးစွေး မှောင်မမြှေး ။
  21. အခြားအခြား ကြောင်းလျားသန့်ရှင်း နားတော်သွင်းပိမ့် မှန်ကင်းအခေါင် ရန်မျိုးအောင်သား ကုန့်ဘောင်အာဒိ ရာဇာဓိဟု သာကိနွယ်ရင်း ဘိုးတော်မင်းနှင့် သနင်းစောထီး ဘကြီးမြတ်ဖျား မင်းနှစ်ပါးတို့ ပျံ့ရှားဇမ္ဗူ ဘုန်းမဉ္ဇူကို လှိုင်ကြူနံ့မြူး တင်လျှောက်ကျူးမှ ငုံဘူးရင့်မာ မြတ်ပွင့်လျာဟု မဟာနွယ်မြစ် ရွှေဉာဏ်လှစ်သည် အချစ်မင်းခေါင် မင်းများနောင်၏ အောင်မာရဇိန် နှုန်းမချိန်သား အစိန္တေကျော် ရွှေဘုန်းတော်ကို ချီငေါ်သာယာ မင်္ဂလာဖြင့် ဤစာနန်းချင်း သံညှင်းကျူးရင့် အတင့်အတယ် အဘွယ်အရာ ဗျူဟာမင်းမှု ရတုမင်းလျောက် တင်ဆက်လျှောက်အံ့ ခြောက်ယောက်နှောင်းမွေး လှငြိမ့်လေးသို့ ငယ်သွေးမျက်မည်း ပြားချည်းချည်းတိ ရတည်းရစ်ဆင် စုလည်းသင်သည် စောရွှင်မြမြိတ် ဘိတ်ဘိတ်ရောင်ကြော ရွှေတပြောတွင် မုနောထွတ်တင် ရွှေအိမ်ရှင်ဟု သခင်နတ်နှုန်း ရွယ်ချိန်ဆုန်းသည် ရွှေဘုန်းတည့်ပျံ့မွှေး လှိုင်ဘိသေး ။
  22. ညွတ်နူးထုတ်ဘော် လျှောက်မည်သော်ကား ရှိန်စော်သတင်း ရှင့်ဘရင်းလျှင် ရွှေမင်းဝံချာ နောင်တော်ရာနှင့် စကြာရိပ်ဆောင်း ရာမင်းပေါင်းအား ညွတ်ပျောင်းစက်ရွှေ ဦးခိုက်စေ၍ သပြေအောင်ခန်း သိမ်းအုပ်မြန်းသော် ရွှင်လန်းလှုလှု ဇေယာတုဟု အောင်ဆုဩဘာ နတ်နှစ်ရွာမှ လေးဖြာကျွန်းကြီး စက်ယည်စီးလျက် ခရီးမရှည် လည်လမည်ကို ဉာဏ်သည်ပယတ် စနည်းတတ်တို့ သံမြတ်သာညှင်း နတ်နှုတ်သွင်းဖြင့် တရင်းသာစွ ထိုကာလမူ ပေါက်ပြဝှန်ဝါ သာသနာလည်း အဝါမစဲ တရဲရဲတည့် မင်းပွဲသဘင် ရွှင်အံ့မူးမူး ပျော်ခဲ့ဘူးသား ပျံ့ပျူးဝေမို့ စကိုင်းမြို့ဝယ် နေသို့လျှံညီ မြတ်စေတီကို သာရီရိက များလှခပင်း မွေတော်သွင်း၍ ထွန်းလင်းသပြေ ကြားနှံ့စေဟု အောင်မြေလောက ပေါက်ပြလေသွန် ကမ္ဗည်းညွှန်သည် လက်မွန်တည့်မနှေး ဦးစွာရှေး ။
  23. လွတ်ကျွန်းတေဇာ မြတ်သမ္ဘာနှင့် သစ္စာမုံတွား ရှင့်ဘဘွားလျှင် အများဗိုလ်ခြေ ချမ်းငြိမ်းစေဟု သပြေဇမ္ဗူ စိုးတော်မူသော် သုံးလူ့များချာ သာသနာကို ဓမ္မာဟိန္ဒ ဩဇသာညီ မင်းပီပီဖြင့် မြှောက်ချီပသ အာသောကသို့ နေ့ညမလစ် တရားသစ်လျက် နှစ်နှစ်ရာသီ ဌာနီရွှေဘုံ သန်လျက်ခုံဝယ် မကြုံစတောင်း တန့်ခဲ့ညောင်းမှ ကိန်းကောင်းမမြော် ဘေးလောင်းတော်တို့ မပျော်ကြိုက်ပေ မထိုက်လေသား တိမ်ခြေမြင့်ဖြူး မန်းညာဦးက ချီကျူးသံလှိုင်း မိန့်ခဲ့တိုင်းလျှင် အနှိုင်းသင့်စွာ မြေမျက်နှာထက် ချိန်ခါမပြောင်း လေးမည်ကျောင်းနှင့် ဆောင်းဆောင်းမြင့်သီ စေတီလေးဖြာ သိင်္ဂါရွှေဘုံ ဝန်းရုံကျုံးမြို့ အစို့စို့ကို မချို့စုံလင် ပြီးကြောင်းရင်၍ အောင်မင်္ဂလာ တင့်မောစွာသား မဟာအမရ ပူရသာကြည် မော်ကျွန်းချည်လျက် တမည်မကျန် ပြန်ကြီးဘန်သည် နတ်ဌာန်တည့်တပြေး တူမဝေး ။
  24. နတ်ပြည်တရှိ မယွန်းဘိသား ပြည်ကြီးအင်္ဂါ အဖြာဖြာလည်း တရာမကြွင်း လေးလတွင်းဖြင့် လျင်ပြင်းထုတ်ချောက် ပြီးစီးမြောက်သော် ပွင့်ညှောက်ရင့်ရုံ ဗုဒ္ဓဘုံဟု အပုံစည်ဖြီး သမ္ဘာညီးသည် စောထီးဘုရား မင်းမြတ်ဖျားလျှင် လေးပါးဣဒ္ဓိ သီရိလျှံဝါ စက်ရာဇာသို့ သီတာဝန်းရှက် ကျွန်းသန်လျက်မှ ရွှေချက်ရိပ်သာ ကမ္ပုကာလျက် သုဇာဟူဘိ တွေးဘွယ်ရှိသား သာဘိသေက နန်းမစံမှတ် ငယ်ဘော်နတ်နှင့် နဝရတ်မျက်ရောင် ရေလုံးလောင်မျှ ရွှေဘောင်စကြာ ရတနာထက် မကွာရှည်မှီး တူပြိုင်စီး၍ မှုတ်တီးကျံကျံ မြတ်လုံးလျှံအောင် အောင်လံလျှပ်လျှပ် အထပ်ထပ်တိ တိုးကြပ်မသာ ပဒုမာဟု ဗျူဟာမသွေ ကြည်းနှင့်ရေဝယ် ဖြီးထွေလုံးရင်း တရာမင်းလည်း တီးချင်းရှက်ကာ နောက်တော်ပါလျက် အောင်ချာချက်ဗွေ မြို့မင်းနေသို့ စက်ရွှေစုန်ရန် ချီခဲ့ဆန်သည် ဧသန်တည့်ထောင့်ကွေး မန္တလေး ။
  25. သိန္ဓုသီလေ ခုနစ်ခွေတိ ကြည်းရေရောရုံ အရုံပြုလျက် ပဏ္ဍုကမ္ဗို နတ်ပေါင်းခိုသည် မြင်းမိုရ်သိန္နေ ကသစ်မြေဝယ် နတ်ဒေဝရာဇ် ဥကင်လှစ်သို့ ရှင်ချစ်မြတ်စွာ နောင်လာမျှော်တွေး ဗျာဒိတ်ပေးသား မန္တလေးခုံ နက်သန်ဘုံတွင် ချက်ကုံရန်စ နန်းဌာနကို ရှင့်ဘဘုန်းလူ သိမ်းတော်မူ၍ စည်စူတံထွာ မင်းဖွယ်ရာဖြင့် တန်ဆာငါးသွယ် စလွယ်ရွှေဖျင် ဒုရင်မျက်နစ် သင်းကျစ်ရွှေဗောင်း ရောင်မောင်းအလျှံ ရိုးတံသန္တာ အချာထွတ်ချက် ဇော်တမျက်တိ ကူးရှက်သွယ်ဖြာ ဖြန့်မိုးကာလျက် ဩဘာကောင်းထွန်း ရေသဘန်းထက် ပြဌာန်းဝေါဟာ မင်္ဂလာအောင်ဆု ဇေယတုဟု ခရုလက်ယာ မြတ်နေဇာဖြင့် ဗြဟ္မာသိဒ္ဓိ မုဒ္ဓါဘိကို တစိမရွံ ရေသွန်းခံက အရံငါးရာ ဒီပါသောင်းတွင်း အမင်းမင်းတို့ ရန်တင်းမထောင် များလက်ဆောင်နှင့် အခေါင်ညွတ်ရုံး ရွှေစက်အုံးသည် ပတ်ကုံးတည့်နီးဝေး သတင်းမွှေး ။
  26. လက်ရုံးစက်ဝါ ကွန့်ရွှန်းဖြာသား နရာဓိမိုင်း စောကြံသိုင်းမူ သံပိုင်းမွန်ရှည် အပြည်ပြည်၌ ဆောက်တည်ပြုစု ဉာဏ်တော်ရှု၍ ရွှေကူစတေ သမုတ်ပေမှ မိုးမြေမြင့်ဟောင်း ပေးလှူရှောင်းသည် ကူကျောင်းအရံ ဝတ္တုကံသည် တဆံမယွက် ထင်ပြက်ပြက်တိ သေလက္ခရာ ပီစွာကွင်းကွင်း သုတ်သင်ရှင်း၏ သနင်းလုချာ မိန့်တော်မှာဟု အင်္ဂါကိုးတန် ဓမ္မခန်ကို ဘန်ဘန်မရဲ ထပ်ထပ်တဲလျက် ဟောမြဲတိုင်းသာ ရွှေပေလွှာထက် ခရာသန့်စင် ရေးသားတင်ရှင့် ထိုပြင်တသုန် မိစ္ဆာဟုန်လည်း မမှုန်ရဘိ သမ္မာရှိသား ပါဠိပတ်ကုတ် မယုတ်မိတ်လင် မြဲပင်မသွေ နှုတ်ဝယ်ခွေသည် အနေကဝဏ် ရှင်မွန်တို့အား တိုင်းတပါးသို့ တရားမြဲနေ ထွန်းလင်းစေ၍ သပြေပတ်လည် သာမောစည်သည် ဆယ်မည်တည့်သံလေး တဧဧ ။
  27. တန်ခိုးပျံ့သင်း တရွှင်းရွှင်းတိ သတင်းပေါက်ပြ မြတ်သီလနှင့် ဓမ္မကထိ စောနေမိလည်း တရှိမချွတ် သွယ်ခတ်ပုံယူ အနှုန်းတူသား မြတ်ဘူပတေ့ မင်းတို့လေ့ဖြင့် သိမ်မွေ့ခြေငံ မိန့်ထွေသံကြောင့် ထီးရံတရာ မင်းတကာတို့ သစ္စာမဖြုတ် ကျွန်ရိုးဟုတ်သည် ရညုတ္တမ စောဒေဝကား များလှဗိုလ်ထု ပိုက်ဖြားယု၍ စတုသဂြိုဟ် မယွင်းယိုအောင် သံချိုနူးညံ့ ဂုဏ်ရနံ့တိ တုံပျံ့ရွှင်ကြည် တရားမည်သား ရွှေစည်ညုန်းညုန်း ဆော်ရိုက်ချုန်းသော် ပျောက်ပြုန်းမိစ္ဆာ မျိုးလေးဖြာလည်း သမ္မာနှင်နှင် မဂ်လမ်းထွင်လျက် ဝါဝင်ဝါပ ဆဲ့နှစ်လ၌ နိစ္စမလစ် အသစ်သစ်ဖြင့် ရင်နှစ်ပွါးစည် မလျားသည်နှင့် ခိုင်ကျည်ဝသုန် ရိုက်ရိုက်တုန်အောင် ယမုန်ဖြိုးဝှန် ရွှေမိုးသွန်၍ ပျံကွန်ဆွတ်ဆွတ် လောကဓါတ်က ရဟတ်စကြာ ရောက်မည်ခါဟု ကျွန်းချာသပြေ ရွှန်းရွှန်းဝေသည် အောင်စေတည့်ချီကြွေး တချေးချေး ။
  28. တက်ထွန်းစက်ချည် ကျွန်းတည်တည်ကို လှည့်မည်ပွင့်လျာ ဓမ္မရာဇာ သည်းချာမှန်လှ ဩရသသို့ တဘမသီး ရှင့်မောင်ကြီးနှင့် ညီးညီးထွန်းပေါ် အစ်မတော်ကို မင်းကျော်ဘုရား ရှင့်ဘဘွားလျှင် ကိုယ်စားရိုက်ရာ ဇမ္ဗူညာတွင် စကြာဖြိုးဝေ စိုးရစ်စေဟု မျိုးဆွေတစည်း မောင်လည်းသားကြီး မယ်သမီးတို့ မသီးခြားရာ ဓမ္မတာတည့် သိင်္ဂါနိတုံ မျက်စုံလင်းလင်း ရွှေနန်းတွင်းဝယ် ဖြူဝင်းရိပ်ရိပ် မင်းဆယ်ကျိပ်နှင့် ကျွန်းထိပ်မဏ္ဍိုင် ဘုံခရိုင်ကို ဦးကိုင်သင်းကျစ် ပိုင်စိုးရစ်ဟု ညွန့်သစ်နေဇာ သပြေညှာဖြင့် ဗြဟ္မာရေသွန်း စုလျားဝန်း၍ တုကျွန်းဘက်ကင်း အိမ်ရှေ့နှင်းရှင့် သတင်းထူးမြတ် နှစ်ပါးနတ်ကို နဝရတ်ဝင်းရောင် ခံတွင်းလောင်သည် မင်းခေါင်တို့နှုန်း မြတ်ရွှေဘုန်းနှင့် ကွန့်မှုန်းဇမ္ဗူ စိုးမည့်သူဟု နတ်လူနေ့တိုင်း အောင်ဆုလှိုင်းသည် သမိုင်းတည့်စည်ရှေး မထင်သေး ။
  29. ပတ်ကုံးဇမ္ဗူ အောင်ဆုယူသား ရိပ်ဖြူစကြာ မြန်မည်လျာဟု လက္ခဏာဘုန်းရှိန် ရဲရဲထိန်သည် ပွင့်ချိန်ခါနီး အစ်မကြီးနှင့် မောင်ကြီးမင်းကျော် မြတ်နှစ်ဘော်ဝယ် မျက်ဇော်တရတ် ဝေပူထွတ်က ရောင်လွှတ်စက်ဝါ သက်ကျလှာသို့ ဩဘာချီးကျူး အံ့မူးမူးတိ ပျံ့ပျူးထွေငေါ် များဆွေတော်၏ မျက်ဖျော်ရှုစား နန်းရန်ထားကို တိုင်းကားဇမ္ဗူ ငတူတပြေး စိုးမည်မြေးဟု သံလေးပျံ့ရွှင်း ရှင်ဘမင်းလျှင် တောင်တွင်းမြင်စိုင်း စကိုင်းစည့်ကူး မြေဒူးငါးစို့ ခွန်ပို့ကိုးသင်း တောင်မြောက်မြင်းနှင့် သင်းပင်းအုပ်ထွေ ဖျော်ဖြေထိန်းယ များလှထပ်ထပ် ဆောက်နှင်းအပ်၍ ကြာယပ်လူလူ ရွှေခြူသွင်သွင် မျက်ရှင်ရောင်မြူး ရွှေနန်းဦးဝယ် ကြည်နူးမြဲနေ စမ္ပာယ်စေမှ မြုတေနှိုင်းလျော် အိမ်ရှေ့ပျော်သား မောင်တော်ရင်သွေး နန်းထက်မွေးကို မြတ်လေးကျူးကျော် ခမည်းတော်သည် နှုန်းဘော်တည့်ဘက်ဝေး မြှောက်သန္တေး ။
  30. တသင်းသင်းလျှင် သတင်းမွှေးနံ့ တပျံ့ပျံ့နှင့် ပတ်ခြံ့ရံဖြာ နန်းသိင်္ဂါထက် သမ္ဘာတင့်ရွှန်း သော်တာထွန်းသို့ ရံဝန်းငယ်ဘော် သုံးရွေပျော်လျက် မမြော်နှုန်းအင် ထွတ်ဆုံးတင်သည် သခင်ဘုန်းရှိ နားတော်ချိလော့ ဇာတိခေါင်ဖျား ရှင့်ဘဘွား၏ မြတ်သားတော်ရင်း အမင်းမင်းတွင် ကျော်ချင်းဝေးနီး ရှင့်မောင်ကြီးမူ ဘုန်းမီးလျှံဝေ အိမ်ရှေ့နေ၍ သပြေနိုင်ငံ ဦးညွတ်ခံ၏ နှိုင်းစံမရှိ သီရိမဟာဓမ္မရာဇာ မည်သာအံ့လောက် တပါးနောက်မူ ထက်အောက်မှန်ဝေ နဂါးခွေသည် သရေခေတ္တ ဌာနဘုံဦး စံပယ်မြူး၏ မထူးနတ်တု ပျိုရွယ်နုသား သုဓမ္မရာဇာ သမ္ဘာမြင့်မြတ် တပါးနတ်မူ လွှံ့ပတ်ကျော်ရှိန် ပုသိန်နန်းမြင့် ရွှေထီးဘွင့်၏ ပယ်လွှင့်ရန်မျိုး သတိုးဓမ္မရာဇာ ကြေညာပျံ့သင်း တပါးမင်းမူ ဝှန်ပြင်းတန်ခိုး တောင်ငူစိုး၏ သတိုးမင်းဖျား တိုင်းကားထင်ပေါ် တပါးသော်မူ ပြည်ကျော်ရိမဒ် တမွတ်အောင်ချာ ရန်ပေါင်းခွါ၏ မဟာဓမ္မရာဇာ တပါးမှာမူ မည်သာပုခန်း စံရွှင်မြန်း၏ ပျံ့မွှန်းကြေညာ မဟာသုဓမ္မရာဇာ အာဏာတောက်ပြောင် တပါးမောင်မူ မရှောင်ရန်မြိတ် ပယ်ဖြတ်ရိတ်၍ မိုးမိတ်ဦးကိုင် စိုးမိုးပိုင်သည် ခရိုင်တည့်ရပ်ဝေး စားမြို့ကျေး ။
  31. တိုင်းသောဋ္ဌသ ကပ္ပီလဝယ် သကျဝင်ဂိုဏ်း မြတ်ကရိုဏ်းဖြင့် နန်းပိုင်းဆက်ရှည် အလှိုင်းတည်မှ ရွှေပြည်ပျံ့မွှေး မန္တလေးဟု နှုတ်ပေးနက်သန် ဘူမိကြန်ထက် ဆဒ္ဒန်ယည်ညင် ရွှေစက်တင်၍ ဥကင်နန်းသစ် ရိပ်ဖြူယစ်သည် ဓမ္မရာဇ်မင်းဖျား ရှင့်ဘဘွားဝယ် သည်းကြားမျက်ဖျော် သမီးတော်ဟု မျိုးဘော်များစွာ အဖြာဖြာတွင် မုတ္တာလုံးညီ အနှုန်းပြီသား ကံနီတောင်တွင်း နှစ်ပါးမင်းမူ နန်းခင်းရည်ရော် အိမ်ရှေ့ပျော်နှင့် ရွှေလှော်ရည်စူး ပုံမထူးသည် မြေဒူးခွန်ချင် တပါးလျင်မူ ပယ်သင်ရန်မြစ် သရေစစ်ဝယ် ကွန့်ရစ်လျှံဝေ ရွှေနန်းနေနှင့် မြုတေအလား ယောမြို့စားမူ တလွှားဘူမိန် တန်ခိုးထိန်သား ပုသိန်စိုးယူ မြန်းသသူနှင့် ရွှေကူစိုးသီး အစ်မကြီးမူ ဝေးနီးသတင်း ပုခန်းမင်းနှင့် မင်းခင်းစိုးမှတ် တပါးနတ်မူ လျှံပတ်အောင်သံ မိုးမိတ်စံနှင့် မင်းဝံနန်းသီး ရွှင်ခဲ့ပြီးသည် ဘကြီးတော်သွေး မြတ်လေးယုယ မင်းညီမမူ ပေါက်ပြဇမ္ဗူ တောင်ငူပုဂံ နန်းစံဌာနီ မင်းနောင်ညီနှင့် မြှောက်ချီရေစင် လက်ထပ်ရင်သည် ဘခင်တည့်မင်းရေး ဉာဏ်နက်လေး ။
  32. ကျွန်းဇမ္ဗူဒိပ် သပြေရိပ်ဝယ် ဆယ်ကျိပ်သနင်း ထိုမျှမင်းတို့ ရန်တင်းမပြုံး ရွှေစက်အုံး၍ ထွတ်ဆုံးမြတ်မြင့် သားသားတင့်သည် နတ်ရှင့်သွေးရည် နားတော်လည်လော့ ဆယ်မည်မယွင်း ရှင့်ဘမင်းလျှင် ထွန်းလင်းရှိန်ဝေ အိမ်ရှေ့နေသည် သရေလျှံညီး ရှင့်မောင်ကြီးအား နန်းသီးထောင်တည် ရခိုင်ပြည်သို့ မရှည်ရက်ရေ မောင်သိမ်းချေဟု သပြေမှန်ကင်း မိန့်တော်နှင်းက ပြည်မင်းဘုန်းလူ တောင်ငူဘုန်းမော် ညီတော်မြတ်ဖျား မင်းနှစ်ပါးကို ရှေ့သွားစစ်လျင် တပ်ဦးတင်လျက် လမ်းခွင်မြင့်မော ကိုးထပ်ငေါနှင့် မိုးကြောဆိုက်အောင် ဘိုးခေါင်ထိပ်ဦး လွန်ခဲ့ကျူးသော် ဆူးဆူးဟန်ပြင်း ရခိုင်မင်းလျှင် တောင်ဆင်းကမ်းသက် ကျောက်စက်မြောင်းကြပ် အထပ်ထပ်ဝယ် ခံတပ်သီးသီး ကြိုလင့်ဆီးလည်း မြေကြီးဖြန်းဖြန်း ပြိုဘနန်းတည့် စခန်းမထောက် တိုက်လွှင့်ဘောက်က တယောက်မကြွင်း မင်းနှင့်တကွ သကျရုပ်တူ ဆောင်ခဲ့ယူ၍ ရွှေပူရပြည် လှည့်ခဲ့လည်မှ ဖြီးစည်ပုံယင် အတင်တင်ကို သဘင်ညီလာ ခံသည့်ခါတွင် ဆံညှာမယွက် သိမ်းကျုံးဆက်သော် နန်းဆက်မမြော် ခမည်းတော်လျှင် အနော်ရထာ တေဇာလွှမ်းမိုး ကိုယ်တိုင်ရိုးလျက် တန့်ခိုးကွန့်ရစ် အားသွန်သစ်လည်း ခေါက်နစ်ရသည် သို့သည့်ပြည်ကို မရှည်လွယ်ကူ နိုင်သည်သူဟု ပျံ့ကြူလှိုင်မြူး ဗျာဒိတ်ကျူး၍ မုန်ရူးအာသောက် ငါးစီးပေါက်နှင့် ထွန်းတောက်ရောင်လျှမ်း မင်းခမ်းစုံစွာ အဖြာဖြာကို စကြာပွင့်နီး ရှင့်မောင်ကြီးအား စောစီးဖမင်း စုပုံနှင်းသည် သင်းပင်းတည့်ထွေးထွေး ထပ်ကာပေး ။
  33. တောင်စည်ခုနစ် ခရိုင်ရစ်လျက် ဂစ္ဆပနဒီ စပ်ကာမှီသည် ဝတီအဆုံး လေးမြို့လုံး၏ ညွတ်ရုံးဦးခိုက် ရှင်တော်ရိုက်ကို အကြိုက်ကိန်းသင့် လွှားလွှားပင့်၍ မမြင့်ထုတ်ချောက် ရွှေပြည်ရောက်သော် မြစ်အောက်နက်သန် ဘူမိကြန်ထက် ဝေယန်ဖြိုးမြင့် ဘုံကိုးဆင့်နှင့် လင်းပွင့်သရေ တင့်တယ်စေမှ ငါးထွေရန်ဖြတ် အရိမဒ်ဝယ် နေနတ်ဘုန်းလူ စည်သူမနော ဘေးလောင်းစောတို့ တကြောဇမ္ဗူ လည်သောတူလျှင် မြတ်ဘူပတိ နှံ့သိဝန်းကျင် ရှင့်ဘခင်မူ သဘင်သာညီ ရာသီဟေမန် တုံ့ပြန်သွင်းလေ ခဝဲရွှေနှင့် မှိုင်းဝေဆီးခဲ စဲခဲ့သန်မိုး ချမ်းအားပျိုး၍ နတ်နိုးမာသ သရဒဝယ် ပေါက်ပြမိုးမြေ ရိုက်ကြိုးစေလျက် ကြည်းရေထက်ကြပ် သောင်းတပ်ငါးဆယ် ငါးသွယ်သီးသန့် ရွှေစက်ဖြန့်သော် ဆီးကန့်သမုဒ် ရံဝန်းခြုတ်သား အယုတ္တရ ရဌတိုင်းကား ယိုးဒယားနှင့် ရှစ်ပါးအံ့ဘွယ် ပင်လယ်ပတ်လည် ကျွန်းတည်တည်ကို သာကြည်ညံ့နူး ညွတ်စေဦးမှ ပဲကူးအောင်ချာ ပြည်ဟံသာဝယ် ရောင်ဝါခြောက်ထွေ မော်ဓောမွေကို လျင်စေမကြာ တည်၍သာလျှင် ရွှေအမရ ဌာနရပ်ဌာန် လည်ခဲ့ဆန်သည် နှုန်းရန်တည့်ကင်းဝေး သကြားထွေး ။
  34. ရွှေနန်းသိင်္ဂါ ရတနာထက် ဣန္ဒာနတ်သွင် စံပယ်ရွှင်သော် အောင်မြင်ဇာတိ မြေဘူမိဟု ပြည်ကြီးကြက်သရေ မြုတေဝင်းလျှပ် ထောင့်လေးရပ်ဝယ် သွယ်သပ်လုံးညီ စေတီလေးဆူ မြတ်ရွှေကူနှင့် လျှံလူထွန်းတင် မော်ဓောရှင်ကို ညိုမှင်မသန်း ရွှေပြည်မွမ်း၍ နှိုင်းတမ်းမမြင် ရွှေထီးတင်ရှင့် ကြောက်ငြင်လွန်ပြင်း ဥတည်မင်းလည်း သနင်းမြတ်ကျော် စွယ်တော်လက်ယာ ရှိကြာမုနိ အရှိနှုန်းလျော် ရုပ်ရှင်တော်နှင့် မနော်တပြေး သုံးယောက်မြေးကို ဆက်ပေးခေါက်ခေါက် ကြိမ်ကြိမ်ရောက်၏ ကျော်ချောက်ပတ်လည် ဘဘုန်းစည်လျှင် ရွှေပြည်ပူရ ဌာနမြောက်စွန်း နောက်ခပ်ယွန်း၌ ငွေဝန်းရောင်လက် သဲမွေ့ညက်တွင် ရွှေချက်ညီးလင်း အစုံကျင်းလျက် ရာမင်းပတ်ခြံ ဗိုလ်ဝင်ခံ၍ နိုင်ငံသပြေ ကိုးကွယ်စေဟု တောင်ရေဝန်းရုံ မော်ကမ်းခုံထက် ရောင်ဟုံခြောက်ဘော် ပုထိုးကျော်ကို တည်တော်မူခါ ဒေဝရာလည်း သုံးဖြာညဉ့်သံ ထပ်ဆင့်ခံမှ သယမ္ဘူက ထူးလှအက္ခရာ လေးလုံးစာဖြင့် ပီစွာကွင်းကွင်း တံဆိပ်နှင်းသည် နတ်မင်းတည့်ကြင်လေး မော်ကွန်းရေး ။
  35. သစ္စာလေးတန် ရင့်ကြောင်းသန်လျက် နိဗ္ဗာန်ပစ္စယ ဆဒ္ဒန်ရသည် ဘဝသခင် ရှင့်ဘခင်မူ နေသွင်လျှံညီ မြတ်စေတီကို နာရီပါဒ်နစ် မျှမလစ်အောင် သစ်သစ်ဆင့်ကဲ ရင်ဆဲဆဲတွင် ယူလွှဲဘောက်ပြား ယိုးဒယားနှင့် စကားသွယ်လှယ် တုံ့ခေါက်ရွယ်၍ ထားဝယ်တိုင်းပြေ သစ္စာသွေဟု ပရမေဘုန်းလူ ကြားတော်မူသော် ရိပ်ဖြူစံနီး ရှင်မောင်ကြီးအား စောထီးရန်လွှင့် မိန့်တော်ဘွင့်မှ ပြည်နှင့်တောင်ငူ ပုဂံဟူသား ခွန်ယူပိုင်နင်း သုံးပါးမင်းကို ရဲတင်းဇာနည် ရှေ့ဖျားတည်၍ ဖြီးစည်အုပ်ထွေ ချီတုံလေသော် ဆူဝေမာန်ကြွား ထားဝယ်စားလျှင် ဂျွမ်းအားကိုးလျက် မိုးပြင်ထက်က ထောင်လက်ရုံးရှင် ငါသို့စင်တိ စစ်အင်ကျင်းကာ မာန်မင်းလာလည်း ဓိမှာထွေထူး ပေါ်ရဘူးဟု သန်းကူးမလွယ် ပင်လယ်ယည်ဘောင် တောင်တောင်မလပ် တပ်အဖြီးဖြီး ပိတ်မျှဆီးလျက် ခရီးကွေ့လည် ကြိုနှင့်သည်ကို အောင်စည်ကျူးရိုက် အပြင်းတိုက်မှ ကျိုက်ကျိုက်ဝှန်ဆူ ပြည်လုံးယူ၍ ဇမ္ဗူရွှေညာ လည်ခဲ့လာသည် အံ့ရာတည့်စည်ရှေး ကြားဘူးသေး ။
  36. မင်းမင်းတကာ ဦးညွတ်လှာသည် သမ္ဘာဖြည့်ဆည်း ရှင့်ခမည်းမူ တလည်းဝှန်လိုက် ပြုန်းပြုန်းပြိုက်မျှ ရံမိုက်ဝေမှောင် ရဂုံမြှောင်လျက် ရွှေအောင်ပင်လယ် မြောက်ဆွယ်ဧသန် နန္ဒာကန်ကို သေလန္တရ မြေချက်မတွင် နေလမပွင့် လေမသင့်သား အိုင်မင့်အသွင် ရေရှင်တီးတီး မပြတ်စီး၍ သုံးသီးတနှစ် မလစ်စေကြောင်း မြင့်ရှည်ညောင်းအောင် ရွှေလောင်းတလျှောက် တောင်ကြီးပေါက်သို့ မောက်မောက်တင့်ဖြိုး ဆည်တာရိုးဝယ် ရေမျိုးနဂါး ပြွန်နှုတ်ထားလျက် တလားခံ့ခိုင် မြဲကြောင်းတိုင်ရှင့် နှိုင်းပြိုင်မထင် ထိုပြင်တဖြာ မိတ္ထိလာ၌ ဧရာပြည့်လင်း နက်ကျယ်ဝင်းသည် ရေဆင်းပုပ္ပါး မြောင်းအများနှင့် ရှိရှားမည်သီး ကန်သင်းကြီးကို ရှေးတီးမင်းကျော် ဘေးလောင်းတော်တို့ နောင်သော်မွန်ရှည် လုံစိမ့်ရည်လည်း မတည်တံ့စား နှစ်မလျား၍ တရားစောခေါင် မင်းများနောင်လျှင် တဘောင်အတိတ် အောင်နိမိတ်ဖြင့် ဗျာဒိတ်အပြီ ရွှေစက်ချီလျက် ယည်သီတာလျှမ်း ကန်သာဝှမ်းကို နှိုင်းတမ်းမိုးဖျား ဆည်ရိုးတားမှ နှစ်ပါးပေါက်မ ယည်နတ်သနှင့် အမရမင်းနေ လှည့်ခဲ့ခွေသည် သန်နွေတည့်ရှက်ထွေး စက်သန္ဓေး ။
  37. သပြေကျွန်းချာ ဖြူဝန်းကာသည် တရာထီးစင်း အမင်းမင်းတို့ စက်ရင်းညွတ်တွား ရှင့်ဘဘွားလျှင် သုံးပါးဓါတ်မွေ မြတ်သရေနှင့် ရွှေငွေပတ္တမြား မြသားရောရု ရှင်ရုပ်တုကို ဇမ္ဗုဦးစွန်း ပြည်တော်နန်းက မင်းကွန်းရောက်အောင် ပင့်ယူဆောင်မှ ရေသောင်အစုံ ဝန်းကာမြုံသည် ငွေခုံပျံ့ပျူး ညာကျွန်းဦးထက် ဆန်းထူးနတ်မှာ သုဓမ္မာသို့ ရတနာရောင်လျှပ် မျက်စုံကပ်သား ကြာယပ်လူလူ ရွှေချူညောင်ရွက် ညွန့်ခက်ခြူးကိုက် မိုးဖျားဆိုက်မျှ ဆောက်စိုက်သွန်းသွန်း ဖြူရိပ်ဝန်း၍ တောင်ကျွန်းဇမ္ဗူ များရှင်လူအား ပေးလှူဒါန နေ့နှင့်ညတိ ငါးလအခန့် ဝေဘန်ဖြန့်လျက် ဘုန်းနန့်မြေမိုး ရွှေပုထိုးကို ပြည့်ဖြိုးများစွာ ဌာပနာတိုက်တွင်း မွေတော်သွင်းမှ ပင်မင်းဗောဓိ ရွှေညောင်ရှိသား မဇ္ဈိမတိုင်း ဆဲ့ခြောက်ဂိုဏ်းသို့ စောကျိုင်းဘုန်းစည် ကျွန်းလုံးလည်၍ မြိုက်ရည်ဝေငှ မင်းထိုမျှကို ညွတ်ခရိုသေ ပန်ဆင်စေရှင့် ပြည်ဝေသာလီ ဝဇ္ဇီမင်းဖျား သည်းကြားဆက်နှံ ကျွန်ရိုးခံက မင်းစံဌာနီ လှည့်ခဲ့ချီသော် ရာသီဂိမ္မာ နိန္ဒရာဟု ချိန်ခါကဆုန် မိုးပစ္စုန်သည် မြူးခုန်ရိုက်မွှန်း ခါညောင်သွန်းသည် နွေစွန်းတည့်သာလေး စကားမွှေး ။
  38. နှစ်ထောင်ရံဝန်း လေးမည်ကျွန်းကို ပျံ့မွှန်းအာဏာ စက်ရာဇာသို့ သစ္စာမြင့်မြတ် ပွင့်မည်နတ်လျှင် နက္ခတ်အခြေ လနေသွားဟန် ဘဝါးမှန်သည် ယည်ပြန်ရဟတ် ဓိမာသ်အစု ရတုမာသ နှစ်ပက္ခနှင့် ဝါလဥပုသ် ဆန်းဆုတ်ပဏ္ဏာ အမ္မဝါက စက်ရာသီစောင့် နာရီဖြောင့်လျက် ဆယ်မောင့်အပြည့် မွန်းချက်တည့်သည် ကြယ်၏အလို တယံပြိုသော် ဗဟိုချည်းချည်း ဆော်ရိုက်ကြည်း၍ နေ့လည်းသုံးယံ ညဉ့်သုံးယံဝယ် တဆံမသာ ဒေသနာလည်း တိယာမရတ် သည်လျှင်တတ်ဟု ဆုံးဖြတ်ကိန်းခန်း ဂဏန်းဆယ်ချက် သူခဲခက်ကို ရွှေလက်တင်ထား ပတ္တမြားသို့ ခြားနားကုန်စင် ပြဲ့ပြဲ့မြင်လျက် ဗေဒင်မဟာ ဤအရာတွင် စကြာလှန်ရိန် လက်မှန်ချိန်နှင့် ဝရဇိန်ရောင်တင့် ရွှေချွန်းဖွင့်သည် ဆင်မင်းသခင် နတ်ရှင်ဘုရား ပူမမားတည့် စူးစားဆွေဘော် ကြုံခဲ့လှော်ဟု ပုံတော်နာရီ ပုလဲသီ၏ ဂမ္ဘီလေးနက် ရသာမြတ်ကို ပျားငှက်အတူ ပတုန်းဟူသည် ရိပ်ဖြူလင်းလင်း ဇမ္ဗူမင်းတို့ ထံရင်းမကွာ ယူလိုငှါဖြင့် ညီညာသဘင် နန်းရင်ပြင်၌ ဦးတင်ကိုယ်စီ အပြီပြီတိ တရီရိုင်းရိုင်း အဆိုင်းဆိုင်းသည် နေ့တိုင်းတည့်စည်းဝေး မြိုက်ရည်ကျွေး ။
  39. တင့်ရွှန်းသရေ တက်သစ်နေသို့ သပြေလင်းပြောက် သတင်းပေါက်၍ ထီးဆောက်တစင်း သီဟိုဠ်မင်းက သနင်းဘုန်းမော် ရှင်ရုပ်ကျော်နှင့် စွယ်တော်လျှံညီး ဗောဓိရုက္ခ ကျမ်းဂန်စသား များလှပဏ္ဏာ အစုံပါလျက် စကြာထံမှောက် ကြိမ်ကြိမ်ရောက်၏ မြစ်အောက်စူးစူး ဟေဝန်ဦး၌ စိုးမှူးပိုင်နင်း သီစံမင်းလည်း စည်ကွင်းမရွေ့ သုဓလေ့ဖြင့် သိမ်မွေ့စွာဘိ တပင်ရှိမျှ စွန်းငြိမြီးစံ အသေခံသည် မောင်နှံစုံညီ ဇာမရီဟု ဟန်ချီယုယ ဘိုနှင့်မကို ဆက်သမြတ်နိုး တောင်နှယ်ကိုးရှင့် ရိုကြိုးကြောက်ရွံ ကျော်ပကံဝယ် နန်းစံရိုးရင်း စိုးသည်မင်းလည်း သောက်လင်းစည့်စည့် အဝါမှည့်သို့ မူးပြည့်မြတ်စစ် ပုလဲနှစ်နှင့် ကျည်းဖြစ်တံဆိပ် ပုံသေနှိပ်သား ထည်လိပ်အများ အခြားခြားဖြင့် စက်ပါးနိယံ ကျွန်ရိုးခံ၏ နှိုင်းစံမတူ ထိုပမူလည်း ယည်ဖြူနတ်နှင်း ဆင်များမင်းနှင့် ခပင်းများလှ ပေါက်မစီးစီး အဖြီးဖြီးကို စောထီးမှန်ကင်း ရွှေနန်းတွင်းဝယ် လင်းလင်းရောင်မောင်း မတင့်တောင်းအောင် တန်ဆောင်းရိပ်တွင် ခုံပလ္လင်ထက် မျက်ရှင်ရွဲစိုင် တခဲပိုင်သည် ရွှေတိုင်တည့်စွေးစွေး စိုက်ကာမွေး ။
  40. တပျံ့ပျူးပျူး ရွှေဘုံဦးဝယ ချီကျူးထွေငေါ် ရွေသုံးဘော်တို့ နားတော်သွင်းရာ ဤစာနန်းချင်း သံညင်းမြေ့မြေ့ မင်းလေ့မင်းမှု ရတုမင်းထိုက် မင်းလိုက်သင့်စွာ မင်းဘွယ်ရာဖြင့် မဟာသမတ် နေနတ်နန်းရိုး ရှင့်ဘေးဘိုးတို့ ဖြန့်မိုးဖြူဝန်း ဇမ္ဗူကျွန်းထက် မော်ကွန်းတလှစ် စံသည်ဖြစ်ကို သစ်သစ်ဆင့်ကာ လိုရုံသာမျှ ရှိကြာလက်မြှောက် တင်ဆက်လျှောက်ရှင့် ပွင့်ညှောက်ဥမျိုး ရှင့်ဘိုးစောထီး ဘကြီးစောစစ် ဘချစ်မင်းစော မှတ်မုနောတို့ စည်ပြောသပြေ ရေမြေဝှန်ချောင်း စံသည်ကြောင်းကို အသောင်းပြန်ပြန် ကိုယ်ပွါးဘန်၍ ကထန်မဟာ လေးသင်္ချာဟု ကမ္ဘာကပ်လုံး ရှိရွက်ကျုံးသည် အဆုံးဓိမှာ ကုန်နိုင်ရာချိမ့် ကိုးဖြာရောင်လက် ခြူးစုံရှက်သည် ပုခက်ရတနာ တင်မည်မှာကား အခါကောင်းမြတ် နက္ခတ်နဝင်း တရင်းသင့်ထွေ စန်းနေလက်ထား ဂြိုဟ်သွားဂြိုဟ်တန့် စုတ်ယုတ်ပြန့်လျက် ရက်သန့်ဇေယာ မင်္ဂလာတွင် နေဇာညွန့်နု သင်းခရုဖြင့် အောင်ဆုရင့်ညောင်း ဆွေတော်ပေါင်းနှင့် မှူးကောင်းမတ်ကျော် ကတော်တကွ ချီထိန်းယတို့ မစဖြည်းညင်း ခမ်းစုံကျင်း၍ ရွှင်းရွှင်းသာရွှင် ပုခက်တင်သည် သဘင်တည့်ဧဧ ငြိမ့်ငြိမ့်လေး ။
  41. တလင်းလင်းလျှင် နေမင်းစည့်စည့် ထောင်မွန်းတည့်သို့ အင်ပြည့်ရွှန်းရွှင် စက်ဧယင်လည်း မျက်ရှင်လျှံတောက် လက်တင်ပေါက်၌ ပွင့်ညှောက်ခြူးအုံ ရုပ်မျိုးစုံလျက် နိတုံရောင်ရိပ် လေးတောင်ထိပ်ဝယ် ပယ်နှိပ်မာန်ကြွေ့ ရွှေခြင်္သေ့လျှင် ခုန်ဆွေ့စလျက် ရွှေဂူထွက်သို့ ပြိုးပြက်ရိုးရဲ ကိုးမျက်ကြဲသည် ယာဝဲနှစ်ပါး သကြားဗြဟ္မာ တေဇာပြင်းပြ ပုဏ္ဏကနှင့် နာဂဂုမ္ဘာန် ဝေသဝဏ်မှ ဂန္ဓဗ္ဗမြတ် ကုဝေနတ်တို့ များသတ္တရု စောင်မရှု၏ အာယုစမ္မာ ဘီလာအဌမုတ် ရစ်ဝုတ်လှည့်သွား အင်းအများမူ ရင်လွှားအထက် ကြာညောင်ချက်တွင် ရံရှက်သင့်စွာ မလ္လာပွင့်ဝတ် ပန်းစုံတတ်သား ဖြူဆွတ်ထုံသင်း သလင်းပြက်ခါ မွေ့ရာစက်အုံး တင့်ဆုံးလျှံလူ ရွှေခြူညောင်ရွက် လက်လက်ဝင်းလျှပ် ကျည်းကဖွပ်သည် ကြာယပ်သတောင်း မြင့်ဆောင်းဆောင်းတိ သွယ်ပျောင်းပတ်ထိုး တမုတ်ကြိုးလည်း မျက်မျိုးရောင်ဘိတ် ပြောင်ပြောင်ထိတ်မျှ ရွှေချိတ်အပြိုင် ရွှေတိုင်ရွှေတန်း အဆန်းဆန်းနှင့် ရွှေနန်းဘုံခွင် ပျော်ကြောင်းဆင်သည် ဧယင်တည့်သာလေး သံချိုအေး ။
  42. တအေးအေးလျှင် သံလေးညင်းညင်း ရွှေနန်းတွင်းဝယ် စိုးမင်းစက်တော် ခေါ်မည်ဖြစ်ကို သင်းကျစ်စလွယ် ကြီးကျယ်ကျေးရွာ နေရာမည်ရည် ထီးစည်ကျိုင်းချက် ကွမ်းခွက်ညီးလင်း စီးနင်းရွက်ဆောင် များမြောင်ရံပတ် မှူးမတ်သမီး မကြီးရုပ်ဝါ ရွယ်လုံးဖြာဟု ပြင်လျာဆုံဆည်း ပြာချည်းချည်းတွင် စုလည်းတသိုက် ခေါက်ကျိုက်တချို့ မြိတ်စို့လက်သင် ဇွဲယကင်နှင့် ကေရှင်ကြောလှ စောမယ်လျတို့ ယုယသို့ပင် ကြိုးရွှေစင်ကို ယူအင်အသာ လက်သန္တာဖြင့် ရွကာကိုင်လျက် ကမ္ဘာထက်ဝယ် စည်ဆက်ရှည်စွာ မဟာသမတ် မန္ဓတ်တလှစ် ဥဂ္ဂါရာဇ်မှ ပွါးသစ်ဆက်ရှေး တစုဝေးသား ဘေးလည်းနေမျိုး ဘိုးလည်းနေက ဘလည်းနေနတ် နွယ်မြတ်မကင်း ဖြစ်ကြောင်းခြင်းကို သံညင်းချိုသာ မင်္ဂလာဟု နွှဲကာစုံညီ ရှိဦးချီ၍ သံပြီသံပြိုင် အတိုင်အဘောက် လှယ်ကြကောက်လျက် ဧလျှောက်ချီငေါ် ကျူးလွှဲပျော်သည် စက်တော်တည့်ရှေးရှေး ခေါ်ဘိသေး ။
  43. တငြိမ့်ငြိမ့်လျှင် နှစ်သိမ့်ဘန်လဲ ပျော်ကြောင်းလွှဲလည်း နှရွဲနှရု ငယ်သူတို့လေ့ မစက်မွေ့သော် အရွေ့ပီစွာ ပဒုမာနှင့် ဘမရာသန် စသည်များမြောင် ဆောင်ဆောင်လှည့်လျက် မင်းထွက်မင်းဝင် နန်းပြင်နန်းဦး ပျံ့ပျူးပျော်ပါး ငယ်တော်ဖြားရှင့် ရွှေသားနှင်နှင် သမင်ဒရယ် ချေငယ်တိုးအောင်း ဥဒေါင်းဟင်္သာ ကိန္နရာဘိုမ သံမြတွန်ထိတ် ကရဝိတ်ဘောင်းကား ကုလားတမာ ကြိုးကြာအဟန် ကလူရန်လည်း မကျန်စုံစီ ရုပ်မျိုးပီ၏ ကျူးသီဩဇ ရှင့်မွေးဘမူ ဘဝမဝေး ယခင်ရှေးက ရင်သွေးတော်စစ် ခေါက်နှစ်တဘန် မှန်၏အပြီး ချစ်သမီးဟု ပြည်ကြီးမဟာ မိတ္ထိလာမှ ကသာတသွန် မလွန်ကာမ မြို့ပြကျေးရွာ အဖြာဖြာနှင့် ရွှေကားရွှေလွှား ရွှေထားရွှေလှံ ကိုယ်ရံဒိုင်းဝင်း ဆင်မြင်းရထား ကြီးမားဆောင်ရွက် ရေတွက်မသာ ထပ်ကာကာတိ ကြင်နာလေးတွဲ့ လက်တော်ဘွဲ့ကို ပြဲ့ပြဲ့သန့်စင် လျှောက်ဦးတင်ပြီ သဘင်မင်းလျောက် နန်းချင်းကောက်၍ သံပေါက်တသွယ် ပျော်ကြောင်းခြယ်အံ့ နတ်နှယ်ရောင်ငြိမ့် မြတ်မျိုးနှိမ့်သား ရွှေအိမ့်ရှင်ခေါ် တို့ထိပ်ပေါ်သည် နားတော်တည့်ချိုလေး ကြိုင်ပျံ့မွှေး ။

သံတိုင် ပြီး၏။

  1. ဘဒ္ဒကပ်မည်သာ သည်ကမ္ဘာထက် ဆယ်ဖြာမြင့်ညောင်း မင်းများနှောင်းတွင် ဘေးလောင်းမြတ်စွာ မင်းမဟာနှင့် မန္ဓာတုမြစ် ဥက္ကာရာဇ်မှ ပွါးသစ်နရိန် ဇေယသိန်သည် သမ္ဘိန်သဘင်ဘေးတည့်လေ သမ္ဘိန်သခင်ဘေးတည့်လေး ။
  2. အသမ္ဘိန ခတ္တိယတို့ မဇ္ဈိမတိုက် ကျောက်စိုက်ငါးမည် စံခဲ့တည်၍ မြန်ပြည်တလှစ် သရေခစ်နှင့် ရေမြစ်ကမ်းယံ ပုဂံသာနှိုင်း မြင်စိုင်းပင်းယ စကိုင်းကမူ အဝသာခေါင် ရန်ကြီးအောင်သည် ကုန်းဘောင်အာဒိရှေးတည့်လေ ကုန်းဘောင်အာဒိရှေးတည့်လေး ။
  3. နေနတ်တန်ဆောင် ကုန်းဘောင်တည်ရင်း ဘိုးတော်မင်း၏ ရင်တွင်းသည်းကြား ရှင့်ဘဘွားမူ ပတ္တမြားမျက်လျှံ တောင်ညိုရံသား မင်းဝံရွှေနန်း စံခဲ့မြန်းမှ ကိန်းခန်းသင့်လှ အမရကို ပေါက်ပြဝန်းလည် သိုက်တိုင်းတည်သည် ရွှေပြည်မန္တလေးတည့်လေ ရွှေပြည်မန္တလေးတည့်လေ ။
  4. မန္တလေးဌာန မဏ္ဍလထက် သောကဓမ္မာ ဧကရာသို့ မုဒ္ဓါဘိသိက် ဝှန်ထိတ်အောင်သံ ရေသွန်းခံသော် အရံထီးစင်း ရခိုင်မင်းနှင့် သနင်းမဟာ ရှင်တော်ရာကို အသာလွယ်ကူ ဆောင်ခဲ့ယူသည် ရှေးမူမကြုံသေးတည့်လေ ရှေးမူမကြုံသေးတည့်လေး ။
  5. မကြုံစဘူး ဆန်းထူးထွေလာ အံ့ဩရာသည် ဂန္ဓာစိုးခြင်း စိန့်ပြည်မင်းလည်း မှန်ကင်းတမွတ် စွယ်မြတ်မဟာ များပဏ္ဏာနှင့် စကြာတော်ရင်း ညွတ်ခစင်းသည် ဆက်နှင်းသုံးယောက်မြေးတည့်လေ ဆက်နှင်းသုံးယောက်မြေးတည့်လေး ။
  6. အံ့ရာမမြော် စွယ်ရှင်ကျော်ကို ကြိုတော်မူရာ အောင်မြေချာဟု သာခွါရောင်ရွှန်း ရွှေမင်းကွန်းတွင် လွတ်ကျွန်းသဘင် နန်းသစ်ရင်လျက် မြင်ထင်ဂီရိ ညိုမှင်ညိသည် တောင်ကြီးအရှေ့ မော်ကမ်းကွေ့ထက် ခြင်္သေ့နောင်ညီ စုံအပြီနှင့် စေတီမွေပုံ သဒ္ဓါဟုံသည် ခြောက်ဘုံသာဓုကြွေးတည့်လေ ခြောက်ဘုံသာဓုကြွေးတည့်လေး ။
  7. ချီကြွေးနတ်ဘုံ သတင်းတုံသည် အစုံမီးရေ မြတ်စိန္တေကို တိမ်ခြေထိဆိုက် ရင်သောကြိုက်တွင် တိုက်သောဋ္ဌသ မဇ္ဈိမသို့ ပါဒစာရီ ရွှေစက်ချီသော် ဝေသာလီမင်း သည်းရင်းသက်နှံ ကျွန်းရိုးခံသည် ကျိုးနွံရိုညွတ်ကွေးတည့်လေ ကျိုးနွံရိုညွတ်ကွေးတည့်လေး ။
  8. ရိုကျိုးညွတ်ခ မင်းထိုမျှအား မခွမြဲမြံ ရာဇဓံနှင့် တရံမမို့ အင်မချို့အောင် မင်းတို့ပြကတေ့ မမေ့အပ်ရာ သည်လျှင်သာဟု စကြာဗေဒင် ရွှေဉာဏ်မြင်သား နတ်ရှင်စောစစ် ဓမ္မရာဇ်သည် ဘော်လှစ်မြိုက်ရည်ကျွေးတည့်လေ ဘော်လှစ်မြိုက်ရည်ကျွေးတည့်လေး ။
  9. မြိုက်ရည်ဝေငှ သောင်းဒီပထက် ရာဇဗျူဟာ ထီးတရာတို့ ရှိကြာဝပ်စင်း သီဟိုဠ်မင်းလည်း သတင်းမွှေးနံ့ ကျွန်းလုံးပျံ့၍ နူးညံ့သာထွေ လွှာရွှေပေနှင့် သံဒေကထာ ချိုသာပျံ့ပျူး တင်ဆက်ဘူးသည် ချီကျူးလေသွန်ပြေးတည့်လေ ချီကျူးလေသွန်ပြေးတည့်လေး ။
  10. ချီကျူးထွေငေါ် ခမည်းတော်၏ အံ့ဘော်များစွာ မြတ်သမ္ဘာကို မီမှာဆုံးတိုင် မမြော်နိုင်ခဲ့ မြဆိုင်ရောင်လက် ပုခက်ရတနာ တင်သည်မှာလည်း ပေယာလပိုင်း သီးသန့်ဆိုင်းရှင့် အနှိုင်းမဟေ့ ကြန်မျိုးစေ့သား သုံးရွေ့ထွတ်တင် ရွှေအိမ်ရှင်သည် သခင်နေနတ်သွေးတည့်လေ သခင်နေနတ်သွေးတည့်လေး ။
  11. နေနတ်သွေးရည် ကောင်းညွန့်စည်သား မူနည်ကျင့်လေ့ လွန်သိမ်မွေ့၍ ချစ်ငွေ့မပြယ် ကြီးကျယ်ရွက်ဆောင် များမြောင်သင်းသီး အဖြီးဖြီးသည် ပြည်ကြီးခရိုင်ပေးတည့်လေ ပြည်ကြီးခရိုင်ပေးတည့်လေး ။

ပြီး၏။