မဟောသဓဇာတ်တော်ကြီး/အခန်း-၄၅

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၄၅။ ဥမင်စစ်ပွဲ ဆင်ခန်း

စူဠနီဗြဟ္မဒတ်မင်းသည် ထိုညဉ့်မိုးသောက်ရောက်လတ်သော် ဝိဒေဟရာဇ်မင်းကြီးကိုစောင့်နေရာ ထိုဂင်္ဂါမြစ်နားမှ ဆင်ပြောင်ကြီးပေါ်၌စီးလျက် များစွာသောအခြံအရံ ဗိုလ်ပါနှင့်တကွ ဥပကာရီမြို့ရင်းသို့ ကပ်ပြီးလျှင် တစ်ကုဋေမကသော စစ်ဆော် စစ်ကြပ်, အသန်းမကသော စစ်ကဲ, အသိန်းမကသော ဗိုလ်မှူး, အသောင်းမကသော ဗိုလ်ချုပ် စစ်သူကြီးတို့ကို အပြင်းအမြန် အာဏာသံပေးလျက် ဝိဒေဟရာဇ်မင်းကြီး, မဟောသဓသုခမိန်တို့ကို အရှင်ဖမ်းစိမ့်သောငှာ “ဟတ္တာရောဟေ အနီကဋ္ဌေ” အစရှိသော ၁၄-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းတို့ ပိုက်ကွန်ထဲ၌မိသော ငါးတို့ကို တံငါတို့ဖမ်းသကဲ့သို့ ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓသုခမိန်တို့ကို အရှင်ဖမ်းကြရမည်။ ထိုသူတို့သည် အထက်က မိထိလာပြည်ကို ငါတို့ဝန်းရံသောအခါ မဟောသဓသုခမိန်က အကြံဦး၍သာ လွတ်နှင့်ရသည်။ ယခုကား ငှက်လိုပင် ကောင်းကင်သို့ပျံတက်သော်လည်း မလွတ်စေနှင့်။ နတ်လုလင်ကဲ့သို့ တင့်တယ်ကုန်သော ငါ၏ဆင်စီးသူရဲတို့သည် လှံမ, ချွန်းတောင်း, လေးမြား, လွှားကာတို့ကို လက်စွဲလျက် တိုက်ဆင်အပေါင်း အသောင်းမကများစွာတို့နှင့် ဤမြို့ကို ယခု နင်းနယ်ကြကုန်။ ကုဋေသိန်းသန်းမက များလှစွာသော မြင်းစီးသူရဲ ရထားစီးသူရဲ ခြေသည်သူရဲအပေါင်းတို့သည်လည်း ဤမြို့ထက်ဝန်းကျင်တို့၌ ယခုပင် တစ်ပြိုင်နက်တည်း ဓားလှံ,လေးမြားတို့ဖြင့် လက်နက်မိုး ရွာစေကုန်။ ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ အတုမရှိဟု ရွေးကောက်၍ရအပ်သော ၃-သောင်း ၉-ထောင်ကုန်သော သူရဲကောင်း စစ်သူကြီးတို့သည်လည်း ယခုပင် ဤမြို့ကိုဖြိုနင်း၍ ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓသုခမိန်တို့ကို အရှင်ဖမ်းကြကုန်”ဟု ပြင်းစွာသောအာဏာသံဖြင့် ဆို၏။

ထို၃-သောင်း ၉-ထောင်ကုန်သော သူရဲကောင်းတို့သည် လက်နက်မစွဲဘဲ လက်ခုပ်တီးကာဝင်၍ ရန်သူတို့လက်နက်ကို လုယူပြီးလျှင် ထိုလက်နက်ဖြင့် ထိုရန်သူတို့ကို ထိုးခုတ်ခြင်းငှာ စွမ်းနိုင်ကုန်၏။ ထို၁၈-ခေါဘိဏီကုန်သော စစ်သည်အပေါင်းတို့သည်လည်း မြို့ထက်ဝန်းကျင်တို့၌ ကောင်းကင်မှပြိုကွဲ၍ ကျအံ့သကဲ့သို့ ကြောက်မက်ဖွယ်သောအသံဖြင့် တစ်ပြိုင်နက်တည်း ဥပကာရီမြို့ကို နင်းနယ်အံ့သောငှာ အားထုတ်ကြကုန်၏။

များစွာကုန်သော ဆင်စီးသူရဲ လုလင်ပျိုတို့သည်လည်း ဦးခေါင်း၌ ရွှေဖြင့်ပြီးသော နရတင်သရဖူ စိန်တောင်ကိုဆောင်းလျက်၊ ကျော, ရင်, လက်ကြပ် အထပ်ထပ်အလွှာလွှာချုပ်အပ်သော ရွှေအင်္ကျီ, ရွှေချပ်, ရွှေကာ, ရွှေဝတ်လုံ, ရွှေပုဆိုး, ရွှေခါးစည်းတို့ကိုဝတ်ဆင်၍ ရွှေကြိုး, ရွှေကတို့ဖြင့် တန်ဆာဆင်အပ်သော အနှစ်၆၀-တိုင်အောင် အားကိုဆောင်သော ဆင်ပြောင်ကြီးတို့၏ ကျောက်ကုန်းပေါ်၌စီးလျက် နံန္ဒဝန်ဥယျာဉ်သို့ထွက်သော နတ်လုလင်တို့ကဲ့သို့ တင့်တယ်စွာ ဆင်ဦးစီး နောက်ဆင်ခြေဖုံး လူသူရဲနှင့်တကွ အသီးအသီး ဥပကာရီမြို့သို့ ဦးတည်ကာသာလျှင် များစွာသောလက်နက်တို့ဖြင့် ပစ်လွှတ်ကြကုန်၏။

မြင်းစီးသူရဲတို့သည်လည်း ရွှေပြားဖြင့်ကွပ်အပ်သော မောက်တို, သိုဝန်းတို့ကိုဆောင်းလျက် ရဲရဲနီစွာသော ခါးစည်းနှင့်တကွ ရွှေဝတ်လုံ, ငွေဝတ်လုံ, မိန်ညိုတို့ကို ဝတ်ဆင်၍၊ ရွှေကြိုးရွှေကတို့ဖြင့် တန်ဆာဆင်အပ်သော မြင်းကိုစီးလျက် နတ်လုလင်ကဲ့သို့တင့်တယ်စွာ မြင်းကံကျွေးနောက်ပါနှင့်တကွ လက်နက်ရေး, မြင်းရေးကစားမြူးရွှင်ကာသာလျှင် မြို့သို့ကပ်ကြကုန်၏။ သားမြီးတို့ကို မြင်လောက်ရုံကနေ၍ မှန်အောင်ပစ်ခြင်းငှာ စွမ်းနိုင်ကုန်သော လေးသည်ကျော်, ပွတ်ဆောက်ဖျားတို့ကဲ့သို့ ဖွေးဖွေးဖြူစွာသော မြားစဉ်းများဖြင့် အရိုးကိုဖောက်ထွင်းအောင် ပစ်နိုင်ကုန်သော လေးသည်ကျော်တို့သည်လည်း လေးမြားလက်နက်စွဲလျက် ဒိုင်း, လွှား, ချပ်, ကာတို့ဖြင့် ကစားမြူးရွှင်ကြ၍ ကောင်းကင်သို့ပစ်လိုက်သဖြင့် မြားမိုးကို ရွာစေကုန်၏။

အမုန်ယစ်သောဆင်ပြောင်သည် ပြင်းစွာသောမာန်ဖြင့် ထိုးသတ်အံ့ဟု မိမိသို့ ရှေးရှုပြေးသော်လည်း ထိုဆင်ပြောင်၏ အစွယ်၂-ချောင်းကို လက်ဖြင့်ကိုင်ဆုပ်ကာတက်၍ ဦးကင်း၌ တံဆိပ်ခတ်ခြင်းငှာ ရဲဝံ့ကုန်သော သူရဲကောင်းတို့သည်လည်း ခက်ရင်း, လှံ, ဓား မြား, ဆောက်ပုတ် လက်နက် ၅-ပါးစွဲလျက် နီစွာသော သန်လျက်အိမ်ကို တပ်ဆင်၍ ဆီဖြင့်သွေးအပ်သော သန်လျက်တို့ကို အရိုးကကိုင်၍ လှုပ်သည်ရှိသော် သန်လျက်သွားတို့သည် စက်ရဟတ်ကဲ့သို့ ပတ်ပတ်လည်လျက် အလျှံချင်းခတ်၍ လျှပ်စစ်နွယ်ကူးသကဲ့သို့ တလက်လက် တထိန်ထိန်အရောင်တို့သည် တောက်ကုန်၏။

ထိုမှတစ်ပါး ရွှေပုဆိုး, ရွှေဝတ်လုံတို့ဖြင့် နတ်လုလင်ကဲ့သို့ တန်ဆာဆင်အပ်ကုန်သော သူရဲကောင်းတို့သည်လည်း ရွှေဖြင့်ပြီးသော ငါးဖယ်သဏ္ဌာန် သန်လျက်အိမ်တို့ကို ပခုံး၌လွယ်၍ ကြိုးကြာငှက်တို့ကို ၇-ခါမျိုစေပြီးမှ မကြေနိုင်သော သံမာ, သံပျောင်း, သံကောင်းတို့ကို အလွန်တတ်လှစွာသော ပန်းပဲတို့လုပ်သည်ဖြစ်၍ ဆင်လည်တိုင်ကို တစ်ချက်တည်းဖြင့်ချနိုင်လျက် ထက်လှစွာသော ဆီဖြင့်သွေးချင်းအပ်သော သန်လျက်တို့ကို အိမ်မှထုတ်၍ သန်လျက်ကစားကြသည်ရှိသော် ထိုသန်လျက်အရောင်တို့သည် တပြောင်ပြောင် တလက်လက်ခတ်သဖြင့် ရောင်ခြည် ၁၀၀-ကိုဆောင်သော သောက်ရှူးကြယ်ရောင်, ဥက္ကာရောင်,မွန်းတည့်အချိန်၌ နေစက်ချိန် အရောင်ကဲ့သို့ တောက်လောင်မတတ် ဖြစ်ကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း အထူးထူးအပြားပြား များမြတ်သောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ဆင်ပြောင်ကြီးပေါ်၌စီး၍၊ အရိုး၌ ရတနာမျိုးတို့ဖြင့်ခြယ်စီလျက် ဝဇိရစိန်သွားတပ်သော ချွန်းတောင်းကိုကိုင်စွဲကာသာလျှင်- “အချင်းတို့။ ယခုပင် ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓသုခမိန်ကို အရှင်ဖမ်းကြကုန်။” “ဝိဒေဟရာဇ်မင်းကြီး၊ သင်၏သားတော် မဟောသဓသုခမိန်သည် ယခု ငါ၏လက်ထဲ၌ ဘုန်းအာနုဘော်ကုန်ခဲ့ပြီတကား။” “ငါတို့အကြံအစည်မရ၍ ရှေးကတစ်ကြိမ် နိုင်လေဖူးသော မဟောသဓသုခမိန်၏အစွမ်းကိုယုံ၍ ဂုဏ်ပြိုင်လာသော သင်သည် ယခု ငါ၏လက်မှ ငှက်လိုပင်ပျံသော်လည်း လွတ်နိုင်ရန် မရှိပြီတကား”ဟု ဗိုလ်ပါလက်ရုံး ဘုန်းအာဏာကို ပြဆိုကြိမ်းမောင်းလျက် ဘုရားလောင်းနေရာ ဥပကာရီမြို့သို့ ချဉ်းကပ်လေ၏။

မဟောသဓသုခမိန်က သူလျှိုထားသောအမတ်တို့သည်လည်း “ယခု ပဉ္စာလရာဇ်စစ်သည်တို့ကား အားကျမခံ မာန်ထွက်ကြလျက် ဗိုလ်ထုဗိုလ်ခဲလည်း အလွန်ကြီးလှ၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း ရှေးက အရှက်တစ်တန်ရသဖြင့် ယခု ရှေးကထက်လွန်စွာ ရာဇမာန်ပေါက်၍ ငါတို့အရှင်ကို ဖမ်းရအောင် ကြိုးပမ်းခဲ့၏။ အကြောင်းမည်သို့ ဖြစ်မည်မဆိုနိုင်ချေ”ဟုကြံကြလျက်၊ မိမိတို့အခြံအရံနှင့်တကွ ၁၀၀-ကုန်သော သူလျှိုအမတ်တို့သည် စူဠနီဗြဟ္မဒတ်မင်း၏အနီး၌သာလျှင် ခြံရံလျက်လိုက်ကြကုန်၏။

ဤသို့ စူဠနီဗြဟ္မဒတ်မင်းသည် စစ်သည်အပေါင်းတို့ကိုနှိုးဆော်လျက် “ထိုးကြကုန်၊ ဖမ်းကြကုန်”ဟူသော အသံဖြင့် တစ်မြို့လုံးကို ဖုံးလွှမ်းအံ့သကဲ့သို့ မြို့ရင်းသို့ချဉ်းကပ်လေသော် ဘုရားလောင်း မဟောသဓသုခမိန်သည် အသရေရှိသောအိပ်ရာတိုက်မှ ထ၍၊ ကိုယ်လက်သုတ်သင်ပြီးမှ ထမင်းနံနက်စာ စားသောက်ပြီးလျှင် အဖိုး၁-သိန်းထိုက်သော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးကိုဝတ်လဲ၍ ရတနာ ၇-ပါးတို့ဖြင့်စီခြယ်အပ်သော ကမ္ဗလာကို ပခုံးတစ်ဘက်တင် ရုံလျက် ရွှေ,ငွေ,ပတ္တမြားတို့ဖြင့် ဆန်းကြယ်စွာစီရင်အပ်သော လက်စွဲတော်ရတနာလှံတံကို စွဲကိုင်၍ ရွှေခြေနင်းကိုစီးပြီးသော် နတ်သမီးနှင့်တူစွာ တန်ဆာဆင်အပ်သော ကိုယ်လုပ်မိန်းမငယ်တို့ကိုလည်း စာမရီသားမြီးယပ်ဖြင့် ယပ်လေခတ်စေလျက် အနီး၌နေစေပြီးလျှင်၊ တန်ဆာဆင်အပ်သော နန်းတော်စမုခ်ဝ အရှေ့လေသာပြတင်းကိုလည်း ဖွင့်လှစ်စေပြီးသော် စူဠနီဗြဟ္မဒတ်မင်းကိုမြင်စိမ့်သောငှာ သိကြားမင်း၏တင့်တယ်ခြင်းဖြင့် တောင်မြောက်လူးလာ စကြံသွားလျက်နေ၏။

စူဠနီဗြဟ္မဒတ်မင်းသည် ရဲရင့်တင့်တယ်စွာနေသော ဘုရားလောင်းကိုမြင်သော် ချစ်နှစ်လိုဖွယ် အရောင်အဆင်း တင့်တယ်ခြင်းဟုဆိုအပ်သော ဣဋ္ဌာရုံကို မြင်လျက်လည်း ချစ်ခင်တတ်သော မေတ္တာစိတ်ကင်း၍ နှိပ်နင်းလိုသောဒေါသမျက်မာန် ပြင်းထန်စွာဖြစ်ခြင်းကြောင့် အနိဋ္ဌာရုံသာထင်၍ “မဟောသဓသုခမိန်ကို ယခုပင်ဖမ်းအံ့”ဟု မိမိစီးသောဆင်ကို လျင်စွာသာလျှင် တံခါးဝသို့ ရှေးရှုစိုင်းနှင်လေ၏။

ဘုရားလောင်းသုခမိန်သည် ဤသို့ကြံ၏။ “ဤမင်းကား ငါနှင့်အရှင်ကို ဖမ်းမည်ဟူ၍ အပြင်းအပြ ယခုလာ၏။ မိမိ အမိ, မယား, သားသမီးတို့ကိုယူ၍ ငါတို့ အရှင်မင်းကြီး မိထိလာပြည်သို့ သွားကြောင်းကိုကား မိမိ မသိလေ။ ယင်းသို့ဖြစ်သောကြောင့် ရွှေကြေးမုံနှင့်တူစွာသော ငါ၏မျက်နှာကိုပြ၍ ဤမင်းနှင့် စကားပြောအံ့”ဟု ကြံပြီးလျှင် လေသာပြတင်းဝ၌ရပ်လျက် သာယာချိုအေးသောအသံဖြင့် စကားပြောလိုသောကြောင့်-

“ကိန္နု သန္တရမာနောဝ၊ နာဂံ ပေသေသိ ကုဉ္ဇရံ။

ပဟဋ္ဌရူပေါ အာဂတောသိ၊ သိဒ္ဓတ္ထောသ္မီတိ မညသိ။”

“သြဟာရေတု ဓနုံ စာပံ၊ ခုရပ္ပံ ပဋိသံဟရ။

ဩဟာရေတု သုဘံ ဝမ္မံ၊ ဝေဠုရိယမဏိသန္ထတံ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆို၏။

မဟာရာဇ၊ အရှင်မင်းကြီး။ ကုဉ္ဇရံ၊ မြတ်သော။ နာဂံ၊ ဆင်ပြောင်ကို။ သန္တရမာနောဝ၊ အဆောတလျင်လျှင်။ ကိံ၊ အဘယ့်ကြောင့်။ ပေသေသိနု၊ စိုင်းနှင်၍လာသနည်း။ ပဟဋ္ဌရူပေါ၊ ဝမ်းမြောက်သော သဘောရှိသည်ဖြစ်၍။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သလော။ သိဒ္ဓတ္ထော၊ ငါ၏နှလုံးအလို ပြည့်သည်။ အသ္မိ၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့။ မညသိ၊ အောက်မေ့သလော။”

မဟာရာဇ၊ အရှင်မင်းကြီး။ စာပံ ဓနုံ၊ လေးပျင်းကို။ ဩဟာရေတု၊ စွန့်ပစ်တော်မူလေလော့။ ခုရပ္ပံ၊ လွယ်အပ်သော ဓားကိုလည်း။ ပဋိသံဟရ၊ ချွတ်၍ အပါး၌ထားလေလော့။ သုဘံ၊ တင့်တယ်စွာသော။ ဝေဠုရိယမဏိသန္ထတံ၊ ပတ္တမြား ကျောက်မျက်ရွဲတို့ဖြင့် စီခြယ်အပ်သော။ ဧတံ ဝမ္မံ၊ ဤချပ်တန်ဆာကိုလည်း။ ဩဟာရေတု၊ ချွတ်တော်မူဘိလော့။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု အဘယ့်ကြောင့် အပင်အပန်း ဆင်ကိုစိုင်းနှင်၍ လာတော်မူသနည်း။ ဝမ်းမြောက်ဝမ်းသာ ငါ၏အလို ပြည့်တော့မည်ဟု အောက်မေ့၍တည်း လာတော်မူသလော။ ယင်းသို့ အကြံနှင့် လာတော်မူသည်မှန်လျှင် ပင်ပန်းကာမျှသာ ရှိမည်။ လက်စွဲတော်ရွှေလေးကိုလည်း ယခုပင် စွန့်ပစ်တော်မူဘိ။ ပခုံး၌ ရတနာကျောက်စီအိမ်ဖြင့်လွယ်အပ်သော လက်စွဲတော်သန်လျက်ကိုလည်း ပခုံးမှချွတ်၍ လွတ်ရာသော်လည်း ထားတော်မူ။ သန်လျက်စွဲသူတို့ကိုလည်း ပေးအပ်တော်မူလိုက်ဘိ။ ပတ္တမြားကျောက်မျက်ရွဲ ရတနာတို့ဖြင့် စီခြယ်အပ်သော ချပ်ဝတ်ပုံတော်ကိုလည်း ယမန်နေ့ညကပင် ဝတ်ဆင်၍ နေတော်မူဟန်ရှိ၏။ ထိုချပ်တန်ဆာကိုလည်း ကိုယ်တော်မှချွတ်၍ လွတ်ရာ စွန့်ပစ်တော်မူလိုက်ဘိ။ ယခု ကိုယ်တော်သည် နွမ်းနွမ်းလျော့လျော့ ဖျော့တော့သောမျက်နှာနှင့် မသာမရွှင် ပင်ပန်းတော်မူဟန်တကား။ ယင်းသို့ အကျိုးမဲ့ ကိုယ်တော် မပင်ပန်းစေနှင့်။ ယနေ့နံနက်စောစောကပင် မြို့တော်သို့ ပြန်လည်ဝင်သွားတော်မူပါလေ”ဟု ချစ်ဖွယ်မှု စကားသွယ်၍ ပြက်ရယ်ပြုလေ၏။

ထိုဘုရားလောင်းစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည်။ “ဤမဟောသဓသုခမိန်ကား ငါ့ကို ယခု မလေးမစား ပြက်ရယ်မှုပြုဘိ၏။ မိမိအန္တရာယ် ရောက်အံ့သည်ကို မသိ။ ငါခြိမ်းခြောက်၍ ယခုပင်လျှင် သိစေအံ့”ဟု ကြံပြီးသော်-

“ပသန္နမုခဝဏ္ဏောသိ၊ မိတပုဗ္ဗဉ္စ ဘာသသိ။

ဟောတိ ခေါ မရဏကာလေ။ ဧဒိသီ ဝဏ္ဏသမ္ပဒါ။”

ဟူသောဂါထာဖြင့် ဆို၏။

မဟောသဓ၊ မဟောသဓာ။ တွံ၊ သင်သည်။ ပသန္နမုခဝဏ္ဏော၊ အဆင်းကြည်လင် ရွှင်သောမျက်နှာရှိသည်။ အသိ၊ ဖြစ်၏။ မိတပုဗ္ဗဉ္စ၊ ရယ်ဖွယ်ကားရှေး မိန့်ရေးကားနှောင်း စကားကောင်းကိုလည်း။ ဘာသသိ၊ ဆိုဘိ၏။ မရဏာကာလေ၊ သေခါနီးသို့ ရောက်သောအခါ၌။ ဧဒိသီ၊ ဤသို့သ်ဘောရှိသော။ ဝဏ္ဏသမ္ပဒါ၊ အဆင်းနှင့် ပြည့်စုံခြင်းသည်။ ဟောတိ ခေါ၊ ဖြစ်သလျှင်ကတည်း။

အဓိပ္ပာယ်ကား-

“မဟောသဓ။ သင်သည် ယခု အဆင်းကြည်လင်ရွှင်သောမျက်နှာဖြင့် ရယ်ဖွယ်ကား ရှေး မိန့်ရေးကားနှောင်း စကားကောင်းကို ဆိုဘိ၏။ ဤသို့အရောင်အဆင်း ကြည်လင်ခြင်းနှင့် ရွှင်လန်းသောစကားကို ပြောဆိုခြင်းသည်ကား သေခါနီးရောက်သောသူတို့၏ သဘောဓလေ့ပင် ဖြစ်ဟန်ရှိ၏။ ငါသည် ယနေ့ပင် သင်၏ဦးခေါင်းကို ထက်လှစွာသောသန်လျက်ဖြင့်ပယ်၍ အောင်သေသောက်ခြင်းသဘင် ခံအံ့သည်ကား မချွတ်ရာပြီ”ဟု ဆို၏။

ဤသို့ စူဠနီဗြဟ္မဒတ်မင်းနှင့်ဘုရားလောင်း စကားပြောဆိုကြလတ်သော် ပဉ္စာလရာဇ်စစ်သည် ဗိုလ်ပါတို့သည် ဘုရားလောင်း၏ ပြုံးရွှင်သောမျက်နှာ, တင့်တယ်စွာသောအဆင်းအသရေကို တစိမ့်စိမ့်မျှော်ကာ ကြည့်ရှုကြလျက် “ငါတို့အရှင်မင်းကြီးနှင့် မဟောသဓသုခမိန်တို့ ယခု စကားပြောဆိုကြ၏။ အဘယ်စကားကို ဆိုကြသည် မသိ။ နားထောင်ကြကုန်အံ့”ဟု စူဠနီဗြဟ္မဒတ်မင်း၏အနီးသို့သာလျှင် ဝန်းရံလာကြကုန်၏။

မဟောသဓသုခမိန်သည်လည်း မင်းကြီးစကားကိုကြားလျှင် “ငါ မဟောသဓသုခမိန် ပညာရှိကြောင်းကို မင်းကြီး မသိလေ။ ကေဝဋ်အမတ်နှင့် မိမိတို့ အလျှို့အဝှက် တိုင်ပင်ကြသောအကြံအစည်ကို မသိနိုင်ရာ။ အပေါ်စကားနှင့်သာ ဟုတ်နိုးထင်၍ နေရှာလိမ့်မည်ဟု ငါ့ကို ထိုမင်းမှတ်ယူ၍၊ သတ်ရတော့မည် စိတ်စွဲနှင့်သာ ယခုလာ၏။ မိမိတို့အကြံအစည်ပျက်၍ အချည်းနှီးဖြစ်ကြောင်းကို သိစေအံ့”ဟုကြံပြီးလျှင် “မောဃံ တေ စိန္တိတံ ရာဇာ” အစရှိသော ဂါထာ “တိဏ္ဏော ဟိယျော ရာဇာ ဂင်္ဂံ” အစရှိသော ဂါထာ, ဤ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ခဲခဲခက်ခက် လျှို့ဝှက်အပ်သောအတိုင်အပင်နှင့် အကြံအစည်သော်ကား အလွန်အံ့သြဖွယ် ရှိပေ၏။ ယင်းသို့ဖြစ်သော်လည်း အရှင်မင်းကြီးတို့၏ အကြံအစည်တို့ကား အကျိုးမနပ် အချည်းဖြစ်ခဲ့ပြီတကား။ အရှင်မင်းကြီးသည် ကေဝဋ်အမတ်တည်းဟူသော ယုတ်ညံ့သောအမျိုး မြင်းပေါင်ကျိုးကို စီးနင်း၍ အကျွန်ုပ်တည်းဟူသော ဝလာဟကမျိုး တန်ခိုးကြီးသော သိန္ဓောမြင်းပျံသခင် အရှင်ဝိဒေဟရာဇ် မင်းကြီးကို မဖမ်းမိခဲ့ပြီတကား။ အရှင်မင်းကြီးသည် အထက်နန်းတော် ကျက်သရေတိုက်၌ ကေဝဋ်အမတ်နှင့် တိုင်ပင်တော်မူသောအကြံအစည်ကို သူတစ်ပါး မကြားမသိနိုင်ရာဟု မှတ်ထင်တော်မူသလော။ အရှင်မင်းကြီးတို့၏ အကြံအစည်ကို ရှေးတိုင်ပင်ကြံဆောင်ကြဦးကပင် အကျွန်ုပ် ကြားသိ၍ရှိပြီ။ ယခု အကြံပျက်ပြီးမှ ရှက်ဆေးချေတော်မူသော်လည်း ဖြစ်နိုင်တော့မည်မဟုတ်။”

“ကျွန်ုပ်သခင် အရှင်ဝိဒေဟရာဇ်မင်းကြီးသည် ယမန်နေ့ညဉ့်ဦးကပင် မိထိလာပြည်တော်သို့ ပြန်လည်ချီသွားတော်မူသည်ကို သိတော်မမူလိုက်သော အကျွန်ုပ်တို့ အရှင်မင်းကြီး ကြွတော်မူသည်လည်း တစ်ပါးတည်းသာ မထင်မရှား ကြွတော်မူသည်မဟုတ်။ များစွာသော မှူးတော်မတ်တော်, ဗိုလ်ပါအခြံအရံနှင့်ပင် ဂင်္ဂါမြစ်ကိုကူး၍ အထင်အရှားကြွသွားတော်မူပါသည်တကား။ ယခု အရှင်မင်းကြီးသည် အကျွန်ုပ်တို့အရှင် ဝိဒေဟရာဇ်မင်းကြီးကို အားကျမခံ လိုက်ဦးမည်ဟု အကြံတော်ရှိသလော။ လိုက်တော်မမူလေနှင့်။ စင်စစ် လိုက်တော်မူလျှင် ရွှေဟင်္သာအပေါင်း အသောင်းမကခြံရံလျက် ပျံသွားလေပြီးသော ရွှေဟင်္သာမင်းကို နောက်ကအစဉ်တစိုက်လိုက်လျက် ချောက်, မြှောင် တောင်ကြားတို့၌ကျန်ရစ်သော ကျီးမည်းကဲ့သို့ အကျွန်ုပ်တို့အရှင်မင်းကြီးကို မမြင်ဘဲ ခရီးအကြား၌ကျန်ရစ်သဖြင့် များစွာသော ဝိဒေဟရာဇ်မင်းကြီး စစ်သည်ဗိုလ်ခြေတို့လက်တွင် အရှင်မင်းကြီး ပျက်စီးခြင်းသို့ ရောက်မည်ကား မချွတ်ရာ”ဟုဆို၏။

ဤသို့ဆိုပြီးလျှင် တစ်ဖန် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရွံ့ရှာခြင်းကင်းသောစကားဖြင့် ဥဒါဟရုဏ် ဆောင်လိုပြန်၍-

“သိင်္ဂါလာ ရတ္တိဘာဂေန၊ ဖုလ္လံ ဒိသွာနု ကိံသုကံ။

မံသပေသီတိ မညန္တာ၊ ပရိဗြုဠာ မိဂါတမာ။”

“ဝီတိဝတ္တာသု ရတ္တီသု၊ ဥဂ္ဂတသ္မိံ ဒိဝင်္ကရေ။

ကိသုကံ ဖုလ္လံ ဒိသွာန၊ အာသာ ဆိန္နာ မိဂါတမ။”

“ဧဝမေဝ တုဝံ ရာဇာ၊ ဝေဒေဟံ ပရိဝါရယိ။

အာသာ ဆိန္နာ ဂမိဿသိ၊ သိင်္ဂါလာ ကိသုကံ ယထာ။”

ဤဂါထာတို့ဖြင့် ဆိုပြန်၏။

မဟာရာဇ၊ မင်းမြတ်။ သိင်္ဂါလာ၊ မြေခွေးတို့သည်။ ရတ္တိဘာဂေန၊ ညဉ့်အဖို့ဖြင့်။ ဖုလ္လံ၊ ပွင့်သော။ ကိသုကံ၊ ပေါက်ပင်ကို။ ဒိသွာန၊ မြင်လတ်၍။ မံသပေသီတိ၊ သားတစ်ဟူ၍။ မညန္တာ၊ အောက်မေ့ကုန်လျက်။ မိဂါတမာ၊ တောသားမြေခွေးမိုက်တို့သည်။ ပရိဗြုဠာ၊ ဝန်းရံကုန်၏။

ရတ္တီသု၊ ညဉ့်တို့သည်။ ဝီတိဝတ္တာသု၊ မိုးသောက်လတ်ကုန်သော်။ ဒိဝင်္ကရေ၊ နေသည်။ ဥဂ္ဂတသ္မိံ၊ တက်လတ်သည်ရှိသော်။ ဖုလ္လံ၊ ပွင့်သော။ ကိံသုကံ၊ ပေါက်ပင်ကို။ ဒိသွာန၊ မြင်၍။ မိဂါတမာ၊ မြေခွေးမိုက်တို့သည်။ အာသာ ဆိန္နာ ယထာ၊ ချင်ခြင်းပြတ်ကုန်သကဲ့သို့။

ဧဝမေဝ၊ ဤမြေခွေးနှင့် အတူလည်းကောင်း။ တုံဝ ရာဇာ၊ အရှင်မင်းကြီးသည် ။ ဝေဒေဟံ၊ အကျွန်ုပ်တို့သခင် ဝိဒေဟရာဇ်မင်းကြီးကို။ ပရိဝါရယိ၊ ဝန်းရံ၏။ သိင်္ဂါလာ၊ မြေခွေးတို့သည်။ ကိသုကံ၊ ပေါက်ပွင့်ကို။ ဒိသွာန၊ မြင်၍။ အာသာဆိန္နာ၊ ချင်ခြင်းပြတ်ကုန်သဖြင့်။ ဂမိဿန္တိ ယထာ၊ သွားလေကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုဝံ ရာဇာပိ၊ အရှင်မင်းကြီးသည်လည်း။ ဂမိဿတိ၊ သွားတော်မူရလတ္တံ့။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု ဥပကာရီမြို့သို့ ဝန်းရံလာသောအကြောင်းကို အရှင်မင်းကြီးနှင့် တူရာပုံဆောင်၍ အကျွန်ုပ်ဆိုအံ့။ နာတော်မူလော့။ အကြင်မြေခွေးအပေါင်းတို့သည် ညဉ့်အခါ၌ လ၏အရောင်ဖြင့် ပင်လုံးကျွတ်ပွင့်သော ပေါက်ပင်ကိုမြင်လျှင် သားတစ်ဟူသောအမှတ်ရှိလျက် “ငါတို့စားရကုန်အံ့”ဟူသော တပ်မက်ခြင်းအာသာဖြင့် ထိုပေါက်ပင်သို့သွား၍ ပေါက်ပင်ရင်း၌ ခြင်းခြင်းနီသောအပွင့်တို့ကို မျှော်ကြည့်ကာ မလိမ္မာသောအလျောက် စောင့်နေဝန်းရံကြကုန်၏။ ထိုမလိမ္မာသော မြေခွေးအပေါင်းတို့သည် နံနက်နေအရုဏ် တက်လတ်သဖြင့် သားတစ်မဟုတ်။ ပေါက်ပွင့်တကား”ဟု သိမြင်လေသော် တပ်မက်ခြင်းအာသာပြေ၍ မိမိတို့လိုရာ ပြေးသွားကုန်သကဲ့သို့ ထိုပုံနှင့်အလားတူစွာ အရှင်မင်းကြီးသည်လည်း ဤမြို့၌ “ဝိဒေဟရာဇ်မင်းကြီးကို ငါတို့ဖမ်းယူအံ့”ဟု ပြင်းစွာသောဒေါသမာန်ဖြင့် ဤဥပကာရီမြို့ကို တစ်ညဉ့်ပတ်လုံး ဝန်းရံ စောင့်နေတော်မူ၏။ ထိုသို့ ကြိုးပမ်းအားထုတ်၍ စောင့်နေဝန်းရံတော်မူပါလျက် ဝိဒေဟရာဇ်မင်းကြီး ထွက်သွားတော်မူခြင်းကြောင့် ဥပကာရီမြို့ကို လိုအပ်သော ဆန္ဒအာသာ ကင်းသဖြင့် အားလျှော့ခြင်းသို့ ရောက်သည်ဖြစ်၍ စိတ်နှလုံးအလိုမပြည့်ဘဲ မြို့တော်သို့ ပြန်လည် ဝင်သွားတော်မူရလတ္တံ့”ဟု ဆိုတော်မူ၏။

မဟောသဓသုခမိန်စကားကို ကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ပြင်းစွာအမျက်ထွက်၍ “ဤမဟောသဓသုခမိန်ကား ငါသို့သောမင်းကိုစင်လျက် မကြောက်မရွံ့ ရဲရင့်စွာ ဤသို့သောစကားကို ပြောဆို၍၊ ထိုပြောဆိုတိုင်းပင်သော်လည်း ဝိဒေဟရာဇ်မင်း ထွက်ပြေးသည် မှန်ရာ၏။ ဤမဟောသဓသုခမိန်သည် အထက်ကလည်း ငါတို့ကို ခါးတွင်ဝတ်သည့်ပုဆိုးကိုမျှ အစိုးမရအောင် အရှက်ခွဲဖူးလေသည်။ ယခုလည်းတစ်ဖန် ငါ၏လက်သို့ ရောက်ပြီးသောရန်သူကို ထွက်ပြေးစေပြန်၏။ ဤသူသည် အကျိုးစီးပွားမဲ့ကိုသာ ပြုသောသူဖြစ်သည်။ ယင်းသို့ဖြစ်သောကြောင့် ခပ်သိမ်းသောရန်သူတို့၏ အပြစ်ရာဇဒဏ်ဟူသမျှကို မဟောသဓသုခမိန်မှာ စုပေါင်း၍ ထင်ရှားအောင် ငါ ဖမ်းယူ ကွပ်မျက်အံ့”ဟုကြံပြီလျှင်၊ မိမိစစ်သားတို့ကို အာဏာထားလို၍- “ဣမဿ ဟတ္ထေ စ ပါဒေ စ”အစရှိသော ၄-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းတို့။ ဤမဟောသဓသုခမိန်သည် ငါ၏လက်သို့ရောက်ပြီးသော ငါ၏ရန်သူ ဝိဒေဟရာဇ်မင်းကြီးကို ယခု လွှတ်ဘိ၏။ ထိုငါ၏ရန်သူ ဝိဒေဟရာဇ်မင်းကြီးကို လွှတ်သောအပြစ်နှင့်တကွ ဤမဟောသဓသုခမိန်ကို လျင်စွာဖမ်းပြီးလျှင် မဟောသဓသုခမိန်၏လက်ခြေတို့ကိုလည်းကောင်း၊ နှာသီး,နှုတ်ခမ်းတို့ကိုလည်းကောင်း ဖြတ်ပိုင်းလှီးပယ်ကြကုန်။ သမင်, စိုင်, ဆတ်တို့၏အသားကို ချက်သကဲ့သို့ မဟောသဓသုခမိန်၏အသားကိုလည်း ချက်ကြကုန်။ တံစို့ထိုး၍မူလည်း မီးကျီးစု၌ ကင်ကြကုန်။ နွား, ကျွဲ, ကျားသစ်, သမင်, ခြင်္သေ့ရေတို့ကို အရာမကသော တံသင်းပန္နက်ရိုက်နှက်၍ ကားကြက်သကဲ့သို့ ဤမဟောသဓသုခမိန်၏ခြေ၂-ဖက်, လက်၂-ဖက်, ဦးခေါင်းတို့ကိုလည်း ပက်လက်ထားလျက် လှံ,တံသင်းနှက်၍ ကားကြက်လေကုန်”ဟုဆို၏။

ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ပြင်းစွာရယ်လျက် “ဤမင်းကား မိမိမယား, သမီး, သားအမိတို့ကို နန်းမှချဆောင်၍ မိထိလာပြည်သို့ ငါပို့သောအဖြစ်ကို မိမိမသိလေသောကြောင့် ဤသို့သောစကားကို ဆိုဘိ၏။ စင်စစ် ထိုအကြောင်းကို ဤမင်းမသိလျှင် ငါ့ကို မြားဖြင့်သော်လည်း ပစ်ရာချေ၏။ ယင်းသို့ မပြုမူလည်း မိမိပြုလိုရာ အန္တရာယ်ဖြင့်သော်လည်း ငါ့ကို နှိပ်စက်ရာချေ၏။ ထို့ကြောင့် ဤမင်းကို ပြင်းစွာသော စိုးရိမ်ပူဆွေးခြင်းဖြင့် ပူဆွေးစိုးရိမ်စေလျက် ဤဆင်ဦးကင်းထက်၌ပင်လျှင် တွေဝေမိန်းမော၍ မပြောမဆိုနိုင်ဘဲရှိအောင် ပြုအံ့”ဟု ကြံပြီးလျှင်၊ “သစေ မေ ဟတ္ထေ စ ပါဒေ စ”အစရှိသော ၁၂-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကယ်၍ အကျွန်ုပ်၏ လက်, ခြေ, ဦးခေါင်း, နှာသီးတို့ကို ဖြတ်ငြားအံ့။ အကျွန်ုပ်သခင် ဝိဒေဟရာဇ်မင်းကြီးသည် ထိုအကြောင်းကိုကြားသိတော်မူလျှင် အရှင်မင်းကြီး၏ မိဖုရားနန္ဒာဒေဝီ, သမီးတော် ပဉ္စာလစန္ဒီမင်းသမီး, သားတော် ပဉ္စာလစန္ဒာမင်းသားတို့၏ လက်, ခြေ, ဦးခေါင်း, နှာသီးတို့ကိုဖြတ်လတ္တံ့။ ကျွန်ုပ်ကား ယောက်ျားတို့၏ဆောင်ရွက်ရန်ကိစ္စ ပြီးပြီဖြစ်သောကြောင့် အရှင်မင်းကြီးစီရင်လိုသမျှ စီရင်သော်လည်း ခံဝံ့၏။ ကျွန်ုပ်တစ်ယောက်ကို စီရင်မှားချေက အရှင်မင်းကြီး ချစ်မြတ်နိုးအပ်သော သား,သမီး,မယား၊ ဤ ၃-ယောက်တို့ကို ဝိဒေဟရာဇ်မင်းကြီးစီရင်သဖြင့် ၃-ယောက်စလုံး ဆုံးရှုံးခြင်းသို့ရောက်လတ္တံ့။”

“အရှင်မင်းကြီးသည် အကျွန်ုပ်၏အသားကို သမင်, စိုင်, ဆတ်သားကဲ့သို့ အကယ်၍ ချက်ငြားအံ့။ တံစို့ထိုး၍မူလည်း အကယ်၍ ကင်ငြားအံ့။ အရှင်မင်းကြီး၏မိဖုရားကြီး နန္ဒာဒေဝီ, သမီးတော်ပဉ္စာလစန္ဒီ, သားတော်ပဉ္စာလစန္ဒာတို့ကိုလည်း အကျွန်ုပ်တို့သခင် ဝိဒေဟရာဇ်မင်းကြီးသည် ချက်ကင်ခြင်းကို ပြုတော်မူလတ္တံ့။ အကျွန်ုပ်ကို အကယ်၍ လှံတံသင်းတို့ဖြင့် ကားကြက်ငြားအံ့။ ကျွန်ုပ်တစ်ယောက်ကို ကားကြက်မှားချေသောကြောင့် အရှင်မင်းကြီး၏ သား, သမီး, မယားတို့ကိုလည်း တံသင်းနှက်၍ ကားကြက်လတ္တံ့။”

“အရှင်မင်းကြီး။ ဝိဒေဟရာဇ်တိုင်းကြီးကို အစိုးရတော်မူသော အကျွန်ုပ်တို့သခင် အရှင်မင်းကြီးအား ဆိတ်ကွယ်ရာ ၂-ယောက်ချင်းနေလျက် “အရှင်မင်းကြီး။ ဤဥပကာရီမြို့ထဲ၌ စူဠနီဗြဟ္မဒတ်မင်းအဖမ်းကို အကျွန်ုပ်ခံ၍ ထိုစူဠနီဗြဟ္မဒတ်မင်းသည် အကျွန်ုပ်၏ လက်, ခြေ, ဦးခေါင်း, နှာသီးတို့ကိုဖြတ်စေခြင်း၊ ချက်, ကင်, ဖုတ်ကြော်စေခြင်း၊ လှံ တံသင်းနှက်၍ ကားကြက်စေခြင်းတို့ကို မသေမရှင် ပြုစီရင်ပါလိမ့်မည်။ ထိုသို့ အကျွန်ုပ်ကို စူဠနီဗြဟ္မဒတ်မင်း ပြုစီရင်ပြီဟု ကြားတော်မူသောအခါ စူဠနီဗြဟ္မဒတ်မင်း၏ မိဖုရားနန္ဒာဒေဝီ, သမီးတော် ပဉ္စာလစန္ဒီ, သားတော် ပဉ္စာလစန္ဒာ၊ ဤမင်း ၃-ယောက်တို့ကိုလည်း လက်, ခြေ နှာသီးတို့ကိုဖြတ်၍ မသေမရှင် ထားခြင်း၊ အသားကို အတစ်အတုံးလှီး၍ ချက်, ကင်, ဖုတ်ကြော်ခြင်း၊ လှံတံသင်းနက်၍ ကားကြက်ခြင်းတို့ဖြင့် ကွပ်မျက်စီရင်တော်မူပါလေ”ဟု မှာထားလျှောက်ဆိုလိုက်ပြီ။”

“အရှင်မင်းကြီး။ သားရေနယ်သမားတို့သည် နူးညံ့ပျောင်းပျော့စေအပ်သော သားရေနယ်ကို အထပ် ၁၀၀-ထပ်၍ မိမိတို့ ဓား, ဆောက် တန်ဆာဖြင့် ချပ်ကာဝတ်လုံကို စီရင်ကုန်၏။ ထိုအထပ် ၁၀၀-ရှိသော သားရေချပ်ကာကို ဝတ်ကုန်သောသူရဲသားတို့အား အရာမကသော မြားလက်နက်တို့သည် ကျရောက်လာတုံသော်လည်း ထိုဝတ်လုံချပ်ကာသာလျှင် ကာဆီးသည်ဖြစ်၍ သူရဲတို့၏ကိုယ်သို့ မြားသွား မရောက်နိုင်သကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အရှင်ဖြစ်သော ဝိဒေဟရာဇ်မင်းကြီး၏ဆင်းရဲကို ပယ်လျက် ချမ်းသာကိုဆောင်အပ်လေပြီ။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း အထပ် ၁၀၀-စီရင်အပ်သော ဝတ်လုံချပ်ကာကဲ့သို့ ခပ်သိမ်းသော ဘေးရန်ဆင်းရဲကို ကျွန်ုပ် ဆီးကာခံဝန် ဆောင်ရွက်သဖြင့် တစ်စုံတစ်ခုသောဆင်းရဲကို တွေ့ကြိမ်ရမည်ထား၍ နားမျှမကြားရဘဲ ချမ်းသာစွာ အလိုတော်ပြည့်ခြင်းသို့ ရောက်လေပြီ”ဟုဆို၏။

ဘုရားလောင်းစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဤသူကြွယ်သားကား ငါဖမ်းယူစီရင်အံ့သော အခြင်းအရာကိုပြ၍ ကြိမ်းမောင်းလျှင် မိမိသေအံ့သောဘေးမှ ကြောက်လန့်သည်ဖြစ်၍ ကြီးစွာသော ရွှေနန်းကျက်သရေတိုက်၌ များစွာသောအစောင့်အရှောက်တို့နှင့် ထားခဲ့အပ်သော ငါ၏မိဖုရား, သား,သမီးတို့ကိုလည်း ဝိဒေဟရာဇ်မင်းကြီး စီရင်လတ္တံ့ဟု ငါ၏နှုတ်ယောင်ကိုလိုက်၍သာလျှင် ဆိုမှားဆိုချွတ် မြည်တမ်းခြင်းကိုပြု၏။ ငါ၏မိဖုရား,သား,သမီးတို့အား များစွာသော အစောင့်အရှောက်နှင့် သူတစ်ပါးနှောင့်ယှက်၍ မဖြစ်နိုင်ရာသောအကြောင်းကိုကား သူကြွယ်သား မသိလေ”ဟု ကြံလျက် ဘုရားလောင်း၏ စကားကို မယုံမကြည်နေလေ၏။

မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်းကား “ငါဆိုသောစကားကို သေအံ့သည်မှကြောက်၍သာ မြည်တမ်းသည်ဟု မယုံမကြည် ထင်မှတ်ဘိ၏။ ထိုမင်းအား မိမိနန်း၌ သား, မယား မရှိသောအဖြစ်ကို သိစေဦးအံ့”ဟု ကြံပြီးလျှင် “ဣင်္ဃ ပဿ မဟာရာဇ” အစရှိသောဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်စကားကို ယုံတော်မမူလျှင် ယခုပင်သွား၍ မင်းကြီးနန်းတော်မှာ ကြည့်စေလော့။ တစပြင်ကဲ့သို့ ခြောက်ကပ်စွာသော နန်းတော်ရင်ပြင်ကို မြင်ရလတ္တံ့။ အကျွန်ုပ်သည် ယမန်နေ့ညဉ့်ကပင် သူရဲကောင်းတို့ကိုစေလွှတ်လိုက်၍ အရှင်မင်းကြီး၏အမိ စလာကဒေဝီ, မယား နန္ဒာဒေဝီ, သမီး ပဉ္စာလစန္ဒီ, သား ပဉ္စာလစန္ဒာ၊ ဤမင်း၄-ယောက်တို့ကို နန်းတော်အထက်ဆင့် ကျက်သရေတိုက်မှချလျက် ဥမင်ကွေ့ခရီးဖြင့် ဆောင်ယူစေပြီးလျှင် ဥမင်ကြီးတံခါးဖြင့်ထုတ်ယူ၍ အကျွန်ုပ်သခင် ဝိဒေဟရာဇ်မင်းကြီးအား ပေးအပ်လိုက်ပြီးပြီ။ အကျွန်ုပ်စကားကို မယုံလျှင် ကြည့်တော်မူစေဦးတော့”ဟုဆို၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဤသူကြွယ်သားသည် အလွန် ပညာလည်း ရှိ၏။ ယခုလည်း ယုံကြည်လောက်အောင်ပင် ဆိုမိသောစကား မချွတ်မြဲမြံစွာပင် ဆို၏။ ညဉ့်ကလည်း ဂင်္ဂါမြစ်နားတွင် နန္ဒာဒေဝီ၏အသံကဲ့သို့ ငါကြားမိ၏။ ဤမဟောသဓသုခမိန်သည် ဥပါယ်တံမျဉ် အကြံအစည်၌လည်း လိမ္မာလှသောသူ ဖြစ်သောကြောင့် မိမိဆိုတိုင်းပင် မှန်မည်ကိုလည်း မသိနိုင်”ဟုကြံလျက် ပြင်းစွာစိုးရိမ်ခြင်း ဖြစ်၏။ ထိုသို့စိုးရိမ်ခြင်း ပြင်းစွာဖြစ်သော်လည်း မစိုးရိမ်ယောင်ကဲ့သို့ သတိဆောင်ပြီးလျှင် ယုံမှတ်အပ်သော အမတ်တစ်ယောက်ကိုခေါ်၍ နန်းတော်သို့စေလွှတ်အံ့သောငှာ “ဣင်္ဃ အန္တေပုရံ မယှံ” အစရှိသောဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အချင်း။ ယခုပင် ငါ၏ နန်းတော်သို့သွား၍ ကြည့်ရှုချေ။ သူကြွယ်သား၏စကား မှန်၊ မမှန်ကို သိရကုန်အံ့”ဟု စေလွှတ်လိုက်၏။

ထိုအမတ်သည်လည်း “ကောင်းပြီ” ဝန်ခံလျက် စူဠနီဗြဟ္မဒတ်မင်း၏နန်းတော်သို့သွား၍ ကြည်ရှုစုံစမ်းသော် နန်းတော်တံခါး ပွင့်လျက်ရှိသည်ကိုလည်း မြင်လေ၏။ နန်းတွင်းသို့ရောက်လျှင် တစ်ယောက်သောလူသံကိုမျှ မကြားသောကြောင့် လှည့်လည်ကြည့်ရှုလတ်သော် ခံတွင်းကိုပိတ်ဆို့လျက် တုပ်နှောင်၍ ဆင်စွယ်ကောက် စသည်တို့၌ တွဲလွဲဆွဲထားခဲ့သဖြင့် ဆင်းရဲစွာနေရကုန်သော နန်းတော်အစောင့်အရှောက်လူ၊ နန်းတွင်းသူ ကိုယ်လုပ်မောင်းမ စသည်တို့ကို မြင်လေ၏။

နန်းတော်၌ရှိသော အိုးခွက်စသည်တို့ကို ရိုက်ခွဲ၍ ဖရိုဖရဲ ကြဲဖြန့်သွန်မှောက်ခဲ့သော စားဖွယ်သောက်ဖွယ်တို့ကိုလည်း မြင်လေ၏။ ရွှေတိုက်, ငွေတိုက်တို့ကို ကြည့်လျှင်လည်း တံခါးပွင့်လျက် ရွှေငွေရတနာ အနေအထား ပျက်စီးယိုယွင်းသည်ကိုလည်း မြင်လေ၏။ မင်း, မိဖုရား, သား, သမီးတို့၏နေရာ ကျက်သရေတံခါးအားလုံးလည်း ပွင့်လျက်ရှိသောကြောင့် ထိုတံခါးတို့ဖြင့်ဝင်၍ ကျက်သရေတိုက်တို့ကို ရှုကြည့်လျှင်လည်း တစ်စုံတစ်ယောက်သာသူမျှ မရှိ။ မြစ်နား၌ တံငါတို့စွန့်ပစ် သွားလေပြီးသော တံငါတဲကဲ့သို့လည်းကောင်း၊ သူကောင်ပစ်စွန့်ရာ သုသာန်တစပြင်ကဲ့သို့လည်းကောင်း၊ တဖြုတ်ဖြုတ်တအာအာ ပျံကာနားကာနေကုန်သော ကျီးအပေါင်းတို့ကိုသာ မြင်လေ၏။

ထိုအမတ်သည် ဆင်စွယ်ကောက်၌တုတ်နှောင်၍ ဆွဲလျက်နေရကုန်သောသူတို့ကို အနှောင်အဖွဲ့မှလွှတ်ပြီးလျှင် ဖြစ်လေသောအခြင်းအရာကို မေးမြန်းပြီးမှ တစ်ဖန်မင်းကြီးရှိရာ စစ်မြေအရပ်သို့သွား၍ ထိုအကြောင်းကို အကုန်အစင်ပြန်ကြားလို၍ “ဧဝမေတံ မဟာရာဇ” အစရှိသော ဂါထာဖြင့်လျှောက်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ သူကြွယ်သား မဟောသဓဆိုတိုင်းပင် မှန်ချေသည်။ အရှင်မင်းကြီးစံတော်မူရာ နန်းတော်သည် ဆိတ်ဆိတ်ညံညံ လူသံမကြား ဖြစ်ခဲ့၏။ တံငါတို့စွန့်သွားလေပြီးသော ဂင်္ဂါမြစ်နား၌ တံငါရွာကဲ့သို့လည်းကောင်း၊ သုသာန်တစပြင်ကဲ့သို့လည်းကောင်း ကျီးအပေါင်းတို့နေရာသာ ဖြစ်ခဲ့ပြီ”ဟု လျှောက်ကြား၏။

စူဠနီဗြဟ္မဒတ်မင်းသည် ထိုစကားကိုကြားလျှင် ချစ်နှစ်လိုစွာသော မယား, သား,သမီး, အမိတို့နှင့် ကွေကွင်းရခြင်းကြောင့်ဖြစ်သော ပြင်းစွာပူဆွေး စိုးရိမ်ခြင်းဖြင့် တုန်လှုပ်သောကိုယ်,စိတ်ရှိလျက် “ဤသူကြွယ်သားကိုမှီ၍ ဤသို့သော ဆင်းရဲကို ငါကြုံရ၏”ဟု လှံတံခတ်မိသော မြွေဟောက်ကဲ့သို့ ဘုရားလောင်းအား ပြင်းစွာအမျက်ထွက်ခြင်းသို့ ရောက်လေ၏။

မဟောသဓသုခမိန်သည်လည်း စူဠနီဗြဟ္မဒတ်မင်း အမျက်ထွက်ကြောင်းကိုသိ၍ “ဤမင်းကား စစ်သည်ဗိုလ်ပါ အခြံအရံ ကြီးမားမြင့်မြတ်သောမင်း ဖြစ်ချေသည်။ အကယ်၍ အမျက်ရန်ငြိုး ဖုံးလွှမ်းသဖြင့် ငါ၏သားမယားပင် သေ၍ကုန်သော်လည်း ကုန်စေ။ ဤမဟောသဓသုခမိန်ကို မနှိပ်စက်ဘဲ အဘယ့်ကြောင့် နေရအံ့နည်းဟု မင်းမာန်ပေါက်ချေသော် ငါ့အား အခွင့်မရှိတော့မည်။

ထို့ကြောင့် ငါကြံမိသည်ကား ဤမင်းသည် ရှေးက မမြင်ဖူးသကဲ့သို့ထင်အောင် နန္ဒာဒေဝီ၏အရောင်အဆင်း တင့်တယ်ခြင်းကို ချီးမွမ်းအံ့။ ထိုချီးမွမ်းစကားကိုကြားလျှင် ဤမင်းသည် နန္ဒာဒေဝီကိုသာ အဖန်တလဲလဲအောက်မေ့သဖြင့် “ဤမဟောသဓသုခမိန်ကို အကယ်၍ ငါသတ်ချေအံ့။ ဤသို့သောမိန်းမရတနာ မိဖုရားကြီး နန္ဒာဒေဝီကို မရလတ္တံ့ဟု မိမိမယား၌ချစ်ခြင်းဖြင့် ငါ့ကိုလည်း မညှဉ်းဆဲလတ္တံ့”ဟု ကြံပြီးလျှင်၊ မိမိနန်းတော် လေသာပြတင်းဝ၌ရပ်လျက် နီစွာသောကမ္ဗလာထည်ကိုခြုံသဖြင့် ရွှေအဆင်းနှင့်တူသော လက်ရုံးတစ်ဘက်ကိုထုတ်၍ နန္ဒာဒေဝီမိဖုရား ထွက်သွားလေသောခရီးကို လက်ညှိုးညွှန်ပြကာ ထောမနာလို၍ “ဣတော ဂတော မဟာရာဇ” အစရှိသော ၆-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ ခပ်သိမ်းသောမိန်းမမြတ်တို့၏ အင်္ဂါလက္ခဏာတို့ဖြင့် တင့်တယ်စွာ အရာမထင် ရွှေစင်ပြားကဲ့သို့ နှစ်လိုဖွယ်သောကိုယ်အင်္ဂါနိမိတ်နှင့် ပြည့်စုံလျက် ကျက်စားအံ့သောငှာ ထွက်သွားသော ဟင်္သာငယ်၏အသံကဲ့သို့ ငယ်မူငယ်ရာ သာယာချိုအေးသောအသံကိုဆိုတတ်သော နန္ဒာဒေဝီမိဖုရားသည် ဤဥမင်တံခါးဝမှ ဤခရီးဖြင့် မိထိလာပြည်သို့ ယခုသွားလေပြီ။ အရှင်မင်းကြီး။ အကြုံ, အဆူ, မည်း, ဖြူ, နိမ့်, မြင့်အားဖြင့် အပြစ်၆-ပါးကင်းလျက် ဇမ္ဗူရာဇ်ရွှေကဲ့သို့ အရေ၏ကောင်းခြင်း, နုထွတ်ညံ့ထွားသော အသား၏ကောင်းခြင်းတို့နှင့်ပြည့်စုံစွာ နန္ဒာဒေဝီ အမည်ရှိသော မိန်းမရတနာသည် ပိုးချည်ညွန့်ဖြင့်ရက်အပ်သော ဝတ်လဲအထည်ပေါ်၌ ဇမ္ဗူရာဇ်ရွှေစင်ပြားကို ပိုးချည်မျှင်ဖြင့်ယှက်တင်၍ စီကပ်အပ်သော ရွှေထဘီ, ရွှေတဘက်, ဘယက်တန်ဆာ, ရတနာခါးကြိုးတို့ကို ဝတ်ဆင်၍ ဥမင်တံခါးဝမှ ဤခရီးဖြင့် လျှပ်စစ်နွယ်တက်သကဲ့သို့ တလက်လက်ထွက်သွားလေပြီ။

အရှင်မင်းကြီး ထိုနန္ဒာဒေဝီမင်းသမီးသည် ရှုချင်ဖွယ်နီမြန်းသော လက်ဖဝါး, ခြေဖဝါးလည်းရှိ၏။ ကျီးအာသီးမှည့်အဆင်းကဲ့သို့ ပြကတေ့အားဖြင့် နီမြန်းသော နှုတ်ခမ်းလည်းရှိ၏။ ခိုမျက်စိကဲ့သို့ မျက်လုံးနား၌ရစ်၍ မထင်မရှား နီရောင်, ညိုရောင်သော အရေးဖြင့်လည်း အလွန်တင့်တယ်၏။ မွေး၍တစ်လရှိသော သမင်မငယ်၏ မျက်လုံးကဲ့သို့ ရှုမဆုံးတင့်တယ်သော မျက်စိလည်း ရှိ၏။ မိမိလက်ဖြင့် လုံးပတ်၂-ထွာခန့်သာ ရှိသည်ဖြစ်၍ ပြေပြစ်နုနယ် ငယ်သောခါးလည်း ရှိ၏။ ရွှေပွတ်တိုင်ကဲ့သို့ သွယ်သင်ကျော့ရှင်းသော ကိုယ်သဏ္ဌာန်လည်းရှိ၏။ တောင်မြှောင်ချောက်ကြားတို့၌ ဝါးပင်ငယ်တို့ဖြင့် ဖုံးလွှမ်းအပ်သော မျှစ်ငယ်ကဲ့သို့ မထင်မရှားသောမွေးနုတို့ဖြင့် ရှုချင်ဖွယ်သော ကိုယ်သဏ္ဌာန်လည်း ရှိ၏။ နူးညံဖွံ့ထွား ပြေပြစ်စွာရှိသော ဆင်နှာမောင်းကဲ့သို့ နှစ်လိုဖွယ်သော ဦးရုက္ခဏာနှင့်လည်း ပြည့်စုံ၏။

တစ်ထွာခန့်လောက်သော ရွှေစင်ပြားပေါ်၌ တစ်စပ်တည်းစီ၍ တင်ထားအပ်သော ရွှေတည်သီးအစုကဲ့သို့ အကြားမရှိ အချင်းချင်းထိလျက် ဖွံ့အိညံ့ထွားသော ရင်သားရင်အုံ အစုံသော ထနဝဏ္ဏလက္ခဏာနှင့်လည်း ပြည့်စုံ၏။ တောင်လျဉ်, တောင်ဝှမ်း, တောင်ခါးပန်းစသည်တို့၌ မွေး၍ တစ်လမြောက်ပြီးသော ကျားမငယ်ကဲ့သို့ စံပယ်တင့်တယ်သော ကိုယ်သဏ္ဌာန်လည်းရှိ၏။ မလိမ်းမဖြီးဘဲ မည်းနက်သောအရောင်ဖြင့် သန့်ရှင်းသေးသွယ်စွာ ဖြန့်၍ချသည်ရှိသော် တစ်လံကျော်ခန့်လောက် အောက်သို့သွားလျက် သားလှီးဓားကဲ့သို့ အဖျားကော့ရရော့တက်သော ဆံပင်၏ကောင်းခြင်းနှင့်လည်း ပြည့်စုံ၏။

၁၅-နှစ်ရောက်သစ်သော အခါကဲ့သို့ တင့်တယ်စွာသောအရွယ်၏ ကောင်းခြင်းနှင့်လည်း ပြည့်စုံ၏။ ရွှေတကျစ်နွယ်ကို ဘယ်ညာတောင်မြောက်က လာရောက်၍ လေညှင်းထိလျှင် တအိအိတယိမ်းယိမ်း တိမ်းနွဲ့သကဲ့သို့ နုထွတ်နွဲ့နှောင်းညံ့ပျောင်းစွာ ကောင်းမြတ်သောအရိုး၏ တင့်တယ်ခြင်းနှင့်လည်း ပြည့်စုံ၏။

ကောင်းမျိုး ၅-သွယ် တင့်တယ်စွာသောကိုယ်သဏ္ဌာန်တွင် မျက်မြတ်ရတနာမျိုး ၉-ဖြာတို့ဖြင့် စီခြယ်အပ်သော ရွှေထဘီ, ရွှေတဘက်, ရွှေခါးရန်းကြိုးတန်ဆာတို့ကို ဝတ်ဆင်ပြန်သောအခါ ကိုယ်အသွေးအရောင် ရတနာရောင် ၂-ပါးပေါင်း၍ ဆောင်းလရာသီ၌ တညီတည်းတောက်လောင်သော မီးရှူးရောင်ကဲ့သို့ တပြောင်ပြောင် တလက်လက် တင့်တယ်၏။

ထိုသို့ မိန်းမရတနာတို့၏ လက္ခဏာကောင်းဟူသမျှ စုပေါင်းရာ နန္ဒာဒေဝီ အမည်ရှိသော တောင်နန်းရှင်မသည် ဤဥမင်တံခါးဝမှထွက်၍ ဤခရီးဖြင့် သွားလေပြီ ”ဟု

မင်းကြီးစိတ်ကို ယိုဖိတ်ညွတ်နူးအောင် ထူးကြောင်း, မြတ်ကြောင်းနှင့် နန္ဒာဒေဝီကိုချီးမွမ်း၍ သွားလမ်းခရီးကို ညွှန်ကြားလျက်ပြောဆိုလေ၏။

(ဤအရာ၌ မဟောသဓသုခမိန်သည် ပစ္စုပ္ပန်သံသရာ အကျိုး,အပြစ် ၂-ပါးကိုသိမြင်တတ်သော သုခမိန်ဖြစ်လျက် အရှင်တစ်ပါးရှိလေပြီးသော မိန်းမကို မိမိချစ်ခင်နှစ်သက်သံစကားနှင့် ချီးမွမ်းရာအံ့လော ဟူငြားအံ့။ “အတ္တာနံ အနုရက္ခတ္ထံ”ဟူသော အကျိုးတဒတ္ထသမ္ပဒါန်ပါဠ်နှင့်အညီ ကိုယ်တော်၏အသက်ကို ရှင်စေခြင်းအကျိုးငှာ တပ်မက်သောစိတ် မရှိသော်လည်း ချီးမွမ်းတော်မူရသတည်း။ ဤသို့ မဟောသဓသုခမိန် ဖြစ်တော်မူသောဘဝ၌ ကာမဂုဏ်နှင့်စပ်ယှဉ်၍ ချီးမွမ်းဖူးသောစကားကိုလည်း အကြောင်းဆိုက်သဖြင့် ကျွတ်ထိုက်သောဝေနေယျတို့၏ အလိုသို့လိုက်၍ သဗ္ဗညုတအထွတ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည်လျှင် ဟောတော်ပြန်ရသတည်း။)

နန္ဒာဒေဝီမိဖုရားကို ချီးမွမ်း၍ဆိုသော ဘုရားလောင်း၏ စကားကိုကြား၍လည်း စူဠနီဗြဟ္မဒတ်မင်းသည် နန္ဒာဒေဝီကို ရှေးက မမြင်ဖူးသကဲ့သို့ အထူးသဖြင့် ချစ်ခင်ခြင်းဖြစ်လေ၏။ မဟောသဓသုခမိန်သည် နန္ဒာဒေဝီအား ထိုသို့ စူဠနီဗြဟ္မဒတ်မင်း ချစ်ခင်ခြင်း ပြင်းစွာရှိသောအဖြစ်ကို သိသဖြင့် မင်းကြီးစိတ်ကို မိမိသို့ ညွတ်စေခြင်းငှာ “နန္ဒာယ နုန မရဏေန” အစရှိသော ဂါထာဖြင့်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဤသို့ အရွယ်အဆင်းအားဖြင့် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ အတုမရှိသော နန္ဒာဒေဝီမိဖုရားကိုစင်လျက် သေစေချင်တော်မူသလော။ အကျွန်ုပ်သည်လည်း ဇမ္ဗူဒိပ်ကျွန်းအပြင်၌ အတုမရှိသော သုခမိန်ဖြစ်သည်နှင့်အညီ ဝိဒေဟရာဇ်မင်းကြီး၏ စီးပွားတော်ကိုဆောင်သဖြင့် ယခု အလိုတော်ပြည့်လေပြီ။ အရှင်မင်းကြီး၏ စီးပွားတော်ကိုမူကား မဆောင်ရသေးဖြစ်သောကြောင့် မသေထိုက်။ စင်စစ် အကျွန်ုပ်ကို အရှင်မင်းကြီး ဖမ်းယူကွပ်မျက်တော်မူလျှင် ဝိဒေဟရာဇ်မင်းကြီးသည်လည်း နန္ဒာဒေဝီကို မချွတ်လျှင် ကွပ်မျက်လတ္တံ့။”

“အကျွန်ုပ်မူကား အရှင်မင်းကြီးကွပ်မျက်၍ပင် သေရသော်လည်း အရှင့်အလိုတော် ပြည့်ပြီဖြစ်သောကြောင့် အကျိုးယုတ်လျော့ခြင်း မရှိ။ အကျွန်ုပ်ကိုသတ်သဖြင့် နန္ဒာဒေဝီမိဖုရားဆုံးခဲ့သော် အရှင်မင်းကြီး၌ အကျိုးယုတ်လျော့ခြင်း မဖြစ်ပြီလော။ ရာဇပလ္လင် ဥကင်ထီးဖြူအောက်၌ အတူတကွ အဘိသိက်သွန်းခံ၍ စိုးစံတော်မူဖက်ဖြစ်သော ဤသို့သော မိန်းမရတနာ နန္ဒာဒေဝီမိဖုရားကြီးသည် ယမမင်းလက်သို့ ရောက်သကဲ့သို့ ကြီးစွာသောပျက်စီးခြင်းသို့ရောက်သဖြင့် အရှင်မင်းကြီးအား ဧကရာဇ်မင်းစည်းစိမ်ကို ခံစားရသည်ဟူ၍ အဘယ်အကျိုး ရှိတော့မည်နည်း”ဟုဆို၏။

(ဤသို့သောဂါထာဖြင့် ဘုရားလောင်းသည် နန္ဒာဒေဝီမိဖုရားကိုသာလျှင် ချီးမွမ်းတော်မူ၏။ စလာကဒေဝီ, ပဉ္စာလစန္ဒီ, ပဉ္စလစန္ဒာ မင်းသားတို့သည်လည်း စူဠနီဗြဟ္မဒတ်မင်း၏ ချစ်နှစ်လိုအပ်သော အမိ, သမီး, သားကြီးပင် ဖြစ်ကြပါလျက် ထိုသူတို့နှင့်လျော်သောဂုဏ်ကိုချီးမွမ်း၍ အဘယ့်ကြောင့် ဆိုတော်မမူသနည်းဟူငြားအံ့။

“သတ္တာ ဟိ ပိယဘရိယာ ဝိယ သေသေသု န အာလယံ ကရောန္တိ” အစရှိသော ပါဌ်နှင့်အညီ ကိလေသာမကုန်သေးသော သတ္တဝါတို့၏သဘောသည် မိမိချစ်ခင်ကြင်နာအပ်သော မယားကိုသာ ကပ်ငြိစုံမက်ခြင်းဖြစ်သကဲ့သို့ မယားမှတစ်ပါးသော သားသမီး, အမိအဘတို့ကို ကပ်ငြိစုံမက်ခြင်း မဖြစ်။

ထို့နောက် နန္ဒာဒေဝီမိဖုရားကြီးကိုသာလျှင် ချီးမွမ်းပြောဆိုတော်မူဘိ၏။ သား,သမီး,တို့ကိုမူကား အမိဖြစ်သော နန္ဒာဒေဝီကို အောက်မေ့သဖြင့် သားသမီးဖြစ်သော ပဉ္စာလစန္ဒီမင်းသမီး, ပဉ္စာလစန္ဒာမင်းသားတို့ကိုလည်း အောက်မေ့လတ္တံ့ဟု ရည်မှတ်သဖြင့် သားသမီးတို့ဂုဏ်ကို ထုတ်ဖော်၍ မဆိုသတည်း။ စလာကဒေဝီကိုမူကား အရွယ်လွန်ပြီဖြစ်သောကြောင့် မချီးမွမ်းသတည်း။)

ဤသို့ဘုရားလောင်းသည် ဉာဏ်တော်ဖြင့်စီမံ၍ အသံချိုအေးစွာဖြင့် နန္ဒာဒေဝီဂုဏ်ကို ချီးမွမ်းပြောဆိုလေသော် စူဠနီဗြဟ္မဒတ်မင်းသည် မိမိရှေ့၌ ရပ်လာဘိသကဲ့သို့ နန္ဒာဒေဝီမိဖုရား၏ အသွင်အပြင်ကိုသာလျှင် စိတ်တွင် တရေးရေးထင်သဖြင့် “ငါ၏မိဖုရားကြီး နန္ဒာဒေဝီကို ငါ့အား မဟောသဓသုခမိန်မှတစ်ပါး ဆောင်ယူ၍ ပေးနိုင်သောသူမည်သည် မရှိရာချေ”ဟုကြံလျက် ဆင်ကျောက်ကုန်းပေါ်၌ မှိုင်ယောင်ကာနေလေ၏။

ဘုရားလောင်းသည် “စူဠနီဗြဟ္မဒတ်မင်းကား ယခု မယားကိုမှီ၍ ပြင်းစွာစိုးရိမ်ခြင်းရှိသဖြင့် ငါ့အား စဉ်းငယ် အမျက်ပြေပြီ”ဟု သိပြီးလျှင်၊ “မင်းကြီးအား သက်သာရာကို ငါပေးအပ်သည်”ဟုကြံ၍၊ “အရှင်မင်းကြီး။ မယ်တော်, သားတော်နှင့်တကွ နန္ဒာဒေဝီမိဖုရားကြီးကို အရှင်မင်းကြီးထံသို့ ရောက်စေခြင်း၌ အကျွန်ုပ်မှတစ်ပါး စွမ်းနိုင်သောသူမည်သည် မရှိ။ မိထိလာပြည်သို့ အကျွန်ုပ်သွားရပါလျှင် ထိုမင်း ၃-ပါးတို့ကို ဤပြည်သို့ရောက်စိမ့်မည်။ စိုးရိမ်တော်မမူပါနှင့်”ဟု နှစ်သိမ့်စေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် ဤသို့ကြံ၏။ “ငါသည် ၁၈-ခေါဘဏီလောက်သောစစ်သည် ဗိုလ်ခြေများစွာနှင့် ဥပကာရီမြို့ကို အထပ်ထပ် ဝန်းရံစေ၍ တိုက်ဖျက်နင်းနယ်အံ့သောငှာ လုံ့လကြီးစွာပြုလျက်လည်း ဤမဟောသဓသုခမိန်သည် မိမိစစ်သည်အနည်းငယ်မျှနှင့် ဤမြို့ကိုလည်း လုံခြုံအောင် စီးနင်းစောင့်ရှောက်နိုင်၏။

ကိုယ်ရံ၊ သင်းပင်း ဝင်းအစောင့်အရှောက်နှင့် လုံခြုံစွာ နန်းတော်ကျက်သရေတိုက်၌ထားခဲ့သော ငါ၏မိဖုရား, သား, သမီး, မယ်တော်တို့ကိုလည်း နတ်, နဂါး, ဂဠုန်တို့တန်ခိုးဖြင့် ဆောင်ယူလေသကဲ့သို့ အသူတစ်ယောက်မျှ မသိစေရဘဲ ယူဆောင်၍ ဝိဒေဟရာဇ်မင်းကြီးအား ပေးနိုင်လေ၏။ ထိုငါ၏ သားမယားတို့ကိုယူဆောင်၍ များစွာသောအခြံအရံဗိုလ်ခြေနှင့် ဝိဒေဟရာဇ်မင်းကြီး ထွက်သွားသည်ကိုလည်း များစွာသောစစ်သည်ဗိုလ်ခြေနှင့် ထက်ဝန်းကျင် ဝန်းရံစောင့်နေကုန်သော ငါတို့ကိုလည်း တစ်စုံတစ်ယောက်မျှ မသိရအောင် စီရင်နိုင်လေ၏။ ထိုသို့ ခက်ခဲစွာသောအရာများကို စီရင်နိုင်ခြင်းသည် မဟောသဓသုခမိန်၌ ပြကတေ့သော ပညာစွမ်းပင် ဟုတ်မည်မထင်။ နတ်တို့၏မာယာကိုပင်လည်း တတ်သည်ဖြစ်ရာ၏။ ယင်းသို့မဟုတ်မူ သူတစ်ပါးတို့မျက်စိကို မှောက်မှားစေတတ်သော မျက်လှည့်, မျက်ကာ, ဂါထာ,ဝိဇ္ဇာဓိုရ် လိုရာရေးပြီး ဆေး, မန္တရားအတတ်ကိုသော်လည်း တတ်သည်ဖြစ်ရာ၏”ဟု ကြံပြီးလျှင် ထိုအကြောင်းကိုသိလိုသောကြောင့် “ဒိဗ္ဗံ အဓိယသေ မာယံ” အစရှိသော ဂါထာဖြင့်မေး၏။

အဓိပ္ပာယ်ကား-

“မဟောသဓသုခမိန်။ သင်သည် ငါ၏လက်တွင်းသို့ရောက်ပြီးသော ငါ၏ရန်သူ ဝိဒေဟရာဇ်မင်းကြီးကို လွတ်စေ၏။ ထိုသို့လွတ်စေရာ၌ သင်သည် နတ်တို့မာယာကိုတည်း တတ်သလော။ ယင်းသို့မဟုတ် သူတစ်ပါးတို့မျက်စိကို မှောက်မှားစေတတ်သော ဂါထာ, ဝိဇ္ဇာဓိုရ် လိုရာပြီးရေး ဆေး, မန္တရားစသော စက္ခုမောဟန အတတ်စသည်ကိုတည်း တတ်သလော”ဟု မေး၏။

မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်းစကားကိုကြားလျှင် ထိုအကြောင်းကိုကြားလို၍ “အဓိယန္တိ မဟာရာဇ” အစရှိသော ၂-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ အကြံအစည်နှင့်ပြည့်စုံကုန်သော ပညာရှိတို့သဘောသည် ထိုဒိဗ္ဗမာယာ အတတ်, စက္ခုမောဟန အတတ်တို့ကို ကြံကာမျှသော်လည်းကောင်း၊ ကြားကာ, မြင်ကာမျှသော်လည်းကောင်း၊ သင်ကြားလေ့ကျက်သဖြင့်သော်လည်းကောင်း တတ်မြောက်ခြင်းသို့ ရောက်၏။ ထိုပညာရှိတို့သည် ကြောက်မက်ဖွယ်သော ဘေးအရေးအခွင့်ရှိလတ်သော် မိမိပညာအစွမ်းဖြင့် ကိုယ်ကိုလည်းကောင်း၊ အပေါင်းအဖော်ကိုလည်းကောင်း တစ်ဘက်ရန်သူတို့ အကြံမရမီပင် ရှောင်တခင်လွတ်မြောက်အောင် ဆောင်ရွက်နိုင်ကုန်မြဲဖြစ်သည်။

“ယခုရောက်သောအရေး ဘေးရန်မှာမူကား ထိုသို့သောအတတ်ပညာဖြင့် အကျွန်ုပ်မပြု။ အမှုနှင့်လျော်သည်ကို ဖော်ဆထောက်ထား၍ မင်း၂-ပါးတို့၏မေတ္တာတော် ၂-သွယ် ၂-ကံုးကို တစ်လုံးတည်းမြဲမြံစွာ ဆက်စပ်နှောင်ချည်လိုသောကြောင့် ကိုယ်တိုင်အပင်ပန်းခံ၍ ကြံစီရင်လျက် ဥမင်မြို့နန်း တည်လုပ်ပြီးမှ အကျွန်ုပ်အခြံအရံ ရွေဖော်သူရဲကောင်း လုလင်ပျိုတို့ကို ထိုဥမင်ကွေ့ခရီးဖြင့် စေခန့်၍ တောင်နန်းရှင် မိဖုရား, သားတော်, မယ်တော်, သမီးတော် မင်း၄-ပါးတို့ကို ဆောင်ယူခဲ့စေပြီးလျှင် ဥမင်ကြီးတံခါးဝဖြင့်ထုတ်၍ အကျွန်ုပ်တို့အရှင် ဝိဒေဟရာဇ်မင်းကြီးအား သမီးတော်နှင့် မင်း၃-ပါးကို ဆောင်သွားပါစေသည်”ဟုဆို၏။

ဘုရားလောင်းစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ညွတ်နူးသောနှလုံး ရှိသည်ဖြစ်၍ “ဤမဟောသဓ သုခမိန်သည် ဥမင်ခရီးဖြင့် ဆောင်စေသည်ဟူသော ထိုဥမင် အဘယ်သို့ဖြစ်လေသည်မသိ”ဟု ထိုဥမင်ကိုမြင်ချင်, ကြည့်ချင်, ရှုမျှော်ချင်သော ဆန္ဒအာသာကြောင့် မျက်နှာထူးကြောင်းကို ဘုရားလောင်းသိလေသော် “ဤစူဠနီဗြဟ္မဒတ်မင်းကား ငါစီရင်အပ်သော ဥမင်ကို ကြည့်ချင်သောဆန္ဒ ရှိ၏။ ယခုပင် ငါပြအံ့” ဟုကြံပြီးလျှင် “ဣင်္ဃ ပဿ မဟာရာဇ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်စီရင်အပ်သော ဥမင်သည် တံခါးမ ၈၀, တံခါးငယ် ရောင်လင်းပြတင်းပေါက်၆၄-ဆူတို့နှင့်လည်း ပြည့်စုံ၏။ အရာမကသော တိုက်ခန်းတို့ဖြင့်လည်း တင့်တယ်၏။ အရာမကသော ဆီမီးရောင်တို့ဖြင့်လည်း တစ်ပြိုင်နက်လင်း၏။ ဆင်, မြင်း, ရထား, ခြေသည် ဗိုလ်ပါတို့နှင့် စစ်ချီဟန် ရုပ်စီး ရုပ်ဆင့် အနေအထားသင့်အောင် ပန်းချီဆေးရေးမှုတို့ဖြင့်လည်း သုဓမ္မာနတ်၏သဘင်ကဲ့သို့ ရှုချင်ဖွယ် ဆန်းကြယ်၏။ ထိုအဆန်းအကြယ် တင့်တယ်စွာသောဥမင်ကို အရှင်မင်းကြီး ရှုကြည့်တော်မူလိုလျှင် အကျွန်ုပ် ဤမြို့တံခါးကို ဖွင့်လှစ်ပါမည်။ လက်နက်ကိုချ၍သာ ဗိုလ်ပါအခြံအရံနှင့်တကွ ဝင်တော်မူခဲ့ပါတော့”ဟု ဆို၏။

ဘုရားလောင်းစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “မဟောသဓသုခမိန်နှင့် အဆွေခင်ပွန်းပြုမှ ငါ၏မိဖုရားကို ရချေအံ့”ဟူသောစိတ်စွဲဖြင့် “သုခမိန်။ ကောင်းပြီး ဥမင်ကိုရှုကြည့်အံ့။ မြို့တံခါးကို ဖွင့်လော့”ဟုဆိုလျှင်၊ မဟောသဓသုခမိန်သည်လည်း မြို့တံခါးကို ဖွင့်စေ၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း ဆင်ထက်မှဆင်းသက်၍ လက်နက်များကိုချထားခဲ့ပြီးသော် ဝမ်းမြောက်ဝမ်းသာ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့နှင့်တကွ ဥပကာရီမြို့သို့ ဝင်လေ၏။

မဟောသဓသုခမိန်သည်လည်း နန်းပြာသာဒ်ထက်မှ ဆင်းသက်၍ ခရီးဦးကြိုဆိုလျက် ထိုထီးဆောင်းမင်း အပေါင်းနှင့်တကွ စူဠနီဗြဟ္မဒတ်မင်းကိုပင့်ဆောင်၍ မိမိသာလျှင် ခရီးညွှန်ပြလျက် ဥမင်တံခါးသို့ ဝင်လေ၏။ စူဠနီဗြဟ္မဒတ်မင်းသည် သုဓမ္မာနတ်သဘင်ကဲ့သို့ တန်ဆာဆင်အပ်သော ဥမင်ကိုမြင်လေသော် ဘုရားလောင်း၏ ဂုဏ်ကိုချီးမွမ်းလို၍ “လာဘာ ဝတ ဝိဒေဟာနံ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မဟောသဓသုခမိန်။ အကြင်တိုင်းနိုင်ငံမှ မြို့, ရွာ, နိဂုံးဇနပုဒ်တို့၌ သင်သို့သော ပညာရှိသုခမိန်သည်ရှိ၏။ ထို သင်သို့သောသုခမိန် ရှိရာအရပ်၌နေရကုန်သော တိုင်းနိုင်ငံသားတို့သည် ပတိရူပအရပ်ကို ရတော်လေစွ။ ဝိဒေဟရာဇ်တိုင်းသားတိုင်းသူ လူအပေါင်းတို့သည်လည်း သင်သို့သောသုခမိန်နှင့် အတူတကွနေရခြင်းကို ရတော်လေစွ”ဟု ချီးမွမ်း၏။

မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်း၏နောက်၌ အစဉ်သဖြင့်လိုက်လျက် “ဤတိုက်ခန်းကား ဤမည်သောမင်း၏နေရာဟု ၁၀၁-ပါးသော မင်းတို့၏တိုက်ခန်းတို့ကို ဖွင့်လှစ်၍ပြ၏။ တံခါးပေါင်တစ်ခု၌ ဖွင့်စက်ပိတ်စက်တို့ကို တစ်ကြိမ်စီနင်းသဖြင့် အလုံးစုံသော တံခါးအပေါင်းတို့သည် ပိတ်ကုန် ပွင့်ကုန်၏။ ဤသို့ အထူးထူးအဆန်းဆန်း ချီးမွမ်း၍မကုန်နိုင်သော အံ့ဩဖွယ်တို့ကို စူဠနီဗြဟ္မဒတ်မင်း၏နောက်က လိုက်ပြလျက် အစဉ်အတိုင်း ရှုကြည့်ကာသွားကြလေသော် စူဠနီဗြဟ္မဒတ်မင်းသည် ရှေးဦးစွာ ဥမင်တံခါးဖြင့် ထွက်လေ၏။

မဟောသဓသုခမိန်သည်လည်း စူဠနီဗြဟ္မဒတ်မင်း ထွက်ပြီးမှ မိမိထွက်၍ ထီးဆောင်းမင်းများနှင့်တကွ မှူးမတ်ဗိုလ်ခြေတို့ကို မထွက်စိမ့်သောငှာ ဥမင်တံခါးပေါင်၌ ပိတ်စေတတ်သောစက်ကို နင်းလေ၏။ ထိုတစ်ချက်တည်းနင်းကာမျှဖြင့် ၈၀-ကုန်သော တံခါးမ, ၆၄-ဆူကုန်သော လေသာရောင်လင်း ပြတင်းတံခါးငယ်, ၁၀၁-ခုသော တိုက်တံခါး, အရာမကကုန်သော ဆီမီးတိုက်တံခါး၊ ဤအလုံးစုံသော တံခါးမ, တံခါးငယ်တို့သည် တစ်ပြိုင်နက်တည်း ပိတ်ကုန်၏။ ထိုအခါ ဥမင်အလုံးသည် လောကန္တရိက်ငရဲကဲ့သို့ မိုက်မှောင်အတိ ဖြစ်လေ၏။ စူဠနီဗြဟ္မဒတ်မင်းမှတစ်ပါး ဥမင်ထဲ၌ရှိကုန်သော ထီးဆောင်မင်း, မှူးမတ်ဗိုလ်ခြေအပေါင်းတို့သည် “ယခု ငါတို့ကား လက်နက်နှင့်မသေရဘဲ တိုက်လှောင်၍ သေရတော့မည် ထင်၏တကား”ဟု ပြင်းစွာ ထိတ်လန့်ခြင်း ဖြစ်ကြကုန်၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ယမန်နေ့ညဉ့်ဦးကပင် ဥမင်တံခါးဝ သဲအပြင်၌ မြှုပ်ထားခဲ့သော လက်စွဲတော်သန်လျက်ကို ထုတ်ယူစွဲကိုင်၍ အမြင့် ၁၈-တောင်ခန့်လောက် ကောင်းကင်သို့ခုန်တက်ပြီးမှ ဆင်းသက်လျက် စူဠနီဗြဟ္မဒတ်မင်း၏လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီးလျှင် သန်လျက်သွားဖြင့် မင်းကြီးထိပ်ပေါ်၌ ပြမိုးခြိမ်းခြောက်၍ “မင်းကြီး။ ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ အရာမကသော နိုင်ငံမှ မြို့,ပြည်,ဟူသမျှသည် အဘယ်သူ၏ နိုင်ငံ မြို့,ပြည်နည်း”ဟု မေး၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း ပြင်းစွာကြောက်လန့်ခြင်း ရှိသည်ဖြစ်၍ “အရှင့်သား သုခမိန် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ မြို့ပြည်ဟူသမျှသည် အရှင့်သားသုခမိန်၏ မြို့ပြည်သာပေတည်း။ အကျွန်ုပ်ကိုလည်း အသက်ချမ်းသာရေး ဘေးမဲ့ပေးတော်မူပါ "ဟုဆို၏။

ဘုရားလောင်းသည်လည်း “အရှင်မင်းကြီး။ မကြောက်နှင့်၊ အရှင်မင်းကြီးကို ပယ်ရှင်းလိုသောကြောင့် သန်လျက်ကို အကျွန်ုပ် မိုးသည်မဟုတ်။ အရှင်မင်းကြီးတို့အား အကျွန်ုပ်ပညာစွမ်းကို သိစိမ့်သောငှာသာလျှင် ပြမိုးခြင်းဖြစ်သည်။ စိုးရိမ်တော်မမူလင့်။ အကျွန်ုပ်သန်လျက်ကိုပင် အရှင်မင်းကြီး စွဲကိုင်တော်မူပါတော့”ဟုဆို၍ စူဠနီဗြဟ္မဒတ်မင်းအား သန်လျက်ကို ပေးအပ်ပြီးသော် “အရှင်မင်းကြီး။ ဤသန်လျက်ဖြင့် အလိုရှိတိုင်း အကျွန်ုပ်ကို ကွပ်မျက်စီရင်တော်မူလော့” ဟုဆို၏။ စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ သင့်ကို အဘယ့်ကြောင့် အကျွန်ုပ် စီရင်ပါအံ့နည်း” ဟုဆိုလျှင်၊ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ယင်းသို့ စီရင်တော်မမူလျှင် ယနေ့မှစ၍ အသက်ရှိသည့် ကာလပတ်လုံး အကျွန်ုပ်အား ဘေးမဲ့ပေးတော်မူပါ”ဟုဆို၏။ စူဠနီဗြဟ္မဒတ် မင်းသည်လည်း “သုခမိန်၊ မစိုးရိမ်နှင့် အကျွန်ုပ်သည် ယနေ့မှစ၍ အသက်ရှိသည့်ကာလပတ်လုံး သင့်အား ဘေးမဲ့ပေးပါ၏”ဟုဆို၏။

ဤသို့ စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓသုခမိန်တို့သည် အညီအညွတ် သစ္စာဆို၍ ဘေးမရှိသည်ကိုပြုကြကုန်၏။ ယင်းသို့ သစ္စာဆိုကြပြီးသော် စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ ဤသို့ ပညာအစွမ်းရှိလျက် ဤဇမ္ဗူဒိပ်ကျွန်းအလုံးကိုသိမ်း၍ အဘယ့်ကြောင့် မင်းမပြုသနည်း”ဟုဆို၏။ မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းသည် “အရှင်မင်းကြီး။ အကျွန်ုပ်သည် အကယ်၍ မင်းအဖြစ်ကို အလိုရှိသည်ဖြစ်အံ့။ တစ်နေ့ချင်းဖြင့်ပင်လျှင် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၁-ယောက်သော ထီးဆောင်းမင်းအပေါင်းတို့ကို ဖမ်းယူသုတ်သင်၍ ဧကရာဇ်မင်းပြုခြင်းငှာ စွမ်းနိုင်၏။ ယင်းသို့စွမ်းနိုင်သော်လည်း မိမိကောင်းစားလိုသောကြောင့် သူတစ်ပါးကို သတ်ပုတ်ညှဉ်းဆဲ၍ စည်းစိမ်ဥစ္စာကို သိမ်းယူခြင်းမည်သည်ကို ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာစသော သူတော်ကောင်းတို့ ချီးမွမ်းတော်မမူကုန်။ အကျွန်ုပ်သည်လည်း သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အလေ့အကျင့်ကိုသာ အလိုရှိသူဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်ရွံရှာအပ်သောအမှုကို မပြုလိုပါ”ဟုဆို၏။

စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ ဤဥမင်ထဲ၌ ရှိကုန်သော လူအပေါင်းတို့သည် ထွက်ရာတံခါးကို မရနိုင်ကုန်သည်ဖြစ်၍ သည်းစွာငိုကြွေးလျက် ဆင်းရဲပင်ပန်းခြင်း ဖြစ်ကြကုန်ပြီ။ တံခါးကိုဖွင့်၍ ထိုလူအပေါင်းတို့အား ဇီဝိတဒါနဖြစ်သော အသက်အလှူကို လှူပါ”ဟုဆိုလျှင်၊ မဟောသဓသုခမိန်သည် တံခါးအပေါင်းကိုပွင့် စေတတ်သောစက်ကို နင်းလိုက်၏။ ထိုအခါ အလုံးစုံသော တံခါးကြီး တံခါးငယ်တို့သည် တစ်ပြိုင်နက်တည်းပွင့်သဖြင့် ဥမင်အလုံး တစ်စပ်တည်းလင်း၍ မင်း, မှူးမတ်, ဗိုလ်ခြေအပေါင်းတို့သည်လည်း ချမ်းသာရကြလေကုန်၏။

ထီးဆောင်းမင်းအပေါင်းတို့သည်လည်း မိမိတို့အခြံအရံနှင့်တကွ ဥမင်မှထွက်၍ မဟောသဓသုခမိန်ရှိရာသို့ သွားကြလေကုန်၏။ မဟောသဓသုခမိန်သည်လည်း စူဠနီဗြဟ္မဒတ်မင်းနှင့် အတူတကွ စကားပြောဆိုလျက် ဥမင်,တံခါး,စမုခ်ဦး လက်ထပ်နန်းပေါ်၌ နေလေ၏။ ထိုအခါ ထီးဆောင်းမင်းအပေါင်းတို့သည် “သုခမိန်။ သင့်ကိုမှီ၍သာ အကျွန်ုပ်တို့ အသက်ရှင်ပေသည်။ ထို့နောက် ခဏကြာရုံမျှ တံခါးကိုမဖွင့်ဘဲ အကယ်၍နေချေလျှင် ဥမင်ထဲ၌ရှိကုန်သော အကျွန်ုပ်တို့မှစ၍ လူအပေါင်းတို့သည် အသက် မရှင်နိုင်ကြရာပြီ”ဟု ဆိုကြကုန်၏။

မဟောသဓသုခမိန်သည် ထီးဆောင်းမင်းအပေါင်းတို့၏စကားကို ကြားလျှင် “မင်းများအပေါင်းတို့။ ယခုမှသာ အကျွန်ုပ်ကိုမှီ၍ မင်းကြီးတို့ အသက်ရှင်သည်မဟုတ်။ အထက်ကတစ်ကြိမ်လည်း အကျွန်ုပ်ကိုမှီ၍ အသက်ရှင်ဖူးကြလေပြီ”ဟုဆိုလျှင်၊ ထီးဆောင်းမင်းအပေါင်းတို့သည်လည်း “သုခမိန်။ အဘယ်ကာလကနည်း”ဟု မေးကြကုန်၏။ မဟောသဓသုခမိန်သည်လည်း “မင်းကြီးတို့။ အထက်က ရှင်ဖူးကြောင်းကို သိတော်မူလိုကြသလော”ဟု ဆိုပြီးလျှင်၊ “အရှင်မင်းကြီးတို့။ အထက်က ပဉ္စာလရာဇ်မင်းကြီးသည် ကျွန်ုပ်တို့ မိထိလာပြည်မှတစ်ပါး ဇမ္ဗူဒိပ်ကျွန်းအပြင်၌ တိုင်းကြီးပြည်ကြီးတို့ကိုသိမ်းယူလျက် မင်းအပေါင်းတို့ကို ဤပဉ္စာလရာဇ်ပြည်သို့ခေါ်ခဲ့၍ တန်ဆာဆင်အပ်သောဥယျာဉ်၌ အောင်သေသောက်အံ့ဟု များစွာသော သေအိုး, အရက်အိုးတို့ဖြင့် စီရင်ခင်းကျင်းဖူးသည်ကို မှတ်မိတော်မူကြ၏ မဟုတ်လော”ဟုမေး၏။

မင်းအပေါင်းတို့သည်လည်း “သုခမိန်။ မှတ်မိပါ၏”ဟုဆိုကြလေသော်၊ မဟောသဓသုခမိန်သည် “အရှင်မင်းကြီးတို့။ ထိုသို့ သေ,အရက်တို့ကိုစီရင်ခြင်း၌ ကောင်းသောစီရင်ခြင်း မဟုတ်။ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ကေဝဋ်အမတ်နှင့် မကောင်းသဖြင့်တိုင်ပင်၍ အဆိပ်နှင့်ရောသော သေအရက်, ငါး,အမဲတို့ကို အရှင်မင်းကြီးတို့အား စားသောက်စေသဖြင့် သေစိမ့်မည်ဟုကြံ၍ စီရင်ခြင်းဖြစ်သည်။ ထိုသို့ စူဠနီဗြဟ္မဒတ်မင်းကြီး စီရင်ကြောင်းကို အကျွန်ုပ်ကြားသိသောကြောင့် “ငါသို့သောသုခမိန်သည် ဤလူ့ပြည်၌ ထင်ရှားရှိလျက် ဤမင်းများတို့သည် ကိုးကွယ်ရာမဲ့ အဘယ့်ကြောင့် သေရအံ့နည်း”ဟုကြံ၍၊ အကျွန်ုပ်သူရဲကောင်းတို့ကို စေလွှတ်လိုက်သဖြင့် သေအိုး, အရက်အိုးတို့ကိုရိုက်ခွဲလျက် စူဠနီဗြဟ္မဒတ်မင်းကြီးတို့၏ အကြံအစည်ကိုလည်းဖျက်စီး၍ အရှင်မင်းကြီးတို့အား အသက်အလှူကို ပေးဖူးသည်မဟုတ်လော”ဟုဆို၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် ထီးဆောင်းမင်းအပေါင်းတို့သည် ထိတ်လန့်သောနှလုံး ရှိကုန်သည်ဖြစ်၍ စူဠနီဗြဟ္မဒတ်မင်းအား “အရှင်မင်းကြီး၊ ယခု မဟောသဓသုခမိန်ဆိုတိုင်း အရှင်မင်းကြီးတို့ ကြံဆောင်တော်မူသည် မှန်၏လော”ဟု မေးလျှောက်ကြကုန်၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း “မင်းများတို့။ ယခု မဟောသဓသုခမိန် ဆိုသည့်အတိုင်းပင် မှန်ပေ၏။ ကေဝဋ်အမတ်စကားကို နာယူမှား၍ သင်တို့ကို ထိုသို့သောအစီအရင်ဖြင့် သေစိမ့်မည်ဟူ၍ပင် ကြံမိပေသည်”ဟုဆိုလတ်သော်၊ ထီးဆောင်းမင်းအပေါင်းတို့သည် ဘုရားလောင်း၏လည်ကို ဖက်ယမ်းလျက် “သုခမိန်။ သင်သည် အကျွန်ုပ်တို့ ကိုးကွယ်ရာ ဖြစ်ပေ၏။ သုခမိန်ကိုမှီ၍သာလျှင် အကျွန်ုပ်တို့ အသက်ရှင်ပေသည်”ဟု ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြလျက် မိမိတို့ကိုယ်၌ဆင်သော အဝတ်တန်ဆာတို့ဖြင့် ဘုရားလောင်းအား အသီးအသီး ပူဇော်ကြကုန်၏။

ထိုအခါ ဘုရားလောင်း မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်းအား “အရှင်မင်းကြီး။ မကောင်းသော အဆွေခင်ပွန်းနှင့် ပေါင်းဖော်မိ၍ ယုတ်မာသောအကြံကို ကြံမိ၏။ ထိုသို့ကြံမိခြင်းသည်ကား အရှင်မင်းကြီး၏ အပြစ်သာဖြစ်ချေသည်။ ထိုအပြစ်ကိုဖော်ပြ၍ မင်းအပေါင်းတို့အား တောင်းပန်တော်မူလော့ဟု”ဆို၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း ထီးဆောင်မင်းအပေါင်းတို့အား “မင်းများတို့။ အကျွန်ုပ်သည် ကေဝဋ်အမတ်ကိုမှီ၍ မကောင်းသောအကြံအစည်နှင့် ဤသို့သောပြစ်မှားခြင်း အကျွန်ုပ် ပြုမိပေသည်။ ထိုပြုမိခြင်းကား ကျွန်ုပ်အပြစ်သာ ဖြစ်ချေသည်။ မင်းများတို့၌ အပြစ်မရှိပေ။ ထိုသို့ ကျွန်ုပ်ပြစ်မှားမိသောအပြစ်ကို မင်းများအပေါင်းတို့ သည်းခံကြပါ။ နောက်နောင် ဤသို့သောပြစ်မှားခြင်းကို အကျွန်ုပ် မပြုပါပြီ” ဟုဆို၍ တောင်းပန်၏။

မင်းအပေါင်းတို့သည် စူဠနီဗြဟ္မဒတ်မင်းအပြစ်ကို သည်းခံကြသဖြင့် ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့သည် ကိုယ်, စိတ်, စကား အခြားအထူး မရှိ။ နိတုံရွှေကဲ့သို့ မိတ်ဆွေအစစ် ချစ်ခင်ယုံကြည်ခြင်းသို့ရောက်၍ ဝမ်းမြောက်ဝမ်းသာ တညီတညွတ်တည်း ဖြစ်ကြကုန်၏။ ထိုသို့တညီတညွတ်တည်း ဖြစ်ကြပြီးသော် စူဠနီဗြဟ္မဒတ်မင်းသည် အထူးထူးအပြားပြား များစွာသော ခဲဖွယ်စားဖွယ်တို့ကိုလည်းကောင်း၊ အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့ကိုလည်းကောင်း ဆောင်ယူစေ၍ ထီးဆောင်းမင်း, မှူးမတ်, ဗိုလ်ပါများစွာနှင့်တကွ ထိုဥမင်တံခါးဝ လက်ထပ်နန်း၌နေလျက် ၇-ရက်ပတ်လုံး ကြီးစွာသောပွဲသဘင်ခံ၍ ရွှင်မြူးပျော်ပါးကြစေပြီးမှ မိမိနေရာ ပဉ္စာလရာဇ်မြို့သို့ များစွာသော အခြံအရံနှင့်တကွဝင်၍ ဘုရားလောင်းအား ရွှေ, ငွေ, အဝတ်တန်ဆာ, ဆင်, မြင်း စသည်တို့ဖြင့် ချီးမြှောက်ပူဇော်ခြင်းကို ပြုလေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် သံသရာ ရှေးရှေးက လေးမြတ်ကြည်ဖြူ အတူယှဉ်ပေါင်း ကောင်းမှုပြုဖော် ဖြစ်သည်နှင့်အညီ ပစ္စုပ္ပန်ဘဝ၌ ဒေါသမျက်မာန် ရန်ပြေငြိမ်းသဖြင့် ခပ်သိမ်းသောမေတ္တာဟောင်းဟူသမျှ နှိုးဆော်၍ မြတ်နိုးကြည်ဖြူခြင်းနှင့် အတူတကွနေလိုသောကြောင့် မှူးမတ်အပေါင်းတို့ညီလာခံရာ နန်းတော်ဦး၌နေစဉ် ဘုရားလောင်းအားတောင်းပန်လို၍ “ဝုတ္တိဉ္စ ပရိဟာရဉ္စ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ငါသည် သင့်အား မိထိလာပြည်၌ စိုးစံခံစားရသော စည်းစိမ်အခြံအရံဟူသမျှတို့ထက် ကောင်းမြတ်လွန်ကဲသော စည်းစိမ်အခြံအရံတို့ကို ၂-ဆတက် ငါပေး၍ ချီးမြှောက်ပါမည်။ သင်သည် သားမယားကိုခေါ်၍ ငါနှင့်အတူ ဤပြည်၌ အလိုရှိတိုင်း ကာမဂုဏ်၅-ပါးဖြင့်ခံစားလျက် နေလော့။ ဝိဒေဟရာဇ်မင်းကြီးဖြင့် အဘယ်ပြုအံ့နည်း။ မိထိလာပြည်သို့ မသွားလေနှင့်တော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် သူတော်ကောင်းတို့ကျင့်ထုံးကိုပြ၍ မင်းကြီးစကားကို ပယ်လိုသောကြောင့် “ယော စဇေထ မဟာရာဇ” အစရှိသော ဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကြင်သူသည် ဥစ္စာစည်းစိမ်၌ တပ်မက်မောခြင်းကြောင့် မိမိအား မွေးကျွေးပြုစုပေသော ကျေးဇူးရှင်ကို အကယ်၍ စွန့်ပစ်ငြားအံ့။ ထိုကျေးဇူးရှင်ကို စွန့်ပစ်သောသူအား မိမိပင်လည်း မိမိကိုယ်ကို သူယုတ်မာဖြစ်သည်ဟု ကဲ့ရဲ့ဖွယ်သို့ ရောက်လေ၏။ သူတစ်ပါးတို့သည်လည်း မိမိကို သူယုတ်မာဟု ကဲ့ရဲ့ခြင်းငှာ ထိုက်ကုန်၏။ အကျွန်ုပ်အားလည်း ဝိဒေဟရာဇ်မင်းကြီးသည် ၇-နှစ်အရွယ်ကပင် သားပြု၍ မွေးကျွေးပြုစုပေးသော ကျေးဇူးရှင် ဖြစ်ပေသောကြောင့်၊ ထိုဝိဒေဟရာဇ်မင်းကြီး သက်တော်ရှည်သမျှကာလပတ်လုံး တစ်ပါးသောမင်းတို့ထံ သွား၍ မခစားသာ ဖြစ်ပါသည်။ အကယ်၍ ကျေးဇူးရှင်ဖြစ်သော ဝိဒေဟရာဇ်မင်းကို စွန့်ပစ်ငြားအံ့။ အကျွန်ုပ်အားလည်း မိမိကိုယ်ကို မိမိလည်း ကဲ့ရဲ့ဖွယ်, သူတစ်ပါးလည်း ကဲ့ရဲ့ဖွယ် ရောက်ရာ၏။ ထို့ကြောင့် အရှင်မင်းကြီးခြေရင်းတော်၌ ထမ်းရွက်မြဲစွဲ၍ နေချင်ပါသော်လည်း မနေသာဖြစ်ခဲ့သည်” ဟုလျှောက်ဆို၏။

မဟောသဓသုခမိန်စကားကို ကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်၊ ယခု သင်သည် ကျေးဇူးရှင်ဖြစ်သော ဝိဒေဟရာဇ်မင်းကြီးကို မစွန့်ပစ်သာဖြစ်၍ ငါ့ထံ မနေရသေးလျှင် နောင် ဝိဒေဟရာဇ်မင်းကြီး နတ်ရွာစံလွန်သောအခါ ဤပြည်သို့ လာရောက်ပါမည်ဟု ယခုက သင် ဝန်ခံခဲ့ရမည်”ဟုဆို၏။ မဟောသဓ သုခမိန်သည်လည်း “အရှင်မင်းကြီး။ အကျွန်ုပ် အသက်ရှင်ပါလျှင် ဝိဒေဟရာဇ်မင်းကြီး မရှိသောအခါ သားမယားနှင့်တကွ အထံတော်သို့ လာရောက်ပါမည်”ဟု လျှောက်ဆို၏။ စူဠနီဗြဟ္မဒတ်မင်းသည် ဤသို့ ပဋိညာဉ်စကားကိုရပြီးလျှင် ဘုရားလောင်းအား များစွာသောပူဇော်သက္ကာတို့ဖြင့် ၇-ရက်ပတ်လုံး ပူဇော်ချီးမြှောက်ခြင်းကို ပြုပေ၏။

ဘုရားလောင်းသည်လည်း ၈-ရက်မြောက်လတ်သော် နန်းတော်သို့ဝင်၍ မိထိလာပြည်သို့ ပြန်သွားမည့်အကြောင်းကို ပန်ကြားလျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း မဟောသဓသုခမိန်အား အထူးသဖြင့် ဆုလာဘ်ပေးလိုက်ပြန်လို၍ “ဒမ္မိ နိက္ခ သဟဿံ တေ”အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင့်အား နိက္ခအားဖြင့် အထူးသဖြင့် ရွှေစင် ၁၀၀၀, ကျွန်သမီး ၄၀၀, ခြေရင်းအလုပ်အကျွေးအလို့ငှာ အရွယ်အဆင်းနှင့်ပြည့်စုံသော သတို့သမီး ၁၀၀-တို့ကိုလည်း ငါ ပေးတော်မူ၏။ ကာသိကရာဇ်တိုင်း၌ ၁-နှစ် ၁-နှစ်လျှင် တစ်ရွာတစ်ရွာတွင် စပါးလုပ်ခွန် ၁-သိန်းစီထွက်သော မြို့,ရွာ,ခရိုင်အပေါင်း ၈၀-တို့ကိုလည်း ငါပေးတော်မူ၏။ ထိုအလုံးစုံတို့ကို သိမ်းယူ၍ သင်၏အခြံအရံ စစ်သည်သူရဲတို့နှင့်တကွ မိထိလာပြည်သို့ ချမ်းသာစွာသွားလေတော့”ဟုဆို၏။

(ဤအရာ၌ “နိက္ခ”ဟူသည်ကား “ပဉ္စသုဝဏ္ဏေန နိက္ခေန နိက္ခာနံ သဟဿံ”ဟူသည်နှင့်အညီ ရွှေစင်၅-ကျပ်သည် “တစ်နိက္ခ”မည်၏။ ထိုနိက္ခ ၁၀၀၀-အချိန်ရှိသော ရွှေစင် ဆိုလိုသည်။ ကျပ်ချိန်အားဖြင့်ကား ရွှေစင် ၅၀၀၀-ရှိ၏။ ယခုအခါ မြန်မာတို့ဝေါဟာရအားဖြင့်ကား အခွက် ၅၀- တည်း။

စူဠနီဗြဟ္မဒတ်မင်းသည် ပဉ္စာလရာဇ်ပြည်တည်ရာ ကပိလတိုင်း၌ မြို့ရွာ,ခရိုင်တို့ကို မပေးမူ၍ ဗာရာဏသီပြည်, သာဝတ္ထိပြည်တို့၏ နယ်နိမိတ်အဝင်ဖြစ်သော ကာသိကရာဇ်တိုင်း၌ မြို့ ရွာ, ခရိုင်တို့ကို အဘယ့်ကြောင့် ပေးလေသနည်းဟူမူကား “ကာသိကရဋ္ဌံ ဝိဒေဟရဋ္ဌဿ အာသန္နံ၊ တသ္မာ တတ္ထ အသီတိဂါမေ အဒါသိ”ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ ကာသိကရာဇ်တိုင်းသည် ဝိဒေဟရာဇတိုင်းနှင့် နယ်ပယ်အနီးအစပ်ဖြစ်သောကြောင့် အသိမ်းအယူလွယ်စေခြင်းငှာ ကာသိကရာဇ်တိုင်း၌ မြို့ ရွာ, ခရိုင်တို့ကို ပေးသတည်း။)

မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်းအား “အရှင်မင်းကြီး။ အကျွန်ုပ်သည် ဝိဒေဟရာဇ်မင်းကြီးအား “နန္ဒာဒေဝီ ရှင်မိဖုရားကြီးကို အမိကဲ့သို့လည်းကောင်း, အရီးကဲ့သို့လည်းကောင်းမှတ်၍ ရိုသေအပ်သောဝတ်ကို သိတော်မူပါ။ ပဉ္စာလစန္ဒာမင်းသားကိုလည်း ညီငယ်အရာ၌ ထားတော်မူပါ”ဟူ၍ မှာထားလျှောက်ဆိုလိုက်ပါသည်။ အရှင်မင်းကြီး၏သမီးတော် ပဉ္စာလစန္ဒီကိုမူကား မိဖုရားကြီးတို့ ဆောင်ရွက်ရိုးထုံးစံရှိသည့်အတိုင်း ဆောင်ရွက်၍ မိဖုရားကြီးအရာဖြင့် အဘိသိက်သွန်းလျက် စုံဖက်လိုက်ပေသည်။ ယခု အကျွန်ုပ်ပြန်သွား၍ မိထိလာပြည်သို့ရောက်လျှင် မြောက်သားတော် ရှင်မိဖုရားနှင့် မယ်တော်, သားတော်တို့ကို ဤနေပြည်တော်သို့ ရောက်အောင် အလျင်တဆော ပို့လာပါစိမ့်မည်” ဟုလျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း “သုခမိန်။ ကောင်းပြီ။ ငါ၏သမီးတော် ပဉ္စာလစန္ဒီအားလည်း လက်ဖွဲ့ဥစ္စာ ပေးအပ်လိုက်ပါမည်”ဆို၍ ကျွန်သမီး, ကျွန်ယောက်ျား, အထိန်း, အချီ, အကျွေးအမွေး, ရွှေ, ငွေ, ရတနာ, အဝတ်တန်ဆာ, မြင်း, ရထား, ရွှေယာဉ်, ရွှေဝေါ အစရှိသော များစွာကုန်သော လက်ဖွဲ့ဘဏ္ဍာ ဥစ္စာရပ်တို့ကိုလည်း ပေးအပ်လိုက်၏။ ဤမှတစ်ပါး မဟောသဓသုခမိန်ကို မိထိလာပြည်သို့ ပို့စိမ့်သောငှာ များစွာသော ဆင်, မြင်း, ရထား, စစ်သည်ဗိုလ်ခြေတို့ကိုလည်း ခန့်ထားစီရင်၍ ပြင်ဆင်ချီးမြှောက် ခင်းကျင်းစေ၏။

မဟောသဓသုခမိန်နှင့် ပါရင်းဖြစ်ကုန်သော ဗိုလ်ပါသူရဲတို့အားလည်း များစွာသောဆုလာဘ်ပေး၍ ကျွေးမွေးချီးမြှောက်လိုက်၏။ ဆင်စာ, မြင်းစာအလို့ငှာ မုယောနတ်ကောက်စပါးတို့ကိုပြုတ်၍ ခရီးရိက္ခာ စားလောက်အောင်ပေးလိုက်၏။ ထိုသို့ စူဠနီဗြဟ္မဒတ်မင်းသည် ဘုရားလောင်းအား ကြီးစွာချီးမြှောက်၍ စစ်အင်္ဂါ၄-ပါးနှင့်တကွ ပို့လိုက်အံ့သောအခြင်းအရာကို စီရင်ပြီးသော် “သုခမိန်။ သင်သည် ဤများစွာသော စစ်သည်ဗိုလ်ခြေနှင့်တကွ ဘေးရန်မရှိ ချမ်းသာစွာ မိထိလာပြည်သို့သွားလေလော့။ သင်၏တင့်တယ်စွာလာခြင်းကို ဝိဒေဟရာဇ်မင်းကြီး မြင်ပါစေ”ဟုဆို၏။ ၁၀၀-သော ထီးဆောင်းမင်းတို့ထံ၌ သူလျှိုထားကုန်သော အမတ်တို့သည်လည်း “မိထိလာပြည်သို့ လိုက်ကုန်အံ့”ဟု ပြင်ဆင်၍ ဘုရားလောင်းထံ ခြံရံလာကြကုန်၏။

မဟောသဓသုခမိန်သည် မင်းကြီးအား ရှိခိုးပန်ကြားခဲ့ပြီးလျှင် ထီးဆောင်းမင်း, မှူးတော် မတ်တော်တို့အားလည်း ပန်ကြားပြောဆိုခဲ့၍ များစွာသောဗိုလ်ပါအပေါင်းခြံရံလျက် ပဉ္စာလရာဇ်ပြည်မှ ခရီးအစဉ်အတိုင်းလာသဖြင့် ယူဇနာ ၁၀၀-လွန်လတ်သော် မိထိလာပြည်သို့ရောက်လေ၏။

သေနကအမတ်သည်လည်း ပဉ္စာလရာဇ်မင်း လိုက်လာသည်, မလိုက်လာသည်ကိုသိလို၍ ခရီးအကြား၌ “မထင်မရှား ဘယ်သူမဆိုလာလျှင် အကြောင်း ကြားလှည့်”ဟု မှာဆို၍ အစောင့်အရှောက်ထား၏။ ထိုသေနကအမတ်ကထား၍ ခရီးအကြား၌ စောင့်နေရကုန်သော သူတို့သည် များစွာသောအခြံအရံ ဗိုလ်ပါ, ဆင်, မြင်း, ရထားအလုံးအရင်းနှင့် ဘုရားလောင်းလာသည်ကို မြို့မှ တစ်ယူဇနာကွာရာအရပ်၌ တွေ့မြင်လေသော် သေနကအမတ်ထံပြန်သွား၍ “အရှင်အမတ်ကြီး။ ယခု မဟောသဓသုခမိန်သည် များစွာသောအခြံအရံနှင့် ဤနေပြည်တော်သို့လာ၍ တစ်ယူဇနာကွာ ဤမည်သောအရပ်သို့ ရောက်ပြီ”ဟု ကြားလျှောက်ကြကုန်၏။

သေနကအမတ်သည် ထိုသူတို့စကားကိုကြားလျှင် မင်းကြီးစံရာ နန်းတော်သို့ ဝင်လေ၏။ ဝိဒေဟရာဇ် မင်းကြီးသည်လည်း နန်းတော်ပြာသာဒ်ထက်၌နေလျက် လေသာပြတင်းကို ဖွင့်လှစ်၍ မျှော်ကြည့်လတ်သော် များစွာသော စစ်သည်ဗိုလ်ခြေတို့ကိုမြင်လျှင် “မဟောသဓ၏စစ်သည်ကား ဤမျှလောက် မရှိ။ အနည်းငယ်မျှသာဖြစ်၏။ ဤစစ်သည်ကား အလွန်များအံ့သကဲ့သို့ ထင်၏။ ပဉ္စာလရာဇ်မင်းပင် လာပြန်လေသည်မသိ”ဟု ထိတ်လန့်သော နှလုံးရှိသည်ဖြစ်၍ သေနကအမတ်အား မေးလိုသောကြောင့် “ဟတ္ထီ အဿာ ရထာပတ္တိ”အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သေနကအမတ်ကြီး။ ယခု ဆင်, မြင်း, ရထား, ခြေသည် စစ်အင်္ဂါဗိုလ်ပါများစွာနှင့် ဤပြည်သို့ရှေးရှု ကြောက်မက်ဖွယ်လာသည်ကို ငါမြင်၏။ သင် အသို့ထင်သနည်း။ ပညာရှိဖြစ်သည်နှင့်အညီ သိမြင်တိုင်း လျှောက်လော့”ဟုဆို၏။

သေနကအမတ်သည်လည်း မိမိသိနှင့်ပြီးဖြစ်သောအကြောင်းကို လျှောက်ကြားလို၍ “အာနန္ဒော တေ မဟာရာဇ” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်မင်းကြီးအား အမျက်မာန်ရန်ပြေငြိမ်းသဖြင့် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ များစွာသော စစ်အင်္ဂါအခြံအရံနှင့်တကွ မဟောသဓသုခမိန်ကို လွှတ်လိုက်သည်ဖြစ်မည် ထင်၏”ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ဤမျှသောစကားနှင့် နှလုံးမငြိမ်နိုင်သည်ဖြစ်၍ “သေနကအမတ်ကြီး။ သင်လျှောက်တိုင်း မှန်ပါမည်လော။ မဟောသဓ၏အခြံအရံ စစ်သည်ကား အနည်းငယ်မျှသာ ဖြစ်သည်။ ယခုမြင်သော စစ်သည်ကား အလွန်များဟန် ထင်၏တကား”ဟု မေးပြန်၏။ သေနကအမတ်လည်း “အရှင်မင်းကြီး။ အကျွန်ုပ်လျှောက်တိုင်း မချွတ်လျှင် မှန်ပါ၏။ စူဠနီဗြဟ္မဒတ်မင်းကြီးသည် အရှင်မင်းကြီးကို ကြည်ညိုလေးမြတ်သည်ဖြစ်၍ များစွာသော ဗိုလ်ပါ, ဆင်, မြင်း, အလုံးအရင်းတို့ကို မဟောသဓသုခမိန်အား ပေးလိုက်သည် ဖြစ်ပါမည်”ဟုလျှောက်၏။

ထိုအခါမှ ဝိဒေဟရာဇ်မင်းကြီးသည် နှလုံးငြိမ်ဝပ်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ “ယခု ငါ၏သားတော်လာပြီ။ ဤနေပြည်တော်ကို တန်ဆာဆင်ပြီးလျှင် ခပ်သိမ်းသော မှူးတော်မတ်တော်, မြို့သူမြို့သားအပေါင်းတို့သည် စားဖွယ်သောက်ဖွယ်, ပဏ္ဏာလက်ဆောင်နှင့် မြို့မှထွက်၍ ခရီးဦးကြိုဆိုကြကုန်”ဟု စည်လည်စေ၏။

မှူးမတ်ပြည်သူလူထု အပေါင်းတို့သည်လည်း များစွာသော ပဏ္ဏာလက်ဆောင်တို့နှင့် မြို့မှထွက်၍ ဘုရားလောင်းအား ခရီးဦးကြိုဆိုကြကုန်၏။

မဟောသဓသုခမိန်သည် များစွာသော အခြံအရံနှင့်တကွ မြို့တွင်းသို့ရောက်လျှင် နန်းတော်သို့ဝင်၍ မင်းကြီးအားရှိခိုးလျက် တင့်အပ်သောအရပ်၌ နေလေ၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် နေရာမှထ၍ ဘုရားလောင်း၏လည်ကိုဖက်လျက် ရာဇပလ္လင်ပေါ်၌ မိမိနှင့် အတူနေစေပြီးသော် ပဋိသန္ဓာရစကား မေးမြန်းပြောဆိုလို၍- “ယထာပေတံ သုသာနသ္မိ” အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သား သုခမိန်။ သင့်ကို စွန့်ပစ်၍ ငါတို့လာသောအရာ၌ ဥပမာထုတ်လျှင် ဇီဝိတချုပ်ပြီးသောသူကို အလောင်းစင်၌တင်၍ ၄-ယောက်ကုန်သောသူတို့သည် သုဿာန်တစပြင်သို့ ပို့ဆောင်ပြီးလျှင်၊ ထိုသုသာန်တစပြင်၌ အာလယကင်းသဖြင့် စွန့်ပစ်ကုန်သကဲ့သို့ ငါတို့သည်လည်း ထိုဥပကာရီမြို့၌ ဤသို့သော စစ်သည်ဗိုလ်ခြေ အထပ်ထပ်ဝန်းရံသည်ကို ထွင်းဖောက်၍ မလာနိုင်ရာပြီဟု ယုံမှားကင်းသဖြင့် သင်ချစ်သားကို စွန့်ပစ်ခဲ့၍ ငါတို့ လာကုန်၏။ ထိုသို့ဖြစ်လျက် အဘယ်အကြောင်းကြောင့်လည်းကောင်း, အဘယ်သူ အထောက်အပံ့ရှိ၍လည်းကောင်း, အဘယ်အကျိုးစီးပွားကို ဆောင်၍လည်းကောင်း၊ ထိုရန်သူ့လက်မှ ထွက်ခဲ့သနည်း”ဟု မေး၏။

မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းသည် ကိုယ်တော်၏ပညာဂုဏ်ကို ပြလို၍

“အတ္ထံ အတ္ထေန ဝေဒေဟ၊ မန္တံ မန္တေန ခတ္တိယ။

ပရိဝါရယိ ရာဇာနံ၊ ဇမ္ဗုဒီပံဝ သာဂရော။”

ဟူသောဂါထာဖြင့် ဆို၏။

ဝေဒေဟ၊ ဝိဒေဟရာဇ်တိုင်းကြီးသခင် အရှင်မင်းမြတ်။ အတ္ထံ၊ သူတစ်ပါးတို့သည် ကြံအပ်သောအကြောင်းကို။ အတ္ထေန၊ အကျွန်ုပ်ကြံသောအကြောင်းဖြင့်။ မန္တံ၊ သူတစ်ပါးတို့၏ အတိုင်အပင်ကို။ မန္တေန၊ အကျွန်ုပ်၏အတိုင်အပင်ဖြင့်။ ပရိဝါရယိ၊ ခြံရံ၏။ ခတ္တိယ၊ ရေမြေ့သခင် အရှင်မင်းမြတ်။ ကိမိဝ၊ ဥပမာ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဇမ္ဗုဒီပံ၊ ဇမ္ဗူဒိပ်ကျွန်းကို။ သာဂရော၊ သမုဒ္ဒရာသည်။ ပရိဝါရယိယထာ၊ ထက်ဝန်းကျင် ရံသကဲ့သို့ ။ ဧဝံ၊ ဤအတူ။ ရာဇာနံ၊ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းကို။ ပရိဝါရယိ၊ ရံ၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး ။ သူတစ်ပါးတို့ ကြံသမျှသောအရာကိုလည်းကောင်း၊ သူတစ်ပါးတို့ လျှို့ဝှက်၍ တိုင်ပင်သမျှ အတိုင်အပင်ကိုလည်းကောင်း, အကျွန်ုပ်၏ အကြံအစည် တည်းဟူသောအကြောင်းဖြင့်လည်းကောင်း, အကျွန်ုပ်၏ အတိုင်အပင်ဖြင့်လည်းကောင်း ခြံရံနိုင်သည်သာ ဖြစ်၏။ ဥပမာကား- ဤဇမ္ဗူဒိပ်ကျွန်းကို မဟာသမုဒ္ဒရာသည် ခြံရံနိုင်သကဲ့သို့လည်းကောင်း, ဤမြေကြီးကို ကောင်းကင်သည် ဖုံးအုပ်သကဲ့သို့လည်းကောင်း, သူတစ်ပါးတို့ အကြံအစည် အတိုင်အပင် ဟူသမျှကို အကျွန်ုပ်၏ အကြံအစည် အတိုင်အပင်ဖြင့်သာလျှင် ခြံရံဖုံးအုပ်မိသည်ဖြစ်၍ အခြံအရံဗိုလ်ပါနှင့်တကွ ချမ်းသာစွာ အကျွန်ုပ် ရောက်နိုင်ပါသည်”ဟု

လျှောက်ပြီးလျှင် အလုံးစုံသောအကြောင်းအရာကို မကြွင်းမကျန်ရအောင် မင်းကြီးအား လျှောက်ကြားလေ၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဘုရားလောင်းစကားကိုကြားလျှင် အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ဖြစ်လေ၏။

ထိုအခါ မဟာသဓာသုခမိန်သည် မိမိအား စူဠနီဗြဟ္မဒတ်မင်း ချီးမြှောက်လိုက်သော ပဏ္ဏာလက်ဆောင်တို့ကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ကြားလို၍ “ဒိန္နံ နိက္ခသဟဿံ မေ” အစရှိသော ဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ စူဠနီဗြဟ္မဒတ်မင်းသည် အကျွန်ုပ်အား နှစ်သက်မြတ်နိုးသည်ဖြစ်၍ ရွှေစင်နိက္ခပေါင်း ၁၀၀၀၊ ကာသိကရာဇ်တိုင်း၌ ၁-နှစ်လျှင် လုပ်ခွန် ၁-သိန်းထွက် မြို့ ရွာ, ခရိုင်ပေါင်း ၈၀၊ ကျွန်မိန်းမ ၄၀၀၊ အလုပ်အကျွေးသတို့သမီး ၁၀၀၊ ဤအလုံးစုံတို့ကို ဆုပေးတော်မူလိုက်၏။ ပဉ္စာလစန္ဒီဒေဝီ မိဖုရားအားလည်း ဤမည်သော အခြွေအရံ အလုပ်အကျွေး, သင်းပင်း, မြို့ ရွာ, ဆင်, မြင်း အလုံးအရင်းနှင့်တကွ ဤမည်သော ရွှေ၊ ငွေ၊ ရတနာ, အဝတ်တန်ဆာတို့ကိုလည်း လက်ဖွဲ့တော်မူလိုက်၏။ များစွာသော စစ်သည်ဗိုလ်ခြေတို့ကိုလည်း အကျွန်ုပ်အားပို့စေသဖြင့် အကျွန်ုပ်သည် ချမ်းသာစွာ ဤနေပြည်တော်သို့ ယခုလာရပေသည်”ဟု လျှောက်၏။

ထိုစကားကိုကြားပြန်၍လည်း ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက်ခြင်းဖြစ်သဖြင့် ဘုရားလောင်း၏ဂုဏ်ကို ချီးမွမ်းလိုသောကြောင့် “သုသုခံ ဝတ သံဝါသော” အစရှိသောဂါထာဖြင့် ဥဒါန်းကျူးရင့်လေ၏။

အဓိပ္ပာယ်ကား-

“သေနကအမတ်ကြီး ပညာရှိသောသူတို့နှင့် အတူတကွနေရခြင်းသည် အလွန် ကိုယ်စိတ် ချမ်းသာစွတကား။ ငှက်လှောင်ချိုင့်၌ လှောင်၍ထားသောငှက်ကဲ့သို့လည်းကောင်း, တံငါတို့၏ပိုက်ကွန်၌ ဖမ်းမိ၍ မထွက်နိုင်သောငါးကဲ့သို့လည်းကောင်း ငါတို့သည် အလွန် ထွက်မြောက်နိုင်ခဲသော ရန်သူ၏လက်သို့ ရောက်ကြကုန်ပြီးလျက်၊ ထိုငှက်, ထိုငါးတို့ကို ချိုင့်,ပိုက်ကွန်တွင်းမှ ထုတ်ယူ၍လွှတ်သကဲ့သို့ ငါတို့ကိုလည်း ဤငါ့သား မဟောသဓာသုခမိန်သည် ရန်သူ့လက်မှ လွတ်မြောက်စေပြီးတကား”ဟု ဆို၏။

သေနက အမတ်သည်လည်း မင်းကြီးဆိုတိုင်း မှန်ကြောင်းကို ဝန်ခံလိုသောကြောင့် “ဧဝမေဝ မဟာရာဇ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ခဲယဉ်းစွာသော အရေးအခွင့်ရောက်သောအခါ၌ ပညာရှိသောသူသည်သာလျှင် ရေမနောက် ကြာမခြောက် ၂-ယောက်အကျိုးရှိကြောင်း ကောင်းမြတ်သောလုံ့လ, ပညာဖြင့် ချမ်းသာစွာ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ပေသည်။ ထို့ကြောင့် “ပညာရှိတို့နှင့် အတူတကွနေရခြင်းသည် အလွန်ချမ်းသာ၏”ဟု ယခုအမိန့်တော်ရှိတိုင်း မှန်လှပါသည်။ ဤမဟောသဓသုခမိန်သည်လည်း ချိုင့်,ညွတ်, ပိုက်ကွန်တို့၌မိသော ငှက်, သား, ငါးတို့ကို ထုတ်ယူ၍လွှတ်လိုက်သကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ရန်သူ့လက်မှ လွတ်စေပေ၏”ဟု လျှောက်ဆို၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် မိထိလာပြည်အလုံးကိုလည်း ဤသို့ စည်လည်စေ၏။

“ဤငါ၏ နေပြည်တော်ထက်ဝန်းကျင်၌ နေကုန်သော မှူးမတ်, ပြည်သားပြည်သူ လူအပေါင်းတို့သည် ငါ့ကိုကြည်ညို ချစ်ခင်ကြင်နာကြလျှင် ယနေ့မှ ၇-ရက်ပတ်လုံး တစ်ပါးကိစ္စတို့ကို မဆောင်မူ၍ အသီးအသီး ကြီးစွာသော ပွဲသဘင်ခံလျက် မိမိတို့နှင့်ထိုက်တန်ရာ ပဏ္ဏာလက်ဆောင်နှင့် မှူးမတ်တို့မှာလည်း ငါချီးမြှောက်တော်မူသည့် အဆောင်အရွက် အချီးအမြှောက်နှင့်သွား၍ ငါ့သား မဟောသဓသုခမိန်ကို ပူဇော်ချီးမြှောက် ကြရမည်”ဟု သဘင်စည်ကြီး လည်စေ၏။

အလုံးစုံသော မှူးမတ်, ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း ဤစစ်သူကြီးသုခမိန်သည် အထက်က စူဠနီဗြဟ္မဒတ်မင်း ငါတို့ပြည်ကို ဝန်းရံလာသောအခါ၌လည်း ငါတို့အား စည်းစိမ်အသက် မပျက်စီးစေရဘဲ စည်းစိမ်ကြီးကို ပေးတော်မူဖူးပြီ။ ယခုလည်း ငါတို့အရှင်မင်းကြီးကို ပျက်စီးစေကြောင်း မကောင်းသဖြင့် ကြံဆောင်လေ့ရှိသော စူဠနီဗြဟ္မဒတ်မင်း၏ အကြံအစည်ကိုဖျက်၍ ၂-ဘက်စလုံး ချစ်ထုံးအစဉ်ဖြစ်ကြောင်း ကောင်းမြတ်သောပညာတော်ဖြင့် အရှင့်စီးပွား တိုင်းသားပြည်သူ လူအပေါင်းတို့စီးပွားကို ဆောင်တော်မူလျက် ရန်သူ့လက်မှ ဤပြည်သို့ ချမ်းသာစွာရောက်တော်မူလာ၏ဟု ပြကတေ့အားဖြင့်ပင်လျှင် နှစ်သက်ဝမ်းမြောက်စွာ, နေကြစဉ်တွင် စည်လည်သံကိုကြားပြန်သဖြင့် အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ရှိကြကုန်သည်ဖြစ်၍၊ အသီးအသီး စောင်း, ငြင်း, နှဲ, ခရာ, ပတ်သာ, ဒုံမင်း, မဂဓရာဇ်တိုင်းဖြစ် ခရုသင်း, စည်, မောင်း, ခေါင်းလောင်း, လင်းကွင်း, အိုးစည်စသော အထူးထူးအပြားပြား များစွာသောတီးမှုတ်မျိုး တေးတျာ, ဘွဲ့, ဧချင်း, သာချင်း, ရကန်, အဲ, အန်, ရတု,အနုအပျောင်း ကောင်းမြတ်ချိုအေးသောသီချင်းမျိုး လက်ရှစ်, ကျွမ်းသမား, လက်ဝှေ့ လက်ပမ်း, တန်းလျှောက်, တိုင်တက်, မျက်လှည့်စသော ကခြင်းမျိုးတို့ကို ကြီးစွာသောပွဲသဘင်ခံ၍ တီးမှုတ်သီက ရွှင်ပျမြူးထူးကြလျက် ၇-ရက်ပတ်လုံး နှလုံးအလိုလွှတ်ကြကုန်၏။

တောင်နန်းမိဖုရားကြီး ဥဒုမ္ဗရဒေဝီမှစ၍ မိဖုရား, ကိုယ်လုပ်မောင်းမ, နန်းတွင်းသူနန်းတွင်းသား အပေါင်းတို့သည်လည်း မိမိတို့ထိုက်တန်ရာ ပဏ္ဏာလက်ဆောင်နှင့် စုံရာစေလွှတ်၍ ဘုရားလောင်းအား ပူဇော်ချီးမြှောက်စေ၏။ မင်းဆွေမင်းမျိုး, မှူးတော်မတ်တော်တို့သည်လည်း မိမိအရာနှင့် ထိုက်တန်စွာရအပ်သော အဆောင်အရွက်တို့ဖြင့် ဆောင်ရွက်၍ ထိုက်တန်ရာပဏ္ဏာလက်ဆောင်နှင့် သွားကြကုန်လျက် ဘုရားလောင်းအား ပူဇော်ချီးမြှောက်ကြကုန်၏။ ပုဏ္ဏား, သူဌေး သူကြွယ်, ကျည်းကုလားမျိုးတို့သည်လည်း မိမိတို့အားနှင့်လျော်စွာ ပဏ္ဏာလက်ဆောင်တို့ဖြင့်သွား၍ ဘုရားလောင်းအား ပူဇော်ချီးမြှောက်ကြကုန်၏။ ဆင်စီးသူရဲ, မြင်းစီးသူရဲ, ရထားစီးသူရဲ, ခြေသည်သူရဲ, အမှုလုပ်သူရဲ အစရှိသော စစ်အမှုထမ်း ဝင်းကိုယ်ရံ ဗိုလ်ပါအပေါင်းသည်လည်း မိမိတို့ထိုက်တန်ရာ ပဏ္ဏလက်ဆောင်နှင့်သွား၍ ဘုရားလောင်းအား ပူဇော်ချီးမြှောက်ကြကုန်၏။ မြို့ရွာ, နိဂုံး, ဇနပုဒ်သားအပေါင်းတို့သည်လည်း ထိုက်တော်ရာ ပဏ္ဏာလက်ဆောင်နှင့်တကွ လာလတ်၍ ဘုရားလောင်းအား ချီးမြှောက်ပူဇော်ကြကုန်၏။ ထိုခပ်သိမ်းကုန်သော တိုင်းသားပြည်သူ လူအပေါင်းတို့သည် ဘုရားလောင်း၏ မျက်နှာတော်ကိုမြင်တိုင်း ပညာဂုဏ်ကျေးဇူးကို အောက်မေ့မိသဖြင့်လည်းကောင်း၊ အရွယ်အဆင်းတော်၏ တင့်တယ်ခြင်းဖြင့်လည်းကောင်း, မိမိတို့ဣန္ဒြေကို ဆောင်ယူခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ ဦးရစ်ပေါင်းပစ်လွှားခြင်း, အင်္ကျီအပေါ်ရုံ ဖြန့်ကြဲခြင်း စသည်ကိုပြု၍ ဝမ်းမြောက်ဝမ်းသာ ပူဇော်ကြကုန်၏။

ဤသို့ ၇-ရက်ပတ်လုံး ပွဲသဘင်အခါကြီးပြု၍၊ ၈-ရက်မြောက်လတ်သော် မဟောသဓသုခမိန်သည် မင်းကြီးစံရာနန်းတော်သို့ဝင်ပြီးလျှင် “အရှင်မင်းကြီး။ စူဠနီဗြဟ္မဒတ်မင်း၏မယ်တော်, သားတော်, မိဖုရားကြီး၊ ဤမင်း ၃-ပါးတို့ကို ယခုအလျင်တဆာ ပဉ္စာလရာဇ်ပြည်သို့ ပို့တော်မူမှသင့်ပါမည်”ဟု လျှောက်၏။ ဘုရားလောင်းစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည်လည်း “ချစ်သား။ ကောင်းပြီ၊ ယခုပင် ပို့စေလော့”ဟု ဆို၏။

ထိုအခါ ဘုရားလောင်းသည် ထိုမင်း၃-ပါးတို့အား ကြီးစွာသောပူဇော်သက္ကာတို့ဖြင့် ချီးမြှောက်၍၊ မိမိနှင့်အတူပါကုန်သော ပဉ္စာလရာဇ် စစ်သည်ဗိုလ်ပါတို့အားလည်း များစွာသောဆုလာဘ်တို့ဖြင့် ချီးမြှောက်ပြီးလျှင် အခြံအရံဖြစ်သော သူရဲဗိုလ်ခြေတို့ကိုလည်း အပို့အသခန့်ထားလျက် မိမိအား စူဠနီဗြဟ္မဒတ်မင်းက ပေးလိုက်သော အလုပ်အကျွေးသတို့သမီး ၁၀၀, ကျွန်မိန်းမ ၄၀၀-တို့ကိုလည်း နန္ဒာဒေဝီမိဖုရားအား ဆက်သလိုက်၍ မျိုးရိက္ခာ အစုံအလုံအလောက်နှင့် များစွာသောဗိုလ်ပါအပေါင်း ခြံရံလျက် ပဉ္စာလရာဇ်ပြည်သို့ အလျင်တဆော ရောက်အောင်ပို့စေ၏။

ထိုမင်း၃-ပါးတို့သည် အစဉ်အတိုင်း များစွာသာအခြံအရံနှင့်တကွ သွားကြ၍ ပဉ္စာလရာဇ်ပြည်သို့ ရောက်ကြလေကုန်၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် မယ်တော် စလာကဒေဝီကို “မယ်တော်။ ဝိဒေဟရာဇ်မင်းကြီးသည် မယ်တော်တို့ကို ချစ်ကြည်မြတ်နိုးခြင်းဖြင့် သင်္ဂြိုဟ်ထောက်ပံ့ပါ၏လော”ဟုမေး၏။ စူဠနီဗြဟ္မဒတ်မင်းစကားကိုကြားလျှင် စလာကဒေဝီသည် “ချစ်သား။ အသို့ မေးသနည်း။ ဝိဒေဟရာဇ်မင်းကြီးသည် မိခင်ကိုလည်း မိမိတို့ မပြတ်ကိုးကွယ်သော နတ်ကဲ့သို့ပင် ရိုသေလေးမြတ်ပေ၏။ ချွေးမဖြစ်သော နန္ဒာဒေဝီကိုလည်း အမိအရာ၌ထား၍ ရိုသေလေးမြတ်ပေ၏။ ပဉ္စာလစန္ဒာ ချစ်မြေးကိုလည်း မိမိညီငယ်အရာ၌ထား၍ ချစ်မြတ်နိုးပေ၏။ အပြစ်ဆိုဖွယ် တစ်စုံတစ်ခုမျှ မရှိ”ဟု ပြောဆို၏။

မယ်တော်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် အလွန်နှစ်သက်ခြင်းဖြစ်၍ ပို့လာကုန်သော ဘုရားလောင်း၏ စစ်သည်ဗိုလ်ခြေတို့ကို လိုက်လျောက်ရာ ပဏ္ဏာလက်ဆောင်တို့ဖြင့် ဝိဒေဟရာဇ်မင်းကြီးအား ပေးဆက်လိုက်၏။ ထိုမှစ၍ မင်း၂-ပါးတို့သည် မေတ္တာချင်းယှက်တွဲမိကြသည်ဖြစ်၍ တစ်ပြည်မှ တစ်ပြည်သို့ လက်ဆောင်ပဏ္ဏာ ထိုက်လျှောက်ရာများနှင့် သံကြီးတမန်ကြီး ပညာရှိသုခမိန်အမတ်တို့ စေလွှတ်လျက် နှစ်သက်မြတ်နိုးယုံကြည်စွာ ဝမ်းမြောက်ဝမ်းသာ တညီတညွတ်တည်းကြည်ညိုကြသဖြင့် ထိုတိုင်းကြီး၂-ပါးသည် ရွှေစင်ပြား၂-ချပ်လို တစ်စပ်တည်းဂဟေဆော်သကဲ့သို့ ရောင်းဝယ်ဖောက်ကား သွားလာခြင်း အစဉ်မပျက် တစ်ချက်တည်း ဖြစ်ကြလေ၏။

ဤကား ရန်သူ့လက်သို့ရောက်ပြီးသော ခဲခက်စွာသောဘေးရန်ကို လှံ,ဓား,လေးမြား လက်နက်တို့ဖြင့် မရှင်းမထွင်ဘဲ အမြင်ကျယ်စွာသော ပညာတော်သန်လျက်ဖြင့် လှန်ဖျက်ရှင်းထွက်တော်မူလျက် ရန်သူမင်းကိုလည်း ညီရင်းမကချစ်စေပြီးလျှင် အရှင်ဖြစ်သော ဝိဒေဟရာဇ်မင်းကြီးအား ပြန့်ပွားထပ်ဆင့်၍ မြင့်မြတ်သော ဘုန်းကျက်သရေကို ဖြစ်စေနိုင်ခြင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဘုရားလောင်း၏ ပညာတော်အစွမ်းကြောင့် စူဠနီဗြဟ္မဒတ်မင်းကို ၃-ကြိမ်မြောက်သော အောင်ခြင်းတည်း။