မဟောသဓဇာတ်တော်ကြီး/အခန်း-၁၆

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၆။ သားဖွားပြဿနာ ဖြေခန်း

သားဖွားပြဿနာ ဟူသည်ကား ထိုပတ္တမြားကို ကြိုးတပ်စေပြီးသည်၏နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီး၏ တစ်ကောင်သော မင်္ဂလာနွားလားကို သားရှိသောဝမ်းကဲ့သို့ ယမ်းယမ်းမို့အောင် ပဲပြုတ်ကိုသာ အခါခါတိုက်ကျွေး၍ နေ့ရက်စေ့ပြီး ဖွားလုနီးသောနွားမကဲ့သို့ ရှိစေပြီးသော်၊ ဦးချို ၂-ဘက်ကိုလည်း သန့်သက်စွာပွတ်ဆေး၍ ဆီဖြင့်သုတ်လိမ်းလျက် ကိုယ်ကိုလည်း နနွင်းရည်ဖြင့်လိမ်းသုတ်ပြီးလျှင် “အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော်မူရသည်နှင့် လျော်ညီစွာ ငါ၏မင်္ဂလာရှိသော ဤနွားလားဥသဘသည် ကိုယ်ဝန်ဆောင်၍ ယခု လစေ့နေ့စေ့ပြီး ဖြစ်သည်။ ထို နွားလားဥသဘကို သားဖွားစေပြီးလျှင် သားငယ်နှင့်တကွ ထိုနွားလားဥသဘကို ငါ့ထံသို့ ပို့ဆက်ရမည်။ ဆိုတိုင်းမပို့ဆက်ကြလျှင် ရာဇဒဏ်သင့်စေ”ဟု ရာဇသံနှင့် နွားလားဥသဘကို အရှေ့ယဝ ဓဇ္ဈဂုံးရွာသို့ပို့စေ၏။

ရွာသားအပေါင်းတို့ လည်း “ဤရွာလေးကို သားဖွားစေရမည်ဟူသည် ငါတို့အရာ မဟုတ်။ မဟောသဓသုခမိန်၏ အရာသာတည်း”ဟု မဟောသဓသုခမိန်ကို “အဘယ်သို့ပြုရအံ့နည်း”ဟု နွားလားကိုပြ၍ မေးကြကုန်၏။

မဟောသဓသုခမိန်သည် မင်းကြီးစကားနှင့် နွားလားကိုမြင်လျှင် သဘောလက္ခဏာ အလုံးစုံကိုသိ၍ ဤပြဿနာကို “ဝိဘဇ္ဇဗျာကရဏ”ဖြင့် ဖြေခြင်းငှာမထိုက်။ ပဋိပုစ္ဆာဗျာကရဏဖြင့် မေးတုံ့မေး၍ ဖြေခြင်းငှာထိုက်၏”ဟု ကြံပြီးသော်၊ “ရွာသားအပေါင်းတို့။ သင်တို့သည် မင်းကြီးနှင့် အကျွမ်းဝင်သည်ဖြစ်၍ ရဲရင့်စွာ မင်းကြီးအား မကြောက်မရွံ့ လျှောက်ထားဝံ့သောသူကို ရနိုင်ပါမည်လော”ဟု မေး၏။ ရွာသားတို့လည်း “သုခမိန်၊ မင်းကြီးအား လျှောက်ထားဝံ့သောသူကို ရလွယ်ပါ၏”ဟု ဆိုကြကုန်၏။

မဟောသဓသုခမိန်သည် “ကောင်းပြီ။ ထိုသူကိုရလျှင် သင်တို့ မစိုးရိမ်လင့်”ဟုဆို၍ မင်းကြီးအား လျှောက်ထားဝံ့သောသူကို ခေါ်စေ၍၊ ထိုသူရောက်လျှင် မင်းကြီးအား လျှောက်ထားစိမ့်သောငှာ မဟောသဓ သုခမိန်သည် ဤသို့ မှာထား၏။

“အချင်းယောက်ျား။ ငါ မှာထားအံ့။ သင်သည် ဆံပင်ဖြန့်ထား ဖားလျားချလျက် ထိပ်ထက်လက်တင် ရင်အုံခတ်တီး ရှိုက်ကြီးတငင်ပင်ပန်းစွာ ဤရွာမှ မင်းကြီးနန်းတော် အရှေ့တံခါးဝတိုင် ငိုမြည်တမ်း၍သွားလော့။ မင်းကြီးမှတစ်ပါး မေးငြားသော်လည်း မည်သို့မျှ မပြန်ကြားနှင့်။ မင်းကြီးနား ကြားတော်မူ၍ အမေးတော်ရှိမှ ဤသို့လျှောက်လေ။ “ကြီးမြတ်တော်မူလှသော ဘုန်းတော်ဖြင့် ကျွန်တော်မျိုးတို့၏ချမ်းသာကို ပေးတော်မူတတ်သော အရှင်မင်းကြီး။ အကျွန်ုပ်အား သနားကိုးကွယ်ရာ ဖြစ်တော်မူပါ။ အကျွန်ုပ်၏အဖသည် လောက၌ ယောက်ျား သားမွေးဖူးသည် မရှိဘူးလျက် အထူးအခြား သားဖွားမည်ပြုလျက် မဖွားနိုင်၍ ယနေ့၇-ရက်တိတိ ရှိခဲ့ပြီ။ အကျွန်ုပ်အား သနားတော်မူသဖြင့် အကျွန်ုပ်အဖ သားဖွားခြင်းအကြောင်းကို အရှင်မင်းကြီး ဖန်ဆင်း စီရင်တော်မူပါလော့”ဟု မကြောက်မရွံ့ လျှောက်လေလော့။ ထိုသို့တင်လျှောက်ထားသဖြင့် မင်းကြီးသည် “အချင်းယောက်ျား။ သင် အဘယ်သို့ မြည်တမ်းသနည်း။ ရူးသလော။ အဘယ်သို့လျှင် ယောက်ျားစင်စစ်ဖြစ်လျက် သားဖွားအံ့နည်း”ဟုဆိုလျှင်၊ “အရှင်မင်းကြီး ထိုသို့အမိန့်တော်ရှိတိုင်း ယောက်ျား သားဖွားရိုးမဟုတ်ခဲ့သော် အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့သည် မင်္ဂလာနွားလားကို သားဖွားစေခြင်းငှာ အဘယ်သို့ တတ်နိုင်ရှာလိမ့်မည်နည်း”ဟု သင် လျှောက်ထားလေ”ဟုဆို၏။

ထိုယောက်ျားလည်း ဤသို့ မဟောသဓ သုခမိန်မှာတိုင်း အလုံးစုံကိုပြု၏။ ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “အချင်းယောက်ျား။ ဤပြဿနာတို့ကို အဘယ်သူ စီရင်သနည်း”ဟု မေး၏။

ထိုယောက်ျားလည်း “အရှင်မင်းကြီး။ သူဌေးသားမဟောသဓ စီရင်ပါသည်”ဟု လျှောက်လျှင်၊ ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက်ခြင်းရှိသဖြင့် ရှေးနည်းအတူ သေနကအမတ်ကို တိုင်ပင်ပြန်လတ်သော်၊ သေနကအမတ်သည် “အရှင်မင်းကြီး။ စုံစမ်းရန် ပြဿနာရှိပါသေးသည်။ ငံ့နေတော်မူဦးလော့”ဟု လျှောက်၍၊ မင်းကြီး ငံ့နေတော်မူသဖြင့် ပြဿနာတစ်နည်းကို စီရင်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။