မဟောသဓဇာတ်တော်ကြီး/အခန်း-၁၄

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၄။ ကြက်ပြဿနာ ဖြေခန်း

ကြက်ပြဿနာဟူသည်ကား ထိုမြွေပြဿနာကို မေးပြီးသည်၏နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့ စေလိုက်ပြန်၏။ “ပါစီနယဝ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါကြား သိတော်မူရသည်နှင့်လျော်ညီစွာ ငါအလိုရှိတော်မူသည်။ ထိပ်ပေါ်၌ လပို့ရောက်လျက်, ခြေ ၂-ဘက်၌ ဦးချိုနှင့် ကိုယ်လုံးကျွတ် ဖြူစွာ, အခါ ၃-တန်တို့၌ အမှန်တွန်တတ်သော ဥသဘတစ်ကောင်ကို ယခုအလျင်အမြန် ငါ့ထံ ရောက်စေ။ မရောက်လျှင် ရာဇဒဏ် ၁၀၀၀ ခံကြရမည်”ဟု စေလိုက်၏။

ရွာသားအပေါင်းတို့လည်း “ဦးခေါင်း၌ လပို့နေ၍ ခြေ ၂-ချောင်း၌ ဦးချိုရှိသော နွားကို တွေ့ဖူးမည်ကားထား၍ ကြားမျှမကြားဘူးလျက် အထူး ငါတို့ သိနိုင်တော့မည် မဟုတ်ရာ။ မဟောသဓာ၏အရာသာတည်း”ဟု ဤအကြောင်းကို ဘုရားလောင်းအား ပြန်ကြားမေးမြန်းကြကုန်၏။

ဘုရားလောင်းသည် ထိုစကားကိုကြား၍ မဆုံးမီကပင် အလုံးစုံသောအနက်ကို ထက်လှစွာသောဉာဏ်ဖြင့် လျင်မြန်စွာသိလျက် “သင်တို့။ ယခု မင်းကြီးစေလိုက်တော်မူသည်မှာ မင်းကြီးသည် သင်တို့ကို ကြက်ဖြူတစ်ဖ ဆက်စေတော်မူလိုသည်။ အဘယ့်ကြောင့်နည်းဟူမူကား ကြက်သာလျှင် ခြေ၌အတက်, ထိပ်ထက် အမောက် ရောက်သည်။ တစ်ထူး ညဉ့်ဦးယံ, သန်းခေါင်ယံ, မိုးသောက်ယံ ဤ ၃-တန်သောအခါကို မှန်စွာ မယုတ်မလွန် တွန်တတ်သည်ကိုစွဲ၍ အခဲအခက် လျှို့ဝှက်သောအမိန့်တော် ဖြစ်သည်။ ထို့ကြောင့် ကြက်ဖြူလှလှ တစ်ဖရှာ၍ သင်တို့ ယခုပို့ ဆက်ကြလေတော့”ဟုဆို၏။

ရွာသားအပေါင်းတို့လည်း ဘုရားလောင်းဆိုတိုင်း ကြက်ဖြူတစ်ဖကိုရှာ၍ မင်းကြီးအား ပို့ဆက်လေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း ရှေ့နည်းအတူမေး၍ ဘုရားလောင်းဖြေကြောင်း အတ္ထုပ္ပတ်ကို အတပ်အမှန်သိရပြီးသော် သေနကအမတ်ကြီးကိုခေါ်၍ တိုင်ပင်ပြန်၏။

သေနကသုခမိန်သည် “အရှင်မင်းကြီး။ ဤအရာလည်း ပညာမရှိလျှင် မသိနိုင်ရာ။ ဤအရာမျှကို သိတတ်သော ပညာရှိလည်း အများပင် ရှိရာသည်။ ပညာကျေးဇူး ထူးသည် မယူလောက်သေး။ နောက်ကိုတစ်သွယ် စီမံ၍စုံစမ်းရန် ပြဿနာ ရှိပါသေးသည်။ သည်းခံတော်မူပါဦးလော့”ဟု လျှောက်၍၊ မင်းကြီး ငံ့နေပြန်သဖြင့် တစ်ဖန် ပြဿနာကို စီရင်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။