မဟောသဓဇာတ်တော်ကြီး/အခန်း-၁၁

From Wikisource
Jump to navigation Jump to search
မဟောသဓဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၁။ ရှားလှံတံပြဿနာ ဖြေခန်း

ဆိုလတ္တံ့သော ပညာစမ်းကို စီရင်ခြင်းသည်ကား သေနကအမတ်ကြီး၏ အတတ်ပညာသာတည်း။

ရှားလှံတံပြဿနာ ဟူသည်ကား တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် “မဟောသဓကို စုံစမ်းအံ့”ဟု ရှားနှစ်တစ်ခုကို ယူစေ၍ တစ်ထွာလောက်ဖြတ်ပြီးလျှင် ပန်းပွတ်သမားတို့ကို အလုံးစုံညီစွာ ပွတ်ခံစေပြီးသော် “အရှေ့ယဝမဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော်မူရသည်။ ဤရှားတုတ်ကို အရင်း,အဖျား မည်သည်က ဖြစ်သည်ဟု အတပ်အမှန် သိကြစေ။ ဤရှားတုတ်၏အရင်းအဖျားကို မသိကုန်သောသူတို့အား ဒဏ် ၁၀၀၀-ခတ်မည်”ဟု ရာဇသံစကားနှင့် ရှားလှံတံကို ပါစိနယဝ မဇ္ဈဂုံးရွာသို့ ပို့စေ၏။

ပါစီနယဝ မဇ္ဈဂုံးရွာသားတို့သည် စည်းဝေးရုံးစု၍ ရှုကြည့်ဆင်ခြင်လတ်သော် ထိုလှံတံ၏အရင်းအဖျားကို တစ်ယောက်သောသူမျှ မသိနိုင်ဖြစ်ကြကုန်လျှင် ရွာသားအပေါင်းတို့သည် “အချင်းတို့။ ငါတို့သည် ဤရှားလှံတံ၏ အရင်းအဖျားကို မသိနိုင်ကြဖြစ်၍ ထိုအကြောင်းကို မင်းကြီးအား လျှောက်လျှင်လည်း တစ်ယောက် ၁၀၀၀-စီ မှန်မှန် ရာဇဒဏ် ခံကြရတော့မည်။ အဘယ်သို့ကြံမည်နည်း”ဟု တိုင်ပင်ကြသော်၊ “သိရီဝဍ္ဎန ရှင်သူဌေးသား မဟောသဓသုခမိန်သည် ၇-ကြိမ် ၇-ခါ ခဲခက်စွာသောတရားကို ကစားရင်းပင် ဆုံးဖြတ်နိုင်သည့်သူငယ်ပင် ဖြစ်သည်ဟု မလောက်မလေး ပြုသာမည်မဟုတ်။ ပညာသာလျှင် ပဓာနဖြစ်ချေသည်။ ဤရှားလှံတံ၏အရင်းအဖျားကို သူဌေးသား သိကောင်းရာ၏”ဟု ပြောဆိုကြ၏။

ထိုအခါ သိရီဝဍ္ဎနသူဌေးကြီးသည် “ကောင်းပြီ။ ငါ့သားအား မေးစမ်းအံ့”ဟု ဆို၍ ကစားရာဇရပ်သို့ သွားပြီးလျှင် မိမိသားတော် ဘုရားလောင်းကိုခေါ်၍၊ မင်းကြီး၏ရာဇသံနှင့်တကွ ရှားလှံတံအကြောင်းကို ပြောဆိုပြီးသော် “ချစ်သား။ ငါတို့သည် ရှားလှံတံ၏ အရင်းအဖျားကို မသိနိုင်ကုန်။ ချစ်သား သိနိုင်ပါမည်လော”ဟု မေး၏။

ခမည်းတော်သူဌေးကြီးစကားကို ကြားလျှင် ဘုရားလောင်းသည် ဤသို့ကြံ၏။ “မင်းကြီးအား ဤရှားလှံတံ တစ်ထွာမျှလောက်ကို အရင်း,အဖျားသိရုံဖြင့် အဘယ် အသုံးဝင်အံ့နည်း။ ငါ့အား ပညာစမ်း စေလွှတ်သည်သာ ဖြစ်မည်”ဟု ကြံပြီးလျှင်၊ “ဖခင်။ ဤရှားလှံတံကို ဆောင်ယူခဲ့လော့။ အကျွန်ုပ် အရင်း,အဖျားကို သိလတ္တံ့”ဟုဆို၍ ရှားလှံတံကို ဆောင်ယူစေပြီးသော်၊ ဘုရားလောင်းသည် လက်ဖြင့် ရှားလှံတံ၏အလယ်၌ကိုင်၍ ချီကာမျှဖြင့် “ဤကားအရင်း, ဤကားအဖျား ဖြစ်သည်”ဟု သိငြားသော်လည်း အများအား ထင်ရှားစေခြင်းငှာ ရေခွက်တစ်ခုကို ဆောင်ယူစေပြီးလျှင် ရှားလှံတံ၏အလယ်ချက်တည့်တည့်၌ ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်းကကိုင်လျက် ရေအပြင်၌ တင်ကာထား၏။

ထိုအခါ အရင်းသည် လေးသောကြောင့် ရှေးဦးစွာ နစ်၏။ ထိုသို့ ရေ၌ချ၍သိပြီးသော် မဟောသဓသုခမိန်သည် “ပရိသတ်အပေါင်းတို့ သစ်ပင်တို့၌ အရင်း, အဖျားသည် အဘယ်က လေးမည်နည်း”ဟု မေး၏။ လူအပေါင်းတို့သည် “သုခမိန်။ အရင်းသာလျှင် လေး၏”ဟုဆိုကြလတ်သော်၊ ဘုရားလောင်းသည် “ပရိသတ်အပေါင်းတို့။ ထိုသို့တပြီးကား ဤရှားလှံတံကို ရှေးဦးစွာရေ၌နစ်ရာကို အရင်း၊ နောက်မှ နစ်ရာကို အဖျားဟု မှတ်သား၍ မင်းကြီးအား ဆက်လေလော့”ဟုဆို၏။

လူအပေါင်းတို့သည်လည်း ဘုရားလောင်းဆိုတိုင်း မှတ်သား၍ဆက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း “ဤအကြောင်း အဘယ်သူသိပါသနည်း”ဟု မေး၍ “သိရီဝဍ္ဎနသူဌေး၏သား မဟောသဓသုခမိန် သိပါသည်”ဟု လျှောက်သဖြင့် ကြားလတ်သော် သေနကအမတ်ကြီးကို ခေါ်၍ တိုင်ပင်မြဲ တိုင်ပင်ပြန်၏။

သေနကအမတ်ကြီးသည်လည်း “အရှင်မင်းကြီး။ ငံ့တော်မူဦးလော့။ အထူးအခြား တစ်ပါးသောပြဿနာဖြင့် ပညာစမ်းသပ်ဖွယ် ရှိပါသေးသည်”ဟု လျှောက်၍၊ မင်းကြီး ငံ့နေပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။