မဟောကျေးစေခန်း

From Wikisource
Jump to navigation Jump to search
မဟောကျေးစေခန်း by လယ်တီဆရာတော်
မဟောကျေးစေခန်း

နိဒါနကထာ

ဤလူ့ဘောင်လောကကြီးတွင် ပဋိသန္ဓေ တည်နေတိဟိတ် ဝိသိဋ္ဌ ဂုဏ်ပေါင်း ကြိုင်လှောင်း မြဲသို ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့မည်သည် ဉာဏ် ရည်တောက်စ အရွယ်ကပင် ဉာဏ်ရည်ဉာဏ်စ သတ္တိဗလကို ထွန်းပြ ထုတ်ဖော်လေ့ ရှိကြပေသည်။

ဘုရားဥက္ကဌ် လောင်းမြတ်မဟော် ဇာတ် နိပါတ်တော်တွင် အရွယ် နှင့်မမျှ ကြီးမားလှသော

- စွန်ရဲချီလစ် အသားတစ်ကို ချစေခြင်း။

- နွားသူခိုးနှင့် နွားရှင် ထိုအမှုတွင်လည်း ထင်ထင်ရှားရှား အမှုမှန်စွာ ဆုံးဖြတ်နိုင်ခြင်း စသည့် ဉာဏဗလ သတ္တိပြပုံများ ပေါ်ပေါ်လွင်လွင် တွေ့မြင်ကြရပေသည်။

ယခုအခါတွင်လည်း တိဟိတ်ဉာဏ်ရည် ဇာနည်ဥက္ကဌ် သန္ဓေကပ် တော်မူခဲ့သော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးသည် ဉာဏ်မီး တောက်စ ၁၆-နှစ်ရွယ် သာမဏေငယ်ဖြစ်စဉ်ကပင် ကြည်ရွှင်ကွန့်မြူး ဉာဏ်ရည်ထူးသဖြင့် ပြန့်ပြူးဝေဆာ ဆန်းကြယ်စွာသော အလင်္ကာကျမ်း ဒဏ္ဍီကျမ်းတို့ကို တတ်စွမ်းတော်မူရကား ဆယ်ပါးသော အလင်္ကာရသ လုံးဝဥဿုံ ပြည့်စုံဖြိုးမောက် ပိုမလှောက်ဘဲ ခြောက်ဆယ်ကိရိယာ လင်္ကာထုံး မြိတ် အချိတ်အဆက် အနက်အဓိပ္ပါယ် လွန် ဆန်းကြယ်သဖြင့် နည်းယူဖွယ်ကောင်းလှသော ကဗျာ့မဏ္ဍိုင်ကြီးအစစ် ဧကန်ဖြစ်၍ ကျစ်လစ်သေချာ လေ့လာနည်းခိုး စပ်ရိုးတန္တိ ကဝိလက်သုံး ဟုဆိုထိုက် သော မဟောသဓာကျေးစေခန်း သျှိုးလိုက်ရတုဖြင့် ဉာဏ်ရည်တိဟိတ် ပဏ္ဍိတ်ဇာနည်တို့၏ သတ္တိဗလကို ပြတော်မူခဲ့ပေသည်။

ဤမဟော်ကျေးစေခန်း သျှိုးလိုက်ရတု သည်ကား ကာလကြာမြင့်ခဲ့ သည်ဖြစ်၍ တစ်ကြောင်း, ကျေးဇူးရှင်ကြီး၏ ကြီးရင့်သော အရွယ်တော် အသက်တော်နှင့် လိုက်ဖက်လျော်ညီစွာ ရေးသားခဲ့သော သံဝေဂကထာ သမထဝိပဿနာနှင့်စပ်လျဉ်းသည့် စာကောင်းပေမွန်တို့ အရှိန်အစွမ်း ဖုံးလွှမ်းခဲ့သည်ကတစ်ကြောင်းတို့ကြောင့် တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ရှိခဲ့ပေသည်။

ယခုတစ်ဖန် ကဗျာ့တက္ကသိုလ်ပြုလိုသူ ရှင်လူအပါင်းတို့၏ တောင်း တချက်အရ မုံရွာမြို့ မဟာလယ်တီတိုက် လယ်တီရောင်ခြည်ကွန်ပျူတာ စာပေအဖွဲ့မှ တည်းဖြတ်သုတ်သင်ကာ မိခင်ဧရာဝတီစာအုပ်တိုက် တိုက်(၄) အခန်း(၄၀၂) ကျီတော်အိမ်ရာ အထက်ပုဇွန်တောင်လမ်းမကြီး ရန်ကုန်မြို့က ဖြန့်ချိထုတ်ဝေခြင်း ပြုအပ်ပေသတည်း။

ပုံ လယ်တီရောင်ခြည်ကွန်ပျူတာ စာပေအဖွဲ့

ရတုကဗျာ[edit]

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကဗျာတိ ကဗျသုဗျတ္တံ၊ ဗုဒ္ဓံ ဝန္ဒာမိ သာဒရံ။

သုဝါဏာပကဟေတု တံ၊ ကဗျံ ဗန္ဒာမိ သုဓုကံ။ ။

အဟံ =ငါသည်၊ ကဗျာတိ, ကဗျသုဗျတ္တံ =ကဗျာဗန္ဓအရာ၌ ဧတဒဂ်ထင် အရှင်ဝင်္ဂီသစသော မထေရ်တို့ထက် လွန်ကဲသော၊ ဝါကဗျာဗန္ဓအရာ၌ အထူးသဖြင့် လိမ္မာတော်မူထသော၊ ဗုဒ္ဓံ =မြတ်စွာ ဘုရားကို၊ သာဒရံ =ရိုသေစွာ၊ ဝါ-သာဒရံ-သာဒရေန =ရိုသေခြင်းနှင့်တကွ၊ ဝန္ဒာမိ =ရှိခိုးပါ၏၊ ဝန္ဒိတွာ =ရှိခိုးပြီး၍၊ သုဝါဏာပကဟေတု =ကျေးသား စေခြင်းကို ဆိုရာဆိုခြင်း၏ အကြောင်းဖြစ်သော၊ တံကဗျံ =ထိုကျေးစေ ခန်းရတုကဗျာကို၊ သာဓုကံ =ကာရကကြိယာ စပ်ရာဆိုက်ရေး မထွေး, မယှက် မပျက်ကာရန် ဝေဖန်စိတ်ဖြာ ကောင်းစွာပြေပြစ်သည်ကိုပြု၍၊ ဗန္ဒာမိ =ဖွဲ့ဆိုသီကုံးပေအံ့သတည်း။

ဇဝနတိက္ခ၊ ဂမ္ဘီရသည်၊ ဟာသ, တုမမြှော်။ ။ ပညာစက်မီး၊ ကြံတိုင်းပြီးသည်၊ ပွင့်နီးထောင်းမဟော်ဟု။ ။ ကျွန်းအမော်ဝယ်၊ ထွန်းပေါ်ဂုဏ်သတင်း။ ။ စက်သူရကန်၊ မျက်မူဖန်သည်၊ ရောင်လျှံ, ထိန်ထိန်လင်းသို့။ ။ သက်ကုန်နှင်းသည်၊ ဖြောင့်စင်း,နှံမေတ္တာ။ ။ ပြိုင်ဆွယ်မနှိုင်း၊ ကြော့ကသိုဏ်းသည်၊ ဖော့ပိုင်းယဉ်မူရာနှင့်။ ။ မည်သညာသည်၊ သာယာခေါ်မငြီး။ ။ အမယာတဲ့၊ သူဇာနွဲ့သည်၊ တကဲဆွေဇနီးနှင့်။ ။ ပျော်စံမှီးသည်၊ ရိပ်ကြီး, ဆောင်ရဝေ။ ။ ဥပရာနှုန်း၊ တေဇာဘုန်းကြောင့်၊ ရန်လုံးရွံ့ကာပြေမှ။ ။ ကြံပုံပွေသည်၊ တပြေပဉ္စာ မင်း။ ။ ထံတော်မပြတ်၊ မြဲခညွတ်သည်၊ ကေဝဋ်သဟာရင်းတို့။ ။ ဖြောင့်မစင်းသည်၊ နှောင့်နှင်းမိစ္ဆာဉာဏ်။ ။ အကြံမလှ၊ ဝင်္ကန္တကို၊ ခဏ,သိသင့်တန်ဟု။ ။ တူမောင်နှံသည်၊ အကြံလူမသိ။ ။ နှစ်ကိုယ် တော်ကြား၊ ချိုစကားကို၊ နှစ်ပါးတိုင်ပင် ညှိရွေ့။ ။ မြရောင်အိသည်၊ မဏိခြယ်စီမံ။ ။ ရှေ့မကန်းကွက်၊ ဝေသန်းရှက်သည်၊ ပန်းခက်မိုးပြဓာန်း နှင့်။ ။ ဘိုးမငံသည်၊ ရိုးတံစိန်စီတွဲ၊ ရောင်လျှံဝေအိုင့်၊ ဗွေဖိုင့်ဖိုင့်သည်၊ ရွေချိုင့်စံအိမ်ထဲဝယ်။ ။ ပျော်စံနွဲသည်၊ ရွှေခဲမြီးတံသွယ်။ ။ အမယာ မယ်ထွေး၊ ငယ်ကမွေးသည်၊ ရွှေကျေး,စေတိုင်းလွယ်ကို။ ။ နှုတ်သံ ကြွယ်သည်၊ ရှုဖွယ်,သူ့ဟန်ပန်။ ။ ရေးရာကိစ္စ၊ စေတိုင်းရသည်၊ သူဝကိုယ်တမန်ဟု။ ။ တိုင်ပင်ရန်သည်၊ သက်နှံ,မောင့်ကိုနော်။ ။ ရွှေချိုင်းကဆင်း၊ ထံတော်ရင်းသို့၊ ချက်ခြင်းရောက်စေခေါ်သည်။ ။ စေတော်မူလိုရေးနှင့်လေ။ ။ စိန်ချိုင်းစံပျော်၊ ကျေးရွှေလှော်ငဲ့၊ လာ တော်မူသင့်သေး၏လေး။

သိလာမေရု၊ မြေပံသုသည်၊ တန္တုနှိုင်းမမြင်။ ။ သကာချိုးအေး၊ ကိုယ်တိုင်ပေးသည်၊ ချစ်ကြွေးမောင့်ကိုကြင်၏၊။ ကျေးဇူးရင်သည်၊ သခင်ဆွေနှစ်ပါး။ ။ ရွှေခဲသူဝ၊ ချစ်မောင်လှသည်၊ ခဏလာစေသားဟု။ ။ မိန့်စကားကို၊ ရွှေနားထင်ရလျှင်။ ။ ရွှေချိုင့်က,ဆင်း၊ ထံတော်ရင်းမှာ၊ ဝပ်စင်းရှိဦးတင်ရွေ့။ ။ ဖက်မမြင်သည်၊ သခင်ဘုန်းနှစ်ဆူ။ ။ အကျိုး အကြောင်း၊ ဆိုးအကောင်းကို၊ နှွဲ့နောင်းမိန့်တော်မူပ။ ။ တောင်ဇမ္ဗူတွင်၊ တစ်ဆူကျွန်တော်ရင်း၊ ကောင်းကင်အထွတ်၊ ကြယ်ကိုဆွတ်သည်၊ မလွတ်ယူဆောင်ကြဉ်းအံ့။ ။ လိုတော်ရင်းကို၊ သနင်းမိန့်တော်မူ။ ။

အဗ္ဘန္တရ၊ သီးချိုမြကို။ ခဏသွား၍ယူအံ့။ ။ လိုတော်မူလျှင်၊ ဝေပူဆောင် သာဝှမ်း။ ။ မနောမျက်မြတ်၊ ဇောတရသ်ကို၊ ထက်ချပ်ယူနိုင်စွမ်းငဲ့။ ။ ညှိုးခွေနွမ်းသည်၊ မလန်းရွှေမျက်နှာ။ ။ လိုတော်မပြေ့၊ ရှိသရွေ့ကို၊ စေ့စေ့သိချင်ပါဟု။ ။ နှုတ်သံဝါသည်၊ မျက်နှာရွှင်ပြုံးပြုံး။ ။ အကျိုးတော်လို၊ ကျေးမြညိုသည်၊ သံချိုနာဖွယ်ရုံးရွေ့။ ။ သခင်ဘုန်းကို၊ စုရုံးကုန်မကျန်။ ။ ရဲမာန်တင်းတင်း၊ ရေးကုန်နှင်း၍၊ ဝပ်စင်းအာမခံသည်။ ။ တမန်ကျေး ရွှေခဲတည့်လေ။ ။ တောင်ပံစိမ်းလွင်၊ စေတိုင်းတွင်သည်၊ ရွှေစင်ကျေး သူရဲတည့်လေး။

မြသက်တင်သွေး၊ နုနုရေးသည်၊ ညွတ်ကွေးသူ့အတောင်။ ။ သန္တာနှုတ်သီး၊ ရှုမငြီးသည်၊ ကျေးကြီးသား ချစ်မောင်ငဲ့။ ။ ကြံတိုင်း အောင်သည်၊ ရွှေတောင်မြဂမုန်း၊ မြဲမြံမဆုတ်၊ ရဲမာန်ထုတ်သည်၊ မယုတ်စွမ်းအင်ရုန်းရွှေ့။ ။ ဒါသီကုံးသည်၊ ကြော့ဆုံးကျေးရွှေစင်။ ။ အကြံတွေးခက်၊ အရေးနက်ကို၊ စိန်ခက်, ရွှေနားတင်ပ။ ။ စိမ်းညို လွင်သည်၊ ရေယဉ်ပတ်ကာဝိုင်း။ ။ ဝေးယူဇနာ၊ ခရီးကွာသည်၊ ပဉ္စာတပြေတိုင်းဝယ်။ ။ အာဏာလှိုင်းသည်၊ ဖြတ်ပိုင်းဘုန်းတေဇာ။ ။ မင်းဗြဟ္မဒတ်၊ ဆရာမှတ်သည်၊ ကေဝဋ်လူမိစ္ဆာတို့။ ။ ကြံယုတ်မာသည်၊ မေတ္တာအလွန်ကင်း၊ ထီးဖြူအုပ်ဆောင်း၊ မင်းအပေါင်းကို၊ ထောင်းထောင်း သုတ်သင်ရှင်းရွေ့။ ။ ဇမ္ဗူတွင်းဝယ်၊ နှစ်မင်း,မဆက်ဆံ။ ။ ခွန်ယူ သိမ်းကြုံး၊ ကျွန်းအားလုံးဝယ်၊ မင်းဆုံးမြောက်စိမ့်ဉာဏ်နှင့်။ ။ ဘုန်းစက် လျှံသည်၊ ဖက်ရန်မပေါ်ရှင်း။ ။ ငါတို့ထိပ်ထား၊ မင်းမြတ်ဖျားကို၊ စကားအယုံသွင်းရွေ့။ ။ သမီးရင်းသည်၊ ကြော့ရှင်းမာယာပင်။ ။ စန္ဒီနုထွား၊ ရွှေနန်းဖွားနှင့်၊ စုလျားထပ်လိုချင်ဟု။ ။ ထဲကျွမ်းဝင်သည်၊ တိုင်ပင်အဖော်ရင်း။ ။ ဆရာကေဝဋ်၊ တမန်ညွတ်၍၊ စေလွှတ်ရောက်လာ ခင်းကို။ ။ မဖြောင့်စင်းသည်၊ ခဲယဉ်းသူ့အကြံ။ ။ အလွန်လျှို့ဝှက်၊ အတွေးခက်သည်၊ ဆက်ဆက်မူမမှန်ခဲ့။ ။ ထိုမင်းထံဝယ်၊ နိယံသူပျော် ညောင်း။ ။ စကားလိမ္မာ၊ သာလိကာလျှင်၊ သေချာသိသင့်ကောင်းငဲ့။ ။ သည်အကြောင်းကို၊ ဆိုးကောင်းသိအောင်နော်။ ။ ရပ်ဝေးဌာန၊ ပဉ္စာလသို့၊ ခဏသွားမှတော်လိမ့်။ ။ စိန်ချိုင့်ပျော်သည်၊ တိုက်ကျော် မြရည်သွေး။ ။ မယ်သာလိကာ၊ ဆက်ရက်ပြာကို၊ မေတ္တာချစ်ရည် ကျွေးရွေ့။ ။ ကြံပုံရေးကို၊ မေးတဲ့ချေကွဲ့နော်။ ။ အကြံခက်ထောင်း၊ သည်အကြောင်းကြောင့်၊ နွဲ့နောင်းမောင့်ကိုခေါ်သည်။ ။ ကျေးကျော် ဒါလီကုံးငဲ့လေ။ ။ ရပ်ဝေးမြေထာ၊ မြို့ပဉ္စာသို့၊ ကျေးဝါပျံပါအုံးကွဲ့လေး။

နှုတ်သံချိုမွေး၊ ထိုအရေးကို၊ အေးအေးမိန့်သောခါ။ ။ တောင်ပံတွဲ့တွဲ့၊ မြီးတံနွဲ့သည်၊ တကဲ့ရဲ့သံပါနှင့်။ ။ လောင်းပွင့်လျာငဲ့၊ စိတ်သာချလို့-စံပနော်။ ။ မကြံရင်ပ၊ ကြံရင်လှနေကြ၊ သူဝတမန် ကျော်တဲ့။ ။ မြတ်ဘုန်းမော်ငယ်၊ စိုးတော်မူပါလင့်။ ။ စံသိင်္ဂိလှော်၊ မြရောင်လှပ်တဲ့၊ ပြာသာဒ်ပေါ်မှာ၊ ပျော်ပျော်စံပါသင့်ငဲ့။ ။ ကြံတိုင်း သင့်သည်၊ သခင့်ငယ်ကျွန်ပင်။ ။ ရဲမာန်ထုတ်ကြဲ၊ တစ်ကြိမ်နွဲ့လျှင်၊ ဆယ်ပွဲအောင်သည်၊ ကျေးမောင်စေတိုင်းတွင်ဟု။ ။ နောင့်ထိပ်တင်သည်၊ ဗုဒ္ဓမြတ်ဆုဦး၊ တဘုန်းဆွေနောင်၊ စေတိုင်းအောင်နေကြ၊ ရဲခေါင်ကြူးဟု။ ။ မြတ်ကျေးဇူးကို၊ မေ့ဘူးခါတဖန်။ ။ မြဲမြံတင်းတင်း၊ ရဲမာန်သွင်း၍၊ ဝပ်စင်းအာမခံသည်။ ။ စံတော်မူပါရစ်တော့လေ။ ။ တစ်ပါးကျွန်ယုံ၊ အရေးကုန်သည်၊ ကြံပုံတစ်ခါသစ်ပေါ့လေး။

ဇမ္ဗုမြေဆုံး၊ တစ်ပြည်လုံးမှာ၊ ရွှေဘုန်းနေတစ်ဆူ။ ။ ရွှေ သမ္ဘာထင့်၊ ဇေယျာမြင့်မှာ၊ အောင်ပွင့်ပန်မည့်သူကို။ ။ နှုတ်မဉ္ဇူသည်၊ ကြည်ဖြူလွန်မြတ်နိုး။ ။ စံရွှေလှော်သား၊ ခြေတော်ဖျားကို၊ ညွတ်တွား ဦးနှိမ်မိုး၍။ ။ လွန်မြတ်နိုးသည်၊ ရှိခိုးသုံးကြိမ်သာ။ ။ သဉ္ဇာညောင်နန်း၊ ဆောင်ကြငှန်းက၊ အောင်ပန်းဆင်ရစ်ပါတော့။ ။ မင်္ဂလာသည်၊ အခါရှောင်သင့်ငြား။ ။ ရက်ကြမ်းရက်ပုတ်၊ ကိန္နယုတ်သည်၊ ရက်ယုတ် ပြဿဒါးနှင့်။ ။ လွန်ဆိုးဝါးသည်၊ ကျိုးအားသူမထင်။ ။ ဝါရမိတ္တု၊ ပြာပုံစုကို၊ လွတ်မှုဝေးစွာကြဉ်မှ။ ။ ရှောင်စေချင်သည်၊ လူတွင်မှတ်ခေါ်ရင်း၊ ရက်လောင်ရက်ကန်း၊ ကြက်ခြေသန်းနှင့်၊ ခေါ်မှန်းရက်တစ်သင်းကို။ ။ ပြစ်မကင်းသည်၊ နပင်းရက်ဖီလာ။ ။ အကျိုးမပွါး၊ထိုရက်များကို၊ ရှောင်ရှားလွတ်အောင်ခွါရွေ့။ ။ မင်္ဂလာသည်၊ အခါတော်လှသေး။ ။ ပုဏ္ဏခေါ်ညီ၊ ရက်တိထီနှင့်၊ လေးလီစက်ကို ရွေး၍။ ။ ရန်ကွာဝေးသည်၊ ဘေးမျိုးအောင်စေရာ။ ။ အမြိတ္တခေါ်၊ သိဒ္ဓိကျော်သည်၊ ခါတော်ရက် ရာဇာဝယ်။ ။ ရှောင်အပ်စွာသည်၊ ဒိသာရပ်တစ်ပါး။ ။ ဂြိုဟ်အိပ်စန်းကျ၊ ပါပသက်သုဉ်း၊ ခရီးသုဉ်းကို၊ လုံးလုံးလွတ်အောင်ရှားရွေ့။ ။ မတော်ငြား သည်၊ ဘေးများတွေ့တတ်စွာ။ ။ သမဖြူကိန်း၊ ရန်မငြိမ်းသည်၊ ဟောကိန်းနမန္တာနှင့်။ ။ မကောင်းရာကို၊ ရှောင်ခွါလွတ်အောင်ကွင်း။ ။ စန်းလက်တူညီ၊ ပထနီနှင့်၊ ရာသီလာဘ၊ တြင်းစသည်၊ သောမဂြိုဟ် ခပင်းနှင့်။ ။ ရန်မျိုးကင်းသည်၊ နဝင်းဓာတ်တူစွာ။ ။ မြိတ္တာလာဘ၊ သိဒ္ဓိစသည်၊ ဝရစုတ်ကိုရှာရွေ့။ ။ အဖြာဖြာကို၊ သေချစိစစ်ရှောင်း။ ။ သိဒ္ဓိဇေယျာ၊ မင်္ဂလာသည်၊ အခါယခုကောင်းပေါ့။ ။ ညောင်ရေလောင်း ၍၊ ဆုတောင်းရစ်တော့နော်။ ။ နေညိုကအေး၊ လေချိုသွေး၍၊ ရွှေကျေးပျံ ချိန်တော်သည်။ ။ ဘုန်းမော်သမ္ဘာရင့်ငဲ့လေ။ ။ ရပ်ဝေးမြေသာ၊ မြို့ပဉ္စာသို့၊ အခါပျံချိန်သင့်ပေါ့လေး။

ပညာစက်မိုး၊ ဘဝဂ်ဖြိုးသည်၊ သတိုးလောင်းပွင့်လျာ။ ။ တဖုံကျွန်ရဲ၊ ကျေးရွှေခဲသည်၊ ပျံဝဲထွက်လေရှာသော်။ ။ မေဃဝါသည်၊ ဝေဟာတစ်ပြင်လုံး၊ ပြိုတော့မယောင်၊ ညို၍မှောင်သည်၊ လျှပ်ရောင် ဖြန့်ကာဖုံးရွေ့။ ။ ပိုက်ခါချုန်းသည်၊ မိုးလုံးချိမ့်ချိမ့်ညံ။ ။ တိမ်ပြာသာဒ်ဝန်း၊ ထပ်တစွန်းမှာ၊ တကျွန်းသူရကန်သို့။ ။ စက်မီးလျှံသည်၊ ဟီးသံတသဲသဲ။ ။ လေသင်ဒိုင်းသွေ့၊ တိမ်လှိုင်းဝှေ့သည်၊ မြေ့မြေ့ကြွေလုဆဲနှင့်၊ မိလ္လာကြဲသည်၊ တိမ်ခဲအဆိုင်ဆိုင်။ ။ အညွန့်အညွန့်၊ တိမ်အဓွန့်မှာ၊ စိန်ညွန့်မလ္လာခိုင်သို့။ ။ မိုးလုံးယိုင်သည်၊ ရွှေဆိုင်တော်အလား။ ။ အစုအစု၊ တိမ်အထုသည်၊ ယခုကြွေရောင်သားနှင့်။ ။ တိမ်ညွန့်ကြားမှာ၊ ကျေးသားဖော်မပါ။ ။ တောင်ပံခပ်ဝဲ၊ တိမ်ကိုခွဲသည်၊ ရွှေခဲမာတရာလျှင်။ ။ ခရီးကွာသည်၊ ပဉ္စာတပြည်နန်း။ ။ ယူဇနာပြန့်၊ တစ်ရာခန့်ကို၊ မြှော်ဆန့်ရော်ကာရမ်းရွေ့။ ။ လေချိုဖျန်းသည်၊ မပန်းသူ့ကိုယ်မှာ။ ။ သူရကန်မိတ်၊ ဖလ်တံဆိပ်သည်၊ လျှံထိပ်ရောင်ရွှေဝါနှင့်။ ။ တောင်လက် ယာသည်၊ စကြာရောင်မညီး။ ။ ရဝိသောဘာ၊ နေကောဇာလျှင်၊ ဂေါရာခိုလုနီးဝယ်။ ။ လေဟုန်စီး၍၊ ခရီးဝေဟာသံ။ ။ တမာကြက်တော၊ ရွှေဥဩတို့၊ သောသောမြိုင်လုံးညံခဲ့။ ။ စုံမောင်နှံသည်၊ တောင်ပံတဝဲဝဲ၊ အိပ်တန်းတက်မှီ၊ နေရီရီမှာ၊ တူညီသံစုံနွဲရွေ့။ ။ ငှက်တို့ပွဲသည်၊ သဲသဲချိမ့်ချိမ့်ဆော်။ ။ လေချိုလည်းခ၊ အချိန်လှကို၊ သူဝတမန်ကျော်လျှင်။ ။ ငွေမောင်းဆော်သည်၊ စည်တော်တဟီးဟီး။ ။ နေရောင်မသန်း၊ လရောင်ဖျန်းသည်၊ ညချမ်းလေးချက်တီးဝယ်။ ။ ပျော်မငြီးသည်၊ မြို့ကြီးပဉ္စာခွင်။ ။ ကျော်ခါပျံဝဲ၊ ရွှေနန်းထဲသို့၊ ရဲရဲအတင်းဝင်သည်။ ။ စွမ်းအင်မာန်မလျော့တည့်လေ။ ။ မလွှဲမရှောင်၊ တွေ့တိုင်းအောင်သည်၊ ရဲခေါင်ကျေးညိုကြော့တည့်လေး။

သပြေပတ်ကုံး၊ သောင်းရင်လုံးဝယ်၊ ရွှေဘုန်းသမ္ဘာရောင်။ ။ ပညာလက်ရုံး၊ ဖက်မနှုန်းသည်၊ ကျွန်းလုံးရွှေ တန်ဆောင်ဟု။ ။ ကြံတိုင်းအောင်သည်၊ ရွှေညောင်စိုးမည့်ဘုန်း။ ။ ထံပါးကျွန်ရင်း၊ ရဲမာန်တင်းသည်၊ ကျေးမင်း ငါလက်ရုံးလျှင်။ ။ တနန်းလုံးသည်၊ အုန်းအုန်းချိမ့်လို့ညံ။ ။ မင်းစုံမတ်ပေါင်း၊ ညီလာညောင်း၍၊ သောင်း သောင်းဝန်း ပတ်ရံခဲ့။ ။ သီဟာပျံဝယ်၊ ရွှေလျှံထိန်ထိန်ဝင်း။ ။ ကိုးနဝရတ်၊ ဖိုးအမြတ်သည်၊ ဖြိုးလျှပ်ရောင်စုံလင်းခဲ့။ ။ ဟိုဆောင် တွင်းက၊ ဒုံမင်းခရာသံ။ ။ ရွှေစောင်းငြိမ့်ငြိမ့်၊ နန်းလုံးဖိမ့်မျှ၊ သိမ့်သိမ့် သဘင်ခံ၍။ ။ ဟုျဆောင်ပျံမှာ၊ တဖန်ပျော်ပုံခင်း။ ။ ဖော့မဟေသီ၊ ကြော့ဒေဝီတို့၊ ရွှေညီဗလာကျင်း၍။ ။ ပြာလဲ့ဝင်းသည်၊ ယဉ်မင်းရုပ်ကဲ့သို့နှယ်။ ။ တဆောင်ကူးသန်း၊ ပျော်ပုံဆန်းသည်၊ ရွှေဖြန်းဒေဝီမယ်တို့။ ။ အသွယ်သွယ်သည်၊ ရှုဖွယ်ကုန်မဆုံး။ ။ အရေးထော်လှိုင်၊ အပြီးတိုင် အောင်၊ ပိုင်ပိုင်ကြံလေအုံးမှ။ ။ သခင့်ဘုန်းနှင့်၊ လက်ရုံးချီတဲ့မောင်။ ။ ပိယံ သိဒ္ဓိ၊ ဥုံ ဣတ္ထိ၊ ဧဟိ မမ ဩောင် ဟု။ ။ သွေမရှောင်သည်၊ အောင်နေကြ။ ။ သူရဿတီ၊ နတ်ဒေဝီလျှင်၊ ကူညီလာစေရ၏၊။ နှုတ်သံမြနှင့်၊ ရွရွဆိုပြီးခါ။ ။ သာလိကာလှ၊ ဆရက်မသည်၊ ကြွကြွ ကုန်စေရာဟု။ ။ စက်အာဏာသည်၊ ဂါထာသိဒ္ဓိ ပေါင်း။ ။ ဘေးရန်ကာမှု၊ အောင်ဇေတုဖြင့်၊ အောင်ဆုသူပန်တောင်းရွေ့။ ။ ပီယကောင်းသည့်၊ နှွဲ့နောင်းရဲတမန်။ ။ သာလိကာညိုစိမ့်၊ ကိုယ်လုံးဖိမ့်မျှ၊ သိမ့်သိမ့်တုန် စေကြံရွေ့။ ။ နန်းဝေယန်ဝယ်၊ တမန်ကျေးရွှေသွယ်။ ။ သာလိကာနား၊ အမြန်ကြားအောင်၊ စိတ်ထားသူကြံရွယ်သည်။ ။ ယူမယ်လွတ်ရဘူးပလေ။ ။ ချိုအေးသာယာ၊ နှုတ်သန္တာနှင့်၊ ခါခါသံစုံကျူး၏လေး။

တွေ့မရှောင်-အောင်နေကြပ၊ သူဝတဲ့တမန်တော်။ ။ ဧဟိပီယံ နှင့်၊ သိဒ္ဓိခံ-နှုတ်သံကြွေ့၊ ပွဲတွေ့အကျော်။ ။ ကြံရင်ပြီးနေကြ၊ ဘုန်းကြီး တဲ့ကျွန်ပနော်၊ တိုင်းကျော်တဲ့ရွှေကျေး။ ။ ပဉ္စာသူ၊ သာလီဖြူ-တုန်လို့ ခိုက်တဲ့အောင်၊ မာယာသံမြူသွယ်ပိုက်လို့၊ ကျူးလိုက်မယ်လေး။

သီတာမြစ်ကြီး၊ ရစ်ကာစီးသည်၊ တိုင်းကြီးမြို့ပဉ္စာ။ ။ စည်ပင် ရွှင်လန်း၊ သာငြိမ်းချမ်းသည်၊ နတ်နန်း ဝတိန်သာသို့။ ။ ထီးတစ်ရာသည်၊ ပဏ္ဏာခွန်ဆက်သွင်း။ ။ တရားဆယ်တွေ၊ ယွင်းမသွေသည်၊ လူ့ဆွေပဉ္စာ မင်း၏၊။ ထံတော်ရင်းဝယ်၊ ဝပ်စင်းတူမကွာ။ ။ ရတနာစီတွဲ၊ ရွှေချိုင့်ထဲ ဝယ်၊ ပျော်မြဲစံချမ်းသာနှင့်။ ။ ရေးအရာဝယ်၊ လိမ္မာခြယ်လှယ်သိ။ ။ စက်တော်စောင့်ထား၊ သူပျော်ပါးသည်၊ ပျိုထွားမယ်သာလိဟု။ ။ ရိပ်ခြေသိသည်၊ သာလိဆရက်ညို။ ။ တမန်ကျေးသား၊ သံကိုကြားလျှင်၊ နွဲ့ပါးလှိုက်လို့ဖိုခဲ့။ ။ နှုတ်သံချိုကို၊ မယ်ပျိုးကြားခဲ့လျှင်။ ။ ကိုယ်လုံး ဆွေ့ဆွေ့၊ တမေ့မေ့လျှင်၊ စေ့စေ့နားမှာဆင်ရွေ့။ ။ ချိုသံလွင်ကို၊ ဘယ်တွင်မကြုံဖူး၊ သာလိပြာဖြူ၊ ကံဟောင်းကူ၍၊ ကြင်သူဖူးစာဦးထင့်။ ။ လွတ်ရဘူးပ၊ ကြင်ဦးသည်သက်နှံ။ ။ မုတ်ဆိတ်ပျားစွဲ၊ အသာခဲ့မည်ဟု၊ ဝမ်းထဲချိုင့်အောင်ကြံရွေ့။ ။ ကံဟောင်းဖန်သည်၊ သက်နှံဖူးစာရင်း။ ။ နတ်ဖန်လို့တွေ့၊ သည်ယနေ့မှာ၊ မွေ့မွေ့ပိုင်စေ လျှင်းအံ့။ ။ စိတ်မုန်သွင်း ၍၊ ဝမ်းတွင်းအပြည့်ကြံ။ ။ ကာမဂုဏ်မီး၊ လောင်ရှိန်ကြီး၍၊ ကြက်သီး ကိုယ်လုံးထန်သည်။ ။ နှုတ်သံချိုချိုအေးနှင့်လေ။ ။ ကြွခဲ့ပျို့ထံ၊ ဆိုလေဟန်နှင့်၊ ဖန်ဖန်သံတုံ့ပေး၏လေး။

ကေသရာနှုန်း၊ တေဇာဘုန်းကြောင့်၊ ကျွန်းလုံးဖိန့်ဖိန့်တုန်။ ။ ပညာစက်ဝင်း၊ ဘဝဂ်လင်းသည်၊ လောင်းမင်း ကျွန်တော်ယုံလျှင်။ ။ ပြာသာဒ်ဘုံဝယ်၊ သံစုံချိုအေးအေး။ ။ သာလိကာပြာညက်၊ မယ်ဆရက် က၊ နှုတ်ဆက်သံတုံ့ပေးသော်။ ။ ရဲမာန်သွေး၍၊ ရွှေကျေးမြန်မကြာ။ ။ သာလိစံမြဲ၊ ရွှေချိုင့်ထဲသို့၊ ရဲရဲဝင်ပြီးခါမှ။ ။ လဲ့ပြာပြာသည်၊ ပျိုဝါ မယ် သာလိ။ ။ ပျော်စံရွှင်လန်း၊ မပင်ပန်းသည်၊ မာကျန်းကိုယ်မှာရှိစ။ ။ ပြာပြာအိသည်၊ သာလိဖော့ရုပ်လွှာ။ ။ မာမာကျန်းကျန်း၊ မညှိုးနွမ်း သည်၊ ငြိမ်းချမ်းပျော်နိုင်ပါစ။ ။ နရိန္ဒာသည်၊ ရာဇာမင်းကမူ။ ။ ဩဇာချိုမြ၊ သစ်သီးစသည်၊ ဝဝကျွေးတော်မူစ။ ။ ရွရွအူသည်၊ ပျိုဖြူလှ ရုပ်သွေး။ ။ အကြောင်းစေ့စုံ၊ ငွေဖော့ရုံကို၊ အကုန်မောင်ကမေးငဲ့။ ။ နှုတ်သံသေးနှင့်၊ မယ်ထွေးဆိုတော်မူ။ ။ သိလိုချင်အား၊ ကျေးညိုထွားက၊ စကားရအောင်မြူသည်။ ။ ချူမယ်ယူမယ်သားနှင့်လေ။ ။ သူဝရဲခေါင်၊ မာယာဆောင်၍၊ ယုံအောင်သူ့ကိုမျှား၏လေး။

သတင်းတော်ပျံ့မွှေးလို့၊ ရပ်ဝေးတဲ့မြေတာ၊ ကိုယ်ရေးမို့ မောင်လာ၊ နှုတ်သံသာချိုပြုံး၊ မယ်သာလိပဉ္စာသူငယ်၊ သင်းကြူကြူ၊ ခွန်းဆက်ပါအုံး၊ နွဲ့မူရာကြော့ဆုံး၊ ဖော့ဂမုန်းပန်းလွှာ၊ တော်သုံးတဲ့ နန်းညာငယ်၊ ကျန်းမာတော်မူစ၊ မယ်သာလိပြာဖြူ၊ ပဉ္စာသူမင်းမိန့်ပါမှ။ သပြေပင်ညို့၊ ရေယဉ်ဆို့သည်၊ ရွှေမြို့တိုင်းပဉ္စာ။ ။ ထီးဖြူချုပ်မိုး၊ ပိုင်အုပ်စိုးသည်၊ သတိုးနရိန္ဒာ၏၊။ ပလ္လင်သာသည်၊ သီတာဘွေကနက်။ ။ သဉ္ဇာတော်ပါး၊ သုစံစားသည်၊ ပျိုထွားမယ်ဆရက်ကို။ ။ ကျေးရွှေ ခက်က၊ ခွန်းဆက်မေးသောခါ။ ။ တောင်ပံမြသွေး၊ နှုတ်သံသေးသည်၊ ရွှေကျေးမာတရာငဲ့။ ။ ရပ်ဝေးကွာသည်၊ မေတ္တာ မောင်ကနှင်း။ ။

ကိုးဆယ့်ခြောက်ဖြာ၊ ဝေဒနာလည်း၊ မယ့်မှာစင်လွတ်ကင်းငဲ့။ ။ ရာ့ တစ်မင်းကို၊ ပိုင်နင်းစိုးအုပ်ဖြာ။ ။ သခင်မင်းဖျား၊ ပေးသနားသည်၊ ချိုပျားနတ်ဩဇာသို့။ ။ မာလကာသည်၊ ဩဇာချိုငှက်ပျော။ ။ အမြတ် တနိုး၊ သစ်သီးမျိုးလည်း၊ ဖြိုးဖြိုးမဲ့မှာပေါငဲ့။ ။ မြရောင်နှောသည်၊ ရဲစောရွှေဇမ္ဗူ။ ။ သစ်သီးချိုမွှေး၊ ရေချိုအေးကို၊ ရွှေကျေး သုံးတော်မူပ။ ။ သဘောဖြူသည်၊ ကိုင်ယူပေးပြီးခါ။ ။ ဘယ်တိုင်းဌာန၊ ဘယ်ပြည်ကဟု၊ ဒေသမိန့်စပ်စမ်းပါရှင့်။ ။ ဘယ်ခြင်းရာသည်၊ ရေးရာဘယ်ကိစ္စ။ ။ အဘယ်အကြောင်း၊ ရှိတုံရှောင်း၍၊ နွှဲ့နောင်းသည်ဌာနသို့။ ။ ပျံလာကြွ သည်၊ ကိစ္စကုန်အစင်။ ။ သာလိမယ်ထွေး၊ မောင့်အရေးကို၊ ဆွေးနွေး သိပါချင်သည်။ ။ ရွှေစင်မြရည်,ဆန်းငဲ့လေ။ ။ အရေးအရာ၊ ရှိသည်တာကို၊ ကျေးဝါမိန့်တဲ့စမ်းပါလေး။

နှုတ်သန္တာချိုမြနှင့်၊ ကိုသာကျေးညို၊ ခွံနွှေးတဲ့သီးချိုကို၊ ယူစေလိုကုန်နှင်း၊ အေးမြတဲ့ရေပြာကို၊ တပြေလာသုံး ပကြော့ရှင်း။ ။ ခွန်းသံတော်ချိုသင်းနှင့်၊ ဆိုခြင်းကသာယာ၊ ညိုလဲ့ဝင်းရွှေလွှာငယ်၊ မောင်စံရာဒေသ၊ တိုင်းဇာတိ ရပ်မြေကို၊ ဘုန်းသက်ဝေ,ညွန်းတဲ့ပါမှ။

သမ္ဘာရင်းညောင်း၊ ပွင့်ဆုတောင်းသည်၊ အလောင်းဗုဒ္ဓင်္ကူ။ ။ ပညာလက်ရုံး၊ဘဝဂ်ချုန်းသည်၊ စက်ဘုန်းနေ တစ်ဆူလျှင်။ ။ စေ တော်မူသည်၊ လွယ်ကူသည့်အရေး။ ။ အပြီးတိုင်လစ်၊ ကြံပုံသစ်သည်၊ မြနှစ်တမန်ကျေးလျှင်။ ။ သာလိမေးသည်၊ ရပ်ဝေးတိုင်းဌာနေ။ ။ မိမိလာဟု၊ အောင်ချာဝေမှိုင်း၊ နေရပ်ပိုင်းကို၊ ဟုတ်တိုင်းပြောပြန်ချေမူ။ ။ မျက်မပြေသည်၊ ဝေရီရန်ဖက်ချင်း။ ။ မိတ်ဖက်မတန်၊ မဆက်ဆံသည်၊ ရန်သူတပြေမင်းဟု။ ။ ငြိုးမာန်သွင်း၍၊ မနှင်းချေဘူးနော်။ ။

အောင်ချာပုရ၊ အရိဋ္ဌက၊ သူဝတမန်တော်ဟု။ ။ ပြောရသော်၊ တော်တန် သည်အမှု။ ။ ကိစ္စပြီးကုန်၊ ကျေးဝတ်မုံမှာ၊ ကြံပုံတတွေပြု၍။ ။ ပြာပြာနုသည်၊ ငွေဥပုံအသွင်။ ။ ရွှေမင်ပုံသား၊ ညွန့်ညွန့်ထွားသည်၊ မယ်ဘွားအိမ်ကြီးရှင်ငဲ့။ ။ လွန်စည်ပင်သည်၊ ရေယဉ်တွေတွေစီး။ ။ ဝတိန်မှန်းလောက်၊ ရန်မျိုးပျောက်သည်၊ ဖြိုးမောက်စာရေမှီးရွေ့။ ။ ပျော်မငြီးသည်၊ ခေါ်မှီးလွန်သာယာ။ ။ တိုင်းကြီးအရိဋ္ဌ၊ အမည်ရသည်၊ ဌာန,မောင့်ပျော် ရာတဲ့။ ။ ကြောင်းခြင်းရာမှာ၊ သက်လျာထင်ရွှေနား။ ။ ထိုပြည်ပုရ၊ အရိဋ္ဌဝယ်၊ ဓမ္မကျင့်ဆယ်ပါးနှင့်။ ။ လူအများကို၊ လေးပါးသင်္ဂဟ။ ။ ချီးမြှင့်မြှောက်စား၊ ထိုမင်းဖျား၏၊ ထံပါးစက်မွေ့ရာ ဝယ်။ ။ မြဲမကွာသည်၊ မေတ္တာအလွန်ပွါး။ ။ ရွှေချိုင့်ရတနာ၊ တင့်တယ် စွာဝယ်၊ ဩဇာကြံချိုပျားနှင့်။ ။ တူစံစား၍၊ နှစ်ပါးပျော်စဉ်ခါ။ ။ ကံကြမ္မာယွင်း၊ မောင့်သက်နှင်းကို၊ သေမင်းယူဆောင်ရှာခဲ့။ ။ ညှိုးဗျာပါ သည်၊ မောင့်မှာဖြေမအေး။ ။ ကြင်ဖော်ပြာအိ၊ မယ်သာလိကြောင့်၊ နွမ်းချိမောင့်မှာဆွေးရွေ့။ ။ တရေးရေးနှင့်၊ ကြံတွေးပိုသောခါ။ ။ သခင်မင်းဖျား၊ လွန်သနား၍၊ အပါးခေါ်ပြီးခါလျှင်။ ။ ကျေးလိမ္မာငယ်၊ ဗျာပါစိုးနှင့်နော်။ ။ မိတ်ဆွေတော်ရင်း၊ ပဉ္စာမင်း၏၊ ထံရင်းရွှေချိုင့်ပျော်တဲ့။ ။ သတင်းကျော်သည်၊ ကြင်ဖော်မောင့်ဖို့ရာ။ ။ လိမ္မာရေးသိ၊ မယ်သာလိ ကို၊ ကျွမ်းသိဖွဲ့ချေပါဟု။ ။ နုတ်သံသာသည်၊ မင်းလျာစေတော်ရေး။ ။ သည်အကြောင်းသာ၊ မောင်ကြီးလာသည်၊ လဲ့ပြာငွေဖော့သွေးငဲ့။ ။ မြင့်ကြာဝေးသည်၊ ဟိုရှေးကမ္ဘာဘာ။ ။ ချရေစက်လောင်း၊ ဖူးစာ ဟောင်းဖြင့်၊ နွှဲ့နောင်းမောင်နှင့်ပါသည်။ ။ သက်ရာကြင်မဆုံးငဲ့လေ။ ။ သည်တသက်ပန်၊ မေတ္တာဆံ၍၊ မောင်နှံပျော်ကြအုံးစို့လေး။

လဲ့သူဇာပျော်မြန်း၊ ဖော်နန်းကြော့စက်ရာ၊ တော်သန်းဖော့ လက်ယာကို၊ ဆက်ပဏ္ဏာကုံင၊ စံရွှေချိုင့်ရံရဝေမှာ၊ တကိုယ်ရေ ထွန်း တဲ့ရွှေလ။ ။ ဖိုးပြည်တန်စိန်မြနှင့်၊ ရွှေသိင်္ဂဝင်းဝေ၊ ဇမ္ဗူမှ့်စံရွှေမှာ၊ ရံမဟေရွယ်ကိုး၊ နှစ်ကိုယ်တွေ့ ညောင်ယံမှာ၊ တသက်ပန်နှင့်မယ်လို့ကြိုး။

တိုင်းပြည်ဌာန၊ ကြောင်းကိစ္စကို၊ သူဝပြောတုံပြန်။ ။ သာလိ တင့်ရဲ၊ မာယာခဲလျှင်၊ ဝမ်းထဲပလီဉာဏ်နှင့်။ ။ ကိုတမန်သည်၊ မြီးတံ သွယ်နွှဲ့ပါး။ ။ အကြောင်းစေ့စုံ၊ မောင်လာပုံကို၊ အကုန်သည် မယ်ကြားပေါ့။ ။ တပြည်သားကို၊ ပျိုအားနာငဲ့နော်။ ။ မောင့်မှာကျေးသား၊ မယ်ဘွားဆရက်၊ မျိုးမယှက်သည်၊ အဖက်မသင့်လျော်ဘူး။ ။ အကြောင်း မြှော်၍၊ စေတော်မူသည့်အရေး။ ။ အမျိုးမတူ၊ ပေါင်းဖော်ဟူသည်၊ လူ၌မဖွယ်သေးခဲ့။ ။ သည်အရေးကို၊ ရွှေကျေးမြှော်ပရှင်။ ။ သက်နှံတူမျှ၊ မတော်လှလို့၊ ပျိုကရွှေနားတင်သည်။ ။ ရွှေစင်ကြော့ကြော့ဆုံးငဲ့လေး။ ။ ရွှေပြည်ဌာနေ၊ မောင့်ရပ်မြေသို့၊ သက်ဝေပြန်ရှာအုံးတော့လေး။

မြသက်တင်လျှပ်သွေး၊ နတ်ဆေးစုမိလ္လာ၊ ထင်ရေးနုတိမ်လွှာလို၊ ထိန်ရောင်ဝါမြူကင်း၊ မင်သ,တဲ့တောင်ပံမှာ၊ ခါနိယံ,မြရောင်ပလင်း။ ။ ကိုတမန်လဲ့ဝင်းနှင့်၊ နွှယ်ကင်းလို့မျိုးကွာ၊ သည်အဖြစ်တသန္တာန်မှာ၊ ဖူးစာကံသွေလွှဲ၊ ထိုဘဝသံသာ၊ တသက်လျာကြိုးစို့ရွှေခဲ။

ရွှေပလ္လင်တင့်၊ ဇေယျာမြင့်ဝယ်၊ အောင်ပွင့်ပန်မည်သူ။ ။ တဘုန်းကျွန်ကောင်း၊ ကျေးနွှဲ့နောင်းလျှင်၊ ထပ်လောင်းကြံပုံယူရွေ့။ ။ ပဉ္စာသူသည်၊ ဖြာဖြူမယ်ဆရက်။ ။ ထုံးပုံသက်သေ၊ မောင်ကြီးဖွေအံ့၊ သက်ဝေရွှေနားရွက်ပ။ ။ အောင်မြေချက်သည်၊ ကနက်ထီးစိုက်ရာ။ ။ ဒွါရာဝတီ၊ ပြည်ဌာနီဝယ်၊ စုံစီဘုန်းပညာနှင့်။ ။ မည်သညာသည်၊ သာယာကျော်သတင်း။ ။ ဝါသုဒေဝ၊ အမည်ရသည်၊ နရတွက်မှန် ကင်းလျှင်။ ။ သရေကင်းသည်၊ သတင်းလွန်ယုတ်မာ။ ။ ဒွန်းစဏ္ဍားမ၊ မျိုးဟီနကို၊ ခဏယူဆောင်ကာလျှင်။ ။ စံထောင်ညာသည်၊ မေတ္တာ အလွန်ထူး။ ။ အမျိုးယုတ်ငြား၊ ဒွန်းစဏ္ဍားနှင့်၊ ချစ်အားတူကြဖူး၏၊။ ပုံတထူးကို၊ ဆိုဦးမယ်ကွဲ့နော်။ ။ ရသေ့တစ်ပါး၊ မြိုင်တောဖျားဝယ်၊ တရားကျင့်သုံး ပျော်ခဲ့။ ။ တရံသော်လျှင်၊ ယွင်းချော်အကျင့်မှား။ ။ ရဋ္ဌဝတီ၊ ကိန္နရီနှင့်၊ စုံညီသူပျော်ပါး၏၊။ အမျိုးခြားသည်၊ ဇာတ်အား မတူရှာ။ ။ လူမျိုးမြတ်မှန်၊ တိရစ္ဆာန်နှင့်၊ သက်ပန်ကြင်ဖူးပါ၏၊။ ထုံးနည်းနာကို၊ ဖွေရှာမောင်ကပေး။ ။ အမျိုးအနွယ်၊ မတူတယ်လို့၊ သက်လှယ်စိတ်မလေးနှင့်။ ။ လှရုပ်ဖွေးငဲ့၊ မယ်ထွေးတို့လိုကြံ။ ။ ငွေဇဝါရေး၊ သပြာသွေးငဲ့၊ နှောင့်နှေးမသွေလှန်နှင့်။ ။ တသက်ပန်သည်၊ ကြင်ရန်မယ်တစ်ပါး။ ။ ပဉ္စာသူဘုန်း၊ သဇင်ကုံးကို၊ လုံးလုံးမောင်ထင် စားရွေ့။ ။ ပျော်စံစားသည်၊ ရပ်ခြားတပြေသာ။ ။ မယ်သာလိအား၊ မောင်ကိုးစား၍၊ မနားပျံခဲ့လာသည်။ ။ လဲ့ပြာ-ပင်ဂမုန်းငဲ့လေ။ ။ ရပ်ဝေးမြေတာ၊ တပြေလာကို၊ အားနာတော်မူကြအုံးကွဲ့လေး။

ငွေဇဝါမင်လွဲ၊ ပင်စပယ်မွှေးထုံ၊ ယဉ်နွဲ့နွဲ့ကြေးမုံကို၊ အရေးကုန် ရွယ်တုန်း၊ မယ်သာလိပဉ္စာပျော်ငယ်၊ စုံနှစ်ဖော် နှင်းစို့သက်ဆုံး၊ ပဉ္စာနယ် ပေါ်လုံးမှာ၊ ကျော်ချုံးတဲ့မှန်းသူ၊ တော်သုံးတဲ့နန်းသူငယ်၊ ဆန်းမူတော်ပိုနှင့်၊ ချိုမယ်နှင့် ခါးမယ်ကို၊ မထားကွယ်မင်းဆိုတန်သင့်။

ထုံးနည်းပုံပြ၊ ရှေးကြောင်းစကို၊ သူဝဆိုသောခါ။ ။ မာယာ ဆန်းချည့်၊ ကမ်းမရှိသည်၊ သာလိဆရက်ပြာလျှင်။ ။ လွန်ကြင်နာသည့်၊ မေတ္တာအကုန်ပွါး။ ။ မြင်ကတဲက၊ ကျေးသူဝကို၊ လှလှကြင်မယ်သားနှင့်။ ။ စိတ်မှာထားသည်၊ နှုတ်ဖျားသူတဖန်။ ။ မာယာကပေါ၊ ပြောင် ချောချောသည်၊ သဘောမမျှဟန်နှင့်။ ။ ကိုတမန်သည်၊ သက်နှံ တပြည်သား။ ။ မောင်အာဂန္တု၊ စိမ်းနုနုကို၊ ရွှေဥမယ်သနားငဲ့။ ။ သို့သော်ငြားမူ၊ နောင်အားမြှော်ရပြန်။ ။ မဲ့ပြင်တပါး၊ မောင်ကျေးသားမှာ၊ ရည်စားရှိခဲ့ပြန်သော်။ ။ မျိုးမမှန်သည်၊ ရုပ်ဟန်မတူဘဲ။ ။ အသွင်ပြာညှိုး၊ အဆင်းဆိုးသည်၊ အမျိုးဆရက်မွဲဟု။ ။ သွေရှောင်လွဲ၍၊ ရွှေခဲပစ် လိမ့်မယ်။ ။ ဟိုနောင်ဖို့ရေး၊ မြှော်ကာတွေး၍၊ ပျိုလေးမောင့်ကိုဖယ် သည်။ ။ မြီးသွယ်တောင်ပံကြော့ငဲ့လေ။ ။ ရပ်ဝေးဌာနေ၊ မောင်တိုင်း ပြေသို့၊ သက်ဝေပြန်ရှာတော့ကွဲ့လေး။

သူ့ဟန်ပန်ပျိုးထွားနှင့်၊ ချိုစကားပျူငှါ၊ ကိုသူဝမှာတရာငယ်၊ ကြံရာလေခက်ထောင်း၊ ဟိုနောင်ဖို့ကြင်ရာမှာ၊ ပူဗျာပါဆွေးမဲ့အကြောင်း။ ။ မြတောင်ပံပြော့ပျောင်းနှင့်၊ ဖော့ဖယောင်းရုပ်ဟန်၊ ရင်နွှဲ့နောင်းမြ သန္တာန်ငယ်၊ ပြန်တော်လေမူအုန်း၊ ထင်စားလို့မောင်လာ၊ မြှော်မြှော်ကာ, အားနာငဲ့ဘုန်း။

မြေပထဗျာ၊ ဗွေအာကာနှင့်၊ အဏ္ဏဝါဆုံး၊ ဉာဏ်ဝါချုန်းသည်၊ စက်ဘုန်းတောက်လို့လျှံ။ ။ လောင်းမြတ်ကျွန်ရင်း၊ ရဲမာန်တင်းသည်၊ ကျေးမင်းငါတမန်လျှင်။ ။ လိမ္မာဉာဏ်သည်၊ ပိုလျှံတူမမျှ။ ။ မာယာ သိန်းသန်း၊ ပွေလီဆန်းသည်၊ ပျိုဖျန်း ဆရက်မလျှင်။ ။ ငါသူဝကို၊ လှလှကြင်ပေါ့နော်။ ။ မကြင်လိုမှု၊ ဟန်သာပြုသည်၊ ယခုစမ်းလျှင်တော် လိမ့်။ ။ စိန်ချိုင့်ပျော်သည်၊ ရွှေလှော်မယ်ဆရက်။ ။ ဝေးရပ်မြေတာ၊ မောင့်ကိုသာမူ၊ မေတ္တာမယ်မသက်လျှင်။ ။ ပြည်ကထွက်သည်၊ နေ့ရက်ကြာပေါ့ကွယ်။ ။ ရွှေပြည်ပုရ၊ စံဌာနသို့၊ မောင်လှပြန်တော့ မယ်ဟု။ ။ သတင်းကြွယ်သည်၊ ရွှေသွယ်ယဉ်စဆုံး။ ။ စိန်ချိုင့်ပျော်ပါး၊ တကိုယ်စားလျှင်၊ မယ်ဘွားစံရစ်အုန်းတော့။ ။ ဇမ္ဗူလုံးဝယ်၊ ပတ်ကုံး ပြည်တကာ။ ။ ရာထောင်သိန်းသောင်း၊ ရွှေချိုင့်အောင်းသည်၊ နွှဲ့နောင်း ဆရက်ပြာဖို့။ ။ သည်မောင့်မှာလျှင်၊ ကြင်ရာဘယ်မရှား။ ။ သာလိဖြူပြာ၊ မယ်လိုဟာကို၊ ဖွေရှာဆောင်ယူသွားအံ့။ ။ ပြာပြာထွားငဲ့၊ ပျော်ပါးရစ် တော့နော်။ ။ မိကိုတင်စား၊ လာမိမှားဟု၊ စကားရအောင်ခေါ်သည်။ ။ တိုက်ကျော်တဉာဏ်ဆန်းလို့လေ။ ။ သာလိပြာဖြူ၊ ပဉ္စာသူကို၊ အမူသိ အောင်စမ်း၏လေး။

မေတ္တာတော်မယ်မမျှ၊ အောင်ဌာနတိုင်းမြေ၊ စံဘုံကြော့ရဝေကို၊ ပြန်မယ်လေတစ်ခုဘဲ။ ။ ထင်စားလို့မောင်လာ၊ သာလိပြာ-မင်းဂုဏ် ကကဲ။ ။ ပလီဉာဏ်မာယာခဲနှင့်၊ ထင့်ကရဲ-သူပို၊ ဆရက်မွဲမယ်လိုကို၊ သည်ကိုယ်မှာမရှား။ ။ သောင်းရပ်မြေ-ဇမ္ဗူနယ်မှာ၊ ရှာရင်ကွယ်၊ သိန်းနန္တများ။

ကျေးညိုလဲ့ဝင်း၊ နှုတ်သံညှင်းနှင့်၊ အတင်းဆိုသောအခါ။ ။ သာလိနွှဲ့နောင်း၊ ညှိုးခွေပျောင်းသည်၊ ဖယောင်းနေထိရှာသို့။ ။ သက် မသာသည်၊ ရင်မှာပွင့်ကမန်း။ ။ ဇောချွေးယိုအိ၊ ကိုယ်လုံးချည့်သည်၊ မီးထိရွှေကြာ နွမ်းသို့။ ။ ရှိုက်ကာပန်းသည်၊ ညှိုးသန်းသေလုယောင်။ ။ ပြန်လိုစကား၊ သံကိုကြား၍၊ ပူအားမီးသို့လောင်ခဲ့။ ။ ကျေးမြရောင်သည်၊ ရွှေတောင်တပြည်ဘုန်း။ ။ မကြီးကြင်ဖော်၊ လှသော်မော်ငဲ့၊ ပျော်ပျော်စံ ပါအုန်းတော့။ ။ ပျိုသက်လုံးသည်၊ ရွှေကုံးပုလဲညှာ။ ။ ဩဇာပိန္နဲ၊ သီးချိုရွဲကို၊ ရွှေခဲသုံးတဲ့ပါရှင့်။ ။ မှုရေးရာကို၊ မြန်စွာမပြုကောင်း။ ။

ဖြေးဖြေးသက်သာ၊ ပြုမှသာလျှင်၊ လိုရာပြီးလွယ်ကြောင်းတဲ့။ ။ နွှဲ့နွှဲ့နောင်းငဲ့၊ အကြောင်းသိလိမ့်ရှင်။ ။ မောင့်ပြင်တစ်ပါး၊ သည်မယ် ဘွားမှာ၊ အားကိုးဖော်မမြင်ဘူး၊ ပျို့သခင်သည်၊ ရွှေစင်မယ့်လည်ဆွဲ။ ။ သက်တသက်ပန်၊ မသွေလှန်သည်၊ သက်နှံမယ်နှင့်ခဲစို့။ ။ စိန်ချိုင့်ထဲမှာ၊ ရွှေခဲမောင်နှင့်မယ်။ ။ သစ္စာထုံသင်း၊ ကိုယ်လုံးနှင်း၍၊ ချစ်တင်းပျော် စို့ကွယ်ဟု။ ။ နှုတ်သံနွယ်နှင့်၊ သွယ်သွယ်မိန့်ပြီးခါ။ ။ ကျေးညိုရွှေခက်၊ မယ်ဆရက်တို့၊ နှစ်သက်ပျော်ကြ ရှာသည်။ ။ မေတ္တာအလွန်ပွါး၏လေ။ ။ ချစ်ကြိုးမြဲမြံ၊ သက်ဆုံးပန်၍၊ မောင်နှံတူပျော်ပါး၏လေး။

ဝသုန္ဒြာ၊ မြေပမာသို့၊ ပညာညောင်းရင့်၊ ဂုဏ်ပေါင်းတင့်သည်၊ လောင်းပွင့်ဗောဓိနွယ်။ ။ မဟော်ဘုန်းရှိ၊ ရဲဖော်ညှိသည်၊ ကဝိကျေးဉာဏ် ကြွယ်လျှင်။ ။ ပျော်စံပယ်သည်၊ မောင်မယ်ရွှေချိုင့်တွင်း။ ။ သာလိကြေးမုံ၊ အရေးကုန်လျှင်၊ လုံးစုံမောင့်ကိုနှင်းပေါ့။ ။ ကျော်သတင်းနှင့်၊ ကျေးမင်း ငါတမန်။ ။ လာသည့်အရေး၊ ပြီးတဲ့သေးအောင်၊ မေးချိန်အခါတန်ပေါ့။ ။ တသက်ပန်သည်၊ ဧကန်ကြိုးမဲ့သူ။ ။ သိလိုချင်ရေး၊ မောင်ကမေးရင်၊ မယ်ထွေးပြောတော်မူဟု။ ။ သတင်းကြူသည်၊ ဇမ္ဗူကျွန်းအမော်။ ။ ပဉ္စာတိုင်းကြီး၊ စိုးစံမှီးသည်၊ စောထီးမင်းမြတ်ကျော်၏၊။ ပင်တိုင် ပျော်သည်၊ ရွှေလှော်ချစ်သမီး။ ။ ငွေပုဏ္ဏမာ၊ ယုန်စန္ဒာသို့၊ မူရာရှုမငြီးကို။ ။ လွန်ကျော်ချီးသည်၊ တိုင်းကြီးမိမိလာ။ ။ ထီးဖြူအုပ်စိုး၊ ဘုန်းရောင်ဖြိုး သည်၊ သတိုးထွတ်ရာဇာလျှင်။ ။ မိတ်ကလျာသည်၊ မေတ္တာဆက်ဆံ ပေါင်း။ ။ မယ်စန္ဒီနတ်၊ သမီးမြတ်နှင့်၊ လက်ထပ်နှင်းလိုကြောင်းကို။ ။ ပျော်စံညောင်းသည်၊ တိုင်းပေါင်းပြည်တကာ။ ။ ဇမ္ဗူသောင်းတွင်း၊ ရပ်ခပင်းဝယ်၊ သတင်းလွန်ကြေညာ၏၊။ မောင့်သက်လျာငယ်၊ ပျိုဝါမကျန်ကြွင်း။ ။ မယ်သာလိကာ၊ ဆရက်ပြာငဲ့၊ သေချာမောင့်ကို ထင်းဟု။ ။ နှုတ်သံညှင်းနှင့်၊ လဲ့ဝင်းကျေးရွှေလှော်။ ။ ချော့မော့ချိုအေး၊ သိလိုရေးနှင့်၊ ဆွေးနွေးစကားခေါ်သည်။ ။ ဘုန်းမော်တမန်ရဲမို့လေ။ ။ ကြံပရိယာယ်၊ ပြိုင်မဆွယ်သည်၊ ဉာဏ်ကြွယ်ကျေးရွှေခဲတဲ့လေး။

မာယာတောင်ရှိ၊ လိမ္မာသိသည်၊ သာလိရွှေချိုင့်ပျော်။ ။ တမန် ကျေးသား၊ မေးစကားကို၊ ထောင်နားထင်မိသော်လျှင်။ ။ လှသော် မော်သည်၊ ရွှေလှော်မယ့်ချစ်ကြွေး။ ။ နိမိတ်ဆိုးဝါး၊ သည်စကားကို၊ သက်ထားမောင်မမေးနှင့်။ ။ မြရောင်ပြေးသည်၊ ရွှေကျေး ပျို့ကြင်ဖော်။ ။ မင်္ဂလာတွေ့၊ သည်ယနေ့မှာ၊ ပြောမွေ့မသင့်လျော်ဘူး။ ။ စိန်ချိုင့် ပေါ်မှာ၊ ပျော်ပျော်မောင်စံစား။ ။ ထွေထွေရာရာ၊ ခက်ခဲစွာကို၊ ကျေးဝါမကြံအားနှင့်။ ။ မယ်စကားကို၊ ရွှေနားထင်ပနော်။ ။ အလွန်ခဲလှ၊ သည်ကိစ္စကို၊ မယ်လျပြောမတော်သည်။ ။ ကြင်ဖော် ကျေးညိုမြငဲ့လေ။ ။ နိမိတ်နာမာ၊ မကောင်းစွာကို၊ သက်လျာသိလိုနှင့်ကွဲ့လေး။

အောင်မြေမဏ္ဍိုင်၊ ဗောဓိမြိုင်ဝယ်၊ လေးခိုင်ညွန့်လန်း၊ သစ္စာ ပန်းကို၊ ဆွတ်လှမ်းချွေမည့်သူ။ ။ လက်ယာဖွေကုံး၊ သပြေလုံးဝယ်၊ ရွှေဘုန်းတလူလူနှင့်။ ။ ဗုဒ္ဓင်္ကူသည်၊ နှစ်ဆူပြိုင်မနှုန်း၊ မဟော်လောင်းနတ်၊ အရေးတတ်သည်၊ ကျေးမြတ်ဒါလီကုံးလျှင်။ ။ သံချိုပြုံးသည်၊ သက်ဆုံးကြင်မဲ့သူ။ ။ လဲ့ပြာညိုညက်၊ မယ်ဆရက်ကဲ့၊ ဆက်ဆက်ပြော တော်မူမှ။ ။ လဲ့ပြာဖြူသည်၊ ကြင်သူလှရုပ်သွေး။ ။ နှစ်ကိုယ်ဖော်ကြား၊ သည်စကားကို၊ မယ်ဘွားဆိုသင့်သေးငဲ့။ ။ သည်အရေးကို၊ ရွှေသွေး မဆိုလျှင်။ ။ မောင်နှင့်မယ်ထွေး၊ သည်တွင်ဝေးဖို့၊ အရေးကြုံသည်ထင်ခဲ့။ ။ ဖော့ငွေပင်သည်၊ သဇင်ကြော့ကြော့ဆုံး။ ။ အရေးမလို၊ မယ်မဆိုလျှင်၊ နှစ်ကိုယ်သည်တွင်မုန်းပေါ့။ ။ လှချိုပြုံးငဲ့၊ အဆုံးဆိုစို့ကွယ်။ ။

တကယ်ပင်ပ၊ မပြောကြလျှင်၊ မောင်လှပြန်တော့မယ်ဟု။ ။ မာယာ ကြွယ်သည်၊ ရွှေသွယ်တမန်မှူး။ ။ စကားလိမ္မာ၊ နှုတ်သံသာနှင့်၊ ကျေးဝါရဲ ခေါင်ကြူးလျှင်။ ။ ဉာဏ်စိတ်ကူးသည်၊ အထူးသူ့ထက်ပို။ ။ သာလိပြာမွဲ၊ မသွေလွှဲအောင်၊ ရဲရဲအတင်းဆိုသည်။ ။ ကျေးညိုတမန်မှူးတဲ့လေ။ ။ အရေးအရာ၊ လွန်လိမ္မာသည်၊ ပညာသူ့ထက်ထူး၏လေး။

ကျေးညိုမြသား၊ ထိုစကားကို၊ ကြားမိလေတဲ့လျှင်။ ။ သာလိပြာရွ၊ သူ့ရင်ဝမှာ၊ မီးစထင်သည့်သွင်သို့။ ။ လွန်ပူပင်သည်၊ မရွှင်စိတ်မှာဆွေး။ ။ သူဝလိမ္မာ၊ သူ့သက်လျာနှင့်၊ ကင်းကွာလွတ်မဲ့ရေးကြောင့်။ ။ နှုတ်သံ သေးနှင့်၊ အေးအေးဆိုပြန်ရှာ။ ။ သည်မယ့်ဆင်ပန်း၊ ယဉ်မခန်းသည်၊ ငယ်မှန်ဘုန်းသက်လျာငဲ့။ ။ ကြောင်းအရာကို၊ ပျိုဝါပြောမယ်ရှင်။ ။ သဇင်ဖော့ရိုး၊ ဆင်မညှိုးကို၊ တိုးတိုးရွှေနားဆင်အံ့။ ။ မယ့်သခင်ငယ်၊ ရွှေစင်နားတော်သွင်း။ ။ သခင်ဗြဟ္မဒတ်၊ ဆရာမှတ်သည်၊ ကေဝဋ်နှစ်ဖော် မင်းတို့။ ။ ကြံပုံရင်းကို၊ သက်နှင်းရွှေနားပန်။ ။ ပဉ္စာနန္ဒီ၊ ဒေဝီလှနတ်၊ သမီးမြတ်နှင့်၊ လက်ထပ်လိုသည့်ဟန်နှင့်။ ။ မဆက်ဆံသည်၊ ရန်သူ တပြည်မင်း။ ။ ဝိဒေဟရာဇာ၊ နရိန္ဒာကို၊ ဖြာဖြာအယုံသွင်းရွေ့။ ။ ထိုသည့်မင်းကို၊ လက်တွင်းရောက်အောင်မြူ။ ။ မာယာလှည့်ပတ်၊ ဦးခေါင်းမြတ်ကို၊ လတ်လတ်ချွေကာယူရွေ့။ ။ ကျွန်းဇမ္ဗူတွင်၊ နှစ်ဆူပြိုင်မတု။ ။ သောင်းနယ်ပတ်ကုံး၊ သပြေလုံးကို၊ မင်းဆုံးမြောက် အောင်ပြုလိမ့်။ ။ သည်အမှုကို၊ ရွှေဥမယ့်သက်ဝေ။ ။ မောင့်ပြင်တစ်ပါး၊ သည်စကားကို၊ မကြားသိပါစေနှင့်။ ။ ကြောင်းစေ့ရေသည်၊ ထွေထွေ မကျန်ကြွင်း။ ။ သခင်နှစ်ပါး၊ ကြံပုံအားကို၊ ခြားနားသိအောင်လင်းရွေ့။ ။ ရွှေချိုင့်တွင်းမှာ၊ လည်ချင်းယှဉ်မှီကာ။ ။ မေတ္တာလွန်ကဲ၊ ယုယနှွဲ၍၊ ယှဉ်တွဲပျော်ကြရှာသည်။ ။ ကြင်နာစုံမက်ဦးမို့လေ။ ။ ပဟိုရ်ညဉ့်ယံ၊ သန်းခေါင်မှန်သည်၊ လေပြန်သုတ်ကာဖြူး၏လေး။

ဉာဏ်ဝင်္ကန္တ၊ ကြံသမျှကို၊ တဝကုန်မကျန်။ ။ သာလိပြာနု၊ ကျေးရွှေဥကို၊ သိမှုအကုန်ပြန်သော်။ ။ ကျွတ်ဆုပန်သည်၊ ဘုန်းလျှံ ကျွန်တော်ကြီး။ ။ တမန်ရဲဘော်၊ ငါကျေးကျော်မှာ၊ ရေးတော် အကုန်ပြီးပေါ့။ ။ ပျော်မငြီးသည့်၊ တိုင်းကြီးမိမိလာ။ ။ သခင်ဘုန်းမြင့်၊ မြှော်ချိန်သင့်သည်၊ ပြန်ခွင့်ယခုသာခဲ့။ ။ သာလိကာသည်၊ လဲ့ပြာမယ် ဆရက်။ ။ မောင်ကြီးစကား၊ ကြံချိုပျားကို၊ ရွှေနားမယ်ထင်ရွက်ပ။ ။ ပြည်ကထွက်သည်၊ နေ့ရက်ကြာပေါ့နော်။ ။ သခင်ထိပ်ထား၊ မင်းမြတ်ဖျားတို့၊ မောင့်အားကြိမ်ကြိမ်မြှော်လိမ့်။ ။ လှသော်မော်သည်၊ ကြင်ဖော်ပြာနွှဲနောင်း။ ။ မယ်သာလိကာ၊ ဆရက်ပြာနှင့်၊ မေတ္တာနှံမိ ကြောင်းကို။ ။ ရိုညွတ်ပျောင်းရွေ့၊ ထပ်လောင်းတင်ပြီးခါ။ ။ လက် ဆောင်ထွေပြား၊ အပါးပါးကို၊ များများယူဆောင်ပါရွေ့။ ။ ဘုန်းအာ ဏာသည်၊ တေဇာလွန်ထန်ပြင်း။ ။ သာလိကြေးမြှင်၊ ငွေဖော့ပင်၏၊ သခင်ပဉ္စာမင်းကို။ ။ ဆက်သ,နှင်း၍၊ ဝပ်စင်းရိုသေစွာ။ ။ သာလိမယ်ဖွား၊ လှပြာထွားကို၊ မောင့်အားယူဆောင်ပါအံ့။ ။ ထိုအခါလျှင်၊ သက်လျာ တို့နှစ်ပါး။ ။ နေနှင့်-ငွေလ၊ ရွှေနှင့်-မြသို့၊ သက်မျှပျော်စံစားစို့။ ။ မောင့်စကားကို၊ ထောင်နားတင်ပကွယ်။ ။ အောင်မြေပုရ၊ မောင့်ဌာနသို့၊ ခဏပြန်အုန်းမယ်ဟု။ ။ ပရိယာယ်သည်၊ ဥပါယ်ထွေထွေများ။ ။ သာလိ ပြာဖြူ၊ ပဉ္စာသူကို၊ ချော့မြူယုံအောင်မျှားရွေ့။ ။ ကျေးညိုထွားသည်၊ စကားနှုတ်သံနွှယ်။ ။ အရေးကုန်လှ၊ ပြန်ချိန်ကျလို့၊ သူဝ စကား ကြွယ်သည်။ ။ ဉာဏ်ကျယ်တမန်မှူးတဲ့လေ။ ။ အရေးခဲအင်၊ စေတိုင်း တွင်သည်၊ ရွှေစင်ရဲ ခေါင်ကြူးမို့လေး။

တဘုန်းကျွန်ကောင်း၊ ကျေးနွှဲ့နောင်းသည်၊ ချိုပျောင်းနှုတ် သံသာ။ ။ ရွှေပြည်ရပ်ဟောင်း၊ ပြန်လိုကြောင်းကို၊ ခွင့်တောင်းပန်သော ခါလျှင်။ ။ နွှဲ့မူရာသည်၊ သက်လျာမြညိုသွေး။ ။ နှစ်ကိုယ်,မောင်မယ်၊ ချစ်ကြိုးသွယ်သည်၊ ရက်လယ်မကြာသေးရှင့်။ ။ ပြန်လိုရေးကို၊ ရွှေကျေး မဆိုတန်။ ။ ချစ်စ,ကြင်စ၊ ခင်မင်စကို၊ ကွဲရမတော်တန်ခဲ့။ ။ မောင့် အကြံကို၊ ပျိုပြန်မကြားချင်။ ။ တလကောင်းတန်၊ နှစ်လတန်မှ၊ သက်နှံကြွပါရှင်ဟု။ ။ ချိုသံလွင်သည်၊ မယ်ရှင်ခွင့်တောင်းရှာ။ ။ ကျေးညိုရပ်ဝေး၊ ပြန်မဲ့ရေးကြောင့်၊ ပူဆွေးသက်မသာသည်။ ။ ရွှေကြာ နေရှိန်ထိလို့လေ။ ။ သာလိမာယာ၊ ဆရက်ပြာမှာ၊ ခွေကာမှိုင်လို့ ချည့်ပေါ့လေး။

မောင်ကြီးအသက်၊ စိန်ရွှေခက်သည်၊ ဆရက်မယ်လိမ္မာ။ ။ ရာသက်လုံးစွဲ၊ ကြင်မရဲသည်၊ မြခဲနုပြာပြာငဲ့။ ။ ပုလဲညှာသည်၊ သိင်္ဂါဒါလီကုံး။ ။ ခုနစ်ရက်တာ၊ များမကြာသည်၊ သက်လျာမြှော်နှင့် အုန်းတော့။ ။ သဇင်ကုံးသည်၊ သက်လုံးနှံမေတ္တာ။ ။ သစ္စာချိန်းချက်၊ ဆိုသည့်ရက်ကို၊ ဆက်ဆက်ရောက်အောင်လာအံ့။ ။ ရွှေချိုင့်သာမှာ၊ ပျိုဝါမယ် ယဉ်ဆုံး။ ။ ခုနစ်ရက်သာ၊ များမကြာလျှင်၊ ပျိုဝါမြှော်ရစ်အုံး တော့။ ။ ရက်မဆုံးခင်၊ မောင်ဘုန်းပြန်မယ်နော်။ ။ ဝဠာဘွေနန်း၊ ပြန်မဲ့လမ်းကို၊ ယော်ယမ်းမယ်ကမြှော်ရွေ့။ ။ ရွှေချိုင့်ပေါ်ဝယ်၊ ပျော်ပျော် စံသင့်သေး။ ။ သာလိရွှေလှော်၊ မောင့်ပြောဖော်ငဲ့၊ စိတ်တော်မယ်မ ဆွေးနှင့်။ ။ သံချိုအေးသည့်၊ ဖော့သွေးရွှေသဇင်။ ။ သာကြည်ရွှင်လန်း၊ ဆင်မခန်းငဲ့၊ ခွင့်လမ်းသာစေချင်သည်။ ။ ရွှေစင်မောင့်ချစ်ဦးငဲ့လေ။ ။ စံမြန်းအောင်မြေ၊ မောင့်တိုင်းပြေမှာ၊ တာရှေကြာ ရဘူးကွဲ့လေး။

သည်မဲ့သက်လုံး၊ ကြင်မဆုံးသည်၊ ရွှေကုံးပုလဲမြှင်။ ။ ကြိမ်ကြိမ် ဖန်ဖန်၊ မယ်တောင်းပန်သည်၊ သက်နှံနားမဝင်ခဲ့။ ။ ပျို့သခင်သည်၊ ထိပ်တင်စံပယ်ကုံး။ ။ မယ်တားမနိုင်၊ သက်လုံးပိုင်ငဲ့၊ ဘုန်းခိုင်ကြွရှာ အုံးတော့။ ။ ချစ်မဆုံးသည့်၊ ဂမုန်းမယ်သက်ဝေ။ ။ ခုနစ်ရက်အား၊ သစ္စာထားသည်၊ စကားမှန်ပါစေရှင့်။ ။ သဇင်ခွေသည်၊ ပင်ရွှေဒါလီကုံး။ ။ ခုနစ်ရက်တာ၊ အခွင့်သာသည်၊ သက်လျာကြွရှားအုံးတော့။ ။ ရက်လည်ဆုံးရွေ့၊ မြကုံးမလာလျှင်။ ။ လွမ်းအင်ဆွေးလျက်၊ မယ် ဆရက်မှာ၊ ဆက်ဆက်သေလိမ့်ထင်ခဲ့။ ။ ကြော့ကေရှင်သည်၊ သခင်ပျို့ ချစ်ဆုံး။ ။ စံတိုင်းဌာနေ၊ မောင့်ရပ်မြေသို့၊ သက်ဝေကြွရှာ အုံးတော့။ ။ မျက်ချေဆုံးအောင်၊ ရွှေကုံးမြှော်လိုက်မယ်။ ။ မျက်ရည်ယိုစီး၊ သေလုနီးအောင်၊ ပူမီးမယ့်မှာကြွယ်သည်။ ။ ရွှေသွယ်တပြည်သားမို့လေ။ ။ မယ်ကပိုင်ပိုင်၊ တားမနိုင်သည်၊ ပူလှိုင်မယ့်မှာငဲ့လေး။

သောင်းလောကဓာတ်၊ သပြေရပ်ဝယ်၊ နေနတ်ဥဏ္ဏကူ။ ။ သမ္ဘာရောင်ရင့်၊ ရန်မှောင်လွှင့်သည်၊ နောင်ပွင့်ပေမဲ့ သူဟု။ ။ ကျော်လှိုက် ဆူသည်၊ ဇမ္ဗူနယ်အတွင်း။ ။ သိကြားဖန်တော့၊ ကြံမလျှော့သည်၊ မဟော့ကျွန်တော်ရင်းတဲ့။ ။ ရဲမာန်တင်းသည်၊ ကျေးမင်းငါတမန်။ ။ ပဉ္စာမင်းရဲ၊ ကေဝဋ်မွဲတို့၊ ခက်ခဲအကောက်ဉာဏ်ကို။ ။ ကြွင်းမကျန်သည်၊ ဧကန်သိပေါ့လေ။ ။ သခင်သက်နှင်း၊ ထံတော်ရင်းသို့၊ ချက်ချင်းပြန်တော့ ပေအံ့။ ။ ကြင်ဖော်ဆွေသည်၊ သက်ဝေ မိသာလိ။ ။ သေလိုသေပင်၊ ရှင်လိုရှင်ဟု၊ စိတ်တွင်အကြံရှိရွေ့။ ။ မှန်းမသိသည်၊ သာလိဆရက်ပြာ။ ။ ငါတမန်ကျေး၊ လာသသည်ရေးကို၊ ကြံတွေးမသိကြာခဲ့။ ။ သည် တခါမှာ၊ လိုရာကိစ္စပြီး။ ။ လေပြေလွှင့်ထင်၊ မြူမင်းသွင်သည်၊ ကောင်း ကင်ဘွေခရီးဖြင့်။ ။ စံပျော်မှီးသည်၊ တိုင်းကြီးမိမိလာ။ ။ ရှုကာမြှော်မှန်း၊ ရော်ကာရမ်း၍၊ ရစ်သန်းပျံလေရှာသော်။ ။ ဘွေဝလာသည်၊ စွေရွာ ကြိုးလုအောင်။ ။ တိမ်ပြဓာန်တွဲ့၊ လေပြန်သွဲ့သည်၊ နွဲ့နွဲ့ကြွေ မယောင်နှင့်။ ။ မြူတိမ်မှောင်သည်၊ လျှပ်ရောင်ထပြင်ကြဲ။ ။ တောင် ပံမြသွေး၊ ဖြန့်ကာမှေးသည်၊ ရွှေကျေးတိမ်ကိုခွဲရွေ့။ ။ ကောင်းကင်ထဲမှာ၊ ရွှေခဲကျေးလိမ္မာ။ ။ အဖော်မနီး၊ လေဟုန်စီး၍၊ ကိုယ်ထီးပျံခဲ့လာသော်။ ။ မိမိလာသည်၊ အောင်ချာသူပျော်မြဲ။ ။ သံသာကျူးကျော်၊ မြို့ကြီးပေါ်မှာ၊ ကျော်ကာကျော်ကာဝဲရွေ့။ ။ စံအိမ်ထဲသို့၊ ရွှေခဲဝင်ပြီးခါ။ ။ သခင်ထိပ်မိုး၊ ဗောဓိမျိုးကို၊ တိုးတိုးတင်လေရှာသည်။ ။ ရေးရာမကျန်ကြွင်းပလေ။ ။ ကြံပုံစည်ပုံ၊ အလုံးစုံကို၊ အကုန်နားတော် သွင်း၏လေး။

နိဋ္ဌိတံ အနာယာသေန၊ ဆေကကာမေန ကဝိနာ။ ပေက္ခန္တုစ ပဂုဏန္တု၊ ပုနပုန္နံ ယထာစိတ္တန္တိ။ ။

မဟော်ကျေးစေခန်းရတု-ဤတွင် ပြီး၏၊

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse