မဟာသီလဝဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁။ မဟာသီလဝဇာတ်

ဧကကနိပါတ်-အာသီသဝဂ်

၁။ မဟာသီလဝဇာတ်

ဝီရိယကို မလျှော့သောကြောင့် ပျက်စီးသောစည်းစိမ် တဖန်ဖြစ်လာသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာသီသေထေဝ ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာသီလဝ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လျော့သော ဝီရိယရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် လျော့သော ဝီရိယရှိသော ရဟန်းကို ရဟန်း သင်သည် လျှော့သော ဝီရိယရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်ကြောင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော သာသနာတော်၌ရဟန်းပြု၍ ဝီရိယကိုလျော့သနည်း၊ ရှေး၌ ပညာရှိတို့သည် မင်းအဖြစ်မှယုတ်ကုန်၍လည်း မိမိဝီရိယ၌တည်၍ ပျက်စီးပြီးသော စည်းစိမ်အခြံအရံကိုလည်း ဖြစ်စေဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာဏသီမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ သီလဝ သတို့သားဟူသော အမည်ကိုမှည့်ကုန်၏။ ထိုဘုရားလောင်းသည် တဆယ့်ခြောက်နှစ် အရွယ်ရှိလတ်သော်လျှင် အလုံးစုံသော အတတ်၌ အပြီးသို့ရောက်၍ နောက်အဘို့၌ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်သည်ဖြစ်၍ မဟာသီလဝ အမည်ရှိသော မင်းသည် ဖြစ်၏။ တရားကိုစောင့်၏။ တရားသဖြင့် မင်းပြု၏။ ထိုမဟာသီလဝမင်းသည် ဗာရာဏသီမြို့ဝယ် တံခါးလေးမျက်နှာတို့၌ လေးဆောင်, မြို့လယ်၌ တဆောင်, နန်းတော်တံခါး၌ တဆောင်, ဤသို့ ခြောက်ဆောင်ကုန်သော အလှူတင်းကုပ်တို့ကို အမြဲဆောက်လုပ်စေ၍ အထီးကျန်သသူ ခရီးသွားသောသူတို့အား အလှူပေး၏။ သီလစောင့်၏။ ဥပုသ် ဆောက်တည်ခြင်းကို ပြု၏။ ခန္တီ မေတ္တာ ကရုဏာနှင့် ပြည့်စုံ၏။ ရင်ခွင်၌ နေသောသားကို နှစ်သိမ့်စေဘိသကဲ့သို့ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို နှစ်သိမ့်စေလျက် တရားသဖြင့် မင်းပြု၏။ ထိုမဟာသီလဝမင်း၏ တယောက်သော အမတ်သည် နန်းတော်တွင်း၌ပြစ်မှား၍ နောက်အဘို့၌ထင်ရှားသည်ဖြစ်၍ အမတ်တို့သည်မင်းအား ကြားလျှောက်ကုန်၏။

မင်းသည် စုံစမ်းသည်ရှိသော် မိမိမျက်မှောက်အားဖြင့်သိ၍ ထိုအမတ်ကိုခေါ်စေ၍ အလွန်မိုက်သောသူ သင်သည် မသင့်သည်ကိုပြု၏။ သင်သည် ငါ၏တိုင်းနိုင်ငံ၌ နေခြင်းငှါမထိုက်၊ သင်၏ဥစ္စာ သားမယားတို့ကိုယူ၍ တပါးသောအရပ်သို့ သွားလေလော ဟု တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်၏။ ထိုအမတ်သည် ကာသိတိုင်းကို လွန်၍ ကောသလဇနပုဒ်သို့သွားပြီးလျှင်ညကောသလမင်းကို ခစားသည်ရှိသော် အစဉ်သဖြင့် ကောသလမင်း၏ အတွင်းသား အကျွမ်းဝင်သူသည် ဖြစ်၏။ ထိုအမတ်သည် တနေ့သ၌ ကောသလမင်းကို အရှင်မင်းကြီး ဗာရာဏသီပြည်မည်သည်ကား ပျားကောင်မရှိသော ပျားလတို့နှင့်တူ၏။ မင်းသည်လည်း အလွန်နူးညံ့၏။ အနည်းငယ်သာလျှင်ဖြစ်သော ဗိုလ်ပါဆင်မြင်းဖြင့် ဗာရာဏသီပြည်ကိုယူခြင်းငှါ တတ်နိုင်၏ဟုလျှောက်၏။

မင်းသည် ထိုအမတ်၏စကားကို ကြား၍ ဗာရာဏသီပြည်သည်ကား အလွန်ကြီး၏။ ဤအမတ်သည်လည်း အနည်းငယ်သာလျှင်ဖြစ်သော ဗိုလ်ပါ ဆင်မြင်းဖြင့် ယူခြင်းငှါတတ်နိုင်၏ ဟု ဆို၏။ သူလျှိုခိုးသူသည် ဖြစ်ရာ၏။ ဤသို့ကြံ၍ သင်သည် သူလျှိုယောင်တကား ဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်သည် သူလျှိုမဟုတ်၊ မှန်သည်ကိုသာလျှင်ဆိုပါ၏။ အကျွန်ုပ်၏ စကားကို အကယ်၍ ယုံကြည်တော် မမူ၊ လူတို့ကိုစေ၍ ပစ္စန္တရစ်ကိုဖျက်ဆီးစေကုန်လော၊ ထိုလူတို့ကိုဖမ်း၍ မိမိအထံသို့ဆောင်သည်ရှိသော် ထိုသူတို့ကို ဥစ္စာပေး၍ လွှတ်လိုက်လတ္တံ့၊ ဤသို့ဆိုသည်ရှိသော် ကောသလမင်းသည် ဤအမတ်သည်ကား အလွန်ရဲရင့်သည် ဖြစ်၍ဆို၏။ ထိုဗာရာဏသီမင်းကို ရှေးဦးစွာစုံစမ်းအံ့ဟု မိမိ၏ မင်းချင်းယောက်ျားတို့ကိုစေ၍ ပစ္စန္တရစ်ကိုဖျက်ဆီးစေ၏။ ထိုပစ္စန္တရစ်ရွာသားတို့သည် ထိုခိုးသူတို့ကိုဖမ်း၍ ဗာရာဏသီမင်းအားပြကုန်၏။ မင်းသည် ခိုးသူတို့ကိုမြင်၍ အမောင်တို့ အဘယ့်ကြောင့် ရွာကိုဖျက်ဆီးကုန်သနည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး အသက်မွေးခြင်းငှာ မတတ်နိုင်သောကြောင့် ဖျက်ဆီးကုန်၏ဟု လျှောက်ကုန်၏။ မင်းသည် ထိုသို့ အသက်မမွေးနိုင်သော်လည်း အဘယ့်ကြောင့် ငါ့အထံသို့ မလာကြကုန်သနည်း၊ ယနေ့မှစ၍ ဤသို့သဘောရှိသောဘအမှုကို မပြုကုန်လင့်ဟု ဆို၍ ထိုခိုးသူတို့အား ဥစ္စာကိုပေး၍ လွှတ်လိုက်၏။

ထိုမင်းချင်းယောက်ျားတို့သည် သွားကုန်၍ ကောသလမင်းအား ထိုအကြောင်းကို လျှောက်ကုန်၏။ ကောသလမင်းသည် ဤမျှဖြင့်လည်း သွားခြင်းငှာမဝံ့သည်ဖြစ်၍ တဖန်စေ၍ တိုင်းလယ်၌ဖြစ်သောဇနပုဒ်ကို ဖျက်ဆီးစေ၏။ ထိုမင်းချင်းတို့ကို မဟာသီလဝမင်းသည် ထိုရှေးအတူသာလျှင်ဥစ္စာပေး၍ လွှတ်လိုက်၏။ ထိုကောသလမင်းသည် ဤမျှဖြင့်လည်းမသွားမူ၍ တဖန်စေ၍ မြို့လယ်ခရီးကို ဖျက်ဆီးစေ၏။ မဟာသီလဝမင်းသည် ထိုမင်းချင်း ခိုးသူတို့အားလည်း ဥစ္စာပေး၍လွှတ်လိုက်သည်သာလျှင်တည်း၊ ထိုအခါ ကောသလမင်းသည် ဗာရာဏသီမင်းကား အလွန်လျှင် တရား စောင့်၏။ တရားသဖြင့် မင်းဖြစ်၏ဟု သိ၍ ဗာရာဏသီပြည်ကို မင်းပြုအံ့ဟု ဗိုလ်ပါဆင်မြင်းကိုယူ၍ ထွက်၏။ ထိုအခါ ဗာရာဏသီမင်းအား အမုန်ရစ်သောဆင်ကဲ့သို့ ရှေ့ရှုလာကုန်သော်လည်း မဆုတ်မနစ်သော သဘောရှိကုန်သော မိုဃ်းကြိုးတို့သည် ဦးခေါင်း၌ကျကုန်သော်လည်း မထိတ်မလန့်သော သဘောရှိကုန်သော မဟာသီလဝမင်းသည် အလိုရှိသည်ရှိသော် အလုံးစုံသောဇမ္ဗူဒိပ်၌ မင်းအဖြစ်ကိုယူခြင်းငှါ စွမ်းနိုင်ကုန်သော တထောင်အတိုင်းအရှည်ရှိကုန်သော မပျက်သောလုံ့လ ရဲရင့်ခြင်းရှိကြကုန်သော သူရဲကြီးတို့သည် ရှိသည်ဖြစ်ကုန်၏။ ထိုသူရဲကြီးတို့သည် ကောသလမင်းလာပြီဟုကြားလျှင် မင်းသို့ကပ်ကုန်၍ ရှင်မင်းကြီး ကောသလမင်းသည် ဗာရာဏသီပြည်ကို ယူအံ့သောငှါ လာသတတ်၊ အကျွန်ုပ်တို့သည် သွားကုန်အံ့၊ ထိုကောသလမင်းကို အကျွန်ုပ်တို့၏ နိုင်ငံအပိုင်းအခြားသို့မဝင်မီ သတ်၍ယူအံ့ဟု လျောက်ကုန်၏။

မင်းသည် အမောင်တို့ ငါ့ကိုမှီ၍ တပါးကုန်သောလူတို့အား ပင်ပန်းခြင်းကိစ္စသည်မရှိ၊ တိုင်းပြည်ကိုအလိုရှိကုန်သော သူတို့သည် တိုင်းပြည်ကိုယူစေကုန်၊ မသွားကြကုန်လင့်ဟု မြစ်၏။ ကောသလမင်းသည် နိုင်ငံအပိုင်းအခြားကိုလွန်၍ ဇနပုဒ်အလယ်သို့ဝင်၏။ အမတ်တို့သည် တဖန်လည်း မင်းသို့ကပ်၍ ရှေးအတူသာလျှင် လျှောက်ကုန်၏။ မင်းသည် ရှေးနည်းဖြင့်သာလျှင် မြစ်၏။ ကောသလမင်းသည် မြို့ရိုး၌ရပ်၍ ပြည်ကိုတည်းပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပြုမည်လောဟု မဟာသီလဝမင်းအား စေလိုက်၏။

မဟာသီလဝမင်းသည် ထိုသို့သတင်းစကားကိုကြား၍ ငါ၌ စစ်ထိုးခြင်းသည်မရှိ တိုင်းပြည်ကိုယူလောဟု စကားတုံ့ စေလိုက်၏။ တဖန်လည်း အမတ်တို့သည် မင်းသို့ကပ်ကုန်၍ အရှင်မင်းကြီး အကျွန်ုပ်တို့သည် ကောသလမင်းအား မြို့သို့ဝင်စိမ့်သောငှာ မပေးကုန်အံ့၊ မြို့ပ၌သာလျှင် ထိုကောသလမင်းကို သတ်၍ ယူကုန်အံ့ဟု လျှောက်ကုန်၏။ မင်းသည် ရှေးနည်းဖြင့်သာလျှင်မြစ်၍ မြို့တံခါးကိုဖွင့်စေ၍ အမတ်တထောင်နှင့်တကွ မြတ်သောအပြင်ရှိသောပလ္လင်၌ နေ၏။ ကောသလမင်းသည် များစွာသော ဆင်မြင်းဗိုလ်ပါဖြင့် ဗာရာဏသီမြို့ကိုဝင်၏။ ထိုကောသလမင်းသည် တယောက်သောရန်သူကိုလည်း မမြင်သည်ဖြစ်၍ မဟာသီလဝမင်း၏ နန်းတော်တံခါးသို့သွား၍ အမတ်အပေါင်းခြံရံလျက် မပိတ်သောတံခါးရှိသောနန်းတော်၌ တန်ဆာဆင်ခြင်းနှင့် စပ်သော မြတ်သောအပြင်ထက်၌နေသော အပြစ်မရှိသော မဟာသီလဝမင်းကို အမတ်တထောင်နှင့်တကွ လက်ပြန်မြဲစွာဖွဲ့ခြင်းကိုဖွဲ့၍ အစိမ်းပစ်ရာသုသာန်သို့ဆောင်၍ လည်ပမာဏရှိကုန်သော တွင်းတို့ကိုတူး၍ အကြင်သို့သောအခြင်းအရာဖြင့် ပြုသည်ရှိသော် တယောက်သောသူသည်လည်း လက်ကိုချီခြင်းငှါ မတတ်နိုင်၊ ဤသို့သောအခြင်းအရာဖြင့် မြေဖို့၍ မြှုပ်ကုန်လော၊ ညဉ့်၌ မြေခွေးတို့သည်လာကုန်၍ ထိုသူတို့အား ပြုအပ်သည်နှင့် ယှဉ်သည်ကို ပြုကုန်လတ္တံ့၊ ဤသို့ ကောသလမင်း ဆို၏။

လူတို့သည် ခိုးသူမင်း၏အာဏာကိုကြားကုန်၍ မဟာသီလဝမင်းကို အမတ်တို့နှင့်တကွ လက်ပြန်မြဲစွာဖွဲ့၍ ထွက်ကုန်၏။ ထိုကာလ၌လည်း မဟာသီလဝမင်းကြီးသည် ခိုးသူမင်းအား ရန်ငြိုးဖွဲ့ခြင်းကိုလည်း မပြု၊ ဤသို့ဖွဲ့၍ ဆောင်အပ်ကုန်သော ထိုအမတ်တို့တွင်လည်း တယောက်သောအမတ်သည်လည်း မဟာသီလဝမင်း၏စကားကို ဖျက်ဆီးအံ့သောငှါ စွမ်းနိုင်သော မည်သည်မဖြစ်၊ ထိုမဟာသီလဝမင်း၏ ပရိသတ်တို့သည် ကောင်းစွာဆုံးမအပ်ပြီးသော ပရိသတ်တို့သည် ဖြစ်ကုန်သတတ်၊ ထိုအခါ မင်းချင်းယောက်ျားတို့သည် အမတ်နှင့်တကွသော မဟာသီလဝမင်းကို အစိမ်းပစ်ရာသုသာန်သို့ ဆောင်ကုန်၍ လည်ပမာဏရှိကုန်သောတွင်းတို့ကို တူးကုန်၍ မဟာသီလဝမင်းကို အလယ်၌ ကြွင်းသော အမတ်တို့ကို နံပါးနှစ်ဘက်တို့၌ ဤအလုံးစုံသောသူတို့ကို တွင်းတို့၌ချကုန်၍ မြေကိုလောင်း၍ ခိုင်ခံ့စွာသိပ်၍ သွားကုန်၏။ မဟာသီလဝမင်းသည် အမတ်တို့ကိုခေါ်၍ အမောင်တို့ သင်တို့သည် ခိုးသူမင်း၏အထက်၌ အမျက်မပြုကုန်မူ၍ မေတ္တာကိုသာလျှင် ပွားစေကုန်လောဟု ဆုံးမ၏။ သန်းခေါင်အခါ၌ လူသားကိုစားကုန်အံ့ဟု မြေခွေးတို့သည်လာကုန်၏။

ထိုမြေခွေးတို့ကိုမြင်ကုန်၍ မင်းသည်၎င်း အမတ်တို့သည်၎င်း တပြိုင်နက်လျှင် အသံပြုကုန်၏။ မြေခွေးတို့သည် ကြောက်ကုန်သည်ဖြစ်၍ ပြေးကုန်၏။ ထိုမြေခွေးတို့သည် ပြန်၍ ကြည့်ကုန်လတ်သော် နောက်မှ တစုံတယောက်သောသူ၏ မလာသောအဖြစ်ကိုသိ၍ တဖန် လာပြန်ကုန်၏။ မင်း အမတ်တို့သည်လည်း ထိုရှေးအတူသာလျှင် အသံကိုပြုကုန်၏။ ဤသို့ သုံးကြိမ်မြောက်အောင်လာကုန်၍ တဖန် ကြည့်ကုန်လတ်သည်ရှိသော် ထိုသူတို့တွင် တယောက်သောသူ၏လည်း မလာသောအဖြစ်ကိုသိ၍ ထိုသူတို့သည် သတ်အပ်သောအဖြစ်သို့ ရောက်ကုန်သောသူတို့သည် ဖြစ်ကုန်လတ္တံ့ဟု ရဲရင့်ကုန်သည်ဖြစ်၍ ပြန်၍တဖန် ထိုသူတို့သည် အသံပြုကုန်သော်လည်း မပြေးကုန်၊ မြေခွေးကြီးသည် မင်းကြီးသို့ကပ်၏။ ကြွင်းကုန်သောမြေခွေးတို့သည် ကြွင်းကုန်သောအမတ်တို့၏ အထံသို့ကပ်ကုန်၏။ မဟာသီလဝမင်းသည် ဥပါယ်၌လိမ်မာ၏။ ထိုးမြေခွေးကြီး၏ မိမိ၏အထံသို့ လာသောအဖြစ်ကိုသိ၍ ကိုက်စိမ့်သောငှါအခွင့်ပေးသကဲ့သို့ လည်ကိုမော့၍ လည်၌ကိုက်သော ထိုမြေခွေးကြီးကို မေးရိုးဖြင့်ငင်၍ ယန္တရား၌ ထည့်ဘိသကဲ့သို့ မြဲစွာကိုင်ညှပ်၏ ဆင်ပြောင်အားနှင့်တူသော အားရှိသောမဟာသီလဝမင်းသည် မေးရိုးဖြင့်ငင်၍ လည်၌မြဲစွာကိုင်ညှပ်သည်ရှိသော် မြေခွေးသည် မိမိကိုယ်ကိုလွတ်စိမ့်သောငှါ မတတ်နိုင်ရကား သေဘေးမှကြောက်သည်ဖြစ်၍ သည်းသော အသံကို မြည်၏။ ကြွင်းကုန်သော မြေခွေးတို့သည် ထိုမြေခွေးကြီး၏အသံကိုကြားကုန်၍ တယောက်သောယောက်ျားသည် ဖမ်းအပ်သည် ဖြစ်လတ္တံ့ဟု အမတ်တို့သို့ ကပ်အံ့သောငှါ မတတ်နိုင်ကုန်ရကား သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ အလုံးစုံကုန်သောမြေခွေးတို့သည် ပြေးကုန်၏။

မဟာသီလဝမင်းသည် မေးရိုးဖြင့် မြဲမြံပြု၍ ဖမ်းအပ်သော မြေခွေးသည် ထိုမှဤမှ ရုန်းလတ်သည်ရှိသော် မြေသည်လျော့၏။ ထိုမြေခွေးသည်လည်း သေဘေးမှကြောက်သောကြောင့် ခြေလေးဘက်တို့ဖြင့် မင်း၏အထက်အဘို့၌ မြေကိုယက်၏။ မင်းသည် မြေ၏ လျော့သောအဖြစ်ကိုသိ၍ မြေခွေးကိုလွှတ်လိုက်၍ ဆင်ပြောင်နှင့်တူသောအားရှိသော အစွမ်းနှင့်ပြည့်စုံသော မဟာသီလဝမင်းသည် ထိုမှဤမှလွန့်လျက် လက်နှစ်ဘက်တို့ကိုချီ၍ တွင်းဝအနားရေး၌ ထောက်၍ လေကြောင့်ပြတ်သော တိမ်ကဲ့သို့ ထွက်၍ တည်လျက် အမတ်တို့ကို နှစ်သိမ့်စေ၍ မြေကိုယက်၍ အလုံးစုံသောသူတို့ကို ထုတ်ပြီးလျှင် အမတ်အပေါင်းခြံရံလျက် အစိမ်းပစ်ရာသုသာန်၌ တည်၏။ ထိုအခါ လူတို့သည် တယောက်သောလူသေကို အစိမ်းပစ်ရာသုသာန်၌ စွန့်ကုန်သည်ရှိသော် နှစ်ယောက်ကုန်သော ဘီလူးတို့၏နယ်စပ်၌ စွန့်ကုန်၏။ ထိုဘီလူးတို့သည် ထိုလူသေကို ဝေဘန်အံ့သောငှါ မတတ်နိုင်ကုန်သည် ဖြစ်၍ ငါတို့သည် ဤလူသေကို ဝေဘန်အံ့သောငှါမတတ်နိုင်ကုန်၊ ဤမဟာသီလဝမင်းသည် တရားစောင့်၏။ ဤမဟာသီလဝမင်းသည် ငါတို့အား ဝေဘန်၍ပေးလတ္တံ့၊ ထိုမဟာသီလဝမင်း၏အထံသို့ သွားကုန်အံ့ဟု ထိုလူသေကို ခြေ၌ကိုင်၍ငင်ကုန်လျက် မဟာသီလဝမင်း၏ အထံသို့သွား၍ အရှင်မင်းကြီး အကျွန်ုပ်တို့အား ဝေ၍ပေးကုန်လောဟု ဆိုကုန်၏။

အချင်း ဘီလူးတို့ ငါသည် ဤလူသေကို သင်တို့အား ဝေ၍ပေးလို၏။ ထိုသို့ပေးလိုသော်လည်း ငါသည် မစင်ကြယ်သာ ကိုယ်ရှိသည်ဖြစ်၏။ ရှေးဦးစွာ ရေချိုးအံ့ဟုဆို၏။ ထိုဘီလူးတို့သည် ခိုးသူမင်းဘို့ထားအပ်သော အမွှေးအကြိုင်တို့ဖြင့် ထုံအပ်သော ရေကို မိမိတို့၏အာနုဘော်ဖြင့်ဆောင်၍ မဟာသီလဝမင်းအား ရေချိုစိမ့်သောငှာ ပေးကုန်၏။ ရေချိုးပြီးလျှင်တည်သောမဟာသီလဝမင်းအား ခေါက်၍ထားအပ်ကုန်သော ခိုးသူမင်း၏ပုဆိုးကို ဆောင်၍ပေးကုန်၏။ ထိုပုဆိုးတို့ကိုဝတ်၍ တည်သောမဟာသီလဝမင်းအား နံ့သာမျိုးလေးပါးထည့်သော ကြုတ်ကိုဆောင်၍ ပေးကုန်၏။ နံ့သာတို့ကိုလိမ်းကျံ၍ တည်သောမဟာသီလဝမင်းအား ရွှေကြုတ်တို့၌၎င်း ပတ္တမြားယပ်ဝန်းတို့၌၎င်း ထားအပ်ကုန်သော အထူးထူးသောပန်းတို့ကိုလည်း ဆောင်၍ပေးကုန်၏။ ပန်းတို့ကိုပန်၍ တည်သောကာလ၌ တပါးသောအဘယ်အမှုကို ပြုကုန်အံ့နည်းဟုမေးကုန်၏။ မဟာသီလဝမင်းသည် မိမိအား အရသာမွတ်သော အခြင်းအရာကိုပြ၏။ ထိုဘီလူးတို့သည် သွားကုန်၍ ခိုးသူမင်းဘို့ ကောင်းစွာစီရင်အပ်သော အထူးထူးသော မြတ်သောအရသာရှိသောဘောဇဉ်ကို ဆောင်၍ ပေးကုန်၏။ မဟာသီလဝမင်းသည် ရေချိုးပြီး၍ နံ့သာလိမ်းကျံပြီးသော် ကောင်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သည်ဖြစ်၍ အထူးထူးသော မြတ်သော အရသာရှိသောဘောဇဉ်ကို စားရ၏။ ဘီလူးတို့သည် ခိုးသူမင်းဘို့ထားအပ်သော အမွှေးအကြိုင်တို့ဖြင့်ထုံအပ်သော သောက်ရေကို ရွှေကရားနှင့်သာလျှင်၎င်း ရွှေခွက်ငယ်နှင့်၎င်း တကွ ဆောင်ကုန်၏။

ထိုအခါ မဟာသီလဝမင်း၏ သောက်ရေကိုသောက်၍ ခံတွင်းဆေး၍ လက်တို့ကိုဆေး၍ တည်သောကာလ၌ ခိုးသူမင်းဘို့ ကောင်းစွာစီရင်အပ်သော ငါးပါးသောနံ့သာမျိုးတို့ဖြင့် ကောင်းစွာ ထုံအပ်သော ကွမ်းကိုဆောင်၍ပေးကုန်၏။ ထိုကွမ်းကိုစား၍ တည်သောကာလ၌ တပါးသောအဘယ်အမှုကို ပြုရကုန်အံ့နည်းဟု မေးကုန်၏။ သင်တို့သည်သွား၍ ခိုးသူမင်း၏ ဦးခေါင်းရင်း၌ ထားအပ်သော မင်္ဂလာသန်လျက်ကို ဆောင်ခဲ့ကြကုန်လောဟု ဆို၏။ ထိုသန်လျက်ကိုလည်း သွား၍ဆောင်ကုန်၏။ မဟာသီလဝမင်းသည် သန်လျက်ကိုကိုင်၍ ထိုလူသေကို ဖြောင့်စွာထားစေပြီးလျှင် ဦးခေါင်းလယ်၌ သန်လျက်ဖြင့်ခြမ်း၍ နှစ်ခုတို့ကိုပြု၍ နှစ်ယောက်ကုန်သော ဘီလူးတို့အား အညီအမျှဝေ၍ပေး၏။ ပေးပြီးလျှင် သန်လျက်ကိုဆေး၍ ဖွဲ့၍တည်၏။ ထိုအခါ ထိုဘီလူးတို့သည် လူသားကိုစား၍ ဝကုန်သည်ရှိသော် နှစ်သက်သောစိတ်ရှိကုန်သည်ဖြစ်၍ မြတ်သောမင်းကြီး ရှင်မင်းကြီးအား တပါးသော အဘယ်ကို ပြုရအံ့နည်းဟု မေးကုန်၏။ ထိုသို့တပြီးကား သင်တို့သည် မိမိ၏အာနုဘော်အားဖြင့် ငါ့ကို ကြက်သရေတိုက်၌ ထားကြကုန်လော၊ အမတ်တို့ကိုလည်း မိမိမိမိတို့၏အိမ်တို့၌ တည်စေကုန်လောဟုဆို၏။ ထိုဘီလူးတို့သည် အရှင်မင်းကြီး ကောင်းပြီဟု ဝန်ခံကုန်၍ မင်းကြီးဆိုတိုင်း ပြုကုန်၏။ ထိုအခါခိုးသူမင်းသည် တန်ဆာဆင်အပ်သော ကြက်သရေတိုက်၌ ကြက်သရေရှိသော အိပ်ရာအပြင်ဝယ် လျောင်းလျက်အိပ်၏။ မဟာသီလဝမင်းသည် ခိုးသူမင်း၏ မေ့လျော့စဉ်အိပ်ပျော်စဉ် သန်လျက်ဖျားဖြင့် ဝမ်းကို ခတ်၏။ ထိုခိုးသူမင်းသည် ကြောက်သည်ဖြစ်၍ နိုးလတ်သော် ဆီမီးရောင်ဖြင့် မဟာသီလဝမင်းကြီးကိုသိ၍ အိပ်ရာမှထပြီးလျှင် သတိကိုဖြစ်စေ၍ရပ်လျက် မဟာသီလဝမင်းကြီးကို မြတ်သောမင်းကြီး ဤသို့သဘောရှိသောညဉ့်၌ ယူအပ်သောအစောင့်အရှောက်ရှိသော ပိတ်အပ်သောတံခါးရှိသော နန်းတော်၌ အစောင့်အရှောက်လူတို့ဖြင့် ဝင်နိုင်ခွင့်မရှိရာအရပ်၌ သန်လျက်ကိုလွယ်၍ တန်ဆာဆင်ခြင်းနှင့်စပ်သည်ဖြစ်၍ အသို့မူ၍လျှင် မင်းကြီးသည် ဤအိပ်ရာအပြင်သို့ လာသနည်းဟု ဆို၏။

မဟာသီလဝမင်းကြီးသည် မိမိ၏ အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့် ဆို၏။ ထိုစကားကိုကြား၍ ခိုးသူမင်းသည် ထိတ်လန့်သောနှလုံးရှိသည်ဖြစ်၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် လူစင်စစ် ဖြစ်ငြားသော်လည်း အရှင်မင်းကြီးတို့၏ ကျေးဇူးကိုမသိ၊ တပါးကုန်သောသူတို့၏ အသွေးအသားကို စားကုန်သော ရုန့်ရင်းကြမ်းကြုတ်ကုန်သော ဘီလူးတို့သည်ကား အရှင်မင်းကြီး၏ ကျေးဇူးတို့ကိုသိအပ်ကုန်၏။ မြတ်သောမင်းကြီး ယခုအခါ၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော သီလနှင့်ပြည့်စုံသောရှင်မင်းကြီး၌ မပြစ်မှားအံ့ဟု သန်လျက်ကိုယူ၍ ကျိန်ခြင်းကို ပြုပြီးလျှင် မဟာသီလဝမင်းကြီးကိုကန်တော့၍ မြတ်သောအိပ်ရာ၌အိပ်စေ၍ မိမိသည် ညောင်စောင်းငယ်၌ အိပ်၍ ညဉ့်သည်လင်း၍ နေထွက်သော် စည်လည်စေ၍ အလုံးစုံသော စစ်သည်တို့ကို၎င်း အမတ်ပုဏ္ဏားသူကြွယ်တို့ကို၎င်း စည်းဝေးစေ၍ ထိုသူတို့ရှေ့မှ ကောင်းကင်၌ လပြည့်ဝန်းကို ချီသကဲ့သို့ မဟာသီလဝမင်း၏ ကျေးဇူးကိုကိုဆိုပြီးလျှင် ပရိသတ်၏ အလယ်၌သာလျှင် တဖန် မဟာသီလဝမင်းကြီးကို ကန်တော့၍ မင်းအဖြစ်ကိုဆောင်နှင်း၍ ယနေ့မှစ၍ အရှင်မင်းကြီးတို့အားဖြစ်သော ခိုးသူဥပဒ္ဒဝေါသည် အကျွန်ုပ်တို့ဝန်တည်း၊ အရှင်မင်းကြီးတို့သည် အကျွန်ုပ်သည်ယူအပ်သော အစောင့်အရှောက်ရှိသည်ဖြစ်၍ မင်းပြုကုန်လော၊ ဤသို့ဆို၍ ဂုံးတိုက်ခြင်းကို ပြုသောအမတ်အား အာဏာကိုပြု၍ မိမိ၏ဗိုလ်ပါဆင်မြင်းကိုယူ၍ မိမိတိုင်းပြည်သို့သာလျှင် သွား၏။ မဟာသီလဝမင်းကြီးသည်လည်း တန်ဆာဆင်ခြင်းနှင့် စပ်သည်ဖြစ်၍ ထီးဖြူအောက်၌ သမင်ဆီးဆောက်အခြေတပ်သော ရွှေပလ္လင်၌နေလျက် မိမိစည်းစိမ်သည်၎င်း အမတ်တထောင်အသက်ကို ရခြင်းသည်၎င်း ငါသည် တစုံတခုသောဝီရိယကို မပြုသည်ရှိသော် မဖြစ်လတ္တံ့၊ ဝီရိယ၏ အစွမ်းဖြင့်ကား ငါသည် တိုင်းပြည်ကို၎င်း ဤစည်းစိမ်အခြံအရံကို၎င်း ရအပ်ပြီ၊ အမတ်တထောင်အား အသက်အလှူကိုလည်း ပေးရပြီ၊ စင်စစ်ကား အာသာပြတ်ခြင်းကိုမပြုမူ၍ ဝီရိယကိုသာလျှင်ပြုအပ်၏။ ထိုစကားသည် မှန်၏။ ပြုအပ်သော ဝီရိယရှိသောသူအား အကျိုးမည်သည် ပြည့်စုံ၏ဟုကြံလျက် ဥဒါန်း ကျူးရင့်သည်၏ အစွမ်းအားဖြင့်-

၅၁။ အာသီထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျပဏ္ဍိတော။
ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိံ တထာ အဟု။

ဟူသော ဤဂါထာကို ဆို၏။

၅၁။ ပုရိသော၊ ယောက်ျားသည်။ အာသီသေထေဝ၊ အာသာကို ပြုရာသလျှင်ကတည်း။ ပဏ္ဍိတော၊ ပညာရှိသည်။ န နိဗ္ဗိန္ဒေယျ၊ အာသာကိုပြုခြင်း၌ မငြီးငွေ့ရာ။ ယထာ-ယံ သမ္ပတ္တိံ၊ အကြင် စည်းစိမ်ကို။ ဣစ္ဆိံ၊ အလိုရှိပြီ။ တထာ-တံ သမ္ပတ္တိံ၊ ထိုစည်းစိမ်သို့။ ပတ္တံ၊ ရောက်သော။ အတ္တာနံ၊ မိမိကိုယ်ကို။ အဟု အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်ရ၏။ တနည်းကား-အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဿာမိ၊ မြင်ရ၏။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဣစ္ဆိံ၊ အလိုရှိပြီ။ ထိုသို့သောအခြင်းအရာဖြင့်။ မေ၊ ငါ့အား အတ္ထော၊ အကျိုးသည်။ အဟု၊ ဖြစ်ပြီ။

ဤသို့လျှင် ဘုရားလောင်းသည် အချင်းတို့ စင်စစ်အံ့ဘွယ်ရှိစွ၊ သီလနှင့်ပြည့်စုံကုန်သောသူတို့အား ဝီရိယ၏ အကျိုးမည်သည်ကား ပြည့်စုံ၏ ဟု ဤဂါထာဖြင့် ဥဒါန်းကျူး၍ အသက်ထက်ဆုံး ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျှော့သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ပြစ်မှားသော အမတ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ အမတ်တထောင်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မဟာသီလဝမင်း ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဝီရိယရင်း၊ အားကိုသွင်း၊ ဘေးကင်းရန်ကွာ စည်းစိမ်ဖြာ

ရှေးဦးစွာသော မဟာသီလဝဇာတ်သည် ပြီး၏။

*****