မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၉) ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၉) ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများ

(၉) ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများ

“ပါရမီတို့၏ ဆန့်ကျင်ဘက် ပဋိပက္ခတရားများကား အဘယ်တရားများ ဖြစ်သနည်း”ဟု မေးခဲ့သော်-

     အဖြေကား.. ခပ်သိမ်းသော ကိလေသာတရား ခပ်သိမ်းသော အကုသိုလ်တရားတို့သည် သာမညအားဖြင့် ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများ ဖြစ်ကြ၏ဟု ဆိုရာ၏။



၁၈၂

     ဝိသေသအားဖြင့်ကား.. လှူဖွယ်ဝတ္ထု၌ တပ်မက်သော လောဘတရား ဝန်တိုသော မစ္ဆရိယတရားများသည် ဒါနပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။ ဒုဿီလျခေါ်သည့် ဒုစရိုက်မှုများသည် သီလပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။ ဝတ္ထုကာမ ကိလေသကာမ ဘဝတို့၌ နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်ခြင်းသည် နေက္ခမ္မပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ပြင်းစွာတွေဝေခြင်း သမ္မာဟတရားသည် ပညာပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ရှေး၌ ဆိုအပ်ပြီးသည့် ကုသီတဝတ္ထု= (အပျင်းထူကြောင်း)တရား ရှစ်ပါးတို့သည် ဝီရိယပါရမီ၏ ဆန့်ကျင်ဘက်များဖြစ်ကြ၏။ ဣဋ္ဌ အနိဋ္ဌအာရုံတို့၌ လောဘ ဒေါသတို့၏အစွမ်းဖြင့် သည်းမခံနိုင်ခြင်း (တပ်မက်ခြင်း ပြစ်မှားခြင်း)သည် ခန္တီပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ဟုတ်မှန်တိုင်းသော သဘာဝကို ထင်စွာမပြုခြင်းသည် သစ္စာပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများကို မလွှမ်းမိုးနိုင်ခြင်း (မိမိကနိုင်အောင်မကျင့်ခြင်း)သည် အဓိဋ္ဌာနပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ မျက်ကြုတ်ကိုးပါး (ရန်ငြိုးဖွဲ့ခြင်း ကိုးမျိုး)သည် မေတ္တာပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ရောက်ဆိုက်တွေ့ကြုံသော ဣဋ္ဌ အနိဋ္ဌ အာရုံတို့၌ အညီအမျှမရှုခြင်းသည် ဥပေက္ခာပါရမီ၏ ဆန့်ကျင်ဘက်ဖြစ်၏။

တနည်းကား..

     (၁) လှူဖွယ်ဝတ္ထု၌ တပ်မက်ခြင်း လောဘတရားလည်း မရှိပါမှ အလှူခံပုဂ္ဂိုလ်တို့၌ ပြစ်မှားမုန်းတီးခြင်း ဒေါသတရားလည်း မရှိပါမှ အလှူနှင့် အကျိုးတရားတို့၌ တွေဝေခြင်း (မသိခြင်း) မောဟတရားလည်း မရှိပါမှ အလှူဒါန မြောက်နိုင်ရကား လှူဖွယ်ဝတ္ထု၌ တပ်မက်ခြင်းလောဘ အလှူခံပုဂ္ဂိုလ်တို့၌ ပြစ်မှားမုန်းတီးခြင်းဒေါသ အလှူနှင့် အကျိုးတရားတို့၌ တွေဝေခြင်းမောဟ ဤတရားသုံးမျိုးသည် ဒါနပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။

     (၂) ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် တည်းဟူသော ကိုယ်အပြစ် နှုတ်အပြစ် စိတ်နှလုံးအပြစ် ကောက်ကျစ်မှုများ ကင်းစင်မှ သီလကို ကျင့်သုံး ဆောက်တည်နိုင်ရကား ဒုစရိုက်ဆယ်ပါး



၁၈၃

အကုသိုလ်တရားများသည် သီလပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။

     (၃) နေက္ခမ္မကောင်းမှုသည် ကာမသုခမှ၎င်း, သူတပါးကို ညှဉ်းပန်းနှိပ်စက်ခြင်းမှ၎င်း, မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ်ခြင်းမှ၎င်း ရှောင်ကြဉ်တတ်သော တရားမြတ်ဖြစ်သောကြောင့် ထိုကာမသုခကို လိုက်စားခြင်း လောဘတရား သူတပါးကို ညှဉ်းပန်းနှိပ်စက်ခြင်း ဒေါသတရား မိမိကိုယ်ကို ပင်ပန်းအောင် အားထုတ်ခြင်း မောဟတရားများသည် နေက္ခမ္မပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။

     (၄) လောဘ ဒေါသ မောဟတို့သည် သတ္တဝါတို့ကို မမြင်စမ်းလှမ်း ကဏ်းအောင်ပြုတတ်သော တရားများ ဖြစ်ကြကုန်၏။ ပညာကား ထိုလောဘ ဒေါသ မောဟနှိပ်စက်သဖြင့် မမြင်စမ်းလှမ်း ကဏ်းနေသောသတ္တဝါတို့ကို မကဏ်းအောင်ပြုတတ်၏။ သို့ရကား သတ္တဝါတို့ကို ကဏ်းအောင်ပြုတတ်သည့် လောဘ ဒေါသ မောဟတို့သည် ပညာပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြကုန်၏။

     (၅) လောဘကြောင့် ကုသိုလ်မှုတို့၌ တွန့်ဆုတ်တတ်သည်။ ဒေါသကြောင့် ကုသိုလ်မှုတို့၌ မရပ်တည်နိုင် ရှိရသည်၊ မောဟကြောင့် အသင့်လမ်းမှန်ကို အားမထုတ်နိုင်ပဲ ရှိရသည်။ ဝီရိယဖြင့် ကုသိုလ်မှုတို့၌ မတွန့်မဆုတ် မတုန်မလှုပ် အသင့်လမ်းမှန်ကျအောင် အားထုတ်နိုင်သည်။ သို့ရကား ဆိုအပ်ပြီးသည့် လောဘ ဒေါသ မောဟ တရားများသည် ဝီရိယပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။

     (၆) ခန္တီတရားရှိမှ ဣဋ္ဌအာရုံ၌ လောဘဘက်သို့ မယိမ်းယိုင် ကြံ့ကြံ့ခံနိုင်သည်၊ အနိဋ္ဌအာရုံ၌ ဒေါသဘက်သို့ မယိမ်းယိုင် ကြံ့ကြံ့ခံနိုင်သည်။ သဘာဝတရားတို့၏ ပုဂ္ဂိုလ်သတ္တဝါအဖြစ်မှ ဆိတ်သုဉ်းမှုကို စိုက်စိုက်စူးစူး ကြည့်နိုင်သည်။ သို့ရကား ဣဋ္ဌ အနိဋ္ဌ သုညတသဘောတို့ကို ကြံ့ကြံ့မခံနိုင် စိုက်စိုက်စူးစူး မကြည့်နိုင်သော



၁၈၄

ထိုလောဘ ဒေါသ မောဟတို့သည် ခန္တီပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကြကုန်၏။

     (၇) သစ္စာမရှိလျှင် သူတပါးတို့က ကျေးဇူးပြုလျှင် ပြုသည့်အလျောက် လောဘဘက်သို့ လိုက်ပါတတ်သည်၊ ပြစ်မှားမှု ပြုလျှင်လည်း ပြုသည့်အလျောက် ဒေါသဘက်သို့ လိုက်ပါတတ်သည်၊ ထိုအခါ ဟုတ်မှန်သည့်အတိုင်းမဖြစ်နိုင်ပဲ ရှိတတ်သည်။ သစ္စာရှိမှသာ သူတပါးတို့က ကျေးဇူးပြုမှု ပြစ်မှားမှု ရှိစေကာမူ လောဘဒေါသဘက်သို့ မလိုက်ပါပဲ အမှန်အတိုင်းဖြစ်နိုင်ရကား သူတပါးတို့၏ ကျေးဇူးပြုမှုကြောင့် လိုက်ပါတတ်သော လောဘ ပြစ်မှားမှုကြောင့် လိုက်ပါတတ်သော ဒေါသနှင့် အမှန်အတိုင်းမဖြစ်နိုင်သော မောဟတို့သည် သစ္စာပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏။

     (၈) အဓိဋ္ဌာန်ရှိမှ ဣဋ္ဌအနိဋ္ဌ လောကဓံတို့ကို မိမိက လွှမ်းမိုးနိုင်နင်းကာ ဆောက်တည်အပ်သော ပါရမီကောင်းမှုတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်နိုင်သောကြောင့် လောကဓံတို့ကို မလွှမ်းနိုင်ကြောင်းဖြစ်သည့် လောဘ ဒေါသ မောဟတို့သည် အဓိဋ္ဌာနပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏။

     (၉) မေတ္တာဘာဝနာဖြင့် နီဝရဏတရားများ ကင်းဆိတ်နိုင်သောကြောင့် ထိုနီဝရဏအဝင်အပါ လောဘ ဒေါသ မောဟတို့သည် မေတ္တာပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏။

     (၁၀) ဥပေက္ခာမရှိလျှင် ဣဋ္ဌအနိဋ္ဌ အာရုံတို့၌ လောဘဒေါသတို့ကို မဖျက်ဆီး မဟန့်တားနိုင်၊ အညီအမျှ မဖြစ်နိုင်၊ ဥပေက္ခာရှိမှသာ ဣဋ္ဌအနိဋ္ဌအာရုံတို့၌ လောဘဒေါသတို့ကို ဖျက်ဆီးဟန့်တားနိုင် အညီအမျှ ဖြစ်နိုင်သောကြောင့် လောဘဒေါသ မောဟတို့သည် ဥပေက္ခာပါရမီ၏ ဆန့်ကျင်ဘက်များ ဖြစ်ကုန်၏။

**********