မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၄) ပါရမီဆယ်ပါး အစဉ်ထားပုံ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၄) ပါရမီဆယ်ပါး အစဉ်ထားပုံ

(၄) ပါရမီဆယ်ပါး အစဉ်ထားပုံ

အစဉ်ထားပုံ (၅)မျိုး

     ထိုထိုတရားတို့ကို ပဌမ ဒုတိယ တတိယ စသည်ဖြင့် အစဉ်ထားခြင်းသည်။ ။(ဖြစ်, ပယ်, ကျင့်, ဘုံ၊ ဟောမြွက်ပုံ၊ ငါးဖုံ စဉ်ကမ)။ ။ဟူသောအတိုင်း-



၁၀၉

(၁) တကယ်စင်စစ် ဖြစ်သည့်အစဉ်အတိုင်း ထားခြင်း (ပဝတ္တိက္ကမ)

(၂) ပယ်ရမည့်အစဉ်အတိုင်း ထားခြင်း (ပဟာနက္ကမ)

(၃) ကျင့်ရမည့်အစဉ်အတိုင်း ထားခြင်း (ပဋိပတ္တိက္ကမ)

(၄) ဘုံစဉ်အတိုင်း ထားခြင်း (ဘူမိက္ကမ)

(၅) မြတ်စွာဘုရား ဟောကြားသည့် အစဉ်တည်းဟူသော (ဒေသနာက္ကမ)ဟူ၍ ငါးမျိုးရှိသည်။ ထိုတွင်-

     (၁) “ပဌမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ”စသော ဒေသနာ၌ လာရှိသည့် ဂဗ္ဘသေယျက= (အမိဝမ်း၌ ကိန်းသော) သတ္တဝါတို့အား ရှေးဦးစွာ ပဋိသန္ဓေအခါ ကလလရေကြည် ခုနစ်ရက်ဖြစ်သည်၊ ထို့နောက် အမြှုပ် ခုနစ်ရက်ဖြစ်သည်၊ ထို့နောက် အသားခဲ ခုနှစ်ရက်ဖြစ်သည် အစရှိသည်ဖြင့် တကယ်စင်စစ် ဖြစ်သည့်အတိုင်း အစဉ်ထားခြင်းမျိုးကို ပဝတ္တိက္ကမ= (ဖြစ်စဉ်)ဟူ၍ ခေါ်သည်။

     (၂) “ဒဿနေန ပဟာတဗ္ဗာ ဓမ္မာ၊ ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာ” အစရှိသော ဒေသနာ၌ လာရှိသည့် သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သောတရား၊ အထက်မဂ်သုံးပါးဖြင့် ပယ်အပ်သော တရားဟူ၍ ပယ်ရမည့် အစဉ်အတိုင်း ပဌမ ဒုတိယ အစဉ်ထားခြင်းမျိုးကို ပဟာနက္ကမ= (ပယ်စဉ်)ဟူ၍ ခေါ်သည်။

     (၃) သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ- အစရှိသော ဝိသုဒ္ဓိခုနစ်ပါးအစဉ်မှာ ရှေးဦးစွာ သီလဝိသုဒ္ဓိဖြစ်အောင် ကျင့်ရသည်။ ထို့နောက် စိတ္တဝိသုဒ္ဓိဖြစ်အောင် ကျင့်ရသည်၊ ဤသို့ အစရှိသည်ဖြင့် ကျင့်ရမည့်အစဉ်အတိုင်း ပဌမ ဒုတိယစသည် အစဉ်ထားခြင်းမျိုး ဖြစ်သောကြောင့် ပဋိပတ္တိက္ကမ= (ကျင့်စဉ်)ဟူ၍ ခေါ်သည်။

     (၄) “ကာမာဝစရာ ဓမ္မာ၊ ရူပါဝစရာ ဓမ္မာ” အစရှိသော ဒေသနာတော်တို့၌ လာရှိသည့် ကာမာဝစရတရား, ရူပါဝစရတရား, အရူပါဝစရတရားဟူ၍ ဘုံစဉ်အတိုင်း ပဋ္ဌမ ဒုတိယစသည် အစဉ်ထားခြင်းမျိုးကို ဘူမိက္ကမ= (ဘုံစဉ်)ဟူ၍ ခေါ်သည်။



၁၁၀

     (၅) ရှေ့ လေးပါးသော အစဉ်ထားခြင်းမျိုးမှတပါး “ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ” အစရှိသော ဒေသနာတော်များ၌ လာရှိသည့် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ အစရှိသော အစဉ်ထားခြင်းမျိုးမှာ တစုံတခုသော အကြောင်းထူးကိုငဲ့၍ မြတ်စွာဘုရား ဟောကြားသည့်အစဉ် ဖြစ်သောကြောင့် ဒေသနာက္ကမ= (ဟောတော်မူစဉ်)ဟူ၍ ခေါ်သည်။

     ရှေ့ဖြစ်သည့် အစဉ်လေးပါးတို့၌ “ဤအစဉ်အတိုင်း ဖြစ်သောကြောင့် ဤအတိုင်း စကားစဉ်သည်၊ ဤအစဉ်အတိုင်း ပယ်ရသောကြောင့် ဤအတိုင်း စကားစဉ်သည်၊ ဤအစဉ်အတိုင်း ကျင့်ရသောကြောင့် ဤအတိုင်း စကားစဉ်သည်၊ ဘုံစဉ်ကပင် ဤအတိုင်း တည်ရှိသောကြောင့် ဤအတိုင်း စကားစဉ်သည်”ဟူ၍ မိမိတို့ဆိုင်ရာ အကြောင်းတမျိုးစီကိုသာ ပြဆိုရပေသည်။ ငါးခုမြောက်ဖြစ်သည့် ဒေသနာက္ကမ= (ဟောတော်မူစဉ်) ဆိုင်ရာ၌ကား ထိုက်သည်အားလျော်စွာ အကြောင်းထူးအမျိုးမျိုးကို ပြဆိုရပေသည်၊ ခန္ဓာငါးပါးစဉ်ပုံကို ပြဆိုရာ၌ အကြောင်းထူးတမျိုး၊ အာယတန တဆယ့်နှစ်ပါးစဉ်ပုံကို ပြဆိုရာ၌ အကြောင်းထူး တမျိုး စသည်ဖြင့် အကြောင်းထူးအသီးအသီးကို ပြဆိုရပေသည်။

     ဤယခု ပါရမီခဏ်းလာ ပါရမီဆယ်ပါး အစဉ်ထားရာ၌ ဖြစ်စဉ် ပယ်စဉ် ကျင့်စဉ် ဘုံစဉ်ဟူသော ရှေ့အစဉ် လေးမျိုး မဟုတ်ပေ၊ အကြောင်းထူးကိုငဲ့၍ မြတ်စွာဘုရား ဟောကြားသည့် ဒေသနာက္ကမ= (ဟောတော်မူစဉ်)သာ ဖြစ်သည်။ ထို့ကြောင့်-

     ပါရမီဆယ်ပါးတို့ကို (တခြားနည်းမစီစဉ်ပဲ) အဘယ့်ကြောင့် ဒါန သီလ နေက္ခမ္မစသော ဤအစဉ်ဖြင့်သာ မြတ်စွာဘုရား ဟောကြားတော်မူပါသနည်းဟု မေးသင့်၏။

     (အဖြေကား) မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ရတော်မူပြီးစအခါ ရှေးဦးစွာ ဒါနပါရမီကို ဆောက်တည်သည်၊ နှစ်ခုမြောက်၌ သီလပါရမီကို ဆောက်တည်သည်၊ ဤသို့ အစရှိသည်ဖြင့် ပါရမီတို့ကို (ဖြည့်ကျင့်တော့မည်ဟူ၍) ရှေးဦးအစ ဆောက်တည်စဉ်ကာလကပင် ဤအစဉ်အတိုင်း



၁၁၁

ဆောက်တည်တော်မူခြင်းကြောင့် ဤအစဉ်အတိုင်း ဟောတော်မူသည်ဟူ၍ ဖြေရာ၏။

     အဘယ့်ကြောင့် ဤအစဉ်အတိုင်း ဆောက်တည်တော်မူသနည်းဟု မေးပြန်လျှင် ပါရမီပဝိစယ= (ပါရမီတို့ကို ဆင်ခြင်သော) ဉာဏ်ဖြင့် ဆင်ခြင်တော်မူသောအခါ ဤအစဉ်အတိုင်း ဉာဏ်တော်ဝမှာ ထင်လာသောကြောင့် ဤအစဉ်အတိုင်း ဆောက်တည်တော်မူသည်ဟု ဖြေရာ၏။

     ဆိုလိုရင်းမှာ.. အလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ရပြီးစ ပါရမီတို့ကို ဆင်ခြင်သောအခါ ဤအစဉ်အတိုင်း ဉာဏ်တော်ဝ၌ ထင်လာသည်၊ ဤအစဉ်အတိုင်း ထင်လာသောကြောင့် ဤအစဉ်အတိုင်း ဆောက်တည်တော်မူသည်။ ဤအစဉ်အတိုင်း ဆောက်တည်တော်မူသောကြောင့် ယခု ဘုရားဖြစ်သောအခါမှာလည်း ဤအစဉ်အတိုင်းပင် ဟောတော်မူသည်ဟု ဖြေဆိုလိုရင်း ဖြစ်သည်။

     ဤအရာ၌ အလောင်းတော် သုမေဓာရှင်ရသေ့ ဆင်ခြင်တော်မူသောအခါ ဤအစဉ်အတိုင်း ထင်လာခြင်း၊ ဤအစဉ်အတိုင်း ဆောက်တည်တော်မူခြင်း၊ ဘုရားဖြစ်သောအခါ ဤအစဉ်အတိုင်း ဟောတော်မူခြင်းတို့၏ အကျယ်ဝိတ္ထာရအကြောင်းကို တပေါင်းတည်း ပြဆိုဦးအံ့..၊

     ထို ပါရမီဆယ်ပါးတို့တွင် ဒါနသည် သီလအား အထူးသဖြင့် ကျေးဇူးပြု၏။ (ပင်ကိုယ်က ဒုဿီလပုဂ္ဂိုလ်ပင် ဖြစ်စေကာမူ သားရှင်ပြုသည့် အလှူရှင်ဖြစ်လာသောအခါ ထိုသူကား အလွယ်နှင့်ပင် သီလဆောက်တည်လေတော့သည်။) ပါရမီမှု ဆယ်ပါးတို့အနက် ဒါနမှုကိုပြုရန် လွယ်ကူ၏။ (သီလဆောက်တည်ရန် ခဲယဉ်းသောသူပင် ဖြစ်စေကာမူ ဒါနမှုပြုရန်ကား လွယ်ကူတတ်သည်။) ဤအကြောင်းများကြောင့် ရှေးဦးစွာ ဒါနကို ဟောတော်မူသည်။



၁၁၂

     သီလဖြင့် သိမ်းဆည်းအပ်သည့်ဒါန (အခြေခံသီလပါရှိသော ဒါန)ဖြစ်မှ အကျိုးများသောကြောင့် ဒါန၏အခြားမဲ့၌ သီလကို ဟောတော်မူသည်။

     နေက္ခမ္မဖြင့် သိမ်းဆည်းအပ်သော သီလ (နေက္ခမ္မအခြေခံ အကြောင်းပါရှိသော သီလ) ဖြစ်မှသာ အကျိုးများသောကြောင့် သီလ၏အခြားမဲ့၌ နေက္ခမ္မကို ဟောတော်မူသည်။

     ဤနည်းအတူ.. နေက္ခမ္မမှာလည်း ပညာအခြေခံပါရှိသော နေက္ခမဖြစ်မှ အကျိုးများသည်၊ (တောသို့ထွက်၍ ရဟန်းပြုနေစေကာမူ ပညာအလုပ်ကို မလုပ်က အကျိုးမကြီး၊ အရင်းကြီး၍ အမြတ်နည်းသည်နှင့် တူလှ၏။) ပညာသည်လည်း ဝီရိယအခြေခံပါရှိမှ အကျိုးများသည် (ပညာပင် ရှိသော်လည်း ဝီရိယညံ့ဖျင်း အပျင်းထူနေလျှင် အကျိုးမကြီးနိုင်။) ဝီရိယသည်လည်း ခန္တီအခြေခံပါရှိမှ အကျိုးများသည်၊ ခန္တီသည်လည်း သစ္စာအခြေခံပါရှိမှ၊ သစ္စာသည်လည်း အဓိဋ္ဌာန်အခြေခံပါရှိမှ၊ အဓိဋ္ဌာန်သည်လည်း မေတ္တာအခြေခံပါရှိမှ၊ မေတ္တာသည်လည်း ဥပေက္ခာအခြေခံပါရှိမှ အကျိုးများနိုင်သည်။ ထို့ကြောင့် နေက္ခမ္မ၏အခြားမဲ့၌ ပညာ၊ ပညာ၏အခြားမဲ့၌ ဝီရိယ၊ ဝီရိယ၏အခြားမဲ့၌ ခန္တီ၊ ခန္တီ၏အခြားမဲ့၌ သစ္စာ၊ သစ္စာ၏အခြားမဲ့၌ အဓိဋ္ဌာန်၊ အဓိဋ္ဌာန်၏အခြားမဲ့၌ မေတ္တာ၊ မေတ္တာ၏အခြားမဲ့၌ ဥပေက္ခာကို ဟောတော်မူသည်။

     ဥပေက္ခာသည် ကရုဏာ အခြေခံပါရှိမှ အကျိုးကြီးနိုင်၏၊ အလောင်းတော်ကြီးများမှာ မဟာကရုဏာ တည်းဟူသော အခြေခံ အကြောင်းရင်းတရားကြီးနှင့် ရှေးဦးကပင် ပြည့်စုံပြီးသူများ ဖြစ်ကြသည်။

မဟာကရုဏာနှင့် ဥပေက္ခာအတွက် မေးဖွယ်

     ဘုရားအလောင်းတော်ကြီးများသည် သတ္တဝါတို့၌ အလွန် ကြင်နာသနားတတ်သော မဟာကရုဏာရှင်ကြီးများ ဖြစ်တော်မူကြလျက် ဘယ်လိုနည်းဖြင့် လျစ်လျူရှုတော်မူကြပါသနည်းဟူ၍ မေးဖွယ်ရှိ၏။



၁၁၃

     (ကေစိဆရာတို့ဖြေပုံ) လျစ်လျူရှုကြသည် ဆိုသော်လည်း အရာရာတိုင်း အခါခပ်သိမ်း လျစ်လျူရှုကြသည် မဟုတ်၊ လျစ်လျူရှုသင့်သောအရာတို့၌ လျစ်လျူရှုသင့်သော အခါများမှာသာ လျစ်လျူရှုတော်မူကြသည်ဟူ၍ အချို့သော (ကေစိ)ဆရာတို့က ဖြေကြသည်။

     (အပရေဆရာတို့ဖြေပုံ) တပါးသော (အပရေ)ဆရာတို့ကမူ “သတ္တဝါတို့၌ လျစ်လျူရှုခြင်းမဟုတ်၊ သတ္တဝါတို့ပြုအပ်သည့် ဖောက်ပြန်မှုတို့၌သာ လျစ်လျူရှုခြင်းဖြစ်သည်။ သို့ဖြစ်၍ မဟာကရုဏာနှင့် ဥပေက္ခာပါရမီတော်တို့ ဆန့်ကျင်ခြင်း မရှိ”ဟူ၍ ဖြေဆိုတော်မူကြသည်။

(တနည်း) ပါရမီဆယ်ပါးစဉ်ပုံ အကျယ်

     (၁) ဒါနသည် များစွာသော လူတို့၌ပင် ဖြစ်နိုင်ရကား ခပ်သိမ်းသော သတ္တဝါတို့နှင့် သက်ဆိုင်သောကြောင့်၎င်း..၊ အထက်ဖြစ်သည့် သီလစသည်တို့လောက် အကျိုးမကြီးသောကြောင့်၎င်း..၊ ပြုလုပ်ရန် လွယ်ကူသောကြောင့်၎င်း.. ဒါနကို ရှေးဦးစွာ ဟောတော်မူသည်။

     (၂) သီလရှိမှသာလျှင် အလှူပေးပုဂ္ဂိုလ် အလှူခံပုဂ္ဂိုလ် နှစ်ဦးလုံး စင်ကြယ်နိုင် (အကျိုးကြီးနိုင်)သောကြောင့်၎င်း..၊ (ပေးကမ်းခြင်းတည်းဟူသော) သူတပါးအား ချီးမြှောက်ကြောင်းတရားကို ဟောကြားပြီးလျှင် (သူ့အသက်ကိုသတ်ခြင်း စသည်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော) သူတပါးကို နှိပ်စက်ခြင်းမှ ဆုတ်နစ် (ရှောင်ကြဉ်)ကြောင်းတရားကို ဟောတော်မူလိုသောကြောင့်၎င်း..၊ ဒါနကား ပြုလုပ်ရမည်ကို ဖော်ပြသောတရားဖြစ်သည်။ သီလကား မပြုမလုပ် ရှောင်ကြဉ်ရန်ကိုဖော်ပြသော တရားဖြစ်သည်၊ သို့ရကား လိုက်နာပြုကျင့်ရမည့်တရားကို ဟောကြားပြီးလျှင် မပြုမလုပ် ရှောင်ကြဉ်ရန်တရားကို ဟောကြားတော်မူလိုသောကြောင့်၎င်း..၊ ဒါနကား စည်းစိမ်ဥစ္စာ၏ပြည့်စုံခြင်း (ဘောဂသမ္ပတ္တိ)၏ အကြောင်းဖြစ်သည်၊ သီလကား လူ့ဘဝ နတ်ဘဝ တည်းဟူသော ဘဝသမ္ပတ္တိ၏ အကြောင်းတရားဖြစ်သည်၊



၁၁၄

သို့ရကား ဘောဂသမ္ပတ္တိ၏အကြောင်းကို ဟောပြီးလျှင် ဘဝသမ္ပတ္တိ၏အကြောင်းကို ဟောတော်မူလိုသောကြောင့်၎င်း ဒါန၏အခြားမဲ့၌ သီလကို ဟောတော်မူသည်။

     (၃) နေက္ခမ္မဖြင့် သီလ၏ပြည့်စုံခြင်း ပြီးမြောက်နိုင်သောကြောင့်၎င်း..၊ (သီလဖြင့်) ကာယသုစရိုက် ၀စီသုစရိုက်တို့ကို ဟောကြားပြီးလျှင် (နေက္ခမ္မဖြင့်) မနောသုစရိုက်ကို ဟောကြားတော်မူလိုသောကြောင့်၎င်း..၊ သီလစင်ကြယ်သူအား လွယ်ကူစွာပင် ဈာန်တရား (နေက္ခမ္မ)နှင့် ပြည့်စုံနိုင်သောကြောင့်၎င်း..၊ (သီလဖြင့် အကုသိုလ်ကံတည်းဟူသော အပြစ် ကမ္မာပရာဓကို ပယ်သတ်နိုင်သည်။ ယင်းသို့ ပယ်သတ်ခြင်းဖြင့် ထိုပုဂ္ဂိုလ်၏ ကာယပယောဂ ဝစီပယောဂတည်းဟူသော ကိုယ်နှင့်ဆိုင်ရာ အားထုတ်မှု နှုတ်နှင့်ဆိုင်ရာ အားထုတ်မှု အဝဝတို့၏ စင်ကြယ်ခြင်းတည်းဟူသော ပယောဂသုဒ္ဓိ ဖြစ်နိုင်သည်။ နေက္ခမ္မဖြင့် ကိလေသာတည်းဟူသော အပြစ် ကိလေသာပရာဓကို ပယ်သတ်နိုင်သည်။ ယင်းသို့ ပယ်သတ်ခြင်းဖြင့် ထိုပုဂ္ဂိုလ်၏သန္တာန်၌ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အတွင်းအာသယဓာတ်ခံများ ကင်းရှင်း၍ ဝိပဿနာဉာဏ် ကမ္မဿကတာဉာဏ် တည်းဟူသော ဉာဏ်ပညာ အာသယ အတွင်းဓာတ်ခံ၏ စင်ကြယ်ခြင်းတည်းဟူသော အာသယသုဒ္ဓိ ဖြစ်နိုင်သည်။) သို့ရကား သီလဖြင့် ပယောဂသုဒ္ဓိကို ပြဆိုပြီးလျှင် နေက္ခမ္မဖြင့် အာသယသုဒ္ဓိကို ဟောတော်မူလိုသောကြောင့်၎င်း..၊ သီလဖြင့် ဝီတိက္ကမကိလေသာကို ပယ်သတ်ပြီးဖြစ်သူမှ နေက္ခမ္မဖြင့် ပရိယုဋ္ဌာနကိလေသာကို ပယ်နိုင်ကြောင်း ပြတော်မူလိုသောကြောင့်၎င်း သီလ၏အခြားမဲ့၌ နေက္ခမ္မကို ဟောတော်မူသည်။

     (၄) ပညာဖြင့် နေက္ခမ္မ၏ပြီးမြောက်မှု စင်ကြယ်နိုင်သောကြောင့်၎င်း..၊ (နေက္ခမ္မအဝင်အပါ) ဈာန်မရှိလျှင် ပညာမရှိနိုင်ကြောင်း ဟောတော်မူလိုသောကြောင့်၎င်း..၊ နေက္ခမ္မဖြင့် သမထနိမိတ်ကို ဟောတော်မူပြီးလျှင်၊ ပညာဖြင့် ဥပေက္ခာနိမိတ်ကို ဟောတော်မူလိုသောကြောင့်၎င်း..၊ နေက္ခမ္မဖြင့် သူတပါး၏



၁၁၅

အစီးအပွါးကို စူးစိုက်ဆင်ခြင်နိုင်မှ ပညာဖြင့် သူတပါးအကျိုးဖြစ်ကြောင်းကို ပြုလုပ်နိုင်သည့် ဥပါယကောသလ္လဉာဏ် ဖြစ်ပွါးနိုင်သည်ကို ပြတော်မူလိုသောကြောင့်၎င်း နေက္ခမ္မ၏အခြားမဲ့၌ ပညာကို ဟောတော်မူသည်။

     (၅) ဝီရိယကို ကြိုးစားအားသစ်ခြင်းဖြင့် ပညာကိစ္စ ပြီးနိုင်သောကြောင့်၎င်း..၊ ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်သုဉ်းသည့် သဘာဝဓမ္မ အစစ်အမှန်ကို စူးစိုက်ကြည့်ရှုတတ်သည့် ပညာကို ဟောပြပြီးလျှင် သတ္တဝါတို့ အစီးအပွါးဖြစ်ရန် အားသစ်ခြင်းဝီရိယ၏ အံ့ဖွယ်ရှိသည်၏အဖြစ်ကို ပြတော်မူလိုသောကြောင့်၎င်း..၊ ဥပေက္ခာ နိမိတ်ကို ဟောပြီးလျှင် ပဂ္ဂဟနိမိတ်ကို ဟောတော်မူလိုသောကြောင့်၎င်း..၊ (ပညာဖြင့် ဆင်ခြင်ပြီး လုံ့လကြိုးကုတ် အားထုတ်မှသာ အကျိုးထူးကို ရနိုင်သည်။) သို့ရကား စူးစမ်းဆင်ခြင်မှု ပြုခြင်းကို ဟောပြီးလျှင် ထကြွလုံ့လကို ဟောတော်မူလိုသောကြောင့်၎င်း ပညာ၏အခြားမဲ့၌ ဝီရိယကို ဟောတော်မူသည်။

     (၆) (ဝီရိယရှိသူမှသာ ကျရောက်တွေ့ကြုံသမျှသော ဒုက္ခကို ခံနိုင်ရည်ရှိသည်။ သို့ရကား ဝီရိယရှိမှ သည်းခံခြင်း (ခန္တီ) ပြီးမြောက်နိုင်သောကြောင့်၎င်း..၊ (ဝီရိယကင်းသည့် လူပျင်း၏ မနိုင်၍ သည်းခံရခြင်းသည် မတင့်တယ်ပေ၊ ဝီရိယရှိသူ၏ မိမိက နိုင်နိုင်ပါလျက် သည်းခံခြင်းကသာ တင့်တယ်သည်။) သို့ရကား ဝီရိယသည် ခန္တီ၏ အဆင်တန်းဆာသဖွယ် ဖြစ်သောကြောင့်၎င်း..၊ ပဂ္ဂဟနိမိတ်ကို ဟောပြီးလျှင် သမထနိမိတ်ကို ဟောတော်မူလိုသောကြောင့်၎င်း..၊ (ဝီရိယလွန်လျှင် ဥဒ္ဓစ္စဖြစ်တတ်သည်။ ထိုဥဒ္ဓစ္စတည်းဟူသောအပြစ်ကို ဓမ္မနိဇ္ဈာနက္ခန္တီကသာ ပယ်နိုင်သည်။) သို့ရကား ဝီရိယလွန်ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ဥဒ္ဓစ္စအပြစ်ကို ပယ်နိုင်ကြောင်းတရားကို ဟောတော်မူလိုသောကြောင့်၎င်း..၊ (သည်းခံခြင်း ခန္တီတရား များသောသူမှသာ ဥဒ္ဓစ္စမဖြစ်ပဲ ကုသိုလ်တရားတို့ကို အမြဲမပြတ် အားထုတ်နိုင်သည်၊) သို့ရကား ဝီရိယရှိသောသူ၏ အမြဲမပြတ် အားထုတ်နိုင်မည့်အကြောင်းကို



၁၁၆

ပြတော်မူလိုသောကြောင့်၎င်း..၊ (ဓမ္မနိဇ္ဈာနက္ခန္တီ*တရား မရှိပဲနှင့် သူတပါး၏အကျိုးကို အားထုတ်လျှင် ထိုသူ့ထံမှ ကျေးဇူးတုံ့ပြန်မှုကိုလိုလားသည့် လောဘဖြစ်တတ်သည်။ ထိုဓမ္မနိဇ္ဈာနက္ခန္တီတရားရှိမှ လောဘမဖြစ်ပဲ ကျေးဇူးသက်သက်ကို ပြုနိုင်သည်။) သို့ရကား အပ္ပမာဒတရား လက်ကိုင်ထားသူ၏ သူတပါးအကျိုးစီးပွါးကို အားထုတ်ရာဝယ် ထိုကျေးဇူးပြုခံပုဂ္ဂိုလ်ထံမှ တုံ့ပြန်၍ ကျေးဇူးဆပ်မှုကို တောင့်တတတ်သည့် တဏှာလောဘ မဖြစ်နိုင်ကြောင်းတရားကို ပြတော်မူလိုသောကြောင့်၎င်း...၊ (စူဠဓမ္မပါလဇာတ် စသည်ကို ထောက်ဆ၍) အလောင်းတော်ကြီးများသည် သူတပါးအကျိုးကို သည်ပိုးအားထုတ်မှု (မပြုရသောအခါမျိုး၌လည်း သူတပါးတို့ကပြုအပ်သည့် ဒုက္ခကို သည်းခံတော်မူကြောင်း ပြတော်မူလိုသောကြောင့်၎င်း ဝီရိယ၏ အခြားမဲ့၌ ခန္တီကို ဟောတော်မူသည်။

     (၇) (သစ္စာရှိမှ ကြာရှည်စွာ သည်းခံနိုင်သည်။) သို့ရကား သစ္စာဖြင့် ခန္တီတရား ကြာမြင့်စွာ တည်နိုင်သောကြောင့်၎င်း..၊ (တိံသနိပါတ် (၆)ခုမြောက် မဟာကပိဇာတ်တော်၌ အလောင်းတော်မျောက်မင်းသည် ချောက်အတွင်းကျနေသော ပုဏ္ဏားကို ကယ်တင်တော်မူပြီးနောက် ပင်ပန်းလှသဖြင့် ထိုပုဏ္ဏား၏ရင်ခွင်၌ အပန်းဖြေ တမှိတ်မျှ စိတ်ချ၍ အိပ်စက်တော်မူစဉ် ထိုပုဏ္ဏားလူပျက် ကျောက်တုံးဖြင့်ထုနှက်သည်ကို အမျက်ထွက်ခြင်းမရှိ သည်းခံတော်မူချိ၍ ထိုပုဏ္ဏားကိုပင် သစ် ကျား ခြင်္သေ့စသော သားရဲတို့ဘေးမှလွတ်အောင် သစ်တပင်မှ တပင်သို့ ကူးလျက် သွေးစက်ဖြင့်လမ်းပြ၍ တောဝရောက်အောင်ပင် ကယ်တင်လိုက်သည်များကို ထောက်ဆ၍) ဘုရားအလောင်းတော်များသည် သူတဦးက ကျေးဇူးမဲ့ပြုသော်လည်း ထိုပြုမှားချက်ကို သည်းခံတော်မူပြီးလျှင် မူလဗျာဒိတ်ခံစဉ် ဘုရားဆုပန်စဉ်က “သတ္တဝါတို့ကို ကယ်တင်မည်”ဟူသော ဝန်ခံကြံစည်ချက်ကို မချွတ်ယွင်းစေပဲ


* တရားသဘောတို့ကို အမှန်အတိုင်း စူးစိုက် ကြည့်ရှုနိုင်စွမ်းသော ဉာဏ်ကို ဓမ္မနိဇ္ဈာနက္ခန္တီ ခေါ်သည်။



၁၁၇

ထိုပြစ်မှားသူ၏ ကျေးဇူးကိုပင် ပြုတော်မူလေ့ရှိသည်။ သို့ရကား ပြစ်မှားသောသူ၏အပေါ်၌ သည်းခံတတ်သောတရားကို ဟောကြားတော်မူပြီးလျှင် ထိုပြစ်မှားသူအား ကျေးဇူးပြုခြင်း၌ (ဘုရားဆုပန်စဉ်က ကြံခဲ့သည့်အတိုင်း) မချွတ်မယွင်း မှန်ကန်သည်ကို ပြတော်မူလိုသောကြောင့်၎င်း..၊ အလောင်းတော်ကြီးများမှာ ခန္တီတရားဖြင့် သူတပါးတို့က အလွဲလွဲအမှားမှား ပြောကြားသော်လည်း ဖောက်ပြန်တုန်လှုပ်ခြင်း မရှိကြပဲ၊ မိမိအတွက်မူ အမှန်တခုကိုသာ ပြောကြားလေ့သဘောကို ဘယ်သောအခါမှ မစွန့်လွှတ်ကြကြောင်းကို ပြတော်မူလိုသောကြောင့်၎င်း..၊ ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်သုဉ်းသည့် သဘာဝဓမ္မ အစစ်အမှန်ကို စူးစိုက်ကြည့်စွမ်းနိုင်သော (ဓမ္မနိဇ္ဈာန)ခန္တီကို ဟောတော်မူပြီးလျှင် ထိုခန္တီဖြင့် ပွါးတိုးစေအပ်သော ဉာဏသစ္စာကို ဟောတော်မူလိုသောကြောင့်၎င်း ခန္တီ၏အခြားမဲ့၌ သစ္စာကို ဟောတော်မူသည်။

     (၈) အသက်ပင်သေစေကာမူ အမှန်ကိုသာ ငါပြောအံ့ဟု မတုန်မလှုပ် ဆောက်တည်ချက်ရှိသူမှသာ သစ္စဝါစာ ပြီးမြောက် ပြည့်စုံနိုင်ရကား အဓိဋ္ဌာန်ဖြင့် သစ္စာ ပြည့်စုံ ပြီးမြောက်နိုင်သောကြောင့်၎င်း..၊ မချွတ်မယွင်း မှန်ကန်မှုသစ္စာကို ဟောတော်မူပြီးလျှင် ထိုသစ္စာမှု၌ အလောင်းတော်ကြီးများ ရွေ့ရှားတုန်လှုပ်ခြင်း မရှိသည်ကို ပြတော်မူလိုသောကြောင့်၎င်း..၊ အမှန်အတိုင်းသိမြင်သည့် (ယထာဘူတ)ဉာဏ်ရှိသူမှသာ ပါရမီတို့ကို ကြံ့ကြံ့ဆောက်တည်နိုင် ဆောက်တည်သည့်အတိုင်းလည်း အပြီးရောက် ဖြည့်ကျင့်နိုင်ရကား ဉာဏသစ္စာကို ဟောတော်မူပြီးလျှင် ထိုဉာဏသစ္စာ၏ အကျိုးဖြစ်သည့် ပါရမီအဆောက်အဦတို့၌ ဖြစ်စေနိုင်ကြောင်း အပြီးရောက် ပြည့်မြောက်စေနိုင်ကြောင်း တရားကို ပြတော်မူလိုသောကြောင့်၎င်း သစ္စာ၏အခြားမဲ့၌ အဓိဋ္ဌာနကို ဟောတော်မူသည်။

     (၉) မေတ္တာဘာဝနာကို ပွါးများမှသာ သူတပါးအကျိုးကို ပြုလုပ်ရန် ဆောက်တည်ချက်အဓိဋ္ဌာန် ပြီးနိုင် ပြည့်စုံနိုင်သောကြောင့်၎င်း..၊



၁၁၈

(ပါရမီတရားတို့ကို ဆောက်တည်တော်မူကြသော အလောင်းတော်ကြီးများသည် မေတ္တာဖြင့်သာ အများ အားဖြင့် နေလေ့ရှိကြ၏၊) သို့ရကား ဆောက်တည်ချက် အဓိဋ္ဌာန်ကို ဟောတော်မူပြီးလျှင် ဆောက်တည်သည့်အတိုင်း သူတပါး၏စီးပွါးကို ရွက်ဆောင်တတ်သည့် တရားကို ပြတော်မူလိုသောကြောင့်၎င်း၊ အဓိဋ္ဌာန်ဖြင့် ကြံ့ကြံ့ဆောက်တည်ခြင်းရှိသူအား မေတ္တာဖြင့် ကုသိုလ်တရားတို့ကို အရယူမှု ဖြစ်နိုင်သောကြောင့်၎င်း အဓိဋ္ဌာန်၏အခြားမဲ့၌ မေတ္တာကို ဟောတော်မူသည်။

     (၁၀) (ဥပေက္ခာမဖက် မေတ္တာချည်းသက်သက် ပွါးနေလျှင် မေတ္တာအယောင်ဆောင်၍ တဏှာလောဘက လှည့်ပတ်တတ်သည်၊ ရံခါရံခါ ဥပေက္ခာကိုလည်း လေ့လာပွါးများမှ လောဘမဝင်နိုင် မလှည့်ပတ်နိုင်ပဲ ရှိသည်။) သို့ရကား ဥပေက္ခာဖြင့် စင်ကြယ်သည့်မေတ္တာ ဖြစ်နိုင်သောကြောင့်၎င်း..၊ (အလောင်းတော်ကြီးများသည် မေတ္တာဖြင့် သတ္တဝါတို့၌ အကျိုးစီးပွါးကို ရွက်ဆောင်တော်မူပြီးလျှင်၊ ဥပေက္ခာဖြင့် ထိုသူတို့က မိမိအပေါ်၌ ပြစ်မှားသမျှကို အပြစ်မပြု လျစ်လျူရှုတော်မူကြသည်။) သို့ရကား သတ္တဝါတို့၌ အစီးအပွါး ရွက်ဆောင်ကြောင်းတရားကို ဟောတော်မူပြီးလျှင် ထိုသတ္တဝါတို့ ပြုမှားသော အပြစ်များ၌ လျစ်လျူရှု နိုင်ကြောင်းတရားကို ဟောတော်မူလိုသောကြောင့်၎င်း..၊ မေတ္တာဘာဝနာကို ပွါးပြီးမှသာ ဥပေက္ခာဘာဝနာကို ပွါးများ အောင်မြောက်နိုင်သည်၊ သို့ရကား မေတ္တာဘာဝနာကို ဟောတော်မူပြီးလျှင် ထိုမေတ္တာ ဘာဝနာ၏ အကျိုးဆက်ကို ပြတော်မူလိုသောကြောင့်၎င်း..၊ “အကျိုးလိုလားသည့် သတ္တဝါတို့ကိုပင်သော်လည်း လျစ်လျူရှုနိုင်ပေ၏”ဟု အံ့ဖွယ်ရှိသည့်ဂုဏ်ကို ပြတော်မူလိုသောကြောင့်၎င်း မေတ္တာ၏အခြားမဲ့၌ ဥပေက္ခာကို ဟောတော်မူသည်။

ပါရမီဆယ်တိုက်၊ ကုသိုလ်မြိုက်တို့၊ ထိုက်သည့်အလျောက်၊ ပံ့ထောက်ဆက်သွယ်၊ ကြောင်းကျိုးနွယ်၍၊ ဟိုနှယ်သည်ရောက်၊ ကမောက္ကမ၊ မဟောပြပဲ၊ လောကထိပ်တင်၊ ဒို့ရှင်ပင်၊ ၊ဤအစဉ်ဖြင့် ဟောသတည်း။

**********