မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၆) ပါရမီတို့၏ အကျိုးရင်းတရား

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၆) ပါရမီတို့၏ အကျိုးရင်းတရား

၂၇၂

(၁၆) ပါရမီတို့၏ အကျိုးရင်းတရား

“ပါရမီတို့၏ အကျိုးရင်း ဖလ တရားကား အဘယ်နည်း”ဟု မေးခဲ့သော်-

     အဖြေကား.. မြတ်စွာဘုရား၏ အဖြစ်တည်းဟူသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် ရှေ့ဆောင်သည့် ဘုရား၏ ဂုဏ်တော် ကျေးဇူးတော် အနန္တသည် အကျဉ်းချုပ်အားဖြင့် ပါရမီတို့၏ အကျိုးရင်း ဖလတရားဖြစ်ပေ၏။ (ဘုရားဖြစ်ခြင်းသည် ပါရမီတို့၏ အကျိုးရင်းဖြစ်သည်ဟု ဆိုလိုသည်။)

     အကျယ်အားဖြင့်ကား- သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတော်ကြီးများ၊ ရှစ်ဆယ်သော အနုဗျဉ္ဇန လက္ခဏာတော်ငယ်များ (၎င်းတို့အကျယ် ဂေါတမဗုဒ္ဓဝင်၌ ထင်ရှားလတ္တံ့၊) အင်္ဂါလေးပါးရှိသော အမိုက်မှောင်၌သော်လည်း အတောင်ရှစ်ဆယ်အရပ်တိုင်အောင် ထွန်းလင်းတောက်ပသော ကိုယ်တော်ရောင် အစရှိသော များစွာသော ဂုဏ်တော်အပေါင်းတို့ဖြင့် တောက်ပြောင်တင့်တယ်သော ရူပကာယ၏ ကြက်သရေတော်များနှင့်တကွ ထိုရူပကာယ၌တည်သော ဒသဗလဉာဏ်တော် ဆယ်ပါး၊ ဝေသာရဇ္ဇဉာဏ်တော် လေးပါး၊ အသာဓာရဏဉာဏ်တော် ခြောက်ပါး၊ တဆယ့်ရှစ်ပါးသော အာဝေဏိက ဘုရားဂုဏ်တော် အစရှိသည့် အနန္တဂုဏ်တော်အပေါင်းဖြင့် တင့်တယ်သော ဓမ္မကာယ ကြက်သရေတော်အစု၊ ထိုမှတပါးလည်း..

“ဗုဒ္ဓေါပိ ဗုဒ္ဓဿ ဘဏေယျ ဝဏ္ဏံ၊

ကပ္ပမ္ပိ စေ အညမဘာသမာနော။

ခီယေထ ကပ္ပေါ စိရ ဒီဃမန္တရေ၊

၀ဏ္ဏော န ခီယေထ တထာဂတဿ”-

ဟူ၍ အဋ္ဌကထာ ဆရာတော်များ ကိုးကား ဖော်ပြအပ်သည့် ဂါထာအတိုင်း တဆူသော ဘုရားရှင်သည် တပါးသော တရားကိုမဟောပဲ တဆူသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို အာယုကပ်= (အသက်ရှည်သမျှ)ပတ်လုံး ဟောသော်လည်း



၂၇၃

အသက်တမ်း အာယုကပ်သာ အချိန်ကြာ၍ ကုန်စေကာမူ မကုန်မဆုံးနိုင်သော ဘုရားရှင်၏ဂုဏ်တော်များ ဤတရားစုသည် ပါရမီတို့၏ အကျိုးရင်း ဖလ တရားဖြစ်ကုန်၏။

ဤအရာ၌ ဘုရားဂုဏ်တော်များ၏ အနန္တ အပ္ပမေယျ ဖြစ်သည်ကို သဒ္ဓါကြည်ညိုကြရန်၎င်း ဤကျမ်းကို လေ့လာသူတို့ ပညာသံဝတ္တနိက= (ပညာကို ဖြစ်စေတတ်သည့်) ကုသိုလ်တရား ပွါးစီးကြရန်၎င်း အနောမဒဿီ မြတ်စွာဘုရားအား အရှင်သာရိပုတြာ၏ အလောင်းဖြစ်သည့် သုရုစိရှင်ရသေ့ ချီးကျူး လျှောက်ဆို အပ်သော ဂါထာ(၃)ပုဒ်ကို ပါဌ်အနက်ဖော်ပြ၍ ပကိဏ္ဏကအခဏ်းကို ပြီးဆုံးစေတော့အံ့..

(၁) သက္ကာ သမုဒ္ဒေ ဥဒကံ၊

ပမေတုံ အာဠှကေန ဝါ။

န တွေ၀ တ၀ သဗ္ဗညု၊

ဉာဏံ သက္ကာ ပမေတဝေ။

     သမုဒ္ဒေ၊ မဟဏ္ဏဝါ သမုဒြာအတွင်း၌။ ဥဒကံ၊ တည်နေပေါင်းစု ရေအထုကို။ အာဠှကေန ဝါ၊ ပြည်တောင်းဖြင့်၎င်း။ အညေန ဝါ၊ တပါးသော ချင်ခွက်ဖြင့်၎င်း။ ပမေတုံ၊ ဤရွေ့တုံတိ ဤမျှရှိဟု သိအောင်ရည်ရွယ် ချင်တွယ်နှိုင်းစက်ခြင်းငှါ။ သက္ကာ၊ တတ်နိုင်သော်မူ တတ်နိုင်ဖွယ်ရာ ရှိပါသေး၏။ သဗ္ဗညု၊ ခပ်သိမ်းသော တရားတို့ကို ပိုင်းခြားကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား..။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ သဗ္ဗညုတရွှေဉာဏ်တော်မြတ်ကို။ ပမေတဝေ၊ ဤရွေ့ဘုံဘိ အစွမ်းရှိဟု သိအောင်ရည်ရွယ် ချင်တွယ်နှိုင်းစက်ခြင်းငှါ။န တွေဝ သက္ကာ၊ အဘယ်လူဇာတ် အဘယ်နတ်မှ မတတ်နိုင်ရိုး ဧကန် မှန်လှပါသည်ဘုရား။

(၂) ဓာရေတုံ ပထဝိံ သက္ကာ၊

ဌပေတွာ တုလမဏ္ဍလေ။

န တွေ၀ တဝ သဗ္ဗညု၊

ဉာဏံ သက္ကာ ဓရေတဝေ။



၂၇၄

     ပထဝိံ၊ ယူဇနာကိန်း နှစ်သိန်းလေးသောင်း ထုပေါင်းသင်္ချာ မဟာပထဝီ ဤမြေအဝန်းကို။ တုလမဏ္ဍလေ၊ ချိန်ခွင်အဝန်း၌။ ဌပေတွာ၊ တင်ထား၍။ ဓာရေတုံ၊ ဤရွေ့တုံတိ ချိန်ဝန်ရှိဟု သိအောင်ရည်ရွယ် ချိန်တွယ်ခြင်းငှါ။ သက္ကာ၊ တတ်နိုင်သော်မူ တတ်နိုင်ဖွယ်ရာ ရှိပါသေး၏။ သဗ္ဗညု၊ ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကုန်စင် သိမြင်တော်မူသော မြတ်စွာဘုရား..။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ကို။ ဓရေတဝေ၊ ဤရွေ့တုံတိ အစွမ်းရှိဟု သိအောင်ရည်ရွယ် ချိန်တွယ်ခြင်းငှါ။ န တွေဝ သက္ကာ၊ အဘယ်လူဇာတ် အဘယ်နတ်မှ မတတ်နိုင်ရိုး ဧကန် မှန်လှပါသည်ဘုရား။

(၃) အာကာသော မိနိတုံ သက္ကာ၊

ရဇ္ဇုယာ အင်္ဂုလေန ဝါ။

န တွေဝ တဝ သဗ္ဗညု၊

ဉာဏံ သက္ကာ ပမေတဝေ။

     အာကာသော၊ အဇဋာပြင် မိုးကောင်းကင်ကို။ ရဇ္ဇုယာ ဝါ၊ ပေကြိုးဖြင့်၎င်း။ အင်္ဂုလေန ဝါ၊ လက်သစ်ဖြင့်၎င်း။ မိနိတုံ၊ ဤရွေ့တုံတိ ဤမျှရှိဟု သိအောင်နှိုင်းစာ တိုင်းတာခြင်းငှါ။ သက္ကာ၊ တတ်နိုင်သော်မူ တတ်နိုင်ဖွယ်ရာ ရှိပါသေး၏။ သဗ္ဗညု၊ ခပ်သိမ်းသော တရားတို့ကို ပိုင်းခြားကုန်စင် သိမြင်တော်မူသော မြတ်စွာ ဘုရား..။ တဝ၊ အရှင်ဘုရား၏။ ဉာဏံ၊ သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ကို။ ပမေတဝေ၊ ဤရွေ့တုံတိ အစွမ်းရှိဟု သိအောင်နှိုင်းစာ တိုင်းတာခြင်းငှါ။ န တွေဝ သက္ကာ၊ အဘယ်လူဇာတ် အဘယ်နတ်မှ မတတ်နိုင်ရိုး ဧကန် မှန်လှပါသည်ဘုရား။

ဤတွင်ရွေ့ ပါရမီတို့၌ ပြိုးပြွမ်းမှတ်ဖွယ် အဓိပ္ပါယ်တို့ကို ဖော်ပြသည့် ပကိဏ္ဏကခဏ်း ပြီး၏။

**********