မဟာဗုဒ္ဓဝင်/၆- ပါရမီတော်ခဏ်း (က) ဒါနပါရမီ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(က) ဒါနပါရမီ

(စူ)

၆-ပါရမီတော်ခဏ်း

(က) ဒါနပါရမီ

ဤဒါနပါရမီအရာ၌-

     ဗုဒ္ဓဝင်ပါဠိတော်မှာ ရှေးရှေး ဘုရားအလောင်းတော်ကြီးများသည် ဒါနပါရမီကိုသာ ဦးစွာအစ ဖြည့်ခဲ့ကြသည်ဖြစ်၍ အသင်သုမေဓာသည်လည်း ဒါနပါရမီကိုပင် အစဦးစွာ ဖြည့်ကျင့်လေလော့…ဟူ၍ အလောင်းတော် သုမေဓာရှင်ရသေ့သည် မိမိကိုယ်ကို မိမိ ဆုံးမသည့်စကား ထင်ရှားစွာ လာရှိသောကြောင့် ပါရမီ (၁၀)ပါးတို့တွင် ဒါနပါရမီသည် အစအဦး အထူးအရေးတကြီး ဖြည့်ကျင့်ရမည့် ပါရမီဖြစ်ကြောင်း ကောင်းစွာ ထင်ရှားသိသာပေ၏။

သို့သော်-

     သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌၊ ၊သီလေပတိဋ္ဌာယ နရော သပ္ပညော… အစရှိသည်ဖြင့် “တိဟိတ်ပဋိသန္ဓေနေသော ရင့်မာသော ပညာရှိသူသည် ထက်မြက်သော လုံ့လဝီရိယဖြင့် သီလမှာတည်၍ စိတ်တည်းဟူသော သမာဓိတရား၊ ဝိပဿနာပညာ တရားတို့ကို ပွါးများလျှင် တဏှာအရှုပ်အထွေးကို ဖြေရှင်းနိုင်ကြောင်း” မြတ်စွာဘုရား ဟောကြားရာ၌ကား ဒါနအကြောင်း အရိပ်အမြွက်မျှ မပါ၊ သီလ သမာဓိ ပညာ သုံးရပ်သာ ပါရှိသည်။

     ဤတွင်မျှ မကသေး.. ဤသံယုတ်ပါဠိတော်လာ ဤတဂါထာတည်း၏ အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြရာ (စာမျက်နှာပေါင်း ၆၀၀-ကျော်ရှိသည့်) ဝိသုဒ္ဓိမဂ်ကျမ်းကြီး၌လည်း ဒါနအကြောင်းအရာ အရိပ်အမြွက်မျှ မလာမရှိ၊ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်တရား ရှစ်ပါး၌လည်း သီလဆိုင်ရာမဂ္ဂင် သမာဓိဆိုင်ရာမဂ္ဂင် ပညာဆိုင်ရာမဂ္ဂင်အားဖြင့် သုံးပါးသာ ပါဝင်သည်။ ဒါနဆိုင်ရာမဂ္ဂင်ဟူ၍ မရှိ၊ ဒါနတရားသည် ဘုရားအလိုတော်ရှိသော တရားမဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်း တရားလည်း မဟုတ်၊ သံသရာကို ချဲ့ထွင်သော တရားသာ ဖြစ်သည်ဟု ယူဆပြီးလျှင် “ဒါနကို မပြုသင့်”ဟူ၍ပင် အချို့ ယူဆ ပြောဆိုကြ၏။

     ရှေးက ထင်ပေါ်ကျော်စောသော ယောမင်းကြီးဦးလှိုင်ကမူ မိမိရေးသားသည့် ဝိမုတ္တိရသကျမ်းထဲမှာ “ဒါနဟူသည် သိင်္ဂါလသူဌေးသားများကဲ့သို့သော လူပြိန်းများအလို့ငှါသာ မြတ်စွာဘုရား ဟောတော်မူသည်”ဟု ရေးသားခဲ့၏။

     ထိုသို့ “ဒါနကို မပြုသင့်”ဟူ၍ ပြောဆိုချက် “ဒါနဟူသည် လူပြိန်းများအတွက်သာ မြတ်စွာဘုရား ဟောတော်မူသည်”ဟူသော ယောမင်းကြီး၏ ရေးသားချက်တို့ကို မနှစ်သက်နိုင် မခံမရပ်နိုင်သော ဗုဒ္ဓဝါဒီဂိုဏ်းဝင် သူတော်စင်တို့သည် များစွာပင် ရှိကြပေ၏။



(စေ)

     ဤသို့ ပြောဆိုရေးသားချက်တို့အတွက် မနှစ်သက်နိုင် မခံမရပ်နိုင် ဖြစ်နေခြင်းဖြင့် မိမိတို့မှာ အကျိုးမရှိနိုင်ပေ၊ တကယ်စင်စစ် မိမိတို့အဖို့ရာ အကျိုးရှိစေနိုင်မည့် ယထာဘူတ ဘုရားအလိုတော်ကျ မှန်ကန်သော အနက်အဓိပ္ပါယ်ကို ဤဆိုလတ္တံ့သောအတိုင်း သိမြင်ရန် အရေးကြီးလှပေ၏၊ သိမြင်ရန် မှန်ကန်သော အနက်အဓိပ္ပါယ်ကား-

     ရှေး ဖော်ပြရာပါ သံယုတ်ပါဠိတော်ကြီးမှာ... နောက်တဖန် ဘဝအသစ် မဖြစ်တော့ပဲ ယခုတဘ၀အတွင်းမှာပင် ကိလေသာကုန်ခန်း ရဟန္တာဖြစ်အောင် အားထုတ်နိုင်စွမ်းရှိသော အာဇာနည် ပုဂ္ဂိုလ်ကြီးများအတွက် မြတ်ဘုရား ဟောကြားတော်မူခြင်း ဖြစ်သည်။ ယခုဘဝမှာပင် ရဟန္တာစင်စစ် ဖြစ်နိုင်သော စွမ်းရည်သတ္တိ ရှိသူမှန်ပါက စွမ်းရည်သတ္တိ ရှိသည့်အတိုင်း ရဟန္တာဖြစ်ပါက နောင်ဘဝအသစ် ထူထောင်ရန် မလိုတော့ပြီ၊ ဒါနဟူသည် ဘဝအသစ် စည်းစိမ်အသစ်တွေကို ဖြစ်စေနိုင်သော တရားဖြစ်၏။ ယခုဘဝ၌ပင် သံသရာကိစ္စတုံးစေမည့် ပုဂ္ဂိုလ်မှာ အနာဂတ်ဘဝသစ်ဟူ၍ မရှိသောကြောင့် ဒါနပြုလုပ်သော်လည်း ဒါနအကျိုးပေးစရာ ဘဝအသစ် မရှိတော့သည့်အတွက် ဒါနသည် အပိုဖြစ်၍သာ နေတော့၏။ ထို့ကြောင့် ထိုအာဇာနည် ပုဂ္ဂိုလ်ကြီးများအတွက် ဒါနထက် အရေးကြီးလှသော ဤဘဝမှာပင် ကိလေသာ ကုန်ခန်းစေနိုင်သည့် သီလ သမာဓိ ပညာ သိက္ခာသုံးပါးကိုသာ အဓိကထား၍ ဖော်ပြရာပါ သံယုတ်ပါဠိတော်ကြီး၌ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ဒါနကို မပြုသင့်၍ မြတ်စွာဘုရား မဟောကြားခြင်း အလျဉ်းမဟုတ်ချေ။

     ဒါနတရားသည် စိတ်နှလုံးကို နူးညံ့စေတတ်သော တရားဖြစ်၏၊ တစုံတခု အလှူဒါနပြုလုပ်သောသူသည် ထိုဒါန၏ ကျေးဇူးပြု ဥပနိဿယပစ္စည်း တပ်ပေးမှုကြောင့် သီလဆောက်တည်ရန် သမာဓိဘာဝနာတရား ပွါးများရန် ပညာဘာဝနာတရား ပွါးများရန် စိတ်နှလုံး နူးညံ့ပြီး ဖြစ်လေတော့သည်။ လှူဘွယ်ဝတ္ထု တခုခု မပါရှိပဲ ကျောင်းကန်ဘုရား သွားရောက်၍ သီလသီတင်း ဆောက်တည်ရန် တရားဓမ္မ နာယူရန် တရားအားထုတ်ရန်အတွက် စိတ်နှလုံး မနူးညံ့ ရှိုးတိုးရှန့်တန့် တဆန့်ကျင်ကျင် ဖြစ်ရသည်မှာ သဒ္ဓါတရားရှိကြသော ဗုဒ္ဓဝါဒီ သူတော်စင်တိုင်း၏ ကိုယ်တွေ့ပင် ဖြစ်တော့သည်။ ထိုကြောင့်ပင် ဘုရားလက်ထက်တော် အခါက အရိယာသူတော်ကောင်း ဖြစ်ကြသော ဝိသာခါ အစရှိသော သူတော်စင်တို့သည် ဘုရားကျောင်းတော်သို့ သွားရောက်လျှင် နံနက်အခါ၌ ခဲဘွယ်ဘောဇဉ်၊ ညနေအခါ၌ အဖျော်ယမကာ စတုမဓူစသော ဆေးပစ္စည်း လှူဘွယ်များကို ယူဆောင်၍ သွားကြမြဲ ဖြစ်သည်။

     ယခုဘဝအတွင်းမှာ ကိလေသာကုန်ခန်း ရဟန္တာဖြစ်မည့်သူ မဟုတ်ပါက သံသရာကို အနည်းအများ ကူးသွားရမည်သာ ဖြစ်၏၊ ဒါနမပါပဲ သံသရာခရီး



(စဲ)

သွားရလျှင် ဒါနကင်းသည့်အတွက် သုဂတိဘဝကောင်းကို ရရန်ခက်၏၊ ရပြန်လျှင်လည်း အသုံးအဆောင် ပြည့်စုံဘို့ရန် ခက်ပြန်၏၊ ထိုအခါ ကုသိုလ်တရားကို ရှာဖွေချင်သော်လည်း ရှာဖွေနိုင်တော့မည် မဟုတ်ချေ။ (ဒါနမပါပဲ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါး ကုသိုလ်ကိုသာ ရှာဖွေအံ့ ...ဟု ဆန့်ကျင်ဘက်စကား ပြောနိုင်ငြားသော်လည်း ထိုအချက်မှာ ပြောရုံသာ ပြောနိုင်၍ တကယ်စင်စစ် အလုပ်လုပ်၍ မဖြစ်နိုင်ပေ။ မှန်၏... ဒါနတရားက ကျေးဇူးအပြုခံရမှသာ အောင်မြောက်သော သီလ, သမာဓိ, ပညာတို့ ဖြစ်နိုင်သည်။) ထို့ကြောင့် သံသရာခရီးသွား မရပ်စဲသေးသောသူများမှာ ဒါနတရားကို အထူး အားထုတ်ဘို့ အရေးကြီးလှပေ၏၊ ဒါနရိက္ခာပါရှိမှ သံသရာ၌ ကောင်းသော သုဂတိဘ၀သို့ ရောက်ရှိခြင်း ထိုဘဝ၌ လိုရာအသုံးအဆောင်နှင့် ပြည့်စုံခြင်းရှိ၍ မိမိအားထုတ်လိုသော ကုသိုလ်ကောင်းမှုကို အားထုတ်နိုင်မည်ဖြစ်၏။

     သံသရာခရီးသွားတို့တွင် မြတ်စွာဘုရား အလောင်းတော်ကြီးများသည် အကြီးမားဆုံးသော သံသရာခရီးသွားကြီးများ ဖြစ်တော်မူကြ၏။ အလောင်းတော်ကြီးများသည် နိယတဗျာဒိတ် ရတော်မူကြပြီးသည့်နောက် သဗ္ဗညုတဉာဏ်ကို ရဘို့ရန် ပါရမီတော်တို့ကို ဖြည့်ကျင့်ရမည့် အချိန်အခါမှာ (ကမ္ဘာကုဋေတို့ဖြင့် မရေတွက်နိုင်သော) လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး အနည်းဆုံးသော သံသရာမှာ ကျင်လည်၍ အားထုတ်တော်မူကြရပေသည်။ ပစ္စေကဗုဒ္ဓါအလောင်းတို့မှာ နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင်၊ အဂ္ဂသာ၀က အလောင်းတို့မှာ တသင်္ချေနှင့် ကမ္ဘာတသိန်း၊ မဟာသာဝက အလောင်းတော်တို့မှာ ကမ္ဘာတသိန်းကြာ ပါရမီတို့ကို ဖြည့်ကျင့်ရပေသည်။ ထိုသို့ ဘုရားအလောင်းတော်ကြီးများမှာ သံသရာခရီးသွား အကြီးမားဆုံးသော ပုဂ္ဂိုလ်ကြီးများ ဖြစ်သောကြောင့် ဒါနပါရမီသည် အရေးအကြီးဆုံးဖြစ်၍နေသည့်အတိုင်း ဗုဒ္ဓ၀င်ပါဠိတော်မှာ ဒါနပါရမီကို ရှေးဦးစွာ အစွဲအမြဲပြုကာ ဆောက်တည်၍ ဖြည့်ကျင့်ရမည့်အကြောင်း ဟောတော်မူခြင်းဖြစ်သည်။

     သို့ဖြစ်၍ သံယုတ်ပါဠိတော်၌ ယခုဘဝမှာပင် ရဟန္တာဖြစ်ကြမည့် ပုဂ္ဂိုလ်ကြီးများအတွက် ဟောထားချက်ကို အကြောင်းပြု၍ ပါရမီမပြည့်စုံသေးသူများက “ဒါနတရား ပိုသည်”ဟု ပြောဆိုခြင်းငှါ မသင့်ချေ။

အချို့ကလည်း-

     ဒါနတခုထည်းနှင့် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်လောဟု မေးလေ့မေးထ ရှိကြ၏။ တခုတည်းသာဆိုလျှင် ဒါနဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်၊ သီလဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်၊ ဘာဝနာဖြင့်လည်း နိဗ္ဗာန်မရောက်နိုင်ဟူ၍



(စော)

ဖြေရပေမည်။ အကြောင်းကိုဆိုသော်... “ဒါနတခုတည်း”ဟု ဆိုရာမှာ သီလနှင့် ဘာဝနာ မပါဟု အဓိပ္ပါယ်ယူရသကဲ့သို့ “ဘာဝနာတခုတည်း”ဟု ဆိုလိုက်လျှင်လည်း ဒါနနှင့်သီလ မပါဟူ၍ အဓိပ္ပါယ်ယူရမည် ဖြစ်၏။ သီလမပါလျှင် ဒုစရိုက်မှုတွေကို ပြုကျင့်နေသော ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီးသာ ဖြစ်၏၊ ထိုဒုစရိုက်တုံးကြီးသည် မည်သို့ပင် ဘာဝနာတရား ပွါးများစေကာမူ အလွန်ကောင်းလှစွာသော မျိုးစေ့ကို ရဲရဲတောက်နေသော သံခဲကြီးပေါ်မှာ တင်လိုက်လျှင် အညွန့်အညှောက် မထွက်နိုင်ပဲ ခဏအတွင်း ပြာကျသွားသကဲ့သို့၊ ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီး ပွါးများအပ်သော ဘာဝနာသည်လည်း ဘာဝနာအဖြစ်သို့ မရောက်၊ ချက်ခြင်းပင် ဘာဝနာသဘော ပျက်စီးသွားမည်သာ ဖြစ်၏။ သို့ဖြစ်၍ “တခုတည်း”ဟူသော စကားကို ဒါနမှာထည့်သွင်း၍ မေးမြန်းခြင်းသည် မသင့်လျော်သော မေးမြန်းခြင်းသာ ဖြစ်သည်ဟု မှတ်ယူအပ်၏။

     ဤဒါနပါရမီခဏ်း ဗုဒ္ဓဝင်ပါဠိတော်မှာ အလှူခံပုဂ္ဂိုလ်တို့ကို အယုတ်အလတ် အမြတ်မရွေး ပေးလှူရမည်ဟု ထင်ရှားစွာ ဟောကြားထား၏၊ ဤသို့ ဟောကြားသည်ကိုထောက်လျှင် အလှူလှူရာမှာ အလှူခံကို မရွေးချယ်သင့်။ ရွေးချယ်ရန် မလိုဟု အဓိပ္ပါယ်ယူရမည် ဖြစ်၏။

     ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ကား... သံဃိကဒါန (၇)ပါး၊ ပုဂ္ဂလိကဒါန (၁၄)ပါးအားဖြင့် အလှူခံကို ခွဲခြား ဟောကြားတော်မူ၏။ ပုဂ္ဂလိကဒါန (၁၄)ပါးတို့တွင်လည်း အယုတ်ဆုံး တိရစ္ဆာန်မှစ၍ အထက်သို့ တက်တိုင်းတက်တိုင်း အကျိုးအာနိသင်များကြောင်းနှင့် အဆုံးမှာ သံဃိကအလှူဒါန အကျိုးကြီးမြတ်ကြောင်းကို ဟောကြားတော်မူ၏။

     အင်္ကုရပေတဝတ္ထု ပါဠိတော်၌လည်း... မြတ်စွာဘုရား တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားတော်မူရန် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူသောအခါ ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သားတို့ လာရောက် ဆည်းကပ်ကြရာတွင် အင်္ကုရနတ်သားမှာ တန်းခိုးကြီးသောနတ်များ လာတိုင်းလာတိုင်း နေရာဖယ်ခါ နောက်သို့ ဆုတ်၍ဆုတ်၍ မြတ်စွာဘုရားနှင့် (၁၀)ယူဇနာ ဝေးကွာသောအရပ်မှ ခစားရလေ၏။

     ဣန္ဒကနတ်သားမှာမူကား ပဌမလာရောက်နေရင်း နေရာမှ ဖယ်ရှားရခြင်း မရှိ၊ နေမြဲတိုင်း နေနိုင်၏။ ဤသို့ ဖြစ်ရခြင်းမှာ.... အင်္ကုရနတ်သားသည် အသက် တသောင်းတမ်းမှာ ကာလရှည်လျားစွာ (၁၂)ယူဇနာ ရှည်လျားသော ဖိုခနောက်တန်းကြီးဖြင့် ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့သော ဒါနရှင်ကြီး ဖြစ်သော်လည်း၊ အလှူခံပုဂ္ဂိုလ်တွေမှာ သာမည ပုထုဇန်ပုဂ္ဂိုလ်တွေသာ



(စော်)

ဖြစ်၏။ ဣန္ဒကနတ်သားမှာမူကား အရှင်အနုရုဒ္ဓါ ရဟန္တာမထေရ်မြတ်ကို ဆွမ်းတဇွန်းမျှ လောင်းလှူဘူး၏။

     ဤသို့ ဣန္ဒကနတ်သား၏ အလှူမှာ ဆွမ်းတဇွန်းမျှ အနည်းငယ်ပင် ဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်က ရဟန္တာဖြစ်၍ မြင့်မြတ်သော ကောင်းမှုဖြစ်သောကြောင့် နေမြဲနေရာမှာ မဖယ်မရှား နေနိုင်သည်။ အင်္ကုရနတ်သားမှာကား အလှူဝတ္ထုပင် များသော်လည်း အလှူခံတွေက သာမန်ပုထုဇန်များသာဖြစ်၍ ကုသိုလ်အာနုဘော် မကြီးမားသောကြောင့် တန်းခိုးကြီးသောနတ်များ လာတိုင်း လာတိုင်း နောက်သို့ဆုတ်၍ ပေးနေရသည်။ သို့ဖြစ်၍၊ ၊ ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ၊ ၊ဟူ၍ “အလှူကို လှူလိုလျှင် အကျိုးကြီးများမည့် အလှူခံကို ရွေးချယ်၍ လှူဒါန်းရမည်”ဟု ကျမ်းဂန်တို့၌ လာရှိပြန်သည်။

     ဤသို့ ဗုဒ္ဓဝင်ပါဠိတော်နှင့် ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့ မညီမညွတ် ဆန့်ကျင်သကဲ့သို့ ရှိနေရာ ညီညွတ်အောင် သိရှိနားလည်ရန်ကား.. ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့မှာ ဟောအပ်သော နည်းလမ်းသည် သာမညဖြစ်သူ နတ်လူတို့အဘွက် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်၏။ ဘုရား အလောင်းတော်ကြီးများမှာမူ ဤဗုဒ္ဓဝင်ပါဠိတော် လာသည့်အတိုင်း ရည်ရွယ်ရင်းကပင် မြတ်စွာဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)တော်ကို ရဘို့ရန် လိုလားရည်ရွယ်ရင်း ဖြစ်သည်၊ ဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)မှာ အယုတ် အလတ် အမြတ်ဟူ၍ မရှိ၊ တမျိုးတစားတည်းဖြစ်၍ မိမိမှာရှိသော လှူဘွယ်ပစ္စည်းကို ရောက်လာသမျှသော အလှူခံတို့အား အယုတ် အလတ် အမြတ်မရွေး လှူဒါန်းရန်သာရှိ၏။ “ဤအလှူခံက ယုတ်ညံ့သေးသည်၊ ဤအလှူခံအား လှူလိုက်လျှင် ငါ့မှာ ယုတ်ညံ့နိမ့်ကျသော ဘုရားဉာဏ် (သဗ္ဗညုတဉာဏ်)ကို ရနေလိမ့်မည်။ ဤအလှူခံကား အလတ်စားသာရှိသည်၊ ဤအလှူခံအား လှူလိုက်လျှင် အလတ်စား သဗ္ဗညုတဉာဏ်ကိုသာ ရနေလိမ့်မည်”ဟု တွေးတောဘွယ်မရှိ၊ သို့ဖြစ်၍ အလှူခံကို မရွေးချယ်ပဲ လှူဒါန်းခြင်းသည် သဗ္ဗညုတဉာဏ်ကို လိုလားသော ဘုရားအလောင်းတော်တို့၏ ဓလေ့ဖြစ်၏။ သာမညနတ်လူတို့၏ ရည်ရွယ်ချက်မှာကား လောကီစည်းစိမ် အမျိုးမျိုးတို့ကို အလိုရှိရာ ရည်ရွယ် လှူဒါန်းကြသည်ဖြစ်၍ အကောင်းဆုံးသော အလှူခံကို ရွေးချယ်ရမည်ဖြစ်၏။

     ဤသို့ ဗုဒ္ဓဝင်ပါဠိတော်က အလောင်းတော်ကြီးများအတွက် ရည်ရွယ်ဟောပြီးလျှင် ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော် စသည်တို့မှာ သာမညနတ်လူတို့အတွက် ရည်ရွယ် ဟောတော်မူခြင်း ဖြစ်သောကြောင့် မညီညွတ်မှု ဆန့်ကျင်မှု မရှိဟူ၍ မှတ်ယူရာ၏။



(စံ)

ပါရမီအဓိပ္ပါယ်

     ပါရမီဟူသော စကား၌ ရရှိနိုင်သည့် အဓိပ္ပါယ်များကို စရိယာပိဋက အဋ္ဌကထာ၌ အမျိုးမျိုး ဖွင့်ပြတော်မူ၏။ ဖွင့်ပြပုံကို သိသာရုံမျှ ဖော်ပြရသော်..

     ပါရမီဟူသော စကား၌ (ပရမ)နှင့် (ဤ)ကို တွဲစပ်ထားခြင်းဖြစ်၍ ပရမ ဟူသော ရှေ့ပုဒ်မှာ မြင့်မြတ်ခြင်းအနက်ကို ဟောသောပုဒ် ဖြစ်၏၊ ဤအရာ၌ မြတ်သော ဘုရားအလောင်းတော်များကို ပရမဟု ဆိုလိုသည်။

     တနည်း၊ ၊ပရမဟူသော ပါဠိမှာ ပရဓာတ် မ-ပစ္စည်း၊ ပရ-ဓာတ်က ပြည့်စုံခြင်း စောင့်ရှောက်ခြင်း အနက်ကို ဟောသည်၊ ဒါနစသော ကျေးဇူးဂုဏ်တို့ကို ပြည့်စုံစေတတ် စောင့်ရှောက်တတ်သောကြောင့် ဘုရားအလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရသဒ္ဒါအနီး (အစ၌)ရှိသော မဝဓာတ် နှောင်ဖွဲ့ခြင်းအနက်ကို ဟောသည်၊ တပါးသော သတ္တဝါကို ဂုဏ်အထူးဖြင့် မိမိမှာ ဆွဲငင်ဖွဲ့ချည်သကဲ့သို့ ဖြစ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါအနီး (အစ၌)ရှိသော မဇဓာတ်သည် စင်ကြယ်ခြင်းအနက်ကို ဟောသည် ပရံသဒ္ဒါက လွန်ကဲခြင်းဟူသော အနက်ကို ဟောသည်။ သူမတူတန် ကဲလွန်ထူးမြတ်စွာ ညစ်ညူးကြောင်းဖြစ်သော ကိလေသာတို့မှ စင်ကြယ်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မယဓာတ် သွားခြင်းအနက်ကို ဟောသည်၊ ပရံသဒ္ဒါက အမြတ်ဟူသော အနက်ကို ဟောသည်။ မြတ်နိဗ္ဗာန်သို့ အထူးသဖြင့် အရောက်သွားတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မုဓာတ်သည် ပိုင်းဖြတ်ခြင်းအနက်ကို ဟောသည်၊ တမလွန်လောကကို ယခု ပစ္စုပ္ပန်လောကကဲ့သို့ပင် ပိုင်းဖြတ်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။ (အဓိပ္ပါယ်ကား... ယခုလောက ယခုဘဝကို ကောင်းမွန်ချမ်းသာ အပြစ်မရှိစေရန် ဉာဏ်ဖြင့် ပိုင်းဖြတ်သကဲ့သို့၊ နောင်တမလွန် လောကကိုလည်း ကောင်းမွန်ချမ်းသာ အပြစ်မရှိစေရန် ဉာဏ်ဖြင့် ပိုင်းဖြတ်နိုင်သည်၊ ကောင်းအောင် ပြုလုပ်တော်မူနိုင်ကြသည်ဟု ဆိုလိုသည်။)



(စား)

     တနည်း၊ ၊ပရံသဒ္ဒါ အနီးရှိသော မိဓာတ်သည် ထည့်သွင်းခြင်းအနက်ကို ဟောသည်၊ ပရံသဒ္ဒါက လွန်ကဲခြင်းအနက်ကို ဟောသည်။ သီလစသော ဂုဏ်ကျေးဇူးတို့ကို အလွန်အကဲ မိမိသန္တာန်၌ ထည့်သွင်းတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပရံသဒ္ဒါ တပါးဟူသောအနက် ဆန့်ကျင်ဘက်ဟူသော အနက်ကို ဟောသည်။ မိဓာတ်သည် ညှဉ်းဆဲခြင်းအနက်ကို ဟောသည်။ သူတော်တရားအပေါင်းတည်းဟူသော မိမိမှတပါးဖြစ်သော ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာဟူ ရန်သူအပေါင်းကို ညှဉ်းဆဲတတ်သောကြောင့် အလောင်းတော်ကြီးများကို ပရမခေါ်သည်။

     တနည်း၊ ၊ပါရသဒ္ဒါ အနီးရှိသော မဇဓာတ်သည် စင်ကြယ်ခြင်းအနက်ကို ဟော၏။ ပါရသဒ္ဒါက ထိုဘက်ကမ်းဟူသော အနက်ကို ဟော၏၊ ဤ၌ သံသရာကို ဤမှာဘက်ကမ်းဟု ယူ၍ နိဗ္ဗာန်ကို ထိုဘက်ကမ်းဟူ၍ ယူရမည်။ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်း၌ ကိုယ်တိုင်လည်း စင်ကြယ်တတ် သတ္တဝါတို့ကိုလည်း စင်ကြယ်စေတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်၏။

     တနည်း၊ ၊ပါရသဒ္ဒါ အနီးရှိသော မဝဓာတ်သည် နှောင်ဖွဲ့တွဲယှဉ်ခြင်း အနက်ကို ဟောသည်၊ နိဗ္ဗာန်၌ သတ္တဝါတွေကို နှောင်ဖွဲ့တွဲယှဉ် ပေးတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မယဓာတ် သွားခြင်းအနက်ကို ဟောသည်၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ သွားတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မုဓာတ်သည် သိခြင်းအနက်ကို ဟောသည်၊ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်ကို ဟုတ်မှန်သည့်အတိုင်း သိတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မိဓာတ်သည် ထည့်သွင်းခြင်းအနက်ကို ဟောသည်၊ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်၌ သတ္တဝါတို့ကို ထည့်သွင်း ပို့ဆောင်ပေးတတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။

     တနည်း၊ ၊မိဓာတ်သည် ညှဉ်းဆဲခြင်းအနက်ကို ဟောသည်၊ သတ္တဝါတို့၏ ရန်သူဖြစ်သော ကိလေသာတို့ကို နိဗ္ဗာန်၌ ညှဉ်းဆဲ ပယ်ဖျောက်တတ်သောကြောင့် အလောင်းတော်ကြီးများကို ပါရမီခေါ်သည်။



(ဆ)

(ဤသို့ အနက်အဓိပ္ပါယ် အမျိုးမျိုးထွက်အောင် ကြံစည်ခြင်းမှာ သဘာဝနိရုတ္တိအရ ထွက်နိုင်သော အနက်အဓိပ္ပါယ်စုကို ဖော်ပြခြင်းဖြစ်သည်။ ဖြစ်ကတတ်ဆန်းအနက်ကို ဖော်ပြနေခြင်း မဟုတ်ပေ။)

     ပရမာနံ အယံ ပါရမီ။ ပရမာနံ၊ ဘုရားအလောင်းတို့၏။ အယံ၊ ဥစ္စာဖြစ်သော အကျင့်တည်း။ ပါရမီ၊ ဘုရားအလောင်းတို့၏ ဥစ္စာဖြစ်သော အကျင့်။ (တနည်း) ပရမာနံ ကမ္မံ ပါရမီ။ ပရမာနံ၊ ဘုရားအလောင်းတို့၏။ ကမ္မံ၊ ပြုလုပ်အပ်သော အမှုကိစ္စတည်း။ ပါရမီ၊ ဘုရားအလောင်းတို့ ပြုလုပ်အပ်သော အမှုကိစ္စ။ ။ပါရမိဿ ဘာဝေါ ပါရမိတာ။ ပါရမိဿ ကမ္မံ ပါရမိတာ။ ဘုရားအလောင်းဟူ၍ အသိဉာဏ်ဖြစ်ကြောင်း အလုပ်ကိစ္စများဟူ၍ ဖွင့်ပြလေသည်။

     ဤဖွင့်ပြချက်အရ “ဘုရားအလောင်းတော်များ ကျင့်ကြံပြုလုပ် အားထုတ်အပ်သော ဒါနစသော တရားစုကို ပါရမီ (တနည်းအားဖြင့် ပါရမိတာ)ဟု” ဆိုလိုသည်။

     ဇိနာလင်္ကာရဋီကာ၌ကား... ပါရံ နိဗ္ဗာနံ အယန္တိ ဂစ္ဆန္တိ ဧတာဟီတိ ပရမီယော၊ နိဗ္ဗာနသာဓကာ ဟိ ဒါနစေတနာဒယော ဓမ္မာ ပါရမီတိ ဝုစ္စန္တိ-ဟူ၍ သံသရာ၏ တဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဒါနစေတနာ စသည်တို့ကို ပါရမီခေါ်ရမည်ဟု ပြဆိုတော်မူ၏။

     တဏှာမာနဒိဋ္ဌီဟိ အနုပဟတာ ကရုဏူပါယကောသလ္လပရိဂ္ဂဟိတာ ဒါနာဒယော ဂုဏာ ပါရမိယော...ဟူ၍ စရိယာပိဋကအဋ္ဌကထာ၌ “တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မဖျက်ဆီးအပ် (မစွဲယူအပ်)သော ဝေနေယျတို့အား သနားခြင်းကရုဏာ အကြောင်းဥပါယ်တို့၌ လိမ္မာခြင်းပညာ ဤနှစ်ပါးတို့ဖြင့် သိမ်းဆည်းအပ် (ကရုဏာ ပညာ နှစ်ပါး ရှေ့သွားရှိ၍ ပြုအပ်)သော ဒါနစသော ဂုဏ်ကျေးဇူးတို့သည် ပါရမီမည်ကုန်၏”ဟူ၍ ဖွင့်ပြသည်။ (ဤဖွင့်ပြချက်မှာ ဘုရားအလောင်းတော်တို့၏ ပါရမီကို အဓိကထား၍ ဖွင့်ပြခြင်းဖြစ်သည်။)

ထိုပါရမီတို့ကား-

ဒါနံ သီလဉ္စ နေက္ခမ္မံ၊ ပညာ ဝီရိယေန ပဉ္စမံ။

ခန္တိသစ္စမဓိဋ္ဌာနံ၊ မေတ္တုပေက္ခာတိ တေ ဒသ။-

ဟူသော ဂါထာအရ၎င်း-



(ဆာ)

ဒါန သီလ၊ နေက္ခမ္မ၊ ပည ဝီရိယာ။

ခန္တီ သစ္စ၊ ဓိဋ္ဌာန၊ မေတ္တ ဥပေက္ခာ။

ဟူသော လင်္ကာဆောင်ပုဒ်အရ၎င်း… (၁) ဒါနပါရမီ၊ (၂) သီလပါရမီ၊ (၃) နေက္ခမ္မပါရမီ၊ (၄) ပညာပါရမီ၊ (၅) ဝီရိယပါရမီ၊ (၆) ခန္တီပါရမီ၊ (၇) သစ္စာပါရမီ (၈) အဓိဋ္ဌာနပါရမီ (၉) မေတ္တာပါရမီ (၁၀) ဥပေက္ခာပါရမီဟူ၍ (၁၀)ပါး အပြားရှိသည်။ (ထိုဆယ်ပါး၏သဘော အထက်၌ ထင်ရှားလတ္တံ့)။

ဤအရာ၌၌၊ ၊အောက်ဖြစ်သော ဗုဒ္ဓပ္ပါဒ ဒုလ္လဘခဏ်း၌ ဖော်ပြအပ်ပြီးသည့် ဘာဝနာလေးပါးအနက် နိရန္တရဘာဝနာဖြစ်သည့် “အလောင်းတော်ကြီးများသည် ဘုရားဆုပန် နိယတဗျာဒိတ်ခံသော ဘဝမှစ၍ နောက်ဆုံး ဘုရားဖြစ်သည့် ဘဝတိုင်အောင် လုံးလုံးလျားလျား ပါရမီကို မဖြည့်ကျင့်ခဲ့သော ဘဝဟူ၍ တဘ၀မျှမရှိ၊ အနည်းဆုံးအားဖြင့် ဒါနပါရမီကိုသော်လည်း ဖြည့်ကျင့်တော်မူခဲ့ကြသည်”ဟူသော အချက်ကို သတိပြု၍ အလောင်းတော်ကြီးတို့၏ အကြောင်းရင်းပဋိပတ် မြင့်မြတ်တော်မူကြပုံကို အာရုံပြု၍ ကြည်ညိုရာ၏။

ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

     ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာသိရှိမှ ဒိဋ္ဌိဝိသုဒ္ဓိ (စင်ကြယ်သန့်ရှင်းသော အသိဉာဏ်)သို့ ရောက်သကဲ့သို့၊ ထို့အတူ ပါရမီတော်တို့နှင့် စပ်၍လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာ သိရှိမှ အသိဉာဏ် သန့်ရှင်းမည်ဖြစ်၍ စရိယာပိဋက အဋ္ဌကထာ၌ ထိုပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဋ္ဌာန်တို့ကို သီးသန့် တခဏ်းထား၍ ဖွင့်ပြခဲ့လေသည်။ ထိုတွင် ပါရမီ ဆယ်ပါးလုံးနှင့် သက်ဆိုင်သော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား…

     ပါရမီ ဆယ်ပါးလုံးတို့သည်ပင် သူတပါးတို့အား ချီးမြှောက်ခြင်း လက္ခဏာ ရှိကုန်၏။ သူတပါးတို့အား ကျေးဇူးပြုခြင်း ကိစ္စရသ ရှိကုန်၏၊ (တနည်း) မတုန်လှုပ်ခြင်း တည်းဟူသော (ပြည့်စုံခြင်း) ရသရှိကုန်၏။ သတ္တဝါတို့ အကျိုးဖြစ်ကြောင်း စီးပွါးကောင်းကို ရှာမှီးခြင်းလျှင် ထင်သောအခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိ၏၊ (တနည်း) ဘုရားဖြစ်ကြောင်း တရားကောင်းဟူ၍ ဆင်ခြင်သောသူတို့၏ ဉာဏ်ဝယ် ထင်သောအခြင်းအရာ (ပစ္စုပဋ္ဌာန်) ရှိကုန်၏။ ။မဟာကရုဏာလျှင်



(ဆိ)

နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိကုန်၏၊ (တနည်း) မဟာကရုဏာနှင့် ဥပါယ်၌ လိမ္မာသောပညာ ဤတရားတို့လျှင် နီးစွာသောအကြောင်း (ပဒဋ္ဌာန်) ရှိကုန်၏။

     အနည်းငယ်မျှ ဖွင့်ပြဦးအံ့... ထိုထိုသဘောတရားတို့၏ (အခြားတရားတို့နှင့်လည်း သက်ဆိုင်သော) သာမည သဘောကို၎င်း၊ (အခြားတရားတို့နှင့် မသက်ဆိုင် မိမိတရားတမျိုးတည်းနှင့်သာ သက်ဆိုင်သည့်) ဝိသေသ သဘောကို၎င်း လက္ခဏာဟူ၍ ခေါ်သည်။ (ဥပမာအားဖြင့်- ရုပ်တရားထည်းမှ ပထဝီဓာတ်တည်းဟူသော မဟာဘုတ်မှာ မမြဲခြင်းလက္ခဏာ အမှတ်အသား, ခက်မာမှုလက္ခဏာ အမှတ်အသား နှစ်မျိုးရှိရာ မမြဲခြင်းလက္ခဏာ အမှတ်အသားမှာ တပါးသောတရားတို့နှင့်လည်း သက်ဆိုင်၍နေသောကြောင့် ထိုမမြဲခြင်းလက္ခဏာ အမှတ်အသားကို သာမညလက္ခဏာဟူ၍ ခေါ်ရသည်၊ ခက်မာမှုလက္ခဏာ အမှတ်အသားကား တပါးသောတရားတို့နှင့် မသက်ဆိုင် ပထဝီဓာတ် တမျိုးတည်းနှင့်သာ သက်ဆိုင်သောကြောင့် ထိုခက်မာမှုလက္ခဏာ အမှတ်အသားကို သဘာဝလက္ခဏာဟူ၍ ခေါ်သည်။)

သာမညံ ဝါ သဘာဝေါ ဝါ၊ ဓမ္မာနံ လက္ခဏံ မတံ။

မဆက်ဆံက၊ သဘာဝမှန်၊ သာမန်ဇာတ်မူ၊ ဤနှစ်ဆူ၊ မှတ်ယူလက္ခဏ။

     ထိုထို သဘောတရားတို့၏ ထင်ရှားသော အလုပ်ကိစ္စ၊ ပြည့်စုံမှုသမ္ပတ္တိ နှစ်မျိုးကို ရသဟူ၍ ခေါ်သည်။ (ဥပမာအားဖြင့်- ကုသိုလ်တရား ဖြစ်ပွါးလာလျှင် အကုသိုလ်ကို ဖျက်ဆီး၍ ဖြစ်ပွါးလာသည်၊ အကုသိုလ်ကို ဖျက်ဆီးခြင်းကား ကုသိုလ်၏ အလုပ်ကိစ္စတည်း၊ သို့ရကား ကုသိုလ်တရားမှာ အကုသိုလ်ကို ဖျက်ဆီးခြင်း အလုပ်ကိစ္စ ရသ ရှိသည်ဟု ဆိုသည်။ ထိုကုသိုလ်တရား၏ နောက်ဆုံး ပြည့်စုံမှုမှာ အလိုရှိအပ် ကောင်းမြတ်သော အကျိုးပေးခြင်းပင် ဖြစ်သည်။ သို့ရကား ကုသိုလ်တရားမှာ အလိုရှိအပ် ကောင်းမြတ်သော အကျိုးကို ဖြစ်စေမှုတည်းဟူသော သမ္ပတ္တိရသ ရှိသည်ဟု ဆိုရသည်။)

ကိစ္စံ ဝါ တဿ သမ္ပတ္တိ၊ ရသောတိ ပရိဒီပယေ။

ကိစ္စဗျတ္တိ၊ သမ္ပတ္တိမှာ၊ မယုတ်ရာ၊ နှစ်ဖြာ ရသယူ။

     ထိုထို သဘောတရားတို့ကို လေးလေးနက်နက် စဉ်းစားသောအခါ ထိုစဉ်းစားဆင်ခြင်သူ၏ ဉာဏ်၌ ထိုတရား၏ သဘောနှင့်စပ်၍သော်လည်း ထင်မြင်လာတတ်သည်၊ ကိစ္စနှင့်စပ်၍သော်လည်း ထင်မြင်လာတတ်သည်။ အကြောင်းနှင့်



(ဆီ)

စပ်၍သော်လည်း ထင်မြင်လာတတ်သည်၊ အကျိုးနှင့် စပ်၍သော်လည်း ထင်မြင်လာတတ်သည်။ ယင်းသို့ ထင်မြင်လာသော အခြင်းအရာကို ပစ္စုပဋ္ဌာန်ဟူ၍ ခေါ်သည်။ (ဥပမာ- ကုသိုလ်ဟူသည် အဘယ်သို့သော တရားပါနည်းဟု လေးနက်စွာ စဉ်းစားဆင်ခြင်သည်ရှိသော် ထိုဆင်ခြင်သောသူ၏ ဉာဏ်၌ “ကုသိုလ်ဟူသည် ဖြူစင်သော သဘောပင်တည်း”ဟု သဘောနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် အကုသိုလ်တရားကို ဖျက်ဆီးတတ်သော တရားဖြစ်သည်”ဟု ကိစ္စနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် ကလျာဏမိတ်ကောင်း ပေါင်းသင်းရမှ ဖြစ်နိုင်သောတရားတည်း”ဟု အကြောင်းနှင့် စပ်၍လည်း ထင်တတ်သည်။ “ကုသိုလ်ဟူသည် အလိုရှိအပ်သည့် အကျိုးကို ဖြစ်စေတတ်သော တရားဖြစ်သည်”ဟု အကျိုးနှင့် စပ်၍လည်း ထင်တတ်သည်ဟု ဆိုလိုသည်။)

ဖလံ ဝါ ပစ္စုပဋ္ဌာန-မုပဋ္ဌာနနယောပိ ဝါ။

သဘောကိစ္စ၊ အကြောင်းမျှသာ၊ ထင်လာသုံးမျိုး၊ အကျိုးတခု၊ ထင်လာမှု၊ ပစ္စုပဋ္ဌာန်ယူ။

     ထိုထိုတရားတို့၏ အနီးဆုံး အားအကြီးဆုံးဖြစ်သော အကြောင်းကို ပဒဋ္ဌာန်ဟူ၍ ခေါ်သည်။ (ဥပမာ- ကုသိုလ်ဖြစ်ရန်အတွက် အကြောင်းပေါင်းများစွာ ရှိကြသည့်အနက် ယောနိသောမနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းခြင်းသည် အနီးဆုံး အားအကြီးဆုံး အကြောင်းဖြစ်သောကြောင့် ၎င်း ယောနိသော မနသိကာရကိုပင် ကုသိုလ်၏ ပဒဋ္ဌာန်ဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ပြသည်။)

အာသန္နကာရဏံ ယံ တု၊ ပဒဋ္ဌာနန္တိ တံ မတံ။

အကျိုး၏သာ၊ ဗလဝါသန္န၊ ကာရဏ၊ ပဒဋ္ဌာန ယူ။

ဒါနနှင့်စပ်၍ မှတ်သားဖွယ်

     ဒါနပါရမီဟူသော စကားနှင့်စပ်၍ သိမှတ်အပ်သော သဘောအရင်းခံမှာ ပေးအပ်သော အရာဟူသမျှ (သို့မဟုတ်) ပေးခြင်းဟူသမျှသည် ဒါနချည်းပင် ဖြစ်၏၊ ဤပေးခြင်း ဒါနသည်-

(၁) ကောင်းမှု၏အရာဖြစ်သော ပေးခြင်း (ပုညဝိသယဒါန)၊

(၂) ကောင်းမှုအရာမဟုတ်ပဲ လောက၌ ပြုကျင့်ကြမြဲ ဝတ်တရားအတိုင်း ပေးခြင်းအမျိုးမျိုး (လောကဝိသယဒါန)-

ဟူ၍ နှစ်မျိုး ခွဲခြား မှတ်သားသင့်၏။



(ဆု)

     ကြည်လင်စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးခြင်းဟူသမျှကို ပုညဝိသယဒါနဟု ခေါ်၍ ဤ ပုညဝိသယဒါနသည်သာ ဒါနပါရမီနှင့် သက်ဆိုင်သည်။ ကြည်လင် စင်ကြယ်သော သဒ္ဓါတရားဖြင့် ပေးခြင်းမဟုတ်ပဲ ချစ်ကြိုက်၍ ပေးခြင်း စိတ်ဆိုး၍ ပေးခြင်း ကြောက်ရွံ့၍ပေးခြင်း မိုက်မဲ၍ပေးခြင်းမှစ၍ အယုတ်ဆုံး အပြစ်ဒဏ်ပေးခြင်း သေဒဏ်ပေးခြင်းအထိ ပေးခြင်းဟူသမျှကို လောကဝိသယဒါနဟု ခေါ်အပ်ပေသည်၊ ဤလောကဝိသယဒါနကား ဒါနပါရမီနှင့် မသက်ဆိုင်။

ဒါနနှင့် ပရိစ္စာဂ

     ဒါနပါရမီနှင့် သက်ဆိုင်သော ပုညဝိသယဒါနအရာ၌ လှူဒါန်းခြင်းဟု မြန်မာဘာသာ ပြန်ဆိုရသောဒါနနှင့် စွန့်ကြဲခြင်းဟု မြန်မာဘာသာ ပြန်ဆိုရသော စာဂ (သို့မဟုတ်) ပရိစ္စာဂတို့ သဘောချင်း တူသည် မတူသည်ကို နားလည် မှတ်သားသင့်ပေသည်။

အသီတိနိပါတ် မဟာဟံသဇာတ်၌-

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။

အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိဉ္စ အဝိရောဓနံ။-

ဟူ၍ မင်းကျင့်တရား ဆယ်ပါးအကြောင်းကို ဟောကြားတော်မူရာ ဒါနနှင့် ပရိစ္စာဂကို တပါးစီ ခွဲခြား၍ ဟောထားသည်။

     ဇာတ်အဋ္ဌကထာ၌၊ ၊ဒသဝတ္ထုကာ စေတနာ ဒါနံ၊ ဒေယျဓမ္မစာဂေါ ပရိစ္စာဂေါ..ဟူ၍ ဖွင့်ပြသည်၊ (သဝတ္ထုကာ စေတနာ ဒါနံဟူ၍ မြန်မာမူ၌ ဒဒွေးအက္ခရာ ကျနေသည်။) ဤဇာတ်အဋ္ဌကထာ အလိုအားဖြင့်-

     က၊ ၊ဒါနဝတ္ထုအဖြစ်ဖြင့် ထင်ရှားသော(၁) အန္န = ထမင်းစသော စားဘွယ်၊ (၂) ပါန = အဖျော်ယမကာ သောက်ဘွယ်၊ (၃) ဝတ္ထ = အဝတ်သင်္ကန်း၊ (၄) ယာန = ထီးဘိနပ်စသော သွားလာရေးအတွက် ချမ်းသာစေနိုင်သည့် ဝတ္ထု၊ (၅) မာလာ = ပန်း၊ (၆) ဂန္ဓ = နံ့သာမှုန့်၊ (၇) ဝိလေပန = နံ့သာပျောင်း- နံ့သာပျစ်၊ (၈) သေယျ = အိပ်ရာနေရာ၊ (၉) အာဝသထ = စရပ် တန်ဆောင်း ကျောင်းသင်္ခမ်း၊ (၁ဝ) ပဒီပေယျ = ဆီမီး, လျှပ်စစ်မီး ဤဒါနဝတ္ထု (၁၀)ပါးကို လှူဒါန်းသော စေတနာကား ဒါန။

     ခ၊ ၊ထိုမှတပါးသော လှူဘွယ်ဝတ္ထုတို့ကို စွန့်လှူသော စေတနာကား ပရိစ္စာဂဟူ၍ ဒါနနှင့် ပရိစ္စာဂအရ ပစ္စည်းဝတ္ထုသို့လိုက်၍ ခွဲခြား သိမှတ်ရပေမည်။



(ဆူ)

     ၎င်းဇာတ်ဋီကာ၌- “အနာဂတ် သံသရာတွင် ခံစားရမည့်အကျိုးကို မြော်မြင်၍ လှူဘွယ်ဝတ္ထုကို စွန့်လှူသည်ကား ဒါန၊ မျက်မှောက်ဘဝ အကျိုးကိုသာ မြော်ခေါ်၍ သူရဲကောင်း အမှုထမ်း စသူတို့အား ပုရိသမေဓခေါ်သော (အမှုထမ်းတို့အား အရည်အချင်းအလိုက် ချီးမြှောက်မှု၌ လိမ္မာပါးနပ်ခြင်း) သင်္ဂဟတရားအတိုင်း ဆုလာဘ်ပစ္စည်းများကို ပေးစွန့်ခြင်းကား ပရိစ္စာဂဟူ၍ ဆရာတို့ ဒါနနှင့် ပရိစ္စာဂအထူး မိန့်ဆိုကြကြောင်း”ကို ဖွင့်ပြလျက်ရှိသည်။

     တနည်းအားဖြင့်- စရိယာပိဋက ပါဠိအဋ္ဌကထာနှင့် တေရသနိပါတ်ဇာတ် ပါဠိအဋ္ဌကထာတို့၌ လာသော ဘုရားအလောင်းတော် အကိတ္တိပုဏ္ဏား ပညာရှိအကြောင်းကို အကျဉ်းချုပ်အားဖြင့် သိမှတ်ရာ၏။ ၎င်းမှာ… အလောင်းတော် အကိတ္တိပုဏ္ဏားပညာရှိသည် မိဘနှစ်ပါး ကွယ်လွန်သွားသောအခါ များစွာသော ဥစ္စာတို့ကိုကြည့်၍ သံဝေဂ ရရှိတော်မူကာ “ဤဥစ္စာများကို စုဆောင်းသူ မိဘဘိုးဘွားတို့ကား ဥစ္စာကို စွန့်၍သွားကြကုန်ပြီ၊ ငါတမူကား ဤဥစ္စာနှစ်တို့ကို ယူဆောင်၍ သွားပေအံ့”ဟု အကြံဖြစ်တော်မူ၍ ဘုရင်မင်းမြတ်ထံ အခွင့်ပန်ပြီးလျှင် နိုင်ငံအလုံးကို စည်လည် ကျေညာစေ၍ ရှိသမျှ ပစ္စည်းတို့ကို ခုနစ်ရက်တိုင်တိုင် လှူဒါန်းတော်မူသည်၊ မကုန်မခန်းနိုင်သောအခါ ဤပစ္စည်းတွေကို အပျော်ပြုသကဲ့သို့ ငါစောင့်၍ လှူနေသဖြင့် အကျိုးမရှိ၊ မည်သူမဆို အလိုရှိသောသူများ လာရောက် ယူကြပစေဟု မိမိ၏ နေအိမ်တိုက်တာ ဘဏ္ဍာကျီကြတို့ကို ဖွင့်လှစ်ထားခဲ့ပြီးလျှင် တောသို့ ထွက်သွားတော်မူလေသည်။

     ဤပညာရှိ အလောင်းတော်ကြီး၏ ကျင့်ကြံပုံမှာ ပဌမခုနစ်ရက်အတွင်း ဒါနမှုကို ပြုလုပ်သည် (သို့မဟုတ်) လှူဒါန်းမှုကို ပြုလုပ်သည်။ ထို့နောက် ပရိစ္စာဂမှု (စွန့်ကြဲမှု)ကို ပြုလုပ်သည်ဟူ၍ လောကဝေါဟာရအားဖြင့် ခွဲခြား ပြောဆိုနိုင်ပေ၏။

     အကြောင်းမှာ... ဒါနဟူသည် (၁) အလှူပေးပုဂ္ဂိုလ် (၂) လှူဘွယ်ဝတ္ထုပစ္စည်း (၃) ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ် (၄) လှူလိုသောစေတနာ ဤအင်္ဂါလေးပါးရှိလျှင် ပြည့်စုံ၏။ အကိတ္တိပညာရှိ၏ ပဌမရှေ့ပိုင်း ခုနစ်ရက်တွင် လှူဒါန်းခြင်းမှာ ဤအင်္ဂါလေးပါးလုံး ပြည့်စုံလျက်ရှိ၏၊ ခုနစ်ရက်လွန်သည့် နောက်မှာကား အနီးအပါး၌ အလှူခံပုဂ္ဂိုလ် မရောက်သေးမီ ထင်ရှားမရှိသေးမီ စွန့်လွှတ်သွားသဖြင့် ဒါနဟု မခေါ်ဝေါ်ပဲ ပရိစ္စာဂဟူ၍သာ ခေါ်ဝေါ်ရတော့သည်။

     ကုသိုလ်အရေးမဟုတ်သော အရာတို့၌လည်း တစုံတခုသော ပစ္စည်းကို အခြားသူအား ပေးလိုက်လျှင် (မြန်မာလို) ပေးသည်ဟု ခေါ်၏၊ (ပါဠိလို) ဒေတိဟု သုံးစွဲ၏။ မိမိပစ္စည်းကို “ယူလိုသူ ယူစေ၊ မယူလိုလည်း ဖြစ်လိုရာ



(ဆေ)

ဖြစ်စေ”ဟု စွန့်ပစ်လိုက်သော သဘောကိုကား လှူသည်ဟု မခေါ်၊ လွှတ်ပစ်သည် စွန့်ပစ်သည်ဟူ၍သာ ခေါ်သည်။ (ပါဠိလိုအားဖြင့်) ဒါနဟု မခေါ်၊ စာဂဟူ၍သာ ခေါ်၏။

     အချုပ်သဘော မှတ်ယူရန်မှာ... မိမိပိုင်ပစ္စည်းကို သူတပါးအား လွှဲအပ်မှုကို ပေးသည် လှူသည်ဟု ခေါ်၍၊ မိမိပိုင်ပစ္စည်းကို မိမိ သိမ်းပိုက်လိုခြင်း စိတ်သဘောထားကို ပယ်ရှားလိုက်လျှင် စွန့်ပစ်သည်ဟု ခေါ်သည်။ (အသုံးမဝင်၍ ပယ်ပစ်လိုက်သော အရာကိုပင် စွန့်ပစ်သည်ဟု လောက၌ ခေါ်ဝေါ်သည်။)

     တနည်းအားဖြင့်- မြင့်မြတ်သော အလှူခံတို့အား ပေးကမ်းမှုကို ဒါနပြုသည်။ လှူဒါန်းသည်ဟု ခေါ်၍ ယုတ်နိမ့်သော အလှူခံတို့အား ပေးကမ်းမှုကို စွန့်ကြဲသည်ဟု ခေါ်ဝေါ်သည့်အတိုင်း ဘုရင်မင်းမြတ်များမှာလည်း မြတ်သော ရဟန်း ပုဏ္ဏား အလှူခံတို့နှင့်တွေ့လျှင် လှူဒါန်းခြင်းဒါန မင်းကျင့်တရားကို ပြုလုပ်ရမည်။ ယုတ်နိမ့်သော အလှူခံ ဖုန်းတောင်းယာစကာတို့ကိုတွေ့လျှင် စွန့်ကြဲခြင်း ပရိစ္စာဂ ပြုလုပ်ရမည်ဟု မင်းကျင့်တရား နှစ်မျိုးထား၍ ဟောတော်မူခြင်း ဖြစ်သည်။

ဤကား ဒါနနှင့် ပရိစ္စာဂ ခွဲခြား၍ ဟောသောအရာ၌ ထိုနှစ်ပါး၏အထူးကို မှတ်ရန် ဖော်ပြချက်တည်း။

ဒါနနှင့် ပရိစ္စာဂ တူပုံ

     မင်းကျင့်တရား ဆယ်ပါးကို သတ်မှတ်ခြင်း စသော လောကဝေါဟာရ၌ ဒါနနှင့် ပရိစ္စာဂတို့မှာ တခြားစီဖြစ်သော်လည်း တရားသဘောအားဖြင့်ကား တသီးတခြားစီ မဖြစ်နိုင်၊ ဒါနဖြစ်လျှင်လည်း ပရိစ္စာဂ ဖြစ်နိုင်သည်သာ၊ ပရိစ္စာဂဖြစ်လျှင်လည်း ဒါန ဖြစ်နိုင်သည်သာတည်း၊ အကြောင်းကား အလှူခံ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ ထိုအလှူခံအား မိမိ၌ ထင်ရှားရှိသော ပစ္စည်းကို ပေးကမ်းခြင်းသည် ဒါနဖြစ်၍၊ မိမိပစ္စည်းဟူ၍ သိမ်းပိုက်မှတ်ယူထားသော စိတ်ကို ဖျက်လိုက် ဖျောက်လိုက်ခြင်းသည် ပရိစ္စာဂဖြစ်၏။ မည်သူမဆို မိမိပစ္စည်းကို သူတပါးတို့အား ပေးကမ်းရာမှာ “ဤပစ္စည်းကို ငါအသုံးမပြုပြီ”ဟူသော စွန့်လွှတ်ခြင်း ပရိစ္စာဂသဘောကို ရှေးဦးစွာဖြစ်စေပြီးမှ သူတပါးအား ပေးကမ်းကြခြင်း ဖြစ်သည်၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုအရာ၌ ပေးကမ်းခြင်း ဒါနဖြစ်လျှင် စွန့်ကြဲခြင်း ပရိစ္စာဂလည်း ဖြစ်တော့သည်သာ။

     ဗုဒ္ဓဝင်ပါဠိတော်၌လည်း ပါရမီဆယ်ပါးတွင် ဒါနပါရမီကိုသာ ဟောတော်မူ၍ စာဂပါရမီဟု ဟောတော်မမူချေ။ အကြောင်းမှာ စာဂသည် ဒါနထဲမှာ အတွင်းဝင်သောကြောင့် ဖြစ်၏။ တရားသဘောအရ (လောကဝေါဟာရကို မငဲ့ပဲ)



(ဆဲ)

ဟောကြားအပ်သော ဗုဒ္ဓဝင်ပါဠိတော်မှာ အယုတ် အလတ် အမြတ်မရွေး ပေးလှူခြင်းကို ဒါနပါရမီဟူ၍ ဟောတော်မူ၏။ အလှူခံမြင့်မြတ်မှ ဒါနပါရမီ အလှူခံယုတ်ညံ့လျှင် စာဂပါရမီသာ ဖြစ်သည်ဟု ပြောဆိုခွင့် မရှိတော့ပြီ။

     ဤနည်းအတူ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ သူတော်ကောင်းဥစ္စာတို့ကို ဟောကြားရာ၌ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ-ဟူ၍ ခုနစ်ပါးရှိကြောင်းကို ဟောကြားတော်မူရာ စာဂ တပါးတည်းသာ လာသည်၊ ဒါန မပါတော့ပေ၊ ဤသို့ မပါခြင်းမှာ စာဂဟု ဆိုလျှင်ပင် ဒါနလည်း စာဂထဲမှာ အတွင်းဝင်သွားသောကြောင့် ဖြစ်၏။

ဤကား ဒါနနှင့် စာဂကို မခွဲခြားပဲ တသားတည်းဟောသော အရာ၌ မှတ်ရန်တည်း။

ဒါနကိုပင် ပရိစ္စာဂခေါ်ပုံ

     လှူဒါန်းခြင်း ဟူသမျှကို ဒါနပါရမီဟု ခေါ်နိုင်သော်လည်း အလွန်ကြီးကျယ်သော လှူဒါန်းခြင်းကိုကား မဟာပရိစ္စာဂ = စွန့်ခြင်းကြီးများဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ဆိုကြသည်။ ထိုစွန့်ခြင်းကြီးမှာ (၅)မျိုးရှိကြောင်းကို ခွဲခြားပြဆိုရာ၌-

     သီလက္ခန်အဋ္ဌကထာ မူလပဏ္ဏာသအဋ္ဌကထာ အင်္ဂုတ္တိုရ်အဋ္ဌကထာ (တထာဂတပုဒ်အဖွင့်)တို့၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း..

ဟူ၍ စွန့်ခြင်းကြီး ငါးပါးကို ဖွင့်ပြတော်မူကြ၏။

     မူလပဏ္ဏာသအဋ္ဌကထာ စူဠသီဟနာဒသုတ် အဖွင့်၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း၊

(၃) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊



(ဆော)

(၄) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကို) စွန့်ခြင်း၊

(၅) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဝိသုဒ္ဓိမဂ်ဋီကာကျမ်း၌-

(၁) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     သုတ်မဟာဝါဋီကာ (မဟာပဒါနသုတ်အဖွင့်)၌-

(၁) အင်္ဂပရိစ္စာဂ = ကိုယ်အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) နယနပရိစ္စာဂ = မျက်လုံးကို စွန့်ခြင်း၊

(၃) အတ္တပရိစ္စာဂ = မိမိကိုယ်ကို (အသက်ကိုပါ) စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဣတိဝုတ်အဋ္ဌကထာ၊ ဒုကနိပါတ်၊ ဒုတိယဝဂ် ပဌမသုတ် အဖွင့်၌ကား-

(၁) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) အတ္တပရိစ္စာဂ = မိမိကိုယ်ကို စွန့်ခြင်း၊

(၃) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၄) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း၊

(၅) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဗုဒ္ဓဝင်အဋ္ဌကထာ၌ကား-

(၁) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၂) ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း၊



(ဆော်)

(၃) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၄) ရဇ္ဇပရိစ္စာဂ = မင်းအဖြစ်ကို စွန့်ခြင်း၊

(၅) ပုတ္တဒါရပရိစ္စာဂ = သားမယားတို့ကို စွန့်ခြင်း-

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။

     ဝေဿန္တရဇာတ် အဋ္ဌကထာ၌ကား-

(၁) ဓနပရိစ္စာဂ = ပစ္စည်းဥစ္စာကို စွန့်ခြင်း၊

(၂) အင်္ဂပရိစ္စာဂ = အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊

(၃) ပုတ္တပရိစ္စာဂ = သားသမီးကို စွန့်ခြင်း၊

(၄) ဘရိယပရိစ္စာဂ = မယားကို စွန့်ခြင်း၊

(၅) ဇီဝိတပရိစ္စာဂ = အသက်ကို စွန့်ခြင်း

ဟူ၍ ငါးမျိုး ပြဆိုတော်မူ၏။ (ဇိနာလင်္ကာရဋီကာ၌လည်း ဤငါးပါးကိုပင် ရှေ့နောက် အစီအစဉ် အနည်းငယ်မျှ ကွဲပြား၍ ပြဆို၏။)

     ဤကဲ့သို့ အသီးအသီး အမည်တမျိုးစီ အနည်းငယ်မျှ ကွဲပြားကြသော်လည်း သဘောသွားမှာမူ မကွဲပြားပေ။ မှန်၏... ကိုယ်မှပြင်ပ ဗာဟိရကဝတ္ထုများအနက်မှ အပြင်အပအကျဆုံး ပစ္စည်းဥစ္စာကို စွန့်လှူခြင်း ဓနပရိစ္စာဂ၊ အသက်တမျှ ချစ်ကြင်အပ်သော သားမယားကို စွန့်လှူခြင်း ပုတ္တဒါရပရိစ္စာဂ၊ ကိုယ်ရေးအတွက် အရေးကြီးလှသော မင်းအဖြစ် (မင်းစည်းစိမ်)ကို စွန့်လှူခြင်း ရဇ္ဇပရိစ္စာဂ-ဟူ၍ ပြင်ပဝတ္ထုများအတွက် ပရိစ္စာဂသုံးပါးထား၍ ဖွင့်တော်မူကြသည်။ မိမိခန္ဓာကိုယ်အတွက် အသက်မသေနိုင်သည့် အင်္ဂါကြီးငယ်ကို စွန့်လှူခြင်း အင်္ဂပရိစ္စာဂ၊ အသက်ကိုပင် အသေခံ၍ စွန့်လှူခြင်းကို အချို့ကျမ်းက နယနပရိစ္စာဂ၊ အချို့ကျမ်းက ဇီဝိတပရိစ္စာဂ၊ အချို့ကျမ်းက အတ္တပရိစ္စာဂဟု ပြဆိုခြင်းဖြစ်သည်။ မျက်လုံးကိုစွန့်ခြင်း ကိုယ်ကိုစွန့်ခြင်းတို့မှာ အသက်သေနိုင်သည်ပင်ဖြစ်၍ ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်ခြင်းနှင့် သဘောသွား တူလှပေသည်။ ဤသို့ မိမိခန္ဓာကိုယ်အတွက် စွန့်လှူခြင်းကို နှစ်မျိုးထား၍ ဖွင့်ပြတော်မူကြခြင်းဖြစ်သည်။ အချုပ်အားဖြင့် ပြင်ပဝတ္ထုများအတွက် စွန့်ခြင်းကြီး သုံးမျိုး၊ မိမိခန္ဓာကိုယ်အတွက် အသက်သေနိုင်သည့် စွန့်ခြင်းကြီး မသေနိုင်သည့် စွန့်ခြင်းကြီးဟူ၍ နှစ်မျိုး ဖွင့်ပြတော်မူကြခြင်းသာ ဖြစ်သဖြင့် ကျမ်းဂန်ချင်း ကွဲပြားကုန်ပြီဟု မမှတ်ယူရာ။

     ဝေဿန္တရာမင်းကြီး၏ ရာပေါင်းခုနစ်လီ ပါဝင်သည့် အလှူကြီးကို အဋ္ဌကထာ၌ သတ္တသတက မဟာဒါနဟူ၍ ဖွင့်ပြ၏ (အလှူကြီးဟု ဆိုလိုသည်)။



(ဆံ)

မဟာပရိစ္စာဂ = (စွန့်ခြင်းကြီး)ဟု မဖွင့်ပြသော်လည်း ဆိုခဲ့ပြီးသော စွန့်ခြင်းကြီး ငါးမျိုးတို့တွင် ဝေဿန္တရာမင်းကြီး၏ အလှူကြီးသည် ဓနမဟာပရိစ္စာဂဟု ဆိုလိုလျှင် ဆိုနိုင်သည်သာ ဖြစ်၏။

ဒါနနှင့်စပ်၍ အထူးထူးအပြားပြား မှတ်ဖွယ်

     ဤပါရမီတော်ခဏ်း၌ သမ္မာသမ္ဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိဉာဏ်တို့ကို ရရှိရန် ပန်ထွာတောင့်တ အားထုတ်ကြသော အလောင်းအလျာ သုံးမျိုးတို့ ဗောဓိသမ္ဘာရ = (မိမိတို့တောင့်တရာ ဗောဓိဉာဏ်ကို ရဘို့ရန် အဆောက်အဦ) အဝင်အပါ ဒါနအရာ၌ အထူးထူးအပြားပြား လိမ္မာကျွမ်းကျင် သိမြင်ဘို့ရန် ပကိဏ္ဏကကထာခေါ်သည့် အမျိုးမျိုး သိမှတ်ဖွယ်အခဏ်းကို ပြဆိုပေအံ့၊ ဤအခဏ်း၌ ရှေးဦးစွာ-

၁။ အဘယ်တရားတို့ကို ဒါနဟု ခေါ်သနည်း၊

၂။ အဘယ်ကြောင့် ဒါနဟု ခေါ်သနည်း၊

၃။ ဒါန၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်အရာများ ဖြစ်ကြသနည်း၊

၄။ ထိုဒါနသည် အဘယ်မျှ အပြားရှိသနည်း၊

၅။ ထိုဒါန၏ အာနုဘော်ကြီးမြင့်ကြောင်းကား အဘယ်နည်း၊

၆။ ထိုဒါန၏ အာနုဘော်ဆုတ်ယုတ်ကြောင်းကား အဘယ်နည်း-

ဟူသော မေးမြန်း စိစစ်ချက် (၆)ချက်ကို အခြေခံထား၍ အကျယ်အားဖြင့် ဖြေကြား ဖော်ပြပေအံ့... နောက်နောက် ပါရမီတို့၌လည်း ဤနည်းအတူ ဖော်ပြလိမ့်မည်)။ ထိုမေးမြန်းစိစစ်ချက် (၆)ချက်တို့တွင်-

     ၁။ အဘယ်တရားတို့ကို ဒါနဟု ခေါ်သနည်း..ဟူသော စကားအရ အဖြေမှာ... “လှူဒါန်းလိုသော စေတနာကို၎င်း၊ လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကို၎င်း ဒါနခေါ်သည်”ဟု အကျဉ်းချုပ် ဖြေမှတ်ယူရာ၏။ နောက်၌ အကျယ် ထင်ရှားလိမ့်မည်။

     ၂။ အဘယ်ကြောင့် ဒါနဟု ခေါ်သနည်း..ဟူသော စကားအရ လှူဒါန်းလိုသော စေတနာကို လှူဒါန်းနိုင်ကြောင်း ဖြစ်သောကြောင့် ဒါနဟုခေါ်သည်။ ထင်ရှားစွာ ပြဆိုဦးအံ့... စေတနာမရှိလျှင် မလှူဒါန်းနိုင်၊ စေတနာရှိမှသာ လှူဒါန်းနိုင်၏၊ စေတနာဆိုရာမှာလည်း- (က) လှူဒါန်းတုန်း လှူဒါန်းဆဲ၌ ဖြစ်ပေါ်သော မုဉ္စစေတနာကို မှတ်ယူရာ၏။ မုဉ္စဟူသည် စွန့်လွှတ်ခြင်းပင် ဖြစ်၏။ စွန့်လွှတ်လှူဒါန်းဆဲ ခဏမှာဖြစ်သော စေတနာကို မုဉ္စစေတနာခေါ်သည်။ ဤမုဉ္စစေတနာသာလျှင် ဒါနတရားကိုယ်အစစ် ဖြစ်၏။



(ဆား)

     (ခ) မစွန့်လွှတ်မီ ရှေးအဖို့က ကြိုတင်၍ဖြစ်သော စေတနာစုကို ပုဗ္ဗစေတနာခေါ်သည်။ ဤပုဗ္ဗစေတနာကိုကား ဒါနအတွင်းသို့ သွတ်သွင်း ရေတွက်အပ်၏၊ (ဒါနဟူ၍ပင် ခေါ်ရာ၏။) ရှေးအဖို့ ဆိုသော်လည်း လှူဘွယ်ဝတ္ထု ထင်ရှားရှိပြီးမှ “ဤဝတ္ထုကို လှူဒါန်းမည်”ဟု ကြံစည်ရည်ရွယ်နေသော ရှေးအဖို့ကို ဆိုလိုသည်။ ပစ္စည်းဝတ္ထုမရှိပဲနှင့် အလိုအလျောက် လှူဒါန်းမည်ဟု ကြံစည် စိတ်ကူးရာတွင် ပါဝင်သည့် စေတနာကိုကား ပုဗ္ဗစေတနာဟု ခေါ်လိုက ခေါ်နိုင်သော်လည်း ဒါနအတွင်းသို့ မသွတ်သွင်းနိုင်၊ သာမည ကုသိုလ်မျိုးသာ ဖြစ်နိုင်၏။

     ဤသို့ စေတနာကို အရကောက်ယူရသည့် ဒါနဟူသော စကားကို သဒ္ဒါကျမ်းအလိုအားဖြင့် (ဒီယတိ အနေနာတိ ဒါနံဟု ဝိဂြိုဟ်ပြုပြီး) လှူဒါန်းကြောင်းဟူ၍ မြန်မာပြန်ဆိုရသည်။

     ပစ္စည်းဝတ္ထုကိုကား လှူဒါန်းအပ်သော သဘောကြောင့် ဒါနဟု ခေါ်သည်။ ဤပစ္စည်းဝတ္ထုကို အရကောက်ယူရသည့် ဒါနဟူသော စကားကို သဒ္ဒါကျမ်းအလိုအားဖြင့် (ဒီယတိတိ ဒါနံဟု ဝိဂြိုဟ်ပြုပြီး) လှူဒါန်းအပ်သော အရာဟူ၍ မြန်မာပြန်ဆိုရသည်။

     ဤသို့ ဒါနအရ စေတနာနှင့် ဝတ္ထုနှစ်မျိုး ကောက်ယူရသည်ကို အစွဲပြုကာ ဒါနသည် (၁) စေတနာဒါန (၂) ဝတ္ထုဒါနအားဖြင့် နှစ်မျိုးရှိသည်ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။

     အကျိုးပေးရာမှာ စေတနာကသာ အကျိုးပေးနိုင်၍ ဝတ္ထုက အကျိုးမပေးနိုင်၊ အကျိုးမပေးနိုင်ပါပဲလျက် အဘယ့်ကြောင့် ပစ္စည်းဝတ္ထုကို ဒါနဟူ၍ ခေါ်ဝေါ်ပြောဆို နေရပါသနည်းဟု အချို့က မေးမြန်းတတ်ကြသည်။ အဖြေမှာ အကျိုးပေးရာ၌ စေတနာကသာ ကံဖြစ်၍ အကျိုးပေးနိုင်သော်လည်း ထိုစေတနာသည် ပစ္စည်းဝတ္ထု ထင်ရှားရှိ၍ ဖြစ်ပေါ်သော စေတနာမှသာ ပြခဲ့သောအတိုင်း ဒါနကံအတွင်း သွတ်သွင်းနိုင်သည်။ သို့ဖြစ်၍ ပစ္စည်းဝတ္ထုသည်လည်း ဒါနကံမြောက်ဖို့ရန် အရေးကြီးသော အကြောင်းဖြစ်ပေသည်။ ပစ္စည်းဝတ္ထုသည် တိုက်ရိုက် အကျိုးမပေးနိုင်သော်လည်း အကြောင်းဆက်သောအားဖြင့်ကား ပေးနိုင်သည်ဟု ဆိုရပေမည်။

     ဥပမာ- “ထင်းကြောင့် ထမင်းကျက်သည်”ဆိုသော စကားမျိုးကဲ့သို့ ဖြစ်သည်။ ထမင်းကို တိုက်ရိုက် ကျက်စေသည်မှာ မီးကသာ ကျက်စေ၏၊ ထိုမီးသည် ထင်းရှိမှ တောက်၏၊ ထင်းကြောင့် မီးတောက်သည်၊ မီးကြောင့်



(ဇ)

ထမင်းကျက်သည်၊ ဤသို့ အကြောင်းဆက်လိုက်သောအခါ “ထင်းကောင်းသောကြောင့် ထမင်းကျက်သည်”ဟု ဆိုသော စကားမှာ မမှားနိုင်သကဲ့သို့၊ “လှူဘွယ်ဝတ္ထုကြောင့် ကောင်းကျိုးရသည်”ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

     ဤသို့ ဒါနကံ အထမြောက်ဖို့ရန် ပစ္စည်းဝတ္ထုလည်း အရေးကြီးသည့်အတွက် ပစ္စည်းဝတ္ထုကို အစွဲပြုကာ ကျမ်းဂန်တို့၌ ဒါနအမျိုးမျိုး ခွဲခြားပြဆိုထား၏။

     ပြဆိုပုံမှာ... ဝိနည်းဒေသနာတော် အလိုအားဖြင့် ဆွမ်းအလှူဒါန သင်္ကန်းအလှူဒါန ကျောင်းအလှူဒါန ဆေးအလှူဒါနအားဖြင့် ဒါနလေးပါးရှိကြောင်း ရေးသားဖွင့်ပြထားသည်။ ဝိနည်းတော်မှာ ဒါနလေးပါးကို ပြလိုရင်း မဟုတ်သော်လည်း ရဟန်းတော်များ သုံးဆောင်ရန် ပစ္စည်းလေးပါးကို မြတ်စွာဘုရား ခွင့်ပြုတော်မူသည့်အတွက် လှူဒါန်းရာမှာလည်း လေးမျိုးဖြစ်သင့်ရကား ဝိနည်းအလို ဒါနလေးပါးရှိသည်ဟု ဖွင့်ဆိုတော်မူကြ၏။ အရင်းခံအားဖြင့် လေးပါးပြားရခြင်းမှာ ပစ္စည်းဝတ္ထုသာ အရင်းခံဖြစ်သည်။

     အဘိဓမ္မာဒေသနာတော် အလိုအားဖြင့် လောက၌ ရှိရှိသမျှသော တရားအလုံးစုံကို အကုန်ပါဝင်အောင် အာရုံခြောက်ပါးဖြင့် ပိုင်းခြားဝေဘန် ဟောကြားထားရာ အဆင်းကို လှူဒါန်းခြင်းတည်းဟူသော ရူပဒါန၊ အသံကို လှူဒါန်းခြင်းတည်းဟူသော သဒ္ဒဒါန၊ အနံ့ကို လှူဒါန်းခြင်းတည်းဟူသော ဂန္ဓဒါန၊ အရသာကို လှူဒါန်းခြင်းတည်းဟူသော ရသဒါန၊ အတွေ့ကို လှူဒါန်းခြင်းတည်းဟူသော ဖောဋ္ဌဗ္ဗဒါန၊ တရားသဘောကို လှူဒါန်းခြင်းတည်းဟူသော ဓမ္မဒါနအားဖြင့် ဒါန (၆)ပါးရှိကြောင်း ဖွင့်ပြတော်မူကြ၏။

     ဤအရာမှာလည်း အဘိဓမ္မာ ဒေသနာတော်တွင် တိုက်ရိုက် ဒါနခြောက်ပါးကို ဟောပြထားရင်း မဟုတ်သော်လည်း အာရုံခြောက်ပါးကို ဟောပြလိုက်သဖြင့် ထိုအာရုံတို့ကို အသီးအသီး လှူဒါန်းလျှင် အာရုံအပြားသို့လိုက်၍ ဒါနခြောက်ပါး အပြားရှိသည်ဟု အနက်ရောက်သောကြောင့် အဘိဓမ္မာအလို ဒါနခြောက်မျိုးရှိကြောင်း ကျမ်းဂန်တို့၌ ဖွင့်ပြတော်မူကြသည်။

     သုတ္တန်ဒေသနာတော် အလိုအားဖြင့် စားဘွယ်အမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော အန္နဒါန၊ သောက်ဘွယ်အမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော ပါနဒါန၊ အဝတ်အထည် လှူဒါန်းခြင်းတည်းဟူသော ဝတ္ထဒါန၊ စီးနင်းစရာ ယာဉ်လှူဒါန်းခြင်း တည်းဟူသော ယာနဒါန၊ ပန်းအမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော မာလာဒါန၊ နံ့သာအမျိုးမျိုး လှူဒါန်းခြင်းတည်းဟူသော ဂန္ဓဒါန၊ လိမ်းချယ်စရာအမျိုးမျိုး လှူဒါန်းခြင်း တည်းဟူသော ဝိလေပနဒါန။



(ဇာ)

(ဝိလေပနသဒ္ဒါက လိမ်းစရာဟူ၍ အဓိပ္ပါယ်ထွက်သောကြောင့် အရည်ဖြစ်စေ အမှုန့်ဖြစ်စေ လိမ်းချယ်ရသော အရာဖြစ်လျှင် ဝိလေပနသာ ဖြစ်သင့်၏၊ ရှေးအခါက လိမ်းကျံချယ်လှယ်လေ့ရှိသော ဆေးဒန်း မြင်းသီလာ စသည်ကိုလည်း ဝိလေပနဟူ၍ပင် ခေါ်ဆိုသင့်သည်။)

     ညောင်စောင်း အင်းပျဉ် အိပ်ရာနေရာကို လှူဒါန်းခြင်း တည်းဟူသော သေယျဒါန၊ အိမ်ကျောင်းစသော နေရာအဆောက်အဦ လှူဒါန်းခြင်း တည်းဟူသော အာဝသထဒါန၊ မီးထွန်းရန် ဆီစသည်ကို လှူဒါန်းခြင်း တည်းဟူသော ပဒီပေယျဒါနအားဖြင့် ဒါန (၁၀)ပါးရှိကြောင်း ဖွင့်ပြတော်မူကြ၏။

     ဤဆယ်မျိုးကိုလည်း ဒါနဝတ္ထုဆယ်ပါးအဖြစ်ဖြင့်သာ ဟောတော်မူရင်း ဖြစ်သည်။ ဤသို့ ဒါနဝတ္ထုဆယ်ပါးရှိသဖြင့် ထိုဝတ္ထုတို့ကို အသီးအသီး လှူဒါန်းလျှင်လည်း ဆယ်မျိုးဖြစ်သင့်သောကြောင့် သုတ္တန်အလို ဒါနဆယ်ပါးရှိသည်ဟု ကျမ်းဂန်တို့၌ ဖွင့်ပြတော်မူကြသည်။

ဤ၌ ဒါနဝတ္ထုဆယ်မျိုးကိုသာ ဘုရားဟောတော်မူသည်ဟု အကြောင်းပြကာ ဤဆယ်မျိုးကိုသာ လှူကောင်းသည်၊ အခြားဝတ္ထုတို့ကို မလှူကောင်းဟု မမှတ်ယူအပ်၊ လောက၌ ယေဘုယျအားဖြင့် အလှူများရာကိုလိုက်၍ ဤဆယ်မျိုးကို ဒါနဝတ္ထုဟု ဟောတော်မူခြင်း ဖြစ်သည်။ တနည်းအားဖြင့် အရာဝတ္ထုဟူသမျှကို ဤဆယ်ပါး၌ပင် သဘောတူရာ သွတ်သွင်း သိမှတ်နိုင်မည် ဖြစ်သောကြောင့် ဤဆယ်မျိုးကို ပြလိုက်သဖြင့်ပင် သူတော်ကောင်းများ သုံးစွဲနေကျဖြစ်သော အရာဝတ္ထုတို့ကို လှူဒါန်းနိုင်သည်ဟု သိမှတ်ရာ၏။

     ဤဆိုအပ်ပြီးသော စကားရပ်များဖြင့် ပစ္စည်းဝတ္ထုသည် စေတနာဒါန၏ အရေးကြီးသော အကြောင်းရင်းများဖြစ်သည်ကို ကောင်းစွာ သိမှတ်ရာ၏။ နောက် ပြဆိုလတ္တံ့သော ဒါနအပြား၌လည်း ပစ္စည်းဝတ္ထုနှင့်စပ်သော ဒါနအများအပြား ပါဝင်သည်ကို သတိပြုရာ၏။

     ဤအခဏ်း၌၊ ၊ပေးလှူကြောင်း ဖြစ်သောကြောင့် စေတနာကို ဒါနခေါ်သည်။ ပေးလှူအပ်သောကြောင့် လှူဘွယ်ဝတ္ထုကို ဒါနခေါ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

     ၃။ ဒါန၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်အရာများ ဖြစ်ကြသနည်း..ဟူသော စကားအရ ဒါနသည်-



(ဇိ)

(က) စွန့်လွှတ်ခြင်း လက္ခဏာရှိ၏၊

(ခ) လှူဘွယ်ဝတ္ထုတို့၌ ငြိတွယ်ခြင်းကို ဖျက်ဆီးခြင်း (ကိစ္စ) ရသရှိ၏၊ (တနည်း) အပြစ်ကင်းခြင်း (သမ္ပတ္တိ) ရသရှိ၏၊

(ဂ) ငြိတွယ်မှုမရှိခြင်း (သဘော)လျှင် ထင်သောအခြင်းအရာရှိ၏၊ (ငြိတွယ်ခြင်းကင်းသော တရားဟူ၍ ယောဂီ၏ဉာဏ်၌ ထင်တတ်သည် ဟူလို) (တနည်း) ဘဝနှင့်ပြည့်စုံခြင်း၊ ဘောဂနှင့်ပြည့်စုံခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊ (လူ့ဘဝ နတ်ဘဝစသော ဘဝနှင့် ပြည့်စုံခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်းအကျိုးကို ဖြစ်စေတတ်သော တရားဟု စဉ်းစားဆင်ခြင်သူ၏ဉာဏ်၌ ထင်တတ်သည်ဟူလို။)

(ဃ) စွန့်လွှတ်အပ်သော ပစ္စည်းဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ (စွန့်လှူအပ်သော ဝတ္ထုမရှိလျှင် စိတ်ကူးရုံမျှနှင့် ဒါနမဖြစ်နိုင်၊ စွန့်လှူအပ်သော ဝတ္ထုရှိမှသာ ဒါနစင်စစ် ဖြစ်နိုင်သောကြောင့် စွန့်လှူအပ်သော ပစ္စည်းဝတ္ထုသည် ဒါန၏ အနီးကပ်ဆုံးသောအကြောင်း ပဒဋ္ဌာန်ဖြစ်သည် ဟူလို။)

     ၄။ ထိုဒါနသည် အဘယ်မျှ အပြားရှိသနည်း..ဟူသော စကားအရ အဖြေကား ကျယ်ဝန်းလှပေ၏။ (သတိပညာ ကြီးစွာထား၍ မှတ်သားနိုင်ကြပါစေကုန်သတည်း။)

နှစ်ပါးတွဲ ဒါနစု

     ဒါနသည် အာမိသဒါန ဓမ္မဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ဆွမ်းစသော ပစ္စည်းဝတ္ထုတို့ကို အာမိသဟု ခေါ်သည်။ ထိုပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် အာမိသဒါနမည်၏။ အာမိသနှင့် ပစ္စယဟူသည် အတူတူပင်ဖြစ်၍ ပစ္စယဒါနဟူ၍လည်း ခေါ်နိုင်၏၊ သူတပါးတို့အား တရားဟောခြင်း စသည်ဖြင့် တရားကို ပေးလှူခြင်းသည် ဓမ္မဒါနမည်၏။ ဒါနမျိုးတို့တွင် ဓမ္မဒါနသည် အမြတ်ဆုံး ဖြစ်သည်ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။ (ဤနှစ်မျိုး ခွဲခြင်းမှာ ပစ္စည်းဝတ္ထုကိုစွဲ၍ ခွဲခြင်းပင်ဖြစ်၏။)

     ဤဒါနနှစ်မျိုးနှင့်စပ်၍ လောက၌ စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို တည်ထား ကိုးကွယ်သောသူမှာ မည်သည့်ဒါနမျိုးဖြစ်သည်ကို စိစစ်သိမြင်ရန် လိုအပ်၏။ ဤကိစ္စနှင့် ပတ်သက်၍-

အချို့ပုဂ္ဂိုလ်တို့က “စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို တည်ထားသောသူမှာ ပစ္စည်းဥစ္စာများစွာ စွန့်လွှတ်ရသော်လည်း ဒါနမဖြစ်နိုင်၊ ဒါနဟူသည် အလှူခံပုဂ္ဂိုလ် လှူဘွယ်ဝတ္ထု အလှူဒါယကာ



(ဇီ)

သုံးဌာန ပြည့်စုံမှ ဖြစ်ရ၏၊ စေတီတော်ကြီး ရုပ်ပွါးတော်ကြီး တည်ထားရာမှာ အလှူဒါယကာ ထင်ရှားရှိသော်လည်း အလှူခံပုဂ္ဂိုလ် မရှိ၊ ဤစေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို မည်သူအား လှူဒါန်းရမည်နည်း၊ ဤသို့ အလှူခံပုဂ္ဂိုလ် မရှိသည့်အတွက် ဒါနပင် မဖြစ်နိုင်။ ဗုဒ္ဓါနုဿတိဆိုင်ရာ သမထကမ္မဋ္ဌာန်းသာ ဖြစ်သင့်သည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အဖန်ဖန် နှလုံးသွင်းခြင်းသည် ဗုဒ္ဓါနုဿတိဖြစ်၍ စေတီရုပ်ပွါး တည်ထားသူသည် မည်သည့်အလှူခံအား စွန့်လှူရန် ရည်သန်သည်မဟုတ်၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို အဖန်ဖန် နှလုံးသွင်းရာ၌ ထင်ထင်ရှားရှားကြီး နှလုံးသွင်းနိုင်စေရန် အထည်ကိုယ်ဖော်ပြ တည်ထားခြင်းသာ ဖြစ်သည်၊ ဤစေတီရုပ်ပွားများကို ရှိခိုးပူဇော်ခြင်းဖြင့် ဘုရားဂုဏ်တော်တို့ကို အထူးထင်မြင်စေနိုင်သောကြောင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့်သာ သက်ဆိုင်သည်ဟူ၍ မှတ်ရမည်”ဟု မိန့်ဆိုကြ၏။

အချို့ ဆရာတို့ကလည်း “စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများ တည်ထားသူသည် ရိုသေသင့် ရိုသေထိုက်ဆုံးဖြစ်သော မြတ်စွာဘုရားကို အရိုအသေပြု၍ ပူဇော်ရန် တည်ထားခြင်း ဖြစ်သောကြောင့် ပုညကိရိယဝတ္ထု = (ကောင်းမှု)ဆယ်ပါးတွင် အပစာယနကုသိုလ် ဖြစ်၏။ ထိုအပစာယနကုသိုလ်ကို သီလထဲမှာ ထည့်သွင်းရမည်။ အကြောင်းကား... ထို ရိုသေသင့် ရှိသေထိုက်သော အရာကို ရိုသေခြင်းသည် စာရိတ္တ သီလမျိုးပင် ဖြစ်၏၊ သို့ဖြစ်၍ စေတီရုပ်ပွါး တည်ထားသည့် ကုသိုလ်ကို ဗုဒ္ဓါနုဿတိထဲသို့ မသွင်းထိုက်၊ သီလထဲသို့သာ သွင်းထိုက်သည်”ဟု ဆိုကြ၏။

     ဤဆရာများ ပြဆိုကြသော ဗုဒ္ဓါနုဿတိ သမထကုသိုလ်နှင့် အပစာယနကုသိုလ်တို့မှာ ဝတ္ထုပစ္စည်း စွန့်လှူရခြင်းနှင့် မသက်ဆိုင်၊ ယခု စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများ တည်ထားရာမှာ ဝတ္ထုပစ္စည်းများစွာ စွန့်လွှတ်ရသည် ဖြစ်သောကြောင့် ဒါနမှုနှင့်သာ သက်ဆိုင်ပေသည်။

“ဒါနမှုနှင့် သက်ဆိုင်သည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် မရှိပဲနှင့် ဒါန ဖြစ်နိုင်ပါသလား”ဟု မေးမြန်းဘွယ် ရှိ၏။

     ကျမ်းဂန်တို့၌ “မည်သည့်တရားမျိုးကိုမဆို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် လေးပါးတို့ဖြင့် ခွဲခြမ်း စိစစ်လိုက်လျှင် အမှန်ဆုံးသဘောကို ရနိုင်သည်”ဟု ပြဆိုချက် ရှိသောကြောင့် ရှေး၌ ဒါန၏ လက္ခဏာစသည်တို့ကို ပြဆိုခဲ့ပြီးသော နည်းအတိုင်း “ဒါနသည် လှူဘွယ်ဝတ္ထုတို့ကို စွန့်လွှတ်ခြင်း လက္ခဏာရှိ၏”ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။



(ဇု)

     စေတီရုပ်ပွါး တည်ထားသူ ဒါယကာမှာလည်း ပစ္စည်းဝတ္ထုတို့ကို စွန့်လွှတ်ခြင်း ဒါနလက္ခဏာ၊ ထိုပစ္စည်းဝတ္ထုတို့၌ တွယ်တာမှုကို ဖျက်ဆီးခြင်း ဒါန၏ ကိစ္စ ရသ၊ ဘဝ ဘောဂတို့နှင့် ပြည့်စုံမှုတည်းဟူသော အကျိုးပစ္စုပဋ္ဌာန်၊ ပစ္စည်းဝတ္ထု တည်းဟူသော ဒါန၏ပဒဋ္ဌာန် ဤလေးတန်နှင့် (လေးဖက်လေးတန်) ပြည့်စုံနေပြီ ဖြစ်သောကြောင့် ဒါနဖြစ်သည်ဟူ၍သာ မှတ်ယူရာ၏။

     တနည်းအားဖြင့် စေတီရုပ်ပွါးတော်များကို ကြည်ညိုဖူးမျှော် ပူဇော်လိုသမျှသော နတ်လူအပေါင်းတို့သည် အလှူခံပုဂ္ဂိုလ်တို့ပင် ဖြစ်သည်ဟု ဆိုပါက မမှားနိုင်ပေ၊ စေတီတော် ရုပ်ပွါးတော်ကြီးများမှာလည်း လူနတ်တို့ ဖူးမျှော် ပူဇော်သောအားဖြင့် အသုံးပြုရန် ဝတ္ထုပင် ဖြစ်သောကြောင့် လှူဘွယ်ဝတ္ထုဟုဆိုက ဆိုနိုင်ပေ၏။

     လောက၌ ပစ္စည်းဝတ္ထု အမျိုးမျိုးတို့ကို သက်ဆိုင်သလို အသုံးပြုကြ၏၊ စားသောက်ဘွယ်ရာ ဝတ္ထုတို့ကို စားသောက်သောအားဖြင့် အသုံးပြုကြ၏၊ ဝတ်ဆင်ဘွယ်ရာ ဝတ္ထုတို့ကို ဝတ်ဆင်သောအားဖြင့် အသုံးပြုကြ၏၊ ကြည်ညိုမြတ်နိုး ရှိခိုးဘွယ်ဝတ္ထုကို ကြည်ညိုမြတ်နိုး ရှိခိုးသောအားဖြင့် အသုံးပြုကြ၏။

     လူအများသွားလာရာ လမ်းခရီး၌ ရေတွင်းရေကန်ကြီးများ တူးဖော်ထားလိုက်လျှင် ထိုရေတွင်းရေကန်ကြီးတို့ကို မည်သူ့အားမျှ ရေစက်ချ၍ မလှူဒါန်းရသော်လည်း အများသောက်ရန် ချိုးရန် ရည်သန်သည့်အတိုင်း ရောက်သမျှလူတို့ သောက်ချိုး သုံးဆောင်နေကြပါလျှင် ထိုရေတွင်းရေကန်ရှင် ဒါယကာကို ဒါနမမြောက်ဟူ၍ ဆိုထိုက်ပါအံ့လော၊ မဆိုထိုက်သည်သာ၊ ထိုရေတွင်း ထိုရေကန်ရှင်သည် မည်သူကိုမျှ လှူဒါန်းမည်ဟု ရည်သန်သည်မဟုတ်၊ ကြုံကြိုက်သမျှပုဂ္ဂိုလ်တို့ သောက်ချိုးသုံးစွဲရန် ရည်သန် တူးဖော်ထားခြင်းဖြစ်၍ ဒါနမြောက်သကဲ့သို့ပင်တည်း။

     သို့ဖြစ်၍ စေတီရုပ်ပွါး တည်ထားသူတို့ကား အလှူဒါယကာ၊ စေတီတော် ရုပ်ပွါးတော်ကြီးများအား လှူဘွယ်ဝတ္ထု၊ ရှိခိုးပူဇော်ဖူးမျှော်သမျှ နတ်လူတို့ကား အလှူခံပုဂ္ဂိုလ်ဟူ၍ ဝေဘန်လျှင် သင့်လျော်နိုင်ပေ၏။

စေတီတော်ကြီး ရုပ်ပွါးတော်ကြီးများကို လှူဘွယ်ဝတ္ထုဟု ဆိုခြင်းငှါ ထိုက်တန်ပါမည်လော၊ အပြစ်ပင်ရှိမည် မဟုတ်ပါလော...ဟူ၍ မေးမြန်းလိုကြပေမည်။

     ဓမ္မစေတီဖြစ်သော ပိဋကတ်တော်များ ကိန်းစံရာ စာတိုက် ဘီဒိုများကဲ့သို့ သာရီရိက ဓာတ်တော်တည်းဟူသော ဓာတုစေတီတို့၏ ကိန်းဝပ်ရာဖြစ်၍ လှူဘွယ်ဝတ္ထုဟု ဆိုထိုက်ပါ၏ဟူ၍ ဖြေဆိုရာ၏။



(ဇူ)

ရေစက်ချမှ ဒါန မြောက်, မမြောက်

     စေတီရုပ်ပွါး တည်ထားရာ၌ ရေစက်ချမှု မထင်ရှားသောကြောင့် ဒါနဖြစ်သင့် မဖြစ်သင့်ကို စဉ်းစားကြခြင်းဖြစ်သည်။ စင်စစ်သော်ကား ရေစက်ချမှ ဒါနမြောက်သည်ဟူ၍ ကျမ်းဂန်တို့၌ မလာ။ မလာသော်လည်း လှူဒါန်းသည့်အခါ ရေစက်ချခြင်းသည် ရှေးထုံး အစဉ်အလာကြီးတခု ဖြစ်နေ၏။

     သံဃာများ ဝါကျွတ်၍ (သင်္ကန်းအလှူ မရောက်သေးမီ) ရဟန်းအချင်းချင်း ကျောင်းတိုက်တခုအတွင်းမှာ မသင့်မတင့် နှစ်ပက္ခ ကွဲပြားကြပြီးနောက်မှ ဒါယကာတို့က တပက္ခရှိ ရဟန်းများထံ သင်္ကန်းများကို စုပုံဆက်ကပ် လှူဒါန်းခဲ့ပြီးလျှင် အခြားတပက္ခရှိ ရဟန်းများထံသို့ သွားရောက်၍ ရေစက်သွန်းချပြီးလျှင် “ပက္ခဿ ဒေမ = တဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူဒါန်းအပ်သော သင်္ကန်းကို ဝေဘန်ရန်အတွက် ရေစက်ချခြင်းကို ပမာဏမပြုသော အရပ်ဒေသမှာဖြစ်လျှင် သင်္ကန်းအလှူခံရသော ပက္ခဝင် သံဃာတို့သာ ထိုသင်္ကန်းကို ပိုင်၏၊ ရေစက်မျှကိုသာ ခံရသော သံဃာတို့မှာ ထိုသင်္ကန်းကို မပိုင်ဆိုင်။ ရေစက်ချခြင်းကို ပမာဏပြုသော အရပ်ဖြစ်မူကား ရေစက်ခံရသော သံဃာများကလည်း ရေစက်ခံရသည့်အတွက် ထိုသင်္ကန်းကို ပိုင်ဆိုင်သည်။ သင်္ကန်းကို အလှူခံရသော သံဃာများကလည်း သင်္ကန်းလက်ရှိဖြစ်သည့်အတွက် ထိုသင်္ကန်းကို ပိုင်ဆိုင်သောကြောင့် နှစ်ပက္ခလုံး အညီအမျှ ခွဲဝေသုံးဆောင်ရမည်။ ဤသို့ သုံးဆောင်ရခြင်းသည် သမုဒြာ၏ တဖက်ကမ်းအရပ်၌ ပြုလုပ်လေ့ရှိသော အမှတ်လက္ခဏာပင် ဖြစ်သည်ဟူ၍ မဟာအဋ္ဌကထာ၌ မိန့်ဆိုကြောင်း ဝိနည်း မဟာဝါ စီဝရက္ခန္ဓကအဋ္ဌကထာ၌ ဖွင့်ပြသည်။

     သီဟိုဠ်ကျွန်းမှနေ၍ သမုဒြာ၏ တဖက်ကမ်းအရပ်ဟု ညွှန်းလိုက်သော ဒေသသည် ဇမ္ဗူဒိပ်ကျွန်းပင် ဖြစ်၏။ ထို့ကြောင့် ရေစက်ချခြင်း အလေ့သည် ဇမ္ဗူဒိပ်ကျွန်းသူတို့၏ အလေ့ပင် ဖြစ်သည်ဟု မှတ်ယူအပ်၏။

     ဤစကားရပ်၌ ရေစက်ချခြင်းကို ပမာဏပြုသောအရပ် ပမာဏမပြုသော အရပ်ဟု နှစ်မျိုးခွဲခြား ပြထားသည်ကို ထောက်သဖြင့် “ရေစက်ချမှ ဒါနမြောက်သည်”ဟု မဆိုနိုင်ပေ။ အစဉ်အလာ လိုက်နာ၍ ရေစက်ကို ပမာဏ အလေးပြုသောသူတို့မှာသာ ရေစက် အရေးကြီးသည်။ ပမာဏမပြုသောသူတို့ အဖို့မှာကား ရေစက်ချခြင်းသည် အရေးမကြီးကြောင်း ထင်ရှားပေ၏။ သို့ဖြစ်၍ ဒါနမြောက်မှု မမြောက်မှုမှာ ရေစက်ချခြင်းကို အဓိကထည့်သွင်း စဉ်းစားရန် အခွင့်မရှိဟု မှတ်ယူသင့်ပေ၏။

     ဓမ္မဒါနအရာမှာလည်း ယခုအခါ တရားတော်ကို သူတပါးတို့အား ဟောကြားမပေးနိုင်သည့်အတွက် ငွေကြေးအကုန်ခံကာ ပေစာ ဘုတ်အုပ်တို့ကို



(ဇေ)

ဝယ်ယူပူဇော်၍ ဓမ္မဒါနပြုလုပ်မည်ဟု စိတ်ညွတ်ပူဇော်ကြခြင်းမှာ ကိုယ်တိုင်ကိုယ်ကြပ် နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားသလောက် ဓမ္မဒါနမစစ်သော်လည်း ဥပမာအားဖြင့် မကျန်းမာသောသူကို ရောဂါပျောက်စေလိုက ဆိုင်ရာဆေးကိုပေးမှ ရောဂါပျောက်ငြိမ်းစေသူ စင်စစ်ဖြစ်နိုင်သော်လည်း ဆိုင်ရာဆေးကို မပေးနိုင်သည့်အတွက် မှန်ကန်သောဆေးနည်းကို ပေးပြန်ပါက ထိုဆေးနည်းဖြင့် မှန်ကန်သောဆေးကို ဖော်စပ်၍ သုံးစွဲကာ ရောဂါပျောက်စေမည် ဖြစ်သောကြောင့် ဆေးနည်းပေးသူကိုလည်း ရောဂါပျောက်ငြိမ်းစေသူဟူ၍ပင် ခေါ်ရသကဲ့သို့၊ ထို့အတူ ကိုယ်တိုင်က တရားမဟောနိုင်သည့်အတွက် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ဖော်ပြသည့် ပေစာ ဘုတ်အုပ်တို့ကို လှူဒါန်းသောသူသည်လည်း ထိုတရားစာကို ကြည့်ရှုကာ တရားကို ရယူစေနိုင်မည်ဖြစ်သောကြောင့် ဓမ္မဒါနပြုသူဟုပင် ခေါ်ဆိုနိုင်ပေသည်။

     ဤနှစ်မျိုးကို အာမိသပူဇာ, ဓမ္မပူဇာဟူ၍လည်း ခေါ်အပ်၏။ အမည်မျှသာ ကွဲသည်။ အဓိပ္ပါယ်မှာ အတူတူပင် ဖြစ်၏။

     လောက၌ အများအားဖြင့် အနိမ့်က အမြင့်ကို ပြုလုပ်ရာမှာ (ငယ်သူက ကြီးသူအား ပေးရာမှာ) ပူဇော်သည်ဟူသော စကားကို သုံးလေ့ရှိကြ၏။ ဤအဓိပ္ပါယ်ကို ယူဆပြီးလျှင် ဒါနသည် ပူဇာဒါန, အနုဂ္ဂဟဒါနဟူ၍ နှစ်မျိုးခွဲသင့်ကြောင်း၊ မြတ်သောပုဂ္ဂိုလ် ကြီးသောပုဂ္ဂိုလ်အား ငယ်သူက လှူဒါန်းသည်ကို ပူဇာဒါန = (ပူဇော်သောအားဖြင့် ပေးခြင်း)၊ ကြီးမြတ်သူက ငယ်ရွယ်သူအား လှူဒါန်းသည်ကို အနုဂ္ဂဟဒါန = (ချီးမြှောက်သောအားဖြင့် ပေးခြင်း)ဟူ၍ အဓိပ္ပါယ် ခွဲခြမ်းပြဆိုကြ၏။

     ပူဇော်ဟူသော စကားကို အောက်ဗျာဒိတ်ခဏ်း၌ ပြခဲ့သည့်နည်းအတိုင်း အမြင့်အနိမ့် နှစ်မျိုးလုံးမှာပင် သုံးနိုင်သကဲ့သို့၊ အနုဂ္ဂဟ = ချီးမြှောက်ခြင်းဟူသော စကားကိုလည်း အမြင့်အနိမ့် နှစ်ပါးလုံးမှာပင် သုံးစွဲနိုင်၏။ များသောအားဖြင့် အကြီးအမြတ်က အနိမ့်အငယ်အား လှူဒါန်းပေးကမ်းသည်ကို ချီးမြှောက်သည် အနုဂ္ဂဟပြုသည်ဟူ၍ ခေါ်ဆိုကြ၏။ မြတ်စွာဘုရားသာသနာကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်စပါးဖြင့် ချီးမြှောက်ခြင်းဟူသော စကား၌ကား မြင့်မြတ်သော သာသနာတော်ကိုပင် ချီးမြှောက်ခြင်း အနုဂ္ဂဟဖြင့် သုံးနှုန်းထားပြန်သောကြောင့် ပူဇာဒါန, အနုဂ္ဂဟဒါန နှစ်ပါး ခွဲခြင်းမှာ ဧကန္တ မဟုတ်ပေ။ လောကဝေါဟာရ အသုံးအနှုန်းများရာသို့ လိုက်၍ ခွဲခြင်းဖြစ်သည်ဟု မှတ်ယူအပ်၏။

     တနည်းကား.. အဇ္ဈတ္တိကဒါန, ဗာဟိရဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ကိုယ်တွင်းဆိုင်ရာ အသက်ခန္ဓာ အင်္ဂါကြီးငယ်တို့ကို လှူဒါန်းခြင်းသည်



(ဇဲ)

အဇ္ဈတ္တိကဒါနမည်၏။ အပြင်အပဖြစ်သော ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဗာဟိရဒါနမည်၏။

ယခုအခါမှာပင် ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြတ်၍ ဘုရားမှာ လှူဒါန်းသည်၊ တကိုယ်လုံးကိုပင် အဝတ်ပတ်၍ ဆီလောင်းကာ မီးရှို့ပူဇော်သည် စသည်ဖြင့် သတင်းစာထဲများမှာ တရံတခါ တွေ့ရှိရ၏။ ထိုသို့ တွေ့ရသောအခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြစ်စေ တကိုယ်လုံးကိုဖြစ်စေ လှူဒါန်းခြင်း အဇ္ဈတ္တိကဒါနသည် ဘုရားအလောင်းကြီး၏ အလုပ်သာ ဖြစ်၏။ သာမညသူတို့နှင့် မသက်ဆိုင်၊ မသက်ဆိုင်ပဲနှင့် ပြုလုပ်သည့်အတွက် ကုသိုလ်ပင် မဖြစ်သကဲ့သို့ တချို့ ပြောဆိုတတ်ကြသည်။

ထိုစကား သင့်, မသင့်ကို ဆင်ခြင်သည်ရှိသော်... လောက၌ ဘုရားအလောင်းဟူ၍ တခဏချင်း ဘွားကနဲ ပေါ်ပေါက်လာနိုင်သည်မဟုတ်၊ စွမ်းနိုင်သမျှ တစတစ ပါရမီဖြည့်ကျင့်ကာ နုရာမှ ရင့်၍ ဘုရားလောင်းကြီးများအဖြစ်သို့ တဆင့်တဆင့် ရောက်ရသည်။ ရှေးပညာရှင်များကလည်း- “တစတစ၊ စွန့်ဝံ့မှလျှင်၊ ဘဝနောက်နှောင်း၊ ဆက်တိုင်းကောင်း၏” ဟူ၍ စပ်ဆိုတော်မူခဲ့ကြသည်။ သို့ဖြစ်၍– ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုဖြစ်စေ တကိုယ်လုံးကိုဖြစ်စေ လှူသောသူများကို ရုတ်တရက် ရှောင်တခင် အပြစ်မတင်သင့်ပေ။ လှူဒါန်းရာ၌ စိတ်စေတနာ သဒ္ဓါတရား မတွန့်ပဲ ရဲရဲဝံ့ဝံ့ကြီး “ငါ အဇ္ဈတ္တိကဒါနကို ပြုရပေသည်”ဟု မိမိအသက် ဆုံးရှုံးသည်တိုင်အောင် စွန့်နိုင်သူမှန်ပါလျှင် အဇ္ဈတ္တိကဒါနရှင်ဟူ၍ ချီးမွမ်းအပ်သည်သာ ဖြစ်ကြောင်းကို သတိပြုရာ၏။

     တနည်းကား.. ဝတ္ထုဒါန, အဘယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ပစ္စည်းဝတ္ထုတို့ကို လှူဒါန်းခြင်းသည် ဝတ္ထုဒါနမည်၏။ အသက်စည်းစိမ် ဘေးမဲ့ပေးခြင်းသည် အဘယဒါန မည်၏။ ဤအဘယဒါနသည်ကား အထူးသဖြင့် မင်းတို့နှင့်သာ သက်ဆိုင်၏။

     တနည်းကား.. ဝဋ္ဋနိဿိတဒါန, ဝိဝဋ္ဋနိဿိတဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ဝဋ်ဆင်းရဲဖြစ်သော လောကီစည်းစိမ် ချမ်းသာကိုသာ တောင့်တ၍ လှူအပ်သော အလှူသည် ဝဋ္ဋနိဿိတဒါနမည်၏။ ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကို တောင့်တ၍ လှူအပ်သော အလှူသည် ဝိဝဋ္ဋနိဿိတဒါန မည်၏။



(ဇော)

     တနည်းကား.. သာဝဇ္ဇဒါန, အနဝဇ္ဇဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ သားငါးစသော သတ္တဝါများကို သတ်ဖြတ်၍ ကျွေးမွေးလှူဒါန်းအပ်သော ဒါနမျိုးသည် (အပြစ်နှင့် တကွဖြစ်သောကြောင့်) သာဝဇ္ဇဒါနမည်၏။ သားငါးစသော သတ္တဝါများကို သတ်ဖြတ်မှုမှ ကင်းရှင်းသော ဒါနမျိုးသည် (အပြစ်မရှိသောကြောင့်) အနဝဇ္ဇဒါနမည်၏။ အကုသိုလ်ရံလျက်ရှိသောဒါန, အကုသိုလ်မရံသော ဒါနဟု ဆိုလိုသည်။

ယခုလောကမှာ အချို့သော သူတို့သည် တံငါအလုပ်ဖြင့် ဥစ္စာကြွယ်ဝ ချမ်းသာပြီးနောက် “ငါသည် မကောင်းမှုကို မပြုပဲ တံငါအလုပ်ကို စွန့်ပြီးလျှင် စင်ကြယ်သော အလုပ်ဖြင့်သာ လုပ်ကိုင် အသက်မွေးတော့အံ့”ဟု နေထိုင်လျှင် စည်းစိမ်ဥစ္စာ ဆုတ်ယုတ်သွားတတ်၏၊ တဖန် တံငါအလုပ်ကို ပြန်၍ လုပ်ကိုင်သောအခါ ချမ်းသာလာပြန်၏။ ဤသို့ ဖြစ်ရခြင်းမှာ ရှေးဘဝက ပြုခဲ့သော သာဝဇ္ဇဒါန ကံအကျိုးပေးသည့်အတွက် ဖြစ်သည်။ ကံပြုစဉ်ကပင် ပါဏာတိပါတကံနှင့် တွဲဖက်၍ ပြုခဲ့သောကြောင့် အကျိုးပေးရာမှာလည်း ပါဏာတိပါတကံနှင့် တွဲဖက် အကျိုးပေးသန်သည်။ မတွဲဖက်လျှင် ထိုကံ အကျိုးမပေးနိုင်၍ ဆင်းရဲသွားပြန်သည်ကို သိရှိအပ်၏။

     တနည်းကား.. သာဟတ္ထိကဒါန, အာဏတ္တိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ ကိုယ်တိုင်ကိုယ်ကြပ် မိမိလက်ဖြင့် ကိုင်တွယ် လှူဒါန်းအပ်သော ဒါနသည် သာဟတ္ထိကဒါနမည်၏။ သူတပါးကို စေခိုင်း (ကိုယ်စားလည်ထား)၍ လှူဒါန်းအပ်သော ဒါနသည် အာဏတ္တိကဒါနမည်၏။

(အာဏတ္တိကဒါနထက် သာဟတ္ထိကဒါနက အကျိုးပေးထက်သန်ကြောင်းကို ဒီဃနိကာယ် မဟာဝဂ္ဂ ပါယာသိသုတ် မြန်မာပြန်ကို ကြည့်ရှုရာ၏။)

     တနည်းကား.. သက္ကစ္စဒါန, အသက္ကစ္စဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ ပြုပြင်၍ လှူဒါန်းအပ်သော ဒါနသည် သက္ကစ္စဒါနမည်၏။ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ မပြုပြင်ပဲ လှူဒါန်းအပ်သော ဒါနသည် အသက္ကစ္စဒါန မည်၏။

ပန်းပင်မှ ပန်းများကို ခူးလာပြီးလျှင် မလှ-လှအောင်၊ မတင့်တယ် တင့်တယ်အောင် အကုံးအခိုင်စသည်ဖြင့် ကောင်းစွာ ပြုလုပ်ပြီးမှ လှူဒါန်းခြင်းသည် သက္ကစ္စဒါန၊ ဤသို့ မပြုပြင်ပဲ ပန်းပင်မှ ခူးခဲ့ရင်းအတိုင်းသာ (ဘုရားအား အလှူမြောက်လျှင်ပြီးရော သဘောမျိုးဖြင့်) လှူဒါန်းခြင်းသည် အသက္ကစ္စဒါနဟု ဆိုလိုသည်။



(ဇော်)

ရှေးဆရာတို့က “အရိုအသေပြု၍ လှူဒါန်းခြင်းသည် သက္ကစ္စဒါန၊ အရိုအသေမပြုမူ၍ လှူဒါန်းခြင်းသည် အသက္ကစ္စဒါန”ဟု မြန်မာပြန်ဆိုချက်မှာလည်း အရိုအသေပြုဟူသော စကားအရ လှူဘွယ်ဝတ္ထုကို ကောင်းမွန်စွာ ပြုပြင်စီမံမှုကို ဆိုလိုခြင်းဖြစ်၏။ ရှေးဆရာတို့၏ “အရိုအသေပြု အရိုအသေမပြု”ဟူသော စကားကို အလှူခံပုဂ္ဂိုလ်အား ရိုသေမှု မရိုသေမှုကို ဆိုလိုသည်ဟု ထင်မှတ်နေတတ်ကြသည်။

     တနည်းကား.. ဉာဏသမ္ပယုတ္တဒါန, ဉာဏဝိပ္ပယုတ္တဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ လှူဒါန်းရာမှာ ကံ-ကံ၏အကျိုး စသည်တို့ကို သိမြင်၍ လှူဒါန်းခြင်းသည် (ဉာဏ်နှင့် ယှဉ်သည့်အတွက်) ဉာဏသမ္ပယုတ္တဒါနမည်၏။ ကံ ကံ၏အကျိုး စသည်တို့ကို မသိမမြင်ပဲ သူတပါးတို့၏ အတုအပမျှသာ လှူဒါန်းခြင်းသည် (ဉာဏ်နှင့် မယှဉ်သောကြောင့်) ဉာဏဝိပ္ပယုတ္တဒါန မည်၏။

ဤအရာ၌၊ ။ကံ-ကံ၏အကျိုး စသည်တို့ကို သိမြင်နားလည်သော ဉာဏ်နှင့်ယှဉ်ခြင်းပင် ဉာဏသမ္ပယုတ် ကုသိုလ်ဒါနဖြစ်ဘို့ရန်အကြောင်း လုံလောက်ပေပြီ။ ။လှူဒါန်းသောအခါ မြင့်မြတ်သော ဝိပဿနာဉာဏ်နှင့် ယှဉ်ရမည်၊ ယှဉ်ပုံကား.. လှူဒါန်းသော ဒါယကာငါသည်လည်း အနိစ္စ၊ မမြဲသောတရားပင်ဖြစ်သည်။ လှူဘွယ်ဝတ္ထုပစ္စည်းသည်လည်း မမြဲသော အနိစ္စပင်ဖြစ်သည်။ အလှူခံပုဂ္ဂိုလ်သည်လည်း မမြဲသော အနိစ္စပင်ဖြစ်သည်၊ အနိစ္စဖြစ်သော ငါသည် အနိစ္စဖြစ်သော ပစ္စည်းကို အနိစ္စဖြစ်သော အလှူခံအား လှူဒါန်းနေခြင်းမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည်ဟူ၍ ညွှန်ကြား ပြောဆိုကြသည်ကား မြတ်သော ဝိပဿနာဉာဏ် ဖြစ်စေလိုသည့်အတွက်သာ ပြောဆိုခြင်းဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်လျှင် ဉာဏသမ္ပယုတ်ဒါန မဖြစ်ဟူ၍ကား မမှတ်အပ်။

ဝိပဿနာအစစ်ကို ပွါးလိုသောသူသည် ရှေးဦးစွာ ငါ သူတပါး ယောက်ျား မိန်းမစသော ပုဂ္ဂိုလ်စွဲ အတ္တစွဲကို ပယ်ဖျောက်ပြီးလျှင် ရုပ်နာမ်အစုမျှသာ ဖြစ်သည်ကို ထင်မြင်ပြီးမှ ထိုရုပ်နာမ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သည်ဟု ရှုရသည်။ ငါ အနိစ္စ၊ အလှူပစ္စည်း အနိစ္စ၊ အလှူခံ အနိစ္စဟူ၍ နာမ်ရုပ်သို့ မထိခိုက်ပဲ ပညတ်တွင်ရွေ့သာ လက္ခဏယာဉ်တင်၍ ထင်နိုင် ရနိုင်မည် မဟုတ်ပေ။

     တနည်းကား.. သသင်္ခါရိကဒါန, အသင်္ခါရိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တိုက်တွန်းခြင်းရှိ၍ ပြုအပ်သောဒါနသည် သသင်္ခါရိကဒါန မည်၏။ တိုက်တွန်းခြင်းမရှိပဲ ပြုအပ်သောဒါနသည် အသင်္ခါရိကဒါန မည်၏။



(ဇံ)

ဤအရာ၌၊ ၊တိုက်တွန်းခြင်းဟူသည် မပြုလိုပဲ တွန့်တိုနေသည်ကို တိုက်တုန်းရမှ သသင်္ခါရိကဟု ခေါ်ဆိုရ၏။ ထင်ရှားစွာ ဖော်ပြရလျှင် လှူဒါန်းမည်ဟူ၍၎င်း မလှူဒါန်းလိုဟူ၍၎င်း မစဉ်းစားပဲ ပကတိနေသူကို “အလှူပါဝင်ပါ”ဟု တဦးတယောက်က ပြောဆိုသဖြင့် ပါဝင်လှူဒါန်းလိုက်သောသူမှာ သသင်္ခါရိကဒါနဖြစ်သည်ဟု မဆိုရ၊ အလှူပါဝင်ပါဟု တိုက်တွန်း တောင်းပန်သည့်အခါ မလှူလိုဟု တွန့်တိုငြင်းပယ်ပြီးမှ “မတွန့်တိုပါနှင့် လှူဒါန်းပါ”ဟု နောက်ထပ် တိုက်တွန်းသဖြင့် အလှူဝင်လိုက်သောသူ၏ ဒါနကိုသာ သသင်္ခါရိကဒါနဟု ခေါ်ရပေ၏။ သူတပါး ပြောလာသည်မဟုတ်ပဲ မိမိဘာသာ ရှေးဦးစွာ လှူဒါန်းမည်ဟု ကြံစည်ပြီးမှ စိတ်တွန့်တိုသွားပြီးလျှင် နောက်မှ မိမိကိုယ်ကို အမျိုးမျိုး မိမိဘာသာ တရားချ၍ စိတ်ကိုတင်းကာ လှူဒါန်းပြန်ခြင်းသည် သသင်္ခါရိကဒါနပင် ဖြစ်သည် (မိမိစိတ်ကို မိမိ တိုက်တွန်းရသည်ဟု ဆိုလိုသည်)။ စိတ်နေစိတ်ထား တွန့်တိုခြင်းမရှိသူမှာ သူတပါးလာ၍ ပြောဆိုခြင်းကို အစွဲပြုကာ သသင်္ခါရိကဒါနဟု မဆိုရ၊ တိုက်တွန်းခြင်းမရှိသော အသင်္ခါရိကဒါနဟူ၍သာ မှတ်ယူရာ၏။

     တနည်းကား.. သောမနဿဒါန, ဥပေက္ခာဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ စိတ်နေရွှင်လန်း ချမ်းသာလှူဒါန်းအပ်သော ဒါနသည် သောမနဿဒါန မည်၏။ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း အလယ်အလတ် ခံစားခြင်းသဘောရှိ၍ လှူအပ်သောဒါနသည် ဥပေက္ခာဒါနမည်၏။ (လှူဒါန်းသောအခါ သောမနဿဝေဒနာနှင့် ယှဉ်လျှင် သောမနဿဒါန၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ဥပေက္ခာဒါနဟု ဆိုလိုသည်။)

     တနည်းကား.. ဓမ္မိယဒါန, အဓမ္မိယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဓမ္မိယဒါနမည်၏။ တိုက်ခိုက်ခိုးဝှက် မတရားသဘောဖက်၍ ရှာဖွေရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် အဓမ္မိယဒါန မည်၏။

ပစ္စည်းကို ရှာဖွေရာမှာ မတရားသဖြင့် ရှာဖွေ ရရှိသည့်အတွက် အဓမ္မိယဖြစ်သော်လည်း ထိုပစ္စည်းကို သူတပါးအား စွန့်လှူခြင်းမှာမူ ကုသိုလ်ပင် ဖြစ်ပြန်၏၊ (ပစ္စည်းက မစင်ကြယ်သည့်အတွက် ကုသိုလ်မဖြစ် ဟူ၍ မဆိုနိုင်၊) ဓမ္မိယဒါနလောက် အကျိုးမကြီးရုံသာ ရှိ၏။ အောင်မြောက်သော မျိုးစေ့နှင့် မအောင်မြောက်သော မျိုးစေ့တို့မှ ပေါက်လာသော အညွန့်အညှောက်ဥပမာဖြင့်လည်း ထိုအနက်ကို သိနိုင်ပေ၏။



(ဇား)

     တနည်းကား.. ဒါသဒါန, ဘုဇိဿဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ လောကီ စည်းစိမ်ချမ်းသာကို တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဒါသဒါနမည်၏ (တဏှာသခင် အရှင်အကြိုက် အလိုလိုက်၍ တဏှာ၏ကျွန်အဖြစ်ဖြင့် လှူဒါန်းခြင်းဟူလို)။ လောကုတ္တရာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဘုဇိဿဒါန မည်၏(တဏှာသခင် အရှင်ကို ပုန်ကန်၍ တော်လှန်ရေးဒါနဟူလို။)

ဤ၌၊ ၊သတ္တဝါတို့သည် အစမထင် သံသရာကပင် ကောင်းသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့ကို တပ်မက်ကြ၏။ ထိုသို့ ကောင်းမြတ်သည်ဆိုသော လောကီစည်းစိမ်ကို တပ်မက်ခြင်းသည် တဏှာတရားပင်ဖြစ်၏။ ထိုတဏှာ၏အလိုကို အချိန်ရှိသမျှ ဖြည့်စွမ်းနေကြရ၏။ တဏှာအကြိုက် အလိုလိုက်ကာ တဏှာ၏ကျွန် ခံနေကြရ၏။ သတ္တဝါတို့၏ နေ့နေ့ညည အချိန်ဆက်ကာ စည်းစိမ်ဥစ္စာ ရှာဖွေမှုကို ပြုလုပ်ကြံစည် နေကြရခြင်းသည် ကောင်းကောင်းစားလိုမှု ကောင်းကောင်း၀တ်လိုမှု ကောင်းကောင်းနေလိုမှုစသော အကောင်းကြိုက်တဏှာ၏ အလိုကို ဖြည့်စွမ်းနေကြရခြင်းပင် ဖြစ်၏။ ယခုဘဝတွင် တဏှာ၏အလိုကို ဖြည့်စွမ်းရရုံနှင့် (တဏှာ၏ကျွန်ခံရရုံနှင့်) မကျေနပ် အားမရသေးပဲ နောက်ဘဝအဆက်ဆက်မှာ အကောင်းကြိုက် တဏှာအရှင်သခင်၏ အလိုတော်ကျ ခံစံနိုင်ဘို့ရန် စည်းစိမ်ဥစ္စာတို့ကို ရပါလိုသောဝ်ဟု ဆုတောင်း၍ ပြုလိုက်သော ဒါနသည် ဒါသဒါနစင်စစ်ဖြစ်ကြောင်း ထင်ရှားလှပေ၏။

ဤသို့ အစမထင် သံသရာတခွင်က တဏှာ၏ကျေးကျွန် ခံလာရခြင်း တဏှာ၏ အလိုအကြိုက် လိုက်နေရခြင်းတို့ကို မြတ်စွာဘုရား၏ တရားတော်နှင့် မတွေ့ကြုံရသေးမီ အကောင်းကြီးထင်မှတ်ကာ တဏှာနောက်သို့ ပါနေရသော်လည်း မြတ်စွာဘုရား၏ တရားတော်နှင့် တွေ့ကြုံရသောအခါ တဏှာ၏ အလိုကြီးမားပုံ၊ မည်သည့်အခါမှ ထိုတဏှာ အလိုမပြည့်နိုင်ပုံ၊ တဏှာအကြိုက် လိုက်နေရသလောက် ဆင်းရဲဒုက္ခ ရောက်ရပုံတို့ကို သိမြင်ကာ “ဤမျှလောက် ဆိုးဝါးလှသော တဏှာအကြိုက်သို့ ယခုအခါ ငါမလိုက်တော့ပြီ၊ ခုခံမည် ပုန်ကန်မည် ခြားနားမည်” ဤကဲ့သို့ ကြံစည်၍ ထိုတဏှာကို အမြစ်ပြတ် ပယ်ဖြတ်နိုင်ရန် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနသည် ဘုဇိဿဒါန = ( တော်လှန်ရေးဒါန) မည်၏။



(ဈ)

“တော်လှန်”ဟူသော စကား

တော်လှန်ဟူသော စကားသည် မြန်မာစကားဟောင်း ဖြစ်သည်။ အရှင်သခင်ကို (တော်)ဟု ခေါ်ဆိုသုံးစွဲသည်။ ထိုအရှင်သခင်ကို ပြန်လှန်ခြင်းကိုပင် တော်လှန်ခြင်းဟု ဆိုသည်။ လောက၌ အစိုးရသူ အရှင်တို့၏အမိန့်ကို မနာခံပဲ ခုခံပြန်လှန်နေသူများကို တော်လှန်သူများဟု ခေါ်လျက်ရှိသည်။

ရှေးအခါက သုံးစွဲခဲ့သည့် အရှင်သခင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကား၏အစား နောက်ကာလ ရောက်သောအခါ (အရှင်)ဟု သုံးစွဲ ခေါ်ဆိုလာကြသည်။ မိန်းမများ စကားပြောရာမှာလည်း ယောက်ျားများကို ရိုသေသောအားဖြင့် ရှေးအခါက (တော်)ဟူ၍ စကားတုံ့ ပေးကြသည်။ အရှင်သခင်ဟူ၍ ရိုသေစွာ ပြန်၍ခေါ်လိုက်သော စကားတုံ့ပင် ဖြစ်၏။ နောက်ကာလ၌ကား အရှင်ဟူ၍ တိုက်ရိုက်သုံးလိုလျက် (အ)ကို ဖျောက်ကာ (ရှင်)ဟူ၍ သုံးစွဲကြသည်။ အဓိပ္ပါယ်အားဖြင့် အရိုအသေ စကားတုံ့ပြန်လိုက်မှုချည်းပင် ဖြစ်၏။

တော်သုံးနှင့် ပတ်သက်၍ သတိပြုမှတ်ဖွယ်ကို ဆက်လက် ဖေါ်ပြပေဦးအံ့...၊ အရှင်ရှိသောအရာကိုသာ (တော်)တပ်၍ သုံးစွဲရိုး ဖြစ်သည်။ အရှင်မရှိသော အရာတို့ကိုကား (တော်)တပ်၍ မသုံးစွဲပေ၊ (ဥပမာ) ရတနာသုံးပါးရှိသည့်အနက် တရားကို တရားတော်၊ သံဃာကို သံဃာတော်ဟူ၍ သုံးစွဲသော်လည်း ဘုရားကို ဘုရားတော်ဟူ၍ မသုံးစွဲကြ။ လောကကြောင်းဖက်၌လည်း ခမည်းတော် မယ်တော် သားတော် သမီးတော် ဆွေတော် မျိုးတော် စသည်ဖြင့် ဘုရင်နှင့် ဆက်သွယ်သမျှ ဆွေမျိုးများကို (တော်)တပ်၍ သုံးသော်လည်း ဘုရင်နှင့် မိဖုရားကိုကား ဘုရင်တော် မိဖုရားတော်ဟု (တော်)တပ်၍ မသုံးစွဲကြ။ အကြောင်းကိုရှာသော်.... တရား သံဃာတို့မှာ ဘုရားတည်းဟူသော အရှင်ရှိသဖြင့် တရားတော် (ဗုဒ္ဓအရှင်၏ တရား)၊ သံဃာတော် (ဗုဒ္ဓအရှင်၏ တပည့်သံဃာ)ဟူ၍ အရှင်ရှိသော အရာမှာသာ ထိုအရှင်ဟူသော အနက်ကို ဖော်ပြသည့် (တော်)ဟူသော စကားကို သုံးစွဲသည်။ ဘုရားအပေါ်မှာကား မည်သူကမျှ အရှင်သခင် မဖြစ်တော့ သောကြောင့် တော်တပ်ကာ ဘုရားတော်ဟူ၍ မသုံးစွဲကြပေ။ လောကကြောင်းဖက်၌လည်း အရှင်သခင်ဖြစ်သော ဘုရင်မိဖုရားတို့နှင့်စပ်၍ အမိအဖ သားသမီး ဆွေမျိုးတို့ကို မယ်တော် ခမည်းတော် သားတော် သမီးတော် ဆွေတော် မျိုးတော်ဟူ၍ သုံးစွဲသည်။ အရှင်ဖြစ်သော



(ဈာ)

မင်းမိဖုရားတို့၏ မယ်တော်စသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဘုရင်နှင့် မိဖုရားတို့ အပေါ်ကအုပ်စိုးသည့် အရှင်မရှိတော့သောကြောင့် ဘုရင်တော် မိဖုရားတော်ဟူ၍ (တော်)တပ်ကာ မသုံးကြသည်ကိုလည်း မှတ်သားရာ၏။

     တနည်းကား.. ထာဝရဒါန, အထာဝရဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ နေရာ တည်မြဲနေမည့် ဘုရား တန်ဆောင်း ကျောင်းစရပ် ရေတွင်း ရေကန် စသည်တို့ကို လှူဒါန်းခြင်းသည် ထာဝရဒါန မည်၏။ ခဏခေတ္တမျှသာ သုံးဆောင်ရသော ဆွမ်း သင်္ကန်းစသည့် ပစ္စည်းကို လှူဒါန်းခြင်းသည် အထာဝရဒါန မည်၏။

     တနည်းကား.. သပရိဝါရဒါန, အပရိဝါရဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ အဓိကအားဖြင့် သင်္ကန်းကို လှူလိုရာမှာ သင်္ကန်းတွင်သာမက အခြားလှူဘွယ် ၀တ္ထုများနှင့် ဖွယ်ဖွယ်ရာရာ စီစဉ်ခြံရံ၍ လှူဒါန်းခြင်းသည် အခြံအရံနှင့်တကွ လှူဒါန်းခြင်းဖြစ်သောကြောင့် သပရိဝါရဒါန မည်၏၊ (ဤ သပရိဝါရဒါနကြောင့် အလောင်းတော်ကြီးများမှာ စက်လက္ခဏာပါရှိခြင်း အကျိုးရ၍ အခြံအရံများခြင်း အကျိုးဆက်ကို ရရှိတော်မူကြသည်။) အခြံအရံမပါပဲ သင်္ကန်းချည်းသက်သက် လှူခဲ့ပါလျှင် အပရိဝါရဒါနမည်၏။ တပါးသော ပစ္စည်းတို့ကို လှူရာ၌လည်း ဤနည်းအတိုင်းပင် သိရာ၏။

     တနည်းကား.. နိဗဒ္ဓဒါန, အနိဗဒ္ဓဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်း စသည်ဖြင့် အမြဲပြုလုပ်အပ်သော ဒါနသည် နိဗဒ္ဓဒါနမည်၏။ နေ့စဉ်မဟုတ်ပဲ တတ်နိုင်သည့်အခါ ပြုလုပ်အပ်သော ဒါနသည် အနိဗဒ္ဓဒါနမည်၏။

     တနည်းကား.. ပရာမဋ္ဌဒါန, အပရာမဋ္ဌဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သောဒါနသည် ပရာမဋ္ဌဒါနမည်၏။ တဏှာဒိဋ္ဌိတို့ဖြင့် မသုံးသပ်အပ်သော ဒါနသည် အပရာမဋ္ဌဒါနမည်၏။

ဤအရာ၌၊ ၊အဘိဓမ္မာ သဘောအရ အမှားသုံးသပ်ခြင်းသည် ဒိဋ္ဌိနှင့်သာ သက်ဆိုင်သော်လည်း ထိုဒိဋ္ဌိသည် တဏှာနှင့်တွဲ၍ ဖြစ်ရသောကြောင့် ဒိဋ္ဌိဖြင့် အမှားမှားသုံးသပ်ရာမှာ တဏှာလည်း ပါဝင်နေသည့် အတွက် “တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်အပ်သော”ဟူ၍ ဆိုသည်။ အမှားမှား သုံးသပ်ပုံကား..

တစုံတခုသောဒါနကို ပြုလုပ်ပြီးလျှင် “ဤကောင်းမှုကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ရပါလို၏”ဟု ကုသိုလ်ဆန္ဒ ပတ္ထနာဖြင့် တောင့်တလျှင် ထိုဒါနသည် ဝိဝဋ္ဋနိဿိတဒါနဖြစ်၍၊ မဂ်ဖိုလ်နိဗ္ဗာန်၏



(ဈိ)

ဥပနိဿယည်း အားကြီးသောအကြောင်း ဖြစ်နိုင်ပါလျက် ထိုကဲ့သို့ ဝိဝဋ္ဋဖြစ်သည့် မဂ်ဖိုလ်နိဗ္ဗာန်ကို မတောင့်တပဲ “ဤကောင်းမှုကြောင့် ငါသည် သိကြားမင်းအစရှိသည့် ထင်ရှားသောနတ် (သို့မဟုတ် သာမညအားဖြင့် နတ်) ဖြစ်ရပါလို၏၊ ထိုနတ်ပြည်၌ မြဲမြံခိုင်ခဲ့သော နတ်စသည် ဖြစ်ရပါလို၏” အစရှိသည်ဖြင့် တဏှာဒိဋ္ဌိ ဦးစီးလျက် တောင့်တလျှင် ထိုဒါနသည် မဂ်ဖိုလ်၏ ဥပနိဿယည်း ပစ္စည်းအထောက်ပံ့ မဖြစ်နိုင်သောကြောင့် ပရာမဋ္ဌဒါနမည်၏။ တဏှာဒိဋ္ဌိတို့က မဂ်ဖိုလ်၏ ဥပနိဿယည်း အားကြီးသောအကြောင်းအဖြစ်မှ ဆုံးရှုံးခြင်းသို့ရောက်အောင် ပို့ဆောင်အပ်သော ဒါနဟု ဆိုလိုသည်။

တဏှာဒိဋ္ဌိတို့ဖြင့် အသုံးသပ်မခံရပဲ ဝိဝဋ္ဋသက်သက်ကိုသာ ရည်သန်တောင့်တ၍ လှူဒါန်းအပ်သော ဒါနမျိုးသည် အပရာမဋ္ဌဒါနမည်၏။ ဒါနတရားသည် သာသနာပြင်ပ အခါမှာလည်း များစွာဖြစ်ထွန်းနိုင်၏။ သို့ရာတွင် ပရာမဋ္ဌဒါနတွေသာ သာသနာပြင်ပ၌ ဖြစ်ထွန်းနိုင်သည်။ အပရာမဋ္ဌဒါနမူကား သာသနာတော်အတွင်း၌သာ ဖြစ်ထွန်းနိုင်ခွင့် ရှိသောကြောင့် ယခုသာသနာတော်အတွင်း ကြုံကြိုက်ကုန်သောသူတို့သည် အပရာမဋ္ဌဒါန ဖြစ်နိုင်ရန် အထူး ကြိုးစားသင့်ကြပေသည်။

     တနည်းကား.. ဥစ္ဆိဋ္ဌဒါန, အနုစ္ဆိဋ္ဌဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ အကြွင်းအကျန် အညံ့အဖျင်းဖြစ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် ဥစ္ဆိဋ္ဌဒါနမည်၏။ အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သော ပစ္စည်းကို လှူဒါန်းခြင်းသည် အနုစ္ဆိဋ္ဌဒါနမည်၏။

ဤအရာ၌၊ ၊စားဖွယ်သောက်ဖွယ်တို့ကို စားသောက်မည်ပြင်ဆဲတွင် အလှူခံရောက်လာ၍ မိမိမစားသောက်မီ ဦးဦးဖျားဖျား လှူလိုက်ခြင်းကို အဂ္ဂဒါနဟူ၍လည်း ခေါ်နိုင်၏။ အကြွင်းအကျန် အညံ့အဖျင်း မဟုတ်သည့်အတွက် အနုစ္ဆိဋ္ဌဒါနလည်း ခေါ်နိုင်၏။ မိမိ ဦးဦးဖျားဖျား စားသောက်ပြီးနောက် စားသောက်၍မပြီးမီ အလှူခံပုဂ္ဂိုလ် ကြွရောက်လာ၍ စားသောက်ဆဲဖြစ်သော စားဖွယ် သောက်ဖွယ်တို့ကို လှူပြန် လျှင်လည်း အနုစ္ဆိဋ္ဌဒါနပင် ဖြစ်သည်။ မြင့်မြတ်သောဒါနဟု ဆိုနိုင်ပေ၏။ မိမိ စားသောက်ပြီးနောက်မှ လှူဒါန်းလျှင်ကား ဥစ္ဆိဋ္ဌဒါနဖြစ်သည်။ အညံ့အဖျင်းဆိုရာမှာလည်း မိမိမှာ အကောင်းအမြတ် မရှိသည့်အတွက် ရှိသမျှ အညံ့အဖျင်းကိုသာ လှူဒါန်းရခြင်းသည် အနုစ္ဆိဋ္ဌဒါနပင် မည်သင့်လေသည်။ အကောင်းအမြတ် ပစ္စည်းရှိပါလျက် အကောင်းအမြတ်ကို မလှူပဲ အညံ့အဖျင်းကို လှူမှသာ ဥစ္ဆိဋ္ဌဒါန ဖြစ်သည်ဟူ၍ မှတ်အပ်၏။



(ဈီ)

     တနည်းကား.. သဇီဝဒါန, အစ္စယဒါနဟူ၍ နှစ်ပါးအပြားရှိ၏။ မိမိအသက် ထင်ရှားရှိစဉ် လှူဒါန်းအပ်သော ဒါနသည် သဇီဝဒါနမည်၏။ “ငါသေပြီးနောက် ဤ ငါ့ပစ္စည်းစုကို မည်သူအား ငါပေးခဲ့သည်။ ထိုသူယူ၍ အလိုရှိတိုင်း သုံးဆောင်လော့”ဟု သေသည့်နောက်အခါကို ရည်မှန်း၍ ပေးကမ်းခြင်းသည် အစ္စယဒါနမည်၏။

ရဟန်းတော်များမှာ ဤအစ္စယဒါနမျိုးကို အသုံးမပြုနိုင်ပေ၊ ပေးသောရဟန်းက ပေးလျှင်လည်း အပေးမမြောက်၊ အပေးခံရသော ပုဂ္ဂိုလ်မှာလည်း ထိုပစ္စည်းစုကို မပိုင်ဆိုင်။ ရဟန်းတပါး ပိုင်ဆိုင်သော ပစ္စည်းကို ထိုရဟန်း အသက်ထင်ရှားရှိစဉ် အခြားတဦးဦးအားပေးလျှင် အပေးခံရသူ ရ၏၊ (သို့မဟုတ်) ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ်ပင် အခြားတဦးဦးက ဝိသာသဂါဟ = (အကျွမ်းဝင် ခင်မင်၍ ယူခြင်းမျိုးဖြင့် ယူလျှင်လည်း ထိုသို့ယူသူ ရနိုင်၏၊ (သို့မဟုတ်) ထိုပစ္စည်းရှင်ရဟန်း အသက်ရှင်စဉ် အခြားတဦးဦးနှင့် ဒွိသန္တက = (နှစ်ဦးဆိုင်ပစ္စည်း) ပြုလုပ်လျှင်လည်း ပစ္စည်းရှင်ရဟန်း သေလျှင် ကျန်တဦးရ၏။ ထိုသို့ အသက်ရှင်စဉ် အပိုင်ပေးအပ်သည်လည်းမဟုတ် အကျွမ်းဝင် ခင်မင်၍ယူခြင်းမျိုးဖြင့် ယူအပ်သည်လည်းမဟုတ် နှစ်ဦးဆိုင်ပစ္စည်း ပြုလုပ်အပ်သည်လည်း မဟုတ်သော ရဟန်းပိုင် ပစ္စည်းတို့မှာ ထိုရဟန်းသေလျှင် သံဃိက = (သံဃာပိုင်သောပစ္စည်း ဖြစ်လေသည်။ သို့ဖြစ်၍ ပစ္စည်းရှင်ရဟန်းက “ငါသေလျှင် ငါပိုင်သောပစ္စည်း အရပ်ရပ်ကို မည်သူ့အား ပေးပါ၏။ မည်သူ ယူရစ်လော့”ဟု ဆို၍ ပေးခြင်းမျိုးသည် သံဃိကဖြစ်မှ ယူရစ် တော့ဟု ဆိုရာကျသဖြင့် ထိုအစ္စယဒါနမျိုးဖြင့် ပေးသောရဟန်းက ပေးသော်လည်း အပေးမမြောက်၊ အပေးခံရသော ပုဂ္ဂိုလ်မှာလည်း ပိုင်ဆိုင်ခွင့်မရှိ၊ လူတို့မှာသာ ဤသို့သော အစ္စယဒါနမျိုး အသုံးဝင် တရားဝင် အတည်ဖြစ်နိုင်သည်။

     တနည်းကား.. ပုဂ္ဂလိကဒါန, သံဃိကဒါနဟူ၍ နှစ်ပါးအပြားရှိ၏၊ ပုဂ္ဂိုလ် တဦး နှစ်ဦး စသည်အား ပိုင်းခြားသတ်မှတ်၍ လှူဒါန်းခြင်းသည် ပုဂ္ဂလိကဒါန မည်၏။ သံဃာတော်ကို ရည်မှန်း၍ လှူဒါန်းခြင်းသည် သံဃိကဒါနမည်၏။

သံဃာဟူသည် အစုအပေါင်း၏ အမည်ဖြစ်၏၊ (မြတ်စွာဘုရား၏ တပည့်သားတော် အရိယာပုဂ္ဂိုလ်အပေါင်းဟု ဆိုလိုသည်။) သံဃာတော်ဆိုသော စကားထဲ၌ အရိယာပုဂ္ဂိုလ်ဟူသမျှ အားလုံးပါဝင်၏။ သို့ရာတွင် ပါဝင်သည့်ပုဂ္ဂိုလ်တို့ကို အာရုံမထားပဲ အများအစုအပေါင်းကိုသာ အာရုံထား၍ လှူဒါန်းမှ သံဃိကဒါန မြောက်နိုင်၏။

(ဈု)

     ဤပုဂ္ဂလိကဒါန, သံဃိကဒါန နှစ်ပါးနှင့်စပ်၍ ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန (၁၄)မျိုး၊ သံဃိကဒါန (၇)မျိုးတို့ကို မှတ်သားသိရှိရာ၏၊ ထို ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပုဂ္ဂလိကဒါန (၁၄)မျိုးတို့ကား..

(၁) မြတ်စွာဘုရားအား လှူဒါန်းခြင်း၊

(၂) ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း၊

(၃) ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား (သို့မဟုတ်) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၄) အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၅) အနာဂံပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၆) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၇) သကဒါဂံပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၈) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်း၊

(၉) သောတာပန်ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၁၀) သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

(၁၁) သာသနာတော်ပအခါ ဈာန်အဘိညာဏ်ရသော ရသေ့တို့အား လှူဒါန်းခြင်း၊

(၁၂) သီလရှိသော (သီလဝန္တ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊

(၁၃) သီလမရှိဘဲ (ဒုဿီလ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊

(၁၄) တိရစ္ဆာန်တို့အား လှူဒါန်းခြင်း၊

ဤ (၁၄)ပါးတို့တည်း။



(ဈူ)

ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ ဈာန်ရဗာဟီ၊ နှစ်လီပုထုဇန်၊ တိရစ္ဆာန်၊ ၊လှူခံ တကျိပ်လေး။

     ထို ပုဂ္ဂလိကဒါန (၁၄)ပါးတို့တွင် တိရစ္ဆာန် သတ္တဝါတို့အား တနပ်စာဝအောင် ကျွေးမွေးလိုက်သော အလှူသည် ဘဝတရာတို့၌ အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုးငါးပါးတို့ကို ပေးနိုင်၏။ လူဒုဿီလအား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတထောင်၊ သရဏဂုံမရှိသော သာသနာပအခါ သိက္ခာပုဒ်ကို ဆောက်တည်ခြင်းမရှိပဲ ပကတိ စိတ်ကောင်းရှိသူ လူသီလ၀န္တတို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတသိန်း၊ ဈာန်ရ ရသေ့တို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝကုဋေတသိန်း၊ သရဏဂုံသီလရှိသော လူ သာမဏေမှအစ သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ၊ ဤမှအထက် မြတ်စွာဘုရားတိုင်အောင် အသင်္ချေချည်း ဆင့်ကာဆင့်ကာ ကောင်းကျိုးငါးပါး ပေးနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။ (အောက်ဆုံးအားဖြင့် သရဏဂုံတည်သော သူပင်လျှင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံသော ပုဂ္ဂိုလ်မည်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားသည်။)

     ဤအလှူခံ တကျိပ်လေး၌ ရဟန်းဒုဿီလကို ဟောကြားချက် မရှိသောကြောင့် ရဟန်းဒုဿီလအား မလှူကောင်း၊ ဒုဿီလဒါနအရ သာသနာပအတွက်သာ မြတ်စွာဘုရား ဟောကြားတော်မူသောကြောင့် သာသနာတော်အတွင်း သီလမစင်ကြယ်သော ရဟန်းများအား လှူဒါန်းခြင်းသည် အပြစ်သာဖြစ်သည်ဟူ၍ ပြောဆိုမိတတ်ကြ၏။ သတိပြုဖွယ်ကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်က အောက်ဆုံး အပိုင်းအခြားအားဖြင့် သရဏဂုံတည်သူ ဖြစ်ပေသည်၊ သရဏဂုံတည်သူဖြစ်က သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူ ဖြစ်သည်ဟု အဋ္ဌကထာ၌ ဖွင့်ပြလျက် ရှိသည်။ သာသနာတော်ပ ဒုဿီလပုထုဇန်ကိုပင် လှူဒါန်း၍ အကျိုးများစွာ ရရှိနိုင်ပါလျှင် သာသနာတော်အတွင်း ဒုဿီလပုထုဇန်ပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးရဘို့ရန်မှာ ယုံမှားဖွယ်ပင် မရှိသင့်ပေ။ မိလိန္ဒပဉှာ ပါဠိတော်၌လည်း လူဒုဿီလထက် ရဟန်း ဒုဿီလက ဘုရား၌ ရိုသေမှု ရှိခြင်း၊ တရား၌ ရိုသေမှုရှိခြင်း၊ သံဃာ၌ ရိုသေမှုရှိခြင်းစသော ဂုဏ်ကျေးဇူး ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို အရှင်နာဂသေနမထေရ် ဟောကြားချက် ရှိပေသည်။ ရဟန်းဒုဿီလမှာ ထိုမိလိန္ဒပဉှာ ပါဠိတော်လာအတိုင်း လူဒုသီလထက်



(စျေ)

သာလွန်ခြင်း သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူစာရင်း၌ ပါဝင်နေခြင်းကြောင့် ဒုဿီလရဟန်းအား လှူဒါန်းခြင်းသည် အကျိုးမရ အပြစ်သာဖြစ်သည်ဟု မပြောဆိုသင့်ပါပေ။

     သာသနာတော်ပအခါ ဒုဿီလများက သာသနာတော်ကို အနှောက်အရှက် မပေးနိုင်ကြ၊ သာသနာတော်တွင်း ဒုဿီလတို့ကမူ သာသနာတော်ကို အနှောက်အရှက် ပေးနိုင်သည် ဖြစ်သောကြောင့် သာသနာတွင်း ဒုဿီလတို့အား မလှူဒါန်းသင့်ဟူ၍ ပြောဆိုတတ်ကြသေး၏။ ဤကဲ့သို့လည်း မပြောဆိုသင့်ပေ။ အကြောင်းကား သံဃိကဒါန (၇)မျိုးဟောရာ အဆုံးသတ်တွင်-

“အာနန္ဒာ... နောက်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍ သင်္ကန်း လည်ပင်းရောက်သော သီလမဲ့ ယုတ်မာသော ရဟန်းတို့သည် ဖြစ်ပေါ်ကြကုန်လတ္တံ့၊ ထိုဒုဿီလတို့၌ သံဃာကို ရည်မှန်း၍ လှူဒါန်းကြကုန်လတ္တံ့၊ ထိုအခါ၌သော်လည်း သံဃိကအလှူကို အသင်္ချေယျ အပ္ပမေယျအကျိုး ရ၏ဟု ငါဘုရား ဟောတော်မူ၏”-

ဟူ၍ ဟောကြားတော်မူသည် တချက်။ အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏာ ဝိသုဒ္ဓိလေးပါးတို့တွင် ပဌမအချက်မှာ အလှူခံက ဒုဿီလဖြစ်သော်လည်း ဒါယကာက သီလဝန္တဖြစ်လျှင် ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏ဟု ဟောကြားထားသည် တချက်တို့ကြောင့် “သာသနာတော်အတွင်း ဒုဿီလသည် အလှူခံမဟုတ်၊ လှူသော်လည်း အကျိုးမရ”ဟူ၍ မပြောသင့်ပေ။

     ဒုဿီလပုဂ္ဂိုလ်အား သူ၏အကျင့်အကြံကို မိမိက အလိုတူ အားပေးချီးမြှောက်လိုသော စိတ်စေဘနာဆိုးဖြင့် လှူမှသာ အပြစ်ရှိသည်။ သူ၏ အကျင့်အကြံကို ပမာဏမပြုပဲ စင်ကြယ်သော စိတ်ဖြင့်သာ အလှူခံ ပုဂ္ဂိုလ် ရောက်ဆိုက်လာလျှင် လှူဒါန်းထိုက်သည်ဟု သဘောထား၍ လှူဒါန်းမူကား အပြစ်မရှိကြောင်း ကောင်းစွာ သတိပြုရာ၏။

သံဃိကအလှူ ခုနစ်ပါး

(၁) မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ ဘိက္ခုနီသံဃာတို့အား လှူဒါန်းခြင်း၊

(၂) ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဘိက္ခုသံဃာ ဘိက္ခုနီသံဃာအစုံတို့အား လှူဒါန်းခြင်း၊



(ဈဲ)

(၃) ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊

(၄) ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း၊

(၅) နှစ်ဖက်သော သံဃာအလုံးစုံအား မလှူဒါန်းနိုင်သည့်အတွက် မိမိတတ်နိုင်သလောက်“ဘိက္ခုနှင့် ဘိက္ခုနီသံဃာ နှစ်ဖက်မှ ဦးရေမည်ရွေ့မည်မျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာကို စိတ်အာရုံထား၍) လှူဒါန်းခြင်း၊

(၆) ဘိက္ခုသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ ဤမျှ ညွှန်ကြား တော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်အား (သံဃာ စိတ်ထားဖြင့်) လှူဒါန်းခြင်း၊

(၇) ဘိက္ခုနီသံဃာ တဖက်၌သာ မိမိတတ်နိုင်သမျှ “ဤရွေ့ဤမျှ ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား၍ သံဃာက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်စုအား (သံဃာစိတ်ထားဖြင့်) လှူဒါန်းခြင်း-

ဟူ၍ (၇)ပါး ဟောတော်မူလေသည်။

     ဤသံဃိကဒါန ခုနစ်မျိုးတို့တွင် (၁)အမှတ်ပါ “ဘုရားအမှူးရှိသည့် နှစ်ဖက်သော သံဃာအား လှူဒါန်းသည့် ပဌမသံဃိကဒါနမျိုး ဘုရားပရိနိဗ္ဗာန် စံပြီးသည့်နောက် လှူဒါန်းနိုင်ပါသလောဟု မေးရန်ရှိ၏။

     လှူဒါန်းနိုင်ပါ၏ဟူ၍ ဖြေ။ လှူဒါန်းနိုင်ပုံမှာ.. နှစ်ဖက်သော သံဃာ၏ ရှေ့မှောက်မှာ ဓာတ်တော်နှင့်တကွသော ဆင်းတုရုပ်ပွါးကို ထားပြီးလျှင်“ဘုရားအမှူးရှိသော နှစ်ဖက်သော သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ လှူရာ၏။

     ထိုသို့ လှူဒါန်းရာ၌ မြတ်စွာဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို အဘယ်သို့ ပြုမည်နည်းဟု မေးရန်ရှိပြန်၏။ ဘုရားအား လှူဒါန်းအပ်သော လှူဘွယ်ဝတ္ထုကို ဖခင်၏ဥစ္စာသည် သားအားသာ ရောက်မြဲဖြစ်ရကား မြတ်စွာဘုရားအား ဝတ်ပြုသော ရဟန်းအားဖြစ်စေ ရဟန်းသံဃာအားဖြစ်စေ လှူဒါန်းရာ၏။ အထူးအားဖြင့် ဘုရားအား လှူအပ်သည့် အလှူဝတ္ထုထည်းမှ ဆီ ထောပတ် ပါရှိလျှင် ထိုဆီထောပတ်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးတင်လှူရာ၏၊ အဝတ်အထည် ပါရှိခဲ့သော် တမ်းခွန်ပြု၍ လှူဒါန်းရာ၏။



(စျော)

     မြတ်စွာဘုရား လက်ထက်တော်အခါက လူအပေါင်းတို့သည် များသောအားဖြင့် ပုဂ္ဂိုလ်ကို မစွဲလမ်း မငဲ့ကွက်ပဲ သံဃာတော်ကိုသာ အာရုံထားကြသည့်အတွက် ဒါနပြုရာမှာ မြတ်သော သံဃိကဒါနကို များစွာ ပြုနိုင်ကြပေသည်။ ထိုသို့ သံဃိကဒါန အပြုများကြသည့်အတွက် ရဟန်းတော်များဘက်မှာလည်း သံဃာမှ ဝေဘန်၍ ရအပ်သော ပစ္စည်းလေးပါးကိုသာ အသုံးအစွဲ များကြသဖြင့် ဤသူကား ငါ၏ ကျောင်းဒါယကာ ဒါယိကာမ ဖြစ်သည်၊ သင်္ကန်းဒါယကာ ဒါယိကာမဖြစ်သည် အစရှိသည်ဖြင့် ဒါယကာ ဒါယိကာမတို့ အပေါ်မှာ သံယောဇဉ် အဖြစ်နည်း၍ ထိုသံယောဇဉ် အနှောင်အဖွဲ့မှ လွတ်မြောက်တော်မူကြရပေသည်။

     သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည် စင်ကြယ်သော သံဃိကဒါနဖြစ်ရန် (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူကြွယ်၏ ကျင့်နည်းကို များစွာ အတုယူထိုက်လှပေ၏။

ဥဂ္ဂသူကြွယ်အကြောင်း အကျဉ်း

     အခါတပါး၌ မြတ်စွာဘုရားသခင်သည် ဝဇ္ဇီတိုင်းအဝင်အပါ ဆင်ရွာ၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းတော်များကို “ချစ်သားရဟန်းတို့.. ဆင်ရွာ၌နေသော ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ရှစ်ပါးနှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြရမည်”ဟု အကျဉ်းချုပ် မိန့်ကြား၍ အကျယ်မဟောပဲ ကျောင်းတော်တွင်းသို့ ဝင်ကြွတော်မူလေသည်။

     ထို့နောက် ရဟန်းတော်တပါးသည် နံနက်အခါ ဥဂ္ဂသူကြွယ်အိမ်သို့ သွား၍“သူကြွယ်... သင့်ကို မြတ်စွာဘုရားက အံ့ဩဖွယ်ရာ တရားရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ ဟောကြားအပ်ပြီ၊ သူကြွယ်... အကြင် အံ့ဖွယ်တရား ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ သင့်ကို မြတ်ဘုရား ဟောကြားအပ်ပြီ၊ ထိုအံ့ဖွယ်တရား ရှစ်ပါးတို့ကား အဘယ်တရားတို့နည်း”ဟု မေးမြန်းသည်တွင်၊ ဥဂ္ဂသူကြွယ်က “အဘယ်မည်သော အံ့ဖွယ်ရှစ်ပါး တရားတို့နှင့် ပြည့်စုံသူဟု တပည့်တော်အား မြတ်စွာဘုရား ဟောတော်မူသည်ကို အတိအကျ မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော အံ့ဖွယ်တရား ရှစ်ပါးတို့ကို နာကြား နှလုံးသွင်းတော်မူပါ”ဟု လျှောက်ထားပြီးလျှင် ဤဆိုလတ္တံ့သောအတိုင်း အံ့ဖွယ်တရား ရှစ်ပါးတို့ကို အကျယ် လျှောက်ဆိုလေသည်။



(စျော်)

     (၁) တပည့်တော်သည် ကံ့ကော်တော ဥယျာဉ်ထဲမှာ မူးယစ်သောက်စား ပျော်ပါးနေစဉ် မြတ်စွာဘုရား ကြွလာသည်ကို ပဌမအကြိမ် အဝေးကပင် မြင်လျှင်မြင်ခြင်း အရက်မူးပြေပျောက်၍ ကြည်ညိုခြင်း သဒ္ဓါတရား ကောင်းစွာ ဖြစ်ပွါးခဲ့ပါသည်။ ဤကား ပဌမ အံ့ဖွယ်ဖြစ်ပါသည်။

     (၂) ထို ပဌမ ဖူးတွေ့ရသော အခါမှာပင် မြတ်စွာဘုရားထံ ဆည်းကပ်၍ တရားနာသောအခါ သောတာပန်ဖြစ်၍ ဗြဟ္မစရိယ ပဉ္စမသီလကို ဆောက်တည် ကျင့်သုံးပါသည်။ ဤကား ဒုတိယအံ့ဖွယ် ဖြစ်ပါသည်။

(ဗြဟ္မစရိယ ပဉ္စမသီလဟူသည် လူတို့ဆောက်တည်နေကျဖြစ်သော ငါးပါးသီလတွင် ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆောက်တည်ရသော သိက္ခာပုဒ်အစား အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆောက်တည်လျှင် ဗြဟ္မစရိယပဉ္စမသီလ ဖြစ်တော့သည်။ ရိုးရိုး ငါးပါးသီလ၌ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အတွက် ကိုယ်မပိုင်သော ကာမဂုဏ်မှုမှ ရှောင်ကြဉ်ရသည်။ ဗြဟ္မစရိယ ပဉ္စမသီလ၌ကား မိမိပိုင်သော ကာမမှု မပိုင်သော ကာမမှု နှစ်မျိုးလုံးမှ ရှောင်ကြဉ်ရသည်၊ မေထုန်မှု လုံးလုံးမပြုရပေ။)

     (၃) တပည့်တော်မှာ မယားလေးယောက်ရှိရာ အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် “ငါသည် ဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည်ထားပြီ၊ သင်တို့သည် ဤအိမ်မှာပင် နေလိုသူသည် အလိုရှိသလို စည်းစိမ်တို့ကို သုံးစွဲ ကုသိုလ်ကောင်းမှုပြု၍ နေနိုင်သည်။ မိဖထံ ပြန်လိုသူလည်း ပြန်နိုင်သည်။ အခြားတပါး ယူလိုသူရှိလျှင်လည်း အဘယ်သူ့အား ပေးရမည်ကို ပြောကြားနိုင်သည်”ဟု မေးသောအခါ မယားလေးယောက်အနက် အကြီးဆုံးမယားက “အကျွန်ုပ်ကို ဤမည်သောသူအား ပေးပါ”ဟု ပြောသည်တွင် ထိုယောက်ျားကိုခေါ်စေ၍ လက်ဝဲလက်ဖြင့် မယားကြီးကို ဆွဲကိုင်ခါ လက်ျာလက်ဖြင့် ရေကရားကိုကိုင်၍ ထိုယောကျ်ားအား စွန့်လှူ ပေးကမ်းလိုက်ပါသည်။ ထိုကဲ့သို့ စွန့်လှူ ပေးကမ်းလိုက်ရသည့်အတွက် အနည်းငယ်မျှ စိတ်ဖောက်ပြားခြင်းမရှိပါ။ ဤကား တတိယအံ့ဖွယ် ဖြစ်ပါသည်။

     (၄) တပည့်တော်၏အိမ်မှာ ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသော အကျင့်ရှိသော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲမခြမ်း အတူသုံးဆောင်ရန် ရည်သန်ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ ဤကား စတုတ္ထအံ့ဖွယ် ဖြစ်ပါသည်။



(ဈံ)

     (၅) တပည့်တော်သည် ရဟန်းတော်တပါးပါးထံ ချဉ်းကပ်လျှင် ရိုသေစွာသာ ချဉ်းကပ်ပါသည်။ မရိုမသေ မချဉ်းကပ်ပါ။ ထိုအရှင်မြတ်က တရားဟောလျှင်လည်း ရိုသေစွာသာ တရားနာပါသည်။ မရိုမသေ တရားမနာပါ။ ထိုအရှင်မြတ်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်ကပင် ထိုအရှင်မြတ်အား တရားဟောပါသည်။ ဤကား ပဉ္စမအံ့ဖွယ် ဖြစ်ပါသည်။

     (၆) တပည့်တော်အိမ်သို့ လှူဒါန်းရန် သံဃာတော်ကို ပင့်ဖိတ်လိုက်လျှင် နတ်များက ကြိုတင်လာရောက်၍ “သူကြွယ်.. ဤမည်သော ပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများ ဖြစ်ကြ၏။ ဤမည်သော ပုဂ္ဂိုလ်တို့ကား ပုထုဇန် သီလဝန္တကြီးများ ဖြစ်ကြ၏၊ ဤမည်သော ပုဂ္ဂိုလ်ကား ဒုဿီလ ဖြစ်၏”ဟု အလျင်လက်ဦး ပြောကြားလာကြသည်။ ထိုသို့ နတ်များ ကြိုတင်ပြောကြားလာခြင်းမှာ တပည့်တော်အဖို့ အံ့ဖွယ်မဟုတ်ပါ။ အံ့ဖွယ်ကောင်းသော အကြောင်းမှာကား တပည့်တော်သည် သံဃာအား လှူဒါန်းသောအခါ သံဃာကို ဆွမ်းပြုသောအခါ “ဤပုဂ္ဂိုလ်အား အရိယာ သီလဝန္တ ဖြစ်သည့်အတွက် များများလှူမည်။ ဤပုဂ္ဂိုလ်အား ဒုဿီလဖြစ်သည့်အတွက် နည်းနည်းလှူမည်”ဟူ၍ စိတ်ဖြစ်ခြင်း အလျဉ်းမရှိပါ။ စင်စစ်မှာ အရိယာ သီလဝန္တ ဒုဿီလဟူ၍ မခြားနားပဲ တူမျှသော စိတ်ရှိ၍သာ တပည့်တော် လှူဒါန်းပါသည်။ ဤကား ဆဋ္ဌအံ့ဖွယ် ဖြစ်ပါသည်။

     (၇) အရှင်ဘုရား... တပည့်တော်ကို နတ်များလာရောက်၍ “သူကြွယ်... မြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောအပ်သော တရားဖြစ်သည်၊ သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားဖြစ်သည်”ဟု ပြောကြားကြပါသည်။ ယင်းကဲ့သို့ နတ်များလာရောက် ပြောကြားခြင်းမှာ တပည့်တော်အဖို့ အံ့ဖွယ်မဟုတ်ပါ၊ အံ့ဖွယ်ကောင်းသော အကြောင်းမှာကား ထိုကဲ့သို့ နတ်တို့ကလာ၍ ပြောကြားလျှင် “အသင်နတ်မင်းတို့က ဤသို့ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ၊ စင်စစ်ကား မြတ်စွာဘုရားဟောအပ်သော တရားသည် သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားသာ ဖြစ်၏”ဟု တပည့်တော်က ပြောကြားလိုက်ပါသည်။ (နတ်ပြောမှ ယုံကြည်ခြင်း မဟုတ်၊ ကိုယ်တိုင်သိ၍ ယုံကြည်ခြင်းဖြစ်သည် ဟူလို။) ဤကဲ့သို့ နတ်တို့နှင့် အတုံ့အပြန် စကားပြောရခြင်းအတွက် ငါ့ကို နတ်တို့ ဆည်းကပ်လာပေသည်၊ ငါကား နတ်တို့နှင့် စကားပြောရသူ ဖြစ်သည်ဟူ၍ စိတ်တက်ကြွခြင်း (မာန်မာန) အလျဉ်းမရှိပါ။ ဤကား သတ္တမအံ့ဖွယ် ဖြစ်ပါသည်။



(ဈား)

     (၈) အကယ်၍များ မြတ်စွာဘုရား၏ အလျင်လက်ဦး တပည့်တော် သေသွား၍ မြတ်စွာဘုရားက “ဥဂ္ဂသူကြွယ်မှာ ဤကာမဘုံသို့ တဖန် ပဋိသန္ဓေ အနေလာရန် ဩရမ္ဘာဂိယသံယောဇန်ငါးပါး အလျဉ်းမရှိ၊ အနာဂံဖြစ်သည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပါလျှင် အထူးတဆန်း အံ့ဖွယ်မဟုတ်ပါ။ ဗျာဒိတ်စကား မကြားမီ ယခုကပင် တပည့်တော်သည် အနာဂံပုဂ္ဂိုလ် ဖြစ်နေပါသည်။ ဤအကြောင်းကို ယခုက သိပြီးဖြစ်ပါသည်။ ဤကား အဋ္ဌမအံ့ဖွယ် ဖြစ်ပါသည်ဟု လျှောက်ထားလေသည်။

     ဤဥဂ္ဂသူကြွယ် လျှောက်ထားအပ်သည့် အံ့ဖွယ်ရှစ်ပါးတို့အနက် (၆)အမှတ်ပြ ဆဋ္ဌအံ့ဖွယ်တရား၌ ဥဂ္ဂသူကြွယ်သည် အရိယာ သီလဝန္တ ဒုဿီလ သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်ဟု လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို သိရှိရန် လိုအပ်ပေသည်။ တူနိုင်ခြင်း၏ အကြောင်းရင်း နှလုံးသွင်းမှာ..

     ပင့်ဖိတ်ရင်းအခါက သံဃာတော်ကို ပင့်ဖိတ်သည့်အတိုင်း ရဟန္တာကြီးများအား လှူဒါန်းသည့်အခါမှာလည်း ရဟန္တာကြီးများ၏ မျက်နှာကို မကြည့်၊ ရဟန္တာ (ပုဂ္ဂိုလ်)ကြီးများအား ငါလှူရသည်ဟု အမှတ်မထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာအားသာ ငါလှူသည်ဟူ၍ သဘောထားပြီးလျှင်၊ ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလပုဂ္ဂိုလ်၏ မျက်နှာကို မကြည့် ငါသည် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းရသည်ဟု သဘောမထား၊ ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းသည်ဟူ၍ သဘောထားသဖြင့် စိတ်သဘောထားချင်း တထပ်တည်း တူညီနိုင်ပေသည်။

     ဤဥဂ္ဂသူကြွယ်၏ထုံးကို နှလုံးထားကာ မြင့်မြတ်သော သံဃိကဒါနဖြစ်ရန်အတွက် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊ ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့ စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်သင့်လှပေသည်။ မှန်၏.. သင်္ကန်းလည်ရောက် အမည်ခံလောက်သာဖြစ်သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း သံဃာကို အာရုံပြု၍ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ အပ္ပမေယျ အကျိုးရင်း ဒက္ခိဏာဝိဘင်္ဂသုတ်၌ မြတ်စွာဘုရား တိုက်ရိုက် ဟောထားပေသည်။ သံဃာ၌ အရိုအသေပြုခြင်းငှါ စွမ်းနိုင်လျှင် သံဃိကဒါန မြောက်တော့သည်။ ထိုသို့ သံဃာ၌ အရိုအသေပြုရန် ကား လွယ်ကူသောအရာ မဟုတ်ပေ။ မလွယ်ကူပုံမှာ..



(ည)

     အကြင်သူသည် “သံဃိကအလှူကို လှူအံ့”ဟု ကြံ၍ လှူရန်ဝတ္ထုများကို စီမံပြီးလျှင် ကျောင်းတိုက်သို့ သွားရောက်ပြီးခါ “အရှင်တို့… သံဃိကအလှူ လှူလိုပါသည်၊ သံဃာတော်မှ တပါးကို ညွှန်ကြားတော်မူပါ”ဟု လျှောက်ထား တောင်းပန်သဖြင့် သံဃာမှ အလှည့်ကျသဖြင့် သာမဏေကို ညွှန်ကြား၍ ရခဲ့လျှင် နှလုံးမသာမယာ ရှိတတ်၏၊ မထေရ်ကြီးကို ရလျှင်လည်း “ငါသည် မထေရ်ကြီးကို ရအပ်လေပြီ”ဟု အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ပုဂ္ဂိုလ်စွဲဖြင့် ဖြစ်တတ်၏။ ထိုသူတို့၏ ပုဂ္ဂိုလ်မျက်နှာကို ကြည့်၍ လှူအပ်သော အလှူများသည် သံဃိက မမြောက်နိုင်ပေ။

     သာမဏေကို ဖြစ်စေ၊ ရဟန်းကို ဖြစ်စေ၊ ရဟန်းငယ်ကို ဖြစ်စေ၊ မထေရ်ကြီးကို ဖြစ်စေ၊ ပညာမရှိသော ရဟန်းကိုဖြစ်စေ၊ ပညာရှိသော ရဟန်းကိုဖြစ်စေ၊ တဦးဦးကို သံဃာက သံဃာ့ကိုယ်စား အလှည့်ကျသဖြင့် ညွှန်ကြား၍ ရလာလျှင် ထွေရာစဉ်းစား ယုံမှားခြင်းမရှိပဲ “သံဃာတော်အား ငါသည် လှူ၏”ဟု နှလုံးသွင်း၍ သံဃာ၌ ရိုသေခြင်းကို ပြုနိုင်သောသူ၏ အလှူမှသာလျှင် သိဃိကဒါနမြောက်သည်။

ကျောင်းဒါယကာတဦး၏ ဝတ္ထု

     သမုဒြာတဖက်ကမ်း (ဇမ္ဗူဒိပ်ကျွန်း)၌ တဦးသော ကျောင်းဒါယကာ သူကြွယ်သည် သံဃိကအလှူ လှူအံ့ဟု အစစအရာရာ စီမံပြီးလျှင် သံဃာထံသို့ သွားရောက်၍ “သံဃာတော်မှ ညွှန်ကြား၍ ရဟန်းတပါးကို ပေးတော်မူပါ”ဟု တောင်းလေသည်။ ထိုသူကြွယ်သည် သံဃာတော်မှ ဆွမ်းအလှည့်ကျသော ဒုဿီလရဟန်းတပါးကို ရခဲ့၍ (ဒုဿီလမှန်း သိလျက်) နေရာထိုင်ခင်း သန့်ပြန့်စွာ ခင်းကျင်းသုဓ်သင် အထက်က မျက်နှာကြက်ဗိတာန်ကိုကြက်၍ နံ့သာပန်းမာလ် အခိုးအထုံတို့ဖြင့် ပူဇော်ပြီးလျှင် ထိုဒုဿီလရဟန်း၏ ခြေတို့ကို တရိုတသေ ဆေးကြောသုဓ်သင် ဆီလိမ်းပေးခြင်း စသည်ဖြင့် မြတ်စွာဘုရားအား အရိုအသေပြုသကဲ့သို့ပင် သံဃာ၌ အရိုအသေပြုခြင်းဖြင့် လှူဘွယ်ဝတ္ထုကို လှူခဲ့လေသည်။

     မွန်းလွဲသောအခါ ထိုဒုဿီလရဟန်း အိမ်သို့လာ၍ “ကျောင်းပြင်လို၍ ပေါက်တူး ခဏပေးပါ”ဟု ပြောဆို၍ အိမ်တံခါးဝ၌ ရပ်လာသည်တွင် ကျောင်းဒါယကာက ပကတိနေမြဲတိုင်းကပင် မထပဲ ပေါက်တူးကို ခြေဖြင့်ကော်ခတ်၍ ပေးလိုက်လေသည်။ အိမ်နေလူများက“အရှင်တို့သည် နံနက်က ထိုရဟန်းအားပြုအပ်သော ပူဇော်သက္ကာရမှုကား ပြော၍မကုန်နိုင်အောင် ရှိပေသည်။ ယခုသော်ကား နံနက်က



(ညာ)

ပူဇော်ရိုသေမှု၏ တစိတ်တဒေသမျှ ပြောပဖွယ်ရာ မရှိပါတကား၊ ဤကဲ့သို့ နံနက်ကတမျိုး ယခုတမျိုး ပြုပုံသည် ဘယ်လိုဟာမျိုးပါနည်း”ဟု မေးမြန်းကြသည်တွင် ကျောင်းဒါယကာက “အမောင်တို့.. ထိုနံနက်ကပြုသော ရိုသေမှုကား သံဃာအားပြုသော ရိုသေမှုသာ ဖြစ်သည်။ ဤဒုဿီလရဟန်းအားပြုသော ရိုသေမှုမဟုတ်”ဟူ၍ ဖြေကြားလေသည်။

     ဤ ပုဂ္ဂလိကဒါန, သံဃိကဒါန နှစ်ပါးနှင့်စပ်၍ သတိပြုဖွယ်ကောင်းသော အချက်တို့ကို အနည်းငယ် ပြဆိုဦးအံ့..၊

“မိမိရှေ့မှောက် အလှူခံပုဂ္ဂိုလ် ရောက်လာလျှင် အကျင့်မကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း မိမိသိပြီး ဖြစ်ခဲ့သော် ထိုပုဂ္ဂိုလ်အား တစုံတရာ မလှူဒါန်းအပ်၊ လှူဒါန်းခဲ့လျှင် မကောင်းမှန်းသိလျက်နှင့် လှူဒါန်းခြင်းဖြစ်သောကြောင့် အဆိပ်ပင် ရေလောင်းသကဲ့သို့ မကောင်းမှုသာ ဖြစ်သည်”ဟု ပြောဆိုတတ်ကြသည်။

     မကောင်းမှန်း သိလျက်နှင့် လှူတိုင်းလည်း အပြစ်ဖြစ်သည်ဟု မဆိုသင့်ပေ။ လှူဒါန်းသူ၏ စေတနာကို လိုက်ရပေမည်။ လှူသောသူက ထိုအလှူခံ၏ မကောင်းသောအကျင့်ကို သဘောတူညီကာ ဤသို့ ဆက်လက်၍ ကျင့်မြဲကျင့်နိုင်စေရန် ထောက်ပံ့ လှူဒါန်းမည်ဟူသော သဘောမျိုးဖြင့် လှူဒါန်းမှသာ အဆိပ်ပင်ရေလောင်းသဘောမျိုး ဖြစ်နိုင်ပေသည်။ ထိုအလှူခံ၏ အကျင့်ကိုလည်း မကြိုက်၊ ဆက်လက် ကျင့်ကြံနေရန် အားပေးလိုစိတ်လည်း မရှိပဲ ရှေးဆိုခဲ့ပြီးသော ကျောင်းဒါယကာကဲ့သို့ သံဃိကဒါနမြောက်အောင် လှူဒါန်းပါမူကား အပြစ်မရှိပေ။

တချို့ကလည်း “အလှူခံ၏ အကျင့်ကောင်းခြင်း မကောင်းခြင်းမှာ သူနှင့်သာ သက်ဆိုင်သည်။ ကိုယ်နှင့်မသက်ဆိုင်။ သို့ဖြစ်၍ သူ၏အကျင့် ကောင်းခြင်း မကောင်းခြင်းကို ဂရုမထားပဲ ဤပုဂ္ဂိုလ်သည် အရိယာပုဂ္ဂိုလ်ဖြစ်သည် (သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်ဖြစ်သည်)ဟု စိတ်ကအောက်မေ့၍ လှူဒါန်းရာ၏၊ ဤသို့ လှူဒါန်းခြင်းမှာ အပြစ်မရှိ၊ အရိယာ ရဟန္တာများအား လှူဒါန်းသကဲ့သို့ပင် အကျိုး ရှိသည်”ဟု ပြောဆိုတတ်ကြ၏။

     ဤပြောဆိုချက်၌လည်း အရိယာဟုတ်မဟုတ် ရဟန္တာဟုတ်မဟုတ် မသိကြသော တိတ္ထိတို့၏ တပည့်များ မိမိတို့၏ တိတ္ထိဆရာကြီးများကို ရဟန္တာတွေ အရိယာတွေဟု အောက်မေ့ မှတ်ထင်မှုသည်ပင်



(ညိ)

မိစ္ဆာဓိမောက္ခ = အလွဲလွဲ အမှားမှား ဆုံးဖြတ်ခြင်း အကုသိုလ်သဘောသာ ဖြစ်တုံသေး၏၊ အရိယာ ရဟန္တာ မဟုတ်မှန်းသိလျက် အရိယာတွေ ရဟန္တာတွေဟု စိတ်ကအောက်မေ့လျှင် အဘယ်မှာလျှင် မိစ္ဆာဓိမောက္ခ အကုသိုလ်သဘော မဖြစ်ပဲရှိအံ့နည်း၊ ထို့ကြောင့် ထိုသို့လည်း အောက်မေ့ခြင်းငှါ မသင့်လျော်ပေ။ စင်စစ်သော်ကား ဤအလှူခံမျိုးကို တွေ့ခဲ့လျှင် “ဘုရားအလောင်းတော်ကြီးများ ဒါနပါရမီ ဖြည့်ရာမှာ အယုတ် အလတ် အမြတ်မရွေး လှူဒါန်းတော်မူကြသည်၊ ငါသည်လည်း အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်ပဲ ရောက်လာသော အလှူခံအားပင် ဘုရားအလောင်းတော်ကြီးများနည်းတူ လှူဒါန်းမည်”ဟု ရည်ရွယ်စိတ် ထား၍သာ လှူဒါန်းရာ၏။ ဤသို့ လှူဒါန်းခြင်းဖြင့် သူ၏မကောင်းသော အကျင့်ကိုလည်း အားပေးရာ မရောက်၊ မဟုတ်မမှန် ကြံစည်ဆုံးဖြတ်ခြင်း မိစ္ဆာဓိမောက္ခလည်း မဖြစ်၊ အပြစ် ကင်းလွတ်နိုင်သည်ကို သတိပြုရာ၏။

     ဤသို့ လှူဒါန်းခြင်းနှင့်စပ်၍ အရှုပ်အထွေး အခက်အခဲ တွေ့တတ်သည်မှာလည်း ပုဂ္ဂလိကဒါန၌သာ ဖြစ်သည်။ အကြောင်းကား ပုဂ္ဂိုလ်ဟူသည် ကောင်း မကောင်း အမျိုးမျိုး ရှိသောကြောင့်တည်း။ သံဃိကဒါန အရာမှာကား... သံဃာတော်သည် တမျိုးတစားတည်းသာ ဖြစ်၏။ ကောင်းမကောင်း နှစ်ထွေမပြား၊ (မြတ်စွာဘုရား၏ တပည့်သား အရိယာအပေါင်းကို ဆိုလိုသည်။) ဘုရားတပည့်သား အရိယာအပေါင်းမှာ အယုတ် အမြတ်ဟူ၍ မရှိပြီ၊ မြတ်သော သံဃာချည်းသာ ဖြစ်သည်၊ ထို့ကြောင့် ပြဆိုခဲ့ပြီးသောအတိုင်း မိမိထံမှောက် အလှူခံရောက်လာလျှင် ထိုအလှူခံ၏ မျက်နှာကို မကြည့် (ကိုယ်ကျင့်တရားကို မစဉ်းစား)ပဲ ငါသည် ဘုရားတပည့်သား အရိယာအပေါင်းအား လှူပါ၏ဟူ၍သာ စိတ်က သံဃာကိုအာရုံပြု၍ ထိုပုဂ္ဂိုလ်ထံ လှူဒါန်းလိုက်ပါက ထိုအလှူသည် သံဃိကဒါနဖြစ်၍ ထိုအလှူမှာ သံဃာသာလျှင် အလှူခံဖြစ်သည်။ ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာဖြစ်၍ ထိုကိုယ်စားမှာ မည်သို့ပင် ယုတ်ညံ့နေစေကာမူ အရင်းအလှူခံ သံဃာတော်က မြင့်မြတ်နေသောကြောင့် မြတ်သောဒါနသာ ဖြစ်သည်ဟု မှတ်ယူရာ၏။

     ဤအရာ၌၊ ၊မိမိရှေ့မှောက် ရောက်နေသော အလှူခံမှာ သံဃာ့ကိုယ်စားမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည် ဆိုသော်လည်း ဒုဿီလပုဂ္ဂိုလ်ကိုယ်တိုင်က မိမိရှေ့မှောက် ရောက်နေပြီဖြစ်၍



(ညီ)

မိမိစိတ်ကို ဤပုဂ္ဂိုလ်တွင်သာ မထားပဲ သံဃာတော်မြတ်ထံ ပေါက်ရောက်အောင် နှလုံးသွင်းကာ ရှေ့မှောက်ရှိ ဒုဿီလပုဂ္ဂိုလ်ကို သံဃာ့ကိုယ်စား စိတ်မှတ်ထားရန် ခဲယဉ်းလှသည်ဟူ၍ ယူဆပြောဆိုတတ်ကြပေသည်။ ထိုသို့ ခဲယဉ်းနေမှုမှာ အလေ့အထ မရှိသောကြောင့်သာ ဖြစ်သည်။ ဆင်းတု ရုပ်ပွါးတော်များကို မြတ်စွာဘုရား၏ ကိုယ်တော်စားထား၍ ရှိခိုးပူဇော်မှုတို့မှာ အလေ့အထ ရနေပြီဖြစ်သောကြောင့် ခဲယဉ်းသည်ဟု မည်သူမျှ မပြောကြားကြ။ ဆင်းတု ရုပ်ပွါးတော်များမှ အစဉ်လျှောက်၍ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားသို့ စိတ်ရောက်ကာ ပူဇော်ကြပေသည်။ ဘုရားလက်ထက်တော်က ဥဂ္ဂသူကြွယ်နှင့် ဇမ္ဗူဒိပ်ကျွန်းသား ဆိုအပ်ပြီးသော ကျောင်းဒါယကာတို့မှာ အလေ့အထ အထုံရနေပြီဖြစ်ကြသဖြင့် ဒုဿီလပုဂ္ဂိုလ်ကိုပင် သံဃာ့ကိုယ်စားထား၍ ပူဇော်နိုင်ကြသကဲ့သို့၊ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့သည်လည်း ထိုသူတို့ကဲ့သို့ နှလုံးသွင်းနိုင်ရန် အလေ့အထ ပြုသင့်လှပေသည်။

ဝိနည်းဒေသနာတော်လာ သံဃိက

     ဝိနည်းဒေသနာတော်၌- (၁) သမ္မုခီဘူတသံဃိက (၂) အာရာမဋ္ဌသံဃိက (၃) စတုဒ္ဒိသာသံဃိက (၄) ဂတဂတသံဃိကဟူ၍ သံဃိက (၄)မျိုး (၄)ပါး ခွဲခြားလာရှိ၏။ ဤဝိနည်းဒေသနာတော်လာ သံဃိက (၄)မျိုးမှာ အလှူဒါယကာတို့အတွက် မဟုတ်၊ ပြခဲ့ပြီးသော သံဃိက (၇)ပါးသာလျှင် ဒါယကာတို့အတွက် ဖြစ်သည်။ ဝိနည်းတော်လာ သံဃိက (၄)ပါးမှာ အလှူခံရဟန်းတို့အတွက်သာ ပစ္စည်းသိမ်းပိုက် ပိုင်ဆိုင်ခွင့်ကို စွဲ၍ ခွဲခြားခြင်းဖြစ်သည်၊ ထိုတွင်-

     (၁) မြို့တွင်း ရွာတွင်း၌ ရဟန်း အနည်းအများ ကြွရောက်ရှိနေရာ သင်္ကန်း လာရောက်လှူဒါန်းသူက (သံဃဿ ဒေမ) အရိယာပုဂ္ဂိုလ် အပေါင်းတည်းဟူသော သံဃာတော်အား လှူပါ၏ဟု ဆို၍ သံဃာ့ဂုဏ်ကို အာရုံပြုကာ လှူဒါန်းသွားခဲ့လျှင်၊ ထိုသင်္ကန်းကို အရိယာသံဃာအားလုံး နှံ့စပ်အောင်လိုက်၍ ဝေဘန်နိုင်မည် မဟုတ်သောကြောင့် (လှူရာဌာနက မြို့တွင်း ရွာတွင်း ဖြစ်သည့်အတွက်) မျက်မှောက်ရှိ သံဃာများသာ ဝေဘန်၍ ယူအပ်၏၊ ဝေဘန်ရာ၌ မျက်မှောက်ရှိ သံဃာစု ဝေဘန်၍ ယူအပ်သောကြောင့် ဤသံဃိကမျိုးကို သမ္မုခီဘူတသံဃိကဟု ခေါ်သည်။ (သမ္မုခီဘူတ = မျက်မှောက်ဖြစ်၍နေသော၊ သံဃိက = သံဃာ၏ဥစ္စာ။)

     (၂) သင်္ကန်းလှူသူ ဒါယကာက ကျောင်းတိုက်တခုခု၏အတွင်းသို့ ဝင်ရောက်ကာ တွေ့ရှိသော ရဟန်း (သို့မဟုတ်) သံဃာထံ၌



(ညု)

“ဤသင်္ကန်းကို သံဃာတော်အား လှူပါ၏”ဟု ဆို၍ လှူသွားသည်ရှိသော် ထိုသင်္ကန်းသည် ကျောင်းတိုက်အတွင်းမှာ ဖြစ်သောကြောင့် အနားမှာရှိနေသော ရဟန်းများသာမက ထိုကျောင်းတိုက်အတွင်း ရှိသမျှ ရဟန်းအားလုံးပင် ပိုင်ဆိုင်တော့သည်။ ထို့ကြောင့် ဤသံဃိကမျိုးကို အာရာမဋ္ဌသံသိကဟု ခေါ်သည်။ (အာရာမဋ္ဌ = အရံအတွင်း၌ တည်ရှိသော၊ သံဃိက = အားလုံး သံဃာ၏ဥစ္စာ) အရံအတွင်းရှိသမျှ သံဃာများ ပိုင်သောဥစ္စာဟု ဆိုလိုသည်။

     (၃) ရဟန်းတပါးတည်းသာ ရှိနေသော ကျောင်းတိုက်အတွင်းသို့ ဒါယကာကလာ၍ သင်္ကန်း အထည်တရာကိုပင် “ဤသင်္ကန်းတို့ကို သံဃာအား လှူပါ၏”ဟု ဆို၍ လှူသွားသည်ဖြစ်အံ့၊ ရဟန်းက ဝိနည်းအရာ၌ လိမ္မာသူဖြစ်လျှင် “ဤမျက်မှောက်မှာ ဤတိုက်တာမှာ ရဟန်းဟူ၍ ငါတပါးတည်းသာ ရှိ၏။ ထို့ကြောင့် ဤသင်္ကန်း အထည်တရာတို့သည် ငါသို့ ရောက်ကုန်၏၊ ထိုသင်္ကန်းတို့ကို ငါသိမ်းပိုက်၏ဟု ဆောက်တည်၍ သိမ်းပိုက်ယူလျှင် ယူနိုင်သည်သာဖြစ်၏၊ (သံဃာက ပစ္စည်းကို သင်တပါးတည်းသာ မပိုင်ထိုက်ဟု လိုက်၍ အပြစ်မဆိုနိုင်။) ဤရဟန်းက ဝိနည်းအရာ မလိမ္မာသည့်အတွက် မည်ကဲ့သို့ ပြုရမည်ကို မသိသဖြင့် “ငါသာ ပိုင်ဆိုင်၏၊ သိမ်းပိုက်၏”ဟု မဆောက်တည် မဆုံးဖြတ်ပဲ ထိုသင်္ကန်းများကို ယူဆောင်ကာ အရပ်တပါးသို့ သွားငြားအံ့၊ အခြားရဟန်းတို့နှင့် တွေ့ရှိသောအခါ ထိုရဟန်းတို့က ထိုသင်္ကန်းများ ရရှိပုံ အကြောင်းအရာကို မေးမြန်းသိရှိသဖြင့် “ငါတို့နှင့်လည်း ဆိုင်သည်”ဟု ပြောဆိုကာ ထိုရဟန်းတို့နှင့် အညီအညွတ် ဝေဘန်လျှင်လည်း ကောင်းသော ဝေဘန်ခြင်းပင် ဖြစ်၏။ မဝေဘန်ပဲ တဆင့်ယူ၍ သွားကြပြန်လျှင်လည်း အခြားရဟန်းများနှင့် တွေ့ရှိသောအခါ ထိုရဟန်းများနှင့်လည်း ဆိုင်ပြန်တော့သည်။ ဤသို့ ရောက်ရာရောက်ရာ အရပ်ဌာနရှိ သံဃာများ ပိုင်ဆိုင်ခွင့်ရှိသော သံဃိကကို ဂတဂတသံဃိကဟု ခေါ်သည်။ (ဂတဂတ = ရောက်ရောက်တိုင်းသော အရပ်၌၊ သံဃိက = သံဃာ့ဥစ္စာ။)

     (၄) ပစ္စည်းက အလေးဂရုပြုရသည့် ဂရုဘဏ်ခေါ်သော ကျောင်းစသော ပစ္စည်းမျိုးဖြစ်ခဲ့လျှင် ထိုပစ္စည်းများကို သံဃာအား လှူခဲ့လျှင် မဝေဘန်ကောင်းတော့ပြီ၊ အရပ်လေးမျက်နှာမှ ရောက်လာသမျှသော ရဟန်းများ ပိုင်ဆိုင်ခွင့်ရှိသဖြင့် ဤသံဃိကမျိုးကို စတုဒ္ဒိသာသံဃိကဟု ခေါ် သည်။



(ညူ)

     ဤသို့ ဝိနည်းဒေသနာတော်မှာ သံဃာများ ပိုင်ဆိုင်ပုံ ခွဲခြမ်းဝေဘန်ရပုံသို့လိုက်၍ ဟောထားသည်ကို (သတိမမူမိပဲ) လူဒါယကာများ လှူဒါန်းရာမှာလည်း အချို့က အသုံးပြုတတ်ကြ၏။

     အသုံးပြုပုံမှာ... ဒါယကာတဦးက မိမိကြည်ညိုသော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ (ထိုပုဂ္ဂိုလ်အတွက် မဟုတ်) ကျောင်းဆောက်လုပ်ပြီး ရေစက်ချမည့်အခါ ပရိတ်ရွတ်သံဃာ (၁၀)ပါးပင့်၏။ ထို(၁၀)ပါးထဲမှာ အကြောင်းပြုရင်း ပုဂ္ဂိုလ်လည်း တပါးအပါအဝင် ဖြစ်နေ၏။ ထိုပုဂ္ဂိုလ်က သံဃိကရေစက်ချလျှင် သံဃိကကျောင်း၌ နေရမှုမှာ အပြစ်တွေ များလှသောကြောင့် ပုဂ္ဂလိက = (ပုဂ္ဂိုလ်ပိုင်)အဖြစ်ဖြင့် အလှူခံလို၏။ ဒါယကာ၏စိတ်မှာကား ပုဂ္ဂလိကထက် သံဃိကက မြတ်သည်ဆိုသောကြောင့် သံဃိက လှူဒါန်းလို၏။ ဤကဲ့သို့ ဆရာနှင့် ဒါယကာ စိတ်ဆန္ဒ မညီမမျှ ဖြစ်နေရာ၌ “ဤကျောင်းကို သမ္မုခီဘူတ သံဃာအား လှူဒါန်းပါ၏”ဟု ဆို၍ ရေစက်ချစေပြီးလျှင် အလှူခံ (၁ဝ)ပါးအနက် အခြား (၉)ပါးတို့က “မိမိတို့ပိုင်ဆိုင်သမျှကို ငါ့ရှင်အား လှူပါ၏”ဟု လွှဲပြောင်းပေးကာ ပြန်သွားကြ၏။

     ဤသို့ ပြုလုပ်လျှင် ဒါယကာမှာလည်း သံဃိကမြောက်သည်။ ကျောင်းနေပုဂ္ဂိုလ်မှာလည်း နဂိုရ်က ဆယ်ပါးပိုင်ရာမှာ ကိုးပါးတို့က သူတို့ပိုင်ဆိုင်သမျှ လွှဲအပ်သွားသောကြောင့် သူတပါးတည်းပိုင် ပုဂ္ဂလိကအနေသို့ ရောက်ပြန်၏။ ဤသို့ဖြင့် ဒါယကာမှာလည်း သံဃိက ဆရာမှာလည်း ပုဂ္ဂလိကဖြစ်၍ နှစ်ဖက်အကျိုးရှိသည်ဟု မှတ်ယူ ပြုလုပ်တတ်ကြ၏။

     အမှန်မှာ... ပြခဲ့ပြီးသောအတိုင်း သံဃိကကျောင်းဖြစ်လျှင် ဂရုဘဏ်ဖြစ်သောကြောင့် အချင်းချင်း မပေးမစွန့်ကောင်း၊ မဝေဘန်ကောင်း၊ ဒါယကာမှာလည်း မျက်မှောက်ရှိ ပင့်သံဃာ (၁၀)ပါးကိုသာ အာရုံပြု၍ လှူရသောကြောင့် သံဃိကဒါန အောင်မြောက်စွာ ဖြစ်နိုင်မည်မဟုတ်ပေ။

     တနည်းကား.. ကာလဒါန, အကာလဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ ကထိန်လျာသင်္ကန်းကို လှူခြင်း၊ ဝါဆိုသင်္ကန်းကို လှူခြင်း၊ ဂိလာနဘတ်ခေါ် မကျန်းမာသော ရဟန်းတို့အား ဆွမ်းလှူခြင်း၊ အာဂန္တုကဘတ်ခေါ် ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူခြင်း၊ ဂမိကဘတ်ခေါ် ခရီးထွက်မည့် ပုဂ္ဂိုလ်တို့အား ဆွမ်းလှူခြင်း စသည်တို့သည် အချိန်အခါနှင့် တိုက်ဆိုင်အောင် စီမံလှူဒါန်းအပ်သည်ဖြစ်၍ ကာလဒါနမည်၏။ ဤသို့ အချိန်အခါကို ရွေးချယ်ခြင်းမရှိပဲ လှူလိုသည့်အခါ လှူလိုက်နိုင်သော ဒါနမျိုးသည် အကာလဒါန မည်၏။



(ညေ)

ဤ အကာလဒါနထက် ကာလဒါနက အကျိုးထူး၏။ ထူးပုံမှာ... လှူဒါန်းစဉ် အခါအချိန်နှင့် သင့်လျော်ညီညွတ်အောင် လှူဒါန်းရသည့်အတိုင်း အကျိုးပေးရာမှာလည်း အချိန်အခါနှင့် ညီညွတ်အောင် အကျိုးပေးစွမ်းနိုင်သည်။ ထူးသောအစာကို စားလို သည့်အခါ ထူးသောအစာ အဆင်သင့် ဖြစ်ပေါ်လာတတ်သည်၊ ထူးသောအဝတ်ကို ဝတ်လိုသည့်အခါ ထူးသောအဝတ် အဆင်သင့် ဖြစ်ပေါ်လာတတ်သည်။ ဤသို့ အချိန်အခါနှင့် ညီညွတ်အောင် အကျိုးပေး ဖြစ်ပေါ်လာရခြင်းသည် ကာလဒါန၏ ထူးသော သဘောပင်ဖြစ်၏။

     တနည်းကား.. ပစ္စက္ခဒါန, အပစ္စက္ခဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ မျက်မြင်ကိုယ်တွေ့ဖြစ်သော ဒါနသည် ပစ္စက္ခဒါနမည်၏။ ကိုယ်မျက်ကွယ်၌ လှူအပ်သော ဒါနသည် အပစ္စက္ခဒါနမည်၏။

ပစ္စက္ခဟူသော စကားမှာ ပတိနှင့် အက္ခဟူသော ပါဠိနှစ်ခု တွဲထားသော ပုဒ်ဖြစ်သည်။ ပတိ = ရှေးရှူ၊ အက္ခ = (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော) ဣန္ဒြေ ငါးပါး။ ဤ ဣန္ဒြေငါးပါးဖြင့် ရှေးရှူနိုင်သော ဒါနကို ပစ္စက္ခဒါန ခေါ်သည်။ ထင်ရှားရာသို့ လိုက်၍သာ ပစ္စက္ခဟူသော ပုဒ်ကို “မျက်မှောက်”ဟူ၍ မြန်မာပြန်ဆိုသည်။ ဤ မြန်မာပြန်ချက်မှာ ပစ္စက္ခငါးမျိုးတွင် စက္ခုပစ္စက္ခနှင့်သာ ဆိုင်၏။ နောက်လေးပါးနှင့် မဆိုင်။ နောက်ဆုံးဖြစ်သော ကာယပစ္စက္ခကိုကား ကိုယ်တွေ့ဟူ၍ မြန်မာပြန်ဆိုကြ၏။ ဤသို့ အစနှင့် အဆုံးကို မှတ်ယူကာ ပစ္စက္ခကို “မျက်မြင်ကိုယ်တွေ့”ဟု အဓိပ္ပါယ်ပြန်ခဲ့ပေသည်။ အပြည့်အစုံ ဖော်ပြလျှင် မျက်စိဖြင့် မြင်အပ်သောအရာ၊ နားဖြင့် ကြားအပ်သောအရာ၊ နှာခေါင်းဖြင့် နမ်းရှုပ်အပ်သောအရာ၊ လျှာဖြင့် လျက်အပ်သောအရာ၊ ကိုယ်ဖြင့် တွေ့ထိအပ်သောအရာ ငါးမျိုးလုံးပင် ပစ္စက္ခချည်း ဖြစ်၏။

မျက်စိဖြင့် မြင်အပ်သော ပစ္စက္ခဒါနသည် သာဟတ္ထိကဒါနနှင့်လည်း အလုံးစုံ ထပ်မျှ မတူတတ်၊ မျက်စိဖြင့်မြင်အပ်သော အရာမှာပင် ကိုယ်တိုင် ကိုင်တွယ်၍ လှူမှ သာဟတ္ထိကဒါန ဖြစ်သည်။ သူတပါးကို စေခိုင်း၍ လှူလျှင် အာဏတ္တိကဒါနဖြစ်သည်။ မျက်စိဖြင့် မမြင်ရစေကာမူ နားဖြင့် ကြားအပ်သော ဒါနသည်၎င်း၊နှာခေါင်းဖြင့် အနံ့ကို သိအပ်သော အလှူဒါနသည်၎င်း၊ လျှာဖြင့် အရသာကိုသိအပ်သော အလှူဒါနသည်၎င်း၊ ကိုယ်ဖြင့် အတွေ့ကိုသိအပ်သော အလှူဒါနသည်၎င်း ပစ္စက္ခဒါနချည်းပင် ဖြစ်သည်။



(ညဲ)

     တနည်းကား.. သဒိသဒါန, အသဒိသဒါနဟူ၍ နှစ်ပါး အပြားရှိ၏။ အလှူဒါန ပြုကြရာမှာ တန်းတူညီမျှ ရနိုင်စကောင်းသော အလှူဒါနမျိုးသည် သဒိသဒါနမည်၏။ အချင်းချင်း အပြိုင်အဆိုင် လှူဒါန်းကြရာမှာ တဖက်သားများ လိုက်၍ မတုပနိုင်အောင် အနိုင်ယူ၍ လှူဒါန်းအပ်သော အလှူဒါနမျိုးသည် အသဒိသဒါနမည်၏။

     ဤ အသဒိသဒါန အလှူရှင်သည် ဘုရားတဆူတဆူတို့၏ လက်ထက်တော်မှာ တဦးတဦးသာလျှင် ပေါ်ပေါက်သည်ဟု ဓမ္မပဒ အဋ္ဌကထာ၊ တဆယ့်သုံးခုမြောက် လောကဝဂ်၊ အသဒိသဒါနဝတ္ထု၌ ပြဆိုထား၏။

အသဒိသဒါနဝတ္ထု အကျဉ်းချုပ်ကား..

မြတ်စွာဘုရားသခင်သည် ဒေသစာရီကြွချီ၍ ဇေတဝန် ကျောင်းတော်သို့ နောက်ပါ ရဟန္တာငါးရာနှင့်တကွ ပြန်လည် ဆိုက်ရောက်တော်မူလာသည်တွင်၊ ကောသလမင်းကြီးက မြတ်ဘုရား အမှူးရှိသော ရဟန္တာငါးရာကို ရွှေနန်းတော်သို့ ပင့်ဖိတ် လှူဒါန်းသည့်အခါ၊ သာဝတ္ထိ ပြည်သူပြည်သားတို့ကိုလည်း ဖိတ်ကြား၍ သူ၏အလှူ အခမ်းအနားကို ကြည့်ရှု သာဓုအနုမောဒနာ ခေါ်စေသည်တွင်၊ သာဝတ္ထိ ပြည်သူပြည်သား တို့ကလည်း အားကျမခံဖြစ်ကာ နောက်တနေ့၌ ပြည်သူ့အင်အားဖြင့် ဘုရင်မင်းမြတ်ထက် ခမ်းနားသာလွန်အောင် အလှူကြီး စီမံပြီးလျှင်၊ ဘုရင်မင်းမြတ်ကို ပင့်ဖိတ်၍ ရှုစားအနုမောဒနာ ပြုစေကြပြန်သည်။

တဖန် ဘုရင်မင်းမြတ်လည်း မခံမရပ်နိုင်ဖြစ်ကာ နောက်တနေ့တွင် ပြည်သူတို့ထက် သာလွန်အောင် အလှူအကြီးအကျယ် စီမံလှူဒါန်းပြန်၏၊ ပြည်သူများကလည်း ရှေးနည်းအတူပင် သာလွန်အောင် အကြီးအကျယ် စီမံလှူဒါန်းကြပြန်၏။ ဤနည်းအားဖြင့် ဘုရင်မင်းမြတ်ကလည်း ခြောက်ကြိမ်၊ ပြည်သူလူထုကလည်း ခြောက်ကြိမ် လှူပြီးကြသောအခါ ဘုရင်မင်းမြတ်သည်-

“ယခု ခုနစ်ကြိမ်မြောက် ပြည်သူတို့ထက် သာလွန်အောင် စီမံလှူဒါန်းရန်မှာ လွန်စွာ ခဲယဉ်း၍ နေချေပြီ။ တိုင်းပြည်နိုင်ငံကြီးရှင် ဘုရင်ဖြစ်ပါလျက် ပြည်သူလူထုအား အရှုံးပေးလိုက်ရပါလျှင် အသက်ရှင်နေသော်လည်း အဘယ်အကျိုးရှိအံ့နည်း”ဟူ၍ ကြံစည် စိတ်ညစ်ညူးနေရာ မလ္လိကာမိဖုရားကြီး၏ အကြံဉာဏ် စီမံချက်ဖြင့် ပြည်သူလူထုတို့ မတုပနိုင်အောင် ကြီးကျယ်စွာသော မဏ္ဍပ်ကြီးအတွင်းတွင် မင်းသမီးကလေး တွေကိုသာ နံ့သာသွေးခြင်း နံ့သာရေပက်ဖျန်းခြင်း ရဟန္တာကြီးများအား



(ညော)

ယပ်လေခတ်ခြင်းစသော ကိစ္စတို့ကို ပြုလုပ်စေပြီးလျှင် ရဟန္တာကြီး ငါးရာတို့အားလည်း တပါးတပါး၏နောက်တွင် ဆင်ပြောင်ကြီး တစီး တစီးစီဝပ်ကာ ထီးဖြူဆောင်းမိုး၍ နေစေခြင်းကို ပြုလုပ်၏။

ထိုအလှူပွဲ၌ ယဉ်ကျေးသော ဆင်ပြောင်ငါးရာမပြည့်ပဲ တကောင်လိုနေသည်တွင် ကြမ်းကြုတ်ဆိုးဝါးသော ဆင်ပြောင်တကောင်ကို အရှင်အင်္ဂုလိမာလ၏ နောက်တော်တွင် အခြားဆင်များနည်းတူ ဝပ်စေ၍ ထီးဖြူမိုးစေသည်။ ထိုဆင်ကြမ်းကြီး ဤအလှူတွင် ပါဝင်၍ အရှင်အင်္ဂုလိမာလ မထေရ်အား နူးညံ့သိမ်မွေ့စွာ ထီးဖြူဆောင်းပေးနေသည်ကို မြင်ကြရသော ပြည်သူတို့သည် များစွာ အံ့ဩကြကုန်၏။

အလှူပြီးစီးသောအခါ ဘုရင်မင်းမြတ်က “ဤမဏ္ဍပ်ရှိ အပ်သောပစ္စည်း မအပ်သောပစ္စည်း အလုံးစုံတို့ကို လှူဒါန်းပါ၏ဟု ဆို၍ လှူဒါန်းသောအခါ ပြည်သူလူထုက အရှုံးပေးကြရလေသည်။ (အရှုံးပေးကြရခြင်း အကြောင်းမှာ... မဏ္ဍပ်တခုလုံးတွင် မင်းသမီးကလေးတွေသာ ဝေယျာဝစ္စ ရွက်ဆောင်နေကြရလေသည်ကို တုပ၍ မပြိုင်နိုင်တော့ပြီ။ ပြည်သူလူထုလက်ထဲမှာ မင်းသမီးငါးရာလည်း မရှိ၊ ဆင်ပြောင်ငါးရာ ထီးဖြူငါးရာတို့လည်း မရှိ၊ ဤအချက်များဖြင့် အရှုံးပေးကြရလေသည်။)

     ဤသို့လျှင် အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်၏ လက်ထက်တော်မှာ အသဒိသဒါနအလှူရှင်သည် ကောသလမင်းကြီး ဖြစ်၏။ အခြားအခြားသော ဘုရားရှင်တို့၏ လက်ထက်တော်အခါမှာလည်း ဤကဲ့သို့ အသဒိသဒါနအလှူရှင် တဦးတဦးစီသာ ပေါ်ပေါက်သည်ဟူ၍ မှတ်ယူရာ၏။

နှစ်ပါးတွဲ ဒါနစု ပြီး၏။

**********

သုံးပါးတွဲ ဒါနစု

     တနည်းကား.. ဒါနသည် ဟီနဒါန, မဇ္ဈိမဒါန, ပဏီတဒါနဟူ၍ သုံးပါး အပြားရှိ၏။ ကုသိုလ်၏ အယုတ် အလတ် အမြတ် ဖြစ်ရခြင်းမှာ ဆန္ဒ, စိတ္တ, ဝီရိယ, ဝီမံသတည်းဟူသော တရားလေးပါးကို အစွဲပြု၍ ဖြစ်ရ၏။ လိုလားမှု သဘောသည် ဆန္ဒမည်၏။ အားထုတ်ခြင်း သဘောသည် ဝီရိယမည်၏၊ ပိုင်းခြားသိမြင်ခြင်း သဘောသည် စိတ္တမည်၏၊ ထိုးထိုးထွင်းထွင်း သိမြင်ခြင်း သဘောသည် ဝီမံသမည်၏။ ။ဒါနပြုလုပ်ရာမှာ ဤဆန္ဒစသော တရားလေးပါးကို အညံ့စားအနေဖြစ်ပါလျှင် ထိုဒါနသည် ဟီနဒါန = (ညံ့သောအလှူ)သာ ဖြစ်၏။ ထိုတရားလေးပါးတို့



(ညော်)

အလတ်စားအနေ ဖြစ်ခဲ့ပါလျှင် မဇ္ဈိမဒါန = (အလတ်စားအလှူ) ဖြစ်၏။ ထိုတရားလေးပါးတို့ အမြင့်မြတ်စားအနေ ဖြစ်ခဲ့ပါလျှင် ထိုဒါနသည် ပဏီတဒါန = (မြတ်သောအလှူ) ဖြစ်၏။

     တနည်း.. အကျော်အစောကို တောင့်တ၍ ပြုသောဒါနသည် ဟီနဒါနဖြစ်၏။ လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကိုတောင့်တ၍ ပြုသောဒါနသည် မဇ္ဈိမဒါန ဖြစ်၏။ အရိယာတို့၏ အလေ့အကျက် အလောင်းအလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသောဒါနသည် ပဏီတဒါန ဖြစ်၏။

     (ဤအရာဝယ်... ထိုထိုသုတ္တန် ပါဠိတော်ကြီးများ၌ နောက်နှောင်းအခါ ဖြစ်ပေါ်ကြမည့် ကောင်းမှုကုသိုလ်ကို လိုလားသူတို့ ဒီဋ္ဌာနုဂတိ အတုရရှိ လှူဒါန်းနိုင်ကြရန် ဇေတဝနေ၊ အနာထပိဏ္ဍိကဿ အာရာမေ၊ ဃောသိတာရာမေ၊ ဇေတမင်း၏ ဥယျာဉ်၊ အနာထပိဏ်သူဌေး၏ အရာမ်၊ ဃောသိတသူဌေး၏ အရာမ် အစရှိသည်ဖြင့် ကောင်းမှုရှင်တို့၏ ကမ္ပည်းစာတမ်းကို ပဌမသံဂါယနာတင် အရှင်မြတ်တို့ ထိုးမှတ်တော်မူခဲ့ကြသည်ကို နှလုံးသွင်း၍၊ ယခုခေတ် အလှူရှင်တို့ မိမိတို့၏ အလှူများကို ကမ္မည်းစာတမ်း ထိုးမှတ်သောအခါ “ကျော်စောလိုသောစိတ်ကို သတိဖြင့် ပိတ်ဆို့ပြီးလျှင်” နောက်နောင်အခါ ကုသိုလ်ကောင်းမှု လိုလားကြသော ပုဂ္ဂိုလ်တို့ အတုယူ လှူဒါန်းနိုင်ကြစေရန် ရည်သန်သောစိတ်ဖြစ်အောင် အထူး သတိချပ်သင့်လှပေသည်။)

     တနည်း.. လူချမ်းသာ နတ်ချမ်းသာတို့ကို တောင့်တ၍ လှူသောဒါနသည် ဟီနဒါနမည်၏။ သာဝကဗောဓိ ပစ္စေကဗောဓိဉာဏ်ကို တောင့်တ၍ လှူသောဒါနသည် မဇ္ဈိမဒါနမည်၏။ သမ္မာသမ္ဗောဓိ (သဗ္ဗညုတ) ဉာဏ်ကို တောင့်တ၍ လှူသောဒါနသည် ပဏီတဒါနမည်၏။

(မဂ်ဉာဏ်လေးပါးကို ဗောဓိဟူ၍ ခေါ်သည်။ တစုံတခု ကောင်းမှုပြုလျှင် ဝိဝဋ္ဋနိဿိတကောင်းမှုမျိုးဖြစ်ရန် ရည်သန်၍ ရှေးသူဟောင်းတို့က “ကုသိုလ်ပြုလျှင် အမှတ်တမဲ့ မပြုရာ၊ ဗောဓိသုံးပါးတွင် တပါးပါးကို ရည်သန်တောင့်တရမည်”ဟု ပြောဆို ညွှန်ကြကုန်သည်။)

     တနည်းကား.. ဒါနဒါသ, ဒါနသဟာယ, ဒါနသာမိဟူ၍ သုံးပါး အပြားရှိ၏။ လောက၌ မိမိကိုယ်တိုင် ကောင်းမွန်သော အဝတ်အစားကို သုံးဆောင်၍ အောက်လက် ကျေးကျွန်များကိုကား ယုတ်ညံ့သော အဝတ်အစားတို့ကိုသာ ပေးသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော ပစ္စည်းမျိုးအောက် ယုတ်ညံ့သော ပစ္စည်းဝတ္ထုကို လှူဒါန်းခြင်းသည် ဒါနဒါသမည်၏။ (ကျွန်အား ပေးသည်နှင့်တူသော အလှူဟု ဆိုလိုသည်)။ ။လောက၌ မိတ်ဆွေများ



(ညံ)

လာရောက်သောအခါ မိမိသုံးဆောင်သည်နှင့် တူမျှသော အသုံးအဆောင်တို့ကိုသာ သုံးဆောင်စေသကဲ့သို့ အလှူခံပုဂ္ဂိုလ်တို့အားလည်း မိမိ သုံးဆောင်နေကျအတိုင်းသာ ကတန်းတစားတည်း လှူဒါန်းခြင်းသည် ဒါနသဟာယ မည်၏။ (အဆွေခင်ပွန်းအား ပြုစုသည်နှင့်တူသော ဒါနဟု ဆိုလိုသည်)။ ။လောက၌ မိမိ၏ အရှင်များအား မိမိသုံးဆောင်သည်ထက် ပိုမိုမြင့်မြတ်သော အသုံးအဆောင်တို့ကိုသာ ပေးပို့ရသကဲ့သို့၊ အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သည်ထက် မြင့်မြတ်သော ပစ္စည်းဝတ္ထုတို့ကိုသာ လှူခြင်းသည် ဒါနသာမိမည်၏။ (အရှင်သခင်အား ပေးပို့သည်နှင့်တူသော ဒါနဟု ဆိုလိုသည်။)

     တနည်းကား.. ရှေးနှစ်ပါးတွဲ ဒါနစုတွင် ဖော်ပြခဲ့ပြီးသော ဓမ္မဒါနသည် အာမိသနှင့် တွဲဖက်၍ဖြစ်သော ဓမ္မဒါနတပါး၊ ပြခဲ့ပြီးသည့်အတိုင်း အဘိဓမ္မာအလို ဒါနခြောက်ပါးတွင် ပါဝင်သည့် ဓမ္မဒါနတပါး၊ ဗုဒ္ဓ, ဓမ္မ, သံဃဟူသော ရတနာသုံးပါးတွင် ပါဝင်သည့် ဓမ္မဒါနတပါး-ဟူ၍ ဓမ္မဒါနသုံးမျိုး ရှိသည်ကို အထူးမှတ်ယူအပ်၏။ ထိုသုံးမျိုးတို့တွင်-

     အာမိသနှင့် တွဲဖက်သော ဓမ္မဒါနတွင် ပါဝင်သည့် ဓမ္မဟူသည် မြတ်စွာဘုရား ဟောကြားအပ်သော ပရိယတ္တိ တရားတော်ပင် ဖြစ်၏။ ထိုတရားတော်ကို သူတပါးတို့အား ဟောပြောပေးခြင်းသည် ဓမ္မဒါနဖြစ်၏။ ။(ဤဓမ္မဒါနအရာ၌- ပရိယတ္တိ တရားတော်သည် လှူဘွယ်ဝတ္ထုဖြစ်၏။ တရားနာပုဂ္ဂိုလ်သည် အလှူခံဖြစ်၏၊ တရားဟောပုဂ္ဂိုလ်သည် အလှူပေးပုဂ္ဂိုလ်ဖြစ်၏။)

     အဘိဓမ္မာအလို ဒါနခြောက်ပါးတွင် ပါဝင်သည့် ဓမ္မဒါန၀ယ် ဓမ္မအရ အာရုံခြောက်ပါးတွင် ပါဝင်သော ဓမ္မာရုံကိုသာ အရကောက်ယူရသည်။ ထိုဓမ္မာရုံဟူသည်မှာလည်း အဆင်း အသံ အနံ့ အရသာ အတွေ့အထိ မဟုတ်၊ စိတ်သက်သက်ဖြင့်သာ တွေးတောဆင်ခြင် သိရှိရသော အာရုံစုကို သိမ်းရုံး၍ ဓမ္မာရုံဟု ခေါ်သည်။ ထိုဓမ္မာရုံမှာ ပသာဒရုပ် (၅)၊ သုခုမရုပ်(၁၆)၊ စိတ် (၈၉)၊ စေတသိက် (၅၂)၊ နိဗ္ဗာန်၊ ပညတ် ဤသို့အားဖြင့် ခြောက်စုရှိသည်။ (ဓမ္မဆိုသော်လည်း ပရိယတ္တိဓမ္မကဲ့သို့ မြတ်သော အနက်ဟော ဓမ္မမဟုတ်၊ နဂိုရ်ရှိနေရင်း သဘာဝကိုသာ ခေါ်ဆိုသည့် ဓမ္မဖြစ်သည်)။ ဤသဘာဝ ဓမ္မဒါနဖြစ်အောင် ပြုလိုလျှင် စက္ခု (ဓမ္မ)ဒါန ပြုလိုသူသည် မျက်စိမှုန်သောသူကို ကြည်လင်အောင် ပြုလုပ်ကုသပေးခြင်း၊ သောတ (ဓမ္မ)ဒါန ပြုလိုသူသည် နားထိုင်းနေသူကို နားကြားအောင် ပြုလုပ်ကုသပေးခြင်း စသည်ဖြင့် ဓမ္မဒါန ပြုလုပ်ရာ၏။ အထင်ရှားဆုံး ဖော်ပြရသော် ဇီဝိတဒါနခေါ် သူတပါးအသက်ကို ရှည်အောင် ပြုလုပ်လှူဒါန်းခြင်းသည် ဓမ္မဒါနဖြစ်၏၊ ဤနည်းအတိုင်း ပြခဲ့ပြီးသော ဓမ္မာရုံအဝင်အပါ တရားခြောက်စုတို့၌ ထိုက်သည့် အားလျော်စွာ ဝေဘန်သိရှိ နှလုံးသွင်းရာ၏။



(ညား)

     ဗုဒ္ဓ, ဓမ္မ, သံဃ သုံးပါးတွင် ပါဝင်သည့် ဓမ္မဟူသည်မှာ မြတ်စွာဘုရား ဟောကြားအပ်သော ပရိယတ္တိ သာသနာဓမ္မပင် ဖြစ်၏။ (ရှေး အာမိသဒါနနှင့် တွဲဖက်ဖြစ်သော ဓမ္မဒါနဟူသည်မှာ တရားနာပရိသတ်အား ပရိယတ္တိတရားတော်ကို လှူဒါန်းခြင်း ဟောပြခြင်း ဖြစ်သည်။ တရားတော်က လှူဘွယ်ဝတ္ထု၊ တရားနာပုဂ္ဂိုလ်တို့က အလှူခံဖြစ်သည်။) ယခု ဗုဒ္ဓ, သံဃနှင့် တွဲဖက်ဖြစ်သော ဓမ္မအရ ပရိယတ္တိတရားတော်ကား လှူဘွယ်၀တ္ထုအနေဖြင့် မဟုတ်၊ အလှူခံအနေဖြင့်သာ ပရိယတ္တိတရားတော်အား လှူဘွယ်ဝတ္ထုတို့ကို လှူဒါန်းပူဇော်ခြင်းဟု ဆိုလိုသည်။ မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် “အလှူခံဖြစ်သကဲ့သို့ တွဲဖက်ဓမ္မသည်လည်း အလှူခံဖြစ်ရပေမည်။ ဖြစ်ပုံမှာ..

     မြတ်ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသောအခါ သဒ္ဓါတရားနှင့်ပြည့်စုံသော သူကြွယ်တဦးသည် “ငါသည် မြတ်စွာဘုရားအား၎င်း သံဃာတော်အား၎င်း ဆွမ်းခဲဖွယ်ဘောဇဉ် သင်္ကန်း စသည်တို့ဖြင့် မပြတ် ပူဇော်လှူဒါန်းရ၏။ တရားတော်အားကား တကြိမ်တခါမျှ မလှူဒါန်းရဘူးသေး၊ တရားတော်အားလည်း လှူဒါန်းပေအံ့”ဟု ကြံစည်ပြီးလျှင် မြတ်ခွာဘုရားထံ လာရောက် လျှောက်ထားသည်တွင် မြတ်စွာဘုရားက- “တရားတော်အား လှူဒါန်းပူဇော်လိုက တရားကိုဆောင်သော ရဟန်းအား သူ၏သန္တာန်၌ ကိန်းဝပ်တည်နေသော တရားကို ရည်မှန်းကာ ဆွမ်း သင်္ကန်း စသည်ဖြင့် လှူဒါန်း ပူဇော်ရမည်”ဟု မိန့်ကြားတော်မူသည်။

     အဘယ်ရဟန်းသည် တရားကို ဆောင်ပါသနည်းဟု တဖန်မေးမြန်း လျှောက်ထားပြန်သည်တွင် သံဃာတော်ကို မေးလော့ဟု မိန့်ကြားတော်မူသဖြင့် ထိုသူကြွယ်သည် သံဃာတော်ကို မေးမြန်းလေရာ သံဃာတော်၏ ညွှန်ကြားချက်အရ အရှင်အာနန္ဒာမထေရ်ကို ပင့်ပြီးလျှင် ဆွမ်းသင်္ကန်း စသည်တို့ဖြင့် အရှင်အာနန္ဒာသန္တာန်၌ ကိန်းဝပ် တည်နေသော တရားတော်တို့ကို ရည်မှန်း၍ လှူဒါန်း ပူဇော်လိုက်ကြောင်း ပကိဏ္ဏကနိပါတ် တဆယ့်သုံးခုမြောက် (၁၃) ဘိက္ခာပရံပရဇာတ် နိဒါန်း၌ လာရှိသည်။

     ဤနိဒါန်းလာ ဝတ္ထုအရ သူကြွယ်က ဒါယကာ၊ ဆွမ်းသင်္ကန်း စသည်တို့က လှူဘွယ်ဝတ္ထု၊ အရှင်အာနန္ဒာသန္တာန်မှာ ကိန်းဝပ်တည်နေလျက် ရှိနေသော တရားစုက အလှူခံဖြစ်၍နေသည်။ ဤသို့ တရားတော်ကို အလှူခံအဖြစ်ဖြင့် ထား၍ လှူဒါန်းခြင်းသည် မြတ်စွာဘုရားလက်ထက်က ဤသူကြွယ်တဦးသာ မဟုတ်သေးပေ။

     သီရိဓမ္မာသောကမင်းကြီးသည်လည်း တရားတော်၌ အလွန်တရာ ကြည်ညိုခြင်းဖြစ်ကာ ဓမ္မက္ခန္ဓာ တဆူတဆူလျှင် ကျောင်းတဆောင်တဆောင်စီဖြင့် ပူဇော်မှုပြုကြောင်း ကျမ်းဂန်တိုက်ရိုက် လာရှိသည်။



(ဋ)

     အထူး သတိပြုရန်ကား... သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်တို့အား ဓမ္မက္ခန္ဓာ တဆူတဆူလျှင် ကျောင်းတဆောင်တဆောင်စီ လှူဒါန်းကြောင်းကို အများပင် ကြားဘူး သိဘူးကြ၏၊ အတုလိုက်လိုသော ဆန္ဒလည်း ရှိကြ၏၊ နည်းလမ်းကျကျ အတုယူနိုင်ရန် အရေးကြီးလှပေသည်။ သီရိဓမ္မာသောကမင်းကြီးမှာ ကျောင်းဒါယကာ ဖြစ်ဘို့ရန်မျှကိုသာ ရည်သန်ပြုလုပ်သည် မဟုတ်၊ ဓမ္မက္ခန္ဓာ တရားတော်ကို ပူဇော်လိုခြင်းသာ အရင်းခံဖြစ်သည်။ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်တို့ကို ဆောက်လုပ်သည်မှာ ပူဇော်ဘွယ်ရာဝတ္ထု ပြည့်စုံရန်မျှသာ ဖြစ်သည်။ ထိုသို့ဖြစ်ရာ နောင်လာနောက်သားတို့က “သီရိဓမ္မာသောက မင်းကြီးသည် ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်လှူဒါန်း သွားသည်။ ငါတို့လည်း တတ်နိုင်ပါမူ ကျောင်းဆောက်မည်”ဟူ၍ လှူဘွယ်ဝတ္ထု ပစ္စည်းမျှကိုသာ အားကျကာ တရားတော်ကို စိတ်မရောက်ပဲ ကျောင်းဆောက်လုပ် တည်လှူကာ ကျောင်းဒါယကာ အမည်ခံရရုံသာ ရည်သန်ပြုလုပ်မိခြင်း အလျဉ်းမရှိအောင် သတိပြုရာ၏။

     လောက၌ တရားတော်သည် အလွန် အရေးကြီးပေသည်၊ အဋ္ဌကထာဆရာတော် အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မိမိ၏ အဋ္ဌသာလိနီ အဋ္ဌကထာနိဂုံးတွင်၊ ၊စိရံ တိဋ္ဌတု သဒ္ဓမ္မော = သူတော်ကောင်းတရားသည် ကြာမြင့်စွာ တည်ပါစေ။ ဓမ္မေ ဟောန္တု သဂါရဝါ၊ သဗ္ဗေပိ သတ္တာ = သတ္တဝါ အပေါင်းတို့သည် တရားတော်၌ ရိုသေခြင်း ရှိကြပါစေကုန်သတည်းဟူ၍ တရားတော် ကာလအရှည် တည်ထွန်းရန် သတ္တဝါတို့ တရားတော်၌ ရိုသေကြရန် ဆုတောင်းတော်မူခဲ့ခြင်းမှာ တရားတော်၏ အရေးပါ အရာရောက်လှသောကြောင့် ဖြစ်၏။ အရာရောက်ပုံမှာ... တရားတော် ထင်ရှားရှိနေသမျှ သာသနာတော် မဆုတ်ယုတ်နိုင်၊ တရားတော်၌ ရိုသေသောသူ ဟူသမျှတို့သည် သာသနာတော်ကို မည်သည့်နည်းနှင့်မျှ မရိုသေပဲ မလိုက်နာပဲ မနေနိုင်ကြချေ။ တရားတော်ကို သိမြင်မှ ဘုရားကို မြင်သူမည်၏ဟူ၍လည်း ဟောအပ်ခဲ့လေပြီ။ ထိုမှတပါးလည်း ပရိနိဗ္ဗာန် စံတော်မူခါနီးတွင် (သော ဝေါ မမစ္စယေန သတ္ထာ)ဟူ၍ ဓမ္မက္ခန္ဓာ ဒေသနာတော်များသည် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သင်တို့အပေါ်မှာ ဆရာဘုရားပင် ဖြစ်တော့သည်ဟု ဟောကြားတော်မူခဲ့ပေသည်။ ထို့ကြောင့် အရေးပါ အရာရောက်လှသည့် ဤသုံးခုမြောက် ဓမ္မဒါနမျိုးကို ကြိုးစား အားထုတ်ကြကုန်ရာသည်။

     တနည်းကား.. ဒုက္ကရဒါန, မဟာဒါန, သာမညဒါနဟူ၍ သုံးပါး အပြားရှိ၏ ထိုတွင်-



(ဋာ)

     အင်္ဂုတ္တရနိကာယ အဋ္ဌကထာ၊ ဧကကနိပါတ်၊ နှစ်ဆယ့်ရှစ်ခုမြောက် (၂၈) ဧကဓမ္မဈာနဝဂ်အဖွင့်၌လာသော ဒါရုဘဏ္ဍကတိဿ၏ အလှူဒါနကဲ့သို့ ပြုလုပ်ရန် ခဲယဉ်းသောဒါနသည် ဒုက္ကရဒါနမည်၏။

ဒါရုဘဏ္ဍကတိဿ၏ အလှူဒါန အကြောင်းကား..

     သီဟိုဠ်ကျွန်း မဟာဂါမအရပ်၌ ဆင်းရဲသားတယောက်သည် ထင်းကိုရောင်းချ၍ အသက်မွေးရ၏၊ ထိုသူ၏အမည်ရင်းမှာ တိဿပင်ဖြစ်သော်လည်း ထင်းကိုရောင်းချ အသက်မွေးရသောကြောင့် (ထင်းသာလျှင် ထိုသူ၏ ဥစ္စာရှိသောကြောင့်) ဒါရုဘဏ္ဍကတိဿဟု ခေါ်တွင်လေသည်။

     ထိုဒါရုဘဏ္ဍကတိဿ သူဆင်းရဲသည် တနေ့သ၌ မိမိ၏ အိမ့်ရှင်မနှင့် တိုင်ပင်သည်ကား “ငါတို့၏ အသက်ရှင်ရခြင်းကား ယုတ်ညံ့လှ၏၊ မြတ်စွာဘုရားက နိဗဒ္ဓဒါန (အမြဲမပြတ် ဝတ်ထား၍ လှူခြင်း)၏ အကျိုး ကြီးမြတ်ကြောင်း ဟောကြားတော်မူချက် ရှိပါသော်လည်း ငါတို့သည် နိဗဒ္ဓအလှူကို မလှူနိုင်ခဲ့ကြကုန်၊ လဆန်းပက္ခ၌ တကြိမ် လဆုတ်ပက္ခ၌ တကြိမ် မှန်မှန်ဝတ်ထား၍ (ပက္ခိက) ဆွမ်းအလှူကို လှူပြီးလျှင် အလေ့အထရ၍ တတ်နိုင်သောအခါ စာရေးတံဆွမ်း လှူကြစို့”ဟု တိုင်ပင်စကား ပြောကြားသည်တွင် အိမ့်ရှင်မသည် ကောင်းပါပြီဝန်ခံ၍ နောက်တနေ့၌ပင် မိမိတို့ရသမျှဖြင့် (ပက္ခိက) ဆွမ်းအလှူကို လှူဒါန်းလေသည်။

     ထိုအချိန်ကား ရဟန်းသံဃာတော်များမှာ ဆွမ်းပစ္စည်းပေါများသော အခါဖြစ်သည့်အတွက် ရဟန်းငယ် သာမဏေတို့သည် မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ကို စားသုံးကြရသောကြောင့် ဒါရုဘဏ္ဍကတိဿ၏ (ပက္ခိက)ဆွမ်းကို ခံရုံသာခံယူ၍ ထိုသူတို့မြင်စဉ်ပင်လျှင် စွန့်ပစ်၍ သွားကြကုန်သည်။ ထိုအခြင်း အရာကို မြင်ရသော အိမ့်ရှင်မသည် ဒါရုဘဏ္ဍကတိဿအား “အကျွန်ုပ်လှူအပ်သော ဆွမ်းကို စွန့်သွန်၍ သွားကြကုန်သည်”ဟု ပြောကြားလေသည်။ စိတ်ထဲ၌ကား နှလုံးမသာယာခြင်း အလျဉ်းပင် မရှိခဲ့ပေ။

     ထိုအခါ ဒါရုဘဏ္ဍကတိဿ သူဆင်းရဲက အိမ့်ရှင်မအား “ငါတို့ ဆင်းရဲလှသည့်အတွက် အရှင်မြတ်တို့အား စိတ်နှစ်သက် ချမ်းသာလောက်အောင် ဆွမ်းမကျွေးနိုင်ပဲ ရှိရသည်။ ဘယ်လိုလုပ်ပြီး အရှင်မြတ်တို့၏ စိတ်နှလုံးကို ယူကျုံးရန် စွမ်းနိုင်ပါမည်နည်း”ဟု အကြံတောင်း တိုင်ပင်စကား ပြောကြားသည်တွင် အိမ့်ရှင်မက သားသမီးရှိသူများကို ဆင်းရဲသား မဆိုသင့်ကြောင်း အားပေးစကား ပြောကြား၍ သမီးကို သူတပါးအိမ်၌ ငွေ (၁၂) တဆယ့်နှစ်ကျပ်မျှဖြင့် အပေါင်အနှံထား၍ နို့စားနွားမတကောင် ဝယ်ယူရန် အကြံပေးစကား ပြောကြားချက်ကို



(ဋိ)

သဘောတူ၍ အိမ့်ရှင်မ အကြံပေးသည့်အတိုင်း သမီးကို သူတပါးအိမ်၌ ငွေ (၁၂) တဆယ့်နှစ်ကျပ်မျှဖြင့် အပေါင်အနှံထား၍ နို့စားနွားမတကောင်ကို ဝယ်ယူရာ ထိုဇနီးမောင်နှံတို့၏ ဖြူစင်သောကုသိုလ်စိတ် အစွမ်းကြောင့် နွားနို့သည် ပိုမို၍ထွက်ခဲ့၏။

     ညနေအချိန် ညှစ်၍ရသော နွားနို့များကို နို့ဓမ်း (ဒိန်ခဲ) ထောပတ်ချက်ပြီးလျှင် နံနက်ထွက်သော နွားနို့တို့ဖြင့် နို့ဆွမ်းချက်ကာ နို့ဓမ်း (ဒိန်ခဲ) ထောပတ်များရော၍ လှူဒါန်းသဖြင့် ရဟန်းသံဃာများ နှစ်သက်ဖွယ် လှူဒါန်းရသောအဖြစ်သို့ ရောက်လေသည်။ ထိုအခါမှစ၍ ဒါရုဘဏ္ဍကတိဿ၏ စာရေးတံနို့ဆွမ်းကို ဘုန်းတန်းခိုးကြီးမားသော အရှင်မြတ်တို့သာလျှင် ရတော်မူကြကုန်၏။

     တနေ့သ၌ ဒါရုဘဏ္ဍကတိဿသည် မိမိ၏ အိမ့်ရှင်မ (မယား)ကို “ငါတို့သည် သမီးကလေးတယောက် ရှိသောကြောင့်သာ အရှက်တကွဲ ဖြစ်ရမည့်အရေးမှ လွတ်မြောက်ကြရသည်။ ငါတို့အိမ်က ဆွမ်းကိုလည်း အရှင်မြတ်တို့ သုံးဆောင်တော်မူကြသည့်အခြေသို့ ရောက်ခဲ့ရသည်၊ ငါမလာမီ ဤဆွမ်းဝတ်ကို မပျက်ပါစေလင့်။ ငါသည် အလုပ်တခုခုကိုလုပ်၍ သမီးကို ရွေးနုတ်ခဲ့ပါမည်”ဟု မှာကြားပြီးလျှင် အရပ်တပါးသို့သွားကာ ကြံညှစ်ရုံတရုံ၌ ခြောက်လကြာမြင့်အောင် အလုပ်လုပ်သဖြင့် ငွေ (၁၂) တဆယ့်နှစ်ကျပ် အပိုစုမိ၍ သမီးကိုရွေးနုတ်ရန် မိမိအရပ်သို့ နံနက်စောစော ပြန်ခဲ့လေသည်။

     ထိုအခါ မိမိရှေ့မှ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿမထေရ်သူမြတ် (တိဿကျောင်းတိုက်ကြီးရှိ) စေတီတော်ကို ဖူးမျှော်ရန် မဟာဂါမသို့ ကြွတော်မူသည်ကို အဝေးမှ မြင်လတ်၍ အမှီလိုက်ပြီးလျှင် တရားစကား ကြားနာလျက် သွားကြရာ ရွာတခုအနီးသို့ရောက်လျှင် ထိုရွာတွင်းမှ လူတယောက် ထမင်းထုပ်ကိုကိုင်ခါ ထွက်လာသည်ကိုတွေ့၍ ထိုထမင်းထုပ်ကို (၁)တကျပ်ဖြင့်ရောင်းရန် ပြောဆိုလေသည်။

     ထမင်းထုပ်ရှင် ယောက်ျားကလည်း “တပဲ အဖိုးတန်သော ထမင်းထုပ်ကို တကျပ်က စ-တင်၍ ပေးခြင်းမှာ အကြောင်းထူး ရှိလိမ့်မည်”ဟု ကြံစည်ပြီးလျှင် တကျပ်ဖြင့် မပေးနိုင်ကြောင်း ပြန်၍ပြောဆိုသည်တွင်၊ တကျပ်ဖြင့် မပေးနိုင်လျှင် နှစ်ကျပ်ဖြင့်ပေးပါ၊ သုံးကျပ်ဖြင့်ပေးပါ.. ဤနည်းအတိုင်း တိုး၍ တိုး၍ မိမိ၌ပါရှိသော ငွေ (၁၂) တဆယ့်နှစ်ကျပ် အကုန်ထုတ်၍ ပေးပါသော်လည်း မရောင်းနိုင်ဟု (တဆယ့်နှစ်ကျပ်အပြင် ရှိသေးသည်အထင်နှင့်) ငြင်းပယ်ခဲ့လေသည်။



(ဋီ)

     ထိုအခါ ဒါရုဘဏ္ဍကတိဿက “အကျွန်ုပ်မှာ တဆယ့်နှစ်ကျပ်အပြင် အပိုငွေ မရှိတော့ပါ။ ရှိလျှင် ပေးပါသည်။ ယခု အကျွန်ုပ် ဝယ်ခြင်းမှာလည်း ကျွန်ုပ်စားရန် မဟုတ်ပါ။ ထို(ဟို)သစ်ပင်ရင်းမှာ အရှင်သူမြတ်တပါးကို ဆွမ်းကပ်လိုသည့်အတွက် စောင့်ဆိုင်းနေတော်မူပါရန် တောင်းပန်အပ်ပြီး ဖြစ်နေပါသည်။ သင့်အားလည်း ကုသိုလ်ဖြစ်နိုင်ပါသည်။ ဤတဆယ့်နှစ်ကျပ်ဖြင့်ပင် သင်၏ထမင်းထုပ်ကို ပေးပါ”ဟု တောင်းပန်မှ ငွေတဆယ့်နှစ်ကျပ်ဖြင့် ဈေးတည့်၍ ထမင်းထုပ်ကို ရလေသည်။

     ဒါရုဘဏ္ဍကတိဿသည်လည်း ဝမ်းသာအားရ ယူဆောင်ခဲ့ပြီးလျှင် မထေရ်လက်မှ သပိတ်ကိုတောင်း၍ ဆွမ်းလောင်းလှူသည်တွင် မထေရ်က တဝက်မျှ လက်ခံ၍ သပိတ်ကို ပိတ်သည်ရှိသော် “အရှင်ဘုရား... ဤဆွမ်းကား တယောက်စာသာ ရှိပါသည်၊ ဤဆွမ်းထဲမှ တပည့်တော် မစားနိုင်ပါ။ အရှင်ဘုရားတို့အတွက် တပည့်တော် ဤဆွမ်းကို ရှာကြံ၍ ရအပ်ပါသည်၊ တပည့်တော်အား သနားသဖြင့် အလုံးစုံကို အလှူခံပါ”ဟု တောင်းပန်မှ အလုံးစုံကို လှူခွင့်ရလေသည်။

     မထေရ်သည်လည်း အားလုံး ဘုဉ်းပေးပြီးမှ လမ်းဆက်လက်၍ လာခဲ့ကြရာ ဒကာ၏ အကျိုးအကြောင်းကို မေးသည်တွင် ဒါရုဘဏ္ဍကတိဿသည် အကြောင်းအရာအလုံးစုံကို ဖွင့်၍ လျှောက်ဆို၏။ ထိုအခါ မထေရ်မှာ အလွန်တရာ ထိတ်လန့်ခြင်း သံဝေဂတရား ဖြစ်ပွါးကာ “ဤဒါယကာသည် ဒုက္ကရဒါနဆွမ်းကို ပြုရှာပေသည်၊ ငါကား ဤသို့သဘောရှိသော ဒုက္ကရဒါနဆွမ်းကို စားပြီးလျှင် ဤဒါယကာ၏ ကျေးဇူးသိသူ ကတညူပုဂ္ဂိုလ် ဖြစ်သင့်လှပေသည်၊ သင့်လျော်သောနေရာကို ရရှိပါက ထိုနေရာမှာပင် အရေ အသား အသွေးကို ခန်းခြောက်ကုန်သော်လည်း အရဟတ္တဖိုလ်ကို မရလျှင် ထိုတင်ပလ္လင်မှ ငါမထတော့ပြီ”ဟု ကြံစည်ပြီးလျှင် မဟာဂါမသို့ ရောက်သောအခါ ဆရာ ဒကာ လမ်းခွဲ၍ သွားကြလေ၏။

     မထေရ်မှာ “တိဿမဟာဝိဟာရ ကျောင်းတိုက်”သို့ ရောက်၍ နေထိုင်ရန် ကျောင်းတဆောင် ရသောအခါ ထိုကျောင်းအတွင်းသို့ ဝင်ပြီးလျှင် နေရာထိုင်ကိုခင်း၍ ကောင်းစွာထိုင်လျက် “ကိလေသာကုန်ခန်း ရဟန္တာဖြစ်မှ ဤနေရာက ထမည်”ဟု ဆုံးဖြတ်ကာ တရားနှလုံးသွင်းလျက် နေတော်မူ၏။ ဆွမ်းခံချိန်ကျသော်လည်း ဆွမ်းခံခြင်း ပလိဗောဓကို ပယ်ဖြတ်၍ ကမ္မဋ္ဌာန်းကိုသာ အားထုတ်တော်မူခဲ့ရာ ခုနစ်ရက်မြောက်သောနေ့ အရုဏ်တက်သောအခါ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ (ရဟန္တာဖြစ်၍) ဤသို့



(ဋု)

ကြံစည် စဉ်းစားတော်မူလေသည်၊ “ငါ၏ ကိုယ်ခန္ဓာကား အလွန်ပင် ပင်ပန်း နွမ်းနယ်လှလေပြီ၊ ငါ၏အသက်သည် ရှေ့သို့ဆက်၍ နေ့ရက်ရှည်ကြာ တည်ပါဦးမည်လော၊ မတည်မည်လော”ဟု စဉ်းစား တော်မူသည်တွင် ဇီဝိတရုပ်နာမ် သန္တာန်ဆက်စည် မတည်နိုင်ကြောင်း ကောင်းစွာ သိမြင်၍၊ ကျောင်း အိပ်ရာ နေရာများကို သိုမှီး သိမ်းဆည်းပြီးလျှင် မိမိ၏ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ကျောင်းတိုက်၏အလယ် ညီမူစည်းဝေးရာဌာနသို့ ကြွ၍ စည်အတီးခိုင်းကာ ရဟန်းသံဃာကို စည်းဝေးစေလေသည်။

     သံဃာတော်များ စည်းဝေးမိသောအခါ သံဃမဟာထေရ်က “အဘယ်ရဟန်းသည် သံဃာကို စည်းဝေးစေအပ်သနည်း”ဟု မေးမြန်းသောအခါ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿမထေရ်မြတ်က “တပည့်တော် စည်းဝေးစေအပ်ပါသည်ဘုရား”ဟု လျှောက်ထားလေသည်။ “အဘယ်အကျိုးငှါ စည်းဝေးစေအပ်သနည်း သူတော်ကောင်း...”ဟု မေးမြန်းသောအခါ “အခြားတပါး ကိစ္စအမှု မရှိပါဘုရား၊ မဂ်တရား ဖိုလ်တရား၌ ယုံမှားသံသယ မကင်းကြသောပုဂ္ဂိုလ်များ ရှိပါလျှင် တပည့်တော်ကို မေးမြန်းစေလို၍ စည်တီးစေပါကြောင်း” လျှောက်ထားလေသည်။

     ထိုအခါ သံဃမဟာထေရ်က မေးမြန်းဘို့ကိစ္စ မရှိကြောင်း၊ ငါ့ရှင်သာလျှင် အဘယ့်ကြောင့် ဤကဲ့သို့ အသက်ကိုပင်စွန့်၍ ခဲခဲယဉ်းယဉ်း အားထုတ်သနည်းဟု မေးမြန်းတော်မူသည်တွင် ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားပြီးနောက်၊ “ဘုရားတပည့်တော်သည် ယနေ့ပင် ပရိနိဗ္ဗာန် စံရပါတော့မည်၊ ဘုရားတပည့်တော်၏ အလောင်းတင် ကြာကလာပ်သည် ဆွမ်းဒါယကာဖြစ်သူ ဒါရုဘဏ္ဍကတိဿလက်နှင့် လာ၍ မချီမမပဲ မလှုပ်မရှား တည်နေပါစေ၊ သူ့လက်နှင့် ချီမမှ ကြွပါစေ”ဟု အဓိဋ္ဌာန်ပြုပြီးလျှင် ထိုနေ့ပင် ပရိနိဗ္ဗာန် စံလွန်တော်မူလေ၏။

     ထိုအခါ ကာကဝဏ္ဏတိဿ ဘုရင်မင်းမြတ်သည် လာပြီးလျှင် ကြာကလာပ်မှာ အလောင်းကိုတင်၍ လောင်တိုက်ရှိရာသို့ ယူဆောင်စေသည်တွင် လှုပ်ရှား၍မရအောင် ရှိနေသဖြင့် အကြောင်းကို မေးမြန်းသိရှိသောအခါမှ ဒါရုဘဏ္ဍကတိဿကို ခေါ်စေပြီးလျှင် မြတ်သော အဆင်တန်းဆာတို့ကို ဝတ်ဆင်စေ၍ ကြာကလာပ်ကို အချီအမ ခိုင်းတော်မူလေ၏။ ဒါရုဘဏ္ဍကတိဿလက်ဖြင့် ချီမ၍ ဦးခေါင်းထက်သို့ တင်လိုက်သောအခါ ကြာကလာပ်သည် ကောင်းကင်သို့ ကြွတက်ကာ လောင်တိုက်သို့ ရောက်သွားကြောင်း အကျယ်ဖွင့်ပြ ရေးသားထားတော်မူသည်။



(ဋူ)

     ဤဒါရုဘဏ္ဍကတိဿ၏ မိမိရင်သွေး သမီးကလေးကို ရွေးနုတ်ရန် ခြောက်လတိုင်တိုင် အပင်ပန်းခံ၍ရှာဖွေမှ ရခဲ့သော ငွေဆယ့်နှစ်ကျပ်ကို မတွန့်မတို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လှူဒါန်းနိုင်ခြင်းသည် အလွန်တရာ ပြုနိုင်ခဲသော ဒါနဖြစ်၍ ဒုက္ကရဒါနမည်၏။

     ဤအတူ ဓမ္မပဒအဋ္ဌကထာ ဆယ်ခုမြောက် ဒဏ္ဍဝဂ် ဆယ့်တစ်ခုမြောက်ဖြစ်သော သုခသာမဏေရဝတ္ထုတွင် သုခသာမဏေအလောင်းသည် သူဆင်းရဲဖြစ်စဉ်အခါ ဂန္ဓသူဌေးကြီး၏ မွန်မြတ်လှစွာသော ထမင်းတနပ်စာကို စားလိုသည့်အတွက် သုံးနှစ်တိုင်တိုင် အခစားလုပ်မှ ကျွေးနိုင်မည်ဟု ဂန္ဓသူဌေးကြီး ပြောသဖြင့် သုံးနှစ်တိုင်တိုင် အခစားလုပ်၍ ထမင်းတနပ်စာကို ရရှိကာ စားတော့မည့်ဆဲဆဲတွင် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ကြွလာတော်မူသဖြင့် အလွန်တရာ စားချင်လှ၍ သုံးနှစ်တိုင်တိုင် စွန့်စွန့်စားစား အားထုတ်လုပ်ကိုင်မှရသော ထမင်းတနပ်စာကို မတွန့်မတို လှူဒါန်းလိုက်ခြင်းသည်၎င်း (ဝတ္ထုအကျယ်ကို ဓမ္မပဒ၌ ကြည့်ရှုရာ၏။)

     ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်တွင် ဥမ္မာဒန္တီအလောင်း သူဆင်းရဲမကလေးသည် သုံးနှစ် အခစားလုပ်မှ ရရှိသည့် ဝတ်ပန်းဆိုးသော အဝတ်ကို ဝမ်းသာအားရ ဝတ်တော့မည့်ဆဲဆဲတွင် လူဆိုးများ သင်္ကန်းကို အလုခံရသော ကဿပမြတ်စွာဘုရား၏ တပည့်ရဟန်းနှင့်တွေ့ကာ မိမိ အလွန်တရာ ဝတ်ချင်လှစွာသော အဝတ်ကို မဝတ်ပဲ ရဟန်းအား လှူဒါန်းလိုက်ခြင်းများသည်၎င်း ဒုက္ကရဒါနပင် ဖြစ်သည်။

     အကြီးအကျယ် အံ့ဩလောက်အောင် လှူဒါန်းခြင်းဒါနသည်ကား မဟာဒါနမည်၏။ သီရိဓမ္မာသောကမင်းကြီး၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အား ပူဇော်လှူဒါန်းပွဲကြီးသည် အလွန်တရာ ကြီးကျယ်သော မဟာဒါနကြီးပင် ဖြစ်၏၊ ထို့ကြောင့်ပင်-

“ဤ ဘုရားသာသနာတော်မှာ ပစ္စည်းအများအပြား လှူဒါန်းရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာပင် အသင်မင်းကြီးနှင့်တူသော ပစ္စည်းလေးပါးဒါယကာ မရှိ၊ အသင်မင်းကြီး၏ အလှူဒါနသည်သာ အကြီးကျယ်ဆုံး ဖြစ်သည်”–

ဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ် မိန့်ကြားတော်မူခဲ့ပေသည်။

ဤ သီရိဓမ္မာသောကမင်းကြီး၏ အလှူမှာ ပစ္စည်းလှူသော ဒါယကာတို့တွင် အသာဆုံး အကြီးကျယ်ဆုံးဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်



(ဋေ)

ဟောတော်မူအပ်သော်လည်း မည်သူနှင့်မျှ အရှုံးအနိုင် ယှဉ်ပြိုင်ရသည်မဟုဘ်၊ မိမိအလိုအတိုင်း ပြုလုပ်ခြင်းသာဖြစ်၍ သဒိသ အသဒိသ သဘောကို ထုတ်ဖော်ပြောဆိုရန် မလို။ ရှေး၌ ပြခဲ့ပြီးသော ပသေနဒီကောသလမင်းကြီး၏ အလှူမှာ ပြည်သူလူထုနှင့် ယှဉ်ပြိုင်တုပ ပြုလုပ်ကြသောအရာဖြစ်၍ အသဒိသဟူသော အမည်ကို ရရှိသည်ဟု မှတ်ယူအပ်၏။

     ပြုလုပ်ရန် ခဲယဉ်းသည်လည်း မဟုတ်၊ ကြီးကျယ် များပြားလှသည်ဟု ပြောဆိုဖွယ်ရာလည်း မရှိသော အလှူဟူသမျှသည် သာမညဒါနချည်းသာ ဖြစ်၏။

     ထိုမှတပါးလည်း ဝိနယ ပရိဝါရပါဠိတော်နှင့် ထိုအဋ္ဌကထာ (ဧကုတ္တရိကနယအဖွင့်)တွင်-

(၁) သံဃာတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း သံဃာတော်အားသာ လှူဒါန်းခြင်း၊

(၂) စေတီတော်အား လှူဒါန်းမည်ဟု နှုတ်မြွက် ညွတ်ကိုင်းပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း စေဘီတော်အား လှူဒါန်းခြင်း၊

(၃) ပုဂ္ဂိုလ်တပါးပါးအား လှူဒါန်းမည်ဟု နှုတ်မြွက် ညွတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာ လှူဒါန်းခြင်း-

ဟူ၍ ဓမ္မိကဒါန သုံးပါးရှိကြောင်း ဟောပြ ဖွင့်ဆိုထားသည်။ (တရားသဖြင့် လှူဒါန်းအပ်သောဒါန၊ သို့မဟုတ် တရားနှင့် ညီညွတ် သင့်လျော်သော ဒါနဟု ဆိုလိုသည်။)

(ဤ ဓမ္မိကဒါနသုံးပါးအကြောင်းကို နောက်မှ အဓမ္မိကဒါန ကိုးပါးနှင့် တွဲစပ်၍ ပြဆိုမည်။)

သုံးပါးတွဲ ဒါနစု ပြီး၏။

**********



(ဋဲ)

ငါးပါးတွဲ ဒါနစု

     သဘောရင်းအားဖြင့် ဒါနသည် လေးပါးရှိသည်ဟူ၍ ကျမ်းဂန်တို့၌ တိုက်ရိုက် အပြအဆို မရှိကြ။ ရှေးက ဝတ္ထုဒါနအရာတွင် ပြဆိုခဲ့သည့်အတိုင်း ဝိနည်းဒေသနာတော်အလို ပစ္စည်းလေးပါးရှိသဖြင့် ဒါနလေးပါး ရှိသည်ကို ဤအရာ၌ ပြဆိုလိုက..

၁။ စီဝရဒါန = အဝတ်သင်္ကန်း လှူဒါန်းခြင်း၊

၂။ ပိဏ္ဍပါတဒါန = ဆွမ်းခဲဖွယ်ဘောဇဉ် လှူဒါန်းခြင်း၊

၃။ သေနာသနဒါန = ကျောင်း အိပ်ရာ နေရာ လှူဒါန်းခြင်း၊

၄။ ဘေသဇ္ဇဒါန = ဆေးပစ္စည်း လှူဒါန်းခြင်း-

ဟူ၍ လေးပါးစု ဒါနအဖြစ်ဖြင့် ပြဆိုသင့်ပေ၏။

     ထိုမှတပါးလည်း ဒက္ခိဏာဝိသုဒ္ဓိ = (အလှူ၏ စင်ကြယ်ခြင်း) လေးပါးကို စွဲ၍-

၁။ လှူသူ သီလရှိ၍ ခံယူသူ သီလမရှိသော ဒါန၊

၂။ ခံယူသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန၊

၃။ လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလမရှိသော ဒါန၊

၄။ လှူသူ ခံယူသူ နှစ်ဦးလုံးပင် သီလရှိသော ဒါန-

ဟူ၍ ဒါနလေးပါး တနည်းအားဖြင့် မှတ်သားသင့်ပေ၏။

     ငါးပါးစုအားဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် သုမနဝဂ် (၆) ကာလဒါနသုတ်၌-

၁။ ဧည့်သည် အာဂန္တုအား လှူဒါန်းခြင်း၊

၂။ ခရီးထွက်မည့် ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

၃။ မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊

၄။ ငတ်မွတ် ခေါင်းပါးသောအခါ လှူဒါန်းခြင်း၊

၅။ လုပ်ကိုင်ရရှိသော ကောက်ပဲသီးနှံတို့မှ ဦးဦးဖျားဖျားကို သီလဝန္တပုဂ္ဂိုလ်များအား လှူဒါန်းခြင်း-

အားဖြင့် ကာလဒါန ငါးပါးရှိသည်ဟု ဟောတော်မူ၏၊ (အချိန်အခါနှင့်လျော်စွာ လှူဒါန်းအပ်သော ဒါနငါးပါးဟု ဆိုလိုသည်။)



(ဋော)

     ဤကာလဒါန ငါးပါးတွင် ငါးခုမြောက်ဖြစ်သော ဒါနမှာ မိမိတို့ရရှိသော ကောက်ပဲသီးနှံကို လှူဒါန်းခြင်းဟူ၍ ဟောတော်မူခြင်းမှာ တောင်သူလယ်သမားများအတွက် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။ တောင်သူလယ်သမား မဟုတ်သူတို့မှာလည်း မိမိဆိုင်ရာ အလုပ်အကိုင်မှ ရရှိလာသော ပစ္စည်းဦးဦးဖျားဖျားကို လှူဒါန်းခြင်းသည်လည်း သဘောအတူတူပင် ဖြစ်သင့်သည်။

အသပ္ပုရိသဒါနငါးပါး

(သူတော်ကောင်းမဟုတ်သူတို့၏ လှူခြင်းငါးမျိုး)

၁။ လှူဘွယ်ဝတ္ထုကို စင်ကြယ် ကောင်းမွန်အောင် စီမံပြုပြင်ခြင်းမရှိပဲ လှူဒါန်းခြင်း၊

၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုမရှိပဲ လှူဒါန်းခြင်း (လှူဘွယ်ဝတ္ထုကို ဂရုမစိုက် စိတ်၌မထားပဲ လှူဒါန်းခြင်း)၊

၃။ မိမိကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းသင့်ပါလျက် ကိုင်တွယ်၍ မလှူဒါန်းခြင်း (ပါယာသိမင်းကဲ့သို့ ကိုယ့်ပစ္စည်းကို ကိုယ်တိုင်မလှူ ဥတ္တရလုင်တို့ကဲ့သို့ အစေအပါးတို့ကို လှူစေခြင်း)၊

၄။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းကိုကဲ့သို့ လှူဒါန်းခြင်း၊

၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လာလိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ မရှိပဲ လှူဒါန်းခြင်း၊

သပ္ပုရိသဒါနငါးပါး

(သူတော်ကောင်းတို့၏ လှူခြင်းငါးမျိုး)

၁။ လှူဘွယ်ဝတ္ထုကို စင်ကြယ် ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း၊

၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဘွယ်ဝတ္ထုကို- ဂရုတစိုက် စိတ်၌ထား၍ လှူဒါန်းခြင်း)၊

၃။ မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတခွင်၌ လက်ခြေကိုမရသည့် ဘဝကား များလှပြီ၊ လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘဝဝယ် ရသောလက်ဖြင့် ဘဝမှ လွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင် ကိုင်တွယ်၍ လှူဒါန်းခြင်း)၊



(ဋော်)

၄။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးကိုကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း၊

၅။ ဤ လှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာပညာ ရှေ့သွားပြု၍ လှူဒါန်းခြင်း၊

     (ဤဆိုအပ်ပြီးသော အသပ္ပုရိသဒါန ငါးပါး၊ သပ္ပုရိသဒါန ငါးပါးတို့ကို အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် တိကဏ္ဍကဝဂ် ခုနှစ်ခုမြောက်သုတ်၌ ဟောတော်မူအပ်သည်။)

တနည်း သပ္ပုရိသဒါနငါးပါး

၁။ ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၊

၂။ လှူဘွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာပြုလုပ်၍ လှူဒါန်းခြင်း၊

၃။ အချိန်အခါနှင့် သင့်လျော်စွာ လှူဒါန်းခြင်း၊ သင့်လျော် လျောက်ပတ်သောအချိန်၌ လှူဒါန်းခြင်း (ဆွမ်းလှူသင့်သော အချိန်၌ ဆွမ်းကိုလှူခြင်း၊ သင်္ကန်းလှူသင့်သော အချိန်၌ သင်္ကန်းကို လှူခြင်းစသည်)

၄။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း၊

၅။ မိမိဂုဏ်ကို၎င်း သူတပါးဂုဏ်ကို၎င်း အစွန်းအငြိ အထိအခိုက် မရှိစေပဲ လှူဒါန်းခြင်း။

     ထိုဒါနငါးပါးကို အစဉ်အတိုင်း (၁) သဒ္ဓါဒါန၊ (၂) သက္ကစ္စဒါန၊ (၃) ကာလဒါန၊ (၄) အနုဂ္ဂဟဒါန၊ (၅) အနုပဃာတဒါနဟု မှတ်ထားပြီးလျှင်၊ ထိုငါးပါးလုံးကြောင့်ပင် ကြွယ်ဝချမ်းသာ ဥစ္စာစီးပွါး များပြားခြင်း အကျိုးကို ရနိုင်သည့် ပြင်၊ (၁) သဒ္ဓါဒါနကြောင့် အဆင်းလှခြင်း၊ (၂) သက္ကစ္စဒါနကြောင့် အခြွေအရံ ပရိသတ်များ မိမိ၏စကားကို လိုက်နာခြင်း၊ (၃) ကာလဒါနကြောင့် လိုအပ်သော အချိန်ကာလဝယ် လိုအပ်သော အကျိုးတရားတို့ကို များစွာရနိုင်ခြင်း၊ (၄) အနုဂ္ဂဟဒါနကြောင့် ရရှိသောစည်းစိမ် မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒရှိခြင်း သုံးဆောင်ရခြင်း၊ (၅)အနုပဃာတဒါနကြောင့် ရရှိသော စည်းစိမ်တို့ကို ရန်သူမျိုးငါးပါးတို့ အထိအပါး မခံရခြင်းတည်းဟူသော အကျိုးထူးအသီးသီးကို ရရှိနိုင်ကြောင်း အထူးမှတ်ယူရာ၏။



(ဋံ)

     အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် တိကဏ္ဍကဝဂ် ရှစ်ခုမြောက်သုတ်၌ ဤတနည်း သပ္ပုရိသဒါနကို ဟောတော်မူသည်။ ထို သပ္ပုရိသဒါန ငါးမျိုးကို ပြောင်းပြန်လှန်လိုက်လျှင် တနည်း အသပ္ပုရိသဒါန ငါးမျိုးဖြစ်နိုင်၏။ ပါဠိတော်၌ တိုက်ရိုက်အားဖြင့် ပြောင်းပြန်လှန်၍ ဟောထားချက် မရှိသော်လည်း ဖြစ်သင့်သမျှ ပြောင်းပြန်လှန်၍ယူသော်..

၁။ ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားမရှိပဲ အတုအပမျှ (သို့မဟုတ်) အကဲ့ရဲ့လွတ်ရုံမျှ လှူဒါန်းခြင်း အသဒ္ဓိယဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အင်္ဂါ အဆင်း မပြည့်စုံပဲ ရှိတတ်သည်။)

၂။ လှူဘွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းစွာမပြုပဲ ဖြစ်ကတတ်ဆန်း လှူဒါန်းခြင်း အသက္ကစ္စဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း အခြွေအရံ ပရိသတ်များ မိမိစကားကို မလိုက်နာပဲ ရှိတတ်သည်။)

၃။ အချိန်အခါမဟုတ်ပဲ လှူဒါန်းခြင်း အကာလဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း လိုအပ်သော အချိန်အခါ၌ လိုအပ်သော အကျိုးတရားတို့ကို များများမရနိုင်ပဲ ရှိတတ်သည်။

၄။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ် မရှိပဲ ဝတ်ကျေတမ်းကုန် လှူဒါန်းခြင်း အနနုဂ္ဂဟဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရှိပါသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်ရန် စိတ်ဆန္ဒမရှိ၊ မသုံးဆောင်ရပဲ ရှိတတ်သည်။)

၅။ မိမိဂုဏ်ကိုဖြစ်စေ သူတပါးဂုဏ်ကိုဖြစ်စေ စွန်းငြိထိပါး၍ လှူဒါန်းခြင်း ဥပဃာတဒါန၊ (ဤဒါနကြောင့် စည်းစိမ်ဥစ္စာ ရပါသော်လည်း ရန်သူမျိုးငါးပါးတို့ ဖျက်ဆီး၍ ပျက်စီးတတ်သည်။)

     ဤကဲ့သို့ အသပ္ပုရိသဒါန ငါးမျိုးရှိသည်ဟု မှတ်ယူနိုင်၏။ ဤ သပ္ပုရိသဒါန အသပ္ပုရိသဒါနတို့၌လာသော ကာလဒါန, အကာလဒါနတို့ကို ထောက်ထား၍ စေတနာကောင်းဖြင့်ပင် ဖြစ်သော်လည်း မြတ်စွာဘုရားမှာ နေ့အခါ ဆီမီးညှိထွန်း ပူဇော်ခြင်း မွန်းလွဲပြီးနောက် ခဲဖွယ်ဘောဇဉ် တင်လှူခြင်း စသည်တို့ကို မပြုမိအောင် သတိဆောင်ရာ၏။

     လူတို့က ကုသိုလ်ကောင်းမှုဟု သတ်မှတ် သမုတ်အပ်သော်လည်း စင်စစ်မှာ အကုသိုလ် မကောင်းမှုသာ ဖြစ်နေသော ဒါနတို့သည်..



(ဋား)

(၁) မဇ္ဇဒါန = သေအရက် အလှူ။

(၂) သမဇ္ဇဒါန = ပွဲသဘင် အလှူ

(၃) ဣတ္ထိဒါန = မည်သူမဆို အလိုရှိသောသူများ သွားလာကြရန် ပြည့်တန်ဆာမများကို ငှါးထားသောအလှူ၊

(၄) ဥသဘ ဒါန = နွားမများရှိရာသို့ နွားသိုးကို အလိုရှိသလို မြူးထူးပျော်ပါးရန် လွှတ်ပေးခြင်း အလှူ၊

(၅) စိတ္တကမ္မဒါန = မသင့်မလျော်သော ရုပ်ပုံများကို ရေးသား လှူဒါန်းခြင်းအလှူ–

အားဖြင့် ငါးပါးရှိသည်ဟု ဝိနည်း ပရိဝါပါဠိတော်၌ ဟောကြားတော်မူအပ်သည်။

     ဤငါးပါးကို လှူရာ၌ မကောင်းမှု အကုသိုလ်သာ ဖြစ်သည်ဟု ဟောကြားခြင်းမှာ ဤငါးမျိုးကိုလှူဒါန်းရာ၌ စိတ်စေတနာကောင်း ထားနိုင်ဖွယ်ရာ မရှိသောကြောင့်ပင် ဖြစ်၏။ လူများ၏ အထင်ကမူ.. ဘိန်းပြတ်၍ သေတော့မည်ဆဲဆဲဖြစ်နေသော ဘိန်းသမားကို တွေ့လျှင် “ဤသူသည် ဘိန်းမစားရက သေမည် ဧကန်ဖြစ်သောကြောင့် မသေရအောင် သူ၏အသက်ကို ငါဆက်၍ ပေးမည်”ဟု သဘောထားကာ ဘိန်းခွံ့၍ပေးလိုက်လျှင် ဇီဝိတဒါနကုသိုလ် ဖြစ်သည်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ်မှာ ကုသိုလ်မဖြစ်နိုင်၊ အကြောင်းကား ဤမစားသင့်သောဘိန်းကို စားစေလိုခြင်းသည် ကုသိုလ်စိတ်မဟုတ်၊ အကုသိုလ်စိတ်သာ ဖြစ်သောကြောင့်တည်း၊ အရက်စသည်တို့၌လည်း ဤနည်းအတိုင်း မှတ်ယူရာ၏။

     ဝေဿန္တရာဇာတ်တော်၌ အလောင်းတော် ဝေဿန္တရာမင်းကြီးသည် မဟာဒါနကြီးကို ပေးလှူရန် ဒါနဝတ္ထု ခင်းကျင်း စီစဉ်ထားရာတွင် သေအရက်ကိုပင် ပါဝင်စေသည်ဟု အဋ္ဌကထာ၌ ပြဆို၏။

     ဤအချက်၌ မလှူကောင်းသော အရက်ကို ဝေဿန္တရာမင်းကြီး လှူဘွယ်ဝတ္ထု ခင်းကျင်းရာ၌ ထည့်ထားခြင်းသည် သေသောက်ကြူး (အရက်သမား)တို့ သောက်စားစေလိုသော စိတ်ဆန္ဒ လုံးဝမရှိ၊ သောက်စေလိုသော စိတ်ကသာလျှင် အကုသိုလ်ဖြစ်သည်၊ ဝေဿန္တရာမင်းကြီးကမူကား သောက်စားစေလိုသောစိတ် အလျဉ်းမရှိပဲ သူ၏အလှူကြီးထဲမှာ သေအရက် လှူဘွယ်ဝတ္ထုမပါဟု သူတပါးက ပြောဆို စွပ်စွဲခြင်းမှ ကင်းလွတ်စေခြင်းငှါ ထည့်သွင်းထားခြင်း ဖြစ်သည်ဟု အကြောင်းပြကြ၏။



(ဌ)

     သေချာစွာ စိစစ်ပါလျှင် ဝေဿန္တရာမင်းကြီးကဲ့သို့သော ပုဂ္ဂိုလ်မြတ်ကြီးသည် မစွပ်စွဲထိုက်ပဲ သူတပါးတို့က စွပ်စွဲမည်ကို ကြောက်ရွံ့ စိုးရိမ်လိမ့်မည် မဟုတ်ပေ။ စင်စစ်မှာ သေအရက်ကို သောက်မှသာ အပြစ်ရှိသည်။ မသောက်ပဲ ဆေးအဖြစ်ဖြင့် အပြင်အပက လိမ်းခြင်းစသည် သုံးသင့်သုံးထိုက်သော နည်းဖြင့် အသုံးပြုက အကုသိုလ် မဖြစ်နိုင်ပေ။ ဤကဲ့သို့ အကုသိုလ် မဖြစ်နိုင်သည့် အပြင်အပက လိမ်းခြင်းစသော ကိစ္စအတွက် အလိုရှိသောသူများအား လှူဒါန်းလိုခြင်းကြောင့် ထည့်သွင်းထားခြင်း ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။

     သမဇ္ဇဒါနစသော နောက်လေးပါးတို့မှာကား မည်သည့်နည်းနှင့်မျှ စေတနာကောင်းထား၍ မဖြစ်နိုင်သော ဒါနများသာ ဖြစ်သည်။

မဟာဒါန ငါးပါး

အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် (၄) ဒါနဝဂ်၊ နဝမသုတ်၌၊ ၊ပဉ္စိမာနိ ဘိက္ခဝေ ဒါနာနိ မဟာဒါနာနိ..ဟူသော စကားကို အစချီ၍ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးဟူ၍ အကျယ် ဟောကြားတော်မူ၏။

ဤပါဠိတော်ကြီး၌ ငါးပါးသီလကိုပင် မဟာဒါနကြီး ငါးပါးအဖြစ် အကျယ် ဟောထားသည့်အတွက် “သီလကိုပင် ဒါနခေါ်သည်”ဟု မမှတ်ယူအပ်၊ မြတ်စွာဘုရားကလည်း ဒါနနှင့် သီလ- တရားကိုယ်မပြား တသားတည်းအနေဖြင့် ဟောတော်မူလိုသည် မဟုတ်။ သီလဟူသည် ကိုယ်နှုတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းခြင်းဖြစ်၍ ဒါနဟူသည်မှာကား တစုံတရာကို ပေးစွန့်ခြင်းဖြစ်သည်။ ထို့ကြောင့် သီလကိုပင် ဒါနခေါ်သည်ဟု မမှတ်ယူအပ်။ စင်စစ်သော်ကား.. ပါဏာတိပါတဝိရတီ သိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့်ပြည့်စုံလျှင် ထိုသီလရှိသော သူတော်ကောင်းသည် သတ္တဝါတို့ကို သတ်ဖြတ်ခြင်းအမှု မပြုလုပ်တော့ပဲ အဘယဒါန = သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကို ပေးသည်မည်၏။ ဤနည်းအတိုင်း “သိက္ခာပုဒ် ငါးပါးလုံးကို စောင့်ထိန်းလိုက်သဖြင့် သတ္တဝါတို့အား ဘေးကင်းစေခြင်းအမှုကိုပေးလျှင် သီလအရင်းခံရှိသော ဒါနကိစ္စ ပါဝင်ပြီးစီးသွားသောကြောင့် သီလငါးပါးကို မဟာဒါနငါးပါးဟု မြတ်စွာဘုရား ဟောတော်မူသည်ကို အထူးသတိချပ် သိမှတ်ရာ၏။

ငါးပါးတွဲ ဒါနစု ပြီး၏။

**********



(ဌာ)

ဒါနသည် သဘောရင်းအားဖြင့် လေးပါးအပြားရှိကြောင်းကို ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိ၊ ထိုသို့ မရှိသော်လည်း ဝိနည်းပရိယာယ်အားဖြင့် ပစ္စည်းလေးပါးကိုစွဲ၍ သင်္ကန်းအလှူ ဆွမ်းအလှူ ကျောင်းအလှူ ဆေးအလှူဟူ၍ လေးပါး၊ ဒက္ခိဏာဝိသုဒ္ဓိလေးမျိုးကို စွဲ၍ ဒါယကာကသာ သီလရှိ၍ အလှူခံသူက သီလမရှိသော ဒါန၊ အလှူခံသူကသာ သီလရှိ၍ ဒါယကာက သီလမရှိသောဒါန၊ နှစ်ဦးလုံး သီလမရှိသောဒါန၊ နှစ်ဦးလုံး သီလရှိသောဒါနဟု လေးပါး ပြဆိုသင့်သကဲ့သို့…၊

သဘောရင်းအားဖြင့် ခြောက်ပါး အပြားရှိကြောင်းကို ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိသော်လည်း အဘိဓမ္မာ ပရိယာယ်အားဖြင့် အာရုံခြောက်ပါးကို စွဲ၍ ထိုအာရုံခြောက်ပါးကို ဒါနဝတ္ထုပြုကာ ရူပဒါန= အဆင်းအလှူ၊ သဒ္ဒဒါန= အသံအလှူ၊ စသည်ဖြင့် ခြောက်မျိုးရှိကြောင်းကို အဋ္ဌသာလိနီ အဋ္ဌကထာ (ဆဋ္ဌမူ စာမျက်နှာ ၁၁၉ စသည်)၌ အကျယ်တဝင့် ဖွင့်ပြထားသည်။

ဤနည်းအတူ ခုနစ်ပါး အပြားရှိကြောင်းကိုလည်း ပါဠိတော်တိုက်ရိုက် ဟောပြခြင်းမရှိသော်လည်း ရှေးကပြခဲ့ပြီးသည့် သံဃိကဒါ နခုနစ်ပါးကိုပင် ခုနစ်ပါးစု ဒါနအဖြစ်ဖြင့် ပြဆိုလိုက ပြဆိုသင့်ပေသည်။ (ရှေးက ပြခဲ့ပြီးဖြစ်၍ ဤ၌ မပြတော့ပြီ။)

ရှစ်ပါးတွဲ ဒါနစု

     အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် လေးခုမြောက် (၄) ဒါနဝဂ်၊ ပဌမသုတ်၌ ဒါနရှစ်ပါးရှိကြောင်းကို ဟောကြားတော်မူသည်။ ရှစ်ပါးဟူသော်ကား..

၁။ အလှူခံရောက်လာလျှင် ကြန့်ကြာ၍မနေစေပဲ အရေးတယူ လှူဒါန်းခြင်း၊

၂။ အကဲ့ရဲ့ခံရမည်ကို၎င်း အပါယ်သို့ ကျရောက်မည်ကို၎င်း ကြောက်၍ လှူဒါန်းခြင်း၊

၃။ မိမိအား ရှေးက ပေးကမ်းဘူးသောသူဟူ၍ မိမိက လှူဒါန်းခြင်း၊

၄။ ဤပုဂ္ဂိုလ်သည် ယခု ငါကပေးလှူလိုက်လျှင် နောက်အခါ ငါ့အား ပြန်၍ပေးလှူလိမ့်မည်ဟု ရည်ရွယ် လှူဒါန်းခြင်း၊

၅။ လှူဒါန်းခြင်းဟူသည် ကောင်းသော အလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊



(ဌိ)

၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော ပုဂ္ဂိုလ်အား မလှူဒါန်းပဲ စားသုံးခြင်းငှါ မသင့်ပေဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊

၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသော ဂုဏ်သတင်း ကျော်စောသံ လွှမ်းမိုးပြန့်နှံ့ သွားလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊

၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်နိုင်ရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်းဆာ ဖြစ်ဘို့ရန် ရည်ရွယ် လှူဒါန်းခြင်း-

ဤရှစ်ပါးတို့တည်း။

ထိုရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏၊ အကြောင်းမှာ ဤနောက်ဆုံး ဒါနသည် သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ကိုရကြောင်း သမထ ဝိပဿနာတို့အား ကျေးဇူးများသော ဒါနထူး ဖြစ်သောကြောင့်တည်း။ ရှေ့ဒါန ခုနစ်ပါးတို့မှာ ဤကဲ့သို့ သမထဝိပဿနာ ဘာဝနာစိတ်ကို အားပေးအားမြှောက် မပြုနိုင်ကြ။ ထိုမပြုနိုင်ကြသည့် ဒါနထဲတွင်လည်း (၁) အမှတ် ဒါနနှင့် (၅) အမှတ်ဒါန နှစ်ပါးတို့သည် မြတ်သောဒါနပင် ဖြစ်၏ (ပဏီတဒါနဟု ဆိုလိုသည်)။ (၇) အမှတ်ဒါနမှာ အညံ့စား ဟီနဒါနဖြစ်၍၊ (၂) (၃) (၄) (၆) အမှတ် ဒါနတို့မှာ အလယ်အလတ် မဇ္ဈိမဒါနစုသာ ဖြစ်၏။

     ဒါနနှင့်စပ်၍ ရှေးကပြခဲ့ပြီးသော ပုညဝိသယဒါန လောကဝိသယဒါန နှစ်ပါးရှိရာတွင် ယခုဖော်ပြအပ်သော ဒါနရှစ်ပါး၌ ဖြစ်သင့်သည်အားလျော်စွာ လောကဝိသယ ပုညဝိသယအားဖြင့် ခွဲခြား သိမှတ်သင့်ပေသည်။ မှတ်ယူပုံမှာ… (၁) အမှတ် (၅) အမှတ် (၈) အမှတ် ဒါနတို့သည် ပုညဝိသယဒါနမျိုးဖြစ်၍၊ ကျန်သော ငါးပါးတို့မှာ လောကဝိသယဒါနတို့သာ ဖြစ်သင့်ပေသည်။

တနည်းကား..

၁။ ချစ်ခင်လိုလားသဖြင့် ပေးခြင်း၊

၂။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့် ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း၊

၃၊ အကြောင်းအကျိုးမသိပဲ မိုက်မဲတွေဝေ၍ ပေးခြင်း၊



(ဌီ)

၄။ အများကဲ့ရဲ့မည်ကို ကြောက်၍၎င်း၊ အပါယ်ကျမည်ကို ကြောက်၍၎င်း၊ အလှူခံက တစုံတရာ ရန်ပြုမည်ကို ကြောက်၍၎င်း ပေးခြင်း၊

၅။ ငါ၏ မိဖဖိုးဖွားများ အဆက်ဆက်ကပင် ပေးကမ်း လှူဒါန်းခြင်းအမှု ပြုခဲ့သည်၊ ဤမိဖ ဖိုးဖွားတို့၏ အနွယ်အဆက် ပဝေဏီကို ယုတ်လျော့ခြင်းငှါ မထိုက်ဟု ပေးခြင်း၊

၆။ ဤအလှူကို လှူ၍ သေလွန်သည့်နောက် နတ်ပြည်သို့ရောက်ရန်ကို ရည်သန်၍ ပေးခြင်း၊

၇။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည် ကြည်လင်လိမ့်မည် နှစ်သက် ရွှင်လန်းလိမ့်မည်ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မျှော်ရှု၍ ပေးခြင်း၊

၈၊ သမထ ဝိပဿနာ အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်နိုင်ရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်းဆာ အသုံးအဆောင် ဖြစ်ဘို့ရန် ရည်သန်၍ပေးခြင်း-

ဟူ၍ အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် (၄) ဒါနဝဂ်၊ တတိယသုတ်၌ ဟောတော်မူသည်။

ဤရှစ်ပါးတို့တွင်လည်း ရှစ်ခုမြောက် ဒါနသာ အမြတ်ဆုံးဖြစ်၍၊ အမှတ်(၆)နှင့် အမှတ်(၇) ဒါနတို့မှာ သင့်လျော် မြင့်မြတ်သော ဒါနဖြစ်ကာ ပုညဝိသယဒါနစု ဖြစ်သည်။ ကျန်သော ဒါနငါးမျိုးတို့မှာ အညံ့စားဖြစ်၍ လောကဝိသယ ဒါနစုသာဖြစ်၏။

တနည်းကား-

     ထို (၄) ဒါနဝဂ်- ပဉ္စမသုတ်၌ ဒါနူပပတ္တိတရား ရှစ်ပါးရှိကြောင်းကို အကျယ် ဟောကြားတော်မူသည်။ ဒါနူပပတ္တိဟူသော ပါဠိမှာ “အလှူကြောင့် နောက်အခါရရှိမည့် ဘဝပဋိသန္ဓေ”ဟူ၍ အဓိပ္ပါယ်ရရှိသည်၊ နောက်အခါရရှိမည့် ဘဝပဋိသန္ဓေ ရှစ်မျိုးကိုစွဲ၍ အလှူဒါနကို ရှစ်မျိုးခွဲထားခြင်းဖြစ်၏။ ခွဲထားပုံအကျဉ်းကား..

၁။ လူ့ပြည်၌ ကြွယ်ဝချမ်းသာသော သူများကိုမြင်၍ ထိုသူကဲ့သို့ ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် လူချမ်းသာ ဖြစ်ရသည်လည်း တပါး၊



(ဌု)

၂။ စတုမဟာရာဇ် နတ်များသည် တန်းခိုးစည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထို စတုမဟာရာဇ် နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၃။ တာဝတိံသာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုတာဝတိံသာ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် တာဝတိံသာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၄။ ယာမာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုယာမာနတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ယာမာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၅။ တုသိတာနတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုတုသိတာနတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် တုသိတာနတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၆၊ နိမ္မာနရတိ နတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုနိမ္မာနရတိ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် နိမ္မာနရတိ နတ်ပြည်၌ ဖြစ်ရသည်လည်းတပါး၊

၇။ ပရနိမ္မိတဝသဝတ္တီ နတ်များသည် တန်းခိုး စည်းစိမ်ချမ်းသာ ကြီးမား များပြား၏ဟု ကြားသိရသဖြင့် ထိုပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ဖြစ်ရန် ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ ဖြစ်ရသည်လည်း တပါး၊

၈။ ဗြဟ္မာများသည် အသက်လည်း ရှည်၏၊ အဆင်းလည်း လှ၏၊ ချမ်းသာလည်း များ၏ဟု ကြားသိရသဖြင့် ထိုဗြဟ္မာပြည်၌ဖြစ်ရန်



(ဌူ)

ဆုတောင်းပန်ထွာပြုကာ အလှူပေး၍ သီလနှင့်လည်း ပြည့်စုံသည့်အတွက် ဆုတောင်းသည့်အတိုင်း သေလွန်သည့်နောက် ဗြဟ္မာဘုံ၌ ဖြစ်ရသည်လည်း တပါး၊

(ဤ (၈)အမှတ်ဒါန၌ ဒါနသက်သက်ဖြင့်ပင် ဗြဟ္မာအဖြစ်ကို ရနိုင်သကဲ့သို့ ဟောထားသော်လည်း စင်စစ်မှာ ဒါနသက်သက်ဖြင့်ကား ဗြဟ္မာအဖြစ်ကို မရနိုင်၊ ပြဆိုခဲ့ပြီးသော ရှစ်ပါးတွဲဒါန နှစ်စုမှာ ပါဝင်သည့် ရှစ်ခုမြောက်ဖြစ်သော ဒါနမျိုးဖြင့် နူးညံ့သော စိတ်ရှိသည်ဖြစ်၍ ဗြဟ္မဝိဟာရတရားတို့ကို ပွါးများပြီးလျှင် ဗြဟ္မာပြည်၌ ဖြစ်နိုင်သည်ကို စွဲ၍ ဟောကြားထားခြင်းဖြစ်သည်။)

ထိုမှတပါးလည်း..

     ထိုဒါနဝဂ် ခုနစ်ခုမြောက်သောသုတ်၌ သပ္ပုရိသဒါန ရှစ်ပါးကို ဟောကြားတော်မူသည်၊ ရှစ်ပါးဟူသည်..

၁။ သန့်ရှင်းစင်ကြယ် တင့်တယ်လှပအောင်ပြု၍ လှူဒါန်းခြင်း၊

၂။ မွန်မြတ်သောအရာကို လှူဒါန်းခြင်း၊

၃။ သင့်လျော် လျောက်ပတ်သော အခါ၌ လှူဒါန်းခြင်း၊

၄။ အလှူခံတို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း၊

၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဘွယ်ဝတ္ထုကို ရွေးချယ်စိစစ်ပြီး လှူဒါန်းခြင်း၊ (ဝိစေယျဒါန)။

(ဤ ဝိစေယျဒါန၌ အလှူခံကို ရွေးချယ်ခြင်း၊ လှူဘွယ်ဝတ္ထုကို ရွေးချယ်ခြင်းဟူ၍ ရွေးချယ်ခြင်း နှစ်မျိုးရှိသည်။ ထိုတွင် လုံးဝ သီလမရှိသော ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍ သီလစသော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော သာသနာတွင်းသား အလှူခံများအား လှူဒါန်းခြင်းသည် အလှူခံကို ရွေးချယ် လှူဒါန်းခြင်း မည်၏။ မိမိ၌ ကောင်းကောင်းဆိုးဆိုး လှူဘွယ်ဝတ္ထု နှစ်မျိုးရှိနေရာဝယ် ယုတ်ညံ့သော လှူဘွယ်ကို ပယ်ရှား၍ ကောင်းနိုးရာရာ လှူဘွယ်ဝတ္ထုကို လှူဒါန်းခြင်းသည် ဝတ္ထုကို ရွေးချယ်လှူဒါန်းခြင်း မည်၏။)

၆။ မိမိ စွမ်းနိုင်သမျှ မပြတ်မလပ် လှူဒါန်းခြင်း၊

၇။ လှူဒါန်းစဉ်အခါ စိတ်ကို ကြည်လင်စေ၍ လှူဒါန်းခြင်း၊

၈။ လှူဒါန်းပြီးနောက် ဝမ်းမြောက်စွာ စိတ်ထားနိုင်ခြင်း-

ဤရှစ်ပါးတို့ပင်တည်း။



(ဌေ)

     ဤအရာ၌ အသပ္ပုရိသဒါနဟူ၍ သီးခြားဆက်ကာ မဟောအပ်သော်လည်း ဟောအပ်သည့် သပ္ပုရိသဒါန ရှစ်ပါးကို ပြောင်းပြန် ပြန်လှန်လိုက်လျှင် အသပ္ပုရိသဒါန ရှစ်ပါး ရနိုင်၏၊ ရရှိနိုင်သည့် ရှစ်ပါးကား..

၁။ မစင်မကြယ် မဖွယ်မရာ လှူဒါန်းခြင်း၊

၂။ အညံ့စားများကိုသာ လှူဒါန်းခြင်း၊

၃။ သင့်လျော်သည့်အခါ မဟုတ်ပဲ လှူဒါန်းခြင်း၊

၄။ အလှူခံတို့နှင့် မအပ်စပ်သော ပစ္စည်းကို လှူဒါန်းခြင်း၊

၅။ အလှူခံပုဂ္ဂိုလ်နှင့် လှူဘွယ်ကို မရွေးချယ်ပဲ လှူဒါန်းခြင်း၊

၆။ စွမ်းနိုင်ပါလျက် စွမ်းနိုင်သမျှ မလှူပဲ ပြတ်တောင်း ပြတ်တောင်း လှူဒါန်းခြင်း၊

၇။ လှူစဉ်အခါ စိတ်မကြည်လင်ပဲ လှူဒါန်းခြင်း၊

၈။ လှူပြီးသည့်နောက် စိတ်မနှစ်လို တွန့်တိုနေခြင်း၊

ဤရှစ်ပါးတို့တည်း။

ရှစ်ပါးတွဲ ဒါနစု ပြီး၏။

**********

ကိုးပါးတွဲ ဒါနစု

     ဝိနည်း ပရိဝါရပါဠိတော်မှာ (နဝ အဓမ္မိကာနိ ဒါနာနိဟူ၍) အဓမ္မိကဒါန ကိုးပါးရှိကြောင်း ဟောကြားတော်မူသည်ကို အဋ္ဌကထာ၌၊ ၊နဝ အဓမ္မိကာနိ ဒါနာနီတိ သံဃဿ ပရိဏတံ အညသံဃဿ ဝါ စေတိယဿ ဝါ ပုဂ္ဂလဿ ဝါ ပရိဏာမေတိ.. အစရှိသည်ဖြင့်-

၁။ သံဃာတော်အား ညွတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ကိုင်းရင်း သံဃာမှတပါး အခြားသော သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၂။ (သို့မဟုတ်) စေတီတော်အား ညွှတ်ကိုင်းစေခြင်း၊

၃။ (သို့မဟုတ်) ပုဂ္ဂိုလ်တပါးပါးအား ညွတ်ကိုင်းစေခြင်း၊

၄။ စေတီတော်အား ညွှတ်ကိုင်းထားပြီးသော လာဘ်ကို ညွတ်ကိုင်းရင်း စေတီတော်မှတပါး အခြားစေတီ တဆူဆူအား ညွတ်ကိုင်းစေခြင်း၊



(ဌဲ)

၅။ (သို့မဟုတ်) သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၆။ (သို့မဟုတ်) ပုဂ္ဂိုလ်တပါးပါးအား ညွတ်ကိုင်းစေခြင်း၊

၇။ ပုဂ္ဂိုလ်အား ညွတ်ကိုင်းထားပြီးသော လာဘ်ကို ထိုညွတ်ကိုင်းရင်း ပုဂ္ဂိုလ်မှတပါး အခြားပုဂ္ဂိုလ် တဦးဦးအား ညွက်ကိုင်းစေခြင်း၊

၈။ (သို့မဟုတ်) သံဃာတော်အား ညွတ်ကိုင်းစေခြင်း၊

၉။ (သို့မဟုတ်) စေတီတော်အား ညွတ်ကိုင်းစေခြင်း-

ဟူ၍ ကိုးပါးသရုပ်ကို ဖွင့်ပြတော်မူသည်။

     ဤ၌ (ပရိဏတံဟူသော ပါဠိအရ) ညွတ်ကိုင်းပြီးသော လာဘ်ဟူသည် သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ လှူကုန်အံ့ ဆောက်လုပ်ကုန်အံ့ဟု နှုတ်မြွက် ဝန်ခံပြီးသော ပစ္စည်းလေးပါး အသုံးအဆောင် လာဘ်လာဘများကို ဆိုလိုသည်။

     ဤ အဓမ္မိကဒါနကိုးပါး ဟောကြားရခြင်း၏ အကြောင်းရင်းဝတ္ထုကို သတိပြုရာ၏၊ ထိုဝတ္ထုကား ဝိနည်းပါဠိတော် ပါရာဇိကကဏ္ဍပါဠိနှင့် ပါစိတ္တိယပါဠိတို့၌ လာရှိသည်။ လာရှိပုံမှာ..

     မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်အတွင်း အသင်းအဖွဲ့တခုက “သံဃာတော်အား ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကိုပါ လှူကုန်အံ့”ဟု တိုင်ပင်ညီညွတ်စကား ပြောကြားပြီးလျှင် သံဃာတော်အတွက် (နှစ်စဉ် လှူမြဲဝတ်အတိုင်း) လှူဒါန်းရန် သင်္ကန်းရော ဆွမ်းပါ ပြင်ဆင်ထားလေသည်။

     ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းရှိရာသို့ သွားရောက်၍ မိမိတို့အား ထိုသင်္ကန်းများကို လှူဒါန်းရန် အတင်းအကြပ် မငြင်းမဆန်နိုင်အောင် ပြောဆို အလှူခံသဖြင့် သင်္ကန်းများကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူ၍ သံဃာတော်အားမူ ဆွမ်းကိုသာ လှူကြတော့သည်။

     ထိုအကြောင်းကို ရဟန်းတော်များသိရှိ၍ ကဲ့ရဲ့ရှုတ်ချစကား ပြောကြားပြီးလျှင် မြတ်စွာဘုရားအား လျှောက်ထားသောဝတ္ထု၌၊ ၊အကြင်ရဟန်းသည် သံဃာတော်အား လှူအံ့ဟု နှုတ်မြွက်ပြောဆိုပြီး ညွတ်ပြီးသော လာဘ်ကို သိလျက် မိမိအား ညွတ်စေငြားအံ့၊ နိဿဂ္ဂိယ = (ထိုလာဘ်ကို စွန့်ရသည့် ဝိနည်းကံ အလုပ်ပိုတခုပါ ပြုလုပ်ရသည့်) ပါစိတ်အာပတ်သင့်စေ.. ဟု သိက္ခာပုဒ် ပညတ်တော်မူလေသည်။



(ဌော)

     ဤသိက္ခာပုဒ်ကို အကျယ်ဝေဘန်၍ ဟောတော်မူရာ ပဒဘာဇနီ၌- သံဃာအား ညွတ်ပြီး (လှူအံ့ဟု နှုတ်မြွက်ပြီး)သော လာဘ်မှန်းသိလျက် မိမိအား ညွတ်စေ၍ ရလျှင် နိဿဂ္ဂိယ ပါစိတ်အာပတ်သင့်စေ၊ တပါးသော သံဃာအားသော်၎င်း စေတီအားသော်၎င်း ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေ၊ စေတီတော်အား ညွတ်ပြီးသော လာဘ်မှန်းသိလျက် တပါးသော စေတီအားဖြစ်စေ သံဃာအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေ၊ ပုဂ္ဂိုလ်တပါးအား ညွတ်ပြီးသော လာဘ်မှန်းသိလျက် တခြားပုဂ္ဂိုလ်အားဖြစ်စေ သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ညွတ်စေလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ခွဲခြမ်း၍ ဟောတော်မူသည်။

     ဤအကြောင်းရင်း ၀တ္ထုကိုပါ ထုတ်ပြရေးသားရခြင်းမှာ အလှူပွဲစား ကြားသမားတို့ ဝင်ရောက်စွက်ဖက် လှောက်လှက်ခြင်းကြောင့် အလှူ့ရှင်ပုဂ္ဂိုလ်၏ အလှူမှာ အဓမ္မိကဒါန မကောင်းသောအမည်ကို ရပုံအကြောင်း ထင်ရှားစေလို၍ ဖြစ်သည်။ မှန်၏... သံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ဤဝတ္ထုကို ပေးလှူအံ့ဟူ၍ အလှူရှင်က နှုတ်မြွက်ဆိုပြီးဖြစ်လျှင် ထိုဝတ္ထုသည် နှုတ်မြွက် ပြောကြားခံရသော သံဃာ စေတီ ပုဂ္ဂိုလ်တို့၏ ဥစ္စာ တဝက်တပြက် ဖြစ်လေပြီ။ ထိုသို့ သံဃာ စေတီ ပုဂ္ဂိုလ်တို့အား ညွတ်ပြီးမှန်းသိလျက် အလှူပွဲစား ကြားသမားတို့ (ဆဗ္ဗဂ္ဂီရဟန်းများလို) မတရား ဝင်ရောက်စွက်ဖက် လျှောက်လှက်ပြောဆို ညွတ်ရင်းဖြစ်သည့် သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းရန် ညွတ်စေသဖြင့် ထိုကြားသမားတို့၏ စကားအတိုင်း အလှူရှင်က လိုက်နာ၍ မိမိညွတ်ကိုင်းရင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းသောအခါ ထိုဒါနသည် အလှူပွဲစား ကြားသမားတို့ မတရား ဝင်ရောက်စွက်ဖက် အလှောက်အလှက် ခံရသဖြင့် အဓမ္မိကဒါန ဖြစ်ရတော့သည်။

     ယင်းသို့ အလှူပွဲစား ကြားသမားတို့ မတရား ဝင်ရောက်စွက်ဖက် လှောက်လှက်ပြောဆိုသဖြင့် ညွတ်ကိုင်းရင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းအပ်သော အဓမ္မိကဒါနကိုးပါးကို ခံယူခြင်းကိုးမျိုးကိုလည်း အဓမ္မိကပဋိဂ္ဂဟ ကိုးပါးဟူ၍ ဟောတော်မူ၏။ ထိုကိုးပါးကို သုံးစွဲခြင်းကိုးမျိုးကိုလည်း အဓမ္မိကပရိဘောဂ ကိုးမျိုးဟူ၍ ဟောတော်မူ၏။

     အလှူပွဲစား ကြားသမားတို့ မတရားသက်သက် စွက်ဖက်ပြောဆို ညွတ်ကိုင်းစေခြင်း၊ ထိုသို့ ညွတ်ကိုင်းစေသဖြင့် ညွတ်ကိုင်းတိုင်း သံဃာ စေတီ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ စေတီ ပုဂ္ဂိုလ်အား လှူဒါန်းခြင်းကို အဓမ္မိကဒါနဟု ခေါ်ဆိုရသော်လည်း တရားသဖြင့် ညွတ်ကိုင်းရင်းမှတပါး



(ဌော်)

အခြားသို့ ညွတ်စေခြင်းကို၎င်း၊ အလှူရှင်ကိုယ်တိုင်က အသိမှန်ရ၍ မူလညွတ်ကိုင်းရင်းမှ အခြားတပါးသို့ ပြောင်းရွှေ့လှူဒါန်းခြင်းကို၎င်း အဓမ္မိကဟု မဆိုသာပေ။ ထို့ကြောင့်ပင်..

     မြတ်စွာဘုရားသည် ကိုယ်တော်မြတ်အား လှူအံ့ဟု နှုတ်မြွက်ညွတ်ကိုင်း၍ ရက်လုပ်လာသော မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအသစ်စုံကို သံဃာအား လှူဒါန်းရန် မိန့်ဆိုတော်မူသည်။ အပြစ်ရှိ၍ အဓမ္မိကဖြစ်မည်မှန်က မြတ်စွာဘုရား မိန့်ကြားတော်မူမည် မဟုတ်ပေ။ ပသေနဒီ ကောသလမင်းကြီးသည်လည်း ရှေ့ပိုင်း၌ တိတ္ထိတို့ထံမှ အသပြာတသိန်း တံစိုးစား၍ ဇေတဝန်ကျောင်းတိုက်၏ အနီးအပါး၌ တိတ္ထိဆရာကြီးများ၏ ကျောင်းအရာမ်ဆောက်လုပ်ရန် ခွင့်ပေး၍ တိတ္ထိတပည့်များ ကျောင်းဆောက်ရန် သစ်ဝါးများကို ချသောအခါ မြတ်စွာဘုရား၏ စေခိုင်းချက်အရ ပဌမ ရှင်အာနန္ဒာနှင့် သံဃာတော်များ၊ ဒုတိယ ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန်တို့ နန်းတော်သို့ (တားမြစ်ရန်) ကြွသွားသော်လည်း တံစိုးစားထားသဖြင့် ကောသလ မင်းကြီး အတွေ့မခံဝံ့ပဲရှိခဲ့ရာ၊ နောက်နေ့၌ ဘုရားကိုယ်တိုင်ကြွ၍ ဒုကနိပါတ် တော်လာ ဘရုဇာတ်ကို ဟောကြားသဖြင့် မင်းကြီး အမြင်မှန်ရပြီးလျှင် မူလပေးရင်း မြေနှင့်တကွ သစ်ဝါးများကိုပါ မင်းဘဏ္ဍာအဖြစ် သိမ်းယူ၍ ထိုနေရာ၌ အရာမ်ကျောင်းတိုက်တခု တည်ဆောက်ကာ မြတ်စွာဘုရားအား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်သည် ပသေနဒီကောသလမင်း၏ ကောင်းမှုဖြစ်သောကြောင့် ရာဇကာရာမ= (မင်းကျောင်း)တိုက်ဟု တွင်ခဲ့လေသည်။ ထို ပသေနဒီ ကောသလမင်းကြီး၏ ရာဇကာရာမ ကျောင်းတိုက်ကို မြတ်စွာဘုရားအား လှူဒါန်းရာ၌ အဓမ္မိကဒါနဖြစ်လျှင် မြတ်စွာဘုရားသည် ခံတော်မူမည် မဟုတ်ပေ။

     ထိုမှတပါးလည်း သံဃဂုဏ်တော် ကိုးပါးတွင် ပါဝင်သည့် ပါဟုနေယျဂုဏ်တော်ကိုလည်း အထောက်အထား ပြုရာ၏၊ မိမိထံသို့ ရောက်လာမည့် ဧည့်သည် အာဂန္တုတို့အတွက် ပြုလုပ်စီမံထားသော ပစ္စည်းကို ပါဟုနဟူ၍ ခေါ်သည်။ အရိယာ သံဃာတော်များနှင့် တွေ့ကြုံသောအခါ မိမိညွတ်ကိုင်း ရည်ရွယ်ထားရင်းဖြစ်သော အာဂန္တုများကို ဖယ်ထားပြီးလျှင် အရိယာ သံဃာတော်အားသာ ထိုပစ္စည်းစုကို လှူဒါန်းခြင်းငှါ ထိုက်၏။ အရိယာ သံဃာတော်များကလည်း အလှူခံထိုက်၏။ အလှူခံပြီး သုံးဆောင်ခြင်းငှါလည်း ထိုက်၏။ ဤသို့ အလှူခံထိုက်ခြင်းကို ပါဟုနေယျဂုဏ်တော်ဟု ခေါ်သည်။

     အကယ်၍ အလှူ့ရှင်သဘောအတိုင်း (ကြားပွဲစားတို့ မတရားဝင်ရှုပ်ခြင်း မရှိပဲ) မိမိပစ္စည်းကို မူလညွတ်ကိုင်းရင်းမှ ပြောင်းရွှေ့ လှူဒါန်းခြင်းသည်



(ဌံ)

မတရားဖြစ်ခဲ့ပါလျှင် ဧည့်သည်အာဂန္တုတို့အတွက် ရည်ရွယ် ညွတ်ကိုင်းထားသော ပစ္စည်းကို အရိယာ သံဃာတော်အား လှူဒါန်းထိုက်ကြောင်း လှူဒါန်းသည်ကို ခံထိုက်ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူမည် မဟုတ်ချေ။

ဓမ္မိကဒါန သုံးပါး

၁။ သံဃာတော်အား ညွတ်ကိုင်းပြီးသည်ကို ထိုညွတ်ကိုင်းတိုင်း သံဃာတော်အားသာလျှင် လှူဒါန်းခြင်း၊

၂။ စေတီတော်အား ညွတ်ကိုင်းပြီးသော လာဘ်ကို ထိုညွတ်ကိုင်းရင်း စေတီတော်အားသာလျှင် လှူဒါန်းခြင်း၊

၃။ ပုဂ္ဂိုလ်တဦးဦးအား ညွတ်ကိုင်းပြီး (လှူအံ့ဟု နှုတ်မြွက်ပြီး)သော လာဘ်ကို ထိုညွတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာလျှင် လှူဒါန်းခြင်း-

ဤသုံးပါးကို ဓမ္မိကဒါနသုံးပါးဟူ၍ ဟောတော်မူသည်။

     ဤအဓမ္မိကဒါန ကိုးပါး၊ ဓမ္မိကဒါန သုံးပါးတို့ကို အဋ္ဌကထာဆရာတော် (ဝိနည်းပရိဝါရ အဋ္ဌကထာ၌) ဖွင့်ပြရာဝယ် အဓမ္မိကဒါနကို၊ ၊သံဃဿ ပရိဏတံ အညသံဃဿ ဝါ စေတိယဿ ဝါ ပုဂ္ဂလဿ ဝါ ပရိဏာမေတိ... သံဃာအား ညွတ်ပြီးသော လာဘ်ကို အခြားသံဃာအားဖြစ်စေ စေတီအားဖြစ်စေ ပုဂ္ဂိုလ်အားဖြစ်စေ ညွတ်ကိုင်းစေခြင်း… စသည်ကိုသာ ဖွင့်ပြသည်။ ညွတ်ကိုင်းစေခြင်း ဟူသည်လည်း အလှူရှင်၏ အလုပ်ကိစ္စကြိယာ မဟုတ်၊ အလှူပွဲစား ကြားသမားတို့၏ မတရား ဝင်ရောက်စွက်ဖက် လှောက်လှက်၍ ရွှေ့ပြောင်းလှူရန် စီမံပြောဆိုခြင်း အလုပ်ကိစ္စကြိယာ ဖြစ်သည်။ ထို့ကြောင့် အဓမ္မိကဒါန ဖြစ်ရခြင်းမှာ အလှူပွဲစား (ဆဗ္ဗဂ္ဂီရဟန်းများကဲ့သို့) ကြားသမားတို့ မတရားစွက်ဖက် လှောက်လှက်၍ ရွှေ့ပြောင်းလှူရန် စီမံပြောဆိုခြင်းကြောင့်သာ ဖြစ်ရသည်ဟု ယုံကြည်စွာ မှတ်ယူအပ်ပေ၏။

ကိုးပါးတွဲ ဒါနစု ပြီး၏။

**********

     ဆယ်ပါးတွဲ ဒါနစုမှာလည်း လေးပါးစု ခြောက်ပါးစု ခုနစ်ပါးစုတို့ကဲ့သို့ ဒါန၏ သဘောရင်းအားဖြင့် ဆယ်ပါးရှိသည်ဟု ပါဠိတော်၌ တိုက်ရိုက်အဟော မရှိ၊ သုတ္တန်နည်းအားဖြင့် အလှူများ၍ ထင်ရှားသော ဒါနဝတ္ထု ဆယ်မျိုးရှိသည်ကို အစွဲပြုကာ သုတ္တန်နည်းအလို ဒါနဆယ်ပါးကို အဋ္ဌကထာဆရာတော် ဖွင့်ပြခြင်းဖြစ်သည်။ ထို့အတူ ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်လာ ပုဂ္ဂလိကဒါန တဆယ့်လေး (၁၄)ပါးကို စွဲ၍ ဒါန (၁၄)ပါး ခွဲခြားပြဆိုလိုက ပြဆိုသင့်ပေ၏။

ဒါနအပြား ပြီး၏။

**********



(ဌား)

၅။ “ထိုဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းကား အဘယ်နည်း”

၆။ “ထိုဒါန၏ အာနုဘော် ဆုတ်ယုတ်ကြောင်းကား အဘယ်နည်း”

ဟူသော မေးမြန်းစိစစ်ချက်တို့အရ-

     ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းနှင့် အာနုဘော် ဆုတ်ယုတ်ကြောင်းတို့ကို ရှေးဦးစွာ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ လေးခုမြောက် ဒေဝတာဝဂ်၊ ခုနစ်ခုမြောက် ဒါနသုတ်ကိုထောက်၍ သိရာ၏။ ထိုသုတ်မှာ..

     မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာလာ ဥပါသိကာ ဒါယိကာမက အဂ္ဂသာဝကနှစ်ပါး အမှူးရှိသော ရဟန်းသံဃာအား အင်္ဂါခြောက်ပါးရှိသော အလှူကြီး ပေးလှူနေသည်ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် ဇေတဝန်ကျောင်းတော်မှ မြင်တော်မူ၍-

     ချစ်သားရဟန်းတို့.. ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာတာ ဥပါသိကာမသည် သာရိပုကြာ မောဂ္ဂလာန်တို့ အမှူးရှိသော ရဟန်းသံဃာအား-

၁။ မလှူမီ ရှေးအဖို့က ကြိုတင် ဝမ်းမြောက်ခြင်း၊

၂။ လှူဆဲအခါမှာ စိတ်စေတနာ ကောင်းစွာ ကြည်လင်ခြင်း၊

၃။ လှူဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိခြင်း...

တည်းဟူသော ဒါယကာဘက်က အင်္ဂါသုံးပါး၊

၁။ ရာဂကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း၊

၂။ ဒေါသကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း၊

၃။ မောဟကင်းပြီးသူ ဖြစ်ခြင်း၊ သို့မဟုတ် မောဟကင်းရန် ကျင့်ကြံ အားထုတ်နေသူ ဖြစ်ခြင်း-

တည်းဟူသော အလှူခံဘက်က အင်္ဂါသုံးပါး၊ ဤအင်္ဂါ ခြောက်ပါးနှင့် ပြည့်စုံသော အလှူကို လှူနေသည်။

     ချစ်သားရဟန်းတို့.. မဟာသမုဒြာရေကို နှိုင်းယှဉ်ချင့်တွက်၍ မရနိုင်သကဲ့သို့၊ ဤအတူ ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၏ အကျိုးကိုလည်း နှိုင်းယှဉ် ရေတွက်၍ မရနိုင်။ စင်စစ်ကား မဟာသမုဒြာ၌ရှိသော ရေအစုကို



(ဍ)

မရေမတွက်နိုင်သော ရေအစုဟုသာ (လက်လျှော့ကာ) ခေါ်ဆိုရသကဲ့သို့၊ ထို့အတူ အင်္ဂါခြောက်ပါး နှင့်ပြည့်စုံသော အလှူကိုလည်း အတိုင်းမသိအောင် အကျိုးပေးခြင်းရှိသော အလှူဟူ၍သာ ခေါ်ဆိုရသည်ဟု ဟောတော်မူသည်။ ဤပါဠိတော်အရ..

     အလှူပေးပုဂ္ဂိုလ်ဘက်မှ စေတနာသုံးတန် ထက်သန်ခြင်း၊ အလှူခံပုဂ္ဂိုလ်ဘက်မှ လောဘ ဒေါသ မောဟ ကင်းပြီးသူဖြစ်ခြင်း (သို့မဟုတ်) ကင်းငြိမ်းရန် ကျင့်ကြံနေဆဲဖြစ်ခြင်း ဤအင်္ဂါခြောက်ပါးကား ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းများ ဖြစ်သည်။ ဤအင်္ဂါများ ပြည့်စုံလျှင် ဒါနအာနုဘော် ကြီးမြင့်သည်။ ဤအင်္ဂါများ ယုတ်လျော့လျှင် ဒါနအာနုဘော် ဆုတ်ယုတ်သည်ဟု မှတ်ယူအပ်၏။

     ထိုမှတပါးလည်း ဒသကနိပါတ် ကိုးခုမြောက် မဟာဓမ္မပါလဇာတ်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းဖြစ်သော မဟာမ္မပါလ ပုဏ္ဏားကြီးကို ဒိသာပါမောက္ခ ဆရာကြီးက “သင်တို့၏ မဟာဓမ္မပါလအမျိုး၌ အဘယ့်ကြောင့် အသက်တမ်းမပြည့်ပဲ ငယ်ငယ်ရွယ်ရွယ်က သူငယ်များ မသေကြသနည်းဟု မေးမြန်းသည်ကို ဖြေကြားရာ၌-

ပုဗ္ဗေဝ ဒါနာ သုမနာ ဘဝါမ၊

ဒဒမ္ပိ ဝေ အတ္တမနာ ဘဝါမ။

ဒတွာပိ ဝေ နာနုတပ္ပါမ ပစ္ဆာ၊

တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။

ငါတို့သည် မလှူမီ ရှေးအဖို့က ကောင်းစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်၏၊ လှူဆဲမှာလည်း စင်စစ် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိကြပါကုန်၏၊ လှူပြီးသည့် နောက်မှာလည်း စင်စစ် တွန့်တိုပူပန်ခြင်း မရှိကြပါကုန်။ ဤအကြောင်းသုံးရပ်ကြောင့် ငါတို့၏ မဟာဓမ္မပါလအမျိုး၌ (အသက်တမ်းမပြည့်ပဲ) ကလေးသူငယ်များ မသေကြကုန်”..

ဟု ဖြေကြားသည်ကို ထောက်ထား၍ ဤ “စေတနာသုံးတန် ညီညွတ်ခြင်း”သည် လက်ငင်းဒိဋ္ဌ အသက်ရှည်ခြင်းဟူသော အကျိုးပေးနိုင်သည့် အာနုဘော်ရှိကြောင်းကိုလည်း သိမှတ်ရာ၏။



(ဍာ)

ထိုမှတပါးလည်း..

(၁) လှူဘွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာမှီးရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း (ပစ္စယာနံ ဓမ္မိကတာ)၊

(၂) သဒ္ဓါတရား ထက်ထက်သန်သန် စေတနာသုံးတန် ညီညွတ်၍ လှူဒါန်းခြင်း (စေတနာမဟတ္တ)၊

(၃) အလှူခံပုဂ္ဂိုလ်က ရဟန္တာ (သို့မဟုတ်) အနာဂံပုဂ္ဂိုလ်ဖြစ်ခြင်း (ဝတ္ထုသမ္ပတ္တိ)၊

(၄) ထိုအလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း (ဂုဏာတိရေကာ)-

ဤအင်္ဂါလေးပါးစုံ ညီညွတ်သော အလှူဒါနသည် ပုဏ္ဏသူဌေး, ကာက၀လိယသူဌေး, သုမနပန်းသည်တို့၏ အလှူဒါနကဲ့သို့ ထိုဘဝမှာပင် အကျိုးပေးနိုင်ကြောင်း အဋ္ဌသာလိနီအဋ္ဌကထာ ဓမ္မပဒအဋ္ဌကထာတို့၌ ဖွင့်ပြသောကြောင့် ဤအင်္ဂါလေးပါးသည်လည်း ဒါန၏ အာနုဘော်ကြီးမြင့်ကြောင်း ဖြစ်၏ဟု ယုံမှားမရှိ မှတ်ယူရာ၏။ (ထိုအင်္ဂါလေးပါးကို အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဒက္ခိဏာဝိသုဒ္ဓိလေးပါးဟု ဖွင့်ပြ၍၊ ဓမ္မပဒအဋ္ဌကထာ၌ ဒါန၏ သမ္ပဒါလေးပါးဟု ဖွင့်ပြသည်။

ထိုမှတပါးလည်း..

     ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်၌ ဒက္ခိဏာဝိသုဒ္ဓိ = (အလှူ၏ စင်ကြယ်ခြင်း) လေးပါးကို ဟောကြားတော်မူသည်။ လေးပါးအရ ဟောတော်မူလိုရင်းမှာ..

(၁) အလှူခံကြောင့် မစင်ကြယ်သော်လည်း အလှူဒါယကာကြောင့် စင်ကြယ်သော ဒါနတမျိုး၊

(အလှူခံက ဒုဿီလပုဂ္ဂိုလ် ဖြစ်သော်တည်း အလှူဒါယကာက သီလရှိ၍ တရားသဖြင့်ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းသဒ္ဓါတရား လက်ရှိထား၍ လှူပါမူ ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏။ အကျိုးကြီးနိုင်၏ဟု ဆိုလိုသည်။)



(ဍိ)

(၂) ဒါယကာကြောင့် မစင်ကြယ်သော်လည်း အလှူခံကြောင့် စင်ကြယ်သော ဒါနတမျိုး၊

(ဒုဿီလဒါယကာက မတရားသဖြင့် ရအပ်သောပစ္စည်းကို စေတနာသုံးတန် မထက်သန် ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ လှူစေကာမူ၊ အလှူခံပုဂ္ဂိုလ်က သီလနှင့် ပြည့်စုံပါလျှင် ထိုအလှူသည် အလှူခံကြောင့် စင်ကြယ်၏၊ အကျိုးကြီးနိုင်၏ဟု ဆိုလိုသည်။)

(၃) ဒါယကာကြောင့်လည်း မစင်ကြယ် အလှူခံကြောင့်လည်း မစင်ကြယ်သော ဒါနတမျိုး၊

(ဒုဿီလဖြစ်သူ ဒါယကာက ဒုဿီလဖြစ်သော အလှူခံအား မတရားသဖြင့်ရအပ်သော ပစ္စည်းကို စေတနာသုံးတန် မထက်မသန် ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ လှူဒါန်းလျှင် ထိုအလှူသည် လယ်မြေညံ့၌ မျိုးစေ့အညံ့ကို စိုက်ပျိုးမိသကဲ့သို့ အကျိုးမကြီးမြင့်သောဒါန ဖြစ်ရတော့သည်ဟု ဆိုလိုသည်။)

(၄) ဒါယကာကြောင့်လည်း စင်ကြယ် အလှူခံကြောင့်လည်း စင်ကြယ်သော ဒါနတမျိုး၊

(သီလရှိသော အလှူခံအား သီလရှိသော ဒါယကာက ဓမ္မိယလဒ္ဓပစ္စည်းကို စေတနာသုံးတန် ထက်ထက်သန်သန်နှင့် ကံ-ကံ၏အကျိုးကို ယုံကြည်၍ လှူဒါန်းလျှင် ထိုအလှူသည် လယ်မြေကောင်း၌ မျိုးစေ့ကောင်းကို စိုက်ပျိုးမိသကဲ့သို့ အကျိုးကြီးမြင့်သော ဒါနဖြစ်သည်ဟု ဆိုလိုသည်။)

     ဤလေးချက်တွင် တတိယအချက်မှာ စင်ကြယ်ခြင်းမပါ မစင်ကြယ်ခြင်း (အကျိုး မဖွံ့ဖြိုးခြင်း) သက်သက်သာ ဖြစ်သော်လည်း ရှေ့နောက် စင်ကြယ်ခြင်းတို့အကြားမှာ ယှဉ်ဖက်တွဲဖက် အနေအားဖြင့် ကျရောက်သောကြောင့် စင်ကြယ်ခြင်း အရေအတွက်၌ပင် ထည့်သွင်းပြီးလျှင် ဝိသုဒ္ဓိလေးပါး (စင်ကြယ်ခြင်းလေးပါး)ဟု ဟောကြားတော်မူသည်။

     ဤ ဒက္ခိဏာဝိသုဒ္ဓိလေးပါး ဟောကြားတော်မူပုံကို ထောက်ဆ၍ ဒါနအရာ၌-

၁။ အလှူဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊

၂။ အလှူခံပုဂ္ဂိုလ်ကလည်း ထို့အတူ ဖြစ်ခြင်း၊

၃။ လှူဘွယ်ဝတ္ထုကလည်း ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊



(ဍီ)

၄။ စေတနာသုံးတန် ထက်သန်ခြင်း

၅။ ကံ-ကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါတရားရှိခြင်း-

ဤအင်္ဂါငါးပါးသည် ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်းများ ဖြစ်သည်။

     ဤအင်္ဂါငါးပါးနှင့် ပြည့်စုံက ဒါန၏ အာနုဘော်ကြီးမြင့်၍၊ အင်္ဂါယုတ်လျော့လျှင် ဒါန၏အာနုဘော် ဆုတ်ယုတ်သည်ဟု မှတ်ယူရာ၏။

သဒ္ဓါတရားနှင့်စပ်၍ မှတ်ဖွယ်

     ဤဆိုအပ်ပြီးသော ဒါန၏ အာနုဘော်ကြီးမြင့်ကြောင်း အင်္ဂါငါးပါးတို့တွင် (၅) အမှတ်ပြ ကံ-ကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါတရားကို နားလည်ဖို့ အရေးကြီးသည်။ သဒ္ဓါဟူသော စကားကို ယုံကြည်ခြင်းဟု မြန်မာဘာသာ ပြန်ဆိုရ၏၊ သဒ္ဒါရင်းအတိုင်း အနက်မြန်မာ ပြန်ဆိုလျှင် “ကောင်းစွာ ဆောင်တတ် ထားတတ်သော တရား”ဟူ၍ အနက်မြန်မာ ပြန်ဆိုရပေမည်၊ အလွန်ကြည်လင်၍ အနည် (အနယ်)ထိုင်နေသော ရေသည် လရိပ် နေရိပ် အစရှိသည်ကို မိမိ၌ ဆောင်ထားနိုင်သကဲ့သို့၊ ဤသဒ္ဓါတရားမှာလည်း ကိလေသာ မြူအညစ်အကြေး ကင်းစင်သဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော်အစရှိသော အာရုံများကို မိမိ၌ ကောင်းစွာ ဆောင်ထားသကဲ့သို့ ဖြစ်သည်။

     လောက ဥပမာအားဖြင့် လူတို့မှာ လက်မရှိလျှင် ရတနာတို့ကို မြင်သော်လည်း မကောက်ယူနိုင်သကဲ့သို့၎င်း၊ ဥစ္စာမရှိလျှင် အသုံးအဆောင်အမျိုးမျိုး မပြည့်စုံနိုင်သကဲ့သို့၎င်း၊ မျိုးစေ့မရှိလျှင် ကောက်ပဲစသည် မပြည့်စုံနိုင်သကဲ့သို့၎င်း၊ ထို့အတူ သဒ္ဓါတရားမရှိလျှင် ဒါန သီလ ဘာဝနာ အစရှိသော ကောင်းမှုရတနာတို့ကို မကောက်ယူနိုင်၊ လူ နတ် နိဗ္ဗာန် စည်းစိမ်တို့ကို မရနိုင် မပြည့်စုံနိုင်သောကြောင့် ဤသဒ္ဓါတရားကို လက်နှင့်တူ၏ ဟူ၍၎င်း၊ ဥစ္စာနှင့်တူ၏ ဟူ၍၎င်း၊ မျိုးစေ့နှင့်တူ၏ ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်။

     ဤသဒ္ဓါတရားသည် စကြာမင်းကြီး၏ ပတ္တမြားရတနာနှင့် တူကြောင်း မိလိန္ဒပဉှာပါဠိတော် အဋ္ဌသာလိနီအဋ္ဌကထာစသော ကျမ်းဂန်တို့၌ လာရှိသည်။ စကြာမင်းကြီး၏ ပတ္တမြားရတနာသည် မည်မျှလောက် နောက်ကျုနေသောရေ ဖြစ်စေကာမူ ရေထဲသို့ ထည့်လိုက်က ထိုရေနောက်ကို လက်ငင်း ခဏခြင်း ကြည်လင်သွားစေနိုင်သကဲ့သို့ စိတ်၌ရှိသော ကိလေသာ အညစ်အကြေး ဟူသမျှကို သဒ္ဓါတရားသည် လက်ငင်း ခဏခြင်း ပယ်ရှား၍ ကြည်လင်သွားစေနိုင်သည်။ သဒ္ဓါတရားဖြစ်နေလျှင် သောကစသော ညစ်ညူးမှု တစုံတရာ မဝင်နိုင်ဟု ဆိုလိုသည်။



(ဍု)

သို့ဖြစ်၍- ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်စွာဘုရားကို အာရုံပြုကာ မည်မျှလောက်ကြာအောင် ငါ၏စိတ်အစဉ်မှာ ကြည်လင်ခြင်း ဖြစ်ဘူးသနည်းဟု အဖန်ဖန် စဉ်းစားလျှင် ဘုရားကို အာရုံပြု၍ စိတ်ညစ်ညူးခြင်း တစုံတရာမရှိပဲ ကြည်လင်သောသဘောသာ ပေါ်ပေါက်နိုင်သည်ကို ရရှိရန် ခဲယဉ်းကြောင်း သိသာပေလိမ့်မည်။

အလွတ်သာမညအခါကို မဆိုထားဘိ၊ ဘုရားရှိခိုးနေခိုက်မှာပင် အခြားအာရုံမဝင်ပဲ ဘုရားကိုသာ အာရုံပြု၍ ကြည်လင်သော သဘောသက်သက် ငါးမိနစ်ခန့်ကြာအောင် ဖြစ်နေလျှင် ငါ့မှာ သဒ္ဓါတရား ငါးမိနစ်ခန့် ဖြစ်သည်ဟု မှတ်ယူရာ၏၊ အချိန်ကြာမြင့်စွာ အစဉ်မပြတ် ဖြစ်အောင်လည်း လေ့လာရာ၏။

ဒါနအရာမှာ ကံကို ယုံကြည်ခြင်းဟု ဆိုရာ၌ “ငါ ယခုလှူဒါန်းသဖြင့် ဥစ္စာ မည်ရွေ့မည်မျှ ကုန်သွားမည်၊ သို့သော် အချည်းနှီး ကုန်သွားခြင်းမဟုတ်၊ ကုန်သွားသော ဥစ္စာထက် အဆပေါင်းများစွာ အဖိုးထိုက်တန်သော ဒါနကံ စေတနာတရား ငါ့မှာ ဖြစ်သည်၊ ဥစ္စာကို ရန်သူမျိုးငါးပါးတို့ ဖျက်ဆီးနိုင်သော်လည်း ဒါနကံ စေတနာကို ဘယ်ရန်သူမျှ မဖျက်ဆီးနိုင်၊ ဤဒါနကံ စေတနာသာ သံသရာတလျှောက် နိဗ္ဗာန်ရောက်အောင် ငါ့နောက်က လိုက်ပါလိမ့်မည်”ဟု စိတ်ကို ကြည်ကြည်လင်လင်ကြီး ထားနိုင်ခြင်းကို “ကံကို ယုံကြည်သည်”ဟု ခေါ်သည်။

“ဤကံကြောင့် သံသရာတလျှောက် ကောင်းကျိုးတရားတို့ကို ရနိုင်သည်၊ တစုံတရာမျှ ယုံမှားဖွယ်မရှိ”ဟု ကံ၏အကျိုးကို စဉ်းစားပြန်လျှင်လည်း အလွန်ကြည်လင်သောသဘော ပေါ်ပေါက်လာသည်ကို လက်တွေ့ဖြစ်လိမ့်မည်။ ဤသို့ ကံ၏အကျိုးကို စဉ်းစား၍ ကိုယ်တွေ့ဖြစ်သော အလွန်ကြည်လင်မှုသဘောကို “ကံ၏အကျိုးကို ယုံကြည်ခြင်း”ဟု ခေါ်သည်။

     ပြဆိုအပ်ပြီးသည့်အတိုင်း ကံကိုဖြစ်စေ ကံ၏အကျိုးကိုဖြစ်စေ အာရုံပြုကာ စိတ်၏ ကြည်လင်ခြင်းတရား ထင်ရှား ပေါ်ပေါက်၍ ငါးခုမြောက် ဒါန၏ အာနုဘော် ကြီးမြင့်ကြောင်း တရားနှင့်ပြည့်စုံရန် သတိပြုရာ၏။

ဒါနပါရမီခဏ်း ပြီး၏။

**********