မဟာဗုဒ္ဓဝင်/အခန်း- ၃၈

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၃၈

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

(ပဉ္စမတွဲ)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓရတနာ

အခဏ်း-၃၈

မြတ်ဘုရားရှင်၏ မိဖဟောင်း

သာကေတပုဏ္ဏားကြီး ဇနီးမောင်နှံအကြောင်း

     အခါတပါး မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၌ ဝါကပ်ဆိုတော်မူပြီးနောက် ကိုယ်တော်၏ ကျန်းမာရေးကို ပြည့်စုံစေခြင်း, မဖြစ်သေးသော သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း, ကျွတ်ထိုက်သော သတ္တဝါတို့အား ဆုံးမတော်မူခြင်း, ထိုထိုသို့သော အဋ္ဌုပ္ပတ္တိအလိုက် ဇာတ်တော်စသည်ကို ဟောကြားခြင်း-အစရှိသော အကြောင်းများကို စဉ်းစားဆင်ခြင်တော်မူ၍ သာဝတ္ထိပြည်မှ ဒေသစာရီ ကြွချီတော်မူခဲ့၍ အစဉ်သဖြင့် သာကေတမြို့သို့ ညချမ်းအခါ ရောက်ရှိတော်မူကာ အဉ္ဇနမည်သော တောအုပ်သို့ ဝင်တော်မူလေ၏။



     သာကေတ မြို့သူ-မြို့သားတို့သည် မြတ်စွာဘုရားရှင် ကြွလာတော်မူကြောင်း သတင်းစကား ကြားသိကြ၍ “ယခုအခါ ညဉ့်အချိန်ဖြစ်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် အခါမဟုတ်”ဟု ကြံစည်ကြကာ မြတ်စွာဘုရားရှင် အထံတော်သို့ ညဉ့်အချိန်၌ မသွားရောက်ကြပဲ နံနက်မိုးသောက် ရောက်သောအခါမှ ပန်းနံ့သာ စသည်တို့ကို လက်စွဲကုန်လျက် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ဆည်းကပ်ကြ၍ ပူဇော်ခြင်း, ရှိခိုးခြင်း, ဝမ်းမြောက်ဝမ်းသာစကား လျှောက်ထား ပြောကြားခြင်း- စသည်ကို ပြုလုပ်ကြပြီးလျှင် မြတ်စွာဘုရားရှင် ဆွမ်းခံဝင်တော်မူချိန်တိုင်အောင် ဝန်းရံ၍ တည်နေကြလေကုန်၏။

     ထို့နောက် ဆွမ်းခံချိန်ရောက်လတ်သော် မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်း ခြံရံလျက် သာကေတမြို့ အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေ၏။ ထိုသို့ မြတ်စွာဘုရား ဆွမ်းခံကြွဝင်တော်မူလာသည်ကို စီးပွါးဥစ္စာ များစွာကြွယ်ဝသော သာကေတမြို့သား ပုဏ္ဏားကြီးတယောက်သည် မြို့မှထွက်၍အလာ မြို့တံခါးဝ၌ ပက်ပင်းပါ ဖူးတွေ့ရ၍ သားဟူသောချစ်ခြင်း ပြင်းစွာဖြစ်ပြီးလျှင် “ချစ်သား.. ငါသည် ချစ်သားကို မမြင်ရသည်မှာ ကြာလှပါပြီ”ဟု ငိုကြွေးလျက် မြတ်စွာဘုရားရှင် အထံတော်သို့ ရှေးရှုလာရောက်လေ၏။

     မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. ဤသာကေတပုဏ္ဏားကြီးသည် အလိုရှိရာကို ပြုပါစေ၊ မတားမြစ်ကြလင့်”ဟု စောစီးကပင် ကြိုတင်၍ အသိပေးထားတော်မူနှင့်လေသည်။ ပုဏ္ဏားကြီးသည်လည်း သားငယ်နွားကိုချစ်သော မိခင်နွားမကြီးကဲ့သို့ လာရောက်၍ မြတ်စွာဘုရားရှင်၏ ကိုယ်တော်ကို ရှေ့,နောက်,ဝဲ,ယာ = လေးမျက်နှာမှ လှည့်လည်ပြီးလျှင် “ချစ်သား.. ချစ်သားကို မမြင်ရသည်မှာ ကြာလှလေပြီ၊ ကွဲကွာနေသည်မှာ ကြာလှလေပြီ”ဟု ပြောဆိုလျက် ပွေ့ဖက်လေ၏။ ။(အထူးအားဖြင့် ထိုပုဏ္ဏားကြီးသည် ထိုကဲ့သို့မှ မြတ်နိုးယုယမှု မပြုရလျှင် နှလုံးကွဲ၍ (=ရင်ကွဲနာနှင့်) သေလေရာ၏)။



     သာကေတ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့နှင့် အတူတကွ ကြွလာတော်မူသော ရဟန်းတို့အား အကျွန်ုပ်သည်ပင် ဆွမ်းလှူခြင်းငှါ စွမ်းနိုင်ပါသည်။ အကျွန်ုပ်အားပင် သနားချီးမြှောက်မှု ပြုတော်မူပါကုန်”ဟူ၍ လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသဖြင့် ပုဏ္ဏားကြီးပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။ သာကေတပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်၏ သပိတ်ကိုယူ၍ ရှေ့မှသွားလျက် ပုဏ္ဏေးမကြီးအထံသို့ “ငါ့သားကြီး ကြွလာပြီ၊ နေရာခင်းထားလိုက်ပါဟု လူလွှတ်၍ ပြောကြားစေလေ၏။ ပုဏ္ဏေးမကြီးသည် ပုဏ္ဏားကြီး မှာကြားလိုက်သည့်အတိုင်း ပြုလုပ်ပြီးလျှင် မြတ်စွာဘုရားရှင် ကြွလာတော်မူမည်ကို စောင့်မျှော်ရပ်တည် ကြည့်ရှုနေစဉ် မြတ်စွာဘုရားရှင်ကို လမ်းခရီးအကြား၌ပင် ဖူးမြင်ရ၍ သားဟူသောချစ်ခြင်း ပြင်းပြစွာ ဖြစ်ရှိလျက် “ချစ်သား.. ငါသည် ချစ်သားကို မမြင်ရသည်မှာ ကြာမြင့်လှလေပြီ”ဟု ပြောဆိုကာ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ပိုက်ဖက်ငိုကြွေးလျက် မိမိတို့အိမ်သို့ ပင့်ဆောင်ပြီးလျှင် ရိုသေစွာ ဆွမ်းဆက်ကပ်ကြလေ၏။ မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီးလတ်သော် သာကေတပုဏ္ဏားကြီးကိုယ်တိုင် သပိတ်တော်ကို ဖဲဆောင်ဆေးကြောမှု ပြုလေသည်။

     မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏားကြီးဇနီးမောင်နှံတို့အား သပ္ပါယဖြစ်လောက်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ပုဏ္ဏားကြီး ဇနီးမောင်နှံတို့ သောတာပန်အရိယာတို့ ဖြစ်ကြလေကုန်၏။ ထို့နောက်မှ ပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ဤသာကေတမြို့၌ သီတင်းသုံး နေထိုင်တော်မူသမျှ ကာလပတ်လုံး တပည့်ရဟန်းအပေါင်းနှင့်တကွ တပည့်တော်တို့၏အိမ်၌သာ ဆွမ်းအလှူခံတော်မူပါဘုရား”ဟု တောင်းပန်စကား လျှောက်ထားကြလေကုန်၏။



  ထိုအခါ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီးဇနီးမောင်နှံတို့.. မြတ်စွာဘုရားရှင်တို့သည် ဤသို့ သင်တို့ လျှောက်ထားကြသည့်အတိုင်း အမြဲတစေ တနေရာတည်းသို့ ဆွမ်းခံကြွရောက်ရိုး မရှိကုန်”ဟု မြစ်ပယ်စကား မိန့်ကြားတော်မူလေလျှင် ပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် အရှင်ဘုရားတို့သည် ရဟန်းအပေါင်းနှင့်တကွ ဆွမ်းခံကြွတော်မူပြီးလျှင်လည်း ဤတပည့်တော်တို့ နေအိမ်၌သာလျှင် ဆွမ်းဘုဉ်းပေးမှု ပြုတော်မူ၍ တရားဟောပြီးမှ ကျောင်းတော်သို့ ကြွတော်မူပါကုန်”ဟူ၍ တဖန် တောင်းပန် လျှောက်ထားကြပြန်၏။ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား ချီးမြှောက်တော်မူရန် တောင်းပန် လျှောက်ထားကြသည့်အတိုင်း ပြုတော်မူလေ၏။

   ထိုအချိန်မှစ၍ လူများအပေါင်းသည် ပုဏ္ဏားကြီးကို “မြတ်စွာဘုရား၏ ခမည်းတော်” ဟူ၍၎င်း, ပုဏ္ဏေးမကြီးကို “မြတ်စွာဘုရား၏ မယ်တော်”ဟူ၍၎င်း ခေါ်ဝေါ် ပြောဆိုကြလေ၏။ ထိုသာကေတပုဏ္ဏားကြီး၏ အမျိုးသည်လည်း “မြတ်စွာဘုရား၏ အမျိုး”ဟူသော အမည်ကို ရရှိလေတော့၏။

     ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ မယ်တော်, ခမည်းတော်တို့ကို (မဟာမာယာဒေဝီနှင့် သုဒ္ဓေါဒနမင်းကြီးတို့ဟူ၍) သိပါ၏။ ထိုသို့ဖြစ်ပါလျက် ဤသာကေတပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် ‘ငါသည် ဘုရားမယ်တော်, ငါသည် ဘုရားခမည်းတော်’ဟူ၍ အဘယ့်ကြောင့် ပြောဆိုကြပါသနည်း”ဟု မေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. ဤပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် ဘဝငါးရာဆက်ကာ ငါဘုရား၏ မယ်တော်, ခမည်းတော်များ ဖြစ်ခဲ့ကြပြီ၊ ဘဝငါးရာဆက်ကာ မိကြီး, ဖကြီး ဖြစ်ခဲ့ကြပြီ၊ ဘဝငါးရာဆက်ကာ ငါဘုရား၏ မိထွေး, ဖထွေး



ဖြစ်ခဲ့ကြပြီ၊ ထိုပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် ရှေး၌ဖြစ်ဘူးသော မေတ္တာအချစ်ထူးဖြင့်ပင် ပြောဆိုကြလေသည်”ဟု မိန့်တော်မူ၍—

ပုဗ္ဗေ ဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။

ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ပုဗ္ဗေ = ရှေးရှေးဘဝ ကာလများက။ သန္နိဝါသေန ဝါ = တကွမကွာ မေတ္တာယှက်ကူး အတူနေထိုင်ဘူး သောကြောင့်၎င်း။ ပစ္စုပ္ပန္နဟိတေန ဝါ = ပစ္စုပ္ပန္န ဤဘဝဝယ် အကျိုးရအောင် ရွက်ဆောင် သည်ပိုးခြင်း ကြောင့်၎င်း။ ဧဝံ = ဤသို့ပေါင်းစပ် ကြောင်းနှစ်ရပ်ကြောင့်။ ပေမံ = တဏှာပေမ, မေတ္တာပေမ နှစ်ဝအပြား အချစ်ဓာတ်တရားသည်။ ဇာယတေ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ (ကိမိဝ = အဘယ်ကဲ့သို့နည်း ဟူမူကား)။ ဥပ္ပလံ ဝါ = ကြာသည်၎င်း။ အညံ ဝါ = ကြာမှတပါး အခြား ရေ၌ဖြစ်သော ပန်းသည်၎င်း။ (ဒွေ ကာရဏာနိ = ရေနှင့်ကား ညွန် ကြောင်းနှစ်တန်တို့ကို)။ နိဿာယ = အမှီပြု၍။ ဇာယတေ ယထာ = ဖြစ်သကဲ့သို့တည်း။-

ဟူသော ဤဂါထာကိုလည်း ဟောကြားတော်မူလေ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် သာကေတမြို့၌ ချေချွတ်သင့်သော သတ္တဝါတို့ရှိသလောက် သီတင်းသုံး နေထိုင်တော်မူပြီး၍ တဖန် ဒေသစာရီ ကြွချီတော်မူလတ်သော် သာဝတ္ထိပြည်သို့ပင် ဆိုက်ရောက်တော်မူလေ၏။ ထိုသာကေတပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် ရဟန်းတော် အရှင်မြတ်တို့ထံ ဆည်းကပ်၍ သင့်လျောက်ပတ်သော တရားဒေသနာကို ကြားနာကြရသဖြင့် ကြွင်းသော အထက်မဂ်သုံးပါးတို့သို့ အစဉ်အတိုင်း ရောက်ရှိကြပြီးလျှင် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံကြလေကုန်၏။



ပုဏ္ဏားကြီးဇနီးမောင်နှံတို့၏ ပရိနိဗ္ဗာန်စံပွဲ၌

သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ အကျွတ်တရားရခြင်း

     ထိုအခါ သာကေတမြို့နေ ပုဏ္ဏားအပေါင်းတို့သည် “ငါတို့၏ ဆွေမျိုးများကို ပူဇော်ကြကုန်အံ့”ဟု ကြံစည်ကြကာ တညီတညွတ်တည်း စည်းဝေးကြလေကုန်၏။ သောတာပန်အရိယာ, သကဒါဂါမ်အရိယာ, အနာဂါမ်အရိယာဖြစ်ကြသော ဥပါသကာ ဥပါသိကာ အပေါင်းတို့သည်လည်း “ငါတို့၏ သီတင်းသုံးဖော် သူတော်တရား ပွါးများဖက်တို့ကို ပူဇော်ကြကုန်အံ့”ဟု ကြံစည်ကြကာ တညီတညွတ်တည်း စည်းဝေးကြလေကုန်၏။ ထိုပုဏ္ဏားအပေါင်း, အရိယာအပေါင်း သူတော်ကောင်းတို့သည် ပုဏ္ဏားကြီး ဇနီးမောင်နှံတို့၏ ဥတုဇရုပ်ကလာပ်အစုံကို အထွတ်တပ်သော ပြာသာဒ်တခုတည်းသို့ တင်ဆောင်ကြ၍ ပန်း,နံ့သာ- စသည်တို့ဖြင့် ပူဇော်ကြကုန်လျက် မြို့မှ ထုတ်ဆောင်ကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည်လည်း ထိုနေ့အဖို့ရာ နံနက်မိုးသောက်ထအခါ (အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော) ဗုဒ္ဓစက္ခုတော်အစုံဖြင့် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ထိုပုဏ္ဏားကြီးဇနီးမောင်နှံတို့ ပရိနိဗ္ဗာန် ဝင်စံကြသောအဖြစ်ကို သိတော်မူ၍ “ထိုပုဏ္ဏားကြီး ဇနီးမောင်နှံတို့၏ ဈာပနပွဲကျင်းပရာသို့ ငါဘုရား သွားရောက်လတ်လျှင် တရားဒေသနာကို ကြားနာကြရ၍ လူများအပေါင်း၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင် သိရှိတော်မူကာ ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ သာဝတ္ထိပြည်မှ ကြွလာတော်မူပြီးလျှင် ဈာပနပွဲကျင်းပရာ သုသာန်သို့ ကြွဝင်တော်မူလေ၏။

     လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရ၍ “မယ်တော် ခမည်းတော်တို့၏ ဥတုဇရုပ်ကလာပ်ကို ဖုတ်ကြည်းသင်္ဂြိုဟ်ရန် မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟု ပြောဆိုကြကာ ရိုသေမြတ်နိုး ရှိခိုးရပ်တည်ကြလေကုန်၏။ မြို့သူမြို့သား လူအများတို့သည်လည်း ဥတုဇရုပ်ကလာပ် တင်ဆောင်အပ်သော ပြာသာဒ်ကို



ပူဇော်ကြလျက် သုသာန်အရောက် ဆောင်ခဲ့ကြပြီးလျှင် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လူအရိယာဖြစ်ကြသည့် ဤပုဏ္ဏားကြီး ဇနီးမောင်နှံတို့ကို အဘယ်သို့ ပူဇော်ကြရပါမည်နည်း”ဟု မေးလျှောက်ကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် “ရဟန္တာပုဂ္ဂိုလ်တို့ကို ပူဇော်အပ်ကုန်သကဲ့သို့ ထို့အတူ ပုဏ္ဏားကြီး ဇနီးမောင်နှံတို့ကို ပူဇော်ကြရမည်”ဟူသော အလိုတော်ဖြင့် ထိုပုဏ္ဏားကြီး ဇနီးမောင်နှံတို့၏ ရဟန္တာရဟန်းအဖြစ်ကို ပြတော်မူလို၍-

အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။

တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

ယေ မုနယော = အကြင် ရဟန္တာသခင် အရှင်မြတ်တို့သည်။ အဟိံသကာ = သူတပါးကို ညှဉ်းပန်းနှိပ်စက်ခြင်း အလျှင်းပင် ရှိတော်မမူကြကုန်။ ကာယေန = ကိုယ်ဖြင့်။ (ဝါ) ကိုယ်,နှုတ်,နှလုံး = သုံးဒွါရဖြင့်။ နိစ္စံ = အမြဲ။ သံဝုတာ = အကုသိုလ်မှု မပြုမိအောင် ကြဉ်ရှောင် စောင့်စည်းတော်မူကြကုန်၏။ တေ မုနယော = ထိုရဟန္တာသခင် အရှင်မြတ်တို့သည်။ ယတ္ထ = အကြင်နိဗ္ဗာန်သို့။ ဂန္တွာ = အသိဉာဏ်ပေါက် သွားရောက်၍။ န သောစရေ = န သောစန္တိ = မစိုးရိမ်ရကုန်။ အစ္စုတံ = လျှောကျပြတ်ကြွေ စုတေခြင်း အလျှင်းမရှိသော။ တံ ဌာနံ = ထိုနိဗ္ဗာန်အရပ်သို့။ ယန္တိ = မဂ်လေးတန် ဖိုလ်လေးတန် အသိဉာဏ်ပေါက် သွားရောက်ကြကုန်၏။-

ဟူသော ဓမ္မပဒကျမ်းလာ ဤဂါထာကို ဟောကြားတော်မူလေ၏။ (ထိုတရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော လူအပေါင်းတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။ ။ဓမ္မပဒအဋ္ဌကထာအဆို)။

     မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ ဓမ္မပဒဂါထာကို ဟောကြားတော်မူပြီးလျှင် ထိုသာကေတမြို့သူမြို့သား ပရိသတ်အများကို



ကြည့်ရှုတော်မူ၍ ထိုခဏအား လျောက်ပတ်စွာ တရားဟောတော်မူလိုသည်ဖြစ်၍ (သုတ္တနိပါတ်ပါဠိတော်၊ ၄-အဋ္ဌကဝဂ်၊ ၆-ခုမြောက်) ဇရာသုတ်ကို ဟောကြားတော်မူလေ၏။ (ထိုဇရာသုတ်ကို သုတ္တနိပါတ်ပါဠိတော် ပိဋကတ်မြန်မာပြန်မှ ကြည့်ရှု မှတ်သားကုန်ရာ၏)။

     ထိုဇရာသုတ် ဒေသနာနိဂုံး ဆုံးသောအခါ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်၏။

ဤကား သာကေတပုဏ္ဏားကြီး ဇနီးမောင်နှံအကြောင်းတည်း။

**********

(မိတ္တဒုဗ္ဘိမည်သော) ဝိဋဋူဘမင်းအကြောင်း

     (၁) သာဝတ္ထိပြည်ရှင် မဟာကောသလ ဘုရင်မင်းမြတ်၏သား ပသေနဒိမင်းသား, (၂) ဝေသာလီပြည် လိစ္ဆဝီမင်းသားဖြစ်သော မဟာလိလိစ္ဆဝီမင်းသား, (၃) ကုသိနာရုံပြည် မလ္လမင်း၏ သားဖြစ်သော ဗန္ဓုလမင်းသား- ဤသုံးဦးသော မင်းသားတို့သည် ဒိသာပါမောက္ခဆရာကြီး၏ အထံ၌ အတတ်ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားကြ၍ မြို့၏ပြင်ပ စရပ်တခု၌ တွေ့ဆုံမိကြ၍ အချင်းချင်း တယောက်သည် တယောက်၏ လာခဲ့သောအကြောင်းကို၎င်း, အမျိုးအနွယ်ကို၎င်း, အမည်ကို၎င်း မေးမြန်းကြပြီးလျှင် မေတ္တာနှီးရင်း သူငယ်ချင်းဖြစ်ကြလျက် အတူတကွ ဒိသာပါမောက္ခဆရာကြီးထံသို့ ချဉ်းကပ်ကြကာ အတတ် ပညာကို သင်ကြကုန်သည်ရှိသော် မကြာမြင့်မီပင် ပညာတတ်မြောက်ကြ၍ ဆရာကြီးကို ပန်ကြားကြပြီး အတူတကွပင် တက္ကသိုလ်ပြည်မှ ထွက်ခဲ့ကြ၍ မိမိတို့၏ တိုင်းပြည်တို့သို့ ပြန်သွားကြလေ၏။

     ထိုမင်းသား သုံးဦးတို့အနက် ပသေနဒိမင်းသားသည် ဖခမည်းတော် မဟာကောသလမင်းအား မိမိအတတ်ကိုပြ၍ ခမည်းတော်မင်းတရားက အလွန်နှစ်လိုအားရဖြစ်ရှိကာ



မင်းအဖြစ်၌ အဘိသိက်အမြှောက်ခံရကာ သာဝတ္ထိပြည်ရှင် ဘုရင် ပသေနဒိကောသလမင်း ဖြစ်လာလေသည်။

     မဟာလိမင်းသားသည် လိစ္ဆဝီမင်းတို့အား မိမိအတတ်ကို ပြသည်ရှိသော် ကြီးစွာသောလုံ့လဖြင့် အတတ်ပညာကို ပြသည်ဖြစ်၍ ထိုမဟာလိမင်းသား၏ မျက်လုံးနှစ်ဖက်တို့ ကွဲပျက်၍သွားလေကုန်သည်၊ လိစ္ဆဝီမင်းတို့သည် “ဩ.. ငါတို့၏ဆရာ မဟာလိမင်းသားသည် မျက်စိနှစ်ဖက် ပျက်ခြင်းသို့ ရောက်ရှာလေပြီ။ ထိုမဟာလိမင်းသားကို ငါတို့သည် စွန့်ပစ်၍မထားကြပဲ ပြုစုလုပ်ကျွေးကြကုန်အံ့”ဟု တညီတညွတ်တည်း တိုင်ပင်ပြောဆိုကြကာ အခွန်တသိန်းတသိန်း ကောက်ခံရရှိသော တံခါးတခုကို အပိုင်စားပေးကြလေ၏။ မဟာလိမင်းသားသည် ထိုတံခါးကို အမှီပြု၍ လိစ္ဆဝီမင်းသား ငါးရာတို့ကို အတတ်ပညာ သင်ကြားပြသလျက် နေထိုင်လေ၏။

     ဗန္ဓုလမင်းသားသည် မလ္လမင်းများက အလယ်၌ (ဗန္ဓုလမင်းသား မသိရအောင်) သံချောင်းကိုထည့်၍ ဝါးအလုံး (၆၀)ခြောက်ဆယ်လျှင် ဝါးတစည်းတစည်း ပြုလုပ်ကြကာ ထိုဝါးအစည်းပေါင်း (၆ဝ)ခြောက်ဆယ်တို့ကို စိုက်ထောင်ထားပြီးလျှင် “ချစ်သား.. သင်ကား ဤဝါးအစည်း ခြောက်ဆယ်တို့ကို ခုတ်ဖြတ်လော့”ဟု ပညာကို စမ်းသပ်သောအားဖြင့် ပြောကြားအပ်သည်ရှိသော် ကောင်းကင်သို့ အတောင် (၈၀)ရှစ်ဆယ်မြင့်အောင် ခုန်ပျံ၍ သန်လျက်ဖြင့် ထိုဝါးအစည်း (၆ဝ)ခြောက်ဆယ်တို့ကို အစဉ်အတိုင်း ခုတ်ဖြတ်လေ၏။ ဗန္ဓုလမင်းသားသည် နောက်ဆုံးဝါးစည်း၌ ပါရှိသောသံချောင်း၏ (ကိရိ-ဟူသော)အသံကို ကြားရ၍ “ဤအသံသည် အဘယ်နည်း”ဟု မေးမြန်း၍ ဝါးအစည်း (၆၀)ခြောက်ဆယ်လုံးမှာပင် အတွင်းက မသိရအောင် သံချောင်းများ ထည့်ထားကြောင်း သိရှိရလျှင် သန်လျက်ကို စွန့်ပစ်ကာ ငိုကြွေးလျက် “ဤမျှ များပြားလှစွာသော ငါ၏ဆွေမျိုး မိတ်သင်္ဂဟတို့အနက် တဦးတယောက်မျှလည်း ချစ်ခင်ရင်းနှီးသော စိတ်ရှိကာ ဤအကြောင်းကို မပြောကြားလှာချေ၊



၁၀

အကယ်၍များ စောစီးကကြိုတင် ဤအကြောင်းကို ငါသိရလျှင် သံချောင်း၏အသံကို မဖြစ်ပေါ်စေပဲပင် ဖြတ်တောက်နိုင်လေရာ၏”ဟု ပြောဆိုပြီးလျှင် မိခင်ဖခင် ကျေးဇူးရှင်တို့အား “အကျွန်ုပ်သည် ဤမလ္လမင်း အားလုံးတို့ကိုသတ်၍ မင်းပြုပေအံ့”ဟူ၍ ပြောဆိုလေ၏၊ မယ်တော် ခမည်းတော်တို့က “ချစ်သား.. ဤအလှည့်ကျအားဖြင့် မင်းပြုခြင်းမည်သည် မလ္လမင်းတို့၏ ရာဇဝင်အစဉ်အဆက်မှ ဆင်းသက်လာသော အစီအစဉ်ဖြစ်ပေသည်၊ ဤယခု ချစ်သားကြံစည်သည့်အတိုင်း ပြုလုပ်ရန် အခွင့်မရနိုင်”ဟူ၍ အမျိုးမျိုးမြစ်တား ပြောကြားကြလေသော် ဗန္ဓုလမင်းသားသည် “ထိုသို့ဖြစ်လျှင် သားတော်၏သူငယ်ချင်း ပသေနဒိ ကောသလမင်းအထံသို့ သွားပေတော့အံ့”ဟု ပြောဆို၍ သာဝတ္ထိပြည်သို့ သွားရောက်နေထိုင်လေ၏။

     ပသေနဒိကောသလမင်းသည် ဗန္ဓုလမင်းသား မိမိပြည်သို့ လာရောက်ကြောင်းကို ကြားသိရ၍ ခရီးဦးကြိုဆိုမှု ပြုပြီးလျှင် ကြီးစွာသော ပူဇော်သက္ကာရ အခမ်းအနားဖြင့် ဗန္ဓုလမင်းသားကို မြို့တွင်းသို့ သွင်းဆောင်ခဲ့၍ စစ်သေနာပတိအရာ၌ ခန့်ထားလေ၏။ ဗန္ဓုလစစ်သေနာပတိသည် မယ်တော် ခမည်းတော်တို့ကို အခေါ်လွှတ်၍ သာဝတ္ထိပြည်၌ပင် နေထိုင်ကြစေလေ၏။ ။ဤကား ကောသလမင်းသား, မဟာလိလိစ္ဆဝီမင်းသား, ဗန္ဓုလမလ္လမင်းသား သုံးဦးတို့၏ အကြောင်းတည်း။

ပသေနဒိကောသလမင်းကြီး

သာသနာတော်နှင့် အကျွမ်းဝင်ရင်းနှီးရန် စီမံခြင်း

     တနေ့သ၌ ပသေနဒိကောသလမင်းကြီးသည် ရွှေနန်းပြာသာဒ်ထက်၌ ရပ်လျက် မြို့တွင်းလမ်းကို လှမ်းမျှော်ကြည့်ရှုလတ်သော် အနာထပိဏ် သူဌေးကြီး၏အိမ်, စူဠအနာထပိဏ် သူဌေး၏အိမ်, ဝိသာခါ ကျောင်းအမကြီး၏အိမ်, သုပ္ပဝါသာ သူဌေးကတော်၏အိမ်တို့သို့ နိစ္စဗဒ်ဆွမ်းအလို့ငှါ ကြွတော်မူကြသည့် ထောင်ပေါင်းများစွာသော ရဟန်းတို့ကို မြင်ရ၍ မင်းချင်းတို့ကို “အရှင်မြတ်တို့သည် အဘယ်အရပ်သို့ ကြွသွားတော်မူကြမည်နည်း”ဟု မေး၍



၁၁

မင်းချင်းတို့က “အရှင်မင်းကြီး.. အနာထပိဏ်သူဌေးကြီး၏အိမ်၌ အမြဲနိစ္စဗဒ်ဆွမ်း, စာရေးတံဆွမ်း, သူနာဆွမ်း-စသည် အလို့ငှါ နေ့တိုင်းနေ့တိုင်း ရဟန်းတော်ပေါင်း (၂၀၀၀) ပါးရေနှစ်ထောင်တို့ ကြွတော်မူကြပါသည်၊ စူဠအနာထပိဏ်သူဌေး၏ အိမ်၌ ရဟန်းတော်ပေါင်း (၅၀၀) ပါးရေငါးရာတို့ ကြွတော်မူကြပါသည်။ ဝိသာခါကျောင်းအမကြီး အိမ်သို့လည်း ထို့အတူပင် ငါးရာ၊ သုပ္ပဝါသာ သူဌေးကတော်၏ အိမ်သို့လည်း ထို့အတူပင် ရဟန်းတော်ပေါင်း (၅၀၀) ပါးရေငါးရာတို့ ကြွတော်မူကြပါသည်”ဟူ၍ လျှောက်ထားကြလေသော် မင်းကြီးသည် မိမိကိုယ်တိုင်လည်း ရဟန်းသံဃာကို ဆွမ်းပြုစုလုပ်ကျွေးလိုသဖြင့် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းတော်ပေါင်း (၁၀၀၀) ပါးရေတထောင်နှင့်တကွ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကမြောက် အလှူဒါန ပေးလှူပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်မြတ်ဘုရားတို့သည် ရဟန်းငါးရာတို့နှင့် အတူတကွ အမြဲမပြတ် တပည့်တော်၏ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ဘုရားရှင်တို့မည်သည် တနေရာတည်း၌ အမြဲမပြတ် ဆွမ်းကို ခံယူကြရိုး မရှိကုန်၊ လူအပေါင်းတို့သည် မြတ်စွာဘုရားတို့၏ ကြွလာတော်မူခြင်းကို တောင့်တကြကုန်၏”ဟူ၍ မိန့်တော်မူလေသော် မင်းကြီးသည် “ထိုသို့ဖြစ်လျှင် ရဟန်းငါးရာနှင့်တကွ နိဗဒ္ဓရဟန်းတပါးကိုမူ စေလွှတ်တော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာ မထေရ်အား တာဝန်ပေးအပ်တော်မူ၏။

     မင်းကြီးသည် “ရဟန်းသံဃာများ ကြွလာလတ်သော် သပိတ်ကို ဆီးကြိုယူငင်ကြ၍ ဤမည်၍မည်သော သူများက ပြုစုလုပ်ကျွေးကြရမည်”ဟု စီမံခန့်ခွဲမှုမပြုပဲ ခုနစ်ရက်ပတ်လုံး မိမိကိုယ်တိုင်ပင်



၁၂

ပြုစုလုပ်ကျွေးပြီးနောက် ရှစ်ရက်မြောက်နေ့၌ မင်းမှုကိစ္စ အဝဝ၌ စိတ်ပြန့်လွင့်နေရကား သံဃာတော်များကို ဆွမ်းလုပ်ကျွေးရန် မေ့လျော့၍ နေလေ၏။

     မင်း၏ နန်းတော်၌မည်သည် စေခိုင်းမှု မပြုအပ်ကုန်လျှင် နေရာများခင်းကျင်း၍ ရဟန်းတို့ကို ထိုင်နေစေလျက် ဆွမ်းပြုစုလုပ်ကျွေးခြင်းငှါ အခွင့်မရကြကုန်၊ (သို့ရကား တဦးတယောက်မျှ ရဟန်းတို့ကို အလေးဂရုပြုကာ ဆွမ်းလုပ်ကျွေးမှု မပြုကြချေ)။ များစွာသော ရဟန်းတို့သည် “ငါတို့ ဤနေရာ၌ မရပ်တည်နိုင်ကြကုန်”ဟု ကြံစည်ကြကာ ဖဲသွားကြလေကုန်၏။ မင်းကြီးသည် နောက်တနေ့လည်း မေ့မြဲမေ့၍ နေလေ၏၊ ထိုနောက်တနေ့၌လည်း ထိုနည်းအတူပင် များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။ မင်းကြီးသည် တတိယနေ့၌လည်း မေ့မြဲမေ့နေလေ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်မှတပါး ကြွင်းကျန်သော ရဟန်းအားလုံးတို့ ဖဲသွားကြလေသည်။ အရှင်အာနန္ဒာမထေရ်တပါးသာ ကျန်ရှိနေရစ်လေသည်။

ဘုန်းရှင် ကံရှင် သူတော်စင်တို့မည်သည် အကြောင်းကြောင်းကို ထောက်မြော်၍ နေတော်မူလေ့ရှိကုန်၏၊ ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားကို စောင့်ရှောက်တော်မူလေ့ရှိကုန်၏။ ဆက်ဦးအံ့- မြတ်စွာဘုရား၏ (၁) အရှင်သာရိပုတ္တရာ (၂) အရှင်မဟာမောဂ္ဂလ္လာန်ဟူသော အဂ္ဂသာဝက မထေရ်မြတ်ကြီးနှစ်ပါး (၁) ခေမာထေရီ (၂) ဥပ္ပလဝဏ်ထေရီဟူသော အဂ္ဂသာဝိကာ ထေရီမကြီးနှစ်ပါး, ဥပါသကာ ဒါယကာတို့အနက် (၁) စိတ္တသူကြွယ် (၂) ဟတ္ထကာဠဝက(မင်းသား) သီတင်းသည်ဟူသော အဂ္ဂဥပါသကာ ဒါယကာနှစ်ဦး, ဥပါသိကာ ဒါယိကာမတို့အနက် (၁) ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ သူဌေးကတော် (၂) ရှင်မခုဇ္ဇုတ္တရာဟူသော အဂ္ဂဥပသိကာ ဒါယိကာမနှစ်ဦး ဤရှစ်ဦးသောသူတို့ကို အစပြုကာ ဧတဒဂ်ရာထူးသို့ ရောက်တော်မူကြသည့် သာဝကအားလုံးတို့သည် (မြတ်စွာဘုရားကို ထောက်စာလျှင်)



၁၃

တစိတ်တဒေသအားဖြင့် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်အပ်ပြီး ဖြစ်ကြသောကြောင့် ဘုန်းရှင် ကံရှင် ရှေးဆုတောင်းနှင့် ပြည့်စုံသောသူတို့ပင် ဖြစ်ကြကုန်၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း ကမ္ဘာတသိန်းပတ်လုံး ပါရမီတို့ကို ဖြည့်ကျင့်အပ်ပြီးဖြစ်၍ ရှေးဆုတောင်းနှင့်ပြည့်စုံသူ ဘုန်းရှင်ကံရှင်ဖြစ်တော်မူရကား ကိုယ်တော်တိုင်ကပင် အကြောင်းကြောင်းကို ထောက်မြော်၍ နေတော်မူလေ့ရှိခြင်းကြောင့် ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားကို စောင့်ရှောက်တော်မူလျက် တပါးတည်းသာချန်၍ နေရစ်တော်မူလေသည်။

     ထိုသို့ တပါးတည်းသာ ကျန်ရှိနေရစ်သော အရှင်အာနန္ဒာမထေရ်ကို နေရာထိုင်ခင်းပေးကာ မင်းချင်းတို့သည် ဆွမ်းပြုစုကြရလေသည်။ ပသေနဒိကောသလမင်းကြီးသည် ရဟန်းတော်များ ဖဲကြွသွားပြီးသောအခါမှ လာရောက်၍ ခွဲဖွယ်ဘောဇဉ်များ မူလအတိုင်း တည်ရှိသည်တို့ကို မြင်ရလေလျှင် “အရှင်မြတ်များ မကြွလာကြဘူးလား”ဟု မေး၍ “အရှင်မင်းကြီး.. အရှင်အာနန္ဒာမထေရ် တပါးတည်းသာ ကြွလာတော်မူပါသည်”ဟု မင်းချင်းတို့ လျှောက်ထားချက်ကို ကြားသိရလေသော် “မချွတ်ပင် ရဟန်းတို့သည် ငါ၏ ဤမျှသော အစာထမင်း ပျက်စီးခြင်းကို ပြုကုန်ဘိ၏”ဟု ရဟန်းတို့အား အမျက်ထွက်လျက် မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ရဟန်းငါးရာတို့အတွက် ဆွမ်းကို စီမံ၍ ထားအပ်ပါသည်၊ အရှင်အာနန္ဒာမထေရ် တပါးတည်းသာလျှင် ကြွလာတော်မူပါသတဲ့၊ စီမံထားအပ်သော ဆွမ်းသည် ထိုသို့စီမံထားသည့်အတိုင်းပင် တည်ရှိနေပါသည်၊ ရဟန်းငါးရာတို့သည် အကျွန်ုပ်၏နန်းတော်၌ (ပင့်ထားသည်ဟုမျှ) အမှတ်မပြုကြကုန်၊ အကြောင်း အသို့နည်း”ဟု မေးလျှောက်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့၏အပြစ်ကို မိန့်ကြားတော်မမူပဲ “မြတ်သောမင်းကြီး.. ငါဘုရား၏တပည့်သား



၁၄

ရဟန်းတို့အဖို့ရာ သင်မင်းကြီးတို့နှင့် အကျွမ်းဝင်မှု ရင်းနှီးမှုမရှိချေ၊ ထို့ကြောင့် မလာရောက်သည် ဖြစ်ပေလိမ့်မည်”ဟု မိန့်တော်မူပြီးလျှင် အမျိုးလေးဖြာ ဒါယကာများအိမ်သို့ မချဉ်းကပ် မသွားရောက်သင့်သော အကြောင်းကိုးပါး(နှင့်) ချဉ်းကပ်သွားရောက်သင့်သော အကြောင်းကိုးပါးကို အကျယ် ဟောကြားတော်မူလိုသည်ဖြစ်၍ ရဟန်းတို့ကို တရားနာခံထား၍ (အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ် ၁-ပဌမပဏ္ဏာသက၊ ၂-သီဟနာဒဝဂ်၊ ၇-ခုမြောက်ဖြစ်သော) ကုလသုတ္တန်တရားကို ဤဆိုလတ္တံ့သောအတိုင်း ဟောကြားတော်မူလေ၏။

ကုလသုတ္တန်တရားတော်

(သွားရောက် ချဉ်းကပ်သင့်သော ဒါယကာအိမ်နှင့်
မသွားရောက် မချဉ်းကပ်သင့်သော ဒါယကာအိမ်)

ရဟန်းတို့.. အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့အိမ်သို့ မသွားရောက်ရသေးသော် သွားရောက်ရန် မသင့်၊ သွားရောက်ပြီးသော်ကား ထိုင်နေရန် မသင့်၊ အဘယ်ကိုးမျိုးတို့နည်းဟူမူ-

(၁)

မြတ်နိုးသဖြင့် ခရီးဦး မကြိုဆိုကြခြင်း,

(၂)

မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း,

(၃)

မြတ်နိုးသဖြင့် နေရာထိုင်ခင်း မပေးကြခြင်း,

(၄)

ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ရဟန်းတို့အား လျှို့ဝှက်ကြခြင်း,

(၅)

လှူဖွယ်ဝတ္ထု များစွာရှိပါလျက် အနည်းသာ ပေးလှူကြခြင်း,

(၆)

မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် ရုန့်ရင်း ကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း,



၁၅

(၇)

ရိုသေစွာ မပေးလှူပဲ မရိုမသေ ပေးလှူကြခြင်း,

(၈)

တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း,

(၉)

ထိုရဟန်း ဟောသောတရားကို ရိုသေစွာ မနာယူကြခြင်း-

ရဟန်းတို့.. ဤအင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့အိမ်သို့ မသွားရောက်ရသေးသော် သွားရောက်ရန် မသင့်၊ သွားရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။

ရဟန်းတို့.. အင်္ဂါကိုးမျိုးနှင့် ပြည့်စုံသော ဒါယကာတို့အိမ်သို့ မသွားရောက်ရသေးသော် သွားရောက်ရန် သင့်၏၊ သွားရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏။ အဘယ်ကိုးမျိုးတို့နည်းဟူမူ-

(၁)

မြတ်နိုးသဖြင့် ခရီးဦး ကြိုဆိုကြခြင်း,

(၂)

မြတ်နိုးသဖြင့် ရှိခိုးကြခြင်း,

(၃)

မြတ်နိုးသဖြင့် နေရာထိုင်ခင်း ပေးကြခြင်း,

(၄)

ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ရဟန်းတို့အား မလျှို့ဝှက်ကြခြင်း,

(၅)

လှူဖွယ်ဝတ္ထု များစွာရှိသော် များစွာပင် ပေးလှူကြခြင်း,

(၆)

မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် ထိုမွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း,

(၇)

မရိုမသေ မပေးလှူပဲ ရိုသေစွာ ပေးလှူကြခြင်း,

(၈)

တရားနာရန် ရဟန်းထံသို့ ချဉ်းကပ်ထိုင်နေကြခြင်း,

(၉)

ထိုရဟန်း ဟောသောတရားကို ရိုသေစွာ နာယူကြခြင်း-



၁၆

ရဟန်းတို့.. ဤအဂ်ါကိုးမျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့အိမ်သို့ မသွားရောက်ရသေးသော် သွားရောက်ရန် သင့်၏။ သွားရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏။ ။

     ဤကား ကုလသုတ္တန်တရားတော်တည်း။

     “မြတ်သောမင်းကြီး.. ဤသို့လျှင် ငါဘုရား၏တပည့်သား ရဟန်းတို့သည် သင်မင်းကြီး၏အထံမှ အကျွမ်းဝင်မှု = ရင်းနှီးမှုကို မရရှိကြကုန်သည်ဖြစ်၍ ဖဲသွားကြခြင်း ဖြစ်ပေလိမ့်မည်။ မှန်၏- ရှေးပညာရှိတို့သည်လည်း အကျွမ်းဝင်မှု = ရင်းနှီးမှု မရှိရာဌာန၌ ရိုသေစွာ ပြုစုလုပ်ကျွေးအပ်ပါကုန်သော်လည်း သေဆုံးမည့်ဝေဒနာ စွဲရောက်လာလျှင် အကျွမ်းဝင်မှု = ရင်းနှီးမှု ရှိရာဌာနသို့သာလျှင် သွားရောက်ဘူးကြလေပြီ”ဟု မိန့်တော်မူ၍ ပသေနဒိကောသလမင်းကြီး တောင်းပန် မေးလျှောက်သဖြင့် စတုက္ကနိပါတ်လာ ကေသဝဇာတ်ကို ဟောကြားတော်မူ၏။ ။(ဤကေသဝဇာတ်ကို အောက်ဖြစ်သော (စ-တွဲ နှာ-၄၄၁) “ဗကဗြဟ္မာကို ဆုံးမချေချွတ်သောအခဏ်း၌ ရေးသားဖော်ပြခဲ့ပြီ)။

     ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို ကြားနာရ၍ “ငါသည် ရဟန်းသံဃာနှင့် အကျွမ်းဝင် = ရင်းနှီးမှုရှိအောင် ပြုမှသင့်မည်၊ ဘယ်လိုများ ပြုလုပ်ရပါမည်နည်း”ဟု စဉ်းစား ဆင်ခြင်လတ်သော် “မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်ဖြစ်သော သာကီဝင်မင်းသမီးတယောက်ကို ငါ၏ရွှေနန်းတော်၌ မိဖုရားကြီးတင်မြှောက်မှ သင့်တော်မည်၊ ဤသို့ တင်မြှောက်လတ်သော် ရဟန်းငယ်တို့နှင့် သာမဏေများပါမကျန် ‘မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော မင်းကြီးပေတည်း’ဟု အောက်မေ့ကြကာ ငါ၏အထံသို့ အကျွမ်းတဝင် ခင်မင်ရင်းနှီးကြလျက် အမြဲမပြတ် လာကြ ပေလိမ့်မည်”ဟု ကြံစည်၍ သာကီဝင်မင်းများအထံသို့ “ငါ့အား သာကီဝင် မင်းသမီးတယောက်ကို ဆက်သကြလော့”ဟု ရာဇသံသဝဏ်လွှာကို ပေးပို့စေလေ၏။ ရာဇသံသဝဏ်လွှာ သွားရောက်ပေးပို့ရမည့် တမန်အမတ်တို့က “အဘယ်သာကီဝင်မင်း၏ သမီးကို



၁၇

ယူဆောင်ခဲ့ကြရပါမည်နည်း”ဟု မေးလျှောက်ကြပြန်လေရာ ပသေနဒိ ကောသလမင်းကြီးသည် “အဘယ် သာကီဝင်မင်း၏ သမီးကိုမဆို သာကီဝင်မင်းသမီး ဟုတ်မှန်ကြောင်းကိုသာ သိအောင်ပြု၍ ယူဆောင်ခဲ့ကြလော့”ဟု မိန့်ဆို၍ တမန်အမတ်တို့ကို စေလွှတ်လိုက်လေ၏။

     တမန်အမတ်တို့သည် ကပိလဝတ်ပြည်သို့ သွားရောက်၍ သာကီဝင်မင်းတို့ကို သမီးတော်ကို တောင်းကြလေကုန်၏။ သာကီဝင်မင်းတို့သည် အစည်းအဝေးခေါ်၍ “ကောသလမင်းကြီးသည်ကား ငါတို့နှင့် ပြည်ထောင်ပြိုင်ဖက် မင်းတပါးဖြစ်လေသည်၊ အကယ်၍ ငါတို့က သမီးတော်တပါးပါးကို မပေးကြလျှင် ငါတို့ကို ဧကန်ပင် ရန်ပြုဖျက်ဆီးလိမ့်မည်။ စင်စစ်သော်ကား ထိုပသေနဒိကောသလမင်းကြီးသည် ငါတို့နှင့် မျိုးဇာတ်အနွယ် တူသူမဟုတ်ချေ၊ အဘယ်သို့ ပြုသင့်သနည်း”ဟု တိုင်ပင်စကား ဆွေးနွေး ပြောကြားကြလေ၏။ ထိုအခါ မဟာနာမ သာကီဝင်မင်းက “ငါ၏ (နာဂမုဏ္ဍာမည်သော) ကျွန်မမှ မွေးဖွားသော ရုပ်ရည်အဆင်း တင့်တယ်ခြင်းနှင့် ပြည့်စုံသည့် ဝါသဘခတ္တိယာမည်သော သမီးတယောက်ရှိလေသည်။ ထိုကျွန်မသမီး ဝါသဘခတ္တိယာကို ပေးကြကုန်စို့”ဟု တိုင်ပင်ပြောဆို၍ တမန်အမတ်တို့ကို “ကောင်းပြီ တမန်အမတ်တို့.. သင်တို့၏အရှင် ဘုရင်ကောသလမင်းအား သတို့သမီးရတနာကို ငါတို့ ပေးကြကုန်အံ့”ဟု ဝန်ခံစကား ပြောကြားကြလေ၏။

     ထိုအခါ တမန်အမတ်တို့က “ယခုပေးမည့် ထိုသတို့သမီးသည် အဘယ်သာကီဝင်မင်း၏ သမီးပါနည်း”ဟု မေးမြန်းကြလေလျှင် သာကီဝင်မင်းတို့သည် “အမတ်တို့.. မြတ်စွာဘုရားရှင်၏ ဖထွေးတော် (အမိတောဒန သာကီဝင်မင်း)၏ သားတော်ဖြစ်သူ (မြတ်စွာဘုရားနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ) မဟာနာမသာကီဝင်မင်း၏ သမီးတော် ဝါသဘခတ္တိယာမည်သော သတို့သမီးဖြစ်ပါသည်”ဟု ပြောဆိုကြကုန်၏။ တမန်အမတ်တို့သည် သာဝတ္ထိပြည်သို့ ပြန်ခဲ့ကြ၍ ကောသလမင်းကြီးအား ထိုအကြောင်းကို



၁၈

လျှောက်ထားကြလေကုန်၏။ ကောသလမင်းကြီးသည် “ယင်းသို့ဖြစ်လျှင် ကောင်းလှပြီ၊ အလျင်အမြန် ခေါ်ဆောင်ခဲ့ကြလော့၊ အထူးမှာကြားလိုသည်မှာ မင်းတို့မည်သည် မာယာများလှ၏၊ ကျွန်မသမီးကိုသော်လည်း မင်းသမီးဟုဆိုကာ ပို့ဆက်ကုန်လေရာ၏၊ ထို့ကြောင့် ဖခမည်းတော်နှင့် အတူတကွ ထမင်းပွဲတော်စာ တပွဲတည်း၌စားသော သတို့သမီးကို ခေါ်ဆောင်ခဲ့ကြလော့”ဟု မှာတမ်း၍ စေလွှတ်လိုက်လေ၏။

     တမန်အမတ်တို့သည် ကပိလဝတ်ပြည်သို့ သွားရောက်၍ “အရှင်သာကီဝင်မင်းတို့နှင့် အတူတကွ ပွဲတော်တပွဲတည်း၌စားသော မင်းသမီးကိုမှ အကျွန်ုပ်တို့၏သခင် ကောသလဘုရင်မင်းကြီးက အလိုရှိတော်မူပါသည်”ဟု သာကီဝင်မင်းတို့အား လျှောက်ထားကြလေကုန်၏။ မဟာနာမ သာကီဝင်မင်းသည် “ကောင်းပါပြီ အမောင်တို့..”ဟု ပြောဆို၍ ဝါသဘခတ္တိယာ သတို့သမီးကို တန်းဆာစုံလင် ဆင်စေပြီးလျှင် မိမိပွဲတော်စာ စားသုံးသောအခါ၌ ဝါသဘခတ္တိယာ သတို့သမီးကို အခေါ်ခိုင်း၍ ထိုသတို့သမီးနှင့် အတူတကွ ပွဲတော်စာစားသုံးသော အခြင်းအရာကို ပြ၍ တမန်တို့အား အပ်နှင်းလိုက်လေ၏။

(ဤ၌- မဟာနာမ သာကီဝင်မင်းတို့ လှည့်ပတ်လိုက်ပုံမှာ တမန်တို့က “အရှင်သာကီဝင်တို့နှင့် အတူတကွ ပွဲတော်စာစားသုံးသော မင်းသမီးကိုမှ ခေါ်ဆောင်သွားနိုင်ကြမည်”ဟု အရေးဆိုသောအခါ သာကီဝင်မင်းတို့သည် တမန်တို့အား နေရာပေးပြီးနောက် “အဘယ်သို့ ပြုကြမည်နည်း”ဟု ကြံစည်တိုင်ပင်ကြလေသော် မဟာနာမ သာကီဝင်မင်းက “သင်တို့သည် ထွေရာလေးပါး အကြံမများကြလင့်၊ ငါသည် ဥပါယ်တမျဉ်ကို ပြုပေအံ့၊ သင်တို့သည် ငါပွဲတော်စာ စားသုံးသောအခါ၌ ဝါသဘခတ္တိယာ သတို့သမီးကို တန်းဆာစုံလင် ဆင်ယင်ကြ၍ ငါ့ထံသို့ ခေါ်ဆောင်ခဲ့ကြပြီးလျှင် အတူတကွ ပွဲတော်စာ စားသုံးဟန်ပြုသော အခါ၌ ငါက ထမင်းတလုပ်ကို ဆုပ်ယူမိကာမျှမှာပင် ‘အရှင်မင်းမြတ်.. ဤမည်သောမင်းက သဝဏ်လွှာ ပို့သလိုက်ပါသည်၊ ဤသဝဏ်လွှာကို နာတော်မူဦးလော့’ဟု ပြောဆိုကြကာ သဝဏ်လွှာကို ငါ့အားဆက်သ ပြကြကုန်လော့”ဟု ဥပါယ်တမျဉ်စကား ပြောကြားလေ၏။



၁၉

ဤဥပါယ်တမျဉ်ကို အားလုံးသော သာကီဝင်မင်းတို့ သဘောတူ လက်ခံကြကာ ထိုအတိုင်း ပြုမူကြခြင်း ဖြစ်သည်)။

     တမန်အမတ်တို့သည် ဝါသဘခတ္တိယာ သတို့သမီးကို ယူဆောင်၍ သာဝတ္ထိပြည်သို့ ပြန်လာကြပြီးလျှင် ထိုအကြောင်းကို ပသေနဒိ ကောသလမင်းကြီးအား လျှောက်ထားကြလေ၏။ မင်းကြီးသည် လွန်စွာအားရ နှစ်သက်လှ၍ ဝါသဘခတ္တိယာ သတို့သမီးကို မောင်းမမိဿံ ငါးရာတို့၏ အကြီးအကဲပြုကာ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအရာ၌ အဘိသိက်သွန်း၍ မြှောက်စား မြတ်နိုးလေ၏။ ဝါသဘခတ္တိယာ မိဖုရားကြီးသည် မကြာမြင့်မီပင် ရွှေရောင်အဆင်းရှိသော သားကို ဖွားမြင်လေ၏။

     ထို့နောက် မင်းသားကို အမည်မှည့်အံ့သောနေ့၌ ကောသလမင်းကြီးသည် သားတော်၏ အဖိုးဖြစ်သူ မဟာနာမ သာကီဝင်မင်းထံသို့ “သာကီဝင်မင်းသမီးဖြစ်သူ ဝါသဘခတ္တိယာ မိဖုရားကြီးသည် သားတော်ကို ဖွားမြင်ပါပြီ။ ထိုသားတော်ကို အဘယ်သို့ အမည်မှည့်ခေါ်ရပါမည်နည်း”ဟု သဝဏ်လွှာ ပို့သစေလေ၏။ အထူးအားဖြင့် ထိုသဝဏ်လွှာကို ယူဆောင်သွားသော တမန်အမတ်သည် အနည်းငယ် နားလေး၍နေသူဖြစ်၏။ ထိုအမတ်သည် ကပိလဝတ်ပြည်သို့ သွားရောက်၍ မင်းသား၏ ဘိုးတော်ဖြစ်သော မဟာနာမ သာကီဝင်မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားလေ၏။

     မဟာနာမ သာကီဝင်မင်းကြီးသည် ထိုသတင်းစကားကို ကြားသိရလေလျှင် “ဝါသဘခတ္တိယာသည် သားကိုမဖွားမီကပင် သူခပ်သိမ်းကို လွှမ်းမိုးအုပ်စိုးရသူ ဖြစ်ခဲ့၏။ ယခုမူကား သားတော်ဖွားမြင်သည့်အတွက် ကောသလမင်းကြီး၏ အလွန့်အလွန် အကျွမ်းဝင် = ရင်းနှီးသူ ဖြစ်ချေတော့မည်”ဟု နှုတ်မြွက်ပြောဆိုလေ၏။ နားလေးသော တမန်အမတ်သည် ဝလ္လဘာ (=အကျွမ်းဝင် ရင်းနှီးသူ)ဟူသော စကားကို နားကြားလွဲ၍ “ဝိဋဋူဘ”ဟု မှတ်ယူကာ ပသေနဒိ ကောသလမင်းကြီးထံသို့ ပြန်ရောက်ခစား၍ “အရှင်မင်းကြီး.. မင်းသား၏အမည်ကို ဝိဋဋူဘဟု မှည့်ခေါ်ကြပါတဲ့”ဟု



၂၀

လျှောက်ထားလေလျှင် ကောသလမင်းကြီးသည် “ဤဝိဋဋူဘဟူသော အမည်သည် ငါတို့၏ ဆွေစဉ်မျိုးဆက် ဆင်းသက်လာသော အမည်ဟောင်း ဖြစ်ပေလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ မင်းသား၏အမည်ကို “ဝိဋဋူဘ”ဟူ၍ မှည့်ခေါ်လေ၏။ ထို့နောက် ပသေနဒိ ကောသလမင်းကြီးသည် “မြတ်စွာဘုရားရှင် နှစ်သက်အောင် ပြုလုပ်မည်”ဟူသော ရည်ရွယ်ချက်ဖြင့် ဝိဋဋူဘမင်းသားအား အသက်အရွယ် ငယ်စဉ်ကပင် စစ်သေနာပတိရာထူးကို ပေးအပ်ဆောင်နှင်းလေ၏။

     ဝိဋဋူဘမင်းသားသည် မင်းသားတို့ အဆောင်အယောင်ဖြင့် ကြီးပွါးခဲ့ရာ အသက် ခုနစ်နှစ်အရွယ် ရှိသောအခါ၌ အခြားမင်းသားတို့အတွက် အမိဖက်ဆိုင်ရာ အဖိုးအဖွားတို့ထံမှ ဆင်ရုပ်, မြင်းရုပ်- အစရှိသော လက်ဆောင်များ ပို့ဆောင်အပ်သည်တို့ကို မြင်၍ မိခင်ဖြစ်သူ ဝါသဘခတ္တိယာ မိဖုရားကြီးကို “အို မယ်တော်.. အခြားမင်းသားတို့အတွက်တော့ အမိဖက်ဆိုင်ရာ အဖိုးအဖွားတို့ထံမှ ဆင်ရုပ်, မြင်းရုပ်- အစရှိသော လက်ဆောင်ပဏ္ဏာများကို ပို့ဆောင်အပ်ပေ၏၊ သားတော်၏အတွက်တော့ တဦးတယောက်သော အဖိုးအဖွားကမျှ တစုံတခုသော လက်ဆောင်ပဏ္ဏာကို မပို့သအပ်ချေ၊ အသို့နည်း မယ်တော်သည် အမိ အဖမရှိသူ ဖြစ်သလော”ဟု မေးလေ၏။ ထိုအခါ ဝိဋဋူဘမင်းသားကို မယ်တော် ဝါသဘခတ္တိယာ မိဖုရားကြီးသည် “ချစ်သား.. သာကီဝင်မင်းတို့သည် သင်ချစ်သား၏ အမိဖက်ဆိုင်ရာ အဖိုးအဖွားများ ဖြစ်ကြကုန်၏။ သို့သော် မောင့်အဖိုး မောင့်အဖွားတို့သည် ဝေးခြားသောအရပ်၌ နေကြသောကြောင့် တစုံတခုသော လက်ဆောင်ပဏ္ဏာကိုမျှ မပို့သနိုင်ပဲ ရှိကြကုန်၏”ဟူ၍ လှည့်ဖြားပြောဆိုလေ၏။

     ဝိဋဋူဘမင်းသားသည် တဆယ့်ခြောက်နှစ်အရွယ် ရှိသောအခါ “အို မယ်တော်.. မယ်တော်ဖက်ဆိုင်ရာ အဖိုးအဖွားတို့၏ နန်းတော်ကို ကြည့်မြင်လိုပါသည်”ဟု ပြော၍ မယ်တော်မိဖုရားက “ချစ်သား.. သွား၍ မသင့်လျော်ပါ၊ မယ်တော်ဖက်ဆိုင်ရာ အဖိုးအဖွားတို့၏ နန်းတော်သို့သွား၍ အဘယ်မှုပြုအံ့နည်း



၂၁

= ဘာလုပ်မည်နည်း”ဟု တားမြစ်စကား ပြောကြားအပ်ပါသော်လည်း ဝိဋဋူဘမင်းသားသည် သွားဖို့ရန်သာ အဖန်ဖန် တောင်းပန်လေ၏၊ ထိုအခါ မယ်တော်မိဖုရားသည် မတားနိုင်သည့်အဆုံး၌ “ထိုသို့ဖြစ်လျှင် သွားလော့”ဟု လက်လျှော့ ဝန်ခံလိုက်ရလေ၏။

     ဝိဋဋူဘမင်းသားသည် ခမည်းတော်မင်းကြီးအား လျှောက်ထား၍ ကြီးစွာသော စစ်သည်ဗိုလ်ပါ အခြံအရံဖြင့် သာဝတ္ထိမြို့မှ ထွက်လေ၏။ ဝါသဘခတ္တိယာ မိဖုရားကြီးသည် အလျင်လက်ဦး ကြိုတင်၍ “ကျွန်တော်မသည် ဤသာဝတ္ထိပြည်မှာ ချမ်းသာစွာ မိဖုရားကြီးအဖြစ်ဖြင့် နေရပါသည်။ အရှင်သာကီဝင်မင်းတို့သည် ဝိဋဋူဘမင်းသားအား တစုံတရာ ထူးခြားချက်ကို ပြတော်မမူကြပါကုန်လင့်”ဟု လျှို့ဝှက်စွာ သဝဏ်လွှာကို ပို့သလေ၏။ သာကီဝင်မင်းတို့သည် ဝိဋဋူဘလာကြောင်းကို သိရှိကြ၍ “ငါတို့သည် ကျွန်မသား ဝိဋဋူဘကို ရှိမခိုးနိုင်ကုန်”ဟု ဇာတိမာန် ခက်ထန်ကြကာ ဝိဋဋူဘအောက် အသက်အရွယ် ငယ်ကုန်ငယ်ကုန်သော မင်းသားတို့ကို စောစီးကပင် ကြိုတင်၍ ဇနပုဒ်တိုက်နယ်သို့ စေလွှတ်ထားကြပြီးလျှင် ဝိဋဋူဘမင်းသား ကပိလဝတ်ပြည်သို့ ရောက်လေသော် မင်းကွန်း (ဗိုလ်တဲ)၌ စည်းဝေးညီမူကြလေကုန်၏။

     ဝိဋဋူဘမင်းသားသည် ထိုမင်းကွန်း (ဗိုလ်တဲ)သို့ သွားရောက် ရပ်တည်လေ၏။ ထိုအခါ သာကီဝင်မင်းတို့သည် ဝိဋဋူဘမင်းသားကို “ချစ်သား.. ဤသူကား မောင့်အဖိုး (အမေ့အဖေ)တည်း၊ ဤသူကား မောင့်ဦးကြီး ဦးလေး (အမေ့မောင်)တည်း”ဟု ပြောဆိုကြကာ ရှိခိုးစေကြကုန်လေ၏၊ ဝိဋဋူဘမင်းသားသည် သာကီဝင် မင်းအားလုံးတို့ကို လှည့်လည်ရှိခိုး၍ မိမိကိုရှိခိုးမည့် သာကီဝင်မင်းကိုကား တယောက်မျှ မတွေ့ရ၍ “ကျွန်ုပ်ကို ရှိခိုးရမည့် သာကီဝင်မင်းတို့ကား မရှိကြဘူးလော”ဟု မေးလေသော် သာကီဝင်မင်းတို့သည် “ချစ်သား.. သင်၏ညီငယ် မင်းသားတို့သည် ဇနပုဒ်တိုက်နယ်သို့ အလည်အပတ် သွားကြကုန်၏”ဟု



၂၂

ပြောဆိုကြ၍ ဝိဋဋူဘမင်းသားအား ကြီးစွာသော ဧည့်ခံကျွေးမွေးမှု ပြုကြလေကုန်၏။

     ဝိဋဋူဘ မင်းသားသည် နှစ်ရက်သုံးရက်ကြာမျှ ကပိလဝတ်ပြည်၌ နေ၍ များစွာသော စစ်သည်ဗိုလ်ပါ အခြံအရံဖြင့် ထွက်ခဲ့လေ၏။ ထိုအခါ ကျွန်မတယောက်သည် မင်းကွန်း (ဗိုလ်တဲ)၌ ဝိဋဋူဘမင်းသား နေထိုင်သွားသော ပျဉ်ချပ်ကို “ဤပျဉ်ချပ်ကား ဝါသဘခတ္တိယာမည်သော ကျွန်မ၏သား ဝိဋဋူဘ နေထိုင်သွားသော ပျဉ်ချပ်တည်း”ဟု ဆဲရေးစကား ပြောကြားရေရွတ်ကာ နွားနို့ရေ (နွားနို့နှင့်ရောသော ရေ)ဖြင့် ဆေးကြောလေ၏။ ဝိဋဋူဘ၏ မင်းချင်းယောက်ျား တယောက်သည် မိမိ၏လက်နက်ကို မေ့ကျန်ရစ်၍ တဖန်ပြန်လာကာ ထိုလက်နက်ကို ယူလေသော် ဝိဋဋူဘမင်းသားအား ဆဲရေးရေရွတ်သော အသံကိုကြား၍ ထိုအကြောင်းကို မေးမြန်းလေလျှင် “ဝါသဘခတ္တိယာ သတို့သမီးသည် မဟာနာမသာကီဝင်နှင့် သင့်မြတ်၍ နာဂမုဏ္ဍာမည်သော ကျွန်မမှ ဖွားမြင်သူ ဖြစ်ကြောင်းကို” သိရ၍ မိမိ၏ ရဲမက်ဗိုလ်ပါအား ထိုအကြောင်းကို ပြောကြားလေ၏၊ သို့ရကား “ဝါသဘခတ္တိယာ မိဖုရားကြီးသည် ကျွန်မ၏သမီးတဲ့”ဟု လူအများ ပြောကြားမှု သတင်းပြန့်နှံ့မှု အုတ်အုတ်ကျက်ကျက် = ကောလာဟလကြီးစွာ ဖြစ်ပေါ်လာလေ၏။

     ထိုအကြောင်းကို ဝိဋဋူဘမင်းသား ကြားသိရ၍ “ဤသာကီဝင်မင်းတို့သည် ငါနေထိုင်ရာပျဉ်ချပ်ကို နွားနို့ရေဖြင့် ဆေးကြောနှင့်ကြဦး၊ ငါတမူကား မင်းဖြစ်သောအခါ ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးကို ယူဆောင်ပြီးလျှင် နေထိုင်ရာ ပျဉ်ချပ်ကို ချင်းတို့၏ လည်ချောင်းသွေးဖြင့် ဆေးကြောပေအံ့”ဟု ရန်ငြိုးကြီးစွာ ဖွဲ့လေ၏။

     ဝိဋဋူဘမင်းသား သာဝတ္ထိပြည်သို့ ရောက်လတ်သော် အမတ်တို့သည် ထိုအကြောင်းကို ပသေနဒိကောသလမင်းကြီးအား လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် “ငါသို့စင် မင်းမြတ်အား ကျွန်မကို ပေးကြကုန်ဘိ၏”ဟုသာကီဝင်မင်းတို့အား



၂၃

အမျက်ထွက်၍ ဝါသဘခတ္တိယာ မိဖုရားကြီးနှင့် သားတော် ဝိဋဋူဘတို့အား ပေးအပ်ပြီးသော မိဖုရားကြီးရာထူးနှင့်တကွ အဆောင်အယောင် အခမ်းအနား စစ်သေနာပတိရာထူးနှင့် အဆောင်အယောင် အခမ်းအနားများကို ရုပ်သိမ်း၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သည့် အသုံးအဆောင်မျှကိုသာ ပေးစေလေ၏။

     ထို့နောက် နှစ်ရက်သုံးရက် လွန်မြောက်သောအခါ၌ မြတ်စွာဘုရားရှင်သည် ပသေနဒိ ကောသလမင်းကြီး၏ ရွှေနန်းတော်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော ဗုဒ္ဓါသနနေရာတော်၌ ထိုင်နေတော်မူလေ၏။ မင်းကြီးသည် လာလတ်၍ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့၏ ဆွေတော်မျိုးတော်များသည် ကျွန်မသမီးကို (မင်းသမီးပြုလုပ်ကာ) အကျွန်ုပ်အား ပေးအပ်ပါကုန်ပြီတဲ့၊ ထို့ကြောင့် အကျွန်ုပ်သည် ထိုကျွန်မသမီး ဝါသဘခတ္တိယာအား သားဝိဋဋူဘနှင့်တကွ ဆောင်နှင်းပေးအပ်ပြီးဖြစ်သော မိဖုရားကြီး၏ အဆောင်အယောင် အခမ်းအနား, စစ်သေနာပတိ၏ အဆောင်အယောင် အခမ်းအနားများကို ရုပ်သိမ်း၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သည့် အသုံးအဆောင်မျှကိုသာ ပေးစေခဲ့လေပြီ”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် “မြတ်သောမင်းကြီး.. သာကီဝင်မင်းတို့သည် မသင့်လျော်သောအမှုကို ပြုအပ်ခဲ့လေပြီ၊ ပေးသောသူတို့မည်သည် ဇာတ်အနွယ်တူသော သတို့သမီးကိုသာ ပေးသင့်ပေ၏။ သို့သော် မြတ်သောမင်းကြီး.. သင်မင်းကြီးကို ငါဘုရား အထူးမိန့်ကြားလိုသည်မှာ- ဝါသဘခတ္တိယာ သတို့သမီးသည် မင်းမျိုးဖြစ်သော မဟာနာမ သာကီဝင်မင်း၏ သမီးတော်တယောက် ဖြစ်လေသည်သာမက ခတ္တိယဇာတ် မြတ်သော သင်မင်းကြီးရွှေနန်းတော်၌ မိဖုရားကြီးအဖြစ် အဘိသိက်သွန်းခံရသူ ဖြစ်လေသည်။ ဝိဋဋူဘ မင်းသားသည်လည်း ခတ္တိယဇာတ် မြတ်သော သင်မင်းကြီးကိုသာ စွဲ၍ဖြစ်သော သားတော်တယောက်



၂၄

ဖြစ်လေသည်။ အမိ၏ အနွယ်မည်သည် အဘယ်ပြုနိုင်အံ့နည်း၊ အဖ၏ အနွယ်သည်သာ ပမာဏဂရု အလေးပြုလောက်၏ဟု အသိမှန်ရရှိကာ ရှေးပညာရှိတို့သည် ထင်းခွေသည် ဆင်းရဲသူမအား အဂ္ဂမဟေသီ မိဖုရားကြီးရာထူးကို ပေးဘူးလေကုန်ပြီ၊ ထိုဆင်းရဲသူ ထင်းခွေသည်မ၏ဝမ်း၌ မွေးဖွားသော သူငယ်သည်လည်း ဆယ့်နှစ်ယူဇနာကျယ်ဝန်းသော ဗာရာဏသီပြည်၌ မင်းအဖြစ်သို့ရောက်၍ ကဋ္ဌဝါဟနမည်သောမင်း ဖြစ်ခဲ့ဘူးလေ”ဟု မိန့်တော်မူ၍ ဧကကနိပါတ်လာ ကဋ္ဌဝါဟနဇာတ်ကို ဟောတော်မူလေ၏။

     ပသေနဒိ ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်၏ တရားစကားကို ကြားနာရ၍ “ဖခင်၏ အနွယ်သည်သာ ပမာဏဂရု အလေးပြုလောက်၏တဲ့”ဟု နှစ်သက်ကျေနပ် အားရကာ ဝါသဘခတ္တိယာ မိဖုရားအား၎င်း, သားဝိဋဋူဘ မင်းသားအား၎င်း နဂိုရ်ပကတိ ပေးမြဲတိုင်းသော မိဖုရားကြီးအဆောင်အယောင် အခမ်းအနား, စစ်သေနာပတိ အဆောင်အယောင် အခမ်းအနားကိုပင် တဖန်ပြန်၍ ပေးစေလေ၏။

ဗန္ဓုလစစ်သေနာပတိနှင့် ဇနီးမလ္လိကာတို့အကြောင်း

     ပသေနဒိကောသလမင်းကြီး၏ စစ်သေနာပတိဖြစ်သူ ဗန္ဓုလ (မလ္လမင်းသား)၏ ဇနီးဖြစ်သူ မလ္လိကာ စစ်သေနာပတိကတော်သည်ကား ကုသိနာရုံပြည် မလ္လမင်း၏ သမီးတော်ဖြစ်၏။ ထိုမလ္လိကာ စစ်သေနာပတိကတော်သည် ကာလရှည်မြင့်စွာ ဗန္ဓုလစစ်သေနာပတိနှင့် ပေါင်းသင်း နေထိုင်ပါသော်လည်း သားသမီး တယောက်မျှ မထွန်းကား မမွေးဖွားချေ။ ထိုအခါ မလ္လိကာကို ဗန္ဓုလသည် “မိမိ၏ မိဖနေအိမ်သို့သာ ပြန်လော့”ဟု လွှတ်လိုက်လေ၏။ မလ္လိကာသည် “မြတ်စွာဘုရားကို ဖူးမြင်ပြီးမှပင် မိဖရပ်ဌာန် ပြန်ပေအံ့”ဟု အကြံပြုကာ ဇေတဝန်ကျောင်းတိုက်သို့ဝင်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးလတ်သော် မြတ်စွာဘုရားရှင်က “အဘယ်သို့ သွားမည်နည်း”ဟု မေး၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..



၂၅

တပည့်တော်မကို အရှင်သခင် လင်ဖြစ်သူ ဗန္ဓုလစစ်သေနာပတိက မိဖနေအိမ်သို့ ပြန်၍လွှတ်လိုက်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “အဘယ်အကြောင်းကြောင့်နည်း”ဟု မြတ်စွာဘုရားရှင်က မေးတော်မူသည်တွင် “တပည့်တော်မသည် သားသမီးမထွန်းကားသူ ဖြစ်ပါသည်။ ထို့ကြောင့် စစ်သေနာပတိက မိဖနေအိမ်သို့ ပြန်၍လွှတ်လိုက်ပါသည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ယင်းသို့ဖြစ်လျှင် မိဖနေအိမ်သို့ ပြန်သွားဖွယ်ကိစ္စမရှိ၊ စစ်သေနာပတိအိမ်သို့ပင် ပြန်သွားလော့”ဟု မိန့်တော်မူလေသော် မလ္လိကာသည် ဝမ်းမြောက်ဝမ်းသာဖြစ်ရှိကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် နေအိမ်သို့ တဖန်ပြန်ခဲ့၍ အိမ်သို့ရောက်လျှင် ဗန္ဓုလစစ်သေနာပတိက “သင်သည် အဘယ့်ကြောင့် ပြန်လာသနည်း”ဟု မေးအပ်သည်တွင် “မြတ်စွာဘုရားရှင်က နေအိမ်သို့ တဖန်အပြန်ခိုင်းသောကြောင့် ပြန်လာပါသည်”ဟု ဖြေကြားလေ၏။ ဗန္ဓုလစစ်သေနာပတိသည် “အရှည်မြင်တော်မူသော မြတ်စွာဘုရားရှင်သည် သားသမီး ထွန်းကားအံ့သောအကြောင်းကို မြင်တော်မူသည် ဖြစ်လိမ့်မည်”ဟု ဆင်ခြင်စဉ်းစားကာ မလ္လိကာကို လက်ခံသိမ်းပိုက်မြဲ သိမ်းပိုက်ထားလေ၏။

     မလ္လိကာသည် မကြာမြင့်မီပင် ကိုယ်ဝန်ရ၍ ချင်ခြင်းတပ်ကာ ဗန္ဓုလစစ်သူကြီးအား “အိုအရှင်.. ကျွန်တော်မအား ချင်ခြင်းဖြစ်လတ်ပါပြီ”ဟု ကြားလျှောက်လေ၏။ “အဘယ်သို့သော ချင်ခြင်းနည်း”ဟု စစ်သေနာပတိက မေးလေသော် “အိုအရှင်.. ဝေသာလီပြည်ဝယ် ပြည်ထောင်စု လိစ္ဆဝီမင်းအပေါင်းတို့၏ အဘိသိက် သွန်းရာ မင်္ဂလာရေကန်၌ သက်ဆင်းရေချိုး၍ ထိုရေကို သောက်လိုပါသည်”ဟု မလ္လိကာက လျှောက်ထားပြောဆိုလေ၏။ ထိုအခါ ဗန္ဓုလစစ်သေနာပတိသည် “ကောင်းပြီ”ဟု ပြောဆို၍ ပိုလ်တထောင်တင်လေးကို ယူဆောင်လျက် မလ္လိကာကို ရထားထက်သို့ တင်ပြီးလျှင် သာဝတ္ထိပြည်မှ ထွက်ခဲ့၍ ရထားကို မောင်းနှင်လျက် မဟာလိလိစ္ဆဝီမင်းအား အပိုင်စားပေးအပ်သော



၂၆

တံခါးဖြင့် ဝေသာလီပြည်သို့ ဝင်လေ၏။ မဟာလိလိစ္ဆဝီမင်း၏ နေအိမ်သည်ကား ထိုတံခါးအနီး၌ပင် တည်ရှိလေသည်။

     မဟာလိလိစ္ဆဝီမင်းသည် ဗန္ဓုလ စီးနင်းလိုက်ပါလာသော ရထား၏ တံခါးခုံ၌ ထိခိုက်သောအသံကို ကြားရလျှင်ပင် “ဤအသံကား ဗန္ဓုလ၏ ရထားသံဖြစ်သည်။ ယနေ့ လိစ္ဆဝီမင်းတို့အဖို့ရာ ကြီးစွာသောဘေးကြီး ဖြစ်ပေါ်လိမ့်မည်”ဟု ပြောဆိုလေ၏။ မင်္ဂလာရေကန်၏ အတွင်းအပ နှစ်ဌာန၌ပင် အစောင့်အရှောက် ဗိုလ်ပါကား များလှဘိ၏၊ ရေကန်အထက်၌ သံကွန်ရက်ကို ဖြန့်ကြက်အုပ်မိုး၍ ထားအပ်သဖြင့် ငှက်တို့သော်မှလည်း ဝင်နိုင်ခွင့်မရှိချေ။

     ဗန္ဓုလ စစ်သေနာပတိသည်ကား ရထားမှ ဆင်းသက်၍ အစောင့်ချထားသောလူများကို ကြိမ်လုံးဖြင့် ရိုက်နှက်ကာ လွတ်ရာသို့ ပြေးသွားစေလျက် သံကွန်ရက်ကို သန်လျက်ဖြင့် ဖျက်ချိုးပြီးသော် ရေကန်အတွင်း၌ မိမိမယား မလ္လိကာကို ရေချိုးစေ, မိမိလည်း ရေချိုးပြီးလျှင် တဖန် ဣန္ဒြေမပျက် မလ္လိကာကို ရထားထက်သို့တင်လျက် ဝေသာလီပြည်မှထွက်၍ လာခဲ့သောလမ်းအတိုင်းပင် ရထားကို မောင်းနှင်ကာ ပြန်လာခဲ့လေ၏။

     အစောင့်ချထားသော လူများတို့သည် လိစ္ဆဝီမင်းတို့အား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏၊ လိစ္ဆဝီမင်းတို့သည် ပြင်းစွာ အမျက်ထွက်ကြ၍ ရထားအစီး ငါးရာတို့သို့ အသီးအသီး တက်စီးကြလျက် “မလ္လမင်းသား ဗန္ဓုလ စစ်သေနာပတိကို လက်ရဖမ်းယူကုန်အံ့”ဟု စစ်ထွက်ခဲ့ကြလေကုန်၏၊ ထိုအကြောင်းကို မင်းချင်းတို့က မဟာလိလိစ္ဆဝီမင်းအား လျှောက်ထား ပြောကြားကြလေသော် မဟာလိလိစ္ဆဝီမင်းသည် “အမောင်လိစ္ဆဝီမင်းတို့.. မလိုက်သွားကြလင့်၊ မှန်၏- ထိုဗန္ဓုလစစ်သေနာပတိသည် အမောင်တို့ လစ္ဆဝီမင်းအားလုံးကို သတ်လိမ့်မည်”ဟု တားမြစ်စကား ပြောကြားလေ၏။ လိစ္ဆဝီမင်းတို့သည်လည်း “ကျွန်ုပ်တို့သည် အဘယ်နည်းနှင့်မျှ သည်းခံ၍ မနေနိုင်ကုန်၊ လိုက်ကြမည်သာ”ဟု ပြောဆိုကြလေကုန်၏။



၂၇

     ထိုအခါ မဟာလိလိစ္ဆဝီမင်းသည် ကျောင်းနေဖက် သူငယ်ချင်းဖြစ်၍ ဗန္ဓုလအကြောင်းကို ကောင်းစွာသိသူဖြစ်ရကား လိစ္ဆဝီမင်းများကို-

အမောင်လိစ္ဆဝီမင်းတို့.. ထိုသို့ဖြစ်လျှင် (=မလိုက်ပဲ မနေနိုင်ကြလျှင်) အမောင်တို့သည် ဗန္ဓုလစီးနင်းသော ရထားဘီး ပုံတောင်း = အချက်တိုင်အောင် မြေသို့ မြုပ်ဝင်သွားသောအရပ်ကို မြင်ကြလျှင် ထိုမြင်ရာအရပ်မှပင် ပြန်ခဲ့ကြလော့။

ထိုအရပ်မှ မပြန်ခဲ့ကြလျှင် ရှေ့သို့ ဆက်၍လိုက်သော် မိုးကြိုးသံကဲ့သို့သော အသံကို ကြားကြရလိမ့်မည်၊ ထိုကြားရာအရပ်မှ ပြန်ခဲ့ကြလော့။

ထိုအရပ်မှ မပြန်ခဲ့ကြလျှင် သင်တို့၏ ရထားဦးတို့၌ အပေါက်ကို မြင်ကြရလိမ့်မည်။ ထိုမြင်ရာအရပ်မှ ပြန်ခဲ့ကြလော့၊ ရှေ့သို့ဆက်၍ မလိုက်ကြကုန်လင့်-

ဟု မှာကြား ပြောဆိုလိုက်လေ၏။ လိစ္ဆဝီမင်းတို့သည် မဟာလိလိစ္ဆဝီမင်း ပြောဆိုသောစကားဖြင့် မပြန်နစ်ကြပဲ ဗန္ဓုလ စစ်သေနာပတိနောက်သို့ လိုက်ကြလေကုန်၏။

     မလ္လိကာ စစ်သေနာပတိကတော်သည် လိစ္ဆဝီမင်းများ လိုက်လာသော ရထားတို့ကို မြင်၍ “အိုအရှင်.. ရန်သူရထားများ လိုက်လာသည်တို့ကို မြင်ရပါသည်”ဟု ပြောဆိုလေ၏။ ဗန္ဓုလသည် “ရှင်မ.. ထိုသို့ဖြစ်လျှင် ရထားငါးရာတို့ကို ရထားတစီးတည်းကဲ့သို့ ထင်ရ မြင်ရသောအခါ၌ ငါ့ကို ပြောကြားလော့”ဟု ဆိုလေ၏။

     မလ္လိကာသည် ရထားအားလုံး တစီးတည်းကဲ့သို့ ထင်ရမြင်ရသောအခါ၌ “အိုအရှင်.. ရထားဦး တခုတည်းကဲ့သို့ ထင်ရ မြင်ရပါပြီ”ဟု ပြောကြားလေလျှင် ဗန္ဓုလ စစ်သေနာပတိသည် “ထိုသို့ဖြစ်လျှင် ဤကြိုးများကို သင် ဆွဲထားလော့”ဟု မလ္လိကာအား မြင်းကြိုးများကိုပေး၍ ရထားပေါ်၌ ရပ်လျက်ပင် ပိုလ်တထောင် တင်လေးကို



၂၈

တင်လေ၏၊ ရထားဘီးသည် ပုံတောင်း = အချက်တိုင်အောင် မြေသို့ မြုပ်ဝင်၍ သွားလေ၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်ကို မြင်ကြရပါသော်လည်း မပြန်နစ်ကြပဲ လိုက်မြဲ လိုက်ကြလေ၏။ ဗန္ဓုလစစ်သေနာပတိသည် အတန်ငယ်သွား၍ လေးညှို့ = လေးကြိုးကို ခတ်လေ၏ = ညှိလေ၏၊ ထိုလေးညှို့ = လေးကြိုးကို ခတ်သော = ညှိသော အသံသည် မိုးကြိုးသံကဲ့သို့ ဖြစ်လေ၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်မှလည်း မပြန်နစ်ကြပဲ ရှေ့သို့ချီတက် လိုက်မြဲ လိုက်ကြလေကုန်၏။ ဗန္ဓုလစစ်သေနာပတိသည် ရထားထက်၌ ရပ်လျက်ပင် မြှားတစင်းကို ပစ်လိုက်လေ၏။ ထိုမြှားသည် ရထားငါးရာတို့၏ ရထားဦးတို့ကို ဖောက်လျက် လိစ္ဆဝီမင်း ငါးရာတို့ကို ချပ်ဝတ်တန်းဆာ ဖွဲ့ချည်ရာ (ရင်ဝ)ဌာန၌ ထုတ်ချင်းဖောက်၍ မြေသို့ဝင်လေ၏။

     လိစ္ဆဝီမင်းငါးရာတို့သည် မိမိတို့ မြှားအမှန်ခံရသည်ကို မသိကြမူ၍ “ဟယ်ဗန္ဓုလ.. ရပ်လော့”ဟု ပြောဆိုကြကာ လိုက်မြဲ လိုက်ကြလေကုန်၏။ ဗန္ဓုလစစ်သေနာပတိသည် ရထားကို အနည်းငယ်ရပ်၍ “သင်လိစ္ဆဝီမင်းတို့သည် သေပြီးသူများသာ ဖြစ်ကြကုန်၏၊ သေသူတို့နှင့် ငါ့အဖို့ရာ စစ်ထိုးရန် မရှိ”ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့က “သေပြီးသူတို့မည်သည် ငါတို့ကဲ့သို့ မဟုတ်ကုန်”ဟု ပြောဆိုကြလေသော် “ထိုသို့ဖြစ်လျှင် နောက်ဆုံးလိစ္ဆဝီမင်း၏ ချပ်ဝတ်တန်းဆာကို ဖြေ၍ ကြည့်ကြလော့”ဟု ဗန္ဓုလစစ်သေနာပတိက ဆိုလေ၏။

     လိစ္ဆဝီမင်းတို့သည် ဗန္ဓုလ၏စကားအတိုင်း နောက်ဆုံးလိစ္ဆဝီမင်း၏ ချပ်ဝတ်တန်းဆာကို ဖြေ၍ကြည့်ကြလေကုန်၏။ ထိုနောက်ဆုံး လိစ္ဆဝီမင်းသည် ချပ်ဝတ်တန်းဆာကို ဖြေလျှင်ဖြေချင်းပင် စုတိပြတ်ကြွေ သေလွန်တိမ်းလည်း၍ သွားလေတော့၏။ ထိုအခါ ဗန္ဓုလစစ်သေနာပတိသည် ကျန်သော လိစ္ဆဝီမင်းတို့ကို “သင်တို့အားလုံးပင် ဤနည်းအတူ သေပြီးသူများ ဖြစ်ကြ၏။ မိမိတို့နန်းအိမ်တို့သို့ အမြန်ပြန်သွားကြ၍ စီမံသင့်သမျှ စီမံကြလျက် သားမယားများကို မှာထားသင့်သမျှ မှာထားဆုံးမပြီးမှ



၂၉

ချပ်ဝတ်တန်းဆာကို ဖြေကြလော့”ဟု နောက်ဆုံး သတိပေးစကား ပြောကြားလေ၏။ လိစ္ဆဝီမင်းတို့သည် ဗန္ဓုလပြောသည့်အတိုင်း ပြုလုပ်ကြပြီး အားလုံးပင် အသက်ကုန်ခြင်းသို့ ရောက်ကြလေကုန်၏။

     ဗန္ဓုလ စစ်သေနာပတိသည်လည်း မလ္လိကာကို သာဝတ္ထိပြည်သို့ ချမ်းသာစွာ ဆောင်ယူခဲ့လေ၏။ မလ္လိကာသည် တဆယ့်ခြောက်ကြိမ်တိုင်တိုင် အစုံအစုံသော သားတို့ကို မွေးဖွားခဲ့လေ၏။ အားလုံး သုံးကျိပ်နှစ်ယောက်သော သားတို့သည်လည်း အလွန်ရဲရင့်ကြလျက် အားအစွမ်းနှင့် ပြည့်စုံသူများချည်း ဖြစ်ကြကုန်၏။ ခပ်သိမ်းသော အတတ်မျိုးတို့၏ အပြီးအဆုံးရောက် တတ်မြောက်ကြသူများ ဖြစ်ကြကုန်၏။ သားတယောက် တယောက်လျှင် လူစွမ်းကောင်းယောက်ျား တထောင်စီ တထောင်စီ အခြံအရံရှိ၏။ ဖခင်ဖြစ်သူ ဗန္ဓုလစစ်သေနာပတိနှင့် အတူတကွ မင်းနန်းတော်သို့ သွားကြသည်ရှိသော် ထိုဗန္ဓုလနှင့် သားသုံးကျိပ်နှစ်ယောက် အခြံအရံ လူစွမ်းကောင်းယောက်ျား သုံးသောင်းနှစ်ထောင်တို့ဖြင့်ပင် မင်းယင်ပြင်တခုလုံး ပြည့်၍နေလေတော့၏။

ဗန္ဓုလစစ်သေနာပတိ တရားရုံး၌ တရားစီရင်ခြင်း

     တနေ့သ၌ တရားလွှတ်ရုံးဝယ် မတရား အဆုံးအဖြတ်ခံရ၍ တရားရှုံးကြသော လူများသည် ဗန္ဓုလစစ်သေနာပတိ လာလတ်သည်ကို မြင်ကြ၍ သည်းစွာဟစ်အော် ကြွေးကြော်ကြကုန်လျက် လွှတ်တော်တရားသူကြီးတို့၏ မတရားဆုံးဖြတ်ကြသော အကြောင်းကို ဗန္ဓုလစစ်သေနာပတိအား တိုင်ကြား ပြောဆိုကြလေ၏။ ဗန္ဓုလစစ်သေနာပတိသည် တရားလွှတ်ရုံးသို့သွား၍ ထိုတရားမှုခင်းကို တဖန်စစ်ဆေးပြီးလျှင် အရှင်ဖြစ်ထိုက်သူကိုသာ အရှင်ဖြစ်အောင် ဆုံးဖြတ်မှု တရားသဖြင့် ပြုလေ၏။ လူအပေါင်းသည် ကျယ်စွာသော အသံဖြင့် သာဓုကောင်းကြီး ပေးကြလေ၏။

     ပသေနဒိကောသလမင်းကြီးသည် သာဓုကောင်းကြီးပေးသံကို ကြားရ၍ “ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူသဖြင့်



၃၀

ထိုအကြောင်းကို ကြားသိရလျှင် လွန်စွာနှစ်သက် အားရတော်မူ၍ ထိုလွှတ်ရုံး တရားသူကြီးအားလုံးတို့ကို ရာထူးချပြီးလျှင် ဗန္ဓုလစစ်သေနာပတိအားပင် တရားလွှတ်ရုံးကို အပ်နှင်းလေ၏။ ဗန္ဓုလသည် ထိုအချိန်မှစ၍ တရားနှင့်အညီ အဆုံးအဖြတ်ပေးလေ၏။

     ထိုအခါ ရာထူးကျ တရားသူကြီးဟောင်းတို့သည် အနည်းငယ်မျှသော လက်ဆောင်တံစိုးကို မရကြသည်ဖြစ်၍ လာဘ်လာဘ နည်းပါးကုန်ရကား “ဗန္ဓုလစစ်သေနာပတိသည် မင်းအဖြစ်ကို တောင့်တ၍နေ၏”ဟု မင်းနန်းတော်၌ စိတ်ဝမ်းကွဲပြားအောင် ဂုံးတိုက်စကား ပြောကြားကြလေ၏။ ကောသလမင်းကြီးသည် ထို ရာထူးကျ တရားသူကြီးဟောင်းတို့၏ ဂုံးတိုက်စကား ကြားသိရ၍ ယုံကြည်ပြီးလျှင် မိမိစိတ်ကို နှိပ်၍မရနိုင်လောက်အောင်ပင် ရှိလေ၏။ “ဤဗန္ဓုလကို ဤသာဝတ္ထိပြည်အတွင်း၌ပင် သတ်စေခဲ့လျှင် ငါ့အား လူအပေါင်းတို့ ကဲ့ရဲ့ရှုတ်ချမှု ဖြစ်ပေလိမ့်မည်”ဟု တဖန် ကြံစည်၍ တဖက်လှည့် နည်းပရိယာယ်သုံးကာ မိမိ၏ မင်းချင်းယောက်ျားတို့ကို တိုင်းစွန်ပြည်နား၌ သူပုန်ထစေပြီးသော် ဗန္ဓုလစစ်သေနာပတိကို ခေါ်စေ၍ “အမောင်စစ်သေနာပတိ.. ငါ၏ တိုင်းစွန်ပြည်နား ပစ္စန္တရစ်အရပ်များသည် သူပုန်ဘေးကြောင့် ပျက်စီးလုမတတ်ရှိနေသည်၊ အမောင်စစ်သေနာပတိ၏ သားများနှင့်အတူတကွ သွားရောက်၍ သူပုန်လူဆိုးတို့ကို ဖမ်းရမည်ဟု အမိန့်ပေးစေလွှတ်၍ “ဤမြို့ပြင်အရပ်၌ပင် သားသုံးကျိပ်နှစ်ယောက်တို့နှင့်တကွ ဗန္ဓုလ၏ ဦးခေါင်းများကို ဖြတ်၍ ယူဆောင်ခဲ့ကြရမည်”ဟု လျှို့ဝှက် အမိန့်ပေးကာ ထိုဗန္ဓုလသားအဖတို့နှင့် အတူတကွ အခြားလူစွမ်းကောင်း စစ်ဗိုလ်ကြီးတို့ကို ထည့်လိုက်လေ၏။

     ဗန္ဓုလစစ်သေနာပတိသည် ပစ္စန္တရစ်အရပ်သို့ ရောက်လတ်လျှင်ပင် “စစ်သေနာပတိကြီး လာပြီတဲ့”ဟု အယောင်ဆောင် မင်းချင်းသူပုန်များသည် တိမ်းရှောင် ထွက်ပြေးကြလေကုန်၏။ ဗန္ဓုလ စစ်သေနာပတိသည် ထိုပစ္စန္တရစ်အရပ်ကို လူနေစည်ကားအောင်



၃၁

ခန့်ထားစီမံပြီးမှ ပြန်ခဲ့လေ၏။ ထို့နောက် မြို့မှ (သာဝတ္ထိပြည်မှ) မနီးမဝေးသောအရပ်၌ မင်းကြီးလျှို့ဝှက် အမိန့်ပေးလိုက်သော လူစွမ်းကောင်း စစ်ဗိုလ်ကြီးတို့သည် သားသုံးကျိပ်နှစ်ယောက်တို့နှင့်တကွ ဗန္ဓုလစစ်သေနာပတိ၏ ဦးခေါင်းများကို ဖြတ်ကြလေကုန်၏။

     ထိုနေ့၌ကား မလ္လိကာ စစ်သူကြီးကတော်သည် ရဟန်းငါးရာတို့နှင့်တကွ အဂ္ဂသာဝကကြီးနှစ်ပါး (=အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန်)တို့ကို ဆွမ်းဘုဉ်းပေးကြွရောက်ရန် ဖိတ်မန်အပ်ပြီးဖြစ်ကုန်၏၊ ထိုအခါ မလ္လိကာအား နံနက်စောစောပင် “သားသုံးကျိပ်နှစ်ယောက်တို့နှင့်တကွ သင်၏အရှင်လင် ဗန္ဓုလစစ်သေနာပတိ၏ ဦးခေါင်းများကို ဖြတ်အပ်လေပြီ”ဟု သဝဏ်လွှာကို ပို့ဆောင်ပေးအပ်ကြလေကုန်၏။ မလ္လိကာသည် ထိုသတင်းကို ကြားသိရ၍ တဦးတယောက်သောသူအားမျှ တစုံတရာ မပြောကြားပဲ သဝဏ်လွှာကို ရင်ခွင် (အင်္ကျီအိတ်အတွင်း)၌ထား၍ အဂ္ဂသာဝကကြီးနှစ်ပါး အမှူးပြုသည့် ရဟန်းသံဃာကိုသာလျှင် ဆွမ်းပြုစုလုပ်ကျွေးနေလေ၏။

     ထိုအခါ မလ္လိကာ၏ အိမ်ဖော်မိန်းမများ ရဟန်းတို့အား ဆွမ်းလှူပြီး၍ ထောပတ်အိုးကို ယူဆောင်လာခဲ့ကြရာ မတော်တဆ မထေရ်မြတ်တို့၏ ရှေ့မှောက်၌ ထောပတ်အိုးကြီး ကွဲသွားခဲ့လေသည်။ တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်သည် “ကွဲပျက်ခြင်းသဘောရှိသော ဝတ္ထုဖြစ်၍ ကွဲပျက်သွားလေပြီ၊ ထွေရာလေးပါး စိတ်အကြံမများလင့်”ဟူ၍ မလ္လိကာအား မိန့်ကြားတော်မူလေ၏။ မလ္လိကာသည် ရင်ခွင် (အင်္ကျီအိတ်တွင်း)မှ သဝဏ်လွှာကိုထုတ်၍ “အရှင်ဘုရား.. သားသုံးကျိပ်နှစ်ယောက်တို့နှင့်တကွ အဖဖြစ်သူ ဗန္ဓုလစစ်သေနာပတိ၏ ဦးခေါင်းများကို ဖြတ်အပ်လေပြီဟူသော ဤသဝဏ်လွှာကို တပည့်တော်မအား ပို့အပ်လာကြပါသည်၊ တပည့်တော်မသည် ဤအကြောင်းကို ကြား၍သော်မှလည်း ထွေရာ လေးပါး စိတ်အကြံမများခဲ့ပါ။ ထောပတ်အိုး ကွဲခြင်းကြောင့်ကား အဘယ်မှာလျှင်



၃၂

ထွေရာလေးပါး စိတ်အကြံများပါအံ့နည်းဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ အရှင်သာရိပုတ္တရာ မထေရ်သည် “အနိမိတ္တမနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ-” ဤသို့ အစရှိသော(သုတ္တနိပါတ်ပါဠိတော်၊ ၃-မဟာဝဂ်၊ ၇-သလ္လသုတ်) တရားဒေသနာကို ဟောကြားတော်မူ၍ နေရာမှ ထတော်မူကာ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

     သံဃာတော်များကို ဆွမ်းပြုစုလုပ်ကျွေးပြီးနောက် မလ္လိကာသည် ချွေးမ သုံးကျိပ်နှစ်ယောက်တို့ကို အခေါ်ခိုင်း၍ “ချွေးမတို့.. သင်တို့၏ အရှင်သခင် လင်ယောက်ျားများသည် အပြစ်တစုံတရာ မရှိကြကုန်ပဲ မိမိ၏ ရှေးကံအကျိုးကို ရရှိကြလေပြီ၊ သင်တို့သည် မစိုးရိမ်, မပူဆွေး, မငိုကြွေးကြကုန်လင့်၊ ကောသလမင်းကြီး၏အပေါ် စိတ်ပြစ်မှားခြင်းကိုလည်း မပြုကြကုန်လင့်”ဟူ၍ ဆုံးမစကား ပြောကြားလေ၏။ ကောသလမင်းကြီး၏ သူလျှိုယောက်ျားများသည် ထိုစကားကို ကြားကြ၍ မင်းကြီးထံ သွားရောက်ကြပြီးလျှင် ဗန္ဓုလသားအဖတို့၏ အပြစ်မရှိသောအဖြစ်ကို ကြားလျှောက်ကြလေကုန်၏၊ ကောသလမင်းကြီးသည် ထိတ်လန့်ခြင်း = သံဝေဂသို့ ရောက်ရှိကာ မလ္လိကာ၏နေအိမ်သို့ သွားရောက်၍ မလ္လိကာကို၎င်း, သူ၏ချွေးမ သုံးကျိပ်နှစ်ယောက်တို့ကို၎င်း သည်းခံစေကြောင်း တောင်းပန်စကား ပြောကြားပြီးလျှင် မလ္လိကာအလိုရှိရာ ဆုတခုခုကိုယူရန် ပြောကြားလေ၏။

     မလ္လိကာသည် “အရှင်မင်းကြီး.. ဘုရားကျွန်တော်မသည် ဆုယူပြီးသားပင် ဖြစ်ပါစေ”ဟု ပြန်ကြားလျှောက်ထား၍ မင်းကြီးပြန်သွားလတ်သော် ကုပ္ဖီးထမင်း ကျွေးမွေးလှူဒါန်း (ဆွမ်းသွတ်)ပြီးနောက် ရေမိုးချိုးပြီးလျှင် မင်းကြီးထံမှောက်သို့ သွားရောက်ရှိခိုး၍ “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့သည် ကျွန်တော်မအား ဆုပေးအပ်ပြီး ဖြစ်ပါသည်၊ ကျွန်တော်မ၏ အဖို့ရာမှာလည်း အခြားဆုများဖြင့် အလိုမရှိပါ။ ကျွန်တော်မ၏ချွေးမ သုံးကျိပ်နှစ်ယောက်တို့ကို၎င်း, ကျွန်တော်မကို၎င်း မိဖနေအိမ်သို့ ပြန်ဘို့ရန် ခွင့်ပြုတော်မူပါကုန်”ဟူ၍ ခွင့်ပန်စကား လျှောက်ထားလေလျှင်



၃၃

ပသေနဒိ ကောသလမင်းကြီးသည် မလ္လိကာ၏ ခွင့်ပန်လျှောက်ထားချက်ကို ကျေနပ်စွာ လက်ခံတော်မူလေ၏။ မလ္လိကာသည် ချွေးမ သုံးကျိပ်နှစ်ယောက်တို့ကို မိဖနေအိမ်သို့ အသီးအသီး ပို့ဆောင်ပြီးနောက် မိမိကိုယ်တိုင်လည်း ကုသိနာရုံပြည် မိဖနေအိမ်သို့ ပြန်သွားလေ၏။

(မလ္လိကာ၏ အကြောင်းအဆက်။ ။မလ္လိကာသည် ကုသိနာရုံပြည် မိဖတို့နေအိမ်၌ ကာလရှည်မြင့်စွာ နေထိုင်၍ နောက်တချိန် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသဖြင့် မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မလ္လမင်းများ ကုသိနာရုံပြည်တွင်းသို့ ထမ်းဆောင် သယ်ယူလာကြသော သတင်းကို ကြားသိရလေလျှင် မိမိ၏အရှင်သခင် လင်ယောက်ျားဖြစ်သူ ဗန္ဓုလစစ်သေနာပတိ ကွယ်လွန်သောအချိန်မှစ၍ မသုံးဆောင်ပဲ သိမ်းဆည်းထားခဲ့သော မဟာလတာတန်းဆာကို ထုတ်၍ “ဤမဟာလတာတန်းဆာဖြင့် မြတ်စွာဘုရားရှင်ကို ငါပူဇော်အံ့”ဟု ကြံစည်ကာ ထိုမဟာလတာတန်းဆာကို ပွတ်တိုက်၍ နံ့သာရေဖြင့် ဆေးကြောပြီးလျှင် အိမ်တံခါးဝက စောင့်မျှော်လျက်နေလေ၏။

ထိုမဟာလတာ တန်းဆာကား (သုတ်မဟာဝါအဋ္ဌကထာအလို) ၁-ဝိသာခါ, ၂-ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာ, ၃-ဒေဝဒါနိယခိုးသူ= ဤသုံးဦးတို့အိမ်၌သာလျှင် ရှိ၏။ (ဓမ္မပဒအဋ္ဌကထာအလို) မြေပြင်အဝန်း၌ ၁-ဝိသာခါ, ၂-ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာ, ၃-ဗာရာဏသီသူဌေးသမီး= ဤသုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာတန်းဆာကို ရရှိကြကုန်၏။

မလ္လိကာသည် မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ် အလောင်းတော် မိမိအိမ်တံခါးဝသို့ ဆိုက်ရောက်လတ်သော် “အမောင်တို့.. မြတ်စွာဘုရား၏ ရုပ်ကလာပ် အလောင်းတော်ကို ခေတ္တချကြပါဦး”ဟု ပြောဆို၍ ထိုမိမိ၏ မဟာလတာတန်းဆာကို မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌ စွပ်၍ ဝတ်၍ ပေးလေ၏။ ဦးခေါင်းတော်မှစ၍ စွပ်အပ် ဝတ်အပ်သော ထိုမဟာလတာတန်းဆာသည် ခြေတော်အပြင်တိုင်အောင် ဖုံးအုပ်မိလေ၏။ ရွှေအဆင်းရှိသော မြတ်စွာဘုရားရှင်၏ ကိုယ်တော်သည် ရတနာခုနစ်ပါးဖြင့်ပြီးသော မဟာလတာတန်ဆာဖြင့် တန်းဆာဆင်အပ်သည်ရှိသော် အလွန်လျှင် တင့်တယ်လှပေ၏။

၃၄

မလ္လိကာသည် ထိုသို့ တင့်တယ်လှသည်ကိုမြင်၍ အလွန်ကြည်ညိုသောစိတ် ဖြစ်ရှိကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မ၏အဖို့ရာ သံသရာဝဋ်၌ ကျင်လည်ရသမျှ ကာလပတ်လုံး အသီးအခြား အဆင်တန်ဆာ ဆင်မြန်းရသော ကိစ္စဟူ၍ မဖြစ်ရ မရှိရပါစေသတည်း၊ အမြဲတစေ တပည့်တော်မ၏ကိုယ်သည် အဆင်တန်းဆာ ဝတ်ဆင်ပြီးကဲ့သို့ ဖြစ်ပါစေသား”ဟူ၍ ဆုတောင်းပတ္ထနာမှု ပြုလေ၏။ ။(သုတ်မဟာဝါအဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်အဖွင့် စာမျက်နှာ ၁၈၉-မှ)။

မလ္လိကာသည် နောက်အခါ၌ စုတိပြတ်ကြွေ သေလွန်၍ တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်၍ သူ၏ ဆုတောင်းအတိုင်း အခြားနတ်တို့နှင့်မတူ ထူးခြားတောက်ပြောင်သော ရွှေရောင်အဆင်းရှိလျက် ရတနာခုနစ်ပါးဖြင့်ပြီးသော အဝတ်, အဆင်တန်းဆာ, ဗိမာန်ရှင်တဦး ဖြစ်ရလေ၏။ (အကြောင်းအရာအကျယ်ကို ဝိမာနဝတ္ထု အဋ္ဌကထာ၊ ၃-ပါရိတ္တကဝဂ်၊ ၈-မလ္လိကာဝိမာနဝတ္ထုအဖွင့်မှ ထုတ်နုတ်မှတ်ယူရာ၏)။

     ပသေနဒိ ကောသလ မင်းကြီးသည်လည်း ဗန္ဓုလစစ်သေနာပတိ၏ တူဖြစ်သူ ဒီဃကာရာယနမည်သောသူအား စစ်သေနာပတိရာထူးကို ဆက်လက်၍ ပေးလေသည်။ ထိုသို့ပင် ပေးအပ်ပါသော်လည်း ဒီဃကာရာယနသည် “ငါ၏ ဦးကြီးတော်ကို ဤမင်းသည် အပြစ်မဲ့ သတ်ခဲ့လေပြီ”ဟု အောက်မေ့ကာ ကောသလမင်းကြီးအား လက်စားချေနိုင်ရန် အခွင့်အပေါက်ကိုသာရှာလျက် နေထိုင်လေ၏။

     ကောသလ မင်းကြီးသည်လည်း အပြစ်မရှိပဲလျက် ဗန္ဓုလစစ်သေနာပတိကို သတ်စေပြီးသောအချိန်မှစ၍ နှလုံးမသာမယာခြင်း ပြင်းစွာဖြစ်ရှိ၍ စိတ်သက်သာရာကို မရချေ။ မင်းစည်းစိမ်ကို မြိန်ယှက်စွာ မခံစားနိုင်ချေ။ ထိုအခါ မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းတို့၏ ပိုင်နက်ဖြစ်သည့် မေဒါဠုပနိဂုံး၌ နေထိုင်တော်မူဆဲဖြစ်၏။ ကောသလမင်းကြီးသည် မေဒါဠုပနိဂုံးသို့ သွားရောက်၍ ဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတိုက်အရာမ်မှ မနီးမဝေးသောအရပ်၌ သစ်ခက်တဲနန်း (ယာယီစံနန်း)၌ နေထိုင်ပြီးလျှင် အနည်းငယ်မျှသော အခြံအရံဖြင့် “ဘုရားဖူးအံ့”ဟု ကျောင်းတိုက်သို့ သွားရောက်လျက် မင်းမြှောက်တန်းဆာ ငါးပါးတို့ကို



၃၅

ဒီဃကာရာယန စစ်သေနာပတိအား ပေးအပ်ခဲ့၍ မင်းကြီးတဦးတည်းသာလျှင် ဂန္ဓကုဋီကျောင်းတော်သို့ ဝင်သွားလေ၏။

(ဤ၌- ကောသလမင်းကြီးက မင်းမြှောက်တန်ဆာငါးပါးကို ဒီဃကာရာယနလက်သို့ ပေးအပ်လိုက်ခြင်းမှာ- (၁) “အလွန် အလေးပြုအပ် ရိုသေအပ်သော မြတ်စွာဘုရား၏ အထံတော်သို့ ပြန့်လွင့်သော သဘောရှိသည့် မင်း၏အသွင်ဖြင့် သွားရန်မသင့်”ဟူသော ရည်ရွယ်ချက်ဖြင့်၎င်း, (၂) “မိမိတဦးတည်း မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပြီးလျှင် မိမိစိတ်ကြိုက် ဝမ်းမြောက်ဝမ်းသာစကား ပြောကြားမည်”ဟူသော ရည်ရွယ်ချက်ဖြင့်၎င်း = ဤရည်ရွယ်ချက်နှစ်ပါးဖြင့် ပေးအပ်လိုက်ခြင်းဖြစ်သည်။ မှန်၏- မင်းမြှောက်တန်းဆာငါးပါးတို့ ပြန်လာလျှင် “အသင်ပြန်လော့”ဟု တဦးတယောက်ကိုမျှ ဆိုဖွယ်မရှိ၊ မင်းချင်းအားလုံးတို့သည်ပင် အလိုလို ပြန်ကြလေကုန်၏။

ကောသလမင်းကြီး တဦးတည်း ကျောင်းတော်သို့ ဝင်သွားသောအခါ ဒီဃကာရာယန၏ စိတ်သန္တာန်ဝယ် “ဤမင်းသည် ရှေးကလည်း ရဟန်းဂေါတမနှင့် နှစ်ဦးကြား (လေးနား) အတိုင်အပင် ပြုလုပ်ပြီးလျှင် ငါ့ဦးကြီးတော် ဗန္ဓုလစစ်သေနာပတိကို သားသုံးကျိပ်နှစ်ယောက်တို့နှင့်တကွ ဖမ်းယူသတ်ဖြတ်စေခဲ့လေပြီ၊ ယခုလည်း နှစ်ဦးကြား (လေးနား) အတိုင်အပင်ကို တိုင်ပင်လို၏၊ အသို့နည်း ငါ့ကိုများ ဖမ်းယူ သတ်ဖြတ်စေဦးအံ့လော”ဟု အမျက်၏အစွမ်းဖြင့် စိတ်အကြံအစည် ဖြစ်ရှိလေ၏)။

     ထိုအခါ ဒီဃကာရာယန စစ်သေနာပတိသည် မင်းကြီး ဂန္ဓကုဋီကျောင်းတော်သို့ ဝင်လေလျှင် မင်းမြှောက်တန်းဆာ ငါးပါးတို့ကို ယူဆောင်ခဲ့၍ ဝိဋဋူဘမင်းသားကို အနိုင်အထက်ပြောဆိုကာ ထိုနေရာ၌ပင် မင်းမြှောက်၍ ကောသလမင်းကြီးအတွက် မြင်းတစီး, သန်လျက်တခု, အလုပ်အကျွေး မောင်းမတယောက်ကိုသာ ထားခဲ့၍ “မင်းကြီးသည် အသက်ရှင်လိုလျှင် မလိုက်ခဲ့နှင့်”ဟု ပြောဆိုမှာထားပြီးလျှင် ဝိဋဋူဘမင်းသားအား ထီးဖြူကို ဆောင်းမိုးခေါ်ယူကာ သာဝတ္ထိပြည်သို့သာ ပြန်သွားလေ၏။

     ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်နှင့် အတူတကွ ချစ်ဖွယ်စကား ပြောကြားပြီး၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး ကျောင်းတိုက်မှ ထွက်လေသော် စစ်တပ်ကို မမြင်မတွေ့ရတော့ပဲ



၃၆

ထိုမောင်းမငယ်ကို မေး၍ ထိုအကြောင်းကို ကြားသိရလေလျှင် “ငါသည် တူတော် အဇာတသတ်မင်းကို စစ်ကူခေါ်ငင်ကာ သာဝတ္ထိပြည်သို့ သွားရောက်၍ ဝိဋဋူဘကို ဖမ်းယူသတ်ဖြတ်မည်”ဟူသော အကြံဖြင့် ရာဇဂြိုဟ်ပြည်သို့ သွားသည်တွင် လမ်းခရီးအကြား၌ ဆန်ကွဲထမင်းကိုလည်း စားရ၏။ ရေနောက်ကိုလည်း သောက်ရ၏။ အလွန် သိမ်မွေ့နူးညံ့ခြင်း ပင်ကိုယ်ပကတိသဘောရှိသူ ဖြစ်ရကား ကောသလမင်းကြီးအဖို့ရာ ထိုအစာကြမ်း ရေကြမ်းသည် ကောင်းစွာ မကြေကျက်လေ။ မင်းကြီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်ပြန်ပါသော်လည်း အချိန်မဲ့၍ မြို့တံခါးများပိတ်တော့မှ ရောက်ရှိကာ “ငါသည် ယနေ့တညတာ မြို့ပြင်စရပ်မှာ အိပ်ပြီးလျှင် နက်ဖြန်ကျမှ ငါ့တူ အဇာတသတ်မင်းကို တွေ့ကြကုန်တော့အံ့”ဟု ကြံစည်ပြီးလျှင် မြို့ပြင်စရပ်တခု၌ အိပ်လေ၏။

     ကောသလမင်းကြီးအား ညဉ့်အခါဝယ် (သလိပ်, သည်းခြေ, လေ) ဒေါသသုံးပါးတို့ ထကြွသောင်းကျန်းကြသဖြင့် အစာမကြေကျက်သောရောဂါ နှိပ်စက်ဖိစီးလေရာ မင်းကြီးသည် နှစ်ကြိမ်သုံးကြိမ်သာ အပြင်သို့ ထွက်နိုင်၏။ ထိုအခါမှစ၍ ခြေဖြင့် မသွားနိုင်တော့ပဲ ထိုမောင်းမငယ်၏ ရင်ခွင်၌ အိပ်၍ မိုးသောက်အားကြီး လင်းခါနီးအချိန်တွင် နတ်ရွာစံလေ၏။ ။(ကောသလမင်းကြီး နတ်ရွာစံသောအချိန်မှာ အသက်ရှစ်ဆယ်အရွယ် ရှိလေပြီ၊ ထိုအချိန်၌ မြတ်စွာဘုရားရှင်သည်လည်း သက်တော်ရှစ်ဆယ် အရွယ်တော်ရှိလေပြီ။ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဓမ္မစေတိယသုတ် စာမျက်နှာ ၃၂၀-မှ)။

     မောင်းမငယ်သည် မင်းကြီးနတ်ရွာစံကြောင်း သိရှိလေလျှင် “ကျွန်တော်မ၏သခင် ကောသလဘုရင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်း = နှစ်တိုင်းတို့၌ မင်းပြုလုပ်ပြီးမှ ယခုအခါ သူတပါး၏ မြို့ပြင်ပဝယ် ကိုးကွယ်ရာမဲ့သူတို့နေရာ စရပ်အို၌ ကိုးကွယ်ရာမဲ့ နတ်ရွာစံယူ လျောင်းတော်မူရရှာပြီ”– ဤသို့စသည် ပြောဆိုမြည်တမ်းကာ ကျယ်စွာသောအသံဖြင့် ငိုကြွေးလေ၏။ လူအများ ကြားသိ၍ အဇာတသတ်မင်းအား ထိုအကြောင်းကို



၃၇

လျှောက်ထားကြလေလျှင် အဇာတသတ်မင်းသည် လာလတ်၍ ကြည့်ရှုလေသော် ဦးကြီးတော်မှန်း သိပြီးလျှင် လာခဲ့သောအကြောင်းကို မေးမြန်းသိရှိပြီးနောက် ကြီးစွာသော အခမ်းအနားဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်မှုပြု၍ “ဝိဋဋူဘကို ဖမ်းယူပေအံ့”ဟု မြို့တော်၌ စည်လည်စေ၍ စစ်သည်ဗိုလ်ပါ စုရုံးစေလေ၏။

     အဇာတသတ်မင်း၏ အမတ်တို့သည် အဇာတသတ်မင်း၏ ခြေတို့၌ ဦးတိုက်၍ “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့၏ ဦးကြီးတော် (ကောသလမင်းကြီး) အသက်ရှင်ကာ ကျန်းမာနေလျှင် အရှင်မင်းကြီးတို့ သွားသင့်ပါ၏၊ ယခုအခါ၌မူကား ညီတော် ဝိဋဋူဘမင်းသားသည်လည်း အရှင်မင်းကြီးတို့ကို အမှီပြု၍ ထီးဖြူစိုက်ဆောက် မင်းအဖြစ်သို့ ရောက်ခြင်းငှါ ထိုက်တန်လှပါသည်”ဟု အသိဉာဏ်ပေးစကား လျှောက်ထား တားမြစ်ကြလေကုန်၏။

     ဝိဋဋူဘမင်းသားသည်လည်း မင်းအဖြစ်ကို ရပြီးနောက် ထိုရှေးကဖွဲ့ဘူးသည့် ရန်ငြိုးကို အမှတ်ရ၍ “အလုံးစုံသော သာကီဝင်မင်းတို့ကို သတ်တော့အံ့”ဟု ကြံစည်ပြီးလျှင် များစွာသော စစ်သည်ဗိုလ်ပါ အပေါင်းဖြင့် သာဝတ္ထိပြည်မှ ထွက်ခဲ့လေ၏။ ထိုနေ့၌ မြတ်စွာဘုရားရှင်သည် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေသော် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးအံ့သောဘေးကို မြင်တော်မူ၍ “ဆွေမျိုးတို့အား ချီးမြှောက်ခြင်းအမှု ငါပြုသင့်၏”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် နံနက်အခါ ဆွမ်းခံလှည့်လည်တော်မူပြီးနောက် ဆွမ်းခံရာမှ ဖဲတော်မူခဲ့၍ ဂန္ဓကုဋိကျောင်းတော်၌ ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်းတော်မူပြီးသော် ညနေချမ်းအခါ၌ ကောင်းကင်ခရီးဖြင့် ကပိလဝတ်ပြည်နယ်သို့ ကြွတော်မူ၍ ကပိလဝတ်ပြည်၏အနီး အရိပ်ကျဲသော သစ်ပင်ရင်းတခု၌ ထိုင်နေတော်မူလေ၏။

     ထိုသစ်ပင်မှ မနီးမဝေးအရပ်ဝယ် ဝိဋဋူဘမင်း၏ နယ်စပ်၌ အရိပ်ထူထဲသော ပညောင်ပင်တပင်သည် ရှိ၏။ ဝိဋဋူဘမင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ ဆည်းကပ်ဝပ်လျှိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ့်ကြောင့်



၃၈

ဤသို့ ပူပြင်းသောအခါ၌ ဤအရိပ်ကျဲသော သစ်ပင်ရင်း၌ နေတော်မူကြပါသနည်း၊ ရှင်တော်ဘုရား.. တပည့်တော်၏ နယ်စပ်ဝယ် တည်ရှိသော ထိုအရိပ်ထူထဲသည့် ပညောင်ပင်ရင်း၌ ထိုင်နေတော်မူပါကုန်ဘုရား”ဟု လျှောက်ထားလတ်သော် မြတ်စွာဘုရားရှင်သည် “ရှိပါစေ မြတ်သောမင်းကြီး..၊ ဆွေမျိုးတို့၏ အရိပ်မည်သည် အေးမြလှဘိ၏”ဟု မိန့်တော်မူလေ၏။ ထိုအခါ ဝိဋဋူဘမင်းသည် “ဆွေမျိုးတို့ကို စောင့်ရှောက်ရန် မြတ်စွာဘုရား ကြွလာတော်မူသည် ဖြစ်လိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီး၍ မိမိ၏တပ်ကို ရုပ်သိမ်းကာ သာဝတ္ထိပြည်သို့သာ ပြန်လေ၏။ မြတ်စွာဘုရားရှင်သည်လည်း ကောင်းကင်သို့ ပျံတက်၍ ဇေတဝန်ကျောင်းတော်သို့သာ ပြန်ကြွတော်မူလေ၏။

     ဝိဋဋူဘမင်းသည် သာကီဝင်မင်းတို့၏ မိမိအပေါ် ရှေးကပြုခဲ့သော အပြစ်ကို အမှတ်ရပြန်၍ ဒုတိယအကြိမ်မြောက် ရှေးနည်းအတူ ထွက်ခဲ့ပြန်လေသော် ထို့အတူပင် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ တဖန် ပြန်နစ်ပြန်လေ၏။ တတိယအကြိမ်၌လည်း ကြီးစွာသော စစ်တပ်ကြီးဖြင့် ထွက်ခဲ့၍ ထို့အတူပင် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ တဖန် ပြန်နစ်ပြန်လေ၏။

     စတုတ္ထအကြိမ်မြောက် ဝိဋဋူဘမင်း ထွက်လတ်သော်ကား မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းတို့၏ ရှေးကံဟောင်းကို ကြည့်ရှုတော်မူလေသော် ထိုသာကီဝင်မင်းတို့၏ အတိတ် တခုသောနေ့ရက်က မြစ် (=ချောင်း)တခုဝယ် အဆိပ်ကို လောင်းထည့်ခဲ့ဘူးသော မကောင်းမှု အကုသိုလ်ကံ၏ မတားမြစ်နိုင်အောင် အကျိုးပေးခွင့် ဆိုက်ရောက်လာသည်ကို သိမြင်တော်မူ၍ ထိုစတုတ္ထအကြိမ်၌ ကြွတော်မမူတော့ချေ။

     ဝိဋဋူဘမင်းသည် “ငါသည် သာကီဝင်မင်းတို့ကို သတ်တော့အံ့”ဟု များစွာသော စစ်သည်ဗိုလ်ပါအပေါင်းဖြင့် ထွက်ခဲ့လေ၏။ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် သာကီဝင်မင်းတို့သည်ကား



၃၉

သတ္တဝါတဖက်သားကို သတ်ဖြတ်ကြသူများ မဟုတ်ကုန်၊ မိမိတို့ပင် သေရကုန်သော်လည်း သူတပါးတို့ကို မသတ်ဖြတ်ကုန်၊ သို့ရကား ဆွေတော်မျိုးတော် သာကီဝင်မင်းတို့သည် “ငါတို့ကား လေးအတတ်ကို တဖက်ကမ်းခတ် တတ်မြောက်သူများ ဖြစ်ကြကုန်၏။ သို့သော်လည်း ငါတို့သည် သူတပါးကို သတ်ဖြတ်ရိုးထုံးစံ မရှိကြကုန်၊ မိမိတို့၏ လေးအတတ်ကို ပြ၍သာ ရန်သူတို့ကို ပြေးစေကုန်အံ့”ဟု ကြံစည်ကြ၍ ချပ်ဝတ်တန်းဆာများ ဆင်ယင်ကြပြီးလျှင် ကပိလဝတ်ပြည်မှထွက်၍ စစ်ထိုးဟန်အမှု ပြုကြလေကုန်၏။ ထို သာကီဝင်မင်းတို့ ပစ်လွှတ်အပ်သော မြှားတို့သည် ဝိဋဋူဘမင်း၏ စစ်သည်တော်များ အကြားအကြားမှ သွားလေကုန်၏၊ ကာကြား နားပေါက်ကြား- စသည်တို့မှ အလျှိုအလျှိုထွက်၍ သွားလေကုန်၏။

     ဝိဋဋူဘမင်းသည် ထိုအခြင်းအရာကိုမြင်၍ တကယ်ပင် ပစ်လွှတ်သည်ဟု မှတ်ထင်ကာ “အချင်းတို့.. သာကီဝင်မင်းတို့သည် ‘ငါတို့ကား သတ္တဝါတဖက်သားကို မသတ်ဖြတ်သူများ ဖြစ်ကုန်၏’ဟု ပြောဆိုကြသည် မဟုတ်လော၊ ထိုသို့ဖြစ်လျက် ယခုအခါ ငါ၏ စစ်သည်တော်သားများကို မြှားဖြင့်ပစ်ခတ် ဖျက်ဆီး သတ်ဖြတ်ကြကုန်၏”ဟု ပြောဆိုလေ၏။ ထိုအခါ ဝိဋဋူဘမင်းကို မင်းချင်းတယောက်က “အရှင်.. ပြန်၍များ မိမိစစ်တပ်ကို ကြည့်မိ၏လော”ဟု မေးလေသော် ဝိဋဋူဘမင်းသည် “အမောင်.. သာကီဝင်မင်းတို့သည် ငါ၏ စစ်သည်တော် တပ်သားတို့ကို မြှားဖြင့်ပစ်ခတ် ဖျက်ဆီး သတ်ဖြတ်ကြကုန်၏”ဟု ပြောဆိုလေ၏။ ထိုအခါ မင်းချင်းယောက်ျားက “အရှင်မင်းကြီးတို့ဖက်က စစ်သည်တပ်သားတယောက် ကျဆုံးသည်ဟူ၍ မရှိပါ၊ အကျွန်ုပ် တိုက်တွန်းစကား လျှောက်ထားလိုပါသည်မှာ ယခုပင် အရှင်မင်းကြီး၏ စစ်သည်တပ်သားများကို ရေတွက်စေတော်မူပါကုန်လော့”ဟု ရဲရဲတင်းတင်း လျှောက်ထားသဖြင့် စစ်သည်တပ်သားများကို ရေတွက်စေသည်တွင် တယောက်မျှ ကျဆုံးသည်ကို မတွေ့ရချေ။



၄၀

     ဝိဋဋူဘမင်းသည် ထိုအရပ်မှ အနည်းငယ် နောက်သို့ဆုတ်ပြီးလျှင် “အချင်းတို့.. ငါတို့ သာကီဝင်မင်းများဟု ပြောဆိုသူ အားလုံးကို သတ်ဖြတ်ကြကုန်လော့၊ သို့သော် ငါ၏ အဖိုးဖြစ်သူ မဟာနာမ သာကီဝင်မင်း၏အနီး၌ တည်နေသော သာကီဝင်မင်းတို့အားကား အသက်ချမ်းသာ ပေးကြလော့”ဟု အမိန့်တော်မြတ် မှတ်လေ၏။ ဝိဋဋူဘမင်း၏ စစ်သည်တပ်သားတို့က အပြင်းအထန် ချီတက်ထိုးခုတ် သတ်ဖြတ်ကြလေသော် သာကီဝင်မင်းတို့သည် ကိုင်စရာ တွယ်စရာ တစုံတရာကိုမျှ မမြင်ကြရပဲ အချို့သာကီဝင်တို့က မြက်ကိုကိုက်၍, အချို့သာကီဝင်တို့ကမူ ကျူပင်ကိုကိုင်၍ ရပ်တည်နေကြလေကုန်၏။ “သင်တို့သည် သာကီဝင်မင်းတို့ မဟုတ်ကြလော”ဟု မေးအပ်ကုန်သည်ရှိသော် သာကီဝင်မင်းတို့မည်သည် သေကုန်သော်လည်း မုသားစကား ပြောကြားရိုးထုံးစံ မရှိသောကြောင့် မြက်ကိုကိုက်၍ ရပ်တည်ကြသော သာကီဝင်မင်းတို့သည် “နော သာကော၊ တိဏံ = ကျွန်းမဟုတ်၊ မြက်တည်း”ဟု ပြောကြလေကုန်၏။ ကျူပင်ကိုကိုင်၍ ရပ်တည်ကြသော သာကီဝင်မင်းတို့သည် “နော သာကော၊ နဠော = ကျွန်းမဟုတ်၊ ကျူပင်တည်း”ဟု ပြောကြလေကုန်၏။ ထိုသာကီဝင်များနှင့် မဟာနာမ သာကီဝင်မင်းအနီး၌ တည်နေကြသော သာကီဝင် မင်းတို့သာ အသက်ချမ်းသာရာ ရကြကုန်၏။ ထိုသာကီဝင်မင်းတို့အနက် မြက်ကိုကိုက်၍ တည်နေကြသော သာကီဝင်တို့သည် တိဏသာကီဝင် မည်ကြလေသည်၊ ကျူပင်ကိုကိုင်၍ တည်နေကြသော သာကီဝင်တို့သည် နဠသာကီဝင်တို့ မည်ကြလေသည်။

     ဝိဋဋူဘမင်းသည် ကြွင်းသော သာကီဝင်တို့ကို နို့စို့သူငယ် ကလေးများကိုသော်မှ မလွှတ်စေပဲ သတ်ဖြတ်စေကာ သွေးချောင်းစီးစေလျက် ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့် မိမိနေရာပျဉ်ချပ်ကို ဆေးကြောစေ၏။ ဤသို့လျှင် သာကိယမင်းတို့၏ အနွယ်အဆက်သည် ဝိဋဋူဘကြောင့် ပြတ်ခဲ့လေ၏။



၄၁

     ဝိဋဋူဘမင်းသည် ဖိုးတော် မဟာနာမ သာကီဝင်မင်းကို အရှင်လက်ရဖမ်းယူစေ၍ ပြန်နစ်လာသည်ရှိသော် နံနက် ပွဲတော်စာ တည်ခင်းချိန်၌ “နံနက်စာစားသုံးမှု ပြုပေအံ့”ဟု ကြံစည်ကာ တခုသောနေရာ၌သက်၍ နံနက်စာပွဲတော် တင်ဆက်လာသောအခါ၌ “ငါ့အဖိုးနှင့် အတူတကွ ပွဲတော်စာ စားသုံးကြမည်”ဟု ဆို၍ ဖိုးတော် မဟာနာမ သာကီဝင်မင်းကို အခေါ်ခိုင်းလေ၏။ အထူးအားဖြင့် မင်းမျိုးတို့သည် အသက်ကိုပင် စွန့်ရသော်လည်း ကျွန်မသားတို့နှင့် အတူတကွ ထမင်း မစားသုံးကြကုန်၊ ထို့ကြောင့် မဟာနာမမင်းသည် ရေအိုင်တခုကို ကြည့်ရှု၍ “ငါ့မြေး.. ငါသည် ညစ်နွမ်းသောကိုယ်ရှိ၏။ ရေချိုးဦးအံ့”ဟု ဆိုလေသော် ဝိဋဋူဘမင်းသည် “ကောင်းပါပြီ အဖိုး.. ရေချိုးတော်မူကြပါ”ဟု သာယာနူးညွတ် ခွင့်လွှတ်လေ၏။

     မဟာနာမမင်းသည် “ဤဝိဋဋူဘကား အတူတကွ ထမင်းမစားလျှင် ငါ့ကို သတ်ချေတော့မည်။ မိမိအလိုလို (=ငါ့ဘာသာ) ငါသေရခြင်းက မြတ်လှသေး၏”ဟု အောက်မေ့ဆင်ခြင်ကာ ဆံတို့ကိုဖြေ၍ အဖျား၌ အထုံးပြုပြီးလျှင် ထိုဆံတို့၌ ခြေမနှစ်ဖက်တို့ကို သွင်းထား၍ ရေ၌ ငုပ်လေတော့၏။ မဟာနာမမင်း၏ ဂုဏ်ကျေးဇူးအရှိန်အဝါကြောင့် နဂါးပြည် ပူနွေးသောအခြင်းအရာကို ပြသဖြင့် နဂါးမင်းသည် “အကြောင်း အသို့နည်း”ဟု စူးစမ်း ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိရှိကာ မဟာနာမ သာကီဝင်မင်းအထံသို့ လာ၍ ထိုမင်းကို မိမိပါးပျဉ်း၌ ထိုင်စေပြီးလျှင် နဂါးပြည်သို့ သွင်းယူဆောင်သွားလေ၏။ မဟာနာမ သာကီဝင်မင်းသည် တဆယ့်နှစ်နှစ်ကြာ ထိုနဂါးပြည်၌ပင် နေလေ၏။

ဝိဋဋူဘမင်း ပရိသတ်နှင့်တကွ ပျက်စီးခြင်း

     ဝိဋဋူဘမင်းသည် “ငါ၏အဖိုးသည် ယခုပင် လာလိမ့်မည်၊ ယခုပင် လာလိမ့်မည်”ဟု ငံ့မျှော်လျက် ထိုင်နေလေ၏။ မဟာနာမ သာကီဝင်မင်း (မလာသည်မှာ) အလွန်ကြာမြင့်မှ (=အလွန်ကြာမြင့်၍ မဟာနာမမင်း မလာတော့မှ) ရေအိုင်တခုလုံးကို



၄၂

မွှေနှောက် ရှာဖွေစေလေသည်၊ ရေအိုင်၌ ရှာ၍မတွေ့သောအခါ ပုန်းလျှိုး၍ နေလိုနေငြား မင်းချင်းယောက်ျားတို့၏ အကြားအကြား ဆီမီးရောင်ဖြင့် ရှာဖွေကြည့်ရှုစေသော်လည်း မတွေ့မြင်ရတော့မှ “ငါ့အဖိုးသည် တိမ်းရှောင်ထွက်ပြေးသည် ဖြစ်လိမ့်မည်”ဟု အောက်မေ့ကာ စစ်တပ်နှင့်တကွ ဖဲခွါသွားလေ၏။

     ဝိဋဋူဘမင်းသည် ညဉ့်အချိန်တိုင်မှ အစိရဝတီမြစ်သို့ ရောက်၍ (မြို့တွင်းသို့ မဝင်နိုင်ပဲ) ထိုမြစ်ကမ်းနားမှာပင် ယာယီတဲနန်း ဆောက်လုပ် နေထိုင်လေ၏။ အချို့သော သူတို့သည် မြစ်အတွင်း သဲသောင်ပြင်၌ လျောင်းစက်ကြလေ၏။ အချို့သော သူတို့သည် ကြည်းကုန်းထက်၌ လျောင်းစက်ကြလေ၏။ မြစ်အတွင်း သဲသောင်ပြင်ဝယ် လျောင်းစက်ကြသော သူတို့တွင်လည်း ရှေးက အကုသိုလ်မှု မပြုခဲ့သူတို့ ပါရှိကြကုန်၏၊ မြစ်ပြင်ပ ကြည်းကုန်းထက်ဝယ် လျောင်းစက်ကြသော သူတို့တွင်လည်း ရှေးက အကုသိုလ်မှု ပြုခဲ့သူတို့ ပါရှိကြကုန်၏၊ ထိုသူ နှစ်မျိုးလုံးတို့ လျောင်းစက်ကြသော နေရာ၌ ခြပုန်းပိုးရွကောင်တို့ ဆီးတားမရနိုင်လောက်အောင်ပင် ထကြွ သောင်းကျန်းကြကုန်၏။ ထိုသူ နှစ်မျိုးလုံးတို့ပင် “ငါ၏ လျောင်းစက်ရာ နေရာ၌ ခြပုန်းကောင်များ ထကြွကုန်၏၊ ငါ၏ လျောင်းစက်ရာ နေရာ၌ ခြပုန်းကောင်များ ထကြွကုန်၏”ဟု ညည်းညူပြောဆို၍ နေရာမှ ထကြပြီးလျှင် ရှေးက အကုသိုလ်မှု မပြုခဲ့ကြသော သဲသောင်ပြင်နေ လူတို့သည် မြစ်မှတက်၍ ကြည်းကုန်းထက်ဝယ် အိပ်စက်ကြလေကုန်၏။ ရှေးက အကုသိုလ်မှု ပြုခဲ့ကြသော ကြည်းကုန်းနေ လူတို့သည် မြစ်အတွင်းသို့ဆင်း၍ သဲသောင်ပြင်ထက်ဝယ် အိပ်စက်ကြလေကုန်၏။

     ထိုခဏ၌ မိုးကြီးတက်၍ တခဲနက် မိုးသီးမိုးပေါက်ကို ပြင်းထန်စွာ ရွာသွန်းချလိုက်လေသည်၊ အစိရဝတီမြစ်ကမ်းပြည့်အောင် မိုးကျချောင်းရေကြီး သည်းစွာလာ၍ ဝိဋဋူဘမင်းကို (သူ၏) ပရိသတ်နှင့်တကွ သမုဒြာသို့သာလျှင် ပို့ဆောင်တိုက်မျောသွားလေ၏။ တယောက်မကျန် အားလုံးတို့သည်ပင် ငါးစာ လိပ်စာ ဖြစ်ကြလေကုန်၏။



၄၃

သာကီဝင်မင်းတို့၏ ရှေးအကုသိုလ်ကံ

     ထိုအခါ လူများအပေါင်းသည် “အချင်းတို့.. သာကီဝင်မင်းတို့၏ သေရခြင်းကား မသင့်လျော်လိုက်လေ၊ ဤပုံဤပန်း ကလေးသူငယ်ကိုမျှမချန် သာကီဝင်မင်းတို့ကို ခုတ်ကာ ဖြတ်ကာ သတ်အပ်ကုန်၏ဟူသော ဤဖြစ်ရပ်သည် မလျောက်ပတ်လှချေတကား”ဟု စကားပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ထိုလူတို့ ပြောဆိုကြသော စကားကို ကြားတော်မူ၍ “ရဟန်းတို့.. ဤဘဝ ခန္ဓာကိုယ်အဖြစ်၌ သာကီဝင်မင်းတို့၏ ဤသို့ သေရခြင်းသည် မသင့်လျော်လှသော်လည်း ရှေးက ပြုအပ်ခဲ့သော မကောင်း မှု အကုသိုလ်ကံနှင့် ဆက်စပ်၍ ကြည့်ပါမူ ထိုသာကီဝင်မင်းတို့သည် အကြောင်းကံနှင့် သင့်လျောက်ပတ်သည့် သေခြင်းကို ရအပ်ပေပြီ”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသာကီဝင်မင်းတို့သည် ရှေးက အဘယ်သို့သော မကောင်းမှုကို ပြုခဲ့ပါကုန်သနည်း”ဟု မေးလျှောက်ကြလေသော် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ထိုကွယ်လွန်သူ သာကီဝင်မင်း အားလုံးတို့သည် တခုသောဘဝဝယ် တပေါင်းတည်း တစိတ်တည်း ဖြစ်ရှိကြ၍ မြစ်ချောင်းတခု၌ အဆိပ်ကို ပစ်ချခဲ့ဘူးကြလေပြီ”ဟူ၍ သာကီဝင်မင်းတို့၏ ရှေးအကုသိုလ်ကံကို အကျဉ်းအားဖြင့် ဟောကြားတော်မူလေ၏။

     တဖန် နောက်တနေ့၌ ဓမ္မသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့.. ဝိဋဋူဘမင်းသည် ဤမျှများလှစွာသော သာကီဝင်မင်းတို့ကို သတ်၍ ပြန်လာလတ်သော် မိမိ၏ စိတ်နှလုံးအလို အထွတ်အထိပ်ရောက် မအောင်မြောက်မီပင် ဤမျှများလှစွာသော မိမိပရိသတ်ကို ယူဆောင်ကာ မဟာသမုဒြာအတွင်း၌ ငါးစာ လိပ်စာ ဖြစ်ခဲ့လေပြီ”ဟု ဆွေးနွေးစကား ပြောကြားကြလေ၏။ မြတ်စွာဘုရားရှင်သည် ဓမ္မသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. ယခု ငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် ညီမူစည်းဝေး၍ နေကြကုန်သနည်း”ဟု မေးတော်မူ၍ “ဤမည်သောစကားဖြင့် ညီမူစည်းဝေး၍ နေကြပါသည်”ဟု ရဟန်းတို့က



၄၄

လျှောက်ထားအပ်လေသော် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ဤသတ္တဝါတို့အား စိတ်နှလုံးအလို အထွတ်အထိပ်ရောက် မအောင်မြောက်မီပင် အိပ်ပျော်နေသော ရွာသူအားလုံးကို ကြီးစွာသော ရေအယဉ်သည် တိုက်မျော၍ သမုဒြာ၌ နစ်မြုပ်စေဘိသကဲ့သို့ သေမင်းသည် အိပ်ပျော်မေ့လျော့နေသူ လူအပေါင်း၏ အသက်ကို ဖြတ်တောက်၍ အပါယ်လေးဘုံ တည်းဟူသော သမုဒြာ၌ နစ်မြုပ်စေလေ၏”ဟု မိန့်တော်မူ၍ ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူ၏—

ပုပ္ဖါနိဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။

သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ပုပ္ဖါနိ = ရနံ့လှိုင်ထုံ ပန်းမျိုးစုံတို့ကို။ ပစိနန္တံ ဣဝ = ကောင်းနိုးရာရာ အာသာမူးမူး ဆွတ်ခူးသောသူကဲ့သို့။ ဗျာသတ္တမနသံ နရံ = ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်ကြောင့်ကြ တပ်မက်သည့်လောဘဖြင့် မရသေးသည်ကို တောင့်တ ရပြီးသည်ကိုတွယ်တာ လွန်စွာကပ်ငြိသော စိတ်ရှိသူကို။ မဟောဃော = ကြီးစွာသော ရေအယဉ်သည်။ သုတ္တံ ဂါမံ = အိပ်မောကျတုန်း ရွာနေသူလူအားလုံးကို။ အာဒါယ ဂစ္ဆတိ ဣဝ = သမုဒြာသို့ရောက်အောင် ယူဆောင်တိုက်မျော၍ သွားသကဲ့သို့။ မစ္စု = မစ္စုမည်လျှင်း ရှင်သေမင်းသည်။ အာဒါယ ဂစ္ဆတိ = အပါယ်လေးဖြာ သမုဒြာသို့ရောက်အောင် ယူဆောင်တိုက်မျာ၍ သွားပေ၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ၌ များစွာသော သတ္တဝါတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြကုန်ရကား တရားဒေသနာသည် လူများအဖို့ရာ များစွာ အကျိုးရသော တရားဒေသနာ ဖြစ်လေသတည်း။

(မိတ္တဒုဗ္ဘီမည်သော) ဝိဋဋူဘမင်းအကြောင်း ပြီး၏။



၄၅

ကောသလမလ္လိကာနှင့် ဗန္ဓုလမလ္လိကာတို့အကြောင်း

     သာဝတ္ထိပြည်၌ (၁) ကောသလမင်းကြီး၏ မိဖုရား မလ္လိကာ, (၂) ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာဟူ၍ မလ္လိကာနှစ်ဦး ရှိလေသည်။ ထိုနှစ်ဦးတို့အနက် ဗန္ဓုလ စစ်သေနာပတိကတော် မလ္လိကာမှာ ကုသိနာရုံပြည် မလ္လမင်း၏ သမီးတဦးဖြစ်ကြောင်း (အောက်စာမျက်နှာ ၂၄-ကစ၍) အကျယ်ဖော်ပြခဲ့ပြီး ဖြစ်လေသည်။ ဤ၌ (၁)အမှတ်ပါ ကောသလမင်းကြီး၏ မိဖုရား မလ္လိကာအကြောင်းကို သိသာရုံ ဖော်ပြပေအံ့-

     ကောသလမင်းကြီး၏ မိဖုရားဖြစ်မည့် မလ္လိကာ သတို့သမီးသည် သာဝတ္ထိပြည်ဝယ် ပန်းသည်ကြီးတဦး၏ သမီးဖြစ်သည့်ပြင် လှပတင့်တယ်သော ရုပ်အဆင်း ရှေးဘုန်း ရှေးကံ အထူးတို့နှင့် ပြည့်စုံသူဖြစ်သည်။ ထိုသတို့သမီးသည် တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ တနေ့သ၌ အဖော်သတို့သမီးများနှင့် အတူတကွ ပန်းခူးရန် ပန်းခြံသို့ သွားသည်ရှိသော် မုယောမုံ့ဆုပ် သုံးခုတို့ကို ပန်းတောင်း၌ထည့်ကာ ယူဆောင်၍ သွားလေ၏။

     ထိုသတို့သမီးသည် မြို့မှ ထွက်သောအခါ ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်၍ ရဟန်းအပေါင်းခြံရံကာ မြို့တွင်းသို့ ကြွဝင်လာသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရ၍ အလွန့်အလွန် သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ်ရှိကာ မိမိယူဆောင်လာသော မုယောမုံ့ဆုပ် သုံးခုတို့ကို မြတ်စွာဘုရားရှင်အား လှူဒါန်း ဆက်ကပ်လေ၏။ မြတ်စွာဘုရားရှင်သည် စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့ လှူဒါန်းအပ်သော သပိတ်ဖြင့် ထိုမလ္လိကာသတို့သမီး လှူဒါန်းအပ်သော မုယောမုံ့ဆုပ် သုံးခုကို အလှူခံတော်မူလေ၏။

     မလ္လိကာ သတို့သမီးသည်လည်း မြတ်စွာဘုရားရှင်၏ ခြေတော်အစုံတို့ကို ဦးခေါင်းဝပ်လျှိုး ရှိခိုးပြီးသော် ဘုရားဂုဏ်လျှင် အာရုံရှိသော နှစ်သက်ခြင်းပီတိကို ရယူကာ သင့်လျောက်ပတ်ရာ အရပ်၌ ရပ်တည်နေလေ၏။ မြတ်စွာဘုရားရှင်သည် မလ္လိကာ သတို့သမီးကို ကြည့်ရှုတော်မူ၍ ပြုံးရွှင်တော်မူလေ၏။ အရှင်အာနန္ဒာမထေရ်က



၄၆

ပြုံးရွှင်တော်မူခြင်း၏ အကြောင်းကို မေးလျှောက်သည်တွင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ဤသတို့သမီးသည် ဤမုယောမုံ့ဆုပ် သုံးခုတို့ကို လှူဒါန်းရသော ကောင်းမှု (=ပဌမဇောစေတနာ) အာနုဘော်ကြောင့် ဤယနေ့ပင်လျှင် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီး ဖြစ်ပေလိမ့်မည်”ဟု ပြုံးတော်မူခြင်း၏ အကြောင်းကို အရှင်အာနန္ဒာအား ဖြေကြားတော်မူ၏။

     မလ္လိကာ သတို့သမီးသည်လည်း ထိုစကားကို ကြားသိဝမ်းမြောက်ကာ ပန်းခြံသို့ အဖော်သတို့သမီးများနှင့် အတူတကွ သွားရောက်လေ၏။ ထိုနေ့၌ပင် ကောသလမင်းကြီးသည် တူတော် အဇာတသတ်မင်းနှင့် စစ်ပြိုင်ကြရာ စစ်ရှုံးသဖြင့် ထွက်ပြေး တိမ်းရှောင်ကာ မြင်းကိုစီး၍ လာလတ်သည်တွင် မလ္လိကာသတို့သမီး သီဆိုသော သီချင်းသံကိုကြား၍ တပ်နှစ်သက်သော စိတ်ရှိလျက် စီးတော်မြင်းကို ထိုပန်းခြံသို့ ရှေးရှုနှင်လေ၏။ အဖော်သတို့သမီးများသည် မင်းကြီးကိုမြင်၍ ကြောက်လန့်ကြကာ တိမ်းရှောင် ပုန်းအောင်းကြသော်လည်း မလ္လိကာ သတို့သမီးသည်ကား မိဖုရားကြီးဖြစ်မည့် ဘုန်းကံပါရှိသူဖြစ်၍ မတိမ်းရှောင် မပုန်းအောင်းပဲ ရဲတင်းစွာလာလတ်၍ မြင်း၏ဇက်ကြိုးကို ဆီးကြိုဆွဲယူလေ၏။

     ကောသလမင်းကြီးသည် မြင်းကျောက်ကုန်း၌ ထိုင်နေရင်းကပင် “ကာမပိုင် အရှင်သခင် လင်ယောက်ျားရှိသလော၊ မရှိဘူးလော”ဟု မေးတော်မူ၍ ကာမပိုင် အရှင်သခင် လင်ယောက်ျား မရှိသူဖြစ်ကြောင်းကို သိရှိပြီးသော် မြင်းမှသက်ဆင်း၍ လေ,နေပူတို့ဖြင့် ပင်ပန်းနွမ်းနယ်လှရကား မလ္လိကာ၏ ရင်ခွင်၌ လျောင်းစက်ကာ တခဏမျှ အပန်းဖြေပြီးလျှင် မလ္လိကာသတို့သမီးကို မြင်းကျောက်ကုန်းထက်သို့ တင်ဆောင်၍ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့တော်သို့ ဝင်တော်မူပြီးသော် မလ္လိကာကို မိဖအိမ်သို့ ပို့စေတော်မူလေ၏။ ညနေချမ်းအချိန်၌ မိဖုရားကြီးတို့စီးသော ယာဉ်တော်ကိုလွှတ်၍ ကြီးစွာသော အဆောင်အယောင် အခမ်းအနားဖြင့် မိဖအိမ်မှ တခမ်းတနား ဆောင်ယူခဲ့ကာ



၄၇

ရတနာအစုအပုံပေါ်၌ထား၍ အဘိသိက်ရေချမ်း သွန်းဖျန်းတော်မူပြီးလျှင် မိဖုရားကြီးအဖြစ် တင်မြှောက်လေ၏။ ထိုအချိန်မှစ၍ မလ္လိကာသည် မင်းကြီး အလွန်တရာ ချစ်မြတ်နိုးအပ်သည့် မိဖုရားခေါင်ကြီး ဖြစ်လာလေသည်။ ။(ဤအကြောင်းအရာများကို ဇာတ်အဋ္ဌကထာ တတိယအုပ် သတ္တကနိပါတ် ၁၀-ကုမ္မာသပိဏ္ဍိဇာတ်အဖွင့် စာမျက်နှာ ၃၈၄-မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

     ဤသို့လျှင် ကောသလမင်းကြီး၏ မိဖုရား မလ္လိကာသည် ပန်းသည်ကြီး၏သမီး ဖြစ်လေသည်။ ဗန္ဓုလစစ်သေနာပတိကတော် မလ္လိကာသည် ကုသိနာရုံပြည် မလ္လမင်းတဦး၏ သမီးတော်ဖြစ်လေသည်။

ဤကား ကောသလမလ္လိကာနှင့် ဗန္ဓုလမလ္လိကာတို့အကြောင်းတည်း။

ဤတွင် အခဏ်း ၃၈-ပြီး၏။