မဟာဗုဒ္ဓဝင်/အခန်း- ၃၃

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၃၃

၂၃၉

အခဏ်း-၃၃

ကပိလဝတ်ပြည်၌

(တဆယ့်ငါးခုမြောက်) ပန္နရသမဝါ ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း စုဒ္ဒသမဝါကို သာဝတ္ထိပြည်၌ ကပ်တော်မူပြီး၍ ဝါကျွတ်သောအခါ ချေချွတ်သင့်သောသတ္တဝါတို့ ရှိသလောက် သာဝတ္ထိပြည်၌ သီတင်းသုံး နေထိုင်တော်မူပြီး၍ ခရီးဒေသစာရီ ကြွချီတော်မူကာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား တရားအမြိုက်ဆေး တိုက်ကျွေး တော်မူလျက် အစဉ်သဖြင့် ကပိလဝတ်နေပြည်တော်သို့ ရောက်တော်မူ၍ ထိုကပိလဝတ်ပြည်ဝယ် (မြတ်စွာဘုရားရှင် ပဌမအကြိမ် ကပိလဝတ်ပြည်သို့ ရောက်တော်မူစဉ်ကပင် နိဂြောဓသာကီဝင်မင်းသည် မိမိပိုင်သော ဥယျာဉ်အတွင်း၌ ကျောင်းတိုက်ကြီး တည်ဆောက်ကာ မြတ်စွာဘုရားရှင်အား လှူဒါန်းလေသည်။ ထိုကျောင်းတိုက်ကြီးကား နိဂြောဓာရုံကျောင်းတိုက်ဟူ၍ အမည်တွင်လေသည်။ ထိုသည့်) နိဂြောဓာရုံ ကျောင်းတိုက်တော်၌ ရဟန်းအပေါင်း ခြံရံလျက် တဆယ့်ငါးခုမြောက် ပန္နရသမဝါ ကပ်ဆိုတော်မူလေသည်။

မဟာနာမ သာကီဝင်မင်းအား

ဥပါသကာမည်ခြင်းအကြောင်းစသည်ကို ဟောကြားတော်မူခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် တနေ့သ၌ မဟာနာမ သာကီဝင်မင်းသားသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-



၂၄၀

“မဟာနာမ်.. အကြင့်ကြောင့် (၁) မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ (၂) တရားတော်ကို ကိုးကွယ် ဆည်းကပ်၏၊ (၃) သံဃာတော်ကို ကိုးကွယ်ဆည်းကပ်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာဖြစ်၏”-

ဟု မိန့်တော်မူ၏၊ (သရဏဂုံတည်သူဖြစ်လျှင် ဥပါသကာမည်၏ဟု ဆိုလိုသည်)။ (၁)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားကို-

“ဘုန်းကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် သီလနှင့်ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. အကြင့်ကြောင့် ဥပါသကာသည် (၁) သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ (၂) မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ (၃) ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ (၄) မမှန်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ (၅) မေ့လျော့ကြောင်းဖြစ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် သီလနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဟောကြား မိန့်ဆိုတော်မူ၏၊ (သရဏဂုံတည်သူ ဥပါသကာသည် ငါးပါးသီလနှင့် ပြည့်စုံကာ သီလဝန္တ ဥပါသကာ ဖြစ်၏ဟု ဆိုလိုသည်)။ (၂)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း”-



၂၄၁

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါရှိ၏၊ (ယုံကြည်ပုံမှာ) ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ-မည်တော်မူ၏၊ (ပ)၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ဟု မြတ်စွာဘုရားရှင်၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် ယုံကြည်မှု = သဒ္ဓါတရားနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (ဤ၌။ ။ဘုရားဂုဏ်တော် ကိုးပါးကိုသာ ဟောတော်မူခြင်းကား ဥပလက္ခဏနည်းမျှသာ ဖြစ်၏။ ဘုရားဂုဏ်တော်ကိုးပါးကို ယုံကြည်သော ဥပါသကာသည် တရားဂုဏ်တော် ခြောက်ပါးကို၎င်း, သံဃဂုဏ်တော် ကိုးပါးကို၎င်း ယုံကြည်တော့သည်သာ ဖြစ်၏။ ထို့ကြောင့် ရတနာသုံးပါး၏ဂုဏ်ကို သက်ဝင် ယုံကြည်သော ဥပါသကာသည် သဒ္ဓါတရားနှင့်ပြည့်စုံသူ ဖြစ်၏ဟု ဆိုလိုသည်)။ (၃)

     တဖန်ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် စွန့်ကြဲခြင်း = စာဂတရားနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ဝန်တိုမှု = မစ္ဆေရအညစ်အကြေးမှ ကင်းဝေးသောစိတ်ဖြင့် အိမ်၌နေ၏။ လွတ်လွတ် စွန့်ကြဲတတ်၏၊ လှူဒါန်းရန် ဆေးကြောထားသော လက်ရှိ၏။ (စိုစွတ်သောလက်ရှိ၏။)



၂၄၂

စွန့်ကြဲခြင်း၌ မွေ့လျော်၏။ မျက်နှာကိုတင်း၍ မထားသောကြောင့် အလှူခံပုဂ္ဂိုလ်တို့ တောင်းခံခြင်းငှါ သင့်လျော်သူဖြစ်၏၊ ပေးကမ်းရမှု ဝေဘန်နေရမှု၌ မွေ့လျော်၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် စွန့်ကြခြင်း = စာဂတရားနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (၄)

     တဖန် ဆက်၍ မဟာနာမ သာကီဝင်သည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်မျှဖြင့် ဥပါသကာသည် ပညာနှင့်ပြည့်စုံသူ ဖြစ်ပါသနည်း”-

ဟု မေးလျှောက်လေသော် မြတ်စွာဘုရားရှင်သည် မဟာနာမ သာကီဝင်မင်းသားကို-

“မဟာနာမ်.. ဤသာသနာတော်၌ ဥပါသကာသည် ပညာရှိ၏၊ ဖြုစင်မြင့်မြတ်သော, ကိလေသာအထုကို ဖြိုခွဲနိုင်သော, ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော, ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကိုသိသော (ဥဒယဗ္ဗယဉာဏ်) ပညာနှင့် ပြည့်စုံ၏။ မဟာနာမ်.. ဤမျှဖြင့် ဥပါသကာသည် ပညာနှင့် ပြည့်စုံသူဖြစ်၏”-

ဟု ဖြေကြားမိန့်ဆိုတော်မူ၏။ (၅)၊ ၊(မဟာဝဂ္ဂ သံယုတ်ပါဠိတော် စာမျက်နှာ-၃၄၄၊ မှ)။ ။(ဤမဟာနာမ သာကီဝင်မင်းအကြောင်းကို သံဃရတနာအခဏ်းသို့ရောက်မှ အကျယ်တဝင့် ရေးသားဖော်ပြပေအံ့)။

ဦးရီးတော် သုပ္ပဗုဒ္ဓသာကီဝင်မင်း

မြေမျိုခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ဦးရီးတော် သုပ္ပဗုဒ္ဓ သာကီဝင်မင်းကို အကြောင်းပြု၍



၂၄၃

“န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ”- အစရှိသော တရားဒေသနာကို ဟောကြားတော်မူသည်။

     ချဲ့ဦးအံ့.. ဦးရီးတော် သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် “ဤငါ၏တူ သိဒ္ဓတ္ထမင်းသား ဂေါတမမြတ်စွာဘုရားသည် ငါ၏သမီးတော် ယသော်ဓရာကို စွန့်ပစ်ထားခဲ့၍ တောလည်း ထွက်ခဲ့လေပြီ၊ ငါ၏သား ဒေဝဒတ်ကို ရဟန်းပြုပေးပြီးနောက် ထိုသားဒေဝဒတ်၏ ရန်သူအရာ၌လည်း တည်ခဲ့လေပြီ”ဟူ၍ ဤအကြောင်း နှစ်ရပ်တို့ဖြင့် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ပြီးလျှင် တနေ့သ၌ “ယခုအခါ သိဒ္ဓတ်မင်းသား ငါ့တူဘုရားအား ဆွမ်းစားပင့်ဖိတ်ရာအရပ်သို့ သွားရောက်၍ စားသောက်ခြင်းငှါ အခွင့်ကို မပေးအံ့”ဟု ကြံစည်၍ မြတ်စွာဘုရားရှင် ကြွတော်မူမည့်လမ်းကို တမင်ပိတ်ဆို့ ၍ လမ်းခရီးအကြား၌ သေရည်အရက်ကို သောက်စား၍ နေနှင့်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင် ရဟန်းအပေါင်း ခြံရံအပ်လျက် ထိုအရပ်သို့ ကြွလာတော်မူလတ်သော် ထိုဦးရီးတော် သုပ္ပဗုဒ္ဓမင်းအား မင်းချင်းယောက်ျားတို့က “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီ”ဟု လျှောက်ထားကြလေကုန်၏။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရားကို ‘အခြားလမ်းက သွားလော့’ဟု ပြောလိုက်ကြ၊ ဤသိဒ္ဓတ်မင်းသားသည် ငါ့ထက် အသက်ကြီးသူ မဟုတ်ချေ။ (သို့ရကား) ထိုငါ့တူ သိဒ္ဓတ်မင်းသားအား သွားရန်လမ်းကို ငါတို့ မပေးနိုင်ကုန်”ဟု ရင့်ရင့်သီးသီး ပြောဆိုလေသည်။ မင်းချင်းတို့က ထပ်တလဲလဲ ပြောဆို လျှောက်တင်အပ်ပါသော်လည်း ထို့အတူသာပြော၍ အရက်သောက်ကာ နေမြဲနေသည်သာဖြစ်၏။

     မြတ်စွာဘုရားရှင်သည် ဦးရီးတော်၏အထံမှ ကြွသွားရန်လမ်းကို ရတော်မမူသဖြင့် ထိုအရပ်မှပင် ပြန်နစ်တော်မူလေ၏။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည်လည်း သူလျှို ယောက်ျားတယောက်ကို “အမောင်.. သွားလော့၊ ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရား



၂၄၄

ပြောကြားသည့်စကားကို နားထောင်၍ ပြန်ခဲ့လော့”ဟု မှာထား စေလွှတ်လိုက်လေ၏။

     မြတ်စွာဘုရားရှင်သည်လည်း ပြန်နစ်တော်မူလာစဉ် ပြုံးရွှင်မှုကို ပြုတော်မူသောကြောင့် အရှင်အာနန္ဒာမထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပြုံးရွှင်မှုကို ထင်စွာ ပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း (=အဘယ့်ကြောင့် ပြုံးရွှင်တော်မူပါသနည်း)”ဟု မေးလျှောက်အပ်သည်တွင် “ချစ်သားအာနန္ဒာ.. ဦးရီးတော် သုပ္ပဗုဒ္ဓမင်းကို မြင်၏လော”ဟု မြတ်စွာဘုရားရှင်က မေးမြန်းတော်မူ၍ “မြင်ပါသည် မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာမထေရ်က ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ငါသို့စဉ် ဘုရားသဗ္ဗညူအား သွားရန်လမ်းခရီးကို မပေးသော ဦးရီးတော် သုပ္ပဗုဒ္ဓမင်းသည် အလွန် အပြစ်ကြီးလေးသော အကုသိုလ်မှုကို ပြုမှားအပ်လေပြီ၊ ဤနေ့မှနောက် ခုနစ်ရက်မြောက်၌ ပြာသာဒ်၏အောက် စောင်းတန်း (လှေကား)ခြေရင်း၌ သုပ္ပဗုဒ္ဓမင်းသည် မြေသို့ဝင်ရလိမ့်မည် (=မြေမျိုခံရလိမ့်မည်)”-

ဟု ဗျာဒိတ်စကား ကြားတော်မူလေ၏။

     သူလျှိုယောက်ျားသည် ထိုစကားကို ကြားပြီးသော် သုပ္ပဗုဒ္ဓမင်းထံသို့ သွားရောက်၍ သုပ္ပဗုဒ္ဓမင်းက “ပြန်နစ်သွားသော ငါ့တူက ဘာစကားများ ပြောကြားအပ်သနည်း”ဟု မေးမြန်းလတ်သည်တွင် မိမိကြားခဲ့တိုင်းကို ပြန်ကြား လျှောက်ထားလေ၏။ သုပ္ပဗုဒ္ဓမင်းသည် သူလျှို၏ စကားပြန်ကြားချက်ကို ကြားသိလေလျှင် “ယခုအခါ ငါ့တူပြောလိုက်သောစကား၏ အပြစ်ကား မရှိချေ၊ ဧကန်မချွတ်ပင် သူပြောလိုက်လျှင် ပြောတိုင်းဖြစ်တတ်၏။ ဤသို့ဖြစ်သော်လည်း ငါ့တူကို ယခုအခါ မုသာဝါဒဖြင့် နှိပ်ပေတော့အံ့၊ မှန်၏- ထိုငါ့တူ သိဒ္ဓတ်မင်းသား ဘုရားသည် ငါ့ကို ‘ခုနစ်ရက်မြောက်သောနေ့၌ မြေသို့ ဝင်လိမ့်မည်



၂၄၅

(=မြေမျိုခံရလိမ့်မည်)’ဟု နေရာဌာနကို မမှတ်မသား မပြောကြားပဲ ‘ပြာသာဒ်၏အောက် စောင်းတန်း (လှေကား)ခြေရင်း၌ မြေသို့ ဝင်ရလိမ့်မည်’ဟု နေရာကိုပါမှတ်၍ ပြောကြားခဲ့လေပြီ၊ ယခုအခါ ငါသည် ဤအချိန်မှ အစပြု၍ ထိုစောင်းတန်း လှေကားခြေရင်းသို့ မသွားတော့အံ့၊ ထိုသို့မသွားလျှင် ထိုနေရာ၌ မြေမျိုခံရမည်မဟုတ်၊ ခုနစ်ရက်စေ့၍ မြေအမျိုမခံရတော့မှ ထိုသိဒ္ဓတ်မင်းသား ငါ့တူဘုရားကို မုသာဝါဒဖြင့် နှိပ်ပေအံ့”ဟု ကြံစည် စဉ်းစားမိလေ၏။

     ထိုသို့ ကြံစည်ပြီးနောက် သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မိမိ၏ အသုံးအဆောင်မှန်သမျှကို ဘုံခုနစ်ဆင့် (ခုနစ်ထပ်)ရှိသော ပြာသာဒ်၏ အထက်ဆုံးအထပ်သို့ တင်စေ၍ စောင်းတန်းလှေကားကို ဖယ်ရှားစေပြီးလျှင် တံခါးများကို ပိတ်စေပြီးနောက် တံခါး တပေါက် တပေါက်၌ လက်ဝှေ့သည် (=လက်ပမ်းသည်) နှစ်ယောက်စီ နှစ်ယောက်စီ ထား၍ “အကယ်၍များ ငါသည် မေ့လျော့သဖြင့် အောက်သို့ဆင်းလိုလျှင် အမောင်တို့က ငါ့ကို ရအောင်တားမြစ်ကြလော့”ဟု မှာထားပြီးလျှင် ခုနစ်ဆင့်မြောက် အထက်ဆုံးထပ် ပြာသာဒ်အပြင် ကြက်သရေတိုက်ခန်း၌ နေထိုင်လေ၏။

     မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို ကြားတော်မူ၍ “ရဟန်းတို့.. ငါဘုရား၏ ဦးရီးတော် သုပ္ပဗုဒ္ဓမင်းသည် ပြာသာဒ်အပြင်မှာသာ မဟုတ်ပဲ ကောင်းကင်သို့ ပျံတက်ကာ အထက်ကောင်းကင်၌ နေသည်မူလည်းဖြစ်စေ, လှေဖြင့် သမုဒြာအတွင်း သက်ဆင်း၍ နေသည်မူလည်းဖြစ်စေ, တောင်အတွင်းသို့ဝင်၍ နေသည်မူလည်း ဖြစ်စေ ဘုရားရှင်တို့ မိန့်ကြားအပ်သော စကားတော်၏ ဟုတ်,မဟုတ် မှန်,မမှန် = နှစ်တန်ပြားသောမည်သည် မရှိ၊ (အဟုတ်အမှန် တမျိုးသာလျှင်ရှိ၏)၊ ငါဘုရား မိန့်ကြားအပ်သောနေရာ (=စောင်းတန်းလှေကားခြေရင်း)၌ပင် ထိုသုပ္ပဗုဒ္ဓမင်းသည် မြေသို့ ဝင်ရလိမ့်မည် (=မြေအမျိုခံရလိမ့်မည်)”ဟု မိန့်တော်မူပြီးလျှင် ရှေ့နောက်စကားနှစ်ရပ် ဆက်စပ်၍ တရားဟောတော်မူလိုရကား-



၂၄၆

န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊

န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။

န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊

ယတ္ထ ဌိတံ နပ္ပသဟေယျ မစ္စု။

ဘိက္ခဝေ = ရဟန်းတို့..။ အန္တလိက္ခေ = ကောင်းကင်၌။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ သမုဒ္ဒမဇ္ဈေ = သမုဒြာအလယ်၌။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ ပဗ္ဗတာနံ = တောင်တို့၏။ ဝိဝရံ = အပေါက်အခေါင်းအတွင်းသို့။ ပဝိဿ = ဝင်၍။ ဌိတောပိ = တည်သောသူသည်လည်း။ မစ္စုတော = သေခြင်းတရားမှ။ န မုစ္စတိ = မလွတ်နိုင်။ ယတ္ထ = အကြင်မြေအရပ်၌။ ဌိတံ = တည်သောသူကို။ မစ္စု = သေခြင်းတရားသည်။ နပ္ပသဟေယျ = မလွှမ်းမိုး မနှိပ်စက်နိုင်ရာ။ သော ဇဂတိပ္ပဒေသော = ထိုမြေအရပ်သည်။ န ဝိဇ္ဇတိ = ဆံဖျားတထောက်မျှ လုံးဝမရှိချေ။—

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သုပ္ပဗုဒ္ဓမင်း မြေအမျိုခံရချိန် ကျရောက်ခြင်း

     ခုနစ်ရက်မြောက်သောနေ့ဝယ် မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးကြွတော်မူရာလမ်းကို ပိတ်ဆို့သောအချိန်၌ နန်းပြာသာဒ်၏ အောက်အရပ်တွင်(ထားရှိသော) သုပ္ပဗုဒ္ဓ သာကီဝင်မင်း၏ မင်္ဂလာစီးတော်မြင်းသည် ချည်တိုင်ကြိုးလွှတ်ကာ ပြင်းစွာဟီလျက် ထိုထိုနံရံများကို ကန်ကျောက်လျက်သာ နေလေ၏။ မည်သူတဦး တယောက်မျှ ခြောက်၍ဖမ်း၍ မရ။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် ပြာသာဒ်ထက်ဝယ် နေရင်းကပင် မိမိ၏ မင်္ဂလာစီးတော်မြင်းဟီသံကို



၂၄၇

ကြား၍ “ဤဖြစ်ရပ်ကား အဘယ်သို့ ဖြစ်လာနည်း”ဟု မေးမြန်းလေသော် မင်းချင်း ယောက်ျားတို့က “အရှင်မင်းကြီး၏ မင်္ဂလာစီးတော်မြင်းသည် ချည်တိုင်မှ ကြိုးလွတ်လာပါသည်”ဟု လျှောက်ထားကြလေကုန်၏။

     ထိုမင်္ဂလာစီးတော်မြင်းသည်ကား သုပ္ပဗုဒ္ဓ သာကီဝင်မင်းကို မြင်လျှင်မြင်ခြင်း ငြိမ်သက်စွာ ရပ်နေလေ၏။ ထိုအခါ သုပ္ပဗုဒ္ဓ သာကီဝင်မင်းသည် မင်္ဂလာစီးတော်မြင်းကို မဖမ်းရလျှင်မနေနိုင်အောင်ဖြစ်ကာ ထိုင်နေရာမှထ၍ တံခါးသို့ ရှေးရှုသွားလေ၏။ တံခါးတို့သည် အလိုလိုပင် ပွင့်၍လာကြကုန်၏။ မူလက ဖယ်ရှားထားသော စောင်းတန်းလှေကားသည်လည်း သူ့အလိုလို မူလမိမိနေရာ၌ပင် တည်နှင့်လေ၏။ တံခါး၌ အစောင့်ချထားအပ်သော လက်ဝှေ့သည် = လက်ပမ်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကို (ပြာသာဒ်အတွင်း ပြန်မသွင်းကြပဲ) လည်ပင်း၌ ဆွဲကိုင်ကြ၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြကုန်၏။ ထိုနည်းဖြင့်ပင် ဘုံခုနစ်ထပ်အပြင်တို့၌ တံခါးတို့သည် အလိုလိုပင် ပွင့်ပြီးဖြစ်နှင့်ကြကုန်၏။ စောင်းတန်းလှေကားတို့သည် မူလ မိမိတို့နေရာ၌ပင် အလိုလို တည်နှင့်ကြကုန်၏၊ ထိုထိုတံခါး၌ အစောင့်ချထားအပ်သည့် လက်ဝှေ့သည် လက်ပမ်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကို လည်ပင်း၌ပင် ဆွဲကိုင်ကြ၍ အောက်အောက်အဆင့်သို့ ပစ်ချလိုက်ကြကုန်၏။

     ထို့နောက် နန်းပြာသာဒ်၏အောက် စောင်းတန်းလှေကားခြေရင်းသို့ ရောက်လတ်သော် ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကို မဟာပထဝီမြေကြီးသည် ပြင်းစွာမြည်ဟည်းလျက် ကွဲအက်ကာ ခံယူလေတော့သည်။ ထိုသုပ္ပဗုဒ္ဓမင်းသည် မြေထဲသို့ဝင်၍ အဝီစိငရဲ၌ ဖြစ်ရလေသတည်း။

ဦးရီးတော် သုပ္ပဗုဒ္ဓသာကီဝင်မင်း မြေမျိုခြင်းအကြောင်း ပြီး၏။



၂၄၈

သိကြားမင်းမေးအပ်သည့် ပြဿနာလေးရပ်ကို

ဖြေကြားတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် တဆယ့်ငါးခုမြောက် ပန္နရသမဝါကို ရှေးဆိုအပ်ပြီးသည့်အတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတိုက်၌ ကပ်ဆိုတော်မူကာ ကျွတ်ထိုက်သော သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ ထိုပန္နရသမဝါ ကျွတ်လတ်သည်ရှိသော် ဗုဒ္ဓါစိဏ္ဏ ဘုရား အလေ့အကျက်တော် ဓမ္မတာအတိုင်း ထိုကပိလဝတ်ပြည်မှ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်သို့ ဆိုက်ရောက်တော်မူလတ်သတည်း။

     ယင်းသို့ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ နတ်တို့သနင်း သိကြားမင်း မေးလျှောက်အပ်သဖြင့် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” အစရှိသော တရားဒေသနာကို ဟောကြားတော်မူလေသည်။ အကြောင်းအရာ အကျယ်သော်ကား-

     အခါတပါး တာဝတိံသာ နတ်ပြည်၌ နတ်အပေါင်းတို့သည် အညီအညွတ် စည်းဝေးကြကုန်၍-

(၁) အလှူအပေါင်းတို့တွင် အဘယ်အလှူသည် အမြတ်ဆုံးဖြစ်သနည်း၊

(၂) အရသာအပေါင်းတို့တွင် အဘယ်အရသာသည် အမြတ်ဆုံးဖြစ်သနည်း၊

(၃) မွေ့လျော်ခြင်း အပေါင်းတို့တွင် အဘယ်ဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း၊

(၄) တဏှာ၏ ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်ကိုသာလျှင် အဘယ့်ကြောင့် အမြတ်ဆုံးဟူ၍ ခေါ်ဆိုအပ်သနည်း-

ဟု ပြဿနာလေးချက်ကို ဖြစ်စေကြလေကုန်သည်။ ထိုပြဿနာလေးချက်တို့ကို တဦးတယောက်သော နတ်မျှ ဆုံးဖြတ်ခြင်းငှါ



၂၄၉

မတတ်နိုင်ချေ။ စင်စစ်သော်ကား နတ်သားတယောက်က နတ်သားတယောက်ကို ထိုနတ်သားကလည်း အခြားနတ်သားတယောက်ကို တဆင့်တဆင့် အချင်းချင်း မေးမြန်းကြကုန်လျက် (ဆုံးဖြတ် ဖြေကြားချက်ကို မရရှိနိုင်ကြပဲ) စကြ၀ဠာ တိုက်တသောင်းတို့၌ ဆယ့်နှစ်နှစ်ကြာ လှည့်လည်၍သာ နေကြရကုန်၏။

     ဤမျှ ဆယ့်နှစ်နှစ်ကြာ အချိန်ကာလဖြင့်လည်း ပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို မသိနိုင်ကြပဲ စကြဝဠာတိုက်တသောင်း၌ နေကြသော နတ်အပေါင်းတို့သည် စည်းဝေးစုပေါင်းကြကာ စတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့၏အထံသို့ သွားရောက်ကြကုန်၏၊ ထိုနတ်မင်းကြီးလေးဦးတို့က “အမောင် နတ်အပေါင်းတို့.. အဘယ့်ကြောင့် များစွာသောနတ်တို့၏ အစည်းအဝေးကြီး ဖြစ်ရသနည်း”ဟု မေးအပ်လေသော် နတ်အပေါင်းတို့က “ပြဿနာလေးချက်တို့ကို ဖြစ်စေကြပြီးလျှင် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကြသောကြောင့် အရှင်နတ်မင်းကြီး လေးဦးတို့၏အထံသို့ အကျွန်ုပ်တို့တစု လာရောက်ကြပါကုန်သည်”ဟု ပြောဆိုကြကုန် ၏။ “အမောင် နတ်အပေါင်းတို့.. အဘယ်မည်သော ပြဿနာလေးချက်နည်း”ဟု နတ်မင်းကြီးတို့က မေးအပ်သည်တွင် “ဒါနပေါင်းများစွာ, အရသာပေါင်းများစွာ, မွေ့လျော်ခြင်းပေါင်း များစွာတို့တွင် အဘယ်မည်သော ဒါန, အဘယ်မည်သော အရသာ, အဘယ်မည်သော မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း၊ တဏှာ၏ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်ကိုသာလျှင် အဘယ့်ကြောင့် အမြတ်ဆုံးဟူ၍ ခေါ်ဆိုအပ်သနည်းဟူသော ဤပြဿနာလေးရပ်တို့ကို မဆုံးဖြတ်နိုင်ကြသောကြောင့် အရှင်နတ်မင်းကြီးတို့၏ ထံမှောက်သို့ အကျွန်ုပ်တို့ လာရောက်ကြပါကုန်သည်”ဟု နတ်အပေါင်းတို့က ပြောဆိုကြလေသည်။

     ထိုအခါ စတုမဟာရာဇ် နတ်မင်းကြီးတို့သည် “အမောင် နတ်အပေါင်းတို့.. ငါတို့သည်လည်း ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်တို့ကို မသိကြပါကုန်၊ စင်စစ်သော်ကား ငါတို့၏အရှင်



၂၅၀

သိကြားမင်းသည် ပုဂ္ဂိုလ်တထောင်တို့ ကြံစည်အပ်သော အနက်အဓိပ္ပါယ်တို့ကို ကြံစည်ဆင်ခြင်လိုက်လျှင် တခဏချင်းဖြင့်ပင် သိနိုင်၏၊ ထိုသိကြားမင်းသည် ငါတို့ထက် အသိဉာဏ်ပညာ ဘုန်းသမ္ဘာအားဖြင့် သာလွန်မြင့်မြတ်သူ ဖြစ်ပေ၏။ လာကြလော့.. ထိုသိကြားမင်း၏အထံသို့ သွားကြကုန်အံ့”ဟု ပြောဆိုကြကာ ထိုနတ်အပေါင်းကိုပင် ခေါ်ဆောင်ကြကာ သိကြားနတ်မင်း၏အထံသို့ သွားရောက်ကြ၍ သိကြားမင်းကလည်း “အမောင် နတ်အပေါင်းတို့.. အဘယ့်ကြောင့် ယခုလောက် များစွာသောနတ်တို့၏ အစည်းအဝေးကြီး ဖြစ်ရသနည်း”ဟု မေးအပ်လေသော် ထိုအကြောင်းကို နတ်အပေါင်းတို့က ပြန်ကြား ပြောဆိုကြလေကုန်၏။

     သိကြားမင်းသည် “အမောင် နတ်အပေါင်းတို့.. ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို (ဘုရားရှင်မှတပါး) အခြားသူ တဦးတယောက်မျှ မသိနိုင်၊ မှန်၏- ဤပြဿနာလေးရပ်တို့ကား မြတ်စွာဘုရားရှင်၏အရာသာ ဖြစ်ကုန်၏။ ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူဆဲ ဖြစ်သနည်း”ဟု မေး၍ “ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏”ဟု ကြားလတ်၍ “လာကြကုန်လော့၊ ထိုမြတ်စွာဘုရားရှင်၏ အထံတော်သို့ သွားရောက် မေးလျှောက်ကြကုန်အံ့”ဟု ပြောဆို၍ နတ်အပေါင်းနှင့် အတူတကွ ညဉ့်အချိန်၌ ဇေတဝန်ကျောင်းတိုက်အလုံးကို ထွန်းလင်းတောက်ပစေ၍ မြတ်စွာဘုရားရှင်သို့ ဆည်းကပ်ပြီးကာ ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက် “သိကြားမင်း.. အဘယ့်ကြောင့် များစွာသော နတ်အပေါင်းနှင့်တကွ လာရောက်သနည်း”ဟု မြတ်စွာဘုရားရှင်က မေးမြန်းအပ်သည်တွင် သိကြားမင်းသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. နတ်အပေါင်းသည် ဤမည်သော ပြဿနာလေးရပ်တို့ကို ဖြစ်စေ အပ်ပါကုန်ပြီ၊ ရှင်တော်ဘုရားမှတပါး ဤပြဿနာတို့၏ အနက်အဓိပ္ပါယ်ကို သိစွမ်းနိုင်မည့် အခြားသူ တဦးတယောက်မျှ မရှိပါ။ အရှင်ဘုရားတို့သည် ဤပြဿနာလေးရပ်တို့၏ အနက်အဓိပ္ပါယ်ကို



၂၅၁

အကျွန်ုပ်တို့အား ထင်ရှားဖြေဆိုတော်မူပါကုန်”ဟူ၍ လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် “ကောင်းပြီ သိကြားမင်း.. ငါဘုရားကား ပါရမီတို့ကို ဖြည့်ကျင့်၍ စွန့်ခြင်းကြီး ငါးမျိုးတို့ကို ရဲရဲရက်ရက် စွန့်လှူ၍ သင်တို့ကဲ့သို့သော ပုဂ္ဂိုလ်တို့၏ ယုံမှားကို ဖြတ်တောက်ရန်ပင် သဗ္ဗညုတဉာဏ်တော်ကို ရအပ် သိအပ်ခဲ့လေပြီ၊ သိကြားမင်း.. သင်မေးအပ်သည့် ပြဿနာလေးရပ်တို့၌ အဖြေကား-

(၁) အလှူခပ်သိမ်းတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

(၂) အရသာ ခပ်သိမ်းတို့တွင် တရားအရသာသည် အမြတ်ဆုံးဖြစ်၏။

(၃) မွေ့လျော်ခြင်း ခပ်သိမ်းတို့တွင် တရားဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။

(၄) တဏှာကုန်ခြင်း၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည်ကား (ခပ်သိမ်းသောဒုက္ခ၏ ကုန်ခြင်း ငြိမ်းခြင်းသို့) ရောက်စေတတ်သောကြောင့် ဧကန်အမြတ်ဆုံး ဖြစ်၏”*-

ဟု စကားပြေ = စုဏ္ဏိယဖြင့် ဟောကြားတော်မူပြီးလျှင်-

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

(သက္က = နတ်တို့သနင်း သိကြားမင်း..)။ သဗ္ဗဒါနံ = ခပ်သိမ်းဥဿုံ အလုံးစုံသော ဒါနမျိုးကို။


* ဤစတုတ္ထ အဖြေအတွက် နောက်၌ အဓိပ္ပါယ် ဖွင့်ပြသော အဋ္ဌကထာကိုမှီ၍ အနက်အဓိပ္ပါယ် ဖော်ပြပါသည်။



၂၅၂

ဓမ္မဒါနံ = တရားကို ဟောကြားပို့ချ နာကြားခြင်း တည်းဟူသော ဓမ္မဒါနသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

သဗ္ဗရသံ = ခပ်သိမ်းဥဿုံ အလုံးစုံသော အရသာမျိုးကို။ ဓမ္မရသော = ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးနှင့်တကွ လောကုတ္တရာတရား ကိုးပါးတည်းဟူသော တရားအရသာသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

သဗ္ဗရတိံ = ခပ်သိမ်းဥဿုံ အလုံးစုံသော မွေ့လျော်ခြင်းမျိုးကို။ ဓမ္မရတိ = တရားဖြင့် မွေ့လျော်ခြင်းသည်။ ဇိနာတိ = မြင့်မြတ်ကြီးခိုင် အောင်နိုင်၏။

တဏှက္ခယော = တဏှာ၏ ကုန်ခြင်းအဆုံး၌ ဖြစ်သော အရဟတ္တဖိုလ်သည်။ သဗ္ဗဒုက္ခံ = ခပ်သိမ်းဥဿုံ အလုံးစုံသော ဝဋ်ဒုက္ခကို။ ဇိနာတိ = လွှမ်းမိုးပိုင်ပိုင် အောင်နိုင်၏။-

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။

အဓိပ္ပါယ်ဖော်ပြချက်

(၁) အကယ်၍ပင် စကြဝဠာတိုက်အတွင်း ဗြဟ္မာ့ပြည်တိုင်အောင် အကြားမရှိအောင်ပြု၍ ထိုင်နေတော်မူကြသည့် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တို့အား ငှက်ပျောဖတ်လွှာကဲ့သို့ သိမ်မွေ့နူးညံ့သော သင်္ကန်းတို့ကို လှူဒါန်းရစေကာမူ ထိုအစည်းအဝေး၌ လေးပိုဒ်ရှိသော တရားဂါထာဖြင့် ပြုအပ်သော တရားအနုမောဒနာ (=အနုမောဒနာတရား ဟောကြားခြင်း)ကသာ မြင့်မြတ်လှ၏။ မှန်၏- ထိုမျှများသော သင်္ကန်းအလှူဒါနသည် ထိုအနုမောဒနာ တရားဂါထာ၏ နှစ်ရာငါးဆယ့်ခြောက်စိတ်စိတ်၍ တစိတ်လောက်မျှ အဖိုးမထိုက်တန်ချေ။ ဤသို့လျှင် တရားတော်ကို ဟောကြားခြင်းသည်၎င်း, ပို့ချခြင်းသည်၎င်း, ကြားနာခြင်းသည်၎င်း မြင့်မြတ်လှစွာ၏။



၂၅၃

အထူးအားဖြင့် များစွာကုန်သော သူတို့အား တရားနာနိုင်ရန် စီမံအားထုတ် ပြုလုပ်ရွက်ဆောင်သော ပုဂ္ဂိုလ်၏ အကျိုးအာနိသင်ကား ကြီးမားလှစွာ၏။

ထိုသို့ ဖော်ပြရာပါ စကြဝဠာတိုက်အပြည့် အကြားမရှိ ထိုင်နေတော်မူကြသည့် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ် အလှူခံပရိသတ်အား သပိတ်လုံးတိုင်း အပြည့်အပြည့် မွန်မြတ်သော ဆွမ်းကိုထည့်၍ လှူဒါန်းရသည့် ဆွမ်းအလှူထက်၎င်း, သပိတ်လုံးတိုင်း အပြည့်အပြည့် ထောပတ်, ဆီ စသည်တို့ကိုထည့်၍ လှူဒါန်းရသည့် ဆေးအလှူထက်၎င်း, မဟာဝိဟာရ ကျောင်းတိုက်ကြီးနှင့်တူသည့် ကျောင်းတိုက်ကြီးပေါင်း အသိန်းများစွာတို့ကို၎င်း, လောဟပါသာဒ ပြာသာဒ်နှင့်တူသည့် ပြာသာဒ်ဆောင်ပေါင်း အသိန်းများစွာတို့ကို၎င်း ဆောက်လုပ်စေ၍ လှူဒါန်းရသည့် ကျောင်းအလှူထက်၎င်း, အနာထပိဏ်သူဌေး အစရှိသော ကျောင်းဒါယကာတို့ ဇေတဝန်ကျောင်းတိုက် အစရှိသော ကျောင်းတိုက်တို့ကို အကြောင်းပြု၍ လှူဒါန်းအပ်သော အလှူအတန်းအမျိုးမျိုးထက်၎င်း အယုတ်သဖြင့် လေးပါဒ (=လေးပိုဒ်)ရှိသော ဂါထာဖြင့် အနုမောဒနာတရား ဟောကြားသောအနေ ဖြစ်စေအပ်သော တရားအလှူကသာလျှင် ချီးမွမ်းအပ် မြတ်လှစွာ၏။

အဘယ့်ကြောင့်နည်းဟူမူ အဖြေကား- ဖော်ပြရာပါ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး- ပစ္စည်းလေးပါးအလှူ ကောင်းမှုကုသိုလ်ကို ပြုကြသောသူတို့သည် တရားကို ကြားနာရ၍သာ ပြုလုပ်ကြကုန်သည်၊ မကြားနာရပဲ ပြုလုပ်ကြသည်မဟုတ်။ မှန်၏- ဤသတ္တဝါတို့သည် အကယ်၍များ တရားကို မနာကြားကြရလျှင် တယောက်ချိုမျှသော ယာဂုအလှူကို၎င်း, တယောက်မမျှသော ဆွမ်းအလှူကို၎င်း ပေးလှူကြမည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့်



၂၅၄

ခပ်သိမ်းသော အလှူဒါနတို့ထက် တရားအလှူသာလျှင် ချီးမွမ်းအပ် မြတ်လှစွာ၏။

တနည်း ထင်ရှားအောင် ဖော်ပြရလျှင် ဘုရား, ပစ္စေကဗုဒ္ဓါတို့ကိုထား၍ အာယုကပ်အချိန်ပိုင်း ကာလပတ်လုံး မိုးကြီးမပြတ် ရွာသွန်းခဲ့သော် ထိုမိုးရေများကို တပေါက်မကျန် ရေတွက်နိုင်စွမ်းသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူကြသည့် အရှင်သာရိပုတ္တရာ- အစရှိသော ပုဂ္ဂိုလ်သူမြတ်တို့သော်မှလည်း (တရားမနာရပဲ) မိမိဘာသာ ဓမ္မတာဖြင့် သောတာပတ္တိဖိုလ်- အစရှိသော အရိယမဂ်ဖိုလ်သို့ ရောက်ခြင်းရခြင်းငှါ မတတ်နိုင်ကြကုန်၊ စင်စစ်သော်ကား အရှင်အဿဇိမထေရ်- စသည်တို့ ဟောကြားအပ်သော တရားကို ကြားနာရ၍ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုတော်မူကြရလေသည်၊ မြတ်စွာဘုရားရှင်၏ (ဒီဃနခသုတ္တန် အစရှိသော) တရားဒေသနာကို ကြားနာကြရသဖြင့် သာဝကပါရမီဉာဏ်ကို မျက်မှောက်ပြုတော်မူကြရလေသည်။ သိကြားမင်း.. ဤဖော်ပြရာပါ အကြောင်းကြောင့်လည်း ပစ္စယဒါန ဟူသမျှထက် ဓမ္မဒါန = တရားအလှူကသာ ချီးမွမ်းအပ် မြတ်လှစွာ၏။ ထို့ကြောင့် “ခပ်သိမ်းသော ပစ္စယဒါနမျိုးကို ဓမ္မဒါန = တရားအလှူကာ မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၂) သစ်သီးအရသာ, သစ်ပွင့်အရသာ, နံ့သာမျိုးအရသာ အစရှိသော အလုံးစုံသော အရသာမျိုးတို့သည် (အထက်သို့လားသော် နတ်တို့၏ နတ်သုဒ္ဓါ အရသာသည်လည်း) သံသရာဝဋ်၌ ကျရောက်စေပြီးလျှင် ဆင်းရဲဒုက္ခဝေဒနာကို ခံစားရခြင်း၏ အကြောင်းသာလျှင် ဖြစ်ကြ၏။ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးနှင့်တကွ မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်တည်းဟူသော တရားအရသာသည်ကား ခပ်သိမ်းသော



၂၅၅

လောကီအရသာမျိုးတို့ထက် သာလွန်မြင့်မြတ် ချီးမွမ်းအပ်ပေ၏။ ထို့ကြောင့် “ခပ်သိမ်းသော အရသာမျိုးကို တရားအရသာကသာ မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၃) သား၌မွေ့လျော်ခြင်း (=သားဖြင့် ပျော်ပိုက်ခြင်း), သမီး၌ မွေ့လျော်ခြင်း (=သမီးဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း), ဥစ္စာ၌ မွေ့လျော်ခြင်း (=ဥစ္စာဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း), မိန်းမတို့၌ မွေ့လျော်ခြင်း (=မိန်းမတို့ဖြင့် မွေ့လျော်ပျော်ပိုက်ခြင်း), ကခြင်း သီချင်း တီးမှုတ်ခြင်း စသည်တို့ဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း = ဤသို့စသည်ပြားသည့် များစွာသော လောကီမှု လောကီဥစ္စာတို့ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်ခြင်း အမျိုးမျိုးသည် သံသရာဝဋ်၌ ကျရောက်စေပြီးလျှင် ဆင်းရဲဒုက္ခဝေဒနာကို ခံစားရခြင်း၏ အကြောင်းသာလျှင် ဖြစ်ကြ၏။ တရားကို ဟောကြားသောပုဂ္ဂိုလ်, ပို့ချသောပုဂ္ဂိုလ်, နာကြားသောပုဂ္ဂိုလ်၏ အတွင်းအဇ္ဈတ္တ သန္တာန်ဝယ် တရားကိုအာရုံပြု၍ ဖြစ်ပေါ်လာသည့် နှစ်သက်မွေ့လျော်ခြင်း = ပီတိတရားကား တက်ကြွရွှင်လန်းခြင်းကို ဖြစ်စေ၏၊ မျက်ရည်တို့ကိုပင် ယိုစီးစေ၏၊ မွေးညှင်းရွှင်ပျ ကြက်သီးထခြင်းကို ဖြစ်စေ၏။ ထိုသို့ တက်ကြွရွှင်လန်းခြင်းကို ဖြစ်စေတတ် မျက်ရည်တို့ကို ယိုကျစေတတ် ကြက်သီးထခြင်းကို ဖြစ်စေတတ်သည့် တရားကိုအာရုံပြု၍ ဖြစ်ပေါ်လာသော နှစ်သက်မွေ့လျော်ခြင်း = ဓမ္မပီတိကသာလျှင် သံသရာဝဋ်၏အဆုံးကို ပြုတတ်၍ အရဟတ္တဖိုလ်တိုင်အောင်သော ကောင်းကျိုးကို ပေးတတ်သောကြောင့် ခပ်သိမ်းသော လောကီမှု လောကီဥစ္စာတို့ဖြင့် ဝမ်းမြောက်ရွှင်ပျော် မွေ့လျော်ခြင်းအမျိုးမျိုးထက် ဖော်ပြရာပါ ဓမ္မပီတိ ဓမ္မရတိသာလျှင် သာလွန်မြင့်မြတ် ချီးမွမ်းအပ်ပေ၏။ ထို့ကြောင့် “ခပ်သိမ်းသော မွေ့လျော်ခြင်းမျိုးကို တရား၌ မွေ့လျော်ခြင်း



၂၅၆

(=တရားဖြင့် မွေ့လျော်ခြင်း) = ဓမ္မရတိသည် မြင့်မြတ်ကြီးခိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

(၄) အရဟတ္တမဂ်ခဏ၌ အလုံးစုံသော တဏှာတရားတို့ ကုန်ကြလေသည်၊ အရဟတ္တမဂ်၏ အခြားမဲ့၌ (ထိုမဂ်၏ အကျိုးဖြစ်သော) အရဟတ္တဖိုလ် ဖြစ်ပေါ်လာလေသည်၊ သို့ရကား အရဟတ္တဖိုလ်ကို တဏှာကုန်ခြင်းအဆုံး၌ ဖြစ်ပေါ်သောကြောင့် တဏှက္ခယဟူ၍ ခေါ်ဆိုရလေသည်။ ထိုတဏှက္ခယမည်သော အရဟတ္တဖိုလ်သည် အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးအောင်နိုင်သောကြောင့် ခပ်သိမ်းသော တရားတို့ထက် သာလွန် မြင့်မြတ် ချီးမွမ်းအပ်သော တရားဖြစ်လေသည်။ ထို့ကြောင့် “တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ = တဏှာ၏ ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည် ခပ်သိမ်းဥဿုံ အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးပိုင်ပိုင် အောင်နိုင်၏”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်

ကျွတ်တမ်းဝင်ကြခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤဂါထာ၏ အနက်အဓိပ္ပါယ်ကို အကျယ်ဟောတော်မူစဉ်ပင်လျှင် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။

     သိကြားမင်းသည်လည်း မြတ်စွာဘုရားရှင်၏ အကျယ်ဟောကြား တရားဒေသနာကို ကြားနာရပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တရားအလှူဒါနသည် ဤမျှ ကြီးကျယ်မြင့်မြတ် ချီးမွမ်းအပ်ပါလျက်



၂၅၇

အဘယ့်ကြောင့် တပည့်တော်တို့အား ဓမ္မဒါန၏ အဖို့ဘာဂကို ပေးစေတော်မမူကြပါသနည်း၊ ဤအချိန်မှစ၍ တပည့်တော်တို့အား ရဟန်းသံဃာကို တရားဟောပြီးလျှင် ထိုဓမ္မဒါန ကုသိုလ်အဖို့ဘာဂကို ပေးစေတော်မူကြပါဘုရား”-

ဟု တောင်းပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ တောင်းပန်လျှောက်ထားချက်ကို ကြားသိတော်မူရ၍ ရဟန်းအပေါင်းကို စည်းဝေးစေတော်မူပြီးလျှင်-

“ရဟန်းတို့.. ယနေ့ကို အစပြု၍ ကြီးစွာသော တရားပွဲကြီးကိုဖြစ်စေ, ပကတိရိုးရိုး တရားပွဲကိုဖြစ်စေ, မိမိထံမှောက် ရောက်လာသူတို့အား တရားစကား ဟောကြားမှုကိုဖြစ်စေ, (အယုတ်သဖြင့်) အနုမောဒနာ တရားကိုဖြစ်စေ ဟောကြားပြီးလျှင် ခပ်သိမ်းသော သတ္တဝါတို့အား အမျှပေးကြလော့”-

ဟု မိန့်တော်မူလေ၏။ (ဓမ္မပဒဋ္ဌ၊ ၂၊ မျက်နှာ ၃၅၀-မှ)။

ဤတွင် သိကြားမင်းမေးအပ်သည့် ပြဿနာလေးရပ်တို့ကို

ဖြေကြားတော်မူခြင်းအကြောင်း ပြီး၏။

**********

အာဠ၀ကဘီလူးကို ဆုံးမချေချွတ်တော်မူသောအကြောင်း

     အာဠဝီပြည့်ရှင် ဘုရင်အာဠ၀ကမင်းသည် အထူးထူးသော မင်းမောင်းမ ကခြေသည် အပေါင်းတို့နှင့်တကွ ရွှေနန်းတော်ဝယ် ခံစားသုံးဆောင်ဖွယ် အဝဝကို စွန့်ပယ်တော်မူ၍ သူပုန်ရန်လှေး ခိုးသူဘေးကို ပယ်ရှားတားမြစ်ရန်, ထီးပြိုင်နန်းပြိုင် မင်းတပါးတို့၏ ထိပါးတိုက်ခိုက်မှုကို ဟန့်တားရန်နှင့် အခုန်အလွှား မင်းမာန်ပွါး၍ ကြိုးစားအားထုတ်မှု ပြုလုပ်ရန် ခုနစ်ရက်တကြိမ် ခုနစ်ရက်တကြိမ် သမင်တောသို့ အပျော်အပါး တောကစားထွက်ချီလေ့ရှိ၏။



၂၅၈

     တနေ့သ၌ အာဠ၀ကမင်းသည် တောကစား ထွက်အံ့ဆဲဆဲအချိန်တွင် “အကြင်သူ၏ အနီးအပါး တာငန်းမှ သမင်ထွက်အံ့၊ ထိုသမင်သည် ထိုသူ၏တာဝန်သာ ဖြစ်စေရမည်”ဟု ရဲမက်ဗိုလ်ပါတို့နှင့် ကတိကဝတ်ပြုလုပ်ပြီး သမင်တောသို့ ထွက်ခဲ့ရာ မင်းကြီး၏ အနီးအပါးတာငန်းမှပင် သမင်သည် ထွက်၍ပြေးလေ၏။

     မင်းကြီးသည် လျင်မြန်ခြင်းအရှိန်အဟုန် အားအင်ဗလနှင့် ပြည့်ဝသူဖြစ်ရကား လေးကိုကိုင်စွဲကာ ခြေလျင်ပင် သုံးယူဇနာတိုင်တိုင် ထိုသမင်နောက်သို့ မရပ်မနား လိုက်သွားလေ၏။ ဧဏီမည်သော သားကောင် (သမင်)တို့မှာ သုံးယူဇနာတိုင်ရုံသာ တဟုန်ထိုး ပြေးသွားနိုင်ကြလေသည်၊ သို့ရကား သုံးယူဇနာတိုင်တိုင် လိုက်မိသောအခါ အရှိန်အဟုန် ကုန်သည်ဖြစ်၍ ရေအိုင်အတွင်း သက်ဆင်းတည်နေသော ထိုသမင်ကို လေးဖြင့်ပစ်သတ် နှစ်ပိုင်းဖြတ်ပြီးလျှင် အသားကိုပင် အလိုမရှိသော်လည်း “သမင်ကို အမိဖမ်းရန် မစွမ်းနိုင်”ဟု ဗိုလ်ပါရဲမက်တို့၏ ကဲ့ရဲ့စကား စွပ်စွဲပြောကြားခြင်းမှ လွတ်မြောက်ရန် ထမ်းပိုးဖြင့် ထမ်းယူကာ မင်းကြီးသည် ပြန်လာလတ်သော် မြို့နှင့် မနီးမဝေးသောအရပ်၌ ရွက်နုရွက်ရင့်တို့ဖြင့် ထူထဲပြည့်သိပ် အရိပ်ကောင်းသော ပညောင်ပင်ကြီးကို တွေ့မြင်လေလျှင် အပန်းဖြေရန် ထိုညောင်ပင်ရင်းသို့ ကပ်ရောက်လေ၏။

     ထိုပညောင်ပင်ကြီး၌လည်း အာဠ၀ကဘီလူးသည် ဝေဿဝဏ်နတ်မင်းကြီးအထံမှ ဆုလာဘ်ရ၍ နေမွန်းတိအချိန်၌ ထိုညောင်ပင်အရိပ် တွေ့ထိရောက်ရှိရာ အရပ်အတွင်းသို့ ဝင်ရောက်လာသော သတ္တဝါတို့ကို စားလျက် စိုးအုပ်နေထိုင်၏။ (ဤ၌။ ။နေမွန်းတိချိန်၌သာ ထိုညောင်ပင်အောက်သို့ ဝင်ရောက်လာသူတို့ကို စားသည်ဟု မမှတ်ရာ၊ အမှန်မှာ နေမွန်းတိချိန်၌ ညောင်ပင်ရိပ် တွေ့ထိရောက်ရှိရာအရပ် အပိုင်းအခြားအတွင်းသို့ နေ့ဖြစ်စေ, ညဉ့်ဖြစ်စေ ဝင်ရောက်လာသူတို့ကို စားသည်ဟု မှတ်ယူရာ၏)။

     ထိုအခါ အာဠ၀ကဘီလူးသည် မိမိ၏ညောင်ပင်အောက်သို့ ဝင်ရောက်လာသော မင်းကြီးကို မြင်လေလျှင် စားဖို့ရန် အနီးသို့



၂၅၉

ကိုယ်ထင်ပြကာ ချဉ်းကပ်လာလေ၏။ ။(မင်းကြီးသည် နှစ်ပိုင်းဖြတ်ထားသော သမင်သားကိုပေး၍ မိမိကို လွတ်စေလို၏၊ အာဠဝကဘီလူးသည် “ငါ၏လက်တွင်း သက်ဆင်း ကျရောက်ချိန်မှစ၍ သမင်သား သည် ငါ့ဥစ္စာပင် မဟုတ်လော၊ မင်းကြီး.. သင်သည် သမင်ကိုပေး၍ မိမိ၏ လွတ်မြောက်မှုကို အသို့ပြုနိုင်ချိမ့်နည်း”ဟု ပြောဆို၍ မင်းကြီးကို မလွှတ်ချေ။ ဤ ကွင်းအတွင်း စကားရပ်ကား အချို့သောမူ၌သာ လာရှိသည်)။

     ထိုအခါ မင်းကြီးသည် အာဠ၀ကဘီလူးနှင့် “ငါ့ကိုလွှတ်လော့၊ ငါသည် သင့်အား နေ့တိုင်း နေ့တိုင်း လူတယောက်နှင့် ထမင်းချက်ပြီး တအိုးကို ပို့ဆက်ပါမည်”ဟု ကတိကဝတ်စကား ပြောကြားလေသော် အာဠ၀ကဘီလူးသည် “သင်မင်းကြီးကား မင်းစည်းစိမ်ဖြင့် ယစ်မူးကာ မေ့လျော့နေနိုင်၏၊ ငါတမူကား မိမိဗိမာန်သို့ မကပ်ရောက်လာသူကို၎င်း, ကျေနပ်စွာ ခွင့်မပြုအပ်သူကို၎င်း စားခွင့်မရနိုင်ချေ၊ အကျွန်ုပ်သည် သင်မင်းကြီးကိုလည်း လွှတ်လိုက်က အဘယ်သို့လျှင် အသက်ရှင်နိုင်အံ့နည်း”ဟူ၍ ပြောဆိုကာ မင်းကြီးကို မလွှတ်ချေ။ မင်းကြီးသည် “မဆက်သောနေ့၌ ငါ့ကိုဖမ်း၍ စားလော့”ဟု မိမိကို ကျေနပ်စွာ ခွင့်ပြုစကား ပြောကြားပြီးလျှင် ဘီလူးလက်မှ လွတ်မြောက်ကာ အာဠဝီပြည်သို့ ရှေးရှူသွားလေ၏။

     ဗိုလ်ပါရဲမက်အပေါင်းသည် လမ်းခရီး၌ ယာယီသစ်ခက်တဲနန်း ဆောက်လုပ်ကာ မင်းကြီးကို စောင့်မျှော်နေစဉ် မင်းကြီးပြန်လာသည်ကို မြင်လတ်၍ “အရှင်မင်းကြီး.. အရှိန်အဝါမဲ့မည်မျှကို ကြောက်သဖြင့် အဘယ့်ကြောင့် ဤသို့ အပင်ပန်းခံတော်မူရသနည်း”ဟု ပြောဆို ခရီးဦးကြိုကာ မင်းကြီးကို ဆီး၍ခံလင့်လေသည်။ မင်းကြီးသည် ထိုအကြောင်းကို မပြောကြားပဲ မြို့သို့ရောက်၍ နံနက်စာ စားပြီးလတ်သော် မြို့တော်ဝန်ကို ခေါ်စေ၍ ထို(ဘီလူးနှင့် ကတိကဝတ်ထားခဲ့ရသော) အကြောင်းကို လျှို့ဝှက်စွာ ပြောကြားလေ၏။



၂၆၀

     မြို့တော်ဝန်က “အရှင်မင်းကြီး.. အသို့နည်း (ဘယ့်နှယ်လဲ) အချိန်အပိုင်းအခြားကို ပြုအပ်ခဲ့ပါ၏လော”ဟု မေးလေလျှင် မင်းကြီးသည် “မပြုခဲ့မိပေ အချင်း..”ဟု ပြောဆိုလေ၏။ ထိုအခါ မြို့တော်ဝန်သည် “အရှင်မင်းကြီး.. အလုပ်ဖြင့် မှားခဲ့လေပြီ၊ မှန်၏- ဘီလူးတို့သည် ပိုင်းခြားအပ်သမျှကိုသာ ရနိုင်ကုန်၏၊ (ယခုလို) အပိုင်းအခြား မထားအပ်သော်ကား ဇနပုဒ်တခုလုံး၏ အန္တရာယ် အနာရောဂါ ဖြစ်ချေတော့မည်၊ အရှင်မင်းကြီး.. ရှိပါစေတော့၊ ဤကဲ့သို့ အရှင်မင်းကြီး ပြုမှားခဲ့သော်လည်း ကြောင့်ကြမဲ့သာ သင်မင်းကြီးသည် မင်းစည်းစိမ်ချမ်းသာကို ခံစားသုံးဆောင်တော်မူပါ၊ အကျွန်ုပ်သည်ပင် ဤအရာ၌ ပြုလုပ်ရွက်ဆောင်သင့်သမျှကို ရွက်ဆောင်ပြုလုပ်ပါတော့မည်”ဟု လျှောက်ထားပြီးလျှင် မြို့တော်ဝန်သည် စောစောထ၍ ထောင်သို့ သွားပြီးလျှင် အသတ်ခံရမည့် ရာဇဝတ်သားများကို ရည်ရွယ်ကာ “အသက်ရှင်လိုသူသည် ထွက်ခဲ့လော့”ဟု ပြောဆိုလေ၏။

     ပဌမရှေးဦးစွာ ထွက်လာသော ရာဇဝတ်သားကို အိမ်သို့ ခေါ်ဆောင်သွားပြီး ရေမိုးချိုးပေး ထမင်းကျွေးပြီးနောက် “ဤထမင်းချက်အိုးကို ဘီလူးအား သွားရောက်ပေးလော့”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ ထိုရာဇဝတ်သားကို ပညောင်ပင်ရိပ်အတွင်း ဝင်မိလျှင် ဝင်မိချင်းပင် ဘီလူးသည် အလွန်ကြောက်မက်ဖွယ်သော ကိုယ်အတ္တဘောကို ဖန်ဆင်း၍ ကြာစွယ်ကြာရင်းပမာ ကျွတ်ကျွတ်ဝါး၍ စားလေတော့၏။

အထူးမှတ်ရန်မှာ.. ဘီလူးများ၏ တန်ခိုးအာနုဘော်ကြောင့် လူတို့၏ ဆံပင်-စသည်တို့ကို အစပြုကာ တကိုယ်လုံးသည် ထောပတ်ဆီဥခဲကဲ့သို့ ဖြစ်သတဲ့။

     အာဠ၀ကဘီလူးအတွက် အစာကိုယူစေ၍ လိုက်ပါသွားကြရသော အစောင့်မင်းချင်း ယောက်ျားတို့သည် ထိုကဲ့သို့ ဘီလူးက ရာဇဝတ်သားကို ကျွတ်ကျွတ်ဝါး၍ စားအပ်သည်ကို တွေ့မြင်ကြရ၍ ကြောက်လန့်ကြပြီးလျှင် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့အား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ထိုအချိန်မှစ၍



၂၆၁

“မင်းကြီးသည် ခိုးသူများကို ဖမ်းပြီးလျှင် ဘီလူးအား ပေးသတဲ့”ဟု သတင်းပြန့်နှံ့ကာ လူအပေါင်းတို့သည် ခိုးမှုမှ ရှောင်ကြဉ်ကြလေကုန်၏။

     ထိုမှ နောက်တချိန်ဝယ် ခိုးသူအသစ်တို့ မရှိခြင်းကြောင့်၎င်း, ခိုးသူအဟောင်းတို့ ကုန်ခြင်းကြောင့်၎င်း ထောင်အိမ်များသည် ခိုးသူတို့မှ ဆိတ်သုဉ်းကုန်လေသော် မြို့တော်ဝန်သည် မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးသည် “တစုံတယောက်သောသူသည် လိုချင်သဖြင့် ကောက်ယူကောင်း ကောက်ယူလေရာ၏”ဟု ကြံစည်ကာ မိမိ၏ ရွှေငွေဥစ္စာကို မြို့တော်လမ်းမတို့၌ ချထားစေ၏၊ ထိုရွှေငွေဥစ္စာကို ခြေဖြင့်သော်လည်း တဦးတယောက်မျှ မတို့မထိချေ။

     အာဠ၀ကမင်းသည် ဤနည်းဖြင့်လည်း ခိုးသူတို့ကို မရနိုင်သည်ရှိသော် အမတ်တို့အား ထိုအကြောင်းကို ဖွင့်ဟတိုင်ပင် ပြောဆိုလေ၏။ အမတ်တို့သည် “အိမ်စဉ်အတိုင်း လူအို တယောက် တယောက်ကို ပို့စေကြကုန်အံ့၊ ထိုလူအိုသည် ပကတိသဘောအားဖြင့်လည်း သေမင်း၏ခံတွင်းဝ၌ ရောက်နေသူဖြစ်သည်”ဟု အကြံပေးစကား ပြောကြားကြလေသော် မင်းကြီးက “မှူးမတ်တို့.. ထိုသို့ပြုလျှင် လူများအပေါင်းသည် ‘ငါတို့၏အဖကို ဘီလူးထံ ပို့ရက်ပေသည်၊ ငါတို့၏အဖိုးကို ဘီလူးထံ ပို့ရက်ပေသည်’ဟု တုန်လှုပ်ချောက်ချားမှုကို ပြုကြပေလိမ့်မည်၊ သင်တို့သည် ထိုကဲ့သို့ လူအိုများကို ဘီလူးစာကျွေးရန် အစီအမံကို မနှစ်သက်ကြပါလင့်”ဟူ၍ မိန့်ကြားကာ အဆိုကို တားမြစ်လေ၏။

     ထိုအခါ အမတ်များက တနည်းပြောင်း၍ “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် ပုခက်အတွင်း ပက်လက်အိပ်သောအရွယ် ကလေးငယ်များကို တနေ့လျှင် တယောက်ကျ ပို့စေကြကုန်အံ့၊ မှန်၏- ထိုသို့ ပက်လက်အိပ်သောအရွယ် ကလေးသူငယ်များမှာ ‘ငါ့အမေတည်း၊ ငါ့အဖေတည်း’ဟု ချစ်ခင်မှုမရှိသေးပါ”ဟု အကြံပေးစကား လျှောက်ထားကြလေသော် မင်းကြီးသည်



၂၆၂

သဘောတူ ခွင့်ပြုလေတော့၏။ မှူးမတ်တို့သည် ထိုအတိုင်း စီမံပြုလုပ်ကြကုန်၏။

     ရွှေမြို့တော်အတွင်း၌ ကလေးမိခင်များသည် မိမိတို့ကလေးများကို ယူဆောင်၍၎င်း, ကိုယ်ဝန်ဆောင် မိန်းမများသည် ထွက်ပြေးတိမ်းရှောင်၍၎င်း တိုင်းတပါး၌ မိမိတို့သားငယ်ကလေးများကို ကြီးထွားစေ၍ လူလားမြောက်မှ တဖန် အာဠဝီပြည်သို့ ခေါ်ဆောင်ကာ ပြန်လာကြကုန်၏။

     ဤသို့လျှင် အာဠဝီပြည်ဝယ် နေ့စဉ် နေ့စဉ် ဘီလူးစာကျွေး၍ နေရသည်မှာ အချိန်အားလုံးကို ပေါင်းလိုက်လျှင် ဆယ့်နှစ်နှစ်ကြာအခါသို့ ရောက်ခဲ့လေပြီ။ ထိုအခါ တနေ့သ၌ တမြို့လုံးကို လှည့်လည်ရှာဖွေသော်လည်း ကလေးသူငယ် တယောက်ကိုမျှ မရရှိသောကြောင့် မင်းချင်းတို့က “အရှင်မင်းကြီး.. ရွှေနန်းတော် အတွင်းဝယ် အရှင်မင်းကြီး၏သားတော် အာဠ၀ကမင်းသားကိုထား၍ မြို့တွင်းမှာဖြင့် ကလေးသူငယ်ဟူ၍ မရှိတော့ပါ”ဟု မင်းကြီးအား လျှောက်ထားကြလေလျှင် မင်းကြီးသည် “ငါ့သားကို ငါချစ်အပ်သကဲ့သို့ ဤအတူ ခပ်သိမ်းသော လူအပေါင်းသည်ပင် မိမိတို့သားကို မိမိတို့ ချစ်အပ်ပေသည်၊ သို့သော်လည်း လောက၌ မိမိထက် ချစ်အပ်သူဟူ၍ မရှိ၊ အမောင်တို့.. သွားကြလော့၊ ထိုငါ၏သားတော် အာဠဝကမင်းသားကိုလည်း ဘီလူးအားပေး၍ အသက်ကို စောင့်ရှောက်ကြလော့”ဟု မိန့်ကြားပြောဆိုလေ၏။

     ထိုအချိန်၌ အာဠ၀ကမင်းသားကလေး၏ မယ်တော်မိဖုရားကြီးသည် မိမိ၏သားကို နံ့သာရေမိုး ချိုးစေပြီးလျှင် တန်းဆာဆင်ကာ ဘွဲ့ဖြူအဝတ်နု၌ ထွေးထားမှုပြုကာ မိမိရင်ခွင်ထက်၌သိပ်၍ ထိုင်နေဆဲဖြစ်လေသည်။ မင်းချင်းယောက်ျားများသည် မင်းကြီး၏ အမိန့်အာဏာဖြင့် ထိုမိဖုရားကြီးသားတော်ကို ရင်ခွင်၌သိပ်၍ ထိုင်နေရာအရပ်သို့ သွားရောက်ကြပြီးလျှင် မိဖုရားကြီးနှင့်တကွ မောင်းမပေါင်း တသောင်းခြောက်ထောင်တို့ ငိုကြွေးမြည်တမ်းကြစဉ်ပင် အထိန်းတော်ကြီးနှင့်တကွ



၂၆၃

ထိုအာဠဝက မင်းသားကလေးကို ယူဆောင်၍ “နက်ဖြန်ခါ ဤမင်းသားကလေးသည် ဘီလူးအစာ ဖြစ်ရပေတော့မည်”ဟု ပြောဆိုကြကာ ဖဲသွားကြလေကုန်၏။

မြတ်စွာဘုရားရှင် အာဠဝီပြည်သို့ ကြွတော်မူခြင်း

     ထိုနေ့၌ပင် မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်ထအခါ စောစောထတော်မူ၍ ဇေတဝန်ကျောင်းတိုက်တော်ကြီးအတွင်း ဂန္ဓကုဋီကျောင်းတော်၌ မဟာကရုဏာသမာပတ်ကို ၀င်စားတော်မူပြီးနောက် တဖန် (အာသယာနုသယဉာဏ် ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော) ဗုဒ္ဓစက္ခုတော်အစုံဖြင့် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါလောကကို ကြည့်ရှုတော်မူလတ်သော်-

(၁) အာဠဝကမင်းသားကလေး၏ အနာဂါမိဖိုလ်သို့ ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း၊

(၂) အာဠ၀ကဘီလူး၏ သောတာပတ္တိဖိုလ်သို့ ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း၊

(၃) တရားဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့၏ သစ္စာလေးပါး တရားသိမြင်မှု ဓမ္မစက္ခုကို ရရောက်ကြောင်း ရှေးကောင်းမှု ကုသိုလ်ကို၎င်း-

ဤအကြောင်းထူးသုံးရပ်ကို မြင်တော်မူရကား ထိုညဉ့်ကုန်ကင်း မိုးလင်းသောအခါ နံနက်ခင်း၌ ပြုလုပ်ဖွယ်ရာ ဗုဒ္ဓကိစ္စကို ပြုလုပ် ရွက်ဆောင်တော်မူပြီး၍ နေလွဲအခါ ပြုလုပ်ရမည့် ဗုဒ္ဓကိစ္စ မပြီးဆုံးသေးမီ လကွယ်နေ့ နေဝင်သောအချိန်၌ အဖော်မမှီး ကိုယ်တော်မြတ် တပါးတည်းသာလျှင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ခြေလျင်ကြွချီတော်မူခြင်းဖြင့် သာဝတ္ထိပြည်မှ ယူဇနာ သုံးဆယ်တို့တိုင်တိုင် ကြွတော်မူ၍ အာဠ၀ကဘီလူး၏ ဘုံဗိမာန် အရာမ်အတွင်းသို့ ဝင်တော်မူလေ၏။



၂၆၄

     ဤ၌ မြတ်စွာဘုရားသည် ပညောင်ပင်၏အနီးဝယ် လူသာမန်တို့ မမြင်နိုင်သည့် အာဠ၀ကဘီလူး၏ ဗိမာန်၌ နေတော်မူသလော၊ သို့မဟုတ် ပညောင်ပင်ရင်း၌ နေတော်မူသလော၊ အဘယ်၌ နေတော်မူသနည်းဟူမူ- ဘီလူး၏ ဗိမာန်၌ပင် နေတော်မူ၏။ ထင်ရှားစေဦးအံ့- ဘီလူးတို့သည် မိမိတို့၏ ဘုံဗိမာန်ကို မြင်ကြသကဲ့သို့ ထို့အတူ မြတ်စွာဘုရားရှင်သည်လည်း မြင်တော်မူ၏။ သို့ရကား မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ ဗိမာန်ရှိရာသို့ ကြွသွားတော်မူပြီးလျှင် ဗိမာန်တံခါးဝ၌ ရပ်တည်တော်မူလေ၏။

     ထိုအချိန်၌ အာဠ၀ကဘီလူးကား ဟိမဝန္တာတောင်ဝယ် ဘီလူးတို့၏ အစည်းအဝေးသို့ သွားရောက်နေလေပြီ၊ ထို့ကြောင့် အာဠဝကဘီလူး၏ တံခါးစောင့်ဖြစ်သော ဂဒြဘ-မည်သော ဘီလူးသည် မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် ဂဒြဘနှင့် မြတ်စွာဘုရားတို့ စကားအချီအချ ပြောဆိုကြသည်မှာ-

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် နေဝင်သောအခါမှ ကြွလာတော်မူပါသလော။

(ဗုဒ္ဓ) အိမ်း.. ဂဒြဘ.. ငါဘုရားသည် နေဝင်သောအခါမှပဲ ကြွလာပေသည်၊ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏အဖို့မှာ ဝန်မလေးပါ။ သို့သော်လည်း ထိုအာဠဝကဘီလူးသည် ခက်ထန်ကြမ်းတမ်းလှဘိ၏။ မိဖတို့အားသော်မှ ရှိခိုးမှု-စသည်ကို မပြုပါချေ၊ သို့ရကား ဘုန်းတော်သခင် ရှင်တော်ဘုရားသည် ဤအာဠ၀ကဘီလူး၏ ဗိမာန်၌ နေထိုင်ရခြင်းကို နှစ်သက်တော်မမူပါလင့်ဘုရား။



၂၆၅

(ဗုဒ္ဓ) ဂဒြဘ.. ငါဘုရားသည် ထိုအာဠ၀ကဘီလူး၏ ခက်ထန်ကြမ်းတမ်းမှုကို သိပေ၏။ ငါဘုရားမှာ အန္တရာယ်မျိုး တစိုးတစိ ဖြစ်လိမ့်မည်မဟုတ်၊ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အာဠဝကဘီလူးသည် ရဲရဲပြောင်ပြောင် မီးစွဲလောင်သည့် သံအိုးကင်းနှင့်တူသူ ဖြစ်ပါသည်၊ သူကား အမိအဖဟူ၍၎င်း, ရဟန်းပုဏ္ဏားတို့ဟူ၍၎င်း, တရားဟူ၍၎င်း လုံးဝ မသိနားမလည်သူ ဖြစ်ပါသည်၊ ဤဘုံဗိမာန်သို့ ရောက်ရှိလာသူတို့၏ စိတ်ပြန့်လွင့်သွားအောင်လည်း ပြုတတ်ပါသည်။ နှလုံးသားကိုသော်လည်း ဖောက်ခွဲပစ်တတ်ပါသည်။ ခြေနှစ်ချောင်းတို့ကိုကိုင်၍ သမုဒြာတဖက်၌သော်၎င်း, စကြဝဠာတိုက် တဖက်၌သော်၎င်း ပစ်လွှင့်တတ်သူ ဖြစ်ပါသည်။

(ဗုဒ္ဓ) ဂဒြဘ.. ဤအကြောင်းများကို ငါဘုရား သိပါသည်။ အကယ်၍ သင့်အား ဝန်မလေးလျှင် ငါဘုရားသည် အာဠ၀ကဘီလူး၏ ဗိမာန်၌ ယနေ့တညဉ့်မျှ နေလိုပေသည်။

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏အဖို့မှာ ဝန်မလေးပါ၊ သို့သော်လည်း ထိုအာဠ၀ကဘီလူးသည် မိမိအား မပြောကြားပဲ ခွင့်ပြုသောအကျွန်ုပ်ကို သတ်မူ သတ်လေရာပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (သို့ဖြစ်ရကား) အကျွန်ုပ်သည် ထိုအာဠ၀ကဘီလူးအား အကြောင်းအကျိုးကို သွားရောက် ပြောကြားပါရစေဦး။

(ဗုဒ္ဓ) ဂဒြဘ.. သင်စိတ်ချမ်းသာသောအတိုင်းပင် ပြောကြားလေလော့။



၂၆၆

(ဂဒြဘ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် ရှင်ပင်ဘုရားသည်ပင် နေသင့် မနေသင့် စဉ်းစား ဆင်ခြင်တော်မူပါလော့-

ဂဒြဘသည် ဤကဲ့သို့ ပြောကြားပြီးလျှင် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးနောက် ဟိမဝန္တာသို့ ရှေးရှု ဖဲခဲ့လေ၏။ အာဠ၀ကဘီလူး၏ ဗိမာန်တံခါးသည်လည်း မည်သူတဦးတယောက်မျှ မဖွင့်ရ၊ သူ့အလိုလို ပွင့်၍လာလေ၏၊ မြတ်စွာဘုရားရှင်သည် ဗိမာန်တွင်းသို့ ဝင်တော်မူပြီးလျှင် အလွန်ထင်ရှားသော မင်္ဂလာနေ့ရက်စသည်များ၌ အာဠ၀ကဘီလူးထိုင်နေကာ နတ်စည်းစိမ်ကိုခံစားရာ နတ်၌ဖြစ်သော ရတနာပလ္လင်၌ ထိုင်နေတော်မူ၍ ရွှေရောင်အဆင်း ဝါဝင်းသော ပီတရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။

     ထိုပီတရောင်ခြည်တော်ကို ဖူးမြော်ကြရ၍ ဘီလူး၏ မောင်းမမိဿံ အခြွေအရံ ဘီလူးမများသည် စုရုံးလာရောက်ကြကာ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီးလျှင် ဝန်းဝိုင်းခြံရံလျက် ထိုင်နေကြကုန်၏။ မြတ်စွာဘုရားရှင်သည် “ယက္ခိနီ ဒါယိကာမတို့.. သင်တို့သည် ရှေးအခါက အလှူဒါန ပေးလှူခဲ့ကြ၍ သီလကို ဆောက်တည်ခဲ့ကြ၍ ပူဇော်ထိုက်သူကို ပူဇော်ခဲ့ကြ၍ ဤနတ်စည်းစိမ်ကို ရောက်ရှိ ခံစံကြရကုန်ပြီ၊ ယခုအခါ၌လည်း ထိုရှေးအတူသာလျှင် ပြုကြလော့၊ တယောက်သည် ကယောက်ကို မနာလိုခြင်း = ဣဿာ တရား, ဝန်တိုခြင်း = မစ္ဆရိယတရားတို့ လွှမ်းမိုးနှိပ်စက်ကြကာ မနေကြကုန်လင့်” ဤသို့ အစရှိသည်ဖြင့် ထိုဘီလူးမတို့အား ပကိဏ္ဏက ဓမ္မကထာ ဒေသနာတရားကို ဟောကြားတော်မူလေ၏။ ဘီလူးမများသည်လည်း မြတ်စွာဘုရားရှင်၏ ချိုမြိန်လှစွာသော တရားသံကို ကြားနာရ၍ ကောင်းကြီးအထောင်တို့ကို ပေးကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ဝန်းဝိုင်းခြံရံကြလျက် ထိုင်နေမြဲ ထိုင်နေကြလေကုန်၏။

     ဂဒြဘဘီလူးသည်လည်း ဟိမဝန္တာသို့ရောက်၍ “ဒုက္ခကင်းရှင်း အိုအရှင်အာဠ၀ကဘီလူးမင်း.. ကျွန်ုပ်တိုက်တွန်းပါ၏၊



၂၆၇

သိတော်မူပါလော့၊ အရှင်ဘီလူးမင်း၏ ဗိမာန်၌ မြတ်စွာဘုရားသခင်သည် ကြွရောက်ကာ ထိုင်နေတော်မူပါသည်”ဟု အာဠဝကဘီလူးအား ရိုသေစွာ လျှောက်ထားပြောကြားလေ၏။ ထိုအခါ အာဠ၀ကဘီလူးသည် “သင် ဆိတ်ဆိတ်နေလော့ (=မင်း တိတ်တိတ်နေစမ်းဟု ဆိုလိုသည်)၊ ယခုပင် ပြန်သွားပြီး ပြုလုပ်သင့်သည်ကို ပြုလုပ်မည်”ဟု ဂဒြဘဘီလူးအား အမှတ်သညာကို ပြုလေ၏။

(ဤ၌။ ။အာဠဝကဘီလူးကား အယောနိသောမနသိကာရ = မသင့်မတင့် နှလုံးသွင်းခြင်း ပြင်းထန်လှသဖြင့် သူ့ဗိမာန်အတွင်းသို့ မြတ်စွာဘုရားရှင် ဝင်၍နေတော်မူသည်ကိုပင် ဘီလူးမာန်တက်ကာ ရှက်နိုးလှသောကြောင့် “ဤနတ်ဘီလူးပရိသတ် အလယ်၌ တစုံတယောက်မျှ ထိုအကြောင်းကို မကြားပါစေလင့်”ဟု အောက်မေ့ကာ အသံကျယ်ကျယ် မပြောရန် တားမြစ်လေသည်)။

     ထိုအခါ သာတာဂိရ နတ်ဘီလူးမင်းနှင့် ဟေမဝတ နတ်ဘီလူးမင်း သူငယ်ချင်း (အရိယာနတ်) နှစ်ဦးတို့သည် “မြတ်စွာဘုရားရှင်ကို ငါတို့သည် ဇေတဝန်ကျောင်းတော်၌ပင် ဖူးမြော်ရှိခိုးကြပြီးမှ နတ်ဘီလူး အစည်းအဝေးသို့ သွားကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြကာ အခြံအရံ နတ်စစ်သည်တို့နှင့်တကွ အထူးထူးသောယာဉ်တို့ကို စီးနင်းကြကာ ကောင်းကင်ခရီးဖြင့် သွားကြလေကုန်၏။

အထူးအားဖြင့်.. ကောင်းကင်၌ နတ်ဘီလူးတို့အတွက်တာ နေရာတကာ၌ လမ်းခရီးမရှိ၊ ကောင်းကင်၌ တည်ရှိသော နတ်ဗိမာန်တို့ကို ရှောင်လွှဲဖယ်ရှား၍ လမ်းခရီးဖြစ်သင့်သော အရပ်ဖြင့်သာ သွားရာလမ်းခရီး ဖြစ်ရှိလေသည်။

အာဠ၀ကဘီလူး၏ ဗိမာန်သည်ကား မြေပြင်၌တည်၏၊ ကောင်းစွာ လုံခြုံ၏၊ တံတိုင်းဖြင့် ဝန်းရံအပ်၏၊ တံခါး ပြအိုး, တံခါးမုခ်များကို နေရာတကျ ကောင်းစွာတပ်ဆင် စီရင်၍ ထားအပ်ပေ၏။ ဗိမာန်၏ အထက်၌ ကြေးဖြူဇာကွန်ရက်ဖြင့် ဖုံးအုပ်၍ ထားအပ်၏၊ သေတ္တာနှင့်တူ၏၊



၂၆၈

အမြင့်အစောက်အားဖြင့် သုံးယူဇနာရှိလေသည်။ ထိုအာဠဝကဗိမာန်၏ အထက်၌ နတ်ဘီလူးတို့သွားရာ ကောင်းကင်လမ်းခရီးဖြစ်၍ နေ၏။

     သာတာဂိရ နတ်ဘီလူးမင်းနှင့် ဟေမဝတ နတ်ဘီလူးမင်း သူငယ်ချင်း (အရိယာနတ်) နှစ်ဦးတို့သည် ကောင်းကင်လမ်းခရီးဖြင့် ဘုရားဖူးရန် လာကြလေရာ ထို(အာဠဝကဗိမာန်၏အထက် ကောင်းကင်လမ်းခရီး) အရပ်သို့ ရောက်ကြလေလျှင် မသွားနိုင်ပဲ ရှိကြလေကုန်၏။

မှန်၏- မြတ်စွာဘုရားရှင်တို့ ထိုင်နေရာအရပ်၏ အထက်အဖို့၌ ဘဝဂ်တိုင်အောင် တစုံတယောက်မျှ ဖြတ်ကျော်၍ မသွားနိုင်ချေ။

သို့ရကား ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့သည် “ဤသို့ မသွားနိုင်ပဲ ရှိကြရခြင်းသည် အကြောင်းအသို့ရှိသနည်း”ဟု ဆင်ခြင်ကြလေသော် မြတ်စွာဘုရားရှင်ကို ဖူးမြင်ကြရ၍ ကောင်းကင်၌ ပစ်အပ်သောခဲကဲ့သို့ မြေသို့သက်ဆင်းကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကြပြီးနောက် တရားတော်ကို နာကြားကြ၍ လက်ျာရစ်လှည့်ကြကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် နတ်ဘီလူးအစည်းအဝေးသို့ သွားကြပါဦးမည်ဘုရား”ဟု ခွင့်ပန်စကား လျှောက်ထားကြပြီးသော် ရတနာသုံးပါး၏ ကျေးဇူးဂုဏ်တို့ကို ချီးမွမ်းပြောဆိုကြလျက် နတ်ဘီလူးများစည်းဝေးရာ ဟိမဝန္တာသို့ သွားကြလေကုန်၏။

     အာဠ၀ကဘီလူးသည် ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးကို မြင်လေလျှင် “ဤနေရာ၌ ထိုင်တော်မူကြပါ”ဟု ဖိတ်မန်စကား ပြောကြားကာ နေရာဖယ်၍ ပေးလေ၏။

အာဠ၀ကဘီလူး ဒေါသအမျက် ပြင်းစွာထွက်ခြင်း

     ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့သည် “အမောင်အာဠ၀က.. အမောင်၏ ဘုံဗိမာန်၌ မြတ်စွာဘုရားရှင် ကြွရောက် နေထိုင်တော်မူဆဲရှိ၏၊ သို့ရကား အမောင်သည် အရတော်လေစွာ့၊



၂၆၉

အမောင်အာဠဝက.. သွားပါလော့၊ မြတ်စွာဘုရားရှင်ကို ဆည်းကပ်ပါလော့”ဟု အာဠ၀ကဘီလူးအား ပြောကြားသိစေကြကုန်၏။

(သဒ္ဓါတရားမရှိသူ၏အဖို့ရာ သဒ္ဓါနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာဖြစ်၍ နေ၏။ သီလမရှိသူ၏အဖို့ရာ သီလနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာဖြစ်၍ နေ၏။ ဗဟုသုတမရှိသူ၏အဖို့ရာ ဗဟုသုတနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏။ စေးနဲဝန်တို မပေးလိုသော သူ၏အဖို့ရာ စွန့်ကြဲပေးကမ်း လှူဒါန်းမှု = စာဂနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏။ ပညာမရှိသူ၏အဖို့ရာ ပညာနှင့်စပ်သော တရားစကားသည် နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေ၏)။

     ထိုသူငယ်ချင်း (အရိယာနတ်မင်း) နှစ်ဦးတို့ ပြောဆိုအပ်သည့် သဒ္ဓါတရားဖြစ်ဖွယ်ရာ မြတ်စွာဘုရား၏ အကြောင်းအရာနှင့်စပ်သော စကားရပ်များသည် သဒ္ဓါတရားမရှိသူ အာဠဝကဘီလူး၏ အဖို့မှာမူ နားကြားပြင်းကပ်ဖွယ်သာ ဖြစ်၍နေရကား ထိုနတ်မင်းနှစ်ဦးတို့အထံမှ မြတ်စွာဘုရားအား ချီးမွမ်းပြောဆိုသော စကားကို ကြားရလေလျှင် သဒ္ဓါတရားမရှိသူ အာဠဝကဘီလူးသည် မီး၌ ပစ်ချအပ်သော ဆားခဲကဲ့သို့ အတွင်း၌ ဒေါသအမျက် ခြောင်းခြောင်း ထွက်သဖြင့် တဖျစ်ဖျစ်မြည်သော စိတ်နှလုံးရှိလျက် “ငါ့ဗိမာန်အတွင်းသို့ ဝင်ရောက်နေထိုင်သည့် မြတ်စွာဘုရားရှင်ဆိုသူသည် ဘယ်လိုလူစားမျိုးနည်း”ဟု အမျက်ထွက်စကား ပြောကြားလေသည်။

     ထိုအခါ နတ်မင်းနှစ်ဦးတို့က “အမောင်အာဠဝက.. အမောင်သည် ငါတို့၏ဆရာ မြတ်စွာဘုရားရှင်ကို မသိဘူးလော၊ (အလွန်ထင်ရှားမြင့်မြတ်သည့် ပုဂ္ဂိုလ်တဆူ ဖြစ်တော်မူပါသည်)။ ယင်း ငါတို့ဆရာ မြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ တည်နေစဉ်ကပင် ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူ၍ (ဤသို့ အစရှိသောနည်းဖြင့် ဓမ္မစကြာတရား ဟောကြားတော်မူသော အကြောင်းအရာတိုင်အောင် ပြောကြားကြလျက်



၂၇၀

ပဋိသန္ဓေ တည်နေတော်မူခြင်း စသည်ဖြင့် ပုဗ္ဗနိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အပြည့်အစုံ ဖော်ပြ ပြောဆိုကြပြီးလျှင်) အမောင်အာဠဝက.. အမောင်သည် ဤအံ့ဖွယ်သရဲ ထူးကဲသော ပုဗ္ဗနိမိတ်ကြီးတို့ကိုလည်း မမြင်လိုက်ဘူးလော”ဟု စောထောက်စစ်ဆေး မေးမြန်းကြလေ၏။ အာဠဝကဘီလူးသည် ထိုပုဗ္ဗနိမိတ်ကြီးများကို မြင်ရပါလျက်လည်း အမျက်ကောဓ၏ အလိုသို့လိုက်ပါကာ “ငါမမြင်လိုက်ပါ”ဟု ကွယ်ဝှက်စကား ပြောကြားလေသည်။

     ထိုအခါ နတ်မင်းနှစ်ဦးတို့သည် မခံချိမခံသာ ဖြစ်ကြကာ “အမောင်အာဠဝက.. အမောင်မြင်သည်ဖြစ်စေ, မမြင်သည်ဖြစ်စေ မြင်သောအမောင်ဖြင့်၎င်း, မမြင်သော အမောင်ဖြင့်၎င်း, အဘယ်အကျိုးရှိအံ့နည်း၊ အမောင်သည် ငါတို့ဆရာ မြတ်စွာဘုရားအား အဘယ်အမှုကို ပြုနိုင်ချိမ့်မည်နည်း၊ အမောင်ကား ငါတို့ဆရာ မြတ်စွာဘုရားကို ထောက်ဆလျှင် (က) လည်ဘို့ တလှုပ်လှုပ်ရှိသော ဥသဘနွားလားကြီး၏ အနီး၌ ယနေ့မွေးဖွားသော နွားသူငယ်ကဲ့သို့၎င်း, (ခ) နှာမောင်း, သိုဖျား, နား တည်းဟူသော = သုံးဌာနမှ မုန်ကျယိုစီး ဆင်ပြောင်ကြီး၏ အနီး၌ ယနေ့ဖွားသစ်စ ဆင်ငယ်ကလေးကဲ့သို့၎င်း, (ဂ) အရောင်တောက်ပ ဖားဖားကျသည့် လည်မင်ဆံဖြင့် တင့်တယ်မောက်လုံး ကျောက်ပခုံးရှိသော ကေသရာခြင်္သေ့မင်း အနီး၌ ကြက်သရေယွင်းယို မြေခွေးအိုကဲ့သို့၎င်း, (ဃ) ယူဇနာ တရာ့ငါးဆယ် ဖြိုးကြွယ်သော ကိုယ်ရှိသည့် ဂဠုန်ငှက်မင်းအနီး၌ အတောင်ကျိုးပျက် ကျီးကန်းငှက်ငယ်ကဲ့သို့၎င်း ထင်ချေ၏၊ သွားလော့ သင်ပြုဖွယ် ရှိသည်ကို ပြုလော့”ဟု ပြောဆိုကြလေသော် အာဠ၀ကဘီလူးသည် အမျက်ခြောင်းခြောင်းထွက်ကာ မိမိနေရာမှ ထသွား၍ ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ လက်ဝဲခြေဖြင့် ကြံ့ကြံ့ရပ်တည်ကာ “သင်တို့ဆရာ ဘုရားကပင် တန်ခိုးအာနုဘော် ကြီးသလော၊ ငါကပင် တန်ခိုးအာနုဘော် ကြီးသလော၊ (မည်သူက တန်ခိုးအာနုဘော် ကြီးမြတ်သည်ကို) ယခုပင်



၂၇၁

ကြည့်ကြလော့”ဟု ကြုံးဝါးလျက် လက်ျာဖက်ခြေဖြင့် ယူဇနာခြောက်ဆယ် ပမာဏရှိသော ကေလာသတောင်ထွတ်ကို ဆောင့်၍နင်းလေ၏။ ထိုအခါ ပန်းပဲဖိုအတွင်း၌ မီးပြင်းတိုက်အပ်သော သံတွေခဲသည် ပေပေါ်၌တင်၍ တူဖြင့် ထုခတ်အပ်သည်ရှိသော် သံလွှာမီးပွါးတို့ တဖွားဖွား အလွှာလွှာ ကွာ၍ထွက်သကဲ့သို့ ထို့အတူ ကေလာသတောင်ထွတ်သည်လည်း ကျောက်လွှာကျောက်ချပ်တို့ အထပ်ထပ်ကွာ၍ ထွက်လေ၏။

     အာဠ၀ကဘီလူးသည် ကေလာသတောင်ထွတ်ပေါ်၌ ရပ်တည်လျက် “အာဠဝကဆိုဒါ ငါပဲကွ”ဟု အသံကျယ်စွာ ကြွေးကြော် ဟစ်အော်လေ၏။ ထိုအသံသည် ဇမ္ဗူဒိပ်တကျွန်းလုံးကို ပျံ့နှံ့လွှမ်းမိုး၍ သွားလေသည်။

အသံကြီး လေးမျိုး

     (၁) ဝိဓုရဇာတ်၌ ပုဏ္ဏကဘီလူးစစ်သူကြီး ဓနဉ္စယကောရဗျမင်းကို ကြွေအန်ကစားရာ၌ အောင်နိုင်၍ လက်ပမ်းပေါက် ခပ်ပြီးလျှင် “ငါနိုင်ပြီ ငါနိုင်ပြီ”ဟု ဟစ်အော် ကြွေးကြော်သော အသံ၊ (၂) သိကြားနတ်မင်းသည် ကဿပမြတ်စွာ သာသနာ ဆုတ်ယုတ်သောအခါ၌ ဝိသကြုံနတ်သားကို ခွေးနက်ကြီးယောင် ဆောင်စေ၍ “ငါသည် ယုတ်မာသော ရဟန်းတို့ကို၎င်း, ယုတ်မာသော ရဟန်းမတို့ကို၎င်း, ယုတ်မာသော ဥပါသကာတို့ကို၎င်း, ယုတ်မာသော ဥပါသိကာမတို့ကို၎င်း အဓမ္မဝါဒီပုဂ္ဂိုလ် အလုံးစုံတို့ကို ခဲစားအံ့”ဟူ၍ ဟစ်အော် ကြွေးကြော်စေသော အသံ၊ (၃) ကုသဇာတ်၌ ပဘာဝတီမင်းသမီးကို ရလိုကြသောကြောင့် ခုနစ်ပြည်ထောင်မင်းများ မြို့ကို ဝန်းရံပိတ်ဆို့လတ်သောအခါ ပဘာဝတီမင်းသမီးကို ကိုယ်တော်နှင့်အတူတကွ ဆင်ကျောက်ကုန်းထက်သို့ တင်ဆောင်၍ မြို့မှထွက်ပြီးလျှင် “ခြင်္သေ့မင်းကဲ့သို့ ရဲတင်းစူးရှသောအသံရှိသည့် သီဟဿရ ကုသမင်းမြတ်ဟူသည်မှာ ငါပင်တည်း”ဟု အလောင်းတော် ကုသမင်း၏ ဟစ်အော်ကြွေးကြော်သော အသံ၊ (၄) ယခု ရေးသားဖော်ပြနေဆဲဖြစ်သည့် ကေလာသတောင်ထွတ်၌ ရပ်တည်ကာ “အာဠဝကဆိုဒါ ငါပဲကွ”ဟု



၂၇၂

အာဠဝကနတ်ဘီလူး စစ်သူကြီး၏ ကြုံးဝါးဟစ်အော် ကြွေးကြော်သော အသံ = ဤသို့လျှင် ဇမ္ဗူဒိပ်တကျွန်းလုံးအနှံ့ ကြားသိရသော အသံကြီးတို့သည် လေးမျိုးရှိကုန်၏။ မှန်၏- ထိုအသံကြီးလေးပါးတို့ဖြင့် ကြုံးဝါးဟစ်အော် ကြွေးကြော်သောအခါများက ဇမ္ဗူဒိပ်တကျွန်းလုံး၌ ရှိသမျှသော မြို့ရွာများ၏ တံခါးဝတိုင်း တံခါးဝတိုင်း၌ ရပ်တည်ကာ ကြွေးကြော် ဟစ်အော်အပ်သကဲ့သို့ ထင်ရလေသည်။

     အာဠ၀ကဘီလူး၏ တန်ခိုးအာနုဘော်ကြောင့် ယူဇနာသုံးထောင် အပြန့်ကျယ်သော ဟိမဝန္တာတောင် သည်လည်း တဖိမ့်ဖိမ့် တုန်လှုပ်လေ၏။

     ထို့နောက် အာဠ၀ကဘီလူးသည် (အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ စာမျက်နှာ ၂၈၇၊ ဒေဝပုတ္တမာရ်ကို အောင်မြင်ခဏ်း၌ ဖော်ပြအပ်ခဲ့သည့်အတိုင်း) လက်နက်ကြီး (၉) ကိုးမျိုးတို့ဖြင့် မြတ်စွာဘုရားရှင်ကို နှောက်ယှက် တိုက်ခိုက်လေတော့သည်၊ (အောက် ဒုတိယတွဲ စာမျက်နှာ ၂၈၇-ကို ပြန်၍ကြည့်ပါ)။ ထိုသို့ လက်နက်ကြီး (၉) ကိုးမျိုးတို့ဖြင့် နှောက်ယှက် တိုက်ခိုက်ပါသော်လည်း မြတ်စွာဘုရားရှင်ကို အရပ်တပါးသို့ ထွက်ခွါပြေးသွားစေခြင်းငှါ မစွမ်းနိုင်ရကား လက်နက်အမျိုးမျိုး စွဲကိုင်ထားသော ရုပ်အဆင်းအမျိုးမျိုးရှိသည့် ဘုတ်ပြိတ္တာအပေါင်းတို့ဖြင့် သောင်းပြောင်းရောယှက်သည့် ကြောက်မက်ဖွယ်ရာ ဆင်, မြင်း, ရထား, ခြေလျင်အားဖြင့် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးဖြင့် မိမိကိုယ်တိုင် ကွပ်ကဲဦးစီးကာ မြတ်စွာဘုရားရှင်သို့ ရှေးရှူတပ်ချီ စစ်တက်၍လာလေ၏။

     ထိုဘုတ်ပြိတ္တာ အပေါင်းတို့သည် ဖောက်ပြန်မှုအမျိုးမျိုး ခြောက်လှန့်မှုအမျိုးမျိုးတို့ကို ပြုလုပ်ကြကာ “ဖမ်းကြလော့၊ သတ်ကြလော့”ဟု ကြွေးကြော်ကြလျက် မြတ်စွာဘုရားရှင်၏အထက် ကောင်းကင်က လွှမ်းမိုး၍လာကြသကဲ့သို့ ဖြစ်ကုန်၏။ သို့သော်လည်း ထိုဘုတ်ပြိတ္တာအပေါင်းတို့သည် လောလောပူသော



၂၇၃

သံတွေခဲသို့ ယင်ကောင် မကပ်ဝံ့သကဲ့သို့ မြတ်စွာဘုရားအနီးသို့ကား မကပ်ဝံ့ပဲ ရှိကြကုန်၏။

     ဤသို့ပင် မကပ်ဝံ့ပဲ ရှိကြသော်လည်း မဟာဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်တော်မူခါနီး ကာလဝယ် ဝသဝတ္တီမာရ်နတ်သည် မာရ်စစ်တပ်ကြီးနှင့် ရောက်ရှိပြီး မကြာမြင့်မီပင် စစ်ရှုံး၍ တပ်ဆုတ်ရသကဲ့သို့ အချိန်ကာလပိုင်း အနည်းငယ်မျှဖြင့် တပ်ဆုတ်မှုကို မပြုပဲ ညဉ့်ထက်ဝက်ကြာ အခါကာလပတ်လုံး နှောက်ယှက်မှု ပြုကြလေကုန်သည်။

ဘွဲ့ဖြူလက်နက်ဖြင့် နောက်ဆုံးပစ်ခတ်ခြင်း

     ဤသို့လျှင် အာဠ၀ကဘီလူးသည် ညဉ့်ထက်ဝက်ကြာ ကာလပတ်လုံး ကြောက်မက်ဖွယ် အာရုံအမျိုးမျိုးကို ပြသဖြင့်လည်း မြတ်စွာဘုရားရှင်ကို တုန်လှုပ်စေခြင်းငှာ မတတ်နိုင်ရကား “ငါသည် မည်သူတဦး တယောက်မျှ မအောင်နိုင်သည့် ဘွဲ့ဖြူနတ်ပုဆိုး လက်နက်ကို ပစ်လွှတ်ရမူ ကောင်းလေစွာ့”ဟု ကြံစည်မိလေ၏။

လက်နက်ကြီး လေးမျိုး

လောက၌ အကြီးမြတ်ဆုံးလက်နက်ကြီး လေးမျိုးတို့ ရှိကြသည်။ ၎င်းတို့မှာ-

(၁) သိကြားမင်း၏ ဝဇိရစိန်လက်နက်၊

(၂) ဝေဿဝဏ်နတ်မင်း၏ သံတင်းပုတ်လက်နက်၊

(၃) ယမမင်း၏ မျက်စောင်းလက်နက်၊

(၄) အာဠ၀ကဘီလူး၏ ဘွဲ့ဖြူနတ်ပုဆိုးလက်နက်တို့ ဖြစ်ကြသည်။

(၁) ချဲ့ဦးအံ့- အကယ်၍ သိကြားမင်းသည် အမျက်ထွက်၍ ဝဇိရစိန်လက်နက်ကို မြင်းမိုရ်တောင်ထိပ်၌ ပစ်လွှတ်လိုက်လျှင် ယူဇနာပေါင်း (၁၆၈၀၀၀) တသိန်း ခြောက်သောင်း ရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်မင်းကို တိုးလျှိုပေါက် ဖောက်ထွင်း၍ အောက်အဖို့ဖြင့် ထွက်သွားလေရာ၏။



၂၇၄

(၂) ဝေဿဝဏ် နတ်မင်းကြီး၏ (ပုထုဇန်ဖြစ်စဉ်) ရှေးယခင်အခါက အမျက်ထွက်၍ ပစ်လွှတ်အပ်သော သံတင်းပုတ်လက်နက်သည် ယက္ခနတ် ထောင်ပေါင်းများစွာတို့၏ ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေ ကျစေလျက် တဖန် ဝေဿဝဏ်နတ်မင်း၏ ဟတ္ထပါသ်အတွင်းသို့ ပြန်လာကာ မူလနေရာ၌ တည်လေသည်။

(၃) ငရဲသနင်း ယမမင်း အမျက်ထွက်၍ မျက်စောင်းတချက် ထိုး၍ကြည့်လိုက်လျှင် ကုမ္ဘဏ်နတ် ထောင်ပေါင်းများစွာတို့သည် လောလောပူသော သံအိုးကင်း၌ ထည့်အပ်သော နှမ်းစေ့တို့ကဲ့သို့ တဖျစ်ဖျစ်မြည်ကုန်လျက် ပျက်စီးကြရကုန်၏။

(၄) အာဠ၀ကဘီလူးသည် အကယ်၍ အမျက်ထွက်ကာ ကောင်းကင်သို့ ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို ပစ်လွှတ်လိုက်လျှင် ဆယ့်နှစ်နှစ်ကြာ မိုးခေါင်လေရာ၏။ အကယ်၍ မြေပေါ်၌ ပစ်ချလိုက်လျှင် အလုံးစုံသော မြက်ပင်သစ်ပင်စသည်တို့ တခါတည်း ခြောက်သွေ့သွားပြီးလျှင် ဆယ့်နှစ်နှစ်အတွင်း၌ တဖန်ပြန်၍ မပေါက်နိုင်ကုန်ရာ။ အကယ်၍ သမုဒြာ၌ ပစ်လွှတ်လိုက်လျှင် လောလောပူသော အိုးကင်း၌ ရေပေါက်ကဲ့သို့ အလုံးစုံသော သမုဒြာရေသည် ခြောက်ခန်းသွားလေရာ၏။ အကယ်၍ မြင်းမိုရ်တောင်နှင့်တူသော တောင်၌မူလည်း ပစ်လွှတ်လိုက်လျှင် အပိုင်းအပိုင်းဖြစ်ကာ ဖရိုဖရဲ ပြိုကွဲပျက်စီးလေရာ၏။

(ဤကား လက်နက်ကြီး လေးမျိုးအကြောင်းတည်း)။

     အာဠ၀ကဘီလူးသည် ဤသို့ ကြံစည်ပြီးနောက် ထိုမျှလောက် အာနုဘော်ကြီးလှသည့် အပေါ်ရုံစုလျားတဘက် ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို ချွတ်ပြီးလျှင် ငါပစ်လွှတ်တော့မည်ဟု ကိုင်လျက် ရပ်တည်နေလေ၏။

     ထိုအချိန်၌ များသောအားဖြင့် စကြဝဠာတိုက်တသောင်း၌ နေကြသော နတ်အပေါင်းတို့သည် “ယနေ့ မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူးကြမ်းကို ဆုံးမတော်မူလိမ့်မည်၊ ထိုဆုံးမရာနေရာ၌ ငါတို့သည် တရားနာကြကုန်အံ့”ဟု ကြံစည်ကြကာ လျင်မြန်စွာ စည်းဝေးကြလေကုန်၏။ တရားနာလိုသည့် နတ်များအပြင် စစ်တိုက်ပွဲကို ကြည့်လိုကြသည့် နတ်တို့သည်လည်း စည်းဝေး



၂၇၅

ရောက်လာကြကုန်၏။ ဤသို့လျှင် ကောင်းကင်တခုလုံးသည် နတ်တို့ဖြင့်ပြည့်လျက် နေလေတော့၏။

     ထိုအခါ အာဠ၀ကဘီလူးသည် မြတ်စွာဘုရားရှင်၏ အနီးအပါးဝယ် အထက်အထက် တက်ကာတက်ကာ လှည့်ပတ်သွားလာပြီးလျှင် အပေါ်ရုံ စုလျားတဘက် ဘွဲ့ဖြူနတ်ပုဆိုးလက်နက်ကို မြတ်စွာဘုရားရှင်ရှိရာသို့ ပစ်လွှတ်လိုက်လေ၏။ ထိုအာဠ၀ကဘီလူး ပစ်လွှတ်လိုက်သော ဘွဲ့ဖြူနတ်ပုဆိုး လက်နက်သည် မိုးကြိုးစက်ဝန်းကဲ့သို့ ကောင်းကင်၌ ကြောက်မက်ဖွယ်သော အသံကိုပြုလျက် အခိုးခြောင်းခြောင်းထသည်ဖြစ်၍ အလျှံတပြောင်ပြောင် တောက်လောင်ကာ မြတ်စွာဘုရားရှင်အနီးသို့ ရောက်ရှိလေလျှင် ဘီလူး၏မာန်စွယ် ကျိုးစိမ့်သောငှါ ခြေသုတ်ပုဆိုးဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ကျရောက်လေ၏။

     အာဠဝကသည် ထိုအခြင်းအရာကိုမြင်၍ ဦးချိုကျိုးသော နွားလား ဥသဘကဲ့သို့၎င်း, အစွယ်ကို နုတ်အပ်ပြီးသော မြွေဆိုး မြွေဟောက်ကဲ့သို့၎င်း တန်ခိုးကင်းပ ပုရိသမာန်ယစ်ခြင်း အလျှင်းမရှိပဲ မာနတံခွန်ပြုတ်ကျကာ “ဘွဲ့ဖြူနတ်ပုဆိုးလက်နက်သည်လည်း ရဟန်းဂေါတမကို မလွှမ်းမိုး မနှိပ်စက်နိုင်၊ အကြောင်းအသို့နည်း”ဟု စဉ်းစားလတ်သည်တွင် “ရဟန်းဂေါတမသည် မေတ္တာဖြင့်နေခြင်းနှင့် ယှဉ်သူဖြစ်၏။ ဤသည်ပင် အကြောင်းရင်းဖြစ်၏၊ ယခုအခါ ငါသည် ထိုရဟန်းဂေါတမကို ချုတ်ချယ်စကား ပြောကြားပြီးလျှင် မေတ္တာနှင့် ကင်းကွာအောင် ပြုလုပ်ပေအံ့”ဟု ကြံစည်ပြီးနောက် မြတ်စွာဘုရား ကြားလောက်ရာအရပ်သို့ ချဉ်းကပ်၍-

“အို ရဟန်းဂေါတမ.. အဘယ့်ကြောင့် ကျွန်ုပ်အခွင့်ပြုချက် မရရှိပဲ ကျွန်ုပ်၏ ဘုံဗိမာန်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှင်ယောက်ျားကဲ့သို့ မောင်းမမိဿံအပေါင်း၏ အလယ်၌ ထိုင်နေဘိသနည်း၊ အရှင်မပေးအပ်သော သူ့ပစ္စည်းကို သုံးဆောင်ခြင်းသည်၎င်း, မိန်းမတို့နှင့် ရောထွေးယှက်တင် ထိုင်နေခြင်းသည်၎င်း ရဟန်းဖြစ်သူအား မသင့်သည် မဟုတ်ပါလော၊ သို့ရကား



၂၇၆

သင်ရဟန်းဂေါတမသည် အကယ်၍ ရဟန်း တရား၌ တည်သူဖြစ်လျှင် (အို ရဟန်းဂေါတမ.. ယခုပင် ကျွန်ုပ်၏ ဘုံဗိမာန်မှ ထွက်ပါလော့)”-

ဟု ပြောကြားလေ၏။ ။(ဤအာဠ၀ကဘီလူး ပြောဆိုပုံ စကားရပ်စုတွင် ပါဠိတော်၌ ( )ကွင်းအတွင်း စကားလိုရင်းကိုသာ သံဂါယနာ တင်တော်မူကြသည်၊ ကြွင်းသော စကားရပ်စုကား အဋ္ဌကထာ၏ အပြည့်အစုံဖော်ပြချက် ဖြစ်လေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် (ကြမ်းတမ်းသောသူကို အကြမ်းတုံ့မူသဖြင့် ဆုံးမရန် မတတ်နိုင်၊ မှန်၏-ခွေးကြမ်းခွေးဆိုး၏ နှာခေါင်း၌ ဝံသည်းခြေကို ခွဲ၍ ထည့်ပေးလျှင် တိုး၍သာ ကြမ်းတမ်းဆိုးသွမ်းသကဲ့သို့ ထို့အတူ ကြမ်းတမ်း ဆိုးသွမ်းသောသူသည် အကြမ်းတုံ့မူအပ်သည်ရှိသော် တိုး၍သာ ကြမ်းတမ်း ဆိုးသွမ်းလာ၏။ စင်စစ်သော်ကား ကြမ်းတမ်းသောသူကို နူးညံ့သော အစီအရင်ဖြင့်သာ ဆုံးမခြင်းငှါ စွမ်းနိုင်၏ဟူသော ဤဓမ္မသဘာဝအချက်ကို ပိုင်းခြားသိမြင်တော်မူကာ) “ဒကာ အာဠ၀ကဘီလူး.. ကောင်းပါပြီ”ဟု အလွန် ချစ်ဖွယ်သောစကားဖြင့် အာဠဝက၏စကားကို လက်ခံတော်မူကာ ဗိမာန်ပြင်ဖက်သို့ ထွက်ကြွတော်မူလေ၏။

     ထိုအခါ အာဠဝကဘီလူးသည် “ဤရဟန်းဂေါတမသည် ပြောဆို၍ အလွန်လွယ်ကူသူ ဖြစ်ပါပေစွာ့၊ တခွန်းတည်းဖြင့်ပင် ထွက်ရှာလေသည်၊ ဤသို့စဉ် ထွက်စေဖို့ရန် အလွန်လွယ်ကူသော ရဟန်းဂေါတမကို ငါသည် အကြောင်းမဲ့ တညဉ့်လုံး စစ်ထိုးခဲ့မိလေပြီ”ဟု နူးညံ့သောစိတ်ရှိသူ ဖြစ်လာပြီးလျှင် တဖန် “ယခုလည်း ဧကန်ဧက မသိနိုင်သေး၊ ပြောဆို၍ လွယ်ကူသူ ဖြစ်သောကြောင့်တည်း ထွက်လေသလော၊ သို့မဟုတ် အမျက်ထွက် = စိတ်ဆိုး၍တည်း ထွက်လေသလော၊ ယခုအခါ ငါ သူ့ကို စုံစမ်းဦးအံ့”ဟု ကြံစည်ပြီးလျှင် “အို ရဟန်းဂေါတမ.. ဝင်လိုက်ဦး”ဟု ပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠဝက၏ စိတ်သန္တာန်၌ “ပြောဆို၍ အလွန်လွယ်ကူသော ရဟန်းကြီးပါပဲ”ဟု နူးညံ့သော



၂၇၇

စိတ်ထားဖြင့် ပိုင်းခြားဆုံးဖြတ်မှု ပြုစိမ့်သောငှါ “ဒကာ အာဠဝကဘီလူး.. ကောင်းပါပြီ”ဟု တဖန် ချစ်ဖွယ်သောစကားကို မိန့်ကြားတော်မူကာ ဗိမာန်တွင်းသို့ ဝင်ကြွတော်မူပြန်လေ၏။

     အာဠ၀ကဘီလူးသည် အဖန်ဖန် အထပ်ထပ် ပြောဆို၍ လွယ်ကူသောသူ ဟုတ်မဟုတ်ကို စုံစမ်းလိုသည်ဖြစ်၍ နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း “ထွက်လိုက်ဦး၊ ဝင်လိုက်ဦး”ဟု ပြောဆိုလေသည်။ မြတ်စွာဘုရားရှင်သည်လည်း အာဠဝက၏စိတ် နူးညံ့သည်ထက် နူးညံ့လာအောင် သူပြောတိုင်းပင် လိုက်နာပြုကျင့်တော်မူလေသည်။ (မဟာကရုဏာတော် ကြီးမြတ်တော်မူပါပေစွာ့။) အကယ်၍ ဘီလူးဆိုတိုင်း မလိုက်နာ မပြုကျင့်လျှင် ပင်ကိုယ်က ကြမ်းတမ်းသော ဘီလူး၏စိတ်သည် တိုး၍ တိုး၍ ကြမ်းတမ်းလာကာ တရားဒေသနာ၏တည်ရာ မဖြစ်နိုင်လေရာ၊ ထို့ကြောင့် လောကဥပမာအားဖြင့် ငိုကြွေးမြည်တမ်း ဆိုးသွမ်းနေသော သားငယ်ဆိုးကလေးကို သူအလိုရှိရာ ပေး၍၎င်း, အကြိုက်လိုက်နာ ပြုလုပ်၍၎င်း လိမ္မာအောင် စောင့်ရှောက် ချီးမြှောက်သကဲ့သို့ ထို့အတူ (လောကသုံးပါး၏ မိခင်ကြီး ဖြစ်တော်မူသော) မြတ်စွာဘုရားရှင်သည် ဒေါသကိလေသာ တည်းဟူသော ငိုကြွေးခြင်းဖြင့် ငိုကြွေး မြည်တမ်း၍နေသော အာဠဝကဘီလူး (သားဆိုး သားကြမ်းကလေး)ကို လိမ္မာအောင် စောင့်ရှောက် ချီးမြှောက်တော်မူလိုရကား ထိုဘီလူး ပြောဆိုသမျှကို လိုက်နာ ပြုလုပ်တော်မူလေသည်။

     ဥပမာ တနည်းသော်ကား.. အထိန်းတော်သည် နို့မစို့သော ကလေးဆိုးကို တစုံတခုပေး၍ သွေးဆောင် ဖြားယောင်းပြီးလျှင် နို့ချိုအေးကို တိုက်ကျွေးသကဲ့သို့ ထို့အတူပင် (လောကသုံးပါး၏ အထိန်းတော်ကြီး ဖြစ်တော်မူသော) မြတ်စွာဘုရားသည် အာဠဝကဘီလူး (ကလေးဆိုး)ကို လောကုတ္တရာ တရားတော်တည်းဟူသော နို့ချိုအေးကို တိုက်ကျွေးတော်မူခြင်းငှါ ထိုအာဠဝကဘီလူး (ကလေးဆိုး)၏ တောင့်တအပ်သောအချက်ကို



၂၇၈

လိုက်နာ ပြုကျင့်တော်မူခြင်းဖြင့် သွေးဆောင် ဖြားယောင်းတော်မူလိုသည်ဖြစ်၍ ဤသို့ သူပြောသမျှကို လိုက်နာ ပြုကျင့်တော်မူလေသည်။

     ဥပမာ တနည်းသော်ကား.. ယောက်ျားတယောက်သည် ဖလ်ဘူးအတွင်း၌ စတုမဓုအပြည့် ထည့်လိုသည်ရှိသော် ထိုဖလ်ဘူး၏အတွင်းကို စင်ကြယ်အောင် သုတ်သင် ဆေးကြောသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားရှင်သည် ဘီလူး၏ စိတ်တည်းဟူသော ဖလ်ဘူးအတွင်း၌ လောကုတ္တရာ တရားတည်းဟူသော စတုမဓုအပြည့် ထည့်တော်မူလိုသည်ဖြစ်၍ ထိုဘီလူး၏ စိတ်တည်းဟူသော ဖလ်ဘူးအတွင်း၌ အမျက်ကောဓတည်းဟူသော အညစ်အကြေးကို စင်ကြယ်အောင် သုတ်သင် ဆေးကြောတော်မူလိုသည်ဖြစ်၍ သုံးကြိမ်တိုင်အောင်ပင် ဘီလူးပြောဆိုတိုင်း ဗိမာန်မှထွက်ခြင်း, ဗိမာန်အတွင်းသို့ ဝင်ခြင်းအမှုကို လိုက်နာ ပြုကျင့်တော်မူလေသည်။ (ကြောက်၍ လိုက်နာပြုကျင့်ခြင်းမဟုတ်)။

     ထို့နောက် အာဠ၀ကဘီလူးသည် “ဤရဟန်းကြီးကား တကယ်ပင် ပြောဆို၍လွယ်ကူသူ ဖြစ်ပေ၏။ ‘ထွက်လော့’ဟု ဆိုလျှင် တခွန်းတည်းနှင့် ထွက်၏၊ ‘၀င်လော့’ဟု ဆိုလျှင် တခွန်းတည်းနှင့် ဝင်၏၊ ငါသည် ဤရဟန်းကြီးကို ဤနည်းဖြင့် (ဤသို့ အထွက်ခိုင်း အဝင်ခိုင်းသဖြင့်) တညဉ့်လုံး ပင်ပန်း နွမ်းနယ်စေပြီးမှ ခြေတို့ကိုဆွဲကိုင်၍ ဂင်္ဂါမြစ်တဖက်ကမ်းသို့ ပစ်လွှင့်လိုက်ရမူ ကောင်းလေစွာ့”ဟု ယုတ်မာသော စိတ်အကြံအစည်ကို ဖြစ်စေပြီးလျှင် လေးကြိမ်မြောက် “အိုရဟန်းကြီး.. ထွက်လိုက်ဦး”ဟု ပြောဆိုလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ ယုတ်မာသော စိတ်အကြံကို သိတော်မူ၍၎င်း, ဤဆိုလတ္တံ့သောအတိုင်း (ကိုယ်တော်မြတ်က) မိန့်ကြားတော်မူလိုက်လျှင် တဆင့်တက်ကာ ပြုဖွယ်ကို ရှာကြံသည်ရှိသော် ပြဿနာမေးဖို့ကို စဉ်းစားအောက်မေ့လိမ့်မည်၊ ထိုသို့ ပြဿနာမေးခြင်းသည် တရားဟောရန် အလွန်ကောင်းသည့် အကြောင်းကြီးတခု ဖြစ်ပေလိမ့်မည်ဟု သိတော်မူ၍၎င်း “ဒကာဘီလူး.. သင့်စိတ်သန္တာန်ဝယ် ထိုကဲ့သို့



၂၇၉

မကောင်းကြံသောကြောင့် ငါဘုရားသည် ဗိမာန်မှ မထွက်တော့အံ့၊ သင် ပြုဖွယ်ကိစ္စ ရှိသမျှကို ပြုလော့”ဟု မိန့်တော်မူ၏။

     ထိုအခါ အာဠ၀ကဘီလူးသည် ဘုရားနှင့်မတွေ့မီ ရှေးအခါကလည်း ကောင်းကင်ခရီးဖြင့် လာသောအခါ “ဤဗိမာန်သည် ရွှေဗိမာန်လော၊ သို့မဟုတ် ငွေဗိမာန်, ပတ္တမြားဗိမာန်တို့တွင် တခုခုပင်ဖြစ်သလော၊ ယခုပင် ထိုဗိမာန်ကို ကြည့်ကုန်အံ့”ဟု ဤကဲ့သို့ ကြံစည်ကြကာ မိမိ၏ဗိမာန်သို့ လာရောက်ကြသော အဘိညာဉ် တန်ခိုးရှင် ရသေ့ပရိဗိုဇ်များကို ပြဿနာမေးမြန်း၍ မဖြေဆိုနိုင်သည်ရှိသော် စိတ်ပြန့်လွင့် ရူးသွပ်သွားအောင် ပြုလုပ်ခြင်း, နှလုံးသားကို ဖောက်ခွဲခြင်း, ခြေတို့၌ကိုင်၍ ဂင်္ဂါမြစ်တဖက်သို့ ပစ်လွှင့်ခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့၏၊ အဘယ်သို့ ညှဉ်းပန်းနှိပ်စက်သနည်းဟူမူ-

     အဖြေကား.. ဘီလူးတို့သည် (၁) ကြောက်ဖွယ်အဆင်းကို ပြသဖြင့်၎င်း၊ (၂) ဟဒယဝတ္ထု = နှလုံးအိမ်ကို ဆုပ်ချေသဖြင့်၎င်း = ဤသို့လျှင် နှစ်ပါးသော အခြင်းအရာတို့ဖြင့် စိတ်ပြန့်လွင့် ရူးသွပ်သွားအောင် ပြုလုပ်ကြကုန်၏။ အာဠ၀ကဘီလူးသည်ကား ဤနည်းနှစ်ပါးတွင် တန်ခိုးအဘိညာဉ် ဣဒ္ဓိရှင်ဖြစ်ကြသည့် ရသေ့ပရိဗိုဇ်တို့သည် ကြောက်မက်ဖွယ်သော အဆင်းကိုပြသဖြင့် ထိတ်လန့်ကြမည်မဟုတ်ဟု သိရှိသောကြောင့် (၁)မှတ် ပဌမနည်းကို အသုံးမပြုပဲ မိမိ၏ နတ်တန်ခိုးအစွမ်းဖြင့် သိမ်မွေ့သော အတ္တဘောကို ဖန်ဆင်းပြီးလျှင် ထိုရသေ့ပရိဗိုဇ် (ဣဒ္ဓိရှင်)တို့၏ ကိုယ်တွင်းသို့ဝင်၍ ဟဒယဝတ္ထု = နှလုံးသားကို ဆုပ်ချေလေသည်၊ ထိုအခါ ထိုဣဒ္ဓိရှင်တို့၏ စိတ်အစဉ်သည် ကောင်းစွာ မတည်တံ့နိုင်၊ ထိုစိတ်အစဉ် ကောင်းစွာ မတည်တံ့နိုင်သည်ရှိသော် စိတ်ပြန့်လွင့် ရူးသွပ်ကြလေကုန်၏။ ဤသို့ စိတ်ပြန့်လွင့် ရူးသွပ်ကြသော ထိုဣဒ္ဓိရှင် ရသေ့ပရိဗိုဇ်တို့၏ နှလုံးသားကိုလည်း ဖောက်ခွဲ၏။ “ဤသို့ ပြဿနာကို မဖြေဆိုနိုင်သော ရသေ့ပရိဗိုဇ်တို့သည် ငါ၏ဗိမာန်သို့ နောက်တဖန် မလာကြကုန်လင့်”ဟု ပြောဆိုကာ ထိုဣဒ္ဓိရှင် ရသေ့ပရိဗိုဇ်တို့ကို



၂၈၀

ခြေနှစ်ဖက်တို့၌သော်လည်း ဆွဲကိုင်ကာ ဂင်္ဂါမြစ်တဖက်ကမ်းသို့ ပစ်လွှတ်လေသည်။

     ထို့ကြောင့် ထိုရှေးက မိမိမေးခဲ့ဘူးသော ပြဿနာတို့ကို သတိရကာ “ငါသည် ဤရဟန်းဂေါတမကို ယခုအခါ ဤသို့ ပြဿနာမေး၍ မဖြေနိုင်သောအခါ စိတ်ပြန့်လွင့် ရူးသွပ်အောင် ပြုလုပ်၍ နှလုံးသားကို ဖောက်ခွဲပြီး ခြေနှစ်ဖက်တို့ကို ဆွဲကိုင်ကာ ဂင်္ဂါမြစ်တဖက်သို့ ပစ်လွှတ်ခြင်းအမှု ပြုလုပ်ညှဉ်းဆဲရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင်-

“အိုရဟန်းကြီးဂေါတမ.. သင့်ကို ငါသည် ပြဿနာကို မေးပေအံ့၊ အကယ်၍ သင်သည် ငါ့အား ထိုပြဿနာကို အပြေအလည် မဖြေဆိုနိုင်လျှင် သင်၏စိတ်ကို ပြန့်လွင့် ရူးသွပ်သွားစေမည်၊ သို့မဟုတ် သင်၏ နှလုံးသားကိုသော်မူလည်း ဖောက်ခွဲပစ်မည်၊ သို့မဟုတ် ခြေထောက်နှစ်ချောင်းတို့ကိုကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်လိုက်မည်”-

ဟု ရိုင်းပြစွာ ပြောကြားလေ၏။

(ထိုအာဠဝကဘီလူးမေးမည့် ပြဿနာတို့သည် အဘယ်မှ ဆင်းသက်လာကြသနည်းဟူမူ အဖြေကား- ထိုအာဠ၀ကဘီလူး၏ မိခင်ဖခင် နတ်ဘီလူးတို့သည် ကဿပ မြတ်စွာဘုရားရှင်ကို ဆည်းကပ်ကြ၍ ပြဿနာရှစ်ရပ်တို့ကို အဖြေနှင့်တကွ သင်ကြားထားကြလေသည်။ ထိုမိဖဖြစ်သူ နတ်ဘီလူးတို့သည် အာဠဝကဘီလူးကို ငယ်စဉ်အခါကပင် အဖြေနှင့်တကွ ပြဿနာရှစ်ရပ်တို့ကို သင်ကြား၍ ပေးထားကြလေသည်။

ထိုအာဠ၀ကဘီလူးသည် အချိန်အခါ ကုန်လွန် ကြာမြင့်သဖြင့် အဖြေများကို မေ့ပျောက်ပစ်လေသည်။ ထိုအခါ အာဠဝကသည် “ဤအမေးပုစ္ဆာ ပြဿနာတို့သည်လည်း (ကြာလျှင် ပျောက်ကုန်လိမ့်မည်) မပျောက်ပါစေကုန်လင့်”ဟု ကြံစည် စဉ်းစားမိ၍ ရွှေပြား၌ ဟင်္သပြဒါးစစ်ဖြင့် ရေးစေ၍ ဗိမာန်ဦး၌ ထားရှိလေသည်။ ဤသို့လျှင် ဤအာဠဝကဘီလူးမေးမည့် ပြဿနာတို့သည် ဘုရားရှင်မှ ဆင်းသက်လာသော ပြဿနာ ဘုရားရှင်တို့သာ ဖြေဆိုနိုင်သည့် ဗုဒ္ဓဝိသယပြဿနာတို့ ဖြစ်ကြလေသည်)။



၂၈၁

     မြတ်စွာဘုရားရှင်သည် ထိုဘီလူး၏စကားကို ကြားတော်မူလေလျှင် မြတ်စွာဘုရားရှင်တို့အား စွန့်လှူအပ်သော လာဘ်လာဘ, မြတ်စွာဘုရားရှင်တို့၏ အသက်, သဗ္ဗညုတဉာဏ်တော်, ကိုယ်တော်ရောင် = ဤလေးမျိုးတို့အတွက် တဦးတယောက်မျှ အန္တရာယ် မပြုနိုင်သောကြောင့် လောက၌ မည်သူတဦးတယောက်နှင့်မျှ မဆက်ဆံသော ဘုရားအာနုဘော်ကို ပြတော်မူလိုသည်ဖြစ်၍-

“ဒကာဘီလူး.. နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောက, ရဟန်း ပုဏ္ဏား မင်းများ လူများနှင့် တကွသော လူ့လောက ဤလောကအစုံဝယ် ငါဘုရား၏စိတ်ကို ပြန့်လွင့်ရူးသွပ်စေနိုင်သူ (သို့မဟုတ်) နှလုံးသားကို ဖောက်ခွဲပစ်နိုင်သူ (သို့မဟုတ်) ခြေနှစ်ချောင်းတို့ကိုကိုင်၍ မြစ်တဖက်ကမ်းသို့ ပစ်လွှင့်နိုင်မည့်သူ တလူကိုမျှ ငါဘုရား မြင်တော်မမူ၊ (ဤကဲ့သို့ မြတ်စွာဘုရားသည် ထိုဘီလူး၏ ညှဉ်းပန်းလိုသောစိတ်ကို တားမြစ်တော်မူပြီးလျှင် ပြဿနာမေးခြင်း၌ အားထုတ်မှုကို ဖြစ်စေလိုရကား) ဒကာဘီလူး.. ထိုသို့ပင် ဖြစ်စေကာမူ သင်မေးလိုရာ ပြဿနာကို မေးလော့၊ (သင်၏ပြဿနာကို အကျန်မထား ငါဘုရား ဖြေကြားပေအံ့)”-

ဟု သဗ္ဗညုဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူလေ၏။

(ဤ၌။ ။သဗ္ဗညူမြတ်စွာဘုရားနှင့် ထိုဘုရားအလောင်းတော်တို့၏ ဖိတ်ကြားခြင်း, အခြားပုဂ္ဂိုလ်တို့၏ ဖိတ်ကြားခြင်းဟူ၍ = ဖိတ်ကြားခြင်း နှစ်မျိုးရှိလေသည်။ ထိုတွင် သဗ္ဗညူမြတ်စွာဘုရားနှင့် ထိုဘုရား အလောင်းတော်တို့သည် “သင်အလိုရှိရာ မေးလော့၊ သင်၏ပြသနာကို အကျန်မထား ငါကား ဖြေကြားပေအံ့”ဟု ရဲရဲတောက် ဖိတ်ကြားတော်မူကြသည်။ အခြားပုဂ္ဂိုလ်များကား “မေးပါဒကာ..၊ သင်၏အမေးကို ကြားနာပြီး ငါသိလျှင် ဖြေဆိုပါမည်”ဟု လျှော့လျှော့သာ ဖိတ်ကြား ပြောဆိုကြလေသည်)။



၂၈၂

အာဠ၀ကဘီလူးအမေးနှင့် မြတ်စွာဘုရားရှင်၏အဖြေ

     ဤသို့ မြတ်စွာဘုရားရှင်က သဗ္ဗညူမြတ်စွာဘုရားရှင်တို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူအပ်သည်ရှိသော် ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ဤသို့ မေးလျှောက်လေ၏-

ကိံသူဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊

ကိံသု သုစိဏ္ဏံ သုခမာဝဟာတိ။

ကိံသု ဟဝေ သာဒုတရံ ရသာနံ၊

ကထံ ဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။ (၁)

(သမဏ = နွယ်တော်ဝံသ ဂေါတမ- ဟု မည်ရတွင်မှန်း အိုရဟန်း..)။ ဣဓ = ဤလောက၌။ ပုရိသဿ = ယောက်ျား၏။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးသော။ ဝိတ္တံ = ဥစ္စာကား။ ကိံသု = အဘယ်နည်း။ သုစိဏ္ဏံ = နေ့ရှည်ရက်ဆက် ကောင်းစွာ လေ့ကျက်အပ်သော။ ကိံသု = အဘယ်တရားသည်။ သုခံ = လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးတန်ကို။ အာဝဟာတိ = ကျေးဇူးများမြောင် ရွက်ဆောင်နိုင်သနည်း။ ရသာနံ = သာယာအပ်တောင်း အရသာအပေါင်းတို့တွင်။ ကိံသု = အဘယ်မည်သော တရားသည်။ ဟဝေ = စင်စစ်။ သာဒုတရံ = လွန်ကဲထူးချွန် သာလွန်လှစွာ သတ္တဝါတို့ သာယာအပ်တောင်း အရသာကောင်းမည်ပါသနည်း။ ကထံ ဇီဝိံ ဇီဝိတံ = အဘယ်သို့လျှင် အသက်ရှင်သောသူ၏ အသက်ရှင်ခြင်းမျိုးကို။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးဟူ၍။ အာဟု = ဘုရားအစ များလှဘိတောင်း သူတော်ကောင်းတို့ ငြိမ့်ညောင်းသံချို မိန့်ဆိုတော်မူကြကုန်သနည်း။

     ဤဂါထာဝယ် ပဌမပုစ္ဆာစကား၌ “ယောက်ျား၏ အမြတ်ဆုံးဥစ္စာကား အဘယ်နည်း”ဟု မေးခြင်းမှာ ဥက္ကဋ္ဌနည်း = အကြီးအမြတ်ကိုသာ ဦးတည်ဖော်ပြသောနည်း ဖြစ်သောကြောင့်



၂၈၃

“ယောက်ျားမိန်းမ ဟူသမျှ၏ အမြတ်ဆုံးဥစ္စာကား အဘယ်နည်း”ဟု မေးလိုရင်းဖြစ်သည်ကို အထူးမှတ်ယူရာ၏။ ဤသို့လျှင် ဤဂါထာဖြင့်-

(၁) လောက၌ အဘယ်အရာသည် အမြတ်ဆုံ ဥစ္စာ ဖြစ်သနည်း။

(၂) အဘယ်တရားသည် နေ့ရှည်ရက်ဆက် လေ့ကျက် ပွါးများအပ်လျှင် လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးပါးကို ပို့ဆောင်နိုင်သနည်း။

(၃) အရသာအပေါင်းတို့တွင် အဘယ်အရာသည် အချိုမြိန်ဆုံးဖြစ်သနည်း။

(၄) အဘယ်တရားဖြင့် အသက်ရှင်ခြင်းသည် အမြတ်ဆုံးဖြစ်သနည်း-

ဟု ဤပြဿနာလေးရပ်ကို မေးမြန်းလေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ကဿပမြတ်စွာဘုရား ဖြေကြားတော်မူသော နည်းအတိုင်းပင် ဖြေကြားတော်မူလိုသည်ဖြစ်၍ ဤအဖြေဂါထာကို ဟောကြားတော်မူလေသည်-

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ၊

ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။

သစ္စံ ဟဝေ သာဒုတရံ ရသာနံ၊

ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ ဣဓ = ဤလောက၌။ ပုရိသဿ = ယောက်ျား မိန်းမ ဟူသမျှ၏။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးသော။ ဝိတ္တံ = ဥစ္စာကား။ သဒ္ဓါ = လောကီ လောကုတ္တရာ နှစ်ဖြာအပြား သဒ္ဓါတရားပင်တည်း။

သုစိဏ္ဏော = နေ့ရှည်ရက်ဆက် ကောင်းစွာလေ့ကျက်အပ်သော။ ဓမ္မော = ကုသိုလ်ဆယ်ပါး



၂၈၄

ကောင်းမှုတရားသည်။ (ဝါ) ဒါန, သီလ, ဘာဝနာ သုံးဖြာအပြား ကောင်းမှုတရားသည်။ သုခံ = လူ,နတ်,နိဗ္ဗာန် ချမ်းသာသုံးတန်ကို။ အာဝဟာတိ = ကျေးဇူးများမြောင် ရွက်ဆောင်နိုင်ပေ၏။

ရသာနံ = သာယာအပ်တောင်း အရသာအပေါင်းတို့တွင်။ သစ္စံ = ပရမတ္ထသစ္စာ မည်သာထင်ရှား နိဗ္ဗာန်တရားသည်။ (ဝါ) မဟုတ်စကား ရှောင်ရှားပယ်ခွါ = ဝိရတီသစ္စာနှင့်တကွ အမှန်စကား ပြောကြားမြွက်ဆိုခြင်း တည်းဟူသော ဝစီမင်္ဂလာ သစ္စာစကားသည်။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ သာဒုတရံ = လွန်ကဲထူးချွန် သာလွန်လှစွာ သတ္တဝါတို့ သာယာအပ်တောင်း အရသာကောင်းမည်ပေ၏။

ပညာဇီဝိံ ဇီဝိတံ = သမ္မာပဋိပတ် အကျင့်မြတ်ကို မပြတ်ပွါးထွေ ပညာဖြင့်ပြီးစေလျက် အသက်ရှင်သော သူ၏ အသက်ရှင်ခြင်းမျိုးကို။ သေဋ္ဌံ = ချီးမွမ်းအပ် အမြတ်ဆုံးဟူ၍။ အာဟု = ဘုရားအစ များလှဘိတောင်း အရိယာသူတော်ကောင်းတို့ ငြိမ့်ညောင်းသံချို မိန့်ဆိုတော်မူကြလေကုန်ပြီ။

(ဤ၌။ ။အဓိပ္ပါယ် မကျဉ်းမကျယ်ကို ဤသို့ သိမှတ်ရာ၏- (၁) ရွှေငွေအစရှိသော လောကီဥစ္စာသည် အသုံးအဆောင် အရပ်ရပ်ကို သုံးဆောင်ခြင်းကို အကြောင်းပြု၍ ရရှိဖြစ်ပွါးသော ကာယိကသုခ, စေတသိကသုခ = နှစ်ပါးကို ရွက်ဆောင်သကဲ့သို့၎င်း, မွတ်သိပ်ဆာလောင်ခြင်းစသော ဆင်းရဲကို တားမြစ်သကဲ့သို့၎င်း, ဆင်းရဲမွဲတေခြင်းကို ငြိမ်းအေးစေသကဲ့သို့၎င်း, ပုလဲ ပတ္တမြား အစရှိသော ရတနာကို ရခြင်း၏ အကြောင်းဖြစ်သကဲ့သို့၎င်း, လူအပေါင်း၏ ချီးမွမ်းခြင်း (အချီးမွမ်းခံရခြင်း)ကို ရွက်ဆောင်သကဲ့သို့၎င်း ဤအတူ လောကီ လောကုတ္တရာ သဒ္ဓါတရား နှစ်ပါးသည်လည်း ဆိုင်ရာဆိုင်ရာ လောကီအကျိုးဝိပါက် ချမ်းသာ, လောကုတ္တရာ အကျိုးဝိပါက် ချမ်းသာ = နှစ်ပါးကို ရွက်ဆောင်၏။ သဒ္ဓါတရားကို အဦးမူသဖြင့် အကျင့်မှန်ကို ကျင့်ကြံသော သူတို့အဖို့ ပဋိသန္ဓေ တည်နေရခြင်းဆင်းရဲ အိုရခြင်းဆင်းရဲ အစရှိသော



၂၈၅

သံသရာဆင်းရဲဒုက္ခ အမျိုးမျိုးကို ပယ်ရှားတားမြစ်၏။ ဂုဏ်ကျေးဇူး သတင်းကင်းမဲ့ ဆင်းရဲမွဲတေခြင်းကို ငြိမ်းစေ၏။ သတိသမ္ဗောဇ္ဈင် အစရှိသော ဗောဇ္ဈင်ခုနစ်ပါး တရားရတနာကို ရခြင်း၏အကြောင်း ဖြစ်၏။

သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂသမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။

သဒ္ဓါတရားလည်းရှိ သီလနှင့်လည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏-ဟူ၍ (ဓမ္မပဒပါဠိတော် ၂၁-ပကိဏ္ဏကဝဂ်၊ ၇-စိတ္တဂဟပတိဝတ္ထု၌) မြတ်စွာဘုရား ဟောကြားတော်မူခြင်းကြောင့် လူအပေါင်း နတ်အပေါင်း၏ ချီးမွမ်းခြင်း (အချီးမွမ်းခံရခြင်း)ကိုလည်း ရွက်ဆောင်နိုင်၏။ ထို့ကြောင့် လောကီ လောကုတ္တရာ သဒ္ဓါတရားနှစ်ပါးကို ဥစ္စာဟူ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သည်။

ဤသဒ္ဓါတရားတည်းဟူသော ဥစ္စာသည် လူနတ်နိဗ္ဗာန် သုံးတန်သောစည်းစိမ်၏ အကြောင်းဖြစ်သည့် သူတပါးတို့နှင့် မဆက်ဆံသော ရတနာမျိုး ဥစ္စာမျိုးဖြစ်သည့်ပြင် လောကီဥစ္စာ ရတနာမျိုးဖြစ်သည့် ရွှေငွေစသည်တို့ကို ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ မှန်၏- သဒ္ဓါတရားရှိသော သူသည်သာလျှင် ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ လောကီဥစ္စာ ရတနာတို့ကို ရနိုင်၏။ သဒ္ဓါတရားမရှိသူ၏ ဥစ္စာသည် အကျိုးမဲ့ဖြစ်ဖို့ရန်သာ ဖြစ်၏၊ ထို့ကြောင့် ဤသဒ္ဓါတရား တည်းဟူသော ဥစ္စာကို ချီးမွမ်းအပ် အမြတ်ဆုံး ဥစ္စာ”ဟူ၍ ဟောတော်မူအပ်၏။

(၂) ကုသိုလ်ကမ္မပထတရားဆယ်ပါး (တနည်း ဒါန, သီလ, ဘာ၀နာတရား သုံးပါး)တို့သည် နေ့ရှည်ရက်ဆက် လေ့ကျက် ပွါးများအပ်သည်ရှိသော် သောဏသူဌေးသား ရဋ္ဌပါလသူဌေးသား အစရှိသော သူတို့အားကဲ့သို့ လူ့ချမ်းသာကို၎င်း, သိကြားမင်း စသူတို့အားကဲ့သို့ နတ်၌ဖြစ်သော ချမ်းသာကို၎င်း, အဆုံး၌ မဟာပဒုမမင်း စသူတို့အားကဲ့သို့ နိဗ္ဗာန်ချမ်းသာကို၎င်း ရွက်ဆောင်နိုင်၏။

(၃) လျက်အပ် သာယာအပ်သော အရာဝတ္ထုကို အရသာဟူ၍ ခေါ်ဆိုအပ်သည်၊ အမြစ်အရသာ ပင်စည်အရသာ- အစရှိသော အရသာအမျိုးမျိုးတို့သည် ပကတိကိုယ်ကို ပြည့်ဖြိုး တိုးပွါးစေတတ်ကုန်၏၊ လောကီသုခကိုသာ ရွက်ဆောင်နိုင်ကုန်၏။ ဝိရတီသစ္စာ ဝစီသစ္စာ



၂၈၆

တည်းဟူသော အရသာတို့သည် သမထ ဝိပဿနာ စသည်တို့ဖြင့် စိတ်ကို ပြည့်ဖြိုး တိုးပွါးစေတတ်ကုန်၏၊ လောကုတ္တရာ သုခကိုလည်း ရွက်ဆောင်တတ်ကုန်၏၊ ပရမတ္ထသစ္စာ နိဗ္ဗာန်၏ သန္တိအရသာဖြင့် ပွါးထုံအပ်သောကြောင့် ဝိမုတ္တိရသမည်သော အရဟတ္တဖိုလ်သည် ချိုမြိန် ကောင်းမြတ်လှပေ၏။ ထို့ကြောင့် ပရမတ္ထသစ္စာ, ဝိရတီသစ္စွာ, ဝစီသစ္စာ ဤသုံးမျိုးသော အရသာသည် အရသာတကာတို့တွင် အမြတ်ဆုံးအရသာ ဖြစ်ကြလေသည်။

(၄) လောကီ စီးပွါးရေးဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ, ဓမ္မဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ = နှစ်မျိုးလုံး မရှိသူကို အန္ဓပုဂ္ဂိုလ် (=စုံလုံးကန်းသောပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။ လောကီ စီးပွါးရေးဖက်ဆိုင်ရာ အသိဉာဏ်မျက်စိသာရှိ၍ ဓမ္မဖက်ဆိုင်ရာ အသိဉာဏ်မျက်စိ မရှိသောသူကို ဧကစက္ခုပုဂ္ဂိုလ် (=တဖက်သာမြင်သော ပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။ ဖော်ပြရာပါ အသိဉာဏ်မျက်စိ နှစ်မျိုးလုံးရှိသောသူကို ဒွိစက္ခုပုဂ္ဂိုလ် (=နှစ်ဖက်မြင်သောပုဂ္ဂိုလ်)ဟု ခေါ်ဆို၏။

ထိုပုဂ္ဂိုလ်သုံးမျိုးတို့အနက် ဒွိစက္ခု = နှစ်ဖက်မြင်ဖြစ်သော လူဝတ်ကြောင်ပုဂ္ဂိုလ်သည် အိမ်မှုကိစ္စတို့ကို အားထုတ်ခြင်း, သရဏဂုံ ဆောက်တည်ခြင်း, လှူဒါန်းခွဲဝေခြင်း, သီလဆောက်တည်ခြင်း, ဥပုသ်ကျင့်သုံးခြင်း အစရှိသော လူ့ကျင့်ဝတ်များကို ပညာဖြင့်သာ ပြီးစေ၍ အသက်ရှင်လေသည်။ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည်လည်း သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အစရှိသော ရဟန်းကျင့်ဝတ်များကို ပညာဖြင့်သာ ပြီးစေ၍ အသက်ရှင်လေသည်၊ ထိုသို့ ပညာဖြင့် အသက်ရှင်သောသူ၏ အသက်ရှင်ခြင်းမျိုးကိုသာ ချီးမွမ်းအပ် မြတ်၏ဟူ၍ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ မိန့်ဆိုတော်မူကြလေသည်။ (ထွက်သက် ဝင်သက်မျှဖြင့် အသက်ရှင်နေသူ၏ အသက်ရှင်ခြင်းမျိုးကို ချီးမွမ်းအပ် မြတ်၏ဟူ၍ မိန့်ဆိုတော်မမူကြချေ)။ ။ဤသို့ ပဌမဂါထာ၌ မကျဉ်းမကျယ် အဓိပ္ပါယ်ကို မှတ်ယူရာ၏)။

     ဤသို့ မြတ်စွာဘုရားရှင် ဖြေကြားတော်မူအပ်သော ပြဿနာလေးရပ်တို့ကို ကြားနာရ၍ အာဠ၀ကဘီလူးသည် အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရှိကာ ကြွင်းကျန်သော ပြဿနာလေးရပ်တို့ကိုလည်း မေးမြန်းလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာကို ရွတ်ဆို လျှောက်ထားလေသည်-



၂၈၇

ကထံသု တရတိ ဩဃံ၊ ကထံသု တရတိ အဏ္ဏဝံ။

ကထံသု ဒုက္ခမစ္စေတိ၊ ကထံသု ပရိသုဇ္ဈတိ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ဩဃံ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို။ တရတိ = ကူးမြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ အဏ္ဏဝံ = ဘဝသံသရာ သမုဒြာကို။ တရတိ = ကူးမြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ဒုက္ခံ = ဝဋ်ဆင်းရဲကို။ အစ္စေတိ = လွန်မြောက်နိုင်ပါသနည်း။ ကထံသု = အဘယ်သို့လျှင်။ (ဝါ) အဘယ်တရားဖြင့်။ ပရိသုဇ္ဈတိ = ကိလေသာအညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်ပါသနည်း။

     ထိုသို့ မေးမြန်းလျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ရှေးနည်းဖြင့်ပင် ဖြေဆိုတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူလေသည်—

သဒ္ဓါယ တရတီ ဩဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။

ဝီရိယေန ဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ သဒ္ဓါယ = သဒ္ဓါတရားဖြင့်။ ဩဃံ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို။ တရတိ = ကူးမြောက်နိုင်၏။ အပ္ပမာဒေန = ကုသိုလ်ဆယ်တန် ပွါးများရန်ကို ဖန်ဖန်ထပ်ထပ် မပြတ်ပြုခြင်း တည်းဟူသော အပ္ပမာဒတရားဖြင့်။ အဏ္ဏဝံ = ဘဝသံသရာ သမုဒြာကို။ တရတိ = ကူးမြောက်နိုင်၏။ ဝီရိယေန = ဝီရိယတရားဖြင့်။ ဒုက္ခံ = ဝဋ်ဆင်းရဲကို။ အစ္စေတိ = လွန်မြောက်နိုင်၏။ ပညာယ = ပညာတရားဖြင့်။ ပရိသုဇ္ဈတိ = ကိလေသာအညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏။



၂၈၈

(ဤ၌။ ။ဩဃလေးပါးကို ကူးမြောက်သောသူသည် ဘဝသံသရာ သမုဒြာကိုလည်း ကူးမြောက်နိုင် ဝဋ်ဆင်းရဲကိုလည်း လွန်မြောက်နိုင် ကိလေသာအညစ်အကြေးမှလည်း ကင်းဝေး စင်ကြယ်နိုင်သော်လည်း (၁) သဒ္ဓါတရားမရှိသောသူသည် ဩဃလေးပါးကို ကူးမြောက်ကြောင်း အကျင့်ကောင်း၌ သက်ဝင်ယုံကြည်မှု မရှိသောကြောင့် ဘာဝနာအလုပ် အားထုတ်မှုတည်းဟူသော ကူးသန်းမှုကို မပြုနိုင်၊ မပြုနိုင်သောကြောင့် ဩဃလေးပါးကို မလွန်မြောက် မကူးမြောက်နိုင်။ (၂) အာရုံငါးပါး ကာမဂုဏ်တရားတို့၌ စိတ်ကိုလွှတ်ထားသောအားဖြင့် မေ့လျော့သောသူသည် ထိုအာရုံငါးပါး ကာမဂုဏ်တရား၌ပင် ငြိကပ်တွယ်တာ နေသောကြောင့် ဘဝသံသရာ သမုဒြာကို မကူးမြောက်နိုင်။ (၃) လုံ့လမရှိ ပျင်းရိသောသူသည် အကုသိုလ်တရားတို့နှင့်သာ ရောပြွမ်းယှက်ထွေးကာ ဆင်းရဲစွာနေရ၏။ (၄) ပညာမရှိသောသူသည် ကိလေသာမှ စင်ကြယ်ကြောင်း အကျင့်ပဋိပတ် လမ်းကောင်းကို မသိရကား ကိလေသာအညစ်အကြေးမှ မကင်းဝေး မစင်ကြယ်နိုင်ချေ။ ထို့ကြောင့် အသဒ္ဓိယတရား၏ ဆန့်ကျင်ဘက်ဖြစ်သော သဒ္ဓါတရား, ပမာဒတရား၏ ဆန့်ကျင်ဘက်ဖြစ်သော အပ္ပမာဒတရား, ကောသဇ္ဇတရား၏ ဆန့်ကျင်ဘက်ဖြစ်သော ဝီရိယတရား, မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သော ပညာတရားများကို ဖော်ပြလျက် မြတ်စွာဘုရားရှင်သည် ဤအဖြေဂါထာကို ဟောကြားတော်မူအပ်လေသည်။

ဤသို့ ဟောတော်မူအပ်သော အဖြေဝိဿဇ္ဇနာ ဂါထာလေးပိုဒ်တွင်လည်း-

သဒ္ဓါတရားတည်းဟူသော သဒ္ဓိန္ဒြေသည် (က) သူတော်ကောင်းတို့ကို ပေါင်းသင်းမှီဝဲ ဆည်းကပ်ခြင်း = သပ္ပုရိသသံသေဝ (ခ) သူတော်ကောင်းတရားကို နာကြားခြင်း = သဒ္ဓမ္မသဝန (ဂ) အသင့်အားဖြင့် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရ (ဃ) လောကုတ္တရာတရား ကိုးပါးအားလျော်သော သမထ, ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ခြင်း = ဓမ္မာနုဓမ္မပ္ပဋိပတ္တိ တည်းဟူသော သောတာပတ္တိမဂ်ကိုရကြောင်း = သောတာပတ္တိယင်္ဂတရား လေးပါး၏ အခြေခံမူလ အကြောင်းရင်းတရားဖြစ်၏၊ (သဒ္ဓါတရားရှိမှ ဖော်ပြရာပါ သောတာပတ္တိယင်္ဂတရားလေးပါး ဖြစ်ပွါးနိုင်သည်၊ ထိုတရားလေးပါး ဖြစ်ပွါးမှ သောတာပတ္တိမဂ်ကို ရရှိနိုင်သည်။) ထို့ကြောင့် “သဒ္ဓါယ တရတီ ဩဃံ = သဒ္ဓါတရားဖြင့် ဩဃလေးခဏ်း ရေပြင်ကြမ်းကို ကူးမြောက်နိုင်၏”ဟူသော ဤပဌမ အဖြေဂါထာပိုဒ်ဖြင့် ဒိဋ္ဌောဃကို



၂၈၉

ကူးမြောက်ကြောင်း သောတာပတ္တိမဂ်ကို၎င်း, သောတာပန်အရိယာ ပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

သောတာပန် အရိယာပုဂ္ဂိုလ်သည် ကုသိုလ်တရား ပွါးများခြင်း၌ အမြဲမပြတ် ပြုမူခြင်းတည်းဟူသော အပ္ပမာဒတရားနှင့် ပြည့်စုံရကား ဒုတိယမဂ်ကို ပြီးစေ၍ ဤလူ့ပြည်သို့ တကြိမ်သာ ပဋိသန္ဓေ တည်နေလာခြင်းကိုထား၍ ကြွင်းသော သောတာပတ္တိမဂ်ဖြင့် မကူးမြောက်ရသေးသော ဘဝေါဃလျှင် အကြောင်းရင်းရှိသော သံသရာသမုဒြာကို ကူးမြောက်လေသည်။ ထို့ကြောင့် “အပ္ပမာဒေန အဏ္ဏဝံ = အပ္ပမာဒတရားဖြင့် ဘဝသံသရာ သမုဒြာကို ကူးမြောက်နိုင်၏”ဟူသော ဤဒုတိယ အဖြေဂါထာပိုဒ်ဖြင့် ဘဝေါဃကို ကူးမြောက်ကြောင်း သကဒါဂါမိမဂ်ကို၎င်း, သကဒါဂါမ် အရိယာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

သကဒါဂါမ် အရိယာပုဂ္ဂိုလ်သည် ဝီရိယဖြင့် တတိယမဂ်ကို ပြီးစေ၍ (သကဒါဂါမိမဂ်ဖြင့် မလွန်မြောက်ခဲ့ရသေးသော) ကာမောဃလျှင် အကြောင်းရင်းရှိ ကာမောဃနှင့် စပ်ယှဉ်သော ကာမဒုက္ခကို လွန်မြောက်လေသည်။ ထို့ကြောင့် “ဝီရိယေန ဒုက္ခမစ္စေတိ = ဝီရိယဖြင့် ဒုက္ခကို လွန်မြောက်နိုင်၏”ဟူသော ဤတတိယ အဖြေဂါထာပိုဒ်ဖြင့် ကာမောဃကို ကူးမြောက်ကြောင်း အနာဂါမိမဂ်ကို၎င်း, အနာဂါမ် အရိယာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏။

အနာဂါမ် အရိယာပုဂ္ဂိုလ်သည် ကာမညွန်ဗွက် ကင်းရှင်းသောကြောင့် အလွန်စင်ကြယ်သော ဝိပဿနာပညာဖြင့် စင်စစ်ဧကန် ကိလေသာတို့မှ စင်ကြယ်သော စတုတ္ထမဂ်ပညာကို ပြီးစေ၍ (အနာဂါမိမဂ်ဖြင့် မပယ်နိုင်ခဲ့သော) အဝိဇ္ဇာတည်းဟူသော လွန်သော အညစ်အကြေးကို ပယ်စွန့်လေသည်၊ ထို့ကြောင့် “ပညာယ ပရိသုဇ္ဈတိ = ပညာဖြင့် ကိလေသာအညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်၏”ဟူသော ဤစတုတ္ထ အဖြေဂါထာပိုဒ်ဖြင့် အဝိဇ္ဇောဃကို ကူးမြောက်ကြောင်း အရဟတ္တမဂ်ကို၎င်း, ရဟန္တာပုဂ္ဂိုလ်ကို၎င်း ပြတော်မူ၏)။

     အရဟတ္တဖိုလ် အထွတ်တပ်သဖြင့် ဟောကြားတော်မူအပ်သော ဤအဖြေဂါထာ၏ အဆုံး၌ အာဠ၀ကဘီလူးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။



၂၉၀

သောတာပန်ဖြစ်ပြီးနောက်

အာဠ၀ကဘီလူး မေးလျှောက်သည့် ပြဿနာများ

     ယခုအခါ အာဠ၀ကဘီလူးသည် “ပညာယ ပရိသုဇ္ဈတိ = ပညာတရားဖြင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေး စင်ကြယ်နိုင်၏”ဟူသော စတုတ္ထ အဖြေဂါထာပိုဒ်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပညာတရားဟူသော ပုဒ်ကို စွဲယူကာ (သောတာပန်အရိယာ ဖြစ်ပြီးသူပြီပြီ) မိမိ၏ ဉာဏ်ပညာ ပဋိဘာန်ဖြင့် လောကီ လောကုတ္တရာ အရောဖြစ်သော အမေးပုစ္ဆာ ပြဿနာကို မေးလျှောက်လိုရကား ဤဆိုလတ္တံ့သော ခြောက်ပုဒ်ရှိသည့် ဂါထာကို ရွတ်ဆိုလျှောက်ထားလေ၏-

ကထံသု လဘတေ ပညံ၊

ကထံသု ဝိန္ဒတေ ဓနံ။

ကထံသု ကိတ္တိံ ပပ္ပေါတိ၊

ကထံ မိတ္တာနိ ဂန္ထတိ။

အသ္မာ လောကာ ပရံ လောကံ၊

ကထံ ပေစ္စ န သောစတိ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ကထံသု = အဘယ်အကြောင်းကြောင့်။ ပညံ = လောကီ လောကုတ္တရာ ပညာနှစ်ပါးကို။ လဘတေ = ရနိုင်ပါသနည်း။ ကထံသု = အဘယ်အကြောင်းကြောင့်။ ဓနံ = လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို။ ဝိန္ဒတေ = ရနိုင်ပါသနည်း။ ကထံသု = အဘယ်အကြောင်းကြောင့်။ ကိတ္တိံ = ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်ရသနည်း။ ကထံ = အဘယ် တရားဖြင့်။ မိတ္တာနိ = အဆွေခင်ပွန်းတို့ကို။ ဂန္ထတိ = ဖွဲ့ယှက်သောထွေ ပြည့်စုံစေနိုင်ပါသနည်း။ အသ္မာ လောကာ = ပစ္စုပ္ပန္န ဤလောကမှ။ ပရံ လောကံ = တမလွန်လောက ဟိုဘဝသို့။ ပေစ္စ = လားရရောက်ရသည်ရှိသော်။



၂၉၁

ကထံ = အဘယ်တရားဖြင့်။ န သောစတိ = မပူပန် မညှိုးမှိန် မစိုးရိမ်ရပါသနည်း။

(ဤဂါထာဖြင့် အာဠဝကဘီလူးသည်-

၁။ ပညာကို ရကြောင်းတရား,

၂။ ဥစ္စာကို ရကြောင်းတရား,

၃။ ကျေးဇူးသတင်း ကျော်စောခြင်းသို့ ရောက်ကြောင်းတရား,

၄။ အဆွေခင်ပွန်းနှင့် ပြည့်စုံနိုင်ကြောင်းတရား,

၅။ ဤဘဝမှ စုတေ၍ တမလွန်ဘဝသို့ ရောက်ရှိသော် မစိုးရိမ်ရကြောင်းတရား-

ဤပြဿနာ ၅-ချက်ကို မေးမြန်းလျှောက်ထားလေသည်)။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အာဠဝကဘီလူးအား အကြောင်းလေးပါးတို့ကြောင့် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရရှိနိုင်ကြောင်း ကောင်းစွာ ဖော်ပြတော်မူလိုသည်ဖြစ်၍ (၁-အမှတ်ပြ ပုစ္ဆာကို ဖြေကြားတော်မူလို၍) ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေသည်-

သဒ္ဒဟာနော အရဟတံ၊ ဓမ္မံ နိဗ္ဗာနပတ္တိယာ။

သုဿူသံ လဘတေ ပညံ၊ အပ္ပမတ္တော ဝိစက္ခဏော။

(အာဝုသော = အာဠဝက နာမမည်ထူး ဒကာဘီလူး..)။ အရဟတံ-အရဟန္တာနံ = ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာသခင် အရှင်မြတ်တို့၏။ နိဗ္ဗာနပတ္တိယာ = နိဗ္ဗာန်ထုတ်ခြောက် ရရောက်ခြင်း၏။ ဓမ္မံ = ကြောင်းရင်းမှန်ငြား သုစရိုက်ဆယ်ပါး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး ဤတရားအစုကို။ သဒ္ဒဟာနော = မမှိတ်မသုန် ယုံကြည်သည်ဖြစ်၍။ သုဿူသံ = ရိုသေကျိုးနွံ ပညာရှိတို့အထံဝယ် နာခံမှတ်သားလျက်။ အပ္ပမတ္တော = မမေ့မလျော့ မပေါ့မတန် ထက်သန်သောသတိ ရှိသည်ဖြစ်၍။ ဝိစက္ခဏော = သုဘာသိတ, ဒုဗ္ဘာသိတစကား ဤနှစ်ပါးကို



၂၉၂

ပိုင်းခြားထင်ထင် ဆင်ခြင်တတ်သောသူသည်။ ပညံ = လောကီ လောကုတ္တရာ ပညာနှစ်ပါးကို။ လဘတေ = ရနိုင်၏။

(ဤဂါထာဖြင့် မြတ်စွာဘုရားရှင်သည်-

(၁) သဒ္ဓါတရား,

(၂) သုဿူသာတရား,

(၃) အပ္ပမာဒတရား,

(၄) ဝိစက္ခဏာတရား,

ဤတရား လေးပါးသည် ပညာကို ရကြောင်းတရားများ ဖြစ်၏ဟု ဖြေကြားတော်မူလိုရင်းဖြစ်သည်။

ထင်ရှားစေဦးအံ့- ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝကတို့သည် ရှေ့ပိုင်း၌ သုစရိုက်ဆယ်ပါး နောက်ပိုင်း၌ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ဖြင့် နိဗ္ဗာန်သို့ ရောက်တော်မူကြသည်၊ သို့ရကား ထိုသုစရိုက် ဆယ်ပါး, ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို နိဗ္ဗာန်သို့ရောက်ကြောင်း တရားကောင်းတို့ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုနိဗ္ဗာန်ရောက်ကြောင်း သုစရိုက်ဆယ်ပါး, ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး ဤတရားအစုကို မမှိတ်မသုန် ယုံကြည်ခြင်း = သဒ္ဓါတရား ရှိသောသူသည်သာလျှင် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်သည်။

ထိုသို့ ရခြင်းသည်လည်း သဒ္ဓါတရား သက်သက်မျှဖြင့် ရ၍မဖြစ်နိုင်၊ စင်စစ်သော်ကား သဒ္ဓါတရား ဖြစ်ပွါးသောသူသည် ပညာရှိတို့ထံ သွားရောက် ဆည်းကပ်ခြင်း, ဝတ်ကြီးဝတ်ငယ်ပြုခြင်း, ပညာရှိတို့ဟောကြားသော တရားစကားကို နားစိုက်ထောင်ကာ နာယူခြင်း- တည်းဟူသော သုဿူသာတရားကို တဆင့်တိုးတက် ပွါးများမှသာ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်သည်။ (ဆိုလိုရင်းကား- ထိုနိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ယုံကြည်ပြီးနောက် ဆရာဥပဇ္ဈာယ်တို့ထံ လျောက်ပတ်သောအခါ၌ ဆည်းကပ်၍ ဝတ်ကြီးဝတ်ငယ်တို့ဖြင့် ပြုစုလုပ်ကျွေးရမည်။ ယင်းသို့ ပြုစုလုပ်ကျွေးသဖြင့် နှစ်သက်ကျေနပ်သောစိတ် ရှိတော်မူကြကာ ဆရာဥပဇ္ဈာယ်တို့က တရားစကား ဟောကြားတော်မူကြသောအခါ၌ နားစိုက်ထောင်ကာ နာယူရမည်၊ ဖော်ပြရာပါ ဆရာဥပဇ္ဈာယ်တို့ထံ သွားရောက် ဆည်းကပ်ခြင်း, ဝတ်ကြီးဝတ်ငယ် ပြုခြင်း,



၂၉၃

ဆရာဥပဇ္ဈာယ်တို့ ဟောပြသော တရားစကားကို နားစိုက်ထောင်နာယူခြင်း = ဤအရာများကို သုဿူသာ = ရိုသေစွာ နာခံမှတ်သားခြင်းဟူ၍ အကျဉ်းချုပ်အားဖြင့် ခေါ်ဆိုသည်။ ယင်း သုဿူသာ = ရိုသေစွာ နာခံမှတ်သားခြင်း ရှိသောသူမှသာ လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်၏ဟု ဆိုလိုသည်)။

ဤသို့ သဒ္ဓါတရားဖြစ်ရှိကာ ရိုသေစွာ နာခံမှတ်သားသော သူသည်လည်း မမေ့မလျော့ သတိရှိခြင်း အပ္ပမာဒတရား, အပြစ်မရှိသော သုဘာသိတစကား, အပြစ်ရှိသော ဒုဗ္ဘာသိတစကား ဤနှစ်ပါးကို ခွဲခြားဆင်ခြင်ခြင်း = ဝိစက္ခဏာတရား ဤနှစ်ပါးတို့နှင့် တဆင့်ပွါးကာ ပြည့်စုံမှသာလျှင် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို ရနိုင်၏။ ဖော်ပြရာပါ သဒ္ဓါ, သုဿူသာ, အပ္ပမာဒ, ဝိစက္ခဏာ = ဤလေးပါး မရှိသောသူသည် လောကီ လောကုတ္တရာ ပညာနှစ်ပါးကို မရနိုင်။

ထိုတရားလေးပါးနှင့် လောကုတ္တရာပညာတို့ အကြောင်းအကျိုး ဆက်စပ်ပုံကား- (၁) သဒ္ဓါတရားဖြင့် ပညာရမှုကို ဖြစ်စေတတ်သည့် အကျင့်ပဋိပတ်ကို ကျင့်၏၊ (၂) သုဿူသာတရားဖြင့် ရိုသေစွာ ပညာရကြောင်း တရားကောင်းကို နာယူနားထောင်၏၊ (၃) အပ္ပမာဒတရားဖြင့် နာယူမှတ်သားအပ်သော တရားကို မပျောက်ပျက် မမေ့လျော့၊ (၄) ဝိစက္ခဏာ = ဆင်ခြင်တုံတရားဖြင့် အလိုအပိုလည်းမရှိအောင် ဖောက်ပြန် မှားယွင်းခြင်းလည်း မရှိအောင် မှတ်ယူပြီးလျှင် အသိဉာဏ်ပညာ ကျယ်ပြန့်အောင် ပြုလေသည်၊ (တနည်း- (၂) သုဿူသာတရားဖြင့် နားစိုက်ထောင်ကာ ပညာရကြောင်း တရားကောင်းကို ရိုသေစွာ နာယူ၏။ (၃) အပ္ပမာဒတရားဖြင့် နာကြားပြီးနောက် ထိုတရားများကို မေ့ပျောက်မသွားအောင် ဆောင်၍ထား၏၊ (၄) ဝိစက္ခဏာ = ဆင်ခြင်တုံတရားဖြင့် ဆောင်ထားအပ်သော တရားတို့၏ လေးနက်သော အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစား၏)။ ထိုတရားလေးပါးဖြင့် လေ့လာပွါးများဖန် များလတ်သောအခါ အစဉ်အတိုင်း ပရမတ္ထသစ္စာ နိဗ္ဗာန်တရားကို အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရ၏။ ဤသို့လျှင် ထိုတရားလေးပါးကြောင့် လောကုတ္တရာ မဂ်ပညာ ဖိုလ်ပညာတို့ ဖြစ်ပွါးသည်ကို ကောင်းစွာ သိရှိမှတ်သားရာ၏)။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပဌမပုစ္ဆာ ပြဿနာကို ဖြေကြားတော်မူပြီးလျှင် ယခုအခါ ဒုတိယ, တတိယ, စတုတ္ထပုစ္ဆာ =



၂၉၄

ပြဿနာ သုံးရပ်တို့ကို အစဉ်အတိုင်း ဖြေကြားတော်မူလို၍ ဤဆိုလတ္တံ့သော ဂါထာကို မိန့်ဆိုဟောကြားတော်မူလေသည်-

ပတိရူပကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။

သစ္စေန ကိတ္တိံ ပပ္ပေါတိ၊ ဒဒံ မိတ္တာနိ ဂန္ထတိ။

(အာဝုသော = အာဠဝက နာမမည်ထူး အိုဒကာဘီလူး..)။ ပတိရူပကာရီ = လောကီ လောကုတ္တရာ နှစ်ဖြာသော ဥစ္စာများ ရရှိကြောင်းတရားကို အရပ်အားလျော်စွာ အခါကာလ စသည်အားလျော်စွာ ပြုသည်ဖြစ်၍။ ဓုရဝါ = စေတသိက ဝီရိယစွမ်းအနေဖြင့် တာဝန်ကို ပစ်ချမထားသော။ ဥဋ္ဌာတာ = ကာယိကဝီရိယဖြင့် ထကြွကြိုးကုတ် အားထုတ်သောသူသည်။ ဓနံ = လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို။ ဝိန္ဒတေ = မုချပိုင်ပိုင် ရယူနိုင်၏။ (ဤဂါထာ ရှေ့ထက်ဝက်ဖြင့်— ဥစ္စာရကြောင်း ဥပါယ်ကောင်းကို ဒေသကာလ- စသည်အား လျောက်ပတ်စွာ ပြုလုပ်ခြင်း, စေတသိကဝီရိယရှိခြင်း, ကာယိကဝီရိယရှိခြင်း = ဤအကြောင်းသုံးပါးကြောင့် လောကီ လောကုတ္တရာ ဥစ္စာနှစ်ပါးကို ရနိုင်၏ဟု ဖြေတော်မူသည်)။ သစ္စေန = ဝစီသစ္စာ မင်္ဂလာစကားကြောင့်။ ကိတ္တိံ = “ဤသူကား အမှန်အဟုတ်ကို ပြောလေ့ရှိသူ = သစ္စဝါဒီ ဘူတဝါဒီပုဂ္ဂိုလ်”ဟူ၍ ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်နိုင်၏။ သစ္စေန = ပရမတ္ထသစ္စာ နိဗ္ဗာန်တရားကြောင့်။ ကိတ္တိံ = “ဤသူကားဘုရား, ဤသူကား ပစ္စေကဗုဒ္ဓါ, ဤသူကား အရိယသာဝက”ဟူ၍ ကျေးဇူးသတင်း ကျော်စောခြင်းသို့။ ပပ္ပေါတိ = ရောက်နိုင်၏။ (ဤတတိယဂါထာပိုဒ်ဖြင့် တတိယပုစ္ဆာ၏ အဖြေကို ဟောတော်မူသည်)။ ဒဒံ-ဒဒန္တော = သူလိုသည်ကို ဝန်မတိုပဲ ကြည်ညိုရွှင်လန်း ပေးလှူဒါန်းသော သူသည်။ မိတ္တာနိ = အဆွေခင်ပွန်းတို့ကို။ ဂန္ထတိ = ဖွဲ့ယှက်သောထွေ



၂၉၅

ပြည့်စုံစေနိုင်၏။ (ဤစတုတ္ထ ဂါထာပိုဒ်ဖြင့် စတုတ္ထပုစ္ဆာ၏ အဖြေကို ဟောတော်မူသည်)။

(ဤ၌။ ။သင့်လျောက်ပတ်စွာပြုခြင်း ကာယိက စေတသိက ဝီရိယနှစ်ပါးနှင့် ပြည့်စုံခြင်းကြောင့် လောကီဥစ္စာကို ရရှိပုံကို ကြွက်သေတခု အရင်းပြုသဖြင့် လေးလအတွင်း နှစ်သိန်းကြွယ်ဝသည့် (လူသိများသော) စူဠသေဋ္ဌိဇာတ်ဖြင့် သိမှတ်ရာ၏။

လောကုတ္တရာ ဥစ္စာကို ရရှိပုံကား မဟာတိဿမထေရ်ဝတ္ထုဖြင့် သိမှတ်ရာ၏၊ ထင်ရှားစေဦးအံ့- သီဟိုဠ်ကျွန်းဝယ် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော မဟလ္လက မဟာတိဿမထေရ်သည် ထိုင်ခြင်း ရပ်ခြင်း သွားခြင်း = ဤဣရိယာပုထ်သုံးပါးဖြင့်သာ ငါနေအံ့ဟု ကြံတော်မူကာ ဝတ်ကြီးဝတ်ငယ်ကို ပြု၍ ထိနမိဒ္ဓ ရောက်ဆိုက်လာသောအချိန်၌ ကောက်ရိုးခေါင်းခုကြီးကို ရေဆွတ်၍ ဦးခေါင်းပေါ်၌ တင်ထားပြီးလျှင် လည်မျိုပမာဏနက်သော ရေသို့ဝင်၍ ထိနမိဒ္ဓကို ပယ်ရှားတားမြစ်တော်မူလျက် တရားအားထုတ်တော်မူရာ ဆယ့်နှစ်နှစ်ကြာသောအခါ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်)။

     ဤသို့လျှင် လူ,ရဟန်း နှစ်ဦးတို့အား ဆက်ဆံသော လောကီ လောကုတ္တရာ နှစ်ပါးရောသော နည်းဖြင့် ရှေ့ပြဿနာ လေးချက်တို့ကို ဖြေဆိုတော်မူပြီးလျှင် ယခုအခါ ပဉ္စမပြဿနာကို လူတို့နှင့်စပ်၍ ဖြေဆိုတော်မူလိုသည်ဖြစ်၍ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေသည်-

ယဿေတေ စတုရော ဓမ္မာ၊ သဒ္ဓဿ ဃရမေသိနော။

သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ သ ဝေ ပေစ္စ န သောစတိ။

သဒ္ဓဿ = သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍။ ဃရံ = အိမ်၏အစီးအပွါးကို။ ဧသိနော = ရှာမှီးတတ်သော။ ယဿ = အမှတ်မထင် အကြင်သူ၏ (သန္တာန်၌)။ သစ္စံ = မှန်ကန်စွာပြောဆိုမှု = သစ္စာတရားသည်၎င်း။ ဓမ္မော = ပညာတရားသည်၎င်း။ ဓိတိ = ကာယိက, စေတသိက ဝီရိယနှစ်ပါးသည်၎င်း။ စာဂေါ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းသည်၎င်း။



၂၉၆

ဧတေ စတုရော ဓမ္မာ = ဤတရား လေးမျိုးတို့သည်။ သန္တိ = ရှိကုန်၏။ သ-သော = တရားလေးပုံ ပြည့်စုံသော ထိုသူသည်။ ဝေ = စင်စစ်။ ပေစ္စ = တမလွန်လောက ဟိုဘဝသို့ ရောက်သည်ရှိသော်။ န သောစတိ = မပူပန် မညှိုးမှိန် မစိုးရိမ်ရချေ။

     ဤသို့ မြတ်စွာဘုရားရှင်သည် ပဉ္စမပြဿနာကိုလည်း ဖြေကြားတော်မူပြီးလျှင် အာဠ၀ကဘီလူးကို တိုက်တွန်းတော်မူလိုသည်ဖြစ်၍ ဤဂါထာကို မိန့်ဆို ဟောကြားတော်မူလေသည်-

ဣင်္ဃ အညေပိ ပုစ္ဆဿု၊ ပုထူ သမဏဗြာဟ္မဏေ။

ယဒိ သစ္စာ ဒမာ စာဂါ၊ ခန္တျာ ဘိယျောဓ ဝိဇ္ဇတိ။

(အာဝုသော = အာဠဝက နာမမည်ထူး ဒကာဘီလူး..)။ ဣင်္ဃ = တိုက်တွန်းစကား ငါဘုရားပြောကြား၏။ ဣဓ = ဤလောက၌။ သစ္စာ = ငါဘုရားတို့ ဟောကြားအပ်ငြား သစ္စာနှစ်ပါးထက်။ ဘိယျော = သာလွန်ဘိတောင်း ကျော်စောခြင်းသို့ရောက်ကြောင်း တရားသည်၎င်း။ ဒမာ = သုဿူသန ပညာတစိတ်တဒေသဖြင့် ဆုံးမညွှန်ကြား ဆင်ခြင်တုံပညာတရားထက်။ ဘိယျော = သာလွန်ဘိတောင်း လောကီ လောကုတ္တရာ ပညာကိုရကြောင်း တရားသည်၎င်း။ စာဂါ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းထက်။ ဘိယျော = သာလွန်ဘိတောင်း မိတ်ဆွေကိုရကြောင်း တရားသည်၎င်း။ ခန္တျာ = ကာယိက, စေတသိက ဝီရိယနှစ်ပါးတည်းဟူသော ခန္တီတရားထက်။ ဘိယျော = သာလွန်ဘိတောင်း လောကီ လောကုတ္တရာ ဥစ္စာကိုရကြောင်း တရား သည်၎င်း။ ဣမေဟိ = ဤသစ္စာ, ဒမ, စာဂ, ခန္တီ = လေးမည်သော တရားတို့ထက်။ ဘိယျော = သာလွန်ဘိတောင်း တမလွန်ဘဝ၌ မစိုးရိမ်ရကြောင်း တရားသည်၎င်း။ ယဒိ ဝိဇ္ဇတိ = အကယ်၍များ ရှိသေးသည်ဟု (သင်) ထင်စားသေးလျှင်။ အညေပိ = ငါဘုရားမှ တပါးလည်းဖြစ်ကုန်သော။ ပုထူ = များစွာကုန်သော။ သမဏဗြာဟ္မဏေ = “အကြင်ငါကား သဗ္ဗညူဘုရား”ဟု



၂၉၇

အမှားဖော်ပြ ဝန်ခံကြသည့် ပူရဏကဿပ အစရှိသော သမဏဗြာဟ္မဏတို့ကို။ ပုစ္ဆဿု = စိတ်ကျေနပ်ရေး သင်မေးချေဦးလော့။

     ဤသို့ မြတ်စွာဘုရားမိန့်ကြားတော်မူအပ်သည်ရှိသော် အာဠ၀က ဘီလူးသည် မြတ်စွာဘုရားရှင်မှတပါး ပူရဏကဿပ စသည်တို့ကို မေးမြန်းရမည့် ယုံမှားသံသယတရားကို (မိမိ သောတာပတ္တိမဂ်ဖြင့်) ပယ်ရှားပြီး ဖြစ်သောကြောင့် “ကထံ နု ဒါနိ ပုစ္ဆေယျံ၊ ပုထူ သမဏဗြာဟ္မဏေ”ဟူသော ဂါထာဝက်ကို ဆိုပြီးလျှင် မိမိ မမေးမြန်းခြင်း၏အကြောင်းကို မသိသောသူအား သိစေလိုသည်ဖြစ်၍ “ယောဟံ အဇ္ဇ ပဇာနာမိ၊ ယော အတ္ထော သမ္ပရာယိကော”ဟူသော ဂါထာ နောက်ထက်ဝက်ကို ဆက်၍ လျှောက်ဆိုလေသည်-

ကထံ နု ဒါနိ ပုစ္ဆေယျံ၊

ပုထူ သမဏဗြာဟ္မဏေ။

ယောဟံ အဇ္ဇ ပဇာနာမိ၊

ယော အတ္ထော သမ္ပရာယိကော။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..။ အဟံ = အာဠဝကမည်ခေါ် တပည့်တော်သည်)။ ဒါနိ-ဣဒါနိ = သောတာပတ္တိမဂ်ဉာဏ်သွား သန်လျက်ဓားဖြင့် ယုံမှားမှု = သံသယခပင်းကို ပယ်ရှင်းပြီးပါ ယခုအခါ၌။ ပုထူ = ရှင်တော်ဘုရားမှတပါး များစွာကုန်သော။ သမဏဗြဟ္မဏေ = “အကြင်ငါကား သဗ္ဗညူဘုရား”ဟု မတရားဖော်ပြ ဝန်ခံကြသည့် ပူရဏကဿပ အစရှိသော သမဏဗြာဟ္မဏတို့ကို။ ကထံ နု ပုစ္ဆေယျံ = အဘယ်မှာလျှင် မေးတော့အံ့နည်း။ (န ပုစ္ဆေယျံ ဧဝ = ဝိစိကိစ္ဆာ ကိလေသာရန်လှေး ကင်းစင်ဝေးသဖြင့် မမေးမြန်းတော့အံ့သာလျှင်တည်း)။ ယော အဟံ = အကြင် အာဠ၀ကမည်ခေါ် တပည့်တော်သည်။ အဇ္ဇ = ဤယနေ့ကို အစပြု၍။ ယော အတ္ထော = အကြင် ပညာရကြောင်း



၂၉၈

ဥစ္စာရကြောင်း ကျော်စောခြင်းသို့ ရောက်ကြောင်း မိတ်ဆွေတို့ကို ဖွဲ့မိကြောင်း တရားအပေါင်းသည်၎င်း။ ယော သမ္ပရာယိကော = အကြင် တမလွန်လောက ဟိုဘဝသို့ရောက်သော် မစိုးရိမ်ရကြောင်း တရားအပေါင်းသည်၎င်း။ အတ္ထိ = ရှိ၏။ တံ = ထိုတရားအပေါင်းကို။ ပဇာနာမိ = ရှင်တော်ဘုရား ဟောညွှန်ကြားသဖြင့် ပိုင်းခြားထင်ထင် ကိုယ်တိုင် သိမြင်ရပေ၏။ (တသ္မာ = ထို့ကြောင့်။ န ပုစ္ဆေယျံ ဧဝ = စိတ်ကျေနပ်ရေး အခြားသူတို့ကို မမေးတော့အံ့သည်သာလျှင်တည်း)။

     ယခုအခါ အာဠ၀ကဘီလူးသည် မိမိရရှိသော အသိဉာဏ်ပညာ၏ မြတ်စွာဘုရားလျှင် အမွန်အစ ပဘဝရှိကြောင်းကို ကောင်းစွာ ပြလိုသည်ဖြစ်၍ ဤဂါထာကို လျှောက်ဆိုပြန်လေသည်-

အတ္ထာယ ဝတ မေ ဗုဒ္ဓေါ၊

ဝါသာယာဠဝိမာဂမာ။

ယောဟံ အဇ္ဇ ပဇာနာမိ၊

ယတ္ထ ဒိန္နံ မဟပ္ဖလံ။

ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားသည်။ မေ = အာဠဝကမည်ခေါ် တပည့်တော်၏။ အတ္ထာယ = လောကီ လောကုတ္တရာ ချမ်းသာကောင်းကျိုး ပွါးတိုးစည်ပင်ခြင်းငှါ။ အာဠဝိံ = အာဠဝီခေါ် မင်းနေပြည်တော်သို့။ ဝါသာယ = ဝါလပတ်လုံး သီတင်းသုံး နေထိုင်တော်မူခြင်းငှါ။ အာဂမာ ဝတ = ကရုဏာရှေးရှူ ကြွလာတော်မူပေစွာ့တကား။ ယော အဟံ = အကြင် အာဠဝကမည်ခေါ် တပည့်တော်သည်။ ယတ္ထ = အကြင်ဘုရားသဗ္ဗညူ၌။ ဒိန္နံ = သဒ္ဓါဖွေးဖြူ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိပေ၏။ တံ = ထိုအမြတ်ဆုံးအလှူခံ ဉာဏ်သဗ္ဗညူသခင်



၂၉၉

ဘုရားရှင်ကို။ အဇ္ဇ = ယခု။ ပဇာနာမိ = ပိုင်းခြားထင်ထင် သိမြင်ရလေပြီ။

     ဤသို့လျှင် အာဠ၀ကဘီလူးသည် ဤဂါထာဖြင့် မိမိ၏ အစီးအပွါးကောင်း ရရှိကြောင်းကို ပြဆိုပြီး၍ ယခုအခါ မိမိသည် သူတပါးတို့ အစီးအပွါးဖြစ်ရန် ကျင့်ကြံမည့်အကြောင်းကို ကောင်းစွာ ဖော်ပြလိုသည်ဖြစ်၍ ဤဂါထာကို ဆက်၍ လျှောက်ဆိုပြန်လေသည်-

သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။

နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။

(ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား..)။ သော အဟံ = ထို အာဠဝကမည်ခေါ် တပည့်တော်သည်။ (အဇ္ဇ ပဋ္ဌာယ = ဘုရားနှင့်တွေ့ ဤယနေ့မှစ၍)။ သမ္ဗုဒ္ဓံ-သမ္ဗုဒ္ဓဘာဝဉ္စ = သုံးလောကထွတ်ထား ရှင်တော်ဘုရား၏ များပြားပြောဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံထင်ရှား ဟုတ်မှန်သော ဘုရားအဖြစ်ကို၎င်း။ ဓမ္မဿ = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်၏။ သုဓမ္မတဉ္စ = ဝဋ်မှထွက်ကြောင်း ကောင်းသော တရားအဖြစ်ကို၎င်း။ နမဿမာနော =

“သုံးလူ့ရှင်ပင်၊ ဒို့ထိပ်တင်သည်၊ သဗ္ဗညုတ၊ ဉာဏဦးကိုင်၊ စိုးမိုးပိုင်သည့်၊ ဘုန်းလှိုင်ဘုရား၊ မှန်လှငြား၏..။ မြတ်ဖျားဇိနော်၊ စိန္တေယျော်သည်၊ ဆယ်ဖော်ဓမ္မ၊ မြတ်ထွတ်လှကို၊ စ,လယ်,အဆုံး၊ သုံးပါးအစုံ၊ ကောင်းခြင်းဂုဏ်နှင့်၊ ပြည့်စုံထင်ရှား၊ ဟောညွှန်ကြားခဲ့..။ ရှစ်ပါးအရိယာ၊ မြတ်သံဃာလည်း၊ သိက္ခာသုံးရပ်၊ ချီးမွမ်းအပ်သည့်၊ စေ့စပ်လုံးစုံ၊ ကျင့်ဖုံဖုံကို၊ အာရုံနှစ်လို့၊ အားသစ်မြို့၏”-

ဤသို့စသည် ရတနာသုံးမည်၏ ဂုဏ်ရည်သီးသီး အံ့မပြီးကို တချီးမွမ်းမွမ်း မြွက်ဆိုညွှန်း၍ ဦးစွန်းထိပ်ပြင် ဆယ်လက်စုံတင်ပြီးလျှင် ကြည်ရွှင်မြတ်နိုး ရှိခိုးပူဇော် နိဗ္ဗာန်ဆော်တဦးဖြစ်လျက်။ ဂါမာ = နတ်ရွာတခုမှ။



၃၀၀

ဂါမံ = နတ်ရွာတခုသို့၎င်း။ ပုရာ = နတ်ပြည်တခုမှ။ ပုရံ = နတ်ပြည်တခုသို့၎င်း။ ဝိစရိဿာမိ = လှည့်လည်ကျက်စား သွားလာ ကြွေးကြော်ပါတော့အံ့ဘုရား..။

ဤသို့လျှင်-

(၁) အာဠ၀ကဘီလူး လျှောက်ဆိုသော ဤဂါထာ၏ ပြီးဆုံးခြင်း,

(၂) ညဉ့်မှောင်ကင်းရှင်း မိုးစင်စင်လင်းခြင်း,

(၃) ကောင်းကြီးကြွေးကြော် သာဓုခေါ်သံ၏ ဆူညံစွာ ဖြစ်ပေါ်ခြင်း,

(၄) အာဠ၀ကမင်းသားကို မင်းချင်းများက ဘီလူး၏ ဗိမာန်အရောက် ပို့ဆောင်ကြခြင်း-

ဤကိစ္စလေးချက်သည် တပြိုင်နက်တည်းသောကာလ၌ ဖြစ်လေ၏။

     မင်းချင်းယောက်ျားတို့သည် ကောင်းကြီးကြွေးကြော် သာဓုခေါ်သံကို ကြားကြရ၍ “ဤသို့ သဘောရှိသော ကောင်းကြီးကြွေးကြော် သာဓုခေါ်သံသည် မြတ်စွာဘုရားတို့ကိုထား၍ အခြားသူတို့အား မဖြစ်ပေါ်နိုင်၊ မြတ်စွာဘုရားရှင်သည် ကြွလာတော်မူများ ကြွလာတော်မူလေရော့သလား”ဟု ဆင်ခြင်ကြည့်ရှုကြသည်ရှိသော် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်ကို ဖူးမြော်ကြရ၍ ရှေးတုန်းကကဲ့သို့ အပြင်အပ၌ မရပ်တည်ကြတော့ပဲ ရဲရဲရင့်ရင့်ပင် ဗိမာန်အတွင်းသို့ ဝင်ကြလေသော် ဘီလူး၏ဗိမာန်၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူသည်ကို၎င်း, အာဠဝကဘီလူး လက်အုပ်ချီ၍ ရပ်တည်နေသည်ကို၎င်း ပက်ပင်းပါ တွေ့မြင်ကြရလေကုန်၏။

     ထိုသို့ တွေ့မြင်ကြပြီးလျှင် အာဠဝကဘီလူးကို မင်းချင်းယောက်ျားတို့သည် “အိုဘီလူးကြီး.. ဤအာဠဝကမင်းသားကို သင့်အတွက် ဗလိနတ်စာပူဇော်ရန် ဆောင်ယူအပ်ခဲ့ပါပြီ၊ ယခုပင် ထိုမင်းသားကို ခဲလိုမူလည်း ခဲလော့၊ စားလိုမူလည်း စားလော့၊



၃၀၁

အကြောင်းအားလျော်စွာ ပြုလိုရာ ပြုပါလော့”ဟု ပြောဆိုကြကာ မင်းသားကို ဘီလူးလက်သို့ ရဲရဲရင့်ရင့် ပေးအပ်ကြလေကုန်၏။ အာဠ၀ကဘီလူးသည် ထိုအချိန်၌ သောတာပန်အရိယာ ဖြစ်ပြီးဖြစ်သောကြောင့်၎င်း, (အထူးသဖြင့်) မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်၌ ထိုသို့ ပြောဆိုအပ်သောကြောင့်၎င်း များစွာ ရှက်နိုးလှလေသည်။

     ထို့နောက် အာဠ၀ကဘီလူးသည် ထိုအာဠ၀ကမင်းသားကို လက်နှစ်ဖက်တို့ဖြင့် တယုတယ ပွေ့ချီခံယူပြီးလျှင်-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤမင်းသားကို အကျွန်ုပ်အတွက် ပို့ဆက်အပ်ပါပြီ၊ အကျွန်ုပ်သည် ဤမင်းသားကို မြတ်စွာဘုရားအား ပေးကပ်လှူဒါန်းပါ၏။ မြတ်စွာဘုရားတို့သည် သတ္တလောကအား စီးပွါးဖြစ်လောက်အောင် သနားစောင့်ရှောက်တော်မူကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် ဤအာဠဝကမင်းသားကို ဤမင်းသား၏ စီးပွါးချမ်းသာဖြစ်ဖို့ရန် ခံယူတော်မူပါလော့”–

ဟု လျှောက်ထားကာ မြတ်စွာဘုရားအား ဆက်ကပ်လိုက်လေ၏။ ဤဂါထာကိုလည်း ရွတ်ဆို လျှောက်ထားလိုက်လေ၏-

ဣမံ ကုမာရံ သတပုညလက္ခဏံ၊

သဗ္ဗင်္ဂုပေတံ ပရိပုဏ္ဏဗျဉ္ဇနံ။

ဥဒဂ္ဂစိတ္တော သုမနော ဒဒါမိ တေ၊

ပဋိဂ္ဂဟ လောကဟိတာယ စက္ခုမ။

စက္ခုမ = စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား..။ (အဟံ = အာဠဝကမည်ခေါ် တပည့်တော်သည်)။ ဥဒဂ္ဂစိတ္တော = တက်ကြွရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ သုမနော = ချမ်းသာသော စိတ်ရှိသည်ဖြစ်၍။ သတပုညလက္ခဏံ = အရာမက ရှေးပုညကြောင့် ပြည့်ဝစုံစွာ လက္ခဏာလည်း ရှိထသော။



၃၀၂

သဗ္ဗင်္ဂုပေတံ = အလုံးစုံသော အင်္ဂါကြီးငယ်တို့နှင့် ပြည့်ကြွယ်စွာထသော။ ပရိပုဏ္ဏဗျဉ္ဇနံ = ပြည့်ဖြိုးဝန်းကျင် အသွင်သဏ္ဌာန်လည်း ရှိထသော။ ဣမံ ကုမာရံ = အာဠ၀က နာမတွင်ငြား ဤမင်းသားကို။ တေ = အရှင်ဘုရားအား။ ဒဒါမိ = သဒ္ဓါကြည်ဖြူ ပေးလှူပါ၏။ (တွံ = အရှင်ဘုရားသည်)။ လောကဟိတာယ = သတ္တလောက၏ အစီးအပွါး ကြီးထွားစေခြင်းငှါ။ ပဋိဂ္ဂဟ = ကရုဏာရှေးရှူ အလှူခံတော်မူပါဘုရား..။

     မြတ်စွာဘုရားရှင်သည် အာဠဝကမင်းသားငယ်ကို လက်တော်ဖြင့် ခံယူတော်မူလေ၏၊ ထိုသို့ ခံယူတော်မူရင်းပင် ဘီလူးနှင့် မင်းသားတို့၏ အသက်ရှည်ကြာ အနာကင်းပျောက် အစီးအပွါးရောက်ခြင်းအကျိုးငှါ မင်္ဂလာအာသီသအမှု ပြုတော်မူလို၍ တပိုဒ်လျော့သော (အဖြည့်ခံသဘော) ဂါထာကို ဟောတော်မူလေသည်။ ထိုတပိုဒ်လျော့ (အဖြည့်ခံ)ဂါထာကို အာဠ၀ကဘီလူးသည် မင်းသားကလေး သရဏဂုံတည်စေရန် သုံးကြိမ်တိုင်တိုင် စတုတ္ထပိုဒ်ဖြင့် ဖြည့်၍ပေးလေသည်။ ဤသို့ မြတ်စွာဘုရားရှင်နှင့် အာဠ၀ကဘီလူးတို့ အဖြည့်ခံ အဖြည့်စွက် သဘောဖြင့် ဟောကြား ရွတ်ဆိုအပ်သော ဂါထာတို့မှာ ဤဆိုလတ္တံ့သောအတိုင်း ဖြစ်လေသည်-

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ ဗုဒ္ဓံ။ (၁)

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ ဓမ္မံ။ (၂)



၃၀၃

(ဗုဒ္ဓ)

ဒီဃာယုကော ဟောတု အယံ ကုမာရော၊

တုဝဉ္စ ယက္ခ သုခိတော ဘဝါဟိ။

အဗျာဓိတာ လောကဟိတာယ တိဋ္ဌထ၊

(ယက္ခ)

အယံ ကုမာရော သရဏမုပေတိ သံဃံ။ (၃)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယ စိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့် ဘီလူး သင်တို့နှစ်ဦးသည်)။ အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၁)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယစိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့်ဘီလူး သင်တို့နှစ်ဦးသည်)။



၃၀၄

အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဓမ္မံ= မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်ကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၂)

(ဗုဒ္ဓ) အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ ဒီဃာယုကော = ရှည်သော အသက်ရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ယက္ခ = အာဠဝက နာမမည်ထူး ဒကာဘီလူး..။ တုဝဉ္စ = သင်ဒကာ ဘီလူးသည်လည်း။ သုခိတော = ကာယစိတ္တ သုခနှစ်ပါးနှင့် ပြည့်စုံသည်။ ဘဝါဟိ = ဖြစ်စေသတည်း။ (တုမှေ = မင်းသားနှင့်ဘီလူး သင်တို့နှစ်ဦးသည်)။ အဗျာဓိတာ = ကိုးဆယ့်ခြောက်ဖြာ ရောဂါခပ်သိမ်း ကင်းငြိမ်းကြကုန်လျက်။ လောကဟိတာယ = လူသူအများ အစီးအပွါးအလို့ငှါ။ တိဋ္ဌထ = အခါမြင့်ရှည် တည်ကြစေကုန်သတည်း။

(ယက္ခ) (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ အယံ ကုမာရော = အာဠဝကမည်ငြား ဤမင်းသားသည်။ သံဃံ = ပရမတ္ထ အရိယာ သံဃာတော်မြတ်ကို။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေတိ = ရိုသေလေးမြတ် ဆည်းကပ်သိရှိပါ၏ဘုရား..။ (၃)



၃၀၅

     မြတ်စွာဘုရားရှင်သည် “ဤမင်းသားငယ်ကို ကြီးပြင်းအောင် မွေးကျွေးကြပြီးလျှင် ငါဘုရားအားပင်လျှင် တဖန်ပြန်၍ ပေးကြရမည်”ဟု မိန့်ဆိုတော်မူကာ မင်းသားငယ်ကို မင်းချင်းတို့၏လက်သို့ ပေးအပ်တော်မူလေသည်။

ဟတ္ထကအာဠဝကဟု အမည်တွင်ခြင်း

     မင်းသားငယ်၏ မူလအမည်မှာ “အာဠဝက”ဟူ၍ ဖြစ်လေသည်၊ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း အာဠ၀ကဘီလူးကို ဆုံးမတော်မူသောနေ့ဝယ် ထိုမင်းသားငယ်သည် မင်းချင်းတို့၏လက်မှ ဘီလူးလက်သို့, ဘီလူး၏လက်မှ မြတ်စွာဘုရား လက်တော်သို့, မြတ်စွာဘုရားရှင်လက်တော်မှ တဖန် မင်းချင်းတို့၏လက်သို့ အဆင့်ဆင့် ကူးပြောင်း ရောက်ရှိလေသောကြောင့် အမည်အားဖြင့် “ဟတ္ထကအာဠဝက”ဟူ၍ အမည်တွင် လေသည်။ (ဟတ္ထကာဠဝက-ဟူ၍လည်း ခေါ်ဆိုကြလေသည်)။

     ထိုမင်းသားငယ်ကို ပွေ့ချီ၍ ပြန်လာကြသည့် မင်းချင်းယောက်ျားများကို မြင်ကြရ၍ လယ်သမား တောအလုပ်သမား အစရှိသော မြင်သမျှ လူအပေါင်းတို့သည် “အသို့နည်း (=ဘယ့်နှယ်လဲ) အာဠ၀ကဘီလူးသည် မင်းသားကလေးကို အလွန်ငယ်သောကြောင့် မစားလိုပဲ ရှိသလော” ဤသို့စသည်ဖြင့် ကြောက်လန့်တကြား မေးမြန်းကြလေကုန်၏။ မင်းချင်းယောက်ျားတို့သည် “အမောင်တို့.. မကြောက်ကြလင့်၊ မြတ်စွာဘုရားသည် ဘေးကင်းအောင် ပြုတော်မူအပ်ပြီ” ဤသို့ အစရှိသည်ဖြင့် ဖြစ်ရပ်အလုံးစုံကို ပြန်ကြားပြောဆိုကြလေကုန်၏။

     ထိုအခါ “သာဓု သာဓု”ဟူ၍ ကောင်းကြီးပေးကြကာ အာဠဝီပြည်အလုံးသည် “မြတ်စွာဘုရားရှင်က ဘေးကင်းအောင် ပြုတော်မူအပ်ပြီတဲ့၊ မြတ်စွာဘုရားရှင်က ဘေးကင်းအောင် ပြုတော်မူအပ်ပြီတဲ့”ဟု အုတ်ကျက်ဆူညံ တခုတည်းသော ကောလာဟလအသံဖြင့် အာဠ၀ကဘီလူး ရှိရာဖက်သို့ မျက်နှာရှေးရှူ မူလျက်သား



၃၀၆

ရှိလေ၏။ အာဠ၀ကဘီလူးသည်လည်း မြတ်စွာဘုရားရှင် ဆွမ်းခံဝင်ချိန်သို့ ရောက်လတ်သော် သပိတ်သင်္ကန်းကို ယူဆောင်၍ ခရီးတဝက်ရောက်အောင် မြတ်စွာဘုရားကို လိုက်ပါပို့ဆောင်ပြီးမှ မိမိ၏ ဘုံဗိမာန်သို့ ပြန်နစ်လေ၏။

ဓမ္မာဘိသမယကျွတ်ပွဲကြီး

     ထို့နောက် မြတ်စွာဘုရားရှင်သည် အာဠဝီပြည်အတွင်း၌ ဆွမ်းခံ လှည့်လည်တော်မူပြီးလျှင် ဆွမ်းကိစ္စ ပြီးလတ်သည်ရှိသော် မြို့တံခါးဝဝယ် ဆိတ်ငြိမ်သော တခုသောသစ်ပင်ရင်း ခင်းထားအပ် မြတ်သောဘုရားနေရာ၌ ထိုင်နေတော်မူလေ၏၊ ထိုအခါ မှူးမတ်ဗိုလ်ပါ အပေါင်းနှင့်တကွ အာဠဝကမင်းသည်၎င်း, အာဠဝီ ပြည်သူပြည်သားတို့သည်၎င်း တစုတပေါင်းတည်း မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးလျှင် ဝန်းဝိုင်းခြံရံကာ ထိုင်နေကြကုန်လျက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် အဘယ်သို့သော နည်းလမ်းဖြင့် ဤမျှလောက် ကြမ်းတမ်းရက်စက်သော ဘီလူးကို ဆုံးမ ချေချွတ်တော်မူကြပါသနည်း”ဟု မေးမြန်း လျှောက်ထားကြလေကုန်၏။

     မင်းနှင့်တကွသော ထိုအာဠဝီ ပြည်သူပြည်သား လူများအပေါင်းအား မြတ်စွာဘုရားရှင်သည် အာဠ၀ကဘီလူး၏ စစ်ထိုးမှုက တရားဦးစ–တော်မူကာ “ဤသို့ဤပုံ လက်နက်မိုး ကိုးမျိုးကို ရွာသွန်းစေခဲ့လေပြီ၊ ဤသို့ဤပုံ ကြောက်မက်ဖွယ်ကို ပြုခဲ့လေပြီ၊ ဤသို့ဤပုံ ငါဘုရားကို ပြဿနာ မေးလျှောက်လေပြီ၊ ထိုဘီလူးအား ငါဘုရားသည် ဤသို့ဤပုံ ပြဿနာကိုဖြေကြား တရားဟောတော်မူခဲ့လေပြီ”ဟု အကြောင်းအရာအကျယ်ကို ညွှန်ပြတော်မူကာ (၁၂) တဆယ့်နှစ်ဂါထာရှိသော ဖော်ပြရာပါ အာဠဝကသုတ္တန်ကို တဖန် ဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။



၃၀၇

ဒေဝတာဗလိ အမြဲပူဇော်ကြခြင်း

     ထို့နောက် အာဠ၀ကမင်းနှင့် တကွသော အာဠဝီ ပြည်သူပြည်သား လူအများတို့သည် ဝေဿဝဏ်နတ်မင်း၏ (ရှိရင်း) နတ်ကွန်းဗိမာန်၏အနီး၌ အာဠ၀ကဘီလူးအတွက် ဗိမာန်နတ်ကွန်းအသစ် တည်ဆောက်ကြပြီးလျှင် ပန်း, နံ့သာ အစရှိသော ပူဇော်ဖွယ်နှင့်ပြည့်စုံသော ဒေဝတာဗလိကို အမြဲတစေ ဖြစ်စေကြလေကုန်၏။

     အာဠဝကမင်းသားကလေးကိုလည်း သိ,ကြား,လိမ္မာသောအရွယ်သို့ ရောက်သောအခါ “သင်မင်းသားသည် မြတ်စွာဘုရားကို အမှီပြု၍ အသက်ရှင်မှုကို ရခဲ့လေသည်၊ သွားပါလော့ မြတ်စွာဘုရားကိုသာလျှင် ဆည်းကပ် လုပ်ကျွေးပါလော့၊ ရဟန်းသံဃာကိုလည်း ဆည်းကပ် လုပ်ကျွေးပါလော့”ဟု ပြောဆိုကြကာ မြတ်စွာဘုရားထံတော်သို့ ပို့သစေလွှတ်ကြလေကုန်၏။ မင်းသားကလေးသည် မြတ်စွာဘုရားကို၎င်း, ရဟန်းသံဃာကို၎င်း ဆည်းကပ်ပြုစု လုပ်ကျွေးကာ တရားနှလုံး ကျင့်သုံးပွါးများ၍ မကြမြင့်မီပင် အနာဂါမိဖိုလ်၌ တည်ပြီးနောက် ပိဋကသုံးပုံ အလုံးစုံသော ဘုရားစကားကို သင်ကြားတတ်မြောက်ပြီးလျှင် သီတင်းသည် ဥပါသကာငါးရာ အခြံအရံရှိသူ ဖြစ်လေ၏။ နောက်တချိန်၌ မြတ်စွာဘုရားသည် ဧတဒဂ်ဘွဲ့နှင်းသဘင် ယင်တော်မူသောအခါ တိုဟတ္ထကာဠ၀က သီတင်းသည် အနာဂါမ်မင်းသားကို သင်္ဂဟဝတ္ထုလေးပါးဖြင့် ပရိသတ်အား ချီးမြှောက်သောအရာဝယ် ဧတဒဂ်ဘွဲ့ထူး ချီးကျူး ပေးသနားတော်မူလေသတည်း။

ဤတွင် အခဏ်း ၃၃-ပြီး၏။