မဟာဗုဒ္ဓဝင်/အခန်း- ၃၁

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၃၁

၁၃၅

အခဏ်း-၃၁

ကလန္ဒသူဌေးသား ရှင်သုဒိန်အကြောင်း

     ထိုစဉ်အခါ ဝေသာလီပြည်၏အနီး ကလန္ဒမည်သောရွာဝယ် သုဒိန်မည်သော ကလန္ဒသူဌေးသားသည် ရှိ၏၊ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် များစွာသော သူငယ်ချင်းတို့နှင့်အတူ တစုံတခု ပြုဖွယ်ကိစ္စဖြင့် ဝေသာလီပြည်သို့ ရောက်ရှိလာလေသည်။

(ရှဉ့်နက်များ ပေါများသောကြောင့် ရွာအမည်မှာ ကလန္ဒမည်လေသည်။ ကလန္ဒသူဌေးမှာ ကုဋေလေးဆယ် ကြွယ်ဝ၍ မင်းအသိအမှတ်ပြုအပ်သော သူဌေးဖြစ်လေသည်၊ သူဌေးသားသုဒိန် ဝေသာလီပြည်သို့ လာရောက်ခြင်းမှာ အရောင်းအဝယ်ကိစ္စ, ကြွေးမြီသိမ်းယူခြင်းကိစ္စ, နေ့ရက်အချိန်းအချက် ပေးခြင်းကိစ္စ- စသည်ဖြင့် လာရောက်ခြင်းဖြစ်သည်။

ကျတ္တိကာနက္ခတ်သဘင် ပျော်ရွှင်ကစားလိုသော ကိစ္စဖြင့် လာရောက်ခြင်းဖြစ်သည်ဟုလည်း ဆရာတို့ ဆိုတော်မူကြ၏။ မှန်၏- မြတ်စွာဘုရားရှင်သည် တန်ဆောင်မုန်း လဆန်းပက္ခ၌ ဝေသာလီပြည်သို့ ရောက်တော်မူသည်၊ ဝေသာလီပြည်၌ ကျတ္တိကာ နက္ခတ်သဘင်ကား အလွန်စည်ကားလှ၏၊ ထိုပွဲလမ်းသဘင်အတွက် သူဌေးသားသုဒိန် လာရောက်ခြင်းဖြစ်သည်)။

     ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီပြည်မှ နံနက်စာစား၍အပြီး စင်ကြယ်သော အဝတ်များကို ဝတ်ဆင်ကာ ပန်းနံ့သာ နံ့သာပျောင်းများကို လက်စွဲလျက် ဘုရားဖူးရန် တရားနာရန် ထွက်လတ်သော လူအပေါင်းကို မြင်လေလျှင် “အဘယ်အရပ်သို့ သွားကြမည်နည်း”ဟု မေး၍ “ဘုရားဖူးရန် တရားနာရန် သွားကြကုန်အံ့”ဟု လူများအပေါင်းက ဖြေဆိုလတ်သော် “ထိုသို့ဖြစ်လျှင် ငါသည်လည်း လိုက်ပါသွားအံ့”ဟု ပရိသတ်နှင့်အတူ လိုက်ပါသွားလေသော် ပရိသတ်လေးပါး ခြံရံလျက် ဗြဟ္မာမင်း၏ အသံကဲ့သို့သော အသံဖြင့် တရားဟောနေတော်မူသော မြတ်စွာဘုရားရှင်ကို ကြည်ညိုစဖွယ် ဖူးမြင်ရ၍ ရှေးကုသိုလ်ကံ နှိုးဆော်တိုက်တွန်းအပ်ရကား “ငါသည်လည်း တရားနာရမူ



၁၃၆

ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင် ပရိသတ်အလွန်များသဖြင့် မြတ်စွာဘုရားရှင်၏ အနီးရောက်အောင် မသွားနိုင်ပဲ ပရိသတ်အစွန်အဖျား သင့်လျောက်ပတ်ရာ နေရာ၌ ထိုင်နေကာ တရားနာလေ၏။

     ထိုသို့ တရားနာနေစဉ် မြတ်စွာဘုရားရှင် ဟောကြားအပ်သည့် သီလ, သမာဓိ, ပညာ = သိက္ခာသုံးပါးနှင့်စပ်သော တရားစကားကို အတန်ငယ် ကြားနာရလျှင်ပင် ကလန္ဒသူဌေးသား သုဒိန်၏ စိတ်သန္တာန်ဝယ်-

“ငါသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွာ့”–

ဟူ၍ အကြံကောင်းဖြစ်လေ၏။

     ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် တရားနာပြီး၍ ထသွားသော ပရိသတ်နှင့်အတူ အတန်ငယ် လိုက်ပါသွားလေသည်၊ အကြောင်းမှာ ထိုပရိသတ်ထဲ၌ သူဌေးသားသုဒိန်၏ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟများ များစွာပါရှိလေသည်၊ ထိုသူတို့သည် “အမောင်ကား မိဖနှစ်ပါး၏ တဦးတည်းသော သားဖြစ်သည်၊ သင်ရဟန်းပြုခွင့်ကို ဘယ်နည်းဖြင့်မျှ မရနိုင်”ဟု ပြောဆိုကြကာ လက်ရုန်းကိုသော်မူလည်း ဆွဲငင် ခေါ်ဆောင်ကြပေလိမ့်မည်။ ထိုသို့ဆွဲဆောင်လျှင် ရဟန်းပြုခြင်း၏အန္တရာယ် ဖြစ်ပေလိမ့်မည်ဟု ကြံစည်ကာ ပရိသတ်နှင့်အတူ ထသွားကာ အတန်ငယ်လိုက်ပါပြီးလျှင် တဖန် တစုံတခု ကိုယ်လက်သုတ်သင်ရန်ကိစ္စ ရှိဟန်အယောင်ဖြင့် ပြန်နစ်ခဲ့၍ မြတ်စွာဘုရား ထံတော်မှောက်သို့ ချဉ်းကပ်ပြီးလျှင်-



၁၃၇

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေ့ရပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ”—

ဟု လျှောက်ထားတောင်းပန်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရာဟုလမင်းသားကို ရှင်ပြုသောအချိန်မှစ၍ မိဖနှစ်ပါး ခွင့်မပြုသောသားကို ရှင်ရဟန်းပြု၍ ပေးတော်မမူရကား “သုဒိန်.. သင့်ကို အမိအဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုပြီး၏လော”ဟု မေးတော်မူလေလျှင် သူဌေးသားသူဒိန်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကို မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုသေးပါ”ဟု လျှောက်ထားလေသည်။ တဖန် မြတ်စွာဘုရားရှင်က “သုဒိန်.. မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသောသားကို ရဟန်းပြုပေးတော်မမူကုန်”ဟု မိန့်တော်မူလေလျှင် သူဌေးသား သုဒိန်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အမိအဖတို့က ခွင့်ပေးအောင် ပြုပါမည်ဘုရား”ဟု ပြန်ကြား လျှောက်ထားလေ၏။

     ထို့နောင်မှ သူဌေးသားသုဒိန်သည် ဝေသာလီပြည်၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် ကလန္ဒရွာ အမိအဖတို့ထံသို့ ချဉ်းကပ်ပြီးသော် အမိအဖတို့ကို-



၁၃၈

“မိခင်ဖခင်တို့.. အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားကို အနည်းနည်းဖြင့် စဉ်းစားဆင်ခြင်ကြည့်သောအခါ လူ့ဘောင်၌ နေသောသူသည် စင်စစ် ပြည့်စုံစင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်အတူ ဤမြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ဖို့ရန် မလွယ်ကူသည်ကို တွေ့သိရပါသည်။ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အခွင့်ပြုပါကုန်”–

ဟု ခွင့်ပန်စကား ပြောကြားလေသည်။ ထိုအခါ မိဖနှစ်ပါးတို့က သူဌေးသားသုဒိန်ကို-

“ချစ်သားသုဒိန်.. သင်သည် ငါတို့၏ အလွန်ချစ်ခင် နှစ်သက်အပ်သည့် တဦးတည်းသောသား ဖြစ်သည်၊ ချမ်းသာစွာ ကြီးပွါးစေအပ်သူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေသည်။ ချစ်သားသုဒိန်.. သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ပဲလျက် သင်နှင့် ခွဲခွာကြရမည် ဖြစ်ပါသည်။ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း”-

ဟု မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသော် သူဌေးသားသုဒိန်သည် နှစ်ကြိမ်မြောက်လည်း ရှေးနည်းအတူ ခွင့်ပန်စကား ပြောကြားပြန်လေသည်၊ မိဖနှစ်ပါးတို့ကလည်း ထို့အတူပင် မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသည်။ သုံးကြိမ်မြောက်လည်း သူဌေးသားသုဒိန်သည် ရှေးနည်းအတူ ခွင့်ပန်စကား ပြောကြားလေသည်၊ သုံးကြိမ်မြောက်လည်း မိဖတို့က ထို့အတူပင် မြစ်ပယ်စကား ပြန်ကြား ပြောဆိုကြလေသည်။



၁၃၉

     ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် “ငါကိုဖြင့် မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် (ဘယ်နည်းဖြင့်မျှ) ခွင့်မပြုကြတော့ကုန်”ဟု သိရှိပြီးလျှင် အခင်းမရှိသော မြေပေါ်၌ “ဤနေရာ၌ပင် ငါ၏ သေခြင်းသော်၎င်း, ရဟန်းအဖြစ်သော်၎င်း ဖြစ်လိမ့်မည်”ဟု ပြောဆိုကာ ထိုခွင့်ပန်စကား ပြောကြားသော နေရာ၌ပင် အိပ်၍ ထမင်းတနပ်ကိုလည်း မစား၊ နှစ်နပ်ကိုလည်း မစား၊ သုံးနပ်, လေးနပ်, ငါးနပ်, ခြောက်နပ်, ခုနစ်နပ်ကိုလည်း မစားပဲ (အစာငတ်ခံ၍) မိမိ၏ ကြီးကဲသော ကုသိုလ်ဆန္ဒကို ဖော်ပြလေ၏။

     ထိုအခါ မိဖတို့သည် သူဌေးသားသုဒိန်ကို-

“ချစ်သားသုဒိန်.. သင်သည် ငါတို့၏ အလွန်ချစ်ခင် နှစ်သက်အပ်သည့် တဦးတည်းသော သားဖြစ်သည်၊ ချမ်းသာစွာ ကြီးပွါးစေအပ်သူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေသည်။ ချစ်သားသုဒိန်.. သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ပဲလျက် သင်နှင့် ခွဲခွာကြရမည်ဖြစ်ပါသည်။ အသက်ရှင်နေသော သင့်ကို ငါတို့သည် လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း။ ချစ်သားသုဒိန်.. ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားကာ သောက်ကာ ပျော်ရွှင်ကာနှင့် ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန်ကား ငါတို့သည် (အဘယ်နည်းဖြင့်မျှ) ခွင့်မပြုနိုင်ကုန်”—

ဟု ပြောဆိုကြလေသည်။ ဤသို့ ပြောကြကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ်နေ၏။ ထို့အတူ မိဖတို့က နှစ်ကြိမ်မြောက် ပြောဆိုကြသောအခါ သုံးကြိမ်မြောက် ပြောဆိုကြသော



၁၄၀

အခါမှာလည်း သူဌေးသား သုဒိန်သည် ရှေးနည်းအတူ ဆိတ်ဆိတ်သာလျှင် နေ၏။

     ထိုအခါ သုဒိန်၏ မိဖတို့သည် သုံးကြိမ်တိုင်တိုင် ပြောကြ၍ စကားတုံ့မျှ မရကြသည်ရှိသော် သုဒိန်၏ သူငယ်ချင်းတို့ကို အခေါ်ခိုင်း၍ “မောင်တို့၏သူငယ်ချင်း သုဒိန်သည် ရဟန်းပြုချင်နေသည်။ ထိုသုဒိန်ကို တားမြစ်ကြပါလော့”ဟု ပြောဆိုကြလေသော် သူဌေးသားသုဒိန်၏ သူငယ်ချင်းတို့သည်လည်း သုဒိန်ထံသို့ သွားရောက်ကြကာ မိဖတို့ပြောဆိုသည့် နည်းအတိုင်း သုံးကြိမ်တိုင်တိုင် ပြောဆိုကြလေသည်။ ထိုသူငယ်ချင်းတို့အားလည်း သုဒိန်သည် စကားတုံ့မပြန်ပဲ ဆိတ်ဆိတ်သာလျှင် နေလေ၏။

     ထိုအခါ သုဒိန်၏သူငယ်ချင်းတို့ စိတ်သန္တာန်ဝယ် “ဤသုဒိန်သည် အကယ်၍ ရဟန်းပြုခွင့်မရရှိ၍ သေလွန်ခဲ့သော် တစုံတရာ ကျေးဇူးမရှိနိုင်ချေ။ အထူးအားဖြင့် ရဟန်းပြုရလျှင် သူ့ကို မိဖတို့ရော ငါတို့ပါ အလိုရှိသောအခါမှာ တွေ့မြင်ကြရပေလိမ့်မည်။ ရဟန်းအဖြစ်မည်သည်လည်း အလွန်ဝန်လေးလှ၏။ နေ့စဉ် နေ့စဉ် မြေသပိတ်ကို စွဲကိုင်ကာ ဆွမ်းခံလှည့်လည်ရ၏။ တယောက်တည်း အိပ်ရ၍ နံနက်တထပ်သာ စားရသော မြတ်သောအကျင့်ကို အလွန်ပြုကျင့်နိုင်ခဲ၏၊ ဤသုဒိန်သည်လည်း သိမ်မွေ့လှသည့် မြို့ကြီးသား တယောက် ဖြစ်လေသည်။ သူသည် တယောက်တည်းအိပ်ရ၍ နံနက်တထပ်သာ စားရသော ထိုမြတ်သော အကျင့်ကို ဘယ်လိုနည်းနှင့်မျှ မကျင့်နိုင်ပဲ ဤအိမ်သို့ တဖန်ပြန်လာမည် ဧကန္တပင် ဖြစ်ချေသည်၊ ကိုင်း.. သူ၏မိဖများကို ခွင့်ပြုကြစေကုန်စို့”ဟု အကြံအစည် အတိုင်အပင် ပြုလုပ်ကြပြီးလျှင် သုဒိန်၏ မိဖများထံသို့ သွားရောက်ကြ၍ မိဖတို့ကို-

“မိခင် ဖခင်တို့.. ဤသုဒိန်သည် အခင်းမရှိသော မြေပေါ်၌ ဤနေရာ၌ပင် ငါ၏ သေခြင်းသော်၎င်း, ရဟန်း အဖြစ်သော်၎င်း ဖြစ်လိမ့်မည်ဟု ပြောဆိုကာ အိပ်၍နေ၏။ အကယ်၍ မိဖတို့သည် သုဒိန်ကို လူ့ဘောင်မှထွက်ကာ



၁၄၁

ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုကြပါမူ ထို(အိပ်သော) နေရာ၌ပင် သေခြင်းသို့ ရောက်ပါလိမ့်မည်။ အကယ်၍ မိဖတို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့်နေသော သုဒိန်ကို မြင်ကြရပါဦးမည်။ အကယ်၍ သုဒိန်သည် ရဟန်းပြုပြီးမှ ရဟန်းဘောင်၌ မပျော်ပိုက်ခဲ့ပါလျှင် သူ့အဖို့ရာ မိဖတို့အိမ်မှတပါး အခြားသွားစရာ အဘယ်မှာ ရှိအံ့နည်း၊ ဤအိမ်သို့သာလျှင် တဖန် ပြန်လာပါလိမ့်မည်၊ သုဒိန်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုသာ ပြုလိုက်ကြပါကုန်”–

ဟု အကြံပေး တိုက်တွန်းစကား ပြောကြားကြလေကုန်၏။

     ထိုအခါ သုဒိန်၏ မိဖတို့သည် “အမောင်တို့.. သုဒိန်ကို လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်ပြုပါကုန်၏”ဟု ပြောကြလေသော် သုဒိန်၏ သူငယ်ချင်းတို့သည် သူဌေးသား သုဒိန်ထံသို့ သွားရောက်ကြပြီးလျှင် “အဆွေသုဒိန်.. ထလော့၊ သင့်ကို မိဖတို့က လူ့ဘောင်မှထွက်ကာ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုအပ်လေပြီ”ဟု ပြောကြကုန်၏။

     ထိုအခါ သူဌေးသားသုဒိန်သည် “ငါ့ကို မိဖတို့က ရဟန်းပြုရန် ခွင့်ပြုအပ်ပြီတဲ့”ဟု ရွှင်လန်းတက်ကြွသော စိတ်ရှိလျက် ကိုယ်ကို လက်တို့ဖြင့် ပွတ်သပ်ကာ နေရာမှ ထပြီးနောက် တရက် နှစ်ရက် အားယူ၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးဦးညွှတ်ကာ သင့်လျော်ရာနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်ကို မိဖတို့က ရဟန်းပြုရန် ခွင့်ပြုအပ်ပါပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ”–

ဟု တောင်းပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် ကိုယ်တော်၏အနီး၌ ရှိနေသော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို “ရဟန်း.. ထိုသို့ သူဌေးသားသုဒိန် တောင်းပန်အပ်ရကား



၁၄၂

သင်ချစ်သားသည် သုဒိန်ကို ရှင်လည်း ပြုပေးလိုက်၊ ရဟန်းလည်း ခံပေးလိုက်”ဟု မိန့်တော်မူ၏။ ထိုပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတော်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံကာ ဘုရားပေးအပ်သည့် သဒ္ဓိဝိဟာရိကတပည့် သုဒိန်ကို ရရှိကာ သုဒိန်ကို ရှင်သာမဏေပြု၍လည်း ပေးလေသည်။ ရဟန်းပြု၍လည်း ပေးလေသည်။

     ရဟန်းဖြစ်၍ မကြာမီ အရှင်သုဒိန်သည် ဤဆိုလတ္တံ့သော ကိလေသာကို ခါတွက်ကြောင်း ဓုတင်အကျင့်ကောင်းတို့ကို ဆောက်တည် ကျင့်ကြံလေ၏၊ တောကျောင်းနေခြင်း အာရညိကဓုတင်ကို ဆောင်၏၊ ဆွမ်းခံ၍စားခြင်း ပိဏ္ဍပါတိကဓုတင်ကို ဆောင်၏၊ ပံသုကူသင်္ကန်းကို ဝတ်ရုံခြင်း ပံသုကူဓုတင်ကို ဆောင်၏၊ အိမ်စဉ်အတိုင်း ဆွမ်းရပ်ခြင်း သပဒါနစာရိကဓုတင်ကို ဆောင်၏။ ၀ဇ္ဇီတိုင်း မထင်ရှားသော ရွာငယ်တခုကို အမှီဂေါစရဂါမ်ပြုကာ နေတော်မူ၏။

     ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏။ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ မဲလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ထိုအခါ အရှင်သုဒိန်၏ စိတ်သန္တာန်ဝယ်–

“ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ မဲလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ဝေသာလီပြည်ဝယ် (စီးပွါးဥစ္စာ) ကြွယ်ဝသော (မြှုပ်နှံထားသည့်) ဥစ္စာပေါများသော (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ်ဘဏ္ဍာရှိသော များသော ရွှေငွေရှိသော နှစ်သက်ဖွယ်ရာ များစွာသော အသုံးအဆောင် ရတနာရှိသော (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာစပါးရှိသော ငါ၏ဆွေမျိုးတို့သည် ပေါများကုန်၏၊ ငါသည် ဆွေမျိုးတို့ကို အမှီပြု၍ နေရမူ ကောင်းလေစွာ့၊ ဆွေမျိုးတို့သည် ငါ့ကို အမှီပြု၍



၁၄၃

လှူဖွယ်တို့ကို ပေးလှူကြလိမ့်မည်၊ ကောင်းမှုတို့ကို ပြုကြလိမ့်မည်၊ ရဟန်းတို့သည်လည်း လာဘ်ကိုရရှိကြလိမ့်မည်။ ငါသည်လည်း ဆွမ်းဖြင့် မပင်ပန်းပဲ ရှိလိမ့်မည်”–

ဟု အကြံအစည် ဖြစ်ပြီးနောက် အရှင်သုဒိန်သည် အိပ်ရာနေရာတို့ကို သိုမှီး သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ဝေသာလီပြည်သို့ ဖဲခွါခဲ့ရာ အစဉ်သဖြင့် ဝေသာလီပြည်သို့ ရောက်ရှိကာ ဝေသာလီပြည်အနီး မဟာဝုန်တောအတွင်း ပြာသာဒ်ဆောင်ပေါက်သော (ကူဋာဂါရ)ကျောင်းကြီး၌ နေလေ၏။

     အရှင်သုဒိန်၏ ဆွေမျိုးများသည် “ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီပြည်သို့ ရောက်လာပြီတဲ့”ဟု သတင်းစကား ကြားသိကြပြီးလျှင် ထိုဆွေမျိုးများသည် အရှင်သုဒိန်အား ဆွမ်းအိုး ခြောက်ဆယ်တို့ကို ပို့လှူကြကုန်၏။ (ဆွမ်း တအိုး တအိုးလျှင် ရဟန်း ဆယ်ပါး ဆယ်ပါးစာရှိ၏)။ ထိုအခါ အရှင်သုဒိန်သည် (မူလ ရည်ရွယ်ချက်အတိုင်း) ထိုဆွမ်းအိုး ခြောက်ဆယ်တို့ကို ရဟန်း (ခြောက်ရာ)တို့အား စွန့်လှူပြီးလျှင် (မိမိမူကား ဥက္ကဌ် ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့်) သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ကလန္ဒရွာအတွင်းသို့ ဆွမ်းခံဝင်တော်မူ၏။ ကလန္ဒရွာ၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် မိမိ၏ဖခင် (ကလန္ဒ)သူဌေးအိမ်တံခါးဝသို့ ချဉ်းကပ်မိလေ၏။

(ဤ၌ အထူးမှာထားလိုသည်မှာ.. ဤအရှင်သုဒိန်၏ ဝဇ္ဇီတိုင်းမှ ပြန်လာသည်ကစ၍ ဖော်ပြအပ်သော ဖြစ်ရပ် အဋ္ဌုပ္ပတ်များမှာ အရှင်သုဒိန် ရဟန်းပြု၍ ရှစ်ဝါရမှ (မြတ်စွာဘုရားရှင်ကိုယ်တော် ဝါတော်နှစ်ဆယ်ရှိမှ)ဖြစ်သည့် အဋ္ဌုပ္ပတ်ဖြစ်လေသည်၊ သို့သော် အရှင်သုဒိန်၏ အကြောင်းစကား အစဉ်မပျက်အောင် ဤ၌ ဆက်လက်ဖော်ပြခြင်း ဖြစ်သည်)။

     ထိုအချိန်တွင် အရှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည် တညဉ့်လွန် သိုးလေပြီးသော မုယောမုံ့ကို (ကျွန်ယောက်ျား အလုပ်သမား နွားတို့အားသော်မှ စားသုံး၍ မဖြစ်နိုင်ရကား)



၁၄၄

အိမ့်ပြင်ပသို့ စွန့်ပစ်လိုသဖြင့် ထွက်လာဆဲဖြစ်လေ၏။ ထိုအခါ အရှင်သုဒိန်သည် ထိုကျွန်မကို “နှမ.. (အရိယာတို့၏ ခေါ်ဝေါ်ခြင်းဖြစ်သည်) ထိုမုံ့ကို အကယ်၍ စွန့်ပစ်ရမည်ဖြစ်လျှင် ဤငါ၏သပိတ်၌ လောင်းလော့”ဟု ပြောဆိုလေ၏။

     ထိုအခါ ကျွန်မသည် တညဉ့်လွန် သိုးလေပြီးသော ထိုမုယောမုံ့ကို အရှင်သုဒိန်၏သပိတ်၌ လောင်းထည့်စဉ် ရှစ်နှစ်ကြာ ကွဲကွာနေရသဖြင့် မိမိ၏အရှင့်သား အရှင်သုဒိန်ဟု မမှတ်မိနိုင်ပဲ အရှင်သုဒိန်၏ လက်ခြေပုံပန်းသဏ္ဌာန် အသံအခြင်းအရာများကိုသာ မှတ်သားပြီးနောက် အရှင်သုဒိန်၏ မိခင်ထံသို့ သွားရောက်၍ “အို အရှင်မ.. သိပါလော့၊ အရှင့်သား သုဒိန်သည် ရောက်လာပြီ”ဟု ပြောဆိုလေလျှင် အရှင်သုဒိန်၏ မိခင်က “အို ကျွန်မ.. အကယ်၍ သင် အမှန်ကိုပြောလျှင် သင့်ကို ကျွန်အဖြစ်မှ လွှတ်မည်”ဟု ပြောဆိုလေ၏။

     ထိုအချိန်၌ အရှင်သုဒိန်သည် (ကလန္ဒရွာအတွင်း ဆွမ်းစားစရပ်တခု၏) နံရံခြေတခုကိုမှီ၍ ထိုမုယောမုံ့သိုးကို မြိန်ရည်ရှက်ရည် ဘုဉ်းပေး သုံးဆောင်တော်မူနေဆဲဖြစ်၏။

(ထိုအရပ်နယ်ပယ်၌ အလှူရှင်တို့၏ အိမ်အချို့၌ ဆွမ်းစားစရပ်များ ဆောက်လုပ်ထားလေသည်။ ထိုစရပ်များ၌ နေရာများကို အသင့်ခင်းထားကြလေသည်။ သောက်ရေ သုံးဆောင်ရေးနှင့် ပုန်းရေချဉ်များကိုလည်း တည်ထားအပ်လေသည်၊ ထိုစရပ်များ၌ ရဟန်းတို့သည် ဆွမ်းခံပြီးလျှင် ထိုင်၍ ဆွမ်းဘုဉ်းပေးကြသည်။ အလိုရှိကြလျှင် အလှူရှင်တို့ ဝတ်တည်ထားအပ်သည့် ဒါနဝတ္ထုများကို ခံယူကြကုန်၏။ ထို့ကြောင့် ယခု အရှင်သုဒိန် မုယောမုံ့သိုးကို ဘုဉ်းပေးရာ နံရံခြေ- ဟူသည်မှာလည်း အလှူရှင်တဦးဦး ဆောက်လုပ်အပ်သော ဆွမ်းစားစရပ်တခု၏ နံရံခြေ = ထရံခြေ ဖြစ်သည်။ မှန်၏- ရဟန်းတို့သည် အထီးကျန်ကပ်ပါး ဆင်းရဲသားများကဲ့သို့ ကြည့်၍မလျော် မသင့်တော်သော နေရာ၌ ထိုင်၍ ဘယ်သောအခါမှ ဘုဉ်းပေးတော်မမူကြကုန်။ ။အဋ္ဌကထာ ၁၇၄-မျက်နှာမှ)။

အရှင်သုဒိန်၏ အဖသူဌေးကြီးသည်လည်း အလုပ်လုပ်ရာမှ ပြန်လာလတ်သော် မုယောမုံ့သိုးကို မြိန်ရည်ရှက်ရည်



၁၄၅

ဘုဉ်းပေး သုံးဆောင်နေသော အရှင်သုဒိန်ကို တွေ့မြင်ရသောကြောင့် အရှင်သုဒိန်ရှိရာသို့ သွားရောက်၍ အရှင်သုဒိန်ကို-

“ဖြစ်မှဖြစ်ရပလေ ချစ်သားသုဒိန်.. တညဉ့်လွန် သိုးလေပြီးသော မုယောမုံ့ကို စားမှစားပလေ၊ တကယ်ဆိုတော့ မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော”–

ဟု မခံမရပ်နိုင်ဖြစ်ကာ ပြောကြားလေ၏။ ထိုအခါ အရှင်သုဒိန်သည် “ဒါယကာကြီး.. သင့်အိမ်သို့ ရောက်ခဲ့ပြီ၊ ဤမုယောမုံ့သိုးကို သင့်အိမ်မှ ရအပ်ခဲ့ပြီ”ဟု ပြန်ကြား ပြောဆိုလေသော် အရှင်သုဒိန်၏ဖခင် သူဌေးကြီးသည် အရှင်သုဒိန်၏လက်မောင်းကို ဆွဲကိုင်၍ အရှင်သုဒိန်ကို “ချစ်သားသုဒိန်.. လာလော့၊ အိမ်သို့ သွားကြကုန်စို့”ဟု ပြောဆိုလေ၏။ ထိုအခါ အရှင်သုဒိန်သည် အဖအပေါ်၌ ချစ်ခင်သဖြင့် ဆိုလွယ်သော ပုဂ္ဂိုလ်တဦးဖြစ်ကာ မိမိ၏ အဖအိမ်သို့ လိုက်ပါသွားရောက်ပြီးလျှင် အသင့် ခင်းထားအပ်သော နေရာ၌ ထိုင်နေလေ၏။

     ထိုအခါ အရှင်သုဒိန်၏ ဖခင်သူဌေးကြီးသည် အရှင်သုဒိန်ကို “ချစ်သားသုဒိန်.. စားပါလော့”ဟု ပြောဆိုလေသော် အရှင် သုဒိန်က “ဒါယကာကြီး.. တော်ပြီ၊ ယနေ့ ငါသည် ဆွမ်းစားခြင်းကိစ္စ ပြုအပ်ပြီးပြီ”ဟု ပြန်ကြားပြောဆိုလေ၏။ “ချစ်သားသုဒိန်.. နက်ဖြန်အတွက် ဆွမ်းကို လက်ခံပါလော့”ဟု ဖခင်သူဌေးကြီးက ဖိတ်မန္တက ပြုလုပ်သောအခါ အရှင်သုဒိန်သည် မိမိကိုယ်တိုင်က ဥက္ကဌ် ပိဏ္ဍပါတ်ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်သော်လည်း အကယ်၍ ငါသည် ဆွမ်းတထပ်ကိုမျှ လက်မခံခဲ့လျှင် မိဖဆွေမျိုးတို့အရာ လွန်စွာပင် နှလုံးမသာမယာ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင် အောက်မေ့တော်မူကာ ဆွေမျိုးတို့အား သနားသောအားဖြင့် ဖခင်သူဌေးကြီး၏ ဆွမ်းစားပင့်လျှောက်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံပြီးနောက် နေရာမှထကာ ဖဲခွါသွားလေ၏။

     ထို့နောက် အရှင်သုဒိန်၏ မိခင်သည် ထိုညဉ့်လွန်မြောက်သောအခါ မြေကြီးကို နွားချေးအစိုဖြင့် လိမ်းကျံစေပြီးလျှင်



၁၄၆

ရွှေတပုံ ငွေတပုံအားဖြင့် ရတနာနှစ်ပုံကို ပြုစေ၏၊ ရတနာပုံတို့ကား အလွန်ကြီးမားလှ၏။ ဤမှာဖက်၌ရပ်သော ယောက်ျားသည် ထိုမှာဖက်၌ရပ်သော ယောက်ျားကို မမြင်နိုင်၊ ထိုမှာဖက်၌ရပ်သော ယောက်ျားသည် ဤမှာဖက်၌ရပ်သော ယောက်ျားကို မမြင်နိုင်၊ သို့စဉ်ကလောက် ကြီးမား မြင့်မောက်လှ၏။ ထိုရတနာပုံတို့ကို ဖျာတို့ဖြင့် ဖုံးအုပ်စေပြီးလျှင် အလယ်၌ နေရာခင်းစေ၍ ကန့်လန့်ကာကို ကာရံပြီးလျှင် အရှင်သုဒိန်၏ လူဖြစ်စဉ်က ဇနီးဟောင်းကို ခေါ်၍ “ချစ်သမီး (ချွေးမ).. ငါတိုက်တွန်း၏၊ ငါ့သားသုဒိန် ကြိုက်နှစ်သက်စေတတ်သည့် အဝတ်တန်းဆာကို ချစ်သမီး ဝတ်ဆင်လော့”ဟု ပြောဆိုလေသော် “ကောင်းပါပြီ မိခင် (အရှင်မ)..”ဟု အရှင်သုဒိန်၏ ဇနီးဟောင်းသည် အရှင်သုဒိန်၏ မိခင်အား ဝန်ခံစကား ပြန်ကြားပြောဆိုလေ၏။

     နောက်တနေ့ နံနက်အချိန်၌ အရှင်သုဒိန်သည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ မိမိ၏ ဖခင်အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ (ရတနာပုံ နှစ်ပုံတို့၏အကြား)၌ ထိုင်နေလေ၏။ ဖခင်သူဌေးကြီးသည် အရှင်သုဒိန်ထံသို့ လာရောက်ပြီးလျှင် ထိုရတနာပုံတို့ကို ဖွင့်လှစ်စေ၍ အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤရွှေငွေသည် သင့်အမိ၏ အမိဖက်မှ ပါလာသော ဥစ္စာသာ ဖြစ်ပါသေးသည်။ မိန်းမသား၏ အသုံးအဆောင်အလို့ငှါ ရအပ်သော မိန်းမသုံးဥစ္စာမျှသာ ဖြစ်ပါသေးသည်၊ (သနပ်ခါးဖိုး ပန်းဖိုးမျှသာ ရှိသေး၏ဟု ဆိုလိုသည်။) အဖဖက်မှ ပါလာသောဥစ္စာသည် တခြားရှိသေး၏၊ အဖိုး, အဖေးဖက်မှ ဆင်းသက်လာသော ဥစ္စာလည်း တခြားရှိသေး၏၊ ချစ်သားသုဒိန်.. လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင်ရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်ပါ၏။ ချစ်သားသုဒိန်.. လာလော့၊ စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့”-



၁၄၇

ဟု ပြောဆိုလေလျှင် အရှင်သုဒိန်သည် “ဖခင်.. လူမထွက်နိုင်ပါ။ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်သုံးနေပါသည်”ဟု ပြန်ကြား ပြောဆိုလေ၏။

     နှစ်ကြိမ်မြောက်လည်း ဖခင်သူဌေးကြီးသည် ရှေးနည်းအတူ ဆိုပြန်သည်တွင် အရှင်သုဒိန်ကလည်း ထိုနည်းအတူပင် ပြန်ကြားပြောဆိုလေသည်။ သုံးကြိမ်မြောက် ဖခင်သူဌေးကြီးက ရှေးနည်းအတူ ပြောဆိုသောအခါ၌ကား အရှင်သုဒိန်သည် (တမျိုးပြောင်းလဲကာ)“ ဒါယကာကြီး.. အကယ်၍ သင် အမျက်မထွက်လျှင် သင့်ကို ငါတို့ ပြောပြလိုပါကုန်၏”ဟု မိန့်ဆိုတော်မူလေသည်။ ထိုအခါ ဖခင်သူဌေးကြီးသည် “ငါ့သားက ငါ့အား ချီးမြှောက်မှု ပြုလိုသည်ထင်၏”ဟု အကြံပေါက်ကာ ဝမ်းမြောက်ဝမ်းသာ “ချစ်သားသုဒိန်.. ပြောလော့”ဟု အခွင့်ပြု ပြောကြားလေ၏။ ထိုအခါ အရှင်သုဒိန်သည် ဖခင်သူဌေးကြီးကို-

“ဒါယကာကြီး.. ထိုသို့ဖြစ်လျှင် သင်သည် ပိုက်ဆံလျှော်အိတ် ကြီးကြီးတို့ကို ချုပ်စေပြီးလျှင် ရွှေငွေအပြည့် ထည့်၍ လှည်းများဖြင့် တိုက်ထုတ်ကာ ဂင်္ဂါမြစ်လယ် ရေအယဉ်၌ ပစ်ချလိုက်ပါလော့။ ထိုသို့ အဘယ့်ကြောင့် ပြုလုပ်စေရသနည်းဟူမူ ဒါယကာကြီး.. ထိုဥစ္စာရွှေငွေ ရှိနေခြင်းဟူသော အကြောင်းကြောင့် သင့်အား ကြောက်ခြင်းသည်၎င်း, တုန်လှုပ်ခြင်းသည်၎င်း, မွေးညှင်းရွှင်ပျ = ကြက်သီးထခြင်းသည်၎င်း, စောင့်ရှောက်ရခြင်းသည်၎င်း ဖြစ်ရလိမ့်မည်၊ မရှိခဲ့မူ သင့်အား ထိုကြောက်ခြင်းစသော အန္တရာယ်သည် မဖြစ်နိုင်တော့ပြီ၊ ထို့ကြောင့် ဖြစ်သည်”–

ဟု ပြတ်ပြတ်သားသား တရားစကားကို မိန့်ကြားတော်မူလေသော် ဖခင်သူဌေးကြီးသည် “သားသုဒိန်သည် အဘယ့်ကြောင့် ဤသို့ ပြောဆိုရက်ဘိသနည်း”ဟု နှလုံးမသာ ဖြစ်လေ၏။



၁၄၈

မယားဖြင့် တဖန် ဖြားယောင်းပြန်ခြင်း

     ထို့နောက် အရှင်သုဒိန်၏ ဖခင်သူဌေးကြီးသည် ဥစ္စာကိုပြ၍ သားကို မိမိကိုယ်တိုင် လူဖြစ်အောင် ဖြားယောင်းခြင်းငှါ မစွမ်းနိုင်ရကား “ယခုအခါ မာတုဂါမနှင့်တူသော ယောက်ျားတို့အဖို့ရာ အနှောင်အဖွဲ့သည် မရှိတော့ပြီ”ဟု အောက်မေ့ မှတ်ယူကာ အရှင်သုဒိန်၏ လူဖြစ်စဉ်ကာလ ဇနီးဟောင်းကို ခေါ်ပြီးလျှင် “ချစ်သမီး (ချွေးမ).. ငါတိုက်တွန်းပါ၏၊ သားသုဒိန်သည် သင့်ကို ချစ်လည်းချစ်၏၊ နှစ်သက်လည်း နှစ်သက်၏၊ သားသုဒိန်သည် သင့်စကားကို လိုက်နာကောင်း လိုက်နာပေလိမ့်မည်”ဟု ပြောဆို စေခိုင်းပြန်လေသည်။ ထိုအခါ အရှင်သုဒိန်၏ လူဖြစ်စဉ်ကာလ ဇနီးဟောင်းသည် အရှင်သုဒိန်၏ ခြေတို့ကိုဖက်၍ အရှင်သုဒိန်ကို-

“အရှင့်သား.. အကြင်နတ်သမီးတို့ကို ရလိုမှုဟူသော အကြောင်းကြောင့် အရှင့်သားသည် မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့သည် အဘယ်သို့ သဘောရှိပါကုန်သနည်း”–

ဟု မေးမြန်း ပြောဆိုလေသည်။ (ထင်ရှားစေဦးအံ့- ထိုခေတ် ထိုအချိန်ဝယ် များစွာသော မင်းသား, ပုဏ္ဏားသား, သူဌေးသားများ ကြီးစွာသော စည်းစိမ်ကို စွန့်ပယ်၍ ရှင်ရဟန်းပြုကြသည်တို့ကို မြင်ရ၍ ရဟန်းအဖြစ်၏ ဂုဏ်ကျေးဇူးကို နားမလည် မသိရှိသော လူများသည် “အဘယ့်ကြောင့် ထိုသူများ ရဟန်းပြုကြသနည်း”ဟု မေးသူကမေး၍ “နတ်သမီး နတ်ကခြေသည်များကို ရယူလိုသောကြောင့် ရဟန်းပြုကြသည်”ဟု အသိကြီးပြုလုပ်ကာ ဖြေကြားသူများက ဖြေကြားကြလေသည်၊ ထိုမသိသူများ မေးကြသည့်စကားသည် ကျယ်ပွါးလျက်ရှိသည်။ ထိုစကားကိုယူ၍ ဤအရှင်သုဒိန်၏ ဇနီးဟောင်းသည် ဖော်ပြရာပါအတိုင်း မေးမြန်းပြောဆိုလေသည်)။

     “နှမ.. ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်သည်မဟုတ်ပါ”ဟု အရှင်သုဒိန်က ပြန်ကြား



၁၄၉

မိန့်ဆိုသောအခါ ထိုဇနီးဟောင်းသည် “ယနေ့မှစ၍ ငါ့ကို အရှင့်သား သုဒိန်သည် နှမဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုပါပေတကား၊ ယခုအခါ အရှင့်သားသုဒိန်သည် ငါ့ကို အလိုမရှိတော့ပြီ၊ ယင်းသို့ အလိုမရှိသောကြောင့်ပင် ကြင်ဖော်သက်ထား မယားရင်းဖြစ်သည့် ငါ့ကို တမိဝမ်းတွင်း ထက်အောက်ဆင်းသည့် နှမရင်းအသွင် မှတ်ထင်လေပြီတကား”ဟု စဉ်းစားမျှော်တွေး ဝမ်းနည်းပူဆွေးလျက် ထိုနေရာ၌ပင် မိန်းမောတွေဝေ တိမ်းလဲလေ၏။

     ထိုအခါ အရှင်သုဒိန်သည် ဖခင်သူဌေးကြီးကို “ဒါယကာကြီး.. ဆွမ်းဘောဇဉ်များကို ပေးလှူမည်ဖြစ်လျှင် ပေးလှူပါလော့၊ ငါတို့ကို ဥစ္စာ,မိန်းမ အမျိုးမျိုးပြလျက် မညှဉ်းဆဲပါလင့်၊ ဤကဲ့သို့ ဥစ္စာ,မိန်းမ အမျိုးမျိုးပြ၍ ဖြားယောင်းခြင်းသည် ရဟန်းတို့အား ညှဉ်းဆဲခြင်းဖြစ်ပါသည်”ဟု ပြောဆိုလေ၏။ ထို့နောင်မှ မိဖတို့သည် အရှင်သုဒိန်ကို မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိတို့ကိုယ်တိုင် ပြုစုလုပ်ကျွေးကြလေကုန်၏။

သားမျိုးကို တောင်းခြင်း

     ထိုအခါ အရှင်သုဒိန်၏ မိခင်သည် ဆွမ်းကိစ္စပြီးသော အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤငါတို့အမျိုးသည် စီးပွါးဥစ္စာ ကြွယ်ဝစွာ၏၊ မြှုပ်နှံထားသည့် ဥစ္စာကား ပေါများလှ၏။ နေ့စဉ်သုံးစွဲရန် များသော စည်းစိမ်ဘဏ္ဍာရှိ၏၊ နှစ်သက်ဖွယ်ရာ များစွာသော အသုံးအဆောင် ရတနာရှိ၏၊ ကူးသန်းရောင်းဝယ် ဖလှယ်သည့် များစွာသော ဥစ္စာစပါးရှိ၏။ ချစ်သားသုဒိန်.. လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုလုပ်ရန် ရနိုင်ပါ၏။ ချစ်သားသုဒိန်.. လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင် ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလော့”-



၁၅၀

ဟု ပြောဆိုလေသော် အရှင်သုဒိန်သည် “မိခင်.. လူမထွက်နိုင်ပါ။ လူမထွက်ရဲပါ၊ အကျွန်ုပ်သည် အလွန်ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်သုံး နေပါသည်”ဟု ဖခင်ကြီးကို ပြောသကဲ့သို့ပင် ငြင်းပယ်စကား ပြန်ကြား ပြောဆိုလေသည်။ နှစ်ကြိမ်မြောက် မိခင်ကြီးက ရှေးနည်းအတူ ပြောဆိုသော အခါမှာလည်း ထိုနည်းအတူပင် အရှင်သုဒိန်သည် ငြင်းပယ်စကား ပြန်ကြားပြောဆိုလေသည်။ သုံးကြိမ်မြောက်၌ကား အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်ကို-

“ချစ်သားသုဒိန်.. ဤငါတို့အမျိုးသည် စီးပွါးဥစ္စာ ကြွယ်ဝ၏။ မြှုပ်နှံထားသည့် ဥစ္စာပေါများ၏၊ နေ့စဉ်သုံးစွဲရန် များသော စည်းစိမ်ဘဏ္ဍာရှိ၏။ များသော ရွှေငွေရှိ၏။ နှစ်သက်ဖွယ်ရာ များသော အသုံးအဆောင် ရတနာရှိ၏။ ကူးသန်းရောင်းဝယ် ဖလှယ်သည့် များသော ဥစ္စာစပါးရှိ၏၊ ချစ်သားသုဒိန်.. ထိုသို့ဖြစ်လျှင် (သင်ချစ်သား သာသနာ၌ သို့ကလောက် ပျော်မွေ့နေလျှင်) သားမျိုးကိုသော်လည်း ပေးပါလော့၊ အမွေခံသားမရှိသော ငါတို့၏ ပစ္စည်းဥစ္စာကို လိစ္ဆဝီမင်းတို့သည် မင်းဘဏ္ဍာအဖြစ်ဖြင့် မယူဆောင်ကြပါစေလင့်”–

ဟု သားမျိုးပေးရန် တောင်းခံစကား ပြောကြားလေ၏။

     ထိုအခါ အရှင်သုဒိန်သည် “ထိုငါ့မိငါ့ဖတို့၏ ပစ္စည်းဥစ္စာများအပေါ်မှာ ငါသာလျှင် အမွေခံပိုင်ရှင်ဖြစ်၏။ အခြားတဦးတယောက်မျှ မရှိချေ၊ ထိုငါ့မိငါ့ဖတို့သည် (သားမျိုးမပေးသမျှသာဖြင့်) ပစ္စည်းဥစ္စာကို စောင့်ရှောက်ရန် အမြဲတစေ ငါ့နောက်သို့ တကောက်ကောက် လိုက်ကြပေလိမ့်မည်၊ ယင်းသို့ လိုက်နေလျှင် ငါသည် ကြောင့်ကြမဲ့ ရဟန်းတရား ပွါးများကျင့်ကြံခွင့်ကို ရနိုင်လိမ့်မည်မဟုတ်၊ အမွေခံသားငယ်ကို ရမှသာလျှင် မိဖတို့သည် လက်လျှော့ကြလိမ့်မည်၊ ထိုအခါကျမှ ငါသည် ချမ်းချမ်းသာသာ ရဟန်းတရားကို ပွါးများကြိုးကုတ် အားထုတ်နိုင်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် “မိခင်.. ဤသားမျိုးပေးခြင်းကိစ္စကိုမူ



၁၅၁

ပြုလုပ်နိုင်ပါသည်”ဟု (အပြစ်ရှိမည်ကို မသိရှာ၍) ပြန်ကြား ပြောဆိုလေသည်။

     တဖန် မိခင် သူဌေးကတော်ကြီးက “ချစ်သားသုဒိန်.. ယခုအခါ သင်ချစ်သား အဘယ်မှာ နေပါသနည်း”ဟု မေးမြန်းသောအခါ “မိခင်.. မဟာဝုန်တောမှာ နေပါသည်”ဟု ပြန်လည် ဖြေကြားပြီးလျှင် အရှင်သုဒိန်သည် နေရာမှထကာ ဖဲခွါသွားလေ၏။

     ထိုအခါ အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်၏ ဇနီးဟောင်းကို ခေါ်ပြီးလျှင် “ချစ်သမီး (ချွေးမ).. သားရရန်အကြောင်း တောင်းပန်ပါရစေ၊ ဥတုလာ၍ မိန်းမတို့ဓမ္မတာ ပန်းပွင့်သောအခါ၌ ငါ့အား ပြောကြားပါလော့” ဟု ပြောဆိုလေလျှင် အရှင်သုဒိန်၏ ဇနီးဟောင်းသည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံစကား ပြန်ကြားပြောဆိုလေ၏။

သားမျိုးပေးခြင်း

     ထို့နောက် မကြာမီပင် အရှင်သုဒိန်၏ ဇနီးဟောင်းသည် ဥတုလာ၍ မိန်းမတို့ဓမ္မတာ ပန်းပွင့်သောအခါ၌ မိခင် သူဌေးကတော်ကြီးကို “အရှင်မ.. ကျွန်တော်မမှာ ဥတုလာ၍ ဓမ္မတာပန်းပွင့်ခဲ့ပါပြီ”ဟု ပြောကြားလေသော် မိခင် သူဌေးကတော်ကြီးက “ချစ်သမီး (ချွေးမ).. ထိုသို့ဖြစ်လျှင် သင်သည် ငါ့သားသုဒိန် ကြိုက်နှစ်သက်တတ်သည့် အဝတ်တန်းဆာကို ဝတ်ဆင်လော့”ဟု ပြောကြားသဖြင့် အရှင်သုဒိန်၏ ဇနီးဟောင်း သည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံစကား ပြောကြားကာ လူဖြစ်စဉ်က အရှင်သုဒိန် ကြိုက်နှစ်သက်တတ်သည့် အဝတ်တန်းဆာတို့ကို ဝတ်ဆင်လေ၏။

     ထို့နောက် မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်၏ ဇနီးဟောင်းကို ခေါ်ဆောင်၍ မဟာဝုန်တော အရှင်သုဒိန်ထံသို့ သွားရောက်ပြီးလျှင် အရှင်သုဒိန်ကို ရှေးနည်းအတူ လူထွက်၍ စည်းစိမ်ဥစ္စာတို့ကို ခံစားသုံးဆောင်ရန် ကောင်းမှုတို့ကို ပြုလုပ်ရန်



၁၅၂

နှစ်ကြိမ်တိုင်တိုင် ပြောဆိုပြန်လေသည်။ အရှင်သုဒိန်ကလည်း ရှေးနည်းအတူပင် မိမိ လူမထွက်နိုင်ကြောင်း လူမထွက်ရဲကြောင်းနှင့် အလွန်မွေ့လျော် ပျော်ပိုက်စွာ မြတ်သောအကျင့် (သိက္ခာသုံးပါး)ကို ကျင့်ကြံ နေကြောင်း ပြန်ကြား ပြောဆိုလေသည်။ သုံးကြိမ်မြောက်၌ကား အရှင်သုဒိန်၏မိခင် သူဌေးကတော်ကြီးသည် အရှင်သုဒိန်ကို ရှေးဖော်ပြရာပါအတိုင်း သာသနာတော်၌ ဤမျှလောက် မွေ့လျော်နေ၍ လူမထွက်နိုင် လူမထွက်ရဲပါလျှင် ဆွေညွန့်မျိုးညှောက်ဖြစ်သည့် မျိုးပေးရန် တောင်းခံစကား ပြောကြားလေသော် အရှင်သုဒိန်သည် “မိခင်.. ဤသားမျိုးပေးခြင်းကိစ္စကိုမူ ငါသည် ပြုလုပ်နိုင်ပါသည်”ဟု ပြောဆိုပြီးလျှင် ဇနီးဟောင်း၏လက်မောင်းကို ဆွဲကိုင်၍ မဟာဝုန်တောအတွင်းသို့ ဝင်ပြီးလျှင် ပဌမပါရာဇိက သိက္ခာပုဒ်ကို မပညတ်ရသေးမီ ဖြစ်ရကား မေထုန်မှီဝဲမှု၌ အပြစ်ကို မမြင်ရှာပဲ ဇနီးဟောင်း၌ သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ မေထုန်အကျင့်ကို ပြုကျင့်မိလေ၏၊ ထိုဇနီးဟောင်းသည် ထိုမေထုန်အကျင့်ကို ပြုကျင့်ခြင်းဖြင့်ပင် ကိုယ်ဝန်ရယူလေတော့၏။

ကိုယ်ဝန်ယူကြောင်း ရှစ်ပါး

ဤ၌-

(၁) မေထုန်မှီဝဲခြင်း,

(၂) ကိုယ်လက်နှီးနှောခြင်း,

(၃) ပုဆိုးအနှီးကို သွင်းယူခြင်း,

(၄) သုက်ကို သောက်မျိုခြင်း,

(၅) ချက်ကို သုံးသပ်ခြင်း,

(၆) ယောက်ျား၏ အဆင်းကို မြင်ခြင်း,

(၇) ၎င်း အသံကို ကြားခြင်း,

(၈) ၎င်း အနံ့ကို နမ်းရှူခြင်း-

ဤအကြောင်း ရှစ်ပါးတို့ကြောင့် မာတုဂါမများသည် ကိုယ်ဝန်ယူနိုင်ကြလေသည်။ ထိုတွင်-



၁၅၃

(၁) မေထုန်မှီဝဲခြင်းကြောင့် ကိုယ်ဝန်ကို ရယူခြင်းကား ထင်ရှားသိသာပြီ၊ (အရှင် သုဒိန်၏ ဇနီးဟောင်း သည် ဤ(၁)အမှတ်ပါ အကြောင်းဖြင့် ကိုယ်ဝန်ရယူလေသည်။)

(၂) အချို့သော မိန်းမများသည် ဥတုပန်းပွင့်သောအခါ ဆန္ဒရာဂ ပြင်းစွာတပ်မက်ကြသဖြင့် ယောက်ျား များ၏ လက်ကိုဆွဲခြင်း, ဆံထုံးကိုဆွဲခြင်း, အခြား အင်္ဂါကြီးငယ်တို့ကို သုံးသပ်ခြင်းများကို သာယာကြသည် ဖြစ်၍လည်း ကိုယ်ဝန်ကို ယူနိုင်ကြလေသည်။ ဤသို့ ကိုယ်လက်နှီးနှောခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်းဖြစ်လေသည်။

(၃) ဘုရားရှင် လက်ထက်တော်အခါက ဥဒါယီမထေရ်သည် ဇနီးဟောင်းဖြစ်သူ ဘိက္ခုနီ၏အင်္ဂါကို စိမ်းစိမ်းကြည့်သဖြင့် သုက်လွတ်ခဲ့ရာ ထိုသုက်လွတ်သည့် သင်္ကန်းကို ဇနီးဟောင်းကို အဖွပ်လျှော်ခိုင်းလေသည်။ ထိုဇနီးဟောင်း ဘိက္ခုနီမသည် ထိုသုက်တစိတ်တဒေသကို ခံတွင်းဖြင့် မျိုခဲ့လေသည်၊ တစိတ်တဒေသကိုကား ပုဆိုးအနှီးနှင့်တကွ မိမိ၏ အင်္ဂါတွင်းသို့ သွင်းလေသည်။ ထိုဘိက္ခုနီမသည် ထိုသို့ ပြုမူခြင်းဖြင့် ကိုယ်ဝန်ယူလေသည်။ ဤသို့ ပုဆိုးအနှီးကို သွင်းခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်း ဖြစ်လေသည်။

(၄) ငါးရာ့ငါးဆယ် ဇာတ်တော်ဝယ် မိဂသိင်္ဂရှင်ရသေ့၏ မိခင်ဖြစ်သော သမင်မသည် ဥတုပန်းပွင့်သော အခါ၌ ဖခင်ရသေ့၏ ကျင်ငယ်စွန့်ရာအရပ်သို့ လာရောက်၍ သုက်နှင့်တကွသော ကျင်ငယ်ကို သောက်မျိုလေသည်။ ထိုသမင်မသည် ထိုသို့ ပြုမူခြင်းဖြင့် ကိုယ်ဝန်ယူ၍ မိဂသိင်္ဂသူငယ်ကို ဖွားမြင်လေသည်။ ဤသို့ သုက်ကို သောက်မျိုခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။



၁၅၄

(၅) သုဝဏ္ဏသာမဇာတ်ဝယ် အလောင်းတော် သုဝဏ္ဏသာမ၏ မယ်တော် ခမည်းတော်များ မျက်စိကွယ် ကြမည့်အရေးကို ကြိုတင်သိမြင်၍ သိကြားမင်းသည် သားကို ပေးလိုသည်ဖြစ်၍ ဒုကူလပညာရှိရသေ့ကို “အရှင်ရသေ့တို့အား မေထုန်မှုသည် အပ်စပ်ပါသလော”ဟု မေးလေသည်၊ ဒုကူလပညာရှိရသေ့က “အပ်သည်ဖြစ်စေ, မအပ်သည်ဖြစ်စေ ငါတို့သည် ဤမေထုန်အကျင့်ကို အလိုမရှိကြ၍ ရသေ့ရဟန်း ပြုလုပ်ကြသည်”ဟု ပြန်ကြား ပြောဆိုလတ်သော် သိကြားမင်းသည် “ထိုသို့ဖြစ်လျှင် ဤပါရိကာရသေ့မ ဥတုပန်း ပွင့်သောအခါ၌ အရှင်ဒုကူလပညာရှိ၏ လက်မဖြင့် ပါရိကာ ရှင်ရသေ့မ၏ချက်ကို သုံးသပ်တော်မူကြပါကုန်လော့”ဟု ပြောဆိုလေသည်။ ဒုကူလ ပညာရှိရသေ့သည် သိကြားမှာကြား ပြောဆိုသည့်အတိုင်း ပြုလုပ်လေသည်။ ပါရိကာ ရှင်ရသေ့မသည် ထိုသို့ပြုမူချက်ဖြင့် ကိုယ်ဝန်ရယူ၍ အလောင်းတော် သုဝဏ္ဏသာမ သူငယ်ကို ဖွားမြင်လေသည်။ ဤသို့ ချက်ကို သုံးသပ်ခြင်းဖြင့် ကိုယ်ဝန်ကိုယူခြင်း ဖြစ်လေသည်။

ဤနည်းအတူပင် ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီး ဥတုပန်းပွင့်သောအခါ အလောင်းတော် မာတင်္ဂရသေ့က ချက်ကို သုံးသပ်သဖြင့် ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးသည် ကိုယ်ဝန်ယူ၍ မဏ္ဍဗျသူငယ်ကို ဖွားမြင်လေသည်။ စဏ္ဍပဇ္ဇောတမင်း၏ မယ်တော်မှာ ဥတုပန်းပွင့်သောအခါ ချက်ပေါ်၌ ကင်းခြေများ ဖြတ်သန်းသွားသည်ကို သာယာ၍ ကိုယ်ဝန်ယူပြီးလျှင် စဏ္ဍပဇ္ဇောတမင်းသားကို ဖွားမြင်လေသည်။

(၆) ဤလောက၌ အချို့သော မိန်းမသည် ဥတုပန်းပွင့်သောအခါ၌ ယောက်ျားနှင့် ပေါင်းသင်းမှုကို မရရှိသည်ဖြစ်၍ ကာမရာဂ၏အစွမ်းဖြင့် အိမ်တွင်း၌ တည်နေလျက်ပင် မင်းမောင်းမများကဲ့သို့ ယောက်ျားကို စိမ်းစိမ်းကြည့်ရှုသဖြင့် ကိုယ်ဝန်ယူနိုင်လေသည်။ (သီဟိုဠ်ကျွန်း၌



၁၅၅

နန်းတွင်းသူ မင်းမောင်းမတယောက် ထိုအတိုင်း ဖြစ်ခဲ့ဘူးလေသည်)။ ဤသို့ ယောက်ျား၏အဆင်းကို မြင်ခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

(၇) ဗျိုင်းအောက်များ၌ အဖိုဟူ၍ တကောင်မျှမရှိချေ။ ထိုဗျိုင်းအောက်မများသည် မိမိတို့ဥတုပန်း ပွင့်သောအခါ မိုးချုန်းသံကို ကြားရ၍ ကိုယ်ဝန်ယူကြလေသည်။ ကြက်မများသည်လည်း တရံတခါ ကြက်ဖတကောင်၏ တွန်သံကို ကြားရ၍ ကြက်မအများပင် ကိုယ်ဝန်ယူကြလေသည်။ ထို့အတူ နွားမများသည်လည်း တရံတခါ ဥသဘနွားတကောင်၏ တွန်သံကို ကြားရ၍ နွားမအများပင် ကိုယ်ဝန်ယူကြလေသည်။ ဤသို့ ယောက်ျား (အဖို)၏ အသံကို ကြားခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

(၈) နွားမများသည်ပင် တရံတခါ ဥသဘနွားလားအနံ့ကို နမ်းရှုကြရသဖြင့် ကိုယ်ဝန်ယူကြလေသည်။ ဤသို့ ယောက်ျား (အဖို)၏ အနံ့ကို နမ်းရှူခြင်းဖြင့် ကိုယ်ဝန်ယူခြင်း ဖြစ်လေသည်။

ဤသို့ ကိုယ်ဝန်ရယူကြောင်းရှစ်ပါးကို အထူး မှတ်သားရာ၏။ ။(ဝိနည်းပါရာဇိကဏ် အဋ္ဌကထာ ဝိ၊ ဋ္ဌ၊ ၁၊ စာမျက်နှာ-၁၇၉-မှ)။

နတ်ဗြဟ္မာတို့၏ အုတ်ကျက်ဆူညံ ကဲ့ရဲ့သံကြီး ဖြစ်ပွါးခြင်း

     ထိုသို့ အရှင်သုဒိန်က ဇနီးဟောင်း၌ မေထုန်မှုကို ပြုကျင့်သောအခါ (လောက၌ အကုသိုလ်မှု ပြုသောသူအတွက် ဆိတ်ကွယ်ရာဟူ၍ မရှိချေ။ မှန်၏- အလျင်လက်ဦး ထိုမကောင်းမှု အကုသိုလ်ကို အကုသိုလ်ပြုလုပ်သူ သိ၏။ ထို့နောက် ကိုယ်စောင့်နတ်, တောစောင့်နတ်များ သိကြ၏၊ ထို့နောက် အခြားသော နတ်ဗြဟ္မာများ ဆင့်ကဲ ဆင့်ကဲ သိရှိကြလေသည်။ ထို့ကြောင့်) မဟာဝုန်တောအလုံး၌ မှီ၍နေကြသော ဘုမ္မစိုးနတ်တို့သည် ထိုလွန်ကျူးမှုကို မြင်ကြ၍



၁၅၆

အထက်အထက် နတ်ဗြဟ္မာများ ဆင့်ကဲ ဆင့်ကဲ ကြားကြလောက်အောင်ပင်-

“အချင်းတို့.. ရဟန်းသံဃာသည် (ရှေးအခါက) ဒုဿီလတည်းဟူသော ခိုးသူမှ ကင်းခဲ့လေပြီတကား၊ ဒုဿီလတည်းဟူသော အပြစ်မှ ကင်းခဲ့လေပြီတကား၊ ယခုအခါမူ ကလန္ဒသူဌေးသား သုဒိန်သည် ဒုဿီလတည်းဟူသော ခိုးမှုကို ဖြစ်စေခဲ့လေပြီတကား၊ ဒုဿီလတည်းဟူသော အပြစ်ကို ဖြစ်စေခဲ့လေပြီတကား”–

ဟု ဟစ်အော် ကြွေးကြော်ကြလေကုန်၏။ ဘုမ္မစိုးနတ်တို့၏ အသံကိုကြား၍ အာကာသစိုး = စတုမဟာရာဇ်နတ်များ, တာဝတိံသာနတ်များ, ယာမာနတ်များ, တုသိတာနတ်များ, နိမ္မာနရတိနတ်များ, ပရနိမ္မိတဝသဝတ္တီနတ်များ, ဗြဟ္မာများတို့သည်လည်း ထို့အတူပင် အဆင့်ဆင့် ဟစ်အော် ကြွေးကြော်ကြလေသည်။ ဤသို့လျှင် ထိုခဏအတွင်းမှာပင် ဗြဟ္မာပြည်တိုင်အောင် အုတ်ကျက်ဆူညံ ကဲ့ရဲ့ရှုတ်ချသော ကြွေးကြော်သံသည် လွှမ်း၍တက်သွားလေ၏။

     ထို့နောက် အရှင်သုဒိန်၏ ဇနီးဟောင်းသည် ထိုကိုယ်ဝန်ရင့် ကျက်ခြင်းသို့ရောက်၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထိုအခါ အရှင်သုဒိန်၏ သူငယ်ချင်းတို့က ထိုသူငယ်အား (အခြားအမည်ကို မှည့်ခွင့်မပေးကြပဲ “ဗီဇကမ္ပိ ဒေဟိ = ချစ်သားသုဒိန်.. ထိုသို့ဖြစ်လျှင် သားမျိုးစေ့ကိုသော်လည်း ပေးလော့”ဟု အဖွားဖြစ်သူ၏ ပြောဆို တောင်းခံအပ်ကြောင်း ထင်ရှားလှသောကြောင့်) ဗီဇကဟု အမည်မှည့်ကြလေ၏။ အရှင်သုဒိန်၏ ဇနီးဟောင်းအား ဗီဇကမာတာ-ဟု အမည်မှည့်ကြလေ၏။ အရှင်သုဒိန်အား ဗီဇကပိတာ-ဟု အမည်မှည့်ကြလေ၏။

     ထိုဗီဇကနှင့် ဗီဇကမာတာ = သားအမိနှစ်ယောက်တို့သည် ခုနစ်နှစ် ရှစ်နှစ်မျှကြာသော နောက်အခါ၌ လူ့ဘောင်မှ ထွက်ကြကာ ရဟန်းဘောင်သို့ ဝင်ရောက်ကြ၍ အသီးသီး ရဟန်းယောက်ျား ရဟန်းမ ပြုလုပ်ကြပြီးလျှင် ဆရာသမားကောင်း



၁၅၇

ကလျာဏ မိတ်ဆွေကောင်း အမှီရကြသဖြင့် အရဟတ္တဖိုလ်၌ တည်ကြလေကုန်သည်။

     ဤသို့လျှင် (နောက်အခါ၌) သားအမိ နှစ်ယောက်တို့၏ ရဟန်းအဖြစ်သည် အကျိုးရသော ရဟန်းအဖြစ် ဖြစ်လေသည်။ အဖဖြစ်သူ (အရှင်သုဒိန်)ကား နှလုံးမသာယာခြင်း ပြင်းစွာ အနှိပ်စက်ခံရလျက်သာ နေရှာရလေ၏။

(ဤအရာဝယ်။ ။အဋ္ဌကထာ၌ “ပိတာ ပန ဝိပ္ပဋိသာရာဘိဘူတော ဝိဟာသိ = အဖဖြစ်သူ (အရှင်သုဒိန်) ကား နှလုံးမသာယာခြင်း ပြင်းစွာ အနှိပ်စက်ခံရလျက်သာ နေရှာရလေ၏”ဟု ဖွင့်ပြသောကြောင့် အရှင် သုဒိန်အဖို့ရာ ထိုကိုယ်အဖြစ် (ထိုဘဝ)၌ အရဟတ္တဖိုလ်ကိုရခြင်း အလျှင်းမရှိဟု သိမှတ်ရာ၏။ သာရတ္ထဋီ၊ ၂၊ ၁၅-မှ။

အဋ္ဌကထာဝယ် (ရှေး) ကလန္ဒသူဌေးသားသုဒိန် တရားနာသွားသောအခဏ်း (ဝိ၊ ဋ္ဌ၊ ၁၊ ၁၆၈)၌ “ဘဗ္ဗကုလပုတ္တဿ = မဂ်ဖိုလ်ရထိုက်သည့် အမျိုးကောင်းသား”ဟု ဖွင့်ဆိုထားသော်လည်း မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား အဇာတသတ်မင်းအားကဲ့သို့ မဂ်ဖိုလ်၏အန္တရာယ် ဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဤအရှင်သုဒိန်အားလည်း မိမိပြုမှားမိသော (ဇနီးဟောင်း၌ မေထုန်မှီဝဲမှု) မကောင်းမှုကို အကြောင်းပြုကာ နှလုံးမသာယာခြင်း ပြင်းစွာ နှိပ်စက်သောကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်လေသည်-ဟူ၍ ဆရာတို့ ဆိုတော်မူကြကုန်၏။

ဤ၌ မေးဖွယ်ရှိသည်ကား.. မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသောသူတို့မှာ မြတ်စွာဘုရားရှင်၏ လက်ထက်တော် မျက်မှောက်တော်မှာလည်း မဂ်ဖိုလ်၏အန္တရာယ် ဖြစ်နိုင်ပါသလောဟု မေးဖွယ်ရှိ၏။

အဖြေကား.. ဖြစ်နိုင်ပါ၏။ အထူးကား မြတ်စွာဘုရားရှင်တို့ကိုစွဲ၍ (ထိုမဂ်ဖိုလ်၏ အန္တရာယ်)ဖြစ်သည် မဟုတ်ပေ။ မှန်၏- မြတ်စွာဘုရားရှင်တို့သည် သူတပါးတို့ မဂ်ဖိုလ်ကိုရရန် အားထုတ်ခြင်း ဖြစ်ရှိတော်မူကြလျက် ထိုသူတပါးတို့ မဂ်ဖိုလ်ရရှိရေး၌ အမြဲမပြတ် သင့်လျောက်ပတ်အောင်သာ အားထုတ်တော်မူကြကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်တို့ကိုစွဲ၍ ထိုရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူတို့မှာ မဂ်ဖိုလ်၏အန္တရာယ် မဖြစ်နိုင်။



၁၅၈

စင်စစ်သော်ကား (၁) ပြုလုပ်ဆောင်ရွက်မှု ယုတ်လျော့ခြင်း (၂) မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်း = ဤအကြောင်းများကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရလေသည်။

ထိုနှစ်ပါးတို့တွင် (၁) ပြုလုပ်ဆောင်ရွက်မှု ယုတ်လျော့ခြင်းသည်လည်း (က) တရားဟောပုဂ္ဂိုလ်၏ ထိုမဂ်ဖိုလ်အားလျော်သော (တရားဟောမှု) လုံ့လ၏ မရှိခြင်း (ခ) ထိုရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူ၏ မဂ်ဖိုလ်အားလျော်သော ကျင့်ကြံအားထုတ်မှု၏ မရှိခြင်းဟူ၍ နှစ်မျိုး ပြားပြန်လေသည်။

ထိုတွင် (က)အမှတ် တရားဟောပုဂ္ဂိုလ်ဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းမှာ သာဝကများမှာသာဖြစ်နိုင်၏၊ မြတ်စွာဘုရားရှင်တို့မှာ မဖြစ်နိုင်။ ချဲ့ဦးအံ့- (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗြာဟ္မဏဝဂ်၌ ဓနဉ္ဇာနီသုတ္တန်ဟူ၍ လာရှိသည်၊ ထိုသုတ္တန်၌ အရှင်သာရိပုတ္တရာ မထေရ်သူမြတ်က ဓနဉ္ဇာနီပုဏ္ဏားကြီး သေခါနီးကာလ၌ ဗြဟ္မာ့ပြည်ရောက်ကြောင်းဖြစ်သည့် ဗြဟ္မဝိဟာရတရား လေးပါးကို ဟောကြားသဖြင့် ထိုပုဏ္ဏားကြီး စုတေသောအခါ ဗြဟ္မာ့ပြည်ရောက်ကြောင်း လာရှိသည်။ အကျယ်ကို ပိဋကတ်မြန်မာပြန် ထိုသုတ္တန်ကို ကြည့်ရှုမှတ်ယူရာ၏)။ အကယ်၍ တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်သူမြတ်သည် ဓနဉ္ဇာနီပုဏ္ဏားကြီး၏ အာသယဓာတ်ကို သိရှိ၍ တရားဟောလျှင် ထိုပုဏ္ဏားကြီးသည် သောတာပန် ဖြစ်လေရာ၏။ ယခုမူ ထိုကဲ့သို့ မဟုတ်သဖြင့် အရိယာမဖြစ်လေ။ ဤသို့ တရားဟောပုဂ္ဂိုလ်ဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းကြောင့် မဂ်ဖိုလ်မရမှုအန္တရာယ် ဖြစ်လေသည်။

(ခ) အမှတ်ပြ ရှေးကောင်းမှု ကုသိုလ်နှင့် ပြည့်စုံသောသူဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းအတွက် (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ၁-ဂဟပတိဝဂ်၌ ၁-ကန္ဒရကသုတ္တန်ဟူ၍ လာရှိသည်။ ထိုသုတ္တန်၌ ကန္ဒရကအမည်ရှိသော ပရိဗိုဇ်နှင့် ဆင်ဆရာ၏သား ပေဿအမည်ရှိသောသူတို့ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ကြရာ မြတ်စွာဘုရားရှင်က ဆင်ဆရာ၏သား ပေဿအား အတ္တန္တပပုဂ္ဂိုလ် = မိမိကိုယ်ကို ပူပန်စေတတ်သည့်ပုဂ္ဂိုလ် အစရှိသော ပုဂ္ဂိုလ်လေးမျိုးတို့ကို ဟောကြားတော်မူရာ အကျဉ်း ဥဒ္ဒေသ မာတိကာမျှကို ဟောပြီးလျှင်ပင် အကျယ်နိဒ္ဒေသ ပဒဘာဇနီကို မဟောရသေးမီ ဆင်ဆရာ၏သား ပေဿသည် အားရကျေနပ်ကာ ဖဲသွားလေသည်။



၁၅၉

အကျယ်နိဒ္ဒေသ ပဒဘာဇနီကို ဟောပြီးသည်တိုင်အောင် နာယူလျှင် ပေဿသည် သောတာပန်ဖြစ်လေရာ၏၊ ယခုမူ အကျဉ်းဥဒ္ဒေသ မာတိကာမျှကို နာယူပြီး ထသွားသည့်အတွက် သံဃာ၌ ကြည်ညိုခြင်း, သတိပဋ္ဌာန်သိမ်းဆည်းပုံ နည်းအသစ်ကို ရရှိခြင်း ဤအကျိုးအာနိသင် နှစ်ပါးကိုသာ ရရှာလေသည်။ အကျယ်ကို ပိဋကတ်မြန်မာပြန် ထိုသုတ္တန်မှ ထုတ်နုတ်မှတ်ယူရာ၏)။ အကယ်၍ ဆင်ဆရာ၏သား ပေဿသည် မြတ်စွာဘုရားရှင် မျက်မှောက်တော်ဝယ် တရားနာစဉ် အတ္တန္တပစသော ပုဂ္ဂိုလ်လေးမျိုးတို့ကို အကျယ်အားဖြင့် မြတ်စွာဘုရားရှင် ဝေဘန်၍ ဟောကြားပြီးဆုံးသည်တိုင် တခဏမျှ စောင့်ဆိုင်းနေလျှင် သောတာပန် ဖြစ်လေရာ၏၊ ယခုမူ ထိုမျှလောက် စောင့်၍မနေသဖြင့် သောတာပန်မဖြစ်လေ။ ဤသို့ ရှေးကောင်းမှုကုသိုလ်နှင့် ပြည့်စုံသောသူဖက်ဆိုင်ရာ ဆောင်ရွက်မှု ယုတ်လျော့ခြင်းကြောင့် မဂ်ဖိုလ်မရမှုအန္တရာယ် ဖြစ်လေသည်။

(၂) မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်ရပုံမှာ အဇာတသတ်မင်းသည် ဒေဝဒတ်တည်းဟူသော ပါပမိတ်၏စကားကို နာယူကာ အဖသတ်မှုကို အကယ်၍ မပြုမိငြားအံ့၊ သာမညဖလသုတ်ကို မြတ်စွာဘုရား ဟောကြား၍ နာယူရသောနေ့၌ သောတာပန် ဖြစ်လေရာ၏။ ယခုမူ ဒေဝဒတ်တည်းဟူသော ပါပမိတ်၏စကားကို နာယူကာ အဖသတ်မှုကို ပြုမိမှားသောကြောင့် သောတာပန် အရိယာ မဖြစ်ရှာလေ။ ဤသို့ မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရလေသည်။

ယခု အရှင်သုဒိန်မှာလည်း မိတ်ဆွေမကောင်းနှင့် ပေါင်းမိခြင်းကြောင့် မဂ်ဖိုလ်၏အန္တရာယ် ဖြစ်ရသည်ဟု မှတ်ယူရာ၏။ အကယ်၍ အရှင်သုဒိန်သည် မိဖတို့၏စကားကို မနာယူဘဲ ဇနီးဟောင်း၌ မေထုန်မှီဝဲမှု မပြုမှားမိခဲ့လျှင် ထိုမေထုန်မှီဝဲမှုကို အကြောင်းရင်းပြုကာ နှလုံးမသာယာမှုအတွက် မဂ်ဖိုလ်၏အန္တရာယ် မဖြစ်လေရာ၊ ယခုမူ မိဖတို့၏စကားကို နာယူကာ ဇနီးဟောင်း၌ မေထုန်မှီဝဲမှုကို ပြုမှားမိသောကြောင့် ထိုမေထုန်မှီဝဲမှုကို အကြောင်းရင်းပြုကာ နှလုံးမသာယာခြင်း ဖြစ်ရလေသည်။ ထိုနှလုံးမသာယာခြင်း ပြင်းစွာ နှိပ်စက်အပ်သောကြောင့် မဂ်ဖိုလ်ကိုမရမှု အန္တရာယ် ဖြစ်ရလေသည်။ သာရတ္ထဒီပနီဋီကာ ဒုတိယအုပ် စာမျက်နှာ ၁-နှင့် ၂-မှ)။



၁၆၀

အရှင်သုဒိန်၏ နောင်တတဖန် ပူပန်မှု

     ထိုအခါ အရှင်သုဒိန်၏ စိတ်သန္တာန်ဝယ်“ဈာန်စသော ကျေးဇူးတရားတို့ကို မရလေစွာ့တကား၊ ငါ့အား ရှင်ရဟန်းအဖြစ်ကို အရမတော်လေစွာ့တကား၊ ငါသည် သာသနာတော်ကို မကောင်းသဖြင့် ရအပ်ပေစွာ့တကား၊ ငါသည် သာသနာတော်ကို ကောင်းစွာ မရအပ်ပေစွာ့တကား၊ (အကြောင်းသော်ကား) ငါသည် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ခဲ့”ဟု နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ရှိလေ၏။ အရှင်သုဒိန်သည် ထိုနောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်းများကြောင့် တနေ့တခြား ကြုံလှီ၍ သွားပြီးလျှင် အသားအရေ ခေါင်းပါး ခြောက်တပ်လျက် ရုပ်အဆင်းပျက်ကာ ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိရှာလေပြီ၊ ကွန်ယက်ကို ဖြန့်ခင်းထားသည့်အလား အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် အတွင်းဆွေးဆွေးသောစိတ်, ဆုတ်နစ်သောစိတ်များ တရိပ်ရိပ် ဖြစ်ပွါးပြီးလျှင် ကိုယ်ရောစိတ်ပါ မချမ်းသာပဲ နှလုံးမသာယာခြင်း အပြင်းနှိပ်စက်ကာ ကြံမှိုင်လျက်သာ နေရှာလေ၏။

     ထိုအခါ အရှင်သုဒိန်၏သူငယ်ချင်း ရဟန်းတို့က အရှင်သုဒိန်ကို “ရှင်သုဒိန်.. သင်သည် ရှေးကဆိုလျှင် အဆင်းလှသူ ဣန္ဒြေပြည့်ဖြိုးသူ မျက်နှာအဆင်း သန့်ရှင်းကြည်လင်သူ ကိုယ်ရေအဆင်း အထူးကြည်လင်သူ ဖြစ်ပါလျက် ယခုအခါ သင်သည် တနေ့တခြား ကြုံလှီသွားပြီးလျှင် အသားအရေ ခေါင်းပါး ခြောက်တပ်လျက် ရုပ်အဆင်းပျက်ကာ ဖက်ရွက်လျော်ကဲ့သို့ ဖြေဖျော့လျော့သာအဆင်း ရှိနေလေပြီ၊ ကွန်ယက်ကို ဖြန့်ခင်းထားသည့်အလား အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် အတွင်းဆွေးဆွေးသောစိတ် ဆုတ်နစ်သောစိတ်များ တရိပ်ရိပ် ဖြစ်ပွားပြီးလျှင် ကိုယ်ရောစိတ်ပါ မချမ်းသာပဲ နှလုံးမသာယာခြင်း အပြင်းနှိပ်စက်ကာ ကြံမှိုင်လျက်သာ နေ၏။ အသို့နည်း ငါ့ရှင်သုဒိန်.. သင်သည်



၁၆၁

သာသနာတော်ဝယ် မမွေ့လျော်ပဲ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံနေရသလော”ဟု ပြောဆိုကြလေသော် အရှင်သုဒိန်သည်—

“ငါ့ရှင်တို့.. ငါသည် သာသနာတော်ဝယ် မမွေ့လျော်ပဲ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံနေသည် မဟုတ်ပါ။ ငါပြုမှားမိသော မကောင်းမှုတခုရှိပါသည်၊ ဇနီးဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မိပါပြီ။ ငါ့ရှင်တို့.. ငါ၏စိတ်သန္တာန်ဝယ် ‘ငါ့အား ဈာန်စသော ကျေးဇူးတရားတို့ကို မရလေစွာ့တကား၊ ငါ့အား ရဟန်းအဖြစ်ကို အရမတော်လေစွာ့တကား၊ ငါသည် သာသနာတော်ကို မကောင်းသဖြင့် ရအပ်ပေစွာ့တကား၊ ငါသည် သာသနာတော်ကို ကောင်းစွာ မရအပ်စွာ့တကား၊ (အကြောင်းသော်ကား) ငါသည် ဤသို့ ကောင်းစွာဟောကြားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ခဲ့ချေ’ဟု နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ရှိနေပါသည်”–

ဟု ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ အရှင်သုဒိန်၏ သူငယ်ချင်းရဟန်းတို့သည် အရှင်သုဒိန်ကို-

“ငါ့ရှင်သုဒိန်.. သင်သည် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်း ပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်တုံဘိရကား သင့်အဖို့ရာ နောင်တတဖန် ပူပန်ခြင်း နှလုံးမသာယာခြင်း ဖြစ်ထိုက်ပါပေ၏။

ငါ့ရှင်သုဒိန်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ရာဂနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို



၁၆၂

ဟောတော်မမူပဲ ရာဂကင်းရန် ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောတော်မမူပဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောတော်မူအပ်သည် မဟုတ်ပါလော၊ တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူပဲ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် ဟောတော်မူအပ်သည် မဟုတ်ပါလော။ ငါ့ရှင်သုဒိန်.. မြတ်စွာဘုရားရှင်က ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် သင်သည် ရာဂနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောတော်မူအပ်ပါလျက် ကာမဂုဏ်နှင့်စပ်ယှဉ်ရန် အထုတ်ဘိ၏။ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် တရားတော်ကို ဟောတော်မူအပ်လျက် တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။

ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ရာဂကင်းဖို့ရန် မာန်မယစ်ဖို့ရန် ကိလေသာဟူသော ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ဖို့ရန် တဏှာမပြယ် အတာအတွယ်ကို ပယ်ဖြတ်ဖို့ရန် ဝဋ်မြစ်ကို ဖြတ်ဖို့ရန် တဏှာကုန်ဖို့ရန် မတပ်မက်ဖို့ရန် တဏှာချုပ်ငြိမ်းဖို့ရန် ကိလေသာငြိမ်းအေးဖို့ရန် တရားတော်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်များကို ပယ်ရှားမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်သညာစိတ်တို့ကို ပိုင်းခြား၍သိမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်၌ မွတ်သိပ်ခြင်းတဏှာကို ပယ်ဖျောက်မှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊ ကာမဂုဏ်နှင့်စပ်သော အကြံအစည် = ကာမဝိတက်များကို ပယ်ဖြတ်မှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော၊



၁၆၃

ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

ငါ့ရှင်.. ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ ကြည်ညိုရန်၎င်း, ကြည်ညိုပြီးသော သူတို့အဖို့ တိုး၍ ကြည်ညိုရန်၎င်း မဖြစ်နိုင်ပေ။ ငါ့ရှင်.. အမှန်စင်စစ်တော့ ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ မကြည်ညိုစေရန်နှင့် ကြည်ညိုပြီးသော အချို့သူတို့အဖို့ အကြည်ညိုပျက်စေရန်သာ ဖြစ်ပေ၏”–

ဟူ၍ များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်စကား ပြောကြားကြပြီးလျှင် မြတ်စွာဘုရားရှင်အား ဤအကြောင်းကို လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အရှင်သုဒိန်ကို “သုဒိန်.. သင်သည် ဇနီးဟောင်း၌ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲ၏ဟူသည် မှန်သလော”ဟု မေးတော်မူ၍ အရှင်သုဒိန်က “မှန်ပါသည် မြတ်စွာဘုရား..”ဟု ပြန်ပြီး လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း ကဲ့ရဲ့ရှုတ်ချတော်မူ၏-

“မောဃ ပုရိသ = မဂ်ဖိုလ်မရ ကိစ္စမပြီး အချည်းနှီးသော ယောက်ျား.. (ယခု သင်ပြုသောအမှုသည်) ရဟန်းတို့အား မလျောက်ပတ် မလျော်ကန် မသင့်တင့်၊ ရဟန်းတို့အပြုအမူမဟုတ်၊ အပ်လည်း မအပ်စပ်၊ ပြုလည်းမပြုသင့်။ အချည်းနှီးသောယောက်ျား.. သင်သည် အဘယ့်ကြောင့် ဤသို့ ကောင်းစွာ ဟောကြားထားအပ်သည့် ဓမ္မဝိနယ သာသနာတော်၌ ရဟန်းပြုရပြီးလျှင် သိက္ခာသုံးရပ် မြတ်သောအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံစင်ကြယ်စွာ ကျင့်သုံးရန် မတတ်နိုင်ဘိသနည်း။



၁၆၄

အချည်းနှီးသောယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂနှင့် တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောအပ်သည် မဟုတ်ပဲ ရာဂကင်းရန် ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်နှင့် စပ်ယှဉ်ခြင်းငှါ တရားတော်ကို ဟောအပ်သည်မဟုတ်ပဲ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် ဟောအပ်သည် မဟုတ်လော၊ တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောအပ်သည် မဟုတ်ပဲ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် ဟောအပ်သည်မဟုတ်။ အချည်းနှီးသော ယောက်ျား.. ငါဘုရားက ထိုသို့ ရာဂကင်းရန် တရားတော်ကို ဟောအပ်ပါလျက် သင်သည် ရာဂနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏၊ ကာမဂုဏ်နှင့် မစပ်ယှဉ်ရန် တရားတော်ကို ဟောအပ်ပါလျက် ကာမဂုဏ်နှင့် စပ်ယှဉ်ရန် အားထုတ်ဘိ၏။ တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းရန် တရားတော်ကို ဟောအပ်ပါလျက် တဏှာဒိဋ္ဌိဖြင့် စွဲလမ်းခြင်းနှင့်တကွဖြစ်ရန် အားထုတ်ဘိ၏။

အချည်းနှီးသော ယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ရာဂကင်းဖို့ရန် မာန်မယစ်ဖို့ရန် ကိလေသာဟူသော ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ဖို့ရန် တဏှာမပြယ် အတာအတွယ်ကို ပယ်ဖြတ်ဖို့ရန် ဝဋ်မြစ်ကို ဖြတ်ဖို့ရန် တဏှာကုန်ဖို့ရန် မတပ်မက်ဖို့ရန် တဏှာချုပ်ငြိမ်းဖို့ရန် ကိလေသာငြိမ်းအေးဖို့ရန် တရားတော်ကို ဟောတော်မူအပ်သည် မဟုတ်ပါလော။

အချည်းနှီးသော ယောက်ျား.. ငါဘုရားသည် များစွာသော အကြောင်းဖြင့် ကာမဂုဏ်များကို ပယ်ရှားမှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်သညာစိတ်တို့ကို ပိုင်းခြား၍သိမှုကို ဟောအပ်သည်မဟုတ်လော၊ ကာမဂုဏ်၌ မွတ်သိပ်ခြင်းတဏှာကို ပယ်ဖျောက်မှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ်နှင့် စပ်သော



၁၆၅

အကြံအစည် = ကာမဝိတက်များကို ပယ်ဖြတ်မှုကို ဟောအပ်သည် မဟုတ်လော၊ ကာမဂုဏ် အပူအအိုက်တို့၏ ငြိမ်းအေးမှုကို ဟောအပ်သည်မဟုတ်လော။

အချည်းနှီးသော ယောက်ျား.. လျင်သောအဆိပ်, ကြမ်းသောအဆိပ်ရှိသော မြွေ၏ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

အချည်းနှီးသော ယောက်ျား.. မြွေဟောက်၏ခံတွင်း၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

အချည်းနှီးသော ယောက်ျား.. ရဲရဲညိ၍ ထက်ဝန်းကျင် မီးတောက်မီးလျှံ မီးရောင်နှင့်တကွဖြစ်သော မီးကျီးခဲအစုအပုံ၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းက မြတ်သေး၏၊ မာတုဂါမ၏ အင်္ဂါဇာတ်၌ သင်၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းသည်ကား မမြတ်သည်သာတည်း။

ထိုသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်နည်းဆိုသော် အချည်းနှီးသော ယောက်ျား.. ထိုမြွေ၏ခံတွင်း, မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော အကြောင်းကြောင့် သေခြင်းသို့သော်၎င်း, သေလောက်နီးပါး ဆင်းရဲဒုက္ခသို့သော်၎င်း ရောက်ရာ၏၊ ထိုမြွေ၏ခံတွင်း, မီးကျီးခဲအစုအပုံ၌ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် = အပါယ်လေးဘုံသို့ကား မရောက်နိုင်သည်သာတည်း။ အချည်းနှီးသော ယောက်ျား.. ဤမိန်းမ၏ အင်္ဂါဇာတ်၌ မိမိ၏အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဟူသော



၁၆၆

အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် = အပါယ်လေးဘုံသို့ ကျရောက်လေရာ၏။

အချည်းနှီးသော ယောက်ျား.. ထိုသို့ဖြစ်ပါလျက် သင်သည် သူတော်ကောင်းတို့၏ အကျင့်မဟုတ်သော ရပ်ရွာနေသူ လူတို့၏အကျင့်ဖြစ်သော ရုန့်ရင်းကြမ်းတမ်းသော ရေဆေးရခြင်းလျှင် အဆုံးရှိသော (လူမြင်လျှင် မတင့်တယ်သည့်အတွက်) ဆိတ်ကွယ်ရာ၌သာ ပြုကျင့်ရသော ယောက်ျား မိန်းမ အစုံအစုံ ဒွန်တွဲ၍ ပြုကျင့်ရသော မေထုန်အကျင့်ကို ပြုကျင့်တုံဘိ၏။ အချည်းနှီးသော ယောက်ျား.. သင်သည် များစွာသော အကုသိုလ်တရားတို့ကို (သူခပ်သိမ်းတို့၏) အလျင်လက်ဦး ပြုကျင့်သူဖြစ်၍ ရှေ့သွားခေါင်းဆောင်ဖြစ်ပေ၏။

အချည်းနှီးသောယောက်ျား.. ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသောသူတို့အဖို့ ကြည်ညိုရန်၎င်း, ကြည်ညိုပြီးသောသူတို့အဖို့ တိုး၍ ကြည်ညိုရန်၎င်း မဖြစ်နိုင်ပေ။ အချည်းနှီးသော ယောက်ျား.. အမှန်စင်စစ်ကား ဤယခု သင်ပြုမိသော မကောင်းမှုသည် မကြည်ညိုသေးသော သူတို့အဖို့ မကြည်ညိုစေရန်နှင့် ကြည်ညိုပြီးသော အချို့သူတို့အဖို့ အကြည်ညိုပျက်စေရန်သာ ဖြစ်ပေ၏”–

ဟူ၍ ကဲ့ရဲ့ရှုတ်ချတော်မူ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်သုဒိန်ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း, သူတပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း, အလိုကြီးခြင်း, မရောင့်ရဲနိုင်ခြင်း, အပေါင်းအဖော်၌ မက်မောခြင်း, ပျင်းရိခြင်းတို့၏အတွက် ကျေးဇူးမဲ့ (ကဲ့ရဲ့)စကားကို ဟောကြားတော်မူ၍ များစွာသော အကြောင်းဖြင့် ကိုယ်တိုင်ပြုစု မွေးမြူလွယ်ခြင်း,



၁၆၇

သူတပါးတို့က ပြုစုမွေးမြူလွယ်ခြင်း, အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်း, ကိလေသာကို ခေါင်းပါးစေခြင်း, ကိလေသာကို ခါထုတ်ခြင်း, ကြည်ညိုဖွယ်ကို ဆောင်ခြင်း, ကိလေသာကို ဖျက်ဆီးခြင်း, ဝီရိယဖြင့် အားထုတ်ခြင်းများ၏အတွက် ဂုဏ်ကျေးဇူးစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ် လျော်ညီသော တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို-

ဝိနည်းပညတ်ကြောင်း ၁၀-ပါး

“ရဟန်းတို့.. ထိုသို့ဖြစ်လျှင်-

(၁) သံဃာတော်က ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊

(၂) သံဃာတော်များ ချမ်းသာစေရန်၊

(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊

(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်၊

(၅) မျက်မှောက်ဘ၀၌ဖြစ်သော ဆင်းရဲအထူးတို့ကို စောင့်စည်းပိတ်ဆို့ရန်၊

(၆) နောင်ဖြစ်လတ္တံ့သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊

(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊

(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊

(၉) သဒ္ဓမ္မသုံးဖြာ = သာသနာသုံးရပ် အဓွန့်ရှည်စွာ တည်တံ့ရန်၊

(၁၀) ဝိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်-

ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်။



၁၆၈

ရဟန်းတို့.. ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့-

“အကြင်ရဟန်းသည် မေထုန်အကျင့်ကို ပြုကျင့်မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ (=ပါရာဇိကကျ၏)။ ရဟန်းကောင်းတို့နှင့် အတူတကွ ကံကြီးကံငယ်ဟူသော ပေါင်းသင်းရခြင်းမရှိ၊ ဤသို့ ပြကြကုန်လော့”–

ဟူ၍ ပဌမပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူလေသတည်း။

ကလန္ဒသူဌေးသား ရှင်သုဒိန်အကြောင်း ပြီး၏။

**********

သာဝတ္ထိပြည်သို့ ရောက်တော်မူသည်တွင် ဝါလောဒကဇာတ်ကို

ဟောတော်မူခြင်း

(ရှေးဖော်ပြရာပါ ရှင်သုဒိန်၏ အကြောင်းအရာများတွင် မြတ်စွာဘုရားရှင် ဝေရဉ္ဇာပြည်၌ ဝါကျွတ်တော်မူခဲ့၍ အစဉ်သဖြင့် ဝေသာလီပြည်သို့ ရောက်တော်မူသောအကြိမ်၌ သူဌေးသားသုဒိန် ရဟန်းပြုသည်တိုင်ရုံသော အကြောင်းအရာများသာ ဖြစ်ခဲ့လေသည်။ ပဌမပါရာဇိက သိက္ခာပုဒ်ကို ပညတ်ရသော အကြောင်းအရာတို့ကား ရှင်သုဒိန် ရဟန်းဖြစ်ပြီးနောက် ရှစ်ဝါမြောက်၌ ဖြစ်လေသည်၊ ဤအချက်ကို ဗုဒ္ဓဝင်စာဖတ် သူတော်စင်များ သတိထား ခွဲခြား၍ မှတ်သားရာ၏။)

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံး နေထိုင်တော်မူကာ ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ ထိုဝေသာလီပြည်မှ အစဉ်သဖြင့် ခရီးဒေသစရီ ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။

     ထိုအခါ ဝါလောဒကဇာတ်ကို ဟောကြားတော်မူရန် အကြောင်းအရာ အဋ္ဌုပ္ပတ် ဖြစ်ပေါ်လတ်သည်မှာ-



၁၆၉

     သာဝတ္ထိပြည်၌ ဥပါသကာ ငါးရာတို့သည် အိမ်နှင့်ဆိုင်ရာ ပလိဗောဓ ကိစ္စအရပ်ရပ်ကို သားမယားများအား အပ်နှင်းခဲ့ကြ၍ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူကုန်လျက် တပေါင်းတစုတည်း လှည့်လည်သွားလာကြလေသည်။ ထိုဥပါသကာ ငါးရာတို့တွင် အချို့ကား သောတာပန်, အချို့ကား သကဒါဂါမ်, အချို့ကား အနာဂါမ် ဖြစ်ကြကုန်၏၊ ပုထုဇဉ်ဟူ၍ တယောက်မျှ မပါရှိချေ။ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ကြသော သူတို့သည်လည်း ထိုဥပါသကာ ငါးရာတို့ကို သံဃာစာရင်း အတွင်းပြုကာ ပင့်ဖိတ်ကြလေသည်။

     ထိုဥပါသကာ ငါးရာတို့၏ ရေပူရေချမ်း ကမ်းလှမ်းပြုစုကြသည့် အလုပ်အကျွေး လူငယ်ငါးရာတို့သည်ကား စားကြွင်းစား ဖြစ်ကြကုန်လျက် နေကြကုန်၏။ ထိုစားကြွင်းစား ငါးရာတို့သည် နံနက်စာ စားကြွင်းကို စားကြပြီးလျှင် အခြားအလုပ်ကိစ္စဟူ၍ မရှိ၊ အိပ်စက်ကြ၍ ထကုန်လတ်သော် အစိရဝတီမြစ်သို့ သွားကြ၍ မြစ်ကမ်းနား၌ ပဲ့တင်ထပ်မျှ ဟစ်အော် ကြွေးကြော်ကြကုန်လျက် လက်ပန်း (လက်ဝှေ့) ထိုးသတ်မှု ပြုကြလေ၏။ ထိုစားကြွင်းစားတို့၏ဆရာ ဥပါသကာအရိယာ ငါးရာတို့သည်ကား အသံတိတ်ဆိတ်ကြကာ ဟစ်အော်ကြွေးကြော်ခြင်း အလျှင်းမရှိကြပဲ တကိုယ်တည်း ကိန်းအောင်းကာ ဖိုလ်ဝင်စားလျက်သာ နေကြကုန်၏။

     မြတ်စွာဘုရားရှင်သည် ထိုစားကြွင်းစား ငါးရာတို့၏ ကျယ်လောင်စွာ ဟစ်အော်သော အသံကို ကြားတော်မူ၍ “အာနန္ဒာ.. ဤယခု ကျယ်လောင်စွာ ဟစ်အော်သောအသံကား အဘယ်အသံနည်း”ဟု အရှင်အာနန္ဒာ မထေရ်ကို မေးတော်မူသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည်လည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. စားကြွင်းစား ငါးရာတို့၏ အသံဖြစ်ပါသည်ဘုရား”ဟု ပြန်ကြားလျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာ.. ဤစားကြွင်းစား ငါးရာတို့သည် ယခုအခါ၌သာလျှင် စားကြွင်းကို စားကြ၍ ကျယ်လောင်စွာ ဟစ်အော် ကြွေးကြော်ကြသည် မဟုတ်သေး၊



၁၇၀

ရှေးအခါကလည်း ကျယ်လောင်စွာ ဟစ်အော် ကြွေးကြော်ကြသည်သာတည်း။ ဤဥပါသကာ ငါးရာတို့သည်လည်း ယခုအခါ၌သာလျှင် ငြိမ်သက်စွာ နေထိုင်ကြသည် မဟုတ်သေး၊ ရှေးအခါကလည်း ငြိမ်သက်စွာ နေထိုင်ကြသည်သာတည်း”ဟု မိန့်တော်မူ၍ အရှင်အာနန္ဒာမထေရ် တောင်းပန်အပ်ရကား အတိတ်ဇာတ် ဖြစ်ရပ်ကို ဟောကြားတော်မူလတ်သည်မှာ-

     လွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုလတ်သော် ဘုရားအလောင်းတော်သည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လေလျှင် ဘုရင်မင်းမြတ်၏ ကျိုးကြောင်းညွှန်ပြ ဆိုဆုံးမတတ်သည့် အမတ်ပညာရှိ ဖြစ်လေ၏။

     ထို့နောက် တနေ့သ၌ ဗြဟ္မဒတ်မင်းသည် ပစ္စန္တရစ် နယ်စွန်နယ်ဖျား ထကြွသောင်းကျန်းကြောင်း သတင်းကြားရ၍ သိန္ဓောမြင်း ငါးရာတို့ကို ကကြိုးစုံလင် ပြင်ဆင်စေပြီးလျှင် စစ်အင်္ဂါလေးပါးဖြင့် သွားရောက်လျက် ပစ္စန္တရစ် နယ်စွန်နယ်ဖျားကို ငြိမ်းချမ်းအောင် ပြုပြီးနောက် ဗာရာဏသီပြည်သို့ တဖန်ပြန်ခဲ့၍ “အချင်းတို့.. သိန္ဓောမြင်းများကား ပင်ပန်း နွမ်းလျကြကုန်၏။ ထိုသိန္ဓောမြင်းတို့အား မုဒရက်သီး (သပြက်သီး)အစို ဖျော်ရည်ကို တိုက်ကျွေးကြလော့”ဟု မင်းချင်းတို့ကို စေခိုင်းလေ၏။ မင်းချင်းတို့သည်လည်း မင်းကြီးစေခိုင်းသည့်အတိုင်းပင် သိန္ဓောမြင်း ငါးရာတို့ကို သပြက်သီးအစို ဖျော်ရည်ကို တိုက်ကျွေးကြကုန်၏။

     သိန္ဓောမြင်း ငါးရာတို့သည် အနံ့အရသာနှင့် ပြည့်စုံသော သပြက်သီးစို ဖျော်ရည်ကို သောက်ကြပြီးလျှင် မြင်းတင်းကုပ် (မြင်းဇောင်း)သို့ သွားကြ၍ မိမိတို့၏ နေရာအသီးသီးတို့၌ တည်ငြိမ်စွာ နေကြလေကုန်၏။

     ထိုသိန္ဓောမြင်းငါးရာတို့ သောက်သုံးရန် သပြက်သီးစိုဖျော်ရည် ပြုလုပ်တိုက်ကျွေးပြီးနောက် ဩဇာအရသာမရှိသော သပြက်သီးဖတ်ကား များစွာကျန်ရှိလေသည်။ မင်းချင်းတို့သည် “ဤသပြက်သီးဖတ်များကို ဘယ်သို့ ပြုရပါကုန်မည်နည်း”ဟု မင်းကြီးကို



၁၇၁

မေးကြလေသော် မင်းကြီးသည် “အချင်းတို့.. ထိုသပြက်သီးဖတ်များကို ရေဖြင့်နယ်ပြီးလျှင် သင်ပေါင်းလျှော်ဖြင့်ရက်အပ်သော အဝတ်ကြမ်းတို့ဖြင့်စစ်၍ သိန္ဓောမြင်းများအတွက် ရိက္ခာဝန်ကို ထမ်းဆောင်ကြသည့် မြည်း(လား)တို့အား တိုက်ကျွေးကြလော့”ဟု စေခိုင်း မိန့်တော်မူလေ၏။ မင်းချင်းတို့သည်လည်း မင်းကြီးစေခိုင်းသည့်အတိုင်း သပြက်သီးဖတ်စစ်ရေကို ရိက္ခာဝန်ထမ်း မြည်း(လား)တို့အား တိုက်ပေးကြလေကုန်၏။

     ရိက္ခာဝန်ထမ်း မြည်း(လား)တို့သည် သပြက်သီးဖတ်စစ်ရေကို သောက်ရ၍ မာန်ယစ်ကြပြီးလျှင် တဟီဟီမြည်ကုန်လျက် မင်းယင်ပြင်၌ ခုန်ပေါက်ပြေးလွှား ပျော်ပါးနေကြကုန်၏။ မင်းကြီးသည် လေသာနန်းပြူတင်းကြီးကိုဖွင့်၍ မင်းယင်ပြင်ကို ကြည့်ရှုတော်မူလျက် အနီး၌တည်ရှိသော ဘုရားအလောင်း သုခမိန်အမတ်ကို “အိုသုခမိန်.. ရှုစမ်းပါလော့၊ ဤမြည်း(လား) ငါးရာတို့သည် သပြက်သီးဖတ်စစ်ရေကို သောက်ရ၍ မာန်ယစ်ကြပြီးလျှင် တဟီဟီ မြည်ကုန်လျက် ခုန်ပေါက်ပြေးလွှား ပျော်ပါးနေကြကုန်၏။ သိန္ဓောမျိုး၌ ပေါက်ဖွားကြသည့် သိန္ဓောမြင်းများသည်ကား အနံ့အရသာနှင့် ပြည့်စုံသော သပြက်သီးစိုဖျော်ရည်ကို သောက်ကြပြီးလျှင် အသံမပြုကြပဲ မြူးထူးပျော်ရွှင် ပေါပေါပေါ်လွင်မှု မပြုကြပဲ ငြိမ်သက်စွာ နေကြကုန်၏။ အကြောင်းကား အဘယ်နည်း”ဟု မေးမြန်းလိုသည်ဖြစ်၍-

ဝါလောဒကံ အပ္ပရသံ နိဟီနံ၊

ပိတွာ မဒေါ ဇာယတိ ဂဒြဘာနံ။

ဣမံ စ ပိတွာန ရသံ ပဏီတံ၊

မဒေါ န သဉ္ဇာယတိ သိန္ဓဝါနံ။ (၁)

(ပဏ္ဍိတ = သုခမိန်..)။ အပ္ပရသံ = နည်းသော အရသာရှိသော။ နိဟီနံ = အညံ့စားဖြစ်သော။ ဝါလောဒကံ = သင်ပေါင်းလျှော် အဝတ်ကြမ်းဖြင့် စစ်အပ်သည့် သပြက်သီးဖတ်ရေကို။ ပိတွာ = သောက်ရ၍။ ဂဒြဘာနံ = မြည်း(လား)တို့၏။ မဒေါ = မာန်ယစ်ခြင်းသည်။



၁၇၂

ဇာယတိ = ဖြစ်၏။ ပဏီတံ = မွန်မြတ်သော။ ဣမံ စ ရသံ = ဤသပြက်သီးစိုဖျော်ရည်ကို။ ပိတွာန = သောက်ရပါလျက်။ သိန္ဓဝါနံ = သိန္ဓောမြင်းတို့၏။ မဒေါ = မာန်ယစ်ခြင်းသည်။ န သဉ္ဇာယတိ = မဖြစ်။ (ကာရဏံ = ထိုသို့ဖြစ်ခြင်း အကြောင်းရင်းကား။ ကိန္နုခေါ = အဘယ်ပါနည်း) -

ဟူသော ဤပဌမဂါထာကို ရွတ်ဆို မေးမြန်းတော်မူလေ၏။

     ထိုအခါ ဘုရားအလောင်းတော်သည် မင်းကြီးအား အကြောင်းကို ဖြေကြားတော်မူလိုသည်ဖြစ်၍-

အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊

သော မဇ္ဇတီ တေန ဇနိန္ဒ ဖုဋ္ဌော။

ဓောရယှသီလီ စ ကုလမှိ ဇာတော၊

န မဇ္ဇတီ အဂ္ဂရသံ ပိဝိတွာ။ (၂)

ဇနိန္ဒ = မြတ်သောမင်းကြီး..။ ယော = အကြင် မြည်း(လား)သည်။ နိဟီနဇစ္စော = ယုတ်နိမ့်သော အမျိုးဇာတ်ရှိ၏။ တေန = ထိုယုတ်နိမ့်သော အမျိုးဇာတ်ရှိသည်၏ အဖြစ်သည်။ ဖုဋ္ဌော = တွေ့ထိ နှိပ်စက်အပ်သည်ဖြစ်၍။ သော = ထိုမြည်း(လား)သည်။ အပ္ပံ = အနည်းငယ်မျှ မပြောပလောက်သည့် သပြက်သီးဖတ်စစ်ရေကို။ ပိဝိတွာန = သောက်ရ၍။ မဇ္ဇတိ = မာန်ယစ်၏။ ကုလမှီ = မြတ်သောအမျိုးဇာတ်၌။ ဇာတော– ဇာတတ္တာ = ဖြစ်ပွါးသည်၏ အဖြစ်ကြောင့်။ ဓောရယှသီလီ စ = ပြည်၏ဝန်ကို အားသွန် ထမ်းဆောင်လေ့ရှိသော သိန္ဓောမြင်းသည်ကား။ အဂ္ဂရသံ = သပြက်သီးအစိုမှ ရှေးဦးစွာပေါ်ထွက်သည့် ချိုမြက်သော ရသာရည်ကို။ ပိဝိတွာ = သောက်ရပါလျက်။ န မဇ္ဇတိ = မာန်မယစ်ချေ။-



၁၇၃

ဟူသော ဤဒုတိယဂါထာကို ရွတ်ဆို ဖြေကြားတော်မူလေ၏။ ။(မြည်း = လားတို့ကား အမျိုးဇာတ် ယုတ်ညံ့သောကြောင့် အရသာနည်းပါးသည့် အဖတ်စစ်ရေကို သောက်ရလျက် မာန်ယစ်ကြသည်။ သိန္ဓောတို့ကား အမျိုးဇာတ် မြတ်သောကြောင့် ရသာဦးကို သောက်ရလျက် မာန်မတက်ကြ မာန်မယစ်ကြ-ဟု ဆိုလိုသည်)။

     မင်းကြီးသည် ဘုရားအလောင်းတော်၏ စကားကို ကြားနာရ၍ မြည်းများ (=လားများ)ကို မင်းယင်ပြင်မှ မောင်းနှင်ထုတ်စေလေသည်။ ထို့နောက် မင်းကြီးသည် ဘုရားအလောင်း၏ အဆုံးအမ၌တည်လျက် ဒါနစသော ကောင်းမှုတို့ကို ပြုလုပ်အားထုတ်၍ ကံအားလျော်စွာ လားရောက်လေ၏။

     မြတ်စွာဘုရားရှင်သည် ဝါလောဒကဇာတ် ဤတရားဒေသနာတော်မြတ်ကို ထုတ်ဆောင်ဟောပြတော်မူပြီးလျှင် “ထိုစဉ်အခါ မြည်း(=လား) ငါးရာတို့သည် ယခုအခါ စားကြွင်းစား ငါးရာတို့ ဖြစ်လာကြကုန်၏၊ ထိုစဉ်အခါ သိန္ဓောမြင်း ငါးရာတို့သည် ယခုအခါ ဥပါသကာ အရိယာဒါယကာ ငါးရာတို့ ဖြစ်လာကြကုန်၏၊ ထိုစဉ်အခါ ဗာရာဏသီမင်းသည် ယခုအခါ အာနန္ဒာဖြစ်လာ၏။ ထိုစဉ်အခါ ပညာရှိ သုခမိန်အမတ်သည်ကား ယခုအခါ ငါဘုရားပင် ဖြစ်လာ၏”ဟု ဇာတ်တော်ကို ပေါင်းတော်မူလေ၏။

ဝါလောဒကဇာတ်ကို ဟောတော်မူခြင်းအကြောင်းအရာ ပြီး၏။

**********

ရှင်ရာဟုလာကို အကြောင်းပြု၍

မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူခြင်း

     မြတ်စွာဘုရားရှင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူဆဲဖြစ်သော ထိုအချိန်၌ သားတော် ရှင်ရာဟုလာသာမဏေမှာ အသက် တဆယ့်ရှစ်နှစ်အရွယ်သို့ ရောက်ခဲ့လေပြီ၊ သာမဏေ၀ါ တဆယ့်တဝါ ရရှိခဲ့လေပြီ။



၁၇၄

     တနေ့သ၌ မြတ်စွာဘုရားရှင်သည် နံနက်အခါ သာဝတ္ထိပြည်အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေ၏။ အရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားရှင်၏ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါခဲ့လေသည်။

     ထိုသို့ မြတ်စွာဘုရားရှင်နှင့် ရှင်ရာဟုလာတို့ ရှေ့နောက်မကွာ ကြွသွားကြရာဝယ် မြတ်စွာဘုရားရှင်သည် ပင်လုံးကျွတ်ပွင့်သည့် အင်ကြင်းတောအတွင်း၌ ရောက်ရှိကာ သာယာသော မြေအပြင်သို့ သက်ရောက်ရန် တောအုပ်အတွင်းမှ ထွက်ချီလာသော မုန်သောက်ဆင်ကြီးကဲ့သို့ တင့်တယ်တော်မူလှပေ၏။ ရှင်ရာဟုလာသည်လည်း ဆင်ပြောင်ကြီး၏နောက်မှ ထက်ကြပ်မကွာ ထွက်ချီလာသော ဆင်ပေါက်ကလေးကဲ့သို့ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ညနေချမ်းအခါ၌ ပတ္တမြားဂူမှ အစာရှာရန် ထွက်လာသော ကေသရာခြင်္သေ့မင်းအတူ တင့်တယ်တော်မူ၏။ ရှင်ရာဟုလာသည်လည်း သားတို့သနင်း ကေသရာခြင်္သေ့မင်း၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကေသရာ ခြင်္သေ့ငယ်ကဲ့သို့ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ကျောက်စိမ်းတောင်သဖွယ် တင့်တယ်သော အသရေရှိသည့် တောအုပ်အတွင်းမှ ထွက်ချီလာသော ကျားမင်းကဲ့သို့ တင့်တယ်တော်မူပေ၏၊ ရှင်ရာဟုလာသည်လည်း ကျားမင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသော ကျားငယ်အတူ တင့်တယ်တော်မူပေ၏။

     မြတ်စွာဘုရားရှင်သည် လက်ပံတောမှ ထွက်ချီလာသော ဂဠုန်ငှက်မင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ဂဠုန်ငှက်မင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသော ဂဠုန်ငှက်ငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် စိတ္တကုဋ်တောင်မှ ကောင်းကင်အပြင်သို့ ပျံတက်သော ရွှေဟင်္သာငှက်မင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ရွှေဟင်္သာငှက်မင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါပျံသန်းသော ရွှေဟင်္သာငှက်ငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် ဆဒ္ဒန်အိုင်ကြီးအတွင်း ချဉ်းနင်း သက်ရောက်သော



၁၇၅

ရွှေလှေကြီးကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် ရွှေလှေကြီးနောက်မှ အစဉ်တစိုက် လိုက်ပါလာသည့် ရွှေလှေငယ်အတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် စကြာရတနာ အာနုဘော်ဖြင့် ကောင်းကင်အပြင်၌ လှည့်လည်ကြွသွားသည့် စကြာမင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် စကြာမင်း၏နောက်မှ အတူတကွ လိုက်ပါလှည့်လည်သော သားကြီးရတနာအတူ တင့်တယ်တော်မူပေ၏။ မြတ်စွာဘုရားရှင်သည် တိမ်တိုက်ကင်းစင်သည့် ကောင်းကင်အပြင်၌ လှည့်လည်သွားသော ကြယ်များသနင်း လမင်းကဲ့သို့ တင့်တယ်တော်မူ၍ ရှင်ရာဟုလာသည် လမင်း၏နောက်မှ ထက်ကြပ်မကွာ လိုက်ပါတောက်ပသော သောက်ရှူးကြယ် (=သောကြာကြယ်)အတူ တင့်တယ်တော်မူပေ၏။

     မြတ်စွာဘုရားရှင်သည်လည်း မဟာသမ္မတနွယ်စဉ် ဩက္ကာကရာဇဝင်၌ သန့်စင် ဖွားမြောက်တော်မူ၏၊ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်သည်လည်း ခရုသင်း၌ လောင်းထည့်အပ်သော နို့ရည်အတူ စင်ကြယ်သော ခတ္တိယဇာတ် မြတ်သောမင်းမျိုး၌ ဖြစ်တော်မူ၏၊ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်သည်လည်း မင်းစည်းစိမ်ကို ပယ်စွန့်၍ ရဟန်းပြုတော်မူခဲ့၏။ ရှင်ရာဟုလာသည်လည်း ထိုနည်း၎င်းပင်။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်သည်လည်း မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် တန်းဆာဆင်အပ်လျက် နတ်မြို့တံခါးဝဝယ် ကောင်းစွာ စိုက်ထောင်အပ်သော ရတနာတုရိုဏ်တိုင်ကဲ့သို့၎င်း, ပင်လုံးကျွတ်ပွင့်သော ပင်လယ်ကသစ်ပင်ကြီးကဲ့သို့၎င်း အလွန်လျှင် စိတ်နှလုံးကို ယူကျုံး ဆွဲဆောင်နိုင်ပေ၏။ ရှင်ရာဟုလာ၏ ကိုယ်သည်လည်း ထိုနည်း၎င်းပင်။

     ဤသို့လျှင် ရှေးဆုတောင်းအထူးနှင့် ပြည့်စုံတော်မူကြသည့် မင်းမျိုးမှချည်း ရဟန်းပြုတော်မူကြသည့် မင်းတို့၏ သိမ်မွေ့ခြင်းနှင့်ချည်း ပြည့်စုံတော်မူကြသည့် ရွှေရည်အဆင်း ၀ါဝင်းသော



၁၇၆

ကိုယ်ရေရှိတော်မူကြသည့် မဟာပုရိသ လက္ခဏာတော်တို့နှင့်လည်း ပြည့်စုံတော်မူကြသည့် ဗုဒ္ဓရှင်တော်ဘုရားနှင့် သားတော်ရှင်ရာဟုလာ မဟာပုရိသပုဂ္ဂိုလ်မြတ် နှစ်ဆူတို့သည် လမ်းတကြောင်းတည်း ကြွသွားတော်မူကြကုန်သည်ဖြစ်၍ ရှေ့နောက် အစဉ်အတိုင်းသွားကြသည့် လမင်းနှစ်စင်း နေမင်းနှစ်စင်း နှစ်ဦး နှစ်ဦးစီသော သိကြားနတ်မင်း သုယာမနတ်မင်း သန္တုသိတနတ်မင်း သုနိမ္မိတနတ်မင်း ဝသဝတ္တီနတ်မင်း မဟာဗြဟ္မာမင်း စသည်တို့၏ အသရေကို မိမိတို့၏အသရေဖြင့် လွှမ်းမိုးနှိပ်စက်ကြသည့်ပမာ လွန်စွာ တင့်တယ်တော်မူကြကုန်၏။

     ထိုသို့ တင့်တယ်တော်မူကြရာ၌ အရှင်ရာဟုလာသည် မြတ်စွာဘုရားရှင်၏ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါရင်းကပင် ခြေဖဝါးအပြင်မှသည် ဆံတော်ဖျားတိုင်အောင် မြတ်စွာဘုရားရှင်ကို ကြည့်ရှုလတ်သည်တွင် မြတ်စွာဘုရားရှင်၏ ဗုဒ္ဓအသရေတော်ဖြင့် တင့်တယ်တော်မူပုံကို အာရုံစေ့စေ့ ဖူးမြင်တွေ့ရကား-

“ငါ၏ဖဘုရားသည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီးတို့ဖြင့် ဆန်းကြယ်သော ရူပကာယကိုယ်တော် ရှိတော်မူလျက် ကိုယ်တော်ရောင်တို့ဖြင့် ဝန်းရံအပ်ရကား တသုန်သုန် တဖွဲဖွဲ ဖြန့်ကြဲအပ်သည့် ရွှေမှုန်တို့၏အကြားသို့ ရောက်နေတော်မူသကဲ့သို့၎င်း, လျှပ်နွယ်တို့ဖြင့် ဝန်းရံအပ်သော ရွှေတောင်ကြီးကဲ့သို့၎င်း, ယန္တရားချည်တို့ဖြင့် ဆွဲငင် ကုံးသီအပ်သည့် ရတနာခုနစ်ရပ်တို့ဖြင့် ဆန်းကြယ်သော ရွှေတုရိုဏ်တိုင် ကဲ့သို့၎င်း, တွေးတွေးနီမြန်း ပံသုကူသင်္ကန်းဖြင့် ဖုံးလွှမ်းဝတ်ရုံအပ်ပါသော်လည်း ကမ္ဗလာနီဖြင့် ဝန်းရံအပ်သော ရွှေတောင်ကြီးကဲ့သို့၎င်း, သန္တာနွယ်တို့ဖြင့် စီခြယ်ပြုပြင် တန်းဆာဆင်အပ်သည့် ရွှေတုရိုဏ်တိုင်ကဲ့သို့၎င်း, ဆုန်းမှုန့် (=ဟင်းသပြဒါးမှုန့်)တို့ဖြင့် ပူဇော်အပ်သည့် ရွှေစေတီမြတ်ကဲ့သို့၎င်း, ချိပ်ရည်ဖြင့် လိမ်းကျံအပ်သည့် ရွှေယဇ်တိုင်ကဲ့သို့၎င်း, နီမြန်းသော တိမ်တိုက်ကြားမှ



၁၇၇

ဖွားကနဲတက်ထွန်းသည့် လပြည့်ဝန်းကြီးကဲ့သို့၎င်း တင့်တယ်တော်မူလှပါပေ၏။ အမျှသုံးဆယ်သော ပါရမီတော်တို့၏ အာနုဘော်ဖြင့် မွမ်းမံပြုပြင် စီရင်အပ်သော ကိုယ်တော်မြတ်၏ အသရေနှင့် ပြည့်စုံပုံကား အံ့ဩ၍ မဆုံးနိုင်အောင်ပင် ရှိပါပေ၏”–

ဟူ၍ ကြံစည်လေသည်။ ထို့နောက် မိမိကိုယ်ကိုလည်း ကြည့်ရှုပြီးလျှင် “ငါသည်လည်း တင့်တယ်လှပ၏။ အကယ်၍များ မြတ်စွာဘုရားသည် လေးကျွန်းသနင်း စကြာမင်းအဖြစ်ကို ပြုတော်မူခဲ့လျှင် ငါ့အား သားကြီးဩရသ ပရိဏာယကရာထူးကို ပေးသနားတော်မူပေလိမ့်မည်။ ဤသို့ဖြစ်လျှင် အတိုင်းထက်အလွန်ပင် ဇမ္ဗူဒိပ်ကျွန်းအပြင်သည် တင့်တယ်လာရာ၏”ဟူ၍ ကြံစည်ကာ မိမိကိုယ်ကို အမှီပြု၍ ဂေဟဿိတတဏှာကို ဖြစ်စေလေသည်။

     မြတ်စွာဘုရားရှင်သည်လည်း ရှေ့မှ ကြွသွားတော်မူရင်းကပင် “ယခုအခါ သားတော်ရာဟုလာ၏ ကိုယ်ခန္ဓာအတ္တဘောသည် အရေ အသား အသွေးများ ပြည့်ဖြိုး၍ လာလေပြီ၊ တပ်စွန်းဖွယ်ဖြစ်သည့် အဆင်းအဖုံဖုံ ရူပါရုံအစရှိသည်တို့၌ မရပ်မနား စိတ်ကစားလျက် ပြေးသွားသောအခါ ဖြစ်ချေသည်၊ သားတော်ရာဟုလာသည် အဘယ်သို့သော အကြံအစည်များ ပြောများကာ အခါကို လွန်စေသနည်း”ဟူ၍ ကြံစည် ဆင်ခြင်တော်မူလေလျှင် ဆင်ခြင်တော်မူသော ထိုခဏမှာပင် “ကြည်လင်သောရေအပြင်၌ သွားနေသောငါးကို မြင်ရသကဲ့သို့၎င်း, သန့်ရှင်းစင်ကြယ်သော ကြေးမုံ (=မှန်)အဝန်း၌ မျက်နှာရိပ်ကို မြင်ရသကဲ့သို့၎င်း ရှင် ရာဟုလာ၏ ထိုဂေဟဿိတ တဏှာလောဘနှင့်ယှဉ်သော စိတ်ဖြစ်စဉ်ကို လင်းလင်းမြင်တော်မူလေ၏။ ထိုသို့ မြင်လျှင်မြင်ခြင်းပင် “ဤရာဟုလာသာမဏေသည် ငါဘုရား၏ သားတော်ဖြစ်လျက် ငါဘုရား၏နောက်မှ လိုက်ပါရင်းပင် ‘ငါသည် တင့်တယ်၏။ ငါ၏ ရုပ်ရည်အဆင်းကား သန့်ရှင်းကြည်လင်လှပေ၏’ဟူ၍ မိမိ၏ ကိုယ်ခန္ဓာအတ္တဘောကို အမှီပြု၍ ဂေဟဿိတ တဏှာလောဘကို ဖြစ်စေဘိ၏၊ ဆိပ်ကမ်းမဟုတ်သည်၌ သက်ဆင်းကာ



၁၇၈

လမ်းမှားကိုသွားလျက် မကျက်စားသင့်သော အာရုံ၌ ကျက်စားဘိ၏၊ မျက်စိလည် လမ်းမှားသော ခရီးသွားယောက်ျားကဲ့သို့ မသွားသင့်သောအရပ်သို့ သွား၍နေဘိ၏၊ ရာဟုလာ၏ ဤယခုဖြစ်ပွါးသော လောဘကိလေသာသည် ကိုယ်ခန္ဓာအတွင်း၌ ဆက်လက် လက်ခံထားသဖြင့် ကြီးပွါး၍လာခဲ့လျှင် မိမိသူတပါး နှစ်ဦးသားတို့၏ အကျိုးများကို အမှန်အတိုင်းသိမြင်ရန် အခွင့်အရေး ပေးလိမ့်မည်မဟုတ်၊ ထို့ကြောင့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ် အပါယ်လေးဘုံနှင့်တကွ ကြပ်တည်းကျဉ်းမြောင်းလှသည့် အမိဝမ်းခေါင်း၌ ပဋိသန္ဓေ တည်နေစေလေရာ၏၊ ဤသို့စသည်ဖြင့် အနမတဂ် သံသရာစက်၌ ပစ်ချလေရာ၏။ မှန်၏-

ဤလောဘတရားသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏။ လောဘသည် ကုသိုလ်စိတ်ကို ဖျက်ဆီးတတ်၏၊ဤလောဘကို အကြောင်းပြုကာ စိတ်သန္တာန်အစဉ်၌ ကြောက်ဖွယ်မဟေး ဘေးကြီးဖြစ်နိုင်၏။ ထိုအကြောင်းကို လူအပေါင်းကား မသိမြင်ကြချေ။

တပ်မက်သောသူသည် အကျိုးအကြောင်းကို ကောင်းစွာ မသိမြင်နိုင်၊ သတ္တ၀ါကို လောဘတရား လွှမ်းမိုးနှိပ်စက်သောအခါ အမိုက်မှောင်ကြီးအတိ ဖြစ်၍နေဘိ၏။

     ကွဲပေါက်သော ပျဉ်ချပ်အကြားမှ ရေတဖွားဖွား စိမ့်ဝင်၍နေသော ရတနာအပြည့် တင်ဆောင်လာသည့် စက်လှေကြီးကို တခဏမျှလည်း လျစ်လျူမရှုသင့်၊ ထိုစက်လှေကြီး၏ အကွဲအပေါက်ကို လျင်မြန်စွာ ပိတ်ဆို့သင့်သကဲ့သို့ ထို့အတူပင် ဤ ရာဟုလာ သာမဏေကိုလည်း လျစ်လျူရှုကာ အမှုမဲ့ အမှတ်မဲ့ မထားသင့်ချေ၊ ဤလောဘကိလေသာသည် ရာဟုလာ၏သန္တာန်၌ ဖြစ်ပွါးနေသည့် သီလ-အစရှိသော သူတော်ဥစ္စာ ရတနာတို့ကို မဖျက်ဆီးမီ ထိုကိလေသာကို နှိမ်နင်းပေအံ့”ဟူ၍ ကြံစည်ဆုံးဖြတ်မှုကို ပြုတော်မူလေ၏။

     အထူးအားဖြင့် ဤသို့သောအရာမျိုး၌ မြတ်စွာဘုရားရှင်တို့၏ နာဂဝိလောကန ခေါ်ဆိုသည့် ဆင်ပြောင်ကြီးကဲ့သို့



၁၇၉

တကိုယ်လုံး ပြန်လှည့်၍ ကြည့်တော်မူခြင်းမျိုး ဖြစ်လေသည်၊ သို့ရကား ယန္တရားစက်ဖြင့် လှည့်လိုက်သော ရွှေရုပ်တုတော်ကဲ့သို့ မြတ်စွာဘုရားရှင်သည် ကိုယ်တော်အလုံးကို ပြန်လှည့်၍ ရပ်တည်တော်မူကာ ရှင်ရာဟုလာကို-

“ရာဟုလာ.. ဖြစ်ပြီး (အတိတ်)ရုပ်, ဖြစ်လတ္တံ့ (အနာဂတ်)ရုပ်နှင့် ဖြစ်ဆဲ(ပစ္စုပ္ပန်)ရုပ် (၃), ကိုယ်တွင်းသန္တာန်၌ဖြစ်သော ရုပ်နှင့် ကိုယ်ပသန္တာန်၌ဖြစ်သော ရုပ် (၂), ရုန့်ရင်းကြမ်းတမ်းသော ရုပ်နှင့် နူးညံ့သိမ်မွေ့သော ရုပ် (၂), အညံ့စားဖြစ်သော ရုပ်နှင့် အကောင်းစားဖြစ်သော ရုပ် (၂), အဝေး၌တည်သော ရုပ်နှင့် အနီး၌တည်သော ရုပ် (၂) = ဤသို့လျှင် (၁၁) တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ငါ၏ဥစ္စာ မဟုတ်ပါတကား၊ ငါမဟုတ်ပါတကား၊ ငါ၏ အတ္တလိပ်ပြာ မဟုတ်ပါတကား”ဟု ထိုရုပ်တရားကို ဟုတ်မှန်သောအတိုင်း ကောင်းသော ဝိပဿနာ ဉာဏ်ပညာဖြင့် ရှုရမည်”—

ဟု မိန့်တော်မူလေ၏။

     ထိုအခါ ရှင်ရာဟုလာက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လော၊ စကားကောင်းကို ဆိုတော်မူတတ်သော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လော”ဟု မေးမြန်း လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ရာဟုလာ.. ရုပ်ကိုလည်း (ဤသို့) ရှုရမည်၊ ဝေဒနာကိုလည်း (ဤသို့) ရှုရမည်၊ သညာကိုလည်း (ဤသို့) ရှုရမည်၊ သင်္ခါရတို့ကိုလည်း (ဤသို့) ရှုရမည်၊ ဝိညာဏ်ကိုလည်း (ဤသို့) ရှုရမည်”ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရုပ်ကိုသာလျှင် (ဤသို့) ရှုရပါမည်လောဟု အရှင်ရာဟုလာ မေးမြန်း လျှောက်ထားခြင်း၏ အကြောင်းမှာ-

“တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ‘ငါ၏ဥစ္စာ မဟုတ်ပါတကား၊ ငါမဟုတ်ပါတကား၊ ငါ၏ အတ္တလိပ်ပြာ



၁၈၀

မဟုတ်ပါတကား’ဟု ဟုတ်မှန်သောအတိုင်း ဝိပဿနာ ဉာဏ်ပညာဖြင့် ရှုရမည်”ဟူသော တရားစကားကို ကြားသိလိုက်ရလျှင်ပင် ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားသည် ရုပ်တရားအားလုံးကို ဝိပဿနာ ဉာဏ်ပညာဖြင့် ဤသို့ ရှုရမည်”ဟူ၍ ဟောတော်မူ၏၊ ဝေဒနာစသော ကျန်ခန္ဓာလေးပါးတို့၌ အဘယ်သို့လျှင် ရှုသိ ကျင့်ကြံရပါမည်နည်း၊ “ ရုပ်ခန္ဓာကဲ့သို့ပင် ရှုသိ ကျင့်ကြံရမည် ဖြစ်လေရာ၏”ဟု ဆက်၍ဆင်ခြင် သိမြင်သော နယကုသလဉာဏ် ဖြစ်ပွါးလာလေသည်၊ သို့ရကား ထိုနယကုသလဉာဏ်၌ တည်တော်မူကာ မေးမြန်း လျှောက်ထားလေသည်။

မှန်၏- ဤအရှင်ရာဟုလာသည် နယကုသလဉာဏ် (တထွာပြလျှင် တလံမြင်သည့် အသိဉာဏ်) ရှိသူဖြစ်၏၊ “ဤအမှုကို မပြုလုပ်ကောင်း”ဟု တခုလောက် ဟောပြလိုက်လျှင် “ဤအမှုကိုလည်း မပြုလုပ်ကောင်း၊ ဤအမှုကိုလည်း မပြုလုပ်ကောင်း”ဟု ဆက်၍ ဆင်ခြင်ကာ နည်းပေါင်း အရာအထောင်ဖြင့် ထိုးထွင်းသိမြင်နိုင်၏။ “ဤအမှုကို ပြုလုပ်ကောင်း၏”ဟု တခုလောက် ဟောပြလိုက်လျှင်လည်း ထိုနည်းအတူပင် “ဤအမှုကိုလည်း ပြုလုပ်ကောင်း၏၊ ဤအမှုကိုလည်း ပြုလုပ်ကောင်း၏”ဟု ဆက်၍ဆင်ခြင်ကာ နည်းပေါင်း အရာအထောင်ဖြင့်ပင် ထိုးထွင်း သိမြင်နိုင်၏။

ဆက်ဦးအံ့- ဤအရှင်ရာဟုလာသည် သိက္ခာသုံးပါးကို လိုလား မြတ်နိုးတော်မူပေ၏၊ နံနက်စောစောပင်လျှင် ဘုရားရှင် သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌ “ယနေ့ ငါသည် မြတ်စွာဘုရား၏ အထံတော်မှ၎င်း, ငါ၏ ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာမထေရ်၏ အထံမှ၎င်း ဤသဲမှုန့်နှင့် အတူအမျှ အဆုံးအမ ဩဝါဒစကား ဤသဲမှုန့်နှင့် အတူအမျှ မြည်တွန်သည့်စကားကို ရပါလို၏”ဟု နှုတ်မြွက်ပြောဆိုကာ တကွမ်းစား (=တပြည်သား)ခန့်သော သဲမှုန့်ကို နေ့စဉ် နေ့စဉ် ကြဲဖြန့်တော်မူလေ့ရှိသည်။ (ထိုသို့ နယကုသလဉာဏ်ရှင် ဖြစ်တော်မူခြင်း, သိက္ခာသုံးပါးကို လိုလား မြတ်နိုးတော်မူခြင်းကြောင့်ပင် အပြည့်အစုံ ကျင့်ကြံလိုသည့်အတွက် ဤသို့ မေးမြန်း လျှောက်ထားခြင်း ဖြစ်လေသည်)။

ထိုသို့ မေးမြန်း လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား ခန္ဓာငါးပါးလုံးကိုပင် ဤနည်းအတူ ရှုရမည်ဖြစ်သောကြောင့် “ရာဟုလာ.. ရုပ်ကိုလည်း (ဤသို့) ရှုရမည်၊ ဝေဒနာကိုလည်း



၁၈၁

(ဤသို့) ရှုရမည်၊ သညာကိုလည်း (ဤသို့) ရှုရမည်၊ သင်္ခါရတို့ကိုလည်း (ဤသို့) ရှုရမည်၊ ဝိညာဏ်ကိုလည်း (ဤသို့) ရှုရမည်”ဟု ဟောကြား ဖြေဆိုတော်မူလေသည်)။

     ဤသို့ မြတ်စွာဘုရားရှင်၏ အဖြေစကား ကြားသိရသောအခါ ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ်-

“မြတ်စွာဘုရားရှင်သည် ငါ၏ ကိုယ်ခန္ဓာ အတ္တဘော၌မှီသော တဏှာလောဘကို သိတော်မူပြီးလျှင် ‘ရဟန်းမည်သည် ဤသို့သော အကြံမျိုးကို မကြံစည်ကောင်း’ဟု ပရိယာယ် သွယ်ဝိုက်သောနည်းဖြင့်လည်း ဩဝါဒစကားကို မိန့်ကြားတော်မမူ။ ‘ရဟန်း.. သွားချေလော့၊ နောက်တဖန် ဤသို့သော အကြံမျိုးကို မကြံလင့်ဟု ပြောချေလော့’ ဟူ၍လည်း တမန်ရဟန်းတပါးပါးကို စေလွှတ်တော်မမူချေ။ စင်စစ်သော်ကား ငါ့ကို မျက်နှာချင်းဆိုင် ရပ်တော်မူ၍သာလျှင် ခိုးထုပ်ခိုးထည်နှင့်တကွ သူခိုးကို ဦးစွန်း၌ ဆွဲကိုင် ဖမ်းယူတော်မူသကဲ့သို့ မျက်မှောက်ဖြစ်သော ဘုရားအဆုံးအမ ဩဝါဒကို ပေးတော်မူလေသည်။ ဘုရားအဆုံးအမ ဩဝါဒမည်သည်ကိုကား ကပ်ကမ္ဘာ အသင်္ချေယျ ကာလရှည်ကြာသော်လည်း ရနိုင်ခဲလှ၏။ ဤသို့သဘောရှိသော မြတ်စွာဘုရားရှင်၏ မျက်မှောက်ဩဝါဒ အဆုံးအမကို ရရှိလတ်သော် ပညာရှိသူမှန်က အဘယ်သူသည် ယနေ့အဖို့ရာ မြို့ရွာတွင်းသို့ ဆွမ်းခံဝင်ချိမ့်မည်နည်း”–

ဟု အကြံအစည်ဖြစ်ပြီးနောက် အရှင်ရာဟုလာသည် ဆွမ်းကိစ္စကို ပယ်စွန့်တော်မူပြီးလျှင် မျက်မှောက်အဆုံးအမ ဩဝါဒကို ရရှိရာအရပ်မှပင် (ရှေ့သို့ဆက်၍ မလိုက်တော့ပဲ) ပြန်နစ်ခဲ့၍ တခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူလေ၏။

     မြတ်စွာဘုရားရှင်သည်လည်း အရှင်ရာဟုလာ ပြန်နစ်သည်ကို မြင်တော်မူသော်လည်း “ရာဟုလာ.. မပြန်နစ်နှင့်ဦး၊ သင့်အဖို့ရာ ဆွမ်းခံလှည့်လည်ရမည့် အခါဖြစ်သည်”ဟု မိန့်တော်မမူချေ။



၁၈၂

အကြောင်းသော်ကား- မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်တော်ဝယ် “ယနေ့အဖို့ရာ ရာဟုလာသည် ကာယဂတာသတိကမ္မဋ္ဌာန်း တည်းဟူသော အမြိုက်ဘောဇဉ်ကို စားသုံးစေဦး”ဟု အကြံတော် ဖြစ်သောကြောင့်တည်း။

အရှင်သာရိပုတ္တရာ၏ လုပ်ငန်းရပ်များ

     အရှင်သာရိပုတ္တရာ၏ လုပ်ငန်းရပ် ဝတ်တရားမှာ တပါးတည်းနေသောအခါ၌ တမျိုး, မြတ်စွာဘုရားနှင့် အတူတကွ နေသောအခါ၌ တမျိုးဖြစ်လေသည်။

     ချဲ့ဦးအံ့- အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါးတို့သည် ဧကစာရီ နေတော်မူကြသောအခါ၌ စောစောကပင် ကျောင်းတိုက်နေရာကို တံမြက်လှည်းပြီးလျှင် ကိုယ်လက် သုတ်သင်တော်မူကြပြီးနောက် သမာပတ်ကို ဝင်စား၍ ငြိမ်သက်စွာ ထိုင်နေတော်မူကြပြီးခါ မိမိတို့ စိတ်အလိုကျအတိုင်း ဆွမ်းခံကြွဝင်တော်မူကြလေသည်။ မြတ်စွာဘုရားရှင်နှင့် အတူတကွ နေတော်မူကြသော အခါ၌ကား မထေရ်မြတ် (အဂ္ဂသာဝက) နှစ်ပါးတို့သည် ဤသို့မပြုကြကုန်၊ ထင်ရှားစေဦးအံ့- ထိုသို့ အတူတကွ နေသောအခါ၌ မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ရှေးဦးစွာ ဆွမ်းခံကြွဝင်တော်မူလေသည်။ ထိုသို့ မြတ်စွာဘုရားရှင် ဆွမ်းခံ ကြွဝင်တော်မူပြီးနောက်မှ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မိမိကျောင်းမှ ထွက်ခဲ့၍ “ရဟန်းအများ နေရာအရပ်၌မည်သည် အားလုံးသော ရဟန်းတို့သည်ပင် ကြည်ညိုဖွယ်ရှိအောင် ပြုလုပ်နိုင်ကြသည် လည်း ရှိ၏၊ မပြုလုပ်နိုင်ကြသည်လည်း ရှိ၏”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ထိုထိုကျောင်းပရိဝုဏ် များသို့ သွားရောက်တော်မူကာ တံမြက်မလှည်းရသေးသောအရပ်ကို တံမြက်လှည်းတော်မူ၏။ မစွန့်ရသေးသောအမှိုက်များ ရှိလျှင်လည်း ထိုအမှိုက်များကို စွန့်သွန်တော်မူ၏။ သောက်ရေအိုး ထားသင့်သည့်နေရာ၌ သောက်ရေအိုးမရှိလျှင် သောက်ရေအိုးကို တည်ထားတော်မူ၏။ မကျန်းမာသော ဂိလာနပုဂ္ဂိုလ်တို့ထံ ကြွရောက်ပြီးလျှင် “ငါ့ရှင်တို့.. သင်တို့အဖို့ရာ အဘယ်အစာအာဟာရကို ဆောင်ယူခဲ့ရမည်နည်း၊



၁၈၃

သင်တို့သည် အဘယ်အစာအာဟာရကို အလိုရှိအပ်သနည်း”ဟု မေးတော်မူ၏၊ ဝါမရသေးသော ရဟန်းငယ်များအထံသို့ သွားရောက်ပြီးလျှင် “ငါ့ရှင်တို့.. သာသနာတော်ဝယ် မွေ့လျော်ကြကုန်လော့၊ မပျင်းရိကြကုန်လင့်၊ ဗုဒ္ဓမြတ်စွာ သာသနာကား အကျင့်ပဋိပတ်တည်းဟူသော အနှစ်သာရ ရှိချေ၏”ဟူ၍ ဆုံးမတော်မူ၏၊ ဤသို့ ကျောင်းတိုက်အတွင်းဝယ် ပြုလုပ်သင့်သမျှကို ပြုလုပ်တော်မူပြီးမှ အားလုံးတို့၏နောက်မှ ဆွမ်းခံကြွဝင်တော်မူလေသည်။

     ဥပမာအားဖြင့် လေးကျွန်းသနင်း စကြာမင်းသည် တစုံတခုသောအရပ်သို့ သွားလိုသည်ရှိသော် အင်္ဂါလေးရပ် စစ်တပ်ကြီးခြံရံကာ ရှေးဦးစွာ ထွက်ချီတော်မူ၏။ သားကြီးဩရသ ပရိဏာယက ရတနာကား စစ်အင်္ဂါများကို စီမံခန့်ခွဲ၍ နောက်မှ ထွက်ချီတော်မူသကဲ့သို့ ထို့အတူပင် တရားစက်ကို လည်စေတော်မူသည့် သဒ္ဓမ္မစကြဝတေးမင်း ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံကာ ရှေးဦးစွာ ထွက်ကြွတော်မူ၏။ သားကြီးဩရသ ပရိဏာယကရတနာ ဖြစ်တော်မူသော တရားစစ်သေနာပတိ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကား ရှေးဖော်ပြရာပါ ဤကိစ္စလုပ်ငန်းရပ်များကို လုပ်ဆောင်တော်မူ၍ အလုံးစုံသော ရဟန်းတို့၏နောက်မှ ဆွမ်းခံထွက်ကြွတော်မူလေသည်။

     ထိုနေ့အဖို့ရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဇေတဝန်ကျောင်းတိုက်တော် အတွင်းဝယ် ရှေးဖော်ပြရာပါ ကိစ္စလုပ်ငန်းရပ်များကို လုပ်ဆောင် ပြီးပြေစေတော်မူ၍ အားလုံးသော ရဟန်းတို့၏ နောက်ဆုံးမှ ဆွမ်းခံထွက်ကြွတော်မူလတ်သည်ရှိသော် တခုသော သစ်ပင်ရင်း၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေသော အရှင်ရာဟုလာကို မြင်တော်မူ လေလျှင်-

“ရာဟုလာ.. (ထွက်သက်ဝင်သက်၌ အောက်မေ့မှုဟူသော) အာနာပါနဿတိ ဘာဝနာကို ပွါးများလော့၊ ရာဟုလာ.. အာနာပါနဿတိဘာဝနာကို ပွါးများအပ်သည်ရှိသော်



၁၈၄

ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သော အကျိုးအာနိသင် ရှိပေ၏”–

ဟု အာနာပါနဿတိ ဘာဝနာကို ပွါးများဖို့ရန် အားပေး တိုက်တွန်းစကား မိန့်ကြားတော်မူလေ၏။

(ဤ၌။ ။အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အရှင်ရာဟုလာအား အဘယ့်ကြောင့် အာနာပါနဿတိ ဘာဝနာကို ပွါးများဖို့ရန် အားပေး တိုက်တွန်းတော်မူသနည်းဟု မေးရန်ရှိ၏။

အဖြေကား.. အရှင်ရာဟုလာ၏ ထိုနေပုံနှင့် အာနာပါနသတိ ဘာဝနာမှာ လွန်စွာ လျောက်ပတ်သောကြောင့် ထိုသို့ အားပေး တိုက်တွန်းတော်မူသည်။ ချဲ့ဦးအံ့- အရှင်သာရိပုတ္တရာမထေရ်သည် “ဤရာဟုလာအား မြတ်စွာဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားထားအပ်သည်”ဟူသော အချက်ကို မဆင်ခြင်မိပဲ “ဤရာဟုလာ၏ မတုန်မလှုပ် မဖွဲ့မယှက် ထိုင်နေပုံနှင့် အာနာပါနဿတိ ကမ္မဋ္ဌာန်းသည် အလျောက်ပတ်ဆုံးဖြစ်သည်”ဟု ကြံစည်တော်မူပြီးလျှင် ဤကဲ့သို့ မိန့်ဆိုတော်မူခြင်း ဖြစ်လေသည်။

“အာနာပါနဿတိ ဘာဝနာကို ပွါးများ လေ့လာအပ်သည်ရှိသော် များမြတ်သော အကျိုးအာနိသင် ရှိ၏”ဟူသော စကားရပ်၌ အကျိုးများပုံမှာ-

အာနာပါနဿတိ ဘာဝနာကို ပွါးများသော ရဟန်းသည် တထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်နိုင်၏။ ထိုသို့ မရောက်နိုင်သောသူ ဖြစ်ကလည်း သေခါနီးအခါ သမသီသီရဟန္တာ ဖြစ်နိုင်၏။ ထိုသို့ မတတ်နိုင်သောသူ ဖြစ်ကလည်း နတ်ပြည်၌ဖြစ်၍ ဓမ္မကထိကနတ်သား၏ တရားကို ကြားနာရပြီးလျှင် အရဟတ္တဖိုလ် ရောက်နိုင်၏၊ ထိုသို့ မရောက်နိုင်သောသူ ဖြစ်ကလည်း ဘုရားမပွင့်သောအခါ ပစ္စေကဗုဒ္ဓါ ဖြစ်နိုင်၏။ ထိုသို့ မတတ်နိုင်သောသူ ဖြစ်ကလည်း နောက်နောက် ပွင့်တော်မူကြမည့် မြတ်စွာဘုရားရှင်တို့၏ လက်ထက်တော်အခါဝယ် အရှင်ဗာဟိယဒါရုစီရိယ မထေရ်တို့ကဲ့သို့ ခိပ္ပါဘိည (လျင်မြန်သော အသိဉာဏ်ရှိသည့်) ရဟန္တာပုဂ္ဂိုလ် ဖြစ်နိုင်၏၊ ဤသို့လျှင် အာနာပါနဿတိ ဘာဝနာသည် များမြတ်သော အကျိုးအာနိသင်ရှိ၏။

ဤသို့ အကျိုးကြီးမြတ်ပုံကို ရှုမြင်တော်မူသည်ဖြစ်၍ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဥပဇ္ဈာယ်ယူ အတူနေ (သဒ္ဓိဝိဟာရိက) တပည့်ဖြစ်သည့်



၁၈၅

အရှင်ရာဟုလာကို အာနာပါနဿတိ ကမ္မဋ္ဌာန်း၌ တိုက်တွန်း အားပေးတော်မူလေသည်)။

     ဤသို့လျှင် မြတ်စွာဘုရားရှင်က ရုပ်ကမ္မဋ္ဌာန်း, အရှင်သာရိပုတ္တရာ မထေရ်မြတ်က အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အသီးအသီး ဟောကြားတော်မူကြကာ ကြွသွားတော်မူကြလေသည်။ ရှင်ရာဟုလာသည် ကျောင်းတိုက်မှာပင် ကျန်ရစ်ရှာလေသည်။

     မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာ ကျန်ရစ်သည်ကို သိတော်မူသော်လည်း ကိုယ်တော်တိုင်လည်း (ရှင်ရာဟုလာအတွက်) ခဲဖွယ်ဘောဇဉ်ကို ယူဆောင်၍ သွားတော်မမူ၊ အရှင်အာနန္ဒာ၏လက်၌ အပ်၍လည်း ပို့စေတော်မမူ၊ ပသေနဒီ ကောသလမင်းကြီး အနာထပိဏ်သူဌေးကြီး- အစရှိသော ဒါယကာ ဒါယိကာမတို့အားလည်း ထိုအကြောင်းကို အသိပေးတော်မမူ၊ (မှန်၏- အသိအမှတ်မျှ ရကြလျှင်ပင် ထိုသူတို့သည် ထမ်းပိုးဖြင့် သယ်ယူအပ်သည့် ဆွမ်းအိုးများကို ပို့ကြစေမည်သာဖြစ်၏။)

     မြတ်စွာဘုရားရှင်ကဲ့သို့ပင် အရှင်သာရိပုတ္တရာ မထေရ်ကလည်း တစုံတခုကိုမျှ ပြုတော်မမူ၊ ထိုနေ့အဖို့ရာ ရှင်ရာဟုလာသည် ဆွမ်းအစာအာဟာရကို မရရှိပဲ ဆွမ်းပြတ်တော်မူလေသည်၊ ထိုသို့ပင် ဆွမ်းမစားရသော်လည်း ရှင်ရာဟုလာ၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားရှင်သည် ငါ့ကို ကျောင်း၌ကျန်ရစ်သည်ကို သိတော်မူပါလျက်လည်း ကိုယ်တော်ရရှိသည့်ဆွမ်းကို ကိုယ်တိုင်ယူ၍လည်း မကြွလာ၊ အခြားတဦးဦး၏လက်၌ အပ်နှင်း၍လည်း ပို့စေတော်မမူ၊ လူတို့အားလည်း အသိအမှတ်ကို ပေးတော်မမူ၊ ငါ၏ ဥပဇ္ဈာယ် ဆရာတော်သည်လည်း ငါကျန်ရစ်သည်ကို သိတော်မူလျက် ထို့အတူပင် တစုံတခုမျှ ပြုတော်မမူ”ဟု စိတ်အကြံမျှသော်လည်း မဖြစ်ချေ။ ထိုဆွမ်းမပို့ခြင်းဟူသော အကြောင်းကြောင့် ယုတ်သောမာန် မြတ်သောမာန် (အထင်သေးမှု အထင်ကြီးမှု)ကိုကား အဘယ်မှာလျှင် ဖြစ်စေလိမ့်မည်နည်း၊ မဖြစ်စေသည်သာ၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ရုပ်ကမ္မဋ္ဌာန်းကိုပင် နံနက်ခင်း၌၎င်း, နေ့ခင်း၌၎င်း-



၁၈၆

“ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အနိစ္စဧကန် မှန်၏။ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် ဒုက္ခဧကန် မှန်၏၊ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အသုဘဧကန် စင်စစ်မှန်၏၊ ရုပ်တရားသည် ဤအကြောင်း ဤအကြောင်းကြောင့် အနတ္တဧကန် စင်စစ်မှန်၏”–

ဟု အပူတပြင်း မီးကိုမွှေသောသူကဲ့သို့ အကြားမလပ် နှလုံးသွင်းပြီးလျှင် ညနေချမ်းအခါ၌ “ငါ့ကို ဥပဇ္ဈာယ်ဆရာတော်မြတ်က ‘အာနာပါနဿတိကို ပွါးများလော့’ဟု ဆိုဆုံးမအပ်လေပြီ၊ ထိုဥပဇ္ဈာယ်ဆရာမြတ်၏ အဆုံးအမ ဩဝါဒစကားကို လိုက်နာ ပြုကျင့်ပေအံ့၊ မှန်၏- ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမ ဩဝါဒစကားကို မလိုက်နာသောသူသည် ဆုံးမခက်သည့် (=ဒုဗ္ဗစ)ပုဂ္ဂိုလ် မည်ချေသည်၊ ငါ့အဖို့ရာမှာလည်း ရာဟုလာသည် ဆုံးမခက်သူဖြစ်၏၊ ဥပဇ္ဈာယ်ဆရာတော်၏ အဆုံးအမ ဩဝါဒစကားကိုသော်မှလည်း မလိုက်နာ”ဟု သီတင်းသုံးဖော် သံဃာတော်တို့၏ ကဲ့ရဲ့ရှုတ်ချမှု ဖြစ်ပေါ်ခြင်းထက် ကြမ်းခက်သော အနှိပ်စက်ခံရခြင်းမည်သည် မရှိချေ”ဟု ကြံစည်ပြီးလျှင် အာနာပါနဿတိဘာဝနာ ပွါးများပုံအစီအရင်ကို မေးလျှောက်လိုသည်ဖြစ်၍ အရှင်ရာဟုလာသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်လျက် အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အာနာပါနဿတိ ဘာဝနာသည် အဘယ်သို့ ပွါးများအပ်သည်ရှိသော် အဘယ်သို့ ကြိမ်ဖန်များစွာ လေ့လာအပ်သည်ရှိသော် များမြတ်သောအကျိုး များမြတ်သော အာနိသင် ရှိပါသနည်း”-

ဟူ၍ မေးမြန်း လျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား-



၁၈၇

(၁)

(က) ပထဝီဓာတ်(ကောဋ္ဌာသ) နှစ်ဆယ်

(ခ) အာပေါဓာတ် (ကောဋ္ဌာသ) တဆယ့်နှစ်ပါး

(ဂ) တေဇောဓာတ်(ကောဋ္ဌာသ) လေးပါး

(ဃ) ဝါယောဓာတ် (ကောဋ္ဌာသ) ခြောက်ပါး = တည်း ဟူသော မဟာဘူတရုပ်ကမ္မဋ္ဌာန်း ပွါးများပုံကို၎င်း,

(င) အာကာသဓာတ် တည်းဟူသော ဥပါဒါရုပ်ကမ္မဋ္ဌာန်း ပွါးများပုံကို၎င်း,

(၂)

မြေ, ရေ, မီး, လေ, အာကာသတို့နှင့် အလားတူ ဘာ၀နာကိုပွါးများရန် ဖော်ပြသည့် တာဒိဘာဝလက္ခဏာကို၎င်း,

(၃)

မေတ္တာဘာဝနာ

(၄)

ကရုဏာဘာဝနာ

(၅)

မုဒိတာဘာဝနာ

(၆)

ဥပေက္ခာဘာဝနာ

(၇)

အသုဘဘာဝနာ

(၈)

အနိစ္စသညာ ဘာဝနာတို့ကို ပွါးများရန် (အကျိုးကို ဖော်ပြလျက်) တိုက်တွန်းတော်မူသော တရားဒေသနာကို၎င်း,

(၉)

အရှင်ရာဟုလာ လျှောက်ထား မေးမြန်းရင်းဖြစ်သည့် အာနာပါနဿတိဘာဝနာ ပွါးများပုံ အကျယ်ကို၎င်း, ထို၏အကျိုးကို၎င်း-

အကျယ်အားဖြင့် ဟောကြားတော်မူလေသည်။ (ဟောကြားတော်မူပုံ အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် စာမျက်နှာ ၉၁-မှစ၍ ကြည့်ရှုမှတ်ယူရာ၏)။



၁၈၈

မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာကို အကြောင်းပြု၍

များစွာသော တရားဒေသနာတို့ကို ဟောတော်မူခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာမထေရ်အား များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်ကုန်၏။ (၁) သာမဏေရပဉှာ (၂) ရာဟုလသံယုတ် (၃) မဟာရာဟုလောဝါဒသုတ် (၄) စူဠရာဟုလောဝါဒသုတ် (၅) အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ် = ဤတရားဒေသနာတို့ကို ရှင်ရာဟုလာမထေရ်အား ဟောကြားတော်မူအပ်ကုန်၏။

     ချဲ့ဦးအံ့– ဤအရှင်ရာဟုလာကို မြတ်စွာဘုရားရှင်သည် ကပိလဝတ် ရွှေနန်းတော်သို့ ပဌမအကြိမ် ရောက်ရှိချိန်ဝယ် ခုနစ်နှစ်အရွယ် ရာဟုလမင်းသားငယ် အချိန်၌ပင် မြတ်စွာဘုရားရှင်၏ သင်္ကန်းတော်စွန်းကို ဆွဲကိုင်၍ “ကိလေသာခပ်သိမ်း ငြိမ်းအေးတော်မူပြီးသော ခမည်းတော်ဘုရား.. အကျွန်ုပ်အား အမွေပေးသနားတော်မူပါ”ဟု အမွေတောင်းခံလာသည်ကို မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်အား အပ်နှင်း၍ ရှင်သာမဏေ ပြုစေတော်မူအပ်လေသည်။

     (၁) ထို့နောက် မြတ်စွာဘုရားရှင်သည် “ကလေးသူငယ်တို့မည်သည် သင့်သောစကား မသင့်သောစကား ထွေရာလေးပါး ပြောကြားတတ်ကုန်၏။ သို့ရကား ရာဟုလာအား အဆုံးအမ ဩဝါဒပေးပေအံ့”ဟု ဆင်ခြင်ဆုံးဖြတ်တော်မူပြီးလျှင် ရှင်ရာဟုလာကို ခေါ်တော်မူ၍ “ရာဟုလာ.. သာမဏေမည်သည် မဂ်ဖိုလ်အား ကျေးဇူးမပြုသည့် မင်းစကား စိုးစကား- အစရှိသော တိရစ္ဆာနကထာစကားကို မပြောကြားသင့်၊ သင်ချစ်သားသည် စကားပြောဆိုလျှင် ဤသို့သဘောရှိသော တရားစကားကိုသာ ပြောကြားလော့”ဟု မိန့်တော်မူပြီးလျှင် ခပ်သိမ်းသော ဘုရားရှင်တို့ မစွန့်အပ်သော ပုစ္ဆာဆယ်ချက်ရှိ၍ အဖြေတရားပေါင်း ငါးဆယ့်ငါးပါး ပါရှိသော (ခု၊ ၁၊ မျက်နှာ ၃-လာ) “သာမဏေရပဉှာ”မည်သော တရားဒေသနာကို ဟောကြားတော်မူသည်။



၁၈၉

     (၅) တဖန် မြတ်စွာဘုရားရှင် ကြံစည် ဆင်ခြင်တော်မူမိပြန်သည်မှာ “ကလေးသူငယ်တို့မည်သည် မဟုတ်မမှန်စကား ပြောကြားရသည်ကို နှစ်သက်ကြကုန်၏။ မိမိတို့ မမြင်အပ်သည်ကိုပင် ‘ငါတို့ မြင်အပ်ကုန်၏’ ဟူ၍၎င်း, မိမိတို့ မြင်အပ်သည်ကိုပင် ‘ငါတို့ မမြင်အပ်ကုန်’ ဟူ၍၎င်း ပြောဆိုတတ်ကြကုန်၏၊ သို့ရကား ရာဟုလာအား စောစီးကကြိုတင်၍ အဆုံးအမ ဩဝါဒ ပေးပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် မျက်စိဖြင့် ကြည့်၍လည်း သိလွယ် မှတ်လွယ်ရန်အလို့ငှါ ရှေးဦးစွာ ရေခွက်ဥပမာ လေးပါး, ထို့နောက် စစ်ဆင်ကြီးဥပမာ နှစ်ပါး, ကြေးမုံ (မှန်)ဥပမာ တပါး = ဤဥပမာ ခုနစ်ပါးကို အစဉ်အတိုင်း ဖော်ပြကာ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ မျက်နှာ ၇၇-လာ) အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်ကို ဟောကြားတော်မူလေသည်။

     ထိုမှတပါး ပစ္စည်းလေးဖြာတို့၌ တွယ်တာတပ်မက်သော တဏှာ မဖြစ်စေရန်ကို၎င်း, ကာမဂုဏ်ငါးပါးတို့၌ ဆန္ဒရာဂ တဏှာကို ပယ်ခြင်းကို၎င်း, မိတ်ဆွေကောင်း ပေါင်းမိခြင်း၏ အကျိုးကြီးမြတ်မှုကို၎င်း ဖော်ပြတော်မူ၍ (ခု၊ ၁၊ ၃၂၈-မျက်နှာ၊ သုတ္တနိပါတ်ကျမ်းလာ) ရာဟုလသုတ်ကို ဟောကြားတော်မူလေသည်။ (ဤရာဟုလသုတ်ကို အဘိဏှရာဟုလောဝါဒသုတ်ဟူ၍လည်း ခေါ်ဆို၏)။

     (၂) ရောက်လေရာရာ ဌာနတိုင်းဝယ် ဘဝသုံးပါး၌ တပ်မက် နှစ်သက်သော တဏှာဆန္ဒကို မပြုရာဟု ပြတော်မူခြင်းငှါ (သံ၊ ၁၊ ၄၃၉-မျက်နှာ စသည်၌လာသော) ရာဟုလသံယုတ်ကို ဟောကြားတော်မူလေသည်။

     (၃) “ငါသည်တင့်တယ်၏၊ ငါ၏ရုပ်အဆင်းသည် သန့်ရှင်း ကြည်လင်လှ၏ဟူ၍ ခန္ဓာကိုယ်အတ္တဘောကို အမှီပြု၍ ဂေဟဿိတ ဆန္ဒရာဂကို မပြုရာ”ဟု ပြတော်မူခြင်းငှါ (မဇ္ဈိမပဏ္ဏာသ ပါဠိ၊ စာမျက်နှာ ၈၃-လာ) မဟာရာဟုလောဝါဒသုတ်ကို ဟောကြားတော်မူလေသည်။



၁၉၀

     (၄) ထို့နောက် မြတ်စွာဘုရားရှင် ၁၄-ဝါအရ (ရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရမီ) အချိန်ဝယ် အရဟတ္တဖိုလ်ပေါက် ချေချွတ်ရန် (ဥပရိပဏ္ဏာသပါဠိ၊ စာမျက်နှာ ၃၂၄-လာ) စူဠရာဟုလောဝါဒသုတ္တန်ကို ဟောတော်မူလေသည်။

     ထိုတွင် ရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို ဤမည်သောအခါ၌ ဟောကြားတော်မူအပ်၏ဟု အချိန်ပိုင်းဖြတ် သတ်မှတ်၍ ပြောဆိုမရနိုင်၊ မှန်၏- ထိုရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို မပြတ်မပြတ် ဆုံးမတော်မူသောအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။

     (၂) ရာဟုလသံယုတ်ကို ရှင်ရာဟုလာ ခုနစ်နှစ်အရွယ် သာမဏေငယ်ဘဝမှစ၍ ဝါမရသေးသော ရဟန်းငယ်ဖြစ်သည့် ကာလတိုင် ဤအတွင်းဝယ် အလျဉ်းသင့်သလို ဟောကြားတော်မူအပ်လေသည်။

     (၃) မဟာရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ တဆယ့်ရှစ်နှစ်အရွယ်၌ ဟောကြားတော်မူအပ်လေသည်။

     (၄) စူဠရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ ရဟန်းဖြစ်စ ဝါမရမီအချိန်၌ ဟောကြားတော်မူအပ်လေသည်။

     (၁-၅) သာမဏေရပဉှာ(နှင့်) အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်တို့ကို ရှင်ရာဟုလာ ခုနစ်နှစ်အရွယ် သာမဏေငယ်အချိန်၌ ဟောကြားတော်မူအပ်လေသည်။

     ထိုသုတ္တန်တို့တွင် (၁) ရာဟုလသုတ် (=အဘိဏှရာဟုလောဝါဒသုတ်)ကို အမြဲမပြတ် ဆုံးမရန် ဟောကြားတော်မူအပ်သည်။ (၂) ရာဟုလသံယုတ်ကို အရှင်ရာဟုလာမထေရ်မြတ် ဝိပဿနာဉာဏ် တရားသားကို ရယူရန် ဟောကြားတော်မူအပ်သည်။ (၃) မဟာရာဟုလောဝါဒသုတ်ကို ဂေဟဿိတဆန္ဒရာဂ (အာရုံငါးပါး ကာမတရား တည်းဟူသော အိမ်၌မှီသည့် တဏှာလောဘ)ကို ပယ်ဖျောက်ရန် ဟောကြားတော်မူအပ်သည်။ (၄) စူဠရာဟုလောဝါဒသုတ်ကို အရှင်ရာဟုလာမထေရ်၏ ဝိမုတ္တိပရိပါစနီယတရား



၁၉၁

တဆယ့်ငါးပါးတို့ ရင့်ကျက်သောအခါ (ရဟန်းဖြစ်စ ဝါမရသေးမီအချိန်)၌ အရဟတ္တဖိုလ်ကို ရယူစေရန် ဟောကြားတော်မူအပ်သည်၊ ဤအချက်က ရည်ညွှန်းတော်မူ၍ ရှင်ရာဟုလာမထေရ်သည် ရဟန်းသံဃာတော်၏ အလယ်၌ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ချီးကျူးလိုသည်ဖြစ်၍—

ကိကီဝ ဗီဇံ ရက္ခေယျ၊ စမရီ ဝါလမုတ္တမံ။

နိပကော သီလသမ္ပန္နော၊ မမံ ရက္ခိ တထာဂတော။

ကိကီ = ရစ်မသည်။ ဗီဇံ = မိမိ၏ အဥကို။ ရက္ခေယျ ဣဝ = စောင့်ရှောက်သကဲ့သို့၎င်း။ စမရီ = စမရီမည်သော သားကောင်သည်။ ဥတ္တမံ = မင်းထိုက်စိုးတန် မြတ်မွန်လှစွာသော။ ဝါလံ = မိမိ၏ မြီးဆံမျှင်ကို။ ရက္ခေယျ ဣဝ = စောင့်ရှောက်သကဲ့သို့၎င်း။ (တထာ = ထို့အတူ)။ နိပကော = အလွန်ရင့်ကျက် ထက်မြက်စွမ်းအန် ပညာဉာဏ်ရှိတော်မူသော။ သီလသမ္ပန္နော = အတုမရှိသော သီလဂုဏ်နှင့် ပြည့်စုံတော်မူသော။ တထာဂတော = သုံးလူ့မျက်ဖျော် ငါ့ခမည်းတော် မြတ်စွာဘုရားသည်။ မမံ = ရင်နှစ်သည်းချာ ငါရာဟုလာကို။ ရက္ခိ = ရစ်မနှိုင်းမှီ စမရီပုံထောက် အရဟတ္တဖိုလ်ရောက်အောင် စောင့်ရှောက်တော်မူခဲ့လေပြီ။-

ဟူသော ဤစကားကို လျှောက်ထားခဲ့လေပြီ။ (၁) သာမဏေရပဉှာကို မသင့်လျော်သောစကား ပြောကြားမှုကို ပယ်ဖို့ရန် ဟောကြားတော်မူအပ်သည်။ (၅) အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်ကို သိလျက် မုသားစကား မပြောကြားရန် ဟောကြားတော်မူအပ်သည်။

  ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အရှင်ရာဟုလာကို အကြောင်းပြု၍ များစွာသော တရားဒေသနာတို့ကို ဟောကြားတော်မူအပ်လေသည်။

ဤတွင် အခဏ်း ၃၁-ပြီး၏။