မဟာဗုဒ္ဓဝင်/အခန်း- ၁၈

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၁၈

၁၁၂

အခဏ်း-၁၈

ဆွေတော်မျိုးတော်တို့ အစုံအညီအစည်းအဝေး၌

ပေါက္ခရဝဿမိုး(=ကြာဖက်မိုး) ရွာသွန်းခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်၏အနီး အထက်ကောင်းကင်ယံ ရတနာစင်္ကြံကြွသွားတော်မူရင်းပင် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားတော်မူလျက် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို ဦးခေါင်းဝပ်လျှိုး မာန်စွယ်ကျိုး၍ ရှိခိုးကြစေပြီးလျှင် ကောင်းကင်မှ သက်ဆင်းကာ ခင်းထားအပ်သည့် မြတ်သောဘုရားနေရာ ဗုဒ္ဓါသနဓမ္မပလ္လင်တော်၌ သီတင်းသုံး နေထိုင်တော်မူလေ၏။

     မြတ်စွာဘုရားသခင် ဗုဒ္ဓါသနဓမ္မပလ္လင်တော်၌ ထိုင်နေတော်မူလျှင်ပင် ဆွေတော်မျိုးတော်တို့ အစုံအညီ စည်းဝေးမိကြလေသည်၊ အလုံးစုံသော ဆွေတော်မျိုးတော်တို့သည် တည်ကြည်သော စိတ်နှလုံးရှိကြ၍ ထိုင်နေမိကြသောအခါ ပေါက္ခရဝဿမိုး*ကြီး ရွာသွန်းချလေတော့သည်။

     ထိုပေါက္ခရဝဿမိုးကြီး ရွာသွန်းသောအခါ နီမြန်းသော အဆင်းရှိသော မိုးရေအယဉ်သည် အောက်မြေအပြင်၌ တဝေါဝေါမြည်ကာ တသွင်သွင်စီးသွားလျက် ရှိချေသည်၊ စိုစွတ်လိုသောသူများသာ စိုစွတ်၍ မစိုစွတ်လိုသောသူများ၏ ကိုယ်၌မူ မိုးရေတပေါက်မျှ မကျမရောက်ချေ။


     * ပေါက္ခရဝဿမိုးဟူသည်မှာ- ကြာရွက်အဆင်းရှိသော ရေဟူ၍ ဂဏ္ဌိပုဒ်၌ ဖွင့်ဆိုအပ်လေသည်။ ကြာရွက်ခန့် ပမာဏရှိသော တိမ်တိုက်သည် ကောင်းကင်အလယ်၌ ရှေးဦးစွာ ထပေါ်ဖြစ်ပွါး၍ အစဉ်သဖြင့် မိုးသား အထပ်အလွှာ အထောင်ဖြစ်ပြီးလျှင် ရွာသွန်းချလိုက်သော မိုးကြီးဟူ၍ ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။ ။(ဝိနည်း သာရတ္ထဒီပနီဋီကာ တတိယအုပ်၊ ၂၄၅-မျက်နှာမှ။)



၁၁၃

     ထိုအံ့ဖွယ်သရဲကို မြင်ကြ၍ ခပ်သိမ်းသော ဆွေတော်မျိုးတော်တို့သည် အံ့ဩသောစိတ် ဖြစ်ရှိကြကာ “ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့၊ ဩ.. မဖြစ်စဖူး အထူးဖြစ်ပါပေစွာ့”ဟု ချီးမွမ်းအံ့ဩစကား ပြောကြားကြလေကုန်သည်၊ ထိုစကားကို ကြားတော်မူ၍ မြတ်စွာဘုရားသည် “ယခုအခါ၌သာ ငါ၏ ဆွေတော်မျိုးတော်တို့ အစုံအညီ အစည်းအဝေး၌ ပေါက္ခရဝဿမိုး ရွာသွန်းသည် မဟုတ်သေး၊ ရှေးအခါ ကလည်း ရွာသွန်းဘူးပြီ”ဟု မိန့်ကြားတော်မူပြီးလျှင် ဤအကြောင်းရပ် အဋ္ဌုပ္ပတ်၌ ဂါထာတထောင်တို့ဖြင့် တန်းဆာဆင်အပ်သော ဝေဿန္တရာဇာတ် တရားတော်မြတ်ကို ဟောကြားတော်မူအပ်လေသည်။

     ဝေဿန္တရာဇာတ် တရားဒေသနာတော်မြတ်ကို ကြားနာကြပြီးလျှင် ခပ်သိမ်းသော ဆွေတော်မျိုးတော်တို့သည်ပင် နေရာမှထကာ ဖဲသွားကြလေသည်၊ တဦးတယောက်ကမျှ “နက်ဖြန်ခါ တပည့်တော်တို့ လှူဒါန်းမည့်ဆွမ်းကို အလှူခံတော်မူပါကုန်ဘုရား”ဟု လျှောက်ထား ပင့်ဖိတ်သောသူဟူ၍ မရှိခဲ့ချေ။

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်ကား “ငါ၏ သားတော်ဘုရားသည် ငါ့နန်းတော်သို့ မကြွလာလျှင် အခြားသွားစရာဟူ၍ မရှိ၊ ဧကန်ပင် နန်းတော်သို့သာ ကြွလာမှာပဲ”ဟု အောက်မေ့ စိတ်ချယုံကြည်ကာ မြတ်စွာဘုရားကို အထူးမပင့်ဖိတ်ပ် ပြန်သွားပြီးလျှင် ရွှေနန်းတော်၌ ဘုရားအမှူးရှိသော ရဟန္တာနှစ်သောင်း တို့အတွက် ယာဂုဆွမ်းစသည်ကို အသင့်ပြင်ဆင် ချက်ပြုတ်စီရင်စေပြီးလျှင် နေရာများကိုလည်း အသင့်ခင်းထားစေလေသည်။

မြတ်စွာဘုရားသခင် ရဟန္တာနှစ်သောင်း ခြံရံလျက်

ကပိလ၀တ်နေပြည်တော်အတွင်း ဆွမ်းခံကြွတော်မူခြင်း

     မြတ်စွာဘုရားသည် နောက်တနေ့၌ ရဟန္တာပေါင်း နှစ်သောင်းတို့ ခြံရံလျက် ကပိလ၀တ်နေပြည်တော်သို့ ဆွမ်းခံ ကြွဝင်တော်မူလေသည်၊ ထိုသို့ ဆွမ်းခံကြွဝင်လာသော အခါမှာလည်း ဆွေတော်မျိုးတော် တဦးတယောက်ကမျှ သွားရောက်ဆီးကြို၍



၁၁၄

မပင့်ဖိတ်ချေ။ သပိတ်ကို စောင့်ကြိုယူသူ ဆွေတော်မျိုးတော် တဦးတယောက်မျှလည်း မပေါ်ထွက်ခဲ့ချေ။

     မြတ်စွာဘုရားသည် ကပိလ၀တ်နေပြည်တော် အဝင်ဝတံခါးခုံ၌ ရပ်တည်တော်မူမိလျှင်ပင် “ရှေးရှေးသော နောင်တော့်နောင်တော် ဘုရားရှင်တို့သည် မိမိတို့ ခမည်းတော်စံရာ နေပြည်တော်၌ အဘယ်သို့လျှင် ဆွမ်းခံဝင်တော်မူကြကုန်သနည်း၊ အိမ်စဉ်ကို ပယ်ဖျက်ကာ မျက်နှာကြီး လူကုံတံ စိုးမင်းတို့၏ အိမ်သို့သာ ဆွမ်းခံကြွလေကုန်သလော၊ သို့မဟုတ် အိမ်စဉ်မပြတ် မျက်နှာကြီးငယ်မရွေး ဆွမ်းရပ်လှည့်လည်ခြင်းကိုပင် လှည့်လည်တော်မူကြကုန်သလော”ဟု ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဖြင့် ဆင်ခြင် ကြည့်ရှုတော်မူလေသော် တဆူသော ဘုရားရှင်မျှ အိမ်စဉ်ကိုပယ်ဖျက်ကာ မျက်နှာကြီး လူကုံတံ စိုးမင်းတို့အိမ်သို့သာ ဆွမ်းခံကြွတော်မူသည်ကို မမြင်ရပဲ ဘုရားရှင်တိုင်းပင် အိမ်စဉ်မပြတ် မျက်နှာကြီးငယ်မရွေး ဆွမ်းရပ်လှည့်လည် တော်မူကြသည်ကိုသာ မြင်တော်မူ၍ ယခုအခါ ငါဘုရားသည်လည်း အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်းတည်းဟူသော ရှေးရှေး နောင်တော့်နောင်တော် ဘုရားရှင်တို့၏ အကျင့်တော်စဉ် အနွယ်ဆက်ကို ချီးမြှောက်လိုက်နာမှ သင့်လျော်မည်။ ယင်းသို့ အိမ်စဉ်မပြတ် ဆွမ်းရပ်ခြင်းဖြင့် နောက်အခါကာလ၌လည်း ငါ၏တပည့်သား ရဟန်းတို့သည် ငါဘုရားသို့သာ အတုလိုက်ကာ ကျင့်ကြံကြကုန်လျက် ဆွမ်းခံလှည့်လည်မှု တည်းဟူသော ရဟန်းတို့၏ကျင့်ဝတ်ကို ဖြည့်ကျင့်ကြပေလိမ့်မည်”ဟု ဆုံးဖြတ်တော်မူပြီးလျှင် မြို့တံခါးအဝင်ဝ အစွန်းအဖျားအကျဆုံးသော အိမ်မှစ၍ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်တော်မူလေ၏။

[ဤအရာ၌။ ။မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ စာမျက်နှာ ၁၆-၁၇-တို့မှ မြတ်စွာဘုရားသခင် ရွှေပြည်တော်ဝင်ခဏ်း၌ တင့်တယ်တော်မူပုံ ဖွင့်ပြချက်ကို အမြွက်မျှ ပြဆိုဦးအံ့..။

မြတ်စွာဘုရား ကြွသွားတော်မူသောအခါ မဟာပထဝီမြေကြီးသည် ညင်ညင်သာသာ တုန်လှုပ်၏၊ မြတ်စွာဘုရားသည် ပရွက်ပိုးစသော



၁၁၅

သတ္တဝါကလေးများကို မကြိတ်မနင်း မညှဉ်းဆဲပဲ ကြွသွားတော်မူ၏။ လက်ျာခြေတော်ကို ပဌမ ကြွချီတော်မူ၏၊ ကြွသွားတော်မူသော မြတ်စွာဘုရား၏ အလွန်နူးညံ့သော ဖဝါးတော်အပြင်သည် ရွှေခြေနင်းပမာ တပြင်တည်း ညီညွတ်သည့် သုပတိဋ္ဌိတလက္ခဏာတော် ရှိခြင်းကြောင့် အညီအညွတ်သာ မြေအပြင်၌ ထိတွေ့တော်မူ၏၊ ဖဝါးတော်ကို မြူအညစ်အကြေးတို့ မငြိကပ်ပေ၊ မြတ်စွာဘုရား ခရီးကြွသွားသည်ရှိသော် မြေကြီးသည် စိတ်စေတနာ မရှိပဲလျက် နိမ့်ရှိုင်းရာအရပ်ကလည်း အလိုလို မြင့်တက်၍လာရ၏၊ မြင့်မောက်သော အရပ်ကလည်း ညီညွတ်ရ၏၊ ကျောက်ခဲကြီးများ ကျေက်စရစ်ခဲငယ်များ သစ်ငုတ်များ ဆူးငြောင့်များလည်း ကြွသွားရာခရီးမှ ရှောင်ရှားနှင့်ပြီးသား ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် မကျဲလွန်း မစိပ်လွန်းသော ခြေလှမ်းတော်ဖြင့် ကြွတော်မူ၏၊ ကြွတော်မူသောအခါ ဒူးဝန်းတော်နှစ်ဖက် ဖမျက်တော် နှစ်ဖက်တို့ကို မထိပါး မပွတ်တိုက်မိစေပဲ ကြွတော်မူ၏၊ မမြန်လွန်း မနှေးလွန်းပဲ ကြွတော်မူ၏၊ အလွန် သမာဓိကြီးမြတ်သူ ဖြစ်ရကား အထက်သို့လည်း မော်၍ ကြည့်တော်မမူ၊ အောက်သို့လည်း ငုံ့၍ ကြည့်တော်မမူ၊ ရှေ့နောက်ဝဲယာသို့လည်း မျှော်၍ ကြည့်တော်မမူ၊ ရှေ့တူရူ လေးတောင်ခန့်(ထမ်းပိုးတပြန်ခန့်)ကိုသာ ကြည့်တော်မူ၏၊ ကကြိုးစုံလင် တန်းဆာဆင်အပ်ပြီးသော ဆဒ္ဒန်ဆင်မင်းအတူ တင့်တယ်စွာ ကြွသွားတော်မူ၏]။

     မြတ်စွာဘုရားသခင် ကပိလဝတ် နေပြည်တော်အတွင်း အိမ်စဉ်မပြတ် ဆွမ်းရပ် လှည့်လည်တော်မူသောအခါ “ငါတို့အရှင် သိဒ္ဓတ္ထမင်းသားသည် ဆွမ်းခံ လှည့်လည်တော်မူလာသတဲ့”ဟု နှစ်ထပ်တိုက် သုံးထပ်တိုက် စသည်တို့၌ နေထိုင်ကြသော လူများအပေါင်းသည် ခြင်္သေ့ရုပ်ခံသည့် လေသာနန်းပြူတင်းများကို ဖွင့်လှစ်ကြကာ မြတ်စွာဘုရားကို သူ့ထက်ငါ အလုအယက် ဖူးမြော်ကြကုန်၏။

     ရာဟုလာ့မယ်တော် ယသော်ဓရာ မိဖုရားသည်လည်း “အရှင့်သားသည် ဤကပိလဝတ် နေပြည်တော်မှာပင် ရှေးအခါက ကြီးစွာသော မင်း၏စည်းစိမ် အာနုဘော်ဖြင့် ရွှေထမ်းစင် စသည်တို့ကို စီးနင်းတော်မူကာ လှည့်လည်တော်မူပြီးမှ ယခုအခါ ဆံမုတ်ဆိတ်ကိုပယ်ကာ ဖန်ရည်ဆိုးသော အဝတ်ကိုဝတ်လျက်



၁၁၆

ခွက်လက်စွဲ၍ ဆွမ်းခံလှည့်လည်တော်မူသတဲ့၊ တင့်တယ်မှ တင့်တယ်ပါ၏လော၊ မတင့်တယ်ပဲများ ရှိလေသလော”ဟု တွေးတောဆင်ခြင်ကာ ခြင်္သေ့ခံသော လေသာနန်းပြူတင်းကို ဖွင့်၍ ကြည့်ရှုလတ်သည်ရှိသော် အထူးထူး အသွယ်သွယ် နှစ်သက်ဖွယ်ရာ လျှံဝါပြိုးပြက် တလက်လက်ကွန့်ထွက်သော ကိုယ်တော်ရောင်ဖြင့် မြို့တော်လမ်းကြီးလမ်းငယ်တို့ကို တောက်ပစေလျက် သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ် ခြောက်သွယ်သော ရောင်ခြည်တော်အဝန်းတို့ဖြင့် ရွှန်းရွှန်းသပ္ပါယ် တင့်တယ်စွာ တန်းဆာဆင်အပ်သော အတုမရှိသော ဘုရား၏ အသရေတော်ဖြင့် တင့်တယ်စွာ ကြွတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ (သားတော် ရာဟုလာမင်းသားအား ဘုရားရှင်ရှိရာသို့ ညွှန်ပြကာ) နရသီဟ ၁၀-ဂါထာတို့ဖြင့် နဖူးသင်းကျစ်တော်မှသည် အောက် ဖဝါးတော်အပြင်တိုင်အောင် မြတ်စွာဘုရား၏ ရူပကာယ ဂုဏ်ကျေးဇူးများကို မြွက်ဆိုချီးမွမ်းလေသည်။

နရသီဟ ၁၀-ဂါထာ ပါဌ်-နိဿယ

(ရူပကာယအသရေတော်ဖွဲ့)

(၁) သိနိဒ္ဓနီလမုဒုကုဉ္စိတကေသော၊

သူရိယနိမ္မလတလာဘိနလာဋော။

ယုတ္တတုင်္ဂမုဒုကာယတနာသော၊

ရံသိဇာလဝိတတော နရသီဟော။

     သိနိဒ္ဓနီလမုဒုကုဉ္စိတကေသော = ပြေပြစ်တောက်ပြောင် ပိတုန်းကောင်ကဲ့သို့ ညိုမှောင်မည်းနက်ကာ နူးညံ့စွာလျက် လက်ျာခွေပတ် အဖျားညွတ်သော ဆံတော်ရှိတော်မူသော။ သူရိယနိမ္မလတလာဘိနလာဋော = ညစ်ကြေးကင်းစင် နေလုလင်ကဲ့သို့ ရောင်ရှင်ကွန့်မြူး နဖူးတော်အပြင်လည်း ရှိတော်မူထသော။ ယုတ္တတုင်္ဂမုဒုကာယတနာသော = ရွှေချွန်းပုံနှယ် တင့်တယ်ရုံ မြင့်မောက်လျက် နူးညံ့ရှည်သွယ်သည့် နှာတံတော်လည်း ရှိတော်မူထသော။ ရံသိဇာလိတတော = ရောင်ခြည်တော် ကွန်ရက်ကို



၁၁၇

ဖြန့်ကြက်လင်းပြောင် ဆောင်သောကိုယ်တော် ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပါတကား။

(၂) စက္ကဝရင်္ကိတသုရတ္တပါဒေါ၊

လက္ခဏမဏ္ဍိတအာယတပဏှိ။

စာမရဆတ္တဝိဘူသိတပါဒေါ၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     တာတ = သားချစ်မျက်ရှု မောင်ရာဟု..။ စက္ကဝရင်္ကိတသုရတ္တပါဒေါ = အကန့်တထောင် အရောင်ဝေကြွား စက်လက္ခဏာဖြင့် မှတ်သားအပ်သည့် ပတ္တမြားအသွေး နီတွေးသော ခြေဖဝါးတော် ရှိတော်မူထသော။ လက္ခဏမဏ္ဍိတအာယတပဏှိ = ကောင်းမြတ်သော လက္ခဏာတို့ဖြင့် တန်းဆာဆင်ခြယ်လှယ် ရှည်သွယ်သော ဖနောင့်တော်လည်း ရှိတော်မူထသော။ စာမရဆတ္တဝိဘူသိတပါဒေါ = စာမရီသားမြီးယပ် ထီးဖြူတော်အမြတ်တို့ဖြင့် တန်းဆာဆင်အပ်သော ခြေတော်အစုံ ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၃) သကျကုမာရဝရော သုခုမာလော၊

လက္ခဏစိတ္တိကပုဏ္ဏသရီရော။

လောကဟိတာယ ဂတော နရဝီရော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     တာတ = သားချစ်သက်ညှာ ရာဟုလာ..။ သကျကုမာရဝရော သုခုမာလော = နူးညံ့မွေ့သိမ် အသမ္ဘိန်တည့်



၁၁၈

သာကိန်နွယ်ဖွား မြတ်သောမင်းသားလည်း ဖြစ်ပေထသော။ လက္ခဏစိတ္တိကပုဏ္ဏသရီရော = လက္ခဏာကြီးငယ် အသွယ်သွယ်တို့ဖြင့် ဆန်းကြယ်တင့်နိုး ပြည့်ဖြိုးသော ရူပကာယကိုယ်တော် ရှိတော်မူထသော။ လောကဟိတာယ = လောကသုံးပါး အစီးအပွါးအလို့ငှါ။ ဂတော = လူတွင်ထင်ရှား ဖြစ်ပွါးပေါ်ပေါက် တော်မူထသော။ နရဝီရော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာ နက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၄) အာယတယုတ္တသုသဏ္ဌိတသောတော၊

ဂေါပခုမော အဘိနီလသုနေတ္တော။

ဣန္ဒဓနုအဘိနီလဘမုကော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     တာတ = သားချစ်သက်ညှာ ရာဟုလာ..။ အာယတယုတ္တသုသဏ္ဌိတသောတော = ကြည်ညိုစဖွယ် သင့်လျော်ရုံ ရှည်သွယ်၍ တင့်တယ်ပုံဟန် အသွင်သဏ္ဌာန်နှင့် ပြည့်စုံသည့် နားတော်လည်း ရှိတော်မူထသော။ ဂေါပခုမော = ဖွားသစ်စ နွားငယ်ပမာ နူးညံ့စွာသည့် မျက်တောင်မွေးလည်း ရှိတော်မူထသော။ အဘိနီလသုနေတ္တော = မဟူရာအရောင် ညိုမှောင်သော မျက်နက်တော် ရှိတော်မူထသော။ ဣန္ဒဓနုအဘိနီလဘမုကော = သိကြားလင်းလေး သက်တင်ရေးသို့ ညွတ်ကွေးစိမ်းစို ညိုသော မျက်ခုန်းတော် ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ



၁၁၉

ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၅) ပုဏ္ဏသသင်္ကနိဘော မုခဝဏ္ဏော၊

ဒေဝနရာန ပိယော နရနာဂေါ။

မတ္တဂဇိန္ဒဝိလာသိတဂါမိ၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ ယဿ = အကြင် ရဟန်းမြတ်ကြီး၏။ မုခဝဏ္ဏော = တင့်တယ် သန့်ရှင်း မျက်နှာတော်အဆင်းသည်။ ပုဏ္ဏသသင်္ကနိဘော = ပန္နရသီ ရက်တိထီဝယ် ဥဒည်တက်ထွန်း လပြည့်ဝန်းနှင့် တူပေ၏။ ဒေဝနရာနံ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့သည်။ ပိယော = ရတနာမျက်နှစ် မေတ္တာစစ်ဖြင့် ချစ်ခင်လေးမြတ်အပ်ပေထသော။ နရနာဂေါ = လူတို့၏အရှင် ပြောင်မာတင်ကြီးသဖွယ်လည်း ဖြစ်တော်မူထသော။ မတ္တဂဇိန္ဒဝိလာသိတဂါမိ = အမုန်ယစ်သော ဆင်မင်းအတူ တင့်တယ်သော သွားခြင်း လည်း ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၆) သိနိဒ္ဓဂမ္ဘီရမဉ္ဇူသဃောသော၊

ဟိင်္ဂုလဗန္ဓုကရတ္တသုဇိဝှေါ။

ဝီသတိ ဝီသတိ သေတသုဒန္တော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။



၁၂၀

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ သိနိဒ္ဓဂမ္ဘီရမဉ္ဇူသဃောသော = ပြေပြစ်နက်နဲ လွန်ကဲသာယာ ချိုမြိန်စွာသော အသံရှိတော်မူထသော။ ဟိင်္ဂုလဗန္ဓုကရတ္တသုဇိဝှေါ = ဟင်္သပဒါး အလားတူစွာ လယ်ခေါင်ရန်းပမာကဲ့သို့ တျာတျာနီမြန်း တင့်ဆန်းသော လျှာတော် ရှိတော်မူထသော။ ဝီသတိ ဝီသတိ သေတသုဒန္တော = အထက်နှစ်ဆယ် အောက်နှစ်ဆယ်လျှင် စင်ကြယ်ဖြူထွားသည့် သွားတော်လည်း ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၇) ခတ္တိယသမ္ဘဝအဂ္ဂကုလီနော၊

ဒေဝမနုဿနမဿိတပါဒေါ။

သီလသမာဓိပတိဋ္ဌိတစိတ္တော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ ခတ္တိယသမ္ဘဝအဂ္ဂကုလီနော = သမ္မတနွယ်ရိုး မင်းအမျိုးမှဖြစ်၍ စင်စစ် အမျိုးလည်း မြတ်တော်မူထသော။ ဒေဝမနုဿနမဿိတပါဒေါ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့ ကြည်ဖြူမြတ်နိုး တုံ့ဝပ်လျှိုး၍ ရှိခိုးဦးညွှတ်ရာ လက္ခဏာ၀န်းရုံ ခြေတော်အစုံလည်း ရှိတော်မူပေထသော။ သီလသမာဓိပတိဋ္ဌိတစိတ္တော = သီလဂုဏ် သမာဓိဂုဏ်တို့ဖြင့် မတုန်မြူခန့် ကြံ့ကြံ့ခိုင်ကျည် တည်သော စိတ်နှလုံးလည်း ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ



၁၂၁

ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၈) ဝဋ္ဋသုဝဋ္ဋသုသဏ္ဌိတဂီဝေါ၊

သီဟဟနု မိဂရာဇသရီရော။

ကဉ္စနသုစ္ဆဝိ ဥတ္တမဝဏ္ဏော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ ဝဋ္ဋသုဝဋ္ဋသုသဏ္ဌိတဂီဝေါ = လုံးဝန်းပြည့်ဖြိုး ရွှေမုရိုးစည်ဟန် သဏ္ဌာန်ကောင်းမွန်သည့် လည်ပင်းတော်လည်း ရှိတော်မူထသော။ သီဟဟနု = ခြင်္သေ့မင်း၏မေးလို ရွှန်းစိုပုံ့ပုံ့ ဖြိုးစုံ့စုံ့လျှင် ပြုံးတော့မည့်ပုံ ဆန်းတုံဆယ့်နှစ်ရက် စန်းယုန်စက်ကဲ့သို့ ရောင်ယှက်ထွန်းပေါ် မြတ်မေးတော်လည်း ရှိတော်မူထသော။ မိဂရာဇသရီရော = သားတို့သနင်း ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ပေါက်ကဲ့သို့ မိုမောက်ပြည့်ဖြိုးသော ကိုယ်တော်လည်း ရှိတော်မူထသော။ ကဉ္စနသုစ္ဆဝိ = လှော်ရွှေဦးသစ် ဇမ္ဗူရဇ်ပုံသွင် ရောင်ရှင်ဝိုးဝင်း သိမ်မွေ့သော အရေတော်အဆင်းလည်း ရှိတော်မူထသော။ ဥတ္တမဝဏ္ဏော = တုဖက်မဲ့လျှင်း မြတ်သောအဆင်းလည်း ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၉) အဉ္ဇနဝဏ္ဏသုနီလသုကေသော၊

ကဉ္စနပဋ္ဋဝိသုဒ္ဓနလာဋော။

ဩသဓိပဏ္ဍရသုဒ္ဓသုဥဏ္ဏော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။



၁၂၂

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ အဉ္ဇနဝဏ္ဏသုနီလသုကေသော = မျက်စဉ်းညိုအရောင် မည်းမှောင်စိမ်းလဲ့သည့် ဆံတော်လည်း ရှိတော်မူထသော။ ကဉ္စနပဋ္ဋဝိသုဒ္ဓနလာဋော = ရွှေပြားအပြင်ကဲ့သို့ စင်ကြယ်ပြန့်ပြူးသော နဖူးတော်အပြင်လည်း ရှိတော်မူထသော။ ဩသဓိပဏ္ဍရသုဒ္ဓသုဥဏ္ဏော = သောက်ရှူးကြယ်အတူ ဖွေးဖြူစင်ကြယ်သော ဥဏ္ဏလုံမွေးရှင်တော်လည်း ရှိတော်မူထသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ် လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။ တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

(၁၀) ဂစ္ဆတိ'နိလပထေ ဝိယ စန္ဒော၊

တာရဂဏာ ပရိဝေဌိတရူပေါ။

သာဝကမဇ္ဈဂတော သမဏိန္ဒော၊

ဧသ ဟိ တုယှ ပိတာ နရသီဟော။

     ရာဟုလ = ချစ်သားသည်းချာ ရာဟုလာ..။ တာရဂဏာ ပရိဝေဌိတရူပေါ = နက္ခတ်တာရာ ကြယ်တကာတို့ ဝန်းကာပတ် ခြံရံအပ်သော သဘောရှိသော။ စန္ဒော = ပြာသာဒ်ယာဉ်သာ လစကြာသည်။ အနိလပထေ = လေလမ်းတခွင် ကောင်းကင်အပြင်၌။ ဂစ္ဆတိ ဝိယ = ဝီထိသုံးသွယ် တင့်တယ်စွာ သွားသကဲ့သို့။ တထာ = ထို့အတူ။ သာဝကမဇ္ဈဂတော = သာဝကများကြွယ် ရဟန္တာတို့အလယ်၌ တင့်တယ်စွာ ကြွသွားတော်မူသော။ သမဏိန္ဒော = ရဟန်းတို့သနင်း တရားမင်းဖြစ်တော်မူသော။ နရသီဟော = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူး ဖြစ်တော်မူထသော။ ဧသ-ဧသော ဟိ = တာရာနက္ခတ် ကြယ်ပြာသာဒ်တို့ ဝန်းပတ်လျှံရှိန် လင်းလင်းထိန်သည့် ပုဏ္ဏိန္ဒုစန်း လပြည့်ဝန်းသို့ ရဟန္တာပေါင်း နှစ်သောင်းခြံရံ ဆွမ်းခံကြွတော်မူသော ထိုအရှင်မြတ်သည်ကား။



၁၂၃

တုယှံ = သာကီနန်းဖွား သင်ချစ်သား၏။ ပိတာ = လူဖြစ်စဉ် ရှေးကာလဝယ် မွေးဖနတ်ကျော် ခမည်းတော်ဘုရားပေတည်း။

     ရာဟုလာ့မယ်တော် ယသော်ဓရာမိဖုရားသည် ဖော်ပြရာပါ နရသီဟ (ရူပကာယ အသရေတော်ဖွဲ့) ဆယ်ဂါထာတို့ဖြင့် မြွက်ဆိုချီးမွမ်းပြီးလျှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးထံမှောက်သို့ သွားရောက်ချဉ်းကပ်လျက် “ခမည်းတော်မင်းကြီး.. အရှင်မင်းကြီးတို့၏ သားတော်မြတ်ဘုရားသည် ယခုအခါ ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ဆွမ်းခံလှည့်လည်တော်မူသတဲ့”ဟု မင်းကြီးအား လျှောက်ထား ပြောကြားလေ၏။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သောတာပန်တည်ခြင်း

     ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် ယသော်ဓရာ မိဖုရား လျှောက်ထားသောစကားကို ကြားသိရလေလျှင် တုန်လှုပ်ထိတ်လန့်သော စိတ်နှလုံးရှိသည်ဖြစ်၍ လက်ဖြင့် ဝတ်လဲတော် (ပုဆိုး)ကို ကိုင်မလျက် အဆောတလျင်ပင် ရွှေနန်းတော်မှ ထွက်ခဲ့၍ လျင်မြန်စွာ သွားရောက်ကာ မြတ်စွာဘုရား၏ ရှေ့မှောက်၌ ရပ်တည်လျက် “အရှင်မြတ်ဘုရား.. တပည့်တော်တို့ကို အဘယ့်ကြောင့် အရှက်ခွဲရသနည်း၊ အဘယ်အတွက်ကြောင့် ယခုလို ဆွမ်းခံလှည့်လည်ကြရသနည်း၊ ဤမျှလောက် များပြားသော ရဟန်းတော် နှစ်သောင်းတို့အတွက် ခမည်းတော်၏အထံ၌ ဆွမ်းပြည့်စုံစွာ ရနိုင်လိမ့်မည်မဟုတ်ဟူ၍ အောက်မေ့ မှတ်ထင်တော်မူပါသလော”ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားသည်လည်း “ခမည်းတော်မင်းကြီး.. ဤအိမ်စဉ်မပြတ် ဆွမ်းရပ်လှည့်လည်ခြင်း (= သပဒါနစာရိက) ကျင့်ဝတ်သည် ငါဘုရားတို့၏ အနွယ်စဉ်ဆက် ဆင်းသက်လာသော အကျင့်ဖြစ်ပေသည်”ဟု မိန့်ကြားတော်မူလေသော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “သားတော် အရှင်မြတ်ဘုရား.. အကျွန်ုပ်တို့၏ အမျိုးအနွယ်သည်ကား ကပ်ဦးအစ သမ္မတမင်းမှ အနွယ်မပျက် ဆင်းသက်လာသော မဟာသမ္မတ ခတ္တိယအနွယ် မဟုတ်ပါလော၊ ထိုမဟာသမ္မတ



၁၂၄

ခတ္တိယအနွယ်အစဉ်၌ တဦးသောမင်းမျှလည်း ဆွမ်းခံလှည့်လည်သောမည်သည် မရှိခဲ့ပါ”ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက “ခမည်းတော် မင်းကြီး.. ဤမဟာသမ္မတ ခတ္တိယအနွယ်သည် သင်မင်းကြီး၏ အနွယ်ဖြစ်၏။ ငါတို့၏ အနွယ်သည်ကား ဒီပင်္ကရာမြတ်စွာဘုရား, ကောဏ္ဍည မြတ်စွာဘုရား, မင်္ဂလမြတ်စွာဘုရား ။ပ။ ကဿပမြတ်စွာဘုရား ဤဘုရားရှင်တို့ ဆက်နွယ်စီစဉ် ဗုဒ္ဓဝင်ဖြစ်ချေ၏။ ဒီပင်္ကရာ မြတ်စွာဘုရားအစ ကဿပမြတ်စွာဘုရား အဆုံးရှိသည့် ဤနှစ်ကျိပ်လေးဆူသော နောင်တော့်နောင်တော် မြတ်စွာဘုရားတို့သည်၎င်း, ထိုမှတပါး ထောင်ပေါင်းများစွာ ဂင်္ဂါဝါလု နှိုင်းတုပုံယူ ပွင့်တော်မူကြသော မြတ်စွာဘုရားတို့သည်၎င်း အိမ်စဉ်မပြတ် ဆွမ်းရပ်လှည့်လည်တော်မူကြမြဲ ဖြစ်ကုန်၏၊ အိမ်စဉ်မပြတ် ဆွမ်းရပ်လှည့်လည်ခြင်း အကျင့်ဖြင့်ပင်လျှင် အသက်မွေးမှုကို ပြုတော်မူကြကုန်၏”ဟု မိန့်ကြားပြီးလျှင် ခရီးလမ်းအကြား၌ ရပ်တော်မူရင်းပင်-

ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ။

ဓမ္မံ သုစရိတံ စရေ။

ဓမ္မစာရီ သုခံ သေတိ၊

အသ္မိံ လောကေ ပရမှိ စ။

ခမည်းတော်မင်းကြီး.. ရဟန်းဖြစ်သောသူသည် ဒကာဒကာမတို့၏ အိမ်တံခါးဝဝယ် သပ္ပါယ်စွာရပ်၍ ရအပ်သောဆွမ်း၌ မမေ့မလျော့ရာ၊ အနေသန (= မအပ်သော ရှာမှီးမှု)နှင့် မဖက်စပ် ကောင်းစွာကျင့်အပ်သော ဆွမ်းခံလှည့်လည်ခြင်းအကျင့်ကို ကျင့်ရာ၏။ ယင်းသို့ ဆွမ်းခံကျင့်ဝတ်ကို မချွတ်ပြုကျင့်လေ့ရှိသော ရဟန်းသည် ယခုဘ၀၌၎င်း, တမလွန်ဘဝ၌၎င်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ရလေ၏-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေလျှင် ဂါထာ၏အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။



၁၂၅

ခမည်းတော်မင်းကြီး သကဒါဂါမ်တည်၍

မိထွေးတော် မဟာပဇာပတိဂေါတမီ သောတာပန်တည်ခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သောတာပန်တည်ပြီးလျှင် မြတ်စွာဘုရားရှင်၏ လက်တော်မှ သပိတ်ကို ကိုယ်တိုင် လှမ်းယူပွေ့ဆောင်ကာ နောက်ပါရဟန္တာ အရှင်မြတ်ပေါင်း နှစ်သောင်းနှင့်တကွ မြတ်စွာဘုရားကို ရွှေနန်းတော်သို့ ပင့်ဆောင်လျက် အသင့်ခင်းထားအပ်သည့် မြတ်သောနေရာ၌ နေထိုင် သီတင်းသုံးစေတော်မူ၏၊ ရွှေနန်းတော်သို့ရောက်လျှင် မြတ်စွာဘုရားသည်-

ဓမ္မံ စရေ သုစရိတံ၊

န နံ ဒုစ္စရိတံ စရေ။

ဓမ္မစာရီ သုခံ သေတိ၊

အသ္မိံ လောကေ ပရမှိ စ။

ခမည်းတော်မင်းကြီး.. အနေသနနှင့် မဖက်စပ် ကောင်းစွာကျင့်အပ်သော ဆွမ်းခံအကျင့်ကို ကျင့်ရာ၏၊ ထို ဆွမ်းခံအကျင့်ကို (ပျို, ပဏ်, သူရာ, ပြည့်တန်းဆာ, လင်ကွာ, ရဟန်းမ = အပျိုကြီး, ပဏ္ဍုက်, သေတင်းကုပ်, ပြည့်တန်းဆာမ, လင်ကွာမုဆိုးမ, ရဟန်းမ ဤခြောက်ပါးသော) အဂေါစရဌာန၌ လှည့်လည်သောအားဖြင့် မကောင်းသဖြင့် မကျင့်ရာ။ ယင်းသို့ အနေသနနှင့် မဖက်စပ် ဖြူစင်သော ဆွမ်းခံကျင့်ဝတ်ကို မချွတ်ပြုကျင့်လေ့ရှိသော ရဟန်းသည် ယခုဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ချမ်းသာစွာ နေထိုင်ရလေ၏-

ဟူသော ဤဒုတိယဂါထာကို ဟောကြားတော်မူလေ၏။ ဤဒုတိယဂါထာ၏ အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သကဒါဂါမိဖိုလ်၌ တည်၍ မိထွေးတော် မဟာပဇာပတိဂေါတမီ မိဖုရားကြီးသည်ကား သောတာပတ္တိဖိုလ်၌ တည်လေ၏။



၁၂၅

     ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားအမှူးရှိသော ရဟန္တာပေါင်း ထေရ်နှစ်သောင်းတို့ကို စောစီးကပင် ကြိုတင်ချက်ပြုတ် စီမံပြီးရှိသည့် မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်အမျိုးမျိုးတို့ဖြင့် ဆက်ကပ်လုပ်ကျွေးလေ၏။

စန္ဒကိန္နရီဇာတ်ကို ဟောတော်မူခြင်း

     ဘုရားအမှူးရှိသော သံဃာတော်တို့ ဆွမ်းကိစ္စပြီးဆုံးလတ်သောအခါ (ရာဟုလာ့မယ်တော် ယသော်ဓရာမိဖုရားကို ထား၍) အလုံးစုံသော နန်းတွင်းသူ မင်းမောင်းမအပေါင်းသည် မြတ်စွာဘုရားထံတော်မှောက်သို့ လာရောက် ချဉ်းကပ်လျက် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပူဇော်ကြလေ၏။

     ရာဟုလာ့မယ်တော် ယသော်ဓရာ မိဖုရားသည်ကား အခြွေအရံများက “အရှင်မ.. အဆောင်တော်မှ ထွက်ကြွပြီးလျှင် အရှင့်သားကို ရှိခိုးပါလော့”ဟူ၍ တင်လျှောက် ပြောဆိုအပ်ပါသော်လည်း “ရှင်မတို့.. ငါ၏ ကျေးဇူးအထူး ရှိခဲ့ပါမူ အရှင့်သားသည် ကိုယ်တိုင်ပင် ငါ့အထံသို့ ကြွလာတော်မူပါလိမ့်မည်၊ ကြွလာတော်မူမှသာ ငါသည် အရှင့်သားကို ရှိခိုးပေအံ့”ဟု ပြန်ကြားပြောဆိုကာ မသွားပဲ မိမိ၏တိုက်ခန်းမှာပင် ဣန္ဒြေမပျက် နေထိုင်လျက်ရှိပေ၏။

     မြတ်စွာဘုရားသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို သပိတ်တော်ကို ယူဆောင်စေပြီးလျှင် အဂ္ဂသာဝကမထေရ်မြတ် နှစ်ပါးတို့နှင့် အတူတကွ ယသော်ဓရာမိဖုရား၏ အဆောင်တော် ကြက်သရေတိုက်ခန်းသို့ ကြွမြန်းတော်မူလေသည်။ (ထိုအချိန်၌ ယသော်ဓရာမိဖုရား၏အထံ၌ ကခြေသည် မောင်းမပေါင်း လေးသောင်းတို့ ခညောင်းနေထိုင်ဆဲ ရှိကြကုန်၏၊) ထိုကခြေသည် မောင်းမပေါင်း လေးသောင်းတို့အနက် မင်းသမီးကညာပေါင်းပင် တထောင်ကိုးဆယ်တို့ ပါဝင်ကြလေသည်။ ယသော်ဓရာမိဖုရားသည် မြတ်စွာဘုရားကိုယ်တော်မြတ် မိမိ၏အဆောင်တော် ကြက်သရေတိုက်ခန်းသို့ ကြွမြန်းတော်မူလာသည်ကို



၁၂၇

သတင်းစကား ကြားသိလေလျှင် “ကခြေသည်မောင်းမပေါင်း လေးသောင်းလုံးတို့ပင် ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်ကြရမည်”ဟု မောင်းမပေါင်း လေးသောင်းတို့အား ညွှန်ကြားချက်စကား ပြောကြားစေလေသည်၊ ထိုမောင်းမ လေးသောင်းတို့သည် ယသော်ဓရာမိဖုရား ညွှန်ကြားချက်အတိုင်း ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ဆင်ကြလေသည်။ ။(စန္ဒကိန္နရီဇာတ် အဋ္ဌကထာမှ)။

     မြတ်စွာဘုရားသည် ယသော်ဓရာမိဖုရား၏ အဆောင်တော် ကြက်သရေတိုက်ခန်းသို့ ရောက်လတ်သော် “ငါဘုရားအား ယသော်ဓရာမင်းသမီး အလိုရှိတိုင်း ရှိခိုးလာသည်ကို တစုံတခု အဟန့်အတား စကားမပြောကြားရ”ဟု မိန့်ကြားပြီးလျှင် အသင့်ခင်းထားပြီးရှိသော နေရာ၌ ထိုင်နေတော်မူလေ၏။

     ယသော်ဓရာ မိဖုရားသည် မြတ်စွာဘုရားထံမှောက်သို့ လျင်မြန်စွာ လာရောက်၍ မြတ်စွာဘုရား၏ ဖမျက်တော်နှစ်ဖက်တို့ကို မိမိလက်နှစ်ဖက်ဖြင့် တအားကုန် တင်းကြပ်စွာ ဆွဲကိုင်လိုက်ဖက်၍ ဖမိုးတော်ထက်၌ မိမိ၏ ဦးခေါင်း (နဖူးပြင်)ကို တင်ထားကာ ဗယ်ညာပြောင်းလှန် အတန်တန်ဦးခိုက်၍ အလိုရှိတိုင်း အားပါးတရ ရှိခိုးလေ၏။ ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်-

“ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အကျွန်ုပ်၏သမီးသည် အရှင်ဘုရားတို့ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ရုံတော်မူပြီဟူသော သတင်းကို ကြားသည့်အချိန်က စ၍ပင် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ခဲ့ပါပြီ။ အရှင်ဘုရားတို့ ဆွမ်းတထပ်သာစားကြောင်း သတင်းကောင်း ကြားသိရလျှင်ပင် ထမင်း (ပွဲတော်စာ) တထပ်ကိုသာ စားခဲ့ပါပြီ။ အရှင်ဘုရားတို့ မြတ်သော အိပ်ရာနေရာကို စွန့်ပစ်ကြောင်း သတင်းစကား ကြားသိရလျှင်ပင် အကျွန်ုပ်၏ သမီးတော်သည် ကြိုးပြားဖြင့် ရက်အပ်သော ညောင်စောင်း ၌သာ အိပ်ခဲ့ရှာပါပြီ။



၁၂၈

အရှင်ဘုရားတို့ ပန်းနံ့သာစသည်တို့မှ ရှောင်ကြဉ်ကြောင်း သတင်းစကား ကြားသိရလျှင်ပင် အကျွန်ုပ်၏ သမီးတော်သည် ပန်းပန်ခြင်း နံ့သာလိမ်းခြင်း အမှုတို့မှ ရှောင်ကြဉ်ခဲ့ရှာပါပြီ။

အရှင်ဘုရားတို့ တောထွက်၍ သွားသောအခါ ဆွေတော်မျိုးတော်ဖြစ်သော မင်းညီမင်းသား သူတပါးတို့က မြှောက်စားမြတ်လေး ကောင်းမွန်စွာ မွေးမြူလိုကြပါသည်ဟု သဝဏ်လွှာပါး သတင်းစကား ကြားလာပါသော်လည်း အကျွန်ုပ်၏ သမီးတော်သည် တဦးတယောက်ကိုမျှ ဂေဟဿိတ ပေမတဏှာဖြင့် ပြန်လှန်စောင်းငဲ့၍မျှ မကြည့်ခဲ့ရှာပါပေ။ ဤသို့လျှင် အကျွန်ုပ်၏ သမီးတော်သည် အံ့ဩချီးမွမ်းလောက်သော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသူ ဖြစ်ပါပေသည်”–

ဟူ၍ မြတ်စွာဘုရား၌သာ ချစ်ခင်မြတ်နိုးမှု စသည်တို့နှင့် ပြည့်စုံကြောင်း ဂုဏ်ကျေးဇူးစကားကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားက-

“ခမည်းတော်မင်းကြီး.. ယခုအခါ၌ ခမည်းတော်မင်းကြီးက ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည့်ပြင် ဉာဏ်ပညာကလည်း ရင့်ကျက်သဖြင့် ရာဟုလာ့မယ်တော် ယသော်ဓရာမင်းသမီး မိမိကိုယ်ကိုမိမိ ထိန်းသိမ်း စောင့်ရှောက်ခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်ပါသေး၊ ဤရာဟုလာ့မယ်တော် ယသော်ဓရာမင်းသမီးသည် ရှေးအတိတ်အခါက (အသင်မင်းကြီးလို) စောင့်ရှောက်ထိန်းသိမ်းသူ မရှိပါပဲလျက် စန္ဒတောင်ခြေရင်း၌ လှည့်ပတ်သွားလာကာ ပါရမီဉာဏ် မရင့်သန်သေးမီကပင် မိမိကိုယ်ကိုမိမိ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီ”—

ဟု မိန့်ကြားတော်မူ၍ အတိတ်ဖြစ်ရပ် (ပကိဏ္ဏကနိပါတ်၊ ၂-ခုမြောက်) စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူပြီးလျှင်



၁၂၉

နေရာမှထ၍ ရဟန္တာပေါင်း နှစ်သောင်းခြံရံကာ နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

ညီတော်နန္ဒမင်းသားကို ရဟန်းပြုစေတော်မူခြင်း

(နန္ဒမင်းသားအကြောင်း အနည်းငယ် မှတ်ဖွယ်ကား.. မယ်တော် မဟာမာယာဒေဝီမှ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီးနောက် နှစ်ရက်သုံးရက်မြောက်တွင် မာယာဒေဝီ၏ညီမတော် ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ နန္ဒမင်းသားကို ဖွားမြင်ပြီးသော် မဟာပဇာပတိ ဂေါတမီသည် မိမိ၏သားရင်း နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီးလျှင် မိမိကိုယ်တိုင်ကမူ ဘုရားအလောင်း (တူတော်)၏ အထိန်းအယကိစ္စ အဝဝကို ကိုယ်တိုင်ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို အလောင်းတော်အား တိုက်ကျွေးမွေးမြူခဲ့လေသည်။ နန္ဒမင်းသားသည် အလောင်းတော်အောက် နှစ်ရက်သုံးရက်သာငယ်သူ ဖြစ်၏၊ အရပ်အမောင်းအားဖြင့်လည်း နန္ဒမင်းသားသည် အလောင်းတော်အောက် လက်လေးသစ်သာ နိမ့်သူဖြစ်၏။)

     မြတ်စွာဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ရောက်၍ သုံးရက်မြောက်သောနေ့၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် နန္ဒမင်းသားအား-

(၁) ကေသဝိဿဇ္ဇနမင်္ဂလာ = အိမ်ရှေ့မင်းဥသျှောင်တော် ထုံးဖွဲ့ရန်အတွက် မင်းသားငယ်ကာလက ထုံးဖွဲ့ရင်းရှိသော ဥသျှောင်ဆံထုံးကို ဖြည်ခြင်းမင်္ဂလာ၊

(၂) ပဋ္ဋဗန္ဓမင်္ဂလာ = အိမ်ရှေ့မင်းဟူ၍ ကမ္ပည်းတံဆိပ် ခပ်နှိပ်ထားသည့် ရွှေပြားသင်းကျစ်တော်ကို နဖူး၌ တပ်ဆင်ခြင်းမင်္ဂလာ၊

(၃) ဃရပ္ပဝေသနမင်္ဂလာ = အိမ်ရှေ့စံ နန်းတော်အပ်နှင်းပွဲမင်္ဂလာ၊

(၄) အာဝါဟမင်္ဂလာ = နှမတော် ဇနပဒကလျာဏီနှင့် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာ၊



၁၃၀

(၅) ဆတ္တုဿာပနမင်္ဂလာ = အိမ်ရှေ့ထီးဖြူတော် စိုက်ဆောက်အပ်နှင်းခြင်း မင်္ဂလာ၊

     ဤငါးပါးသော မင်္ဂလာတို့ကို ဆင်ယင်ကျင်းပမှု ပြုလုပ်စေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရွှေနန်းတော်သို့ ကြွသွားတော်မူ၍ နန္ဒမင်းသားကို သပိတ်တော်ကို ပွေ့ယူစေပြီးလျှင် ရှင်ရဟန်းပြုစေတော်မူလိုသည်ဖြစ်၍ အနုမောဒနာ မင်္ဂလာတရားစကား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့လေသည်။

     ရွှေနန်းတော် ခန်းမဆောင်၌ပင် မြတ်စွာဘုရားသည် ကိုယ်တော်၏သပိတ်ကို ကိုယ်တော်တိုင် ယူရန်ဖြစ်သော်လည်း နန္ဒမင်းသားကို ရှင်ရဟန်းပြုပေးလိုသည့်အတွက် နန္ဒမင်းသား၏လက်မှ သပိတ်ကို ယူတော်မမူခဲ့ချေ၊ နန္ဒမင်းသားသည်လည်း နောင်တော်မြတ်ဘုရား၌ အလွန့်အလွန် ရိုသေလှသဖြင့် “နောင်တော် မြတ်ဘုရား.. အရှင်နောင်တော်မြတ်ဘုရားတို့၏ သပိတ်တော်ကို ယူတော်မူကြပါဘုရား”ဟူ၍ မလျှောက်ဝံ့ပဲ ရှိလေသည်။ နန္ဒမင်းသားသည် စောင်းတန်း (= လှေကား)ဦးသို့ရောက်လျှင် သပိတ်တော်ကို ယူတော်မူလိမ့်မည်ဟု ကြံစည်အောက်မေ့ကာ သပိတ်တော်ကို ပွေ့ချီလျက်သာ လိုက်ပါရလေ၏၊ စောင်းတန်း (= လှေကား)ဦးသို့ ရောက်သောအခါလည်း မြတ်စွာဘုရားသည် သပိတ်တော်ကို ယူတော်မမူချေ။

     နန္ဒမင်းသားသည် “စောင်းတန်း (= လှေကား)ရင်း အောက်ခြေသို့ရောက်လျှင် သပိတ်တော်ကို ယူတော်မူလိမ့်မည်”ဟု ကြံစည်အောက်မေ့ကာ သပိတ်တော်ကို ပွေ့ချီလျက်သာ လိုက်ပါရလေ၏၊ စောင်းတန်း (= လှေကား)ရင်း အောက်ခြေသို့ ရောက်သောအခါလည်း မြတ်စွာဘုရားသည် သပိတ်တော်ကို ယူတော်မမူချေ။ နန္ဒမင်းသားသည် “မင်းယင်ပြင် = နန်းတော်၏ အပြင်အပ မြေကွက်လပ်သို့ရောက်လျှင် သပိတ်တော်ကို ယူတော်မူလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ သပိတ်တော်ကိုပိုက်လျက်



၁၃၁

လိုက်ပါရလေ၏။ မင်းယင်ပြင်သို့ ရောက်သောအခါလည်း မြတ်စွာဘုရားသည် သပိတ်တော်ကို ယူတော် မမူပဲ ကြွသွားမြဲသာ ကြွသွားတော်မူလေ၏၊ နန္ဒမင်းသားသည် အလိုမရှိပဲ လိုက်ပါရသည်ဖြစ်၍ ပြန်လည် ဆုတ်နစ်လိုပါသော်လည်း နောင်တော်ဘုရား၌ အလွန့်အလွန် ရိုသေလေးစားသဖြင့် “သပိတ်တော်ကို ယူတော်မူပါကုန်ဘုရား”ဟူ၍ မလျှောက်ထားဝံ့ပဲ “ဤအရပ်သို့ရောက်လျှင် ယူတော်မူလိမ့်မည်၊ ထိုအရပ်သို့ ရောက်လျှင် ယူတော်မူလိမ့်မည်”ဟု ယူလိမ့်နိုးနိုး မျှော်ကိုးလျက်သာ လိုက်ပါသွားရရှာလေ၏။

     ထိုအခါ ဇနပဒကလျာဏီ၏ ရံရွေတော် မောင်းမတို့သည် ထိုအခြင်းအရာကို မြင်ကြ၍ ဇနပဒကလျာဏီထံသို့ သွားရောက်ပြီးလျှင် “အရှင်မ.. မြတ်စွာဘုရားသည် နန္ဒမင်းသားကို အရှင်မတို့နှင့် ကင်းကွာအောင်ပြုလုပ်ရန် ခေါ်ဆောင်၍ ကြွသွားတော်မူလေပြီ”ဟု လျှောက်တင်ကြလေကုန်၏၊ (ထိုအချိန်၌ ဇနပဒကလျာဏီသည် ခေါင်းလျှော်နေဆဲဖြစ်၍) ယိုစီးသော ခေါင်းလျှော်ရေပေါက်တို့ရှိကာ ဆံပင်တဝက်တပျက်ကိုသာ ဖြီးလိမ်းပြီးဖြစ်ကာ လျင်မြန်စွာ လာလတ်၍ လေသာနန်းတံခါး၌ ရပ်ပြီးလျှင် “အိုအရှင့်သား.. လျင်မြန်စွာ ပြန်လာတော်မူခဲ့ပါ”ဟု မှာကြား ပြောဆိုလေသည်။ ဇနပဒကလျာဏီ မှာကြားလိုက်သော စကားသည် နန္ဒမင်းသား၏နှလုံး၌ ဖီလာကန့်လန့် ကျဘိသကဲ့သို့ တည်လေ၏။

     မြတ်စွာဘုရားသည်လည်း နန္ဒမင်းသား၏လက်မှ သပိတ်ကို ယူတော်မမူပဲသာလျှင် နန္ဒမင်းသားကို ကျောင်းတော်သို့အရောက် ခေါ်ဆောင်ခဲ့၍ ကျောင်းတော်သို့ရောက်လျှင် “ရဟန်းပြုမည်လော နန္ဒ..”ဟု မေးမြန်းလေသည်။ နန္ဒမင်းသားသည် နောင်တော် မြတ်ဘုရား၌ အလွန် ရိုသေလေးစားသဖြင့် “ရဟန်းမပြုနိုင်ပါ”ဟု မလျှောက်ထားဝံ့ပဲ စိတ်ကပင် ရဟန်းပြုရန် အလိုမရှိသော်လည်း “ကောင်းပါပြီ နောင်တော်မြတ်ဘုရား.. ရဟန်းပြုပါမည်”ဟူ၍ လျှောက်ဆို ဝန်ခံရှာလေတော့သည်။



၁၃၂

     မြတ်စွာဘုရားသည် “ထိုသို့ဖြစ်ခဲ့လျှင် ရဟန်းတို့.. သင်တို့သည် ငါဘုရား၏ညီတော် နန္ဒကို ရဟန်းပြုကြကုန်လော့”ဟူ၍ မိန့်ကြားတော်မူလေသော် ရဟန်းတို့သည် မြတ်စွာဘုရား မိန့်ကြားတော်မူချက်အတိုင်း နန္ဒမင်းသားကို ရဟန်းပြုလုပ်၍ ပေးကြလေကုန်၏*

သားတော်ရာဟုလာမင်းသားကို ရှင်သာမဏေပြုစေတော်မူခြင်း

     ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ခမည်းတော်မင်းကြီး၏ စံနန်းတော်သို့ ဆွမ်းဘုဉ်းပေးရန် ကြွလာတော်မူသည်ရှိသော် ရာဟုလာ့မယ်တော် ယသော်ဓရာမိဖုရားသည် သားတော်ကလေး ရာဟုလာမင်းသား (ခုနစ်နှစ်အရွယ်)ကို လှပတင့်တယ်စွာ တန်းဆာဆင်၍ “ချစ်သား.. ရဟန်းတော် အရှင်မြတ်ပေါင်း နှစ်သောင်းခြံရံလျက် ရွှေအဆင်းကဲ့သို့သော အဆင်းရှိသည်ဖြစ်၍ ဗြဟ္မာမင်းအတူ ဖြောင့်စင်းသောကိုယ် ရှိတော်မူသော ထိုရဟန်းမြတ်ကြီးကို သင်ချစ်သား ရှုစမ်းပါလော့၊ ဤအရှင်မြတ်သည်ကား သင်ချစ်သား၏ ခမည်းတော်ကြီးဖြစ်ပေ၏။ ဤသားမောင့် ဖခင် အရှင်မြတ်ဘုရားကြီးအား တောထွက်၍ ရှင်ရဟန်းမပြုမီက သင်္ခ, ဧလ, ဥပ္ပလ, ပုဏ္ဍရီက အသီးသီးအမည်ရှိကြသည့် ရွှေအိုးကြီးလေးလုံးတို့ ရှိကြလေသည်၊ ထိုရွှေအိုးကြီး လေးလုံးတို့ကို သားမောင့်ဖခင် အရှင်မြတ်ဘုရား တောထွက်၍ ရဟန်းပြုသွားသောအခါမှစ၍ ယခုတိုင်ပင် မွေးမိခင်တို့ မတွေ့မမြင်ရတော့ကုန်၊ ချစ်သား.. မောင့်ဖခင် အရှင်မြတ်ဘုရား ထံတော်ပါးသို့ သွားရောက်ချဉ်းကပ်ပြီးလျှင် 'ခမည်းတော်ဘုရား.. အကျွန်ုပ်ကား ပျိုမျစ်နုနယ် ငယ်ရွယ်သူ မင်းသားဖြစ်ပါသည်။ သားတော်သည် မုဒ္ဓါဘိသိက်သွန်း၍ လေးကျွန်းသနင်း စကြာမင်း ဖြစ်ရပါလိမ့်မည်၊ သားတော်သည် မင်းတို့ဖွယ်ရာ ဥစ္စာရတနာကို အလိုရှိပါ၏၊ အကျွန်ုပ်အား ခမည်းတော်၏ ဥစ္စာဖြစ်သော


     * အရှင်နန္ဒ ရဟန္တာဖြစ်သည်တိုင်အောင်သော အကြောင်းအရာအကျယ်ကို သံဃရတနာခဏ်းသို့ရောက်မှ ဖော်ပြပါမည်။



၁၃၃

ရွှေအိုးကြီးလေးလုံးကို ပေးတော်မူပါလော့၊ မှန်ပါသည် သားဖြစ်သူသည် ဖခင်၏အမွေကို ပိုင်ဆိုင်ခံယူရမြဲ ဓမ္မတာဖြစ်ပါသည်'ဟု လျှောက်ထားပြောဆိုကာ အမွေဥစ္စာကို တောင်းခံပါလော့”ဟူ၍ သင်ကြားပြီးလျှင် သားတော်ရာဟုလာကို မြတ်စွာဘုရား အထံတော်သို့ စေလွှတ်လိုက်လေ၏။

     ရာဟုလာမင်းသားသည် မြတ်စွာဘုရား၏အထံတော် (အနီးအရပ်)သို့ ရောက်ရှိလျှင်ပင် ဖခင်ဟူသော ချစ်ခြင်းကို ရရှိကာ လွန်စွာ ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိလျက် “ဖခမည်းနတ် ရဟန်းမြတ်ဘုရား.. အရှင်ဘုရား၏ အရိပ်သည် လွန်စွာအေးမြ ချမ်းသာလှပါပေ၏”ဟု လျှောက်ထား၍ ထိုမှတပါး မိမိနှင့် လျောက်ပတ်သည့် တီတီတာတာ များစွာသောစကားကို ပြောကြားလျက် မြတ်စွာဘုရား၏အနီး၌ တည်နေလေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးလတ်သော် ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ရွှေနန်းတော်မှထွက်ကာ နိဂြောဓာရုံကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

     ရာဟုလာမင်းသားသည်လည်း “ဖခမည်းနတ် ရဟန်းမြတ်ဘုရား.. အကျွန်ုပ်အား အမွေဥစ္စာကို ပေးတော်မူပါဘုရား၊ ဖခမည်းနတ် ရဟန်းမြတ်ဘုရား.. အကျွန်ုပ်အား အမွေဥစ္စာကို ပေးတော်မူပါဘုရား”ဟု လျှောက်ထားပြောဆို အမွေတောင်းခံရင်းပင် မြတ်စွာဘုရားနောက်သို့ ကောက်ကောက်လိုက်ပါခဲ့လေသည်၊ မြတ်စွာဘုရားကလည်း သားတော်ရာဟုလာကို “ချစ်သား.. ပြန်လော့”ဟူ၍လည်း မိန့်ကြားတော်မမူချေ။ မင်းချင်းများကလည်း မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါသွားသော ရာဟုလာမင်းသားကို (အဖ၏နောက်သို့ သားလိုက်သွားခြင်းဖြစ်၍) မဟန့်တားဝံ့ကြချေ၊ ဤနည်းဖြင့်ပင် ရာဟုလာမင်းသားသည် မြတ်စွာဘုရားနှင့် အတူတကွ ကျောင်းတိုက်တော်သို့သာ အမွေတောင်းခံရင်း ရောက်ခဲ့လေသည်။



၁၃၄

     ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားသည် “ဤရာဟုလာမင်းသားကား အဖ၏ဥစ္စာဖြစ်သော အမွေအနှစ်ကို ရယူလို၏၊ ဤလောကီဥစ္စာ အမွေအနှစ်ဟူသည်မှာ ဝဋ်ဆင်းရဲ၌သာ စာရင်းအဝင်အပါဖြစ်၍ လွန်စွာ ဆင်းရဲဘို့သာ ဖြစ်ချေ၏။ ကိုင်း.. ငါဘုရားသည် သားတော်ရာဟုလာအား မဟာဗောဓိမဏ္ဍိုင်အပြင်ဝယ် ငါးအင်သောမာရ် တွင်းပရန်ကို တွန်းလှန်ပြိုင်ဆိုင် အနိုင်တိုက်ကာ ရယူခဲ့သည့် သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာဟူသော အရိယာတို့ဥစ္စာ ရတနာခုနစ်ပါးကို ပေးတော့အံ့၊ သားတော် ရာဟုလာကို လောကုတ္တရာ အမွေအနှစ်၏ ပိုင်ရှင်ဖြစ်အောင် ပြုပေတော့အံ့”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတ္တရာ.. ရာဟုလာမင်းသား ငါဘုရားထံ အမွေတောင်းခံလာရကား သင်ချစ်သားသည် ရာဟုလာမင်းသားကို ရှင်သာမဏေ ပြုပေးပေလော့”ဟူ၍ မိန့်တော်မူလေ၏။

(ဤ၌။ ။အရိယာဥစ္စာ = သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါးကို အံ ၂-၃၉၈-၌—

သဒ္ဓါဓနံ သီလဓနံ၊ ဟိရိဩတ္တပ္ပိယံ ဓနံ။

သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။-

ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေသည်။ လောကီဥစ္စာ ရတနာခုနစ်ပါးနှင့် သူတော်ကောင်းဥစ္စာ ရတနာခုနစ်ပါးတို့ကို တွဲစပ်၍ ကိုးခဏ်းပျို့၌လည်း-

“ဟိရိ = ကျော ငွေ၊ ဩတ္တပ် = ရွှေနှင့်၊ နှံ့မွှေကြားပုံ၊ ခက်ရုံ = သန္တာ၊ သဒ္ဓါ = မျက်မြ၊ သီလ = ပုလဲ၊ စွန့်ကြဲဒါန၊ စာဂ = မဏိ၊ ဗုဒ္ဓိ = ၀ရဇိန်၊ တောက်ထိန်ခုနစ်ပါး၊ ဥစ္စာများကို”–

ဟူ၍ အရှင်မဟာရဋ္ဌသာရ စပ်ဆိုတော်မူခဲ့လေသည်ကို အထူး မှတ်ယူရာ၏)။



၁၃၅

     ထိုသို့ မြတ်စွာဘုရား မိန့်ကြား စေခိုင်းတော်မူသောအခါ ရာဟုလာမင်းသားကို အရှင်သာရိပုတ္တရာ မထေရ်က ဥပဇ္ဈာယ်ဆရာ ပြု၍၎င်း၊ အရှင်မဟာမောဂ္ဂလာန် မထေရ်က ဆံရိတ်မှု, သင်္ကန်းပေးမှု, သရဏဂုံပေးမှု ပဗ္ဗဇ္ဇာစရိယ ပြု၍၎င်း၊ အရှင်မဟာကဿပ မထေရ်က အဆုံးအမ ဩဝါဒပေးမှု ဩဝါဒါစရိယ ပြု၍၎င်း ရှင်သာမဏေ ပြုပေးတော်မူကြလေကုန်သည်၊ ထိုသို့ မထေရ်မြတ်ကြီးသုံးပါး အသီးအသီး တာဝန်ယူ၍ ရှင်ပြုပေးကြခြင်း ဖြစ်သော်လည်း “ရှင်ပြုမှုကိစ္စ အဝဝ၌ ဥပဇ္ဈာယ်ဆရာသာလျှင် အစိုးရလေသည်၊ ပဗ္ဗဇ္ဇာစရိယ, ဩဝါဒစရိယတို့ကား အစိုးမရကြကုန်၊ ထိုပဗ္ဗဇ္ဇာစရိယ, ဩဝါဒစရိယ ပြုအပ်သမျှသည်လည်း ဥပဇ္ဈာယ်ဆရာ၏ အလုပ်ကိစ္စများသာ ဖြစ်တော့သည်။ ထို့ကြောင့် ပါဠိတော်၌ “အထ ခေါ အာယသ္မာ သာရိပုတ္တော ရာဟုလံ ကုမာရံ ပဗ္ဗာဇေသိ = ထိုသို့ မြတ်စွာဘုရား စေခိုင်းတော်မူသောအခါ အရှင်သာရိပုတ္တရာသည် ရာဟုလာမင်းသားကို ရှင်ပြုပေးလေ၏”ဟူ၍ ရှင်ပြုမှုကိစ္စ အဝဝကို အရှင်သာရိပုတ္တရာ ပြုလုပ်ပေးသောအနေဖြင့် ဟောကြားတော်မူအပ်လေသည်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး တောင်းပန်သဖြင့်

သိက္ခာပုဒ် ပညတ်တော်မူခြင်း

     “ရာဟုလာမင်းသားကို ရှင်ပြုပေးအပ်ပြီ”ဟူသော သတင်းစကားကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားလတ်သောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား လွန်စွာ စိတ်နှလုံးမသက်သာပဲ ပင်ပန်းဆင်းရဲခြင်း ပြင်းထန်စွာ ဖြစ်လေသည်၊ အနည်းငယ်မျှ ဖွင့်ပြဦးအံ့..၊ မြတ်စွာဘုရား အလောင်းတော်ကို ဖွားမြင်ပြီးနောက် နိမိတ်ဖတ်ဆရာများသည် “ဤမင်းသားကား စကြဝတေးမင်း ဖြစ်လိမ့်မည်”ဟု ဟောဆိုသကဲ့သို့ပင် ဤအတူ နန္ဒမင်းသားကို၎င်း, ရာဟုလာမင်းသားကို၎င်း ဖွားမြင်ပြီးနောက် မင်္ဂလာပွဲ ကျင်းပသောနေ့၌ နိမိတ်ဖတ်ဆရာများသည် “ဤမင်းသားကား စကြဝတေးမင်း ဖြစ်လိမ့်မည်”ဟူ၍ပင် ဟောဆိုခဲ့ကြလေသည်။



၁၃၆

     ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “သားတော် သိဒ္ဓတ္ထမင်းသား၏ စကြာမင်းအသရေကို ငါမြင်ရတော့မည်”ဟု အလွန်အားတက်နေစဉ် သားတော် သိဒ္ဓတ္ထမင်းသား ဘုရားအလောင်း တောထွက် ရဟန်းပြုတော်မူခဲ့သဖြင့် အလိုဆန္ဒ မပြည့်ဝရကား လွန်စွာ စိတ်နှလုံး ပင်ပန်းနွမ်းနယ် ဆင်းရဲခြင်းသို့ ရောက်ခဲ့ရလေသည်။

     ထို့နောက်တဖန် “သားတော်အငယ် နန္ဒမင်း၏ စကြာမင်းအသရေကိုကျမှ မြင်ရတော့မည်”ဟု အားတင်းတော်မူခဲ့ရာ နန္ဒမင်းသားကိုလည်း မြတ်စွာဘုရားက ရဟန်းပြုပေးပြန်သဖြင့် ဒုတိယအကြိမ် လွန်စွာ စိတ်နှလုံး ပင်ပန်းနွမ်းနယ် ဆင်းရဲခြင်းသို့ ရောက်ခဲ့ရပြန်လေသည်။

     ဤသို့လျှင် နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရသော စိတ်ဆင်းရဲမှုကို သည်းခံပြီးလျှင် “ယခုအခါ နောက်ဆုံး မျှော်လင့်ချက်အနေဖြင့် မြေးတော် ရာဟုလာ၏ စကြာမင်းအသရေကိုကျမှ ဝဝကြီး ရှုမြင်ရပေတော့မည်”ဟု ကြံစည်စိတ်စွဲ အားခဲနေစဉ် ရာဟုလာမင်းသားကိုလည်း မြတ်စွာဘုရားက ရှင်သာမဏေ ပြုလုပ်ပေးတော် မူပြန်သဖြင့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ စိတ်သန္တာန်ဝယ် “ယခုအခါ၌ သာကီယမင်းမျိုး အနွယ်အဆက်ပင် ပြတ်ခဲ့လေပြီ၊ စကြာမင်း အသရေကား အဘယ်မှာလျှင် ရှိနိုင်တော့အံ့နည်း”ဟု အကြံအစည် ဖြစ်ရှိကာ ရှေးကထက် ဆထက်လွန်ကဲ စိတ်ဆင်းရဲခြင်း ဖြစ်လေသည်။ (ဤအချိန်၌ သုဒ္ဓေါဒနမင်းကြီးမှာ သကဒါဂါမ်အရိယာသာ ဖြစ်သေး၍ ဒေါသကိလေသာကို အမြစ်ပြတ် မပယ်သတ်ရသေးသဖြင့် စိတ်နှလုံး ဆင်းရဲခြင်း ပြင်းထန်စွာ ဖြစ်ရှိလေသည်)။

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုစိတ်နှလုံး မချမ်းသာမှုကို အောင့်အည်းသည်းခံခြင်းငှာ မတတ်နိုင်ရကား မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်လျက် ရိုသေမြတ်နိုး ရှိခိုးပြီးသော် အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် “ဘုန်းတော်ကြီးသော သားတော်ဘုရား.. အကျွန်ုပ်သည်



၁၃၇

သားတော်ဘုရားကို ဆုတခု တောင်းလိုပါသည်ဘုရား”ဟု စကားဦးစ၍ လျှောက်ထားလေသည်၊ ထိုအခါ မြတ်စွာဘုရားသည် “ဂေါတမနွယ်မှီး ခမည်းတော်မင်းကြီး.. မြတ်စွာဘုရားသည် လွန်မြောက်ပြီးသော ဆုရှိတော်မူကြကုန်၏”ဟူ၍ မိန့်ကြားတော်မူလေသည်။

(ဤ၌။ ။ဆုပေးခြင်း ဆုချခြင်းဟူသော အလုပ်သည် အလှူခံစား ရဟန်းများ၏ အလုပ်မဟုတ်ချေ၊ မိမိကိုယ်၌က အလှူခံစား ရဟန်းတပါးဖြစ်ပါလျက် အခြားတဦးတယောက်က “ဆုတခုခု တောင်းခံပါသည်”ဟု ဆိုလာခဲ့သော် အလွယ်တကူနှင့် “အလိုရှိရာဆုကို တောင်းခံလော့”ဟူ၍ ပြောဆိုခြင်းသည် မသင့်လျော်ချေ၊ ဘုရားရှင်တို့၏ အလေ့အကျက်လည်း မဟုတ်ချေ။ ထို့ကြောင့် မြတ်စွာဘုရား ကိုယ်တော်မြတ်သည် “ဂေါတမနွယ်မှီး ခမည်းတော်မင်းကြီး.. မြတ်စွာဘုရားတို့သည် လွန်မြောက်ပြီးသော ဆုရှိတော်မူကြကုန်၏”ဟူ၍ ပြန်ကြား မိန့်ဆိုတော်မူအပ်လေသည်)။

     ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက “သားတော်မြတ်ဘုရား.. အပ်လည်း အပ်စပ်၍ အပြစ်လည်း မရှိသောဆုကို တောင်းခံမည် ဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ထားလေသည်။ ထိုအခါကျမှ မြတ်စွာဘုရားက “ဂေါတမနွယ်မှီး ခမည်းတော်မင်းကြီး.. သင်မင်းကြီး တောင်းခံလိုသောဆုကို ဆိုလော့”ဟူ၍ ခွင့်ပြုစကား မိန့်ကြားတော်မူလတ်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်—

“ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. ရှင်တော်ဘုရား တောထွက်၍ ရဟန်းပြုသွားသောအခါ အကျွန်ုပ်မှာ အနပ္ပကမ်း ဂဏန်းမပြနိုင်အောင် များလှစွာသော ဆင်းရဲမှုဒုက္ခ ဖြစ်ခဲ့ရပါသည်၊ သားတော် နန္ဒမင်းသားကို ရဟန်းပြုသောအခါမှာလည်း ထို့အတူပင် ဆင်းရဲဒုက္ခ ဂဏန်းမပြနိုင်အောင် များစွာပင် ဖြစ်ခဲ့ရပါသည်၊ ရာဟုလာ (မြေးတော်)ကို ရှင်ပြုသောအခါ၌ကား အတိုင်းထက်အလွန် ဆင်းရဲဒုက္ခ ဖြစ်ခဲ့ရပါသည်။



၁၃၈

ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. မိဖဖိုးဖွားတို့၏ သားသမီးမြေးတို့အပေါ်၌ ဖြစ်ပွါးသော မေတ္တာပေမဓာတ်သည် အပေါ်ယံ အရေပါးကို၎င်း, ထို၏အတွင်း အရေထူကို၎င်း, အသားကို၎င်း, အကြောကို၎င်း, အရိုးကို၎င်း အစဉ်သဖြင့် ဖြတ်ပြီးလျှင် ရိုးတွင်းချဉ်ဆီသို့ခိုက်လျက် တည်ရှိပါ၏။

ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. ခမည်းတော် လျှောက်ထား တောင်းပန်ပါရစေ၊ အရှင်မြတ်တို့သည် အမိအဖတို့ အခွင့်မပြုသော သားမြေးကို ရှင်ရဟန်းပြု၍ ပေးတော်မမူကြပါကုန်လင့်”-

ဟု ဆုတောင်းစကား လျှောက်ထားလေသည်၊ ထိုအခါ မြတ်စွာဘုရားသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို တရားစကား ဟောကြား၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ပြန်သွားလတ်သော် ရဟန်းများ၏ အစည်းအဝေး၌ တရားစကား ဟောကြားတော်မူပြီးလျှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး တောင်းပန် လျှောက်ထားခြင်းကို အကြောင်းပြု၍-

“န ဘိက္ခဝေ အနနုညာတော မာတာပိတူဟိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ = ရဟန်းတို့.. မိဖနှစ်ပါး ခွင့်မပြုအပ်သောသားကို ရှင်ရဟန်းပြု၍ မပေးရ၊ အကြင်ရဟန်းသည် ရှင်ရဟန်းပြုပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”-

ဟူသော သိက္ခာပုဒ်ကို ပညတ်ဟောကြားတော်မူလေသည်။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မဟာဓမ္မပါလဇာတ်ကို ကြားနာရ၍

အနာဂါမိဖိုလ်၌ တည်ခြင်း

     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်သို့ ဆွမ်းဘုဉ်းပေး ကြွရောက်တော်မူလေရာ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် (ရှေ့ပိုင်း ကပ်လှူဖွယ်အနေဖြင့်)



၁၃၉

ယာဂုဆွမ်း ခဲဖွယ်ဆွမ်းများကို လှူဒါန်း ဆက်ကပ်ပြီးလျှင် ဆွမ်းမကပ်သေးမီ အကြားကာလ၌ ဝမ်းမြောက် ဝမ်းသာစကား ပြောကြားလတ်သည်ရှိသော် “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အရှင်ဘုရားတို့ ပဓာနအလုပ်ကို အားထုတ်တော်မူနေစဉ်အခါ နတ်များလာရောက်၍ ကောင်းကင်၌ ရပ်တည်ပြီးလျှင် 'အရှင်မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားသည် အစာအာဟာရ စားသောက်မှု နည်းပါးလှသောကြောင့် သေလွန်ခဲ့လေပြီ'ဟူ၍ အကျွန်ုပ်အား ပြောကြားလာကြပါကုန်သည်”ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားက “ခမည်းတော်မင်းကြီး.. ထိုသို့ နတ်များ ပြောကြားလာကြသောအခါ သင်ခမည်းတော်မင်းကြီးသည် ယုံကြည်ပါသလော”ဟု မေးတော်မူလတ်သည်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. မယုံကြည်ခဲ့ပါ၊ ကောင်းကင်၌ ရပ်တည်ကာ ပြောကြားလာကြသော နတ်များကို 'ငါ၏ သားတော်အဖို့မှာ မဟာဗောဓိမဏ္ဍိုင် ကုန်းတော်အပြင်၌ ဘုရားအဖြစ်သို့ မရောက်ပဲ ပရိနိဗ္ဗာန်စံခြင်းသည် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်'ဟု ပြောဆိုကာ ထိုနတ်တို့၏စကားကို ပယ်ရှားခဲ့ပါပြီဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားလေသည်။

     ထိုအခါ မြတ်စွာဘုရားသည် “ခမည်းတော်မင်းကြီး.. သင်မင်းကြီးသည် (ယခုဘဝကို မဆိုထားဘိ) ရှေးအခါ မဟာဓမ္မပါလရွာအုပ်မင်း ဖြစ်စဉ်ကလည်း 'သင့်သား ဓမ္မပါလလုလင်ကား သေခဲ့လေပြီ၊ ဤအရိုးများသည် သင့်သား ဓမ္မပါလလုလင်၏ အရိုးများပေတည်း'ဟု ဆိတ်ရိုးတို့ကို သက်သေအဖြစ် ပြသကာ ပြောဆိုလာသော ဒိသာပါမောက္ခဆရာကြီး၏ စကားကိုပင် 'အကျွန်ုပ်တို့၏ ဓမ္မပါလအမျိုး၌ အသက်အရွယ် ငယ်စဉ်အခါ၌ သေခြင်းမည်သည် အလျှင်းမရှိ'ဟု ပြန်လှန်ချေပပြောဆိုကာ မယုံကြည်ခဲ့ပေ။ ယခု ပစ္ဆိမ နောက်ဆုံးဘဝ၌ကား သင်ခမည်းတော်မင်းကြီးသည် အဘယ့်ကြောင့် ယုံကြည်လိမ့်မည်နည်း၊ မယုံကြည်လိမ့်မည် ဧကန်စင်စစ်တည်း”ဟု မိန့်တော်မူကာ



၁၄၀

ခမည်းတော်မင်းကြီး တောင်းပန် လျှောက်ထားအပ်ရကား (ဒသကနိပါတ်၊ ၉-ခုမြောက်) မဟာဓမ္မပါလဇာတ်*ကို အကျယ်တဝင့် ဟောကြားတော်မူလေသည်။

     မြတ်စွာဘုရားသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ဓမ္မပါလဇာတ်ကို ဟောကြားတော်မူပြီးလျှင် သစ္စာလေးပါး တရားအချက်ကို ဆက်လက် ဟောပြတော်မူလတ်သော် စတုသစ္စဓမ္မကထာ ဒေသနာနိဂုံး ဆုံးသောအခါ၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိဖိုလ်၌ တည်လေ၏။

မိထွေးတော် မဟာပဇာပတိဂေါတမီ ကိုယ်တိုင်ပင်

သင်္ကန်းရက်လုပ်၍ မြတ်စွာဘုရားအား သင်္ကန်းအစုံကပ်လှူခြင်း

     မြတ်စွာဘုရားသခင် ကပိလဝတ် နေပြည်တော်သို့ရောက်၍ နောက်တနေ့ နေပြည်တော်အတွင်း ဆွမ်းခံ လှည့်လည်တော်မူသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အကြောင်းကြောင်းလျှောက်ထား မခံနိုင်စကား ပြောကြား၍ မြတ်စွာဘုရားအမှူးရှိသော ရဟန္တာပေါင်း နှစ်သောင်းတို့ကို ရွှေနန်းတော်သို့ ပင့်ဆောင်ခဲ့လေသည်။

     ရွှေနန်းတော်သို့ ရောက်ရှိသောအခါ မိထွေးတော် မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရား၏ အလွန်တင့်တယ်သော ရူပကာယ အသရေတော်ကို ဖူးမျှော်ရလေသော် “ငါ့သားတော်၏ ရူပကာယကိုယ်တော်သည် အလွန် တင့်တယ်လှပါပေတကား”ဟု ကြံစည် စဉ်းစားလေသည်၊ ထိုအခါ မိထွေးတော်၏ စိတ်သန္တာန်ဝယ် အလွန်အားကြီးသော ဝမ်းမြောက်ခြင်း (= ဗလဝသောမနဿ) ဝေဒနာတရား တဖွားဖွား ဖြစ်ပေါ်လာလေ၏။ ထို့နောက် တဖန်ဆက်၍-

“လူဖြစ်စဉ်ကာလဝယ် အသက် နှစ်ဆယ့်ကိုးနှစ် အရွယ်တိုင်ရောက်အောင် ငါ့သားတော်၏ စားရေး


     * မဟာဓမ္မပါလဇာတ် အကျယ်ကို ဒသကနိပါတ် ဇာတ်တော်ကြီးဝတ္ထု၌ ကြည့်ရှုမှတ်သားရာ၏။



၁၄၁

ဝတ်ရေး နေထိုင်ရေး ကိစ္စအဝဝတို့ကို ငါကိုယ်တိုင် ကြပ်မစီမံခဲ့လေသည်။ အယုတ်သဖြင့် ငှက်ပျောသီးကလေးမျှကိုပင် ငါကိုယ်တိုင်ပေး၍ ကျွေးမွေးခဲ့လေသည်။ ယခု ဘုရားဖြစ်သောအခါ၌လည်း သားတော်အား ကိုယ်တိုင်ကြပ်မရက်လုပ်၍ သင်္ကန်းလျာများကို လှူဒါန်းပေတော့အံ့”–

ဟု ကြံစည် စဉ်းစားမိလေသည်။

     ထို့နောက် ရွှေနန်းတော်အတွင်းမှာပင် ယက်ကန်းရုံကို ဆောက်လုပ်စေပြီးလျှင် ဈေးမှ ဝါဂွမ်းကို ဆောင်ယူစေ၍ ကိုယ်တိုင်ပင် ဝါကိုကြိတ်ဖတ် ဗိုင်းငင်ခြင်းအစရှိသော အမှုကို ပြုလုပ်၍ ယက်ကန်းသည် ပညာကျော်များကို ရွှေနန်းတော်သို့ ခေါ်ယူကာ မိမိစားသုံးသော ခဲဘွယ်ဘောဇဉ်ကောင်းတို့ဖြင့် ကျွေးမွေးဧည့်ခံလျက် လက္ခကံကျွေး ဆုလာဘ်ပေး၍ သင်္ကန်းတော်အလျာ ပိတ်ကို ရက်စေလေသည်၊ အခါအခွင့် ရရှိတိုင်းပင် အထိန်းတော်များ ခြံရံကာ ယက်ကန်းရုံသို့ သွားရောက်လျက် ကိုယ်တိုင်ပါဝင် ရက်လုပ်လေသည်။

     သင်္ကန်းတော်အလျာ ပိတ်ချောကို ရက်လုပ်ပြီးသောအခါ ယက်ကန်းသည် ပညာကျော်တို့အား ကြီးစွာသော ဆုလာဘ် ပူဇော်သက္ကာရမှု ပြုပြီးလျှင် ရက်ပြီးသော ထိုသင်္ကန်းတော်အလျာ ပိတ်ချောအစုံကို နံ့သာကြုတ်၌ ထည့်၍ အမွှေးအကြိုင် အထုံအခိုးကို ယူစေပြီးလျှင် “အရှင်မင်းကြီး.. အကျွန်ုပ်သည် သားတော် ဘုရားအတွက် သင်္ကန်းလျာ ပိတ်ချောအစုံကို ကိုယ်တိုင်ယူဆောင်ကာ ကျောင်းတော်သို့ သွားရောက် လှူဒါန်းလိုပါသည်”ဟု သုဒ္ဓေါဒနမင်းကြီးအား တင်လျှောက် ပြောကြားလေ၏။

     သုဒ္ဓေါဒနမင်းကြီးသည် ရွှေနန်းတော်မှသည် ကျောင်းတော်သို့အရောက် လမ်းခရီးတလျောက်ကို သုတ်သင်ရှင်းလင်း ပြင်ဆင်စေတော်မူလေသည်။ လမ်းတိုင်း လမ်းတိုင်း တံမြက်လှည်း၍ ရေပြည့်အိုးများကို ထည့်ထားလျက် တံခွန်ကုက္ကား မုလေးပွါးကို



၁၄၂

စိုက်ထားစေပြီးလျှင် ရွှေနန်းတော် တံခါးဝမှသည် နိုဂြောဓာရုံ ကျောင်းတော်အရောက် လမ်းတလျောက်ကို ပန်းမွေ့ရာ ခင်းကျင်းစေလေသည်။

     မိထွေးတော် မဟာပဇာပတိ ဂေါတမီသည်လည်း အဆင်တန်းဆာ အပြည့်အစုံ ဝတ်ရုံ ဆင်ပြင်ပြီးလျှင် အထိန်းတော်အပေါင်း ခြံရံလျက် သင်္ကန်းလျာ ပိတ်ချောအစုံ ထည့်၍ထားသော နံ့သာကြုတ်ကို ကိုယ်တိုင်ပင် ဦးခေါင်းဖြင့်ရွက်၍ ကြီးစွာသော အခမ်းအနားဖြင့် မြတ်စွာဘုရားအထံတော်သို့ သွားရောက်ပြီးလျှင်-

“ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အကျွန်ုပ် (မိထွေးတော်)သည် သားတော်ဘုရားကို ရည်စူး၍ ဤအသစ်ဖြစ်သော သင်္ကန်းတော်အလျာ ပိတ်ချောအစုံကို ကိုယ်တိုင်ပင် ဗိုင်းငင် ဝါဖတ် ရက်လုပ်အပ်ခဲ့ပါပြီ၊ ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အရှင်မြတ်ဘုရားသည် အကျွန်ုပ်ကို ငဲ့ညှာထောက်ထား သနားသမှု အကြောင်းပြု၍ အကျွန်ုပ်ရက်လုပ် လှူဒါန်းအပ်သည့် ထိုသင်္ကန်းတော်လျာ ပိတ်ချောအစုံကို ခံယူတော်မူပါ ဘုရား”–

ဟူ၍ လျှောက်ထား ဆက်ကပ်လေ၏။

(ဤ၌။ ။မိထွေးတော်ကိုယ်တိုင် သင်္ကန်းရက်လုပ်၍ ကပ်လှူသော အကြောင်းအရာ အကျယ်ဝတ္ထုကို ဥပရိပဏ္ဏာသ ပါဠိတော်၊ ၄-ဝိဘင်္ဂဝဂ်၊ ၁၂-ဒက္ခိဏာဝိဘင်္ဂသုတ် ပိဋကတ်မြန်မာပြန်မှ ကြည့်ရှု မှတ်သားရာ၏။

အထူးမှတ်ဖွယ်ကား.. ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာ၌ “မြတ်စွာဘုရားသခင် ကပိလဝတ် နေပြည်တော်သို့ ပဌမအကြိမ် ကြွရောက်တော်မူသော အခါမှာပင် မိထွေးတော်အား သင်္ကန်းတော်ကပ်လှူရန် အကြံဖြစ်ကြောင်းစသည်” ဖွင့်ပြထားသည်၊ ထိုပါဠိတော်၌ မြတ်စွာဘုရားက မိထွေးတော်အား ကုသိုလ်တရား အတိုင်းထက်အလွန် ပွါးများစိမ့်သောငှါ ထိုသင်္ကန်းလျာအစုံကို သံဃာတော်အား လှူဒါန်းရန်



၁၄၃

တိုက်တွန်း မိန့်ကြားတော်မူသောအခါ အရှင်အာနန္ဒာက မြတ်စွာဘုရားနှင့် မိထွေးတော်တို့ အပြန်အလှန် ကျေးဇူးများခဲ့ကြပုံများကို လျှောက်ထား၍ ထိုသင်္ကန်းလျာ ပိတ်ချောအစုံကို ခံယူတော်မူရန် မြတ်စွာဘုရားအား တောင်းပန် လျှောက်ထားကြောင်းစသည် လာရှိလေသည်။

ဤတွင် စဉ်းစားဖွယ် ရှိလာပြန်သည်မှာ.. အရှင်အာနန္ဒာကား မြတ်စွာဘုရားသခင် ကပိလ၀တ်နေပြည်တော်သို့ ပဌမအကြိမ် ကြွရောက်တော်မူလာသော အချိန်၌ ရဟန်းမဖြစ်သေးချေ။ မြတ်စွာဘုရားသခင် ကပိလဝတ်နေပြည်တော်မှ ပြန်ကြွ၍ မလ္လတိုင်း အနုပိယသရက်တောသို့ရောက်မှ ရဟန်းပြုတော်မူသည်၊ ဇာတ်အဋ္ဌကထာ စသည်တို့၌လည်း မြတ်စွာဘုရားသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အောက်ဖိုလ် သုံးပါး၌ တည်စေပြီးလျှင် ရာဇဂြိုဟ်သို့ ကြွတော်မူကြောင်းသာ ဖွင့်ဆိုလေသည်။

ထို့ကြောင့် “မြတ်စွာဘုရားသခင် ပဌမအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူလာသော အခါ၌ မိထွေးတော် မဟာပဇာပတိဂေါတမီအား ကိုယ်တိုင်အုပ်ချုပ် သင်္ကန်းရက်လုပ် လှူဒါန်းရန် အကြံဖြစ်ပေါ်ကာ စီမံရက်လုပ်၍ နောက်တကြိမ် မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူလာသောအခါမှ သင်္ကန်းတော်လျာ ပိတ်ချောအစုံကို ကြီးစွာသော အခမ်းအနားဖြင့် လှူဒါန်းသည်”ဟု ယူလျှင် အလွန်ပင် သင့်မြတ်ပေမည်)။

ဤတွင် အခဏ်း ၁၈-ပြီး၏။