မဟာပဇာပတိ ဂေါတမီထေရီအကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁) မဟာပဇာပတိ ဂေါတမီထေရီအကြောင်း

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ဆဋ္ဌမတွဲ (ဒုတိယပိုင်း)

ဂေါတမဗုဒ္ဓဝင်

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သံဃရတနာ

အခဏ်း-၄၄

ထေရီအပဒါနခဏ်း

(၁) မဟာပဇာပတိဂေါတမီထေရီအကြောင်း

(က) ထေရီမ၏ ရှေးဆုတောင်း

     ဤမဟာပဇာပတိဂေါတမီ ထေရီမ၏အလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီးဖြစ်လတ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဘိက္ခုနီမတပါးကို ညဉ့်အပိုင်းအခြားကို သိကြသော = ဘိက္ခုနီ-ဝါကြီးကြသော ဘိက္ခုနီမတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော် မူသည်ကို တွေ့မြင်ရ၍



အဓိကာရကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုရတ္တညူဧတဒဂ်* ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ရေခပ်ကျွန်မ အကြီးအကဲဘဝ

     ထိုအမျိုးသမီးသည် အသက်ထက်ဆုံး အလှူကို ပေးလှူကာ သီလကိုစောင့်ထိန်း၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ပြီးလျှင် တဖန် တခုသော ဗုဒ္ဓန္တရခေတ်၌ နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်ဝယ် ရေခပ်ကျွန်မငါးရာတို့၏ အကြီးအကဲကျွန်မ ဖြစ်လာလေ၏။

     ထို့နောက် ဝါလ နီးကပ်သောအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့သည် နန္ဒမူလိုဏ်မှ ကြွလာတော်မူကာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သက်ဆင်းတော်မူကြ၍ မြို့၌ ဆွမ်းခံလှည့်လည်တော်မူကြပြီးလျှင် မိဂဒါဝုန်တောသို့ တဖန် ပြန်ကြွတော်မူကြလျက် “ဝါဆိုရန် ကျောင်းငယ်အလို့ငှါ လက်အမှု = ဟတ္ထကံကို တောင်းခံကြကုန်အံ့”ဟု ကြံစည်တိုင်ပင်ကြလေ၏။

(ဝါကပ်သော ရဟန်းသည် နာလကအကျင့် = မောနေယျအကျင့်ကို ကျင့်သူပင် ဖြစ်လင့်ကစား (အုတ်, ကျောက်, အင်္ကတေ, မြက်, သစ်ရွက်ဟူသော) အမိုး၅-မျိုးတို့တွင် တမျိုးမျိုးဖြင့် မိုးအပ်သော တံခါးဖွဲ့ရှိသော ကျောင်း၌ ဝါကပ်ရ၏။ ကျောင်းမရှိပဲ ဝါကပ်လျှင် = ဝါလပတ်လုံးနေလျှင် ဒုက္ကဋ်အာပတ်သင့်သည် (ဝိ ၃-၂၁၂-မျက်နှာ)။ ထို့ကြောင့် ဝါလနီးကပ်သောအခါ ဝါဆိုရန်ကျောင်းကို ရလျှင် ကောင်း၏၊

* ရတ္တညုပုဂ္ဂိုလ်။ ။ရဟန်းပြုချိန်မှစ၍ ကာလရှည်ကြာ ညဉ့်တို့ကို သိသောသူ။ ထိုသို့ သိသောသူတို့တွင် ရဟန်းဝါအကြီးဆုံးဖြစ်သူသည် ရတ္တညူပုဂ္ဂိုလ်တို့တွင် အသာဆုံး = ဧတဒဂ်ဘွဲ့ကို ရလေသည်။ သစ္စာလေးပါးတရား သိမြင်ပြီးနောက် ညဉ့်အပိုင်းအခြားကို သိသောကြောင့်လည်း ရတ္တညူပုဂ္ဂိုလ် ခေါ်၏၊ သာဝကတို့အနက် အဦးအစဆုံး သစ္စာလေးပါး တရားသိသူသည် ထိုရတ္တညူ ဧတဒဂ်ဘွဲ့ထူးကို ရလေ၏။ တနည်း- ရဟန္တာပုဂ္ဂိုလ်ကို ရတ္တညူပုဂ္ဂိုလ် ခေါ်၏။ အစဆုံး ရဟန္တာဖြစ်သော သာဝကသည် ထိုရတ္တညူ ဧတဒဂ်ဘွဲ့ထူးကို ရ၏။



ရလျှင်ရ။ မရခဲ့သော် လက်အမှု = ဟတ္ထကံကို တောင်းခံ၍သော်လည်း ဝါဆိုကျောင်း ဆောက်လုပ်ရသည်။ ဟတ္ထကံကို မရနိုင်မူ ကိုယ်တိုင်သော်လည်း ဆောက်လုပ်ရ၏။ ကျောင်းမရှိပဲကား အဘယ်နည်းနှင့်မျှ ဝါမကပ်ရ = ဝါလပတ်လုံး မနေရ။ ။အဋ္ဌကထာမှ)။

     ဝါဆိုခါနီးကပ်လျှင် ဝါဆိုကျောင်းရှာရမြဲဓမ္မတာ ဖြစ်သောကြောင့် ပစ္စေကဗုဒ္ဓါ ၅-ဆူတို့သည် “ဟတ္ထကံကို တောင်းခံကြကုန်အံ့”ဟု သင်္ကန်းရုံတော်မူကြကာ ညနေချမ်းအခါ၌ မြို့တွင်းသို့ဝင်၍ ဗာရာဏသီသူဌေး၏ အိမ်တံခါးဝ၌ ရပ်တော်မူကြလေကုန်၏။ ရေခပ်ကျွန်မ အကြီးအကဲဖြစ်သော အမျိုးသမီးသည် ရေအိုး ရွက်၍ ရေဆိပ်သို့သွားစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ မြို့တွင်းသို့ ဝင်တော်မူကြသည်တို့ကို မြင်လိုက်ရလေ၏။ ဗာရာဏသီသူဌေးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွလာတော်မူကြသောအကြောင်းကို ကြားသိပြီးလျှင် “တပည့်တော်တို့မှာ အရှင်ဘုရားတို့အား ဟတ္ထကံပေးနိုင်ရန် အခွင့်မရှိ၊ ကြွတော်မူကြကုန်လော့”ဟု ပစ်ပစ်ခါခါစကား ပြောကြားလိုက်လေသည်။

     ထိုအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ မြို့တွင်းမှ ပြန်ကြွလာ ထွက်လာကြသည်တို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် ရေအိုးကိုရွက်၍ မြို့တွင်းသို့ဝင်စဉ် ပက်ပင်းတွေ့မြင်ရ၍ ရေအိုးကိုချကာ ရှိခိုးဦးညွှတ်လျက် မျက်နှာကိုမော့ချီကာ “အရှင်မြတ်တို့သည် မြို့တွင်းသို့ ဝင်ပြီးကာမျှဖြစ်ကြ၍လျှင် ပြန်လည် ထွက်ခွါတော်မူခဲ့ကြကုန်ပြီ၊ အကြောင်းအသို့နည်း = ဘယ်လိုအကြောင်း ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က “ဝါဆိုကျောင်းငယ်အတွက် ဟတ္ထကံ = လက်အမှုကို တောင်းခံရန် ငါတို့ လာခဲ့ကြကုန်ပြီ”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီးသည် “ရခဲ့ပါပြီလား အရှင်ဘုရားတို့..”ဟု မေးပြန်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “မရခဲ့ပါ ဒါယိကာမ..”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီးသည် “အရှင်မြတ်တို့.. ဤဝါဆိုကျောင်းဆိုသည်ကို အစိုးရသူ = လူကုံထံတို့သာ ဆောက်လုပ် လှူဒါန်းကောင်းပါသလော၊ သို့မဟုတ် တပည့်တော်များ



ဆင်းရဲသားတို့သည်လည်း ဆောက်လုပ် လှူဒါန်းနိုင်ပါသလော”ဟု မေးပြန်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “အစိုးရသူ လူကုံထံဖြစ်စေ, ဆင်းရဲသားဖြစ်စေ မည်သူမဆို ဆောက်လုပ် လှူဒါန်းနိုင်၏ ဒါယိကာမ..”ဟု မိန့်တော်မူကြလေလျှင် အမျိုးသမီး သည် “ကောင်းပါပြီ အရှင်ဘုရားတို့.. တပည့်တော်မတို့ ဆောက်လုပ် လှူဒါန်းကြပါမည်၊ နက်ဖြန်ခါ တပည့်တော်မ၏ ဤယခု ပင့်ဖိတ်သည့်ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု ပင့်ဖိတ်၍ ရေအိုးကို တဖန် ကောက်ယူကာ (မြို့တွင်းသို့ ပြန်မသွားသေးပဲ) လာခဲ့ရင်းဖြစ်သည့် ရေဆိပ်လမ်း (=ရေခပ်လမ်း)၌ ရပ်တည်၍ လာတိုင်း လာတိုင်းသော ကြွင်းကုန်သည့် ရေခပ်ကျွန်မတို့ကို “ဤနေရာ၌ ရှင်မတို့ ထိုင်ကြလော့”ဟု စုဝေးဖိတ်ခေါ်လေ၏။

     ရေခပ်ကျွန်မငါးရာ စုံညီကြသောအခါ “အမိတို့.. အမြဲတစေ သူတပါး၏ ကျွန်မအလုပ်ကိုသာ ပြုလုပ်လိုကြသလော၊ သို့မဟုတ် ကျွန်မအဖြစ်မှ လွတ်ခြင်းငှါ အလိုရှိကြသလော”ဟု မေးမြန်းလေ၏။ အားလုံးသော ရေခပ်ကျွန်မတို့က “အိုရှင်မ.. ငါတို့သည် ယနေ့ပင် ကျွန်မအဖြစ်မှ လွတ်လိုကြပါကုန်၏”ဟု တညီတညွတ်တည်း ပြောဆိုကြလေလျှင် ထိုအကြီးအကဲ အမျိုးသမီးသည် “ယင်းသို့ဖြစ်လျှင် ငါသည် ဟတ္ထကံ = လက်အမှု တောင်းခံ၍ မရကြသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်အပ်ပြီးကုန်ပြီ၊ အမိတို့၏ အရှင်သခင် လင်ယောက်ျားများကို တနေ့တာမျှ ဟတ္ထကံ = လက်အမှုကို လှူဒါန်းကြပါကုန်စေ”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ ထိုရေခပ်ကျွန်မတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြ၍ ညနေချမ်းအခါ တောအုပ်မှ အလုပ်လုပ်ပြီး၍ ပြန်လာကြသော မိမိတို့၏သခင် လင်ယောက်ျားများအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ ထိုလင်ယောက်ျားတို့သည်လည်း “ကောင်းပြီ”ဟု အားလုံး သဘောတူ ဝန်ခံကြကာ အကြီးဆုံး ကျွန်ယောက်ျား၏ အိမ်တံခါးဝ၌ စည်းဝေးညီမူကြလေကုန်၏။



     ထိုအခါ ထိုကျွန်ယောက်ျားတို့ကို ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် “အမောင်တို့.. နက်ဖြန်ခါ ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့အား ဝါဆိုကျောင်း ဆောက်လုပ်ရန် ဟတ္ထတံ = လက်အမှုကို လှူကြကုန်လော့”ဟု တိုက်တွန်းစကား အကျိုးအာနိသင်ကို ဖော်ပြကာ ပြောကြားပြီးလျှင် မလိုက်နာလိုသော ကျွန် ယောက်ျားများကိုလည်း အတင်းအကြပ် တရားဟောပြ အဆုံးအမဖြင့် ခြိမ်းချောက်၍ အားလုံးကိုပင် ဝန်ခံစေလေ၏။ ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် နောက်တနေ့၌ ပစ္စေကဗုဒ္ဓါတို့အား ဆွမ်းလှူပြီးလျှင် ဟတ္ထကံ = လက်အမှုလှူဒါန်းရန် ကျွန်သားတို့အား အမှတ် = အချက် ပေးလိုက်လေ၏။ ကျွန်ယောက်ျား ငါးရာတို့သည် ထိုခဏမှာပင် တောသို့ဝင်ကြ၍ သစ်အဆောက်အဦတို့ကို စုပေါင်း သယ်ဆောင်ခဲ့ကြပြီးလျှင် လူတရာလျှင် တကျောင်းကျစီ စင်္ကြံ, နေ့သန့်ရာ-စသည်နှင့် တကွသော ဝါဆိုကျောင်း ၅-ကျောင်းကို ဆောက်လုပ်ကြ၍ ညောင်စောင်း, အင်းပျဉ်, သောက်ရေ, သုံးရေ-စသည်တို့ကို မလိုရအောင် တည် ထားကြလျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ဝါတွင်းသုံးလပတ်လုံး ထိုမိမိတို့၏ ဝါဆိုကျောင်းများ၌ နေထိုင်သီတင်းသုံးရန် လျှောက်ထားတောင်းပန် ခံဝန်ချက်ရယူပြီးလျှင် အလှည့်ကျ ဆွမ်းအလှူဒါနကို ပေးလှူကြလေကုန်၏။

     မိမိအလှည့်ကျသောနေ့၌ ဆွမ်းလှူရန် မတတ်နိုင်သော ရေခပ်ကျွန်မအား အကြီးအကဲ အမျိုးသမီးသည် မိမိအိမ်မှပင် ဆွမ်းအလျာပစ္စည်းများကို ထုတ်၍ပေးလေ၏။ ဤသို့ ဝါတွင်းသုံးလကြာ ပြုစုလုပ်ကျွေးကြ၍ ဝါကျွတ်ခါနီးလတ်သော် ရေခပ်ကျွန်မ အကြီးအကဲ အမျိုးသမီးသည် ကျွန်မ တယောက် တယောက်လျှင် အဝတ်အထည် တထည်ကျစီ စီမံရက်လုပ်စေလေ၏။ ထိုသို့ စီမံချက်အရ အဝတ်ကြမ်း အထည်ငါးရာ ဖြစ်လာလေသည်။ ထိုအဝတ်ကြမ်း အထည်ငါးရာတို့ကိုမှ တဖန်လဲလှယ်ဖလယ်၍ အကြီးအကဲ ရေခပ်ကျွန်မသည် ပစ္စေကဗုဒ္ဓါအရှင်မြတ် ၅-ဆူတို့အား တိစီဝရိက် (=သင်္ကန်းကြီး, ဧကစ္စီ, သင်းပိုင်)



သင်္ကန်းအချော သုံးထည်စီ ပြုလုပ်ကာ ဆက်ကပ်လှူဒါန်းလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ထိုကျွန်မတို့ ကြည့်ရှုနေကြစဉ်ပင် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြလေကုန်၏။

ယက်ကန်းသည် အကြီးအကဲဘဝ

     ထိုအမျိုးသမီးကျွန်မ အားလုံးတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သမီး ငါးရာတို့အနက် အကြီးဆုံးဖြစ်သော နတ်သမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည်၏အနီး ယက်ကန်းသည်ရွာဝယ် ယက်ကန်းသည် အကြီးအကဲ၏အိမ်၌ ဖြစ်လေ၏။ တနေ့သ၌ ပဒုမ၀တီ မိဖုရားကြီး၏သား ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် ဗာရာဏသီ မင်းကြီး ပင့်ဖိတ်ချက်အရ ရွှေနန်းတော်တံခါးဝသို့ ကြွရောက်တော်မူကြ၍ (နေရာထိုင်ခင်းပေးဖို့, ဆွမ်းကျွေးဖို့ကိုထား) ကြည့်ရုံမျှကြည့်မည့်သူ တဦးတယောက်ကိုမျှ မတွေ့ရသဖြင့် ပြန်နစ်တော်မူခဲ့ကြကာ မြို့မှထွက်ခဲ့ကြ၍ ထိုယက်ကန်းသည်ရွာသို့ ကြွရောက်တော်မူကြလေကုန်၏။ ထိုယက်ကန်းသည်မ အကြီးအကဲသည် ပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရလျှင်ပင် ချစ်ခင်ကြည်ညိုလျက် ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ကာ ဆွမ်းအလှူဒါနကို လှူဒါန်း ဆက်ကပ်လေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ် ငါးရာတို့သည် ဆွမ်းဘုဉ်းပေးပြီးကြလတ်သော် ဂန္ဓမာဒနတောင်သို့သာလျှင် ကြွသွားတော်မူကြလေကုန်၏။

(ခ) နောက်ဆုံးဘဝ ဘိက္ခုနီမ-ပြုခြင်း

     ထိုယက်ကန်းသည်မအကြီးအကဲ အမျိုးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသည်မှ ရှေးကာလကပင် ဒေဝဒဟပြည် မဟာသုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီး၏ သမီးတော်အငယ် ဖြစ်လာလေသည်။ ထိုမင်းသမီးငယ်၏ အမည်ကို “ဂေါတမီ”ဟူ၍ မှည့်ခေါ်ကြလေသည်။



မဟာမာယာမင်းသမီး၏ ညီမတော်ဖြစ်လေသည်။ ဗေဒင်ကျမ်းတတ် လက္ခဏာဖတ် ပုဏ္ဏားတို့သည် ထိုမင်းသမီးနှစ်ယောက်တို့၏ လက္ခဏာတို့ကို စုံစမ်းကြည့်ရှုကြကုန်လျက် “ဤမင်းသမီးညီအမ နှစ်ယောက်တို့၏ ဝမ်း၌ ကိန်းနေလာသော သားတို့သည် စကြဝတေးမင်းများ ဖြစ်ကြလိမ့်မည်”ဟု နိမိတ်ဖတ်ကြလေကုန်၏။

     သုဒ္ဓေါဒနမင်းကြီးသည် အရွယ်သို့ ရောက်သောအခါ ထိုမဟာမာယာနှင့် ဂေါတမီမင်းသမီး ညီအမနှစ်ယောက်လုံးကိုပင် ထိမ်းမြားမင်္ဂလာမှုပြု၍ မိမိ၏ ကပိလဝတ်ရွှေနန်းတော်သို့ ဆောင်ယူခဲ့လေ၏။ ရွှေနန်းတော်သို့ရောက်လျှင် မဟာမာယာမင်းသမီးကို အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးအရာ၌ တင်ထားလေ၏။ နောက်အဖို့၌ အကျွန်ုပ်တို့၏ မြတ်စွာဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေတော်မူခဲ့၍ မဟာမာယာမိဖုရားခေါင်ကြီး၏ ဝမ်း၌ ပဋိသန္ဓေ ယူနေတော်မူလေ၏။ မဟာမာယာမိဖုရားကြီးသည် ဘုရားအလောင်းတော်ကို ဖွားမြင်တော်မူသည့် (=မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့်)နေ့မှ နောက် ခုနစ်ရက်မြောက် (=ကဆုန်လပြည့်ကျော် ခုနစ်ရက်နေ့)၌ နတ်ရွာစံ၍ တုသိတာနတ်ပြည်ဝယ် သန္တုသိတနတ်သား ဖြစ်လေ၏။ မဟာမာယာဒေဝီ နတ်ရွာစံပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ညီမတော် ဂေါတမီမိဖုရားကို အဂ္ဂဒေဝီ မဟေသီ မိဖုရားကြီးအရာ၌ မြှောက်စားလေသည်။

     မဟာမာယာမိဖုရားကြီးမှ သားတော် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို မီးရှူးသန့်စင် ဖွားမြင်ပြီးနောက် နှစ်ရက်သုံးရက်မြောက်တွင် မဟာမာယာဒေဝီ၏ ညီမတော် ဘုရားအလောင်း၏ မိထွေးတော် မဟာပဇာပတိဂေါတမီ မိဖုရားမှ နန္ဒမင်းသားကို ဖွားမြင်လေသည်။ မဟာမာယာဒေဝီ နတ်ရွာစံသောအချိန်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားမှာ ခုနစ်ရက်သားသာ ရှိသေး၍ (ညီတော်) နန္ဒမင်းသားမှာ လေးရက်,ငါးရက်သားသာ ရှိသေးသည်။ မဟာမာယာဒေဝီ နတ်ရွာစံသွားသောအခါ မိထွေးတော် မဟာပဇာပတိဂေါတမီသည် မိမိ၏သားရင်း



နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီးလျှင် မိမိကိုယ်တိုင် ဘုရားအလောင်း (=တူတော်)၏ အထိန်းအယကိစ္စ အဝဝကို ကိုယ်တိုင်ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို အလောင်းတော်အား တိုက်ကျွေးမွေးမြူခဲ့လေသည်။

     နောက်တချိန်၌ ဘုရားအလောင်းတော်သည် တောထွက်၍ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကာ သတ္တလောကကို ချီးမြှောက်မှု ပြုတော်မူလျက် အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ (ပဌမအကြိမ်) ရောက်တော်မူ၍ နောက်တနေ့ဝယ် မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူလေ၏။ ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ဆွမ်းခံလမ်းခရီး အကြားမှာပင် တရားစကား နာကြားရ၍ သောတာပန်အရိယာ ဖြစ်လေသည်။ ထို့နောက် နှစ်ရက်မြောက်နေ့၌ နန္ဒမင်းသား ရဟန်းပြု၍ ခုနစ်ရက်မြောက်နေ့၌ ရာဟုလမင်းသား ရှင်ပြုလေသည်။ (ဤအကြောင်းအရာ အကျယ်တို့ကို အောက်က ဖော်ပြအပ်ပြီးလေပြီ)။

     မြတ်စွာဘုရားသည် နောက်တချိန် (ငါးဝါမြောက်)ဝယ် ဝေသာလီပြည် မဟာဝုန်တောအတွင်း (အပြောက်ချယ်သော) ကုဋာဂါရကျောင်းတိုက်၌ ဝါကပ်ဆို သီတင်းသုံး နေထိုင်တော်မူ၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် ကပိလဝတ်ပြည် ရွှေနန်းတော်အတွင်း မင်္ဂလာထီးဖြူတော်အောက်၌ အရဟတ္တဖိုလ်သို့ ရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် ဝင်စံလေသည်။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် ရဟန်းပြုရန် စိတ်အားသန်၍ လာလေ၏။ ထို့နောင်မှ မဟာသမယသုတ်လာ ရဟန်းငါးရာတို့၏ ကြင်ယာဟောင်း သာကီဝင် မင်းသမီး ငါးရာတို့သည် တစိတ်တည်းဖြစ်ကြကာ “ငါတို့သည် မဟာပဇာပတိ ဂေါတမီအထံသို့ သွားရောက်ကြ၍ အားလုံးပင် ဘုရားရှင်အထံတော်၌ ရဟန်းမ ပြုကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြကာ မိထွေးတော်ကြီးကို အကြီးအမှူးပြု၍ ဘုရားထံသို့ သွားရောက်ကြကာ ရဟန်းမ ပြုလိုကြကုန်ဆဲ ဖြစ်ကုန်၏။ မိထွေးတော်ကြီးသည်လည်း ပဌမအကြိမ်က မြတ်စွာဘုရားကို ဘိက္ခုနီမ ရဟန်းမအဖြစ်ကို တောင်းပန်ပါသော်လည်း



အခွင့်မရခဲ့သောကြောင့် ဤအကြိမ်၌မူ ဆေတ္တာသည်ကိုခေါ်၍ ဆံတို့ကို ရိတ်ဖြတ်စေကာ ဖန်ရည်တပ်ဆိုးသော အဝတ်(=သင်္ကန်း)တို့ကို ဝတ်ဆင်လျက် ထိုသာကီဝင်မင်းသမီး ငါးရာတို့ကို ခေါ်ဆောင်ခဲ့ပြီးလျှင် ခြေလျင်ခရီးဖြင့် ဝေသာလီပြည်သို့ သွားရောက်၍ အရှင်အာနန္ဒာမထေရ်ကို အကူအညီတောင်းယူကာ မြတ်စွာဘုရားကို တောင်းပန်စေပြီးနောက် ဂရုဓံရှစ်ပါး တရားတို့ဖြင့် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလေ၏။ သာကီဝင်မင်းသမီး ငါးရာတို့သည်ကား ရဟန်းယောက်ျား သံဃာတဖက်ဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိကြသည့် = ဧကတောဥပသမ္ပန္နဘိက္ခုနီမ-များ ဖြစ်ကြလေသည်။ (ဤစာပိုဒ်ပါ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း-၂၃၊ စာမျက်နှာ ၄၁၄-မှစ၍ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမသည် ရဟန်းမိန်းမဖြစ်ပြီးနောက် (အံ ၃၊ ၁၀၆-လာ) သံခိတ္တသုတ်ဒေသနာကို ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင်မင်းသမီး ရဟန်းမ ငါးရာတို့သည်ကား နောက်အခါ၌ (မ ၃၊ ၃၁၄-လာ) နန္ဒကောဝါဒသုတ္တန်ကို ကြားနာရသဖြင့် မိမိတို့အလိုဆန္ဒအတိုင်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာဖြစ်ကြလေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူလျက် ဘိက္ခုနီမတို့ကို ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီထေရီကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ ရတ္တညူနံ ယဒိဒံ မဟာပဇာပတိဂေါတမီ = ရဟန်းတို့.. ညဉ့် အပိုင်းအခြားကို သိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီတို့တွင် မဟာပဇာပတိဂေါတမီထေရီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-



၁၀

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ရတ္တညူ = ရှည်စွာသော ညဉ့် အပိုင်းအခြားကို သိသောအရာ = ဘိက္ခုနီဝါကြီးသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။ထေရီမကြီး၏ အနွယ်အားဖြင့် မှည့်ခေါ်ရင်းအမည်မှာ “ဂေါတမီ” ဖြစ်လေသည်၊ ဂေါတမအနွယ်ရှိသော မင်းသမီးဟု ဆိုလိုသည်။ အမည်မှည့်သောနေ့ဝယ် ဗေဒင်ကျမ်းတတ် လက္ခဏာဖတ် ပုဏ္ဏားပညာရှိတို့သည် ထိုမင်းသမီး၏ လက္ခဏာနှင့် ပြည့်စုံပုံကို ကြည့်ရှုကြ၍ “ဤမင်းသမီးမှ သမီးတော်ဖွားမြင်လျှင်လည်း ထိုသမီးတော်သည် စကြဝတေးမင်း၏ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မည်၊ သားတော်ဖွားမြင်လျှင်လည်း ထိုသားတော်သည် စကြဝတေးမင်းဖြစ်လိမ့်မည်။ ဤသို့လျှင် သမီးတော်ပင်ဖွားဖွား, သားတော်ပင်ဖွားဖွား = နှစ်ပါးစုံသော အခြင်းအရာအားဖြင့်ပင် ဤမင်းသမီး၏ သား,သမီးသည် အထက်တန်းကျ မြင့်မြတ်သူချည်း ဖြစ်ပေလိမ့်မည်”ဟု နိမိတ်ဖတ်ကြလေသည်။ ထိုအခါ မင်းသမီး၏ အနွတ္ထအမည် = အနက်သဘောသို့ အစဉ်လိုက်သော အမည်ကို “မဟာပဇာပတိ”ဟု မှည့်ကြလေသည်။ အထက်တန်းကျ မြင့်မြတ်သော သား,သမီးတို့၏အရှင် မင်းသမီး-ဟု ဆိုလိုသည်။ ဂေါတ္တအမည်, အနွတ္ထအမည် နှစ်ရပ်ရောစပ်၍ ဤထေရီမကြီး၏ အမည်ကို “မဟာပဇာပတိဂေါတမီထေရီ”ဟု ကျမ်းဂန်တို့၌ ခေါ်ဆိုသုံးစွဲလေသည်။ ။မ ဋ္ဌ ၄၊ စာမျက်နှာ ၂၁၉-မှ)။

ဂေါတမီထေရီ ပရိနိဗ္ဗာန် စံယူခြင်း

     ထို့နောက် တနေ့သ၌ မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးသည် မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တောရကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ် မိမိကိုယ်တိုင်ကလည်း ဝေသာလီပြည်အတွင်း ဘိက္ခုနီမကျောင်းတိုက်၌ နေထိုင်စဉ် (ထိုအချိန်၌ မိထွေးတော်ဂေါတမီ ထေရီမကြီး၏ အသက်ကား နှစ်ပေါင်း ၁၂၀-ရှိလေပြီ။ ဘုရားလက်ထက်တော်က ဘိက္ခုနီမကျောင်းတိုက်ကို မြို့တွင်း ရွာတွင်း၌ တည်ဆောက်ရသည်) တနေ့သ၌ မိထွေးတော်ဂေါတမီ ထေရီမကြီးသည် နံနက်အခါ ဝေသာလီပြည်တွင်း၌ ဆွမ်းခံလှည့်လည်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် မိမိ၏ နေ့သန့်နေကျဌာန၌ အချိန်ပိုင်းဖြင့် ဖလသမာပတ်ကို ဝင်စားပြီးလျှင် ထိုဖလသမာပတ်မှထ၍ မိမိအကျင့်စဉ်ကို



၁၁

ဆင်ခြင်အောက်မေ့ကာ လွန်စွာ ဝမ်းမြောက်လျက် မိမိ၏ အာယုသင်္ခါရ = ဇီဝိတသန္တာန်အစဉ်ကို ဆင်ခြင်ကြည့်ရှုလတ်သော် ထိုအာယုသင်္ခါရတို့ ကုန်နေပြီကို သိ၍ “ငါသည် မဟာဝုန်တောရကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားရှင်ကို ပရိနိဗ္ဗာန် စံဖို့ရန် ခွင့်ပြု = သိစေပြီး, မနောဘာဝနီယ ဖြစ်တော်မူကြသည့် အဂ္ဂသာဝကနှစ်ပါးစသော မထေရ်မြတ်များ တည်းဟူသော သီတင်းသုံးဖော် အရိယာ သံဃာတော်တို့ကို ပန်ကြားပြီးမှ ဤဘိက္ခုနီမကျောင်းသို့ တဖန်ပြန်လာ၍ ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့”ဟု ကြံစည် ဆင်ခြင်မိလေ၏။ မိထွေးတော်ဂေါတမီ ထေရီမကြီး၏ သန္တာန်မှာကဲ့သို့ ဤအတူပင် သာကီဝင်မင်းသမီး ဘိက္ခုနီငါးရာတို့၏ စိတ်သန္တာန်မှာလည်း အကြံအစည် ဖြစ်ရှိလာလေသည်။

(ဤ၌။ ။မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်စံယူခဏ်း အကြောင်းအရာအကျယ် ကြည်ညိုဖွယ်ကို (၁) မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သည့် “ဆိဒ္ဒပိဓာနနီကျမ်း” ပဌမတွဲ မာတိကာ ခေါင်းစဉ်အမှတ် ၁၂-၌၎င်း၊ (၂) အပဒါနပါဠိတော် ခု ၄၊ ၂၆ဝ-စာမျက်နှာမှစ၍ ပါဠိတော်နှင့်တကွ ပိဋကတ်မြန်မာပြန် မဟာပဇာပတိဂေါတမီ ထေရီအပဒါန်၌၎င်း ကြည့်ရှုရာကုန်၏။ ဤကျမ်း၌မူ အကျဉ်းဆုံးမျှ ဖော်ပြပေတော့အံ့)-

     မိထွေးတော်ဂေါတမီ ထေရီမကြီး၏ စိတ်သန္တာန်၌ “ငါသည် သားတော်ဘုရား, အဂ္ဂသာဝက မထေရ်မြတ်နှစ်ပါး, မြေးတော် ရာဟုလမထေရ်, တူတော် အာနန္ဒာမထေရ်, သားတော် နန္ဒမထေရ်တို့၏ ပရိနိဗ္ဗာန်ဝင်စံခြင်းကို ဖူးမြင်ခွင့်ရတော့မည်မဟုတ်၊ သားတော်ဘုရား, အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါး, မဟာကဿပမထေရ်, တူတော် အာနန္ဒာမထေရ်, သားတော် နန္ဒမထေရ်, မြေးတော် ရာဟုလမထေရ်တို့ ပရိနိဗ္ဗာန် စံတော်မမူကြမီ အာယုသင်္ခါရကိုလွှတ်၍ စောစောစီးစီး သားတော်ဘုရား ခွင့်ပြုချက်ရယူပြီး ပရိနိဗ္ဗာန် စံယူတော့အံ့”ဟု အကြံဖြစ်သကဲ့သို့ ထို့အတူပင် သာကီဝင်မင်းသမီး ဘိက္ခုနီမ ငါးရာတို့၏ စိတ်သန္တာန်မှာလည်း အကြံအစည် ဖြစ်လေသည်။



၁၂

     ထိုအခါ မြေငလျင် ပြင်းစွာတုန်လှုပ်၏၊ ကောင်းကင်မှ အခါမဟုတ် မိုးထစ်ချုန်း၏။ ကျောင်းစောင့်နတ်တို့ ငိုကြွေးကြလေ၏။ ဘိက္ခုနီမငါးရာကို မိထွေးတော်ဂေါတမီ ထေရီမကြီးထံ သွားရောက်၍ ထိုအကြောင်းကို ပြောကြားကြသည်တွင် မိထွေးတော် ထေရီမကြီးက မိမိအကြံအစည် ဖြစ်ရှိသည်ကို ပြန်ကြားပြောဆို လေ၏။ ဘိက္ခုနီမ ငါးရာတို့ကလည်း မိမိတို့လည်း ထိုနည်းပင် အကြံအစည်ဖြစ်ရှိသည်ကို ပြန်ကြားပြောဆိုကြပြီးနောက် ဘိက္ခုနီမ အားလုံးတို့ပင် ကျောင်းစောင့်နတ်တို့ကို အပြစ်ရှိခဲ့က သည်းခံကြရန် တောင်းပန်ပြီး ဘိက္ခုနီမကျောင်းတိုက်ကို နောက်ဆုံးကြည့်ရှုကာ မိထွေးတော်ထေရီမကြီးက-

“န ဇရာ မစ္စု ဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော။

ပိယေဟိ န ဝိယောဂေါတ္ထိ၊ တံ ဝဇိဿံ အသင်္ခတံ။

= ငါသည် အိုခြင်းကင်းရာ, သေခြင်းကင်းရာ, မနှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် တွေ့ဆုံရခြင်းဆင်းရဲ ကင်းရာ, နှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းရခြင်း ဆင်းရဲကင်းရာ အသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်သို့ သွားရောက်တော့အံ့”–

ဟူသော ဤဂါထာကို ရွတ်ဆိုလိုက်လျှင် ကြားကြားသမျှ ရာဂမကင်းကြသူ နတ်လူအားလုံးတို့ပင် သည်းစွာ ငိုကြွေးကြလေသည်။ (ဖွဲ့နွဲ့ငိုကြွေးပုံကို ပါဠိတော်၌ ကြည့်ရာ၏)။

     မြို့လယ်လမ်းမကြီးအတိုင်း ဘိက္ခုနီမများ ထွက်လာကြသော အခါမှာလည်း သဒ္ဓါတရား အားကြီးကြသူ ဥပါသိကာတို့ အိမ်မှထွက်၍ ဂေါတမီထေရီမကြီး၏ ခြေရင်း၌ တုပ်ဝပ်ကြကာ ဖွဲ့နွှဲ့ ငိုကြွေးကြလေသည် (ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုကြွေးပုံကို ပါဠိတော်၌ ကြည့်ရာ၏)။ မိထွေးတော် ထေရီမကြီးသည် ထိုဥပါသိကာတို့၏သောက ပယ်ဖျောက်နိုင်ရန်လည်း တရားဟောတော်မူခဲ့ရသေး၏ (တရားဟောပုံကို ပါဠိတော်မှ ထုတ်ယူရာကုန်၏။ နောက်၌လည်း ဤနည်းတည်း)။



၁၃

     မိထွေးတော် ဂေါတမီထေရီမကြီးသည် ဝေသာလီပြည်သူ ဥပါသိကာတို့ကို ၉-ဂါထာခွဲတို့ဖြင့် တရားဟောပြ နှစ်သိမ့်စေပြီးနောက် မြတ်စွာဘုရားထံတော်သို့ ရောက်သောအခါ “အဟံ သုဂတ တေ မာတာ၊ တွံ စ ဝီရ ပိတာ မမ”- အစရှိသော ဂါထာများစွာ (၁၆-ဂါထာ)တို့ဖြင့် ဖွဲ့ဆို လျှောက်ထားကာ ပရိနိဗ္ဗာန် စံလိုကြောင်း ခွင့်တောင်း ကန်တော့ပြီးနောက် မြတ်စွာဘုရားက ခွင့်ပြုဂါထာ မိန့်ဆိုတော်မူပြီးလတ်သော် ၅-ဂါထာတို့ဖြင့် ဘုရားရှင်ကို ချီးကျူးပြန်လေသည်။

     ထိုနောက် ရဟန်းသံဃာ, အရှင်ရာဟုလာ, အရှင်အာနန္ဒာ, အရှင်နန္ဒတို့ကိုလည်း ရိုသေစွာရှိခိုး၍ “အာသီဝိသာလယသမေ”စသော ၂-ဂါထာတို့ဖြင့် ခန္ဓာ၏အပြစ်ကို ဖော်ပြကာ မိမိ ပရိနိဗ္ဗာန် ဝင်စံလိုကြောင်း ခွင့်တောင်းပြန်လေသည်။ အရှင်နန္ဒမထေရ်, အရှင်ရာဟုလမထေရ်တို့မှာ ရဟန္တာဖြစ်ကြ၍ ဓမ္မသံဝေဂ ဖြစ်ရှိကြသော်လည်း အရှင်အာနန္ဒာသည်ကား သေက္ခအရိယာဖြစ်၍ “ဟာ သန္တိံ ဂေါတမီ ယာတိ”-စသော ဂါထာကို ရွတ်ဆိုကာ သည်းစွာ ငိုကြွေးလေသည်။ ထေရီမကြီးသည် တူတော် အရှင်အာနန္ဒာမထေရ်ကိုလည်း မျက်ရည်သိမ်းတရားများ ဟောကြားပြီးမှ မြတ်စွာဘုရားရှင်က-

“ထီနံ ဓမ္မာဘိသမယေ၊ ယေ ဗာလာ ဝိမတိံ ဂတာ။

တေသံ ဒိဋ္ဌိပ္ပဟာနတ္ထံ၊ ဣဒ္ဓိံ ဒဿေဟိ ဂေါတမိ။

= ဂေါတမီခေါ် မိထွေးတော်.. မာတုဂါမ မင်းမိန်းမတို့ ဤငါဘုရားသာသနာဝယ် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း၌ သို့လောသို့လော တွေးတောယုံမှားကြသည့် ဉာဏ်ပညာနည်းပါးသော သူတို့၏ အယူမှားကို ပယ်ရှားဖို့ရန် တန်ခိုးဣဒ္ဓိကို ပြဦးလော့”-

ဟု တိုက်တွန်းတော်မူသဖြင့် အသက်(၁၂၀)-ရှိပြီဖြစ်သော ထေရီမကြီးသည် ဣဒ္ဓိဝိဓအဘိညာဏ်ခဏ်း၌ လာရှိသည့် တပါးတည်းက အများဖြစ်ခြင်း, အများကြီးမှ တပါးတည်းဖြစ်ခြင်း, ပေါ်ခြင်း, ပျောက်ကွယ်ခြင်း, နံရံတဖက် တောင်တဖက်သို့ မငြိမကပ်



၁၄

သွားခြင်း-စသော တန်ခိုးတို့ကို ပြသသည့်ပြင် မြင်းမိုရ်တောင်ကို ထီးရိုး, မဟာပထဝီမြေကြီးကို ထီးရွက်ပြု၍ အထက်အောက် ပြန်လှန်ကာ ကောင်းကင်၌ ထီးသဖွယ်ဆောင်း၍ စင်္ကြံလျှောက်ကာ ပြသလေသည်။ နေ၆-စင်းထွက်သော အခါကဲ့သို့ ဩကာသလောကတခုလုံး အခိုးတွေ ဖုံးနေပုံကိုလည်း ဖန်ဆင်း ပြသလေသည်။ ဤသို့စသည် များစွာသော တန်ခိုးဣဒ္ဓိတို့ကို ပြပြီးနောက် ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးပြီးကာ လျောက်ပတ်ရာ၌ ထိုင်နေလျက် “သားတော်ဘုရား.. တပည့်တော်မ = မိထွေးတော်ကြီးသည် အသက်နှစ်ပေါင်း ၁၂၀-ရှိပါပြီ။ အိုမင်းလှပါပြီ။ ဤမျှဖြင့် သင့်တော်လောက်ပါပြီ။ သားတော်ဘုရား.. ပရိနိဗ္ဗာန် ဝင်စံပါရစေတော့”ဟု လျှောက်ထားလေ၏။

     ထိုအခါ စည်းဝေးရောက်ရှိနေသော ပရိသတ်က အလွန်အံ့ဩ၍ “ဂေါတမီထေရီ အရှင်မကြီးဘုရား.. ဘယ်ပုံကောင်းမှု အဓိကာရကုသိုလ်ကို ပြုခဲ့၍ ဤမျှလောက် တုမရသည့် တန်ခိုးလုံ့လနှင့် ပြည့်စုံရပါသနည်း”ဟု မေးလျှောက်ပြန်သဖြင့် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်က စခဲ့သည့် မိမိ၏ကျင့်စဉ် = အပဒါန်ကို ယခုနောက်ဆုံး ပစ္ဆိမဘဝတိုင်အောင် ဂါထာများစွာတို့ဖြင့် အကျယ်ဟောပြရပြန်လေသည်။

     ထို့နောက် ဘိက္ခုနီမငါးရာတို့သည်လည်း ကောင်းကင်သို့ ပျံတက်ကြကာ ကြယ်တာရာတို့ကို စုရုံးသီကုံး၍ ထားသကဲ့သို့ အလွန်တင့်တယ်လှစွာ တန်ခိုးအမျိုးမျိုးတို့ကို ပြကြ၍ ကောင်းကင်မှ ဆင်းသက်ကြကာ မြတ်စွာဘုရားရှင် ခွင့်ပြုချက်အရ ဘုရားကို ရှိခိုးကြပြီးလျှင် သင့်လျောက်ပတ်ရာ အရပ်၌ ထိုင်နေကြပြီးလျှင် မိထွေးတော် ဂေါတမီထေရီမကြီး၏ကျေးဇူး မိမိတို့အပေါ်၌ အလွန်များလှကြောင်း ဖွဲ့ဆိုလျှောက်ထားကြ၍ မြတ်စွာဘုရားကို မိမိတို့ ပရိနိဗ္ဗာန်စံဝင်ရန် ခွင့်တောင်း လျှောက်ထားကြလေသည်။

     မြတ်စွာဘုရားက “ယဿ ဒါနိ ကာလံ ဝေါ မညထ = ဘိက္ခုနီတို့.. သင်တို့၏ ပရိနိဗ္ဗာန်စံရာအချိန်ကို သင်တို့ပင် သိကုန်၏”ဟု မိန့်တော်မူလေလျှင် ထိုဘိက္ခုနီမ အားလုံးတို့သည် မြတ်စွာဘုရားကို



၁၅

ရှိခိုး၍ နေရာမှထကာ ပြန်လာကြလေကုန်၏။ မြတ်စွာဘုရားသည် ပရိသတ်များစွာဖြင့် မိထွေးတော်ကြီးကို တောရကျောင်းတိုက် တံခါးမုခ်အရောက် လိုက်၍ပို့တော်မူလေသည်။ တံခါးမုခ်သို့ ရောက်သောအခါ မိထွေးတော်ကြီးသည် မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်း၍ ဘိက္ခုနီမငါးရာတို့နှင့် အတူတကွ နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးပြီးလျှင် ဝေသာလီပြည်အတွင်း ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်၍ ဘိက္ခုနီမအားလုံးပင် မိမိတို့၏ ကျောင်းအသီးအသီး၌ တင်ပလ္လင် ထက်ဝက်ဖွဲ့ခွေ ထိုင်နေကြလေသည်။ (တင်ပလ္လင် ထက်ဝက်ဖွဲ့ခွေဟူသည်မှာ- ၀ဲဖက်ခြေကို တင်ပလ္လင်ခွေသည့်အတိုင်း ထား၍ ယာဖက်ခြေကို ပုဆစ်တုပ်သည့်အတိုင်း ထားကာ ထိုင်နေခြင်းတည်း၊ ထိုင်၍စမ်းလေ)။

     ထိုအခါ သာသနာတော်ကို ကြည်ညိုကြသည့် ဥပါသိကာမတို့သည် ပရိနိဗ္ဗာန် စံကြတော့မည်ကို သိကြ၍ ရှိခိုးပူဇော်ရန် ဆည်းကပ် ရင်ဘတ်ကို တီးခတ်ကြလျက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့ မြေတွင် ဗုန်းဗုန်းပစ်လှဲကာ ငိုကြွေးကြကုန်၏။ မိထွေးတော် ထေရီမကြီးသည် အကြီးဆုံးပဓာနဖြစ်သည့် ဥပါသိကာမ၏ ဦးခေါင်းကို ယုယကိုင်သပ်လျက်-

“အလံ ပုတ္တာ ဝိသာဒေန၊ မာရပါသာနုဝတ္တိနာ။

အနိစ္စံ သင်္ခတံ သဗ္ဗံ၊ ဝိယောဂန္တံ စလာစလံ။

သမီးတို့.. မာရ်မင်းကျော့ကွင်းသို့ လိုက်ပါခြင်းဖြစ်သည့် ငိုယိုမြည်တမ်း ပင်ပန်းခြင်းဖြင့် အကျိုးမရှိ၊ အကြောင်းပြုမှ ဖြစ်ခွင့်ရသည့် သင်္ခါရဥဿုံ အလုံးစုံသည် အမြဲမရှိ။ ကွေကွင်းရခြင်း အဆုံးရှိ၏၊ တလျှပ်လျှပ်တုန်လှုပ် ဖောက်ပြန်တတ်၏”-

ဟု ဟောပြောဆုံးမ၍ အိမ်သို့ပြန်ကြရန် စေလွှတ်ပြီးလျှင် ရူပါဝစရပဌမဈာန်မှ နေဝသညာနာသညာယတန ဈာန်တိုင်အောင် (တဖန်) ထိုနေဝသညာနာသညာယတနဈာန်မှ ပဌမဈာန်တိုင်အောင် လောကီဈာန်သမာပတ် ရှစ်ရပ်တို့ကို အနုလုံ,ပဋိလုံ = အစုံ,အဆန် ဝင်စား၍ (တဖန်) ပဌမဈာန်မှသည်



၁၆

စတုတ္ထဈာန်တိုင်အောင် ဝင်စားပြန်၍ စတုတ္ထဈာန်မှ ထပြီးသော် ဆီနှင့်ဆီမီးစာကုန်၍ ဆီမီးတောက်မီးလျှံ ငြိမ်းသကဲ့သို့ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကိုယူသိမ်း အငြိမ်းကြီးငြိမ်းလေ၏။ ကြွင်းသော အနွယ်သာကီ ဘိက္ခုနီမငါးရာတို့သည်လည်း ထို့အတူ နိဗ္ဗာန်ယူသိမ်း ငြိမ်းကြလေကုန်၏။

     ထိုအခါ ပြင်းစွာ မြေလှုပ်ခြင်း, ကောင်းကင်မှ ဥက္ကာကျခြင်း, နတ်မိုးနတ်စည် ချုန်းမြည်ခြင်း, နတ်တို့ ငိုယိုမြည်တမ်းခြင်း, ပန်းမိုးရွာခြင်း, ပွဲသဘင်အလယ် ကခြေသည်ကဲ့သို့ မြင်းမိုရ်မဏ္ဍိုင် ယိမ်းယိုင် တုန်လှုပ်ခြင်း, စိုးရိမ်သည့်ပမာ သမုဒြာ အော်မြည်ခြင်း, နဂါး အသုရာ နတ် ဗြဟ္မာတို့ ထိတ်လန့်သံဝေဂ ရရှိကြ၍ “အနိစ္စာ ဝတ သင်္ခါရာ၊ ယထာယံ ဝိလယံ ဂတာ”ဟု သံဝေဂစကား မြွက်ဆိုခြင်းစသည့် အထူးထူး အလည်လည် အံ့ဩဖွယ်တို့သည် ဖြစ်ကုန်၏။

     ထိုအခါ နတ်, ဗြဟ္မာတို့သည် မိထွေးတော်ဂေါတမီ ထေရီမကြီးနှင့်တကွ သာကီဝင်မင်းသမီး ဘိက္ခုနီမငါးရာတို့ ပရိနိဗ္ဗာန် စံကြပြီဖြစ်ကြောင်း မြတ်စွာဘုရားရှင်သို့ ဆည်းကပ်၍ လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့အား အကြောင်း ပြောကြားချေ”ဟု အရှင်အာနန္ဒာကို စေလွှတ်၍ ရဟန်းသံဃာ အများနှင့်တကွ ဘုရားရှင်ကိုယ်တော်တိုင် ကြွတော်မူပြီးလျှင် (၁) ရှေ့ဆုံးမှ လူ, နတ်, နဂါး, အသုရာ, ဗြဟ္မာများ (၂) ထို့နောက်မှ ဝိသုကြုံဖန်ဆင်းအပ်သည့် ရွှေသားအလောင်းစင် ပြာသာဒ်ငါးရာထက်သို့ ညောင်စောင်းနှင့်တကွ တင်စေ၍ ဘိက္ခုနီမငါးရာတို့၏ အလောင်းစင် ပြာသာဒ်တို့ကို နတ်တို့က ထမ်းလျက်၎င်း (၃) ထို့နောက်မှ မိထွေးတော် ဂေါတမီထေရီ၏ အလောင်းစင် ပြာသာဒ်ကို လောကပါလနတ်မင်းကြီး လေးယောက်တို့က ထမ်းလျက်၎င်း (၄) ထို့နောက်မှ သံဃာတော်များနှင့် မြတ်စွာဘုရားရှင် လိုက်ပါတော်မူလျက်၎င်း ဤဖော်ပြရာပါ အစီအစဉ်အတိုင်း လမ်းတလျောက် ကောင်းကင်အပြည့် ဗိတာန်မျက်နှာကြက်မိုးကာ, ကြက်လျှာအလံ = တံခွန်ထူစိုက်,



၁၇

မြေ၌ ပန်းမွေ့ရာကြဲမြှောက် အောက်သို့ တွဲလျားကျသည့် ကောင်းကင်ပဒုမာ, အမျိုးမျိုးသော ပန်းနံ့သာ, သာယာချိုအေးသော တူရိယာ, သီချင်း, ကခြင်း အမျိုးမျိုးတို့ဖြင့် ပူဇော်ချီးမြှောက်ကြ၍ သုသာန်သင်းချိုင်း မြေလုပ်တိုင်းသို့အရောက် ပို့ဆောင်ကြလေကုန်၏။

     ထိုသို့ ပို့ဆောင်သောအခါ လ,နေတို့ကို လူအများ မြင်နေကြရ၏။ ကြယ်နက္ခတ်တို့လည်း တောက်ပလျက် ရှိကုန်၏။ နေသည် မွန်းတည့်ချိန်ဖြစ်သော်လည်း လ-ကဲ့သို့ အေးမြ၍ နေ၏။ မိထွေးတော်၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းလောက် မြတ်စွာဘုရား၏ နိဗ္ဗာန်စံမြန်း သင်္ဂြိုဟ်ခဏ်းမှာ အံ့ဖွယ်သရဲ မများလှချေ။ မြတ်စွာဘုရား နိဗ္ဗာန်လားတော်မူရာ၌ ကိုယ်တော်တိုင်လည်း မကြပ်မတ် မစီရင်၊ အရှင်သာရိပုတ္တရာ- စသည်တို့လည်း မကြပ်မတ် မစီရင်ကြကုန်၊ မိထွေးတော်ဂေါတမီ နိဗ္ဗာန်လားရာ၌ကား မြတ်စွာဘုရားရော အရှင်သာရိပုတ္တရာ- စသည်တို့ပါ ကြပ်မတ်စီရင်ကြကုန်၏။

     သုသာန်သင်းချိုင်းသို့ ရောက်သောအခါ နံ့သာထင်းပုံထက်သို့ တင်၍ မီးသင်္ဂြိုဟ်ပြီးလျှင် အရှင်အာနန္ဒာသည် ဂေါတမီထေရီ၏ အရိုးဓာတ်တို့ကို ယူကိုင်လျက်-

ဂေါတမီ နိဓနံ ယာတာ၊ ဍယှဉ္စဿာ သရီရကံ။

သင်္ကေတံ ဗုဒ္ဓနိဗ္ဗာနံ၊ န စိရေန ဘဝိဿတိ။

ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည်။ နိဓနံ = ပျက်ဆုံးကွယ်စင် နိဗ္ဗာန်ဝင်ခြင်းသို့။ ယာတာ = ရောက်ရှာလေပြီ။ အဿာ = ထိုမိထွေးတော် ဂေါတမီ၏။ သရီရကဉ္စ = ဥတုဇခေါ်ဆို ရုပ်ကိုယ်အစုကိုလည်း။ ဍယှံ = မီးဖြင့်လောင်အပ် ကျွမ်းပြတ်ခဲ့လေပြီ။ သင်္ကေတံ = ယုံမှားမကင်း တွေးတောခြင်းဖြင့် မှတ်အပ်သော။ ဗုဒ္ဓနိဗ္ဗာနံ = ငါတို့ဆရာ မြတ်စွာဘုရား နိဗ္ဗာန်လားခြင်းသည်။ န စိရေန = မကြာမြင့်မီ။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်လိမ့်တကား -



၁၈

ဟု သံဝေဂစကား ညည်းတွား ပြောဆိုပြီးလျှင် မိထွေးတော်၏ သပိတ်၌ အရိုးဓာတ်တို့ကိုထည့်ကာ မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် မိထွေးတော်၏ အရိုးဓာတ်တို့ကို လက်တော်ဖြင့် ကိုင်ယူပြသတော်မူကာ စည်းဝေးရောက်ရှိလာသော လူ, နတ်, ဗြဟ္မာ ပရိသတ်အား-

မဟတော သာရဝန္တဿ၊ ယထာ ရုက္ခဿ တိဋ္ဌတော။

ယော သော မဟတ္တရော ခန္ဓော၊ ပလုဇ္ဇေယျ အနိစ္စတာ။

တထာ ဘိက္ခုနိသံဃဿ၊ ဂေါတမီ ပရိနိဗ္ဗုတာ။

သာရဝန္တဿ = အနှစ်သာရ ပြည့်ဝသော။ တိဋ္ဌတော = မြဲမြံခိုင်ခံ့ တည်တံ့သော။ မဟတော ရုက္ခဿ = သစ်ပင်ကြီး၏။ ယော ခန္ဓော = အကြင် ပင်စည်သည်။ မဟတ္တရော = အလွန်ပြန့်ပွါး စည်ကားကြီးကျယ်၏။ သော ခန္ဓော = ထိုကြီးကျယ်စည်ကား ပြန့်ပွါးသော ပင်စည်သည်။ အနိစ္စတာ- အနိစ္စတာယ = ပင်ကိုယ်သူ့ သဘော မမြဲလေသောကြောင့်။ ပလုဇ္ဇေယျ ယထာ = ယိမ်းယိုင်တိမ်းပါး ပျက်ပြားလဲပြိုသကဲ့သို့။ တထာ = ထို့အတူ။ ဘိက္ခုနိသံဃဿ = သစ်ပင်ကြီးပမာ ဘိက္ခုနီသံဃာ၏။ ခန္ဓသဒိသာ = ပင်စည်နှင့်မူ အလားတူသော။ ဂေါတမီ = ဂေါတမီခေါ် မိထွေးတော်သည်။ ပရိနိဗ္ဗုတာ = နိဗ္ဗာန်ယူသိမ်း ငြိမ်းလေပြီတကား -

ဤသို့ အစရှိသော ၁၀-ဂါထာတို့ဖြင့် တရားဟောပြ ဆုံးမတော်မူလေ၏။ (ထိုဂါထာများ ပါဠိ,အနက်ကို ဆိဒ္ဒပိဓာနနီကျမ်း၌ ကြည်ညိုဖွယ်ရာ ဖတ်ရှုကုန်ရာ၏)။

ဤကား မဟာပဇာပတိဂေါတမီထေရီ အကြောင်းတည်း။

**********