မဟာနမက္ကာရ ဘုရားရှိခိုး

From Wikisource
Jump to navigation Jump to search
မဟာနမက္ကာရ ဘုရားရှိခိုး
ရှေးဆရာတော်

မဟာနမက္ကာရ ဘုရားရှိခိုး

နမက္ကာရ နိဒါန်း

နမက္ကာရကျမ်းပြုပုဂ္ဂိုလ်

သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့်တကွ ရူပဝိလာသ လက္ခဏာတော်, ဣဒ္ဓိဝိသယ တန်ခိုးတော် စသည်တို့ဖြင့် မွှန်းထုံအပ်သော ကရုဏာတော်အရှင် မြတ်စွာဘုရား သခင်အား သဒ္ဓါညွှတ်ကျိုး ရှိခိုးပူဇော်ခြင်း “ဗုဒ္ဓဝန္ဒနာ”ကို ကာယပဏာမ, ဝစီပဏာမ, မနောပဏာမ မြောက် အောင် ကိုယ်တော်တိုင်ရှိခိုး၍ အဆီးအတား ဘေးအန္တရာယ်များမှ ကင်းစေခြင်း, ရှင်လူအများ သူတစ်ပါးတို့အား လည်း ကိုယ်တော်မြတ်ကဲ့သို့ အဆီးအတား ဘေးအန္တရာယ်မှ ကင်းစေလိုခြင်းအကြောင်းကြောင့် ဤနမက္ကာရ ဘုရားရှိခိုး ဂါထာတော်ကြီးများကို ဗုဒ္ဓမတညု အဋ္ဌကထာကျမ်းပြုအရှင် မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည်ပင် စီရင်တော်မူအပ်လေသည်။ ထိုအရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်၏ အဋ္ဌုပ္ပတ်အကျဉ်းကား …

အရှင်မဟာဗုဒ္ဓဃောသ ပဋိသန္ဓေယူခြင်း

သာသနာတော်နှစ် ၉၀၀ ခန့်ရောက်ရှိသော အချိန်တွင် သီဟိုဠ်ကျွန်း၌ သာသနာတော် အလွန်ထွန်း လင်း တောက်ပစည်ပင်လျက် ရှိသည်ဖြစ်၍ ပိဋကတ်သုံးပုံ ပါဠိတော်နှင့် အဋ္ဌကထာများသည် မပျက်မစီး အပြည့်အစုံ သီဟိုဠ်ဘာသာ အက္ခရာဖြင့် တည်ရှိလေ၏။ ဇမ္ဗူဒိပ်ကျွန်း၌မူကား အပြည့်အစုံတည်ရှိ ခြင်း မရှိသည်ဖြစ်၍ “ပိဋကတ်သုံးပုံပါဠိတော်နှင့် အဋ္ဌကထာများကို သီဟိုဠ် ဘာသာအက္ခရာ အရေးအသားမှ မာဂဓဘာသာအက္ခရာ အရေးအသားသို့ အဘယ်သူ ပြန်ဆို ကူးယူနိုင်စွမ်း ရှိပါလတ္တံ့နည်း”ဟု ဇမ္ဗူဒိပ်ကျွန်းနေ မဟာထေရ်အများ စည်းဝေးတိုင်ပင်ကြပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူကြကာ ဃောသ အမည်ရှိသော နတ်သားကို တွေ့မြင်သဖြင့် “ဤနတ်သားကား ပိဋကတ်တော်ကို ပြန်ဆို ကူးယူနိုင်စွမ်း ရှိရုံသာ မက ဗုဒ္ဓသာသနာတော်ကြီးကိုလည်း အဓွန့်ရှည်စွာ တည်စေနိုင်မည့်သူ”ဟု အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသောကြောင့် ဃောသအမည်ရှိသော နတ်သားအား အထက် နတ်ပြည်သို့ မတက်မူ၍ လူ့ပြည်သို့ သက်ပြီးလျှင် သာသနာပြုရန်အလို့ငှာ သိကြားမင်းနှင့်တကွ မထေရ်တို့က တောင်းပန်ကြသဖြင့် ဃောသ နတ်သားသည် ပဋိညာဉ်မှု ဝန်ခံခြင်းပြုပြီးနောက် မဟာဗောဓိပင်၏အနီး ဃောသမည်သော ပုဏ္ဏားရွာ၌ ကေသ မည်သော ပုဏ္ဏားကြီး၏ မယား ကေသီမည်သော ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ စွဲမှီတည်လေ၏။

ဗေဒင်သုံးပုံနှင့် ပိဋကတ်သုံးပုံဆောင်နိုင်ခြင်း

တစ်နေ့သ၌ ဃောသရွာတွင် မင်္ဂလာအလို့ငှာ “လာကြပါ, ထိုင်ကြပါ, စားကြပါ, သောက်ကြပါ” စသည် ဖြင့် ဆူညံသော အသံကို ပြုလျက် ကျွေးမွေးလှူဒါန်း ပေးကမ်းလျက် ရှိစဉ်အတွင်း ကေသီ ပုဏ္ဏေးမကြီးသည် ပဋိသန္ဓေ ကိုးလလွန်မြောက် ဆယ်လရောက်ခဲ့သဖြင့် သားရတနာကို မီးရှူးသန့်စင် ဖွားမြင် လေ၏။ ထိုသတို့သားငယ်ကို မင်္ဂလာကြွေးကြော်သံ 'ဆူညံနေစဉ်အတွင်း မွေးဖွားလာခြင်းကြောင့်လည်း ကောင်း, ဃောသရွာကြီး၏ သားထူးသားမြတ်ဖြစ်သောကြောင့်လည်းကောင်း မင်္ဂလာသံနှင့် ရွာနာမံ ၂-ပါးကို စွဲယူကာ ဃောသ' ဟူသော အမည်ကို မှည့်ခေါ်ကြလေသည်။ ထိုဃောသသူငယ်သည် ပုဏ္ဏား ဖြစ်သည်အား လျော်စွာ ဗေဒင်အတတ်ကို သင်ကြားရာ ၇ နှစ်သား အရွယ်ကပင် တစ်ဖက်ကမ်းခပ် တတ်မြောက်လေ၏။ ဃောသသူငယ်သည် ဗေဒင်အတတ်တွင် တစ်ဖက်ကမ်းခပ် တတ်မြောက်သောကြောင့် ဗေဒင်မာန်တက်ကြွကာ အရပ်ရပ် အရွာရွာသို့ လှည့်လည်သွားရောက်လျက် အချေအတင် ဗေဒင်စကားပြောကြား ဆွေးနွေးလေရာ “ရေဝတ” အမည်တော်ရှိသော ရဟန္တာမထေရ်မြတ်တစ်ပါးနှင့်တွေ့၍ အချေအတင် ဗေဒင်စကားကို ဆွေးနွေး ပြောကြားအပြီး မထေရ်မြတ်က “ကုသလာ ဓမ္မာ = ကုသိုလ်တရားတို့ကား အဘယ်သည်တို့နည်း၊ အကုသလာ ဓမ္မာ = အကုသိုလ်တရားတို့ကာ အဘယ်သည်တို့နည်း၊ အဗျာကတာ ဓမ္မာ = အဗျာကတတရားတို့ကား အဘယ်သည်တို့နည်း”ဟု ပရမတ္ထဝေဒ မည်သော ဗုဒ္ဓမန္တန်ကို မေးမြန်းလေ၏။ ထိုအခါ သူငယ်သည် ပရမတ္ထ ဗေဒ ဗုဒ္ဓမန္တန်ကို သင်ကြားလို၍ နေ့စဉ်သင်ကြားရာ တစ်နေ့တစ်နေ့တွင် “ပုဒ်ပေါင်း ခြောက်သောင်း” နှုတ်တက် အာဂုံဆောင်နိုင်, သရဇ္ဈာယ်နိုင်သည်ဖြစ်၍ တစ်လတည်းဖြင့်ပင် ပိဋကတ်သုံးပုံ နှုတ်တက်အာဂုံ ဆောင်နိုင်သ ဖြင့် ပါရဂူရောက် တတ်မြောက်လေ၏။

သီဟိုဠ်ကျွန်းသို့ ပိဋကတ်ကူးစေလွှတ်ခြင်း

တစ်နေ့သ၌ “မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံ၌ ငါ၏ အသိ ဉာဏ်ပညာက လွန်ကဲလေသလော, ငါ့ ဥပဇ္ဈာယ်ဆရာ၏ အသိဉာဏ်ပညာက လွန်ကဲလေသလော”ဟု အရှင် ဗုဒ္ဓဃောသ တွေးတောကြံစည်သည်ကို ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော အရှင်ရေဝတ မထေရ်မြတ်သည် စေတောပရိယအဘိညာဉ်ဖြင့် သိရှိတော်မူရကား “ငါ့ရှင် ဗုဒ္ဓဃောသ ပိဋကတ်စာပေမာန်တက်ကာ မသင့်တော် သည်များကို မကြံစည်လင့်၊ ဝန်လေးလှဘိသည်” စသည်ဖြင့် နှိပ်ကွပ်ဆုံးမတော်မူ၏။ ထိုအခါ အရှင်ဗုဒ္ဓဃောသ သည် ထိတ်လန့်ခြင်း သံဝေဂဖြစ်ပေါ်လာ၍ ဥပဇ္ဈာယ်ဆရာအား ကန်တော့ဝန်ချတောင်းပန်လေ၏။ ဥပဇ္ဈာယ် ဆရာလည်း “ငါ့ရှင် ဗုဒ္ဓဃောသ သင်သည် ဝန်လေးသော အကြံအစည်ကို ကြံစည်မိလေပြီ၊ သီဟိုဠ်ကျွန်းသို့ သွား၍ သီဟိုဠ်ဘာသာအက္ခရာဖြင့် ရေးသားတင်ထားအပ်သော ပိဋကတ်သုံးပုံကို မဂဓဘာသာအက္ခရာဖြင့် ပြန်ဆိုရေးသားလေလော့၊ ယင်းသို့ ရေးသားသော် ငါသည်းခံအံ့”ဟု မိန့်တော်မူသောကြောင့် အရှင်ဗုဒ္ဓဃောသ သည် သီဟိုဠ်ကျွန်းသို့ ပိဋကတ်တော် သွားရောက်ကူးယူရန် ဝန်ခံကတိပြုလေ၏။

သမုဒ္ဒရာအလယ် မထေရ် ၂-ပါး ဆုံမိခြင်း

အရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ မကြွမီ ခမည်းတော်အား မိစ္ဆာဒိဋ္ဌိအယူမှ လွတ်စေပြီးလျှင် ဥပဇ္ဈာယ်ဆရာရှင်၏ စကားကို ဦးဖြင့်ခံယူကာ ပိဋကတ်တော် ရေးကူးရန်အလို့ငှာ ရွက်သင်္ဘောဖြင့် သီဟိုဠ် ကျွန်းသို့ ကူးတော်မူခဲ့၏။ သုံးရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်သို့ ရောက်လာသော် သီဟိုဠ်မှ ပိဋ ကတ်တော် ကူးယူခွင့်မရ၍ ပြန်ကြွလာသော အရှင်ဗုဒ္ဓဒတ္တမထေရ်၏ ရွက်သင်္ဘောနှင့် တွေ့ဆုံကြသဖြင့် အချင်း ချင်း အကြောင်းအရာ မေးမြန်းကြပြီးနောက် အရှင်ဗုဒ္ဓဒတ္တမထေရ်က “ငါ့ရှင် ဗုဒ္ဓဃောသ ငါ သည် သီဟိုဠ်ကျွန်းတွင် ပိဋကတ်တော် ကူးယူခွင့်ရရန်အလို့ငှာ ဇိနာလင်္ကာရကျမ်းကို ရေးသားပြုစုပြသ၏။ သီဟိုဠ်ကျွန်းသား မဟာထေရ်များက ငါရေးသားသောကျမ်းကို “အနှစ်မဲ့ကျမ်း”ဟု မှတ်ထင်၍ ငါ့အား ပိဋကတ် တော် ကူးယူခွင့် မပြုကြပါ၊ သင်မူကား ပိဋကတ်တော်အဖွင့် သံဝဏ္ဏနာကျမ်းတစ်ခု ပြုစုပြသ၍ ကူးယူခွင့် တောင်းပါ”ဟု မှာထားပြောဆိုပြီးလျှင် သိကြားမင်း ဆက်ကပ်အပ်သော သျှိသျှားသီးကိုလည်းကောင်း, သံ ကညစ်ကိုလည်းကောင်း, ကညစ်သွေးရန် ကျောက်ကိုလည်းကောင်း အရှင်ဗုဒ္ဓဃောသမထေရ်အား ပေးအပ် လေ၏။

ပိဋကတ်တော်ကူးယူခွင့်ပေးခြင်း

အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ မဟာနာမမင်းလက်ထက် သာသနာ (၉၃၀) နှစ်တွင် ရောက်တော်မူသောအခါ ဦးစွာပထမ သံဃပါလမထေရ်ကို ဖူးမြင်၍ “ပိဋကတ်တော်ကူးယူရန် လာ ရောက်ကြောင်း လျှောက်ထားသဖြင့် သီဟိုဠ်မထေရ်များနှင့် သံဃပါလ မထေရ်မြတ်က “သီလေ ပတိဋ္ဌာယ နရော” စသော ဂါထာတစ်ပုဒ်ကို ပေးအပ်ကာ ဤဂါထာ အနက်ကို ပိဋကတ်သုံးပုံ ချောက်ခြားစေ၍ ဖွင့်ဆိုပါဦး လော့”ဟု တိုက်တွန်းလေ၏။ အရှင်မဟာဗုဒ္ဓဃောသမထေရ်လည်း ထိုနေ့ညချမ်းအချိန်မှ စ၍ အဆိုပါ ဂါထာကို အစအဦး အမှူးထားပြီး ဝိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားအပြီး ကျိန်းစက်တော်မူ၏။ သိကြားမင်းသည် မထေရ် မြတ်၏ ဉာဏပဋိဘာန်ကို သိလို၍ ရေးပြီးကျမ်းတစ်ဆူကို ကွယ်ထားလိုက်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကို မတွေရသဖြင့် ဒုတိယအကြိမ် ပြုစုရေးသားပြီး ကျိန်းစက်တော်မူပြန်၏။ သိကြားမင်းလည်း ရှေးနည်းအတူ ကွယ်ထားလိုက်ပြန်၏။ မထေရ်လည်း နိုးလာ၍ ကျမ်းကို မတွေ့သဖြင့် တတိယအကြိမ် ပြုစုရေးသား အပြီးတွင် သိကြားမင်းသည် ရှေးကွယ်ထားသော ကျမ်း ၂ ဆူကို ပြလေ၏။ နံနက်လင်းသောအခါ တစ်ညဉ့် တည်း ပြုစုရေးသားသော ဝိသုဒ္ဓိမဂ်ကျမ်းသုံးဆူကို သီဟိုဠ်မထေရ်တို့အား ဆက်ကပ်ပြသသဖြင့် တိုက်ဆိုင် ကြည့်ကြရာ တစ်လုံးတစ်ပါဒမျှ လွဲမှားခြင်းမရှိ တညီတညွတ်တည်း ရှိသည်ကို တွေ့ကြရ၍ အလွန်နှစ်သက် သဘောကျသဖြင့် ပိဋကတ်တော် ပြန်ဆို ကူးယူခွင့် ပေးသော်လည်း ပိဋကတ်တိုက်ကြီးကိုမူကား ဖွင့်မပေးမူ၍ “သင့်အစွမ်းဖြင့် ဖွင့်၍ ကူးယူလေလော့”ဟု မိန့်ဆိုကြပြန်၏။

နမက္ကာရဘုရားရှိခိုးဖြင့် ပိဋကတ်တိုက်ဖွင့်ခြင်း

ထိုအခါ အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ပိဋကတ်တိုက် တံခါးဖွင့်ရန် မြတ်စွာဘုရားသခင်၏ ဂုဏ် တော်, ကျေးဇူးတော်, လက္ခဏာတော်, တန်ခိုးတော်များနှင့်တကွ စရိယသုံးပါး, စွန့်ခြင်းကြီးငါးပါး, ပါရမီတော် ဆယ်ပါး စသည်တို့ကို “သုဂတံ သုဂတံ သေဋ္ဌံ” စသော နမက္ကာရဘုရားရှိခိုးဂါထာတို့ဖြင့် ဖွဲ့နွဲ့ ရေးသားစီရင်ပြီး လျှင် ပိဋကတ်တိုက်တံခါးဝတွင် ထိုင်တော်မူလျက် နမက္ကာရ ဂါထာပါ အနက်အဓိပ္ပါယ်လာတိုင်း ဘုရားသခင် ကိုယ်တော်မြတ်အား အာရုံပြု၍ နမက္ကာရ ဘုရားရှိခိုးဂါထာပါဌ်ကို ရွတ်ဆိုလျက် ရှိခိုးရာ မဟာဗောဓိ ပလ္လင်တော် ဝယ် ထက်ဝယ်ဖွဲ့ခွေ နေတော်မူသော မြတ်စွာဘုရားအား မာရ်နတ်လာ၍ စစ်ထိုးသောအခါ “ဆယ်ဖြာသော ပါရမီတော်ကို ဖြည့်တင်း ဆည်းပူးခဲ့သောကြောင့် ဤဗောဓိပင်နှင့် ပလ္လင်တော်ကို ရရှိပေသည်”ဟု ပါရမီတော် ကို ညွန်းကြားမှ မာရ်နတ်ရန် ပျက်ပြားသွားသကဲ့သို့ “တဟိံ တဟိံ သဉ္စယံ စယံ”ဟူသော ပါရမီ ဂုဏ်တော်ညွှန်း ဂါထာပုဒ်ကို ရွတ်ဆိုမိသည်နှင့် တစ်ပြိုင်နက် ပိဋကတ်တော်တိုက် တံခါးသည် အလို အလျောက် တဟိန်းဟိန်းမြည်လျက် ဟင်းလင်း ပွင့်သွားပြီး ပိဋကတ်တော်ကို ကူးယူပြန်ဆိုရလေသတည်း။

မဟာနမက္ကာရ ပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ သုဂတံ သုဂတံ သေဋ္ဌံ၊ ကုသလံကုသလံ ဇဟံ။
အမတံ အမတံ သန္တံ၊ အသမံ အသမံ ဒဒံ။
သရဏံ သရဏံ လောကံ၊ အရဏံ အရဏံ ကရံ။
အဘယံ အဘယံ ဌာနံ၊ နာယကံ နာယကံ နမေ။
၂။ နယနသုဘဂကာယင်္ဂံ၊
မဓုရဝရသရောပေတံ။
အမိတဂုဏဂဏာဓာရံ၊
ဒသဗလမတုလံ ဝန္ဒေ။
၃။ ယော ဗုဒ္ဓေါ ဓိတိမာညဓာရကော၊
သံသာရေ အနုဘောသိ ကာယိကံ။
ဒုက္ခံ စေတသိကဉ္စ လောကတော၊
တံ ဝန္ဒေ နရဒေဝမင်္ဂလံ။
၄။ ဗာတ္တိံသတိလက္ခဏစိတြဒေဟံ၊
ဒေဟဇ္ဇုတိနိဂ္ဂတပဇ္ဇလန္တံ။
ပညာဓိတိသီလဂုဏောဃဝိန္ဒံ၊
ဝန္ဒေ မုနိမန္တိမဇာတိယုတ္တံ။
၅။ ပါတောဒယံ ဗာလဒိဝါကရံဝ၊
မဇ္ဈေ ယတီနံ လလိတံ သိရီဟိ။
ပုဏ္ဏိန္ဒုသင်္ကာသမုခံ အနေဇံ၊
ဝန္ဒာမိ သဗ္ဗညုမဟံ မုနိန္ဒံ။
၆။ ဥပေတပုညော ဝရဗောဓိမူလေ၊
သသေနမာရံ သုဂတော ဇိနိတွာ။
အဗောဇ္ဈိ ဗောဓိံ အရုဏောဒယမှိ၊
နမာမိ တံ မာရဇိနံ အဘင်္ဂံ။
၇။ ရာဂါဒိဆေဒါမလဉာဏခဂ္ဂံ၊
သတီသမညာဖလကာဘိဂါဟံ။
သီလောဃလင်္ကာရဝိဘူသိတံ တံ၊
နမာမိဘိညာဝရမိဒ္ဓုပေတံ။
၈။ ဒယာလယံ သဗ္ဗဓိ ဒုက္ကရံ ကရံ၊
ဘဝဏ္ဏဝါတိက္ကမမဂ္ဂတံ ဂတံ။
တိလောကနာထံ သုသမာဟိတံ ဟိတံ၊
သမန္တစက္ခုံ ပဏမာမိ တံမိတံ။
၉။ တဟိံ တဟိံ ပါရမိသဉ္စယံ စယံ၊
ဂတံ ဂတံ သဗ္ဘိ သုခပ္ပဒံ ပဒံ။
နရာနရာနံ သုခသမ္ဘဝံ ဘဝံ၊
နမာနမာနံ ဇိနပုင်္ဂဝံ ဂဝံ။
၁၀။ မဂ္ဂင်္ဂနာဝံ မုနိဒက္ခနာဝိကော၊
ဤဟာဖိယံ ဉာဏကရေန ဂါဟကော။
အာရုယှ ယော တာယ ဗဟူ ဘဝဏ္ဏဝါ၊
တာရေသိ တံ ဗုဒ္ဓမဃပ္ပဟံ နမေ။
၁၁။ သမတိံသတိပါရမိသမ္ဘရဏံ၊
ဝရဗောဓိဒုမေ စတုသစ္စဒသံ။
ဝရမိဒ္ဓိဂတံ နရဒေဝဟိတံ၊
တိဘဝူပသမံ ပဏမာမိ ဇိနံ။
၁၂။ သတပုညဇလက္ခဏိကံ ဝိရဇံ၊
ဂဂနူပမဓိံ ဓိတိမေရုသမံ။
ဇလဇူပမသီတလသီလယုတံ၊
ပထဝီသဟနံ ပဏမာမိ ဇိနံ။
၁၃။ ယော ဗုဒ္ဓေါ သုမတိ ဒိဝေ ဒိဝါကရောဝ၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသီနော သိဝသုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။
၁၄။ ယော ပါဒပင်္ကဇမုဒုတ္တလရာဇိကေဟိ၊
လောကေဟိ တီဟိဝိကလေဟိ နိရာကုလေဟိ။
သမ္ပာပုဏေ နိရုပမေယျတမေဝ နာထော၊
တံ သဗ္ဗလောကမဟိတံ အသမံ နမာမိ။
၁၅။ ဗုဒ္ဓံ နရာနရသမောသရဏံ ဓိတတ္တံ၊
ပညာပဒီပဇုတိယာ ဝိဟတန္ဓကာရံ။
အတ္ထာဘိကာမနရဒေဝဟိတာဝဟံ တံ၊
ဝန္ဒာမိ ကာရုဏိကမဂ္ဂမနန္တဉာဏံ။
၁၆။ အခိလဂုဏနိဓာနော ယော မုနိန္ဒောပဂန္တွာ၊
ဝနမိသိပတနဝှံ သညတာနံ နိကေတံ။
တဟိမကုသလဆေဒံ ဓမ္မစက္ကံ ပဝတ္တော၊
တမတုလမဘိကန္တံ ဝန္ဒနေယျံ နမာမိ။
၁၇။ သုစိပရိဝါရိတံ သုရုစိရပ္ပဘာဟိ ရတ္တံ၊
သိရိဝိသရာလယံ ဂုပိတမိန္ဒြိယေဟုပေတံ။
ရဝိသသိမဏ္ဍလပ္ပဘုတိလက္ခဏောပစိတ္တံ၊
သုရနရပူဇိတံ သုဂတမာဒရံ နမာမိ။
၁၈။ မဂ္ဂေါဠုမ္ပေန မုဟပဋိဃာသာဒိဥလ္လောလဝီစိံ၊
သံသာရောဃံ တရိ တမဘယံ ပါရပတ္တံ ပဇာနံ။
တာဏံ လေဏံ အသမသရဏံ ဧကတိတ္ထံ ပတိဋ္ဌံ၊
ပုညက္ခေတ္တံ ပရမသုခဒံ ဓမ္မရာဇံ နမာမိ။
၁၉။ ကဏ္ဍမ္ဗံမူလေ ပရဟိတကရော ယော မုနိန္ဒော နိသိန္နော၊
အစ္ဆေရံ သီဃံ နယနသုဘဂံ အာကုလဏ္ဏဂ္ဂိဇာလံ။
ဒုဇ္ဇာလဒ္ဓံသံ မုနိဘိဇဟိတံ ပါဋိဟေရံ အကာသိ၊
ဝန္ဒေ တံ သေဋ္ဌံ ပရမရတိဇံ ဣဒ္ဓိဓမ္မေဟုပေတံ။
၂၀။ မုနိန္ဒက္ကော ယွေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ။
သုဗောဓေသီ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။
၂၁။ ယော ဇိနော အနေကဇာတိယံ သပုတ္တဒါရမင်္ဂဇီဝိတမ္ပိ၊
ဗောဓိပေမတော အလဂ္ဂမာနသော အဒါသိယေဝ အတ္ထိကဿ။
ဒါနပါရမိံ တတော ပရံ အပူရိ သီလပါရမာဒိကမ္ပိ၊
တာသမိဒ္ဓိယောပယာတမဂ္ဂတံ တမေကဒီပကံ နမာမိ။
၂၂။ ဒေဝါဒေဝါတိဒေဝံ နိဓနဝပုဓရံ မာရဘင်္ဂံ အဘင်္ဂံ၊
ဒီပံ ဒီပံ ပဇာနံ ဇယဝရသယနေ ဗောဓိပတ္တံဓိပတ္တံ။
ဗြဟ္မာဗြဟ္မာဂတာနံ ဝရဂိရကထိကံ ပါပဟီနံ ပဟီနံ၊
လောကာလောကာဘိရာမံ သတတမဘိနမေ တံ မုနိန္ဒံ မုနိန္ဒံ။
၂၃။ ဗုဒ္ဓေါ နိဂြောဓဗိမ္ဗော မုဒုကရစရဏော ဗြဟ္မဃောသေဏိဇင်္ဃော၊
ကောသစ္ဆာဒင်္ဂဇာတော ပုနရပိ သုဂတော သုပ္ပတိဋ္ဌိတပါဒေါ။
မူဒေါဒါတုဏ္ဏလောမော အထမပိ သုဂတော ဗြဟ္မုဇုဂ္ဂတ္တဘာဝေါ၊
နီလက္ခီ ဒီဃပဏှီ သုခုမမလဆဝီ ထောမျရသဂ္ဂသဂ္ဂီ။
၂၄။ စတ္တာလီသဂ္ဂဒန္တော သမကလပနဇော အန္တရံသပ္ပပီနော၊
စက္ကေနင်္ကိတပါဒေါ အဝိရဠဒသနော မာရဇုဿင်္ခပါဒေါ။
တိဋ္ဌန္တော နောနမန္တောဘယကရမုဒုနာ ဇဏ္ဏုကာနာမသန္တော၊
ဝဋ္ဋက္ခန္ဓော ဇိနော ဂေါတရုဏပခုမကော သီဟပုဗ္ဗဍ္ဎကာယော။
၂၅။ သတ္တပ္ပီနော စ ဒီဃင်္ဂုလိ မထ သုဂတော လောမကူပေကလောမော၊
သမ္ပန္နောဒါတဒါဌော ကနကသမတစော နီလမုဒ္ဓဂ္ဂလောမော။
သမ္ဗုဒ္ဓေါ ထူလဇိဝှေါ အထ သီဟဟနုကော ဇာလိကပ္ပါဒဟတ္ထော၊
နာထော ဥဏှီသသီသော ဣတိဂုဏသဟိတံ တံ မဟေသိံ နမာမိ။
၂၆။ ဗုဒ္ဓေါဗုဒ္ဓေါတိဃောသော အတိဒုလဘတရော ကာ ကထာ ဗုဒ္ဓဘာဝေါ၊
လောကေ တသ္မာ ဝိဘာဝီ ဝိဝိဓဟိတသုခံ သာဓဝေါ ပတ္ထယန္တာ။
ဣဋ္ဌံ အတ္ထံ ဝဟန္တံ သုရနရမဟိတံ နိဗ္ဘယံ ဒက္ခိဏေယျံ၊
လောကာနံ နန္ဒိဝဍ္ဎံ ဒသဗလမသမံ တံ နမဿန္တု နိစ္စံ။
၂၇။ ပုညေနေတေန သောဟံ နိပုဏမတိ သတော သမ္ပရာယေ စ တိတ္တော၊
ဒက္ခော ဒိဋ္ဌုဇ္ဇုပညော အဝိကလဝီရိယော ဘောဂဝါ သံဝိဘာဂီ။
တိက္ခော သူရော ဓိတတ္တော သပရဟိတစရော ဒီဃဇီဝီ အရောဂေါ၊
ဓညော ဝဏ္ဏော ယသဿီ အတိဗလဝဓရော ကိတ္တိမာ ခန္တုပေတော။
၂၈။ သဒ္ဓေါ ဒါတင်္ဂုပေတော ပရမသိရိဓရော ဒိဋ္ဌဓမ္မေ ဝိရတ္တော၊
လဇ္ဇီ ကလျာဏမိတ္တော အဘိရတကုသလော ပဉ္စသီလာဒိရက္ခော။
အပ္ပိစ္ဆော အပ္ပကောဓေါ အတိဝုဇုဟဒယော ဣဒ္ဓိမာ အပ္ပမေယျော၊
ပါသံသော ပေမဝါစော သုဇနဂုဏဝိဒူ မာမကော သော ဘဝေယျံ။
၂၉။ ဣတ္ထံ အသင်္ခယေ နာထ၊ ဂုဏေ လက္ခဏဒီပိတေ။
ဂါထာသု သူစကာသွေက၊ ဂါထမ္ပိ သရတေ ဗုဓေါ။
၃၀။ စတုရာပါယမုတ္တော သော၊ သာဓကတ္ထဒွယဿ စ။
ဟတူပဒ္ဒဝဇာလော စ၊ လာဘီ ဟိတသုခဿ စ။
၃၁။ အဓိပေါ နရဒေဝါနံ၊ စတုဒီပိဿရောပိ ဝါ။
ဘဝေယျ အန္တိမေ ဒေဟေ၊ တမညံ သေတဆတ္တကံ။
၃၂။ ဘာဝနာယာနမာရုယှ၊ သမမေဿတိ သုဗ္ဗတော။
ဣမသ္မိံ အတ္တဘာဝေပိ၊ အရောဂေါ ဒီဃဇီဝိကော။
၃၃။ ပူဇိတော သဗ္ဗလောကေဟိ၊ ဘာဝနာဘိရတီမနော။
ဇနပ္ပိယော မနာပေါ စ၊ ကာ ကထာခိလဓာရဏေ။

နမက္ကာရပါဠိ နိဋ္ဌိတာ။

ရှေးဆရာတော်များ၏ မဟာနမက္ကာရ အနက်

၁။ သုဂတံ = ကောင်းသော စကားကိုလည်း ဆိုတော်မူတတ်ထသော။ သုဂတံ = ကောင်းသော နိဗ္ဗာန်သို့လည်း ကြွသွားတော်မူထသော။ သေဋ္ဌံ = အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ကုသလံ ကုသလံ = ကုသိုလ် အကုသိုလ်ကို။ ဧဟံ = စွန့်တော်မူပြီးထသော။ အမတံ = သေခြင်းလည်း ကင်းတော်မူထ သော။ အမတံ = အမြိုက်အရသာနှင့်လည်း ပြည့်စုံတော်မူပြီးထသော။ သန္တံ = ငြိမ်သက်စွာထသော။ အသမံ = အတုလည်း မရှိထသော။ အသမံ = အတုမရှိသော မဂ်, ဖိုလ်, နိဗ္ဗာန်ကို။ ဒဒံ = ပေးတော်မူတတ်ထသော။ သရဏံ = ကိုးကွယ်ရာလည်း ဖြစ်တော်မူထသော။ လောကံ = လောကကို။ သရဏံ = သိတော်မူထသော။ အရဏံ = ကိလေသာတည်းဟူသော မြူလည်း ကင်းစင်တော်မူပြီးထသော။ အရဏံ = ကိလေသာမြူ၏ ကင်းခြင်းကို။ ကရံ = ပြုတော်မူတတ်ထသော။ အဘယံ = ဘေးလည်း မရှိထသော။ အဘယံ = ဘေးမရှိသော။ ဌာနံ = နိဗ္ဗာန်အရပ်သို့။ နာယကံ = ပို့ဆောင်တော်မူတတ်ထသော။ နာယကံ = လူသုံးဦးတို့၏ အမှူးဖြစ်တော်မူ သော မြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမေ- နမာမိ = ရှိခိုးပါ၏။

၂။ နယနသုဘဂကာယင်္ဂံ = မျက်စိအား တင့်တယ်စွာသော ကိုယ်တော်၏ အစိတ်လည်း ရှိတော်မူထ သော။ မဓုရဝရသရောပေတံ = သာယာစွသော မြတ်သောအသံတော်နှင့်လည်း ပြည့်စုံတော်မူထသော။ အမိတဂုဏဂဏာဓာရံ = မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အပေါင်း၏ တည်ရာလည်း ဖြစ် တော်မူထသော။ အတုလံ = သီလ အစရှိသော ဂုဏ်တို့ကြောင့် တစ်စုံတစ်ယောက်သောသူနှင့် တူတော်မမူထ သော။ ဒသဗလံ = ဆယ်ပါးသော အားတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ် သည်)။ ဝန္ဒေ- ဝန္ဒာမိ = ရှိခိုးပါ၏။

၃။ ဓိတိမာ = တည်ကြည်သော သမာဓိလည်း ရှိတော်မူထသော။ အညဓာရကော = အရဟတ္တဖိုလ်ကို လည်း ဆောင်တော်မူတတ်ထသော။ ယော ဗုဒ္ဓေါ = အကြင်မြတ်စွာဘုရားသည်။ လောကတော = လူသုံးပါး ကြောင့်။ သံသာရေ = သံသရာ၌။ ကာယိကံ = ကိုယ်တော်ကို အမှီပြု၍ ဖြစ်သော။ ဒုက္ခဉ္စ = ဆင်းရဲကိုလည်း ကောင်း။ စေတသိကံ = စိတ်တော်ကို မှီ၍ဖြစ်သော။ ဒုက္ခဉ္စ = ဆင်းရဲကိုလည်းကောင်း။ အနုဘောသိ = အစဉ် ခံစားတော်မူလေပြီ။ နရဒေဝမင်္ဂလံ = လူ, နတ်တို့၏ မင်္ဂလာဖြစ်တော်မူသော။ တံ (ဗုဒ္ဓံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ဝန္ဒေ- ဝန္ဒာမိ = ရှိခိုးပါ၏။

၄။ ဗာတ္တိံသတိ လက္ခဏစိတြဒေဟံ = သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတို့ဖြင့် ဆန်းကြယ်သော ကိုယ်တော်လည်း ရှိတော်မူထသော။ ဒေဟဇ္ဇုတိနိဂ္ဂတပဇ္ဇလန္တံ = ကိုယ်တော်မှ ထွက်သော အရောင်တို့ဖြင့် တပြောင်ပြောင်ထွန်းတောက်ပတော်မူထသော။ ပညာဓိတိသီလဂုဏောဃဝိန္ဒံ = ပညာဂုဏ်, သမာဓိဂုဏ်, သီလဂုဏ် အပေါင်းကိုလည်း ရတော်မူပြီးထသော။ အန္တိမဇာတိယုတ္တံ = အဆုံးစွန်သော ဘဝနှင့် လည်း ယှဉ်တော်မူပြီးထသော။ မုနိံ = မြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ဝန္ဒေ- ဝန္ဒာမိ = ရှိခိုးပါ၏။

၅။ ပါတောဒယံ = နံနက်အခါ၌ တက်လတ်သော။ ဗာလဒိဝါကရံဝ = တက်သစ်သော နေလုလင်ကဲ့သို့။ ယတီနံ = ရဟန်းတို့၏။ မဇ္ဈေ = အလယ်၌။ သိရီဟိ = ကျက်သရေတို့ဖြင့်။ လလိတံ = တင့် တယ်တော်မူထသော။ ပုဏ္ဏိန္ဒုသင်္ကာသမုခံ = လပြည့်ဝန်းနှင့်တူသော မျက်နှာတော်လည်း ရှိတော်မူထသော။ အနေဇံ = တဏှာလည်း ကင်းစင်တော်မူပြီးထသော။ သဗ္ဗညုံ = ခပ်သိမ်းသော ဉေယျဓံတရား ငါးပါးကိုလည်း သိတော်မူပြီးထသော။ မုနိန္ဒံ = မြတ်စွာဘုရားကို။ အဟံ = အကျွန်ုပ်သည်။ ဝန္ဒာမိ = ရှိခိုးပါ၏။

၆။ ဥပေတပုညော = ပြည့်စုံသော ဘုန်းတော်လည်း ရှိတော်မူသော။ (ယော) သုဂတော = အကြင် မြတ်စွာဘုရားသည်။ ဝရဗောဓိမူလေ = မြတ်သော ဗောဓိပင်၏ အနီး၌။ သသေနမာရံ = စစ်သည်ဗိုလ်ပါနှင့် တကွသော မာရ်နတ်သားကို။ ဇိနိတွာ = အောင်တော်မူပြီး၍။ အရုဏောဒယမှိ = နေအရုဏ်တက်သောအခါ၌။ ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်ကို။ အဗောဇ္ဈိ = သိတော်မူပြီ။ မာရဇိနံ = မာရ်ငါးပါးကို အောင် တော်မူပြီးထသော။ အဘင်္ဂံ = မာရ်စစ်သည်တို့သည် မဖျက်ဆီးနိုင်ထသော။ တံ (သုဂတံ) = ထိုမြတ်စွာဘုရား ကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၇။ ရာဂါဒိဆေဒါမလဉာဏခဂ္ဂံ = ရာဂ အစရှိသော ကိလေသာတို့ကို ဖြတ်တတ်သော အညစ်အကြေး ကင်းသော အရဟတ္တမဂ်ဉာဏ်သန်လျက်လည်း ရှိတော်မူထသော။ သတိသမညာဖလကာဘိဂါဟံ = သမ္မာ သတိ အမည်ရှိသော ကာကိုလည်း မြဲစွာ ကိုင်စွဲတော်မူထသော။ သိလောဃလင်္ကာရဝိဘူသိတံ = သီလ အပေါင်း တည်းဟူသော ချပ်တန်ဆာတို့ဖြင့် တန်ဆာဆင်တော်မူပြီးထသော။ အဘိညာဝရမိဒ္ဓုပေတံ = အဘိညာဉ်တည်းဟူသော တန်ခိုးနှင့်လည်း ပြည့်စုံတော်မူပြီးထသော။ တံ (ဗုဒ္ဓံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၈။ ဒယာလယံ = မဟာကရုဏာ၏တည်ရာ ဖြစ်တော်မူထသော။ သဗ္ဗဓိ = ခပ်သိမ်းသော ကိုယ်တော် ၏ အဖြစ်၌။ ဒုက္ကရံ = ပြုနိုင်ခဲသော စွန့်ခြင်းကြီးငါးပါး အစရှိသော အမှုကို။ ကရံ = ပြုတော်မူတတ်ထသော။ ဘဝဏ္ဏဝါတိက္ကမံ = ဘဝသုံးပါးတည်းဟူသော မဟာသမုဒ္ဒရာမှ လွန်မြောက်တော်မူပြီးထသော။ အဂ္ဂတံ = မြတ် သော အဖြစ်သို့။ ဂတံ = ရောက်တော်မူပြီးထသော။ တိလောကနာထံ = လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော် မူထသော။ သုသမာဟိတံ = ကောင်းစွာ တည်ကြည်သော သမာဓိလည်း ရှိတော်မူထသော။ ဟိတံ = လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ အစီးအပွားကိုလည်း ဆောင်တော်မူတတ်ထသော။ သမန္တစက္ခုံ = ထက်ဝန်းကျင် မြင်နိုင် စွမ်းသော သဗ္ဗညုတဉာဏ်လည်း ရှိတော်မူထသော။ အမိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်လည်းရှိတော်မူထ သော။ တံ (ဗုဒ္ဓံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ပဏမာမိ = ရှိခိုးပါ၏။

၉။ တဟိံ တဟိံ ဘဝေ = ထိုထိုသို့သော ကိုယ်တော်၏ အဖြစ်၌။ ပါရမိသဉ္စယံ = ပါရမီအပေါင်းကို။ စယံ = ဆည်းပူးတော်မူတတ်ထသော။ သဗ္ဘိ = သူတော်ကောင်းတို့သည်။ ဂတံ = ဆည်းကပ်အပ်ထသော။ သုခပ္ပဒံ = ချမ်းသာခြင်း၏ အဖို့ကို ဖြစ်စေတတ်သော။ ပဒံ = နိဗ္ဗာန်သို့။ ဂတံ = ရောက်တော်မူပြီးထသော။ နရာနရာနံ = လူနတ်တို့၏။ သုခသမ္ဘဝံ = ချမ်းသာခြင်း၏အကြောင်းကို။ ဘဝံ = ဖြစ်စေတော်မူတတ်ထသော။ အနမာနံ = မရိုညွတ်သော။ ဂဝံ = နွားနှင့်တူသော သူမိုက်ကို။ ဇိနပုင်္ဂဝံ = အောင်တော်မူတတ်သော ယောက်ျား မြတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမေ- နမာမိ = ရှိခိုးပါ၏။

၁၀။ ဤဟာဖိယံ = ဝီရိယ တည်းဟူသော တက်မကို။ ဉာဏကရေန = ဉာဏ်တော်တည်းဟူသော လက်တော်ဖြင့်။ ဂါဟကော = ကိုင်စွဲတော်မူသော။ ယော မုနိဒက္ခနာဝိကော = အကြင်မြတ်စွာ ဘုရား တည်းဟူသော လိမ္မာလှစွာသော သင်္ဘောလှေမှူးသည်။ မဂ္ဂင်္ဂနာဝံ = မဂ္ဂင်ရှစ်ပါးတည်းဟူသော သင်္ဘော လှေထက်သို့။ အာရုယှ = တက်စီးတော်မူပြီး၍။ တာယ = ထိုမဂ္ဂင်ရှစ်ပါးတည်းဟူသော သင်္ဘောလှေဖြင့်။ ဗဟူ = များစွာကုန်သော သတ္တဝါတို့ကို။ ဘဝဏ္ဏဝါ = ဘဝသုံးပါးတည်းဟူသော မဟာသမုဒ္ဒရာမှ။ တာရေသိ = ကယ် တင်တော်မူလေပြီ။ အဃပ္ပဟံ = သတ္တဝါတို့၏ ဆင်းရဲခြင်းကို ပယ်တော်မူတတ်ထသော။ ဗုဒ္ဓံ = သစ္စာလေးပါးကို သိတော်မူတတ်ထသော။ တံ (မုနိဒက္ခနာဝိကံ) = ထိုမြတ်စွာဘုရားတည်းဟူသော လိမ္မာလှစွာသော သင်္ဘော လှေမှူးကြီးကို။ (အဟံ = အကျွန်ုပ်သည်)။ နမေ- နမာမိ = ရှိခိုးပါ၏။

၁၁။ သမတိံသတိပါရမိသမ္ဘရဏံ = အမျှသုံးဆယ်သော ပါရမီကို ဖြည့်တော်မူပြီးထသော။ ဝရဗောဓိ-ဒုမေ = မြတ်သော ဗောဓိပင်၏အနီး၌။ စတုသစ္စဒသံ = သစ္စာလေးပါးကို သိမြင်တော်မူပြီးထသော။ ဝရမိဒ္ဓိဂတံ = မြတ်သော တန်ခိုးသို့လည်း ရောက်တော်မူပြီးထသော။ နရဒေဝဟိတံ = လူ,နတ်တို့၏ အစီးအပွားကိုလည်း ဆောင်တော်မူတတ်ထသော။ တိဘဝူပသမံ = ဘဝသုံးပါးမှလည်း ငြိမ်းတော်မူပြီးထသော။ ဇိနံ = မြတ်စွာဘုရား ကို။ (အဟံ = အကျွန်ုပ်သည်)။ ပဏမာမိ = ရှိုခိုးပါ၏။

၁၂။ သတပုညဇလက္ခဏိကံ = များစွာသော ဘုန်းကြောင့်ဖြစ်သော လက္ခဏာတော်လည်း ရှိတော်မူထ သော။ ဝိရဇံ = ရာဂဟူသော မြူလည်း ကင်းစင်တော်မူပြီးထသော။ ဂဂနူပမဓိံ = ကောင်းကင်နှင့်တူသော ပညာတော်လည်း ရှိတော်မူထသော။ ဓိတိမေရုသမံ = မြင်းမိုရ်တောင်မင်းနှင့်တူသော မတုန်မလှုပ်သော သမာဓိ လည်း ရှိတော်မူထသော။ ဇလဇူပမသီတလ သီလယုတံ = ကြာနှင့်တူသော ချမ်းမြေ့စွာသော သီတင်းနှင့် လည်း ယှဉ်ထသော။ ပထဝီသဟနံ မြေကြီးနှင့်တူသော သည်းခံသော နှလုံးတော်လည်း ရှိတော်မူထသော။ ဇိနံ = မြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ပဏမာမိ = ရှိခိုးပါ၏။

၁၃။ သုမတိ = ကောင်းသော ပညာတော်လည်း ရှိတော်မူသော။ ယော ဗုဒ္ဓေါ = အကြင်မြတ်စွာဘုရား သည်။ ဒိဝေ = နေ့၌။ ဒိဝါကရောဝ = နေမင်းကဲ့သို့။ သောဘန္တော = တင့်တယ်တော်မူသည်ဖြစ်၍။ ရတိဇနနေ = မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော။ သိလာသနမှိ = ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌။ အာသိနော = နေတော်မူ လျက်။ သိဝ သုခဒံ = နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော။ ဓမ္မံ = အဘိဓမ္မာတရားတော်ကို။ ဒေဝါနံ = တာဝတိံသာနတ်တို့အား။ အဒေသိ = ဝါတွင်းသုံးလပတ်လုံး ဟောတော်မူလေပြီး။ အသဒိသံ = တုဘက်လည်း ကင်းတော်မူသော။ တံ (ဗုဒ္ဓံ) = ထိုမြတ်စွာဘုရားကို။ နိစ္စံ = အမြဲ။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၁၄။ ယော နာထော = အကြင်မြတ်စွာဘုရားသည်။ အဝိကလေဟိ = မချို့တဲ့ကုန်သော။ နိရာ-ကုလေဟိ = နှောင့်ယှက်ခြင်းကင်းကုန်သော။ ပါဒပင်္ကဇမုဒုတ္တလရာဇိကေဟိ = ခြေတော်တည်းဟူသော ကြာ ၏ နူးညံ့သောအပြင်၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော်တည်းဟူသော အရေးတို့ဖြင့်။ တီဟိ လောကေဟိ = သုံးဘုံသူတို့နှင့်။ နိရပမေယျတံ = မနှိုင်းယှဉ်အပ်သည်၏ အဖြစ်သို့။ သမ္ပာပုဏေဧဝ = ကောင်းစွာ ရောက် တော်မူသည်သာလျှင်တည်း။ သဗ္ဗလောကမဟိတံ = ခပ်သိမ်းသော လောကသည် ပူဇော်အပ်သော။ အသမံ = အတုမရှိထသော။ တံ (နာထံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၁၅။ နရာနရသမောသရဏံ = လူ, နတ်တို့၏ စုဝေးရာ ဖြစ်တော်မူထသော။ ဓိတတ္တံ = တည်ကြည် သော စိတ်တော်လည်း ရှိတော်မူထသော။ ပညာပဒီပဇုတိယာ = ပညာတော်တည်းဟူသော ဆီမီးရောင်ဖြင့်။ ဝိဟတန္ဓကာရံ = ဖျောက်အပ်ပြီးသော အဝိဇ္ဇာတည်းဟူသော မှောင်လည်း ရှိတော်မူထသော။ အတ္ထာဘိကာမံ = လူ, နတ်တို့၏ အကျိုးစီးပွားကို အလွန်အလိုရှိတော်မူထသော။ နရဒေဝဟိတာဝဟံ = လူ, နတ်တို့၏ အကျိုးစီးပွားကိုလည်း ရွက်ဆောင်တော်မူတတ်ထသော။ ကာရုဏိကံ = ကြီးမြတ်သော မဟာ ကရုဏာတော်နှင့် ယှဉ်ထသော။ အဂ္ဂံ = မြတ်ထသော။ အနန္တဉာဏံ = အဆုံးမရှိသော ဉာဏ်လည်း ရှိတော်မူ ထသော။ တံ (ဗုဒ္ဓံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ဝန္ဒာမိ = ရှိခိုးပါ၏။

၁၆။ အခိလဂုဏနိဓာနော = ခပ်သိမ်းသော လောကီ လောကုတ္တရာဂုဏ်တို့၏ သိုမှီးရာလည်း ဖြစ်တော် မူသော။ ယော မုနိန္ဒော = အကြင်မြတ်စွာဘုရားသည်။ သညတာနံ = ကိုယ်, နှုတ်, နှလုံးကို စောင့်ကုန်သော အရှင်မြတ်တို့၏။ နိကေတံ = ကိန်းအောင်းမွေ့လျော်ရာ အစစ်ဖြစ်သော။ ဣသိပတနဝှံ = ဣသိပတန အမည် ရှိသော။ ဝနံ = မိဂဒါဝုန်တောသို့။ ဥပဂန္တာ = ကြွတော်မူ၍။ တဟိံ = ထိုမိဂဒါဝုန်တော၌။ အကုသလဆေဒံ = အကုသိုလ်ကို ဖြစ်တတ်သော။ ဓမ္မစက္ကံ = ဓမ္မစကြာတရားတော်ကို။ ပဝတ္တော = ဟောတော်မူလေပြီ။ အတုလံ = အတုမရှိသော။ အဘိက္ကန္တံ = အလွန်နှစ်လိုဖွယ်သော ဂုဏ်လည်း ရှိတော်မူထသော။ ဝန္ဒနေယျံ = ရှိခိုးခြင်းကို ခံတော်မူထိုက်ထသော။ တံ (မုနိန္ဒံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၁၇။ သုစိပရိဝါရိတံ = သန့်ရှင်းစင်ကြယ်သော အခြံအရံလည်း ရှိတော်မူထသော။ သုရုစိရပ္ပဘာဟိ = ပြိုးပြိုးပြက် နှစ်သက်ဖွယ်သော အရောင်တို့ဖြင့်။ ရတ္တံ = ဆိုးအပ်သော ကိုယ်တော်လည်း ရှိထသော။ သိရိ ဝိသရာလယံ = ဘုန်းပညာကျက်သရေအပေါင်းတို့၏ တည်ရာလည်း ဖြစ်တော်မူထသော။ ဂုပိတမိန္ဒြိယေဟိ = စောင့်ရှောက်အပ်သော စက္ခု အစရှိသော ဣန္ဒြေတို့နှင့်။ ဥပေတံ = ပြည့်စုံတော်မူသော။ ရဝိသသိမဏ္ဍလပ္ပဘုတိလက္ခဏောပစိတ္တံ = နေဝန်း, လဝန်း အစရှိသော စက်လက္ခဏာတော်တို့ဖြင့် များစွာ ဆန်းကြယ်ခြင်း ရှိတော်မူထသော။ သုရနရပူဇိတံ = နတ်, လူတို့သည် ပူဇော်အပ်တော်မူထသော။ သုဂတံ = မြတ်စွာဘုရားကို။ အာဒရံ = ရိုသေစွာ။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၁၈။ (ယော ဓမ္မရာဇာ = အကြင်တရားမင်းဘုရားသည်)။ မုဟ ပဋိဃာသာဒိ ဥလ္လောလဝီစိံ = မောဟ, ပဋိဃာတ်, လောဘအစရှိသော လောက်လက်လျှပ်ပေါ်သော ကြီးစွာသော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းထသော။ သံသာရောဃံ = သံသရာတည်းဟူသော ပင်လယ်ရေအလျဉ်ကို။ မဂ္ဂေါဠုမ္ပေန = မဂ္ဂင်ရှစ်ပါးတည်းဟူသော သင်္ဘောဖောင်ဖြင့်။ တရိ = ကူးတော်မူလေပြီ။ အဘယံ = ဘေးလည်း မရှိထသော။ ပါရပတ္တံ = နိဗ္ဗာန်တည်း ဟူသော ကမ်းတစ်ဘက်သို့ ရောက်တော်မူပြီးထသော။ ပဇာနံ = သတ္တဝါတို့၏။ တာဏံ = ကိုးကွယ်ရာလည်း ဖြစ်တော်မူထသော။ လေဏံ = ပုန်းအောင်ရာလည်း ဖြစ်တော်မူထသော။ အသမသရဏံ = အတုမရှိ လဲ လျောင်းရာလည်း ဖြစ်တော်မူထသော။ ဧကတိတ္ထံ = နိဗ္ဗာန်ပြည်သို့ ကုတို့ကူးခတ် မြတ်သော ရေဆိပ်သဖွယ် ဖြစ်တော်မူထသော။ ပတိဋ္ဌံ = မှီခိုရာ ကျွန်းနှင့်လည်း တူတော်မူထသော။ ပုညက္ခေတ္တံ = ကောင်းမှုတည်း ဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ် ဖြစ်တော်မူထသော။ ပရမသုခဒံ = မြတ်သော နိဗ္ဗာန် ချမ်းသာကိုလည်း ပေးတော်မူတတ်ထသော။ (တံ) ဓမ္မရာဇံ = ထိုတရားမင်း ဘုရားကို။ (အဟံ = အကျွန်ုပ် သည်)။ နမာမိ = ရှိခိုးပါ၏။

၁၉။ ပရဟိတကရော = သူတစ်ပါး၏ အစီးအပွားကိုလည်း ရွက်ဆောင်တော်မူတတ်ထသော။ ယော မုနိန္ဒော = အကြင်မြတ်စွာဘုရားသည်။ ကဏ္ဍမ္ဗံ မူလေ = ကဏ္ဍ အမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်အပ်သော သရက်ဖြူပင်၏ အနီး၌။ နိသိန္နော = နေတော်မူလျက်။ အစ္ဆေရံ = အံ့ဖွယ်ရှိထသော။ နယနသုဘဂံ = လူ, နတ်တို့၏ မျက်စိအား တင့်တယ်စွာထသော။ အာကုလဏ္ဏဂ္ဂိဇာလံ = ရောယှက်သော ရေ အယဉ် မီးအလျှံရှိထသော။ ဒုဇ္ဇာလဒ္ဓံသံ = မိစ္ဆာတည်းဟူသော ကွန်ယက်ကို ဖျက်ဆီးတတ်သော အလေ့ရှိ တော်မူထသော။ မုနိဘ = ဘုရားရှင်တို့သည်။ အဇဟိတံ = မစွန့်အပ်သော။ ပါဋိဟေရံ = ရေ, မီ အစုံအစုံ အစရှိ သော တန်ခိုးပြာဋိဟာကို။ သီဃံ = လျင်စွာ။ အကာသိ = ပြုတော်မူလေပြီ။ သေဋ္ဌံ = အထူးသဖြင့် ချီးမွမ်းအပ် မြတ်စွာထသော။ ပရမရတိဇံ = မြတ်သော နှစ်လိုခြင်းကို ဖြစ်စေတတ်ထသော။ ဣဒ္ဓိဓမ္မေဟိ = တန်ခိုးကျေးဇူး တို့နှင့်။ ဥပေတံ = ပြည့်စုံတော်မူထသော။ တံ (မုနိန္ဒံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ ဝန္ဒေ-ဝန္ဒာမိ = ရှိခိုးပါ၏။

၂၀။ ဒယုဒယရုဏော = မဟာကရုဏာ သမာပတ်တည်းဟူသော တက်လတ်သော နေအရုစ်လည်း ရှိထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = ဉာဏ်တော်တည်းဟူသော ကျယ်စွာသော စက်ဝန်းလည်း ရှိတော်မူထသော။ ဧကော = တုဘက်ကင်းမြောက် တစ်ယောက်တည်းသာ ဖြစ်တော်မူထသော။ ယော မုနိန္ဒက္ကော = အကြင် မြတ်စွာဘုရားတည်းဟူသော နေမင်းသည်။ ကမလကထိတံ = ကြာဟူ၍ ဆိုအပ်သော။ ဝိနေယျပ္ပာဏောဃံ = ဝေနေယျသတ္တဝါ အပေါင်းကို။ ဓမ္မရံသိဝရေဟိ = မြတ်သောတရားတည်းဟူသော ရောင်ခြည်တို့ဖြင့်။ သုဗောဓေသိ = သစ္စာလေးပါးကို သိစေသောအားဖြင့် ပွင့်ခြင်းသို့ ရောက်စေတော်မူပြီ။ သုဒ္ဓေ = စင်ကြယ်စွာ သော။ တိဘဝကုဟရေ = လောကသုံးပါးအတွင်း၌။ ဗျာပိတက္ကိတ္တိနဉ္စ = အဆုံးမရှိနှံ့သော ကျော်စောခြင်း ရှိတော်မူထသော။ တိလောကေကစ္စက္ခုံ = ဘုံသုံးပါးတို့၏ အထွတ် အမြတ်ဖြစ်သော မျက်စိဖြစ်တော်မူထသော။ ဒုခမသဟနံ = သူတစ်ပါးတို့သည် သည်းခံနိုင်ခဲသောအမှုကို သည်းခံခြင်းရှိတော်မူ ထသော။ မဟေသိံ = သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီးတော်မူပြီးထသော။ တံ (မုနိန္ဒက္ကံ) = ထိုမြတ်စွာဘုရားတည်းဟူသော နေမင်းကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၂၁။ ယော ဇိနော = အကြင်မြတ်စွာဘုရားသည်။ ဗောဓိပေမတော = သဗ္ဗညုတဉာဏ်ကို ချစ်တော်မူ ခြင်းကြောင့်။ အလဂ္ဂမာနသော = ငြိတွယ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ အနေကဇာတိယံ = များစွာသော ကိုယ်တော်၏ အဖြစ်၌။ သပုတ္တဒါရံ = သားမယားနှင့်တကွသော။ အင်္ဂဇီဝိတမ္ပိ = အင်္ဂါကြီးငယ် အသက်ကိုစဉ် လျက်လည်း။ အတ္ထိကဿ = အလိုရှိသောသူအား။ အဒါသိယေဝ = ပေးလှူတော်မူသည်သာလျှင်ကတည်း။ ဒါနပါရမိံ = ဒါနပါရမီကိုလည်းကောင်း။ တတော = ထိုဒါနပါရမီမှ။ ပရံ = တစ်ပါးသော။ သီလပါရမာဒိကမ္ပိ = သီလပါရမီစသော ကိုးပါးသော ပါရမီကိုလည်းကောင်း။ အပူရိ = ဖြည့်တော်မူလေပြီ။ တာသံ = ထိုဆယ်ပါး သော ပါရမီတော်တို့၏။ ဣဒ္ဓိယာ = ပြည့်စုံခြင်းကြောင့်။ အဂ္ဂတံ = မြတ်သောအဖြစ်သို့။ ဥပဃာတံ = ရောက် တော်မူပြီးထသော။ ဧကဒီပကံ = လူ, နတ်တို့၏ ကိုးကွယ်မှီခိုရာ မြတ်သော ကိုင်းကျွန်းသဖွယ်လည်း ဖြစ်တော်မူထသော။ တံ (ဇိနံ) = ထိုမြတ်စွာဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

၂၂။ ဒေဝါဒေဝါတိ ဒေဝံ = သမ္မုတိနတ်, ဥပပတ္တိနတ်တို့ထက် လွန်သော ဝိသုဒ္ဓိနတ် ဖြစ်တော်မူထ သော။ နိဓနဝပုဓရံ = အဆုံးစွန်သော ကိုယ်တော်ကိုလည်း ဆောင်တော်မူထသော။ မာရဘင်္ဂံ = မာရ်ငါးပါးကို ဖျက်ဆီးတော်မူထသော။ အဘင်္ဂံ = မာရ်စစ်သည်တို့သည် ဖျက်ဆီးခြင်းငှာ မတတ်နိုင်ထသော။ ပဇာနံ = သတ္တဝါတို့၏။ ဒီပံ = ပညာတည်းဟူသော ဆီမီးတန်ဆောင်ကို။ ဒီပံ = ပြောင်ပြောင်တောက် အောင် ထွန်းညှိတော်မူပြီးထသော။ ဇယဝရသယနေ = မာရ်ငါးပါးကို အောင်မြင်တော်မူရာ မြတ်သော ဗောဓိပင် နေရာ၌။ ဗောဓိပတ္တံ = သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူပြီးထသော။ အဓိပတ္တံ = အရဟတ္တဖိုလ်သို့ ပို့တော်မူ ထသော။ ဗြဟ္မာဗြဟ္မာဂတာနံ = ဆည်းကပ်ရောက်လာကုန်သော ဗြဟ္မာ, လူ, နတ် ပရိသတ်တိုပအား။ ဝရဂိရ-ကထိကံ = မြတ်သော တရားစကားကို ဟောတော်မူတတ်ထသော။ ပါပဟီနံ ပဟီနံ = ညစ်ညစ်ယုတ်မာ ကိလေသာကို ပယ်ခွာတော်မူပြီးထသော။ လောကာလောကာဘိရာမံ = လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ မွေ့ လျော်ရာ ဖြစ်တော်မူထသော။ မုနိန္ဒံ့ = ရဟန်းတကာတို့ကို အစိုးရတော်မူထသော။ တံ မုနိန္ဒံ = ထိုမြတ်စွာ ဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ သတတံ = မချွတ်။ အဘိနမေ- အဘိနမာမိ = ရှိခိုးပါ၏။

၂၃။ ဗုဒ္ဓေါ = မြတ်စွာဘုရားသည်။ နိဂြောဓဗိမ္ဗော = အရပ်နှင့် အလံမျှသဖြင့် ပညောင်ပင်၏ အဝန်း ကဲ့သို့ ဝန်းသော ကိုယ်တော်လည်း ရှိတော်မူ၏။ မုဒုကရ စရဏော = အကြိမ်တစ်ရာ ဖတ်အပ်သော ဝါဂွမ်း လွှာကဲ့သို့ နူးညံ့သော လက်ဖဝါးတော်, ခြေဖဝါးတော်လည်း ရှိတော်မူ၏။ ဗြဟ္မာဃောသော = ဗြဟ္မာမင်း၏ အသံထက် ကဲလွန်စွာ သာယာသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်လည်း ရှိတော်မူ၏။ ဧဏိဇင်္ဃော = ဧဏီမည်သော သား၏ မြင်းခေါင်းကဲ့သို့ ပြည့်ဖြိုးသော မြင်းခေါင်းတော်လည်း ရှိတော်မူ၏။ ကောသစ္ဆာဒင်္ဂ-ဇာတော = ရွှေပဒုမ္မာ ကြာချပ်နှင့်တူသော အအိမ်ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ ကျစ်လစ်လှစွာသော ယောက်ျား မြတ်၏ နိမိတ်တော်လည်း ရှိတော်မူ၏။ ပုန ရပိ = တစ်ဖန်လည်း။ သုဂတော = မြတ်စွာဘုရားသည်။ သုပ္ပတိဋ္ဌိတပါဒေါ = ရွှေခြေနင်း အပြင်ကဲ့သို့ ညီညွတ်စွာတည်သော ခြေဖဝါးတော်လည်း ရှိတော်မူ၏။ မုဒွေါဒါတုဏ္ဏလောမော = မျက်မှောင်နှစ်ခုတို့၏ အလယ်၌ နူးညံ့ဖြူစင်သော ဥဏ္ဏလုံ မွေးရှင်တော် လည်း ရှိတော်မူ၏။ အထမပိ = ထိုမှတစ်ပါးလည်း။ သုဂတော = ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူတတ်သော မြတ်စွာဘုရားသည်။ ဗြဟ္မုဇုဂ္ဂတ္တဘာဝေါ = ဗြဟ္မာမင်းကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်လည်း ရှိတော်မူ ၏။ နိလက္ခီ = ညိုသော မျက်လုံးတော်လည်း ရှိတော်မူ၏။ ဒီဃပဏှီ = ရှည်သော ဖနောင့်တော်လည်း ရှိတော်မူ ၏။ သုခုမမလဆဝီ = သိမ်မွေ့လှစွာသော အညစ်အကြေးမတင် သန့်ရှင်းစင်ကြယ်သော အရေတော်လည်း ရှိတော်မူ၏။ ထောမျ ရသဂ္ဂ သဂ္ဂီ = အနည်းငယ်သော အရသာကိုသော်လည်း ဆောင်ယူခြင်းငှါ စွမ်းနိုင်သော ခုနစ်ထောင်သော ချီးမွမ်းအပ် မြတ်သော အကြောတို့၏ အဖျားလည်း စုဝေးလျက် ရှိတော်မူ၏။

၂၄။ (သော ဇိနော = ထိုမြတ်စွာဘုရားသည်)။ စတ္တာလီသဂ္ဂန္တော = လေးဆယ်စေ့ထ မွန်မြတ်လှသော သွားတော်လည်း ရှိတော်မူ၏။ သမက လပန ဇော = လွှနှင့် ဖြတ်သကဲ့သို့ ညီညွတ်စွာသော သွားတော်လည်း ရှိတော်မူ၏။ အန္တရံသပ္ပပီဏော = ရေစီကြောင်း မထင်ပြည့်ဖြိုးစင်သော ကျောက်တော်လည်း ရှိတော်မူ၏။ စက္ကေနင်္ကိတပါဒေါ = စက်ဖြင့်မှတ်အပ်သော မြတ်သော ခြေဖဝါးတော်လည်း ရှိတော်မူ၏။ အဝိရဠဒသနော = မကျဲသော သွားတော်လည်း ရှိတော်မူ၏။ မာရဇိ = မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရား သည်။ ဥဿင်္ခပါဒေါ = မြူမတင်လင့် မြင့်သော ဖမျက်တော်လည်း ရှိတော်မူ၏။ တိဋ္ဌန္တော = ရပ်တော်မူလျက်။ နော နမန္တော = မကိုင်းမညွတ်ဘဲ။ ဥဘယကရမုဒုနာ = သိမ်မွေ့နူးညံ့စွာသော လက်တော်နှစ်ဖက်ဖြင့်။ ဇဏ္ဏုကာနိ = ပုဆစ်ဒူးတော်နှစ်ဖက်တို့ကို။ အာမသန္တော = သုံးသပ်တော်မူနိုင်၏။ ဝဋ္ဋကဏ္ဌော = ရွှေမုရိုးစည်ငယ် သဏ္ဌာန်ကဲ့သို့ လုံးသော လည်တော်လည်း ရှိတော်မူ၏။ ဂေါ တထုဏ ပခုမကော = ထိုခဏ ဖွားသော နွားငယ်၏ မျက်မွေးအတူ သိမ်မွေ့နုပျို ညိုသော မျက်မွေးတော်လည်း ရှိတော်မူ၏။ သီဟ ပုဗ္ဗဍ္ဎကာယော = ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်သော ကိုယ်နှင့်အတူ ပြည့်ဖြိုးသော ကိုယ်တော်လည်း ရှိတော်မူ၏။

၂၅။ သုဂတော = ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်။ သတ္တပ္ပီဏော စ = ခုနစ်ပါးသော အရပ်တို့၌ ပြည့်ဖြိုးသော အသားတော်လည်း ရှိတော်မူ၏။ ဒီဃင်္ဂုလီ = ရှည်သော လက် ချောင်း, ခြေချောင်းတော်လည်း ရှိတော်မူ၏။ အထ = ထိုမှတစ်ပါး။ လောကမ ကူပေက လောမော = တစ်ခု တစ်ခုသော မွေးတွင်းတော်၌ တစ်ချောင်း, တစ်ချောင်းစီသာ ရောက်သော မွေးညင်းတော်လည်း ရှိတော်မူ၏။ သမ္ပန္နောဒါတဒါဌော = ပြည့်ဖြိုး ဖြူစင်စွာသော စွယ်တော်လည်း ရှိတော်မူ၏။ ကနက သမ တစော = ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့သော အရေတော်လည်း ရှိတော်မူ၏။ နီလမုဒ္ဓဂ္ဂ လောမော = မျက်နှာတော်ကို မျှော်ဘိသကဲ့သို့ အထက်သို့ တက်သော လက်ယာရစ်လည်၍တည်သော အလွန်ညိုသော မွေးညင်းတော်လည်း ရှိတော်မူ၏။ သမ္ဗုဒ္ဓေါ = မြတ်စွာဘုရားသည်။ ထူလဇိဝှေါ = ကြီးပြန့်သော လျှာတော်လည်း ရှိတော်မူ၏။ အထ = ထိုမှ တစ်ပါး။ သီဟ ဟနုကော = ခြင်္သေ့မင်း၏ မေးနှင့်တူသော ပြည့်ဖြိုးစွာသော မေးတော်လည်း ရှိတော်မူ၏။ ဇာလိကပ္ပါဒ ဟတ္ထော = လေသွန်တံခါး၌ လက်သမားတပ် စီးထားအပ်သော ရွှေပွတ်တိုင်ကဲ့သို့ တင့်တယ်စွာ ရှည်သော ခြေချောင်း, လက်ချောင်းတော်လည်း ရှိတော်မူ၏။ နာထော = မြတ်စွာဘုရားသည်။ ဥဏှီသ သီသော = နဖူးသင်းကျစ် ခြယ်လယ်သဖြင့် တင့်တယ်သော ဦးခေါင်းတော်လည်း ရှိတော်မူ၏။ ဣတိ ဂုဏ သဟိတံ = ဤဆိုအပ်ခဲ့ပြီးသော ကျေးဇူးအပေါင်းတို့နှင့် ပြည့်စုံတော်မူသော။ တံ မဟေသိံ = ထိုမြတ်စွာ ဘုရားကို။ (အဟံ = အကျွန်ုပ်သည်)။ နမာမိ = ရှိခိုးပါ၏။

တိုက်တွန်းချက်

၂၆။ လောကေ = လူ့ရွာ၌။ (ယသ္မာ = အကြင်ကြောင့်)။ ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော = ဘုရား ဘုရား ဟူသော အသံကိုမျှလည်း။ အတိဒုလ္လဘတရော = အလွန်ကြားရခဲသေးတုံ၏ရှင့်။ ဗုဒ္ဓဘာဝေါ = ဘုရား၏ အဖြစ် သည်ကား။ ကာ ကထာ = အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ တသ္မာ = ထို့ကြောင့်။ ဝိဘာဝီ = ပညာရှိကုန်သော။ ဝိဝိဓ ဟိတ သုခံ = အထူးထူး အပြားပြားသော စီးပွားချမ်းသာကို။ ပတ္ထယန္တော = တောင့်တကုန်သော။ သာဓဝေါ = သူတော်ကောင်းတို့သည်။ ဣဋ္ဌံ = အလိုရှိအပ်သော။ အတ္ထံ = အကျိုးစီးပွားကို။ ဝဟန္တံ = ရွက် ဆောင်တော်မူတတ်ထသော။ သုရ နရ မဟိတံ = နတ်, လူတို့သည် ပူဇော်အပ်တော်မူထသော။ နိဗ္ဘယံ = ဘေး လည်း မရှိထသော။ ဒက္ခိဏေယျံ = မြတ်သော အလှူကို ခံတော်မူထိုက်ထသော။ လောကာနံ = လူသုံးပါးတို့၏။ နန္ဒိဝဍ္ဎံ = နှစ်လိုခြင်းကို ပွားစေတတ်ထသော။ ဒသ ဗလံ = ဆယ်ပါးသော အားနှင့် ပြည့်စုံတော်မူထသော။ အသမံ = တုဘက်လည်း ကင်းပြီးထသော။ တံ ဗုဒ္ဓံ = မြတ်စွာဘုရားကို။ နိစ္စံ = အမြဲ။ နမဿန္တု = ရှိခိုးကြစေ ကုန်သတည်း။

တမလွန်အတွက်ဆုတောင်း

၂၇။ ဧတေန ပုညေန = ဤသို့ မြတ်စွာဘုရားအား ရှိခိုးရခြင်းတည်းဟူသော ကောင်းမှုစေတနာကြောင့်။ သော အဟံ = ထိုငါသည်။ သမ္ပရာယေ = တမလွန်ဘဝ၌။ နိပုဏမတိ စ = သိမ်မွေ့သော ပညာရှိသည် (စာ မျက်နှာ ၆၉)လည်းကောင်း။ သတော စ = သတိနှင့် ပြည့်စုံသည်လည်းကောင်း။ တိတတ္တော စ = ရောင့်ရဲ သည်လည်းကောင်း။ ဒက္ခော စ = လိမ္မာသည်လည်းကောင်း။ ဒိဋ္ဌုဇုပညော စ = ဖြောင့်မတ်သော အယူပညာရှိ သည်လည်းကောင်း။ အ ဝိကလ ဝီရိယော စ = မချို့တဲ့သော လုံ့လရှိသည်လည်းကောင်း။ ဘောဂဝါ စ = စည်း စိမ်ဥစ္စာရှိသည်လည်းကောင်း။ သံဝိဘာဂီ စ = ခွဲခြမ်းဝေဖန်တတ်သည်လည်းကောင်း။ တိက္ခော စ = ထက် မြက်သည်လည်းကောင်း။ သူရော စ = ရဲရင့်သည်လည်းကောင်း။ ဓိတတ္တော စ = တည်ကြည်သော စိတ်ရှိသည် လည်းကောင်း။ သ ပရဟိတ စရော စ = မိမိ၏ အကျိုးစီးပွား, သူတစ်ပါး၏ အကျိုးစီးပွားကို ကျင့်ဆောင် တတ် သည်လည်းကောင်း။ ဒီဃဇီဝီ စ = ရှည်သော အသက်ရှိသည်လည်းကောင်း။ အရောဂေါ စ = အနာ မရှိသည် လည်းကောင်း။ ဓညော စ = ဘုန်းရှိသည်လည်းကောင်း။ ဝဏ္ဏော စ = အဆင်းလှသည်လည်းကောင်း။ ယသဿီ စ = များသော အခြံအရံရှိသည်လည်းကောင်း။ အတိ ဗလဝ ဓရော စ = အလွန်သော အားကို ဆောင်နိုင်သည်လည်းကောင်း။ ကိတ္တိမာ စ = ကျေးဇူးသတင်း ကျော်စောခြင်းရှိသည်လည်းကောင်း။ ခန္တု ပေတော စ = သည်းခံခြင်းနှင့် ပြည့်စုံသည်လည်းကောင်း။ (ဘဝေယျံ = ဖြစ်ရပါလို၏)။

မျက်မှောက်အတွက် ဆုတောင်း

၂၈။ သော (အဟံ) = ထိုငါသည်။ ဒိဋ္ဌဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌။ သဒ္ဓေါ စ = သဒ္ဓါ တရားရှိသည်လည်းကောင်း။ ဒါတင်္ဂုပေတော စ = ပေးအပ်သော ဝတ္ထုပစ္စည်းနှင့် ပြည့်စုံသည်လည်းကောင်း။ ပရမ သိရိ ဓရော စ = ကောင်းမြတ်သော ဘုန်းကျက်သရေကို ဆောင်တတ်သည်လည်းကောင်း။ ဝိရတ္တော စ = တပ်ခြင်းကင်းသည်လည်းကောင်း။ လဇ္ဇီ စ = မကောင်းမှုမှ ရှက်တတ်သည်လည်းကောင်း။ ကလျာဏမိတ္တော စ = ကောင်းသော အဆွေခင်ပွန်း ရှိသည်လည်းကောင်း။ အဘိရတ ကုသလော စ = ကုသိုလ် ကောင်းမှုတို့၌ အလွန်မွေ့လျော်တတ်သည်လည်းကောင်း။ ပဉ္စသီလာဘိရက္ခော စ = ငါးပါးသောသီလ အစရှိ သည်ကို စောင့်ရှောက်နိုင်သည်လည်းကောင်း။ အပ္ပိစ္ဆော စ = နည်းသော အလိုရှိသည်လည်းကောင်း။ အပ္ပကောဓော စ = နည်းသော အမျက်ရှိသည်လည်းကောင်း။ အတိဝုဇု ဟဒယော စ = အလွန်ဖြောင့်မတ် သော နှလုံးရှိသည်လည်းကောင်း။ ဣဒ္ဓိမာ စ = တန်ခိုးနှင့် ပြည့်စုံသည်လည်းကောင်း။ အပ္ပမေယျော စ = မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသည်လည်းကောင်း။ ပါသံသော စ = ချီးမွမ်းထိုက်သည်လည်းကောင်း။ ပေမဝါစော စ = ချစ်ဖွယ်သော စကားကို ဆိုတတ်သည်လည်းကောင်း။ သုဇနဂုဏဝိဒူ စ = သူတော်ကောင်းတို့၏ ဂုဏ် ကျေးဇူးကို သိတတ်သည်လည်းကောင်း။ မာမကော စ = သူတော်ကောင်းတို့ကို မြတ်နိုးတတ်သည်လည်း ကောင်း။ ဘဝေယျံ = ဖြစ်ရပါလို၏။

အကျိုးတရားများ

၂၉။ ဣတ္ထံ- ဣမိနာ ယထာဝုတ္တပ္ပကာရေန = ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။ အသင်္ခယေ = ဤမျှဤရွေ့ ရှိ၏ဟု မရေတွက်နိုင်ကုန်ထသော။ လက္ခဏဒီပိတေ = အစိတ်ဖြစ်သော ဥပလက္ခဏနည်းအားဖြင့် ပြအပ်ကုန်ထသော။ နာထဂုဏေ = မြတ်စွာဘုရား၏ ကျေးဇူးတော်တို့ကို။ သူစကာသု = ပြတတ်ကုန်သော။ ဂါထာသု = ဂါထာတို့တွင်။ ဧကဂါထမ္ပိ = တစ်ဂါထာကိုမျှသော်လည်း။ ဗုဓော = ပညာရှိသော။ ယော ကုလပုတ္တော = အကြင်အမျိုးကောင်းသားသည်။ သရတေ = အောက်မေ့ရာ၏။

၃၀။ သော (ကုလပုတ္တော) = ထိုအမျိုးကောင်းသားသည်။ စတုရာပါယမုတ္တော စ = အပါယ်လေးပါးမှ လွတ်သည်လည်းကောင်း။ အတ္ထဒွယဿ = ပစ္စုပ္ပန်, သံသရာ အကျိုးစီးပွားနှစ်ပါးကို။ သာဓကော စ = ပြီးစေခြင်းငှာ တတ်စွမ်းနိုင်သည်လည်းကောင်း။ ဟတောပဒ္ဒဝဇာလော စ = ဖျောက်အပ်ပြီးသော ဘေး ရန်တည်းဟူသော ကွန်ယက်ရှိသည်လည်းကောင်း။ ဟိတ သုခဿ = စီးပွားချမ်းသာကို။ လာဘီ စ = ရသည် လည်းကောင်း။

၃၁- ၃၂။ နရ ဒေဝါနံ = လူနတ်တို့ကို။ အဓိပေါ စ = အစိုးရသော နတ်မင်းအဖြစ်သည်လည်းကောင်း။ စတုဒီပိဿရောပိ ဝါ = လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း၏ အဖြစ်သည်လည်းကောင်း။ ဘဝေယျ = ဖြစ်ရာ၏။ အန္တိမေဒေဟေ = အဆုံးစွန်သော ကုိယ်၏အဖြစ်၌။ သုဗ္ဗတော = ကောင်းသော အကျင့်ရှိသည်။ ဟုတွာ = ဖြစ်၍။ ဗာဝနာယာနံ = ဘာဝနာတည်းဟူသော ယာဉ်ထက်သို့။ အာရုယှ = တက်စီး၍။ အညံ = အရဟတ္တဖိုလ်ဟု ဆိုအပ်သော။ သေတ ဆတ္တကံ = မြတ်သော ထီးဖြူကို။ ဓာရံ- ဓာရေန္တော = ဆောင်းလျက်။ သမံ = မီးခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့။ ဧဿတိ = ရောက်လတ္တံ့သတည်း။ ဣမသ္မိံ အတ္တဘာဝေပိ = ဤကိုယ်၏ အဖြစ်၌လည်း။ အရောဂေါ စ = အနာမရှိသည်လည်းကောင်း။ ဒီဃဇီဝိကော စ = ရှည်သော အသက်ရှိသည်လည်းကောင်း။ ဘဝေယျ = ဖြစ်ရာ၏။

၃၃။ သဗ္ဗလောကေဟိ = ခပ်သိမ်းသောလူတို့သည်။ ပူဇိတော စ = ပူဇော်အပ်သည်လည်းကောင်း။ ဘာဝနာဘိရတီ မနော စ = ဘာဝနာ၌ အလွန်မွေ့လျော်သော နှလုံးရှိသည်လည်းကောင်း။ ဇနပ္ပိယော စ = သူ ခပ်သိမ်းတို့ ချစ်နှစ်လိုအပ်သည်လည်းကောင်း။ မနာပေါ စ = သူခပ်သိမ်းတို့ နှလုံးကို ပွားစေတတ်သည်လည်း ကောင်း။ ဘဝေယျ = ဖြစ်ရာ၏။ အခိလဓာရဏေ = အလုံးစုံသော ဂါထာကို ဆောင်ခြင်း၌။ ကာ ကထာ = အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

မဟာနမက္ကာရ ပါဠိအနက်ပြီး၏။

ဗုဒ္ဓဘာသာအခြေခံလက်စွဲ ဆယ်စောင်တွဲ။ (ဦးမောင်မောင်(ဟံသာဝတီ)။ ပထမအကြိမ်ထုတ်။ ၂၀၀၃ ခုနှစ်)စာအုပ်မှ ကူးယူဖော်ပြပါသည်။


*နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ- ၂ *

အစိန္တေယျ = မကြံစည်နိုင်သော။ ကြံတွေးမရနိုင်သော။ အပ္ပမေယျ = မနှိုင်းယှဉ်နိုင်သော။ သေဋ္ဌ = လောကထက်မြတ်သော။ ဇေဋ္ဌ = လောကထက် ကြီး မြတ်သော။ အတုလ = တုဖက်+ပြိုင်ဘက် ကင်းသော။ ပရမံ = မြတ်လှစွာသော။ အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော။ ဘဂဝါ = ဘုန်းတော် ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားကို မဖောက် မပြန် မှန်ကန်စွာ ကိုယ်တိုင်ထိုးထွင်း၍ သိသော။ အနုတ္တရ = မိမိထက် လွန်မြတ်သူ မရှိသော။ မာရဇိ = မာရ်ငါးပါးကိုအောင်တော်မူသော။ တိလောကန္တဂူ = သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူသော လောကသုံးပါး၏ အဆုံး သို့ရောက်တော်မူသော။ သယမ္ဘူ = တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော။ ဘဝိဿရ = ဘဝ အလုံးစုံကို အစိုးရ တော်မူသော။ အသင်္ချေယျ နာမတံဆိပ် = မရေ မတွက်နိုင်သော အမည်တော် ဘွဲ့တံဆိပ်။ ဂုဏ်ဝိသိဌ် = ထူးကဲကြီးမြတ်သောဂုဏ်ထူး။ ဇမ္ဗူဒိပ် = ကျွန်းဦးသပြေပင်ကြောင့် ထင်ရှားသောတောင်ကျွန်း။ ဘဝဂ် = သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံးဘုံ။ ဩကာသ သုံးရပ် = ကာမဘုံ ရူပဘုံ။, အရုပဘုံ ဟူသော သတ္တဝါ လောက၏ တည်ရာအရပ်။ သမိုက်အပ်သော = သမုတ်အပ်သော။ မဟာကဝိန် = ကြီးမြတ်သောပညာရှိကြီး။ သုခမိန် = ပညာရှိ။ ပညိန္ဒြေ = ဉာဏ်ပညာတည်း ဟူသော ဣန္ဒြေ။ ကျေးဇူးတော်အပုံ = ကျေးဖူးတော်အများအပြား။ မကိုဋ် = ဦးခေါင်း၌ တပ်ဆင်အပ်သော။ မြတ်သော တန်ဆာ။ မင်္ဂလာ = ကျက်သရေကို ရယူတတ်သော မကောင်းမှုကို ပယ်ဖြတ်တတ်သောသဘော။ ပထမာဒိက = အစဦးဆုံး။ ဘူမိပါလ = သမ္မတ မင်း။ အာဒိစ္စဂိုဏ်း = နေမင်း အမျိုးမှ ပေါက်ဖွားဆင်းသက်လာသော။ သမ္မုတိဒေဝရာဇ် = သမ္မုတိနတ်ဟုခေါ်သောမင်း။ ဇာတိမဟတ္တဂုဏ် = အမျိုးဇာတ်အား ဖြင့် ကြီးမြတ်သော ဂုဏ်။ ပုည မဟတ္တဂုဏ် = ဘုန်းတော်အားဖြင့်ကြီး မြတ်သောဂုဏ်။ ဝသုန် = မြေကြီး။ သေလာ = ကျောက်တောင်။ အဏ္ဏဝါ = ပင်လယ် သမုဒ္ဒရာ။ ဂုဏ မဟတ္တဂုဏ် = ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။ အပ္ပဋိပုဂ္ဂိုလ် = နှိုင်းယှဉ်ဘက် မရှိသောပုဂ္ဂိုလ်။ ဇမ္ဗူ = ဇမ္ဗူ ဒီပါ လင်္ကျာတောင်ကျွန်း။ ချက်ဗွေဘူမိ = ဇမ္ဗူ ဒိပ်ကျွန်း၏ အလယ် ဗဟိုမြေ။ အပရာဇိ ခရိုင် = အပရာဇိတပလ္လင်, ရန်သူတို့ မအောင်မြင်နိုင်သည့် နေရာထူး။ ညောင်မဏ္ဍိုင် = သဗ္ဗညုတ ဉာဏ်တော်၏ ကြည်ရာဖြစ်သော မဟာဗောဓိညောင်ပင်။ ကာမလောကဓာတ် = နတ်ပြည်ခြောက်ထပ်နှင့် လူ့ပြည် ဟူသော ကာမ သုဂတိ ခုနစ်ဘုံ။ ကြည်းဟည်း = အသံကျယ်စွာ မြည်သည်။ မေခလာဂီရိ = မာရ်နတ်။ ဂီရိ မေခလာ မည်သော ဆင်။ ပြောင်ကြီး သေဌ်နင်း = ဆင်ပြောင်ကြီး၏ အရှင်သခင် ဖြစ်သောမင်း။ မာရ်နတ် = နှောင့်ယှက် ဖျက်ဆီးသည့် နတ်။ ပါရမီဉာဏ် = ဆယ်ပါးသော ပါရမီ ဉာဏ်တော်ကုသိုလ်။ ကံသမ္ဘာရှိန် = ကံ အဆောက်အဦ အဟုန်။ ဝရဇိန် = သိကြားမင်း၏ မိုးကြိုးစက်- စိန်လက်နက်။ ကိလေသာ စက် = တစ်ထောင့်ငါးရာ ကိလေသာ။ သုံးထောင်ဝက် = သုံးထောင်၏ တစ်ဝက်။ အာနာပါန = ထွက်သက်ဝင်သက်ကိုမှတ်၍ ဆင်ခြင်ခြင်း။ ရုပါဝစရ အရုပါဝစရ = ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထ သမာပတ်, စတုတ္ထစျာန် ဟူသော ဝင်စားသည့် စျာန်လေးပါး။ ရှေးတီးကာလ = ရှေးလွန်လေပြီးသောအခါ။ ပရမတ် = ရုပ်- နာမ် တရား, စိတ် စေတသိတ်။ ရုပ် နိဗ္ဗာန်။ ပုဗ္ဗေနိဝါသ ဉာဏ် = ရှေးက ပြုခဲ့ဘူးသည်ကို ပြန်လည်သိမြင်သောဉာဏ်။ ဝေနေယျ = ကျွတ်ထိုက်သောသတ္တဝါ။ ကမ္မ = ကုသို်လ် ကံ အကုသိုလ်ကံ။ ဂတိ = လားရာ အရပ်။ စုတိ = ရွေ့လျားခြင်း သေခြင်း။ ပဋိသန် = မွေးဖွားခြင်း။ ဒူရ = ဝေးသော။ ပဋိစ္ဆန္န = တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားသော။ သဏှ = သိမ်မွေ့သော။ သုခုမ = နူးညံ့သော, အနုစိတ်ဖြစ်သော။ ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့မြင်နိုင်သော ဉာဏ်။ ဩဃ = ရေ အလျဉ် နဲ့တူသော တရား, ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃ။