မဟာဓမ္မပါလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၇။ မဟာဓမ္မပါလဇာတ် (၉)

ဒသကနိပါတ်

၉။ မဟာဓမ္မပါလဇာတ်

တရားစောင့်သောသူသည် ငယ်ငယ်မသေ

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံ တေ ဝတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မပါလဇာတ်ကို ရှေးဦးစွာ ကြွတော်မူသဖြင့် ကပိလဝတ်ပြည်သို့ ရောက်တော်မူ၍ နိဂြောဓာရုံကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ခမည်းတော်နန်းတော်၌ သုဒ္ဓေါဒနမင်းကြီး၏ မယုံခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ ထိုအခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် နှစ်သောင်းသော ရဟန္တာအပေါင်းတို့သည် ခြံရံအပ်သော မြတ်စွာဘုရားအား မိမိနေရာ နန်းတော်၌ ယာဂုခဲဖွယ်ကို လှူတော်မူ၍ ဆွမ်းဘုဉ်းပေးစဥ်အတွင်း နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စကားကို ပြောဟောလျက် အရှင်ဘုရား... အရှင်ဘုရားတို့၏ ဒုက္ကရစရိယာ ကျင့်တော်မူသော ကာလ၌ နတ်တို့သည် လာလတ်ကုန်၍ ကောင်းကင်၌ ရပ်လျက် အရှင်မင်းကြီး သားတော်ဖြစ်သော သိဒ္ဓတ်မင်းသည် အာဟာရနည်းသည်၏ အဖြစ်ကြောင့် သေပြီဟု ကျွန်ုပ်အား ကြားလျှောက်ကုန်၏ ဟု လျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး... သင်မင်းကြီးသည် ယုံတော်မူသလော" ဟု မိန့်တော်မူသည်ရှိသော် "အရှင်ဘုရား မယုံပါ၊ ကောင်းကင်၌ရပ်၍ ပြောဆိုလာသော်လည်း ထိုနတ်တို့ကို ငါသားတော် သိဒ္ဓတ်မင်းသား၏ ဗောဓိမဏ္ဍိုင်အပြင်၌ ဘုရားအဖြစ်သို့ မရောက်မူ၍လျှင် စုတရခြင်းမည်သည် မရှိ၊ ဤသို့ပယ်၏ ဟု လျှောက်၏။ မြတ်သောမင်းကြီး သင်မင်းကြီးသည် ရှေးလွန်လေပြီးသောအခါ မဟာဓမ္မပါလဖြစ်သောအခါ၌လည်း သင်မင်းကြီး၏ သားတော်ဖြစ်သော ဓမ္မပါလ သတို့သားသည် သေပြီ၊ ဤအရိုးတို့သည် ထိုသတို့သား၏ အရိုးတို့တည်းဟု ပြ၍ ပြောဆိုလာသော်လည်း ဒိသာပါမောက္ခဆရာ၏ စကားကို မယုံ။ မင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဓမ္မပါလအမျိုးဝယ် ငယ်သောကာလ၌ သေခြင်းမည်သည် မရှိ ဟု မယုံ။ ယခုအခါ၌ကား အဘယ်ကြောင့် ယုံရာလတ္တံ့နည်း ဟု မိန့်တော်မူ၍ ထိုခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကာသိတိုင်း၌ ဓမ္မပါလအမည်ရှိသော ရွာသည် ရှိသည်ဖြစ်၏။

ဓမ္မပါလအမျိုး

ထိုရွာသည် ဓမ္မပါလအမျိုး၏ နေသည်၏ အဖြစ်ကြောင့် ဤဓမ္မပါလရွာဟူသော အမည်ကို ရ၏။ ထိုဓမ္မပါလရွာ၌ ဆယ်ပါးသော ကုသလကမ္မပထ တရားတို့ကို စောင့်ခြင်းကြောင့် ဓမ္မပါလဟူ၍သာလျှင် ကျော်စောထင်ရှားသော ပုဏ္ဏားသည် နေ၏။ ထိုဓမ္မပါလအမျိုး၌ အယုတ်သဖြင့် ကျွန်အမှုလုပ်တို့သည်လည်း အလှူတို့ကို လှူကုန်၏။ ငါးပါးသော သီလကို စောင့်ကုန်၏။ ဥပုသ်ဆောက်တည်သော အမှုကို ပြုကုန်၏။ ထိုအခါ ဘုရားလောင်းသည် ဓမ္မပါလအမျိုး၌ဖြစ်၍ ဓမ္မပါလသတို့သားဟူသော အမည်ကိုမှည့်ကုန်၏။

ဆရာ့သား သေခြင်း

ထိုအခါ အရွယ်သို့ရောက်သော ဘုရားလောင်း ဓမ္မပါလကို အဖသည် တစ်ထောင်သော အသပြာကိုပေး၍ အတတ်သင်စိမ့်သောငှာ တက္ကသိုလ်ပြည်သို့ စေလိုက်၏။ ဘုရားလောင်း ဓမ္မပါလသည် တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခ၏ အထံ၌ အတတ်ကိုသင်၏။ ငါးရာကုန်သော တပည့်လုလင်တို့၏ အကြီးဖြစ်၏။ ထိုအခါ ဒိသာပါမောက္ခ၏ သားအကြီးသည် သေ၏။ ဒိသာပါမောက္ခဆရာသည် တပည့်လုလင်အပေါင်း ခြံရံလျှက် ဆွေမျိုးအပေါင်းတို့နှင့်တကွ ငိုကြွေးမြည်တမ်းလျှက် သုသာန်၌ သားကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေ၏။ ထိုသုသာန်၌ ဆရာသည်လည်းကောင်း၊ တပည့်ငါးရာတို့သည်လည်းကောင်း၊ အဖန်တလဲလဲ ငိုကြွေးကုန်၏။

ကြီးမှ သေကြမြဲပါ

ဘုရားလောင်း ဓမ္မပါလ တစ်ယောက်တည်းသာလျှင် မငိုကြွေး။ စင်စစ်သော်ကား ထိုငါးရာကုန်သော တပည့်လုလင်တို့သည် သုသာန်မှ လာလတ်ကုန်ပြီးလျှင် ဆရာ့အထံ၌ နေကြကုန်၍ ဪ... အံ့ဖွယ်ရှိစွ၊ ဤသို့ သဘောရှိသော ကောင်းသောအကျင့်နှင့် ပြည့်စုံသော ပျိုနုသောသူငယ်သည် ငယ်ရွယ်သော ကာလကပင်လျှင် မိဘတို့နှင့်တကွ ကွေကွင်းရဘိ၏။ သေခြင်းသို့ ရောက်ဘိ၏ဟုဆိုကုန်သည်ရှိသော် "အမောင်တို့ သင်တို့သည် ငယ်လှသေးသည်ဟူ၍ ဆိုကုန်၏။ ထိုသို့ငယ်လျက် အဘယ့်ကြောင့် ငယ်သော ကာလ၌သာလျှင် သေသနည်း၊ ငယ်သောကာလ၌ သေခြင်းမည်သည် မသင့်သည် မဟုတ်လောဟု ဆို၏။ ထိုအခါ ဘုရားလောင်း ဓမ္မပါလကို ငါးရာကုန်သော လုလင်သည် အဆွေဓမ္မပါလ... သင်သည် သတ္တဝါတို့၏ သေမြဲဓမ္မတာကို မသိသလော ဟုဆို၏။ အမောင်လုလင်တို့ သိကား သိ၏။ ထိုသို့ သေမြဲဓမ္မတာကို သိငြားသော်လည်း ငယ်ရွယ်သောကာလ၌ မသေကုန်၊ အသက်အရွယ်ကြီးရင့်သော ကာလ၌သာလျှင် သေကုန်၏။ ဤသို့သာလျင် သိ၏ ဟု ဆို၏။ "အမောင် ဓမ္မပါလ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲသောသဘောရှိကုန်သလော၊ ဖြစ်ကုန်ပြီး၍ မရှိသည် မဟုတ်ကုန်လောဟု ဆိုကုန်၏။ အမြဲမရှိကုန်သည် မှန်၏။ ထိုသို့ အမြဲမရှိကုန်သော်လည်း ငယ်ရွယ်သောကာလ၌ သတ္တဝါတို့သည် မသေကုန်၊ အသက်အရွယ် ကြီးရင့်သော ကာလ၌ သာလျှင် သေကုန်၏။ အသက်အရွယ် ကြီးရင့်သောကာလ၌ အနိစ္စသဘောသို့ ရောက်ကုန်၏ ဟု ဆို၏။

သင်တို့အမျိုးအစဉ်လော

အမောင်ဓမ္မပါလ... သင်တို့အိမ်၌ တစ်စုံ တစ်ယောက်သောသူတို့သည် မသေကုန်သလော ဟု မေးကုန်၏။ ငါတို့၏အမျိုး၌ ငယ်ရွယ်သောကာလ၌ သတ္တဝါတို့သည် မသေကုန်၊ အသက်အရွယ် ကြီးရင့်သောကာလ၌ သာလျှင် သေကုန်၏ ဟု ဆို၏။ ဤကြီးရင့်မှ သေခြင်းသည် သင်တို့၏ အမျိုးအစဉ်လာလော ဟု မေးကုန်၏။ ငါတို့၏ အမျိုးစဉ်ဆက်သဘော မှန်ပေ၏ ဟုဆို၏။ လုလင်တို့သည် ထိုဓမ္မပါလ၏စကားကို ဆရာအား ကြားလျှောက်ကုန်၏။ ထိုအခါ ဘုရားလောင်းဓမ္မပါလ လုလင်ကို ခေါ်

စေ၍ အမောင် ဓမ္မပါလ သင်တို့အမျိုးဝယ် ငယ်ရွယ်သောကာလ၌ မသေကုန်ဟု ငါကြားရသည်မှန်သလောဟုမေး၏။ ဆရာ... မှန်၏ ဟုဆို၏။ ထိုဒိသာပါမောက္ခဆရာသည် ဓမ္မပါလလုလင်၏ စကားကိုကြား၍ ဤဓမ္မပါလသည် အလွန်လျှင်အံ့ဖွယ်သရဲသော စကားကိုဆို၏။ ဤဓမ္မပါလ၏ အဖထံသို့ သွားပြီးလျှင် မေး၍ ထိုဓမ္မပါလ၏ စကားသည် အကယ်၍ မှန်သည်ဖြစ်အံ့၊ ငါသည်လည်း ထိုအသက်ရှည်အံ့သော အကြောင်းကိုသာလျှင် ဖြစ်စေအံ့ဟုကြံ၏။ ကြံပြီး၍ ထိုဒိသာပါမောက္ခဆရာသည် သေလေ

ပြီးသော သား၏ ပြုအပ်သော ကိစ္စကိုပြု၍ ခုနစ်ရက် ရှစ်ရက် လွန်သောအခါ ဓမ္မပါလလုလင်ကို ခေါ်စေ၍-

အမောင်ဓမ္မပါလ ... ငါသည် စုံစမ်းချေအံ့၊ ထို့ကြောင့် ငါလာသည့်တိုင်အောင် ဤလုလင်တို့ကို အတတ်သင်နှင့်လော့ ဟုဆို၍ တစ်ခုသောဆိတ်၏ အရိုးကိုယူ၍ ရေဆေးပြီးလျှင် အိတ်၌ ထည့်၍ တစ်ယောက်သော အလုပ်အကျွေး သူငယ်ကိုခေါ်၍ တက္ကသိုလ်ပြည်မှ ထွက်ခဲ့ပြီးလျှင် အစဉ်သဖြင့် ထိုရွာသို့ရောက်လျှင် မဟာဓမ္မပါလအိမ်သည် အဘယ်မှာနည်းဟု မေး၍ သွားပြီးလျှင် တံခါး၌ ရပ်၏။ မဟာဓမ္မပါလ ပုဏ္ဏား၏ကျွန်အမှုလုပ်တွင် အကြင်သူသည် ရှေးဦးစွာ မြင်၏။ ထိုသူသည် ဆရာ့လက်မှ ထီးကိုယူလင့်၏။ ဖိနပ်ကိုယူလင့်၏။ အလုပ်အကျွေးငယ်၏ လက်မှလည်း အိတ်ကိုယူလင့်၏။ ထိုသူအား “အရှင်ပုဏ္ဏား အရှင့်သားတော် ဓမ္မပါလသတို့သား၏ ဆရာသည် အိမ်တံခါး၌ ရပ်၏ ဟု ဓမ္မပါလသတို့သား၏ အဖအား ကြားလျှောက်ကုန်လော့”ဟု ဆိုလတ်သော် ပုဏ္ဏားကျွန်တို့သည် ကောင်းပြီဟု သွား၍ ကြားလျှောက်ကုန်၏။

သင့်သားသေပြီ

ထိုအခါ မဟာဓမ္မပါလပုဏ္ဏားသည် လျင်မြန်စွာ တံခါး အနီးသို့လာလတ်၍ ဤအရပ်သို့ လာတော်မူလော့ ဟု ထိုသားဓမ္မပါလ လုလင်၏ ဆရာကို အိမ်သို့ဆောင်ပြီးလျှင်ပလ္လင်၌နေစေ၍ အလုံးစုံသော ခြေဆးခြင်း အစရှိသော ကိစ္စကိုပြု၏။ ဒိသာပါမောက္ခဆရာသည် ထမင်းစားပြီးသော် ချမ်းသာစွာ ပြောဟော၍နေကြသော ကာလ၌ ပုဏ္ဏား သင့်သားဖြစ်သော ဓမ္မပါလသတို့သားသည် ပညာရှိပေ၏။ ဗေဒင်သုံးပုံတို့၏လည်းကောင်း တစ်ဆယ့်ရှစ်ပါးသော အတတ်တို့၏လည်းကောင်း အပြီးသို့ရောက်ပြီ၊ ထိုဗေဒင်သုံးပုံ တစ်ဆယ့်ရှစ်ပါးသော အတတ်တို့ကို အပြီးတိုင် တတ်ပါသော်လည်း တစ်စုံတစ်ခုသော ရောဂါ အနာဖြင့် အသက်ကုန်ခြင်းသို့ ရောက်ချေပြီ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ မစိုးရိမ်လင့် ဟု ဆို၏။ မဟာဓမ္မပါလ ပုဏ္ဏားသည် လက်ခုပ်တီး၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်လေ၏။ ပုဏ္ဏား... အဘယ့်ကြောင့် ရယ်သနည်း ဟု ဆိုသည်ရှိသော် ငါ့သား ဓမ္မပါလသည် မသေ၊ တစ်ပါးသော တစ်စုံတစ်ယောက်သာ သူသည် သေသည် ဖြစ်လတ္တံ့ဟု ဆို၏။ ပုဏ္ဏား သင့်သား၏ အရိုးတို့ကို မြင်၍သာလျှင် ယုံလော့ ဟု အရိုးတို့ကို အိတ်မှထုတ်၍ ဤအရိုးတို့သည် သင့်သား ဓမ္မပါလ၏ အရိုးတို့တည်း ဟု ဆို၏။ ထိုအရိုးတို့သည် ဆိတ်၏ လည်းကောင်း, ခွေး၏ လည်းကောင်း အရိုးတို့သည် ဖြစ် ကုန်လတ္တံ့။ ငါ့သား ဓမ္မပါလသည်ကား မသေ၊ ထိုစကားသည် မှန်၏။ ငါတို့အမျိုး၌ ဆွေခုနစ်ဆက်လည်သည့်တိုင်အောင် ငယ်ရွယ်သောကာလ၌ သေဖူးသောမည်သည် မရှိကုန်၊ သင်သည် မုသားဆိုဘိ၏ ဟု ဆိုကြကုန်၏။ ထိုခဏ၌ ခပ်သိမ်းသော လူအပေါင်းတို့သည်လည်း လက်ခုပ်တီး၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်ကြကုန်၏။

ဘာ့ကြောင့် မသေသနည်း

ဒိသာပါမောက္ခဆရာသည် ထိုအံ့ဖွယ်သရဲကို မြင်၍လျှင် ဝမ်းမြောက်ခြင်းသို့ ရောက်သဖြင့် ပုဏ္ဏား... သင်၏ အမျိုးအစဉ်၌ သူငယ်တို့၏ မသေခြင်းမည်သည် အကြောင်းမရှိဘဲ ဖြစ်ခြင်းငှာ မတတ်ကောင်း၊ အဘယ်အကြောင်းကြောင့် သူငယ်တို့သည် မသေ့ကုန်သနည်း ဟု မေးလိုရကား-

၉၂။ ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ၊
ကိဿ သုစိဏ္ဏသ အယံ ဝိပါကော။
အက္ခာဟိ မေ ဗြာဟ္မဏ ဧတမတ္ထံ၊
ကသ္မာ နု တုမှံ ဒဟရာ န မီယရေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၉၂။ ဗြဟ္မဏ၊ ပုဏ္ဏား။ တေ တယာ၊ သင်သည်။ ဝတ၊ ဆောက်တည်အပ်သော အသက်ရှည်ကြောင်းဖြစ်သော အကျင့်သည်။ ကိံ၊ အဘယ်နည်း။ ကိံ ပန ဗြဟ္မစရိယံ၊ အဘယ်မည်သော မြတ်သောအကျင့်ကို။ စရိတံ၊ ကျင့်အပ်သနည်း။ အယံ ဝိပါကော၊ ဤအသက်ရှည်ခြင်း အကျိုးသည်။ ကိဿ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော အဘယ်မည်သော အကျင့်၏။ ဝိပါကော၊ အကျိုးနည်း။ ဗြဟ္မဏ၊ ပုဏ္ဏား။ ဧတမတ္ထံ၊ ထိုအသက်ရှည်ကြောင်းဖြစ်သော အကျင့်ကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားပါလော့။ ကသ္မာ၊ အဘယ့်ကြောင့်။ တုမှံ၊ သင်တို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ သူငယ်တို့သည်။ န မီယရေ နု၊ မသေကုန်သနည်း။

မသေခြင်းအကြောင်းများ

ထိုစကားကိုကြား၍ မဟာဓမ္မပါလ ပုဏ္ဏားကြီးသည် အကျင့်ဂုဏ်၏ အာနုဘော်ကြောင့် ထိုအမျိုး၌ သူငယ်တို့သည် မသေကုန်၊ ထိုဂုဏ်ကျေးဇူးတို့ကို ပြလိုသည်ဖြစ်၍ -

၉၃။ ဓမ္မံ စရာမ န မုသာ ဘဏာမ၊
ပါပါနိ ကမ္မာနိ ပရိဝဇ္ဇယာမ။
အနရိယံ ပရိဝဇ္ဇေမု သဗ္ဗံ။
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၉၄။ သုဏောမ ဓမ္မံ အသတံ သတဉ္စ၊
န စာပိ ဓမ္မံ အသတံ ရောစယာမ။
ဟိတွာ အသန္တေ န ဇဟာမ သန္တေ၊
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၉၅။ ပုဗ္ဗေဝ ဒါနာ သုမနာ ဘဝါမ၊
ဒဒမ္ပိ ဝေ အတ္တမနာ ဘဝါမ။
ဒတွာပိ ဝေ နာနုတပ္ပါမ ပစ္ဆာ
တသ္မာ အမှံ ဒဟရာ န မီယရေ။
၉၆။ သမဏေ မယံ ဗြာဟ္မဏေ အဒ္ဓိကေ စ၊
ဝနိဗ္ဗကေ ယာစနကေ ဒလိဒ္ဓေ။
အန္နေန ပါနေန အဘိတပ္ပယာမ၊
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၉၇။ မယဉ္စ ဘရိယံ နာတိက္ကမာမ၊
အမှေ စ ဘရိယာ နာတိက္ကမန္တိ။
အညတြ တာဟိ ဗြဟ္မစရိယံ စရာမ၊
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၉၈။ ပါဏာတိပါတာ ဝိရာမ သဗ္ဗေ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယာမ။
အမဇ္ဇပါနောပိ မုသာ ဘဏာမ၊
တသ္မာဟိ အမှံ ဒဟရာ န မီယရေ။
၉၉။ ဧတာသု ဝေ ဇာယရေ သုတ္တမာသု၊
မေဓာဝိနော ဟောန္တိ ပဟူတပညာ။
ဗဟုဿုတာ ဝေဒဂုနော စ ဟောန္တိ၊
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၁၀၀။ မာတာ ပိတာ စ ဘဂိနီ ဘာတရော စ၊
ပုတ္တာ စ ဒါရာ စ မယဉ္စ သဗ္ဗေ။
ဓမ္မံ စရာမ ပရလောကဟေတု၊
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။
၁၀၁။ ဒါသာ စ ဒါသျော အနုဇီဝိနော စ၊
ပရိစာရကာ ကမ္မကရာ စ သဗ္ဗေ။
ဓမ္မ စရန္တိ ပရလောကဟေတု။
တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

ကောင်းမှုသာ ပြုကြသည်

၉၃။ အာစရိယ၊ ဆရာ။ မယံ၊ ငါတို့သည်။ ဓမ္မံ၊ ဒါနသီလ အစရှိသော ကုသလကမ္မပထ တရားဆယ်ပါးကို။ စရာမ၊ ကျင့်ကုန်၏။ န မုသာ ဘဏာမ၊ မဟုတ်မမှန်သော စကားကိုလည်း မဆိုကုန်။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ပရိဝဇ္ဇယာမ၊ ရှောင်ကြဉ်ကုန်၏။ သဗ္ဗံ၊ အလုံးစုံသော။ အနရိယံ၊ သူတော်မဟုတ် သူယုတ်တို့၏အကျင့်ကို။ ပရိဝဇ္ဇေမု၊ ကြဉ်ရှောင်ကြကုန်၏။ တသ္မာဟိ၊ ထိုသို့သောတရားကို ကျင့်သောကြောင့်သာလျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သောသူတို့သည်။ န မီယရေ၊ မသေကုန်၊

တရားကိုသာ လိုက်နာကြသည်

၉၄။ အာစရိယ၊ ဆရာ။ မယံ၊ ငါတို့သည်။ အသတဉ္ဇ ဓမ္မံ၊ သူတော်မဟုတ် သူယုတ်တို့၏ တရားကိုလည်းကောင်း။ သတဉ္စ ဓမ္မံ၊ သူတော်ကောင်းတို့၏ တရားကိုလည်းကောင်း။ သုဏောမ၊ နာကုန်၏။ စ အပိ၊ ထိုသူတော်မဟုတ် သူယုတ်တို့၏စကားကို နာကုန်သော်လည်း။ အသတံ ဓမ္မံ၊ သူတော်မဟုတ် သူယုတ်တို့၏ တရားကို။ န ရောစာမ၊ မနှစ်သက်ကုန်။ အသန္တေ၊ သူတော်မဟုတ် သူယုတ်တို့ကို။ ဟိတွာ၊ စွန့်ကုန်၍။ သန္တေ၊ သူတော်ကောင်းတို့ကို။ န ဇဟာမ၊ မစွန့်ကုန်။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သော သူတို့သည်။ န မီယရေ၊ မသေကုန်။

ကောင်းစွာလှူကြသည်

၉၅။ အာစရိယ၊ ဆရာ။ မယံ၊ ငါတို့သည်။ ပုဗ္ဗေဝ ဒါနာ၊ မလှူမီရှေးအဖို့၌လျှင်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဘဝါမ၊ ဖြစ်ကုန်၏။ ဒဒမ္ပိ၊ လှူစဉ်ဆဲဆဲ၌လည်း။ ဝေ၊ စင်စစ်။ အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်။ ဘဝါမ၊ ဖြစ်ကုန်၏။ ဒတွာပိ၊ လှူပြီး၍လည်း။ ပစ္ဆာ၊ နောက်ကာလ၌။ နာနုတပ္ပါမ၊ နောင်တမရှိကုန်။ တသ္မာဟိ၊ ထိုသို့ စေတနာသုံးတန်ပြတ်၍ လှူလေ့ရှိသောကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သော သူတို့သည်။ န မီယရေ၊ မသေကုန်။

ကောင်းစွာ ကျွေးမွေးကြသည်

၉၆။ အာစရိယ၊ ဆရာ။ မယံ၊ ငါတို့သည်။ သမဏေ စ၊ ကိလေသာငြိမ်းပြီးသော ပစ္စေကဗုဒ္ဓါတို့ကိုလည်းကင်ေး။ ဗြာဟ္မဏေ စ၊ မကောင်းမှုကို အပပြုကုန်သော အရိယာတို့ကိုလည်းကောင်း။ အဒ္ဓိကေ စ၊ ခရီးသွားတို့ကိုလည်းကောင်း။ ဝနိဗ္ဗကေ စ၊ သီချင်းသီ၍ တောင်းလာကုန်သော သူတို့ကိုလည်းကောင်း။ ယာစနကေ စ၊ သာမည တောင်းလာကုန်သောသူတို့ကိုလည်းကောင်း။ ဒလိဒ္ဓေ စ၊ သူဆင်းရဲတို့ကိုလည်းကောင်း။ အန္နေန စ၊ ထမင်းဖြင့် လည်းကောင်း။ ပါနေန စ၊ အဖျော်ဖြင့်လည်းကောင်း။ အဘိတပ္ပယာမ၊ လုပ်ကျွေးကုန်၏။ တသ္မာ ဟိ၊ ထို့ကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သော သူတို့သည်။ န မီယရေ၊ မသေကုန်။

ကာမေသုမှ ရှောင်ကြသည်

၉၇။ အာစရိယ၊ ဆရာ။ မယဉ္စ၊ ငါတို့သည်လည်း။ ဘရိယံ၊ မိမိမယားကို။ နာတိက္ကမာမ၊ လွန်၍ တစ်ပါးသော မိန်းမသို့ သွားလာခြင်း မရှိကုန်။ ဘရိယာ စ၊ မယားတို့သည်လည်း။ အမှေ၊ ငါတို့ကို။ နာတိက္ကမန္တိ၊ လွန်၍ တစ်ပါးသောယောက်ျားသို့ သွားလာခြင်း မရှိကုန်။ တာဟိ၊ ထိုသူ့လင် သူ့မယားတို့မှ။ အညတြ၊ ကြဉ်ကုန်၍။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရာမ၊ ကျင့်ကုန်၏။ တသ္မာဟိ၊ ထိုသို့ ကာမေသုမိစ္ဆာစာရမှ ကြဉ်လေ့ရှိသောကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သောသူတို့သည်။ န မီယရေ၊ မသေကုန်။

ငါးပါးသီလ မြဲကြသည်

၉၈။ အာစရိယ၊ ဆရာ။ မယံ၊ ငါတို့သည်။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ဝိရမာမ၊ ကြဉ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငါတို့သည်။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်မပေးသော ဥစ္စာကို။ ပရိဝဇ္ဇယာမ၊ ကြဉ်ကုန်၏။ အမဇ္ဇပါ၊ သေရည်သေရက်ကို မသောက်ကုန်။ နောပိ မုသာ ဘဏာမ၊ မုသားကိုလည်း မဆိုကုန်။ တသ္မာဟိ၊ ထိုသို့ ငါးပါးသီလ မြဲသောကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သောသူတို့သည်။ န မီယရေ၊ မသေကုန်။

ပညာရှိကို ဆည်းပူးကြသည်

၉၉။ အာစရိယ၊ ဆရာ။ သုတ္တမာသု၊ အလွန်မြတ်သော အကျင့်ရှိကုန်သော။ ဧတာသု၊ ထိုမိန်းမတို့၌။ ယေ ပုတ္တာ၊ အကြင် သားသမီးတို့သည်။ ဝေ၊ စင်စစ်။ ဇာယရေ၊ ဖြစ်ကုန်၏။ တေ ပုတ္တာ၊ ထိုမြတ်သော အကျင့်ရှိသောမိဘတို့၏ သားသမီးတို့သည်။ မေဓာဝိနော၊ လျင်သော ပညာရှိကုန်သည်။ ပဟူတပညာ၊ အမှုခပ်သိမ်း၌ စွမ်းနိုင်သော ပညာရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဗဟုဿုတာ စ၊ များသော အကြားအမြင် ရှိကုန်သည်လည်းကောင်း။ ဝေဒဂုနော စ၊ ကမ်းတဖက်ရောက် တတ်မြောက်ပြီးသော ပညာရှိကုန်သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တသ္မာဟိ၊ ထိုသို့ ပညာနှင့် ပြည့်စုံသောကြောင့်သာလျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သာ သူတို့သည်။ န မီယရေ၊ မသေကုန်။

ကုသိုလ်၁၀-ပါး ပြုကြသည်

၁၀၀။ အာစရိယ၊ ဆရာ။ အမှာကံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဖသည်လည်းကောင်း။ ဘဂိနီ စ၊ နှဓသည်လည်းကောင်း။ ဘာတရော စ၊ ညီနောင်တို့သည်လည်းကောင်း။ ပုတ္တာ စ၊ သား သ မီးတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ မယဉ္စ၊ ငါတို့သည်လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။ ပရလောကသေတု၊ တမလွန်ဘဝ၌ အပယ်လားရအံ့သည်မှ ကြောက်ကုန်သောကြောင့်။ ဓမ္မံ၊ ကုသိုလ်ဆယ်ပါးတရားကို။ စရာမ၊ ကျင့်ကြကုန်၏။ တသ္မာဟိ၊ ထိုသို့ ကုသိုလ်ဆယ်ပါးတရားကို ကျင့်ကုန်သောကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သော သူတို့ထည်။ န မီယရေ၊ မသေကုန်။

၁၀၁။ အာစရိယ၊ ဆရာ။ အမှာကံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒါသာ စ၊ ကျွန်တို့သည်လည်းကောင်း။ ဒါသျော စ၊ ကျွန်မိန်းမတို့သည်လည်းကောင်း။ အနုဇီဝိနော စ၊ မှီ၍ အသက်မွေးသော သူတို့သည်လည်းကောင်း။ ပရိစာရကာ စ၊ အလုပ်အကျွေးတို့သည်လည်းကောင်း။ ကမ္မကရာ စ၊ အမှုလုပ်တို့သည်လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။ ပရလောကဟေတု၊ တမလွန်ဘဝ၌ ဆင်းရဲအံ့သည်မှ ကြောက်ကုန်သောကြောင့်။ ဓမ္မံ၊ ကုသိုလ်ဆယ်ပါးတရားကို။ စရန္တိ၊ ကျင့်ကုန်၏။ တသ္မာဟိ၊ ထိုသို့ တရားကိုကျင့်ကုန်ကြောင့်လျှင်။ အမှံ၊ ငါတို့၏။ ကုလေ၊ အမျိုး၌။ ဒဟရာ၊ ပျိုရွယ်သောသူတို့သည်။ န မီယရေ၊ မသေကုန်။

တရားစောင့်က တရားကစောင့်သည်

အမျိုးတို့၏ စာရိတ္တကို ပြောဆိုပြီး၍၎င်းစာရိတ္တ၏ အာနိသံသဖလနှင့်တကွ သား၏ မသေသည်၏အဖြစ် အရိုးမဟုတ်သည်၏အဖြစ်ကို ပြောဆိုပြန်လိုရကား-

၁၀၂။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာ နိသံသော ဓမ္မေ သုစိဏ္ဏေဖ
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။
၁၀၃။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစရိံ၊
ဆတ္တံ မဟန္တံ ဝိယ ဝဿကာလေ။
ဓမ္မေန ဂုတ္တော မမ ဓမ္မပါလော၊
အညဿ အဋ္ဌီနိ သုခီ ကုမာရော။

ဟူသော ဤနှစ်ဂါထာတို့ဖြင့် တရားကိုကျင့်ကုန်သော သူတို့၏အကျိုးဆက်နှင့်တကွ ဆို၏။

၁၀၂။ အာစရိယ၊ ဒိသာပါမောက္ခဆရာ။ ဓမ္မော၊ ကုသိုလ်ဆယ်ပါး တရားသည်။ ဓမ္မစာရိံ၊ ကုသိုလ်ဆယ်ပါးတရားကို ကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်ပေတတ်၏။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ ကုသိုလ်ဆယ်ပါးတရားသည်။ သုခံ၊ သုံးပါးသော ချမ်းသာကို။ အာဝဟတိ၊ ရွက်ဆောင်တတ်၏။ ဓမ္မစာရီ၊ ကုသိုလ်ဆယ်ပါးတရားကို ကျင့်သောသူသည်။ ဒုဂ္ဂတိံ၊ အပါယ်လေးဘုံသို့။ န ဂစ္ဆတိ၊ မလားရ။ ဧသ ဧသော၊ ဤအပါယ်မလားးရခြင်း အကျိုးသည်။ သုစိဏ္ဏေ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မေ ဓမ္မဿ၊ ကုသိုလ်ဆယ်ပါးတရား၏။ အာနိသံသော၊ အကျိုးတည်း။

၁၀၃။ ဝဿကာလေ၊ မိုးရွာသောအခါ၌။ မဟန္တံ၊ ကြီးစွာသော။ ဆတ္တံ၊ ထီးသည်။ ဓာရေန္တံ၊ ဆောင်းသောသူကို။ တေမနတော၊ မိုးစွတ်ခြင်းမှ။ ရက္ခတိ ဝိယ၊ စောင့်သကဲ့သို့။ ဓမ္မော၊ ကုသိုလ်ဆယ်ပါး တရားသည်။ ဓမ္မစာရိံ၊ ကုသိုလ်ဆယ်ပါးတရားကို ကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်၏။ အာစရိယ၊ ဆရာ။ ဓမ္မေန၊ မိစောင့်သော တရားသည်။ ဂုတ္တော၊ စောင့်အပ်သော။ မမ ကုမာရော၊ ငါ၏သားဖြစ်သော။ ဓမ္မပါလော၊ ဓမ္မပါလသည်။ သုခီ၊ ချမ်းသာစွာအသက်ရှည်၏။ အဋ္ဌီနိ၊ ဆရာဆောင်ခဲ့သော အရိုးတို့သည်။ အညဿ၊ တစ်ပါးသော သတ္တဝါ၏။ အဋ္ဌီနိ၊ အရိုးတို့တည်း။

ထိုစကားကိုကြား၍ ဒိသာပါမောက္ခဆရာသည် ငါ၏လာခြင်းသည် များသော အကျိုးရှိ၏။ အကျိုးမရှိသည် မဟုတ် ဟု ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ဓမ္မပါလသတို့သား၏ ခမည်းတော်ပုဏ္ဏားကို ကန်တော့၍ ငါသည်လာသဖြင့် သင်တို့အား စုံစမ်းခြင်းငှာသာလျင် ဆိတ်ရိုးတို့ကို ဆောင်အပ်ကုန်၏။ သင်၏သား ဓမ္မပါလသည် အနာမရှိသည်သာလျှင်တည်း၊ သင်တို့သည် စောင့်အပ်သောတရားကို ငါ့အားလည်း ပေးကုန်လော့ ဟု ဆို၏။ ဆိုပြီး၍လျှင် ပေ၌ရေးပြီး၍ နှစ်ရက်သုံးရက် နေပြီးလျှင် တက္ကသိုလ်ပြည်သို့ သွား၍ ဓမ္မပါလလုလင်အား ခပ်သိမ်းသော အတတ်တို့ကို သင်စေ၍ များစွာသော အခြံအရံနှင့်တကွ ပို့လိုက်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ခမည်းတော် သုဒ္ဓေါဒန မင်းကြီးအား ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုကို ပြတော်မူသည်၏အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ မြတ်သောသာကီဝင် မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဖူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဒိသာပါမောက္ခ ဆရာ၏ ပရိသတ် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဓမ္မပါလသတို့သား ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သီလကိုဖြည့်၊ တရားပြည့်၊ ငယ်သည့်အခါ မသေရာ

ကိုးခုမြောက်သော မဟာဓမ္မပါလဇာတ်သည် ပြီး၏။

*****