မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၈

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၈။ မိဂါဇိန်ရှင်ရသေ့နှင့် တွေ့ခန်း

ထိုအခါ ဟိမဝန္တာဝယ် တစ်ခုသောရွှေဂူ၌ ဈာန်သမာပတ်စည်းစိမ်ကို ခံစား၍နေသော မိဂါဇိန်အမည်ရှိသော ရှင်ရသေ့သည် ၇-ရက်မြောက်၍ ဈာန်မှထသောအခါ နာရဒရှင်ရသေ့ကဲ့သို့ပင် လောကကိုကြည့်လေသော် ဘုရားလောင်းကိုမြင်သဖြင့် “မဟာဇနကမင်း တောထွက်ပါသည်ကို မိဖုရားပြည်သူတို့သည် လွတ်လွတ်မသွားရအောင် နောက်ကထက်ကြပ် ကပ်၍လိုက်ကြဘိ၏။ ထိုမင်းအား ရဟန်း၏အန္တရာယ် မဖြစ်စေခြင်းငှာ ငါသွား၍ အဆုံးအမပေးရသော် ကောင်း၏”ဟုကြံပြီးလျှင် ရှေးနည်းအတူ ကောင်းကင်ခရီးဖြင့်လာလတ်၍ ဘုရားလောင်းရှေ့တူရူ ကောင်းကင်ပြင်၌ရပ်လျက် အမည်အမျိုးကို မေးမြန်းပြောဆိုပြီးလျှင်-

“ဗဟူ ဟတ္ထီ စ အဿေ စ၊ နဂရေ ဇနပဒါနိ စ။

ဟိတွာ ဇနက ပဗ္ဗဇိတော၊ ကပါလေ ရတိမဇ္ဈဂါ။”

“ကစ္စိ နု တေ ဇာနပဒါ၊ မိတ္တာ မစ္စာ စ ဉာတကာ။

ဒုဗ္ဘိမကံသု ဇနက၊ ကသ္မာ တေ တံ အရုစ္စထ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မဟာဇနကမင်း။ ရွာ, နိဂုံး, မြို့ငယ်များစွာတို့၏ အခွန်ဆက်ရာဖြစ်၍ ဆင်, မြင်း, ရထား, ခြေသည်, သူဌေး သူကြွယ်, အမတ်, ပုရောဟိတ်, မင်းဆွေမင်းမျိုးတို့ဖြင့်ပြွမ်းသော မိထိလာပြည်ကြီးစည်းစိမ်ဝယ် အဖိုးများစွာထိုက်သော အဝတ်တန်ဆာတို့ကိုလည်းကောင်း၊ ပိုလ်၁၀၀ အချိန်ရှိသော ရွှေလင်ပန်းကိုလည်းကောင်း စွန့်ပစ်၍၊ အဖိုးမထိုက်သောဤသင်္ကန်းကို ဝတ်လျက်, အဖိုးမထိုက်သောဤမြေသပိတ်ကိုလွယ်ပိုက်ကာ ထွက်လာခဲ့ရသည်မှာ အကြောင်းအသို့နည်း။ သင့်ကို ဆွေတော်မျိုးတော်, မှူးမတ်ပြည်သူတို့သည် မနှစ်မြို့၍ ပြည်တိုင်းကားမှ ဟိမဝန္တာတောအရပ်သို့ ပို့ဆောင်ထုတ်နှင်လိုက်ခြင်းကြောင့် ပြည်သူတို့ကိုမလွန်နိုင်သဖြင့် ဤမြေခွက်ကို နှစ်သက်ရလေသလော”ဟု မေး၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် အပြစ်မရှိသောအဖြစ်ကို ပြလို၍-

“န မိဂါဇိန ဇာတုစ္ဆေ၊ အဟံ ကိဉ္စိ ကုဒါစနံ။

အဓမ္မေန ဇိနေ ဉာတိံ၊ န စာပိ ဉာတယော မမံ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သစ်နက်ရေသင်္ကန်းကို ဝတ်ရုံတော်မူသော ရှင်ရသေ့။ ကျွန်ုပ်သည် မိထိလာပြည်ကြီး၌ အနှစ်၇၀၀၀-ပတ်လုံး မင်းပြု၏။ ကျွန်ုပ် မင်းပြုသည့်ကာလ၌ အဆွေအမျိုးတို့ကို လည်းကောင်း၊ မှူးမတ်,ပြည်သူတို့ကိုလည်းကောင်း မည်သည့်အခါ မည်သည့်အမှုတွင်မျှ မတရားသဖြင့် ကျွန်ုပ် မအောင်ရစဘူး။ ဆွေမျိုး,မှူးမတ်တို့သည်လည်း ကျွန်ုပ်ကို မည်သည့်အခါ မည်သည့်အမှုတွင်မှ မတရားသဖြင့် မအောင်ရစဘူး။ တရားသဖြင့်သာလျှင် ဆွေမျိုး, မှူးမတ်, ပြည်သူတို့ကို စိုးအုပ်သည်ဖြစ်၍ တစ်စုံတစ်ယောက်မျှ အကျွန်ုပ်ကို ပြစ်မှားမည့်သူ မရှိ”ဟု ရှင်ရသေ့ကို ချေဆိုတော်မူ၏။

ဘုရားလောင်းသည် ရှင်ရသေ့စကားကို ချေဆိုတော်မူပြီးလျှင် မြတ်သောတောထွက်ခြင်းကို ပြတော်မူလိုပြန်၍-

“ဒိသွာန လောကဝတ္တန္တံ၊ ခဇ္ဇန္တံ ကဒ္ဒမီကတံ။

ဟညရေ ဗဇ္ဈရေ စေတ္ထ၊ ယတ္ထ သန္နော၊ ပုထုဇ္ဇနော။

ဧတာဟံ ဥပမံ ကတွာ၊ ဘိက္ခကောသ္မိ မိဂါဇိန။”

ဟူသော တစ်ဂါထာခွဲဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“သစ်နက်ရေသင်္ကန်းကို ဝတ်တော်မူသော ရှင်ရသေ့။ ဤလောက၌ လူအပေါင်းကို ဝတ္ထုကာမ, ကိလေသာကာမဟု ဆိုအပ်သောပိုးသည် မပြတ်ကိုက်ခဲအပ်၏။ ထို ကိလေသာတည်းဟူသော ညွန်ပျောင်းသည် မပြတ်လိမ်းကျံအပ်၏။ ကိလေသာတည်းဟူသော ကြိုးဖြင့် မပြတ်နှောင်ဖွဲ့အပ်၏။ ထိုကိလေသာတည်းဟူသော ပိုး, ညွန်ပျောင်း, ကြိုးအနှောင်အဖွဲ့တို့၌သာလျှင် မလိမ္မာသောပုထုဇဉ်တို့သည် နှစ်သက်ခြင်းဖြင့် မွေ့လျော်ကုန်၏။ ထိုသို့ မွေ့လျော်ကုန်သော ပုထုဇဉ်တို့အား သံသရာဝဋ်ဆင်းရဲတည်းဟူသော ဘေးရန်တို့သည် မပြတ်နှိပ်စက်အပ်ကုန်၏။ ထိုသို့ မလိမ္မာသောပုထုဇဉ်တို့၏ ကျင့်စဉ်ပြုစဉ် ပဝေဏီဟုဆိုအပ်သော လောကဝတ်၌ အပြစ်ကိုမြင်သောကြောင့် ဝဋ်တရားမှ ထွက်မြောက်လွယ်ခြင်းငှာ “ဤအဝတ်ကိုဝတ်လျက် ဤခွက်ဖြင့် အသက်မွေး၍ တရားကို ပွားစေအံ့”ဟု အကျွန်ုပ် ရဟန်းပြုသတည်း။ သံသရာဘေးဖြင့် မလန့်နိုင်ဘဲ အပြစ်ဒဏ်သင့်၍ ရဟန်းပြုသည်မဟုတ်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မိဂါဇိန်ရှင်ရသေ့သည် နှစ်သက်သောနှလုံး ရှိသည်ဖြစ်၍ ဘုရားလောင်းစကားကို အကျယ်အားဖြင့် နာလိုပြန်သောကြောင့်-

“ကောနု တေ ဘဂဝါ သတ္ထာ၊ ကဿေတံ ဝစနံ သုစိ။

န ဟိ ကပ္ပံ ဝါ ဝိဇ္ဇံ ဝါ၊ ပစ္စက္ခာယ ရထေသဘ။

သမဏံ အာဟု ဝတ္တန္တံ၊ ယထာ ဒုက္ခဿ တိက္ကမော။”

ဟူသော တစ်ဂါထာခွဲဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်တိုင်းကြီးရှင်ဖြစ်သော မင်းမြတ်။ ယခု သင်ဆိုသောစကားသည် အလွန်ခက်ခဲ၏။ အဘယ်ဆရာ့ထံမှ ရအပ်သော စကားနည်း။ သင်၏ဆရာကား အသူနည်း။ သင်ဆိုသောစကားကား အလွန်သန့်ရှင်းစင်ကြယ်သော စကားတည်း။ ဤစကားကို ဈာန်အဘိညာဉ်နှင့်ပြည့်စုံသော ကမ္မဝါဒီရသေ့ အာသဝက္ခယဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံသော ပစ္စေကဗုဒ္ဓါတို့မှတစ်ပါး အစမူ၍ မဟောပြနိုင်ရာ။ ထိုဘုရား,ရသေ့တို့ကို အမှီမရဘဲလည်း သင်ဆိုသောကျင့်ဝတ်တရားကို မကျင့်နိုင်ရာ။ မင်းကြီး။ သင်ဆိုတိုင်း အကြင်ပုဂ္ဂိုလ်သည် ဝဋ်တရားကို လွတ်မြောက်နိုင်သည်ဖြစ်အံ့။ ထိုသူကို “သမဏ”ဟု ဆိုစအပ်၏။ ဘုရားတို့၏အရာဖြစ်သောစကားကို သင်ဆိုသည်ဖြစ်သောကြောင့် သင်၏ဆရာသည် ဘုန်းကြီးသောဘုရား ဖြစ်ရာ၏။ ဟုတ်မှန်တိုင်း ဆိုလော့။ သင်၏ဆရာ အသူနည်း”ဟု မေး၏။

ရှင်ရသေ့စကားကိုကြားလျှင် ဘုရားလောင်းသည် အမေးနှင့်တန်ရုံ ရှေးဦးစွာပြန်ကြားလို၍-

(ဤသို့ မိဂါဇိန်ရှင်ရသေ့သည် ဘုရားလောင်းအား “သင့်အလိုအလျောက်ပင် ကာမဂုဏ်ကိုရွံရှာ၍ ရဟန်းပြုသလော”ဟူ၍သာ အိုးတန်ဆန်ခတ်စကားကိုမမေးဘဲ အရိုးကိုဖြတ်လှီးမှ အသီးအနှံပါမည့် အရည်ရှိသဖြင့် ဘုရားလောင်း၏ တောထွက်သော အခြင်းအရာကို အကျယ်နားထောင်လိုသောကြောင့် ဘုရားလောင်းစကားကိုချီးမြှောက်လျက် ကောက်ပင်ရိတ်ဖြတ်ခြင်းစကားမျိုးဖြင့် နားထောင်လိုရင်းမဟုတ်သောအရာကို အလေးပြု၍ မေးလေသတည်း။)

‘‘န မိဂါဇိန ဇာတုစ္ဆေ၊ အဟံ ကိဉ္စိ ကုဒါစနံ။

သမဏံ ဗြာဟ္မဏံ ဝါပိ၊ သက္ကတွာ အနုပါဝိသိံ။”

ဟူသောဂါထာဖြင့် ဖြေဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“မိဂါဇိန် ရှင်ရသေ့။ အကျွန်ုပ်သည် ရဟန်းပြုခြင်း၏ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ရဟန်းတို့ကျင့်ဝတ်တရားကိုလည်းကောင်း သိလို၍မေးလျှောက်သဖြင့် ပူဇော်သက္ကာရအထူးနှင့် မည်သည့်ဆရာ့ထံသို့မျှ မဆည်းကပ်စဖူး။ မည်သည့်ဆရာမျှလည်း အကျွန်ုပ်အား ရဟန်းကျင့်ဝတ်, ရဟန်းတို့၏ဂုဏ်ကျေးဇူးကို ပြညွှန်ဟောကြားဖူးသည် မရှိ”ဟု ဆို၏။

(ဤအရာ၌ ဘုရားလောင်းသည် အရှင်ပစ္စေကဗုဒ္ဓါတို့အား မပြတ်ဆွမ်းလုပ်ကျွေးသော ဥပါသကာစင်စစ်မှန်လျက် ဤရဟန်းပြုခြင်း၌ “အကျွန်ုပ် မေးမြန်းဆည်းကပ်သော ဆရာ မရှိ”ဟု ဆိုလေသည်ကား-

“န ကဒါစိ ဥဒ္ဒိဿဝသေန ပဗ္ဗဇာယ ဂုဏော ပုစ္ဆိတပုဗ္ဗော။”ဟု အဋ္ဌကထာဖွင့်သောကြောင့် အရှင်ပစ္စေကဗုဒ္ဓါတို့ကို မပြတ်လှူဒါန်းဆည်းကပ်လျက် တရားတော်ကိုနာသော်လည်း ရဟန်းပြုခြင်း၏ ဂုဏ်ကျေးဇူးကိုရည်မှတ်၍ မလျှောက်မထားဘူးသောကြောင့် “ဆရာ မရှိ”ဟု ဆိုလေသည်ဟု သိအပ်၏။)

ထို့နောက် ရဟန်းပြုသောအကြောင်းကို အရင်းကစ၍ အကျယ်ပြန်ကြားခြင်းငှာ-

“မဟတာ စာနုဘာဝေန၊ ဂစ္ဆန္တော သိရိယာ ဇလံ။

ဂီယမာနေသု ဂီတေသု၊ ဝဇ္ဇမာနေသု ဝဂ္ဂုသု။”

“တူရိယာတာဠသင်္ဃုဋ္ဌေ၊ သမ္မာတာဠသမာဟိတေ။

သ မိဂါဇိန မဒ္ဒက္ခိံ၊ ဖလံ အမ္ဗံ တိရောစ္ဆဒံ။”

“ဟညမာနံ မနုဿေဟိ၊ ဖလကာမေဟိ ဇန္တုဘိ။

သော ခေါဟံ တံ သိရိံ ဟိတွာ၊ သြရောဟိတွာ မိဂါဇိန။”

“မူလံ အမ္ဗဿု ပါဂစ္ဆိံ၊ ဖလိနော နိပ္ဖလဿ စ။

ဖလိံ အမ္ဗံ ဟတံ ဒိသွာ၊ ဝိဒ္ဓံသ္တံ ဝိနဠီကတံ။”

“အထေကံ ဣတရံ အမ္ဗံ၊ နီလောဘာသံ မနောရမံ။

ဧဝမေဝ နုနမှေဟိ၊ ဣဿရေ ဗဟုကဏ္ဋကေ။”

“အမိတ္တာ နော ဝဓိဿန္တိ၊ ယထာ အမ္ဗော ဖလီဟတော။

အဇိနမှိ ဟညတေ ဒီပိ၊ နာဂေါ ဒန္တေဟိ ဟညတိ။”

ဓနမှိ ဓနိနော ဟန္တိ၊ အနိကေတမသန္ထဝံ။

ဖလီ အမ္ဗော အဖလော စ၊ တေ သတ္ထာရော ဥဘော မမ။”

]

ဟူသော ၆-ဂါထာတို့ဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“မိဂါဇိန် ရှင်ရသေ့ စင်စစ်သော်ကား သရက် ၂-ပင်သာလျှင် ကျွန်ုပ်ဆရာ ဖြစ်တော့သည်။ အသို့ဖြစ်သနည်းဟူမူကား- “တစ်နေ့သ၌ ဆင်၊ မြင်း, ရထား, ခြေသည် မှူးမတ်, ပုရောဟိတ်, မင်းညီမင်းသားအပေါင်းခြံရံလျက် မြှောက်စည်, ထက်စည်, ခရာ, စောင်း, ငြင်း, မောင်း, ကြေးနင်း, ဒုံမင်း, ပတ်သာ များစွာသော တီးမှုတ်မျိုးတို့ဖြင့် မြေပြင်သိမ့်မျှတီးမှုတ်၍ ဥယျာဉ်သို့ ကျွန်ုပ် ထွက်စံသောအခါ ဥယျာဉ်တံခါးဝတွင် စောင်ရန်းတွင်း၌ အမြစ်, အပင်ရောက်၍ အခက်အလက် စောင်ရန်းပြင်သို့ထွက်လျက် သရက် ၂-ပင်တို့သည် ရှိကုန်၏။ ထို သရက် ၂-ပင်တို့တွင် တစ်ပင်ကား အခက်အရွက်ပြည့်စုံစွာ စိမ်းစိမ်းဖပ်ဖပ်၊ တစ်ပင်ကား အခက်အရွက်မပြည့်စုံ စနောင့်စနင်းရှိသည်ကို မြင်သောကြောင့် “ထို ၂-ပင်သည် ရေမြေ အပြုအစု မခြားဘဲလျက် ခက်ရွက်အနုအပျို၊ မတူကြသည်မှာ အကြောင်းအသို့နည်း”ဟု ကြံမိသဖြင့် ဆင်ပေါ်မှ သရက်ပင်ရင်းသို့ ချဉ်းကပ်ကြည့်ရှုလျက် ထိုအကြောင်းကို အမတ်တို့အား အကျွန်ုပ်မေးလျှင်၊ ဤအပင်ကား အသီးသီးသောကြောင့် လူညှဉ်းဆဲ၍ ခက်ရွက်ပျက်စီးသဖြင့် စနောင့်စနင်း ရှိနေပါသည်။ ဤအပင်ကား အသီးမသီးသောကြောင့် အဖျက်လွတ်သဖြင့် ခက်ရွက်ဝေဝေဖားဖား ရှိပါသည်”ဟု လျှောက်ထားကြသောစကားကို ကြားရသောခဏ၌ပင် “မင်းစည်းစိမ်သည် အသီးသီးသောသရက်ပင်နှင့် တူ၏။ ရဟန်းအဖြစ်သည် အသီးမသီးသော သရက်ပင်နှင့်တူ၏”ဟု ဥပမာထား၍ ထိတ်လန့်ခြင်းဖြစ်သဖြင့် ကျွန်ုပ် ရဟန်းပြုသတည်း။

“မိဂါဇိန်ရှင်ရသေ့။ သစ်ကိုလည်း အရေကိုလိုသောကြောင့် သတ်ကုန်၏။ ဆင်ကိုလည်း အစွယ်ကိုလိုသောကြောင့် သတ်ကုန်၏။ အစိုးရကုန်သောသူတို့အားလည်း စည်းစိမ်ကြောင့် များစွာသော ရန်စူးရန်ငြောင့်ရှိသဖြင့် ရန်သူတို့သည် ဖျက်ဆီးကုန်ရာ၏။ အိမ်ရာစည်းစိမ် မရှိ, ကိလေသာဖြင့် အဆွေခင်ပွန်းဖွဲ့အပ်သော အဖော်လည်း မရှိ, တစ်ယောက်အထီးတည်း နေရသောသူအားကား အဘယ်ရန်သူ ညှဉ်းဆဲပါအံ့နည်းဟုကြံ၍ ရဟန်းအဖြစ်သို့ အခါမပြတ်ညွတ်လျက် ထို သရက် ၂-ပင်လျှင် ဆရာရှိသဖြင့် ယခု ကျွန်ုပ် တောထွက်ခဲ့ပါသည်” ဟုဆို၏။

ထိုသို့ ဘုရားလောင်းစကားကိုကြားလျှင် မိဂါဇိန်ရှင်ရသေ့သည် နှစ်လိုသောစိတ်ရှိသဖြင့် “မဟာဇနကမင်း။ ကောင်းစွာ, ကောင်းစွ။ ယခုစွဲယူမိသည့်စိတ်ကို ရန်သူမဖျက်ဆီးရအောင် လုံ့လပြု၊ မမေ့မလျော့စေနှင့်”ဟု အဆုံးအမပေးပြီးလျှင် မိမိနေရာ ဟိမဝန္တာရွှေဂူသို့ ပြန်သွားလေ၏။

ထိုအခါ မိဂါဇိန်ရှင်ရသေ့ ပြန်သွားသည်၏အခြားမဲ့၌ အိမ်ရှေ့မင်းမယ်တော်သည် ထိပ်ထက်လက်စုံရှိခိုးလျက် ဘုရားလောင်း၏ခြေဖမိုးတော်အစုံကို ဦးခိုက်၍-

“သဗ္ဗာ ဇနော ပဗျာဓိတော၊ ရာဇာ ပဗ္ဗဇိတော ဣတိ။

ဟတ္တာရောဟာ အနီကဋ္ဌာ၊ ရထိကာ ပတ္တိကာရကာ။”

“အဿာသယိတွာ ဇနတံ၊ ဌပယိတွာ ပဋိစ္ဆဒံ။

ပုတ္တံ ရဇ္ဇေ ဌပေတွာန၊ အထ ပစ္ဆာ ပဗ္ဗဇိဿသိ။”

ဟူသော ၂-ဂါထာတို့ဖြင့် လျှောက်တောင်းပန်ပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု ကိုယ်တော်ရဟန်းပြုသည်မှာ သိကောင်းသိရာ တစ်စုံတစ်ယောက်ကိုမျှ တိုင်ပင်ပြောဆိုတော်မမူဘဲ သူခပ်သိမ်းတို့ အရိပ်ခိုရာဖြစ်သော ပညောင်ပင်ကြီး ထီးဗိတာန်အချက်ကို ငှက်ဂဠုန်သိမ်းခတ်၍ လတ်တလောချင်း ပါလေသကဲ့သို့ ကိုယ်တော်စိတ်အကြံနှင့်သာ ခဏချင်း ရဟန်းပြုတော်မူခဲ့သောကြောင့် ဆွေတော်မျိုးတော်, မှူးမတ်, ပြည်သူလူအပေါင်းတို့သည် ရင်ထုမနာ ကိုးရာမရ ခဏချင်းဥပဒ်ကြိမ်၍ ညှိုးပိန်သောစိတ်ဖြင့် အရိပ်ခိုရာမတွေ့ ရန်ငွေ့ပူလောင်မည့်နောင်ရေးများကို တွေးတိုင်းကြံတိုင်း ထိတ်လန့်ခြင်းပြင်းစွာနှင့်တစေ ရှိကြပါသည်။ ရဟန်းပြုတော်မူလိုလျှင် အထက်ကပင် မြှောက်တန်နှိပ်တန်သည့်သူတို့ကို တရားနှင့်လျော်အောင် အသင့်အတင့်ထုံးဖွဲ့ စီမံတော်မူ၍ အမှာအထား အဆုံးအမပေးတော်မူပြီးမှ ရဟန်းပြုပါလေသော် နေရောင်ပျောက်လျှင် လရောင်ရောက်လာသကဲ့သို့ ဘုန်းရောင်မပြတ် ငြိမ်ဝပ်ခြင်း ဖြစ်ကောင်းပါလေ၏။ သို့သော်လည်း လွန်ပြီးသည်ကို တ၍ ရနိုင်တော့မည် မဟုတ်။

“ယခုသာ သူခပ်သိမ်းတို့၏ချမ်းသာကို ဆောင်လေ့ရှိသည်နှင့်အညီ နေပြည်တော်သို့ ပြန်လည်တော်မူ၍ သားတော်ဒီဃာဝုကို မင်းစည်းစိမ်၌ ရွှေလက်တော်ဖြင့် အပ်နှင်းချီးမြှောက်တော်မူ၍ ပြည်သူအပေါင်းတို့၏ ကိုးကွယ်ရာပြုတော်မူပြီးမှ ပြည်ထဲရေးအမှု လူ့ကိစ္စကိုနားမထောင်ဘဲ နန်းတွင်းမှာပင် နေလိုလည်းနေတော်မူရပါ၏။ ဥယျာဉ်တော်မှာ ရဟန်းပြု၍ နေလိုလည်း နေတော်မူရပါ၏။ ယခု ကြွတော်မူရာ ဟိမဝန္တာသို့ကြွ၍ နေမည်ဆိုသော်လည်း နေတော်မူရပါ၏။ ထိုသို့ ပြည်ထဲရေးကိစ္စကို ထုံးဖွဲ့ စီမံတော်မူပြီးမှဖြစ်လျှင် အလိုရှိတိုင်းပင် ပြုတော်မူရပါ၏။ ယခုမူကား အခွင့်မကျေသေးဖြစ်သောကြောင့် ပြည်တော်သို့ပြန်တော်မူမှ သင့်ပါမည်”ဟု လျှောက်၏။

ဘုရားလောင်းလည်း ပြကတေ့သောသွားမြဲဖြင့် မရပ်မူ၍ မိဖုရားစကားကိုကြားလျှင် တစ်ခုခုသော ပလိဗောဓကိုမျှ ငဲ့ကွက်ခြင်း မရှိလေပြီးသောအဖြစ်ကို ပြတော်မူလို၍-

“စတ္တာ မယာ ဇာနပဒါ၊ မိတ္တာ မစ္စာ စ ဉာတကာ။

သန္တိ ပုတ္တာ ဝိဒေဟာနံ၊ ဒီဃာဝု ရဋ္ဌဝဍ္ဎနော။

တေ ရဇ္ဇံ ကာရယိဿန္တိ၊ မိထိလာယံ ပဇာပတိ။”

ဟူသော တစ်ဂါထာခွဲဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“ပြည်ထဲရှင်မ။ နိဂုံး မြို့ရွာ ဇနပုဒ်သားတို့ကိုလည်းကောင်း၊ သင်မှစ၍ ဘုံနန်းနေ ခင်ပွန်းရှိသမျှတို့ကိုလည်းကောင်း၊ သားသမီး, ချွေးမစသော အဆွေအမျိုးအပေါင်းတို့ကိုလည်းကောင်း၊ စစ်သူကြီး, မှူးမတ်, ပုရောဟိတ်, သူရဲအပေါင်းတို့ကိုလည်းကောင်း၊ တိုင်းကြီး, ပြည်ကြီး, ထီးနန်းစည်းစိမ်ကိုလည်းကောင်း ငဲ့ကွက်ခြင်းမရှိ စွန့်ပစ်တော်မူ၍ ရဟန်းအဖြစ်၌ ယခု ငါ တည်တော်မူပြီးဖြစ်သောကြောင့် ရဟန်းဖြစ်သောငါ့အား သားသမီးဟူ၍ မရှိပြီ။ ဝိဒေဟရာဇ်တိုင်းကြီးသူတို့၏ နေ့တိုင်းမျက်ရှု သားဟုမှတ်၍ ချစ်မြတ်နိုးအပ်သော ဒီဃာဝုသတို့သားသည်ကား ထီးနန်းရှင်တို့၏သားလည်း မှန်၏။ နှလုံးအသိပညာလည်း လိမ္မာယဉ်ကျေး၏။ မိမိစီးပွား, သူတစ်ပါးစီးပွား ၂-ပါးကို စဉ်းစားမြော်ချင့်၍ အသင့်စီမံ ဝေဖန်ခွဲခြားနိုင်သော ဗလစွမ်းအင်နှင့်လည်း ပြည့်စုံ၏။ သင်ရာ, တတ်ရာသည့် အတတ်မျိုးတို့၌လည်း တတ်သိကျွမ်းကျင်၏။ ထို ဒီဃာဝုသတို့သားသည် ငါကဲ့သို့ပင် ဝိဒေဟရာဇ်တိုင်းကြီး၏ အစီးအပွားကိုဆောင်၍ ပြည်စည်းစိမ်ကို သိမ်းမြန်းစိုးအုပ်လတ္တံ့။ ငါ မထုံးမဖွဲ့ခဲ့၍ ပြည်သူတို့အား ကိုးကွယ်ရာမဲ့ မရှိနိုင်ပြီ”ဟု ဆို၏။

ဘုရားလောင်းစကားကိုကြားလျှင် အိမ်ရှေ့မင်းမယ်တော်သည် ဘုရားလောင်းနောက်တော်က အစဉ်တစိုက်လိုက်လျက် “အရှင်မင်းကြီး။ ကိုယ်တော် ရဟန်းပြုခဲ့လျှင် ဘုရားကျွန်မကား တစ်ယောက်ထီးတည်း အသို့နေရပါအံ့နည်း။ မကြံနိုင်အောင် ကိုယ်တော်ပြုခဲ့၏တကား”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် အိမ်ရှေ့မင်းမယ်တော်အား အကြံပေးလို၍-

“ဧဟိ တံ အနုသိက္ခာမိ၊ ယံ ဝါကျံ မမ ရုစ္စတိ။

ရဇ္ဇံ တုဝံ ကာရယသိ၊ ပါပံ ဒုစ္စရိတံ ဗဟုံ။”

“ကာယေန ဝါစာ မနသာ၊ ယေန ဂစ္ဆသိ ဒုဂ္ဂတိံ။

ပရဒိန္နကေန ပရနိဋ္ဌိတေန၊ ပိဏ္ဍေန ယာပေတိ သ ဓီရဓမ္မော။”

ဟူသော ၂-ဂါထာတို့ဖြင့် အဆုံးအမ ပေးတော်မူ၏။

အဓိပ္ပာယ်ကား-

“ပြည်ထဲရှင်မ ကောင်းပြီ။ သင် မကြံနိုင်လျှင် ဤသို့လာလှည့်။ ငါ အကြံပေးအံ့။ ယခု သင့်သား မင်းပြုလျှင် အမှုအခွင့်မျိုးကို သင် မစောင်မမဘဲ မနေနိုင်ရာ။ ကြည့်ရှုစောင်မရသဖြင့်လည်း မဖြောင့်သောအမှုကို အဖြောင့်ပြုခြင်း၌ အလွန်ခဲယဉ်းလှသည်ဖြစ်၍ ကိုယ်,နှုတ်,နှလုံး ၃-ပါးတွင် တစ်ပါးပါးဖြင့် ထိုအမှုကိုမှီ၍ ဒုစရိုက်သာ ပွားရာ၏။ ထိုဒုစရိုက်သည် ကောင်းသောဂတိသို့ ပို့ဆောင်တတ်သည် မဟုတ်။ ယုတ်ညံ့ဆင်းရဲစွာ ၄-ဖြာသောအပါယ်သို့ ပို့ဆောင်တတ်သောသဘောသာ ဖြစ်၏။

“ယင်းသို့ဖြစ်သောကြောင့် သားနှင့်အတူနေလျှင် မကောင်းမှုသာများ၍ အပါယ်လားတော့မည်။ တစ်အိမ်တစ်လုတ် ရတတ်သမျှဆွမ်း, ရတတ်သမျှသင်္ကန်းနှင့် သပိတ်လက်စွဲလျက် ရဟန်းပြုပြီးလျှင် ကုသိုလ်ပွားရာအရပ်၌သာ တစ်ယောက်တည်းချင်း ကမ္မဋ္ဌာန်းကိုရှေးရှု၍ နေလေတော့။ ထိုသို့နေခြင်းသည်လျှင် သူတော်ကောင်းတို့ ချီးမွမ်းအပ်သောဓလေ့ ဖြစ်တော့သည်”ဟု ဆုံးမတော်မူ၏။

ဤသို့ အချင်းချင်းစကားပြောဟော၍ သွားစဉ်ပင် ထိုနေ့ နေဝင်ချိန်ရောက်ခဲ့၍ “ထူဏ”အမည်ရှိသော မြို့ကိုမရောက်မီတွင် အိမ်ရှေ့မင်းမယ်တော်လည်း သင့်ရာအရပ်၌ သစ်တပ်တည်၍ ညဉ့်တည်းနေလေ၏။

ဘုရားလောင်းလည်း လူပရိသတ်နှင့် မနီးမဝေးဖြစ်သော သစ်တစ်ပင်ရင်း၌ ညဉ့်တည်းနေတော်မူလေ၏။ နံနက်မိုးသောက် ရောက်လတ်သော် ဘုရားလောင်းသည် ထိုစခန်းမှ ကြွသွားတော်မူပြန်လေ၏။ အိမ်ရှေ့မင်း မယ်တော်လည်း မှူးမတ်, ဗိုလ်ပါတို့ကို “သင်တို့ နောက်မှ ဖြည်းဖြည်းသာသာ လာခဲ့ကြတော့”ဟုဆို၍ တစ်ယောက်တည်းချင်း ဘုရားလောင်းနောက်တော်သို့ အမီလိုက်လေ၏။ ထို မင်း, မိဖုရား ၂-ပါးတို့သည် ခရီးအစဉ်အတိုင်းသွား၍ ဆွမ်းခံဝင်အချိန်တွင် ထူဏမြို့သို့ ရောက်ကြလေ၏။