မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၈

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၈။ မင်းသမီး အလိုစမ်းခန်း

ထိုအခါ အမတ်တို့လည်း ဥတုဇရုပ်အကြွင်းမျှသာဖြစ်သော မင်း၏ကိုယ်ကို ၇-ရက်အတွင်း၌ ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်းကိုပြု၍ မင်းလွန်သည်မှ ၇-ရက်မြောက်လတ်သော် ဘုရားလောင်းမင်းသား ဥယျာဉ်သို့ရောက်သောနေ့၌ပင် မှူးမတ်, ပုရောဟိတ်အပေါင်းတို့သည် လွှတ်သဘင်၌ အညီအညွတ်စည်းဝေး၍ ဤသို့တိုင်ပင်ကြ၏။

“မှူးတော်မတ်တော်တို့။ အကျွန်ုပ်တို့အရှင်မင်းကြီးသည် “သမီးတော် နှစ်သက်ရာသူကို ထီးနန်းနှင်းလေ”ဟု မှာထားတော်မူခဲ့သည့်အတိုင်း အလားအလာကို ထောက်မြော်ချင့်လျှင် စစ်သူကြီးသည် မင်းသမီးနှင့်လည်း အကျွမ်းဝင်၏။ အရှင်ရှိစဉ်ကပင်လျှင်လည်း အလုံးစုံသောပြည်ထဲရေးကိုလွှဲ၍ စစ်သူကြီးအရာ၌ ခန့်ထားစီရင်ရသူဖြစ်ခြင်းကြောင့် ဗလ ၃-တန် စွမ်းအင်ရဲရင့်ခြင်းမှာ မရှိ မဆိုသာ ဖြစ်တော့သည်။ ယင်းသို့ဖြစ်၍ စစ်သူကြီးကို စူးစမ်းရသော် မကောင်းလော”ဟု တိုင်ပင်ကြသဖြင့်၊ “ကောင်းပြီ"ဟု အများညီညွတ်ကြပြီးလျှင် ထိုအကြောင်းကိုစာစီ၍ အမတ်တစ်ယောက်ကို စာနှင့် စစ်သူကြီးအိမ်သို့လွှတ်ကာ စေလိုက်၏။

ထိုစကားကို စစ်သူကြီးကြားလျှင် ဝမ်းမြောက်ဝမ်းသာ “ကောင်းပါပြီ”ဟု ဝန်ခံလိုက်၍၊ ထိုနေ့ ညချမ်းအချိန်ရောက်သောအခါ စစ်သူကြီးသည် “မင်းသမီးကို စူးစမ်းအံ့”ဟု နန်းတော်သို့သွား၍ နန်းတော်တံခါးဝသို့ရောက်လျှင်၊ ဤသို့သောအကြောင်းနှင့် စစ်သူကြီးလာကြောင်းကို မင်းသမီးအား ကြားစေ၏။

ထိုအကြောင်းကို မင်းသမီးကြား၍ ဤသို့ကြံ၏။ “မင်း၏စည်းစိမ်ကို စံမည့်သူဟူသည်ကား အလွန်ခဲလှ၏။ အမှုအထိုက်အလိုက်ကို မသိ၊ သမာဓိ မတည်၊ အရည်အသွား ယောက်ျားမြတ်လက္ခဏာ မညီသူဖြစ်ချေလျှင် ပြည်ထဲရေးလည်း မချမ်းသာ၊ ငါလည်း မနှစ်မြို့၊ ယခုဖို့လည်း ကောင်းကျိုးမထင်။ သံသရာလည်း ဝန်မလွတ် ရှိတော့မည်။ ဤသို့ဖြစ်၍ ထီးဖြူ၏ကျက်သရေကို ဆောင်ခြင်းငှာထိုက်သောသမာဓိ ရှိမည်, မရှိမည်ကို ထိုစစ်သူကြီးအား ငါ အလိုစမ်းဦးအံ့”ဟု ကြံပြီးလျှင်၊ ဤသို့သောအကြောင်းနှင့် စစ်မှူးမင်းနန်းတော်တံခါးဝသို့ ရောက်သည်ဆိုသော် “အကြာအရှည် ငံ့လင့်ရတော့မည် မဟုတ်။ ယခုပင် အရှေ့စမုခ်ဝက လျောင်းတော်ဦးသို့ ဝင်ပါစေ”ဟု ဆိုလိုက်၏။

ထိုစကားကိုကြားလျှင် စစ်သူကြီးလည်း “မင်းသမီး နှစ်သက်လွယ်ပါစေ” ဟူသောနှလုံးထားနှင့် နန်းတော်အရှေ့လှေကား စမုခ်ဝမှဝင်လျက် မင်းသမီးစံရာ နန်းပွဲသဘင်လျောင်းတော်ဦးသို့ ဂုဏ်မဲ့သောသူတို့၏သွားခြင်းဖြင့် အလျင်တဆောသွား၍ မင်းသမီးအနီး၌ ရပ်လေ၏။ မင်းသမီးလည်း ပညာရှိသောမိန်းမ ဖြစ်ခြင်းကြောင့် စစ်သူကြီး၏လာခြင်းကိုမြင်လျှင် ကိုယ်တွင်း၌ ပညာခေါင်းပါးသောအဖြစ်ကိုသိ၍ မိမိအနီးသို့ရောက်သောအခါအလိုစမ်းပြန်လိုသဖြင့်-

“စစ်မှူးမင်း။ ဤလျောင်းတော်ဦးတွင် လူးလာပြန်ခေါက် ယောက်ျားတို့၏အင်အားဖြင့် လျင်လျင်မြန်မြန်ပြေးတော်မူစမ်းပါ။ အရည်အသွေးကို ကြည့်ချင်ပါသည်”ဟု ဆို၏။

စစ်သူကြီးလည်း အချစ်ကိုသာနှလုံးထား၍ အပြစ်ကိုနှလုံးမထားဘဲ မင်းသမီးအား နှစ်သက်စေကြောင်း “ကောင်းစွာ ငါပြေးအံ့”ဟုကြံလျက် ပြေးလွှားခြင်းကို ပြုပြန်လေ၏။

ထိုအခါ မင်းသမီးသည် “စစ်မှူးမင်း။ ထိုမှဤမှ ကျွန်ုပ်ဆီသို့ ပြေးတော်မူခဲ့ပါ။ ကြည့်ပါရစေဦး”ဟု ဆိုပြန်လျှင်၊ တစ်ဖန် မင်းသမီးဆီသို့ ပြေးပြန်လေ၏။

ထိုသို့သောအခြင်းအရာကို မင်းသမီးမြင်လျှင် “ဤသူကား ရွှေတောင်မှာနား၍ ရွှေကျီးခေါ်ရသကဲ့သို့သာ ငါ့ခမည်းတော် သူကောင်းပြု၍ စစ်သူကြီး ခေါ်ရကာမျှတကား။ အသို့လျှင် ထီးဖြူ၏ကျက်သရေကို ဆောင်နိုင်ပါအံ့”ဟု စစ်သူကြီး၏ သမာဓိမရှိသောအဖြစ်ကို သိပြီးသော်-

“စစ်မှူးမင်း။ ယောက်ျားတို့၏အရည်အသွားကို သိရပေပြီ။ ပန်းမောတော် မူတော့မည်။ မပြေးပါနှင့်တော့။ ဤတွင်ထိုင်၍ အကျွန်ုပ်ခြေကို ဆုပ်စမ်းပါ” ဟု ဆို၏။

စစ်သူကြီးလည်း “တရွေ့ရွေ့ ငါ အနီးစပ် ရောက်တော့သည်”ဟု မင်းသမီးနှစ်သက်စေ့ခြင်းငှာ မင်းသမီးခြေရင်း၌ထိုင်၍ ခြေကို ဆုပ်နယ်လေ၏။

ထိုအခါ မင်းသမီးသည် “ဤသူကား သူယုတ်မာတည်း။ ဤမျှလောက် ငါအလိုစမ်း၍ မိမိ မသိ။ မက်မောခြင်းပြင်းစွာနှင့် ချစ်နိုးနှစ်သက်နိုးထင်လျက် ငါ့အလိုသို့သာလိုက်၍ ပြုဘိ၏။ ယခု အဖြည်းအသာ နန်းထက်မှချလိုက်ရမည်လည်း ငါ့တွင် မိန်းမပရိသတ်သာ ရှိချေသည်။ နေ့အခါလည်း မရှိချေပြီ။ ငါ ငေါက်ငမ်းဆဲဆိုငြားသော်လည်း မက်မောခြင်းပြင်းစွာဖြစ်ခြင်းကြောင့် ထိုသူ၏နား၌ ခါးစပ်နိုင်မည် မဟုတ်ချေ။ ဤငါ့အခြံအရံမိန်းမများလည်း တစ်ပါးအမှုကဲ့သို့မဟုတ်၍ ယခု ငါ့အလိုကိုပင် မသိနိုင်ကြရာသေး။ ဤသို့ဖြစ်၍ ငါ့အခြွေအရံလည်း သိစေတော့၊ ထိုသူလည်း မိမိအပြုအမူကို ယူစားမိလေစေတော့ ထင်ရှားအောင် ငါ ဒဏ်ပေးလိုက်အံ့”ဟု ကြံပြီးလျှင်၊ စစ်သူကြီး၏ရင်ကို ခြေဖြင့် တွန်းရှားလိုက်လေ၏။ စစ်သူကြီးလည်း အမှတ်မဲ့ဖြစ်၍ မင်းသမီးခြေရင်း၌ ပက်လက်နောက်သို့ လန်လဲလေ၏။

မင်းသမီးလည်း “သင်တို့ ယောက်ျားရူးကို နာကျင်စွာရိုက်ပြီးလျှင် လည်ကိုကိုင်ငင်၍ နန်းတော်မှချလိုက်”ဟု အခြွေအရံမိန်းမတို့အား အမှတ်ပေးပြီးလျှင်၊ မိမိမူကား ကျက်သရေတိုက်သို့ ဝင်၍နေလေ၏။ နန်းတွင်းသူအပျိုတော်တို့လည်း မင်းသမီးဆိုတိုင်း စစ်သူကြီးကို နန်းထက်မှငင်ချ နှင်ထုတ်လိုက်လေကုန်၏။

နန်းတော်အပြင်၌ အမှုကိုသိရအောင် စောင့်နေကြကုန်သော မှူးမတ်အစရှိသောသူတို့သည် နန်းတော်မှစစ်သူကြီး နှလုံးမသာလာသည်ကိုမြင်လျှင် “အရှင်မင်းမြတ်။ အသို့ပါနည်း”ဟု ဆီး၍မေးကြကုန်၏။ စစ်သူကြီးလည်း “အချင်းတို့။ ငါကား သင်တို့မင်းသမီးကို လူမိန်းမမှတ်၍ သွားမိသည်။ ဘီလူးမတကား။ ဤမျှသာ ပြောပါရစေတော့”ဟုဆို၍ မိမိအိမ်သို့ သွားလေ၏။

မှူးမတ်တို့လည်း “ဤစစ်သူကြီးကား စစ်ရေး၌သာတွင်ကျယ်၍ မိန်းမရေး၌ ကျင်လည်ဟန်မရှိ”ဟု နှလုံးထားလျက်၊ တစ်ပါးတော်သင့်ရာ ရှာကြံတိုင်ပင်ကြပြန်လျှင်--“မင်းဘဏ္ဍာစိုး ရွှေတိုက်ဝန်သည် အလွန် မင်းသမီးနှင့်လည်း အကျွမ်းဝင်၏။ ပညာစွမ်း, ကိုယ်စွမ်းနှင့်လည်း ပြည့်စုံ၏။ ထိုသူကို စုံစမ်းရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့်၊ ရွှေတိုက်ဝန်အိမ်သို့ ထိုအကြောင်းကို မှူးမတ်တို့အစည်းအဝေးပြုရာ လွှတ်သဘင်က စေလိုက်ပြန်၏။

ရွှေတိုက်ဝန်လည်း ထိုစကားကိုကြားလျှင် ဝန်ခံလျက် နန်းတော်သို့သွားပြန်လေသော် မင်းသမီးလည်းစစ်သူကြီးမှာကဲ့သို့ပင်လျှင် ရွှေတိုက်ဝန်ကိုလည်း အရှက်ကြီးတရ ပြုလိုက်လေ၏။

မှူးမတ်တို့လည်း “ဤရွှေတိုက်ဝန်ကား ရွှေငွေစသော ဘဏ္ဍာတို့ကိုသာ မဖိတ်မယိုရအောင် စောင့်ထိန်းနိုင်၏။ မိမိစိတ်ကို အရိပ်မတိုရအောင် မပြုနိုင်လေ”ဟု နှလုံးထားကြလျက်၊ တစ်ပါးတော်သင့်ရာ ရှာကြံတိုင်ပင်ကြပြန်လျှင်--“မင်း၏သူဌေးကြီးသည် မင်းသမီးနှင့်လည်း အကျွမ်းဝင်၏။ ကိုယ်စွမ်း,ပညာစွမ်းလည်း ရှိ၏။ ထိုသူကိုစုံစမ်းစေရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့်၊ သူဌေးကြီးအိမ်သို့ ထိုအကြောင်းကို စေလွှတ်ကြပြန်၏။

သူဌေးကြီးလည်း ထိုစကားကိုကြားလျှင် ဝန်ခံလျက် ရှေးနည်းအတူ နန်းတော်သို့သွားပြန်လေသော် မင်းသမီးလည်း ထို ၂-ဦးသူမှာကဲ့သို့ပင် သူဌေးကြီးကိုလည်း အရှက်ကြီးရအောင် ဒဏ်ပေးလိုက်ပြန်လေ၏။

မှူးမတ်တို့လည်း “ဤသူဌေးကြီးကား ဥစ္စာကိုသာ ပွားစီးအောင်ပြုတတ်၏။ မိမိကိုယ်ကို ကြီးမားအောင်မပြုနိုင်လေ”ဟု နှလုံးထားကုန်လျက်၊ တစ်ပါးတော်သင့်ရာ ရှာကြံတိုင်ပင်ကြပြန်လျှင်--“မင်းကြီး၏ထီးတော်မိုးအမတ်သည် မင်းသမီးနှင့်လည်း အကျွမ်းဝင်၏။ ပညာစွမ်း, ကိုယ်စွမ်းလည်းရှိ၏။ ထိုသူကို စုံစမ်းစေရသော်ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့်၊ ထိုအကြောင်းကို ထီးတော်မိုးအိမ်သို့ စေလိုက်ပြန်၏။

ထီးတော်မိုးလည်း ရှေးနည်းအတူ နန်းတော်သို့သွားပြန်လေသော် မင်းသမီးသည် ထီးတော်မိုးကိုလည်း ထို ၃-ယောက်သူမှာကဲ့သို့ပင် အရှက်ခွဲလိုက်ပြန်လေ၏။

မှူးမတ်တို့လည်း “ဤသူကား မင်း၏ထီးတော်ကိုသာ မိုးကိုင်တတ်၏။ မင်း၏သမီးတော်ကိုရအောင် မကြံနိုင်လေ”ဟု နှလုံးထားလျက်၊ တစ်ပါးတော်သင့်ရာ ရှာကြံတိုင်ပင်ကြပြန်လျှင်- “မင်းကြီး၏ ဓားသန်လျက်တော်စွဲအမတ်သည် မင်းသမီးနှင့်လည်း အကျွမ်းဝင်၏။ ကိုယ်စွမ်း,ပညာစွမ်းလည်း ရှိ၏။ ထိုသူကိုစုံစမ်းရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့်၊ ထိုအကြောင်းကို ရှေးနည်းအတူ စေလိုက်ပြန်၏။

သန်လျက်တော်စွဲအမတ်လည်း ရှေးနည်းအတူ နန်းတော်သို့သွားပြန်လေသော် မင်းသမီးသည် ထို၄-ဦးသူမှာကဲ့သို့ပင် အရှက်ကြီးရအောင် ပြုလိုက်၏။

မှူးမတ်တို့လည်း “ဤသူကား မင်း၏သန်လျက်၌သာ အခွင့်လျော်အောင် ဝေဖန်တတ်၏။ စည်းစိမ်စံဖက်၌ အသင့်တော်အောင် ချေငံခြင်းမရှိလေ”ဟု နှလုံးထားကုန်လျက် တစ်ပါးတော်သင့်ရာရှာကြံ၍ မရနိုင်လတ်သော် ဤသို့ အားလျှော့စကား ပြောဆိုကြကုန်၏။

“မှူးတော်မတ်တော်တို့။ မင်းကြီးမှာတော်မူခဲ့သည့် အင်္ဂါ ၄-ပါးတွင် ပလ္လင်၏ဦးခေါင်းရင်းကို သိသူ, ဗိုလ်ခြေ ၁၀၀၀တင်သောလေးကို တင်နိုင်ချနိုင်သူ၊ ၁၆-လုံးသော ရွှေအိုးကြီးတို့ကို ဖော်ထုတ်နိုင်သူတို့ကို ထားဘိဦး။ မင်းသမီးနှစ်သက်သောသူကိုမျှ မရနိုင် ယခုရှိခဲ့၏။ မင်းမရှိသော ပြည်မည်သည်လည်း အမှူးအမတ်တို့ စောင့်ရှောက်ထိန်းသိမ်းခြင်းငှာ ခဲယဉ်းလှသည်။ အသို့ ကြံကြပါမည်နည်း”ဟုပြောဆိုကာ မကြံနိုင်အောင် ရှိကြကုန်၏။

(ဤအရာ၌ သီဝလိဒေဝီမင်းသမီးသည် အမျိုးကောင်းသမီး ပညာရှိမိန်းမမှန်လျက် ယောက်ျားကို ခြေဆုပ်ခိုင်းလေသည်ကား သက်သက်မဟုတ်၊ အလိုစမ်းလို၍သာ ပြုခြင်းကြောင့် ဆိုးယုတ်သည် မဆိုသာ။ ခြေဖြင့် ခါတွက်လိုက်သည်မှာလည်း ကိုယ်ကို ရိုသေစွာစောင့်ထိန်းရသူဖြစ်၍ ထိုအမှု, ထိုအခါ, ထိုယောက်ျားတို့ကို နှုတ်ဖြင့်ခါတွက်သော်လည်း ကွာနိုင်ဖွယ်မထင်သဖြင့် လွင့်ကွာလွယ်ရာရှာ၍ ခါတွက်ရပေသောကြောင့် ရုန့်ကြမ်းသည် မဆိုသာချေ။ ထို စစ်သူကြီးစသော သူ ၅-ယောက်တို့လည်း အရှင်မင်းသမီးဖြစ်၍ အစဉ်ရိုသေမြဲဖြစ်ခြင်းကြောင့်လည်းကောင်း၊ မင်းသမီးစကားကို မြင်ကြားရသဖြင့် နားမျက်စိ ချိုဆိမ့်မူးယစ်ခြင်းကြောင့်လည်းကောင်း။ “သူ့ကျေးဇူးကိုခံလိုလျှင် သူ့အလိုသို့လိုက်အပ်လှ၏”ဟု အရာကိုမချင့်, အခွင့်ကိုမစာ, သမာဓိအရေးမှာ ဝီရိယကို သုံးမှားချေသောကြောင့် ရူးသွပ်ခြင်းသို့ ရောက်ချေသည်။

ထို့ကြောင့်-

အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ။

အငင်မတတ်လျှင် ပန်းလျက်နှင့်မရ ရှိတတ်၏ ။

“ယိုင်ယိုင်ညွတ်ညွတ် ပြုရမည့်အမှုမှာ ခိုင်ခိုင်မတ်မတ်ပြုချေလျှင် ခက်ကြမ်းရာရောက်တတ်သည်။”

“ခိုင်ခိုင်မတ်မတ် ပြုရမည့်အမှုမှာ ယိုင်ယိုင်ညွတ်ညွတ်ပြုချေလျှင် ရှက်လမ်းသာပေါက်တတ်သည်”ဟု သိအပ်၏။

ထိုစစ်သူကြီးသည် နန်းထက်သို့ရောက်သည်ကာလ မိမိ မတရားသဖြင့် ထီးနန်းကိုသိမ်းယူလိုလျှင် သိမ်းယူနိုင်ရာအံ့လောဟူမူ “ဗိုလ်ခြေသင်းပင်း ဝင်းအစောင့်အရှောက် ဆင်မြင်းစသော မြို့၏လက်နက်အလုံးစုံသည် မိမိလက်မှာ မရှိ၊ မှူးမတ်တို့လက်ဝယ် ရှိချေသောကြောင့် မတရားသဖြင့်ပင် သိမ်းယူသော်လည်း မရနိုင်ရာ”ဟု သိအပ်၏။ ဤကား စကားချပ်တည်း။)