မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၆

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၆။ မဏိမေခလာနတ်သမီး မ,ခန်း

ထိုကာလ၌ကား “မိဘကို အရိုအသေလုပ်ကျွေးခြင်း၊ သူတစ်ပါးတို့အား ချစ်ခင်သနားခြင်း, အလှူပေးခြင်း, သီလဆောက်တည်ခြင်း စသည့်ဂုဏ်နှင့်ပြည့်စုံသော ယောက်ျားမြတ်တို့ကို မဟာသမုဒ္ဒရာ၌ နစ်မွန်း၍ မသေစေလင့်”ဟု စတုလောကပါလ နတ်မင်းကြီး ၄-ယောက်တို့က မဏိမေခလာမည်သော နတ်သမီးအား ထိုနစ်မွန်းသောသူတို့ကို ဆယ်တင်စိမ့်သောငှာ သမုဒ္ဒရာ၌ အစောင့်ထားကြသတည်း။

ဘုရားလောင်းနစ်တော်မူသော ၇-ရက်အတွင်း၌ကား မဏိမေခလာနတ်သမီးသည် မိမိဘုံဗိမာန်၌ နတ်၏စည်းစိမ်ကိုခံစားခြင်းဖြင့် မေ့လျော့၍ “သမုဒ္ဒရာမှာ မည်သို့ဖြစ်လိမ့်အံ့နည်း”ဟု မကြည့်, မဆင်ခြင်မိ။ ၇-ရက်မြောက်သောနေ့မှ သတိရ၍ “ငါကား သမုဒ္ဒရာကိုမကြည့်မိသည်မှာ ယနေ့ ၇-ရက်ရှိပြီ။ အကြောင်းအသို့နည်း”ဟု သမုဒ္ဒရာကို ရှုကြည့်ဆင်ခြင်လေသော်၊ ရွှေတုံးကဲ့သို့ တပြောင်းပြန်ပြန်ကူးသော ဘုရားလောင်းကိုမြင်လျှင် “မိထိလာပြည်ရှင်သားဖြစ်သော ဤမဟာဇနကသတို့သားသည် အကယ်၍ မဟာသမုဒ္ဒရာ၌ နစ်မွန်း၍ဆုံးချေအံ့။ ငါသည် နတ်တို့အစည်းအဝေးသဘင်သို့ ဝင်ရတော့မည်မဟုတ်”ဟုကြံလျက် တင့်တယ်စွာသော မြခါးရန်းကြိုး, ဖြိုးပြိုးပြက်တောက်ပသော အဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်အပ်သော နူးညံ့ရည်သွေးစွာသော ကိုယ်ဖြင့် ဘုရားလောင်းရှိရာ မဟာသမုဒ္ဒရာအပြင်သို့သွား၍ မနီးမဝေးသောကောင်းကင်က ကိုယ်ထင်ပြကာရပ်လျက် “ကောင်းမြတ်သောလုံ့လဖြင့်တည်း ကူးသလော၊ မူးရူးသောစိတ်ဖြင့်တည်း ကူးသလော။ စုံစမ်းအံ့”ဟု ကြံပြီးသော် ရှေးဦးစွာ-

“ကောယံ မဇ္ဈေ သမုဒ္ဒသ္မိံ၊ အပဿံ တီရမာယုဟေ။

ကံ တွံ အတ္ထဝသံ ဉတွာ၊ ဧဝံ ဝါယမသေ ဘုသံ။”

ဟူသောဂါထာဖြင့် ဘုရားလောင်းအားစူးစမ်းလေ၏။

အဓိပ္ပာယ်ကား-

“အပြောကျယ်စွာသော ဤမဟာမုဒ္ဒရာအလယ်၌ ချင့်ရွယ်မျှော်လှမ်း၍ ကမ်းကိုမျှမမြင်ဘဲလျက် ရဲရဲစူးစူး ကူးဘိသည်ကား အသူနည်း။ တစ်ဘက်ကမ်းသို့ မရောက်နိုင်ရာသော ဤမဟာသမုဒ္ဒရာ၌ အပင်အပန်းကူးသဖြင့် အဘယ်အကျိုးထူးကိုရ၍ ကိုယ့်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့်တည်း မရပ်မနား ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော။ သင်ကူးခြင်း၌ အဘယ်အကျိုး ရှိပါအံ့နည်း”ဟု ဆို၏။

နတ်သမီးစကားကိုကြားလျှင် ဘုရားလောင်းသည် ဤသို့ ကြံ၏။ “ဤသမုဒ္ဒရာ၌ ငါကူးရသည်ကား ယနေ့ ၇-ရက်ရှိပြီ။ တစ်စုံတစ်ယောက်သောသူကိုမျှ မမြင်ရစဘူး။ ယနေ့မှသာ ဤသို့သောစကားကို ကြားရ၏။ အဘယ်အသံနည်း”ဟု ကောင်းကင်သို့ မျှော်ကြည့်လတ်သော် နတ်သမီးကိုမြင်၍ စကားတုံ့ပြန်အံ့သောငှာ-

“နိသမ္မ ဝတ္တံ လောကဿ၊ ဝါယမဿ စ ဒေဝတေ။

တသ္မာ မဇ္ဈေ သမုဒ္ဒသ္မိံ၊ အပဿံ တီရ မာယုဟေ။”

ဟူသောဂါထာဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“နတ်သမီး။ လောက၌ ဤသို့ပြုလျှင် ဤအပြစ်ဖြစ်၏။ ဤသို့ပြုလျှင် ဤအပြစ်မှလွတ်၏။ ဤအမှုကိုပြုလျှင် ပစ္စုပ္ပန်တွင်သာ အကျိုးရှိ၏။ ဤအမှုကိုပြုလျှင် သံသရာမှာလည်း အကျိုးရှိ၏စသည်ဖြင့် လူတို့၏ ကျင့်ရာဆောင်ရာသည့် ဝတ်တို့သည်လည်းကောင်း၊ ပစ္စုပ္ပန် သံသရာ, မျက်မှောက်, မျက်ကွယ် အပြစ်လွတ်ကြောင်း ကောင်းစွာအားထုတ်အပ်သော ယောက်ျားတို့၏လုံ့လသည်လည်းကောင်း အကျိုးမဲ့ဖြစ်ဖူးသည်မရှိ။ ပစ္စုပ္ပန် သံသရာတွင် တစ်ခုခု၌ သုခကို မလွတ်စေနိုင်ရာပြီဟူ၍လည်းကောင်း၊ စူးစမ်းဆင်ခြင်၍ နေလေ့ရှိသည်နှင့်အညီ ယခု အပြောကျယ်စွာသော မဟာသမုဒ္ဒရာ၌လည်း ယောက်ျားတို့၏လုံ့လကို မလျှော့သဖြင့် တစ်ခုခုသော အကျိုးစီးပွားနှင့် လွတ်ကင်းတော့မည်မဟုတ်ဟု အားထုတ်ခြင်း၌ အကျိုးကိုမြင်သည် စင်စစ်ဖြစ်လျက် ဤသမုဒ္ဒရာ၏ကမ်းကို မမြင်ကာမျှနှင့် အဘယ့်ကြောင့် ယောက်ျားတို့၏လုံ့လကို လျှော့ထိုက်အံ့နည်း။ ကမ်းကို မြင်သည်ဖြစ်စေ, မမြင်သည်ဖြစ်စေ အကျိုးကိုမြင်သဖြင့် ငါ လုံ့လပြုတော့သည်”ဟု ဆို၏။

ဘုရားလောင်းစကားကို နတ်သမီးကြားလျှင် အလွန်နှစ်သက်ခြင်းဖြင့် တရားကိုနာလိုပြန်သောကြောင့်-

“ဂမ္ဘီရေ အပ္ပမေယျသ္မိံ၊ တီရံ ယဿ န ဒိဿတိ။

မောဃော တေ ပုရိသဝါယောမော၊ အပတွာဝ မရိဿတိ။”

ဟူသောဂါထာဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“လုလင်ပျို။ ယောက်ျားတို့၏လုံ့လဖြင့် အကျိုးရှိကြောင်းကို သင်ဆိုသည်မှာ တစ်ပါးသောအရာ၌ သင်ဆိုတိုင်း မှန်၏။ အစောက်အပြောအားဖြင့် မရေမတွက်နိုင်သော ဤမဟာသမုဒ္ဒရာ၏အလယ်၌ ကူးသောသင့်အားမူကား ကမ်းသို့မရောက်နိုင်ဘဲ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်လတ္တံ့တကား။ ကြိုးစားအားထုတ်ပါသော သင်၏လုံ့လသည်လည်း အရာမဟုတ်ခြင်းကြောင့် အချည်းနှီးဖြစ်၍ ကိုယ်ပင်ပန်းကာမျှသာ ရှိမည်မဟုတ်လော” ဟုဆို၏။

နတ်သမီးစကားကို ဘုရားလောင်းကြားလျှင် “နတ်သမီး။ ကမ်းသို့ရောက်၍ သေရသော်လည်း အပြစ်တင် ကင်းလွတ်ရစ်အောင် သေမည်”ဟုဆိုပြီးမှ-

“အဏဏော ဉာတီနံ ဟောတိ၊ ဒေဝါနံ ပိတုနဉ္စ သော။

ကရံ ပုရိသကိစ္စာနိ၊ န စ ပစ္ဆာနုတပ္ပတိ။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“နတ်သမီး။ အကြင်သူသည် ယောက်ျားတို့၏လုံ့လကို မလျှော့ဘဲ ကောင်းစွာ လုံ့လပြုသည်ဖြစ်အံ့။ ထိုသူသည် မိဘ,ဆွေမျိုး, ချစ်နှစ်လိုအပ်သေ အဆွေခင်ပွန်း, နတ်, ဗြဟ္မာတို့၏အလယ်၌ ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်း မခံရ။ နောက်တစ်ဖန်ပြန်၍လည်း နောင်တ မရှိရ၊ ငါတုံသည်လည်း “ဤသမုဒ္ဒရာအလယ်၌ ကမ်းသို့ရောက်နိုင်ဖွယ် မရှိတကား”ဟု အကယ်၍ လုံ့လကို လျှော့ချေငြားအံ့။ ယောက်ျားမြတ်ဖြစ်ကျိုး အဘယ်မှာ ရှိတော့အံ့နည်း။ သင်နတ်သမီးမှစ၍ အဆင့်ဆင့်ကြားသမျှ ငါ့ကို ချစ်နှစ်လိုကုန်သော သူအပေါင်းတို့သည် “မဟာဇနကမင်းသားကား မိမိပင် ယောက်ျားအားနှင့် ပြည့်စုံသူစင်စစ်မှန်လျက် အသက်မရှိသော ကျွန်းထင်းကဲ့သို့ လုံ့လမပြုဘဲနေခြင်းကြောင့် မဟာသမုဒ္ဒရာမှာ ပျက်စီးလေသည်”ဟု ချစ်ခင်စုံမက်သဖြင့် ထိုက်သမျှအခွင့်ကိုရှာကြံ၍ ငါ့အား အပြစ်မတင်ရစ်ပြီလော။ ယင်းသို့ဖြစ်သောကြောင့် သေသော်လည်း အပြစ်တင်လွတ်ရစ်အောင် ယောက်ျားတို့လုံ့လကို ငါပြုသည်”ဟု ဆို၏။

ထိုစကားကို နတ်သမီးကြားလျှင် လုံ့လအပြုမှား၍ အပြစ်ထပ်ပွားကြောင်းကို ပြလိုပေပြန်၍-

“အပါရနေယျံ ယံ ကမ္မံ၊ အဖလံ ကိလမထုဒ္ဒယံ။

တတ္ထ ကော ဝါယာမေနတ္ထော၊ မစ္စု ယဿာဘိနိပ္ပတံ။”

ဟူသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းသား။ အကြင်သူသည် လုံ့လမပြုအပ်သောအရာ၌ လုံ့လပြုမှားချေအံ့။ ထိုသူ၏လုံ့လသည် အရာမကျခြင်းကြောင့် လိုအပ်သောကိစ္စ တောင့်တအပ်သောအကျိုး မပြီး၊ အသက်ကိုယ်လုံး ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်သော်လည်းရောက်ရာ၏။ ကိုယ်, စိတ်၏ပင်ပန်းကာမျှလည်း ရှိတတ်၏။ ပရိသတ်အလယ်၌ ရှက်ဖွယ်သော်လည်း ရရာ၏။ ယခု မင်းသားမှာလည်း ကမ်းကိုမမြင်သော မဟာမုဒ္ဒရာ၌ ကူးသည်ဟူ၍ လုံ့လသည် နေရာကျပါအံ့လော”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် စကားတုံ့ပြန်၍ တစ်ဖန် နတ်သမီးကမဆိုသာအောင် ချေတော်မူခြင်းငှာ-

“အပါရနေယျမစ္စန္တံ၊ ယော ဝိဒိတွာန ဒေဝတေ။

န ရက္ခေ အတ္တနော ပါဏံ၊ ဇညာ သော ယဒိ ဟာပယေ။”

“အဓိပ္ပါယဖလံ ဧကေ၊ အသ္မိံ လောကသ္မိ ဒေဝတေ။

ပယောဇယန္တိ ကမ္မာနိ၊ တာနိ ဣဇ္ဈန္တိ ဝါ န ဝါ။”

“သန္ဒိဋ္ဌိကံ ကမ္မဖလံ၊ နနု ပဿတိ ဒေဝတေ။

သန္နာ အညေ တရာမဟံ၊ တဉ္စ ပဿာမိ သန္တိကေ။”

“သော အဟံ ဝါယမိဿာမိ၊ ယထာသတ္တိ ယထာဗလံ။

ဂစ္ဆံ ပါရံ သမုဒ္ဒဿ၊ ကဿံ ပုရိသကာရိယံ။”

ဟူသော ၄-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“နတ်သမီး၊ ယခု ငါ မဟာသမုဒ္ဒရာကိုကူးသကဲ့သို့ အကြင်သူတို့၌ ဆောင်ရွက်၍မပြီးနိုင်သော အမှုကြီး, အမှုကျယ်ရောက်လတ်သော် “ဤအမှုကို ငါလုံ့လပြု၍ အောင်နိုင်ဖွယ်မရှိရာ။ ကံကြမ္မာစီမံတိုင်း ဖြစ်စေတော့”ဟု လုံ့လကိုလျှော့၍ နွား,ကျွဲ,ဆင်,မြင်းတို့ကိုပင်သော်လည်း မိမိစောင့်ထိန်းသူဖြစ်ပါလျက် ပြင်းပြသောအမှုမှ ဖြည်းညင်းသက်သာစေကြောင်း ကောင်းမြတ်သောလုံ့လဖြင့် ကိုယ်နဲ့အသက်ကိုမျှ မစောင့်ထိန်းနေငြားအံ့၊ ထိုသူကို လောက၌ လူပျင်းလူတန်ဟူ၍ လူခပ်သိမ်းတို့ အပြစ်တင်စရာ ဖြစ်လေ၏။ ကိုယ်သို့ရောက်လာသော အမှုမှန်က တန်သည်, မတန်သည်, ရာသည်, မရာသည် ဆိုရတော့သည်မဟုတ်။ အောင်သည်ဖြစ်စေ, မအောင်သည်ဖြစ်စေ လုံ့လကိုမလျှော့ထိုက်။ စင်စစ် မှန်သည်ဖြစ်လျက် လူပျင်းလူတန်တို့၏ စကားအယူကိုသာ သင်နတ်သမီးအစွဲအမှတ်ပြု၍ ယခုဆိုသောစကား မသင့်။

“နတ်သမီး။ ဤလောက၌ ရှေးကုသိုလ်ကံ မဖွံ့ဖြိုးလွန်းကုန်သောသူတို့သည် မိမိတို့နှင့်ထိုက်တန်ရာ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း အစရှိသောအမှုတို့ကို ဆောင်ရွက်လိုသည်ဖြစ်စေ၊ မဆောင်ရွက်လိုသည်ဖြစ်စေ ကိုယ့်အလိုဆန္ဒပြည့်စုံမည် စင်စစ်မှန်လျှင် ပျင်းရိသည်ဟူ၍ မနေအပ်။ ကောင်းစွာလုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့်တန်သည်, နှုတ်ဖြင့်တန်သည်, စိတ်ဖြင့်ကြံမည်ဟု ထောက်ချင့်၍ လုံ့လပြုအပ်လှတော့သည်။

“နတ်သမီး။ လုံ့လရှိသောသူတို့၏ လုံ့လအကျိုးဆက်ကို များစွာ ငါ ပြောရတော့မည်မဟုတ်။ ဤသမုဒ္ဒရာ၌ ငါနှင့်အတူ ၇၀၀-သော သင်္ဘောသားကုန်သည်တို့လည်း နစ်မွန်းကြသည်တွင် ထို ၇၀၀-သော သင်္ဘောသားတို့သည် ယောက်ျားတို့၏လုံ့လ ချို့တဲ့လေခြင်းကြောင့် ငါး,လိပ်တို့၏အစာသာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏လုံ့လကို မလျှော့ခြင်းကြောင့် ငါး,လိပ်တို့၏ဘေးမှလည်း လွတ်ခဲ့၏။ လူသာမညတို့ မြင်ရခဲသော နတ်ဝတ်, နတ်တန်ဆာနှင့်လာလတ်သော သင်နတ်သမီးကိုလည်း အနီးကြပ်ကြပ် အမှတ်ထင်ထင် ငါမြင်ရ၏။ သင် သနားချစ်ခင်ခြင်းရှိ၍ ငါ့ကို ဆောင်ပါလျှင်လည်း လိုအင်အပြီးရောက်ခြင်း အကျိုးရှိလတ္တံ့။ သင် မဆယ်တင်၍ ဤတွင်ပင် ငါဆုံးရသော်လည်း လုံ့လပြုကျိုး ငါ၌ရှိလေပြီ။

“ငါသည် အစွမ်းရှိတိုင်း, အားရှိတိုင်း မဆုတ်မဆိုင်းသော လုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ကူးလျက် ယောက်ျားတို့ပြုအပ်သောလုံ့လကို ပြုအံ့သတည်း”ဟု ဆို၏။

ဘုရားလောင်းစကားကို မဏိမေခလာနတ်သမီး ကြားလျှင် “ဤမင်းသားကား အလွန် စကားမြဲမြဲလှပေ၏” ဟု နှစ်သက်သဖြင့် ချီးမွမ်းလို၍-

“ယော တွံ ဧဝံ ဂတေ သြဃေ၊ အပ္ပမေယျေ မဟဏ္ဏဝေ။

ဓမ္မဝါယာမသမ္ပန္နော၊ ကမ္မုနာ နာဝသီဒတိ။”

“သော တွံ တတ္ထေဝ ဂစ္ဆာဟိ၊ ယတ္ထ တေ နိရတော မနော”

ဟူသော တစ်ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းသား။ အစောက်,အပြောအားဖြင့် မရေတွက်နိုင်။ ကျယ်စွာသော ဤမဟာမုဒ္ဒရာအလယ်၌ နစ်မွန်းသောသင်သည် သူတစ်ပါးတို့ပြုနိုင်ခဲသော မြဲမြံခြင်းစိတ်ဖြင့် တွန့်လိပ်ဆုတ်နစ်ခြင်း မရှိ။ မိမိလိုရာရောက်ကြောင်း ကောင်းမြတ်ဖြောင့်စင်းသောလုံ့လနှင့် ပြည့်စုံသည် မှန်ပေ၏။ ယောက်ျားတို့ပြုရာသော လုံ့လနှင့် ပြည့်စုံခြင်းကြောင့် ငါး,လိပ်တို့၏ဘေးရန်မှလည်း လွတ်၍ ဤသမုဒ္ဒရာ၌ မနစ်မွန်းဘဲ ချမ်းသာလေ၏။ ယခု နှလုံးမွေ့လျော်ရာအရပ်သို့ သင် သွားတော့”ဟု ဆိုပြီးလျှင်၊

“မြတ်သောလုံ့လရှင် ပညာရှိမင်းသား။ သင့်ကို ယခု ငါ ဆယ်တင်အံ့။ အဘယ်အရပ်သို့ ပို့ဆောင်ရမည်နည်း”ဟု မေး၏။

တ်သမီးစကားကို ဘုရားလောင်းကြားလျှင် “နတ်သမီး။ မိထိလာပြည်သို့ ငါ့ကို ပို့ဆောင်လော့”ဟု ဆို၏။ ထိုအခါ မဏိမေခလာနတ်သမီးသည် ပန်းစည်းကိုပိုက်ချီသကဲ့သို့ ဘုရားလောင်းကို လက် ၂-ဘက်ဖြင့် သက်သက်သာသာချီဆောင်ပြီးလျှင် ချစ်ခင်လှစွာသောသားငယ်ကို အမိပိုက်သကဲ့သို့ သိမ်မွေ့လှစွာသော ရင်သားဖြင့်ပိုက်၍ ကောင်းကင်ခရီးဖြင့် ဆောင်လေ၏။

ဘုရားလောင်းသည် ၇-ရက်ပတ်လုံး ဆားငန်ရေဖြင့် လိမ်းကျံသောကိုယ်ရှိလျက် အလွန် ပင်ပန်းတော်မူသည်ဖြစ်၍လည်းကောင်း၊ နတ်သမီးအတွေ့ သိမ်မွေ့နူးညံ့သောရင်ငွေ့ကို လှုံရသည်ဖြစ်၍လည်းကောင်း အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

မဏိမေခလာနတ်သမီးသည် မိထိလာပြည်သို့ဆောင်ပြီးလျှင် မင်းအဆက်ဆက် ထွက်စံရာဖြစ်သော သရက်ဥယျာဉ်ဝယ် မင်းတို့စံပယ်ရာ မင်္ဂလာကျောက်ဖျာအပြင်၌ လက်ယာနံတောင်းဖြင့် စောင်းကာသိပ်ထား၍၊ ဥယျာဉ်၌ရှိသည့် ရုက္ခစိုးနတ်တို့ကို “သင်တို့။ ဤယောက်ျားမြတ် အိပ်ရာမထသမျှကာလပတ်လုံး စောင့်ရှောက်ရစ်ကြရမည်”ဟု အစောင့်အရှောက်ထားခဲ့ပြီးသော် မိမိနေရာသို့ သွားလေ၏။

(ဤအရာ၌ ဘေးရန်ရောက်သောအခါ လုံ့လပြုရာသည့် အကြောင်း ၅-ပါးတွင် ဘုရားလောင်းသည် မြဲမြံရဲရင့်ခြင်း, ခွန်အားနှင့်ပြည့်စုံခြင်း တည်းဟူသော သက်သက်သောကိုယ်တော်၏အစွမ်းဖြင့် ထိုရေဥပဒ်မှ လွတ်တော်မူလေ၏။ ယခုအခါ လူခပ်သိမ်းတို့သည် တစ်စုံတစ်ခုသော ဥပဒ်နှင့် တွေ့ကြိမ်ခဲ့သော် “ဇပ္ပေန မန္တေန သုဘာသိတေန၊ အနုပ္ပဒါနေန ပဝေဏိယာ ဝါ။ ယထာ ယထာ ယတ္ထ လဘေထ အတ္ထံ၊ တထာ တထာ တတ္ထ ပရက္ကမေယျ။”ဟု ဟောတော်မူသည်နှင့်အညီ ထိုရောက်လာသောရန်ကို မိမိအစွမ်းဖြင့်သော်လည်း နိုင်နင်းအောင် လုံ့လပြုရာ၏။ ကိုယ်အစွမ်းဖြင့်မတတ်နိုင်လျှင် နှလုံးဝင်သူ အဆွေခင်ပွန်းကောင်းတို့နှင့်သော်လည်း တိုင်ပင်၍ ဆောင်ရာ၏။ ထို အန္တရာယ်ပြုလတ္တံ့သောသူတို့အား “သုဘာသိတ”ဟုဆိုအပ်သော ဖြောင့်မှန်တည်ကြည်စွာ ချစ်ဖွယ်သောစကားဖြင့် ဖြားယောင်းပူးကပ်၍သော်လည်း ဆောင်ရာ၏။ “အနုပ္ပဒါန”ဟုဆိုအပ်သော ကိုယ်နှုတ်တံစိုး, ဥစ္စာတံစိုးတို့ဖြင့် သော်လည်း ဆောင်ရာ၏။ “ပဝေဏီ”ဟုဆိုအပ်သော ထိုအန္တရာယ်ပြုမည့်သူနှင့် အမျိုးအဆွေစသည် မပြားမခြားဖြစ်ကြောင်းနှင့် အနွယ်ဆက်၍သော်လည်း ဆောင်ရာ၏။ ဤ ၅-ပါးတို့တွင် အခွင့်နှင့်လျော်စွာ မိမိ၌ ထိုက်ရာသောအကြောင်းဖြင့် ဘေးဥပဒ်မှလွတ်ကြောင်း ကောင်းစွာလုံ့လပြုရာသည်ဟု မှတ်ကုန်ရာသည်။ ဤကား စကားချပ်တည်း။)