မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၂

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂။ မိဖုရားကြီး ထွက်ပြေးခန်း

အရိဋ္ဌဇနကမင်း၏မိဖုရားကြီးသည်လည်း ထိုအကြောင်းကိုကြားသိလျှင် အမှုမငြိမ်မဝပ် ဆူလောင်ဆဲတွင် အလျင်အမြန် ရွှေတိုက်၌ ရွှေစင်ရွှေကောင်း, ပတ္တမြားစသော ကျောက်မျက်ကောင်းတို့ကိုယူ၍ ခိုင်ခံ့သောပုဆိုးဖြင့် အထပ်ထပ်ရစ်ထုပ်ပြီးလျှင် တောင်းဆိုးတစ်ခု၌ထည့်ပြီးမှ အပေါ်၌ ပုဆိုးနွမ်းခင်း၍ အတန်ငယ် ဆန်စေ့များကို ဖုံးလောက်ရုံကြဲဖြန့်ကာ မိမိမှာလည်း နန်းသုံးနန်းဝတ်ကိုစွန့်၍ ညစ်နွမ်းသောအဝတ်, ထွေးရှုပ်သောဆံဦးဖြင့် ဆင်းရဲသူမအသွင်ကိုယူလျက် ထိုတောင်းကိုရွက်ပြီးသော် စစ်မျက်နှာလွတ်ရာ မြောက်တံခါးဖြင့် ထွက်သွားလေ၏။ တစ်စုံတစ်ယောက်သော မြို့သူမြို့သားမျှလည်း အသွင်ခြားသည်ဖြစ်၍ မိဖုရားကြီးဟု မသိကြလေကုန်။

ပေါလဇနကမင်းသည်လည်း အလုံးစုံ ပြုဖွယ်ကိစ္စတို့ကိုပြု၍ မြို့ကိုသိမ်းယူပြီးလျှင် မိထိလာမြို့၌ ထီးနန်းစိုးစံလေ၏။

(ဤအရာ၌ အရိဋ္ဌဇနကမင်းသည် သူကြီးပြုသူတို့ ဂုဏ် ၆-ပါးတွင် ဆင်ခြင်ရာသည့်အခွင့် ရှိပေလျက် ဆင်ခြင်စူးစမ်းခြင်းကိုမပြုဘဲ ဣက္ခဏဂုဏ်ချို့တဲ့၍ ဒေါသာဂတိသို့ လိုက်မှားသဖြင့် မပြစ်မှားအပ်သောသူကို ပြစ်မှားမိချေသောကြောင့်--

“ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပဒုဋ္ဌေသု ဒုဿတိ။

ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။”ဟု

ဟောတော်မူသော ဓမ္မပဒပါဠိတော်နှင့်အညီ အပြစ်ဒဏ်မထိုက် မပြစ်မှားအပ်သူတို့၌ ဒဏ်ဖြင့် ပြစ်မှားကုန်သောသူတို့အား-

“ဝေဒနံ ဖရုသံ”ဟုဆိုအပ်သော ကြမ်းတမ်းစွာသော ဦးခေါင်းနာ စသည်ရောက်ခြင်း၊ “ဇာနိ”ဟုဆိုအပ်သော ဥစ္စာစည်းစိမ်သည် ဆုတ်ယုတ်ဆုံးပါးခြင်း၊ “သရီရဿ စ ဘေဒနံ”ဟုဆိုအပ်သော လက်ပြတ်ခြင်းစသည့် ကိုယ်အင်္ဂါပျက်ခြင်း၊ “ဂရုကံ ဝါပိ အာဗာဓံ”ဟုဆိုအပ်သော ကုဋ္ဌနာ, အပမာရနာ စသော ဆေးမကုနိုင်ရာ လေးစွာအနာ ကပ်ရောက်ခြင်း၊ “စိတ္တက္ခေပဉ္စ” ဟုဆိုအပ်သော ရူးသွပ်ခြင်း၊ “ရာဇတော ဝါ ဥပသဂ္ဂံ” ဟုဆိုအပ်သော မင်းဘေးမင်းဒဏ်သင့်ခြင်း၊ “အဗ္ဘက္ခာနဉ္စ ဒါရုဏံ” ဟုဆိုအပ်သော ရုန့်ကြမ်းလှစွာသော သူတစ်ပါးတို့အစွပ်အစွဲကို ခံရခြင်း၊ “ပရိက္ခယဉ္စ ဉာတီနံ” ဟုဆိုအပ်သော အဆွေအမျိုး ပြုန်းတီးခြင်း၊ “ဘောဂါနဉ္စ ပဘင်္ဂုနံ” ဟုဆိုအပ်သော စည်းစိမ်အခြွေအရံ ပျက်စီးခြင်း၊ “အဂါရာနိ အဂ္ဂိ ဒယှတိ” ဟုဆိုအပ်သော အိမ်ကိုမီးသင့်ခြင်း ဤ ၁၀-ပါးသောအပြစ်တို့တွင် တစ်ခုခုသည် လျင်စွာရောက်၍၊ သေသည်၏အခြားမဲ့၌ ငရဲသို့သာ ရောက်ရလေ၏ဟူ၍ ဟောတော်မူသည်နှင့်လျော်စွာ ပေါလဇနကမင်းကို ပြုသောဒဏ်သည် မိမိသို့ ပြန်လာသဖြင့် စည်းစိမ်လည်းပြုန်း အသက်လည်းဆုံး ရှိချေသည်။

ဤသို့ထောက်၍ ယခုအခါ သူကြီးပြုသမျှသော သူအပေါင်းတို့သည်-

မီးမပွားလောက်သည့်အမှု၌ ပမာဏမပြုဘဲ သည်းခံခြင်းဟုဆိုအပ်သော “ခမာဂုဏ်၊ သွားခြင်း, နေခြင်း, အိပ်ခြင်း, ဝတ်ခြင်းစသည်တို့၌ သတိပညာ ထက်ကြပ်ပါခြင်းတည်းဟူသော “ဇာဂရိယဂုဏ်”၊ ခပ်သိမ်းသောအခွင့်တို့၌ ငယ်သူငယ်သားထက် ၂-ဆတက်, ၃-ဆတက် လုံ့လရှိခြင်းတည်းဟူသော “ဥဋ္ဌာနဂုဏ်”၊ အထိုက်အလိုက်ကိုချင့်၍ ဝေဖန်ထုံးဖွဲ့ခြင်းတည်းဟူသော “သံဝိဘာဂဂုဏ်”၊ ငယ်သူငယ်သားတို့အား မိမိကိုယ်ကဲ့သို့ သနားချစ်ခင် ကြင်နာခြင်းဟုဆိုအပ်သော “ဒယာဂုဏ်”၊ အလုံးစုံသောအခွင့်အရေးတို့ကို တွေးမြော်ဆင်ခြင်ခြင်းဟုဆိုအပ်သော “ဣက္ခဏဂုဏ်”။ ဤနာယကဂုဏ် ၆-ပါးနှင့်ပြည့်စုံကြောင်း ကောင်းစွာ နှလုံးထားကုန်ရာ၏။ ခပ်သိမ်းသောသူအပေါင်းတို့သည်လည်း မပြစ်မှားအပ်သောသူတို့အား နှလုံးဖြင့်မျှ မပြစ်မှားချေဟု မှတ်ကုန်ရာ၏။ ဤကား စကားချပ်တည်း။)

အရိဋ္ဌဇနကမင်း၏မိဖုရားကြီးသည် ထိုမြောက်တံခါးဖြင့် ထွက်သွားလေသော် မိမိသည် အရပ်တစ်ပါးသို့ မသွားဘူးသူဖြစ်၍ ခရီးလမ်းကိုလည်း မသိ၊ အရပ်အစွဲအမှတ်လည်း မရှိဖြစ်သဖြင့် မြို့မှခွာ၍ ဝေးစွာမသွားဝံ့ဘဲ တစ်ဆောင်သောဇရပ်တွင် ဝင်နားလျက်၊ “ဤပြည်မှအကွာ ယူဇနာ ၆၀-ထက်၌ ကာလစမ္ပာနဂိုရ် ပြည်ရှိ၏”ဟု ရှေးကကြားဖူးသည်နှင့်သာ ထိုပြည်ကိုအစွဲအမှတ်ပြု၍ ကာလစမ္ပာနဂိုရ်ပြည်သို့သွားသူတို့ကို ခရီးသွားကြုံတိုင်း မေးမြန်းနေလေ၏။

ထိုအခါ မိဖုရားကြီးဝမ်း၌ ဘုန်းသမ္ဘာရင်ဖြစ်သော ဘုရားလောင်း၏အာနုဘော်ဖြင့် တာဝတိံသာနတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း၌ခင်းအပ်သော အလျား ယူဇနာ ၆၀, အနံ ယူဇနာ ၅၀, အထု ၁၅-ယူဇနာ ပမာဏ, လယ်ခေါင်ရန်းပွင့်ကဲ့သို့ နီမြန်းသောအဆင်း, သိကြားမင်းထိုင်လျှင် ခါးတိုင်အောင်နစ်သော အနူးအညံ့နှင့်ပြည့်စုံသော ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် စည်မျက်နှာကဲ့သို့ တင်းမာခြင်းဖြင့် သိကြားမင်းနှလုံး ညှိုးနွမ်းပူပန်အံ့သောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည်-

“ငါတည်း ဤစည်းစိမ်မှ ရွေ့လျှောလိုသလော။ အဘယ်အကြောင်းကြောင့် ဤသို့သောအခြင်းအရာ ဖြစ်လေသနည်း”ဟု ဆင်ခြင်လေသော်၊ “တစ်ပါးအကြောင်းကြောင့် မဟုတ်။ အရိဋ္ဌမင်း၏မိဖုရားသည် ယခု မိမိတို့ထီးနန်းစည်းစိမ် တိမ်းယိမ်းသဖြင့် ဆင်းရဲစွာသွားရာ လမ်းမပေါက်ရှိ၍ မိမိဝမ်း၌ သန္ဓေစွဲသူသည် ဘုန်းသမ္ဘာရင်ဖြစ်ခြင်းကြောင့် ထိုသူငယ်၏အာနုဘော်ဖြင့် ဤအခြင်းအရာ ဖြစ်ချေသည်”ဟု သိပြီးသော်၊ “မင်းဖြစ်ထိုက်သော ဘုန်းရှိယောက်ျားဖြစ်ပေလျက် မပျက်စီးသင့်လေကောင်း။ ဤသူငယ် အသက်ရှည်သဖြင့် ပြည်သူပြည်သားတို့အားလည်း များစွာ စီးပွားဖြစ်လတ္တံ့။ ထိုသို့သောယောက်ျားမြတ်ကို အန္တရာယ်မဖြစ်စေခြင်းငှာ ငါ သွား၍ မ,စ,ထိုက်လှပေသည်”ဟု ကြံပြီးလျှင်၊ ရထားပေါင်းချုပ်ဖန်ဆင်း၍ ထိုရထားပေါ်၌ ညောင်စောင်းနေရာခင်းပြီးသော် ယောက်ျားအို၏အသွင် ဖန်ဆင်းလျက် ရထားကိုနှင်၍ မိဖုရားနေရာဇရပ်သို့ ရှေးရှုလာသဖြင့်၊ ဇရပ်နားသို့ရောက်လျှင် ရထားကိုတန့်လျက်-

“ဤအရပ်တွင် ကာလစမ္ပာနဂိုရ်ပြည်သို့ သွားလိုသူ ခရီးသွားရှိသလော”ဟု အမှတ်မထင် မေးလေ၏။

မိဖုရားကြီးသည် ထိုစကားကိုကြားလျှင် “ဘိုးအေ။ အကျွန်ုပ် သွားလိုပါသည်”ဟု ဆို၏။

သိကြားမင်းသူအိုလည်း “ချစ်သမီး ယင်းသို့တပြီးကား ရထားထက်သို့ တက်လှည့်၊ ယခုပင် သွားကြကုန်အံ့”ဟု ဆို၏။

မိဖုရားကြီးလည်း “ဘိုးအေ။ အကျွန်ုပ်ကား ကိုယ်ဝန်အရင့်အမာနှင့် ဖြစ်ခဲ့သည်။ ရထားစီးခြင်းငှာ မဝံ့ပါ။ ဤ အကျွန်ုပ်၏တောင်းကိုသာ ရထား၌ တင်ပါရစေတော့။ ရထားနောက်က အကျွန်ုပ် လိုက်ပါမည်”ဟုဆို၏။

သိကြားမင်းသူအိုလည်း “ချစ်သမီး။ အသို့ ဆိုရပါသနည်း။ တစ်ပါးသူကဲ့သို့ ဘိုးအေကို မှတ်ထင်သလော။ ရထားနှင်ခြင်း၌ ဘိုးအေနှင့်တူ၍ တတ်သောသူမရှိ။ မကြောက်နှင့်။ တက်သာ တက်”ဟု ဆို၏။

မိဖုရားကြီးလည်း သိကြားမင်းသူအိုစကားဖြင့် “ရထားထက်သို့ တက်အံ့”ဟု ရှေးရှုလာ၏။ ထိုအခါ သိကြားမင်း၏အာနုဘော်ကြောင့် ရထားသို့ မိဖုရားကြီးတက်ရာဖြစ်သောမြေအရပ်သည် လေဖြင့်ပြည့်သော သားရေနယ်အိတ်ကဲ့သို့ ပုံ့ပုံ့ကြွ၍ ရထားနောက်မြိတ်ကို ထိလျက်တည်လေ၏။ မိဖုရားကြီးသည်လည်း ပြကတေ့ လှမ်းမြဲသောခြေဖြင့် ရထားထက်သို့တက်၍ ညောင်စောင်းအပြင်ဝယ် ခင်းအပ်သောအိပ်ရာ၌ လျောင်းမိခါလျှင် “ဤအဘိုးကား လူမဟုတ်။ နတ်စင်စစ် မှန်ရာသည်”ဟုသိလျက် နတ်၏အတွေ့ကို တွေ့ရခြင်းကြောင့် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။