မဟာဇနကဇာတ်တော်ကြီး/ဇာတ်တော်ကို ပေါင်းခန်း

From Wikisource
Jump to navigation Jump to search
မဟာဇနကဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ဇာတ်တော်ကို ပေါင်းခန်း

ဤသို့ မြတ်စွာဘုရားသည် တပည့်သားတော်တို့အား အကျယ်အားဖြင့် ရှေးဖြစ်တော်မူကြောင်းကို ဟောတော်မူပြီးလျှင် အကြောင်းရင်း ငုပ်မည်စိုးတော်မူသောကြောင့်-“န ဘိက္ခဝေ ဣဒါနေဝ၊ ပုဗ္ဗေပိ တထာဂတော မဟာဘိနိက္ခမနံ နိက္ခန္တောယေဝ”ဟု ဟောတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“တပည့်သားအပေါင်းတို့။ လာခြင်းကောင်းသော ငါဘုရားသည် ယခုသာလျှင် နိမိတ် ၄-ပါးထင်သဖြင့် ပြည်စည်းစိမ်ကိုစွန့်၍ တောထွက်တော်မူသည် မဟုတ်။ ရှေးပါရမီကို ဖြည့်စဉ်ကပင်လည်း နိမိတ်ထင်သဖြင့် ယခုထက်မက ငြိတွယ်စရာများသော မင်းစည်းစိမ်ကိုစွန့်၍ မြတ်သောတောထွက်ခြင်းဖြင့် တောထွက်တော်မူဖူးပြီ”ဟု ဒေသနာတော်အဆုံးကို ဆက်စပ်တော်မူပြီးလျှင် “တဒါ သမုဒ္ဒရက္ခိတာ” အစရှိသည်ဖြင့် ဇာတ်တော်ကို ပေါင်းတော်မူ၏။

အဓိပ္ပာယ်ကား-

“ထို မဟာဇနကမင်း ငါ ဖြစ်တော်မူသောအခါ ငါ့ကို သမုဒ္ဒရာထဲမှချီပိုက်၍ မိထိလာပြည် ဥယျာဉ်မင်္ဂလာကျောက်ဖျာအပြင်၌ သိပ်ထားပေသော သမုဒ္ဒရာစောင့် မဏိမေခလာနတ်သမီးသည် ယခုအခါ သာဝတ္ထိပြည်၌ သူဌေးသမီးဖြစ်၍၊ ငါ့သာသနာတော်၌ ရဟန်းပြုသဖြင့် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ လက်ဝဲရံ တပည့်တော်မအပေါင်းတို့တွင် အမြတ်ဆုံး ဒုတိယအဂ္ဂသာဝိကာဖြစ်သော ဥပ္ပလဝဏ်ထေရီဖြစ်လာ၏။

“ထိုအခါ ငါ့ကို ရဟန်းအဖြစ်၌ မြဲမြံစေခြင်းငှာ အဆုံးအမပေးပေသော ထူဏမြို့ ရွှေလက်ကောက်ရှင် သတို့သမီးသည် ယခု ရာဇဂြိုဟ်ပြည်ကို အစိုးရသော ဗိမ္မိသာရမင်းကြီး မိဖုရားဖြစ်၍၊ ငါရှိရာ ဝေဠုဝန်ကျောင်းတော်သို့ ရောက်လာသောကြောင့် ကိုယ်အဆင်းကိုမှီ၍ နန္ဒီရာဂပြောသူဖြစ်၍ ထိုသူ၏စရိုက်အားလျော်စွာ အသုဘနိမိတ်ကို ငါ ထင်စေတော်မူလျက် တရားဟောတော်မူလျှင်၊ တရားနာစဉ် လူဝတ်နှင့်ပင် မဂ်လေးတန်ဘဝင်ခြားတန့်ခြင်းမရှိ ခိပ္ပပဋိသမ္ဘိ,ဒါခိပ္ပါဘိညာဖြင့် ရဟန္တာအဖြစ်သို့ရောက်ပြီးမှ ငါ့သာသနာတော်၌ ရဟန်းပြုသဖြင့် ကမ္ဘာ ၁-သိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ လက်ယာရံ တပည့်တော်မအပေါင်းတို့တွင် အမြတ်ဆုံး ပထမအဂ္ဂသာဝိကာဖြစ်သော ခေမာထေရီ ဖြစ်လာ၏။

“ထိုအခါ ငါ့ကို ရဟန်းအဖြစ်၌ မြဲမြံစေခြင်းငှာစောင်မသော မိဂါဇိန်ရှင်ရသေ့သည် ယခုအခါ ရာဇဂြိုဟ်ပြည်၏အနီး ကောလိတရွာသူကြီးသားဖြစ်၍၊ ငါ့သာသနာတော်၌ ရဟန်းပြုသဖြင့် ၁-သင်္ချေနှင့် ကမ္ဘာ၁-သိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ လက်ဝဲရံတပည့်တော်အပေါင်းတို့တွင် အမြတ်ဆုံး ဒုတိယအဂ္ဂသာဝကဖြစ်သော မဟာမောဂ္ဂလန်ထေရ် ဖြစ်လာ၏။

“ထိုအခါ ငါ့ကို ရဟန်းအဖြစ်၌ ခိုင်ခံ့စေခြင်းငှာ အဆုံးအမပေးလာသော နာရဒရှင်ရသေ့သည် ယခုအခါ ရာဇဂြိုဟ်ပြည်၏အနီး ဥပတိဿရွာသူကြီး ဝင်္ကန္တပုဏ္ဏားသားဖြစ်၍ ငါ့ထံသို့ ရဟန်းပြုလာသဖြင့် ၁-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ လက်ယာရံ တပည့်တော်အပေါင်းတို့တွင် ငါမှတစ်ပါး ဤသူထက်သာ၍ မြတ်သူမရှိ၊ ပထမ အဂ္ဂသာဝကအရာနေ ငါ၏တပည့်ကြီး သာရိပုတ္တရာထေရ် ဖြစ်လာ၏။

“ထိုအခါ ငါ့ကို ရဟန်းအဖြစ်၌ မငဲ့မစောင်း ဖြောင့်မတ်စွာတည်စေခြင်းငှာ ဆုံးမပေသော ထူဏမြို့သား လေးသမားသည် ယခုအခါ ကပိလဝတ်ပြည်၌ ငါ၏ဘထွေးတော်သားဖြစ်လာ၍၊ ငါ့သာသနာတော်၌ ရဟန်းပြုသဖြင့် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီနှင့်လျော်စွာ ငါဘုရား၏အလုပ်အကျွေး နှုတ်လျှာကောင်းခြင်း၌ ငါမှတစ်ပါး တူသူမရှိသော ငါ့ညီ ဓမ္မဘဏ္ဍာဂါရိက အာနန္ဒာမထေရ် ဖြစ်လာ၏။

“ထိုအခါ မဟာဇနကမင်း၏မိဖုရားကြီး သီဝလိဒေဝီသည် ယခုအခါ ငါ့ဦးရီးတော် ဒေဝဒဟမင်းကြီး၏သမီးဖြစ်၍၊ ကပိလဝတ်ပြည်၌ ငါနှင့် ထီးနန်းစံဖက်ဖြစ်သော ရာဟုလာမိခင် ဗိမ္ဗာထေရီဖြစ်လာ၏။

“ထိုအခါ ဒီဃာဝုမင်းသားသည် ယခု ကပိလဝတ်ပြည်၌ ငါ့ကိုစွဲ၍ရအပ်သော ဗိမ္ဗာဒေဝီ၏သားဖြစ်၍၊ ၇-နှစ်အရွယ်ကပင် ငါ့အထံဝယ် အမွေတောင်းလာသောကြောင့် ငါ့သားကြီး သာရိပုတ္တရာကိုအပ်၍ ရှင်ရဟန်းပြုစေပြီးလျှင် သိက္ခာ ၃-ပါးကို လွန်စွာကျင့်ခြင်း၌ ငါ ဧတဒဂ်ထားအပ်သော သာရိပုတ္တရာ၏တပည့် ရာဟုလာထေရ် ဖြစ်လာ၏။

“ထိုအခါ မဟာဇနကမင်း၏ မယ်တော်,ခမည်းတော်တို့သည် ယခုအခါ၌ ကပိလဝတ်ပြည်ကိုအစိုးရသော သာကီဝင်မင်းမျိုး၌ မြတ်သောမင်း, မြတ်သောမိဖုရား ဖြစ်ကြကုန်၏။

“ထိုအခါ မဟာဇနကမင်းကြီးသည်ကား ယခုအခါ ခပ်သိမ်းသောတရားကို သိတော်မူပြီးသော လူနတ်တို့၏ဆရာ ငါဘုရား ဖြစ်တော်မူ၏”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။


(မဟာသမုဒ္ဒရာထဲ၌ မဏိမေခလာ နတ်သမီးနှင့် စကားပြောကြသော ဂါထာ ၁၁-ဂါထာ။ ဘထွေးတော်ပေါလဇနကမင်း ရွှေအိုးကြီး ၁၆-လုံးကို အမြွက်ပြခဲ့သော ဂါထာ ၃-ဂါထာ။ မင်းအဖြစ်သို့ ရောက်သောအခါ မဟာဇနကမင်းကြီး ဥဒါန်းကျူးသော ဂါထာ ၆-ဂါထာ။ အထက်ပြာသာဒ်၌ ဘုရားလောင်းနေသောအခါ အမတ်တို့မြည်တမ်းသောစကားမှာ ၂-ဂါထာ။ ရှင်ပစ္စေကဗုဒ္ဓါတို့၏ ကျေးဇူးဂုဏ်ကိုအောက်မေ့၍ ဝမ်းမြောက်ဝမ်းသာဆိုတော်မူသော စကားဥဒါန်း - ဂါထာ။ မိထိလာပြည်စည်းစိမ်ကို ချီးမွမ်းတော်မူသော ဂါထာ ၁၉-ဂါထာ။ တောထွက်တော်မူသောအခါ ၇၀၀-သောမိဖုရားတို့ ငိုခြင်းကိုပြသော ဂါထာ၊ သီဝလိဒေဝီမိဖုရားနှင့် အစုစု းပြောဟောတော်မူသော ဂါထာ ၁၆-ဂါထာ။ နာရဒရှင်ရသေ့နှင့် ပြောဟောတော်မူသော ၉-ဂါထာ။ မိဂါဇိန်ရှင်ရသေ့နှင့် စကားပြောဟောတော်မူသော ဂါထာ ၁၇-ဂါထာ။ ထူဏမြို့၌ သတို့သမီးနှင့် စကားပြောဟောတော်မူသော ဂါထာ ၄-ဂါထာ။ လေးသမားနှင့် စကားပြောဟောတော်မူသော ဂါထာ၄-ဂါထာ။ ဤသို့ အစုစုဂါထာပေါင်း ၁၇၇-ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော မဟာဇနက ဇာတ်တော်အပြီးသို့ ရောက်၏။

မဟန္တံ သကပရတ္ထံ ဇနေတီတိ မဟာဇနကော။

ယော ရာဇာ၊ အကြင်မင်းသည်။ မဟန္တံ၊ ကြီးမြတ်သော။ သကပရတ္ထံ၊ ကိုယ့်စီးပွား, သူ့စီးပွားကို။ ဇနေတိ၊ ဖြစ်စေတတ်၏။ ဣတိတသ္မာ၊ ကြောင့်။ သော ရာဇာ၊ သည်။ မဟာဇနကော၊ မဟာဇနက မည်၏။ မဟန္တ သဒ္ဒူပဒ-ဇနဓာတ်, ဏွု-ပစ္စည်း။ ဟေတု ကတ္တုသာဓန ကိတ်ဝိဂြိုဟ်။

ဇနဓာတ်အရ သုဒ္ဓကတွတ္ထကြိယာကား မင်းစည်းစိမ်ပြည်တိုင်းကား စည်ပင်ပြန့်ပွားခြင်း, တိုင်းသားပြည်သူ ငြိမ်းချမ်းဝပြောခြင်း, အလှူသီတင်း အကျင့်နှင့်ပြည့်စုံခြင်း တည်းဟူသော အကျိုးတို့၏ ဥပ္ပါဒသတ္တိသည် မုချ။ ကာရိုက်ပစ္စည်း၏ ဟေတုကတွတ္ထကြိယာကား ထိုအကျိုးအားတပ်သော သင်္ဂဟ ၄-ပါး, ရာဇဓမ္မ ၁၀-ပါး စသည်တို့ဖြင့် ကောင်းစွာကျင့်ခြင်းဟုဆိုအပ်သော မင်းကျင့်တရား၏ပကတူပနိဿယသတ္တိသည် ဖလူပစာရ၊ ဏွု-ပစ္စည်း၏အရကား ထို မုချဖလူပစာရတ္ထတို့ဖြင့် မှတ်အပ်သော မဟာဇနကမင်း ရ၏။

မဟာဇနေ တီဟိ ဗလေဟိ ကမတိ အတိက္ကမတီတိ မဟာဇနကော။

ယော ရာဇာ၊ သည်။ တီဟိ ဗလေဟိ၊ အာဏာဗလ, ဘောဂ ဗလ, ဣဿရိယဗလဟု ဆိုအပ်သော ၃-ပါးသောဗလတို့ဖြင့်။ မဟာဇနေ၊ တိုင်းသူလူအပေါင်းတို့ကို။ ကမတိ အတိက္ကမတိ၊ လွန်မြောက်တတ်၏။ ဣတိ တသ္မာ၊ ကြောင့်။ သော ရာဇ၊ သည်။ မဟာဇနကော၊ မည်၏။ ကတ္တုသာဓန ကိတ်ဝိဂြိုဟ်။ မဟာဇန သဒ္ဒူပပဒ ကမုဓာတ်, ကွိ-ပစ္စည်း။

ကမုဓာတ်အရကား မင်း၏သန္တာနသတ္တိသည် မုချ။ ကရဏတ္ထကြိယာကား ထိုသတ္တိအားတပ်သော အာဏာ, လက်ရုံး, စည်းစိမ်အခြံအရံ အစိုးရခြင်း အသဒိသဘောဖြစ်အောင် ဘုန်းအာနုဘော်၏ ပကတူပနိဿယသတ္တိသည် ဖလူပစာရတ္ထ၊ ကွိ-ပစ္စည်း၏ အရကား ထိုမုချ ဖလူပစာရတ္ထတို့ဖြင့် မှတ်အပ်သော သတ္တိ၏တည်ရာ သတ္တိမန်ဖြစ်သော မဟာဇနကမင်း ရ၏။

တစ်နည်းလည်း--

မဟန္တာ စ သော အာဇာနကော စာတိ မဟာဇာနကော။

ဇာ၌အာ,ကို ရဿပြု။

မဟန္တော စ၊ မြတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုမြတ်သောသူသည်။ အာဇာနကော စ၊ အာဇာနည် ၃-ပါးထက် လွန်ကဲသော လူအာဇာနည်သည်လည်း။ ဟောတိ၊ ၏။ ဣတိ တသ္မာ၊ ကြောင့်။ မဟာဇနကော၊ မည်၏။ ကမ္မဓာရည်းသမာသ်ဝိဂြိုဟ်။ မဟ-ပုဒ်, အာဇာနက-ပုဒ်။

မဟန္တာပုဒ်၏အရကား ထီးစဉ်နန်းရိုး မင်းမျိုးစိုးနွယ်ဖြစ်သော ဇာတိမဟတ္တ, ဣဿရိယမဟတ္တ, ဘောဂမဟတ္တဂုဏ်, အာဇာနကောဟူသော နောက်ပုဒ်၏အရကား အဆင်း, ပညာ, အာဏာ, လက်ရုံဘုန်းကျက်သရေတည်းဟူသော ဥပဓိသမ္ပတ္တိဂုဏ်သည် အပ္ပဋ္ဌာနအားဖြင့်ရ၏။ မဟာဇနကောဟူသော သမာသ်ပုဒ်လုံး၏အရကား ထိုဂုဏ်၂-ပါး၏တည်ရာ ဂုဏေဖြစ်သော မဟာဇနကမင်းသည်သာလျှင် ပဋ္ဌာနအားဖြင့်ရ၏။

မဟာဇနကဿ ဇာတော မဟာဇနကဇာတော။တပ္ပုရိသ် သမာသ်ဝိဂြိုဟ်။

မဟာဇနကဿ၊ မဟာဇနကမင်း၏။ ဇာတော၊ အဖြစ်တော်တည်း။ မဟာဇနကဇာတော၊ မဟာဇနကမင်း၏ အဖြစ်တော်။

မဟာဇနကပုဒ်, ဇာတပုဒ်။ မဟာဇနကောဟူသော ရှေးပုဒ်၏အရကား မဟာဇနကမင်းရ၏။ ဇာတောဟူသော နောက်ပုဒ်၏အရကား ခန္ဓာ ၅-ပါးတို့၏ ဥဒါရဘော ရ၏။ သမာသ်ပုဒ်လုံး၏အရကား မဟာဇနကမင်းဟု ခေါ်ဝေါ်အပ်သော သန္တာနပညတ်၏တည်ရာ ခန္ဓာ ၅-ပါးတို့၏ ဖြစ်ခြင်းသဘောသာလျှင်ရ၏။

မဟာဇနကဇာတဿ ဥပ္ပတ္တိဋ္ဌာနံ မဟာဇနကဇာတကံ။ဇာတာဒိတဒ္ဓိတ်။

မဟာဇနကဇာတဿ၊ မဟာဇနက ဇာတ်တော်၏။ ဥပ္ပတ္တိဌာနံ၊ ဖြစ်ခြင်း အကြောင်းအရာတည်း။ မဟာဇနကဇာတကံ၊ အရာ။

မဟာဇနက-ပုဒ်, ဣက-ပစ္စည်း။ တဒိတ်ပုဒ်လုံး၏ အရကား မဟာဇနကမင်း၏ အဖြစ်အပျက် အနေအထိုင် အသုံးအဆောင် အပေါင်းအဖော် အစရှိသော အလုံးစုံအကြောင်းအရာ ဟူသမျှရ၏။

မဟာဇနကဇာတကဿ ဣဒံ ပကာသနံ မဟာဇနကဇာတကံ။ရာဂါဒိတဒိတ်။

ဣဒံ၊ ဤပြကြောင်းဖြစ်သော ကျမ်းသည်။ မဟာဇနကဇာတကဿ၊ မဟာဇနကမင်းကြီး၏ အဖြစ်အပျက် အကြောင်းအရာကို။ ပကာသနံ၊ ပြကြောင်းဖြစ်သော ကျမ်းတည်း။ မဟာဇနကဇာတကံ၊ မဟာဇနကဇာတ်ကျမ်း။

တဒိတ်ပုဒ်လုံး၏အရကား “ကောယံ မဇ္ဈေ သမုဒ္ဒသ္မိံ” အစရှိသောဂါထာဖြင့် တန်ဆာဆင်၍ ဟောတော်မူခြင်း ဒေသနာတော်အစဉ် ရ၏။

မဟာဇနကဇာတကတော ဥဒ္ဓရိတံ ဝတ္ထူတိ မဟာဇနကဇာတကဝတ္ထု။တပ္ပုရိသ်သမာသ်။

ယံ ဣဒံ၊ အကြင်ဝတ္ထုသည်။ မဟာဇနကဇာတကတော၊ မဟာဇနက ဇာတ်ပါဠိတော်မှ။ ဥဒ္ဓရိတံ၊ အနက်ကိုထုတ်၍ မြန်မာဘာသာရေးစီအပ်သော။ ဝတ္ထု၊ ထိုဇာတ်တော်၏ အကြောင်းအရာဖြစ်သော ဝတ္ထုတည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ တံ ဣဒံ၊ ထိုဝတ္ထုသည်။ မဟာဇနကဇာတကဝတ္ထု၊ မဟာဇနကဇာတ်ဝတ္ထု မည်၏။

သမာသ်ပုဒ်လုံး၏အရကား ဤမြန်မာဘာသာဖြင့် ထုတ်စီရင်အပ်သော ဝတ္ထုရ၏။

ဂါထာတူပေါင်းဖွဲ့ဖက် ဇာတ်မရှိသောကြောင့် နိပါတ်လွတ် သန့်သန့်သီးသီးထားအပ်သော ဇာတ်ကြီး ၁၀-စောင်တွင်နေမိ, နာရဒ, ဝေဿန္တရာ ဤ ၃-စောင်ဇာတ်တို့မှာ စရိယပိဋကကျမ်း၌ လာသောကြောင့်လည်းကောင်း၊ တစ်ပါးသော ထောက်ထားရာ ရှိသောကြောင့်လည်းကောင်း ဤကမ္ဘာ ဤအန္တရကပ်တွင်ပင် ဖြစ်သည်ဟုသိရ၏။ တေမိ, သုဝဏ္ဏသာမ, ဘူရိဒတ်, စန္ဒကုမာရ ဤ ၄-စောင်ဇာတ်တို့မှာ ၎င်းကျမ်း၌လာရကား ဤကမ္ဘာတွင်ဖြစ်သည်ဟု သိရ၏။ တစ်ပါးထောက်ထားရာ မထင်သောကြောင့် မည်သည့်အန္တရကပ်တွင်ဖြစ်သည်ဟု မသိရ။ မဟာဇနက, ဝိဓုရ, မဟောသဓ ဤ ၃-စောင်ဇာတ်တို့မှာ ၎င်းကျမ်းတွင်လည်းမလာ ထောက်ထားရာလည်း မထင်သောကြောင့် မည်သည့်ကမ္ဘာတွင်ဖြစ်သည်ဟူ၍ အတပ်မဆိုသာဟု မှတ်အပ်၏။)

သမဏေနောဘာသာဘိဓာနယုဝကေန ရစိတိဒံဝတ္ထု မြန်မာဘာသာယ နိဋ္ဌိတံ။

ဇာတ်တော်ပေါင်းခန်း ပြီး၏။

မဟာဇနက ဇာတ်တော်ကြီးဝတ္ထု ပြီး၏။