မလ္လိကာဒေဝီဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဇရာဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ မလ္လိကာဒေဝီဝတ္ထု
325007ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဇရာဝဂ် — ၆။ မလ္လိကာဒေဝီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ မလ္လိကာမိဖုရားဝတ္ထု

ဇီရန္တိ ဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မလ္လိကာမိဖုရား၏ မကောင်းမှု

မလ္လိကာမိဖုရားသည် တစ်နေ့သ၌ ရေချိုးအိမ်သို့ဝင်၍ မျက်နှာသစ်ပြီးလျှင် အောက်သို့ ညွတ်ကိုင်းသော ကိုယ်ရှိသဖြင့် သလုံးမြင်းခေါင်းကို ရေဆေးခြင်းငှာ အားထုတ်လေ၏။ ထိုမလ္လိကာ မိဖုရားနှင့်လည်း အတူတကွသာလျှင် ဝင်လိုက်လာသော အကျွမ်းဝင်သော ခွေးတစ်ကောင်သည် ရှိ၏။ ထိုခွေးသည် မိဖုရားကို ထိုအခြင်းအရာဖြင့် အောက်သို့ညွတ်ကိုင်းသည်ကို မြင်ရလျှင် မသူတော်တို့၏ ပေါင်းသက်ဆက်ဆံခြင်းကို ပြုခြင်းငှာ အားထုတ်လေ၏။ မလ္လိကာမိဖုရားသည် အတွေ့ကိုသာယာလျက် တည်နေလေ၏။ ကောသလမင်းကြီးသည်လည်း ပြာသာဒ်အထက်၌ တည်နေလျက် လေသာနန်းပြတင်းဖြင့် ကြည့်ရှုသည်ရှိသော် ထိုအခြင်းအရာကို တွေ့မြင်ရခြင်းကြောင့် ရေချိုးအိမ်မှ ပြန်တက်လာသောအခါ “အယုတ်တမာမ- ပျက်စီးလေတော့လော့၊ အဘယ့်ကြောင့် ဤသို့ သဘောရှိသောအမှုကို ပြုဘိသနည်း”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါသနည်း”ဟု ဆိုလတ်သော် “သင်သည် ခွေးနှင့်တကွ ရောယှက်ဘိ၏”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဤအမှုပြုခြင်းသည် မရှိရပါ”ဟု ဆိုသော် “ငါသည် ကိုယ်တိုင်မြင်အပ်၏၊ သင်၏စကားကို ငါမယုံနိုင်၊ အယုတ်တမာမ- ပျက်စီးလေတော့လော့”ဟု ဆိုပြန်လေ၏။

“မြတ်သောမင်းကြီး- အမှတ်မရှိ တစ်ယောက်ယောက်သောသူသည် ဤရေချိုးအိမ်သို့ ဝင်သည်ရှိသော် ဤလေသာပြတင်းပေါက်ဖြင့် ကြည့်ရှုသောသူအား တစ်ယောက်တည်းပင်လျှင် နှစ်ယောက်အားဖြင့် ထင်တတ်၏”ဟု မဟုတ်မမှန်သောစကားကို ပြောကြားလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ်၏စကားကို အကယ်၍ မယုံသည်ဖြစ်အံ့၊ ဤရေချိုးအိမ်သို့ဝင်လော့၊ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဤလေသာပြတင်းဖြင့် ကြည့်ရှုပါအံ့”ဟု ဆိုသည်ရှိသော် မင်းကြီးသည် တွေဝေသော သဘောရှိသည်ဖြစ်၍ ထိုမလ္လိကာ၏စကားကို ယုံကြည်သဖြင့် ရေချိုးအိမ်သို့ ဝင်လေ၏။ ထိုမလ္လိကာမိဖုရားသည်လည်း လေသာနန်းပြတင်း၌ရပ်၍ ကြည့်ရှုလျက် “လွန်စွာမိုက်လှသော မင်းကြီး- အဘယ့်ကြောင့် ဆိတ်မနှင့် အတူတကွ ဤသို့ ပေါင်းသင်းဆက်ဆံခြင်းကို ပြုလုပ်ဘိသနည်း”ဟု ဆိုလေ၏။ မင်းကြီးသည်လည်း “မလ္လိကာမိဖုရား- ငါကား ဤသို့သဘောရှိသော အမှုကို မပြုရပါ”ဟု ဆိုလတ်သော်လည်း “ငါသည် ကိုယ်တိုင်မြင်ရ၏၊ သင့်စကားကို ငါမယုံနိုင်”ဟု ဆိုလေ၏။ ထိုစကားကိုကြားလျှင် မင်းကြီးသည် “မချွတ်ဧကန် ဤရေချိုးအိမ်သို့ ဝင်သည်ရှိသော် တစ်ယောက်တည်းပင်လျှင် နှစ်ယောက်အားဖြင့် ထင်တတ်၏”ဟု ယုံကြည်မိလေ၏။ မလ္လိကာမိဖုရားသည် “ဤမင်းကြီးကား အလွန် မိုက်မဲတွေဝေသောကြောင့် ငါလှည့်စားသည်ကို ခံရရှာလေ၏၊ ငါသည် မကောင်းမှုကို ပြုမိချေပြီ၊ ဤမင်းကြီးကိုလည်း မဟုတ်မမှန်သောအားဖြင့် စွပ်စွဲမိချေပြီ၊ ငါ၏အမှုကို မြတ်စွာဘုရားသည်လည်း သိတော်မူလတ္တံ့၊ နှစ်ပါးသော အဂ္ဂသာဝကတို့သည်လည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝကတို့သည်လည်းကောင်း သိတော်မူကြကုန်လတ္တံ့၊ ငါသည် အလွန်တရာ ဝန်လေးစွာသောအမှုကို ပြုမိလေစွတကား”ဟု နောင်တပူပန် ကြံအောက်မေ့ရရှာလေသတည်း။

မလ္လိကာမိဖုရား ငရဲခံရခြင်း

ဤမလ္လိကာမိဖုရားကြီးသည် ပသေနဒီ ကောသလမင်းကြီး၏ အတုမရှိသော အသဒိသအလှူကြီးကို ပေးလှူရာ၌ အဖော်ဖြစ်ဖူးလေ၏။ ထိုအသဒိသဒါန အလှူကြီး၌လည်း တစ်နေ့တည်း၌ပြုအပ်သော စွန့်ကြဲခြင်းသည် ဥစ္စာတစ်ဆယ့်လေးကုဋေ ထိုက်တန်လေ၏။ မြတ်စွာဘုရားအလို့ငှာ လှူဒါန်းသော ထီးဖြူ, ထိုင်တော်မူရာ ပလ္လင်, သပိတ်ခြေ, ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည်လည်း အဖိုးမပြတ်နိုင်အောင် ထိုက်တန်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုမလ္လိကာ မိဖုရားကြီးသည် သေခါနီးသောကာလ ဤသို့သဘောရှိသော များစွာသော စွန့်ကြဲလှူဒါန်းခြင်းကို မအောက်မေ့မိနိုင်ရှာသဖြင့် ထိုမကောင်းမှုကံကိုသာ အောက်မေ့လျက် စုတေကွယ်လွန်လေသော် အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။ ပသေနဒီ ကောသလမင်းကြီးသည်ကား ထိုမလ္လိကာ မိဖုရားကြီးအပေါ်၌ အလွန်လျှင် ချစ်မြတ်နိုးလေ၏။ ထိုမင်းကြီးသည် ကြီးစွာသော စိုးရိမ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ မလ္လိကာမိဖုရား၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေပြီးလျှင် “မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းလျှောက်ထားဦးအံ့”ဟု ဘုရားရှင်၏အထံတော်သို့ သွားလေ၏။ ဘုရားရှင်သည် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ကောသလမင်းကြီးသည် လာခြင်းအကြောင်းကို သတိမရ၊ ထိုအခြင်းအရာဖြင့် ပြုတော်မူလေ၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ မှတ်သားအောက်မေ့ထိုက်သော တရားစကားကို ကြားနာပြီးလျှင် နန်းတော်သို့ ဝင်သောကာလ၌ အောက်မေ့မိ၍ “အချင်းလုလင်တို့- ငါသည် မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းအံ့ဟု ဘုရားရှင်၏ အထံတော်သို့သွားလေရာ မေ့လျော့ခဲ့လေ၏။ နက်ဖြန်မူကား မေးဖြစ်အောင်မေးအံ့”ဟု ဆို၍ တစ်ဖန် မိုးသောက်သောနေ့၌လည်း သွားပြန်လေ၏။ ဘုရားရှင်သည်လည်း အစဉ်အတိုင်းအားဖြင့် ခုနစ်ရက်တို့ပတ်လုံး ကောသလမင်းကြီး သတိမရအောင် ပြုတော်မူလေ၏။

ငရဲမှလွတ်၍ တုသိတာ၌ဖြစ်ခြင်း

မလ္လိကာမိဖုရားသည်လည်း ခုနစ်ရက်ပတ်လုံးသာလျှင် ငရဲ၌ ကျက်ရခံရ၍ ရှစ်ရက်မြောက်သောနေ့၌ ထိုအဝီစိငရဲမှ စုတေလတ်သည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

(အဘယ့်ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် သတိမရသည့်အဖြစ်ကို ပြုတော်မူဘိသနည်း ဟူမူကား ထိုကောသလမင်းကြီးသည် မလ္လိကာမိဖုရားအား အလွန်လျှင် ချစ်ခင်မြတ်နိုးခြင်း၊ နှလုံးကို ပွားစေခြင်း ဖြစ်လေသတတ်။ ထို့ကြောင့် မလ္လိကာမိဖုရား၏ ငရဲ၌ဖြစ်ရသည့်အဖြစ်ကို ကြားသိရလျှင် “ဤသို့သဘောရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံသော မလ္လိကာသည် အဝီစိငရဲ၌ အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ အလှူကို ပေးလှူ၍ အဘယ်ကို ပြုလုပ်ရတော့အံ့နည်း”ဟု မှားသောအယူကို ယူသဖြင့် ငါးရာသော ရဟန်းတို့အား အိမ်တော်၌ဖြစ်သော အမြဲ နိစ္စဘတ် ဆွမ်းဝတ်ကို ယုတ်စေပြီးလျှင် ငရဲ၌ ဖြစ်လေရာ၏။)

ထို့ကြောင့် ကောသလမင်းကြီးအား ဘုရားရှင်သည် ခုနစ်ရက်တို့ပတ်လုံး သတိမရသည့်အဖြစ်ကို ပြုတော်မူ၍ ရှစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် ကိုယ်တော်တိုင်သာလျှင် မင်းအိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ကောသလမင်းကြီးသည် ဘုရားရှင် ကြွလာတော်မူ၏ဟု ကြားရလျှင် သပိတ်ကိုယူ၍ ပြာသာဒ်သို့ တက်စိမ့်သောငှာ အားထုတ်လေ၏။ ဘုရားရှင်သည် ရထားတင်းကုပ်၌ နေထိုင်ခြင်းငှာ အခြင်းအရာကို ပြတော်မူ၏။ ကောသလမင်းကြီးသည် ဘုရားရှင်ကို ထိုရထားတင်းကုပ်၌သာ နေစေပြီးလျှင် ယာဂုခဲဖွယ်ဖြင့် အမြတ်တနိုးပြု၍ လှူဒါန်းဆက်ကပ်၍ ရှိခိုးကာနေလျက်သာလျှင် “မြတ်စွာဘုရား- ဒကာတော်သည် မလ္လိကာမိဖုရား၏ ဖြစ်ရာအရပ်ကို မေးမြန်းလျှောက်ထားအံ့ဟု လာပါသော်လည်း မေ့လျော့ခဲ့ပါသည်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုမလ္လိကာသည် အဘယ်အရပ်၌ ဖြစ်ရပါသနည်းဘုရား”ဟု မေးမြန်းလတ်သော် “မြတ်သောမင်းကြီး- တုသိတာနတ်ပြည်၌ ဖြစ်လေပြီ”ဟု မိန့်တော်မူလေ၏။

ကောသလမင်းကြီး ဝမ်းသာဝမ်းနည်းခြင်း

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မလ္လိကာမိဖုရားသည် တုသိတာနတ်ပြည်၌ မဖြစ်သည်ရှိသော် တစ်ပါးသော အဘယ်သူသည် ဖြစ်နိုင်ပါအံ့နည်းဘုရား၊ မြတ်စွာဘုရား- မလ္လိကာနှင့်တူသော မိန်းမသည် မရှိပါဘုရား၊ ထိုမလ္လိကာအား ထိုင်ရာ,ထရာ စသည်တို့၌ “နက်ဖြန် မြတ်စွာဘုရားအား ဤအလှူဝတ္ထုကို လှူဒါန်းအံ့၊ ဤကောင်းမှုကို ပြုလုပ်အံ့”ဟု ဤလှူဒါန်းရန် စီရင်ခြင်းကို ဖယ်ထား၍ အခြားသောကိစ္စပင် မရှိပါဘုရား၊ မြတ်စွာဘုရား- ထိုမလ္လိကာ၏ ဘဝတစ်ပါး ပြောင်းသွားလေသော အခါကာလမှစ၍ တပည့်တော်၏ ခန္ဓာကိုယ်ကြီးသည် ဘာကိုမျှ မရွက်ဆောင်တတ်၊ မပြုလုပ်တတ်တော့ပါဘုရား”ဟု လျှောက်ထားရှာလေ၏။ ထိုအခါ ကောသလမင်းကြီးကို ဘုရားရှင်သည် “မြတ်သောမင်းကြီး- ထွေထွေရာရာ မကြံစည်လေလင့်၊ ဤသေခြင်းသဘောသည် အလုံးစုံသော သတ္တဝါတို့အား မြဲသောသဘော ဖြစ်ပေ၏”ဟု မိန့်တော်မူ၍ “မြတ်သောမင်းကြီး- ဤရထားသည် အဘယ်သူ၏ရထား ဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ထိုစကားကို ကြားရလျှင် ကောသလမင်းကြီးသည် ဦးခေါင်းထက်၌ လက်အုပ်ကို တင်ချီလျက် “မြတ်စွာဘုရား- တပည့်တော်၏ ဘိုးတော်မင်းတရားကြီး၏ ရထားဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ “ဤရထားကား အဘယ်သူ၏ ရထားနည်း”ဟု မေးပြန်လျှင် “မြတ်စွာဘုရား- တပည့်တော်၏ ဖခမည်းတော် မင်းတရား၏ ရထားပါဘုရား”ဟု လျှောက်ပြန်လေ၏။ “ဤရထားကား အဘယ်သူ၏ ရထားနည်း”ဟု မေးပြန်လျှင် “မြတ်စွာဘုရား- ဤရထားကား တပည့်တော်၏ ရထားပါဘုရား”ဟု လျှောက်ကြားလေ၏။ ဤသို့ လျှောက်ကြားလတ်သည်ရှိသော် ဘုရားရှင်သည် “မြတ်သောမင်းကြီး- သင့် ဘိုးတော်၏ရထားသည် အဘယ်အကြောင်းကြောင့် သင့်ခမည်းတော်၏ ရထားသို့ မရောက်လေဘိသနည်း၊ (သင်၏ရထားလောက် ခိုင်ခံ့ခြင်းမရှိ၊ ဆွေးမြည့်ချွတ်ယွင်းခဲ့လေပြီ ဟူလို။) သင့်ခမည်းတော်၏ရထားသည် အဘယ်အကြောင်းကြောင့် သင်၏ရထားသို့ မရောက်လေဘိသနည်း”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ သဘောရှိသည်မည်သော သစ်သားတုံး၏သော်လည်း ဆွေးမြည့်ခြင်းသို့ ရောက်ရဘိသေး၏၊ ထိုခန္ဓာကိုယ် အတ္တဘောကား အဘယ်မှာ ဆိုဖွယ်ရာရှိတော့အံ့နည်း၊ မြတ်သောမင်းကြီး- သူတော်ကောင်းတရား တစ်ခုအားသာလျှင် အိုမင်းဆွေးမြည့်ခြင်း မရှိ၊ သတ္တဝါတို့အားကား မအိုမင်း မဆွေးမြည့်ခြင်း သဘောမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၅၁] ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

သုစိတ္တာ၊ ရတနာခုနစ်ပါး စသည်တို့ဖြင့် အလွန်ဆန်းကြယ်ကုန်သော။ ရာဇရထာ၊ မင်းစီးရထားတို့သည်။ ဝေ၊ စင်စစ်။ ဇီရန္တိ ၊ ဆွေးမြည့်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ သရီရမ္ပိ၊ ခန္ဓာကိုယ်သည်လည်း။ ဇရံ၊ ဆွေးမြည့်ခြင်းသို့။ ဥပေတိ၊ ရောက်၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော စ၊ ကိုးပါးသော လောကုတ္တရာတရားသည်ကား။ ဇရံ၊ ဆွေးမြည့်ခြင်းသို့။ န ဥပေတိ၊ မရောက်။ ဧဝံ၊ ဤသို့။ သန္တော၊ သူတော်ကောင်းတို့သည်။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ ဟဝေ၊ စင်စစ်။ ပဝေဒယန္တိ၊ ပြောဟောကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မလ္လိကာမိဖုရားဝတ္ထု ပြီး၏။