မဋ္ဌကုဏ္ဍလီဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၉။ မဋ္ဌကုဏ္ဍလီဇာတ် (၁၁)

ဒသကနိပါတ်

၁၁။ မဋ္ဌကုဏ္ဍလီဇာတ်

သေသူကိုတမ်းတ၍ မစိုးရိမ်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် "အလင်္ကတော မဋ္ဌကုဏ္ဍလီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဋ္ဌကုဏ္ဍလီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော သားသေသော သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ တစ်ယောက်သောသူကြွယ်၏ ချစ်လှစွာသော သားသည် သေသတတ်၊ ထိုသူကြွယ်သည် သား၌ဖြစ်သော စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ရေလည်းမချိုး၊ ထမင်းကိုလည်း မစား၊ လယ်လုပ်ကုန်သွယ်ခြင်း အစရှိသော အမှုတို့ကိုလည်း မစီရင်၊ မြတ်စွာဘုရားထံ ခစားခြင်းငှာ မသွား၊ သက်သက်ကား ချစ်လှစွာသောသား ငါ့ကိုစွန့်၍ ရှေးဦးစွာ သွားသည်ဖြစ်၏ ဤသို့ အစရှိသော စကားတို့ကို ဆိုပြီး အဖန်တလဲလဲ ငိုမြည်တမ်း၏။

သားသေရာမှ မဂ်ဖိုလ်ရ

သဗ္ဗညူ မြတ်ဘုရားသည် မိုးသောက်ထအခါ၌ သတ္တလောကကို ကြည့်တော်မူသည်ရှိသော် ထိုသူကြွယ်၏ သောတာပတ္တိမဂ်ဖိုလ်၏ ဥပနိဿယကို မြင်တော်မူ၍ မိုးသောက်သောနေ့၌ ရဟန်းသံဃာ အပေါင်းခြံရံလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ပြီးပြီးသော ဆွမ်းစားခြင်းကိစ္စ ရှိလတ်သော် ရဟန်းတို့ကို လွှတ်လိုက်ပြီးလျှင် အာနန္ဒာမထေရ်ကို နောက်လိုက်ရဟန်းပြု၍ ထိုသူကြွယ်၏ အိမ်တံခါးသို့ ကြွတော်မူ၏။ မြတ်စွာဘုရား ကြွလာတော်မူသောအဖြစ်ကို သူကြွယ်အား ကြားကုန်၏။ ထိုအခါ သူကြွယ်၏အိမ်၌ လူတို့သည် နေရာကိုခင်း၍ မြတ်စွာဘုရားကို နေစေတော်မူပြီးလျှင် သူကြွယ်ကိုချီ၍ မြတ်စွာဘုရား အထံတော်သို့ ဆောင်ကုန်၏။ ရှိခိုး၍ လျောက်ပတ်စွာနေသော ထိုသူကြွယ်ကို မြင်တော်မူ၍ မြတ်စွာဘုရားသည် ချမ်းမြေ့လှသော မဟာကရုဏာတော်နှင့် ယှဉ်သော စကားတော်ဖြင့် ခေါ်တော်မူ၍ ဒါယကာ တမလွန်ဘဝသို့သွားသော သားငယ်ကို စိုးရိမ်သလော ဟု မေးတော်မူ၍ အရှင်ဘုရား စိုးရိမ်ပါ၏ ဟု နားတော်လျှောက်သည် ရှိသော် ဒါယကာ ရှေးပညာရှိတို့သည် သားသေသည်ရှိသော် စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ငိုမြည်တမ်းကုန်သော်လည်း ပညာရှိတို့၏ စကားကိုကြား၍ တောင့်တ၍ မရအပ်သောအရာတည်းဟု မှန်သောအားဖြင့်သိ၍ အနည်းငယ်မျှသော စိုးရိမ်ခြင်းကိုလည်း မပြုကုန်ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူကြွယ် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော များသောစည်းစိမ်ရှိသော ပုဏ္ဏား၏သားသည် တစ်ဆယ့်ငါးနှစ် တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ၌ အနာသည် နှိပ်စက်အပ်သည်ဖြစ်၍ သေလျှင် တာဝတိံသာ နတ်ပြည်၌ ဖြစ်၏။ အဖပုဏ္ဏားသည် ထိုသား၏ သေသောကာလမှစ၍ သုသာန်သို့သွားပြီးလျှင် ပြာပုံကို လှည့်လည်လျက် ငိုကြွေး၏။ အလုံးစုံသော အမှုတို့ကိုစွန့်၍ စိုးရိမ်ခြင်း နှိပ်စက်အပ်သည် ဖြစ်၍သွား၏။

သားနတ်သား ငိုဟန်ဆောင်

ထိုအခါ နတ်သားသည် လူ့ပြည်သို့ ကြည့်လတ်သည်ရှိသော် ထိုအဖပုဏ္ဏားကိုမြင်လျှင် တစ်ခုသော ဥပမာကိုပြု၍ အဖပုဏ္ဏား၏ စိုးရိမ်ခြင်းကို ဖျောက်အံ့ ဟု ကြံ၍ သုသာန်သို့သွား၍ ငိုကြွေးသောကာလ၌ ထိုပုဏ္ဏား၏ သား အသွင်ကို ဖန်ဆင်း၍ အလုံစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တစ်ခုသောအရပ်၌ ရပ်လျက် လက်နှစ်ဖက်တို့ကို ဦးခေါင်း၌ထားလျက် သည်းစွာသောအသံဖြင့် ငိုကြွေး၏။

ဘာကြောင့်ငိုသနည်း

ပုဏ္ဏားသည် ငိုသံကြားလျှင် ထိုသားအသွင် ဖန်ဆင်း၍ ငိုသော နတ်သားကိုကြည့်၍ သား၌ ဖြစ်သော ချစ်ခြင်းကို ပြုပြီးလျှင် ထိုနတ်သား၏ အထံ၌ ရပ်၍ ချစ်သားလုလင် ဤသုသာန်အလယ်၌ အဘယ့်ကြောင့် ငိုကြွေးသနည်း ဟု မေးလိုရကား -

၁၁၅။ အလင်္ကတော မဋ္ဌကုဏ္ဍလီ၊
မာလဓာရီ ဟရိစန္ဒနုဿဒေါ။
ဗာဟာ ပဂ္ဂယှ ကန္ဒသိ၊
ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၁၅။ တာတ မာဏဝ၊ ချစ်သားသူငယ်။ တုဝံ၊ သင်သည်။ အလင်္ကတော၊ အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက်။ မဋ္ဌကုဏ္ဍလီ၊ ပြေပြစ်တင့်တယ်သော ရွှေနားတောင်းဝတ်လျက်။ မာလဓာရီ၊ ဆန်းကြယ်သောပန်းကို ပန်ဆင်လျက်။ ဟရိစန္ဒနုဿဒေါ၊ စန္ဒကူးရွှေဖြင့် လိမ်းကျံလျက်။ ဗာဟာ၊ မောင်းတို့ကို။ ပဂ္ဂယှ၊ မြှောက်၍။ ဝနမဇ္ဈေ၊ သုသာန်တော၏အလယ်၌။ ကိံ ဒုက္ခိတာ၊ အဘယ်ဆင်းရဲ နှိပ်စက်အပ်သည်ဖြစ်၍။ ကန္ဒသိ၊ ငိုမြည်တမ်းလေသနည်း။

ဘီးအစုံကိုမရ၍

ထိုအခါ ပုဏ္ဏားအား ပြောလိုသည်ဖြစ်၍ သားသူငယ်သဏ္ဍာန် ဖန်ဆင်းသော နတ်သားသည်-

၁၁၆။ သောဝဏ္ဏမယော ပဘဿရော၊
ဥပ္ပန္နော ရထပဉ္စရော မမ။
တဿ စက္ကယုဂံ န ဝိန္ဒာမိ၊
တေန ဒုက္ခေန ဇဟာမိ ဇီဝိတံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၆။ တာတ၊ ဖခင်ပုဏ္ဏား။ မေ၊ ငါ့အား။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ ပဘဿရော၊ ပြိုးပြိုးပြက်သော အရောင်ရှိသော။ ရထပဉ္ဇရော၊ ရထားချိုင့်သည်။ ဥပ္ပန္နော၊ ဖြစ်၏။ တဿ၊ ထိုရထားချိုင့်၏။ စက္ကယုဂံ၊ လှည်းဘီးအစုံကို။ န ဝိန္ဒာမိ၊ မရ။ တေန ဒုက္ခေန၊ ထိုလှည်းဘီးအစုံကို မရခြင်းကြောင့်ဖြစ်သော ဆင်းရဲဖြင့်။ အဟံ၊ ငါသည်။ ဇီဝိတံ၊ အသက်ကို။ ဇဟာမိ၊ စွန့်ရတော့အံ့။

ငါပေးပါမည်

ပုဏ္ဏားသည် ဝန်ခံလိုသည်ဖြစ်၍-

၁၁၇။ သောဝဏ္ဏမယံ မဏိမယံ၊ လောမယံ အထ ရူပိယာမယံ။
ပါဝဒ ရထံ ကရိဿာမိ တေ၊ စက္ကယုဂံ ပဋိပါဒယာမိ တံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။

၁၁၇။ တာတ မာဏဝ၊ ချစ်သား သူငယ်။ သောဝဏ္ဏမယံ၊ ရွှေဖြင့်ပြီးသော လှည်းဘီးလည်းကောင်း။ မဏိမယံ၊ ပတ္တမြားဖြင့်ပြီးသော လှည်းဘီးလည်းကောင်း။ လောဟမယံ၊ ကြေးဖြင့်ပြီးသော လှည်းဘီးလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ ရူပိယမယံ၊ ငွေဖြင့်ပြီးသော လှည်းဘီးလည်းကောင်း။ တာဒိသံ၊ ထိုသို့ သဘောရှိသော လှည်းဘီးကို။ ပါဝဒ၊ ဆိုလော့။ အဟံ၊ ကါသည်။ တေ၊ သင့်အား။ ရထံ၊ ရထားကို။ ကရိဿာမိ၊ ပြုအံ့။ တံ စက္ကယုဂံ၊ ထိုရထားလှည်းဘီး အစုံကို။ ပဋိပါဒယာမိ၊ ရအောင်ပြုအံ့။

နေလတို့ကိုပေးပါ

ထိုပုဏ္ဏားစကားကို ကြား၍ သူငယ်သည် ဆိုအပ်သော ဂါထာဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၁၁၈။ သော မာဏဝေါ တဿ ပါဝဒ၊
စန္ဒသူရိယာ ဥဘယေတ္ထ ဘာတရော။
သောဝဏ္ဏမယော ရထော မမ၊
တေန စက္ကယုဂေန သောဘတိ။

ဟူသော ဤစတုတ္ထဂါထာကို ဟောတော်မူ၏။

၁၁၈။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧတ္ထ၊ ဤကောင်းကင်၌။ ဘာတရော၊ ညီနောင် ဖြစ်ကုန်သော။ ဥဘယာ၊ နှစ်ပါးစုံကုန်သော။ ယေ စန္ဒသူရိယာ၊ အကြင် လ, နေတို့သည်။ သန္တိ၊ ရှိကုန်၏။ တေန စက္ကယုဂေန၊ ထို လ, နေ အစုံဖြင့်။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ မမ ရထော၊ ငါ၏ ရထားသည်။ သောဘတိ၊ တင့်တယ်၏။ ဣတိ၊ ဤသို့။ သော မာဏဝေါ၊ ထိုသူငယ်သည်။ တဿ၊ ထိုပုဏ္ဏားအား။ ပါဝဒိ၊ ဆို၏။

မရနိုင်တာ လိုချင်သလား

ထိုပုဏ္ဏားသည် ထိုဂါထာ၏ အခြားမဲ့၌-

၁၁၉။ ဗာလော ခေါ တွံသိ မာဏဝ၊
ယော တွံ ပတ္ထယသိ အပတ္ထိယံ။
မညာမိ တုဝံ မရိဿသိ၊
န ဟိ တွံ လစ္ဆသိ စန္ဒသူရိယေ။

ဟူသော ဤပဉ္စမမြောက်ဂါထာကို ဆို၏။

၁၁၉။ မာဏဝ၊ သူငယ်။ ယော တွံ၊ အကြင် သင်သည်။ အပတ္ထိယံ၊ မတောင့်တအပ်သည်ကို။ ပတ္ထယသိ၊ တောင့်တ၏။ သော တွံ၊ ထိုသင်သည်။ ခေါ၊ စင်စစ်။ ဗာလော၊ မိုက်သည်။ အသိ၊ ဖြစ်၏။ တုဝံ၊ သင်သည်။ မရိဿတိ၊ သေသော်လည်း သေရလတ္တံ့။ တွံ၊ သင်သည်။ စန္ဒသူရိယေ၊ လ နေတို့ကို။ န လစ္ဆသိ၊ မရနိုင်လတ္တံ့။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ မညာမိ၊ အောက်မေ့၏

သေသူပြန်လာမည်လား

ထို့နောင်မှ သူငယ်သည် -

၁၂၀။ ဂမနာဂမနမ္ပိ ဒိဿတိ၊
ဝဏ္ဏဓာတု ဥဘယေတ္ထ ဝီထိယော။
ပေတော ပန နေဝ ဒိဿတိ၊
ကော နု ခေါ ကန္ဒံ ဗာလျတရော။

ဟူသော ဤဆဋ္ဌဂါထာကို ဆို၏။

၁၂၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဂမနာဂမနမ္ပိ၊ ထွက်ရာအရပ် ဝင်ရာအရပ်သည်လည်း။ ဒိဿတိ၊ ထင်၏။ ဝဏ္ဏဓာတု၊ လ-နေဟူသော ဝဏ္ဏဓာတ်သည်။ ဒိဿတိ၊ ထင်၏။ ဧတ္ထ၊ ဤ ကောင်းကင်ခရီး၌။ ဥဘယာ၊ နှစ်ပါးကုန်သော။ ဝီထိယော၊ လ, သွားသောခရီး နေ, သွားသော ခရီးတို့သည်လည်း။ ဒိဿန္တိ၊ ထင်ကုန်၏။ ပေတော ပန၊ တမလွန်ဘဝသို့ သွားလေပြီးသော သူမူကား။ နေဝ ဒိဿတိ၊ မထင်သည်သာတည်း။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသော ငါတို့နှစ်ယောက်တို့တွင်။ ကော၊ အဘယ်သူသည်။ ဗလျတရော နု ခေါ၊ အလွန်မိုက်မည်နည်း။

ဤသို့ သူငယ်သည် ဆိုသည်ရှိသော် ပုဏ္ဏားသည် သတိရ၍ -

၁၂၁။ သစ္စံ ခေါ ဝဒေသိ မာဏဝ၊
အဟမေဝ ကန္ဒတံ ဗာလျတရာ။
စန္ဒံ ဝိယ ဒါရကော ရုဒံ၊
ပေတံ ကာလင်္ကတာဘိပတ္ထယေ။

ဟူသော ဤသတ္တမဂါထာကို ဆို၏။

၁၂၁။ မာဏဝ၊ သူငယ်။ တွံ၊ သင်သည်။ သစ္စံ ခေါ၊ မှန်သော စကားကိုသာလျှင်။ ဝဒေသိ၊ ဆို၏။ ဒါရကော၊ သူငယ်သည်။ ရုဒံ ရုဒန္တော၊ ငိုကြွေးလျက်။ စန္ဒံ၊ လ-နေ-ကို။ ပတ္ထေတိ ဝိယ၊ တောင့်တသကဲ့သို့။ ယော အဟံ၊ အကြင်ငါသည်။ ပေတံ၊ ပစ္စုပ္ပန်ဘဝမှ ကင်းလေပြီးသော။ ကာလင်္ကတံ၊ သေသောသားကို။ အဘိပတ္ထယေ၊ တောင့်တ၏။ သော အဟမေဝ၊ ထိုငါသည်သာလျင်။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသော ငါတို့နှစ်ယောက်တို့တွင်။ ဗာလျတရော၊ အလွန်မိုက်၏။

ကျေးဇူးတင်ပါတယ်

ဤသို့လျှင် ပုဏ္ဏားသည် သူငယ်ယောင်ဆောင်သော နတ်သား၏စကားကြောင့် စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ကောင်းချီးကိုပြုလိုရကား-

၁၂၂။ အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
၁၂၃။ အဗ္ဗဟီ ဝတ မေ သလ္လံ၊ ယမာသိ ဟဒယဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တံသောကံ အပါနုဒိ။
၁၂၄။ သောဟံ အဗ္ဗူဠသလ္လောသ္မိ၊
ဝီတသောကော အနာဝိလော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။

ဟူသော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

၁၂၂။ မာဏဝ၊ သူငယ်။ ဃတသိတ္တံ၊ ထောပတ်ဖြင့်သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ၊ သွန်းလောင်း၍ ငြိမ်းစေဘိသကဲ့သို့။ ဧဝံ တထာ၊ ထို အတူ။ အဒိတ္တံ၊ ရဲရဲပြောင်ပြောင် သောကမီး လောင်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ စိတ်၏ ပူပန်ခြင်းကို။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။

၁၂၃။ မာဏဝ၊ သူငယ်။ သောကပရေတဿ၊ သောကသည် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ဟဒယသိတံ၊ နှလုံးကိုမှီသော။ ယံ ပုတ္တသောကံ၊ အကြင်သား၌ဖြစ်သော စိုးရိမ်ခြင်းကို။ ယော တွံ၊ အကြင်သင်သည်။ အပါနုဒိ၊ ပယ်နုတ်သည်။ အသိ၊ ဖြစ်၏။ တေ တယာ၊ သင်သည်။ မေ၊ ငါ၏။ တံ သလ္လံ၊ ထိုစိုးရိမ်ခြင်းတည်းဟူသော ငြောင့်ကို။ အဗ္ဗဟီ ဝတ၊ နုတ်အပ်ပြီးစွတကား။

၁၂၄။ မာဏဝ၊ သူငယ်။ သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နှုတ်အပ်ပြီးသော စိုးရိမ်ခြင်းတည်းဟူသော ငြောင့်ရှိသည်။ ဝီတသောကော၊ ကင်းပြီးသော စိုးရိမ်ခြင်းရှိသည်။ အနာဝိလော၊ မနောက်ကျုသော စိတ်ရှိသည်။ အသ္မိ၊ ဖြစ်ပြီ။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ နာရသောကြောင့်။ န သောစာမိ၊ မစိုးရိမ်အံ့။ န ရောဒါမိ၊ မငိုအံ့။

သားနှင့်ပြန်တွေ့ရ

ထိုအခါ ပုဏ္ဏားကို သူငယ်သည် ပုဏ္ဏား အကြင်သား၏အကျိုးငှာ သင်သည် ငို၏။ သင်၏ သားဖြစ်သော ထိုသူကား ငါပင်တည်း၊ ငါသည် နတ်ပြည်၌ဖြစ်၏။ ဤနေ့မှစ၍ ငါ့ကိုမစိုးရိမ်လင့်၊ အလှူကိုပေးလော့၊ သီလကို ဆောက်တည်လော့၊ ဥပုသ်ကို ဆောက်တည်ခြင်းကိုပြုလော့ ဟု ဆုံးမခဲ့ပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့သာလျှင် သွားလေ၏။ ပုဏ္ဏားသည်လည်း ထိုသားဖြစ်ဖူးသော နတ်သား၏ အဆုံးအမ၌ တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ သေသည်ရှိသော် နတ်ပြည်၌ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သားသေသော သူကြွယ်သည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား သူကြွယ် ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဖောက်မပြန် မှန်သောသဘောကို ပြတတ်သော နတ်သားဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သားကဟောပြ၊ တရားရ၊ အဖချမ်းသာစွာ

တစ်ဆယ့်တစ်ခုမြောက်သော မဋ္ဌကုဏ္ဍလီဇာတ်သည် ပြီး၏။

*****