မည်းမျှလာသည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မည်းမျှလာသည်-ချီ ရတု
by နတ်သျှင်နောင်

၁။ မည်းမျှလာသည်၊ ပမာမြနှစ်၊ သီ၍ရစ်သို့၊ ပြိုလစ်လိလိ၊ ကြောက်ဘွယ်တိလျှင်၊ မျက်စိကြည့်မှောက်၊ တို့ဆီရောက်က၊ ရေပေါက်ပုလဲ၊ ကြဲကာရင့်ရူ၊ မိုဃ်းသားဖြူနှင့်၊ သည်းအူဆံဖျား၊ စိတ်မခြားတည့်၊ ဘော်ရှားနည်းမောင်[1]၊ ညီများနောင်က၊ ခုအောင်တုံ့ခေါက်၊ မရောက်စေကျွန်၊ ကြာလေဟန်ကို၊ မေ့ကျန်သာရွှင်၊ နောင်ကပင်သည်။ ။ ဆောလျင်မစေ မြင့်သည်လော။

၂။ ကျည်းကပါသည်၊ နံ့သာပန်းသတ်၊ ဖြူဆွတ်ခင်းနှီး၊ ပတီးပိတ်ပါး၊ ကိုယ်နှင့်ခြား၍၊ ဆောင်းဖျားနွေရင်း၊ မိုဃ်းသက်ကြွင်းနှင့်၊ ဝါတွင်းလွန်ဝယ်၊ ချမ်းသည့်နှယ်လျှင်၊ လုံဘွယ်စက်ကွေး၊ ရှိမည်ဝေးခဲ့၊ လေးလေးမြတ်မြတ်[2]၊ မူးပြတ်ညွတ်ပျောင်း၊ ရှိလေကောင်းလျက်၊ ပျော်ကြောင်းရှင့်မှာ၊ ဘယ်အာဏာကြောင့်၊ ကြာလေသနည်း၊ မယ်လည်းစူးစူး၊ မယုံဘူးတည့်၊ မကူးနေ့ရက်[3]၊ လွှတ်လိုက်လျက်ကို၊ ဝေးချက်မြေတာ၊ တမန်သာသည်။ ။ မလာနွှဲသွေဖင့်သည်လော။

၃။ ချည်းလျပြာသည်၊ ပမာနတ်ဆင်း၊ ဆွေစိုးမင်းမူ၊ သီတင်းသီလ၊ ပ ဉ္စငါးမည်၊ ပြည့်စုံတည်လျက်၊ နေခြည်ငြိမ်းဝါ[4]၊ လမြော်ကြာသို့၊ ပမာသဏ္ဌာန်၊ ရှိလိမ့်ဟန်ကို၊ တမန်ယုံနေ၊ မပြတ်စေဟု၊ သက်ဝေမင်းရဲ၊ နွှဲကပျံ့ပျူး၊ မှာခဲ့ဘူးရှင့်၊ အမူးအမော်၊ မြော်မည်အလျင်၊ တ စဉ်တွင်ကို၊ မည်းစင်ကျောကျော၊ မရောခြယ်တန့်၊ နီလာညွန့်သို့၊ လန့်လန့်လက်လက်၊ ကျီးနက်သံသာ၊ အာလှာဖြုတ်ချည်း၊ ရင့်ရူဖြည်းသည်[5]။ ။ နေ့တည်းရောက်နေ သင့်သည်လော။[6]

မူကွဲ[edit]

  1. ဘော်များနည်းမောင် [ရ]
  2. ရေးရေးဆွတ်ဆွတ် [ရ]
  3. မကျူးခြားရက် [ရ]
  4. နေခြည်ဝင်းဝါ [ရ]
  5. ရင့်ရူကြည်းသည် [ရ][မ]
  6. ပြဆိုခဲ့သော အထက်ပါရတုစာတော် (၄)ပုဒ်တို့တွင် "မည်းမျှဆင်သည်၊ မည်းမျှပတ်သည်၊ မည်းမျှရစ်လည်၊ မည်းမျှလာသည်" အစရှိသည်ဖြင့် ချီ၍ အစုံအစုံပြိုင်ဆိုင်ဖွဲ့ဆိုထားရာ ထိုအဖွဲ့မျိုးကို နှစ်စုံစာပြိုင်အဖွဲ့မျိုး ဟူ၍ မှတ်သင့်၏။


မှတ်ချက်

  • [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
  • [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse