မည်းမျှရစ်လည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မည်းမျှရစ်လည်-ချီ ရတု
by နတ်သျှင်နောင်

၁။ မည်းမျှရစ်လည်၊ မြနှစ်ဆံဝတ်၊ ကုံး၍ပတ်သို့၊ မိုဃ်းနတ်လုလင်၊ လွမ်းရေးဆင်သော်[1]၊ ကေရှင်ဆီရွှမ်း၊ နေတမ်း လက်သင်၊ တိုင်းပင်မကြော၊ ပတ်လျှောလျောနှင့်[2]၊ သဘောအပ၊ ပျောင်းပျမဲ့ထွေ၊ ဝှက်ခွေစသိပ်၊ ရိုးရိပ်ခြည်မျှ၊ ပြင်မပြ ရှင့်၊ စိတ်ကသာတည်း၊ ဝမ်းနည်းရစေ၊ မြင်းမိုရ်နေသို့၊ လျော့ဖြေလိုလို[3]၊ ချစ်နဂိုရ်သည်။ ။ မြွက်ဆိုမည်မျှပြင်းတော့၏။

၂။[4] နည်းမှချစ်သည်၊ အဖြစ်ကိုလည်း၊ နောင်ညိုဘုန်းဟေ့၊ မကျန်မေ့ခဲ့[5]၊ သူ့ရှေ့သူ့မှာ၊ မေတ္တာအသက်၊ နှင်းဆက်သမျှ၊ ကြားရတုံတုံ၊ မယုံတချို့၊ မယ်သို့ရောက်လစ်၊ အဖြစ်ကျူးလွန်[6]၊ မကန်မြေမိုဃ်း၊ မိုးထက်မိုးမျှ[7]၊ နန်းရိုးညွန့်လူ၊ ပွင့်မည့်သူလျှင်၊ အယူနှစ်ဖြာ၊ ရှိလှည့်ရာကို၊ ဗျာပါမသည်း၊ ဝမ်းနည်းမပျောက်[8]၊ လွမ်းလှောက်မဆင်၊ အတိုင်းပင်သည်။ ။ ပြစ်စင်ကြည်မြကင်းတော့၏။

၃။ ကျည်းကဖြစ်သည်၊ ပွင့်သစ်ရနံ့[9]၊ မွှေးပျံ့ထုံသင်း၊ သလင်းပြက်ကာ၊ စက်ဘုံသာဝယ်[10]၊ ရိုးညှာကင်းလွတ်၊ မုလေး သတ်သား၊ ခြူးနတ်ရုပ်သွင်၊ ခြယ်လွင်ပြောက်သန်း၊ သလွန်ဆန်းထက်၊ ညှိုးမြန်းခွေပျောင်း[11]၊ မယ့်ထူးလျောင်းရှင့်၊ နန်းလောင်းပွင့်လျာ၊ မေ့လှည့်ရာကို[12]၊ အာကာမြငြမ်း၊ စိတ်ကိုစမ်းလည်း၊ ပျောင်းသမ်းခွေညွတ်၊ လွမ်းမဆွတ်တည့်၊ မယ်မှတ်ညီဟန်၊ သူဘို့ချန်သည်။ ။ မေ့ကျန်သည်က ပင်းတော့၏။

မူကွဲ[edit]

  1. တင့်ရည်းဆင်သော် [မ]
  2. ပန်းရောင်လျောနှင့် [ရ] [မ]
  3. လျှောက်ဖြေလိုလို [မ]
  4. [ရ] မူတွင် တတိယပိုဒ်ဖြစ်သည်။
  5. မကြံမေ့ခဲ့ [ရ] [မ]
  6. အပြစ်ကျူးလွန် [ရ]
  7. ဆိုစမျိုးထက် [ရ]
  8. ဝမ်းနည်းပပျောက် [ရ]
  9. ပန်းစစ်ရနံ့ [ရ]
  10. ဘုံစက်ရာကို [ရ]
  11. ဘော်ကျွန်းမပေါင်း [ရ]
  12. နေလှည့်ရာကို [ရ]


မှတ်ချက်

  • [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
  • [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse