မည်းမျှဆင်သည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မည်းမျှဆင်သည်-ချီ ရတု
by နတ်သျှင်နောင်

၁။ မည်းမျှဆင်သည်၊ မြသွင်ရည်ချပ်၊ ကုံး၍ထပ်သို့၊ ရှစ်ရပ်ရိပ်ဆို၊ ရွာရုပ်လိုနှင့်၊ စိတ်ကိုလာစမ်း၊ လွမ်းမလွမ်းဟု၊ တိမ်ငြမ်းဆိုင်ဝန်း၊ တင့်ရည်ဆန်းနှင့်၊ ရေးငန်းဖွဲ့ကာ[1]၊ မရွာလှာသော်၊ ဆံကြာကေရှင်၊ လက်သင်ပင့်လျော၊ မကြောဆီရွှမ်း[2]၊ ပတ်မြိတ်မွမ်းနှင့်၊ နေတမ်းသာလျှင်၊ မရွှင်ချင်တည့်၊ ပေါ်ပြင်ဆံမျှ[3]၊ ပျောင်းပျမယ့်ရုပ်၊ မြင်းမိုရ်အုပ်သို့၊ ခေါင်ချုပ်ဘုန်းဟေ့၊ ကြင်မရွေ့ကို။ ။ အောက်မေ့မိမည် စိုးတော့သည်။

၂။ ကျည်းကပင်သည်၊ ဧးရွှင်ကြိုင်ပျံ့၊ နတ်ရနံ့သို့၊ အလွှံ့ထုံသင်း[4]၊ သလင်းကြက်စုံ၊ စိန်ညောင်ဘုံထက်၊ လျောင်းတုံ မယ့်ချည်း၊ နောင်ကိုနည်း၍၊ နောင်လည်းသည်ဖြစ်၊ မချစ်ကြင်လို၊ မြွက်ဆိုပန်ဆန်း၊ လွမ်းမှန်းဆံရှိ[5]၊ မသိလံကွာ[6]၊ ဗျာပါ ဖွဲ့ရေး၊ လွင့်စေဝေးဟု၊ မုလေးငှက်ပန်း၊ ပွင့်ခိုင်လန်းနှင့်၊ ရွှေနန်းလွှတ်သာ၊ ရှေ့လက်ယာက၊ စကြာရွက်ရှင်၊ ကာဆင်ဖြန့်ရိပ်၊ ပလ္လင်ထိပ်ဝယ်၊ မာရ်နှိပ်ခေါင်ချိုး၊ ဘက်မဲ့နိုးကို၊ စုံဖြိုးလက်အုပ်၊ ဆယ်ချောင်းရုပ်၍။ ။ ကျွန်ုပ်ရှိရည် ခိုးတော့သည်။

၃။ နည်းမှကြင်သည်၊ များလျှင်ချစ်တည်၊ မကျမည်ကြောင့်၊ လွမ်းသည်ဝိုးဝါး၊ စကားမလွင့်၊ နေစတင့်ရှင့်၊ သူနှင့်သူနှယ်[7]၊ သက်လှယ်မတတ်၊ ကြင်ညွတ်သည်ဖြစ်၊ ကြာလစ်ကာကာ၊ မယ်မှာတချို့၊ သူသို့ရောက်ပြန်[8]၊ မကန်မြေမိုး၊ ဆိုစမျိုးထက်၊ နန်းရိုးရွယ်ပျို၊ လွန်၍ဆိုသည်၊ စိတ်ကိုကြွင်းမဲ့၊ သိလေခဲ့ဟု၊ ခြိမ်းဖွဲ့ယုံဘွယ်[9]၊ မယ့်ဝယ်ဝေးစေ၊ သဘောနေနှင့်၊ ထွေထွေ လည်လည်၊ ကျူးမည်လျှောက်ကူ၊ တော်မည့်သူက၊ ရင့်ရူလှာဆန်း၊ မရွာဝန်းသည်။ ။ လျှပ်ပန်းညိလည် ဖြိုးတော့သည်။

မူကွဲ[edit]

  1. ရေငန်းသွယ်ကာ [ရ] [မ]
  2. မရောဆီရွှမ်း [ရ]
  3. ပေါ်လွင့်ဆံမျှ [ရ]
  4. ဖြည်းညံ့ထုံသင်း [မ]
  5. နွမ်းမြန်းဆံရှိ [မ]
  6. မသိလှမ်းကွာ [မ]
  7. ကိုယ်နှင့်ကိုယ့်နှယ် [ရ]
  8. ကြာလစ်ကာကာ၊ မယ်မှာရောက်ပြန် [ရ]
  9. ကျိန်တွဲ့ယုံဘွယ် [ရ]


မှတ်ချက်

  • [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
  • [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse