မင်္ဂလသုတ် ပါဠိဖတ်စာ (ဆရာ)

From Wikisource
Jump to navigation Jump to search
348422ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၄၀။ မင်္ဂလသုတ် ပါဠိဖတ်စာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄၀)

သင်ခန်းစာခေါင်းစဉ်။ ။ မင်္ဂလသုတ် ပါဠိဖတ်စာ

ယေဘုယျရည်ရွယ်ချက်။ ။ ပါဠိဖတ်နည်း အခြေခံသဘောတရားများကို အသုံးပြု၍ မှန်ကန်စွာ ဖတ်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ပါဠိစကားလုံးများကို ရွတ်ဖတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ ပရိတ်ကြီးစာအုပ်များ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို ကလေးများနှင့် မေးမြန်းဆွေးနွေးပါ။

-‘မင်္ဂလ’ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံးလား၊ မြန်မာစကားလုံးလား။
-ပါဠိကနေ ဆင်းသက်လာတဲ့ စကားလုံးတွေဆိုတာရော ကြားဖူးသလား။
-ကုသလနဲ့ ကုသိုလ်၊ မာနနဲ့ မဟန် ဘယ်လို ကွာခြားသလဲ။ ဘယ်လို နားလည်သလဲ။
(မျှော်မှန်းအဖြေ-ပါဠိစကားလုံးကို အသတ်ထည့်ရေးသော စကားလုံးများသည် ပါဠိသက်စကားလုံးများ ဖြစ်သည်။)
-‘မင်္ဂလသုတ်’ ထိုတဲ့ စကားလုံးမှာ ဘယ်စကားလုံးက ပါဠိစကားလုံးဖြစ်ပြီး ဘယ်စကားလုံးက ပါဠိသက် စကားလုံး ဖြစ်မလဲ။

လုပ်ငန်း (၂) စကားလုံးများ ဖော်ထုတ်ခြင်းနှင့် အသံထွက်ဖတ်ခြင်း၊

(၄၀ မိနစ်)

က ခ ဂ ဃ င

စ ဆ ဇ ဈ ဉ

ဋ ဌ ဍ ဎ ဏ

တ ထ ဒ ဓ န

ပ ဖ ဗ ဘ မ

ယ ရ လ ဝ သ ဟ ဠ အံ

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စု ၆ စု ဖွဲ့ပါ။ အထက်ပါ အတန်းလိုက် ဇယားခြောက်ကွက်ကို အုပ်စုတစ်ခုစီအား ဇယားကွက်တစ်တန်းစီ ပေး၍ မိမိတို့ကျရာ အတန်း၌ပါသော အက္ခရာများ၏ ပါဠိစကားလုံးများကို ပရိတ်ကြီးစာအုပ်ထဲ၌ အုပ်စုလိုက်ရှာကာ စာရွက်လွတ်တွင် ရေးသားဖော်ပြကြပါ။

(ဥပမာ-က = ကပ္ပ၊ ခ = ခတ္တိယ၊ ဂ = ဂင်္ဂါ စသည်)။ (ရှာဖွေရေးသားနေစဉ်တွင် ဆရာက လှည့်လည် ကြည့်ရှုပြီး ကလေးအားလုံး ပါဝင်အောင်၊ စကားလုံးများများ ရေးနိုင်အောင် ပံ့ပိုးကူညီပေးပါ။)

֍ ရေးသားပြီးပါက သင်ပုန်းပေါ်ရှိ ဇယားကွက်၏အောက်တွင် ကပ်ကြပါစေ။ ထို့နောက် အုပ်စုအသီးသီးရှိ ကလေးများက မိမိတို့ရေးထားသော ပါဠိစကားလုံးများကို တစ်ယောက်ချင်းစီ အလှည့်ကျ ဖတ်ပြပါစေ။

֍ ကလေးများဖတ်သော ပါဠိအသံထွက်များ မမှန်လျှင် ဆရာက ပြင်ပေးပါ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ “သားတို့သမီးတို့ ... အခုဆိုရင် ပါဠိစကားလုံးတွေကို အသံထွက်မှန်အောင် ဖတ်တတ်သွားကြပြီဆိုတော့ နောက်စာသင်ချိန်မှာ မင်္ဂလသုတ်ကို လက်တွေ့ဖတ်ကြည့်ကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မင်္ဂလသုတ် ပါဠိကို မှန်ကန်စွာ ဖတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးပါ။

-သားတို့သမီးတို့ထဲမှာ မင်္ဂလသုတ်ကို ရွတ်ဆိုနိုင်တဲ့သူရှိလား။ (ရှိလျှင် အတန်းရှေ့ထွက်၍ ရွတ်ဆိုပြပါစေ။)

လုပ်ငန်း (၂) မင်္ဂလသုတ်ကို လက်တွေ့ဖတ်ခြင်း။

(၄၀ မိနစ်)

֍ ထို့နောက် ကလေးများအားလုံး မင်္ဂလသုတ်ကို အလှည့်ကျဖတ်နိုင်အောင် ဆရာက စီစဉ်ပေးပါ။ တစ်ဦး ဖတ်နေစဉ် အသံထွက် မှန်၊ မမှန် အခြားကလေးအားလုံးကို ဂရုစိုက် နားထောင်စေပြီး အသံထွက် မမှန်ပါက ဖတ်နိုင်သော ကလေးကို ဆရာက ဖိတ်ခေါ်ကာ ဖတ်ပါ။ လိုအပ်ပါက အသံထွက် အမှန်ကို ဆရာက ဖတ်ပြပါ။

မင်္ဂလသုတ် ပါဠိဖတ်စာ

ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။

ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ၊
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။

၁၂။ ဧဝံ မေသုတံ —
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ
ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတာ
အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ ဝဏ္ဏာ
ကေဝလကပ္ပံ ဇေတဝနံ သြဘာသေတွာ
ယေန ဘဂဝါ, တေနုပသင်္ကမိ။
ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ
ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

၁၃။ ဗဟူဒေဝါ မနုဿာ စ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၁၄။ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၅။ ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၆။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၇။ မာတာ ပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၈။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၉။ အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၀။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၁။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၂။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၃။ ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၄။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။

လုပ်ငန်း (၃) မင်္ဂလသုတ်ကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အနှစ်ချုပ်ခြင်း

(၁၀ မိနစ်)

֍ ကလေးများ ဖတ်ပြီးသောအခါ ဆရာနှင့်ကလေးအားလုံး စုပေါင်း၍ မင်္ဂလသုတ်ကို ရွတ်ဆို၍ အောက်ပါ အတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။

“သားတို့သမီးတို့ ... အခုဆိုရင် မင်္ဂလသုတ်ကို အသံထွက် မှန်မှန်နဲ့ ရွတ်ဆိုတတ်သွားကြပြီ၊ ဒါကြောင့် ဒီနေ့ကစပြီး မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ နေ့စဉ်နေ့တိုင်း ရွတ်ဆို ပူဇော်နိုင်အောင် ကြိုးစားကြပါ၊ မင်္ဂလသုတ်ကို ဖတ်တတ်သွားပြီဆိုရင် မေတ္တသုတ်စတဲ့ အခြားသုတ်တွေကိုလည်း ကြိုးစားဖတ်ကြည့်ကြပါ၊ နေ့စဉ်နေ့တိုင်းလည်း ရွတ်ထိုပူဇော်နိုင်အောင် ကြိုးစားကြပါ”