မင်္ဂလဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၃- မင်္ဂလဗုဒ္ဓဝင်

၃-မင်္ဂလဗုဒ္ဓဝင်

     ကောဏ္ဍညမြတ်စွာဘုရား ပွင့်တော်မူသော ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် ကမ္ဘာအသင်္ချေ (သို့မဟုတ် မည်ရွေ့မည်မျှ ဂဏန်းချ၍ မရေမတွက်နိုင်လောက်အောင် များလှစွာသော ကမ္ဘာတွေ)ကို လွန်မြောက်ပြီးမှ တခုသောကမ္ဘာ၌ (၁) မင်္ဂလ မြတ်စွာဘုရား၊ (၂) သုမန မြတ်စွာဘုရား၊ (၃) ရေဝတ မြတ်စွာဘုရား၊ (၄) သောဘိတ မြတ်စွာဘုရားဟူ၍ ဘုရားလေးဆူ အစဉ်အတိုင်း ပွင့်တော်မူရာ ပဌမပွင့်တော်မူသော မြတ်စွာဘုရားမှာ မင်္ဂလမြတ်စွာဘုရား ဖြစ်တော်မူ၏။

ပဋိသန္ဓေ စံနေခဏ်း

     ထိုမင်္ဂလမြတ်စွာဘုရား ပွင့်တော်မူဟန်ကား.. မင်္ဂလမြတ်စွာဘုရား အလောင်းတော်သည် တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ထုံးစံအရ တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်အများတို့၏ ဘုရားဖြစ်ရန် တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်တော်မူကာ



၃၁၄

ပြည်တကာတို့ထက် အမွန်အမြတ် ဆုံးဖြစ်သော ဥတ္တရနေပြည်တော် ဥတ္တရမင်းကြီး၏ ဥတ္တရာအမည်ရှိသော မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။ (ပဋိသန္ဓေ နေသောအခါ အလောင်းတော်တို့ ဓမ္မတာအတိုင်း ပြမြဲတိုင်းဖြစ်သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှားဖြစ်ကုန်၏။)

မယ်တော်၏ ကိုယ်ရောင်

     မင်္ဂလ ဘုရားအလောင်းတော် ပဋိသန္ဓေ နေသည်ကစ၍ မိဖုရားကြီး၏ ကိုယ်ရောင်သည် ပတ်ဝန်းကျင် အတောင် (၈၀) ရှစ်ဆယ်အတွင်း လရောင် နေရောင်များပင် မလွှမ်းမိုးနိုင်လောက်အောင် ပျံ့နှံ့၍ တည်၏။ မိဖုရားကြီးသည် အခြားသော မီးအရောင်အလင်း စသည်ကို အသုံးမပြုရပဲ မိမိကိုယ်မှထွက်သော အရောင်ဖြင့်ပင် အမိုက်မှောင်ကို ပယ်ဖျောက်၍ အလုပ်အကျွေး ရွေရံတော်မတို့၏ အပြုအစုကိုခံကာ လှည့်လည်ကျက်စား သွားလာနေထိုင်၏။

အလောင်းတော်ကို ဖွားမြင်ခြင်း

     ပဋ္ဋိသန္ဓေကို နတ်အများစောင့်ရှောက်ကာ ဆယ်လစေ့သောအခါ မြင့်မြတ်ပျော်မွေ့ဖွယ်ရာ ကောင်းလှသော ဥတ္တရမဓုရ အမည်ရှိသော ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူ၏။ (ဖွားမြင်သောအခါမှာလည်း နိမိတ်ကြီးများ ထင်မြဲထင်သည့်အပြင် အလောင်းတော်ဟူသမျှတို့နှင့် သက်ဆိုင်သော အထူးအံ့ဩဖွယ်ရာ ကောင်းသည့် အကြောင်းအရာတို့သည်လည်း ဖြစ်ပေါ်ကုန်၏။)

ထီးနန်း စိုးစံတော်မူခြင်း

     ထိုအလောင်းတော် မင်္ဂလမင်းသားသည် အရွယ်သို့ရောက်သောအခါ အလွန်ကျော်စောလှသော ယသဝန္တ ရွှေနန်းဆောင်, အလွန်နှစ်သက်ဖွယ်ကောင်းလှသော ရုစိမန္တရွှေနန်းဆောင်, အလွန်အသရေရှိသော သိရိမန္တရွှေနန်းဆောင် တည်းဟူသော



၃၁၅

ရွှေနန်းမ သုံးဆောင်တို့၌ ကောင်းမွန်စွာ တန်းဆာဆင်အပ်သော ကချေသည်ပေါင်း သုံးသောင်း အခြံအရံရှိသည့် ယသဝတီ မိဖုရားကြီးနှင့်တကွ နှစ်ပေါင်း (၉၀၀၀) ကိုးထောင်တို့ ပတ်လုံး နတ်စည်းစိမ်ချမ်းသာနှင့်တူသော မင်းစည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးအုပ် မင်းလုပ်တော်မူ၏။

တောထွက်တော်မူခြင်း

     ယသဝတီမိဖုရားကြီးမှ သီဝလအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ သူအို, သူနာ, သူသေ, ရဟန်းဟု ဆိုအပ်သော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ ကောင်းစွာ တန်းဆာဆင်အပ်သည့် ပဏ္ဍရအမည်ရှိသော အာဇာနည်မြင်းတော်ကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။

     ဤသို့ အလောင်းတော် မင်္ဂလမင်းသား တောထွက်၍ ရဟန်းပြုသည်ကို အတုလိုက်၍ သုံးကုဋေသော လူတို့သည်လည်း ရဟန်းပြုကြကုန်၏။

     မင်္ဂလမြတ်စွာဘုရား အလောင်းတော်သည် ထိုသုံးကုဋေသော ရဟန်းတို့နှင့်တကွ ရှစ်လပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသောအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်အံ့သောနေ့၌ ဥတ္တရရွာနေ ဥတ္တရာအမည်ရှိသော သူဌေးသမီးသည် လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူ ပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်းမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန် ရောက်သောအခါ အခြံအရံ ရဟန်းအပေါင်းတို့ကို စွန့်ခွာခဲ့ပြီးမှ မဟာဗောဓိပင်ရှိရာအရပ်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီး၌ ဥတ္တရအမည်ရှိသော တက္ကတွန်းသည် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ ကံ့ကော် (ဗောဓိ)ပင်အရင်း၌ ဖြန့်၍ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၈) ငါးဆယ့်ရှစ်ကောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာ၏။



၃၁၆

ဘုရားဖြစ်တော်မူခြင်း

     ထို အပရာဇိတ ပလ္လင်တော်ထက်၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ သီတင်းသုံး နေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်၍ မာရ်စစ်သည်ဗိုလ်ပါကို အောင်မြင်တော်မူပြီးခါ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်, သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူပြီးလျှင် မိုးသောက်ယံ၌ အနုလုံ ပဋိလုံ အစုန်အဆန်အားဖြင့် ပဋိစ္စသမုပ္ပါဒ်တရားကို သုံးသပ်တော်မူပြီးမှ အာနာပါန စတုတ္ထဈာန်ကို ၀င်စား၍ ထိုဈာန်မှ ထပြီးလျှင် ခန္ဓာငါးပါးတို့ကို ဆင်ခြင်တော်မူသည်ရှိသော် ထိုခန္ဓာငါးပါး၏ ဖြစ်ခြင်း ပျက်ခြင်းနှင့်စပ်၍ (၅၀) ငါးဆယ်သော လက္ခဏာတို့ကို မြင်တော်မူ၍ ဂေါတြဘူဉာဏ်တိုင်အောင် ဝိပဿနာကို ပွါးများတော်မူသည်ရှိသော် နေအရုဏ်တက်သည်နှင့် တပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့်တကွ အလုံးစုံသော ဘုရားဂုဏ်တို့ကို ထိုးထွင်းသိမြင် ရရှိတော်မူပြီးလျှင် လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူ၏။

ထူးကဲလွန်မြတ်သော ကိုယ်တော်ရောင်

     မင်္ဂလမြတ်စွာဘုရား၏ ရောင်ခြည်တော်မှာ အခြား မြတ်စွာဘုရားများထက် ပိုမို၍ ထွက်၏။ အခြား မြတ်စွာဘုရားများမှာ တန်းခိုးတော်ဖြင့် မဖန်ဆင်းပဲ ပကတိပင်ကိုယ် အလိုလိုထွက်သော ရောင်ခြည်တော်သည် အတောင်ရှစ်ဆယ်မျှသော်၎င်း တလံမျှသော်၎င်း ထွက်၏။

     မင်္ဂလမြတ်စွာဘုရားမှာကား ထိုကဲ့သို့ မဟုတ်ပဲ အမြဲ နေ့ရောညဉ့်ပါ လောကဓာတ် စကြဝဠာတိုက်တသောင်းကို ပျံ့နှံ့၍ ကိုယ်တော်၏ ပကတိရောင်ခြည်တော် ထွန်းတောက်ပ၏။ ထိုသို့ ရောင်ခြည်တော် ထွန်းတောက်ပသည့်အတွက် ပတ်ဝန်းကျင်ရှိသမျှ သစ်ပင် မြေပြင် တောတောင် သမုဒြာ စသည်တို့သည် အယုတ်ဆုံးအားဖြင့် ပြဆိုရလျှင် မည်းညစ်ပါသည်ဟုဆိုရသော ထမင်းအိုး ဟင်းအိုး စသည်တို့ပင်သော်လည်း ရွှေပြားဖြင့်ပတ်၍ ထားသကဲ့သို့ ဝင်းဝင်းတောက်၍ နေကြကုန်၏။



၃၁၇

     မင်္ဂလမြတ်စွာဘုရား ပွင့်တော်မူသော အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက်သော ကာလအတွင်း ဤအတိုင်းသာ အရာရာကို ရွှေသွေး ရွှေရောင် လွှမ်းမိုး၍ နေ၏။ ထိုဘုရား လက်ထက်တော်အတွင်းမှာ လ, နေ, နက္ခတ်, တာရာ စသည်တို့၌ အရောင်အလင်းဟူ၍ မရှိ၊ နေရောင်မရှိသည့်အတွက် ညဉ့်နှင့် နေ့ဟူသော အပိုင်းအခြားပင် မထင်ရှားတော့ပြီ။

     နေ၏အရောင် ကင်းနေသော်လည်း သတ္တဝါတို့သည် အမြဲပင် မြတ်စွာဘုရား ရောင်ခြည်တော်ဖြင့်သာလျှင် အလုံးစုံသော ပြုဖွယ်ကိစ္စတို့ကို ပြုလုပ်လှည့်လည်၍ နေကြကုန်၏။ ညနေချမ်း၌ ပွင့်လေ့ရှိသော ပန်းများ၏ ပွင့်ခြင်းကို၎င်း၊ နံနက်စောစော၌ မြည်တွန်လေ့ရှိသော ငှက်များ၏ မြည်တွန်သံကို၎င်း အစွဲပြုကာ လောက၌ ညဉ့်နေ့ဟူသော အပိုင်းအခြားကို ပိုင်းခြား မှတ်သားကြရကုန်၏။

     မေးမြန်းဖွယ်ရှိသည်ကား အခြား မြတ်စွာဘုရားတို့မှာ ဤအာနုဘော်မျိုး မရှိလေသလောဟု မေးမြန်းဖွယ် ရှိ၏၊ မရှိမဟုတ် ရှိသည်သာဖြစ်၏ဟု ဖြေဆိုရမည်။ ထိုအခြား မြတ်စွာဘုရားသည်လည်း အလိုရှိတော်မူကြပါလျှင် တသောင်းသော စကြဝဠာ လောကဓာတ်ကိုသော်၎င်း ထို့ထက်အလွန်သော်၎င်း ရောင်ခြည်တော်ကို ပျံ့နှံ့စေနိုင်တော်မူကုန်၏။ မင်္ဂလမြတ်စွာဘုရားမှာကား ရှေးဆုတောင်း၏ အစွမ်းအားဖြင့် အခြား မြတ်စွာဘုရားတို့၏ တလံမျှလောက်သော ပကတိ ကိုယ်တော်ရောင်ကဲ့သို့ မင်္ဂလမြတ်စွာဘုရား၏ ကိုယ်တော်ရောင်မှာလည်း တန်းခိုးတော်အားဖြင့် မဖန်ဆင်းရပဲ တသောင်းသော လောကဓာတ် စကြဝဠာတိုက်ကို အမြဲပျံ့နှံ၍ တည်ရှိ၏။

မင်္ဂလမြတ်စွာဘုရား၏ ရှေးဆုတောင်း

     ထို မင်္ဂလမြတ်စွာဘုရားသည် ဘုရားအလောင်းဖြစ်စဉ်ကာလ ဝေဿန္တရာမင်းနှင့်တူသောဘဝ၌ တည်၍ သားမယားတို့နှင့်တကွ ၀င်္ကပဗ်တောင်နှင့်တူသော တောင်၌ နေထိုင်၏။ (စ)



၃၁၈

     ထိုအခါ ခရဒါဌိက အမည်ရှိသော ဘီလူးသည် ဘုရားအလောင်း၏ လှူဒါန်းမှု၌ အလွန်လိုလားကြောင်း သတင်းစကား ကြားသိရသဖြင့် ပုဏ္ဏားအသွင် ဖန်ဆင်းကာ အလောင်းတော်ထံ ချဉ်းကပ်ပြီးလျှင် သားတော် သမီးတော် မင်းနှစ်ဦးကို တောင်းရမ်းအလှူခံ၏။

     ထိုအခါ အလောင်းတော်သည် ပုဏ္ဏားအား သားတော် သမီးတော်တို့ကို လှူအံ့ဟု ရွှင်လန်းဝမ်းမြောက်စွာ အောက်ခံရေအစွန်းထိ ယူဇနာ နှစ်သိန်းလေးသောင်း ပမာဏရှိသော မဟာပထဝီမြေကြီးကို တုန်လှုပ်စေလျက် သားတော် သမီးတော် နှစ်ဦးကို ပေးလှူတော်မူ၏။

     ဘီလူးသည် စင်္ကြံ၏အစွန်းရှိ တံကဲပျဉ် (မှီစရာပြုလုပ်ထားသော ပျဉ်ပြား)ကိုမှီ၍ အလောင်းတော်မြတ် ရှုစားနေတော်မူစဉ်ပင် ကြာစွယ်စည်းကို ဝါးစားဘိသကဲ့သို့ သားတော် သမီးတော် နှစ်ယောက်တို့ကို ဝါး၍စားလေ၏။

     ဘုရားအလောင်းတော်မှာ ဘီလူးကိုကြည့်၍ ဘီလူးပစပ်ဖွင့်ဟကာမျှ၌ပင် မီးတောက်မီးလျှံကဲ့သို့ ရဲရဲတောက် သွေးအလျှံ အန်ထွက်၍လာသော ဘီလူး၏ပစပ်ကို မြင်ရသော်လည်း ဆံခြည်မျှင်ဖျားလောက်မျှ စိတ်နှလုံးတော် မသာယာခြင်းဟူ၍ မရှိ၊ “ငါယခု လှူရခြင်းသည် ကောင်းမြတ်သော လှူခြင် ဖြစ်သည်”ဟုသာ ကြံစည် စိတ်ကူးတော်မူသော အလောင်းတော်၏ကိုယ်၌ ကြီးစွာသော နှစ်သက်ဝမ်းမြောက်ခြင်းသာ ထင်ရှားဖြစ်၏။

     အလောင်းတော်သည် “ဤ ငါ၏အလှူဒါန အကျိုးဆက်အားဖြင့် နောင်သောအခါ ဤသွေးအလျှံ ထွန်းတောက်ပသည့်နည်းအတိုင်း ငါ၏ကိုယ်မှ ရောင်ခြည်တော်တို့သည် ထွက်စေကုန်သတည်း”ဟု ဆုတောင်းခြင်းကို ပြုတော်မူ၏။ ထိုဆုတောင်းကို အမှီပြု၍ ဘုရားဖြစ်တော်မူလာသောအခါ ထိုမင်္ဂလမြတ်စွာဘုရား၏ ပကတိ ရောင်ခြည်တော်တို့သည် ကိုယ်တော်မှထွက်၍ လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းတိုင်အောင် အရပ်သို့ ပျံ့နှံ့ကြကုန်၏။



၃၁၉

ထိုမှတပါးလည်း..

     ထို မင်္ဂလမြတ်စွာဘုရား၏ အခြား ရှေးဆုတောင်း တမျိုးလည်း ရှိသေး၏။ မင်္ဂလမြတ်စွာဘုရားသည် အလောင်းတော်ဖြစ်စဉ်အခါ တဆူသော မြတ်စွာဘုရား၏ စေတီတော်ကို ဖူးမြော်ရ၍ “ဤမြတ်စွာဘုရားအား ငါသည် အသက်ကိုစွန့်ခြင်းငှါ သင့်၏”ဟု ကြံစည်ပြီးလျှင် ဆီမီးတိုင်ကို ဆီဆွတ်သောအဝတ်တို့ဖြင့် ရစ်ပတ်သကဲ့သို့ မိမိတကိုယ်လုံးကို ထောပတ်ဆီဆွတ်သော အဝတ်ဖြင့် ရစ်ပတ်စေ၍ တတောင်ခန့် အဖျားအနားရေး စဉ်းငယ်ပွင့်သော အဘိုးတသိန်းတန် ရွှေခွက်ကို ထောပတ်ဖြင့် ပြည့်စေပြီးလျှင် ထိုရွှေခွက်၌ မီးစာတထောင်ကို မီးညှိ၍ မိမိဦးခေါင်းပေါ်မှာရွက်လျက် မိမိတကိုယ်လုံးကိုလည်း မီးညှိစေ၍ စေတီတော်မြတ်ကို လက်ျာရစ် လှည့်လည်ကာ တညဉ့်လုံးကို လွန်စေ၏။

     ဤသို့ အရုဏ်တက်သည်တိုင်အောင် အားထုတ်သော်လည်း အလောင်းတော်၏ မွေးညင်းတွင်းကိုမျှ အပူငွေ့မဟပ်နိုင်၊ ပဒုမာကြာတိုက်ထဲ ဝင်နေသောအခါကဲ့သို့ ဖြစ်၏။ မှန်၏.. တရားတော်၏ သဘောသည် မိမိကို စောင့်ရှောက်သောသူကို တရားတော်ကပင် ဘေးရန်ကင်းဝေးရန် ပြန်၍ စောင့်ရှောက်မြဲဖြစ်၏။ ထို့ ကြောင့်ပင်-

“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊

ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။

ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊

န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ”–

ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူပြီ။

     ဤ ဆိုအပ်ပြီးသော ကောင်းမှု၏ အကျိုးဆက်အားဖြင့်လည်း ထိုမင်္ဂလမြတ်စွာဘုရား၏ ပကတိ ကိုယ်တော်ရောင်သည် တသောင်းသော လောကဓာတ် စကြဝဠာတိုက်တို့ကို ပျံ့နှံ့၍တည်၏။



၃၂၀

တရားပွဲကြီး သုံးကြိမ်

     မင်္ဂလမြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူပြီး၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားတော်ကို ဟောရအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်သို့ အတုလိုက်၍ ရဟန်းပြုကြသော သုံးကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်၏ ဥပနိဿယပစ္စည်း အားကြီးသောအကြောင်းနှင့် ပြည့်စုံကြသည်ကို မြင်တော်မူ၏။

     ထိုရဟန်းတို့အား ခပ်သိမ်းကုန်သောသူတို့မှ ရှေးဦးစွာ တရားတော်ကို ဟောအံ့ဟု ဆင်ခြင် ကြံစည်တော်မူပြီးလျှင်.. ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်းဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် ဤမဟာဗောဓိပင်မှ (၁၈) တဆယ့်ရှစ်ယူဇနာ ဝေးကွာသော သီရိဝဍ္ဎနမြို့ သီရိဝနခေါ် တောအုပ်၌ နေကြကုန်၏ဟု မြင်တော်မူသဖြင့် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့၏နေရာ သီရိဝနတောအုပ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။

     ထိုအခါ သုံးကုဋေသော ရဟန်းတို့သည် မင်္ဂလမြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုးဝတ်ပြုခြင်းတို့နှင့် ပြည့်စုံစေကြပြီးခါ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့် လျောက်ပတ်ရာက နေကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် ထိုသုံးကုဋေသော ရဟန်းတို့အား အလုံးစုံသော ရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူ၏။ ဤဓမ္မစကြာတရားဦး ဟောတော်မူသောအခါ သုံးကုဋေသော



၃၂၁

ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ (ရဟန္တာဖြစ်ကုန်၏။) နတ်လူပေါင်း ကုဋေတသိန်းတို့အား သစ္စာလေးပါးတရားကို သိခြင်း (အကျွတ်တရားရခြင်း)သည် ဖြစ်လေပြီ။

(ဤကား ရှေးဦးစွာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော ပဌမဓမ္မာဘိသမယ= (ပဌမ တရားပွဲကြီး)တည်း။)

     မင်္ဂလမြတ်စွာဘုရားသည် အဘိဓမ္မာတရား ဟောအံ့ဆဲအခါ စိတ္တအမည်ရှိသောမြို့ကို အမှီပြု၍ သီတင်းသုံးတော်မူကာ မြို့တံခါးဝရှိ စကားပင်ရင်း၌၊ ငါတို့ မြတ်စွာဘုရားသည် သာဝတ္ထိပြည် တံခါးဝတွင် ကဏ္ဍအမည်ရှိသော ဥယျာဉ်မှူး စိုက်ပျိုးအပ်သော သရက်ပင်၏အနီး၌ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူ၍ တိတ္ထိတို့၏မာန်ကို ချိုးနှိမ်တော်မူသကဲ့သို့၊ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူ၍ တိတ္ထိတို့၏မာန်ကို ချိုးနှိမ်တော်မူပြီးလျှင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးတော်မူကာ နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားကို ဟောကြားတော်မူ၏။

     ထိုအခါ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့အား သစ္စာလေးပါးတရားကို သိခြင်း (အကျွတ်တရားရခြင်း) သည် ဖြစ်လေပြီ။

(ဤကား နှစ်ကြိမ်မြောက် နတ်ဗြဟ္မာတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော ဒုတိယဓမ္မာဘိသမယ= (ဒုတိယတရားပွဲကြီး)တည်း။)

     မင်္ဂလမြတ်စွာဘုရား ပွင့်တော်မမူမီ သုရဘိမြို့၌ သုနန္ဒအမည်ရှိသော မင်းကြီးသည် စကြာရတနာရောက်ကြောင်း ကျင့်ဝတ်တရားတို့ကို ဖြည့်ကျင့် ပြည့်စုံစေသဖြင့် စကြာရတနာကို ရရှိလေ၏။

     မင်္ဂလမြတ်စွာဘုရား ပွင့်တော်မူလာသောအခါ ထိုစကြာရတနာသည် မိမိ တည်မြဲနေရာမှ နိမ့်ကျဆုတ်နစ်သည်ကို မြင်တော်မူ၍



၃၂၂

သုနန္ဒမင်းကြီးသည် စိတ်နှလုံး မသာရွှင်ပဲ “ငါ၏ ကုသိုလ်ကံအစွမ်းကြောင့် ဖြစ်ပေါ်ရရှိလာသော ဤစကြာရတနာသည် အဘယ်ကြောင့် တည်နေရင်းဌာနမှ နိမ့်ကျဆုတ်နစ်သနည်း”ဟု ပုရောဟိတ် ပုဏ္ဏားတို့ကို မေးမြန်းတော်မူ၏။

     ထိုအခါ ပုရောဟိတ်ပုဏ္ဏားတို့သည်-

အရှင်မင်းကြီး.. စကြာမင်း၏အသက် ကုန်ခါနီးသဖြင့်၎င်း, စကြာမင်း ရဟန်းအဖြစ်သို့ ကပ်ရောက်သဖြင့်၎င်း, မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသဖြင့်၎င်း စကြာရတနာသည် တည်မြဲနေရာမှ နိမ့်ကျဆုတ်နစ်ရပါသည်။

အရှင်မင်းမြတ်၏ အသက်တော်ကုန်မည့်ကိစ္စမှာ လုံးဝမရှိပါ၊ အရှင်မင်းမြတ်သည် လွန်စွာ သက်တော်ရှည်ပါလိမ့်မည်။

စင်စစ်သော်ကား မင်္ဂလမြတ်စွာဘုရားသည် ယခု လောက၌ ထင်ရှားပွင့်တော်မူပါသည်။ ထို့ကြောင့် အရှင်မင်းမြတ်၏ စကြာရတနာသည် တည်မြဲနေရာမှ နိမ့်ကျ ဆုတ်နစ်ပါသည်-

ဟု ဖြေကြား တင်လျှောက်ကြကုန်၏။

     ထိုပုရောဟိတ် ပုဏ္ဏားများ၏ တင်လျှောက်ချက်ကို ကြားတော်မူ၍ သုနန္ဒ စကြာမင်းကြီးသည် မိမိအခြွေအရံတို့နှင့်တကွ ထိုစကြာရတနာကို ဦးညွှတ်ရှိခိုးပြီးလျှင်.. “ငါသည် အသင် စကြာရတနာ၏ တန်းခိုးအာနုဘော်အားဖြင့် မင်္ဂလမြတ်စွာဘုရားကို အရိုအသေ ပြုပါဦးအံ့၊ ထိုသို့ပြုနေသည့် အချိန်အတွင်းမှာ အသင် စကြာရတနာသည် မကွယ်မပျောက်ပါလင့်ဦး”ဟူ၍ တောင်းပန်၏။ ထိုအခါ ထိုစကြာရတနာသည် နဂိုရ်တည်မြဲနေရာ၌သာ တည်လေ၏။

     ထို့နောက်မှ သုနန္ဒ စကြာမင်းကြီးသည် လွန်စွာ ဝမ်းမြောက်လှသည်ဖြစ်၍ (၃၆) သုံးဆယ့်ခြောက်ယူဇနာ အဝန်းကျယ်ပြန့်သော ပရိသတ်ဖြင့် ခြံရံလျက် တလောကလုံး၏ မင်္ဂလာစင်စစ်



၃၂၃

ဖြစ်တော်မူသော မင်္ဂလမြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် တပည့်သား သံဃာတော်များနှင့် တကွသော မြတ်စွာဘုရားကို ကြီးကျယ်စွာသောအလှူဖြင့် ကောင်းစွာ နှစ်သိမ့်စေတော်မူလျက် ကုဋေတသိန်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့အား ကာသိတိုင်းထွက်ဖြစ်သော သင်္ကန်းလျာ အဝတ်အထည်တို့ကို လှူဒါန်း၍ မြတ်စွာဘုရားအား အလုံးစုံသော အသုံးအဆောင်တို့ကို လှူဒါန်းပြီးခါ တရားနာအံ့သောငှါ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေ၏။ ထိုစကြာမင်း၏သားတော် အနုရာဇအမည်ရှိသော မင်းသားသည်လည်း စကြာမင်းနည်းတူပင် ထိုင်နေလေ၏။

     ထိုအခါ သုနန္ဒစကြာမင်းအမှူးရှိသော ထိုလူတို့အား မင်္ဂလမြတ်စွာဘုရားသည် ဟောကြားမြဲ ဒေသနာစဉ်အတိုင်း တရားတော်ကို ဟောကြားတော်မူ၏။ သုနန္ဒ စကြာမင်းကြီးသည် ကုဋေ (၉၀) ကိုးဆယ်မျှသော ပရိသတ်နှင့်တကွ ပဋ္ဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ထိုပရိသတ် (ထိုလူ)တို့၏ ရှေးရှေးဘဝတို့က ပြုခဲ့သော ကောင်းမှုအလေ့အကျင့်ကို ကြည့်ရှုတော်မူလတ်သော် သပိတ်သင်္ကန်းများ (စီမံရှာဖွေနေရခြင်းမရှိပဲ) တန်းခိုးအားဖြင့်သာ ပြည့်စုံနိုင်မည့် ရှေးကုသိုလ်ထူးကို မြင်တော်မူသဖြင့် လက်ျာလက်မောင်းတော်ကို ဆန့်တန်းတော်မူပြီးလျှင်- ဧထ ဘိက္ခဝေါ= (ရဟန်းတို့ လာကြကုန်လော့)ဟု မိန့်တော်မူ၏။ အလုံးစုံသော ထိုလူတို့သည် ထိုခဏ၌ပင်လျှင် လက်နှစ်သစ်မျှသော ဆံပင်ရှိကြကုန်၍ တန်းခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆင်မြန်း ဆောင်ယူကုန်လျက် ဝါတော် (၁ဝဝ)တရာရှိပြီးသော မထေရ်ကြီးများကဲ့သို့ ကြည်ညိုဖွယ်သော ရဟန်းတို့၏ အသွင်အပြင်နှင့် ပြည့်စုံကြသည်ဖြစ်၍ မြတ်စွာဘုရားကို ဝန်းရံ၍ နေကြကုန်၏။

(ဤကား သုံးကြိမ်မြောက် သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော တတိယဓမ္မာဘိသမယ= ( တတိယတရားပွဲကြီး)တည်း။)

**********



၃၂၄

သာ၀ကအစည်းအဝေးကြီး သုံးကြိမ်

     အခါတပါး မင်္ဂလမြတ်စွာဘုရားသည် မေခလပြည်၌ သီတင်းသုံးတော်မူစဉ် ထိုပြည်၌ပင်လျှင် လုင်ပျိုတထောင်စီ အခြံအရံရှိကြသော (သီဟိုဠ်အဋ္ဌကထာအလို လုင်ပျိုတသောင်း အခြံအရံရှိကြသော) အဂ္ဂသာဝက အလောင်းအလျာ သုဒေဝလုင်နှင့် ဓမ္မသေနလုင်ပျိုတို့သည် မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခု ရဟန်းဖြစ်ကြပြီးလျှင် တပို့တွဲလပြည့်နေ့၌ အခြံအရံ ရဟန်းတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် ကုဋေတသိန်းသော ရဟန်းတို့၏အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝက အစည်းအဝေးကြီးတည်း။)

     တဖန် ဥတ္တရအမည်ရှိသော ဥယျာဉ်ကြီးအတွင်း ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ရဟန်းပြုကြသော ကုဋေတထောင်သော ရဟန်းတော်တို့၏ အစည်းအဝေး ကြီး၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယအကြိမ် သာဝက အစည်းအဝေးကြီးတည်း။)

     သုနန္ဒစကြ၀တေး ရဟန်းအမှူးရှိသော ရဟန်းအပေါင်းတို့၏ အစည်းအဝေးကြီး၌ ကုဋေကိုးဆယ်သော ရဟန်းတို့၏ အလယ်တွင် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယအကြိမ် သာဝက အစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ဗျာဒိတ်ခံခြင်း

     ထိုမင်္ဂလမြတ်စွာဘုရား လက်ထက်တော်အခါ၌ ငါတို့ ဘုရားအလောင်းတော်သည် သုရုစိပုဏ္ဏားရွာ၌ သုရုစိအမည်ရှိသော ပုဏ္ဏားဖြစ်၍ ဝေဒ-ဟု ဆိုအပ်သော ဗေဒင်ကျမ်း၊ နိဃဏ္ဍုဟု ဆိုအပ်သော အဘိဓာန်ကျမ်း၊ ကေဋုဘ-ဟု ဆိုအပ်သော အလင်္ကာကျမ်း၊ အက္ခရပဘေဒ-ဟု ဆိုအပ်သော သဒ္ဒါကျမ်း၊



၃၂၅

ဣတိဟာသ-ဟု ဆိုအပ်သော ရှေးဟောင်းပုံပြင် ရာဇဝင်ကျမ်းလျှင် ငါးခုမြောက်ဖြစ်သော ကျမ်းတို့၏ တဖက်ကမ်းသို့ ရောက်တော်မူ၏။

(ဣတိဟာသကျမ်းလျှင် ငါးခုမြောက်ဖြစ်ပုံကို သုမေဓကထာ သုမေဓဗြာဟ္မဏခဏ်း၌ အကျယ်ပြဆိုခဲ့ပြီ။)

     ပဒကခေါ် ဂါထာတို့ကို ရေးသားရွတ်ဘတ် ကောင်းစွာတတ်ကျွမ်း လိမ္မာတော်မူ၏။ ဝေယျာကရဏခေါ် စုဏ္ဏိယ စကားပြေတို့ကိုလည်း ရေးသားရွတ်ဘတ် ကောင်းစွာတတ်ကျွမ်း လိမ္မာတော်မူ၏။ (ဆ)

     ကုသိုလ်မပွါး လောကကြီးကိုသာ ရှည်လျားစေသော လောကာယတကျမ်း ယောက်ျားမြတ်တို့၏ လက္ခဏာမှစ၍ လက္ခဏာအမျိုးမျိုးတို့ကို ဖော်ပြရာ မဟာပုရိသ လက္ခဏာကျမ်းတို့၌ ပညာဉာဏ် ယုတ်လျော့ခြင်းမရှိ ပြည့်စုံတော်မူ၏။

     ထိုအလောင်းတော် သုရုစိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ချိုမြိန်လှစွာသော တရားစကားတော်ကို ကြားနာရလျှင် မြတ်စွာဘုရား၌ ကြည်ညိုသဖြင့် သရဏဂုံ ဆောက်တည်ပြီးလျှင် “နက်ဖန် တပည့်တော်၏ဆွမ်းကို ခံတော်မူပါကုန်”ဟု တပည့်သား သံဃာများနှင့်တကွ မြတ်စွာဘုရားကို ပင့်ဖိတ်လေ၏။

     မြတ်စွာဘုရားသည် “ပုဏ္ဏား.. အဘယ်မျှလောက်သော ရဟန်းတို့ကို အလိုရှိသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား.. အရှင်မြတ်တို့၏ အခြံအရံ ရဟန်းတို့သည် အဘယ်မျှ ရှိပါကုန်သနည်း”ဟု မေးလျှောက်လေ၏။

     ထိုအချိန်ကား သာဝကများ၏ ပဌမအကြိမ် အစည်းအဝေးချိန်ဖြစ်သဖြင့် “သာဝကပေါင်း ကုဋေတသိန်းရှိ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား.. ဤကဲ့သို့ ရှိခဲ့သော် ထိုရဟန်း အလုံးစုံတို့နှင့်တကွ တပည့်တော်၏ဆွမ်းကို ခံပါကုန်”ဟု ဖိတ်ကြားသည်တွင် မြတ်စွာဘုရားသည် သည်းခံ သာယာတော်မူ၏။ (ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူညီတော်မူ၏။)



၃၂၆

     အလောင်းတော် သုရုစိပုဏ္ဏားသည် နက်ဖန်အလို့ငှါ ဆွမ်းပင့်ဖိတ်ပြီး အိမ်သို့ပြန်ရောက်လျှင် ဆင်ခြင် စဉ်းစားသည်မှာ..

     “ငါသည် ဤမျှလောက်သော ရဟန်းတို့အား ယာဂုဆွမ်း သင်္ကန်းလျာ အဝတ်အထည် စသည်တို့ကို လှူခြင်းငှါ စွမ်းနိုင်၏။ နေရာထိုင်ခင်းသည်ကား အဘယ်သို့လျှင် ဖြစ်နိုင်ပါမည်နည်း”ဟု ဆင်ခြင် စဉ်းစားတော်မူ၏။

     ထိုအလောင်းတော်၏ ထိုသို့ ဆင်ခြင်စဉ်းစားခြင်းသည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ထိပ်ရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၏ ပူနွေးသော အခြင်းအရာကို ဖြစ်စေ၏။ (အလောင်းတော်၏ ဆင်ခြင် စဉ်းစားချက်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ပူနွေးနေသည် ဟူလို။ ထိုကိုပင် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတင်းသည်ဟု လောကဝေါဟာရ ခေါ်ဆိုကြသည်။)

     ထိုအခါ သိကြားမင်းသည် “ငါ့ကို ဤနေရာမှ အဘယ်သူသည် ရွေ့လျောစေလိုသနည်း”ဟု အကြံဖြစ်၍ နတ်မျက်စိဖြင့် ကြည့်သည်ရှိသော် အလောင်းတော် သုရုစိပုဏ္ဏားကို မြင်၍ “ဤဘုရားလောင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်ပြီးလျှင် နေရာအတွက် စဉ်းစား ဆင်ခြင်တော်မူနေ၏။ ငါသည်လည်း ထိုအရပ်သို့သွား၍ ကုသိုလ်အဖို့ (ဝေစု)ကို ရယူခြင်းငှါ သင့်၏”ဟု ကြံစည်ပြီးလျှင် လက်သမားအသွင် ဖန်ဆင်းကာ ပဲခွပ် ပုဆိန် ကိုင်စွဲလျက် အလောင်းတော်၏ရှေ့၌ ထင်ရှားစွာ ပေါ်လာ၏။

မဏ္ဍပ်ဆောက်ရန် စကားနှီးနှောပြောဆိုခြင်း

     သိကြားမင်းလက်သမားသည် “တဦးတယောက်သောသူအား အခဖြင့် ပြုလုပ်ဖွယ်ကိစ္စ ရှိပါသလော”ဟု မေးမြန်း ပြောဆိုလေ၏။ ဘုရားအလောင်းသည် သိကြားမင်းလက်သမားကို မြင်လေလျှင် “အမောင်သည် အဘယ်အမှုကိစ္စများကို ပြုလုပ်နိုင်ပါသနည်း”ဟု မေးမြန်းလျှင် “ကျွန်ုပ်မှာ မသိ (နားမလည်)သော အတတ်ပညာဟူ၍



၃၂၇

မရှိပါ၊ မည်သူမဆို မဏ္ဍပ်ကိုဖြစ်စေ ပြာသာဒ်ကိုဖြစ်စေ ထိုမှတပါး နေထိုင်ရာ အိမ်စသည်ကိုဖြစ်စေ အကြင်အကြင် အဆောက်အဦကို ပြုလုပ်ရန် အလိုရှိ၏၊ ထိုသူများ၏ အလိုရှိသမျှသော အမှုကိစ္စကို ပြုလုပ်ရန် စွမ်းနိုင်ပါသည်”ဟု ပြောဆို၏။ ထိုအခါ အလောင်းတော်က “သို့ဖြစ်လျှင် ငါ့မှာ ပြုလုပ်ဖွယ် အမှုကိစ္စရှိ၏”ဟု ဆိုလေလျှင် “အဘယ်အရာကို ပြုလုပ်ရမည်နည်း”ဟု မေးမြန်း ပြောဆိုလေရာ.. “ငါသည် နက်ဖန်အတွက် ကုဋေတသိန်းသော ရဟန်းတို့ကို ဆွမ်းစားပင့်ဖိတ်အပ်ကုန်ပြီ၊ ထိုရဟန်းတို့၏ နေထိုင်ရာမဏ္ဍပ်ကို အမောင် ဆောက်လုပ်နိုင်မည်လော”ဟု မေးမြန်းသည်တွင်.. “အကယ်၍ ကျွန်ုပ်အား အခပေးနိုင်ကြပါကုန်မူ ကျွန်ုပ် ဆောက်လုပ်နိုင်ပါ၏”ဟု ဆိုလေလျှင်.. “အမောင် ပေးနိုင်ပါ၏”ဟု ဆိုတော်မူ၏။ “ယင်းသို့ ပေးနိုင်ပါလျှင် ကောင်းပါပြီ.. ဆောက်လုပ်ပါအံ့”ဟု ဆို၍ သိကြားမင်းသည် တခုသော မြေပြင်အရပ်ကို ကြည့်လေ၏။

ရတနာမဏ္ဍပ် မြေမှပေါက်လာခြင်း

     သိကြားမင်းကြည့်ရှုရာ တဆယ့်နှစ်ယူဇနာ ပမာဏရှိသော ထိုမြေအရပ်သည် ကသိုဏ်းဝန်းအသွင် ညီညွတ်သော မြေအပြင် ဖြစ်လာ၏။ တဖန် သိကြားမင်းသည် “ဤမျှလောက်သော အရပ်ဝယ် ရတနာခုနစ်ပါးဖြင့်ပြီးသော ရှုစချင်ဖွယ် မြတ်သောတန်းဆာဖြင့် တန်းဆာဆင်အပ်သော မဏ္ဍပ်ကြီး မြေမှပေါ်ထွက်စေသတည်း” ဟု ကြံစည်၍ ကြည့်လေသော် ထိုခဏမှာပင် မြေပြင်ကို ဖောက်ခွဲကာ ရတနာမဏ္ဍပ်ကြီး ပေါ်ပေါက်လာ၏။ ထိုမဏ္ဍပ်၏ ရွှေတိုင်တို့၌ ငွေကြာသွတ်အိုး, ငွေတိုင်တို့၌ ရွှေကြာသွတ်အိုးတို့သည်၎င်း၊ ပတ္တမြားကျောက်တိုင်တို့၌ သန္တာကျောက် ကြာသွတ်အိုး, သန္တာကျောက်တိုင်တို့၌ ပတ္တမြားကျောက် ကြာသွတ်အိုးတို့သည်၎င်း၊ ရတနာခုနစ်ပါးဖြင့်ပြီးသော တိုင်တို့၌ ရတနာခုနစ်ပါးနှင့်ပြီးသော ကြာသွတ်အိုးတို့သည်၎င်း ဖြစ်ကုန်၏။

     ထို့နောက် “မဏ္ဍပ်အတွင်း တိုင်တို့၏ အကြားအကြားမှာ ရွှေချူအများ တပ်ဆင်ထားသော ကွန်ယက်(ဇာ)တို့သည်



၃၂၈

တွဲရရွဲ ဆွဲစေကုန်သတည်း”ဟု ကြံစည်၍ ကြည့်လေ၏။ ကြည့်သည်နှင့် တပြိုင်နက် ရွှေချူ ရွှေဆည်းလည်းအများ တပ်ဆင်ထားသော ကွန်ယက်(ဇာ)တို့သည် တွဲရရွဲ ဆွဲကြကုန်၏။ ညှင်းညှင်းသာသာ လာသောလေဖြင့် တိုက်ခတ်အပ်သော ယင်း ရွှေချူ ရွှေဆည်းလည်း၏ တူရိယာငါးပါးသံကဲ့သို့ လွန်စွာချိုသာသော အသံသည် ထွက်ပေါ်လာ၏။ နတ်ပြည်၌ နတ်အများ စုရုံးတီးမှုတ် သီဆိုကြသော အခါကဲ့သို့ ဖြစ်၏။

     တဖန် “အကြားအကြား၌ နတ်ဖြစ် နံ့သာဆိုင်း ပန်းဆိုင်း ရွက်လှဆိုင်းတို့သည် တွဲရရွဲ ဆွဲစေကုန်သတည်း”ဟု ကြံစည်ပြန်လျှင်၊ ထိုခဏ၌ပင် နတ်ဖြစ် နံ့သာဆိုင်း ပန်းဆိုင်း ရွက်လှဆိုင်းတို့သည် တွဲရရွဲ ဆွဲကုန်၏။

     “ကုဋေတသိန်းသော ရဟန်းတို့အတွက် နေရာတို့သည်၎င်း၊ ရဟန်းတို့အား အပ်စပ်၍ အဖိုးများစွာထိုက်သော အခင်းနှင့် သပိတ်ခြေတို့သည်၎င်း၊ မြေပြင်ကို ဖောက်ခွဲ၍ ထွက်ပေါ်လာစေကုန်သတည်း”ဟူ၍ ကြံစည်ပြန်၏။ ထိုကြံစည်သော ခဏ၌ပင်လျှင် ထွက်ပေါ်လာကုန်၏။

     “အထောင့်အထောင့်တို့၌ တလုံးတလုံးစီသော ရေအိုးစရည်းတို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟူ၍ ကြံစည်ပြန်၏။ ထိုကြံစည်သော ခဏ၌ပင်လျှင် ရေအိုးစရည်းတို့သည် ပေါ်ပေါက်လာကုန်၏။

     သိကြားမင်းလက်သမားသည် ထိုမျှလောက်သော အရာဝတ္ထုတို့ကို ဖန်ဆင်းပြီးလျှင် အလောင်းတော် သုရုစိပုဏ္ဏားအထံသို့ သွား၍ “အရှင်ပုဏ္ဏား.. လာပါလော့၊ အရှင်၏မဏ္ဍပ်ကို ကြည့်ပြီးလျှင် ကျွန်ုပ်အား ထိုက်တန်သော အဖိုးအခကို ပေးပါလော့”ဟု ဆို၏။ ဘုရားအလောင်းတော်သည် သွား၍ မဏ္ဍပ်ကို ကြည့်တော်မူသည်ရှိသော် ကြည့်တုန်းကြည့်ဆဲမှာပင် အလောင်းတော်၏ တကိုယ်လုံးမှာ ငါးပါးသောပီတိဖြင့် မပြတ်တွေ့ထိ၍နေ၏။



၃၂၉

မဟာဒါနကို ပေးလှူခြင်း

     ထိုအခါ မဏ္ဍပ်ကိုကြည့်ရှုသော အလောင်းတော်အား ဤသို့ အကြံဖြစ်လေ၏- “ဤမဏ္ဍပ်သည်ကား လူသားဖြစ်သူ ပြုလုပ်အပ်သည်မဟုတ်၊ ငါ၏ ကြီးစွာသော အလှူပြုလိုသည့် ကုသိုလ်ဆန္ဒ ငါ၏ ကျေးဇူးဂုဏ်ကို အစွဲပြုကာ ဧကန်မချွတ်လျှင် သိကြားမင်း၏နေရာသည် ပူပြင်းသည် ဖြစ်ရမည်။ ထိုသို့ ပူခြင်းကြောင့် နတ်တို့၏ မင်းဖြစ်သော သိကြားမင်းသည် ဤမဏ္ဍပ်ကို ဖန်ဆင်းအပ်ပေသည်”ဟု ကြံစည်တော်မူပြီးလျှင်.. “ငါသည် ဤသို့သဘောရှိသော မဏ္ဍပ်၌ တရက်မျှသာ အလှူပေးခြင်းငှါ မသင့်လျော်၊ ခုနှစ်ရက်ပတ်လုံး အလှူကြီးပေးအံ့”ဟု ကြံစည်တော်မူပြန်၏။

     မှန်၏.. ဗာဟိရက အပဖြစ်သောဝတ္ထု အလှူဒါနမည်သည် မည်မျှလောက်ပင် ပမာဏရှိစေကာမူ အလောင်းတော်တို့၏ စိတ်နှလုံးကို အားရရောင့်ရဲစေခြင်းငှါ မစွမ်းနိုင်၊ စင်စစ်သော်မူ တန်းဆာဆင်အပ်သော ဦးခေါင်းတော်ကို ဖြတ်၍သော်၎င်း မျက်ရေးကွင်း၍ အလွန်အမင်း လှပတင့်တယ် ကြည်လင်စွာသော မျက်လုံးတော်အစုံကို ထုတ်၍သော်၎င်း နှလုံးသားကို ထုတ်၍သော်၎င်း ပေးလှူတော်မူရမှသာလျှင် အလောင်းတော်တို့မှာ စွန့်ကြဲပေးကမ်း လှူဒါန်းရခြင်းကို အမှီပြု၍ နှစ်သက်ရောင့်ရဲ အားရခြင်း ဖြစ်ပေ၏။ ဤအချက်ကို သိဝိဇာတ်တော်၌ နေ့စဉ် နေ့စဉ် အသပြာ ငါးသိန်း ငါးသိန်း အကုန်ခံ၍ မြို့တံခါးလေးပေါက် မြို့အလယ်တည်းဟူသော ငါးဌာနတို့၌ အလှူဒါနကို ပေးရသော်လည်း ရောင့်ရဲအားရခြင်း မရှိပဲ၊ ပုဏ္ဏားအသွင်ဖြင့် လာရောက်၍ မျက်လုံးတော်တို့ကို အလှူခံသော သိကြားမင်းအား မျက်လုံးတော်အစုံကို ထုတ်၍လှူရသောအခါမှ နှစ်သက်အားရ ရောင့်ရဲတော်မူသော ဘုရားအလောင်းတော် သိဝိမင်းကြီးကိုထောက်၍ လေးနက်စွာ ယုံကြည်မှတ်သားအပ်၏။

     ထို့ကြောင့်ပင် အလောင်းတော် သုရုစိပုဏ္ဏားသည်လည်း “ငါသည် ကုဋေတသိန်းသော ရဟန်းတို့အား အလှူပေးခြင်းငှါ သင့်၏”ဟု ကြံပြီးလျှင် ခုနစ်ရက်ပတ်လုံး ထိုမဏ္ဍပ်၌



၃၃၀

ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ထိုင်နေစေတော်မူ၍ အထူး စီမံပြုလုပ် ချက်ပြုတ်အပ်သော နွားနို့ဆွမ်း သောက်ဖွယ်အလှူကို ပေးလှူ၏။

     ဤသို့ နွားနို့ဆွမ်း သောက်ဖွယ်အလှူကို ပေးလှူလုပ်ကျွေးကြရာမှာ လူတို့ချည်းသာ လုပ်ကျွေးခြင်းငှါ မတတ်နိုင်ကြကုန်။ တယောက်ခြား တယောက်ခြား နတ်များလည်း ပါဝင်လုပ်ကျွေးကြကုန်၏။ တဆယ့်နှစ်ယူဇနာ တဆယ့်သုံးယူဇနာရှိသော အရပ်သည်လည်း ရဟန်းအများ အားလုံးနေထိုင်ရန် မလုံမလောက် ဖြစ်သဖြင့် ထိုရဟန်း တို့သည် (နေရာမရသော ရဟန်းတို့သည်) မိမိ မိမိတို့၏ အာနုဘော်ဖြင့် ဖန်တီး နေထိုင်ကြကုန်၏။

ဆေးပစ္စည်းနှင့် တိစီဝရိက်အလှူ

     အလှူပြီးဆုံးသောနေ့၌ အလုံးစုံသော ရဟန်းတို့၏ သပိတ်တို့ကို စင်ကြယ်စွာ ဆေးစေပြီးလျှင် ဆေးအလို့ငှါ ထောပတ်, ဆီဦး, ဆီ, ပျား, တင်လဲတို့ဖြင့် သပိတ်တို့ကို ပြည့်စေ (အပြည့်ထည့်)၍ သင်္ကန်းသုံးထည်နှင့်တကွ လှူဒါန်း၏။ အငယ်ဆုံးသံဃာ (သံဃနော)ရဟန်း ရရှိသည့် သင်္ကန်းလျာ အဝတ်အထည်တို့သည်ပင် အဖိုးတသိန်း ထိုက်ကုန်၏။

ဗျာဒိတ်ကြားတော်မူခြင်း

     ထိုအခါ မင်္ဂလ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူစဉ် “ဤသူသည် ဤသို့သဘောရှိသော အလှူကြီးကို ပေးလှူ၏၊ နောင်သောအခါ အဘယ်သို့ ဖြစ်မည်နည်း”ဟု အနာဂတံသဉာဏ်တော်ဖြင့် ရှုမြော် ဆင်ခြင်တော်မူလတ်သည်ရှိသော် နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ တခုသော ဘဒ္ဒကမ္ဘာတွင် ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့ဟု မြင်တော်မူ၍ အလောင်းတော် သုရုစိပုဏ္ဏားကို ခေါ်တော်မူပြီးလျှင် “သင်သည် ဤမျှလောက်သော ကပ်ကာကာလကို လွန်သည်ရှိသော် ဂေါတမအမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ် ကြားတော်မူ၏။



၃၃၁

(ဤဗျာဒိတ်စကား ကြားသောအခဏ်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားတော်မူသကဲ့သို့ပင် ဒုက္ကရစရိယာ ကျင့်ကြံခြင်းမှစ၍ အပြည့်အစုံ ဗျာဒိတ်ကြားခြင်းကို ပါဠိတော်၌ အထင်အရှား ဟောကြားထားသော်လည်း သုမေဓကထာမှာ ဆိုခဲ့ပြီးဖြစ်၍ ဤ၌ ထပ်မံရေးသားခြင်း မပြုတော့ပြီ။)

     ထိုအခါ အလောင်းတော်သည် မင်္ဂလမြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားတော်မူလတ်လျှင်နှစ်လိုရွှင်လန်း ဝမ်းမြောက်သော စိတ်နှလုံး ရှိတော်မူသည်ဖြစ်၍ “ငါတမူကား ဘုရားစင်စစ် ဖြစ်လိမ့်မည်တဲ့၊ အိမ်ရာတည်ထောင် လူ့ဘောင်၌နေခြင်းဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ယခုပင် ရဟန်းပြုအံ့”ဟူ၍ ကြံစည်တော်မူပြီးလျှင် ထိုသို့သဘောရှိသော ဗြာဟ္မဏမဟာသာလစည်းစိမ်ကို တံတွေးပေါက်ကဲ့သို့ မငဲ့မကွက် ရက်ရက်ကြီး စွန့်တော်မူ၍ မင်္ဂလမြတ်စွာဘုရား အထံတော်၌ ရဟန်းပြုပြီးလျှင် ပိဋကသုံးပုံကို သင်ယူတော်မူပြီး အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဈာန်လျှောကျခြင်းမရှိပဲ အသက်တော်အဆုံး၌ ဗြဟ္မာ့ပြည်သို့ ရောက်တော်မူလေပြီ။

မြို့တော်စသည်ကို ပြဆိုချက်

     မင်္ဂလမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ဥတ္တရမြို့တော် ဖြစ်၏။

     ခမည်းတော်မှာ ဥတ္တရမင်းဖြစ်၍ မယ်တော်မှာ ဥတ္တရာဒေဝီ မိဖုရား ဖြစ်၏။

     အဂ္ဂသာဝကအစုံတို့မှာ သုဒေဝမထေရ်နှင့် ဓမ္မသေနမထေရ်တို့ ဖြစ်ကြကုန်၏။ အလုပ်အကျွေးမှာ ပါလိတမထေရ် ဖြစ်၏။

     အဂ္ဂသာဝိကာအစုံမှာ သီဝလာထေရီမနှင့် အသောကထေရီမတို့ ဖြစ်ကြကုန်၏။ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင် ဖြစ်၏။



၃၃၂

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ နန္ဒသူဌေးနှင့် ဝိသာခသူဌေးတို့ ဖြစ်ကြကုန်၏။ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ အနုလာဒါယိကာမနှင့် သုတနာဒါယိကာမတို့ ဖြစ်ကြကုန်၏။

     မင်္ဂလမြတ်စွာဘုရား၏ အရပ်တော်မှာ (၈၈) ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည်ကား ရှေးက ပြဆိုခဲ့အတိုင်း ထက်ဝန်းကျင် တသောင်းသော လောကဓာတ်နယ်တွင် အထူးတင့်တယ်စွာ အမြဲထွက်၍ နေ၏။ ရံခါရံခါမူကား.. လောကဓာတ် တသောင်းမျှမက သိန်းပေါင်းများစွာသော လောကဓာတ်တို့တိုင်အောင် ထွက်၏။

     ထိုမင်္ဂလမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀၀၀၀) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက်သော ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     မင်္ဂလမြတ်စွာဘုရား အလောင်းတော် လူဖြစ်စဉ်ကာလ သုံးဆောင်အပ်သော ရွှေနန်းပြာသာဒ်တို့ကား ယသဝန္တ ရွှေနန်းဆောင်, ရုစိမန္တ နန်းဆောင်, သိရိမန္တ ရွှေနန်းဆောင်ဟူ၍ သုံးပါးတို့တည်း။

     မောင်းမမိဿံအပေါင်းကား သုံးသောင်း အတိုင်းအရှည်ရှိ၏။ အဂ္ဂမဟေသီ မိဖုရားကြီးကား ယသဝတီ အမည်ရှိ၏၊ သားတော်ကား သီ၀လအမည်ရှိ၏။ ရွှေနန်းစိုးစံသော နှစ်ပေါင်းကား (၉၀၀၀) ကိုးထောင်တည်း။

     တောထွက်တော်မူသောအခါ ပဏ္ဍရအမည်ရှိသော မြင်းယာဉ်တော်ကိုစီး၍ တောထွက်တော်မူ၏။ ဘုရားဖြစ်တော်မူသောအခါ ဥတ္တရာရာမ= (ဥတ္တရဥယျာဉ်)အရပ်၌ သီတင်းသုံး နေတော်မူ၏။



၃၃၃

     မဟာသမုဒြာ၌ရှိသော လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့ ထိုမင်္ဂလ မြတ်စွာဘုရား၏ သာဝကရဟန္တာတို့ကို ရေတွက်ခြင်းငှာ မတတ်နိုင်ကုန်။

     လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မင်္ဂလမြတ်စွာဘုရား ထင်ရှားသက်တော် တည်နေတော်မူသမျှ ကာလပတ်လုံး မြတ်စွာဘုရား၏ သာသနာတော်မှာ ကိလေသာနှင့်တကွ သေဆုံးသော ရဟန်းမည်သည် မရှိ။ (ကိလေသာကုန်ခန်း ရဟန္တာချည်းဖြစ်၍ ပရိနိဗ္ဗာန် စံတော်မူကြသည်။)

     များသော အခြံအရံ မြတ်သော အကျော်အစော ရှိတော်မူသော မင်္ဂလမြတ်စွာဘုရားသည် တရားတည်းဟူသော ဆီမီးကို ညှိထွန်းတော်မူပြီး၍ များစွာသော လူအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူပြီးလျှင် ထွန်းလင်းတောက်ပပြီး ငြိမ်းအေးသွားသော မီးပုံကြီးကဲ့သို့၎င်း.. ကွယ်ဝင်သွားသော နေမင်းကြီးကဲ့သို့၎င်း.. နတ်ဗြဟ္မာနှင့်တကွသော လူအပေါင်းအား သင်္ခါရတရားတို့၏ မမြဲသောသဘော ဆင်းရဲသောသဘော အစိုးမပိုင်သော သဘောကို ထင်ရှားပြတော်မူ၍ ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းတော်မူလေပြီ။

     မင်္ဂလမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်နှင့် တပြိုင်နက် စကြဝဠာတိုက်တသောင်းတို့ နဂိုရှိရင်း ဘုရားအရောင် ကွယ်ပသဖြင့် မှောင်အတိ ကျသွားကုန်၏။ ထိုစကြဝဠာတိုက်တို့၌ လူတို့၏ သည်းစွာသော ငိုကြွေးမြည်တမ်းခြင်းသည် ဖြစ်၏။

သံဝေဂ

ထိုမင်္ဂလမြတ်စွာဘုရား၏ အတုမရှိ မနှိုင်းယှဉ်အပ်သော တန်ခိုးတော်သည်၎င်း.. သဗ္ဗညုတဉာဏ်တော်ဖြင့် ထုံမွှန်းအပ်သော သမာဓိတော်သည်၎င်း.. ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်သွားလေပြီ၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြခိုင်သောအနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။



၃၃၄

     ဤသို့လျှင် သစ္စာလေးပါး တရားတို့ကို အကြွင်းမရှိ သိမြင်တော်မူသော မင်္ဂလမြတ်စွာဘုရားသည် (အခြားဥယျာဉ်များထက် လွန်ကဲထူးချွန်စွာ အသီးပင်ဟူသမျှတို့က သီးကြ၍ အပွင့်ပင်ဟူသမျှတို့က ပွင့်ကြသောကြောင့်) ဥတ္တရအမည်ရှိသော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုဥယျာဉ်၌ပင်လျှင် ဆေးဒန်း မြင်းသီလာတို့ကို မြေညက် (အင်းကတေမှုန့်)၊ ဆီ ထောပတ်တို့ကို ရေ-ပြုလုပ်လျက် မင်္ဂလမြတ်စွာဘုရား၏ စေတီတော်ကို တည်ထားကြရာ အမြင့်ယူဇနာ (၃၀) သုံးဆယ်ရှိ၏။

     သက်တော်ရှည်ကြသော မြတ်စွာဘုရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာအရ အစိတ်အစိတ်မကွဲ တခဲတည်း တစုတည်း တည်ရှိသော အသမ္ဘိန္နဓာတ်တော်တို့သည် ရွှေဆင်းတုကဲ့သို့ တည်တော်မူ၏။ ထိုအသမ္ဘိန္နဓာတ်တော်ကို စေတီတော်အတွင်း ဌာပနာသွင်းကြကုန်၍ ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သူ လူအလုံးတို့သည် ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံချယ်လယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေကြကုန်၏။

မင်္ဂလဗုဒ္ဓဝင် ပြီး၏။

**********