မင်းသာနေမှတ်-ချီ ရတု

From Wikisource
Jump to navigation Jump to search
မင်းသာနေမှတ်-ချီ ရတု
by နတ်သျှင်နောင်
မြတ်စောညီနောင် ဘုရားတိုင်ရတု

၁။ မင်းသာနေမှတ်၊ အောင်မြေထွတ်၌၊ ပြာသာဒ်ပြောင်ရွှန်း၊ မြို့တုနန်းနှင့်၊ ထောင့်ယွန်းရှေ့ဘက်၊ တောင်မြင့်ထက်ဝယ်၊ ပြိုးပြက်ရိပ်ရိပ်၊ ချိပ်ချိပ်လျပ်လျပ်[1]၊ ထိန်ထိန်လျှပ်မျှ၊ တိမ်ထပ်မဆီး၊ ဝေးလည်းနီးသို့၊ ရေမီးလနှင့်၊ နေနှယ်တင့်သား၊ ရှင်ပင့်အစစ်၊ မိန့်ရစ်ရာထား၊ ရှင်တော်စားဟု၊ ခြောက်ပါးရောင်ခြည်၊ မတန့်လည်သား၊ ငါးမည်တထောင်၊ တိုက်ခန်းဆောင်သည်[2]။ ။ ညီနောင်စည်းခုံ စုံရှင်ချစ်။

၂။ ကြွင်းဝါကြွေလွတ်၊ နွေသို့ပတ်မျှ၊ သာထွတ်သာဖျား၊ လတပါးထက်၊ ရွှေသားရွှေကုံး၊ တောအလုံးနှင့်၊ အိုင်ထုံးဆည်တန့်၊ စဲညွန့်ပြင်ယံ၊ ပျံပျံနားနား၊ ဖြားကာခေါ်ကျူး၊ ဘော်ပြိုင်မြူးရှင့်၊ ချစ်ထူးမဆို၊ နောင်မြညိုလျှင်၊ ထွေလိုရှေးနှင့်[3]၊ ဖင့်ဖင့်နွဲနွဲ၊ လလှဲရက်ဝေး၊ နေ့သာသွေးခဲ့၊ ပူနွေးဆည်ချုပ်[4]၊ ဗျာပါမြှုပ်၍၊ ကျွန်ုပ်ဆက်တိုင်၊ နိမိတ်ပြိုင်သည်။ ။ ရွှေစိုင်နှစ်စုံကြုံသင်နှစ်။

၃။ နှင်းခွာခွေပတ်၊ ကြင်စမှတ်က၊ အထွတ်အတိုင်[5]၊ မပြိုင်မမျှ၊ ခခဖြားဖြား၊ စကားစက်လည်၊ ဆိုမျိုးသည်လည်း၊ မတည်စဘူး၊ လေသို့ကျူးခဲ့[6]၊ ကျေးဇူးအခေါင်၊ ညီတော်နောင်ဟု၊ တန်းဆောင်ဦးစွန်း၊ ဆယ်ရပ်ပန်းကို၊ သွန်းသွန်းရွှေစိုင်၊ စုံနှစ်ခိုင်နှင့်၊ မပိုင်၍တည်း၊ ဝမ်းနည်းနားတော်၊ လျှောက်သည်သော်ကား၊ ရှုပျော်သို့ပေ[7]၊ ဟုတ်တိုင်းဖြေလော့၊ အထွေအထူး၊ စိုးမှူးမော်ရ[8]၊ ဟူသမျှသည်။ ။ သူပမကြုံ ယုံစင်စစ်။

မူကွဲ[edit]

  1. ချိပ်ချိပ်လှပ်လှပ် [ရ]
  2. တိုင်ခန့်ဆောင်သည် [ရ] တည်ခန့်ဆောင်သည် [မ]
  3. သွေလိုရှေးနှင့် [ရ]
  4. မှုရေးဆည်ချုပ် [မ]
  5. အထွတ်စိုးပိုင် [ရ]
  6. လေသို့ကူးခဲ့ [ရ]
  7. ရှုမြော်သို့ပေ [ရ]
  8. စိုးမူးမော်ရ [မ]


မှတ်ချက်

  • [ရ] - နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ် မူတည် ရတု
  • [မ] - မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူ

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse