မင်းရဲနရာဧချင်း

From Wikisource
Jump to navigation Jump to search
မင်းရဲနရာဧချင်း

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. မင်္ဂလာမဉ္ဇူ ထွန်းနေပြူသား ပြိုင်တူမြပန်း အကျွန်းကျွန်းထက် ရွှေနန်းပလ္လင် ဗောဓိခွင်ဝယ် အောင်မြင်ငါးမည် ငါးမာရ်နည်သို့ မြန့်ပြည်လုံးသူ့ ခွန်သစုလျက် ကေတုမတီ သိင်္ဂီဘုံမြင့် ဥကင်ဖွင့်သား နတ်ရှင့်သည်းချာ နန်းပွင့်လျာ၏ မှန်စွာရင်သွေး ရဲဘုန်းမွှေးကို သာလေးပျံ့ပျူး နားတော်ကျူးအံ့ ကွန့်မြူးတေဇာ လွှံ့ရိုက်ဖြာသည် စကြာတည့်ပျံ့မွှေး နာဘိသေး ။
  2. မဝေးစကြာ ဘုန်းညွန့်ဖြာသည် နရာသဘ နရဘုန်းပန်း ရွှေနန်းပွင့်လျာ မှတ်စိမ့်နာလော့ သီတာယဉ်ထွေ သပြေသောင်းဝန်း တည်လှာထွန်းသော် တောင်မွန်းနေတူ သင်္ကန်းသူနှင့် ဇမ္ဗူညွှန်းညွှန်း နိမိတ်ထွန်းက မော်ကွန်းတင့်အပ် ဘဒ္ဒကပ်ဟု ပညပ်ထွက်နေ သိမ်းယူလေသည် ခြည်ရွှေကွန်ရက် ဖြန့်တိုင်းဆက်က အချက်ဗွေချာ ဤကျွန်းသာထက် မဟာသမတ် မန္ဓာတ်တို့က လျဉ်းလတ်စ၍ သကျမင်းကောင်း ရှစ်သောင်းနှစ်ထောင် ဖြူရောင်ရိပ်ဝန်း အစဉ်မြန်းမှ ကြငှန်းဘုန်းမြူး တောင်ဘိုးဦးဝယ် ကျူးတုံဗျာဒိတ် မိန့်ခဲ့ဘိတ်သည် နိမိတ်တည့်မြင်ပေး နောင်လာရေး ။
  3. ထွန်းမြူးဉာဏ်ရောင် ဗျာဒိတ်ဆောင်၍ ရွှေတောင်သိင်္ဂ ပြည်ခေတ္တ၌ နတ်သယာဉ်စံ ဆင်ပျံနှင့်လှေ လှံရွှေထွန်းရစ် သူရာစစ်ကို တိုက်လှစ်ချင်းသတ် အရိမဒ်ဝယ် နေနတ်နဂါး နှစ်ပါးတဝန် နှစ်သက်ပြန်၍ နှင်တန်ကောင်းကင် မြင့်လျှင်လေးဆက် လည်လျက်နိုင်နွံ ရှေ့ယံမြင်စိုင်း စစ်ကိုင်းပန်းယ ဖြူဆွယာဉ်ကြီး တစီးရှင်နောက် ငါးစီးမြောက်နှင့် လွှင့်ထောက်စကြာ ဆက်ကာနွယ်ရိုး အစဉ်စိုးမှ သတိုးမင်းဖျား သိကြားမယွန်း သန်လျက်ကျွန်းဝယ် ရွှေနန်းရွှေပြည် ဘုံသာတည်သည် ရွှေပြည်တည့်လျှံပြေး ဆုံမြစ်ကွေး ။
  4. သန်လျက်ကျွန်းခုံ ရွှေနန်းဘုံထက် ထွန်းတုံနေလ ရှစ်ဆယ်မျှတွင် ဇောတရည်ညီး ဆောင်းရွှေထီးနှင့် ငါးစီးရှင်မြစ် စင်စစ်မယွင်း မိုးညှင်းစိုးသား မင်းတရား၏ သည်းကြားနှစ်ဘော် နောင်မြော်နရပတိ ထွတ်ဘုန်းရှိလည်း မဏိမွေပုံ ထူပါရုံကို ကြည်ယုံရိုညွတ် တည်ခဲ့မှတ်ရှင့် ထိုနတ်ရှင်သား မင်းတရား၏ သုံးပါးရင်နှစ် စုလစ်ရွှေတောင် သုံးစိုးဆောင်သား မင်းခေါင်ရင်သွေး သားတော်ထွေးလျှင် သောင်းကျေးဇမ္ဗူ သိမ်းယူပိုက်ဘိ ဘက်မရှိသား နရပတိရာဇာ တွင်မည်သာနှင့် မြန်ချာထွန်းပေါ် သားမင်းကျော်၏ ဘေးတော်ရင်းပင် ရွှေနန်းရှင်သည် ကျွန်းခွင်တည့်နီးဝေး ကျော်ပျံ့မွှေး ။
  5. နရပတိကြီး ဝှဲချီးမြေပေါ် ထွတ်မင်းကျော်၏ သားတော်နှောင်းမြင် ဆင်ဖြူရှင်လျှင် ပြည်တွင်နန်းရိုး ဆက်လှာစိုးသည် နေမျိုးမင်းသား မင်းတရား၏ သည်းကြားညီနောင် ရွှေတောင်ဘုံမြင့် အစဉ်ဘွင့်သား နတ်ရှင့်နှမ ခြောက်ပနှောင်းမွေး တူမဝေးနှင့် ရှင့်ဘေးတော်ရင်း မှန်ကင်းဇမ္ဗူ ကေတုမတီ သိင်္ဂီစိုးဆောင် မြင့်ခေါင်ရွှေနန်း အတူမြန်းမှ မယွန်းသန္ဓေ ခုနစ်ဆွေတွင် ရေမြေစကြဝဠာ အာဏာလွှမ်းမိုး တရားမျိုးကို ကျွန်းရိုးသိမ်းငင် ခွန်သချင်၍ စက်ပြင်ထိပ်စ ညွတ်စေရ၏ ငါးပါးရှေ့မြော် ရှင့်ဘေးကျော်သည် ဘုန်းတော်တည့်ပျံ့မွှေး ထိန့်ရိုက်ကြွေး ။
  6. တန်းခိုးဘုန်းရောင် ရွှန်းရွှန်းပြောင်သား မင်းခေါင်ရန်နှင်း စောတော်မင်း၏ နောင်ရင်းပြီးယော် ဘွားတော်ချစ်ဘ နရအဖျား မင်းတရားဟု သားငါးရာမြေ နေသည်အစ ခွန်တော်သသား တရာ့တစင်း မင်းထက်မင်းလျှင် ရပ်ခင်းဌာန ဒလကလည်း ချီကြွစက်ရှင် ဖြန့်ရာတွင်၌ မြေပြင်မည်းမည်း သူ့သူချည်းတည့် ဖြစ်လည်းရှေ့ရှူ သန်ကူမသာ ဖြာဖြာချောင်းမြောင်း ခက်သည်ကောင်းလျက် နိုင်ကြောင်းတိုက်ဘောက် ရန်တလျှောက်ကို ထောင်လောက်ဗိုလ်ပါ လုံးရင်းသာနှင့် စကြာလက်ရုံး ရဲဆုံးဘက်မဲ့ ချင်းနင်းခဲ့၍ သုံးဆဲ့တတပ် ကြွင်းလပ်မဲ့အောင် မိုက်သည်မှောင်ကို သောင်းထောင်နေစက် ပြိုင်ထွန်းထွက်သို့ မြန့်ချက်ဇမ္ဗု ကိုးရာပြုသား ကေတုမတီ သိင်္ဂီစံမှောက် ရွှေပြည်ရောက်သည် မိုးအောက်တည့်စဉ်ရှေး မကြာသေး ။
  7. တချေးချေးလျှင် ဧလည်းယင်ယင် ဧဟုယင်လျက် ဘုံပြင်နန်းထဲ ကျူးရိုက်လွှဲအံ့ မင်းရဲမည်သာ နရာဘုန်းမြင့် ရွှေနားဘွင့်လော့ ပျောက်လွင့်ရန်မာန် ထိုကပြန်၍ ကျော်ဝှန်သတင်း ဘေးတော်ရင်းကို မှန်ကင်းဇာနည် နောက်ဘုန်းစည်လျှင် ရွှေပြည်ရတနာ နန်းသိင်္ဂါနှင့် စကြာဖြူဝင်း ယူလော့နှင်း၏ ပြည်မင်းသတိုး မြို့ကိုကိုးလျက် စက်မိုးရှိကြာ မညွတ်လှာဟု အချာဧက နှစ်ဖန်ကြွ၍ ဒီပတန်ဆောင် ညီမင်းခေါင်ကို ရအောင်ကြိုးဘိ မိန့်တော်ရှိက မြေကြီ့းအထု ဗိုလ်စုဖြိုတိ ပုံပြီ့းလက်နက် ပြည့်နက်ရေညွန် ကျုံးကိုလွန်၍ စွယ်ချွန်တောင်ပေါက် မုန်အာသောက်နှင့် ရက်ဖောက်ရင်တား လွှားလွှားထောင်ထောင် ကျိုးအောင်တိုက်လှစ် နတ်စက်ပစ်သို့ ရန်မြစ်နုတ်ချိုး လက်ရုံးမိုးသော် သတိုးမကြွင်း ဆင်မြင်းမြို့ပြ အကုန်ရမှ ဘဝသခင် နောင်တော်ရှင်လည်း မာတင်ပြည်တိုက် ခြောက်ထောင်ပိုက်နှင့် မင်းလိုက်ဝတ်လုံ စုပုံရွှေငွေ ဗိုလ်ခြေလုံးရင်း ရဲဆုနှင်းသည် ကျွန်းတွင်းတည့်ပျံ့မွှေး ရှင်ပင့်ဘေး ။
  8. သိကြားတရှည့် လိုတော်ပြည့်သော် လင်းစည့်တန်းခိုး ငါ့ညီစိုးတော့ သတိုးမည်သာ ဓမ္မရာဟု အာဏာလွှံ့ပတ် ညီတော်လတ်ကို တမွတ်ဘုန်းသန် နှင်းခဲ့ပြန်မှ နိဗ္ဗာန်မထူး ပြည်ပဲခူး၌ လွန်ကျူးကျော်စော သမိန်ထောလျှင် ဖြင်ပေါမတ်ရာ ဗိုလ်ပါဖြီးခိုင် မနိုင်ရေတွက် ချပ်ပြွန်သွက်သို့ ရေတွက်တီမှာ မေးမြန်းရာဟု နရာသိုက်ညီ ရွှေစက်ချီသော် ယဉ်သီတာလောင်း ပန်းကျော်ချောင်းတွင် နှာမောင်းဦးကင်း စွယ်ချင်းစီထပ် မြို့တပ်အလား ကြိုလင့်ထားသော် ဘုရားဘေးတော် ယာဉ်ကျော်မုန်ပြင်း လွှတ်တည်ချင်းက မင်းလည်းမြေတွင် ဆင်လည်းတုံလုံး စွယ်ဖုံးကြွေဝှေ့ မသွေ့မြေကြီး သွေးတိစီးမျှ ယာဉ်ထီးကျကာ မပါပေါင်းက ခုတ်ချလျှောဆင်း ကြောက်ငြင်ပြင်းသည် မြီးချင်းတည့်လိမ်းစွေး စွယ်ဖွေးဖွေး ။
  9. အံ့ချီးနတ်လူ အောင်တော်မူ၍ ဇမ္ဗူသောင်းတွင်း ထိန်ထိန်ချင်းမျှ စက်ရင်းသို့သာ ပြေးဝင်လာရှင့် ကျွန်းချာသပြေ ညာကြေဝန်းလျား ကိုးစော်ဘွားနှင့် ကိုင်းမားလုံးပိုင်း ခြာပိုင်းကျယ်ဝေး ကလေးကသည်း ကျွန်းချည်းခံမင်း တနင်းသာရီ ရှေ့ဆီထားဝယ် ဇင်းမယ်ဂုံပြည် ပြောစည်တိုင်းကား ယိုးဒယားလည်း သိကြားနှင့်သာ ကိုယ်ကိုစာလည်း ယာဉ်သာဖြူလွ ပေါက်မလေးစီး သ္မီးမြေးသား စုထားဦးဆံ ကျော်စံမကြွင်း သီဟိုဠ်မင်းက သည်းတွင်းရတနာ ဆက်လှာသဖြင့် လင့်စဉ်ကြငှန်း ဆင်တသန်းနှင့် မကျန်းကျွန်ရိုး ဒလမျိုးတွင် စက်မိုးရှိကြာ ညွတ်ခလှာသည် ခွန်သာတည့်နီးဝေး နှစ်တိုင်းပေး ။
  10. ကျွန်းလုံးခွန်တော် ဆက်စေသော်မှ သားတော်မြေးမြစ် စံရစ်စဉ်လာ ဖြစ်စိမ့်ငှါဟု ဟံသာဝတီ လွှံ့ညီသမိုက် ပဲခူးတိုက်ဝယ် မကိုဋ်ဘုန်းစည် ရွှေမြို့တည်ရှင့် ရွှေပြည်လျှံပြောင် ဘုံခြောက်ဆောင်လည်း ရွှေတောင်ကိုကား ဆိုရိုးမှား၏ သိကြားတမျှ ရာဇဉ်းခသား ရွှေဝကျွန်းတွင် ရွှေနန်းရှင်၏ ရွှေရင်တော်သွေး မိဘုန်းမွေးနှင့် ရှင့်ဘေးမင်းကျော် တူစုံပျော်မှ စံမော်သိင်္ဂ ဝေပူမြသို့ သီလသရေ သန္ဓေမြတ်မြင့် နတ်နှယ်တင့်သား မျက်ပွင့်ရှုမျှော် ရှင့်ဘွားတော်သည် ခြောက်ဘော်တည့်ပြစ်ဝေး နန်းထက်မွေး ။
  11. ရှင်ချစ်ဘွားတော် နန်းထက်မြော်နှင့် မြေပေါ်အုပ်စိုး ရှင်ပင့်ဘိုးကို တန်းခိုးထွန်းညီး ဘေးတော်ကြီးလျှင် ဝမ်းထီးမှတ်ထား မြောက်သားနှမ ယဉ်လှမျိုးမည် သည်လည်းငါ့သား မယ်ကားသ္မီး ဇနီးခင်လောက် ရွယ်တော်ထောက်၍ ရွှေမှောက်မင်္ဂလာ မင်းတရာနှင့် ငါ့ရာဇမ္ဗူ မောင်မယ်ယူဟု လှစ်ဖြူဥကင် နန်းရင်ပြင်၌ သဘင်တုလွတ် ဆုကြားဘတ်က လူနတ်ညာကြွေး ကောင်းချီးပေး၏ နောင်ရေးစိုးရန် သည်လျှင်မှန်ဟု စွယ်ချွန်ပေါက်ပြောင် များလက်ဆောင်နှင့် ပြည်ထောင်တကာ ဆက်သလှာသည် မင်္ဂလာတည့်အောင်ရေး မြောက်သန္ဓေး ။
  12. ဆင်းရောင်ရုပ်ရည် ရွှေစံတည်ဝယ် ကိုးမည်ရောင်ထွန်း စီးဆင်ရန်းသို့ ရွှေနန်းသိင်္ဂါ စိုးညွန့်ဖြာသည် နရာပွင့်လောင်း ရွှေနားညောင်းလော့ တသောင်းဘက်ရှဲ ကျော်မစဲသား မင်းရဲနတ်တူ သိင်္ခသူဟု တောင်ငူရွှေနန်း ဆက်ရှည်မြန်းသား ကြငှန်းသည်းကြား မင်းငါးပါးတွင် ဝန်းလျားဇမ္ဗူ သိမ်းယူပိုက်ပြီး ဘေးတော်ကြီးနှင့် တသီးထိုအောက် စောရန်ပြောက်မူ ပြိုင်ထောက်မမျှ မုတ္တမကို ဖြူလွဖြန့်မိုး နတ်နှယ်စိုး၏ သတိုးမည်သာ ဓမ္မရာဟု ကြေညာလွှံ့ပတ် ဘေးတော်လတ်လည်း တိုက်လွှတ်လေခြင်း မုန်ပြင်းကြိုးပြိုင် တွေ့တိုင်းချိုင်လျက် ရှစ်ဆိုင်ဖြန့်ဝန်း ရွှေပြည်မြန်း၏ ကြငှန်းမှန်ကင်း ဘေးတော်ရင်းလည်း ဆင်မြင်းမျိုးကို ရန်ဖြိုပယ်သင် လက်ရုံးအင်နှင့် ဥကင်လှစ်ထွန်း ကေတုနန်းဝယ် ဘုန်းပန်းပြိုင်ဝေး သိကြားထွေးဟု ရှင့်ဘေးတော်နှောင်း ကျော်သောင်းမြေပြင် ဝဘုရင်လည်း သူ့ဆင်မုန်သောက် သံတွေပေါက်နှင့် မလောက်သတ်လည်း နိုင်သည်ပည်း၏ သည်နည်းရှင်ချစ် နောင်ရစ်ခံရေး ဘိုးဘေးစဉ်လာ တင့်ခြင်းရာကို သိလာသော့လျောက် နားတော်လျှောက်သည် ပွင့်ထောက်တည့်မဝေး နာဆေးလေး ။
  13. ဇမ္ဗူသပြေ ရေမြေမလွတ် ခွန်တော်ဆွတ်သား တမွတ်မြှောက်ချီး ဘေးတော်ကြီး၏ ဇနီးသက်နှင်း ဘွားတော်ရင်း၏ မိမင်းတမူ ကျွန်းလုံးယူ၍ ရိပ်ဖြူဖြန့်ဝန်း ဝရွှေနန်းတွင် ရွှေနန်းရှင်၏ ရွှေရင်တော်သွေး နန်းထက်မွေးတည့် ဝှန်ပြေးတန်ခိုး ရွှေပြည်စိုးသား သတိုးဓမ္မာ ရာဇာလွှံ့ပတ် ဘေးတော်လတ်၏ သက်မှတ်ကြင်ထင် မျိုးပုံပြင်နှင့် နေပင်နွယ်ချင်း ဘေးတော်ရင်း၏ မိမင်းဘုရား မြတ်နှစ်ပါးကား သိကြားတမျှ ပြည်ခေတ္တတွင် ဆင်ဖြူရှင်သား မင်းတရား၏ သည်းကြားသ္မီး ဘုန်းကြီးနှစ်ဘော် နန်းထက်ပျော်သည် ရှိန်စော်တန်းခိုး ထစ်သည်မိုဃ်းသို့ သတိုးမင်းစော ကျော်စောနီးဝေး ဘေးတော်ထွေး၏ မြတ်လေးစုံပေါင်း သက်မပြောင်းကား ကျော်သောင်းနီးဝေး ဘေးတော်ကြီး၏ သ္မီးတော်ရင်း ဘိုးတော်မင်းနှင့် မယွင်းသန္ဓေ တဝမ်းနေရှင့် ရေမြေဇမ္ဗူ သိမ်းယူသည်ချည်း သည်နည်းရှင်ပင် ခံစေချင်၍ ကြောင်းအင်ဖြစ်လား လျှောက်ဝံ့ကြားသည် မြတ်ဖျားတည့်စဉ်ရှေး မင်းများမြေး ။
  14. ယာဉ်ဖြူရတနာ လက်ျာတင်ညွတ် ရင်ပြင်ပတ်သား နေနတ်နွယ်မှီး ဘေးတော်ကြီးလျှင် ငြီး၍လူ့ဘော် နတ်ပြည်ပျော်လည်း သားတော်နန်းလျာ ဥပရာဟု သူဇာတမျှ သိင်္ဂစတေ စံရွှေရည်ညက် ဦးသစ်စက်သို့ ပြိုင်ဘက်လွတ်ကင်း မယ်တော်ရင်း၏ ဘမင်းဘုန်းဖြိုး ရှင့်ချစ်ဘိုးလျှင် စိုးတုံရိုက်ရာ အာဏာသတင်း ထိန်ထိန်ချင်းမျှ ထွန်းဝင်းပြောင်ပြောင် နေအထောင်သို့ ခြောက်ဆောင်ဘုံရွှေ နန်းရဝေထက် သပြေတလွှား ရန်ညွန့်တားသည် ကျော်ကြားတည့်ပျံ့မွှေး ဘုန်းရှိန်ပြေး ။
  15. သရေခေတ္တ အင်းဝပုဂံ နိုင်ငံတသွန်း ဟံသာကျွန်းဝယ် ရွှေနန်းနှင့်ချည်း ဝှန်သည်းတန်းခိုး ဘေးဘိုးမင်းဖျား စံသည်များကို ရွှေနားတင်ဝ မှတ်ပြီးမှတည့် ဒီပသောင်းပေါ် ဟိုးဟိုးကျော်သား ဘိုးတော်မင်းရဲ နိုင်သည့်ပွဲကို ကျူးနွှဲသံလျောက် လျဉ့်လျဉ့်လျှောက်အံ့ ပြိုင်ထောက်မဲ့နိုး ဇမ္ဗူစိုးသား ရှင့်ဘိုးနရ ဆယ်မြတ်ကလျှင် လေးပါ့းနှောင်းမြင် ဘေးတော်ရှင်ဝယ် တိုင်းခွင်စကြာ လှည့်တိုင်းပါ၍ မုန်အာဝှန်ပြင်း ဆင်မြင်းမြို့စား ရေသော်များ၏ တိုင်းကားကျယ်ဝင်း များလုံးရင်းနှင့် လင်းစင်သဒ္ဓါ ဘောက်ပြန်စွာ၍ တခါနောက်လျှင် ချီရာတွင်၌ သူ့ခွင်တလိုက် လပိုက်လအပ် ရပ်သပ်အံ့ဆို သစ္စာပိုဟု မြင်းမိုရ်မယွန်း တောင်ပြင်ရွှန်းထက် စီးစွန်းချွေမျှ မပြုရတည့် စပ်ချလက်နက် ဘေးဘုန်းစက်ဖြင့် အထက်ကသာ မိုဃ်းရွာ၏သို့ တပ်တိုင်းပို့သား ငါတို့စစ်သည် မတည်ပြေးဆင်း ဆင်မြင်းလန့်ထွက် စွယ်ချင်းရှက်မျှ မျှော်လျက်ကြည့်ခါ ရှိချေရာတွင် သိင်္ဂါရွှေစက် ခြေတော်သက်၍ ကွပ်တက်လည်တူး ရဲပန်းရူးနှင့် လွန်ကျူးရေးရာ ဘယ်ကမ္ဘာဝယ် စကြာပွင့်ငြမ်း သို့စင်တမ်းဟု စဉ်လမ်းရှေးဦး မကြားဘူးသည် ပြုိင်ဘူးတည့်ရန်ဘေး ဗျာလိမ့်မေး ။
  16. ထိုနောက်တတည် နားတော်တည်လော့ ငါးပြည်ထောင်သား လုံးရင်းအားနှင့် စော်ဘွားညောင်ရွေ သောင်းကျန်းလေဟု တွက်ရေကြီးငယ် ဆင်နှစ်ဆယ်နှင့် နေနှယ်ထွန်းပေါ် ရှင့်ဘိုးကျော်ကို မယ်တော်ဘမင်း သေဌ်နင်းဧက ချီစေရရှင့် ပိတ်မျှမြေပြင် သူနှင်နှင်တည့် မြင်းဆင်ရဲမက် ကူးခက်ခဲချေ လှေလည်းမရှိ ရေတိညွန့်ချည်း အင်းလည်းနက်ကျယ် ပင်လယ်မယုတ် တိုးဆုတ်မအား လေးမြားမီးပေါက် အမြောက်ပြောင်းလျှင် ပဲ့တင်ရိုက်ကျိုး လက်နက်မိုဃ်းဖြင့် ရွာဖြိုးနှင့်လေ ချဉ်းတိုင်းကြေ၍ ရပ်မြေပြည်ရွာ ရောက်ပါမည်ပင် မထင်ချေကြ ထိုကာလ၌ သူကမည်လှိုင်း စဆိုင်းစလုံ ကိုယ်ယုံမည်ထင် ဆင်လည်းထက်ကြပ် မြေပြင်ချပ်လျက် ထပ်ထပ်နိုင်ကြောင်း ကူလှာပေါင်းသော် သွေးချောင်းဖြစ်မျှ သတ်လိုက်ရ၍ လက်ချရွံသည် ညည်းညည်းလည်မျှ အပြည်ပြည်သား စော်ဘွားတလျှောက် ယပ်စောက်မိုးပြဲ မိုးနဲမကျန် နောင်မွန်စကား ညွတ်တွားစက်ခွင် ရောက်လာဝင်၍ မာတင်ကရစ် ပြောင်မုန်ယစ်နှင့် တလှစ်မြေပြင် ဆင်တိအနှက် စွယ်ချင်းရှက်လည်း ချဉ်းဖျက်တိုက်မည် ဘုန်းစည်ရဲထွတ် စေလိုက်လွှတ်က သက်လွတ်ပါစေ ကျွန်တော်ပေဟု ဗိုလ်ခြေမြင်းလျင် စိုက်ဆင်စတေ ခြောက်ဆယ်ထွေနှင့် ညောင်ရွေစော်ဘွား သားမယားနှင့် ဘဝါးစကြာ တင်ရွက်လှာရှင့် ခေါင်ချာနရ မယ်တော်ဘလည်း သည်မျှငါ့ညီ နိုင်ပြီမဲ့ဘူး မိန့်တော်ကျူးမှ ပြောင်လူးမုန်သွင် လေးစီးဆင်နှင့် မည်ပင်ပေးလပ် ရဲဆုထပ်သည် ရပ်သပ်တည့်နီးဝေး အံ့ကြမေး ။
  17. ထိုနောက်တခြား ယိုးဒယားသို့ သိကြားတမျှ မယ်တော်ဘလျှင် ချီကြဝန်းရံ စောင့်လုပ်ကြံသော် ဝှန်းလျှံကုန်းကြည်း ရေလည်းဖျင်ဖျင် မြေပြင်မလပ် နေရပ်မသာ ပြန်ချေရာတွင် ကြော်ငြာကျိုက်ပွက် မြို့လုံးထွက်၍ လက်နက်လှံထား လေးမြားမီးပေါက် အမြောက်တမူ ကတ္တူလွန်းကျင် မြင်းဆင်ခြေတပ် ကြည်းရေကြပ်လျက် လိုက်ထပ်ဖြဖြ မီးပွါးကျသို့ ရှနပျက်ကြွေ ဆုံးချေတချို့ တောသို့လျှိုးဝင် ရေတွင်မျောနစ် သွေးချောင်းဖြစ်မျှ မစစ်ကြောင်းလမ်း ဝမ်းလှမ်းထိုးဘောက် အထောက်ထောက်လည်း တယောက်မည်သူ လက်ယူလည်းထား စကားကိုမျှ မဟတိတ်ချေ မိုးမြေမမြော် ဘိုးတော်ရှင်ရင်း ယာဉ်ကျော်မြင်းနှင့် မိမင်းမောင်ကြီး ဦးရီးနတ်ရှင် တူပင်နှစ်ပါး နောက်နေထား၍ လှံထားချွတ်ဝင့် တိုက်သတ်လွှင့်က ကြေလွင့်ပျောက်ရှ ရန်မျိုးခသည် ကြောက်လှတည့်ငြင်ပြေး စင်ကင်းဝေး ။
  18. ထိုနောက်တဖန် မျက်တော်ဝှန်၍ နန်းရန်မဟာ ဥပရာနှင့် နရာဘုန်းကြွယ် ဇင်းမယ်ဘုရင် တူပင်မကင်း ဘိုးတော်ရင်းကို မိမင်းချစ်ဘ ချီးမွမ်းရရှင့် ဒီပကျွန်းခွင် မြေအပြင်၌ စိမ်းရှင်စားယူ ဘီလူးဟူလည်း တူတော့မည်သာ မာန်ပါမိုဃ်းထစ် ဗြနရစ်ဟု ကြိမ်းဟစ်မထိမ် ရာဇသိမ်တွင် ရှက်လိမ်မြီးချင်း ဦးကင်းစွယ်ညီး တပ်နှင့်စီးလျက် နိုင်ပြီးမှတ်ရွေ့ ကြုံကြတွေ့သော် ဘုန်းဟေ့ရဲကျော် ရှင့်ဘိုးတော်လည်း ယာဉ်ကျော်နတ်သ ဇာနေယျနှင့် သူရာ့ရန်လွှင့် သိကြားတင့်သို့ နတ်ရှင့်နောင်တော် လွှံ့ပေါ်ထိုခါ စကြာရောက်နီး ရှင့်ဘကြီးနှင့် နှစ်စီးတူပင် ပြောင်မာတင်လည်း ပါးပြင်မုန်ပြည့် တိုက်လွှတ်တည့်သော် ချီလှည့်ကင်းပြေး ထီးသို့ထွေးမျှ ဖွေးဖွေးစွယ်ရှင် ထပ်လျက်ပင်တည့် မြစ်ခွင်အိုင်အင်း တွေ့တိုင်းဆင်းသည် စည်ကွင်းတည့်ရန်ဘေး ကြောက်တုန်ဧး ။
  19. ရန်မျိုးပျောက်ကွာ ပြင်းတေဇာဖြင့် မင်းလျာကပင် မြေပြင်မဆုံး ဘုန်းလက်ရုံးကို ကျွန်းလုံးကျော်ဟိုး ထိန့်ရိုက်ကြိုးသည် ရှင့်ဘိုးနရ ထွတ်တိုင်းမှလျှင် ဒီပကျွန်းချာ ပြည်ဟင်းသာကို လေးခါကျိုက်ဆူ ချီတော်မူ၍ ယာဉ်ဖြူရတနာ စကြာငွေတောင် ခြောက်ဆောင်သိင်္ဂ ကြွင်းမဲ့ရ၍ သူရာ့နတ်ပြည် သိကြားနည်သို့ ကျွန်းစည်သပြေ ရေမြေတဝက် ကျော်ဝှန်တက်၏ မြတ်ဆက်နှင်နှင် ဘုန်းရင်မြေမိုး ကြီးတန်ခိုးဖြင့် မျိုးရန်မြတ်သန်း ရွှေနန်းထက်သာ သိင်္ဂါရဝေ စံနေသည်ချည်း နောက်လည်းရှင်ချစ် ဖွင့်လှစ်ဥကင် သာရွှင်မွေ့လျော် ဆက်ကာပျော်အံ့ နားတော်ရွှေစက် တင်လျှောက်ဆက်သည် မင်းထက်တည့်မင်းမြေး နာစိစ္စေး ။
  20. မင်းရဲကျော်စွာ မည်သာဝှဲချီး သမိုက်ပြီးသည် ဘကြီးတော်လတ် နေနတ်ရပ်ကဲ နိုင်ဟန်ပွဲကား မင်းရဲဘုန်းထူ သီဟသူနှင့် နေတူထွန်းပြောင် မင်းညီနောင်ကို အခေါင်ရှင့်ဘိုး ရန်မျိုးရှိရာ လှည့်စေရှာ၍ ဟံသာဝတီ ရောက်လေချီသော် ကြီးလှအင်အား သန်လျင်စားလျှင် စက်ပါးတုံဝပ် ညွတ်လှာကပ်မှ ဝေးရပ်ကျော်လည်း ပိတ်စရည်းက ရွှေချည်းတင်ကား သံဘိုစားလည်း ကုလားရုဠှီ ဘရင်္ကျီနှင့် ပသီအရိုင်း တလိုင်းစိမ်းစား ကျွန်းကျွန်းသားတို့ မီးပွါးမီးဘိုး ဖြိုးဖြိုးဘယ်ညာ ဘုံးပါအမြောက် ပစ်ဖောက်အပြင်း ညဉ့်သန်တွင်းဝယ် တို့ကင်းနှင့်ပင် အလျင်မကြာ ဆက်ရောက်လှာ၍ သူငါမြင်းဆင် ကခင်ထားဘိ မသိလန့်စိုး အိပ်နိုးစံမွှား လှံထားမကောက် ပစ်လောက်မနေ ခုန်ပြေးချေရှင့် ဂူရွှေပျံလွှား ဟောက်ကြိမ်းဝါးသို့ နှစ်ပါးမင်းသာ ရေးရာမင်းပြင် ပြောင်နတ်ရှင်နှင့် မုန်ပြင်မြည်ရိုက် ချည်းတည့်တိုက်သော် ကျိုက်ကျိုက်ကုန်လေ အောင်မြင်ပေက ဘုံရွှေအုပ်စိုး ရှင်ပင့်ဘိုးလည်း ကောင်းကျိုးလွန်တင့် သားဘုန်းမြင့်ဟု ခြယ်ဆင့်ပြောက်စုံ ဝတ်လုံမြင်းဆင် မာတင်သိန္ဓော ရွှေဝေါမကြွင်း ရဲဆုနှင်းသည် စံချင်းတည့်ရည်လေး ရောင်ခြည်ပြေး ။
  21. ရဲရဲလျှံဝါ ရွှေအန်စာကို တတ်စွာကျစ်လစ် မြချည်ရစ်သို့ ကြင်ချစ်လွန်ပြင်း သက်မယွင်းသည် မင်းခင်းဘုန်းခေါင် နားတော်ထောင်လော့ မြန်ဘောင်မြေပြင် ထိန့်ထိန့်ရှင်မျှ ဥကင်ဘုံမြင့် စကြာရင့်သား နေမင့်းနွယ်ရင်း ရှင့်ဘမင်းလည်း လှစ်ထွင်းတိမ်ကြား နှင်၍သွားလည်း သိကြားတမြှင့် ရဲရင့်မြန်သန် လက်ရုံးအန်နှင့် စစ်ဝှန်ထစ်ကြိုး ရန်ညွန့်ချိုး၏ ဆင်မျိုးဖြစ်က ပေါက်မဟိုင်းဟံ တည်ထံမကြွင်း မုန်ပြင်းအာသောက် မိတ်ပေါက်မနိုင် နောက်ထိုင်ဦးနေ လျှောပြေဆင်းသက် သူရဲခက်လည် နန်းဆက်ပွင့်နီး ရှင့်ဘစီးက ချွန်းသီးမဖြုံး ခြေလုံးနှင့်သာ ယိမ်းတိုင်းပါ၍ ဘယ်ညာသောသော ဥဒိန်စောဟု ဆိုပြောနန်းပွဲ ချီးအံ့အဲသား မင်းရဲကျော်ထင် မည်တော်တွင်သည် ကျွန်းခွင်တည့်ပျံ့မွှေး ဘိုးတော်ထွေး ။
  22. တထပ်တထပ် ကြားမလပ်လျှင် ပွင့်ချပ်တရာ ရွှေကြာပျံ့ကြွယ် ကန်သာလယ်၌ ပြိုင်ဆွယ်ညွတ်ညွတ် ခုန်ကာဆွတ်သား ကြာနတ်အသွင် နန်းထက်မြင်သည် ပြစ်တင်လွတ်ကင်း မယ်တော်မင်းလည်း မယွင်းသူဇဟာ မိုးကလာသို့ အာဏာကွန့်ရစ် ဥကင်လှစ်သား မင်းစစ်မသီး ရံဆီးမကွေ ရွယ်သုံးရွေနှင့် စံနေစမြဲ တင့်လွန်ကဲ၏ မင်းရဲနရာ မည်တော်သာနှင့် စကြာဧကန် အရောက်မှန်သည် ရန်မာန်တည့်ပျောက်ပြေး နောင်အရေး ။
  23. တပျံ့ပျူးပျူး ဝေပူဦး၌ ကျေးဇူးများဖြင် ဇော်တရှင်ကို ကောင်းကင်မိုးဝ ပျံကြိုက်ရသို့ မွေးဘမျက်ပွင့် မိမင့်းပန်ပန်း ဟူမယွန်းတည့် ကြင်လွန်းဆကဲ လည်ဝယ်ဆွဲသည် မင်းရဲမည်သာ နရာလူ့ထိပ် နားတော်စိပ်လော့ စက်ရိပ်ဖြူလင်း သန်းနေဝင်းသို့ ရာမင်းကြငှန်း မြှောက်တင်သွန်းသား နှိုင်းခန်းမမြော် ရှင့်ဘိုးတော်သည် မြေပေါ်ဘဝဂ် အာဏာစက်ဖြင့် မင်းထက်မင်းဖျား မင်းတရားဟု သိကြားနတ်ရွာ ဗြဟ္မာထုတ်ချင်း မကြွင်းလောက ကျော်ပေါက်ပြ၏ ထိုမှတပါး သားတော်များလည်း ထူးခြားခြင်းရာ အံ့ဘွယ်သာတိ ဒိသာရစ်ကြို့ နေတော်မြို့လည်း အောင်မျှို့ဇာတိ မှန်လှဘိ၍ ဘူမိဝရ ရာဇရာဇာ မင်းသာစံမှတ် သုဒဿန သိကြာ့းနေပြည် သည်မှာတည်သို့ လေးမည်အစာ အင်္ဂါခုနစ် ရှင်ချစ်ဟောညွန် မယုတ်လွန်တည့် သဏ္ဌာန်နေရု ကေတုမတီ ကျော်ညီရိုက်မွှန်း သာနုကျွန်းသည် ခြောက်ခန်းတည့်တပြေး ပုံမဝေး ။
  24. မဝေးခြောက်ဘုံ သာမျိုးစုံသာ ရိပ်မြုံပျော်ရာ ရှေ့မျက်နှာဝယ် အာသာဝတီ ခေါ်ညီဝှန်ချောင်း မြစ်ပေါင်းလောင်းနှင့် ခပေါင်းလက်ယာ ဒိသာရစ်ခွေ ရေလည်းကြည်နက် တချက်ပင်လယ် ကြောက်ဘွယ်ဘွယ်တိ မလယ်ချင်းခွါ နောက်မြောက်မှာမူ တရာအသူ ဟူလည်းမယွင်း အိုင်အင်းတန်တန် ရေညွန်ကျုံးမြောင်း မိကျောင်းလိပ်ငါး ရွပ်ရွပ်ဝါး၍ ရှစ်ပါးဂြိုဟ်မြတ် လေးပါးနတ်လည်း စောင့်လတ်အယူ ဖြစ်သည့်သူကို ဘုန်းတူညက်ညက် ကြေစေလျက်လျှင် သံဟက်သံဆူး ဆိတ်လူးတံသင်း ဆင်တွင်းနရန်း ပြညွန်းဆိုင်ဆိုင် တူပြိုင်မျိုးတောင် သူယောင်ပေါပည်း ရှုလည်းမညောင်း ရဲလောင်းသွင်းသို့ တမင်းမကျန် ကြံ့ကန်နောက်ထောက် ရက်ဖောက်ရင်တား တံခါးလည်းခွေ ဆင်ခြေရိုက်သက် အထက်မြင့်ထောက် လှံမစောက်သည် လျင်လျောက်တည့်ရေးရေး သူရဲပြေး ။
  25. သူရဲပြေးနှင့် ရေးရေးလျင်လျောက် ပြောင်းအမြောက်တည့် ကန်လျှောက်လက်လွှဲ ချွန်းစွဲတုံမောင်း တစောင်းစရာ တံဖျာတင်းပုတ် လက်တုတ်စဉ်းသွား လေးမြားမီးပေါက် အံ့လောက်ကြီးထူ မျာတမူလည်း မြို့တူတလျည်း မြေကျည်းသစ်တပ် အထပ်ထပ်ကို ရွပ်ရွပ်ဖြိုမြောက် မြေသို့ရောက်သည် ကမ်းချောက်ဖြစ်အောင် သုံးဆောင်စနပ် လုံးပတ်ပြောင်စာ တခါပစ်လျှင် သိန်းသန်းစင်၏ မြေပြင်ပတ်ကုံး ကြောင်နှယ်ချုံးသည် ကိုယ်လုံးတည့်နွေးနွေး ကြက်သီးဖွေး ။
  26. တဦးတဦး မြင်သူမူးမျှ သောက်ရှူးကြယ်သွင် သောင်းတိုက်တွင်လည်း မွေရှင်ဘုန်းခေါင် ခြောက်သွယ်ရောင်နှင့် တိမ်တောင်ကြွသွား ပျံသော့လားသို့ တံခါးနှစ်ဆယ် ပျော်ဘွယ်လမ်းဘောင် နှစ်သွယ်မြှောင်လည်း နေရောင်မထိုး မြရိပ်မိုးလျက် ပြအိုးတန်ဆောင်း ရောင်မောင်းထွန်းသစ် မိုဃ်းလျှပ်စစ်သို့ ဆယ်နှစ်နှင်နှင် ရာသီတွင်၌ မုန်သွင်ပြောင်ဝှေ့ တရာစေ့၏ မဟေ့ဘက်ရန် မိုဃ်းသို့ဝှန်မျှ စောင်းမာန်ရက်စက် မြန်ထက်ကြမ်းချော် ဘက်မမြော်သား အခေါ်ဘဏီ ပည်းသီလုံးရင်း ဆင်မြင်းရထား တို့ဘုရားလည်း သိကြားနတ်ပြီ မင်းညီမင်းသား မင်းများမတ်ရာ ရေးရာရှေ့နောက် တစ်ခေါ်လောက်၏ စံမြောက်အောင်မျှို့ မင်းနေမြို့သည် မည်သို့တည့်ဆိုရေး မနိုင်ဝေး ။
  27. မင်းနေအောင်ချာ မှန်လှစွာ၍ ပမာစက်ဟန် ရောက်သည့်ရန်ကို မကျန်တယောက် ရှင်းရှင်းဖျောက်၍ ပြိုင်ထောက်မဲ့ပြီ သည်ကချီ၍ သူ့ဆီတိုင်းခွင် လုပ်ကြံလျှင်လည်း အောင်မြင်စကြာ ပြည်တကာကို သည်သာငယ်နိုင် အခေါင်တိုင်ရှင့် ဦးကိုင်မန္ဓာတ် စိုးသည်နတ်၏ စောင့်မှတ်တရား ဘုန်းတော်အားဖြင့် မမှားရေစာ သာယာပြောဝ ကျီကြမကန် ပြည့်ဖြိုးဝှန်မျှ ဆည်ကန်တားခတ် ရဟတ်မသွင်း ခူမနင်းတည့် မုရင်းကောက်ကြီး သုံးသီးတနှစ် တလှစ်တောတောင် ကုန်အောင်မကျန် ပန်းမန်သီးပွင့် မိုဃ်းလေသင့်သည် ကြိုင်လွင့်တည့်ချိုဧး ဩဇာလေး ။
  28. ထက်ဝန်းဇမ္ဗူ ကျွန်းလုံးသူကို မွေးမြူမည်တည့် ခေါ်လင့်၏သို့ ရှုကြည့်ရာရာ ရှစ်မျက်နှာလည်း လယ်တာဥယျာဉ် ရိပ်စဉ်နှင်နှင် မြစ်မှာမြင်လည်း ငွေသွင်ဖြူသဲ ဆိပ်သာပွဲဝယ် မစဲလှေတက် ကမ်းနားရှက်မျှ တခွက်ဝန်းချိ မျက်စိမညောင်း ဝယ်ရောင်းမခန်း အကျွန်းကျွန်းက ကြိုင်မွှန်းမွှေးထုံ ဝတ်လုံခါသာ စွန်ပါပြောက်ကွက် ဆေးခက်တင့်မော သင်္ဘောကရပ် အထပ်ထပ်တိ နတ်ရပ်အသွင် မြို့ထွက်ဝင်ကို ပည်းဖြင်တိုက်ကြ တရာ့တပါး ပုဏ္ဏားသူဌေး ဈေးနှင့်အိမ်ရာ ဆက်စာစပ်နေ ရွှေငွေမျက်ရှင် လိုအင်မတ ကြိုက်တိုင်းရ၏ ပိတ်မျှလမ်းပေါင်း ဝန်းသောင်းချေချင်း ဆင်မြင်းလှည်းသွား တိုးမအားသည် တိုင်းကားတည့်ကျယ်ဝေး နိုင်ငံကျေး ။
  29. တတည်တတည် သိကြားပြည်နှင့် မည်သည်ခြားယွန်း မသာလွန်းတည့် ရွှေနန်းရတနာ ဘုံသိင်္ဂါလည်း စကြာလည်ခွေ မင်းသာနေသည် အောင်မြေပေါ်ထွက် မြို့လယ်ချက်တွင် ဘဝဂ်တရှည့် တောင်မွန်းတည့်သို့ ရှုကြည့်မငြီး လည်ဆီးကြာပြန် ပျံဟန်ကြွားကြွား ငါးဆက်လားမှ ထက်ဖျားတိမ်ထွတ် ရောင်ခြည်ပတ်သား ပြသာဒ်ဘုံမြင့် ခုနစ်ဆင့်ဝယ် စွင့်စွင့်လိုဏ်မုတ် လေးဖြာထုတ်၍ မှိုကုတ်ဇောတ စိတ်မြနီလာ ဖလ်ဝါပြယား ကိုးပါးပြောင်မြူး မှောင်မပူးတည့် ငုံဖူးသားသား ဆတ်သွားရိုင်စိုင် ပန်းတိုင်သဲကြည့် တောင်တိုက်ထည့်မှ လည်လှည့်ငဲ့စောင်း ဥဒေါင်းကြိုးကြာ ကိန္နရာနှင့် ဟင်္သာရေကြက် ရုပ်ငှက်ထူးဆန်း မကန်းခြင်္သေ့ ရေသောက်တွေ့သည် မရွေ့တည့်ဆိုရေး ဝေယန်တွေး ။
  30. ဝေဇယန္တာ နတ်နှင့်စာလည်း ပမာမယွင်း နတ်ပင်ငြင်း၏ မှန်ကင်းရွှေစင် ထွတ်ဥကင်လည်း ပလ္လင်တင့်စံ ခြင်္သေ့ခံလျက် ရောင်လျှံဝင်းဝင်း ရာ့တစင်းကို ခြေရင်းစက်တော် ညွတ်လှည့်ခေါ်သို့ ရှုမျှော်မရဲ ခန်းထဲရဝေ ကြက်သရေဖလ်သာ နီလာပတ္တမြား ကိုးပါးသွယ်ဆိုင်း ခန်းတိုင်းပြောင်ပြောင် ရွှေညောင်သလွန် လေသွန်ပျံ့ညှင်း ပြတင်းကွန်ရက် ပြိုးပြိုးပြက်တိ ငါးဆက်ပြသာဒ် မတ်မတ်သွယ်မြင့် မြူးကွန့်တင့်သား စွင့်စွင့်မုတ်လိုဏ် တပင်တိုင်နှင့် ရိပ်မြိုင်သာဝှဲ ဗြဲတိုက်မြဲဟု တခဲရွှေရည် ဘုံခြောက်မည်သည် ရောင်ခြည်တည့်ဝှန်ပြေး မြူမမှေး ။
  31. တထောင်သည်ရေ မိုးကကြွေသို့ ရေမြေအုပ်မိုး ကျွန်းလုံးစိုးသား ရှင့်ဘိုးစကြာ ပျော်ရာဗိမာန် ဝေဇယန်၏ သဏ္ဌာန်ခေါ်သာ နောက်မျက်နှာ၌ နန္ဒာမလွန် ရေနန်းကန်လည်း သဏ္ဌာန်ခြားသန်း လေးမည်ကျွန်းနှင့် မခန်းသီးပွင့် ပျံ့လွင့်မွှေးကြူ အူရရူတိ ဇမ္ဗူရည်သတ် ရွှေပြာသာဒ်လည်း မတ်မတ်ဖြိုးမောက် ရေကပေါက်သို့ လှော်မောက်ကြွားကြွား ဆယ်ပါးရုပ်မျိုး သားတိုးစာမရီ တက်ပြိုင်ချီ၍ ရာသီဆဲ့နှစ် ပျော်ဘွယ်ဖြစ်သား နေချစ်အာရုံ ကြိုင်နံ့ထုံသည် ကြာငုံတည့်ဖွေးဖွေး ခြင်းခြင်းတွေး ။
  32. ပွင့်ဝတ်ငုံအာ ငါးမည်ကြာနှင့် သီတာခြားသန်း လေးမည်ကျွန်းကို မယွန်းမဖည် ရစ်ခဲ့လည်မှ နတ်ပြည်ကဲ့သို့ ရွှေနန်းမြို့ကို ပိုက်ကြို့လက်ျာ လည်ပြန်လှာ၏ ထွန်းဝါနေသွင် စွယ်တော်ရှင်နှင့် ရောင်ထင်ဝှန်ဘိတ် မြသပိတ်လည်း ဘိသိက်မြှောက်သွန်း ဇမ္ဗူမြန်းသည် ဘက်ကျွန်းစဉ်သာ ကိုးကွယ်ရာဟု မိန့်ဗျာဒိတ်လျောက် သည်မှာရောက်ဟု ပြိုင်ထောက်မဲ့ဘူး ရွှေနန်းဦးဝယ် ကျေးဇူးဆောင်ကယ် စံစံပယ်သည် ပြည်လွယ်တည့်မနှေး ယူလက်နွှေး ။
  33. တလလေးခါ ဝတိံသာက သူဇာဆွေစုံ ညွတ်ရိပ်မြုံသား စည်းခုံမြကျော် ဆံတော်ဘုန်းကြွယ် ခြောက်သွယ်ရောင်ဖြာ မှောင်ဝါမသန်း နေ့ညဉ့်ထွန်း၍ တိမ်ခန်းမိုးဆီ စေတီအပေါင်း ဂူကျောင်းဗိမာန် ဝင်းဝင်းဝှန်မျှ ဟေဝန်တူလျော ရှေ့ဘက်တောလည်း မယောရော်ရင့် သီးပွင့်ပန်းမန် ခါမချန်တည့် နိဗ္ဗာန်ယူလမ်း ဘုရားငြမ်းကို သင်္ခမ်းဥမင် ပြည့်မွမ်းဖြင်မျှ မြင်ထင်မြင်မိ ထွန်းညိလျှံပတ် တောင်ထွတ်တောင်ဦး ဖြူးရရူးတိ ဆန်ကူးစကြာ ဒေသစာဖြင့် ရှေးခါလွန်လေ ကျင်လည်ပေဟု ဉာဏ်ရွှေဖြန့်လျက် ပြုံးခဲ့မြွက်သား မြစက်သီတာ လက်ျာရစ်လည် တရထည်နှင့် ရောင်ခြည်တသန်း ဆိပ်သာကျွန်းထက် ဦးစွန်းနှစ်ဘော် ညီနောင်ကျော်သည် မြင်တော်တည့်နီးဝေး စုံကမေး ။
  34. တတန်တတန် လျှောက်ဝံ့ပြန်အံ့ နိဗ္ဗာန်ဆုရည် ဘိုးတော်တည်သား ရောင်ခြည်လျှံပတ် ကျောင်းပြသာဒ်၏ ယွန်းညွတ်လက်ျာ ပျော်ဘွယ်သာတည့် သီတာရစ်ဖုံး စံဆင်ကျုံးလည်း ပတ်ကုံးတလျည် စွယ်ရန်စည်မျှ အုတ်ကျည်ဝင်မောင်း ချိုင်သုံးချောင်းနှင့် တန်ဆောင်းဘုံမြင့် ရုပ်ဆန်းဆင့်၏ ပေါက်နှင့်ဟိုင်းဟံ တည်တံမုန်ခ ဆဲ့နှစ်လဝယ် ပြတ်ရမထင် ပြောင်မျိုးဆင်တိ မြိုင်ခွင်စုံဖျား အပါးပါးက အောက်မားသွေးငင် ဘေးနတ်ရှင်လည်း သဘင်ထွက်စံ ညီလာခံလျက် မိုးယံတိမ်ကြောင်း ခွင့်ရေးတောင်းသို့ လက်ကောင်းလက်မြန် ဟန်ပန်ကွန့်ဝန်း ရေသွန်းပဇ္ဇုန် ပြေးဟုန်ချက်ခြင်း ခြေချင်းလိုက်သတ် အင်တွဲ့ခတ်မှ သလတ်ကွန်ရက် လည်ဘက်နောင်တည်း ရေသော်ပည်းသည် ပွဲနည်းတည့်စဉ်ရှေး ခြင်းစုံရေး ။
  35. လျှံမောင်းလျှံမောင်း ဆန်လေညောင်းနှင့် တသောင်းသာခေါင် ပဇ္ဇုန်ပြောင်က ညီနောင်ပျိုမျစ် သိကာရစ်လည်း ရှင်ချစ်တိုင်မျှ ရွှေနန်းကပင် ချီကြွလမ်းခွင် မင်းမှတ်သင်မှ စစ်အင်လေးမည် ဖြူချည်ပြာမွတ် ညိုလတ်နွဲ့ချော မြင်သူမောမျှ ရွှေဝေါမုတ်လှ သိင်္ဂလျှံပတ် ဘိုးဘုန်းထွတ်လည်း လျှင်မှတ်လေအား တိမ်ညွန့်စားသည် ကြွားကြွားလက်မြောက် ရှစ်စီးနောက်ဝယ် မခေါက်ရှုကြည့် နေစက်လှည့်၍ ပြန်တည့်သော့လား စက်ရထားထက် နှစ်ပါးမကွာ ရံသူဇာနှင့် ခရာလက်တံ ကျံကျံနွဲ့ရင့် ရိပ်ဖြူဘွင့်လျက် မင်းကျင့်သဘင် နှစ်တိုင်းရွှင်သည် သည့်ပြင်တည့်လျှောက်ရေး များလှသေး ။
  36. အုံ့မှိုင်းအုံ့မှိုင်း မင်းလွင်ဆိုင်းက ပင်တိုင်းညှာကူး မြရည်လူးသို့ တန်းခူးသာလွန်း တာလဆန်းသော် ရေသွန်းသဘင် ဆင်ယင်တလျည် မျဉ်းရှည်ချပ်ကာ မြူတာကြိုင်လွတ် ပန်းစုံသတ်နှင့် မှူးမတ်မင်းသား ကန္နားမုတ်လှ ရွှေကရွှေထီး ညီးညီးလျှပ်လျှပ် နေလလှပ်မှ သလတ်သတောင်း ရွှေပေါင်းရွှေသွယ် စလွယ်သင်းကျစ် နတ်ကဖြစ်သို့ ထုံးသစ်ကေရှင် လက်သက်ခေါက်ကြိုက် ရောင်မြိုက်နွဲ့နောင်း ရွယ်ရှိပေါင်းမျှ မှူးလောင်းမတ်သား ရည်သွားတလှပ် သွန်းဆွတ်လုယက် ရည်ငံ့လျက်လျှင် ဖြူရွက်ဖြန့်ရိပ် ရာဇဉ်းထိပ်လည်း သုံးကျိပ်သုံးပါး ရံဝန်းလျားသည် သိကြားနတ်သွင် နွှဲစံရွှင်၏ မင်းအင်ရှုမျှော် သာဓုခေါ်မှ စွယ်တော်လက်ျာ ဆံကြာဘုန်းစည် နှံ့မျှလည်၍ စိတ်ကြည်ရွှင်လန်း လှည့်ကာသွန်းသည် ရည်ညွှန်းတည့်နောင်ရေး ချလှူကျွေး ။
  37. မှိုင်းပြမှိုင်းပြ ဓနုကသည် မိဿာရာသီ ပြိဿချီ၍ တိမ်ဆီအာကာ ဝိသာခါနှင့် သော်တာမိုးလ တူပြိုင်ပသော် နတ်မျှရဟန် လေးကျွန်းကျွန်မှ တန်းခွန်မဲ့ပေါင်း ရွှေလောင်းလှော်ကား မတားလည်လှည့် ရေဖြင့်ပြည့်မျှ နှိုင်းရှည့်မမြော် ရှင့်ဘိုးတော်လည်း ရွှေလှော်ရည်ညက် ပြသာဒ်ထက်ဝယ် လှစ်ထွက်ဥကင် ပည်းဖြင်ငုံပွင့် ဆင့်ရရင့်ကို စင်မြင့်ငြမ်းသား ဖလားရောင်ထင် စီဆင်ရည်ညွတ် လှမ်းယူဆွတ်၍ ပြာလတ်ငြိမ်လေး ကြာဆံနွှေးသို့ စုဝေးရံရွေ စုလည်းခွေဝယ် ဝေဝေသွယ်ရှက် ဆင်ကြလျက်လျှင် သည်ထက်လှ၏ သည်မှာကြည့်ဟု ခေါ်တည့်သောတူ မှန်လျှင်ဟူသည် မှန်ကူတည့်ထွေးထွေး လိမ်းဘော်ကွေး ။
  38. မြူးကွန့်မြူးကွန့် ယုဂန်ညွန့်၌ နင်းဆွန့်ခုန်ကြွား လရထားနှင့် နဂါးပြည်လှည့် ဝါလည်းပြည့်သော် မည်သည့်သဘင် နှိုင်းမထင်တည့် သံလွင်ရစ်ပြည် ဆယ်မျိုးစည်နှင့် ငါးမည်စကြာ ဖြန့်စကာလျှင် ရွှေတာလမ်းစင်း စည်ကွင်းမှန်လှ ရမ္မသင်သူ သုံးလူပူဇော် ဆဲ့နှစ်ဘော်လည်း ရေပေါ်ကြွားကြွား လှော်ကားရဲလှေ ထွေထွေရုပ်ဟန် သက္ကတန်ထက် လက်ပြန်မြှောက်လှော် ဇင်ယော်သုတ်ဝဲ မစဲသီက ခွင်ရေးချ၏ ပျံကြွဘနန်း ဆောင်တော်နန်းလည်း ကွန့်မြန်းမြူးရွှင် တိမ်ခွင်မိုးဆီ မဉ္ဇူချီ၍ ယာဉ်သီတာထက် နားလှာသက်၍ ဖလ်စက်နေသွင် မြသည်ထင်ဟု မွေရှင်သိင်္ဂီ မြတ်ကမ်းနီသို့ ကုံးသီရှေးဦး ကိုယ်တော်ဖူးသည် ပြိုင်ပူးတည့်နောင်ရေး မမြင်သေး ။
  39. ပတ်လွှံ့ပတ်လွှံ့ ရွမ်းဆော်ညံ့လျက် ကျူးပျံ့ကျူးခုန် စက်အဟုန်ဖြင့် ပဇ္ဇုန်မြခဲ ခွင့်ရေးနွှဲသော် ပြုမြဲသစ်ဆင်း တော်သလင်းဟု ငါးစင်းဧရာ ဆင်းကာဖြာသား ဘာသာယဉ်သွား လှော်ကားလှေလောင်း ပဲ့ပေါင်းချင်းပိတ် ဝှန်ထိတ်ရည်ရှင် မှတ်သားဆင်မှ သည်တွင်သည်နှင့် ဖက်သင့်ပြိုင်ထောက် မြစ်လုံးနောက်မျှ ရေပေါက်ပုလဲ ဖျော်ဖျော်ကြဲလျက် မစဲလှော်ထွက် အရှက်ရှက်ဝယ် ပျံငှက်လေဟန် ရဲဘုန်းဝှန်လည်း တန်းခွန်ရှေ့ဖွင့် မိုးတိမ်လွှင့်သား ရိုက်ဆင့်ပုံမောင်း သိင်္ဂါလောင်းထက် ပေါင်းသည်ရောင်ချက် တက်လည်းလျှံလင်း မင်းလည်းနတ်ပြီ အောင်ရေးသီ၍ ရွေညီလှော်မြောက် စွန်းစွန်းရောက်က စံမြောက်ရွက်ဆိုင် မဉ္ဇူခိုင်ကို ဥကိုင်ဘုံမြင့် ရှစ်ဆိုင်ဖွင့်မှ စလင့်ရွှေကြာ ဂီဝါသင်းချော မုနောကြန်ပြောင် ဆဲ့ငါးတောင်နှင့် မိုက်မှောင်မပတ် ရောင်ခြည်လွှတ်သား မျက်မြတ်ဇောတ စိမ်းမြတလိုက် ပြည်သာထိုက်သည် မကိုဋ်တုရင် မင်းဝတ်ဆင်လျက် သံလွင်လက်မြှောက် ကျူးလျှောက်သံညင်း အမင်းမင်းတို့ စက်ရင်းတပြီ ရှိဦးစီ၍ အာနီဇမ္ဗူ မဉ္ဇူခိုင်မြောက် ပန်းပေါက်ပေါက်နှင့် ဆက်ရောက်မစဲ ကန်တော့ပွဲလည်း အံ့အဲမနိုင် ရင်ဆိုင်ပြေးထမ်း လက်ပမ်းလက်ဝှေ့ ခုန်လွေ့နင်းဆန်း ထားတန်းလှံထက် ဆင်ထွက်ထွေးထွေး ကရေးကနား အပြားပြားတည့် သိကြားနတ်တူ စံတော်မူသည် မြင်သူတည့်ရေးရေး ရိုညွတ်ကွေး ။
  40. မွှေးပျံ့မွှေးပျံ့ တလွှံ့လွှံ့လျှင် ချစ်နံ့ကြိုင်မြူး လျှောက်ပျံ့ပျူးသည် ရန်ငူးမစဲ မင်းရဲမည်သာ ထွတ်နရာကား အာဏာပြင်းရှိန် ပြင်းထိန်ဝှန်ဖြိုး စက်မိုဃ်းကြိုးသို့ ဘေးဘိုးစဉ်ဆက် နန်းထက်သာပျော် မယ်တော်ဘမင်း စံပယ်ခြင်းကို မကြွင်းတသွန် လျဉ့်လျဉ့်ပြန်မူ ယုဂန်မျှပင် ကျယ်ဝန်းဖြင်ခဲ့ ရွှေစင်ဂီဝါ စံသိင်္ဂါကို တတ်စွာယုယ သွန်း၍ပြသို့ ရှင့်ဘမင်းကျော် ကြင်ချစ်ပျော်သား မယ်တော်မိမင်း ထွတ်မှန်ကင်း၏ သည်းတွင်းရွှေလှော် မျက်နှာမြော်သည် ဘွားတော်မြနှစ် သက္ကရာဇ်မူ စင်စစ်မှန်လှ ကိုးရာ့ခြောက်ဆယ် စွန်းသွယ်ခုနစ် ရောက်လစ်လမူ သန်တူပြည်ထွက် ခြောက်ရက်စွန်းလှာ လူတကာတို့ ဗျာပါရှိန်ငွေ့ ငြိမ်းသည်နေ့ဝယ် ရသေ့ဆရာ ကျမ်းလာအံ့မူး တိုင်ဦးစဉ်းလက် ပြိဿစက်၌ တူဘက်ဆီသင့် နဂါးဝင့်လျက် မှောင်လွင့်လေးကျွန်း ကန်ကထွန်း၏ ဘုန်းတန်းပြင်းပြ မှန်မောလှသည် နေလရန်နတ် ပြန်မှတ်လေပြည် သဇာနည်နှင့် စွယ်ရှည်ဆဒ္ဒန် တသွန်တူကွ မကာရတွင် သူဇာ့သက်ယင် သုံးထောင်ရှင်လည်း သိဟ်ခွင်ပြု၏ အာဏာလှည့်သား လျှံပြည့်နက်သတ် လေးလုံးမြတ်ဝယ် နေနတ်မြစ်တော် ရှင့်ကိုမြော်သည် မျိုးဘော်တည့်စုဝေး ကျူးပိုက်ထွေး ။
  41. စုဝေးမျိုးဘော် မျက်နှာမြော်က တိမ်ပေါ်မိုးဝ နက္ခတ်စသား နေလစကြဝဠာ သီတာမကျန် တသွန်ဖြင်ညီး မြေကြီးကောင်းကင် နိမိတ်ထင်၏ သည့်ပြင်ရာစင်း အမင်းမင်းက သတင်းရောက်လာ ရတနာအစုံ ဝတ်လုံမြင်းဆင် ပည်းဖြင်လက်ဆင့် ယူလင့်မစဲ လွန်ကဲရှေးနှောင်း မမြင်တောင်းသည် ပွင့်လောင်းသိင်္ဂ မွေးဘရန်နင်း မိမင်းမယ်တော် ကြင်သော်မရဲ လည်ဆွဲကုံလုံ စုပုံဆောက်နှင်း သက်မယွင်းသည် သည်းတွင်းတည့်ကြင်လေး မင်းလျာသွေး ။
  42. တန်းခိုးညွန့်လူ ထွန်းနေပြူသို့ ဇမ္ဗူလုံးသူ့ ခွန်သစုသည် ဆင်ဖြူ့သခင် ဘိုးတော်ရှင်လည်း မြင်လျှင်စုံမက် နန်းရိုးဆက်သည် အသက်တမျှ မွေးချစ်ဘဟု ထိန်းယတခြား မှူးသားမတ်မြေး ရည်သွေးဆင်းပြင် မြင်းဆင်ရွှေငွေ တွက်ရေများလှိုင် ခရိုင်မြို့ကျေး သွန်၍ပေး၏ ကြင်ရေးလွန်မော ကြည်စိတ်စော၍ ရွှေဝေါစီးဆင် ရှုတိုင်းထင်သည် ရင်ခွင်တည့်ပိုက်ထွေး ချစ်မြတ်လေး ။
  43. တန်းခိုးဘုန်းမီး ဘကြီးနန်းလျာ ဥပရာလည်း ကြင်နာထပ်ရစ် သားမင်းစစ်ဟု တင်ပြစ်မရ ပြည်တန်မြနှင့် မုန်မျှမတန် ဝှေ့စူးလွန်သာ စွယ်ချွန်ရဲဝံ့ ခြောက်ကောင်ညံ့ကို ကြိုက်စံ့ချစ်ရေး ဖန်ဖန်မေးမှ မြတ်လေးယူပြင်း ယတော့နှင်း၏ သတင်းကြိုင်ဖြိုး ကြီးတန်းခိုးနှင့် သတိုးမည်သာ ဓမ္မရာဟု အာဏာစက်လွှတ် ဘုန်းရောင်ပတ်သည် နေနတ်မဝေး ဘိုးတော်ထွေးလည်း ငါ့မြေးမင်းလျာ မျိုးတကာကို ဖျော်လာသော့တူ ဖြစ်ပေဟူ၏ မပြူသည်သာ တင်ရာပြစ်ကင်း ညင်းညင်းသာလှ ယာဉ်ညင်မကို ပေါင်းကရွှေစင် တကွပင်သည် သာရွှင်တည့်မြတ်လေး ယူတော့ပေး ။
  44. မင်းရဲကျော်စွာ မည်တော်သာနှင့် အာဏာစက်မီး ဘုန်းလျှံညီးသား ဘကြီးတော်မြတ် ရဲနေနတ်လည်း ဆွတ်ဆွတ်စုံမက် သားချစ်သက်ဟု ပိုက်လျက်သာဖျား ရင်ခွင်ထားမှ ဥနားမောင်းရင် ကိုယ်ပြင်မျက်နှာ ကျလှာစုံဖြိုး ဇာနည်မျိုးကို ချွန်းရိုးရွှေစင် ကိုယ်လုံးဆင်မှ ပြတ်ကြင်မရဲ ပေးဆကဲ၏ မင်းရဲဘုန်းလူ သီဟသူဟု ဇမ္ဗူဝှဲချီး ရန်ညွန့်သီးသည် ဘကြီးတော်ထွေး ရှင့်ဘရှေးလ ရပ်ဝေးလူ့ခွင် ဘိုးကဲဖြင်သား ဘုရင်တုလွတ် မင်းတန်ဝတ်နှင့် ညွတ်ညွတ်လည်ရောက် ရှေ့နောက်လည်တက် တိမ်ကြားထွက်သို့ လေငှက်မပြား လျင်သည်အားနှင့် လှံထားလည်းကာ ဝေလာဟက ဖော်ညိုမြကို ရွှေကရွှေကြိုး တင့်နိုးရာရာ လည်မှာပေါင်းသွယ် ရွှေကြယ်ကွန်ရက် လက်လက်ရည်ရှင် ထွေထွေဆင်မှ သာရွှင်ဝမ်းမြောက် ပေးဆင့်လှောက်သည် လက်မှောက်တည့်ကွေးကွေး မိန့်မည်ရေး ။
  45. ရံဝန်းရံဝန်း ရွေတသွန်းနှင့် စက်ဝန်းဖြူညွန့် ဆောင်းမိုးဖြန့်သား ရွှေနန်းသခင် ဘွားတော်ရှင်လည်း လည်တွင်ပတ်ရစ် ငါ့မြေးချစ်ဟု မြတ်စစ်မျိုးမည် ထီးစည်မုရိုး ချီပိုးထိန်းယ မဆတွက်ရေ ရွှေငွေဥစ္စာ ရတနာတိ များစွာတိုင်းရှဲ့ ပေးလိုက်ဖွဲ့၏ တဆဲ့ငါးရက် ရွှန်းရွှန်းတက်၍ အဘက်မရှိ ထွန်းလျှံဘိသို့ သီရိရာဇာဒေဝီ တွင်ညီမည်သာ သူဇာမလျော့ လေးငြိမ့်ကြော့သည် မယ်တော်မိရင်း ဘွားတော်မင်းလည်း သက်နှင်းပုံစု မောင်ပုဘုန်းဖြိုး မျိုးရိုးတို့မှာ ဆက်ပေလှာ၏ ဂီဝါရည်ပျောင်း ကွမ်းလောင်းကွမ်းခွက် ကိုးမျက်ရည်ရှင် မင်းအင်ခမ်းနား ပေးသနား၏ စံထားမမျှ ဝေပူမြသို့ ဓမ္မရာဇဒေဝီ နတ်ပြီမချွတ် ဘွားတော်လတ်လည်း သက်မှတ်ပေးလင့် မျိုးဘုန်းမြင့်ဟု သင့်တင့်ရာရာ လည်မှာမျက်စိ အာနိစံမြောက် လက်ကောက်ခြေကျင်း ဆင်မြင်းဆိတ်ကြက် လည်ရှက်မကွာ ဟင်္သာအသွင် ပီပြင်ဆန်းပြား ကယ်ကဲ့လားသို့ သနားဘွယ်သာ ရွှေအန်စာကို ရှေ့မှာတည့်တည့် ရှုစေကြည့်မျှ ယူလှည့်မွေးဘ ပေးဆုဟသည် ကြင်ဆတည့်မြတ်လေး တရေးရေး ။
  46. တဧးဧးလျှင် သံလေးသံဆင့် သံပြိုင်ပင့်လျက် သံရင့်သံဖြူး လျှောက်ပျံ့ပျူးသည် ရန်ငူးဘုန်းစည် နားတော်လည်လော့ မည်သည်မယွင်း သခင်မင်းကို သက်နှင်းပေးတင် ဘွားနတ်ရှင်လည်း မြေပြင်ကျွန်းပေါ် စိုးသက်မြော်၍ ဘွားတော်မူစ ငယ်သော်ကပင် ထိန်းယရံလျက် ရွှေဘုံထက်ဝယ် ပြိုးပြက်လျှံထွန်း ရွှေတိုင်နန်းနှင့် မုတ်ဆန်းရွှေကြာ ဂီဝါရောင်ဘိတ် ရွှေချိတ်ပင်ထက် သွယ်ပျောင်းရှက်သာ ပုခက်ရတနာ ယာဉ်သိင်္ဂါလည်း လျှံဝါဝင်းဝင်း နန်းလုံးလင်း၏ လေသွင်းပေါက်ထား အုံးတားကျည်းကွေး စုရေးလက်တင် ရဲရဲရှင်မျှ ပဉ္စင်တူရိယာ လွဲ့တိုင်းသာသည် မှောင်ဝါတည့်မမြှေး နေနှယ်ပြေး ။
  47. ထွန်းမြူးရောင်ချက် ရွှေပုခက်ဝယ် လျှပ်ပြက်သော့တူ မျက်ဝေပူကို မြင်သူဆွတ်ပျံ့ အိုဘယ်အံ့သား သူဇံ့သက်နှင်း နောင်တော်ရင်းက ထန်ပြင်းတေဇ ပုဏ္ဏကလည်း ကြိမ်းပခံ့သွန်း ခြေတော်စွန်း၌ နေဝန်းလစက် နှစ်ဘက်ဘယ်ညာ ဗြဟ္မာဒေဝ နတ်မျိုးခသည် ရက္ခကုမ္ဘဏ် ဝေဿဝဏ်ကို ဘေးရန်မိစ္ဆာ ယူဇနာက တရာတိုင်အောင် လွှဲစေရှောင်လျက် ပြစ်မှောင်မနှောင့် ရှင့်ကိုစောင့်၏ လေးထောင့်၌မှာ ကေသရာလည်း ဟန်ပါကြွားကြွား ဆန်းပြားရုပ်မျိုး တိုးစာမရီ ဧနီမာတင် ပြောင်မျိုးဆင်သည် မြင်လျှင်ရှုဤ တစီတလျဉ် အစဉ်မခြား နဂါးဂဠုန် မြူးခုန်မကွာ ကိန္နရာလည်း ကလှာမယွန်း အဆန်းဆန်းသည် စိတ်ပန်းတည့်ရွှင်ရေး ဗျာပါဝေး ။
  48. ရွှင်ရေးစိတ်ပန်း အဆန်းဆန်းတိ ရွှေနန်းဘုံထဲ တရဲရဲလျှင် တင့်ကဲရွှေချည်း နားရေးတည်းမှ မှော်လည်းစိန်ပွင့် ပန်းနှင့်မုန်ညင်း ရွဲစင်းကလိုက် တမျိုး၌လည်း ကရိုက်မောင်းမောင်း မှန်ကြောင်းခြားနား ခြူးညွန့်ကြားဝယ် ကျေးသားကျက်တော ဘော်နှောမကွာ ဟင်္သာဥဒေါင်း သံညောင်းတွန်ထိတ် ကရဝိက်လည်း ချစ်စိတ်တညီ မဉ္ဇူချီ၍ ကျူးသီစမြဲ ရင့်လှာနွှဲသို့ ဝမ်းပဲရေကြက် လည်ရှက်ပျံနား ကုလားတမာ သာလိကာဖြင့် ဂီဝါရည်ညက် ရုပ်မျိုးငှက်လည်း တောင်ရွက်မြီးသွန့် ပါးရန့်ရွှေစင် ရဲရဲရှင်သည် သက်တင်တည့်လည်ရေး နှုတ်သီးတွေး ။
  49. ရုပ်မျိုးသားငှက် ပြောင်စုံရှက်သား ပုခက်သိင်္ဂါ စက်ယာဉ်သာထက် ရတနာဇောတ ယုယမွေ့သိမ် ဆဲ့နှစ်ကြိမ်မျှ ရွှေလိမ်ပုလဲ ပန်းစုံကြဲသည် သင်တွဲဘုံသာ ကတ္တီပါဝယ် ခါသာကြက်ရုံး မဉ္ဇူဖုံးနှင့် သီကုံးသော့ဟန် မျက်တိမွန်သား ဗိတာန်ရွှေကြာ ရတနာလည်း နီလာပတ္တမြား ကိုးပါးလျှံလက် တပြိုင်နက်လျှင် ညောင်ရွက်ရွှေခြူ သွင်သွင်လူသည် မည်သူတည့်အံ့ရေး ရင်သပ်မေး ။
  50. ပြိုးပြက်ပြိုးပြက် ရွှေပုခက်ကို နှစ်ဘက်ရံခ ထိန်းယတထပ် ပေါင်းကြပ်ကွပ်လင့် ချစ်ချင့်းဘွယ်တိ ရှိရှိရည်သွား မှူးမတ်သားတို့ မြလားတပြိုင် လက်ပြင်ဆိုင်နှင့် ရာတိုင်ဘိုးရည် ကိုးမည်ပုံခတ် ကရတ်ခါသာ ဝတ်စကာလျှင် မတ်ရာချည်းပေ လက်ဝဲနေမှ ငြိမ့်ချေရောင်မြ လက်ျာကလည်း ဆွတ်မျှသည်းအူ ရှိလိမ့်ဟူသို့ ပြာဖြူညိုလတ် မြိတ်လွတ်စုလည်း မြစ်စည်းကေရှင် လက်သွင်ညွတ်ကာ သူဇာမပြောင်း လှနွဲ့နောင်းတို့ ညွတ်ပျောင်းရှက်တိုး သိင်္ဂါကြိုးကို တင့်မျိုးလွန်းဆက် လှသည်လက်နှင့် လှမ်းညက်ညှိပြိုင် အသာကိုင်မှ သံတိုင်သံဘောက် သံကောက်သံညင်း တရွှင်းရွှင်းလျှင် ခင်မင်းရှင်ချစ် ကျစ်လျစ်သာပျော် စက်တော်ခေါ်ဟု နာဖျော်ဖန်လဲ လျှောက်ခါလွှဲသည် မစဲတည့်သာလေး ရင့်ကာဧး ။
  51. ညွတ်ခညွတ်ခ ချီထိန်းယနှင့် ဆွတ်မျှသည်းခေါင် ချစ်လေအောင်လျှင် ညိုရောင်သွယ်ရွှန်း တင့်မျိုးကျွန်း၏ မြခန်းမြေပေါ် ဘက်မမြော်သား မနော်ဟရီ မှေသီရတနာ မိရာမပြား ပြာထွားနွဲ့ရှင်း လှနတ်ဆင်းတို့ ခင်မင်းရှင်ချစ် ကျစ်လျစ်သံချို ဆိုလည်းယုယ နှုတ်မွှေးပျနှင့် မွေးဘရန်နင်း မိမင်းမျိုးဘော် ဘေးတော်ဘိုးလောင်း စံကြောင်းစံနည်း ဤလျှင်တည်းဟု သာဖြည်းပျံ့မွှန်း နားတော်ညွှန်းလျက် ရွှေနန်းဘုံခွင် တွင်းပြင်လူးလာ လေသာလှစ်ဖွင့် ချီးမြှင့်ပိုက်ကျူး ပျံ့ပျံ့ပျူးသည် ရန်ငူးတည့်ငြိမ့်လေး စက်ပျော်ရေး ။
  52. ရစ်ပတ်ရစ်ပတ် မလည်ထွတ်ဝယ် နေနတ်နဂါး ခွေစုလျားမှ မြေးသားနွယ်ညွန့် အစဉ်ပြန့်၍ အဝှန့်သောင်းကျေး တုံ့စပ်ကွေးသား ဘေးလည်းဘုန်းဖြိုး ဇမ္ဗူစိုး၏ ဘိုးလည်းမင်းဖျား ဘွားလည်းသူဇာ စံရာတမျှ ဘလည်းမင်းကျော် မယ်တော်မင်းစစ် ဧကရာဇ်၏ ရင်နှစ်သည်းချာ နန်းပွင့်လျာကို ဤစာကျမ်းပြု မင်းရတုဖြင့် မင်းမှုပျော်ကြောင်း ကျူးဖြားယောင်းမှ သံညောင်းချိုသာ ဖွဲ့လင်္ကာဖြင့် တခါသံဘောက် နားတော်လျှောက်အံ့ ပွင့်ထောက်သိင်္ဂါ မှန်လှစွာသည် နရာတည့်ဘုန်းမွှေး နာပြန်သေး ။

သံတိုင် ပြီး၏။

  1. မဉ္ဇူပွင့်ဝန်း သပြေကျွန်း၌ ကြငှန်းငါးဆူ ပွင့်တော်မူသည် ဇမ္ဗူကျော်ရိုက်ခြောင်းတည့်လည် ဇမ္ဗူကျော်ရိုက်ခြောင်းတည့်လည် ။
  2. ဇမ္ဗူသုံးလူ့ ခွန်သစုသည် ကေတုမတီ သိင်္ဂီနန်းတည် သာထွန်းစည်သည် နတ်ပြည်တူမပြောင်းတည့်လည် နတ်ပြည်တူမပြောင်းတည့်လည် ။
  3. ကေတုနန်းဝယ် ဖြူဝန်းရွက်ရှင် ဖြန့်မိုးဆင်က မြေပြင်မကြွင်း တုံ့ဝပ်ပြင်းသည် ရာစင်းရိုညွတ်ပျောင်းတည့်လည် ရာစင်းရိုညွတ်ပျောင်းတည့်လည် ။
  4. ရိုညွတ်ကုံးဆင် ရာစင်းဖြင်သား နတ်ရှင်သားတော် နောင်မြော်ဘက်ရှဲ မင်းရဲကျော်ထင် မည်တော်တွင်သည် မြေပြင်ဝှန်တိမ်းစောင်းတည့်လည် မြေပြင်ဝှန်တိမ်းစောင်းတည့်လည် ။
  5. မင်းရဲကျော်ထင် ခေါ်တွင်မည်သာ နန်းပွင့်လျာလျှင် သူဇာတမျှ လေးငြိမ့်လှသား မင်းဖျားသ္မီး ဘုန်းကြီးဆွေစုံ ချစ်ဘုန်းဆုံ၍ ရွှေငုံပွင့်သွင် ရှင့်ကိုမြင်သည် ရှင်လျှင်နန်းပွင့်လောင်းတည့်လည် ရှင်လျှင်နန်းပွင့်လောင်းတည့်လည် ။
  6. မင်းရဲမည်သာ နရာဝရ ရွှေနားဝလော့ အစကမ္ဘာ ပေါ်သော့ခါ၌ ရွှေကြာမဉ္ဇူ သက်နန်းသူကို ယူရွှေဉာဏ်စက် ဖြန့်မိုးဆက်သည် မျှော်ကွက်ကျိုးအကြောင်းတည့်လည် မျှော်ကွက်ကျိုးအကြောင်းတည့်လည် ။
  7. ဖြန့်မိုးဆက်ရာ အောင်မြေချာတွင် မဟာသမ္မတ မင်းကစ၍ သကျနွယ်ညွန်း အစဉ်မြန်းမှ ကြငှန်းအခေါင် ဘိုးဦးတောင်ဝယ် ဉာဏ်ရောင်ထွန်းမြူး ဗျာဒိတ်ကျူးသည် မြတ်မှူးမိန့်သံညောင်းတည့်လည် မြတ်မှူးမိန့်သံညောင်းတည့်လည် ။
  8. ဗျာဒိတ်ကျူးမှ ပြည်ခေတ္တ၌ နတ်သမာတင် လှေလျင်ယာဉ်စံ လှံပျံစေလွှတ် အရိမဒ်ဝယ် နေနတ်ဘုန်းဖြိုး မျိုးတုံနန်းညွန့် ဆက်ကာဖြန့်၍ မတန့်ထိုက ပြည်ပင်းယတွင် ငါးစီးရှင်သည် မှန်စင်ဘေးတော်လောင်းတည့်လည် မှန်စင်ဘေးတော်လောင်းတည့်လည် ။
  9. ငါးစီးရှင့်မြစ် စင်စစ်မှန်လှ ရွှေဝထိပ်မိုး မိုးညင်းစိုးသား သတိုးမင်းဖျား မင်းတရားသည် သိကြားစံဖြစ်ကောင်းတည့်လည် သိကြားစံဖြစ်ကောင်းတည့်လည် ။
  10. မင်းတရားမှ မခြားမြေးမြစ် ဧကရာဇ်တိ ဖြစ်သည်မပျက် ခုနစ်ဆက်တွင် ရွှေနန်းရှင်ဟု မြေပြင်အုပ်စိုး ဘွားတော်ဘိုးသည် နေမျိုးလူ့တန်ဆောင်တည့်လည် နေမျိုးလူ့တန်ဆောင်တည့်လည် ။
  11. ရွှေနန်းရှင်၏ ရင်ခွင်သ္မီး ဘေးတော်ကြီးလျှင် ဇနီးတူပင် စံပျော်ရွှင်မှ နတ်သွင်နှိုင်းလျော် မျက်နှာမြော်သည် ဘွားတော်သ္မီးနှောင်းတည့်လည် ဘွားတော်သ္မီးနှောင်းတည့်လည် ။
  12. နေမျိုးမခြား မင်းတရား၏ သည်းကြားရွှေရင် နန်းထက်မြင်၏ မြေပြင်လုံးသူ့ ခွန်သစုသည် ကေတုမတီ သိင်္ဂီစိုးဆောင် မင်းခေါင်ဘုန်းထွတ် စုလျားပတ်မှ မန္ဓာတ်နှိုင်းလျော် မျက်နှာမြော်သည် ဘိုးတော်ရှင်အလောင်းတည့်လည် ဘိုးတော်ရှင်အလောင်းတည့်လည် ။
  13. ရှင်မင့်ဘွားကို မပြားနွယ်မှီး ဘေးတော်ကြီးလျှင် သ္မီးနှင့်သား နှစ်ပါးမောင်မယ် ငါ့နှယ်ဇမ္ဗူ မြန်းရစ်ဟူ၍ ဘုန်းတူဘက်မဲ့ ထိမ်းမြားခဲ့သည် လက်ဖွဲ့ထပ်ကာလောင်းတည့်လည် လက်ဖွဲ့ထပ်ကာလောင်းတည့်လည် ။
  14. မင်းရဲနတ်တူ သိင်္ဂသူဟု တောင်ငူနန်းမြင့် ရိပ်ဖြူဖွင့်သား နတ်ရှင့်သားတော် မင်းငါးဘော်တွင် ရှေ့မျှော်ထွတ်ထား စောဘုရားလျှင် ဝန်းလျားဇမ္ဗူ လုံးလုံးယူ၍ ယာဉ်ဖြူပေါက်ရ ရာမကနှင့် ဒီပကြငှန်း ဟံသာကျွန်းဝယ် ရွှေနန်းသာစံ ဘိသိက်ခံသည် ဘုန်းလျှံနေသိန်းသောင်းတည့်လည် ဘုန်းလျှံနေသိန်းသောင်းတည့်လည် ။
  15. ထိုအောက်နောင်ဘွား မင်းလေးပါးလည်း သိကြားတမျှ မုတ္တမနှင့် ခေတ္တတောင်ငူ ရိပ်ဖြူဖြန့်ဝန်း သန်လျက်ကျွန်းဝယ် ရွှေနန်းသိင်္ဂါ နှင်းကြလာသည် အာဏာစက်ရှိန်လောင်တည့်လည် အာဏာစက်ရှိန်လောင်တည့်လည် ။
  16. တန်းခိုးစက်မီး ဘေးတော်ကြီးလျှင် ငြီး၍လူ့ထံ နတ်ပြည်စံလည်း ဘုန်းလျှံထွန်းပ မယ်တော်ဘလျှင် မမျှနှိုင်းတူ ရိုက်ရာယူ၍ ဇမ္ဗူတသွန်း လက်နက်မြန်းသည် ဘက်ကျွန်းမစံတောင်းတည့်လည် ဘက်ကျွန်းမစံတောင်းတည့်လည် ။
  17. ဘက်ကျွန်းသာစံ မုနောခံမှ ရောင်လျှံပြိုးပြက် ရွှေဘုံထက်တွင် ရံလျက်သုံးဘော် မျက်နှာမြော်သည် မယ်တော်နတ်မပြောင်းတည့်လည် မယ်တော်နတ်မပြောင်းတည့်လည် ။
  18. ဟံသာဝရ ခေတ္တသရေ ဖြူဝေဖြန့်ဝန်း သန်လျက်ကျွန်း၌ ရွှေနန်းတော်တောင် ခံဆောင်အုပ်စိုး ဘေးဘိုးမင်းကျော် နတ်ပြည်ပျော်လည်း ဘိုးတော်ဘုရား ရှင်ပင့်ဘွားနှင့် သိကြားမယွန်း ကေတုနန်းကို ဖြန့်ဝန်းရိပ်ဖြူ ဥကင်ထူသား ဇမ္ဗူမကြွင်း လက်နက်သွင်းသည် ရာစင်းထီးဖြူဆောင်းတည့်လည် ရာစင်းထီးဖြူဆောင်းတည့်လည် ။
  19. ရာစင်းဝန်းရံ သိကြားစံသို့ မိုးယံတိမ်စွန်း ဆိုက်မျှထွန်းသား ရွှေနန်းသာခေါင် ဘုံခြောက်ဆောင်သည် ရွှေရောင်တင့်လျှံမောင်းတည့်လည် ရွှေရောင်တင့်လျှံမောင်းတည့်လည် ။
  20. ခြောက်ဆောင်ဘုံသာ နန်းသိင်္ဂါထက် သူဇာရိုးအောင် သောင်းခြောက်ထောင်လည်း မိုက်မှောင်မသန်း နေနှယ်ထွန်းမှ လှစ်တွန်းဥကင် မြှောက်သံလွင်နှင့် ရင်ပြင်ဝန်းလည် တိုင်တိုင်းချည်သည် ဇာနည်ပြောင်မျိုးပေါင်းတည့်လည် ဇာနည်ပြောင်မျိုးပေါင်းတည့်လည် ။
  21. ဇာနည်မုန်သွင် စစ်လေးအင်နှင့် မြေပြင်မြန့်ပြည် ဇမ္ဗူလည်သည် မစည်ရန်ညွန့်ညောင်းတည့်လည် မစည်ရန်ညွန့်ညောင်းတည့်လည် ။
  22. ပယ်လှစ်ရန်မျိုး ကျွန်းလုံးစိုးသား ဘိုးတော်ရှင်ရင်း ဘွားတော်မင်းဝယ် သည်းတွင်းရွှေရင် ဘွားမြော်မြင်၍ မြေပြင်မမျှ ကျော်ပေါက်ပြသည် ရှင့်ဘသားတော်နှောင်းတည့်လည် ရှင့်ဘသားတော်နှောင်းတည့်လည် ။
  23. နှောင်းမြော်ဘက်ကဲ မင်းရဲကျော်ထင် မည်တော်တွင်၏ မုန်သွင်ဝှန်ထိတ် ငင်ချိတ်မရ သူလက်ချလည်း ချွန်းမျှမပြက် ခြေတော်ထက်က နှစ်ဖက်ဘယ်ညာ ယိမ်းတိုင်းပါသည် အာဏာသွန်နှာမောင်းတည့်လည် အာဏာသွန်နှာမောင်းတည့်လည် ။
  24. သွန်းလောင်းအာဏာ ယိမ်းတိုင်းပါ၍ ပမာငှက်သွင် ပြောင်မာတင်လည်း မြေပြင်မရပ် မုန်ဖပ်ဖပ်နှင့် ရင်အပ်နန်းပွဲ အံ့မစဲသည် မင်းရဲမည်တွင်ရှောင်းတည့်လည် မင်းရဲမည်တွင်ရှောင်းတည့်လည် ။
  25. မင်းရဲမည်သာ ဘမင်းလျာနှင့် သူဇာတမြင် မျိုးပုံပြင်ကို ခင်မင်ဘိုးတော် ဘုံနန်းပေါ်ဝယ် နောင်သော်ငါ့တူ စံစိမ့်ဟူ၍ ဇမ္ဗူလူ့ထွတ် စုလျားပတ်သည် နေနတ်နွယ်အပေါင်းတည့်လည် နေနတ်နွယ်အပေါင်းတည့်လည် ။
  26. နေနတ်နွယ်ချင်း သက်လုံးနှင်း၍ မယွင်းထပ်ရစ် ကြင်ကြချစ်မှ ရင်နှစ်ရွှေလှော် ရှင့်ကိုမြော်သည် မျိုးတော်ကျူးဖြားယောင်းတည့်လည် မျိုးတော်ကျူးဖြားယောင်းတည့်လည် ။
  27. ကျူးနွှဲသာညှင်း သခင်မင်းကို နန်းတွင်းဘုံလယ် ဘွားဘုန်းကြွယ်လျှင် စံပယ်ရွှင်ဖြိုး သွယ်ပြောင်းကြိုးနှင့် ရုပ်မျိုးသောင်းငှက် ကွန်ရရက်သား ပုခက်ရတနာ ယာဉ်သိင်္ဂါသည် ကိုးဖြာစီမျက်ကောင်းတည့်လည် ကိုးဖြာစီမျက်ကောင်းတည့်လည် ။
  28. ကိုးဖြာရောင်လျှံ စီနစ်ပြွံသည် သူဇံဒေဝတ် နေလနတ်လျှင် ရန်ဖြတ်ပယ်ဖြောင့် ရှင့်ကိုစောင့်သည် လေးထောင့်ရုပ်ဆင်း ခြင်္သေ့မင်းသည် တျင်းတျင်းဦးလည်ထောင်တည့်လည် တျင်းတျင်းဦးလည်ထောင်တည့်လည် ။
  29. သင်းတွဲ့ဘုံသာ စက်မွေ့ရာလည်း မာလာပျံ့ကြူ ဘုံမဉ္ဇူနှင့် ရွှေခြူညောင်ရွက် ချိုးချိုးချက်သာ ကိုးမျက်ရောင်ဝါ ဗိတာန်ကြာသည် ဂီဝါရည်ပျောင်းပျောင်းတည့်လည် ဂီဝါရည်ပျောင်းပျောင်းတည့်လည် ။
  30. ဗိတာန်ရွှေကြာ ဖြန့်မိုးကာသား လျှံဝါပြိုးပြက် ရွှေပုခက်ကို နှစ်ဖက်ရံခ ချီထိန်းယနှင့် မတ်သားစတေ လက်ဝဲနေသည် မြင်ချေမတင့်တောင်းတည့်လည် မြင်ချေမတင့်တောင်းတည့်လည် ။
  31. မြင်သူမူးမျှ လက်ျာကလည် မိုးဝသူဇာ ပျံသက်လှာသို့ ပြင်လျာလျကြည်း ကြည်ဖွယ်ချည်းတိ ဆိုလည်းသာမွှေး နှုတ်ပျံ့လေးနှင့် ဘိုးဘေးဆွေတော် ဆက်တိုင်းဘော်၍ ရွှေလှော်နန်း၌ ကျူးကာရိုက်သည် ရောင်မြိုက်နွဲ့နွဲ့နောင်းတည့်လည် ရောင်မြိုက်နွဲ့နွဲ့နောင်းတည့်လည် ။
  32. နွဲ့နောင်းပြင်လျာ ကြင်ဘွယ်သာတည့် သိင်္ဂါညွန့်လူ အူရရူကို ရွေးယူကိုလျှင် လဲလှယ်ဆင်လျက် သဘင်နန်တူ စံလျစ်လျူသည် ဇမ္ဗူကြိုင်ပျံ့လှောင်းတည့်လည် ဇမ္ဗူကြိုင်ပျံ့လှောင်းတည့်လည် ။
  33. ရင့်ရင့်ဧးဧး နှုတ်သံလေးနှင့် သာမွှေးပျံ့ပျူး သံပြိုင်ကျူးလျက် မထူးနည်းနည်း ရောင်ညက်ကြည်းနှင့် ဖြည်းဖြည်းသံညင်း တရွှင်းရွှင်းလျှင် ခင်မင်းမြတ်ကျော် ရှင့်ကိုမြော်သည် နားတော်လည်ကြောင်းကြောင်းတည့်လည် နားတော်လည်ကြောင်းကြောင်းတည့်လည် ။

မင်းရဲနရာဧးချင်း ဤတွင်ပြီး၏။