မင်းရဲဒိဗ္ဗဧချင်း

From Wikisource
Jump to navigation Jump to search
မင်းရဲဒိဗ္ဗဧချင်း
by ရှင်သံကို

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. မင်္ဂလာမဏ္ဍိုင် လေးရောင်ဆိုင်သား မပြိုင်စံရာ ဝေယန္တာဝယ် ဒေဝါရံဝန်း နတ်ကြငှန်းသို့ ရွှေနန်းသေဉ်နင်း မင်းမင်းများသခင် ဘုရင်ခေါင်ဖျား စောတရား၏ သည်းကြားပွင့်ညွန့် ရဲဘုန်းသန့်လျှင် မြူးကွန့်တေဇာ အာဏာတန်ခိုး စက်မိုးကြိုးသို့ ဘေးဘိုးဇမ္ဗူ သိမ်းယူမြေပြင် ဘနတ်ရှင်လျှင် ကောင်းကင်ဘဝဂ် ထွန်းတက်တန်ဆောင် ထိန်ထိန်ပြောင်ရှင့် နောင်လည်းနေနတ် ရဟတ်စကြာ ဆက်ကာလည်းကောင်း စံပကြောင်းကို သံညောင်းထွေလာ လျှောက်ဝံ့ပါသည် မင်္ဂလာတည့်ပျံ့မွှေး အောင်မြင်ရေး ။


  1. လေးကျွန်းအချာ စက်ရာဇာဝယ် ရတနာမြတ်လှ ဩရသသို့ တေဇဘုန်းတန်း ရောင်ဖြိုးရွှန်းသည် ရွှေနန်းပွင့်လောင်း နားတော်ညောင်းလော့ အပေါင်းတွက်ရေ သိန်းကုဋေလျှင် ရံနေစကြဝဠာ ပေါ်သောခါ၌ သမ္ဘာမြရည် ဆန်းလတည်သော် ငါးမည်ဘုံထွဋ် ကိုယ်တော်ဝတ်နှင့် သတ္တပတ်ရွှေကြာ နိမိတ်လာက ဗြဟ္မာမှော်ကွန်း တင်ပြဌာန်းရှင့် ကြငှန်းငါးဆင့် ငါးကြိမ်ပွင့်၍ ဆုံးချင့်မရ အနန္တ၌ ဘဒ္ဒကမ္ဘာ ထိုတိုက်သာလျှင် အချာထွဋ်တင် သို့ရာတွင်လည်း ရွှေစင်ငွေရည် ဘန်ခြည်လျှံထွန်း အကျွန်းကျွန်း၏ ဦးစွန်းဧကန် မာန်ကင်းမှန်သား နိဗ္ဗာန်ကူးဆိပ် ဤကျွန်းထိပ်ထက် ဖြူရိပ်ဖြန့်စ သမတနှင့် ဝရမန္ဓာတ် ဆက်လက်ဝှန်းထိန်း သုံးသိန်းသုံးသောင်း လေးထောင်ငါးရာ တေဇာရန်နှိပ် ခြောက်ကျိပ်ကိုးယောက် ဆက်မြောက်ရှည်စွာ ရာဇာပဝရ နရိန္ဒတို့ လှည့်ကြစက်ရွှေ ပဒေသရာဇ် ဧကရာဇ်တည့် ဖြစ်သားမပျက် အောက်ထက်ရေမြေ နံ့မွှေးချင်းနွံ ဆက်ခါစံမှ ယဉ်လျှံမြစ်နား ဘိုးဦးဖျားဝယ် ထွဋ်ထားဘုန်းမြင့် မိန့်တော်ဘွင့်သည် နောင်ခွင့်တည့်တည်းရေး ဗျာဒိတ်ပေး ။


  1. မိန့်တော်ရွှေစက် ပေးရာမြွက်မှ ငါးချက်နိမိတ် ကျော်သံထိတ်မျှ ဗျာဒိတ်ငြိထွေ သရေခေတ္တ တည်ထောင်စ၌ မာဃဆဒ္ဒန် လှံကွန်ဂဠုန် ဆန်စုန်ရေမြေ လှေလည်းနဂါး ဆက်များခွန်သ သူရစစ်အောင် ဒွတ္တပေါင်လျှင် သည့်နောင်ရိမဒ် မလည်တတ်ဝယ် နေနတ်နဂါး မြတ်သိကြားက ဆက်ပွါးစဉ်လတ် လွှံ့ပတ်နုဘော် အနော်ရထာ တေဇာကြီးဘိ နရပတိစည်သူ ပစ္စူဖြန့်လွှား ငါးကျိပ်ငါးမှ မခြားနွယ်ရင်း ထောင်သင်းဘွင့်ဘွင့် သေဉ်နင့်မကိုဋ် မိန့်တော်လိုက်ဖြင့် ရန်မိုက်ကြောက်ရှောင် မြင်စိုင်းထောင်သား ညီနောင်ဘုန်းတူ ထီးသုံးဆူနှင့် ဇမ္ဗူရန်လွှင့် ရွှေထီးဘွင့်သည် ဆက်မြင့်တည့်ရှည်ဝေး ဘေးလောင်းရှေး ။


  1. သုံးပါးညီနောင် မြင်စိုင်းထောင်သား ရန်ဘောင်ဘွင့်လင်း နှောင်းမြင်မင်းလျှင် မာန်ကင်းမြစိတ် မိန့်ခဲ့ဘိတ်သည် ဗျာဒိတ်တော်လျောက် မြောက်သို့ရွှေဝ စခဲ့ကာသာ သင်္ဂါရွှေဂူ ဇမ္ဗူဗိမာန် ကန်လည်းတောက်ရှည် ပန်းယတည်က ဇာနည်ဖြူဆွ တစီးရ၏ သည်ပသည်းကြား မင်းသုံးပါးတွင် ငါးစီးရှင်နှင့် မြောက်ခွင်စစ်ကိုင်း တောင်ရင်းခိုင်းလျက် ဘုန်းလှိုင်းဝှန်းပျိုး အစဉ်စိုးမှ သတိုးမင်းဖျား တရားပွင့်ငုံ သန်လျက်ခုံထက် ရွှေဘုံပြောင်ပြောင် တည်ပြန်ထောင်ရှင့် သည့်နောင်ထွန်တက် ဆယ့်နှစ်ဆက်လျှင် မပျက်စဉ်ပြီး တောင်သို့ချီး၍ ဘုန်းမီးလျှံလင်း ရှိန်ပြင်းလွှန်ကဲ မင်းရဲနတ်တူ သီဟသူလျှင် တောင်ငူရွှေနန်း အောင်မြေကျွန်း၌ ဖြူဝန်းဖြန့်ရံ ဘိသိက်ခံသည် ကျံကျံတည့်သံလေး မြောက်သန္ဓေး ။


  1. တရွှန်းရွှန်းလျှင် ထောင်ဝန်းနေဝါ တက်လျှံဖြာသို့ နရာဘုန်းထင် ရွှေနားတင်လော့ ဦးကင်နန်းပွဲ စံလွတ်ကဲသား မင်းရဲနတ်တူ သီဟသူလျှင် ခြောက်ဆူဘုန်းတော် နတ်ပြည်ပျော်လည်း သားတော်သည်းချား မင်းငါးပါးတွင် မင်းတရားကြီး ဘုန်းမီးရှိန်ပြေး ရှင်ပေဘေးလျှင် ချီးကြွေးနတ်လူ ရိုက်ရာယူက ဇမ္ဗူသောင်းတွင်း ထိန့်ရိုက်ချင်း၏ ပြည်မင်းကျွန်လျောက် ထံအောက်စက်ရွှေ မရောက်နေသော် ပရမေဘုန်းထူ ချီတော်မူက လက်ယူမွမွ ချက်ခြင်းရ၏ တေဇဝှန်ဖြိုး သတိုးဓမ္မရာဇာ မည်သာလွှံ့ပတ် ညီတော်လတ်ကို နေနတ်တန်ဆောင် ရွှေတောင်ရွှေနန်း ငါ့ညီမြန်းဟု ကြငှန်းဘုန်းဝှန် နှင်း၍ပြန်သည် ရန်မာန်တည့်နီးဝေး ရွံ့ကြောက်ဧ ။


  1. ပြည်တော်ပြန်၍ ရန်မာန်ကြောက်ရှောင် ညီမင်းခေါင်ကို ရွှေတောင်ငူနန်း စံစေမြန်း၍ တသွန်းဥဿာ ရာဇာမနော သမိန္ဒောလျှင် တကြောဇမ္ဗူ ပြိုင်တူမဲ့တောင်း ပန်းလည်ချောင်းဝယ် ဝှေ့ညောင်းရန်ခွင် မုန်ဆင်တောင်ထွေ မြင်းခြေဖြီးထပ် ကြိုးချပ်ပိတ်ပျံ သံယံအုပ်စည် ကြိုးလင်းရည်လည်း စီးထည်တင်တော် ဘေးစောကျော်လျှင် ဥပေါ်မှန်ဝှန် ပျိုဆဒ္ဒန်နှင့် ပြောင်းပြန်စောက်ထိုး မိုးသို့ကြောက်လွန်း တွန်းတွန်းစင်းစင်း ဝှေ့ချိုးနင်းက မင်းနှင့်စီးဆင် သည့်ပြင်ခန့်တိုင်း တလိုင်းပြည်လုံး လက်ရုံးထိန်ပြောင် တိုက်သတ်အောင်၍ ဆောင်ရောင်ထီးနန်း သိန်းသန်းခွန်ဘွဲ့ သုံးဆဲ့သုံးမြို့ မင်းတို့ဌာန မုတ္တမကို ယုံလှရဲဘော် ညီတော်ဘုန်းမြူး စံစေဦးမှ ပဲခူးဟံသာ အောင်မြေချာ၌ အာဏာစက်ထွန်း ရန်နှိပ်မြန်းသည် လျှံမွန်းတည့်နီးဝေး ထိန့်ရိုက်ကြွေး ။


  1. ထိန့်ရိုက်ဇမ္ဗူ အောင်တော်မူက ဗိုလ်ဘူမွမ်းဖျင် မြင်းဆင်ဖြီးထွေ လှေလည်းမြစ်လုံး ပိတ်ဖုံးပြောင်ပြောင် ကျည်ထောင်ညိတ်ညိတ် ထိတ်ထိတ်မွမ်းမွမ်း မင်းလမ်းပိုင်ပိုင် ရန်နိုင်ထီးမြန်း ဝရွှေနန်းသို့ ကြငှန်းထွဋ်စံ ချီလုပ်ကြံသော် ဘုန်းလျှံထွန်းပေါ် ညီတော်နေမျိုး သတိုးမင်းစော မြတ်မနောကို တင်မောနတ်ရှင် ရွှေနန်းတင်မှ မြောက်ခွင်ဦးတည် စိမ့်ပြည်စပ်အောင် ထိုပြည်ထောင်ဝယ် မိုက်မှောင်မိစ္ဆာ ယူချွတ်ရာကို သမာနှင်နှင် တည်ကြောင်းယင်ရှင့် သံလွင်ခြားသန်း ယွန်းလည်ထွားထွား ခုံစော်ဘွားလည်း သည်းချားစက်အောက် ဆက်လှာရောက်မှ ရွှေမှောက်ဘုန်းဝှန် ပဲခူးပြန်၏ ကျွန်းစွန်ရပ်မြေ ရိုသေလွန်ပြင်း သတိုးမင်းရာ မာန်ကင်းစွယ်ကျော် သပိတ်တော်နှင့် မနော်နတ်သေး သ္မီးထွေးကို မြတ်လေးညွတ်ခ ဆက်လှာရသည် တေဇတည့်ရှင်ဘေး ဘုန်းရောင်ပြေး ။


  1. ရိုက်မွှန်းမြေပေါ် အောင်စည်ဆော်သား ဘေးတော်ဘုရား ယိုးဒယားကို တရားဦးစွန်း ရွှေစက်တွန်းသော် မယွန်းငွေတူ ဆင်ဖြူလေးစီး သားသ္မီးက ဆက်လိုက်မှလျှင် နရကြငှန်း ရွှေပြည်မြန်း၍ ရွှေနန်းခြောက်ဆောင် ရွှေတောင်သိင်္ဂါ ဟံသာဝတီ ခေါ်ညီတွင်မည် ရွှေမြို့တည်၏ စစ်သည်ရဲမက် အုတ်ကျက်ပည်သီး သောင်းစီးပြောကျယ် တပ်လေးဆယ်နှင့် ပင်လယ်ပတ်လည် ကျွန်းတိုင်းစည်သို့ မတည်ပုန်ကန် ချီတုံပြန်သော် ဘုန်းဝှန်အာဏာ သစ္စာသတ်လေး သေသားအကောင် လက်ဆောင်ခင်းကျင်း ဆက်စေလျှင်းမှ လင်းစင်းကျော်စံ လိုက်လံညည်းညည်း မျက်နှာမည်းလည်း တိုက်လှည်းမကျန် သိမ်း၍ပြန်ရှင့် ဆဒ္ဒန်စတေ ထွေထွေများဖျင် တိုင်းရွှေစင်တည့် ပလ္လင်ခုံတည် နန်းရွှေချည်၏ ကျည်းပြည်ကစ သောဠသလည်း ဆက်သည်ချည်းဟု ကသည်းလဝိုက် ဦးစိုက်ရောက်လာ အံ့ရာမျက်ရှု ကောင်းမှုကုသိုလ် ရေဆိုမနိုင် စည်ခိုင်ဖြီးထွေ မင်းဆွေစိုးမျိုး မှူးရိုးမတ်ကြီး စဉ်ထီးဆောင်ယောင် ကုန်အောင်သာယာ လေးမျက်နှာမှ နေဝါရောင်လျှပ် လေးမဏ္ဍပ်ဝယ် လိုအပ်ကိစ္စ ဟူသမျှလည်း ဒါနအရာ မိုးသို့ရွာသည် များစွာတည့်နောက်ရေး လှူကံကျွေး ။


  1. တန်ခိုးလေးကျွန်း ထိန့်ရိုက်မွှန်း၍ ကြငှန်းပြောက်လှ ဘုန်းရောင်ပသည် ရှင်ဘဘိုးတော် ဘေးစောကျော်လျှင် ပျော်တော်မမူ နတ်ပြည်ယူသော် ပစ္စူရွှေထီး ဘိုးတော်ကြီးသည် ပုံပြီးဘိုးနဂ် ရွှေနန်းတက်က တိုက်စကြဝဠာ ပေါ်သောခါဝယ် ရွှေကြာငါးငုံ သင်္ကန်းစုံနှင့် ထက်ဘုံသမိုက် မှတ်သည်လိုက်ဖြင့် မကိုဋ်ငါးမည် ပွင့်တည်ရည်လျက် ထက်ပြည်နတ်ရွာ ခြောက်ဖြာအဝှန့် လျှံမြူးကွန့်သား ကကုသန့်ရုပ်ပုံ ကောဏာဂုံကဿပ ဂေါတမနှင့် အရိမတည်း ရှုလည်းတညီ သိင်္ဂီပိဿာ အံ့ရာပြောစည် ညွှန်၍တည်မှ ငါးမည်ပြာသာဒ် မိုးလုံးပတ်အောင် ရွှေတောင်ညီးညီး ရွှေထီးစွင့်စွင့် မှောင်ဝေလွင့်သား မြေပြင့်အထု ဆင်းတုပုထိုး ပွဲမျိုးပည်းသီ စုံတွင်ညီဖြင့် စေတီဂူကျောင်း တန်ဆောင်းစရပ် မလပ်လွှံ့ကျော် လှူစည်ဆော်၏ အနော်ရထာ တေဇာဝှန်ထင် မင်းစောသင်ကား တမြင်နေနတ် ဘိုးတော်လတ်လည်း ပြာသာဒ်ရွှေနန်း ဇင်းမယ်ယွန်းကို ဖြူဝန်းဖြန့်မိုး ဆက်မြင်စိုး၏ ရှင်ဘိုးတော်ရင်း နောင်မြင်မင်းလည်း မှန်ကင်းမင်းဝံ ဘိသိက်ခံသည် နှိုင်းစံတည့်မဝေး သိကြားထွေး ။


  1. သိကြားသာပြီ နှိုင်းစံညီသား သီဟသူရ မဟာဓမ္မရာဇာ မည်တော်သာနှင့် အာဏာထန်ပြင်း ဘိုးတော်ရင်းလျှင် ထွန်းလင်းသာသနာ ပွင့်ကြောင်းရှာ၍ ရတနာပုရ နန်းဌာနကို ရွှေဝမြို့ကြီး သမိုက်ပြီးမှ ညီးညီးရောင်ခြည် ရွှေဘုန်းတည်လျက် မြှောက်စည်ရွှေစင် သံလွင်မုရိုး တီးမျိုးငါးမည် စဉ်ရှည်နန်းဖွဲ့ တဆဲ့ငါးပါး မင်းခမ်းနားတည့် ပုဏ္ဏားရှစ်ဘော် ရင့်ရော်သာယာ နေဇာမြက်နု ဇေယတုဟု ခရုသင်းစစ် လက်ျာရစ်နှင့် နတ်မြစ်မန္ဒာ မင်္ဂလာရွတ်ဖျန်း ရေသဖန်းထက် မြှောက်နန်းကျံကျံ ဘိသိက်ခံက နိုင်ငံခပ်သိမ်း ချမ်းသာငြိမ်းသည် မုဒိမ်းတည့်ရန်ဘေး မြူမမြှေး ။


  1. ပေါ်ဦးကမ္ဘာ အစစွာက ရွှေကြာငါးမည် ဘုန်းစည်ငါးပါး တရားပဝရ သမတနှင့် အစဦးစွန်း ကြငှန်းနှင်နှင် မြေပြင်ရိုက်ခြောင်း ဘေးလောင်းနေမျိုး ဘိုးလည်းနေနတ် ဘခေါင်ထွဋ်လည်း လွှံ့ပတ်အာဏာ ဆက်ခါစံရှေး ဘေးလည်းရှင်ချစ် ရာနှစ်ရှည်ကျော် သားတော်အစဉ် မြေးလျဉ်မြစ်ဆက် နန်းတက်သေဉ်နင်း မင်းတို့အကျင့် မင်းသင့်မင်းရောက် မင်းလျှောက်စကား မင်းနားသင့်အောင် မင်းခေါင်တို့မှု မင်းရတုဖြင့် အောင်ဆုမင်္ဂလာ ဤစာနန်းချင်း သံညှင်းဖွဲ့နွဲ့ အချဲ့အချီး အကြီးအမြင့် အတင့်အတယ် စံပယ်နန်းပွဲ စံစမြဲကို ကျူးလွှဲသံပြောင်း သံညောင်းသံပြီ့ သံညီညှိ၍ သီရိမြုတေ ကြက်သရေမြတ်ရှု တင့်မျိုးစုသား ဇမ္ဗူသခင် နတ်ရှင်ရင်နှစ် ရဲဘုန်းသစ်ကို ကျွန်းဖြစ်ဆန်းကြယ် လင်္ကာသွယ်သည် လျှောက်ဘွယ်တည့်နောင်ရေး များလှသေး ။


  1. ဘိုးတော်ထွဋ်တင် ဘနတ်ရှင်၏ အောင်မြင်ဝှန်ခြောင်း ပွဲတော်ပေါင်းကို နန်းလောင်းမှတ်နေ ထွဋ်မြုတေလျှင် ကြက်သရေတက်တိုး ရွှေနားပျိုးလော့ ပျံ့မျိုးစွမ်းခက် မုန်အာစက်သား ပြိုက်ဘက်လွတ်တူ ဇမ္ဗူတံဆိပ် ရန်နှိပ်ပြောင်ကျော် ယဉ်ရဲဘော်ထက် ဘိုးတော်ဦးဝယ် ဘဘုန်းကြွယ်ကို ကုန်းလယ်နတ်တူ တင်တော်မူ၍ သူသူဆင်ထွေ ဗိုလ်ခြေမြင်းအား လေးမြှားမီးပေါက် အမြောက်စိန်ပြောင်း မြေစောင်းဘနန်း မြို့ကူးခန်းကို ရံဝန်းတပ်စီ ပြည်ကချီသော် ဦးဖြီထပ်မွှန်း တန်စေထွန်းလည်း ရေမွန်းသည့်တူ ထိုသူဆင်သည် ပျက်ခြေလည်သော် စွယ်ရှည်လျှပ်မီး သုံးစီးပြောင်ခိုင် အိုင်ရရိုင်လျှင် ရန်နိုင်ကျူးရင့် တိုက်သတ်လွှင့်က အတင့်သည်ပ စွယ်မျှသူ့ဆင် မရှက်ခင်၌ လှံရှင်သွတ်လှယ် နှစ်ချက်တွယ်သည် အဘယ်ထီးစင်း ဘယ်သေဉ်နင်းလျှင် ရှိန်ပြင်းရဟတ် နတ်စက်ပြတ်သို့ လွတ်ဘူးလိမ့်နည်း အံ့ရာပည်းမျှ နောင်လည်းငါ့ဟန် ဆဒ္ဒန်ယဉ်ဖြူ ရစေဟူ၍ ဇမ္ဗူစိုးပြီး ဘိုးတော်ကြီးက သီးသီးဆောင်ယောင် မြားမြောင်ရဲဆု နှင်းစုထပ်လှောက် ပို့လာရောက်သည် ပြိုင်ထောက်တည့်ကင်းဝေး ရန်တင်းမေး ။


  1. လက်ရုံးစုမြောက် ကြားတိုင်းကြောက်သား ထွန်းတောက်နုဘော် အောင်မြေပေါ်တွင် ဘိုးတော်စောထွဋ် ဘနေနတ်ကို မလွတ်တျင်းတျင်း ရမည်းသင်းသို့ မကြွင်းသိမ်းချေ မိန့်တော်စေသော် ဗိုလ်ခြေလုံးရင်း ဆင်မြင်းပင်ပန်း စားခန်းမထောက် ရောက်လျှင်ချွံချွံ တိုက်လုပ်ကြံ၍ မခံနိုင်ချေ ပျက်ကြေမြို့လုံး ယူကျုံးသုံ့ပန်း ရွှင်လန်းရဲမက် ပြည့်နှက်ပြီးမျှ လက်ရပြီးဖျင် ရင်ပြင်ရွှေမှောက် ဆက်လှာရောက်က မိုးအောက်မြေပြင် ဘယ်ဘုရင်၏ ရင်ခွင်သည်းကြား ဘယ်မင်းသားသည် ပျိုထွားရွယ်သစ် သုံးဆယ့်နှစ်က ခုနစ်အင်္ဂါ ကရိယာလက်နက် ပြည့်ပလျက်တည့် ရခက်ခဲလှ မြို့ကိုမျှလျှင် ဒီပတန်ဆောင် သို့စင်အောင်ဟု ယခေါင်ရည်ကျူး မကြားဘူးတည့် ပျံ့ပျူးကြိုင်မွှန်း မိန့်တော်ပန်းဖြင့် ထူးဆန်းမြားမြောင် တို့ထွဋ်ခေါင်သည် ခြောက်ထောင်တည့်ဆုပေး မုန်စွေးစွေး ။


  1. သာသနာတော် ထွန်းပေါ်လင်းပြောင် တည်ကြောင်းဆောင်၍ ရွှေတောင်မင်းဝံ မနောခံရှင့် သံယံကြထွေ ညောင်ရွှေမိုးနဲ စဲစဲကြိုးကြွ ခိုက်ရန်စသော် ဘဝသခင် ဘိုးနတ်ရှင်နှင့် နေသွင်ကြက်သရေ အိမ်ရှေ့နေသား သပြေလွှံ့ကျော် ခမည်းတော်လျှင် ယွန်းဆော်အောင်စည် စစ်သည်ရဲမက် လက်လက်ထွေဖြီး ညိုးညိုးညီးတည့် စစ်ကြီးသဘင် ချီရာတွင်၌ သုတ်သင်တိုက်ဖျက် ရွပ်ရွပ်ပျက်၏ လျှောက်လာလှည့်သော် သို့သည့်အရာ သည်အခါတွင် စကြာနန်းဆက် ငါရှိလျက်ကို စက်စက်မုန်ဥ ရှေ့နောက်ရှုသော် ပြောင်လုနတ်သ မျိုးနာဂထက် ရှင်ဘဘုရား ကြုံးဝါးဝှန်းသည်း တစီးတည်းလျှင် ကျည်းမျှရေမိုး ဖြတ်ချိုးဘနန်း တိုက်လှန်တွန်းက ဖျန်းဖျန်းပြိုကွဲ စစ်ပွဲထောင်းထောင်း ပဲ့တင်စောင်းမျှ ရိုက်ခြောင်းတင့်ခေါင် နိုင်လိုက်အောင်သည် ရန်နောင်တည့်အမြေး စံကြပေး ။


  1. မင်းဝံအောင်ချက် ရွှေနန်းထက်၌ ကနက္ကဒဏ် ရောင်ဝှန်ဖြူးညွန့် ရှစ်ဆိုင်ဖြန့်လျက် ကွန့်လျက်တန်ခိုး ရှင်ပင်ဘိုးလျှင် နေမျိုးမှန်ကင်း ဘရန်နင်းကို ကိုးစင်းထီးဆောင်း ပြည်မိုးကောင်းသို့ တသောင်းဗိုလ်ထန့် မိန့်တော်ခန့်၍ တိမ်ညွန့်အထိ လွှမ်းဘိဘနန်း ရွှန်းရရွန်းတည့် ဖြန့်သန်းတောင်တက် ချောက်နက်မြောင်ကျပ် အထပ်ထပ်တည့် တပ်နှင့်တည်တည် ခံလင့်သည်ကို ဇာနည်နှလုံး လက်ရုံးပညာ အာဏာချင့်ထောက် တိုက်လွှင့်ဖောက်၍ ရောက်လျှင်ကြေထွား စော်ဘွားကွဲပြို မြစ်ကိုကူးလေ လှေနှင့်လိုက်ပြန် မကျန်နောက်ရေး သားမြေးမလွတ် ပတ်ပတ်သုံ့ပန်း သိမ်းခဲ့မြန်း၍ ရွှေနန်းသခင် ရင်ပြင်လွှတ်ထက် ပြည့်မျှဆက်က မင်းထက်မင်းဖျား တရားဘုန်းလှိုင် စောထိပ်ဆိုင်လည်း ခံ့ခိုင်ကဲလွန် အောင်ဖန်များဘူး မောင်ကျေးဇူးကို ချီကျူးသံညောင်း မတင်တောင်းတည့် ဦးပေါင်းစလွယ် ဆန်းကြယ်ကျည်းလုပ် ရွှေအုပ်မျက်စီ အာဏီကွမ်းခွက် ချက်ချက်ရောင်ကျော ရွှေဝေါတုလွတ် မင်းဝတ်ရွှေဘုံ ဝတ်လုံပုဆိုး မြတ်နိုးရဲဆု ပေးနှင်းစုသည် ပြိုင်တုတည့်ကင်းဝေး ကျွန်းလုံးမွှေး ။


  1. သည်ပတုံလည်း ပွင့်ငုံစကြာ မှန်လှစွာသည် နရာဘုန်းမြူး နာပြန်ဦးလော့ နတ်လူးပြိုင်ထွား ဘဘုရားကို မင်းဖျားဘိုးရှင် ရှေ့တပ်တင်၍ လွှမ်းတင်မြေပေါ် ချီပြန်သော်လည်း ဗန်မော်စားသည် စော်ဘွားမခံ ဝေးလံစိမ့်ပြည် ပြေးဝင်သည်ကို အောင်စည်ကျူးရိုက် တပ်ပြန်လိုက်၍ ကျိုက်ကျိုက်ဝှန်ခြောင်း ပေးလည်းတောင်းက ထားကောင်းမဲ့ချေ သို့မင်းနေသော် ပျက်ကြေတို့ပြည် ဖြစ်ခြိမ့်မည်ဟု ဥဒည်သေဉ်နင်း မင်းလည်းကြောက်ထွေ သေလည်းမဝှက် အကောင်ဆက်မှ အောင်ချက်မင်းဝံ ပြန်၍စံရှင့် ပုဂံထွဋ်ချာ နော်ရထာနှင့် တေဇာလျှံညိ နရပတိစည်သူ သည့်နောက်မူကား ဆင်ဖြူသခင် နတ်ရှင်ရှင့်ဘေး မင်းရေးကျော်ဟိုး ရှင့်ဘိုးနရ ရှင့်ဘမင်းရဲ အောင်သည်ပွဲကို လွန်ကဲမှော်ကွန်း အစဉ်ထွန်းသည် ဘယ်ကျွန်းတည့်ကင်းဝေး ရန်တင်းမေး ။


  1. ထိုကပြန်၍ ဗိမာန်ရဝေ စံပယ်နေမှ ရှမ်းပြည်ကျော်သဲ ပြည်မိုးနဲသို့ ထွဋ်ကဲနရ ရှင့်ဘရှေ့တပ် နောက်ကွပ်ဘိုးတော် ရွှင်ပျော်သာညီ ပည်းသီမြားမြောင် လက်ဆောင်တွက်ရေ အထွေထွေနှင့် ညောင်ရွှေစော်ဘွား မြေခြားအုပ်စိုး ရိုကျိုးရွံ့ကြောက် ဆက်လှာရောက်၏ မုန်သောက်မာတင် စစ်ဆင်ဆောင်လောက် တောင်မောက်သောလား မော်တလွှားနှင့် စော်ဘွားမိုးနဲ စွမ်းရဲညီစွာ မင်းတကာတွင် ငါသာမှတ်ဆို တွေ့နှင့်ကြိုလည်း မိန်ညိုကြိုးချပ် ရောင်ခြည်လျှပ်သား လေခပ်ပုံခေါ် ပြောင်ယဉ်ကျော်ထက် တိမ်ပေါ်မိုးစွန် ကောင်းကင်ဝှန်၍ ငါးတန်ရန်ဦး မိန့်တော်ကျူးမှ ဟူးဟူးတိုက်မဲ ခဲခဲကြုံးဝါး လွှတ်တည်းလွှားသော် စော်ဘွားနှင့်ကွ ကြွင်းမဲ့ရ၍ ဗိုလ်မျှပြည့်နှက် ချက်ခြင်းထွက်၏ ဖြူရွက်ဖြန့်မိုး ရှင်ပင့်ဘိုးလည်း တင့်မျိုးလွန်ကဲ ရှင့်ဘပွဲကို အံ့အဲအားရမ်း မြှောက်ချီးမွမ်းလျက် မင်းခမ်းခေါင်ဖျား ပတ္တမြားကျပ် စီတပ်မျက်စုံ ဝတ်လုံလျှံဖြိုး ပုဆိုးမင်းဝတ် ဘက်စံလွှတ်သည် ခညွတ်ပြည်ထောင် မင်းတို့ဘောင်ဝယ် အခေါင်ရန်နင်း ရဲဆုနှင်းသည် ရာစင်းတည့်ကြောက်ဧ ညွတ်ညွတ်ကွေး ။


  1. သည်ပတတည် ပြည်သို့ချီလေ မိန့်တော်စေသော် ရွှင်ထွေရဲမက် အုတ်ကျက်ကျိုက်ကျိုက် စီရင်ခိုက်တွင် ရှမ်းမိုက်မိစ္ဆာ သစ္စာဘောက်ပြား မိုးကောင်းခြားဟု တရားဘုန်းထင် ဘိုးနတ်ရှင်လျှင် မောင်ပင်ချီဘိ မိန့်တော်ရှိ၍ မိုးထိတိမ်ယွန်း ကောင်းကင်စွန်းက သိန်းသန်းရဲမက် လက်နက်လှံထား လေးမြှားမီးပေါက် အမြောက်ပြောင်းလှိမ့် ကောင်းကင်ခြိမ့်မျှ ခံလင့်ကြသော် ဘဝသခင် နတ်ရှင်ရင်နှစ် ဘုန်းသစ်ထွန်းပ ရန်မျိုးခသား ရှင့်ဘရန်နှင်း ကိုယ်တော်ချင်းက လည်စင်းထွက်ပြေး ကြမ္မာသွေး၍ အရေးကုန်စင် ပြီးအောင်မြင်က နန်းခွင်ရွှေမှောက် ရှေ့တော်ရောက်ရှင့် ဝမ်းမြောက်လွန်း၍ ဘိုးဘုန်းဟေ့လည်း အိမ်ရှေ့ရာနှင်း အိုဘယ့်မင်းဟု ကြိုင်ရွှင်းပျံ့မျှ အံ့ပြီးမှလျှင် ဇောတရသ မြတ်လှကွမ်းခွက် နန်းတက်မနော စီတင်မောသည် ရွှေဝေါရိပ်ဝဲ ပုလဲမျက်စီ အာဏီတော်လုံ ရွှေဘုံအုပ်စိုး မင်းဝတ်ရိုးတည့် ပုဆိုးစံကျွန်း အဆန်းဆန်းသည် ရဲပန်းတည့်ကြိုင်မွှေး ရဲဆုပေး ။


  1. တက်ထွန်းပြောင်ပြောင် နှစ်ငါးထောင်လျှင် သုံးတောင်ရပ်နေ ကိုးကွယ်စေဟု သရေရဓာတ် မြတ်ထက်မြတ်ဘိ နေနတ်ဘိုးတော် နိဗ္ဗာန်ရော်၍ အခေါ်ဘဏီ ပြည့်ညီသဘင် ပွဲကြီးယင်၍ မွေရှင်တိသာ ဌာပနာသား မဟာမြတ်မုနီ သမိုက်ပြီ၍ လျှံညိရောင်မောင်း လေးထပ်ကျောင်းကို ပြီးကြောင်းမောက်မောက် မျက်ရှုဆောက်သား သည့်နောက်သိန်းနီ တဘက်ချီသော် တိမ်ဆီသွယ်ဖြူး တောင်မြင့်ဦး၌ ထူးထူးလက်နက် စီလျက်ကြိုးကျံ မြို့နှင့်ခံလည်း တပ်ရံဖြဖြ ခဲခက်လှ၏ သူကငတ်မွတ် ကိုယ်လွတ်ပြေးသွား စော်ဘွားတလှစ် သစ်သစ်မြို့လုံး သိမ်းယူကျုံးမှ လက်ရုံးဆန့်ကာ ဘိုးထွဋ်ချာလည်း အာဏာလွှံ့ကြား ဘဘုရားကို ရေးခြားအံ့လောက် မောင်သာဖျောက်၍ ရန်တောက်ပျောက်ကြေ နိုင်ပချေဟု ဧကရာဇ်တကာ ပေးခဲစွာသား စုံရာမြှောက်တင့် မြတ်သောခွင့်ကို ထွဋ်မြင့်ဦးစွန်း မိန့်တော်မှန်းသည် ရွှေခွန်းတည့်မြွက်ပေး ကြိုက်မြတ်လေး ။


  1. အိမ်ရှေ့လက်ထက် ဘိုးဘုန်းတက်လျှင် မြန်ချက်နိုင်ငံ သာစံသဘင် အောင်မြင်ပွဲလမ်း ရဲစွမ်းတန်ခိုး တင့်မောက်ဖြိုးတည် ထစ်ကြိုးမိုးနှယ် အကျယ်ရွှေမှောက် လှည့်၍လျှောက်ရှင့် သာလျောက်ရွှင်ပျော် ပျံ့ပျူးဖျော်အံ့ ဘိုးတော်ဘုန်းဝှန် နတ်ပြည်လွန်လည်း ဗိမာန်သိင်္ဂါ မြန်းရိုက်ရာကို ထွဋ်ချာပဝရ မြှောက်ထိုက်လှရှင့် ရှင်ဘဘုန်းမြင့် ဖွင့်သောဦးကင် တစီပျင်ကား တုယင်ရဲနောင် ပြောင်ပြောင်စလွယ် မျက်ချယ်ရောင်မောင်း ဦးပေါင်းသင်းကျစ် မှောင်ညစ်လင်းပျောက် မင်းမြှောက်ရတနာ တန်ဆာငါးထွေ ချစ်ဘွေညီးညီး ရွှေထီးဖြန့်လွှား နေခြည်သားမှ ပုဏ္ဏားရှစ်စုံ ပွင့်တုံနေဇာ လက်ျာခရု အောင်ဆုပြဌာန်း မြေနန်းတက်ခါ မင်္ဂလာကျင့်စဉ် သဖန်းပျဉ်ထက် စီရင်သင့်စွာ မည်တော်သာမူ မဟာဓမ္မရာဇာ အက္ခရာရွှန်းစံ ဘိသိက်ခံက ကျံကျံတီးမြည် ကျည်းပြည်ဥဿာ မြန်မာမင်းမှု ဇေယတုဟု ခရုတံပိုး မုရိုးလက်မြှောက် တံကောက်ခရာ တံမြွာတံရှည် ပိတ်ကျည်ဒုံမင်း ခရုသင်းနှင့် ခွက်ခွင်းရီရော စည်ပြောတဆန်း စည်ဝန်းသံလွင် ပဉ္စင်တုယောင် တောတောင်ကိုင်းကျွန်း ရိုက်မွှန်းသံထင် ပဲ့တင်ထပ်မော သောသောဝှန်လိုက် ကျိုက်ကျိုက်ဟိုးဟိုး ကျွန်းလုံးနိုးသည် ထပ်တိုးတည့်ထွေးထွေး ဗိုလ်ဖွေးဖွေး ။


  1. အကြိမ်တထောင် လျှံပြောင်ထွန်းဝါ တရာနာရေး ရှစ်ကွေးထောင့်ယွန်း လင်ပန်းရောင်ကျော် မနော်ဘက်မဲ့ တဆဲ့ငါးထွေ ကြည်းနေဆောင်ရွက် နန်းတက်လက်ဆောင် ပြည်ပြည်ထောင်က မြားမြောင်သိန်းသန်း ရှိပန်းခရံ ဆက်သခံမှ မိုးယံမတ်မတ် ပျံမတတ်တည့် ပြာသာဒ်ပြောင်ရွှန်း ရထားနန်းထက် ဖြူဝန်းပိုက်ပိုက် လေးစင်းစိုက်၍ မင်းထိုက်တန်ဆာ ရတနာနှင်နှင် မျက်ရှင်ရောင်နွယ် နတ်မှာနှယ်လျှင် စံပယ်သဘင် ဘုံခြောက်ခွင်သို့ သံလွင်ရိုက်တီး မြှောက်ချီးမုရား မိုးလွှံ့ကြားမှ ဘုရားကျိန်းတန် ဇေတဝန်နှင့် သဏ္ဌာန်မပြောင်း လေးထပ်ကျောင်းကို အပေါင်းသင်္ဃာ အရိယာဝယ် မဟာသင်္ဃနာထ မြတ်ထေရအား တရာ့တစင်း မင်းတို့သရဖူ လှူတော်မူ၏ နတ်လူကြည်ပျော် ညွတ်ပူဇော်သည် ဘိုးတော်ကောင်းမှု သဗ္ဗညုကို ဇမ္ဗူ့သခင် ရွှေထီးတင်၍ ရွှေစင်လှော်ပြည် သင်းချောတည်မှ မရှည်ပြိုင်ထောက် ရှင့်ဘဆောက်သား အံ့လောက်မဟာ သုဓမ္မာလည်း နတ်မှာပြောဆို သည်ပင်ကိုဟု ဗိုလ်လူသီးသီး ရှုမငြီးသည် ဝှဲချီးတည့်အံ့မေး ငြင်းကြထွေး ။


  1. ရွှေနန်းတက်လျှင် ဘဝဂ်ကြားကျော် ကောင်းမှုတော်ကား ရွှေလှော်မောင်းမောင်း နောက်တောင်စောင်း၌ ရွှေကျောင်းပြောင်ပြောင် သုံးဆောင်ပြာသာဒ် မိုးပြင်လတ်ဝယ် ရွှေထွဋ်ရွှေသီး ညီးညီးရောင်ချက် ဆယ်ရပ်စက်၏ မြောက်ဘက်ရှစ်ရပ် လေးထပ်ဗိမာန် ဇေတဝန်လည်း ဝေယန်တူဘိ ယိုးဘွယ်ရှိသား ပန်းတိလှိုက်ကျူ နန္ဒမူဟု လူလည်းမှတ်ထင် နတ်ပင်အံ့မူး ဥမင်ဦးတုံ ဖြူးဖြူးတိမ်တိုက် ထိုမျှဆိုက်၍ မှောင်မိုက်လင်းစင် ထိန်ထိန်ရှင်၏ ဝန်းကျင်ရံပတ် မှူးမတ်တဝေး သူဌေးသူကြွယ် လေးနွှယ်မျိုးပြား အခြားခြားတည့် တရားစောင့်ရှောက် မကောက်မယွန်း ဖြောင့်တန်းဒါန သီလသိတင်း တောတွင်းတောင်ခြေ ကြည်းရေကန်ဆယ် ပြည်လယ်ပြည်ပ ဂါမနိဂုံ ပြည့်စုံစိတ်ဝမ်း လွန်ငြိမ်းချမ်း၏ ပွဲလမ်းစည်မောင်း စောင်းညှင်းမှုတ်တီး သ္မီးလုင် သဘင်ယိုးခိုင်း အဆိုင်းဆိုင်းသည် နေ့တိုင်းတည့်ပျော်ရေး ရွှင်စည်းဝေး ။


  1. ဗိမာန်ရတနာ နန်းသိင်္ဂါထက် ကျယ်စွာတိုင်းကား မျိုးလေးပါးကို တရားတည်နေ ငြိမ်းချမ်းစေမှ ရဲလှေလောင်းရဲ တိုးကျွဲမိကျောင်း ရုပ်ပေါင်းထွေပြား လှော်ကားသံလှေ တွက်ရေပြီးဖျင် မြေပြင်တောင်ကမ်း မွမ်းမွမ်းထိတ်ထိတ် ဘိတ်မျှရေကြည် နှင်းရည်ပုံပေါင်း ထိန့်ရိုက်ခြောင်းသား ပွင့်လောင်းခေါင်ထွဋ် ဘနေနတ်လည်း ပြာသာဒ်သုံးဆောင် စံရွှေဘောင်နှင့် ရွှေတောင်ရေဝယ် ပေါ်သောနှယ်သို့ စံပယ်နတ်ပြီ ပြည်သို့ချီသော် သရီမွေပုံ ရွှေစည်းခုံ၌ ရွှေငုံပူဇော် ဆုကြီးရော်မှ တင့်တော်ရှစ်ရပ် ပဲ့တင်ထပ်မျှ ရေတပ်သူက ကြည်းတွင်ကလည်း ထိုကရဲမက် ပွက်ပွက်ကျိုက်ကျိုက် ဆီးကာတိုက်တည့် နိုင်လိုက်ရွပ်ရွပ် ထက်ကြပ်မကွာ ပြည်မှာရောက်လည်း ရေကြည်းကစ ပိတ်ဆီးကြ၍ ဖြဖြရံတက် လွန်ရက်မတ်မတ် ပတ်ပတ်ညည်းညည်း ဗိုလ်လည်းမကြွင်း ဆင်မြင်းထီးနန်း တောင်စွန်းညာထား မိဖုရားနှင့် ပြည်စားသည့်မင်း တင်းတင်းယူကြုံ တောင်ပုံမိုးယံ ကျောက်သံပတ္တမြား မြေးသားကစ ဘမ်းယူကြသည် လက်ရတည့်ဖြင့်ဧ ရွှေငွေကြေး ။


  1. ပြည်ကိုရ၍ ရွှေဝမိမာန် စံပယ်ပြန်မှ ရှေးလွန်ရာဇင်း အမင်းမင်းတို့ ရှိန်ပြင်းထိတ်လှ လုံးကြံ့ကြလည်း မရဘူးလေ ရှောင်ချေသည်သာ ရန်ရှာမည့်သူ ဝံ့မပြူတည့် တောင်ငူဟူသည် သို့သည်ပြည်ကို ဘုန်းစည်နတ်တူ ချီတော်မူသော် ကြီးထူပညာ အာသာစွမ်းရဲ တက်ကဲလွန်တိုး တန်ခိုးထွန်းပေါ် အမြော်အမြင် ဆင်ခြင်ဝိရိယ တေဇနေစက် ဘုန်းလက်နက်နှင့် ဒက္ခရက္ခ မာနကြမ်းခိုင် စောင့်သည့်အိုင်ကို စိုးပိုင်ကဲလွန် ခိုက်ရန်ပျောက်စဲ မသတ်ဘဲလျှင် သုံးစွဲပြန့်ပြန့် ဗောဓိညွန့်လျှင် လုလွန့်ဝေးက ကြိုက်တိုင်းရသို့ ရေမျှမနောက် ကြာမရှောက်တည့် ထွန်းတောက်ကြက်သရေ ထိန်ဝေပြောင်ပြောင် လက်ရုံးရောင်နှင့် အခေါင်ကြငှန်း ရဲထိပ်ပန်းလျှင် ထီးနန်းဆင်မြင်း မကြွင်းသိမ်းကြုံး မြို့လုံးတောင်ငူ အောင်တော်မူသည် လွယ်ကူတည့်သာနွှေး ကြံတော်ရေး ။


  1. ပြည်ကြီးတောင်ငူ အောင်တော်မူ၍ နေတူပြောင်ရွှန်း ရွှေနန်းဦးကင် ပျံ့ပျံ့ရွှင်မျှ သံလျန်မြို့စား ပင်လယ်နားက ကုလားကော်ရော် ကျွန်တော်ရိုကျိုး ခံရနိုး၍ အားကြိုးပန်ထွာ လျှောက်ကြလှာသည် သာသနာဖျက် ထိုသူပျက်ကို ရွှေစက်ရိပ်၌ မခိုထိုက်ဟု မကိုဋ်သီရိ မျက်တော်ရှိ၍ ဘုမ္မိမင်္ဂလာ ဘိုးတော်ရာကို နတ်ရွာအတူ ဖြစ်စိမ့်ဟူ၍ ကျိုက်ဆူကြည်းရေ ကချေသဘင် မြေပြင်တောင်ကမ်း ညိတ်ညိတ်မွမ်းမျှ ဆော်ရမ်းရဲတင်း ညှင်းညှင်းကြွချီ ရာသီပြာသို နွယ်ညိုပွင့်ခါ သာယာရဲမက် ဘဝဂ်ဝှန်ခြောက် သံလျင်ရောက်က စက်အောက်တဖန် ရောက်လှာပြန်လည်း နတ်ဟန်အမြော် အထွဋ်ပေါ်လျှင် မျက်တော်မပြေ လုပ်ကြံစေသော် ခံနေစရာ မရှိသာတည့် ကျောက်ဖျာပြိုရှိ မိုးသို့ထိသို့ မီးငြိသည့်သွင် လင်းအောင်မြင်မှ ရွှေဟံသာပြည် နန်းတည်ဌာန စက်တော်ချသည် မွမွတည့်လက်နွှေး ကြာမနှေး ။


  1. မီးငြိသောသွင် ချက်ခြင်းပင်လျှင် သံလျင်မြို့စား ပျက်၏ကြားက ဗညားဒလ များလှဆင်မြင်း ခင်းကျင်းပြည့်နှက် ရောက်လှာဆက်၍ ရွှေစက်ရိပ်၌ ဦးခေါင်းဆိုက်က မကိုဋ်ထွဋ်ထား ဘဘုရားလည်း ဗညားဓမ္မရာဇာ မည်သာတထပ် ဖြူလပ်ထီးနန်း ကြပ်ဝန်းခွန်ရ မုတ္တမကို တကွနတ်လျှင် ပေးပြီးလျှင်မှ ဆင်ကာထားတည် ပြောစည်အုတ်ကျက် အရှေ့ဘက်သို့ ရွှေစက်ပြောင်ဝင်း ထိန်ထိန်လင်းမှ မြစ်မင်းယှဉ်ပြိုင် ပြွန်စလှိုင်ဟု ငါးဆိုင်ဆုံကျ ပင်လယ်ဝသို့ ရောက်ကစည်ပင် ကြာမတင်တည့် မြေပြင်လွှံ့ကျော် ကြီးဘုန်းတော်ကြောင့် မမြော်ဘူးလေ ပျော်ကြစေဟု ကိုးထွေမျက်ရှင် ချယ်မွှန်းဆင်သား ရွှေစင်ဖောင်းလွ ယဉ်နတ်သထက် နရဘုန်းတူ စီးတော်မူလျက် နေတူရောင်မြူး ဘောင်တော်ကူးသော် ပျံ့ဖျူးမင်းလိုက် ရေ၌သဘင် စံပယ်ရွှင်မှ စစ်လျှင်နှစ်ကြောင်း ပေါင်းလောင်းထားဝယ် အလွယ်သိမ်းယူ တကြောင်းမူကား ကြီးထူအံ့အား ယိုးဒယားက ဩယားတထူး ဗညားဦးဖြင့် ဟူးဟူးလွှင့်တိုက် ထိန့်ရိုက်ဖျန်းဖျန်း သဝန်းခံလောက် မြစ်ရောက်လှစ်တွဲ သောက္ကဒဲနှင့် ပြိုကွဲထိန့်ရိုက် ကမန်ပိုက်ကို ပြိုက်ပြိုက်မြို့လုံး ကြုံးကဲ့ဖျင်ညီး အဖြီးဖြီးသည် ရိုက်ချီးပုံပြေး ကြိုက်ရာရွေး ။


  1. ပစ်ဘောက်အချက် အာဏာစက်ဖြင့် ရှေ့ဘက်တလွှား မြို့ပြများကို အစားခန့်မှ မုတ္တမသို့ ဖြန့်ကြွစားခန်း ရွှေစက်ထွန်းသော် ယွန်းကတပ်တာ ရေးရာမညီ ကစီကရင် လျှောက်ဦးတင်သော် မီးသွင်ရှိန်ပြေး မျက်တော်ပေးက မလေးကြံဆ မိသမျှနှင့် တေဇဝရဇိန် စစ်ချိန်မှုတ်သီ အပြင်းချီလျက် တိမ်ဆီအထိ လောင်ဘိတက်သက် မြစ်ဘက်ကူးမြောက် ယွန်းပြည်ရောက်သော် သံကျောက်ကဲ့သို့ လကွန်းမြို့ကို မင်းတို့ထိပ်ဘွေ လုပ်ကြံစေက ရေမကြီးခင် အလျင်စွန်းစွန်း ဗညားနန်းလည်း ရှိပန်းပန်ဆင် ရှေ့ဦးတင်၍ သည်ပြင်တလွှား ဗညားပြားလည်း ထပ်ပွါးသောင်းသောင်း ဆင့်ကဲလောင်းလျှင် ဆယ်ချောင်းလက်ဆွတ် ဆက်လှာညွတ်၍ ရေးချွတ်မလျော် သတိုးကျော်လည်း ဘုန်းတော်လွှင့်မြောက် ချက်ခြင်းပျောက်၏ အလျောက်တိုင်းကား ပြည်သူအားလည်း ထိပါးနှောင့်ရှက် သစ်တရွက်မျှ မပျက်စေရ ထွန်းပသာသနာ ရတနာသုံးမည် တိုးတက်စည်အောင် အခေါင်နတ်ရှင် ဖန်စီရင်သည် ကြာတင်တည့်မနှေး အသာနွှေး ။


  1. တမ္ပရဋ္ဌ တိုင်းမအလုံး လက်ရုံးဆန့်ကူ အရယူက မဉ္ဇူရန်နှိပ် ဗောဓိရိပ်၌ ရောင်ချိပ်လွင့်လွင့် သစ္စာပွင့်သို့ မြေပြင့်အပြည့် လှည့်၍မအား ဖလားဝတ်လုံ ရွှေပုံရွှေခိုင် ရွှေတိုင်ဆင်မြင်း ရံကျင်းအုတ်ကျက် ထပ်မျှဆက်၏ မင်းထက်မင်းဖျား မြို့တလွှား၌ အစားအစောင့် အဖြောင့်အမှန် ခန့်ထားရန်မှ တဖန်ပြဌာန်း ဗညားနန်းကို ကြငှန်းဘုန်းကြွယ် ပြည်ဇင်းမယ်ကို ပျော်ဘွယ်ထီးနန်း ကျယ်ဝန်းမြို့ကျေး နှင်းခန့်ပေး၍ ထစ်ကြေးမိုးသား ပျံကြွားမြူးခုန် ကဆုန်ခါနွေ စံကားရွှေနှင့် ညောင်ရေရာသီ သာညီရဂုံ ပန်းမျိုးစုံလျက် မြူးတုံကျေးငှက် သောက်ယက်ရွှေဝတ် ယူဆွတ်ရွှင်ခါ မင်္ဂလာဖြင့် ဟံသာနန်းဆီ ပြန်ခဲ့ချီသည် နတ်ပြည်တည့်တဝေး ပုံတပြေး ။


  1. မင်းတကာလျှင် ကြံခါစီရင် ပြုစုချင်လျက် ပြုလျှင်ပြီးတိုင် မတတ်နိုင်တည့် မပြိုင်ရန်သူ ကျွန်းဇမ္ဗူထက် ကြီးထူဘုန်းအင် ဘနတ်ရှင်မူ အမြော်အမြင် အကျော်အစော တည်မောဣန္ဒြေ တင့်နေထွန်းပေါ် ကြံတော်မူတိုင်း မတူနှိုင်းတည့် ပိတ်သိုင်းရှေ့နောက် တောင်မြောက်မသိ တောဖြစ်ပြီးလျက် ဗောဓိစေတီ သရီရဓာတ် မွေမြတ်ဂူကျောင်း ထောင်းထောင်းပြိုအက် ရှင်းရှင်းပျက်လည်း တချက်တည်းခြင်း ပြီးစေလျှင်း၍ ဝင်းဝင်းထွန်းဝါ သာသနာလျှင် ဟံသာပတ်လည် သိကြားတည်သို့ စိုပြည်ဝပြော မော်ဓောဒဂုံ ရောင်စုံလျှံစွတ် ခေါင်ထွဋ်သကျ ဟူသမျှကို ဘဝသခင် ရွှေထီးတင်လျက် ရွှေစင်မင်းစံ သင်းချောမံသည် ရောင်လျှံတည့်ဝှန်ပြေး စွေးရရွေး ။


  1. ကြက်သရေတက်ရွှန်း ဘုန်းတော်ထွန်း၍ ကျွန်းကျွန်းသခင် အောင်မြင်ပွဲစည် စီရင်သမိုင်း တင်မော်တိုင်းကို ပြိုင်နှိုင်းတူကျွန်း တရွှန်းရွှန်းတည့် မော်ကွန်းရွှေစာ ပြောပရာလည်း အာဏာမထွက် ရိုးရွက်လွန်တင် ဥဒါန်းဆင်ပိမ့် သည့်ပြင်တလတ် နေနတ်နရ အာသောကလျှင် တတိယသင်္ဂါယနာ တင်ပမာသို့ ပေစာဓမ္မ ဟူသမျှလည်း ရှေးကဟောင်းမြင်း တိမ်မြုပ်ယွင်းလည်း မကြွင်းရအောင် မြရောင်ရည်ညက် ရွှေပေထက်၌ ရွှေစက်ပျံ့မွှေး ဟောတိုင်းရေး၍ ကံကျွေးနိဗ္ဗာန် မဂ်ရှစ်တန်ကို ရရန်သီရုံး ဆုယူကြုံး၍ ကျွန်းလုံးထိန့်ဝှန်း သုံးကြိမ်မွှန်းသား တောင့်သွန်းပိဿာ အာဏာဝှန်ခြောင်း စံခေါင်းလောင်းဖြင့် အပေါင်းရေမြေ ထိန်ဝေကြိုင်နံ့ ဒါနဖြန့်၍ မြူးကွန့်တေဇာ တန်ခိုးမှာမူ သီတာရေစမ်း ကမ်းကိုလွှမ်းလည်း တမ်းလေမြွက်ဟ မိန့်တော်ပြက လျှောကျချက်ခြင်း မိုးစွေပြင်းလည်း လင်းလင်းမဖုံး လှနှလုံးကို လက်သုံးတော်ထား ပြစေငြားလျှင် တိမ်သားတက်လေ မရွာနေ၏ ဒီရေဝှန်လိုက် တက်ခါကြိုက်လည်း မကိုဋ်ဘုန်းတူ ကူးတော်မူက တက်ဆူမဝံ့ ခံအောင်ငံ့၏ မအံ့လှည့်နိုင် အဆိုင်ဆိုင်တည့် မပြိုင်လွန်ကျူး အာဏာမြူးသည် ကြားဘူးတည့်ဆက်ရှေး မဆင်သေး ။


  1. မဇ္ဈိမတိုက် ပြည်ပြည်၌လည်း ကျိုက်ကျိုက်ကျော်ဟိုး ထစ်ကြိုးရိုက်ကြွေး သိတင်းမွှေး၍ မင်းရေးရတု မင်းမှုထိုက်အောင် လက်ဆောင်သောသော သင်္ဘောနှင့်ချည်း အပည်းပည်းတည့် ဝှန်သည်းရိုညွတ် အက္ကပတ်လည်း မုတ္တကတ်မကြွင်း ကျည်းမင်းတို့ပြည် အစည်မကျန်း ကုရုကျွန်းလည်း တသွန်းအဟို ဘုန်းရိပ်ခို၏ အဟိုနှင်နှင် ဇာနည်ဆင်လည်း ဖျင်၏မွမ်းမွမ်း ဆင်ဘမ်းသဘင် တိန်ညင်ပြွန်အောက် သွင်းရောက်ဆဲဆဲ ထပ်မစဲတည့် လေးပွဲသင်္ဂြိုဟ် နဂိုရ်မြန်ချော ဆယ်ဖြာမင်းကျင့် ထွဋ်မြတ်မြင့်၍ ဘုန်းဖြင့်ရောက်လှာ ပဒေသာလည်း တည်ရာပေါ်ထွန်း ဥဒည်ကျွန်းနှင့် တိမ်စွန်းကောင်းကင် ဘုံခြောက်ခွင်သို့ မြေပြင်အထိပ် ရွှေစက်ရိပ်တွင် ပြည့်သိပ်ခပ်သိမ်း ချမ်းသာငြိမ်း၍ မုဒိမ်းတန္တ မထရန်ဘေး မြူမမှေးတည့် ထွေးထွေးနုရင့် သီးပွင့်ရွမ်းပြန် နွေသန်ဟေမ ကာလရာသီ ကုန်ပြီမဆို ချဉ်ချိုဆိမ့်လေး ကြိုင်မွှေးပန်းမန် နန္ဒဝန်နှင့် သဏ္ဌာန်တူစွာ ဥယျာဉ်သာလည်း ရောက်လှာသသူ နတ်လူပျော်မွေ့ ရပ်ရွာမေ့၏ ကြီးလေ့ဘုန်းတန်း စောကြငှန်းလျှင် တက်ထွန်းကြေညာ သာသနာကို လျှံဝါပြောင်ပြောင် တည်ကြောင်းထောင်သည် မိုက်မှောင်တည့်စဉ်ဝေး ရန်အလှေး ။


  1. တဖြိုးဖြိုးလျှင် တန်ခိုးရောင်ခြည် ထိန်ထိန်လည်မျှ မည်သည်မစဲ နေ့တိုင်းကဲသည် မင်းရဲဒိဗ္ဗ နရအခေါင် ရွှေနားထောင်လော့ ရွှေတောင်စဉ်ဆက် စံပျက်တည်ခန်း နန်းတက်မနော ဘေးလောင်းစောကို အကြောဇမ္ဗူ သိမ်းယူအုပ်စိုး ရှင်ဘိုးတော်စစ် ဘုန်းသစ်ထွန်းတက် ဆယ့်နှစ်ဆက်လျှင် နတ်ဘက်တမျှ ရှင်ဘမင်းဖျား စံကြောင်းများကို ကိုယ်ပွါးထောင်မြစ် ဖန်ဆင်းလှစ်၍ ရာနှစ်ရှည်ကျော် ချီးကျူးသော်လည်း ကျွန်တော်လုံးခြုံ လျှောက်မကုံခဲ့ ပြောက်စုံပြိုးပြက် ပုခက်ရတနာ တင်မည်ခါက ဇေယျာတီထီ ရာသီခန်းပတ် နက္ခတ်ဂြိုဟ်တန့် လက်လည်းသန့်၏ အောင်ပန့်းမင်္ဂလာ တသာတြင်း နဝင်းကောင်းဖြီး သံလွင်တီး၍ မှူးကြီးမတ်ကျော် ကတော်စိုးမင်း ဖြည်းညှင်းမစ ထိန်းယပြွမ်းပြွမ်း အခမ်းအနား ခင်းထားဆောင်ယောင် ရွှေတောင်ပြက်သန်း ဘုန်းမွှန်းကြိုင်ကြိုင် ဧတိုင်ဧခံ ကျံကျံကြူးကြော် စက်တော်ခေါ်ဟု ရွှင်ပျော်သဘင် ပုခက်တင်သည် စံရွှင်တည့်မင်းရေး ပျံ့ပျံ့မွှေး ။


  1. တပျံ့ပျံ့လျှင် ရနံ့ကြိုင်ရွှင်း တညှင်းညှင်းနှင့် ဒုံမင်းသံသာ တူရိယာဖြင့် စဉ်လာနန်းထဲ ကျူးရင့်နွှဲ၍ လက်ဝဲလက်ျာ ရံကာခညွတ် မှူးမတ်မည်ရည် ထီးစည်ရံဖြီး သားသ္မီးတည့် ဖျင်ညီးမစ ထိန်းယချီပိုး နိုးလည်းထွေထွေ ဖြားယောင်းစေလျက် ညံ့ပြေချောမွတ် ကရတ်ခါသာ ပန်းမွေ့ရာထက် ဂီဝါရောင်ချက် မျက်နှာကြက်မူ ကိုးမျက်ရွဲရွဲ ရွှေစာပွဲမှ ဝှဲဝှဲကြာယပ် သုံးထပ်ရွှေညောင် ပြောင်ပြောင်ရွှေခြူ လူလူညိတ်ညိတ် ရွှေချိတ်ရွှေကြိုး ဘေးမျိုးပျောက်ကွာ လေးမျက်နှာလည်း အဋ္ဌာဝီသ ဒေဝနတ်စစ် ဒုမရာဇ်တို့ ရစ်လှစ်ပယ်ဖြောင့် ထက်ကြပ်စောင့်၍ လေးထောင့်ခြင်္သေ့ မရွေ့ဟောက်ဟန် မကျန်စီရင် သည့်ပြင်တခြား နဂါးဂဠုန် တောင်ဟုန်ဖြူးဖြူး သာရွှင်မြူးလျက် ကစားဘက်ကား ရွှေငှက်ဟံသာ တမာကုလား ဖေါင်းကားကြက်တော ဥဩရင့်ကျူး ကျင်ဘူးရွှေစင် မြင်းဆင်ပုံကျင်း ခုန်ညင်းကြက်ပေါင် လုပ်ဆောင်ဆန်းကြယ် ကလူဘွယ်နှင့် ဖြီးကြွယ်လုံးရင်း ဆင်မြင်းဖြီးဖျင် ပြောင်လင်မုန်ရို မျစ်ပျိုသန်ကျန်း ရဲညွန့်ရွှန်းလျှင် ကျယ်ဝန်းကျေးမက် ခန့်တွက်ကြွင်းမဲ့ လက်တော်ဖွဲ့ကို ပြဲ့ပြဲ့တွက်ရေ သိသာစေမှ ထွေထွေသံဖေါက် နားတော်လျှောက်အံ့ နန်းတောက်ပွင့်ရည် ထွဋ်ဘုန်းစည်သည် ထူးလည်တည့်သာမွှေး နာပြန်သေး ။


သံတိုင် ပြီး၏။

  1. စကြဝဠာ သင်္ချာကုဋေ တသိန်းနေသည် ပေါ်ထွေတပြိုင်ထွန်းတည့်လေ ပေါ်ထွေတပြိုင်ထွန်းတည့်လေး ။


  1. တပြိုင်ထွန်းရာ ဇမ္ဗူချာ၌ ငါးဖြာငုံမြတ် သတ္တပတ်ကို ယူဆွတ်မိုဃ်းက ပွင့်တိုင်းရသည် သင်္ခကြာသင်္ကန်းတည့်လေ သင်္ခကြာသင်္ကန်းတည့်လေး ။


  1. သင်္ခရွှေဝတ် သတ္တပတ်နှင့် ဘုန်းထွဋ်ငါးဆူ ပွင့်တော်မူသည် ဇမ္ဗူဤသည့်ကျွန်းတည့်လေ ဇမ္ဗူဤသည့်ကျွန်းတည့်လေး ။


  1. ဇမ္ဗူကျွန်းထက် ဖြူဝန်းဖြန့်စ သမတနှင့် သကျမင်းပေါင်း ရှစ်သောင်းတိုင်အောင် အခေါင်ထိပ်မိုး အစဉ်စိုးမှ မြတ်မျိုးထွဋ်ထား ဖိုးဦးဖျား၌ ကြားခဲ့နောင်ရေး ဗျာဒိတ်ပေးသည် ပျံ့မွှေးမိန့်တော်ခန်းတည့်လေ ပျံ့မွှေးမိန့်တော်ခန်းတည့်လေး ။


  1. မိန့်တော်စက်ရေ ရှိသောထွေဖြင့် သရေခေတ္တ ပုဂံစသည် ပန်းယမြင်စိုင်း ဗျာဒိတ်ပိုင်းဖြင့် သိုက်တိုင်းမှန်ကင်း သုံးပါးမင်းသည် သုံးစင်းရိပ်ဖြူဝန်းတည့်လေ သုံးစင်းရိပ်ဖြူဝန်းတည့်လေး ။


  1. မြင်စိုင်းပန်းယ ရွှေဝစစ်ကိုင်း သိုက်တိုင်းထောင်တည် သာထွန်းစည်သည် စဉ်ရှည်စံဥဒါန်းတည့်လေ စဉ်ရှည်စံဥဒါန်းတည့်လေး ။


  1. ဥဒါန်းဖြစ်စေ ရွှေမြေမြင်စိုင်း စစ်ကိုင်းပန်းယ ရွှေဝစည်ဖြီး တောင်သို့ချီး၍ ရိုက်တီးပဉ္စင် သံလွင်ယဉ်နွှဲ တလွန်ကဲသား မင်းရဲနတ်တူ သီဟသူသည် တောင်ငူစံရွှေနန်းတည့်လေ တောင်ငူစံရွှေနန်းတည့်လေး ။


  1. မင်းရဲနတ်တူ သီဟသူလျှင် ခြောက်ဆူဘုံပေါ် စံလေပျော်လည်း သားတော်သည်းချား မင်းတရားကြီး လျှံညီးတေဇာ ပြင်းအာဏာနှင့် ရိုက်ရာရှင်ဘေး မင်းရေးဘုန်းမြင့် ဦးကင်ဖွင့်သည် ရာဇင့်ထွဋ်ထိပ်ပန်းတည့်လေ ရာဇင့်ထွဋ်ထိပ်ပန်းတည့်လေး ။


  1. အထွဋ်ထိပ်ပန်း စောကြငှန်းလျှင် ရိုက်မွှန်းကြေညာ တိုင်းဥဿာကို တေဇာရဟတ် တိုက်လွှင့်သတ်က သုဒဿန သိကြားပျော်ရာ ဝေယန္တာသို့ ဟံသာဝတီ ခေါ်ညီတွင်မည် ရွှေပြည်ရွှေနန်း ထက်ဝန်းပြောစည် ဘေးတော်တည်သည် ပတ်လည်သာထူးဆန်းတည့်လေ ပတ်လည်သာထူးဆန်းတည့်လေ ပတ်လည်သာထူးဆန်းတည့်လေး ။


  1. ဘေးတော်နေမျိုး နတ်ပြည်စိုး၍ ရှင့်ဘိုးတော်ကြီး နန်းတက်ပြီးလည်း ညီးညီးရောင်ခြည် ဘုံသုံးမည်ကို ညွတ်ကြည်သဒ္ဓါ ကိုးကွယ်ရာဟု မြတ်စွာငါးဆူ တည်တော်မူသည် နတ်လူကောင်းကျိုးမွှန်းတည့်လေ နတ်လူကောင်းကျိုးမွှန်းတည့်လေ နတ်လူကောင်းကျိုးမွှန်းတည့်လေး ။


  1. ရိုက်မွှန်းကောင်းချီး ဘိုးတော်ကြီး၏ ထွန်းညီးတေဇော် ညီတော်ရန်နှင်း ဘိုးတော်ရင်းလျှင် မှန်ကင်းမင်းဝံ ရွှေနန်းစံသည် ကျံကျံဘိသိက်သွန်းတည့်လေ ကျံကျံဘိသိက်သွန်းတည့်လေ ကျံကျံဘိသိက်သွန်းတည့်လေး ။


  1. ဘိသိက်မြှောက်သွန်း ဘိုးကြငှန်းလျှင် သုံးခန်းရပ်နေ ကိုးကွယ်စေဟု သရေဓာတ်ကျော် မွေတော်ရတနာ မဟာသီရိ မြတ်မုနိကို တရိဘဝနာ ဌာပနာသည် ခြောက်ဖြာနေသိန်းသန်းတည့်လေ ခြောက်ဖြာနေသိန်းသန်းတည့်လေ ခြောက်ဖြာနေသိန်းသန်းတည့်လေး ။


  1. ဝေဇယန္တာ ပမာသဏ္ဌာန် ဇေတဝန်ဟု နိဗ္ဗာန်ရည်မြောက် ဘိုးတော်ဆောက်သား လျှံတောက်မှောင်လှပ် ထိန်ထိန်လျှပ်သည် လေးထပ်ပျံဘနန်းတည့်လေ လေးထပ်ပျံဘနန်းတည့်လေး ။


  1. ဘိုးတော်ထွန်းလျှံ နတ်ပြည်စံသော် ကျံကျံသာမြူး ဘိသိက်ကျူးလျက် ဘုန်ထူးထွဋ်တင် ဘနန်းရှင်လျှင် ဘုရင်နရပတိ ထွဋ်တိုင်ပြိလည်း လျှံညိမောင်းမောင်း လေးထပ်ကျောင်းနှင့် အပေါင်းဘုံးဘော် မျက်ရှုပျော်သား ဘိုးတော်ကောင်းမှု သဗ္ဗညုကို နတ်တုသဘင် ရွှေထီးတင်သည် သံလွင်ကျူးရိုက်ဖျန်းတည့်လေ သံလွင်ကျူးရိုက်ဖျန်းတည့်လေး ။


  1. ရှင်ခမည်းတော် မမြော်နတ်တု မြတ်ကောင်းမှုကား မျက်ရှုမြင်သူ နန္ဒမူဟု နတ်လူရှုမျှော် ဥမင်ကျော်နှင့် ကျောင်းတော်လေးထပ် ရွှေစရပ်လည်း နတ်ရပ်ဌာန ရွှေဝနောက်စောင်း ပြာသာဒ်ကျောင်းလျှင် လျှံမောင်းသုံးဆောင် ထိန်ထိန်ပြောင်သည် မိုက်မှောင်ခြည်မသန်းတည့်လေ မိုက်မှောင်ခြည်မသန်းတည့်လေး ။


  1. တန်ခိုးမိုက်မှောင် လက်ရုံးရောင်ဖြင့် ပြောင်ပြောင်သာသနာ ဘေးတော်ရာဟု ဟံသာမည်ရ ရာမညကို ရှင့်ဘထောင်တည် တိုင်းထက်စည်၍ အပြည်ပြည်မင်း ရာထီးစင်းတို့ ရှိန်ပြင်းလန့်ပြို စက်ရိပ်ခိုသည် နဂိုရ်ထွဋ်ကြငှန်းတည့်လေ နဂိုရ်ထွဋ်ကြငှန်းတည့်လေး ။


  1. နဂိုရ်ကြငှန်း မြတ်ဘိထွန်းသား ဘုန်းတန်းတေဇာ အာဏာလက်ရုံး နှလုံးဇာနည် တည်ကြည်စံပယ် တင့်တယ်ကျော်သဲ စွမ်းရဲသိပ္ပ ဌာရသနှင့် ရှင်ဘလက်နက် အာဏာစက်သည် ဘဝဂ်မိုဃ်းထုတ်သန်းတည့်လေ ဘဝဂ်မိုဃ်းထုတ်သန်းတည့်လေး ။


  1. ဘဝဂ်ထုတ်သန်း လှူဒါန်းဒါန သီလကုသိုလ် ရေဆိုများလွန် ရေကန်ရေတွင်း ရှေးမင်းကောင်းမှု ရုပ်တုစေတီ သိင်္ဂီကျောင်းဆောင် ရွှေညောင်ဗောဓိ လျှံညိသာသနာ စည်ထွန်းသာသည် ဗျာပါဝေလံကျွန်းတည့်လေ ဗျာပါဝေလံကျွန်းတည့်လေး ။


  1. စည်ထွန်းသာသည် ဟံသာဝတီ ပြည်မျှဦးစွန်း နောက်တော်ယွန်း၌ အနန်းကံ့ကော် ရွှေနော်ဇာမျိုး မတိုးနေခြည် လေပြည်ရစ်ဖြူး ကွမ်းဖူးစံကား နုထွားမှည့်ရင့် သီးပွင့်ကင်းငုံ ပင်မျိုးစုံသား မွှေးထုံနှင်းပျော် ဥယျာဉ်တော်လည်း ခြောက်ဘတော်နတ်မှာ နန္ဒဝါသည် ပမာပုံမယွန်းတည့်လေ ပမာပုံမယွန်းတည့်လေး ။


  1. မယွန်းနတ်မှာ ဝတိန်သာသို့ သာယာစံပယ် ရွှေနန်းလယ်၌ ရွှေသွယ်မင်းတက် ရွှေပုခက်ကို နှစ်ဘက်ရံဆိုင်း ရွှေကြိုးသိုင်း၍ နေ့တိုင်းပျော်မြဲ ရွှေဒန်းဆွဲလျက် ရင့်နွှဲပျံ့ပျူး ယုယကျူးသည် ကြိုင်မြူးထုံနံ့မွှန်းတည့်လေ ကြိုင်မြူးထုံနံ့မွှန်းတည့်လေး ။


  1. ကြိုင်မြူးထုံမွှန်း ထိန့်ရိုက်ဝှန်း၍ လျှံထွန်းရောင်လင် ပုခက်တင်လည်း မြင်းဆင်လုံးရင်း ကျွန်သင်းကျေးမက် ခွန်ထွက်ပြီးဖျင် လက်ဖွဲ့ဆင်သည် ပြောင်လင်ရဲညွန့်ညွန့်တည့်လေ ပြောင်လင်ရဲညွန့်ညွန့်တည့်လေး ။


မင်းရဲဒိဗ္ဗဧချင်း ပြီး၏။