မင်းထိပ်ဦးနေဧချင်း

From Wikisource
Jump to navigation Jump to search
မင်းထိပ်ဦးနေဧချင်း
by ပဒေသရာဇာ
  1. တိုးတက်မင်္ဂလာ ဘုန်းတေဇာတည့် ဖြာဖြာဖြိုးမြင့် မငြိုးပွင့်သည် ရာမင့်ဦးစွန်း ထိပ်ပန်းလုချာ ဧကရာလျှင် မဟာရာဇာဓိပတိ မည်တော်ရှိသည် သီရိထွန်းပ နရသင်းကျစ် ဧကရာဇ်၏ ရင်နှစ်သွေးရည် လှသည်ရောင်ဆင်း လနှယ်ဝင်းသည့် မင်းထိပ်ဦးနေ မြတ်သန္ဓေကို ရံရွေပြီးမှ ချီထိန်းယနှင့် နုရွငယ်သက် ကစားဖက်ကို စုံမက်ပျံ့ပျူး လွှဲကျူးစရာ ဧးချင်းစာကို ရုံးကာလွယ်လှ အကျဉ်းပြ၍ ဘုရားကျွန်တော် ထင်ပေါ်မင်းပွဲ မင်းရဲမင်းလှကျော်ထင် ဦးတင်ရှိမြောက် စီကုံးလျှောက်မည် စံမြောက်ရွှေလှော် နန်းထက်ဖျော်သည် နားတော်စေ့စေ့ နာတည့်လေ လျင်လျင်တည့်ဘုန်းမွေး စက်ပျော်ရေး ။ ရွှန်းရွှန်းတည့်ယဉ်ချေး နှုတ်ပျံ့မွှေး ။ ဧးယဉ်တည့်သံလေး သံယင်ဧး ။
  2. ထွန်းပအသရေ ထွေထွေဆန်းထူး ရှုတိုင်းမူးသည် ထိပ်ဦးနေရှင် ရုပ်သွင်လှကျော် ရွှေနားဖျော်လော့ ထွန်းပေါ်ကမ္ဘာ တည်သောခါက မဟာသမ္မတ စ၍တိုင်ရှဲ့ မင်းဖြစ်ခဲ့ပြီး မြို့ကြီးသာစည် တကောင်းပြည်ကို စိုးသည်လုထိပ် ခုနစ်ကျိပ်နှင့် ရန်နှိပ်ပယ်ရှား ခုနစ်ပါးမှ ရွေ့ရှားတထွေ သရေခေတ္တရာ ပြည်အောင်ချာဝယ် ရာဇာဘုန်းကြွယ် နှစ်ဆယ်ကကျူး ခုနစ်ဦးလျှင် စိုးမှူးခဲ့နောက် ဘုန်းတောက်ထင်ရှား နေနဂါး၏ သည်းကြားပျူမင်း ထွတ်ရန်နင်းလျှင် ပွင့်လင်းသာစံ ပြည်ပုဂံကို ဘုန်းလျှံဥမျိုး စံ၍စိုးသည် တန်ခိုးပြင်းတေဇာတည့်လေ ရန်မာန်တည့်နီးဝေး ကြောက်တုန်ဧး စဉ်ရှည်တည့်ဆက်ရှေး သခင်ဘေး ။
  3. ဥမျိုးအစ သည်ကဖြစ်ခဲ့ ငါးဆဲ့ငါးယောက် စိုးပြီးနောက်မှ ရွှေမှောက်ထွတ်တင် တစီးရှင်နှင့် ဥကင်ခြောက်ဆက် မပျက်မူလ ပြည်ပင်းယကို စိုးရကွပ်သိုင်း မြို့စစ်ကိုင်းဝယ် ဘုန်းလှိုင်းရာဇာ သင်္ခယာဟု ဆက်ကာခြောက်တန် စိုးပြီးလွန်မှ တံခွန်ရွှေဝ မြတ်ဌာနကို အစအုပ်မိုး သတိုးမင်းဖျား တရားမင်းခေါင် တည်ပြန်ထောင်၏ သည်နောင်ဧကရာဇ် တကျိပ်နှစ်တို့ တလှစ်စိုးကဲ ဝံ့ပြီးစဲမှ မင်းရဲဘုန်းတူ သိင်္ခသူလျှင် တောင်ငူနန်းမြင့် ရိပ်ဖြူဖွင့်၏ သည်မင်းသည်းကြား တရားပွင့်လူ ဆင်ဖြူများရှင် ဘုရင်များချာ နန်းဟံသာကို အာဏာသိမ်းအုပ် ချုပ်ခဲ့ပြီးမှ နရသည်းကြား မင်းဖျားထွတ်တင် ညောင်ရမ်းရှင်လျှင် ရပ်ထင်ပူရ သည်ရွှေဝကို လောကတံခွန် ထူဆောက်ပြန်သည် ရန်မာန်ပျောက်ရှင်းရှင်းတည့်လေ မကြွင်းတည့်မြူမြှေး စင်အောင်ဆေး ။ ဘုန်းလျှံတည့်နီးဝေး ဖြာဖြာပြေး ။
  4. သည့်နောက်သည်းချာ မဟာဓမ္မရာဇာ ဆက်ကာစံပျော် ညီတော်ဘုန်းဝှန် သာလွန်မင်းတရား သည်းကြားဘုန်းလျှပ် ငါးထပ်ဒါယကာ နရာထိပ်ပေါ် ညီတော်ပြည်မင်း ရင်တွင်းသည်းချာ ဆက်ကာဘုန်းတောက် အထွတ်ရောက်၏ သည့်နောက်ကျော်သည်း ခမည်းတော်ဘေး ဘုန်းမွှေးပွင့်လျာ ဧကရာလျှင် စန္ဒာဒေဝီ မဟေသီနှင့် တူပြီရွှေနန်း စံသိမ်းမြန်း၍ ကြငှန်းသည်းချာ မဟာဩရသ ရှင်ဖဘိုးတော် ဘုန်းကျော်သည်ရှင် လူထွတ်တင်ကို ရည်ထင်ကိုယ်စား အိမ်ရှေ့ထားလျက် လွှံ့ကြားမြေပြင် ဥကင်လျှံတောက် ငါးကျိပ်မြောက်ဝယ် ကျော်ခြောက်နှံ့သိ သီရိပဝရ တြိဘဝနာ သီဟသူရ အဂ္ဂပဏ္ဍိတ ရာဇာဓိမဟာဓမ္မရာဇာ သာသည်နာမံ မည်တော်ခံသည် ကျော်သံနတ်ရပ်တိုင်တည့်လေ ဥကင်တည့်လျှံပြေး မင်းမှုရေး ။ ပြည်ရွာတည့်နီးဝေး ချမ်းငြိမ်းဧး ။
  5. လှစ်ဖွင့်ဥကင် သခင်မြတ်လှ ရာဇဒေဝီ သညီပေါ်ထင် အသျှင်မိဖုရား ရှစ်သောင်းဖျားသည် ကျော်ကြားနှံ့သိ သီရိပဝရအတုလ အဂ္ဂမဟာ သုဓမ္မာဇာဒေဝီ သိင်္ဂီရောင်လျှံ ဘွဲ့တော်ခံ၍ သူဇံမာဃ နေနှင့်လသို့ ရာဇပလ္လင် တူစုံရွှင်၍ ဥကင်နန်းမှာ ပွင့်စဉ်ခါဝယ် တေဇာကျော်သည်း ခမည်းတော်ဘိုး ရိုက်ရာစိုးက ကျော်ဟိုးနှံ့သိ သီရိမဟာသီဟသူရ မဟာသုဓမ္မရာဇာ သညာနာမံ မည်တော်ခံ၍ ထွန်းလျှံဆင်းဝါ မဟာဒေဝီ တူပြီမည်ရှိ သိရိဒေဝီ သိင်္ဂီတမျှ နန္ဒဒေဝီ အင်ညီထွတ်ထား မြတ်သုံးပါးနှင့် တရားသဖြင့် ရိပ်ဖြူဖွင့်၍ နတ်နှင့်မပြား မြတ်သုံးပါးတွင် ညာဖျားတင်ရာ မဟာဒေဝီ မဟေသီ၏ ရှုအီလွန်ချစ် ရင်ဝယ်ဖြစ်သည် ဧကရာဇ်ထိပ်ပေါ် ရှင့်ဘိုးတော်ကို ရည်မျှော်ကိုယ်စား အိမ်ရှေ့ထားသည် ညွန့်သားမင်္ဂလာတည့်လေ ရာဇာတည့်စင်ရွေး ပြစ်မျိုးဝေး ။ သခင်တည့်ဘုန်းမွေး ဘိုးတော်မြေး ။
  6. ခမည်းတော်ဘိုး နတ်ပြည်စိုးသော် တန်ခိုးထွန်းပေါ် ရှင့်ဘိုးတော်လျှင် ပြည်ကျော်တိုင်းလုံး စိုးယူကြုံး၍ ထွတ်ဆုံးတိုင်းပြည် သီရိပဝရ မဟာဓမ္မရာဇာဓိပတိ မိုးထိကျော်သံ ဘွဲ့တော်ခံ၍ ဆင်းစံခေါင်ထိ သီရိမဟာ မင်္ဂလာဒေဝီ နတ်ပြည်ဆင်းဝါ စန္ဒာဒေဝီ ကျော်ညီနှံ့သိ သီရိသုဓမ္မဒေဝီ ညီသည့်ကြန်အင် အသျှင်မိဖုရား မြတ်သုံးပါးနှင့် များသည်ရံအုပ် ကိုယ်လုပ်မောင်းမ ညွတ်ခမှူးမတ် ဝန်းပတ်ဖြီးထူ ဆင်ဖြူဆင်မည်း ပည်းမျှထွေလည် ရှေ့တော်နှည်၍ ရောင်ခြည်အနီ မှန်စီပြိုးပြက် ရွှေနန်းထက်ဝယ် ငြိမ်သက်သာယာ စံပယ်ခါလျှင် မြတ်ရာတင်ထား မင်းသုံးပါးတွင် ခေါင်ဖျားဓိပတိ သီရိမဟာ မင်္ဂလာဒေဝီ ကျော်ညီလွန်ထင် နန်းမရှင်၏ ရွှေရင်သည်းချာ ရတနာမြတ်လှ ရှင်မွေးဖကို ပေါက်ပြသတင်း အိမ်ရှေ့နှင်းသည် နန်းခင်းကိုယ်စားရည်တည့်လေ ခပ်သိမ်းတည့်ဗိုလ်လှေး ချမ်းသာရေး ။ နတ်လူတည့်ချီးကြွေး အောင်ဆုပေး ။
  7. သခင့်ဘိုးတော် ဘုန်းကျော်ထွတ်တိုင် ရွှေနန်းထိုင်သော် ဖက်ပြိုင်မရ တန်ခိုးပသည် နရထိပ်ပေါ် ခမည်းတော်လျှင် ပြည်ကျော်တိုင်းလုံး ရိုက်ရာကြုံး၏ ထွတ်ဆုံးကျော်ခြီး တိုင်းရောက်ပြီးသော် ဝေးနီးပတ်ကုံး တိုင်းလုံးသာယာ ဝပြောစွာအောင် ပညာတော်မြတ် စက်သွားဖြတ်သို့ မလွတ်မဟင်း စီရင်ခြင်းနှင့် ထွန်းဝင်းရိပ်ငြိမ် စည်းစိမ်ဘုန်းတန်း အဆန်းဆန်းကို မော်ကွန်းထင်ရှား နန်းပွဲများဝယ် မလွှားမပ ဘွဲ့ထူးလှပြီ နရသခီ သီရိရောင်ဝင်း ရှင့်ကြောင်းခြင်းကို သံညင်းရုံးချဉ်း စကားလျင်း၍ အကျဉ်းလွယ်ကာ လိုရာသာလျှင် ရှိကြာလက်မြှောက် ကျွန်တော်လျှောက်မည် လဲပေါက်ရွှေဝါ ထက်အာကာက လွှင့်ကာကျသို့ လှသည့်အသရေ ထိပ်ဦးနေသည် စေ့ရေနှလုံးသွင်းတည့်လေ စက်တော်တည့်မှေးမှေး ပျော်ကြေးရေး ။ ချိုချိုတည့်ဧးဧး စကားမွေး ။
  8. ချစ်ချင်စဖွယ် နုနယ်ရွရွ လှသည်ရောင်ဆင်း တင်ပြစ်ကင်းသည့် မင်းထိပ်ဦးနေ ရွှေနားခွေလော့ မြုတေစံပျော် ရှင့်မယ်တော်၏ ပြိုင်ဖေါ်လွတ်တု ယဉ်မျိုးစုသည် နုသည့်ဆင်းဝါ လက္ခဏာကား ဒီပါနှံ့စပ် ကျွန်းလေးရပ်ကို စိုးကွပ်သနင်း စကြာမင်းတို့ ထန်ပြင်းတေဇာ သုံးဆောင်ရာသည် ရတနာနဂ္ဃ ဣန္ဒနီလာ မသာရကန် ဝေသဝဏ်က ရောင်ဝှန်တောက်ညိ ဝေဠုရိနှင့် လောဟိတဂ ဇိနဝီရော် မနော်မယ ဇော်တရကို အမျှထောင်းထု ညက်အောင်ပြုမှ ညစ်ကြုစင်အောင် အထောင်ကြိမ်ဖန် ဆေးပြီးလွန်သော် လုပ်ဟန်ထူးဆန်း ပုံဖြင့်သွန်း၍ လုပ်ပန်းတင်းကြပ် ပွတ်သပ်ပြီးလျှင် အရောင်ထင်သို့ မှတ်တင်မည်မှည့် ဖြူအိဝင်းကိုယ် မဆိုစသာ ပြာအိပြတ်ပြတ် မမှတ်သာလှည့် ညိုအိဆိုမည် သည်လည်းမရ ထွန်းပအသရေ အထွေထွေသည် ထင်ခြေအနည်းနည်းတည့်လေ ပုံစံတည့်ပြိုင်ရေး နှုန်းရာဝေး ။ လူတွင်တည့်စံသွေး မမြင်သေး ။
  9. ကြည့်လေကြည့်လေ အထွေထွေလျှင် ထင်ခြေမည့်ပြင် သို့ရာတွင်မူ မြင်မြင်သသူ လူတို့စိတ်နေ မိန်းမောစေလျက် ဝေဝေတိမ်ဆိုင်း မိုးလုံးမှိုင်းသို့ မျှော်တိုင်းမူးလန် နောက်ပြန်အူသည်း ခေါ်လည်းမကြား တိမ်းပါးညွတ်ခေါက် သည်ကိုထောက်သော် အံ့လောက်ချီးဆို ညိုသည်ဆင်းဝါ အားကြီးရာ၏ လက္ခဏာညီလှ ခြေဖျားကသည် စသည်လည်လှည့် ကိုယ်လုံးကြည့်သော် တင်မည့်ပြစ်ဝင် မထင်မြူမျှ ခါးခတ်လျနှင့် ရင်ဝမောက်မို ပျိုပျိုနုထွား လက်ဖျားသွယ်ရှည် လှသည်လုံးလုံး လက်ရုံးလည်တိုင် နှိုင်းပြိုင်လွတ်ရှား သွားလည်းနက်ရောင် ပြောင်ပြောင်ဖိတ်လျှမ်း နှုတ်ခမ်းယဉ်ကဲ မတွဲမထော် အဆင်းသော်မူ မှည့်ပျော်ကျီးအာ ပမာမပြား ခြားနားလှဟန် မလန်မကုပ် အကြိုက်လုပ်သို့ တွန့်ရှုပ်မထင် ကြန်အင်စုံပေါင်း နှာခေါင်းတန်းတန်း ရှုဘနန်းသည် လျှံလန်းကျက်သရေတည့်လေ မြုတေတည့်ရောင်ပြေး ချောငြိမ့်လေး ။ ပြစ်ဆာတည့်မြူသေး ရှင်းရှင်းဝေး ။
  10. မျက်လုံးအသရေ မြုတေထွန်းပြောင် ကော့မျက်တောင်နှင့် မျက်မှောင်မျက်လုံး မျက်ခုံးယဉ်ကျူး နဖူးတန်ယဉ် ဆံလျဉ်ကျဟန် လွန်လွန်ကြူးကြူး ထူးထူးဆန်းဆန်း နပန်းဆံကျ စီလျက်လှ၏ စိမ်းမြကေသာ သေးစွာသွယ်ရှည် ထူးလည်ညံ့မော ရောင်ကြောနက်နက် လက်လက်ပြောင်ဖိတ် မြင်သူစိတ်ကို ငင်ချိတ်ပါအောင် ယူဘိဆောင်သို့ ဖူးမှောင်မချိ အဆံရှိ၏ အိအိအဲ့အဲ့ တွဲ့တွဲ့တွဲတွဲ ခဲခဲစိုင်စိုင် ရွဲပြိုင်ပြိုင်ရွှန်း လန်းလန်းဖြိုးဖြိုး နုမျိုးမက ရွရွဖြူဖြူ အူအူရွရွ ပွပွတွတ်တွတ် မွတ်မွတ်မွေ့မွေ့ မြေ့မြေ့ညက်ညက် ညံ့သက်ထွားထွား ရွှေသားလွေ့လွေ့ နတ်အတွေ့နှင့် တရွေ့တမှား မပြားထပ်ရှိ တူဘိလိမ့်မည် ရွှေရည်ရှုကျ မြင်ကာမျှလျက် ရွရွငြိမ့်ငြိမ့် ထောင်ကြောစိမ့်၍ ဖိမ့်ဖိမ့်သားရေ နှံ့လေတင်းကြမ်း မြမြချမ်းသည် ရွှမ်းရွှမ်းဖရဏာတည့်လေ ကြက်သီးတည့်ထပြေး ကိုယ်လုံးဧး ။ ဆုယူတည့်စဉ်ရှေး ကောင်းကျိုးပေး ။
  11. လူ့ပြည်၌ဝယ် နုနယ်ဆင်းပြင် ငါးအင်ညီမျှ လှကြသည်ပင် ရွှန်းရွှင်အသရေ ယဉ်ပေသည်ချည်း အနည်းနည်းပင် တွေ့ဘူးမြင်၍ သခင်မယ်တော် လှကျော်စံတည် ယဉ်သည်ကဲမြင့် နုသည်နှင့်ကို နှိုင်းချင့်စရာ အောက်မေ့ရှာသော် အရာမဟုတ် ပရုပ်နှင့်ဆား ငွေသားမှုတ်ပဲ ဘွယ်ကြဲမင်းစံ ဝေးလံနှိုင်းချိန် စိန်နှင့်သလင်း ပယင်းအင်တွဲ ပုလဲခရဒ ပမာပြုသို့ ပုံတုဝေးဘိ ရယ်ဖွယ်ရှိ၏ မိုးထိရွှေစာ လင်္ကာချီငေါ် ဖွဲ့နွဲ့သော်မူ မနော်မိယာ ဥမ္မာဒန္တီ ကလျာဏီလည်း စုံညီလှတင့် မယ်တော်နှင့်ကို နှိုင်းချင့်ပမာ ခုပေါ်လှာသော် အောက်သာကျချင် မှတ်မိထင်၏ ထက်ခွင်မိုးမှာ သူဇာဒေဝီ ဘရဏီကို မြှောက်ချီသံချို ကျမ်းဂန်ဆိုလည်း မြင်းမိုရ်ထိပ်ချာ အာကာဘုံနေ နတ်ဖြစ်ပေသည် တူလေရာ၏ မလွန်လှည့်ဘူး နှိုင်းရှည့်စံရာ လူ့ရွာထိုထို လူချင်းဆိုက ရွယ်ပျိုထပ်ရှင်း မယ်တော်မင်း၏ ထံရင်းတော်မှာ နီးဝပ်လှာသော် ညစ်ပြာမွဲတေ ရိုင်းကြချေ၍ လေရမည်မှန် မြဲဧကန်သည် ဖက်ရန်ဝေးခြားနားတည့်လေ ပြိုင်ရာတည့်တူရေး မရသေး ။ ပင်လယ်တည့်ခြားဝေး ရှောင်ကွန့်ပြေး ။
  12. သူများမိန်းမ လှပကြသည် ပြုသဆင်ယင် ခြယ်လွင်ထပ်ဆင့် ထုံးမြိတ်သင့်မှ ယဉ်နုကြ၏ မင်းလှမယ်တော် လှသည်သော်ကား တွေ့ခေါ်မမူ အဖြူသက်သက် ခြယ်ဖက်မဲ့ပါ ဆင်ဝတ်ကာမျှ ရှုသာမျက်ပွင့် တော်လှသင့်၏ နုရင့်ခြယ်ဆင် ပျော်ရွှင်မှိုင်းမှိုင်း ယဉ်ရိုင်းမရွေး နီတွေးညိုပြာ ရွှေဝါငွေသား ဝတ်စားသမျှ ဆင်တိုင်းလှ၏ စိမ်းမြကေသာ ထုံးမြိတ်မှာလည်း ဖွါဖွါပွပွ ရွရွသိမ့်သိမ့် နိမ့်နိမ့်မြင့်မြင့် စွင့်စွင့်ရှည်ရှည် ထူးလည်ယကင် ထုံးတင်မြိတ်လွတ် ဖြစ်တတ်သမျှ ကာလတိုင်မဲ့ ဆဲ့နှစ်ရာသီ နာရီခြောက်ဆယ် နေ့လည်ညခါ ညဉ့်ဝါသန်းကောင် သောက်ရောင်နေထွက် နံနက်နေမြင့် နေရင့်ပူယိမ်း ခပ်သိမ်းအခါ စက်ရာလျောင်းခွေ သွားနေတခါ ဣရိယာပထ လုံးစုံလှ၏ သီလအာစာ ကျင့်သမ္မာနှင့် အရာရာမျိုး နုယဉ်မိုးသည် ရှေးကျိုးပါရမီတည့်လေ ကျေးဇူးတည့်စံသွေး ဂုဏ်နက်လေး ။ ပြစ်ဆာတည့်မြူးသေး ရှင်းရှင်းဝေး ။
  13. ယင်းသို့ကျေးဇူး အထူးထူးတိ ချစ်ကြောင်းရှိ၍ သီရိထွန်းဝင်း မယ်တော်မင်းကို ရာဇင်းထီးဆောင်း ညွတ်ပျောင်းဦးချ တုတ်ခွန်သသည် နရထိပ်ပေါ် ခမည်းတော်လျှင် သင့်လျော်ဖရာ မြှောက်ထိုက်စွာဟု မင်္ဂလာသီရိ ကျော်သိပတ်လည် ရွှေဘွဲ့မည်နှင့် ရံသည်ပတ်ချုပ် ကိုယ်လုပ်တော်ကြီး မြှောက်ချီးထံပါး အရာထား၍ သာဖျားညွတ်ခ လုပ်ကျွေးရ၏ သည်ပဆင့်ထောက် ထိုက်လျောက်စွာဘိ သီရိရတနာ ဘွဲ့မည်သာနှင့် ရံကာမောင်းမ ညွတ်ခမိဿံ ဝန်းရံကိုယ်လုပ် တအုပ်တထွေ သုံးရံရွေနှင့် ရဝေပြောင်ရွှန်း ရွှေနန်းစံထား အားလုံးသာပျော် နန်းတော်တောင်စဉ် ယဉ်သည်ရွှေချ ထွန်းပပြောင်ပြောင် နန်းတန်ဆောင်ကို အခေါင်ဘုန်းတူ တင်တော်မူ၍ ညွန့်လူသာစံ ဝေါပျံယဉ်ကျူး နှစ်ဖက်ဦးကို ထွန်းမြူးရောင်ပြေး ရွှေပြည့်ရေးလျက် ကျိုင်းခြောက်ချက်သည် ပြိုးပြက်ရောင်ခြည်ဖြာတည့်လေ တင့်တယ်တည့်ငြိမ်းဧး မင်းမှုရေး ။ ယဉ်ယဉ်တည့်ချေးချေး နုသေးသေး ။
  14. တင့်တင့်တယ်တယ် ရှုဖွယ်ထူးလည် စည်လည်းသာမော စည်ဗျောကိုးလုံး သာဆုံးမငြီး နှဲကြီးသုံးသွယ် နှဲငယ်လေးဖြာ ငွေခရာနှင့် ပုံသာစည်ပုတ် တီးချုပ်လင်းကွင်း ညင်းညင်းသာသာ အဆောင်မှာလည်း ရတနာပြိုးပြက် ကွမ်းခွက်မြပိတ် ရောင်ဖိတ်ပတ္တမြား စီသန့်ခြားလျက် ထိုလားတူရိုး လက်ဖက်အိုးနှင့် ပြိုးပြိုးရောင်ဖိတ် တကောင်းပိတ်လည်း မျက်ပိတ်မိမှား ပတ္တမြားနှင့် ပြယားခြယ်ဆင် ထွေးအင်ရွှေလုပ် ဆေးကြုတ်ရွှေသား ပတ္တမြားဆေးတံ ထွန်းလျှံဝင်းဝါ တင့်တယ်စွာနှင့် မြတ်ရာတင်ထား မိဖုရားဟု မြှောက်စားတော်မူ ညွန့်လူထွန်းပ ထင်ရှားလှသည် ပည်းမျှခြွေရံကာတည့်လေ မည်သည်တည့်လိုရေး တောင့်တဝေး ။ စံပယ်တည့်ညိမ့်လေး ချမ်းသာဧး ။
  15. ဘုန်းကျက်သရေ တိုးလေလေလျှင် ဝေဝေရွှန်းတင့် လန်းလန်းပွင့်၏ သခင့်မယ်တော် လှကျော်စုပေါင်း တင့်တယ်ကြောင်းကို ပျံ့လှောင်းကြိုင်မြူး ပန်းမထူးသည် ထိပ်ဦးနေရှင် သခင်နုနယ် မင်းငယ်တို့မိ ရွှေနားချိလော့ သီရိရတနာ မည်တော်သာနှင့် စံရာရွှေချ တောင်နန်းကသည် သည်မျှတဖန် ကဲလွန်ရာမြင့် တင့်ပေသင့်ဟု ရာမင့်မင်းဖျား ရွှေစိတ်ထား၍ ဂုဏ်အားကျော်လှ ရာဇဒေဝီ မဟေသီဟု သိင်္ဂီဘွဲ့ရွှေ ကပ်ဆက်စေ၍ ရဝေပြောင်ရွှန်း ရွှေနန်းစံဘောင် သာခေါင်ကျူးကျော် ရွှေနန်းတော်ဝယ် သာဖျော်နုယဉ် နောက်စဉ်တဆောင် ရွှေနန်းတောင်သို့ အခေါင်နတ်တူ တင်တော်မူ၍ ဇမ္ဗူယဉ်ကျော် ဝေါတော်ထိန်ဖြာ ရတနာကရား ရွှေသားပြိုးပြက် ကျိုင်းခြောက်ချက်မူ လက်လက်ရောင်ဖြိုး ကျိုင်းရိုးကျစ်လစ် ရွှေကြံဆစ်သည် ပြေပြစ်ချောလုပ်ဆောင်တည့်လေ ပြောင်ပြောင်တည့်နီးဝေး လျှပ်ခြည်ပြေး ။ နောင်ခါတည့်ဆင်ရေး ချန်ချွင်းသေး ။
  16. နောင်တိုးမင်္ဂလာ ညွန့်ဖြာလရှည် မြှောက်စည်ခုနစ် ဆဲ့တစ်စည်ဗျော ငွေကြောစင်ကြယ် နှဲငယ်နှစ်စင်း သံပြင်းထစ်ကြိုး တံပိုးနှစ်ဖြာ ခရာသုံးတည် တံရှည်တံမြွာ သံသာလင်းကွင်း ခရုသင်းနှင့် ညင်းညင်းသာထွေ သံပြေသံလွန်း စည်ဝန်းရိုက်ခြီး နှဲကြီးသုံးထပ် လက်ကြပ်စည်ပုတ် ယဉ်ချုပ်သာခေါင် ဆောင်ယောင်တင့်တယ် သာကျယ်ရိပ်ငြိမ် ဝန်အိမ်သာစံ သုံးခံမြို့ပြ လောက်ငဖြင်ညီး အကြီးစာရေး ဖွေးဖွေးလူဗိုလ် အခိုအမှီ စီစီသောသော ပြန့်ပြောဝပင် ယူငင်မနိုင် ဆောင်ကိုင်မတ်ပျို နဂိုရ်လျှံလန်း ရွှေနန်းသာခေါင် အဆောင်တော်မြဲ ရဲရဲသီရိ မြတ်မိဖုရား ရာထားပီပီ ချီချီပပ ခြီးလောက်လှသည် မည်မျှချီမတင်တည့်လေ စုံအင်တည့်မင်းရေး တင့်ယဉ်ချေး ။ သည့်ပြင်တည့်တိုးရေး နောက်လိုသေး ။
  17. တပျံ့ပျူးပျူး လွှဲကျူးသံညင်း နားတော်သွင်းမည် မင်းဦးထိပ်နေ သရေရွှန်းရွှင် ရွှေနားတင်လော့ ရုပ်သွင်ထွန်းပ တို့ထိပ်စကို အလှစံထား မယ်တော်ဖွား၍ များများမကြာ ရာဇာထိပ်ပေါ် ခမည်းတော်လျှင် ရှုမြော်လေးမြတ် ငါ့သည်းပွတ်ဟု မည်မှတ်သာယာ မြင်းဝန်ရွာကို သည်းချာကြင်ဧး ဆောက်နှင်းပေး၏ ကံကျွေးဖြင်ပည်း စေလည်းထပ်ကာ မြို့စည်သာကို မေတ္တာကြည်ဖြူ ပေးတော်မူ၏ သက်တူတမျှ ချီထိန်းယလည်း တူကွမြဲချက် ကစားဖက်မူ ငယ်သက်နုနယ် ရွယ်တူရှည့်ချည်း ပည်းမျှဖျော်ဖြေ ထွေထွေရှုတ်ယှက် သားငှက်ရွှေသာ သေချာလုပ်ဆောင် ရွှေကြက်ပေါင်နှင့် ပျော်အောင်သာချို မငိုစေရ သင်္ဂပြောင်ဖိတ် ရွှေထိပ်ရွှေချူ ဇမ္ဗူရောင်ဝင်း ခြေချင်းလက်ကောက် စံမြောက်ရတနာ တန်ဆာစုံအင် လဲလှယ်ဆင်၍ ထိပ်ပြင်တင်ထား ဖျော်ကြဖြားသည် ဆပွါးကြင်သက်စုံတည့်လေ ချစ်တုံတည့်မြတ်လေး ချစ်သက်ပေး ။ ရိပ်ဖြူတည့်ဇော်ပြေး ရှုစိစ္စေး ။
  18. အလွယ်အလွယ် မကျယ်ရုံးချဉ်း အကျဉ်းသာမျှ စိုးစဉ်းပြ၍ မင်းလှမယ်တော် လှကျော်ရောင်ဆင်း တင့်တယ်ခြင်းနှင့် မင်းထိပ်ဦးနေ တို့မျက်ဖြေကို ဘုန်းနေရောင်ထွန်း ဖြိုးဖြိုးရွှန်းသည် ထိပ်ပန်းမွေးဖ မြတ်လှသည်းချာ ကြင်နာနှစ်ထောင်း ချစ်ကြင်ကြောင်းကို သံညောင်းချိုသာ ကျူးလျှောက်ပါရှင့် ခုမှတမူ ဘုန်းလူဝေဆင့် ဖြာဖြာတင့်သည် ရှင့်ခမည်းတော် လှကျော်ထူးချွန် ယဉ်ကျူးဟန်ကို တတန်ရှိမြောက် ကျွန်ုပ်လျှောက်မည် လျှံတောက်ဆင်းဝါ မြတ်အင်္ဂါဖြင့် မျက်နှာမြုတေ ကျက်သရေရှိလှ လဝန်းပသို့ တမျှမယွင်း ထွန်းရောင်ဝင်းသား မင်းထိပ်ဦးနေ ဘုန်းညွန့်ဝေသည် မှတ်ခွေရွှေနားညွတ်တည့်လေ မင်းမြစ်တည့်မင်းမြေး မင်းရင်သွေး ။ သိင်္ဂါတည့်ရောင်ပြေး နန်းထက်မွေး ။
  19. နန်းလုံးအသက် နှင်းဆက်စုရာ ရတနာမြတ်ဆုံး ပုလဲကုံးသို့ ခေါင်လုံးသာရွှင် တင်ကာပျံ့ပျူး ချစ်ရူးမူးသည် ထိပ်ဦးနေရှင် သခင်ဘုန်းမွှေး နာစိစ္စေးလော့ ခြီးကြွေးနတ်လူ အောင်ဆုယူသည် ဘုန်းလူထွန်းပေါ် ခမည်းတော်ကို ပြောင်ကျော်ပျံလု ငွေသွင်နုသည် ဆင်ဖြူ့သခင် ဘိုးနတ်ရှင်နှင့် တောင်တင်နန်းမ စိုးရမြတ်ဖျား ဖဘုရားလျှင် နှစ်ပါးစိတ်တူ ညွန့်လူနန်းခင်း အိမ်ရှေ့နှင်း၍ လုံးရင်းအားအင် မြင်းဆင်မှူးမတ် ဝန်းပတ်သင်းပင်း ထွန်းဝင်းပြောင်ပြောင် မင်းဆောင်မင်းရွက် ကျင်းပလျက်လျှင် ပြိုးပြက်ထိန်ဖြာ ဝေါသိင်္ဂါထက် ဆိတ်စာဖြူလျှပ် သျှောင်မျက်ကွပ်နှင့် လျှပ်လျှပ်ရောင်ထင် ရှောင်ကျင်ကြော့ထွန် ဝေဝှန်လျှံလည် ပရိတ်ခြည်လည်း ထူးလည်ကျူးကျော် ဝတ်လဲတော်မူ ပျိုတော်တို့ဆက် ဆေးရေးကွက်နှင့် သေညက်ချောညီ အင်္ကျီကျည်ဖွပ် ကိုယ်သားကပ်နှင့် အောင်ရပ်မြတ်နန်း ဘုန်းစံခန်းက ပွင့်လန်းညွန့်လူ ထွက်တော်မူသည် ပြိုင်တူနတ်တမျှတည့်လေ ဆိုခွင့်တည့်ဆိုရေး ဖြစ်ခဲ့ဝေး ။ လူတွင်တည့်ပြိုင်ရေး လူမျိုးဝေး ။
  20. မွေးဖဘုရား နုထွားဆင်ပြင် အိမ်ရှေ့ရှင်သည် သဘင်စံခန်း အိမ်တော်ဆန်းသို့ ရည်သွန်းသက္ကရာဇ် တွက်စစ်မြားမြောင် တထောင်ပြဲ့ပြဲ့ ကိုးဆဲ့တခု ဥတုဂိမ္မန် ယုဂန်တိမ်မှုန် ကဆုန်စန္ဒော် ပြည့်ကျော်အထွက် ဆဲ့တရက်နေ့ ချမ်းမြေ့သာကြည် ပြောင်းရမည်ဟု ဘုန်းခြည်ရောင်ချက် ရုံးသို့ထွက်သည် ရွှေစက်လှိုင်ကျော် ဗျာဒိတ်တော်ကို ထင်ပေါ်အလွှံ့ သင်းသင်းပျံ့သော် မျှော်ငံ့ဝမ်းသာ ရက်များစွာက အရာခြားခြား မင်းသားတသီး မင်းသ္မီးနှင့် မတ်ကြီးသည်းချာ ကညာတခြား မတ်သားကစ ကြီးမရွယ်အို အပျိုအလတ် မလွတ်မကြွင်း အိမ်တွင်းပုန်းအောင်း သူကောင်းသူနုပ် တည်ချုပ်မဲ့ညား ဝတ်စားတန်ဆာ အစဉ်ခါ၍ ဖွေရှာလုပ်ဆောင် ထူထောင်ငှါးယမ်း ကြိုးပမ်းဆာပူ ကြွေးပင်ယူ၍ ရွှန်းလူရွှင်ပ ဝတ်စားကြလျက် သာလှမည်ခံ ဘုံစံနန်းရှေ့ အကွေ့လမ်းမ ပြင်တန်းကလည်း စ၍စဉ်လျား ကျုံးနားတလျှောက် ထပ်လှောက်တုံတုံ ကျော်ဘုံတံခါး ဝင်ခဲ့သွား၍ နန်းရှေ့သာဖျော် အိမ်တော်ရှေ့ရောက် အပေါက်မထင် ထပ်တင်ဖြိုးမျှ ကြည့်ကုန်ကြသည် ပိုးရွပျားပလူတည့်လေ ပုံတူတည့်မဝေး ရှုပ်ယှက်ထွေး ။ ကိုယ်ငွေ့တည့်ရှိန်ပြေး ခြောင်းခြောင်းနွေး ။
  21. မလင်းခင်မီ မှိုင်းရီရီက စောစောထ၍ လာကြမျှော်လင့် တထင့်ထင့်လျှင် နေမြင့်လှတောင်း ပူရှိန်ပြောင်းသည် ညောင်း၏မဲ့ပါ မဆာမမွတ် အထွတ်ရည်မှန် နန်းရန်တည်ထား ဘုရားကိုသာ မျှော်ငံ့ခါဝယ် နေဝါလေချို မိုးကိုပိုင်သ အစိုးရသို့ ပည်းမျှတောင်လေ မိုးလုံးဝေလျက် နေကိုထားကာ ပွင့်လျာနန်းထောက် ကြွလှာရောက်သော် ရွှေမှောက်ရုပ်သွင် ချက်တွေ့မြင်၍ ရှင်နှင့်ပုဏ္ဏား လူအိုများက ဘုရားလုချာ မွေးဖရာကို ဆက်ကာမညှိုး ရှေ့သို့စိုးလျက် တန်ခိုးလေးဖြာ ပြည့်စုံစွာသည် ရတနာသတ္တ စုံတကွလျှင် စကြာသခင် မျက်မြင်ထင်ရှား ဖြစ်စေသားဟု မြှောက်စားချီးသောင်း ကြည်နှစ်ထောင်းသည် ဆုတောင်းအကြိမ်ကြိမ်တည့်လေ အောင်ရာတည့်သံလေး ကျူးရင့်ဧး ။ ပဲ့တင်တည့်ထပ်ပြေး တောင်ရိုက်ကြွေး ။
  22. အံ့ဖွယ်ဖြစ်လွန်း ထွေတဆန်းလျှင် ဥဒါန်းစဉ်လာ ပြောပရာကို ဆင်းဝါရွှေလှော် ကိုယ်တော်အနံ့ တပျံ့ပျူးပျူး ကြိုင်နံ့မြူးသည် ထိပ်ဦးနေရှင် သခင်နုထွတ် စေ့စေ့မှတ်လော့ အမတ်သ္မီး မင်းသ္မီးက စသည်ပျိုရွယ် လတ်ရွယ်တခြား တချို့များက စကားမည်မျှ မဟတတ်နိုင် သွားပါခိုင်၍ အိုင်၍ဖြင်ညည်း တုတ်တုတ်စီးသည် အနီးထိုင်ဖူး စပ်ယှက်ကူး၏ မူးထူးမင်ထင် တချို့လျှင်လည်း ဟာရှင်မင်းပျို ဘယ်ကိုလွန်ကြူး သွားရဘူးဟု ခေါ်ထူးသံချို ပျောင်းပျလိုနှင့် ဆို၍မှားချွတ် သူ့အဝတ်ကို ရွတ်ရွတ်ငင်ထား ဆွဲမိမှား၏ မူထားထူးလည် တချို့သည်လည်း လိုက်မည်ထခါ ဖွယ်ရာမကောင်း တယောက်ခေါင်းကို နှိပ်ထောင်းနင်းသွား ကျော်မိမှား၍ ချောက်ချားသည်းချာ တချို့မှာလည်း ပွင့်လျားထိပ်စ ထိပ်ထားလှငယ် ခဏလာတည့် ဖက်ပါလှည့်ဟု တည့်တည့်သံချို ဆို၍လက်ဝါး ရမ်းမိမှား၏ ဖြစ်လားကျူးကျော် တချို့သော်လည်း အပေါ်တခြား တယောက်ပါးကို သွား၍ပေးမှား နမ်းမိငြား၏ ရင်သားပျို့ပျို့ တချို့ရယ်မော ရင်ဝတ်လျှောရှင့် ဇောလည်းပီတိ မောမချိ၍ မသိလျှင်ဘူး မူးမူးသိဘိ မျက်စိမလှည့် တပ်တပ်ကြည့်လျက် ဖမျက်ဖနောင့် နှိပ်ဆောင့်ကြိတ်ပွတ် အဝတ်ကကျူး သင်ဖြူးကသာ ဖျာကထုတ်ချောက် မြေသို့ရောက်သည် ထင်လှောက်မရောင့်ရဲတည့်လေ အာသာတည့်စိတ်ပြေး မပြေသေး ။ ကိုယ်လုံးတည့်ချမ်းဧး ဖြာဖြာပြေး ။
  23. အိမ်ရှေ့တံခွန် ဘုန်းညွန့်သန်သည် နန်းရန်မှန်ကင်း ဝင်းတော်တွင်းသို့ မယွင်းနတ်တူ ဝင်တော်မူသော် ပြောထူမခြား မိန်းမများကား တိမ်းပါးညွတ်ခေါက် သည်းချားချောက်လျက် တအောက်မေ့မေ့ စေ့စေ့ရုပ်သွင် ထင်သည်တိုင်းရှဲ့ တငဲ့ငဲ့နှင့် ပြန်ခဲ့အိမ်ရာ ရောက်သောခါလည်း ပွင့်လျာရည်ထင် ရှင့်ဖခင်ကို ဆွတ်ကြင်ဝမ်းက တပ်ရာဂကြောင့် ရူတတမ်းယမ်း လွမ်းလည်းမပြေ ဆူဝေသည်းနောက် ပတောက်ပရစ် ကြွေးဟစ်ဆိုမှား ထိပ်ထားထိပ်ထား ဘုရားသခင် အိမ်ရှေ့ရှင်ငယ် ဖြူစင်ညံ့စိ အိအိပြည့်ဖြိုး မိုးသည်မောက်လှ ရွရွမွတ်ညက် မယ့်ရင်ထက်ဝယ် လျောင်းစက်အင်ပြည့် ဖြည့်ပါလှည့်ဟု ဆိုတည့်မိမှား ပျော်စံပါးခြင်း သန့်ရှင်းမွေ့ရာ ရံကာတင်းတိမ် ဆိတ်ငြိမ်ရှာနိုး ရှိခိုးတုံ့ဝပ် ခြေလက်သပ်၍ ဖြည့်ယပ်ခံဟန် ဖန်ဖန်ထွေပြား လုပ်ကစား၍ မေ့မှားယွင်းချွတ် မပြေတတ်သော် လေးမြတ်ဆွေဝါး မောင်ဘွားမိဖ ဆေးယှဉ်ရသည် သမသက္ကာရတည့်လေ ကြံရည်တည့်ကြံသွေး ရောယှက်ထွေး ။ သည့်ပြင်တည့်ငြိမ်းရေး လဲ့လဲ့ပေး ။
  24. စွဲဥပါဒါန် အလွန်ဖြစ်ငြား တချို့များလည်း ရှည်လျားနေ့ရက် သည်းခြေပျက်၍ ခဲခက်ဆေးဝါး သမားလက်ချ စိတ်လျော့ကြသော် ကာလခုတိုင် ဈေးဆိုင်စသည် ရပ်တိုင်းလည်၍ မတည်ကြည်ဘိ ရူးလျက်ရှိ၏ သတိဂတိ ရှိ၍ရပ်တည် တချို့သည်လည်း ဘုန်းစည်မင်းလောင်း ရှင့်အကြောင်းကို ထပ်လောင်းကြိမ်ကြိမ် မထိမ်မဝှက် နေ့ရက်ရှည်တာ ကြိုက်သံပါနှင့် ဖွေရှာထွေဆန်း ပြောဟောလွန်း၍ ချစ်မှန်းရည်းစား လင်သားမျက်ပါ မနာလိုလှည့် ကြည့်ပသို့စင် နင့်အဆင်ကို ထွတ်ရှင်မှန်ကင်း အိမ်ရှေ့မင်းမှာ ပြင်းပြင်းလွန်လှ ပိုက်ကျွန်မလည်း နေကျမှတ်သား တည်မည်လားဟု ဖွားဖွားမျက်လို ဆဲရေးဆို၍ ထိုထိုရှေ့နောက် တောင်မြောက်ပတ်ရစ် ခုနစ်အိမ်ကြား ထင်ရှားပေါက်ပြ ရန်ဖြစ်ကြ၏ ပြင်းပျမျက်မာန် အလွန်တရာ တချို့မှာလည်း ဆရာမိဖ ဆုံးမတည်းကြပ် မစပ်စေ့နိုင် ဆိုင်ဆိုင်တရား လက်ဖက်စား၍ လားလားရှင်းကွာ ပြတ်စဲစွာသည် ရှည်ကြာခုတိုင်အောင်တည့်လေ နောက်အိမ်တည့်ထောင်မွေး မြင်းသားမြေး ။ မျက်မြင်တည့်မဝေး ရှိကြသေး ။
  25. သည်ပတတည် ဆုံစည်ပြင်လျာ ရုပ်ဝါဆန်းထူး လှနေကျူးသည် ထိပ်ဦးနေရှင် သခင်တို့မယ် ရွှင်မြူးရယ်လော့ ရပ်ကျယ်ပျော်ခင်း သို့ပို့အင်းသို့ ပြည့်လင်းရေရှင် ဖေါက်ဖြိုးဝင်သော် သဘင်မင်းမှု မနုယဉ်လောင်း ရွှေလှေပေါင်းနှင့် ပျော်ကြောင်းလှည့်လည် စံပယ်မည်ကို နန်းရည်ရာထား ဖသည်းကြားသည် ပျော်ပါးဖျော်ဖြည့် မောင်လိုက်လှည့်ဟု ယဉ်သည်ထိပ်တင် ရှင့်ဖခင်ကို ဘိုးခင်နတ်တူ ခေါ်တော်မူ၍ ဝေပူမျက်ရှင် ရှောင်ကြဉ်လျှံလည် ရောင်ခြည်လျှပ်လျှပ် ရှောင်ပေါင်းကြပ်နှင့် ချုပ်စပ်ဝတ်လဲ ဖိုးကဲလျှံပတ် မင်းဝတ်ပြီပြီ အင်္ကျီတော်မှာ ခါးသာလျှပ်ပါး ကိုယ်တော်သားနှင့် အခြားမထင် ဝတ်ဆင်ယင်လျက် နတ်ပင်ဧကန် မှန်၏ဇာတိ ဆိုမိမမှား ထူးပြားအသရေ မြုတေရောင်မြူး ဖေါင်တော်ဦးဝယ် ကြည်နူးရှိလျက် အစုံယှက်၍ ငြိမ်သက်တည်နေ ဣန္ဒြေနှင့် ပြစ်ပြေခယ စီးလိုက်ရသည် ရွှင်ပျရွှန်းဖပ်ဖြိုးတည့်လေ ပြိုင်သူတည့်ဖက်ဝေး နုယဉ်ကျေး ။ မင်းရည်တည့်မင်းမွေး မင်းရင်သွေး ။
  26. ဒသရူပ မည်ရတွင်ခေါ် လျှပ်နှင့်လျော်သည် ဆောင်တော်ရတနာ ဆိုက်ယှဉ်ရာက သိင်္ဂါရောင်ဝှန် ရွှေဝေါကန်၍ အလွန်ဖြည်းသာ ညင်းညင်းခွါသော် ရည်လျာနန်းခင်း ရှင့်ဖမင်းကို လျှံဝင်းရဝေ နန်းရိပ်နေသည် တရွေတအုပ် မင်းကိုယ်လုပ်က သွင်ရုပ်လှကျော် ပျိုတော်တတည် မြင်းသည်သမီး ရပ်သီးဝေးလံ နိုင်ငံတကွင်း စိုးသည်မင်းတို့ ရင်တွင်းသည်းကြား စော်ဘွားသမီး ပုံဖြီးထပ်စည် ကြည့်ကြသည်ကား ဘုန်းစည်ထွန်းပ ပြတင်းဝက ထပ်မျှတင်တင် တိုးဝင်မလောက် တယောက်ကိုင်ငင် တယောက်ဝင်သော် သည်တွင်ပင်သာ မျက်မာန်ပါ၍ အနာဒရ ဆိုမိကြ၏ သည်မှတပါး အနားပိုးပေါက် တောင်မြောက်ကြည့်ကြ ရှာမရသော် ချောလှရုပ်ဆောင် ပျဉ်ထောင်စေ့သား ရရာဓားနှင့် စပ်ကြားလှီးဖေါက် လန်ဖိကျောက်နှင့် ရိုက်ဖေါက်ဖျက်ဆီး ပန်းကြီးအာသာ စီစီကြာမျှ ဖြာဖြာထက်ပင် ကြည့်ကြချင်သည် ယှက်တင်တိုးမအားတည့်လေ အရာတည့်မရွေး အထွေးထွေး ။ ပြစ်တင်တည့်မဲ့ရေး ခန့်မတွေး ။
  27. လုယက်တွန်းဖယ် ငင်တွယ်ဆွဲကိုင် ပိုင်နိုင်တခြား သာဖျားနှုတ်ချို ဆို၍တချို့ နှစ်လို့ရွှင်ပျ ခဏမျှသာ ကြည့်ကြရာတွင် အကာပျဉ်စ ကြွတည့်ငေါ်လော် ပေါ်သည်မတုံး မျက်ခုံးနဖူး ရှ၍စူး၏ ဆူးကိုနုတ်ရ သွေးကျသွေးဆင်း ယင်းသည့်အနာ အမာတင်ပွါး အသားရှုပ်ထစ် အရွတ်ဖြစ်၏ နှစ်ဆစ်ရှည်ပြေး မျက်မွေးပေါက်မြဲ မပေါက်ပဲလျှင် အစွဲအနေ သက်သေသက်ကန် မှန်၏မယုတ် ဟုတ်စိမ့်ချုပ်တည် ပြရမည်ဟု ရည်၏သို့ပင် မြင်တင်တင်လျှင် အထင်မသိ ခုတိုင်ရှိ၏ ဇာတိလွန်လေ သင်္ချေကမ္ဘာ များသင်္ချာက သစ္စာပွင့်ကြောင်း ရည်ချောင်း၍သာ စေတနာနှင့် ကြည်စာပီတိ ဗောဓိဝန်းကျင် စေတီပြင်ကို သန့်စင်လှစွာ ဆောလျင်လာ၍ ဆွမ်းအာဟာရ လှူဒါနနှင့် တောက်ပဝင်းဝင်း သူ့အဆင်းကို ကြည့်ရွှင်းရှုကာ ဣစ္ဆာမဲ့လျှင်း မစ္ဆေကင်းသည် မင်းမင်းထိပ်တင် ရှင်အဓိပတိ ပါရမီ့ကြောင့် ခုပြီ့းဘုန်းတော် တောက်ထွန်းပေါ်သည် လှကျော်ပြိုင်ဖက်လွတ်တည့်လေ ခြေလက်တည့်နီတွေး ဆင်းချိပ်သွေး ။ ဆိုရာတည့်ဖြစ်သေး ဝေးကြီးဝေး ။
  28. သည်ပဆင်ထပ် ယင်အပ်နန်းပွဲ အံ့အဲစရာ ရတနာဇာရု ရွှေဥရွှေခဲ ပုလဲဇော်တ မင်းလှဘုန်းထူး ထိပ်ဦးနေရှင် သခင်တို့ဖွား နာမှတ်သားလော့ နုထွားပျိုထွတ် ရွှန်းယဉ်မြတ်သည် ရည်မှတ်နန်းလျာ ဥပရာလျှင် စကြာဖြန့်မှူး ဖေါင်တော်ဦးဝယ် အကြူးအံ့ရာ စီးလျက်ပါဟု သာသည်ပျော်ခင်း အလယ်ဝင်းက မယွင်းထပ်တူ တောင်ဝင်းသူနှင့် ဖြူဖြူညိုညို အပျိုတထွေ မြောက်ဝင်းနေတို့ သံခြေဆင့်ပွါး ပြောဆိုကြားသော် လျင်လျားမကြာ ကြည့်မည်လာသည် လှေမှာလုယက် အများထွက်၍ လှေတက်လည်းပြို အလိုထိပ်ထား တမ်းမှားလျက်ပင် ခုံတမင်သာ နာကျင်ယောင်ယမ်း မြည်တမ်းမှန်းမျှ မသိကြသေး အပြေးလှော်ယက် တက်တချို့မှာ မပါလက်ချည်း ယက်လည်းမလျင် သို့လျှင်တိုက်မိ လှေချင်းထိ၍ ကြိတ်ပိလက်ခြေ သားရေစုတ်ပစ် လှေနစ်သည်လည်း မနည်းများပင် ခေါ်ငင်အသံ စီစီကျံလျက် လှေနံကိုဆွဲ ဘူးတွဲ၏သို့ တချို့နောက်ကျ လှေမရသော် ပြင်းပြရူးမူး ရေကိုကူး၍ စူးစူးလည်းသွား တံခါးကိုမြှောင် ပျဉ်ထောင်ကိုဆွဲ ကြည့်မရဲသည် မမြဲလက်လွတ်ကာတည့်လေ အမှီတည့်နီးဝေး ရှာပြန်သေး ။ လင်းနို့တည့်ပုံသွေး လက်ချိတ်ကွေး ။
  29. ဝင်းတော်ရံတား တံခါးပေါက်စ လှေများလှ၍ ကြပ်ကြလှေချင်း မဆန့်လျှင်းသော် နောက်ကြွင်းလှေသား တချို့များက ကြိုးစားခဲခက် ဝင်းကိုတက်၍ အုတ်ကျက်ဖြီးမျှ ကြည့်ကြစီလျဉ် မိန်းမောစဉ်ဝယ် တန်းပျဉ်ဟောင်းနာ ကြိုးရာမှာလည်း ထွေးကာပူးတွဲ ရေထဲသို့ကျ ခိုက်ထိကြ၍ စုတ်ရှသွေးယို အလိုထိပ်တင် တခေါ်ငင်လျက် နာကျင်ရောင်ဖူး မိုက်မိန့်မူး၍ ရေကူးမတတ် လက်လွတ်သသူ တချို့မူလည်း အလူသော်မျှ အနိစ္စသို့ ရောက်ရလေ၏ လာတည့်ယူငင် ဆယ်ခင်၍သာ ခန္ဓာဇာတိ အဆုံးရှိ၏ ခိုက်ထိရရှာ ပဲ့ရွဲ့မှာလည်း နှစ်ကြာရှည်ထောက် သည်၍ရောက်အောင် မှန်လျောက်ဖေါ်ပြ သက်သက်ရသည် တင်လှကျောက်ထက်စာတည့်လေ ဧရာတည့်ဝိုက်ကွေး ကွေကွင်းရေး ။ ပုတ်လောက်တည့်ပုံသွေး မကသေး ။
  30. သည့်ပြင်လည်းရှင် ရွှေစင်နိက္ခ ပုံသွန်းချသို့ အလှရောင်ဆင်း ပြစ်မျိုးကင်းသည့် မင်းထိပ်ဦးနေ ခွဲဝေတို့သက် ရွှေနားရွက်လော့ ထွတ်ချက်ခေါင်ချာ စိုးလျာရည်ထင် ဖနတ်ရှင်သည် ထွက်ဝင်တင့်နှိုင်း စံပယ်တိုင်းပင် ချုပ်ထိုင်းမဲ့ပါ မေတ္တာရာဂ အားကြီးလှ၍ မိန်းမတကာ အရူးပါမှ မူရာထူးပြား အခြားခြားလျှင် စဉ်လျားနောင်နစ် ပြောရာဖြစ်အောင် သစ်သစ်ဆန်းဆန်း များလွန်းစွာဘိ ထွေထွေရှိ၏ သီရိရောင်ဝင်း ရွှေနန်းတွင်းဝယ် မကင်းတဲစ မြဲစွဲရလျက် ခဲလှုရေကတ် ရာဇဝတ်ကို မမှတ်သားနိုင် ကြီးခိုင်မေတ္တာ စိတ်ရာဂကြိုက် အလိုလိုက်၍ ပုရပိုက်လွှာ လျှောက်စာကုံးမြောင် လက်ဆောင်ဆက်သ လုံ့လကြိုးစား စကားရောက်ကြောင်း ကွေ့ချောင်းထွေလည် ကြံတတ်သည်တည့် လှည့်ပတ်ဆီဆ ပြုသမျှလည်း ပြောပလောက်ဘိ သွယ်သွယ်ရှိသည် သတိမထားနိုင်တည့်လေ လင်္ကာတည့်ကျယ်ရေး ကိုယ်လှတွေး ။ နားတော်တည့်ယှက်ထွေး မလည်သေး ။
  31. တကြိမ်လည်းရှင် ရှင့်ဖခင်သည် ရွှေစင်ရောင်ဝင်း ရွှေနန်းတွင်းသို့ မယွင်းနတ်တူ ဝင်တော်မူသော် ဆင်ဖြူဆဒ္ဒါန် ရောင်ဝှန်မှန်နန်း စံမြန်းစိုးတင့် တန်ခိုးပွင့်သည် ဘိုးရှင့်ကိုယ်လုပ် သွင်ရုပ်လှကျော် ထင်ပေါ်မြှောက်စား မင်းတပါးသည် ထိပ်ဖျားထိပ်ချာ ဖနန်းလျာကို ကွယ်ရာဆီတည့် ချောင်းနှောင်းကြည့်လျက် မလှည့်ဘက်ညာ တေးကွင်းစာကို နှုတ်မှာငုံလှိုင်း လေ့ကျက်တိုင်းဖြင့် ရီမှိုင်းမျက်စိ တမ်းယမ်းမိလျက် မချိမူးဝေ ကြာထောင်းနေသော် ပရမေထွတ်ထား တို့မင်းဖျားက လက်ဝါးမကွာ စေပါဓလေ့ ကြည့်၍မမြော် ခေါ်တော်ခဏ မရတည့်ပဲ ဖင့်နွှဲရှည်ကြာ နောက်မှလာသော် ထွတ်ချာဘုန်းဝှန် မင်း၏မာန်ဖြင့် စွဲမှန်နေကျ ဒုတ်အင်းချနှင့် ပြင်းပြမျက်ထွက် ရိုက်တည့်နှက်သော် သွေးထွက်ယိုစွတ် နှုတ်ခမ်းပြတ်လျက် ဆွတ်ဆွတ်ကျင်နာ သည်အမာလည်း နှစ်တာရှည်လျား တံခွန်လွှားသို့ ထင်ရှားစွာဘိ ခုပင်ရှိ၏ မှတ်မိတခါ နီတျာကိုယ်မွေး သင်္ဘောကျေးကို မြတ်လေးသာရွှင် လက်ညှိုးတင်၍ ရှုမြင်စကာ ကစားရာတွင် နန်းလျာတည်စ ရွှန်းယဉ်လှသည် ရှင်ဖဘုရား ရှေ့ဆီးပါးဖြင့် ကြွသွားဆီတည့် မျှော်လိုက်ကြည့်သော် အပြည့်ကိုယ်လုံး ပတ်ကုံးနှံ့မျှ တပ်ရာဂကြောင့် ယုယမြတ်လေး လက်တွင်ကျေးကို မနှေးရင်ခွင် ချထားတင်လျက် မထင်သတိ ကြိတ်နှိပ်မိ၍ နမိနမြော သင်္ဘောကပါ ကျေးနီတျာသည် ခန္ဓာပျက်ကြွေ ဆုံးပလေ၏ ထွေထွေထူးဆန်း ဥဒါန်းပြောရာ စဉ်လာနောက်နောင် ဖြစ်ရစ်အောင်သာ နန်းလျာရှင့်ဖ လှသည်ကျေးဇူး ဂုဏ်အထူးကား အံ့ကြူးအံ့ရာ များလေစွာသည် မျှသာမှတ်နှင့်ဦးတည့်လေ --တည့်မှေးမှေး ပျော်ဘိသေး ။ စက်ကြိုးတည့်-- သာသာလေး ။
  32. မင်းထိပ်ဦးနေ လူထိပ်ဗွေ၏ ကျက်သရေမြင့်ရာ ဧးချင်းစာကို မှတ်ရာရေးလစ် သက္ကရာဇ်မှာ တထောင်သာ၍ တရာလည်းကျော် သုညပေါ်လျက် ခြောက်ခုတက်၍ နတ်စက်လေလို လဝါဆိုဟု နဂိုရ်ဆန်းစ သုံးရက်မျှ၌ ရေးထအခါ ပြီးခြင်းရာကို လင်္ကာသံချို စီကုံးဆို၍ ပဟိုရ်နာရီ လှည့်ဆီခေါင်ထွတ် နှစ်ချက်မြတ်တွင် ပြီးအောင်မြင်သည် မှတ်ချင်တည့်နောင်ရေး များလှသေး ။