မင်းတုတု တေးထပ်

From Wikisource
Jump to navigation Jump to search
မင်းတုတု
by အချုပ်တန်း ဆရာဖေ

ထီးဖြူရုံ ပြာဿဒ်နှင့်၊
မအပ်သည့်အရာ၊
လဒ် (လော့ဒ်) ဆိုသည့် မိစ္ဆာ၊
ပိတ်ရှာပြီ ဇီဝိ၊
ဘုန်းမတန့် ဘုန်းတန့်ကြံတယ်၊
ဆုံးရုပ်နာမ် သွားတဲ့ ဝီစိ (လားရ ဝီစိ)။

မင်းတု တု၊ ခွေးသေသေ (တယ်)၊
သွေးထွေထွေ ယိုဘိ၊
လဒ် ရန်ကို ဆဒ္ဒန်ဖိ၊
နတ်ဖန်သည့် ဘုန်းတော်၊
ကျွန်းစင်ကာပူတလွှားမှာ၊
ရွှေဓားသွား သက်ရလိမ့်မနော်။

လှေကားဆက် အပေါ်ပေါ်မှာ၊
ထီးဖြူတော် နှစ်လက်ကြောင့်၊
အသက်ထွက်လွယ်စေ၊
ဓားနှစ်ချက်မွှေ၊
လေးလက်ဖြင့် လေးချက်မွှေမယ်၊
ဘေးသက်သေ လက်ငင်းကွယ့်လေး။ ။


မှတ်ချက်

  • အချုပ်တန်းဆရာဖေ၏ နာမည်ကျော် တေးထပ် တစ်ပုဒ်ဖြစ်သည်။ သူ့ကျွန်ဘဝ ရောက်ရစဉ်အချိန်က ဗြိတိသျှဘုရင်ခံ လော့ဒ်မေရိုးသည် မြန်မာပြည်သို့ လာသောအခါ ထီးဖြူနှစ်လက်ဆောင်း၍ လာခဲ့ပါသည်။ မြန်မာများ အကြီးအကျယ် မခံမရပ်နိုင်ဖြစ်ခဲ့ကြသည်။ ထိုနောက် စင်ကာပူသို့ ဆက်အသွားတွင် မလေးလူမျိုး တစ်ယောက်မှ ဝင်၍ ဓားဖြင့် နှစ်ချက်ထိုးသတ်ခြင်း ခံလိုက်ရပါသည်။ တကယ်တော့ ထီးဖြူဆိုသည်မှာ မင်းဧကရာဇ်သာလျှင် ဆောင်းရသည်မို့ မတန်မရာလုပ်၍ ဘုန်းပိပြီး သေရသည်ဟု မြန်မာများက မှတ်ယူကြသည်။ ဆရာဖေကလည်း ထိုအရာကို အားရကျေနပ်စွာဖြင့် ရေးခဲ့ရာမှ အဖမ်းခံခဲ့ရသည်ဟု မှတ်သားဖူးပါသည်။
သက္ကရာဇ် ၁၂၃၃-ခုနှစ်တွင် ဆရာဖေသည် နန်းတွင်း ဇာတ်သဘင်အဖွဲ့နှင့်အတူ အင်္ဂလိပ်ပိုင်နက် အောက်မြန်မာပြည်သို့ လိုက်သွားရပါသည်။ ထိုအချိန်က အိန္ဒိယနိုင်ငံ ဗြိတိသျှဘုရင်ခံ လော့ဒ်မေရိုးသည် ရန်ကုန်သို့ လာဖို့ရှိနေသောကြောင့် သူ့ကို ဖျော်ဖြေရန်အတွက် နန်းတွင်းဇာတ်သဘင်အဖွဲ့ တစ်ဖွဲ့ စေလွှတ်ပေးရန် ရန်ကုန်အရေးပိုင်မှ မင်းတုန်းမင်းအား မေတ္တာရပ်ခံခဲ့သည်။ မင်းတုန်းမင်းကလည်း ဒီဇာတ်သဘင်အဖွဲ့အတွက် အင်္ဂလိပ်အစိုးရသည် စရိတ်ခံဖို့မလို၊ မြန်မာအစိုးရကသာ စရိတ်ကျခံမည် ဟုဆို၍ စေလွှတ်လိုက်ပါသည်။ ထိုဘုရင်ခံချုပ် ရန်ကုန်သို့ ရောက်လာသောအခါ ထီးဖြူနှစ်လက်မိုးပြီး ကြိုဆိုခဲ့ပါသည်။
တကယ်တော့ ကနက္ကဒဏ် ထီးဖြူတော် ဆိုသည်မှာ မြင့်မြတ်လှသော ဘုရားရှင်၊ မင်းဧကရာဇ်များအတွက်သာ မိုးကာရိုး ရှိပါသည်။ လူမျိုးကွဲ၊ ဘာသာကွဲ၊ မင်းကရာဇ်လည်း မဟုတ်သော ဘုရင်ခံချုပ်အဆင့်လောက်ကို ထိုသို့ မြင့်မြတ်လှသော ထီးဖြူနှင့် မိုးပြီး ကြို ရပါ့မည်လား ဟုဆိုပြီး မြန်မာများ အကြီးအကျယ် မခံမရပ်နိုင်ဖြစ်ခဲ့ကြသည်။ ဇာတိသွေး ဇာတိမာန် ရင့်သန်လှသော ဆရာဖေအဖို့ ပြောစရာ မရှိတော့ပါ။ ထို ဘုရင်ခံချုပ် လော့ဒ်မေရိုးသည် မြန်မာပြည်မှ ကာလကတ္တားသို့ အပြန် အင်ဒမန်ကျွန်း၊ ပို့ဘလဲယားမြို့သို့ ဝင်ခဲ့သည်။ ထိုနေရာ၌ ရှိနေတုန်း ခရစ်သက္ကရာဇ် ၁၈၇၂-ခုနှစ်၊ ဇန်နဝါရီလ ၂၄-ရက်နေ့တွင် မလေးလူမျိုး အကျဉ်းသားတဦး၏ ဓားဖြင့် နှစ်ချက် ထိုးခြင်းကို ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရာမှ ကွယ်လွန် သွားပါတော့သည်။ ထိုသတင်းသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ဆရာဖေလည်း ကြားသိသိချင်း မြန်မာတို့၏ အထွတ်အမြတ် ထီးဖြူတော်ကို မတန်မရာသုံးသော ဘုရင်ခံချုပ် ဘုန်းပိပြီး ကိစ္စချောပြီ ဟုဆိုပြီး ယခုတေးထပ်ကို ဝမ်းသာအားရ ရေးလိုက်ပါတော့သည်။
PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.