မင်းတရားရွှေထီးဧချင်း

From Wikisource
Jump to navigation Jump to search
မင်းတရားရွှေထီးဧချင်း
by လှော်ကားသုံးထောင်မှူး

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. စကြဝဠာ သင်္ချာရံဝန်း မြင်းမိုရ်ထွန်းသား လေးကျွန်းထိပ်မော် ကမ္ဘာပေါ်က ရှင်တော်ပွင့်ရာ အောင်မြေချာ၌ ရွှေကြာငါးဆူ နိမိတ်မူလျက် ဇမ္ဗူတိုက်နက် တသောင်းချက်တွင် အနှက်ပြောထူ နတ်နှင့်လူတို့ ဆုယူရိုညွတ် နာကုန်မှတ်လော့ စက်လွှတ်ထွန်းထိန် တန်ခိုးရှိန်ဖြင့် ဆိုက်ချိန်ကျွန်းလုံး ကျုံးအံ့မင်းထီး အောင်ချိန်နီးသား ဘုန်းမီးထန်ပြင်း ကျော်ခေါင်မင်း၏ သည်းတွင်းကြင်လေး နတ်ရှင့်သွေးကို ဘိုးဘေးဆွေတော် ဆက်တိုင်းဘော်၍ ချီငေါ်ပြန်ထောက် ကျွန်ုပ်လျှောက်အံ့ ထွန်းတောက်တေဇာ နေ့နှယ်ဝါသည် မင်းလျာတည့်ဆေးလေး နားထောင်သေး ။
  2. ဘဒ္ဒကမ္ဘာ ပေါ်ဦးခါက နရာသဘ သမ္မတလျှင် အစမင်းဆုံး နိုင်ငံကျုံး၍ လက်ရုံးတန်ခိုး မျိုးရိုးစဉ်ဆက် မပျက်စဉ်လာ ဥက္ကာကရာဇ် ဖြစ်တုံတသွန် လွန်လေမကြွင်း ရှစ်သောင်းမင်းတွင် အခြင်းသက်သေ ပြ၍ရေမူ သင်္ချေစကား ကျယ်ဝန်းလျားခဲ့ တရားဓမ္မ အသောကနှင့် ရင့်လှသမ္ဘာ ဒုဋ္ဌဂါမဏိ ဘုန်းရှိမကြွင်း ထွန်းဝင်းစက်ရောင် လှံပျံဆောင်သား ဒွတ္တပေါင်မင်းမြတ် ပြူစောထွတ်တို့ တုလွတ်သကျ မိန့်ခဲ့ဟသည် မဆွတည့်လျင်ရေး ဗျာဒိတ်ပေး ။
  3. စက်ရောင်ပရမေ ဉာဏ်လျှင်ဘွေလျက် သရေခေတ္တရာ ပြည်သာယာနှင့် ကြေညာနိုင်ငံ စိုးမိုးနွံသား ပုဂံသာထွတ် အရိမဒ်ကို လက်ခတ်ရှေးဖျား ဗျာဒိတ်ထားမှ ဘုရားမြတ်စွာ ဒေသစာဖြင့် ရောက်လှာသန့်ရှင်း တောင်ထိပ်နင်း၍ ညွတ်ခြင်းကော်ရော် စိုင်သုံးဘော်အား မြင်တော်မူပြီး ချွတ်ချိန်နီး၍ ဆုသီးမှန်ထွေ ဟောတုံပေရှင့် ရွှေမြေမြင်စိုင်း တောင်ရင်းခိုင်းလျက် စစ်ကိုင်းကြက်ယက် စပ်ကာဘက်လျက် သန်လျက်ကမ်းခုံ ထိုမြစ်ဆုံဝယ် ရွှေဘုံတည်ရာ ရတနာပူရ ထောင်ခဲ့စသား ပန်းယတဘန် တည်အံ့ညွန်သည် မြောက်စွန်တည့်နှောင်းပေး မန္တလေး ။
  4. ရှင်တော်ရှင်ရင်း တောင်သင်းပွင်းနှင့် တောင်မင်းဘိုးဦး တန့်ကြည့်ကူး၍ ကျေးဇူးပြည့်ဝှန် ညီအာနန်ကို ပြန်ခဲ့သော့ကျိုး ဥမျိုးမင်းဆက် စဉ်မပျက်လျှင် ထွန်းတက်တေဇာ နော်ရထာ၏ ဆက်ကာမြေးသား တလပ်ခြားရှင့် တိုင်းကားနိုင်ငံ ပြည်ပုဂံကို တတန်ကိုးယောက် လွန်ပြီးမြောက်မှ တထောက်မြင်စိုင်း မြေခြားပိုင်း၍ ပြိုင်ခိုင်းရန်မြစ် ပြစ်ပြစ်လက်ငံ သတ်လိုက်နွံသော် မြတ်စံဆင်းရောင် မင်းညီနောင်တွင် ဘုန်းခေါင်နတ်ရှင် အငယ်လျှင်တည့် တိုင်းခွင်ကျယ်ကြောင်း မြောက်သို့ပြောင်း၍ ကျော်သောင်းနတ်လူ သီဟသူဟု ဆင်ဖြူလွလွ တစီးရသည် အစတည့်ဘိုးဘေး မျိုးတော်ရှေး ။
  5. တသောင်းသင်္ချာ ကျွန်းသာမြရိပ် ဇမ္ဗူဒိပ်၌ တံဆိပ်ပြောင်ပြောင် ဘုန်းစက်ရောင်ဖြင့် ရွှေတောင်ရဝေ နန်းကြီးနေသော် သပြေသခင် ငါးစီးရှင်၏ ရင်ခွင်မွေးငြား သ္မီးဘွားက သည်းကြားသက်မှတ် သုဇာနတ်သို့ လျှံပတ်ကျော်ထင် မည်ပင်မုနော ချီချပြောရှင့် ရှင်စောမင်းလှ မြတ်ရှင်မ၏ နတ်လှအရောင် နှစ်စုံပြောင်သား ဆွေမောင်လင်မှီး မဟာကြီးဟု သားထီးရန်နင်း တရုပ်မင်းလျှင် အရင်းမြတ်ရိုး ဘိုးတော်ဘိုးလည်း မင်းမျိုးစင်စစ် အမှန်ဖြစ်၏ ကျော်လှစ်ကြေညာ ရာဇာသူရ ဘွားတော်ဘဟု ရှေးကနိဒါန်း ဆက်တိုင်းမှန်းသည် ကြငှန်းတည့်ချစ်မြေး သ္မီးထွေး ။
  6. နီးဝေးကျော်ဟိုး တရုပ်စိုးသော် တန်ခိုးထွန်းညီး ထိုမင်းကြီး၏ သ္မီးတော်စစ် သမက်ချစ်မူ ပြစ်ပြစ်ကျွန်းလုံး နိုင်ငံကျုံး၍ မင်းဆုံးနတ်သွင် ငါးစီးရှင်မှ လွန်ကြင်မကင်း မြစ်တော်ရင်းတည့် သတင်းညာကြေ ထိန့်ထိန့်ဝေမျှ သရေသင်္ခ သာလှအမည် သက်တော်ရှည်ဟု ကျွန်းစည်ရှစ်ရပ် ကျော်သံထပ်လျက် ဆယ်ရပ်ကျေးခိုင် ဆယ်ခရိုင်ကို စိုးပိုင်တလွှား လက်ရုံးထား၍ သည်းကြားရင်သွေး တစုဝေးရှင့် ဘထွေးကြီးငယ် အံ့ဘွယ်ဆင်းမြ နှမနှင့်မောင် ညီနောင်ရွှေတုံး သားအလုံးတွင် ကောင်းဆုံးလက္ခဏာ ပြင်လျာစုံအင် တလတ်မြင်သော် ကျော်ထင်ထိန့်ဟိုး ရှင့်ချစ်ဘိုးကား တန်ခိုးကြီးလှ ရှင့်ချစ်ဘ၏ သက်မျှဝေဘော် ခမည်းတော်ဟု မြေပေါ်မိုးအောက် နေ့နှယ်တောက်သည် ပြိုင်ထောက်တည့်မဝေး ဘေးတော်ဘေး ။
  7. ငယ်သွေးရောင်ထွန်း ရွှေပုံသွန်းသို့ ရွှန်းရွှန်းစက်ရှင် ကျွန်းခွင်ဇမ္ဗူ နေ့နှယ်ပြူသည် နတ်လူရိုညွတ် မင်းလျာမှတ်က လွှံ့ပတ်ရွံ့ညောင်း ရန်လုံးပျောင်းသော် အလောင်းသိုက်ဝင် တစီးရှင်၏ လွန်ကြင်ချစ်သား အလတ်ဘွားသည် ဖြူထွားနာဂ ငါးစီးရလျှင် ဒီပကျွန်းလုံး ချုပ်လေဆုံးမှ လက်ရုံးမြောက်မြား တကောင်းစားသား တရားသတိုး ဘေးတော်ဘိုးတုံ မျိုးရိုးဆက်ကာ ဧကရာဟု ရတနာပူရ ပြည်အင်းဝ၌ နန်းမကွန်းပြောက် ဘုံသာဆောက်၍ ထွန်းတောက်ဘုန်းလျှံ ဘိသိက်ခံသည် ကျံကျံတည့်ရိုက်ကြွေး မြှောက်သန္ဓေး ။
  8. ဘုန်းတေဇဖြင့် ဓမ္မသတိုး ဘေးတော်ဘိုးလျှင် တန်ခိုးစက်ရှင် လက်ရုံးအင်ဖြင့် ဝန်းကျင်ရန်မြစ် လင်းလင်းလှစ်လျက် စုလစ်သွန်းသွန်း ရွှေဘုံနန်းထက် ကြငှန်းစောထီး စံလေပြီးမှ မြေကြီးစောင်းပင်း ဘဝဂ်ချင်းမျှ အရင်းယောက်ဖ မုနောရသား တွင်ထမည်သာ မင်းကြီးစွာဟု ဆက်ကာရွှေမှောက် သိုက်ဝင်လျောက်ဖြင့် ချီးမြှောက်နတ်လူ ရိုညွတ်မူလျက် ဇမ္ဗူမဏ္ဍိုင် ကျွန်းလုံးပိုင်ရှင့် ဆွယ်ပြိုင်မဲ့ရေး ဘေးတော်ဘေး၏ ရင်သွေးသည်းကြား တရဖျားလျှင် ဖြန့်လွှားထီးဖြူ တရာယူသည် ရန်သူတည့်နီးဝေး ရွံ့တုပ်ကွေး ။
  9. ဘဝဂ်ဆူလှိုက် ကျွန်းတတိုက်တွင် စဉ်စိုက်ကောင်းပင် မြတ်ခြင်းစင်သား နတ်ရှင်ဘေးလောင်း ဘိုးတော်ကောင်းတို့ နန်းကြောင်းပွင့်ရိုး သိုက်ဝင်မျိုးဟု တန်ခိုးဝှန်တက် စဉ်မပျက်တည့် နန်းထက်စကြာ ထီးဖြူကာသား ကြေညာထွတ်ထား တရဖျားတုံ ရှည်လျားမမြဲ ဘုန်းရှိန်စဲက အံ့အဲပြိုင်ဘော် ဘက်မမြော်သား ဘေးတော်ရန်နင်း ကျော်ခေါင်မင်း၏ အရင်းဦးရီး မင်းခေါင်ကြီးလျှင် ဝေးနီးတိုင်းခန်း ချုပ်သိမ်းမြန်းက မော်ယွန်းသံတောင် အုန်းဘောင်မိုးညင်း မကြွင်းဥဿာ ညွတ်လာပည်းလှိုင် ဥကင်ဆိုင်က ခရိုင်သင်းကွဲ နိုင်ငံတွဲသည် မကွဲတည့်ခွန်ပေး တိုင်းခွင်ကျေး ။
  10. ကျွန်းလုံးဇမ္ဗူ ထိန့်ထိန့်ဆူမျှ စည်သူကျော်ထင် မည်ပင်လွန်ခြင်း ဘေးတော်မင်း၏ ဘရင်းစောထီး စည်သူကြီးနှင့် သမီးယောက်ဖ ရင်းချာလှဟု ရှေးကခုအောင် ဥဒါန်းဆောင်သား မင်းခေါင်နေမျိုး ဘိုးတော်ဘိုးလျှင် ဖြူမိုးဖြန့်လျက် ရွှေနန်းတက်က ခွန်ဆက်တိုင်းကား မြောက်တလွှားကို ညီအားချစ်ထွေ ပိုင်းခြားဝေရှင့် ပရမေတုလွတ် စောသိဒ္ဓတ်တုံ ဝန်းပတ်အားခွန် ရန်စောင်မာန်ဖြင့် ပုန်ကန်ကျန်းဘောက် ပြိုင်ဆွယ်ထောက်လည်း မုန်သောက်မာတင် ဝှေ့ဆင်မည်သာ ရဲမြတ်စွာနှင့် မကြာထိုပွဲ အောင်ဆုံးစဲမူ မင်းရဲကျော်စွာ သားမင်းလျာလျှင် ကြေညာနိုင်ငံ မှုထမ်းနွံသည် ရွာလျှံတည့်တိုင်းကျေး ကျယ်လှဝေး ။
  11. သပြေဟူသား ဇမ္ဗူကျွန်းခွင် တသောင်းပြင်၌ စက်ရှင်ထွန်းညီး လက်ရုံးမီးဖြင့် ဝေးနီးအံ့အဲ တုလွတ်ကဲလျက် မင်းရဲကျော်စွာ မည်သာပျံ့ပျူး ဘေးတော်ဦးလျှင် ပဲကူးဥဿာ အကြေရွာကို တေဇာလွှမ်းမိုး နွံလေထိုးက တန်ခိုးရောင်လျှံ ဘုန်းရှိန်စံမှ နိုင်ငံကျယ်လှ မြန်ဒီပတွင် ရှေးကဘေးကြီး တစီးသခင် ငါးစီးရှင်မူ ပုံပြင်ဆွယ်တူ ရွှေနန်းယူသား သိင်္ခသူမင်းမြတ် ဘေးတော်လတ်လည်း ဝန်းပတ်ကျော်ထင် ဆင်ဖြူရှင်ဟု ကျွန်းခွင်ဇမ္ဗူ ရိုက်ထိန့်ဆူသည် ရန်သူတည့်နွံဧး ချစ်တင်းပေး ။
  12. ရာဇာဓိက ရှိန်တေဇဖြင့် ရင့်လှဘိုးဘေး သားမြေးစဉ်ဆက် စပ်ကာဘက်လျှင် သရက်မင်းရိုး ရှင်ပင့်မျိုးတွင် ထိန့်ဟိုးကျော်ဝှန် နှောင်းဆုံးစွန်၌ တံခွန်တဆူ ဆဒ္ဒန်ဖြူနှင့် ဇမ္ဗူကျွန်းလုံး နိုင်ငံကျုံးက ကြေသုံးဥဿာ တောင်လက်ျာမှ စကြာထီးစင်း တုတ်ခွန်သွင်းက သေဉ်နင်းနတ်သွင် ဆင်ဖြူရှင်၏ လွန်ကြင်မျိုးနွယ် အရွယ်ဖွံ့ထွတ် နှိုင်းဆွယ်လွတ်သား မိုးနတ်ပုံတု ရှင်စောပုကို ပြောထုဗိုလ်ပါ စစ်အင်္ဂါနှင့် ရာဇာဓိရာဇ် ပို့သလစ်ရှင့် ရှင်ချစ်ဘိုးဝယ် စောဘို့မယ်လျှင် ဘုန်းကြွယ်မင်းစစ် ကြီးဆုံးဖြစ်၍ စုလစ်ဥကင် လက်ျာတင်သည် လွန်ကြင်တည့်ရှင့်ဘေး ဘက်ဝေးဝေး ။
  13. အဆက်အဆက် ရွှေနန်းထက်တွင် ဘဝဂ်ကျော်သောင်း မြေကြီးစောင်းမျှ အလောင်းစောထီး သိုက်ဝင်ပြီးသော် တစီးသခင် ငါးစီးရှင်နှင့် နွယ်ပင်မြစ်ရင်း ခင်းခဲ့သောလျောက် ထွန်းတောက်တန်ခိုး တကောင်းစိုးသား သတိုးမင်းဖျား လက်ရုံးထားလျက် ရှည်လျားကြာမြင့် တေဇာပွင့်၍ နှင်လွှင့်ရန်လှေး စင်အောင်ဆေးမှ နီးဝေးတိုင်းခန်း ရွှေဝနန်းကို သိမ်းမြန်းဆက်ကာ မင်းကြီးစွာလျှင် ရင်းချာမြေးသား အရှည်ပွါးရှင့် ဖြန့်လွှားထီးဖြူ မင်းဆုံးမူ၍ ရန်သူကြောက်ငြင် ထိုနတ်ရှင်၏ လွန်ကြင်တူရင်း စည်သူမင်းကား ထွန်းဝင်းစက်ရောင် နေ့နှယ်ပြောင်သည် မြတ်ခေါင်တည့်မှတ်သေး ရှင့်ဘဘေး ။
  14. လျှံပြောင်မြုတေ ကြက်သရေနှင့် ပရမေတန်ခိုး ရန်ညွန့်ချိုးက နေမျိုးနတ်ရှင် ရှင့်ဘခင်၏ လွန်ကြင်ဘေးရင်း စည်သူမင်းကား ထွန်းဝင်းတေဇာ မင်းကြီးစွာမှ သည်းချာသားထီး မင်းခေါင်ကြီးလျှင် ဝေးနီးအုပ်ဆောင် ရိပ်ဖြူထောင်က ရွှေတောင်နန်းလယ် တင့်စံပယ်လျက် နတ်ဆွယ်စံဘော် မြောက်သားတော်ဟု ထင်ပေါ်ကြားလွှံ့ ကျွန်းလုံးနှံ့မျှ ချီးအံ့လူနတ် မေတ္တာညွတ်ရှင့် တမွတ်လည်းထား မွေးသည့်သားမူ မပြားမည်တူ မင်းစည်သူနှင့် စည်သူကျော်ထင် မည်တော်တွင်၍ တိုင်းခွင်တောင်ငူ မင်းထီးမူက ဇမ္ဗူထီးဆောင်း ပဲ့တင်ခြောင်းသည် အလောင်းတည့်ရှင့်ဘေး မှန်လှသေး ။
  15. ဘုန်းတန်ခိုးဖြင့် စိုးတုံရှင့်ဘေး နီးဝေးရွာလက် သိမ်းမြန်းလျက်တည့် တိုင်းနက်တောင်ငူ မင်းထီးမူကား ဆင်ဖြူယာဉ်ကြီး တစီးသခင် ငါးစီးရှင်မှ နွယ်ပင်မြစ်ရင်း အရိုးကြွင်းဟု မိုးညင်းအုပ်စိုး ဘေးသတိုးမှ နေမျိုးအခြာ မင်းကျော်စွာနှင့် နရာဝရ အမိတ္တက မင်းမှမင်းသား မင်းတရားလည်း ညာထားတောင်တင် ရှစ်သောင်းရှင်၏ လွန်ကြင်သားချင်း ညီမရင်းကို ဆောက်နှင်းဘွဲ့တပ် ဆွေမျိုးထပ်ရှင့် ကြေရပ်ဥဿာ ရှေ့မှာဇင်းမယ် ထားဝယ်မကြွင်း မိုးညင်းသီဘော ဖြင်ပေါအုန်းဘောင် လက်ဆောင်ပို့လှောက် ဆက်လာရောက်သည် ရွံ့ကြောက်တည့်ညွတ်ကွေး ချစ်မြတ်လေး ။
  16. ရန်လုံးကြောက်ဧး လက်ဝါးပေးမှ နီးဝေးဇမ္ဗူ မည်ခေါ်ဟူသော် စည်သူကျော်ထင် ရှင့်ဘေးခင်၏ လွန်ကြင်သည်းကြား မွေးသည့်သားလည်း နှစ်ပါးနှမ မြတ်လှမောင်ရင်း စည်သူမင်းနှင့် သတင်းကျော်ချောက် ထိုသုံးယောက်တွင် စံမြောက်လက္ခဏာ ပြင်လျာတမွတ် နှိုင်းတုလွတ်သား ထွတ်ထွတ်ကြက်သရေ မြုတေခေါ်လျက် မင်းလှညက်ဟု ရွှေစက်ရှင်ရှင် လျှပ်သွင်ညီးရွှန်း မြရည်သွန်းသို့ တကျွန်းမြန်ခွင် မျက်ချစ်စင်၏ ယင်းလျှင်ရှင့်ဘွား ရှစ်သောင်းဖျားနှင့် တရားပြည့်ဖြိုး ရှင့်ချစ်ဘိုးလျှင် နေမျိုးသီဟ ရှင့်ချစ်ဘကို တောင့်တကြည်ဖြူ တောင်းဆုယူသည် နတ်လူတည့်မြတ်လေး ပိုက်သိမ်းမွေး ။
  17. ဇမ္ဗူဒီပါ ကျွန်းသာတိုက်လုံး နိုင်ငံကျုံးသော် မင်းဆုံးနတ်သွင် ငါးစီးရှင်ကား လွန်ကြင်မြေးမြစ် အရင်းဖြစ်သော် တလှစ်ကြေညာ သင်္ခယာဟု မည်သာကျော်ထင် ရှင့်ဘိုးခင်နှင့် လွန်ကြင်မြတ်လေး ဘွားတော်မွေးသော် တသွေးညီနောင် မောင်ကားသုံးယောက် ထွန်းတောက်ကြက်သရေ မြုတေဆင်းမြ မြတ်နှမလည်း သက်မျှဝေချစ် နှစ်ပါးဖြစ်၏ ဘုန်းသစ်ထွန်းပြောင် သားကုန်အောင်တွင် အခေါင်ထွတ်တင် ရှေးဖျားမြင်သည် အသွင်တင့်လှ ရှင့်ချစ်ဘကား ချီချစက်ခြေ အောက်မြေဘဝါး ရွရွသွားက အများနတ်လူ တိုက်လုံးဆူမျှ ဇမ္ဗူဦးစွန်း ပွင့်အံ့မှန်းသည် ကြငှန်းတည့်သွေးသွေး မှတ်ကြတွေး ။
  18. ပရမေလျှံပြောင် စက်ဘုန်းရောင်ဖြင့် အခေါင်တုလွတ် ဇာတိမြတ်၍ လူနတ်အပုံ မေတ္တာယုံက ကြင်စုံမက်မော မျက်ချည်ပြောမျှ ဖြူစောသဘွယ် အရွယ်ရောင်ဆင်း ရှင့်ဘမင်းကို သေဉ်နင်းစောထီး ရှင့်ဘေးကြီးနှင့် ဝေးနီးကြေညာ သင်္ခယာဟု မည်သာကျော်ဟိုး ရှင့်ချစ်ဘိုးလည်း တန်ခိုးကြုံးဝါး တမွတ်ထားလျက် ငါ့သားရန်ငူး တန်ခိုးမြူးဟု ကျေးဇူးမိုးမြင့် မြင့်မိုရ်ဆင့်သို့ တို့ရှင့်မျိုးပုံ စံတုံရမည် မှတ်တော်ရည်ရှင့် စံတည်ပုံသွေး ဘိုးဘေးမူလ ကျင့်စာရနှင့် ထွန်းပလက်ရုံး အောင်မျှို့ကျုံး၍ ပြည်လုံးတောင်ငူ တရာယူသည် ထိန့်ဆူတည့်နီးဝေး ပဲ့တင်ကြွေး ။
  19. တန်ခိုးတေဇာ ဘုန်းသမ္ဘာနှင့် ကြေညာတောင်မြောက် ထိန့်ထိန့်ချောက်မျှ ပြိုင်ထောက်ရန်မြစ် နုတ်ပစ်ထွားထွား လက်ရုံးအားဖြင့် ရပ်ခြားတောင်ငူ လက်နက်မူက ရန်သူကြေညာ ရှိရာရာကို ဘွေရှာရိပ်မဲ ရှင့်ဘခွဲသော် ရေလွှဲသင်းခိုင် ငါးခရိုင်နှင့် ပည်းလှိုင်ခွန်အား ပဲကူးသားလည်း ကြေထွားပျက်ချွံ ညက်ညက်နွံရှင့် မင်းဝံအနောက် ပြည်တလျှောက်ဝယ် ရွံ့ကြောက်ညွတ်ခ ဆက်စာသလျက် လက်ဆပျောင်းပျောင်း ဝပ်ဝပ်ညောင်း၏ တောအောင်းစေခိုင်း ရှမ်းရိုင်းကချင် ပြေးဝင်မှီခို တောင်မြင့်မိုရ်သို့ လူဗိုလ်ပြောထု သက်နှံပြုသော် ကေတုမတီ ခေါ်ညီရွှေပြည် မြို့ကြီးတည်မူ စက်ခြည်ထွန်းပြောင် မင်းကျော်ခေါင်ဟု ရွှေတောင်ကွန်းပြောက် ဘုံသာဆောက်၍ လက်မြှောက်အိန့်ရှင် ကျူးအံ့ယင်သည် ရည်ထင်တည့်မှတ်တွေး တနွေးနွေး ။
  20. ခပ်သိမ်းဒိသာ မျက်နှာဆယ်မည် ကျော်သံရည်ဖြင့် ပြိုင်မည်မဝံ့ အလွှံ့ရန်မျိုး ဝပ်ဝပ်ကျိုးလျက် တန်ခိုးတေဇော် ကျွန်းလုံးပေါ်သား ဘေးတော်လွန်ပြီး ရှင့်ဘိုးကြီးလျှင် မင်းထီးလည်းမူ ဆက်ကာယူသော် တောင်ငူဒီပ ရပ်ဒေသကို ရှင့်ဘနှောင်းဆုံး နိုင်ငံကျုံး၍ လက်ရုံးထွန်းပြောင် ရပ်သီးထောင်က ကျော်ခေါင်မည်သာ မဟာသီရိ ကိတ္ထိဇေယ စောသူရဟု ခေါ်ထပညာပ် မည်သာတပ်ရှင့် ကြေရပ်ဥဿာ ဇင်းမယ်ရွာနှင့် ရတနာပူရ အင်းဝသေဉ်နင်း ဇမ္ဗူမင်းလည်း ချစ်ခြင်းကော်ရော် နှမတော်ကို မျိုးဘော်ဆွေဆက် မပျက်စိမ့်ရေး ထိမ်းမြားပေးလျက် ကံကျွေးဆင့်လှောက် လက်မြှောက်စည်သာ မင်းတန်ဆာတိ ကိရိယာငါးပါး ယပ်မားသရဘူ ထီးဖြူမကြွင်း ပို့သနှင်းသည် ဆင်မြင်းတည့်မရွေး ထပ်ကာပေး ။
  21. ရှိုးရှိုးရွှန်းလျှင် မြင့်သွန်းရွှေတောင် ယုဂန်ခေါင်မှ ပြောင်ပြောင်ထွန်းဝင်း ကျွန်းလုံးချင်းသား ထန်ပြင်းတေဇာ သူရိယာသို့ ပမာတုလွတ် ဘေးတမွတ်၏ သည်းပွတ်ရင်သွေး နှောင်းဆုံးမွေးသည် ရင်သွေးပွင့်လောင်း နားတော်ညောင်းလော့ အကြောင်းမကျန် ကျွန်ုပ်ပြန်အံ့ ဆဒ္ဒန်ရတနာ ယာဉ်သာသခင် ငါးစီးရှင်တို့ ဝန်းကျင်ရန်မြစ် လှစ်ခဲ့သောကျိုး ဆွေစဉ်မျိုးဝယ် သတိုးဓမ္မ လွန်ပြီးမှတည့် ယောက်ဖရင်းချာ မင်းကြီးစွာလျှင် အရာဇမ္ဗူ နှောင်းဆုံးယူ၍ ထို့တူမယွင်း ထုံးစံခင်းလျက် ရှင်ရင်းရန်လှစ် ရှင့်ဘချစ်ကား စုလစ်သွန်းသွန်း နန်းလည်းဆောက်မည် အသင့်ရည်၍ ရွှေပြည်ကေတု မြို့သစ်ပြုရှင့် ပျော်မှုသစ်ဌာန် ကြာအင်းကန်ကို ပန်းမာလ်စေ့စုံ စေ့ပျိုးတုံသည် ကြာငုံတည့်ပေါ်ထွေး ရေဖွေးဖွေး ။
  22. ပတ်ကုံးကျွန်းစည် မြန့်ပြည်တောင်မြောက် ထိန့်ထိန့်ချောက်မျှ ပြိုင်ထောက်လက်ချ ရေစာဝ၍ ဇေယရန်အောင် တံဆိပ်ဆောင်သား ကျော်ခေါင်ရန်နင်း ရှင့်ဘမင်းကား ဆင်မြင်းစစ်ပါ အင်္ဂါလေးမည် သိမ်းဆည်းသည်နှင့် ဆယ်ပြည်ထုတ်ချင်း စက်ခြေနင်းက သုံးစင်းထီးဖြူ သရဘူသင်းကျစ် ရွှေစစ်သိင်္ဂါ လည်မှာယပ်မား တရားကြည့်ရှု မင်းမှုကုန်လျောက် နားတော်လျှောက်က ထွန်းတောက်အသရေ ကောင်းကင်နေသို့ ပရမေရှိန်စော် နေနှယ်ပေါ်လျက် ဘွားတော်မူစံ့ နတ်လူအံ့၍ အလွှံ့ခွန်လှောင်း ကျောက်ပန်းတောင်းပြင်စည် တွဲ့ကြည်မြင်းကား သက်ပန်းသားတို့ ဘုန်းအားရှင့်ဘ ကံကျွေးရသည် ငြိမ်းလှတည့်ရန်ဘေး မနှောင့်နှေး ။
  23. ရတုသုံးထွေ တတွေတွေလျှင် သန်နွေမခန့် မတန့်ဆွာချောင်း မြစ်ပေါင်းလောင်းနှင့် ခပေါင်းခရိုင် စိုးပိုင်တရိုး တုံ့ဝပ်ကျိုးမှ သိနိုးမောင်ကြင် ကရင်ရှမ်းတော ရွာမိုင်းမောက ဖြင်ပေါလက်ဆောင် ယုန်ပြောင်ချေဆတ် ရှောက်ပွတ်ထူလေ ရစ်ပေငှက်နီ စုံစီမြင်းကောင်း ပျားဘယောင်းတိ ကြေးမောင်းကြေးစည် ရှေးတည်ဆက်ကြိုက် ရှစ်တိုက်နီးဝေး ပြည်ရေးရွာမှု တခုမကြွင်း ပြီးစီးလျှင်းဟု ဝင်းဝင်းရွှန်းရွှန်း စက်ရောင်ထွန်းလျက် ရိုက်ဖြန်းအိုင်အိုင် ထစ်ခရိုင်တိ ငွေစိုင်ငွေခဲ နတ်တို့ကြဲ၍ အံ့အဲဘွယ်သာ ရတနာမိုဃ်းကြီး ရွာဆုံးပြီးမှ ရွှေထီးစကြာ ဖြန့်မိုးကာလျက် စည်သာမုရိုး စိန်တံပိုးနှင့် ရိုက်ကြိုးလက်မြှောက် ထိန့်ချောက်ပဲ့တင် သံလွင်ကျူးဖျား ရှင့်ကိုဘွားသည် ချစ်အားတည့်ကြင်လေး နတ်ရှင်သွေး ။
  24. လက်ရုံးထိန်ညီး စက်ရှင်စီးသော် ဘုန်းမီးထန်ပြင်း စကြာမင်းနှင့် ရင့်ခြင်းသမ္ဘာ ဘုရားလျာကို ဘွားကာစံတူ နိမိတ်မူသား နတ်လူရိုချစ် သက္ကရာဇ်ကား ဖြစ်တုံရှစ်ရာ သတ္တာသတ္တ နှစ်ကလည်းကုန် ကဆုန်ဂိမ္မာန် ယာဉ်ပြန်ဥတ္တရ ဆုတ်စတရက် လက်ကားဓနု လတ်မှုဘီလာ သုံးခါနေဝင် စက်ခွင်မကျူး ဗုဒ္ဓဟူး၌ ရောင်မြူးစေ့ချဉ်း စဉ်းကားတူမှာ တိတျာအုတ်ထပ် ရပ်မှာမိဿ အခေါင်ပ၍ ဘောမကုန်မှာ ဗုဓာသောကြ ပြိဿမကွေ ကသစ်နေ၏ သောရေဗြိစ္ဆာ ဇိဝှါမေဓုန် ပြင်းဟုန်သုရိန် ထိန်ထိန်ကရကဋ် မှတ်လော့တညီ ဆဲ့လေးပြီသား တိထီနက္ခတ် ကြွင်းမှတ်ငါးဆယ် ပျော်ဘွယ်ကြွေ့ကြွေ့ ရောင်မြေ့ကွန့်မြူး တိုင်ဦးတိုင်လယ် လက်စဉ်းရွယ်မှ တင့်တယ်ကျိုးပြိုင် ခုနစ်ဆိုင်နှင့် မဏ္ဍိုင်ထိပ်စွန်း ဝင်းဝင်းထွန်းလျက် ကြငှန်းဘွင့်ရာ ကြိုက်စွာအဟုတ် ကောင်းလှစုက်ဟု ကျမ်းထုတ်ခဲအင် ဟောနည်းဖြင်သည် ဗေဒင်တည့်နက်လေး လွန်ဆွေးနွေး ။
  25. သည်လရာဇာ မည်သာထူးလည် မွန်းတိစည်သား လေပြည်ဖြည်းညှင်း တောအင်ကြင်း၌ ပွင့်လင်းတရား သုံးလူ့ဖျားကို ထွားထွားကြက်သရေ မြုတေထွန်းထင် မယ်တော်ကြင်လျှင် စုံအင်လက္ခဏာ ဘွားသော့ခါဝယ် နှစ်ဖြာကြငှန်း ရေစင်ဖျန်းလျက် ဝေးလွန်းဗြဟ္မာ သုဒ္ဓါဝါသ စသည်တလျဉ် အစဉ်နတ်လူ ခံသော့တူဖြင့် ရောင်ဖြူညံ့သက် ဘိုးနဂ်တုကင်း ပိတ်သလင်းနှင့် လျင်ပြင်းခံထောက် ဝမ်းမြောက်ဆွတ်ဆွတ် လည်တွင်ဝတ်မှ မြင့်ထွတ်တိမ်ဦး သွယ်ဖြူးကုဋေ ဝေပူလတွင် ဇောတမဏိ လျှံညိတခဲ ရဲရဲပျံသွား ပတ္တမြားသို့ တရားသီဟ ရှင့်ချစ်ဘလည်း ချစ်လှပြင်းဝှန် သက်ထက်လွန်၍ ရပ်စွန်ပြည်နား တိုင်းကားပတ်ကုံး သိမ်းကျုံးစိမ့်ငှါ ပို့သလာသည် ကြေညာတည့်ရွံ့ဧး စစ်ရန်လှေး ။
  26. ဆက်လွန်ရှေးနှောင်း မကြားတောင်းတည့် အလောင်းတဆူ ကြီးထူနိမိတ် တိတ်ဩဘာနှင့် ဇာတာကိန်းခန်း မှန်းတုံခါသင့် နေ့နှယ်ပွင့်က မိုးမြင့်ဘုံထိ မင်းနေမိသို့ ဇာတိမြတ်လှ ရှင့်ချစ်ဘကား ရှေးကဝယ်ပစ် ကျွန်တော်စစ်၏ သားချစ်သ္မီး မကြီးရွယ်ပျို ဖြူညိုပျောင်းထွတ် မွတ်ရရွတ်ကို ကြည်ညွတ်သာရွှင် မြင်းဆင်ကျွေးကျွန် ကဲလွန်ပေးလှောက် ခွက်ယောက်လင်ပန်း အစုံမှန်းမှ ကြငှန်းဘွင့်ရာ ဥပရာ၌ မကွာတာရှည် နီးအံ့သည်ဟု မှတ်ရည်ခြားနား ထွေးတော်သားကို ဘဝါးစက်အောက် လက်အုပ်မြှောက်၍ တယောက်မကျန် အပြန်ပြန်လျှင် ကဲလွန်ဆုယူ မေတ္တာမူဖြင့် သိမ်းယူပိုက်ထုပ် အုပ်စိမ့်သော့အား မတ်မယားနှင့် လှထွားထွန်းညီး မင်းသ္မီးတည့် ထွေပြီးများဝှန့် နို့စို့ခန့်၍ ဘုန်းညွန့်ရှည်ကြောင်း ပေးထည့်လောင်းသည် ရက်ကောင်းတည့်မေးမေး နံစံရွေး ။
  27. အဆန်းတကြယ် အံ့အဲဘွယ်လျှင် ရောင်နွယ်ထွန်းတောက် တောင်မြောက်ညီးညီး လျှပ်ခန့်မီးနှင့် ရိုက်တီးကောင်းကင် ဖြူစင်ရေခဲ ရှောင်းရှောင်းကြဲလျက် ကျော်သဲနတ်လူ ဘွားတော်မူက ဇမ္ဗူပွင့်ရန် သည်လျှင်မှန်ဟု ရှေ့စွန်တိုင်းကား မိုင်းညောင်းစားလည်း ဘုန်းအားပြွမ်းပြွမ်း တထောင်ရှမ်းနှင့် ကျွမ်းတစုပုံ ပြေးဝင်တုံရှင့် ပြည့်စုံခပ်သိမ်း ချမ်းငြိမ်းမတ ရှင့်ချစ်ဘကား ဒေသရပ်သာ ရှစ်မျက်နှာကို ငါနှင့်ငါ့သား နှစ်ပါးလက်ရုံး ရန်နှောင့်တုံးသို့ ပတ်ကုံးကျွန်းစည် လှည့်လည်သဲကြံ မှတ်တော်သံ၍ မင်းစံရောင်မောင်း မတောင်းတို့မူ ရွှေထီးဖြူသို့ သစ်ထူချက်ချက် ရွှေပုခက်၌ စုံမက်လွန်ကြင် ပျံ့ပျူးတင်မှ ကျော်ထင်ကြေညာ ဥပရာဟု မည်သာရွှေထီး တမွတ်ချီးသည် မင်းကြီးတည့်ရှင့်သွေး ဘိုးတော်မြေး ။
  28. နေဝန်းစကြာ ဥပရာဟု မည်သာရွှေထီး တမွတ်ချီးက ပြောင်ကြီးယာဉ်ကျော် ရန်အောင်သော်လည်း ထံတော်မကင်း ရှင့်ဘမင်းကား ထွန်းဝင်းဘုန်းသစ် ငါ့သားချစ်ဟု ကောင်းနှစ်မြုတေ ရွှေချက်ကြွေက ရွှေမြေထိပ်မှာ နန်းတော်သာ၌ လွှားကာလေးလှံ အောက်ထက်ရံမှ ကျံကျံရွတ်မန်း ကျမ်းဂန်မှန်း၍ ဂဏန်းဟူးရား သမားထက်ကြပ် အထပ်ထပ်တိ နှီးကပ်ကောင်းသည် မည်ရည်မြောက်မြား မတ်မယားနှင့် ပိုက်ဖြားစေရ ထိန်းယကျွန်ရင်း အားလုံးနှင်း၍ ဆင်မြင်းယာဉ်သာ ရတနာကျီကြ ရှိသမျှကို သီဟကြငှန်း ပေးပြဋ္ဌာန်းလျက် ထက်ဝန်းတိုင်းကား ရည်မှတ်ထားသည် ကိုယ်စားတည့်မှတ်တွေး နောင်ဘို့ရေး ။
  29. အရေးအရာ နောက်မှာဘေးရန် ခပ်သိမ်းဝန်ကို မလှန်တိမ်မြုပ် တန်ခိုးချုပ်မှ စိုးအုပ်တကွင်း ပြည်ထောင်ချင်းတွင် ယွန်းမင်းမြတ်လေး ပေးသည်ထီးဖြူ မှန်ကင်းယူ၍ သရဘူလည်မှာ တန်ဆာပြောင်ပြောင် ဘုန်းခေါင်ထွန်းပ နေရောင်ပြလည်း ရှေးကမင်းဆက် နန်းထက်ဘွယ်ရာ မင်္ဂလာဖြင့် သိင်္ဂါရဝေ နန်းရွှေမြေ၌ သာထွေအမွန် ရွှေသလွန်ထက် ရောင်ဝှန်မင်းစံ ရွှေပြားခံမှ ကျောက်သံမျက်ကောင်း ထောင်သောင်းဖြီးတိ မဏိစီခင်း ဝင်းရရွင်း၌ မယွင်းနတ်ဝယ် ရွှင်စံပယ်သော် အံ့ဘွယ်ဆန်းပြား နတ်ရှင့်သားကို ငါးပါးပဉ္စင် အိန့်ရှင်လက်မြှောက် တံပိုးကောက်နှင့် ရှစ်ယောက်တောင်ဝှေး သားမွေးဘိနပ် သင်းကျပ်အစုံ ရွှေဘုံနန်းမြင့် ပွင့်ချိန်သင့်၍ ရိုက်ဆင့်အိန့်ရှင် သံတင်တံပိုး မုရိုးဒုန်းမင်း ခရုသင်းနှင့် ခွက်ခွင်းလက်မြှောက် ပိုးစုန်းကြောက်မျှ ထွန်းတောက်ကြက်သရေ ပရမေဖြင့် သပြေညွန့်လန်း ရေသဖန်းထက် ရွှန်းရွှန်းတေဇာ မင်္ဂလာတံဆိပ် ဘိသိက်ရေကြည် သွန်းအံ့ရည်သည် ရှစ်မည်တည့်နီးဝေး ပန်းနှယ်မွှေး ။
  30. အထွေအထွေ ပြန်၍ရေမူ ရွှေတွေငွေအုပ် စီစဉ်ချုပ်သော် ထောင်ထုပ်သောင်းသိန်း တွက်ကိန်းကုဋေ သင်္ချေအထု မြေနှယ်စု၍ ပျော်မှုဆန်းပြား ဖျဉ်းကရားနှင့် အလားရွှေခံ မင်းစံရောင်မောင်း ကွမ်းလောင်းစလင့် နိမ့်မြင့်လက်တင် ရွှေစင်မြူတာ ရွှေကြာရွှေဖူး ဆန်းထူးကလပ် ပန်းကပ်ကွမ်းအိုး ကွမ်းထိုးကွမ်းခွက် ကိုးမည်မျက်တည့် ရောင်ချက်ရတနာ တရာနားရေး စွေးစွေးမောင်းမျှ မုနောယသို့ သိင်္ဂရောင်ထွန်း ရွှေလင်ပန်းလည်း ကြငှန်းနတ်ရှင် ရှင့်ဘခင်၌ ပုံယင်ဘုန်းအား ပြည့်စုံများ၍ ခြားနားသိအောင် အကြောင်းဆောင်သော် ပြည်ခေါင်နန္တ ထူပြောလှ၏ ကိစ္စမင်းခမ်း စံမြဲတမ်း၌ နီနှမ်းရွှေဝါ စိမ်းပြာဖြူထွတ် မျက်ဝတ်နားဍောင်း ရွှေပေါင်းစလွယ် ကိုးသွယ်စီမြောင် ကျောက်တိပြောင်လျက် ရွှေတောင်နန်းလယ် စံဘုန်းကြွယ်သည် ရောင်နွယ်တည့်တွေးတွေး ထွန်းရှိန်ပြေး ။
  31. အစိတ်အစေ ဥပဒေဖြင့် ပရမေတန်ခိုး လူ့ထိပ်မိုးသား နေမျိုးနတ်ရှင် ရှင့်ဘခင်၏ ထွန်းထင်တောက်ပ ရှိန်တေဇဖြင့် ရှေးကမင်းဟောင်း မစီးတောင်းတည့် ရွှေပေါင်းရွှေက ရွှေထီးစသည် သိင်္ဂရောင်ထင် ရွှေထမ်းစင်လည်း မျက်ရှင်ကောင်းဖျား ပတ္တမြားနှင့် ပြယားနီလာ မသာရကလ် ပြည်တန်စိန်ကြောင် ဝင်းဝင်းပြောင်မှ စီမြှောင်ပတ်ပတ် ဇောတိရသ်တိ လျှံပတ်ကောင်းကင် လောဟိတင်သို့ ဆင်တုံညီးညီး နေနှင့်မီးသို့ မှောင်ကြီးကင်းပျောက် လင်းလင်းတောက်ရှင့် အံ့လောက်မနိုင် ရွှေစိုင်ငွေသင် ငွေအင်ငွေဖျဉ်း စေ့ချဉ်းကျစ်လစ် အိုးပြစ်ငွေဖြူ ကြီးထူဘောင်းကန် စဉ့်အိုးတန်က ရွက်သန်ငွေကျော တုမဲ့မောသည် ဖြင်ပြောတည့်ဖွေးဖွေး တွေးရရွေး ။
  32. ဖြင်ပြောကုဋေ သင်္ချေပြည့်စုံ တောင်နှယ်ပုံမျှ ကြွယ်ပုံမင်းခမ်း ပြည့်စုံချမ်းဟု ချီးမွမ်းကြားလျှောက် ပြန်ပြီးမြောက်မူ မီးပေါက်လက်နက် သိကြားစက်နှင့် မင်းထွက်မင်းဝင် မော်ကွန်းတင်သား ပဲ့တင်ရိုက်ခြောင်း နာရီမောင်းလည်း သံညောင်းရင့်ပိုက် ဆယ်တန်ကြိုက်လျက် ကျူးရိုက်အားအိုင် ဘဝဂ်တိုင်၍ နှိုင်းပြိုင်မတူ ကျွန်းဇမ္ဗူဝယ် ဆင်ဖြူမာတင် ဆယ်စီးသွင်ဖြင့် ဝန်းကျင်ရန်လုံး ကြောက်ရွံ့ချုံးမျှ ပတ်ကုံးတိုင်းကား တခြားရပ်ခွင် ဝန်းကျင်မှီခို ရှင့်ဘကိုလျှင် ချစ်လိုပန်းကြီး ရပ်ဝေးနီးက သ္မီးမြင်းဆင် ခပ်သိမ်းအင်တိ ရွှေစင်ငွေသောင်း ခွန်လောင်းကျေးမက် နှစ်တိုင်းဆက်သည် နေ့ရက်တည့်မရွေး တချွေးချွေး ။
  33. ဧကရာဇာ မည်သာခေါ်လစ် သီဟရာဇ်ဟု ဘုန်းသစ်ထွန်းပြောင် မုနောဆောင်လျက် ရွှေတောင်နန်းသာ ကျွန်းသိင်္ဂါထက် စကြာထီးဖြူ မှန်ကင်းထူ၍ ဇမ္ဗူတတိုက် စိုးအုပ်ထိုက်သား ရောင်မြိုက်ဖွံ့ထွား နတ်ရှင့်သားကို ကြောင်းလျားသဘော ကျွန်ုပ်ပြောအံ့ ကျော်စောမြောက်တောင် စောင်းထောင်မိုးမြေ ထိန့်ထိန့်ဝေမျှ သရေခေတ္တရာ ကြေဥဿာနှင့် အညာအင်းဝ ကျွန်းဒီပလည်း ခွန်သမပြတ် သန္တာန်လွတ်ရှင့် မန္ဓာတ်သည်းချာ ရတနာသို့ မင်းလျာရှင့်ကို မြင်လတ်လိုသော် လူဗိုလ်ဝှန်ထိတ် ကောင်းကင်ဟိတ်ဖြင့် နိမိတ်ကြီးချည်း သဘောနည်းတိ တော်လည်းငလျင် မင်းလွင်မြူးလေ မိုဃ်းကြီးစွေသည် တထွေတည့်ချမ်းဧး ရေကြည်မွှေး ။
  34. တတိုက်ထိပ်ချာ မြသာရွှမ်းရွှမ်း စိမ်းရောင်လွှမ်းသား ကျွန်းဝှမ်းဇမ္ဗူဒိပ် ဘဝဂ်ထိပ်မျှ တံဆိပ်မကြွင်း ရန်ခပင်းကို နှိပ်နင်းအောင်သည် ကျော်ခေါင်ရှင့်ဘ သုံးစွဲမသား ရာဇဗာဟု နှိုင်းတုမဲ့ပြီ နတ်ဇော်ဂီသို့ သူရဿတီနှံ့ပြား နှိုးဆော်ထား၍ စိတ်ဖြားသိမြင် ဗေဒင်ထုံးနည်း ဖြင်ပည်းပြည့်စုံ တတ်ကုံနည်းနာ ကြီးပညာဖြင့် ရတနာသားတော် ဆင်ဖြူကျော်နှင့် တေဇော်ထန်ပြင်း တကျွန်းမင်း၏ သည်းတွင်းရင်နှစ် သ္မီးချစ်ကို သလစ်ထံမှာ ရောက်လရာဟု မင်းမှာမင်းရေး ရောထွေးပုဏ္ဏား မေတ္တာပြားက ဘုရားတဆူ နတ်လူညွတ်ကြည် မဟိန်ထေရ်ဟု မြန့်ပြည်ထင်ကျော် ဆရာတော်လည်း နုမော်ဗျာဒိတ် မြတ်သောစိတ်ဖြင့် နိမိတ်ကောင်းအောင် ဘိသိက်ဆောင်သည် ကျော်ခေါင်တည့်မင်းသွေး သားတော်ထွေး ။
  35. ခပ်သိမ်းမကြွင်း ဇမ္ဗူနှင်း၍ ဝင်းဝင်းတေဇော် ထွန်းပြီးသော်မူ ဘိုးတော်မဟာ သင်္ခယာနှင့် ရာဇာဒိပ္ပ ဘွားတော်စသား ဖြီးမျှအုတ်ထွေ မင်းဆွေစိုးမျိုး မှူးရိုးမတ်သား ကျေးစားထီးဆောင်း မေတ္တာလောင်းသည် တသောင်းစကြဝဠာ သင်္ချာထုတ်ချောက် လက်ရုံးတောက်သား အံ့လောက်တေဇ ရှင့်ချစ်ဘကား သိင်္ဂရည်ရှင် ရှင့်ဘိုးခင်၏ ရောင်ထင်ပြိုးပြက် ရွှေပုခက်ကို ညောင်ရွက်လူလူ ရွှေခြူသဲသဲ ရွှေပန်းဆွဲလျက် ပုလဲမြဆိုင်း တမွတ်တိုင်းဖြင့် ရွှေကိုင်းချိတ်ကွေး ရွှေတံပြေးမှ ရွှေရေးရုပ်မွန် လည်ပြန်ခြင်္သေ့ ကောက်ကွေ့နဂါး ယန္တရားတွင် လေးပါးဘီလူး ဆန်းတထူးလျှင် ရွှေခြူးတင့်ယောင် တန်ဆောင်ရွှေတိုင် သန်လျက်ကိုင်နှင့် ရန်နိုင်အင်းကွက် ဗိတာန်ကြက်သည် နှောင့်ရှက်တည့်မင်းရေး စင်အောင်ဆေး ။
  36. အဓိပတိ ဘုန်းရှိအခေါင် မုနောဆောင်လျက် ရွှေတောင်ဗိမာန် လေသွန်တံခါး လွှားလွှားလှစ်ဘွင့် ရိပ်ဖြူလွင့်၍ ရိုက်ဆင့်အိန့်ရှင် သံလွင်လက်မြှောက် တန်ခိုးလှောက်သော် ပြိုင်ထောက်နီးဝေး နတ်ရှင့်သွေးကို ကုပ်ကွေးရှိခိုး ညွတ်ကျိုးသံညင်း နားတော်သွင်းအံ့ ထွန်းဝင်းတေဇော် ခမည်းတော်ကား မွေးသော်မွေးကျိုး သားဘုန်းဖြိုးဟု ကဲမိုးချစ်ခြင်း ပြည်လုံးနှင်းလျက် ခြေကျင်းလက်ကောက် မင်းတို့လျောက်ဖြင့် ပျံမြောက်ကောင်းကင် မျက်ရှင်ပတ္တမြား ပြယားနီလာ ရတနာစီရစ် ပုလဲနှစ်နှင့် နတ်စစ်သဏ္ဌာန် သိကြားဟန်သို့ မတန်ပြိုင်ဆွယ် ဆင်ဘွယ်ဘွယ်ကို ကျင့်နွယ်ရှေးတီး မင်းရေးမှီး၍ ရွှေထီးရွှေစည် ငါးမည်တန်ဆာ ကိရိယာတည့် စုံစွာပေးထပ် စောင့်စည်းတပ်မှ ဆယ်ရပ်ကြားကျော် သက်တော်တရာ နန်းသိင်္ဂါထက် အဆက်မင်းရိုး စိုးစိမ့်အခေါင် ရှင့်ဘဆောင်၍ ကြောက်ယောင်ဘေးရန် ဆုတ်လေပြန်သည် ပြင်းထန်တည့်လွှဲပြေး အထွေးထွေး ။
  37. အဆက်အဆက် ရွှေနန်းထက်တွင် ရောင်ချက်ရတနာ ဖြန့်ကာလူလူ ဆဒ္ဒန်ဖြူနှင့် ဇမ္ဗူမြောက်တောင် အုပ်စိုးဆောင်သော် ဘုန်းခေါင်တသွန် လွန်လေမင်းရှေး ဘေးတော်ဘေးမှ ကျော်သွေးထိန့်ဟိုး ဘေးတော်ဘိုးလျှင် မင်းရိုးမှန်လှ ဘေးတော်ဘလည်း ထိုကနွယ်ပင် မင်းရိုးဝင်၍ ကျော်ထင်စည်သူ ဘေးတော်မူကား ဇမ္ဗူရိုက်ခြောင်း မြေကြီးစောင်းမျှ ဘိုးကောင်းမင်းဖျား ချစ်ဘွားမင်းပင် ဘခင်ရန်နင်း ကျော်ခေါင်မင်းမူ ထန်ပြင်းတေဇ စောသူရဟု လက်ချရှစ်ရပ် လန့်ဖျပ်ကြောက်ညည်း မြေကြီးကျည်းမျှ စီးလည်းစီးချင်း မကြွင်းသတ်နွံ မြို့ခံမြို့ထိုး ရန်မျိုးတလွှား သူ့ရှင့်သားကို ထွားထွားအောင်မြင် ဖြိုလိုက်နှင်လျက် တိုင်းခွင်တောင်ငူ မင်းထီးမူ၍ နတ်လူရင်နှစ် ရှင့်ကိုချစ်သည် ရန်လှစ်တည့်နှောင်းမွေး စဉ်မဝေး ။
  38. အထပ်ထပ်လျှင် ထက်ကြပ်မကွာ ဘယ်ညာစောင့်စည်း အပည်းပည်းတိ ငယ်ချည်းတခြား တလတ်ချားလည်း တပါးသင်းသီး လုလင်ကြီးမူ ထွေပြီးတသွန် အတန်တန်တိ လှည့်ဘန်မညံ ပတ်ကုံးရံမှ ကျံကျံသောင်းသောင်း သံဆင့်လှောင်း၍ သံညောင်းသံညံ့ သံပျံ့သံဧး အချင်းပေးလျက် သံလေးသံအိုင် သံပြိုင်သံချို ရှင့်ကိုကျူးပေ နားဝင်စေလျက် ပရမေထွန်းထင် ရှင့်ဘခင်လျှင် စီရင်ချင့်တွက် ကြံမပျက်တည့် ဘွားဘက်ထောင်ပြည့် ရွေးချယ်တည့်လျက် ရှင်၏ဘေးဘိုး ရိုးမျိုးကြောင်းစ ပြန်လျှောက်ရရှင့် ထိန်းယမကြွင်း သင်းပင်းမလွတ် မှူးမတ်ကျေးစား ပုဏ္ဏားရှင်လူ မေတ္တာမူလျက် ဦဦကြွေးကြော် ပျော်ကြောင်းဖျော်သည် စက်တော်တည့်မှေးမှေး ခေါ်ဘိသေး ။
  39. မင်္ဂလာတိုင်ဖူး ယုဂန်ဦးက ကွန့်မြူးတထောင် ရောင်ခြည်ဆောင်လျက် တိမ်တောင်စက်ထဲ ဝက်ဝက်ခွဲ၍ ရဲရဲရွှန်းမော် နေဝန်းပေါ်သို့ အံ့အော်မနိုင် ကျေးဇူးစိုင်တိ စံပြိုင်နှုန်းကင်း ရာထီးစင်းတို့ ဆက်သွင်းလက်ဆောင် ဘုန်းစက်ရောင်နှင့် တောင်ငူမည်သီး ရွှေပြည်ကြီးကို ရွှေထီးဖြန့်ပိုက် ရှစ်စင်းစိုက်လျက် သောင်းတိုက်ရှည်ချိန် တာဝတိန်ဝယ် ဒေဝိန္ဒရာဇ် ရန်စစ်ညွတ်တွား သိကြားရည်တူ ဆင်ဖြူသခင် နတ်ရှင်ရင်သွေး စိန်လေးနှိုင်းချင်း ဘောက်ထွင်းရွှေဉာဏ် ဂုဏ်ဖြင့်လွန်သား တသွန်မြေပေါ် မမြော်ပြိုင်ကင်း တို့ထိပ်နင်းအား ရစ်ကွင်းမျက်စုံ ရွှေကြေးမုံသို့ အာရုံစက္ခု ရှုစိမ့်သောငှါ ချိုသာသာသည် ဤစာတပင်ရွှေထီး ဧးချင်းတည်း ။

မင်းတရားရွှေထီးဧးချင်း ပြီး၏။