ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
ဘူရိဒတ်ဇာတ်တော်ကြီး by ရှင်နန္ဒမေဓာ
၁။ နဂရခန်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသတတ်။ ထိုအခါ သားတော်အကြီးအား အိမ်ရှေ့အရာကို ပေးတော်မူ၍ ထိုအိမ်ရှေ့မင်း၏ အခြံအရံ စည်းစိမ်ချမ်းသာ ပြန့်ပွားသည်ကို မင်းကြီးမြင်တော်မူလျှင် ထီးနန်း၏အန္တရာယ်ကို စိုးရိမ်တော်မူသောကြောင့် “ချစ်သား။ သင်သည် ပြည်မှထွက်၍ နှစ်သက်ရာအရပ်၌ နေလေလော့။ ငါလွန်မှ အမျိုး၏ဥစ္စာ ငါ၏အမွေဖြစ်သော ရွှေထီးရွှေနန်းကို စိုးမြန်းရစ်”ဟု အမိန့်တော်ရှိလျှင်၊ မင်းသားလည်း အမိန့်တော်မြတ်ကို ဦးထိပ်ဆင့်ရွက်၍ ပြည်မှ တစ်ယောက်တည်း ထွက်လေသော် အစဉ်အတိုင်း ယမုနာမြစ် သမုဒ္ဒရာတို့၏ အလယ် တစ်ခုသောတောင်ကြား၌ နေရာသင်္ခမ်း ဖန်ဆင်းစီရင်၍ ရသေ့၏အသွင်ဖြင့် တောသစ်သီးသစ်ဖုတို့ကို ဆောင်ယူသုံးဆောင်လျက် နေလေ၏။

ထိုအခါ သမုဒ္ဒရာအောက် နဂါးပြည်၌ မုဆိုးမဖြစ်သော နဂါးမတစ်ယောက်သည် လင်ရှိသောနဂါးမတို့၏ မိမိတို့လင်နှင့် အတူတကွ တင့်တယ်စံပယ်ခြင်းစည်းစိမ်ကိုမြင်၍ ထိုသူတို့နည်းတူ ပျော်မြူးလိုသော ကိလေသာဖြင့် နှိပ်စက်သည်ဖြစ်၍ နဂါးပြည်မှထွက်ခဲ့သော် သမုဒ္ဒရာနား၌သွားလေသော် မင်းသား၏ခြေရာကိုမြင်၍ ထိုခြေရာကို အစဉ်မှီသဖြင့်လိုက်လေလျှင် နေရာသင်္ခမ်းကို မြင်လေ၏။ ထိုသို့မြင်သောအခါ မင်းသားကား သစ်သီးကြီးငယ်အလို့ငှာ တစ်ပါးသို့သွားခိုက် ထိုနဂါးမသည် မင်းသားနေရာသင်္ခမ်းသို့ဝင်၍ သစ်ခက်ခင်းနှီးကိုလည်းကောင်း၊ ကြွင်းသော ပရိက္ခရာတို့ကိုလည်းကောင်း မြင်လျှင် ဤသို့ အကြံဖြစ်၏။ “ဤကျောင်းသင်္ခမ်းသည် တစ်ယောက်သောရဟန်း၏နေရာ ဖြစ်မည်။ ထိုရဟန်းကို စူးစမ်းအံ့”ဟု ကြံ၏။

“ထိုရဟန်းသည် သဒ္ဓါ၍တည်း ရဟန်းပြုသလော။ ယင်းသို့မဟုတ် တစ်ပါးအမှုကြောင့်တည်း ရဟန်းပြုသလော။ အကယ်၍ သဒ္ဓါပဗ္ဗဇိတဖြစ်အံ့။ ကာမဂုဏ်ကို အလိုမရှိသည်ဖြစ်၍ တန်ဆာဆင်ခြင်းနှင့်ပြည့်စုံသော ငါ၏ အိပ်ရာ၌ မနေလတ္တံ့။ အကယ်၍ ငါစီရင်အပ်သော အိပ်ရာ၌ နေသည်ဖြစ်အံ့။ သဒ္ဓါပဗ္ဗဇိတမဟုတ်။ ကာမဂုဏ်ကို အလိုရှိသောသူတည်းဟု သိရအံ့။ ထိုငါခင်းအပ်သောအိပ်ရာ၌ မွေ့လျော်မူ ငါ၏လင်အဖြစ်ကိုပြု၍ ဤတောအရပ်၌လျှင် နေအံ့”ဟု ကြံလျက် ထိုနဂါးမသည် နဂါးပြည်သို့သွားပြီးလျှင် နတ်တို့၏ ပန်းနံ့သာကိုဆောင်၍ အိပ်ရာကိုစီရင်လျက် ရသေ့နေရာသင်္ခမ်းကို ပန်းနံ့သာတို့ဖြင့်ပူဇော်လျက် နံ့သာမှုန့်တို့ကိုကြဲ၍ သင်္ခမ်းကိုတန်ဆာဆင်လျက် နဂါးပြည်သို့ သွားလေ၏။

မင်းသားသည် ညချမ်းသောအခါ သင်္ခမ်းသို့ရောက်လျှင် အတွင်းသို့ဝင်လာသော် ထိုအိပ်ရာအခင်း စသည်တို့ကိုမြင်၍ “မည်သူ ဤအိပ်ရာကို စီရင်သနည်း” ဟု ကြံလျက် သစ်သီးကြီးငယ်ကိုသုံးဆောင်၍ “ဪ-ကောင်းစွာ့၊ ဪ-ချမ်းသာစွာ့” ဆိုလျက် နှစ်လို့ဝမ်းမြောက်စွာ ထိုအိပ်ရာ၌ နေလေ၏။

မိုးသောက်သောအခါ ထ၍ သင်္ခမ်းကို တံမြက်လှည်းပြီးလျှင် သစ်သီးကြီးငယ်အလို့ငှာ သွားပြန်လေ၏။ နဂါးမလည်း ထိုအခါ လာပြန်လတ်၍ ညှိုးနွမ်းကုန်သော ပန်းနံ့သာ စသည်တို့ကိုမြင်လျှင် “ဤသူကား သဒ္ဓါပဗ္ဗဇိတ မဟုတ်။ ကာမဂုဏ်၌ အလိုရှိသောသူတည်း။ ထိုသူကို လင်ပြုအံ့သောငှာ တတ်ကောင်း၏”ဟု သိပြီးသော် ဟောင်းသောပန်းတို့ကို ပယ်၍ တစ်ဖန် အသစ်သောပန်းတို့ကို ဆောင်လျက် ရှေးအတူစီရင်ပြီးလျှင် နဂါးပြည်သို့ ပြန်သွားလေ၏။ ထိုမင်းသားသည် ထိုနေ့၌လည်း ပန်းအိပ်ရာ၌အိပ်၍ မိုးသောက်လျှင် ကြံ၏။ “ဤသင်္ခမ်းကို မည်သူသည် တန်ဆာဆင်သနည်း” ဟုကြံလျက် သစ်သီးကြီးငယ်အလို့ငှာ မသွားမူ၍ သင်္ခမ်းမှ မနီးမဝေး ပုန်းကွယ်ရာအရပ်၌ ချောင်း၍နေလေ၏။

နဂါးမလည်း များစွာသောပန်းနံ့သာတို့ကို ယူ၍ သင်္ခမ်းသို့လာလျှင် မင်းသားသည် မြတ်သောအဆင်းနှင့် ပြည့်စုံသော နဂါးမကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ မိမိကိုယ်ကိုမပြဦးဘဲ နဂါးမသည် သင်္ခမ်းတွင်းသို့ဝင်၍ အိပ်ရာစီရင်သောအခိုက်မှ မင်းသား နောက်ထပ်ဝင်၍ “သင်ကား အသူနည်း”ဟု မေး၏။ “အရှင်။ အကျွန်ုပ်ကား နဂါးမတည်း”ဟု ဆို၏။ “သင်ကား။ လင်ရှိသလော”ဟု မေး၏။ “အရှင်၊ အကျွန်ုပ်ကား ရှေး၌ လင်ရှိပါ၏။ ယခု လင်မရှိ၊ မုဆိုးမတည်း”ဟု ဆို၏။

“အရှင့်သားကား။ အဘယ်အရပ်ကပေနည်း”ဟု မေး၏။ “ငါကား။ ဗာရာဏသီမင်းကြီး၏ သားတော်ဖြစ်သော ဗြဟ္မဒတ်မင်းသား” ဟုဆို၏။ “သင်ကား နဂါးပြည်ကိုစွန့်၍အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း”ဟုမေး၏။ “အရှင်။ ထိုနဂါးပြည်၌ လင်ရှိမိန်းမတို့၏ တင့်တယ်စံပယ်ခြင်းစည်းစိမ်ကိုမြင်သော အကျွန်ုပ်ကား ကိလေသာကိုအမှီပြု၍ ပျော်မြူးလိုသောကြောင့် ထိုနဂါးပြည်မှထွက်၍ မြတ်သောလင်ကို ရှာမည်လာသည်”ဟုဆို၏။ “ထိုသို့တပြီးကား “ငါသည်လည်း သဒ္ဓါပဗ္ဗဇိတမဟုတ်။ ခမည်းတော်ပြည်မှ နှင်ထုတ်သောကြောင့် ဤတောအရပ်၌ နေ၏။ သင်သည် မကြံလင့်။ ငါသည် သင်၏ လင်ဖြစ်အံ့”ဟုဆို၏။ “ငါတို့ ၂-ယောက် အညီအညွတ်တင့်တယ်စံပယ်ကြလျက် ဤတောအရပ်၌ နေကုန်အံ့” ဟုဆို၏။ နဂါးမလည်း “ကောင်းပြီ”ဟု ဝန်ခံ၍၊ မင်းသား, နဂါးမ ၂-ယောက်တို့သည် ဇနီးမောင်နှံအဖြစ်ဖြင့် ထိုတောအရပ်၌ နေကြကုန်၏။ နဂါးမသည် မိမိအာနုဘော်ဖြင့် ကြီးစွာသောအိမ် ဖန်ဆင်း၍ ကြီးစွာသော နေရာပလ္လင်ကိုဆောင်၍ အိပ်ရာခင်းပေ၏။

ထိုနေ့မှစ၍ တောသစ်မြစ်သစ်သီးတို့ကို မစား။ နတ်တို့၏ထမင်းအဖျော် စသည်တို့ကိုသာ သုံးဆောင်ခံစားပြီးလျှင် မွေ့လျော်ကြကုန်၏။

ထိုရောအခါ နဂါးမသည် ပဋိသန္ဓေနေ၍ သားယောကျာ်းဖွားလျှင် ထိုသတို့သားအား သမုဒ္ဒရာနား၌ ၎င်းဖွားသောကြောင့် သာဂရ ဟူသောအမည်ကို မှည့်ကုန်၏။ သာဂရသတို့သား ခြေဖြင့်သွားတတ်သောအခါ သမီးကို ဖွား၏။ ထိုသမီးအား သမုဒ္ဒရာနား၌ ဖွားမြင်သောကြောင့် သမုဒ္ဒဇာ ဟူသောအမည်ကို မှည့်ကုန်၏။

ထိုအခါ ဗာရာဏသီပြည်သား မုဆိုးတစ်ယောက်သည် ထိုအရပ်သို့ရောက်လေ၍ စကားစမြည်ပြောပြီးသော် အရှင်သား၏အဖြစ်ကိုသိ၍ ၁-ရက်, ၂-ရက်နေလျက် “အရှင့်သား။ အကျွန်ုပ်သည် ခမည်းတော်မင်းအား ဤအရပ်၌ အရှင့်သားနေသောအဖြစ်ကို လျှောက်ကြားအံ့”ဟု ရှိခိုး၍ မြို့သို့ ပြန်လာ၏။

ထိုအခါ ဗြဟ္မဒတ်မင်းကြီး သေခဲ့လေ၏။ အမတ်တို့သည် ထိုမင်း၏ အလောင်းကောင်ကို ဖုတ်သောအမှုကိုပြု၍ ၇-ရက်မြောက်သောနေ့၌ စည်းဝေးတိုင်ပင်ကုန်၏။ “အချင်းတို့။ မင်းမရှိသောပြည်မည်သည်ကား ရန်ဆူးရန်ငြောင့်တို့ကို တားမြစ်ခြင်းငှာ မတတ်နိုင်ရာ, မခိုင်ခံ့ရာသည်။ ငါတို့အရှင်မင်းကြီးသား နေရာအရပ်ကိုလည်းကောင်း၊ ရှိသောအဖြစ်ကိုလည်းကောင်း၊ မရှိသောအဖြစ်ကိုလည်းကောင်း ဘယ်သူတစ်ယောက်မျှ မသိကြ ကုန်သည်ဖြစ်၍ အဘယ်သို့ ပြုကြရအံ့နည်း”ဟု တိုင်ပင်ကုန်၏။ “ယခု ဖုတ်သွင်းရထားလွှတ်၍ မင်းကို ဆောင်ယူသော် ကောင်း၏”ဟု တစ်ဖန် တိုင်ပင်ကုန်၏။

တိုင်ပင်၍နေသောခဏ၌ မုဆိုးတစ်ယောက်သည် ပြည်သို့ရောက်လာ၍ မှူးမတ်တို့တိုင်ပင်သောစကားကို မုဆိုးကြားလျှင် အမတ်တို့အထံသို့သွား၍ “အကျွန်ုပ်သည်။ မင်းသားအထံ၌ ၃-ရက်, ၄-ရက်နေ၍ အကျွန်ုပ်လာခဲ့သည်”ဟု အမတ်တို့အား ကြားလျှောက်၏။ အမတ်တို့သည် မုဆိုးစကားကိုကြားလျှင် ထိုမုဆိုးအား လိုက်လျောက်ရာ ပဏ္ဏာ လက်ဆောင်ပေး၍၊ မင်းအပေါင်းတို့သည် မုဆိုးကိုခရီးညွှန်ပြု၍ စစ်သည်ဗိုလ်ပါအပေါင်းခြံရံလျက် အစဉ်အတိုင်းသွားကြ၍၊ မင်းသားအထံသို့ရောက်လျှင် စကားပြောဟောကြပြီးသော် ခမည်းတော်မင်းကြီးသည် သဇီဝသဘောမှ ရွေ့လျော၍ နိဇ္ဇီဝသဘောသို့ရောက်ကြောင်းကို မင်းသားအား လျှောက်ကြားပြီးမှ တစ်ဖန် “ပြည်ကို စိုးစံတော်မူပါ”ဟု လျှောက်ကုန်၏။

ထိုအခါ မင်းသားသည် “နဂါးမစိတ်ကို သိအောင်ပြုအံ့”ဟု နဂါးမထံသို့ ချဉ်းကပ်လေ၍ “အဘယ်သူရှင်မ။ ဗာရာဏသီပြည်၌ ငါ၏ခမည်းတော်သည် လူ့ပြည်ငြီးငွေ့၍ နတ်ပြည်စံတော်မူသဖြင့် ငါ့အား ပြည်ကိုသိမ်းစေလိုသောကြောင့် အမတ်အပေါင်းတို့သည် ငါ့အား ဆောင်နှင်းအံ့ဟု လျှောက်ကြကုန်၏။ အဘယ်ရှင်မ။ ငါတို့ ၂-ယောက်တို့သည် သွားကြကုန်အံ့။ ၁၂-ယူဇနာရှိသော ဗာရာဏသီပြည်ကို မင်းပြုကြကုန်အံ့။ ရှင်မသည်လည်း ၁-သောင်း ၆-ထောင်သော မောင်းမအပေါင်းတို့တွင် အကြီးဖြစ်လတ္တံ့”ဟုဆို၏။

“အရှင်မင်းသား။ အကျွန်ုပ်သည် လိုက်အံ့သောငှာ မတတ်နိုင်”၊ “ရှင်မ။ အဘယ့်ကြောင့် လိုက်အံ့သောငှာ မတတ်နိုင်သနည်း”။ “အရှင့်သား။ အကျွန်ုပ်တို့အမျိုးသည် အဆိပ် ရှိ၏။ လျင်သောအမျက် ရှိ၏။ စိုးစဉ်းငယ်ကိုမျှလည်း အမျက်ထွက်တတ်၏။ စည်းစိမ်ချမ်းသာနှင့် နေခြင်းသည်ကား အလွန် ဝန်ဖြစ်ပါသည်။ အကယ်၍ အကျွန်ုပ်သည် မြင်၍လည်းကောင်း၊ ကြား၍လည်းကောင်း, အမျက်ထွက်လတ်သည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို ကြည့်မိအံ့။ ဖွဲပြာကဲ့သို့ ကြေလိမ့်သတတ်။ ဤအကြောင်းကြောင့် အကျွန်ုပ်သည် လိုက်ခြင်းငှာ မတတ်နိုင်ပါ”ဟုဆိုလျှင် မင်းသားလည်း တောင်းပန်မြဲ တောင်းပန်ပြန်၏။

နဂါးမသည် တစ်စုံတစ်ခုသော ပရိယာယ်ဖြင့် မလိုက်ခြင်း အကြောင်းကိုဆို၍ “ဤသားတို့သည်ကား နဂါးငယ်သာတည်း။ အရှင်မင်းသားနှင့် အကျွန်ုပ် ပေါင်းဖော်သောကြောင့် သားဖွားလျှင် လူဇာတ်ဖွားပါသည်။ အကယ်၍ အရှင်မင်းသားသည် အကျွန်ုပ်ကို ချစ်ရိုးမှန်အံ့။ ဤသားတို့ကို မမေ့ပါလင့်။ ဤသူငယ်တို့သည် ရေမျိုးဖြစ်ခဲ့၍ နူးညံ့လှသည်။ ခရီးသွားမည်ရှိသော် နေပူတံလှပ်တို့ဖြင့် နှိပ်စက်၍ သေလတ္တံ့။ ထို့ကြောင့် အရှင်မင်းသားသည် တစ်ခုသောလှေကိုထွင်းစေ၍ ရေအပြည့်ထည့်လျက် ထိုရေဖြင့် သားငယ်တို့မပင်ပန်းစေမူ၍ ကစားစေလျက် ဆောင်ပါလေ။ ပြည်သို့ရောက်ရှိသော် ပြည်တွင်း၌ ရေကန်ကြီးတူးပါလေ”

ဤသို့မှာထားခဲ့ပြီးလျှင် နဂါးမသည် မင်းသားကို လက်ယာရစ်လှည့်၍ ရှိခိုးပြီးလျှင် သားတို့ကို လည်၌ဖက်လျက် သားမြတ်စုံကြား၌ အိပ်စေပြီးလျှင် ဦးခေါင်းကိုနမ်း၍၊ မင်းသားအားဆောင်နှင်းခဲ့၍ ငိုမြည်တမ်းလျက် နဂါးပြည်သို့ သွားလေ၏။

မင်းသားလည်း နှလုံးမသာသည်ဖြစ်၍ မျက်ရည်တို့ဖြင့်ပြည့်လျက် အိမ်မှထွက်ခဲ့၍၊ မျက်ရည်ကိုသုတ်လျက် အမတ်တို့ဆီသို့ ချဉ်းကပ်လေ၏။ ထိုအမတ်တို့သည်လည်း မင်းသားကို အဘိသိက်သွန်းပြီးလျှင် “အရှင်မင်းကြီး။ အကျွန်ုပ်တို့ ပြည်သို့ ကြွတော်မူပါ”ဟု လျှောက်လေ၏။ “အမတ်တို့။ ကောင်းပြီ။ သင်တို့သည် လှေကိုလည်း အလျင်တဆော ထွင်းကြပါကုန်။ လှည်းကိုလည်း လုပ်ကြပါကုန်။ လှေကိုထွင်းပြီးလျှင် လှည်းပေါ်မှာ လှေကိုတင်၍ လှေ၌ ရေအပြည့်ထည့်လျက် အဆင်း, အနံ့, အရသာနှင့်ပြည့်စုံသော ပန်းတို့ကိုထည့်၍ ငါ၏သားတို့ကို ရေ၌ကစားစေကုန်လျက် ချမ်းသာစွာသွားကုန်အံ့”ဟု မင်းကြီးဆိုတိုင်း ပြုကုန်၏။

မင်းကြီးသည်လည်း တန်ဆာဆင်သော ဗာရာဏသီမြို့သို့ အစဉ်အတိုင်းသွား၍ ရောက်လျှင် ပြည်တွင်းသို့ဝင်၍ ၁-သောင်း ၆-ထောင်သော မောင်းမတို့ဖြင့်လည်းကောင်း, ကချေသည် မိန်းမတို့ဖြင့်လည်းကောင်း၊ အမတ်စသည်တို့ဖြင့်လည်းကောင်း ခြံရံလျက် မြတ်သောပြာသာဒ်၌နေ၍၊ ၇-ရက်ပတ်လုံး ကြီးစွာသောအဖျော်တို့ကို သောက်၍နေကုန်၏။

ပြည်တွင်း၌ ထိုမင်းသားတို့၏ကစားရာ ပေါက္ခရဏီရေကန်ကိုပြု၏။ မင်းသားတို့သည်လည်း ထိုရေကန်၌ ကစားကုန်၏။ တစ်နေ့သောအခါဝယ် ပေါက္ခရဏီရေကန်သို့ ရေသွင်းလတ်သော် လိပ်တစ်ကောင်သည်ဝင်လေ၍ ထွက်အံ့သောအရပ်ကို မမြင်သဖြင့် ရေကန်တွင်း၌ဝပ်လျက် နေလေ၏။ မင်းသား,မင်းသမီးတို့သည် ရေကစားလတ်သော် ထိုလိပ်သည် ဦးခေါင်းကို ဖော်၍ကြည့်လျက် တစ်ဖန် ငုပ်ပြန်၏။ မင်းသားမင်းသမီးတို့သည် ထိုလိပ်ကိုမြင်၍ ကြောက်လန့်တကြား ရေကန်မှတက်၍ ခမည်းတော်မင်းကြီးအား ဤသို့လျှောက်၏။ “အရှင်မင်းကြီး။ ရေကန်တွင်း၌ ဘီလူးတစ်ကောင်သည် အကျွန်ုပ်တို့ကို ခြောက်သည်”ဟု လျှောက်၏။ မင်းကြီးလည်း မင်းချင်းတို့ကိုခေါ်၍ “ထိုလိပ်ကို ဖမ်းချေ”ဟု စေတော်မူ၏။ မင်းချင်းတို့လည်း ကွန်ဖြင့်ပစ်၍ လိပ်ကိုဖမ်းပြီးလျှင် မင်းကြီးအား ဆက်၏။ မင်းသားတို့လည်း ထိုလိပ်ကိုမြင်လျှင် “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို ခြောက်သည်ကား ဤဘီလူးပင်တည်း”ဟု ငိုမြည်တမ်း၏။ မင်းကြီးသည် သားတော် သမီးတော်တို့ကို ချစ်ခြင်းဖြင့် အမျက်ထွက်၍ “အမှုနှင့်လျော်စွာ စီရင်ကုန်”ဟု မိန့်တော်မူ၏။

ထိုအခါ အမတ်သည် “ဤလိပ်ကား အရှင်မင်းကြီး၏ ရန်သူတည်း။ ထိုလိပ်ကို ဆုံ၌ထည့်၍ ကျည်ပွေ့ဖြင့်‌ထောင်းလျက် မှုန့်မှုန့်ညက်ညက်ပြုခြင်းငှာ ထိုက်၏”ဟုဆို၏။ အချို့သောအမတ်ကလည်း “၃ပါးသော ချက်ခြင်းတို့ဖြင့်ချက်၍ စားထိုက်၏”ဟုဆို၏။ အချို့သောအမတ်ကလည်း “မီးပုံကြီး၌ထည့်၍ ကျက်စေခြင်းငှာ ထိုက်၏”ဟုဆို၏။ အချို့သော အမတ်ကလည်း မိမိအခွံ ကို အိုးပြု၍ ခုံလောက်ပေါ်၌တင်ပြီးလျှင် ထမင်းချက်သကဲ့သို့ မိမိအခွံဖြင့်မိမိအသားကို ကျက်ခြင်းငှာ ထိုက်၏”ဟု ဆို၏။ ရေကိုကြောက်တတ်သော အမတ်တစ်ယောက်မူကား ဤလိပ်ကို “ယမုနာမြစ်ဝဲ၌ ချခြင်းငှာ ထိုက်၏”ဟု ဆို၏။

အလိုအားလျော်စွာ ဆိုကြသောအခါ “ယမုနာဝဲ၌ ချအံ့” ဟုဆိုသော အမတ်စကားကို လိပ်ကြားလျှင် မိမိအခွံမှ ဦးခေါင်းကိုထုတ်၍ “အို၊ အရှင့်သား။ သင့်အား အဘယ်မည်သော ပြစ်မှားခြင်းကို အကျွန်ုပ်ပြုမိပါသနည်း။ အကျွန်ုပ်ကို ယမုနာဝဲ၌ အဘယ့်ကြောင့် ချမည် စီရင်တော်မူဘိသနည်း။ ဤမှတစ်ပါးသော အစီအရင်တို့ကို အပြစ်အလျောက် ခံရသော်လည်း သည်းခံနိုင်ပါသေး၏။ ယခု “ယမုနာဝဲ ချမည်”ဟူသော အစီရင်စကားကို မိန့်တော်မမူပါလင့်”ဟုဆို၏။

ထိုစကားကို မင်းကြီးကြားတော်မူလျှင် ဤအစီအရင်အတိုင်း ယမုနာဝဲ၌ ချစေတော်မူ၏။ မင်းချင်းတို့လည်း ထိုဝဲ၌ ချကုန်၏။ ထိုအခါ ထိုလိပ်သည် နဂါးပြည်သို့စီးသော ရေအလျဉ်ဖြင့်သွား၍ နဂါးပြည်သို့ ရောက်လေ၏။

ထိုအခါ ထိုရေအလျဉ်၌ ကစားကုန်သော ဓတရဋ္ဌ နဂါးမင်း၏ သားဖြစ်ကုန်သော နဂါးလုလင်ပျိုတို့သည် လိပ်ကိုမြင်၍၊ “ဤလိပ်ကို ဖမ်းကုန်”ဟု ဆိုကြကုန်၏။ ထိုအခါ လိပ်သည် “ငါကား ဗာရာဏသီမင်းကြီးလက်မှလွတ်၍ ကြမ်းကြုတ်စွာသော ဤနဂါးတို့လက်သို့ ရောက်ပြန်ခဲ့ပြီ။ အဘယ်မည်သော ဥပါယ်တံမျဉ်ဖြင့် လွတ်နိုင်ပါအံ့နည်း” ဟုကြံလျှင်၊ တစ်ခုသောဥပါယ်တံမျဉ်ကိုရ၍ မဟုတ်မမှန်ပျက်စကားကိုဆိုဘိ၏။ “အဆွေ နဂါးလုလင်ပျိုတို့။ သင်တို့သည် ဓတရဋ္ဌနဂါးမင်း၏ မင်းချင်းဖြစ်လျက် အဘယ့်ကြောင့် ရုန့်ရင်းသောစကားကို ဆိုဘိသနည်း။ ငါကား စိတ္တစူဠ အမည်ရှိသော ဗာရာဏသီမင်းကြီး၏ တမန်တည်း။ သင်တို့အရှင် ဓတရဋ္ဌမင်းအား ငါတို့အရှင် သမီးတော်ကို ဆောင်နှင်းလိုသည်ဖြစ်၍ ငါ့ကို စေတော်မူ၏။ သင်တို့အရှင်မင်းကြီးထံ ငါ့ကို ပို့ဆောင်လော့”ဟု ဆို၏။

နဂါးလုလင်ပျိုတို့လည်း လိပ်စကားကိုကြားလျှင် ဝမ်းမြောက်ဝမ်းသာ မင်းကြီးထံဆောင်၍ ထိုအကြောင်းကို လျှောက်ကြားကုန်၏။ မင်းကြီးလည်း လိပ်ကိုမြင်လျှင် နှလုံးမသာရှိတော်မူ၍ “ယုတ်သောကိုယ်ရှိသော ဤလိပ်ကို ဗာရာဏသီမင်းကြီး တမန်မပြုပေရာ” ဟုဆို၏။ ထိုစကားကိုကြားလျှင် လိပ်သည် “နဂါးမင်းကြီး၊ အဘယ့်ကြောင့် ဤသို့ ဆိုတော်မူဘိသနည်း။ ထန်းပင်လောက် ကြီးမှ, မြင့်မှသာ တမန်ဆိုရတော့မည်လော။ တမန်တို့မည်သည်ကား ကြီးသည်ဖြစ်စေ, ငယ်သည်ဖြစ်စေ ပမာဏမဟုတ်။ သွားလေရာရာ တမန်၏လက္ခဏာနှင့်ညီသဖြင့် တင့်တယ်လျော်ညီအောင် ဆောင်ရွက်သောအမှု ပြီးခြင်းသည်သာလျှင် ပမာဏတည်း။ အရှင်မင်းကြီး။ အကျွန်ုပ်တို့သခင် ဗာရာဏသီမင်းကြီး၌ တမန်များစွာ ရှိသည်။ ကြည်းကုန်း၌ လူတို့ကို တမန်စေတော်မူသည်။ ကောင်းကင်၌မူကား ငှက်ကို တမန်စေတော်မူသည်။ ရေ၌မူကား အကျွန်ုပ်ကိုသာ တမန်စေတော်မူသည်။ ကျွန်ုပ်ကား အမည်အားဖြင့် စိတ္တစူဠ အမည်ရှိသော လိပ်တည်း။ သာမညလိပ် မဟုတ်ပါ။ အရာအထူးရသော အမတ်တည်း။ ကျွန်ုပ်တို့အရှင်မင်းကြီးနှင့်လည်း အကျွမ်းဝင်သည်ဖြစ်၍ အရှင်မင်းကြီး မြတ်နိုးတော်မူသော သူတည်း။ အကျွန်ုပ်ကို အရှင်မင်းကြီး ဆဲရေးတော်မမူနှင့်” မိမိဂုဏ်ကိုချီးမွမ်း၍ နဂါးမင်းအား ပြောဆို၏။

ထိုစကားကို နဂါးမင်းကြီးကြားလျှင် “အဘယ်အကြောင်းကြောင့် ဤနဂါးပြည်သို့ ဗာရာဏသီမင်းကြီး စေသနည်း”ဟု မေးပြန်၏။ “အရှင်နဂါးမင်း၊ အကျွန်ုပ်တို့အရှင် ဗာရာဏသီမင်းကြီးသည် “ငါကား ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၁-ကျွန်းသော မင်းတို့နှင့် မိတ်ဆွေခင်ပွန်းဖွဲ့ ခြင်းကို ပြုရပြီ။ ဓတရဋ္ဌနဂါးမင်းနှင့် အဆွေခင်ပွန်း မဖွဲ့ရသေး။ ယခု ငါ၏သမီးတော် သမုဒ္ဒဇာကိုပေး၍ မိတ်ဆွေခင်ပွန်းဖွဲ့မည်။ ဓတရဋ္ဌ နဂါးမင်းကြီးထံ သွားချေ” ဟု ကျွန်ုပ်ကို စေတော်မူ၏။ အရှင်မင်းကြီးတို့လည်း ကြာမြင့်စွာ အခါမနှေးမူ၍ အကျွန်ုပ်နှင့်အတူ စုံရာမင်းချင်းတို့ကိုစေတော်မူသဖြင့် ထိမ်းမြားဆောင်ရွက်ရမည့်နေ့ရက်ကို ချိန်းချက်တော်မူပါ”ဟုဆို၏။

ထိုအခါ နဂါးမင်းနှစ်သက်၍ လိပ်အား များစွာချီးမြှောက်လျက် နဂါးလုလင် ၄-ယောက်တို့ကို ခေါ်တော်မူ၍ “သင်တို့သည် တမန်လိပ်နှင့် အတူလိုက်၍ ဗာရာဏသီမင်းကြီး၏ သမီးတော်ကို ထိမ်းမြားဆောင်ရွက်ရမည့် နေ့ရက်ကို ချိန်းချက်”ဟု စေတော်မူ၏။ နဂါးလုလင်ပျို ၄-ယောက်တို့သည်လည်း “ကောင်းပြီ”ဝန်ခံလျက် လိပ်ကို ယူ၍ နဂါးပြည်မှ ထွက်ခဲ့ကုန်၏။

လိပ်သည် ယမုနာမြစ်နှင့် ဗာရာဏသီပြည်အကြား တစ်ခုသောကြာအိုင်ကိုမြင်၍ ဥပါယ်တံမျဉ်ဖြင့် ပြေးပုန်းရှောင်ရှားလိုရကား “အချင်းနဂါးလုလင်တို့။ ငါတို့အရှင့်သား, အရှင့်သမီးတို့သည် ငါ့ကို ရေ၌ကျက်စားသောသူ ဖြစ်သောကြောင့် မင်းအိမ်သို့ရောက်လျှင် “ကြာပွင့်, ကြာပန်း, ကြာဥတို့ကို မဆောင်ခဲ့လော, မပါလော”ဟု ဆိုလျက် တောင်းကြကုန်အံ့။ ထို့ကြောင့် မင်းသားမင်းသမီးတို့ကို ဆက်သရန် ကြာစွယ်,ကြာဥတို့ကို ယူဦးအံ့။ ဤကြာအိုင်၌ ငါ့ကိုလွှတ်၍ မင်းကြီးထံ သင်တို့ အလျင်သွားလင့်ကုန်။ ငါ နောက်မှလာမည်”ဟု ဆို၏။

ထိုနဂါးလုလင်ပျိုတို့လည်း လိပ်ဆိုသောစကားကို ယုံကြည်၍ ကြာအိုင်၌ လွှတ်လေကုန်၏။ လိပ်သည် ထိုကြာအိုင်၌ သင့်တင့်ရာအရပ်ကိုရှာ၍ ပုန်းရှောင်လေ၏။ နဂါးလုလင်ပျိုတို့လည်း လိပ်ကိုမမြင်လျှင် မင်းကြီးထံ သွားပြီဖြစ်မည်”ဟု လူ၏အသွင်ဖန်ဆင်း၍ မင်းကြီးထံသို့ ရောက်ကြလေကုန်၏။

မင်းကြီးလည်း ထိုနဂါးလုလင်ပျိုတို့နှင့် စကားပြောဟောခြင်းကိုပြု၍ “သင်တို့ အဘယ်အရပ်မှ လာခဲ့ကုန်သနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းကြီး။ အကျွန်ုပ်တို့အရှင် ဓတရဋ္ဌနဂါးမင်းက စေတော်မူသောကြောင့် ရောက်သည်” ဟုဆိုကြလျှင်၊ “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးတော်မူပြန်၏။ “အရှင်မင်းကြီး၊ အကျွန်ုပ်တို့ကား နဂါးမင်း၏ တမန်တို့တည်း။ အကျွန်ုပ်တို့အရှင် နဂါးမင်းသည် အရှင်မင်းကြီးတို့၏ အနာမရှိသောအဖြစ်ကို မေးတော်မူ၏”ဟုဆိုလျှင်၊ “အနာမရှိ ပကတိသဘောသာတည်း။ သင်တို့ကား ဤအရပ်၌ အလိုရှိသည်ကို ဆိုကုန်”ဟု မင်းကြီး မိန့်တော်မူလျှင် “အရှင်မင်းကြီး။ အရှင်မင်းကြီး၏သမီးတော် သမုဒ္ဒဇာကို အကျွန်ုပ်တို့အရှင် ဓတရဋ္ဌနဂါးမင်းအား ဆောင်နှင်းတော်မူစေလိုသည့်” စကားကို လျှောက်လိုရကား-

“ယံ ကိဉ္စိ ရတနံ အတ္ထိ၊ ဓတရဋ္ဌနိဝေသနေ။

သဗ္ဗာနိ တေ ဥပယန္တု၊ ဓီတရံ ဒေဟိ ရာဇိနော။”

ဟူသောဂါထာကို နဂါးလုလင်ပျိုတို့ ဆိုကုန်၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်တို့အရှင် ဓတရဋ္ဌနဂါးမင်း၌ များစွာကုန်သောရတနာတို့သည် ရှိကုန်၏။ ထိုခပ်သိမ်းသော ရတနာတို့ကို မင်းကြီးအား လက်ဆောင်ပြုပါမည်။ သမီးတော် သမုဒ္ဒဇာကို ဆောင်နှင်းတော်မူပါ”ဟူလိုသည်။

ထိုစကားကို ကြား၍ မင်းကြီးလည်း-

“န နော ဝိဝါဟော နာဂေဟိ၊ ကတပုဗ္ဗော ကုဒါစနံ။

တံ ဝိဝါဟံ အသံယုတ္တံ၊ ကထံ အမှေ ကရောမသေ။”

ဟူသောဂါထာကို ရွတ်၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“နဂါးလုလင်ပျိုတို့။ သင်တို့ တိရစ္ဆာန်ဖြစ်သော နဂါးမျိုးနှင့် ငါတို့သည် ဇာတ်မတူကြ။ တစ်ရံတစ်ဆစ်မျှ မပေးမထိမ်းမြားစဖူး။ ထိုသို့လျက် တိရစ္ဆာန်ဖြစ်သောသင်တို့ကို အဘယ့်ကြောင့် ထိမ်းမြားရအံ့နည်း” ဟူလိုသည်။

ထိုစကားကိုကြား၍ နဂါးလုလင်ပျိုတို့သည် အကယ်၍ ဤမင်းကြီးသည် ငါတို့အရှင်မင်းကြီးနှင့် အမျိုးဆက်ခြင်းသည် မလျောက်ပတ်သည်ဖြစ်အံ့။ ထိုသို့ မလျောက်ပတ်ဘဲလျက် အဘယ့်ကြောင့် မိမိတမန် စိတ္တစူဠ အမည်ရှိသောလိပ်ကို သမီးတော်သမုဒ္ဒဇာကို ဆက်ပါမည်ဟု ငါတို့အရှင်မင်းကြီးအား စေဘိသနည်း။ ထိုသို့စေပြီး၍ ယခု ငါတို့အရှင်မင်းကြီးကို ဇာတ်၏ဆဲရေးခြင်းဖြင့် ဆဲရေးသော ဤဗာရာဏသီမင်းကြီးအား ငါတို့ အရှင်မင်းကြီး၏ ဘုန်းတန်ခိုးကိုပြ၍ ခြိမ်းခြောက်လိုရကား-

“ဇီဝိတံ နူန တေ စတ္တံ၊ ရဋ္ဌံ ဝါ မနုဇာဓိပ။

န ဟိ နာဂေ ကုပိတမှိ၊ စိရံ ဇီဝိန္တိ တာဒိသာ။”

“ယော တွံ ဒေဝ မနုဿောသိ၊ ဣဒ္ဓိမန္တံ အနိဒ္ဓိမာ။

ဝရုဏဿ နိယံပုတ္တံ၊ ယာမုနံ အတိမညသိ။”

ဟူသော ၂-ဂါထာတို့ကို ရွတ်၏။

ထိုဂါထာတို့၏အဓိပ္ပာယ်ကား-

“လူတို့ကိုအစိုးရသောမူသော မင်းကြီး။ ငါတို့အရှင် ဓတရဋ္ဌနဂါးမင်းကြီးအမျက်ထွက်လျှင် သင်ကဲ့သို့သောသူသည် အဘယ့်ကြောင့် ကြာမြင့်စွာ အသက်ရှင်နိုင်အံ့နည်း။ သင်၏အသက်ကိုလည်းကောင်း, ပြည်ကိုလည်းကောင်း ယခု စွန့်ရလတ္တံ့။ သင်သည် တန်ခိုးမရှိသောသူဖြစ်လျက် ဘုန်းတန်ခိုးကြီးသော ယမုနာမြစ်သား ဝရုဏနဂါးမင်း၏ သားတော်ရင်နှစ်ဖြစ်သော ငါတို့အရှင် ဓတရဋ္ဌနဂါးမင်းကို သင်မင်းကြီးသို့စင် မလောက်မလေး ပြုဘိ၏တကား” ဟူလိုသည်။

ထို့နောက် ဗာရာဏသီမင်းကြီးသည် နဂါးလုလင်ပျိုတို့စကားကို ပယ်လိုသောကြောင့်-

“နာတိ မညာမိ ရာဇာနံ၊ ဓတရဋ္ဌံ ယသဿိနံ။

ဓတရဋ္ဌော ဟိ နာဂါနံ၊ ဗဟူနမပိ ဣဿရော။”

“အဟိ မဟာနုဘာဝေါပိ၊ န မေ မီတရမာရဟော။

ခတ္တိယော စ ဝိဒေဟာနံ၊ အဘိဇာတာ သမုဒ္ဒဇာ။”

ဟူသော ဂါထာတို့ကို ရွတ်၏။

ထိုဂါထာတို့၏အဓိပ္ပယ်ကား-

“နဂါးလုလင်တို့။ အခြံအရံ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသော သင်တို့အရှင် ဓတရဋ္ဌနဂါးမင်းကို ငါ မလောက်မလေးမပြု။ သင်တို့အရှင် ဓတရဋ္ဌနဂါးမင်းသည် ယူဇနာ ၅၀၀-ကျယ်သော နတ်ပြည်ကို အစိုးရသည်ဖြစ်၍ ဘုန်းတန်ခိုးကြီးသော်လည်း ဖားစိမ်းစား, ငါးစိမ်းစား မြွေမျိုး၌ဖြစ်သောကြောင့် မြင့်မြတ်သော လူဇာတ်ဖြစ်သော ငါ၏သမီးတော် သမုဒ္ဒဇာနှင့် မထိုက်။ မြင့်မြတ်သော လူဇာတ်ဖြစ်သော ငါ၏သမီးတော် သမုဒ္ဒဇာသည် ငါတို့ ပြည်ထောင်ချင်းချင်း လူမင်းလူဇာတ် မြင့်မြတ်သော အမျိုးသားချင်းမိတ်ဆွေ ဝိဒေဟရာဇ်မင်းသားနှင့်သာ ထိုက်သည်”ဟူလိုသည်။

ထိုစကားကိုကြားလျှင် နဂါးလုလင်ပျိုတို့သည် အမျက်ထွက်၍ “ဤဗာရာဏသီမင်းကို ယခု ငါတို့ နှာခေါင်းလေဖြင့် သတ်အံ့” ဟုကြံကုန်သော်လည်း၊ “ငါတို့ကို အရှင်က နေ့ရက်သတ်မှတ်စိမ့်မည်သာ စေတော်မူသည်။ သတ်ချေ မစေသောကြောင့် မသတ်သင့်ပေ။ ဤအကြောင်းကိုသာ ငါတို့အရှင်မင်းကြီးအား လျှောက်ထားအံ့” ဟု နဂါးပြည်သို့ သွားကြလေကုန်၏။

နဂါးလုလင်တို့ရောက်လျှင် နဂါးမင်းလည်း “ချစ်သားတို့။ အသို့နည်း။ သမုဒ္ဒဇာမင်းသမီးကို ရခဲ့ပါ၏လော”ဟု မေး၏။ နဂါးလုလင်တို့လည်း အမျက်ထွက်၍ “အရှင်မင်းကြီး အကျွန်ုပ်တို့ကို အဟုတ်အမှန် အတပ်အကြပ်မသိဘဲလျက် ဗာရာဏသီမင်းကြီးထံ စေပါးဘိသနည်း။ အကျွန်ုပ်တို့ကို အမျက်တော်ရှိ၍ သတ်တော်မူလိုလျှင် ဤနဂါးပြည်၌ပင် သတ်တော်မူပါလော့။ ဗာရာဏသီမင်းသည် ကိုယ်တော်ကို ဆဲရေးလျက် မိမိဇာတိမာန်ဖြင့် ထောင်လွှား၍ အမျက်ထွက်ဘိ၏”ဟု လျှောက်ကြကုန်၏။

“နဂါးမင်းသည် ထိုစကားကို ကြားလျှင် မိမိပရိသတ်ကို စည်းဝေးစိမ့်သောငှာ စေလိုရကား-

“ကမ္ဗလဿတရာ ဥဋ္ဌေန္တု၊ သဗ္ဗေ နာဂေ နိဝေဒယ။

ဗာရာဏသိံ ပဝဇ္ဇန္တု၊ မာ စ ကိဉ္စိ ဝိဟေဌယုံ။”

ဟူသောဂါထာကို ရွတ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား-

“အချင်းနဂါးလုလင်တို့။ သင်တို့ ယခုသွား၍ ငါ၏အမျိုးဖြစ်သော မြင်းမိုရ်တောင်ခြေရင်း၌နေသော နဂါးတို့ကိုလည်း ရောက်စေ။ ထိုမှတစ်ပါး အရပ် ၈-မျက်နှာ၌ရှိကုန်သော နဂါးတို့ကိုလည်း ယခုအလျင် ရောက်စေ” ဟုဆို၏။

ထို့နောက်မှ ခပ်သိမ်းကုန်သော နဂါးအပေါင်းတို့သည်လည်း စည်းဝေးလာကုန်၍ “အရှင်နဂါးမင်း။ အဘယ်အကြောင်းကြောင့် အကျွန်ုပ်တို့ကို ခေါ်တော်မူသနည်း”ဟု လျှောက်ကြလေသော် မင်းကြီးလည်း “သင်တို့ ဗာရာဏသီပြည်သို့ ယခုသွားလေကုန်, ဗာရာဏသီပြည်အလုံးကို နှာခေါင်းလေဖြင့်လွှတ်၍ ကြောက်မက်ဖွယ် ခြိမ်းခြောက်လေကုန်၊ တစ်စုံတစ်ယောက်သောသူကိုမျှ မညှဉ်းဆဲ မသတ်ဖြတ်ကြကုန်နှင့်”ဟု ဆိုတော်မူ၏။

(အမျက်ထွက်သောနဂါးမင်းသည် အဘယ့်ကြောင့် ဗာရာဏသီ ပြည်သူတို့၏သေခြင်းကို အလိုမရှိသနည်းဟူမူ ဗာရာဏသီမင်းကြီး၏သမီးတော် သမုဒ္ဒဇာကို မြတ်နိုးချစ်ခင်ကြင်နာလှသောကြောင့် ထိုပြည်သူတို့၏ ပျက်စီးခြင်းကို အလိုမရှိသတည်း။)

ထိုအခါ “အရှင်နဂါးမင်း။ တစ်စုံတစ်ယောက်သောသူကို မသတ်မညှဉ်းဆဲရဘဲလျက် ဗာရာဏသီပြည်သို့သွား၍ အကျွန်ုပ်တို့ အဘယ်ကဲ့သို့ ပြုရကုန်အံ့နည်း”ဟု လျှောက်၏။ ထိုအခါ “သင်တို့ကား ဤမည်သောအမှုကိုပြု။ ငါကား ဤမည်သောအမှုကို ပြုမည်” ဟု ကြားလိုရကား-

“နိဝေသနေသု သောဗ္ဘေသု၊ ရထိယာ စစ္စရေသုစ။

ရုက္ခဂ္ဂေသုစ လမ္ဗန္တု၊ ဝိတထာ တောရဏေသု စ။”

“အဟမ္ပိ သဗ္ဗသေတေန၊ မဟတာ သုမဟံ ပုရံ။

ပရိက္ခိပိဿံ ဘောဂေဟိ၊ ကာသီနံ ဇနယံ ဘယံ။”

ဟူသော ၂-ဂါထာတို့ကို ရွတ်ပြန်၏။

ထို၂-ဂါထာတို့၏ အဓိပ္ပာယ်ကား-

“နဂါးလုလင်တို့။ ဗာရာဏသီမင်းကြီး၏ နန်းတော်သို့ ရှေးဦးစွာသွား၍ မင်းကြီးအိပ်သော ညောင်စောင်းအစရှိသည်တို့၏ အောက်၌လည်းကောင်း၊ အထက်၌လည်းကောင်း၊ တိုက်တွင်းတို့၌လည်းကောင်း၊ တိုက်ပြင်တို့၌လည်းကောင်း၊ ရေကန်၏ အပြင်တို့၌လည်းကောင်း၊ ခရီးလမ်းဆုံစသည်တို့၌လည်းကောင်း၊ မြို့၏အနီးအစပ် တောစသည်တို့၌လည်းကောင်း အသီးသီးသွားကြကုန်၍ ကြီးစွာသောကိုယ်ကို ဖန်ဆင်းလျက် ကြီးစွာသောပါးပျဉ်းကိုပြု၍ ပန်းပဲဖိုထိုးသကဲ့သို့ ရှူးရှူးဟူသော အသံကိုပြုလျက် တွဲရရွဲဆွဲ၍ နေလေကုန်။

သို့ရာတွင်မူကား ငယ်လှစွာသောသူငယ်, သူအို, ကိုယ်ဝန်ဆောင်မိန်းမ, သမုဒ္ဒဇာမင်းသမီး ဤသူ၄-ယောက်တို့ကို မမြင်စေနှင့်။ ငါမူကား ကိုယ်လုံးဖြူသော ကြီးစွာသောကိုယ်ဖြင့် ၁၂-ယူဇနာရှိသော ကာသိကရာဇ်ပြည်ကို ၇-ပတ်ရစ်၍ ကြီးစွာသောပါးပျဉ်းဖြင့် လူအပေါင်းတို့ကိုဖုံးလွှမ်းလျက် အမိုက်တိုက်ကိုပြု၍ ကာသိကရာဇ်ပြည်သူတို့ကို ကြောက်လန့်စေခြင်းငှာ ရှူးရှူးဟူသောအသံကို လွှတ်အံ့” ဟု

ဆိုလျှင် နဂါးတို့လည်းနဂါးမင်းဆိုတိုင်း ပြုကြကုန်၏။

ထိုအခါ အိမ်တို့၌လည်းကောင်း၊ ရေကန်တို့၌လည်းကောင်း၊ ခရီးလမ်းဆုံတို့၌လည်းကောင်း၊ တံခါးတိုင်တို့၌လည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့သို့ သန်းခေါင်ယံအခါ၌ လာကြကုန်လတ်၍ ကြီးစွာသော ကိုယ်တို့ဖြင့် တွဲရရွဲဆွဲလေကုန်၏။ အထက်တမန်ပြု၍လာသော နဂါးလုလင် ၄-ယောက်တို့ကား မင်းကြီးစက်တော်မူသော ညောင်စောင်းခြေ ၄-ခုတို့ကို ကိုယ်စီရစ်၍ ဦးခေါင်းထက်၌ ပါးပျဉ်းဖြန့်ကာလျက် နှုတ်သီးတို့ဖြင့် မင်းကြီးဦးခေါင်းကို ပေါက်အံ့သကဲ့သို့ အစွယ်ကိုပြလျက် ပြင်းစွာပြု၍နေကုန်၏။ ဓတရဋ္ဌနဂါးမင်းလည်း အထက်မိမိဆိုတိုင်း တစ်ပြည်လုံးကို ဖုံးလွှမ်း၏။ ထိုအခါ အိပ်၍နိုးကုန်သောသူတို့သည် လက်ကိုလည်းကောင်း, ခြေကိုလည်းကောင်း ဆန့်ကုန်ပစ်ကုန်၏။ ထိုလက်ဆန့်ရာခြေဆန့်ရာအရပ်တို့၌ တရှူးရှူးနေသော မြွေကိုတွေ့၍ “အလို။ မြွေ၊ မြွေ” ဟု မြည်တမ်းကုန်၏။ အချို့သော အိမ်တို့၌ မီးထွန်းကုန်၏။ ထိုအိမ်ရှင်မိန်းမတို့နိုး၍ ကြည့်လတ်သော် မြို့တံခါး, ပစ္စင်, ရင်တားတို့၌ တွဲရရွဲဆွဲကုန်သော နဂါးတို့ကိုမြင်၍ တစ်ပြိုင်နက် တစ်ချက်တည်း ကြွေးကြော်ငိုမြည်တမ်းကြကုန်၏။ ဤသို့ တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်သော အသံသည် ဖြစ်၏။

မိုးသောက်လတ်သော် နဂါးတို့၏ရှူသံဖြင့် နန်းတော်မှစ၍ တစ်ပြည်လုံးပျက်စီးအံ့သကဲ့သို့ ကြောက်လန့်တကြား “အရှင်နဂါးမင်းတို့။ အဘယ့်ကြောင့် အကျွန်ုပ်တို့ကို ညှဉ်းဆဲကုန်သနည်း”ဟု ပြည်သူတို့ ငိုမြည်တမ်းလျှင် “သင်တို့မင်းသည် သမီးတော်သမုဒ္ဒဇာကို ငါတို့အရှင် ဓတရဋ္ဌနဂါးမင်းအား ဆက်ပါမည်ဟု တမန်စေလွှတ်သောကြောင့် ငါတို့အရှင်မင်းက နေ့ရက်အချိန်းအချက်စေလွှတ်သည့် နဂါးလုလင်တို့ကို အသာအယာစကားကိုမျှ မပြော။ သဘောမမှန် အကောက်ကြံ၍ တိရစ္ဆာန်ဖြစ်ဟန်နှင့် ငါတို့အရှင်နဂါးမင်းကို ဆဲရေးလိုက်သည်။ အကယ်၍ သင်တို့မင်းကြီးသမီး သမုဒ္ဒဇာကို ငါတို့အရှင်မင်းကြီးအား မပေးသည်ဖြစ်အံ့။ အလုံးစုံသော ပြည်သူပြည်သားတို့ကို သတ်မည်” ဟု နဂါးတို့ဆိုကုန်၏။

ထိုစကားကို ကြားလျှင် “အရှင်နဂါးတို့ စိုးရိမ်တော် မမူကြကုန်လင့်၊ အကျွန်ုပ်တို့အား မင်းကြီးထံရောက်အောင် လမ်းဖွင့်ပါ။ အကျွန်ုပ်တို့ မင်းကြီးထံသွား၍ တောင်းပန်ပါမည်”ဟု ဆိုကြကုန်၏။

ထိုအခါ နဂါးတို့လမ်းဖွင့်သော် ပြည်သူတို့သည် မင်းကြီးနန်းတော်တံခါးဝသို့ သွား၍ သည်းစွာသော ငိုကြွေးခြင်းဖြင့် ငိုကြွေးကြကုန်၏။ မင်း,မိဖုရား ကိုယ်လုပ်မောင်းမတို့သည်လည်း မိမိတို့အိပ်ရာတိုက်၌ အိပ်လျက်ပင်လျှင် “အရှင်မင်းကြီး၏သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းအား ပေးလော့”ဟု တစ်ပြိုင်နက် တစ်ချက်တည်း ကြွေးကြော်ကြကုန်၏။ မင်းကြီးညောင်စောင်း၌နေသော နဂါးလုလင် ၄-ယောက်တို့သည်လည်း “ပေးလော့၊ ပေးလော့”ဟု ဆိုလျက် နှုတ်သီးဖြင့် မင်းကြီးဦးခေါင်းကို ပေါက်အံ့သကဲ့သို့ ပြုကုန်၏။ ဗာရာဏသီမင်းကြီးလည်း ပက်လက်ပင်လျှင် ပြည်သူတို့၏လည်းကောင်း၊ မင်းမိဖုရားကိုယ်လုပ် မောင်းမတို့၏လည်းကောင်း ငိုကြွေးသံကိုကြား၍၊ နဂါးလုလင် ၄-ယောက်တို့သည် ခြိမ်းခြောက်သောကြောင့် ကြောက်လန့်သည်ဖြစ်၍ “ငါ၏သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းအား ပေးတော်မူမည်”ဟု ၃-ကြိမ် ဟစ်၏။

ထိုစကားကိုကြား၍ ခပ်သိမ်းကုန်သောနဂါးတို့သည် ၁-ဂါဝုတ်မျှသောအရပ်သို့ ဖဲလျက် နတ်ပြည်ကဲ့သို့ ပြည်ဖန်ဆင်းပြီးလျှင် ထိုပြည်၌နေပြီးမှ “ဗာရာဏသီမင်းကြီး၏သမီးတော် သမုဒ္ဒဇာကို ဆက်ရမည်” ဟု ထိုက်လျောက်ရာပဏ္ဏာကာရနှင့် စေ၏။ မင်းကြီးလည်း နဂါးတို့လက်ဆောင်ကိုယူ၍ “သင်တို့ သွားနှင့်ကုန်။ သမီးတော်သမုဒ္ဒဇာကို သင်တို့အရှင်ထံ စုံရာအမတ်နှင့် ဆက်သလာအံ့”ဟု စေသူနဂါးလုလင်တို့ကို မှာလိုက်၏။ ထို့နောက်မှ သမီးတော်သမုဒ္ဒဇာကို ခေါ်တော်မူ၍ အထက်ပြာသာဒ်သို့တင်တော်မူ၍ လေသာပြတင်းပေါက် ဖွင့်လှစ်လျက်-

“အမိငယ်။ တန်ဆာဆင်သော ပျော်ဖွယ်ရှိသော ထိုပြည်ကို ရှုလော့။ ထိုပြည်ထဲရှင်မင်းကြီး၏ မိဖုရားကြီးအဖြစ်ကို သင့်အား ဆောင်နှင်းမည်။ ထိုပြည်ကား ငါတို့ပြည်နှင့် မနီးလွန်း မဝေးလွန်း။ ငါတို့ မိဘတို့ကိုအောက်မေ့၍ သင်လာမည်ဆိုလျှင်လည်း လွယ်၏။ သွားခြင်းငှာလည်း လွယ်၏”

ဤသို့ ဖျောင်းဖျပြောဆိုပြီးမှ ဦးခေါင်းဆေးလျှော်စေ၍ ဝတ်စားတန်ဆာဆင်ပြီးလျှင် ရထားပေါင်းချုပ်၌တင်၍ မှူးမတ်ပရိသတ်နှင့် ပို့စေ၏။ နဂါးမင်းလည်း ပရိသတ်နှင့်တကွ ခရီးဦးကြိုဆိုလင့်၍ ကြီးစွာချီးမြှောက်၏။ အမတ်တို့လည်း ပြည်တွင်းသို့ဝင်ပြီးလျှင် မင်းကြီးသမီးကို နဂါးမင်းအား အပ်နှင်းခဲ့၍ များစွာသော ပဏ္ဏာဥစ္စာတို့ကိုယူ၍ ပြန်ခဲ့ကုန်၏။

နဂါးမင်းလည်း မင်းသမီးကို ပြာသာဒ်ပေါ်သို့တင်၍ တန်ဆာဆင်သော နတ်အိပ်ရာ၌ အိပ်စေပြီးလျှင် ထိုခဏ၌ နဂါးသတို့သမီးတို့သည် အစေအပါးကိုယ်လုပ် မောင်းမအသွင်ဖန်ဆင်း၍ လူအလုပ်အကျွေးကဲ့သို့ ခြံရံကုန်၏။ သမုဒ္ဒဇာမင်းသမီးသည် နတ်အိပ်ရာ၌ လျောင်းကာမျှလျှင် နတ်၏အတွေ့ကိုတွေ့၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

ထိုအခါ ဓတရဋ္ဌနဂါးမင်းသည် သမုဒ္ဒဇာကိုယူ၍ နဂါးပရိသတ်နှင့်တကွ ထိုအရပ်မှကွယ်ခဲ့၍ နဂါးပြည်သို့ ရောက်လေ၏။ မင်းသမီးနိုးလျှင် တန်ဆာဆင်သော နတ်အိပ်ရာကိုလည်းကောင်း၊ ရွှေပြာသာဒ်, ပတ္တမြားပြာသာဒ်ကိုလည်းကောင်း၊ ဥယျာဉ်,ရေကန်တို့ကို လည်းကောင်း၊ တန်ဆာဆင်သော နဂါးပြည်ကို နတ်ပြည်ကဲ့သို့လည်းကောင်း မြင်၍ အလုပ်အကျွေး အခြွေအရံ မောင်မမိဿံတို့ကို မေး၏။

“ဤပြည်သည် အလွန် တန်ဆာဆင်ခြင်းနှင့် ပြည့်စုံ၏။ ငါတို့ ပြည်ကဲ့သို့မဟုတ်၊ အဘယ်သူ့ပြည်နည်း”ဟုဆို၏။ “အရှင်မိဖုရား။ ကိုယ်တော်၏အရှင်ဖြစ်သော ဓတရဋ္ဌနဂါးမင်းကြီး၏ ပြည်တည်း။ ဤပြည်ကို ဘုန်းနည်းသောသူတို့ နေခြင်းငှာမထိုက်။ အရှင်မိဖုရားသာ ဘုန်းတော်ကြီးလှသောကြောင့် ဤနတ်စည်းစိမ်ကို ရပေသည်”ဟု လျှောက်ကြကုန်၏။

ဓတရဋ္ဌနဂါးမင်းလည်း ယူဇန ၅၀၀-ရှိသော နဂါးပြည်၌ စည်လည်စေ၏။ “အကြင်သူတို့သည် ငါ၏မိဖုရားကြီး သမုဒ္ဒဇာအား မြွေ၏အဆင်းကို ပြအံ့။ ထိုပြသောသူအား ရာဇဒဏ် ကြီးစွာစီရင်မည်” ဤသို့ စည်လည်စေ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်သော နဂါးမျှလည်း သမုဒ္ဒဇာနန်းမရှင်အား မြွေအဆင်းကိုပြခြင်းငှာ မဝံ့။ ထိုမိဖုရားသည် “လူ့ပြည်”ဟူသော အမှတ်ဖြင့် ထိုနဂါးပြည်၌ ဓတရဋ္ဌနဂါးမင်းနှင့်အတူ မွေ့လျော်စံပျော်၏။