ဘုရားအလောင်း ငယ်စဉ်ဘဝ -ဒု (ဆရာ)

From Wikisource
Jump to navigation Jump to search
339295ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃) ဘုရားအလောင်း ငယ်စဉ်ဘဝ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃)

ဘုရားအလောင်းငယ်စဉ်ဘဝ

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း ငယ်စဉ်ဘဝအကြောင်းကို သိရှိစေရန်၊

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဖြတ်ဆက်ပြုလုပ်ရန် ဘုရားလောင်းငယ်ဘဝ ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ယခင်တစ်ပတ်က သင်ပြီးခဲ့သော ဘုရားလောင်းဖွားတော်မူခြင်းအကြောင်းကို ဆရာက ပြန်လည်ချိတ်ဆက်ပြောပြပြီး ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

အုပ်စု (၅) စု ဖွဲ့ပြီး ငယ်ဘဝဆိုင်ရာ ရုပ်ပုံ (၅) ပုံကို တစ်ခုစီ ဝေပေးပြီး ဖြတ်ဆက်ပြုလုပ် ကြပါစေ။

အုပ်စုများအားလုံး ရုပ်ပုံများ ဆက်ပြီးပါက အုပ်စုများက မိမိတို့အုပ်စုရရှိထားသည့် ရုပ်ပုံ အကြောင်းကို အလှည့်ကျပြန်၍ ပြောပြပါစေ။

အားလုံးပြောပြီးပါက ရုပ်ပုံနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်းငယ်စဉ်ဘဝအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်းငယ်စဉ်ဘဝအကြောင်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဘုရားအလောင်း ငယ်စဉ်ဘဝ

ဘုရားအလောင်းတော်မင်းသားလေး နန်းတော်ကို ပြန်ရောက်တဲ့အခါ အမည်ပေး မင်္ဂလာ ကျင်းပပြီး မင်းသားလေးရဲ့ နာမည်ကို သိဒ္ဓတ္ထလို့ အမည်ပေးခဲ့ကြတယ်။ “လောက အကျိုး၊ သတ္တဝါများအကျိုးကို ပြီးစီးအောင် ဆောင်ရွက်နိုင်မယ့်သူ”လို့ အဓိပ္ပာယ်ရပါတယ်။ နန်းတွင်းကိုးကွယ်တဲ့ ကာဠဒေဝီလရသေ့ကြီးလည်း မင်းသားလေးကို လာကြည့်တဲ့အခါ ထူးခြားမြင့်မြတ်တဲ့သူလို့ သိလိုက်တဲ့အတွက် မင်းသားလေးကို ရှိခိုးပူဇော်မိပါတယ်။ ရသေ့ကြီးက လက်အုပ်ချီပြီး ကန်တော့နေတာကို တွေ့ လိုက်ရတဲ့ ဘုရင်သုဒ္ဓေါဒနလည်း အလွန်ထူး ဆန်းတဲ့မြင်ကွင်းကြောင့် မင်းသားလေးကို လက်အုပ်ချီမိုးပြီး ကန်တော့လိုက်ပါတယ်။

မင်းသားလေးဟာ ဘဝပေါင်းများစွာက ဖြည့်ဆည်းခဲ့တဲ့ ပါရမီအဟုန် (ကုသိုလ်ကောင်း မှုတွေ) ကြောင့် တခြားသူတွေထက် ထူးခြားဆန်းကြယ်ပါတယ်။ တစ်နေ့ ကပိလဝတ်ပြည်မှာ လယ်ထွန်မင်္ဂလာပွဲ ဆင်ယင်ကျင်းပခဲ့ကြတယ်။ အဲဒီအခါမှာ မင်းသားလေးကို သပြေပင်ကြီး အောက်မှာ ထားခဲ့ပြီး လယ်ထွန်မင်္ဂလာကို သွားကြည့်နေခဲ့ကြတယ်။ အဲဒီအချိန်မှာ မင်းသား လေးဟာ သပြေပင်ကြီးအောက်မှာ တင်ပလ္လင်ခွေပြီး တရားရှုမှတ်နေခဲ့တယ်။ မင်းသားလေးရဲ့ တရားအစွမ်းကြောင့် သပြေပင်ကြီးရဲ့ အရိပ်ဟာ နေစောင်းသွားပေမဲ့ မပြောင်းလဲဘဲ မင်းသား လေး နေမပူရအောင် အရိပ်မိုးပေးထားတယ်။ ဖခင်သုဒ္ဓေါဒနမင်းကြီးနဲ့ မှူးမတ်များ ပြန်ရောက် လာတဲ့အခါ အလွန်ထူးဆန်းတဲ့မြင်ကွင်းကြောင့် မင်းသားလေးကို လက်အုပ်ချီမိုးပြီး ရှိခိုးမိကြ ပါတယ်။

တစ်နေ့မှာတော့ ဘုရင်သုဒ္ဓေါဒနဟာ မင်းသားလေးရဲ့ ဘဝရှေ့ရေးကို သိလိုတဲ့အတွက် နိမိတ်ဖတ် ပညာရှိတွေကို မေးမြန်းပါတယ်။ အဲဒီအခါမှာ ပညာရှိများက အရှင်မင်းကြီး သင်၏ သားတော်သည် ဘုရင်အဖြစ်နှင့် ဆက်ရှိလျှင် တန်ခိုးအာဏာ အကြီးမားဆုံး မင်းကြီးတစ်ပါး ဖြစ်လိမ့်မည်၊ တောထွက်ပြီး တရားကျင့်လျှင်ကား ဘုရားဖြစ်ပါလိမ့်မည်လို့ ပြောကြပါတယ်။ အဲဒီပညာရှိတွေထဲက ပညာရှိတစ်ယောက်ကတော့ အရှင်မင်းကြီး သင်၏ သားတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်ပါလိမ့်မည်လို့ ရဲရဲဝံ့ဝံ့ လျှောက်တင်ခဲ့ပါတယ်။ ပညာရှိတွေရဲ့ စကား ကို ကြားတဲ့အခါ ဘုရင်ကြီးဟာ မင်းသားလေး တောထွက်သွားမှာကို စိုးရိမ်တဲ့အတွက် တောမထွက်နိုင်အောင် အမျိုးမျိုး ကြံစည်အားထုတ်ခဲ့ပါတယ်။ မင်းသားလေး နန်းတော်ကြီး ထဲမှာ ပျော်ရွှင်ဖို့အတွက် နန်းတော်အဆောင်တွေလည်း အမျိုးမျိုး တည်ဆောက်ပေးထား တယ်။ ဥယျာဉ်ရေကန်တွေလည်း အများကြီး ဆောက်ပေးထားတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ မင်းသားလေးဟာ လူငယ်တွေ တတ်သင့်တဲ့ အတတ် ပညာတွေကိုလည်း တတ်မြောက်ကျွမ်းကျင်လာခဲ့တယ်။ တစ်နေ့မှာ ဘုရင်ကြီးဟာ သူ့ သားတော်လေးကို ယသောဓရာမင်းသမီးလေးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ယသောဓရာမင်းသမီးလေးရဲ့ ဖခင်ကြီးက “ရုပ်ချောပြီး ပညာမတတ်တဲ့ မင်းသားနဲ့ ငါ့သမီး တော်ကို မပေးစားနိုင်ဘူး”လို့ ပြောခဲ့တယ်။ ဒါနဲ့ မင်းသားလေးရဲ့ ဖခင်ကြီးဟာ ပညာပြပွဲတစ်ခု ကျင်းပခဲ့တယ်။ ပညာပြပွဲမှာ ဘုရင်တွေ၊ မင်းသား၊ မင်းသမီးတွေ၊ မှူးမတ်တွေအားလုံး လာရောက်ကြည့်ရှုကြတယ်။

မင်းသားလေးဟာ ပညာပြပွဲမှာ..အတတ်ပညာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ပြသ ခဲ့တယ်။ နောက်ဆုံးမှာ ဘယ်သူမှ မပစ်နိုင်တဲ့ မြားပစ်အစွမ်းကို ပြလိုက်တော့ ယသောဓရာ မင်းသမီးလေးရဲ့ ဖခင်ကြီးလည်း အံ့ဩသွားခဲ့တယ်။ မင်းသားလေးရဲ့ ပညာအစွမ်းကိုလည်း ယုံကြည်သွားခဲ့တယ်။ ဒါကြောင့် သူ့ ရဲ့ သမီးတော် ယသောဓရာ မင်းသမီးလေးနဲ့ လက်ထပ် ပေးခဲ့တယ်။ မင်းသားလေးလည်း ယသောဓရာမင်းသမီးလေးနဲ့အတူ ထီးနန်းစည်းစိမ်ကို စံမြန်းတော်မူခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂၀။

֍ထို့နောက် ကလေးများကို အောက်ပါမေးခွန်းများ မေးပါ။ ဘုရားအလောင်းရဲ့ ငယ်နာမည်က ဘယ်သူလဲ။

-ဘုရင်ကြီးက မင်းသားလေးအတွက် ဘာတွေ လုပ်ပေးထားသလဲ။
-ယသောဓရာ မင်းသမီးလေးရဲ့ ဖခင်ကြီးက မင်းသားလေးကို ဘယ်လို ပြောခဲ့သလဲ။
-ပညာပြပွဲမှာ မင်းသားလေးဟာ ဘာတွေ လုပ်ပြခဲ့သလဲ။
-မင်းသားလေးကို အများက အထင်ကြီးတာ ဘာဖြစ်လို့လဲ။ (ပညာတတ်လို့)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

ရှေ့စာသင်ချိန်များကို ပြန်နွေး၍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ ပြီးလျှင် “မြတ်စွာဘုရားရဲ့ ငယ်ဘဝမှာ ထူးခြားချက်ဘာတွေရှိလဲ”ဆိုတာကို အုပ်စုဖွဲ့ ဆွေးနွေးကြပါစေ။

ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်တစ်ယောက်က မိမိတို့ဆွေးနွေးထားသည်များကို ပြန်လည်ပြောပြကြပါစေ။

အုပ်စုအားလုံးပါဝင်ပြီးပါက “သားတို့၊ သမီးတို့ကိုယ်တိုင်ရော ဘဝမှာ ဘယ်လိုနေကြမှာ လဲ”ဟုမေးပါ။

֍ကလေးများအားလုံး ပါဝင်ဖြေဆိုအောင် ဆရာက တိုက်တွန်းပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ဘုရားအလောင်းမင်းသားကဗျာ၊ ဘုရားအလောင်း ငယ်စဉ်ဘဝ ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

“ဘုရားအလောင်းမင်းသား” ကဗျာကို အားလုံးပြိုင်တူ လှုပ်ရှားမှုများ ပြုလုပ်၍ ကဗျာကို ရွတ်ဆိုပါစေ။ လှုပ်ရှားမှုများကို ဘေးတိုက်ရွေ့လျားခြင်း၊ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ခြင်း စသည်ဖြင့် အမျိုးမျိုးပြောင်းလဲ ပြုလုပ်နိုင်ပါသည်။

ဘုရားအလောင်းမင်းသား

ကြင်နာ သနားတတ်တဲ့သူ၊
စိတ်ထားကောင်းမြတ်သူ။
သဘောဖြူကာ လူယဉ်ကျေး၊
သိဒ္ဓတ္ထတဲ့လေး။
ရိုးသားအေးဆေး သူ့ဟန်ပန်၊
အတုယူကြရန်။
စံနမူနာ ယူကာပြ၊
ဘုရားအလောင်းရဲ့ ငယ်ဘ၀။

֍ကဗျာရွတ်ဆိုပြီးပါက ဘုရားလောင်းငယ်စဉ်ဘဝ ရုပ်ပုံကို ကလေးများစိတ်ကြိုက် ဆေး ရောင်ခြယ်ကြပါစေ။ (လယ်ထွန်မင်္ဂလာမှာ တရားထိုင်နေပုံ၊ လေးအစွမ်းပြနေပုံ)