ဘုရားရတနာ

From Wikisource
Jump to navigation Jump to search
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ  (၁၉၇၅ ခုနှစ်)  by ဆရာသောင်းလွင် (ဘီအေ)
ဘုရားရတနာ

အခန်း-၂

ဘုရားရတနာ

မေး။ ။ ဘုရားဆိုတာဘာလဲ။

ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်တုန်းက အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော်ဘုရင် သုဒ္ဓေါဒနနဲ့ မိဖုရားကြီးမာယာ တို့ရဲ့သား ၂၉-နှစ်အရွယ်မှာ ထီးနန်းကိုစွန့်ပြီး တောထွက်၊ ခြောက်နှစ်တိုင် လူသာမန်တို့ ကျင့်နိုင်ခဲသော အကျင့်ကို အားထုတ်ကျင့်ကြံခဲ့သဖြင့် သစ္စာလေးပါးကို ဆရာမပါဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးဟာ ဘုရားပဲ။

မေး။ ။ ဘာဖြစ်လို့ ဘုရားလို့ ခေါ်ရတာလဲ။

ဖြေ။ ။ ပူဇော်အထူးကို ခံထိုက်လို့ ဘုရားလို့ခေါ်တယ်။ ဘုရားဆိုတဲ့အမည်ဟာ ပူဇာနဲ့ အရဟဆိုတဲ့ ပါဠိစကားနှစ်လုံးကို ပေါင်းစပ်ပြီး ပုဂံခေတ်မြန်မာများ တီထွင်ထားတဲ့ ပါဠိသက် ဝေါဟာတစ်ခု ဖြစ်တယ်။ ပူဇာ အရဟ က = ပူရဟာ = ပုရှာ = ဖုရှာ = ဖုရား= ဘုရား - ဆိုပြီး အသံထွက် အဆင့်ဆင့်နဲ့ စာလုံးပေါင်း အမျိုးမျိုးပြောင်းလာတဲ့ နာမည်ဖြစ်တယ်။

မေး။ ။ တချို့က ဘုရားရှင်ကို ဘာကြောင့် ဗုဒ္ဓလို့ ခေါ်သလဲ။

ဖြေ။ ။ ဘုရားဆိုတာက မြန်မာတွေခေါ်တဲ့ အမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတာ ပိဋကတ်တော်ထဲမှာပါတဲ့ အမည်ဖြစ်တယ်။ တရားအားလုံးကို ကိုယ်တိုင်လဲ သိပြီးသူ၊ အခြားလူနတ်ဗြဟ္မာတွေကိုလဲ သိအောင်ဟောနိုင်သူလဲ အဓိပ္ပာယ်ရတယ်။

ဗုဒ္ဓဆိုတဲ့အမည်ဟာ ကမ္ဘာသိတဲ့ သုံးတဲ့နာမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဝေါဟာရဟာ ဗုဒ္ဓဘာသာ ဘုရားတစ်ဆူတည်းက ပိုင်တဲ့အမည်ဖြစ်တယ်။ ဘုရားဆိုတဲ့ မြန်မာဝေါဟာရကတော့ ဟိန္ဒူ၊ မဟာမေဒင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘုရားလေးမျိုးနဲ့ဆိုင်တဲ့ သာမညအမည်ဖြစ်တယ်။

ပိဋကတ်မှာ တိုက်ရိုက်လာတဲ့ အမည်လဲဖြစ်၊ အခြားဘာသာတွေနဲ့ မဆိုင်တဲ့ သီးခြားနာမည်လဲဖြစ်လို့ ဘုရားကို ဗုဒ္ဓလို့ ခေါ်ကြခြင်းဖြစ်တယ်။

မေး။ ။ သက်တော်ထင်ရှား ရှိသူကိုမှ ဘုရား-ဗုဒ္ဓလို့ ခေါ်တယ်ဆိုရင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားပြီးဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာမှာ ဘုရားမရှိတော့ဘူး မဟုတ်ပါလား။

ဖြေ။ ။ ဘုရားရှင်ဟာ သင်္ခါရတွေရဲ့ မမြဲတဲ့ အနိစ္စသဘော၊ အစိုးမရ မပိုင်ဆိုင်တဲ့ အနတ္တသဘောအရ ပရိနိဗ္ဗာန် စံဝင်သွားတာ မှန်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ သက်တော်ထင်ရှား ဘုရားမရှိတာ မှန်ပါတယ်။ ဘုရားသခင်ဟာ သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးနှစ်လုံးလုံး နေ့ ည မအား ဟောကြားကယ်တင်ရုံနဲ့ အားရတင်းတိမ်တော် မမူသေးတဲ့အတွက် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် လူ နတ် ဗြဟ္မာတွေ ပူဇော်ကိုးကွယ်ဖို့ သူ့ရဲ့ကိုယ်စား (၁) ဓာတုစေတီ (၂) ဓမ္မစေတီ (၃) ဥဒ္ဒိဿစေတီ (၄) ပရိဘောဂစေတီဆိုပြီး ပူဇော်စရာ (၄)မျိုး စေတီလေးမျိုးကို ထားခဲ့ပါတယ်။ ဒီစေတီလေးမျိုးစလုံးပဲဖြစ်ဖြစ်၊ (၄)-မျိုးထဲက တစ်မျိုးပဲဖြစ်ဖြစ် ရှိနေသေးရင် သက်တော်ထင်ရှား ဘုရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ဒီစေတီ (၄)မျိုး အထင်အရှား ရှိနေတဲ့အတွက် ဘုရားပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဘုရားမရှိဘူးလို့ မပြောနိုင်ပါဘူး။ ဒီစေတီတစ်မျိုးမျိုး ရှိနေသရွေ့ သက်တော်ထင်ရှား ဘုရားရှိနေတယ်လို့ပဲ ဆိုရပါမယ်။

မေး။ ။ စေတီဆိုတာ ဘာလဲ။

ဖြေ။ ။ စေတီဆိုတဲ့ ဝေါဟာရက စေတိယဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုထားတဲ့ ပါဠိသက်ဝေါဟာရ ဖြစ်တယ်။ မူရင်းပါဠိ စေတိယရဲ့ အဓိပ္ပာယ်ကတော့ ပူဇော်စရာ ပစ္စည်း၊ ပူဇော်ပသရာ နေရာလို့ အဓိပ္ပာယ်ရတယ်။ ဘုရားရှင်လက်ထက်တော်မှာ ဘယ်စေတီမှာ ဘာတရားဟောတယ်ဆိုတာဟာ အဲဒီခေတ်က လူတွေ ပူဇော်ပသနေကြတဲ့ နတ်ကွန်းတွေကို စေတီလို့ခေါ်ထားတာ ဖြစ်တယ် အဲဒီ အချိန်အခါမှာ ဘုရားရှင်ရဲ့ကိုယ်စား အုတ် ကျောက် သဲတွေနဲ့ တည်ထား ကိုးကွယ်တဲ့ စေတီဆိုတာ မရှိသေးဘူး။ ဗုဒ္ဓသက်တော်ထင်ရှား ရှိတော်မူစဉ်မှာ ရံဖန်ရံခါ မိမိရှေ့တော်မှောက်တွင် ပရိနိဗ္ဗာန် ပြုတော်မူတဲ့ သာဝကတွေရဲ့ ဓာတ်တော်တွေကို စေတီတည်ထား စေတော်မူတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အခါမှာတော့ ဘုရားရှင်ရဲ့ စေတီ (၄)မျိုးနဲ့ ရှေးခေတ် ကိုးကွယ်ခံပစ္စည်း၊ နတ်၊ ဗြဟ္မာတွေနဲ့ နတ်ကွန်းတွေကို စေတီလို့ ခေါ်ခဲ့ကြတယ်။

ဒါပေမယ့် ဝေါဟာရတစ်ခုဟာ ကာလ ဒေသ အခြေအနေအလိုက် အဓိပ္ပာယ်ပြောင်းလဲတတ်တဲ့ သဘောအရ မြန်မာလူမျိုးတွေဟာ အုတ်၊ ကျောက်၊ သဲ၊ အင်္ဂတေတွေနဲ့ အထက်ကို ချွန်ချွန်တည်ထားတဲ့ အဆောက်အအုံ စေတီတွေကိုမှ စေတီလို့ ခေါ်တယ်။ ကျန်စေတီ (၃)မျိုးကို စေတီလို့ မခေါ်ကြတော့ဘူး။ မြန်မာပြည်မှာတော့ နတ်ကွန်း၊ ဓမ္မာရုံတွေကိုလဲ စေတီလို့ မခေါ်ကြတော့ပါဘူး။

မေး။ ။ စေတီနဲ့ ဘုရားဟာ အတူတူပဲလား၊ မတူဘူးလား။

ဖြေ။ ။ မြန်မာဗုဒ္ဓဘာသာတွေ အနေနဲ့တော့ စေတီနဲ့ ဘုရားဟာ မတူပါဘူး။ ရွှေမောဓော၊ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်စတဲ့ စေတီတွေကို စေတီလို့လဲ ခေါ်တယ်။ ဘုရားလို့လဲ ခေါ်တယ်။ ဒါပေမယ့် မဟာမြတ်မုနိ၊ ခြောက်ထပ်ကြီး၊ ငါးထပ်ကြီး စတဲ့ ရုပ်ပွားဆင်းတုတော်တွေကိုတော့ ဘုရားလို့သာ ခေါ်တယ်။ စေတီလို့ မခေါ်ကြဘူး။ ဒါကြောင့် ရွှေတိဂုံဘုရား၊ ရွှေတိဂုံစေတီလို့ နှစ်မျိုးသုံးပေမယ့် မဟာမြတ်မုနိဘုရားလို့သာသုံးပြီး မဟာမြတ်မုနိစေတီလို့တော့ မသုံးကြဘူး။ အမှန်မှာတော့ ရုပ်ပွားဆင်းတုတော်တွေဟာ ဥဒ္ဒိဿစေတီခေါ် စေတီတစ်မျိုး ဖြစ်ပါတယ်။ မူလကျမ်းဂန်အလို အတူတူပါပဲ။ မြန်မာလူမျိုးတွေ အခေါ်မှာတော့ မတူပါဘူး။

မေး။ ။ စေတီလေးမျိုးထဲမှာ ဓာတုစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလို့ မီးသင်္ဂြိုဟ်တဲ့အခါ ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ဓာတုစေတီလို့ ခေါ်တယ်။ ဘုရားရှင်ရဲ့ အရိုးတော်မှ ဖြစ်လာတဲ့အတွက် သာရီရိကစေတီလို့ ခေါ်တယ်။ မြန်မာတွေကတော့ စေတီဆိုတဲ့ ဝေါဟာရမပါဘဲ ဓာတ်တော်လို့ ခေါ်ကြတယ်။ အနာဂတ် လူသားတွေ ကိုးကွယ်ဆည်းကပ်ဖို့ ဘုရားရှင်ရဲ့ အမွေပစ္စည်းအဖြစ် ထားခဲ့တာဖြစ်လို့ မွေတော်လို့လဲ ခေါ်ကြတယ်။ ဓာတ်တော်တွေကို စေတီပုထိုးထဲမှာ ဌာပနာပြီး ပူဇော်ကြတဲ့အတွက် စေတီကိုပူဇော်မှုဟာ ဓာတ်တော်ကို ပူဇော်ရာရောက်တယ်။ ဓာတ်တော်ကို သီးသန့်ပူဇော်မှုကတော့ အတော်နည်းတယ်။

မေး။ ။ ဓမ္မစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရား လေးဆယ့်ငါးဝါအတွင်း ဟောထားခဲ့တဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ဓမ္မစေတီလို့ ခေါ်တယ်။ ပဋိစ္စသမုပ္ပါဒ် ပဋ္ဌာန်း စသည်ကို ရွှေ ငွေ ပုရပိုက်မှာရေးပြီး ဌာပနာတဲ့ စေတီကိုလဲ ဓမ္မစေတီလို့ ခေါ်တယ်။

မြန်မာနိုင်ငံမှာ ရှေးက ပိဋကတ်တော်တွေကို သီးသန့်ပူဇော်ကန်တော့တာ မရှိဘူး။ ပိဋကတ် ပေစာထုပ်တွေ၊ စာအုပ်တွ ဝယ်လှူတာကိုပဲ ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြတယ်။ ယခု မျက်မှောက်ခေတ်မှာ ဓမ္မစေတီ - ဓမ္မရတနာကို လက်တွေ့ကျကျ ပူဇော်လိုသူသည် ပရိယတ္တိ ဗဟုသုတနှင့် ပြည့်စုံသူကို ပူဇော်ရမည်ဟု ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူချက်အရ ပိဋကသုံးပုံဆောင် ပုဂ္ဂိုလ်တွေကို တစ်ဦးချင်းအနေနဲ့ လည်းကောင်း၊ အသင်းအဖွဲ့ အနေနဲ့လည်းကောင်း ပူဇော်ကန်တော့နေကြပေပြီ။ ၄င်းပူဇော်ကန်တော့မှုကို ဓမ္မစေတီ ပူဇော်တယ်လို့ ခေါ်ကြရမယ်။

မေး။ ။ ဥဒ္ဒိဿစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ ဥဒ္ဒိဿစေတီဆိုတဲ့ ပါဠိစကားက ရည်ရွယ်မှန်းထားခြင်းလို့ အဓိပ္ပာယ်ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်တုန်းက သက်တော်ထင်ရှား မြတ်စွာဘုရား ရှိခဲ့တာကို မှန်းဆလို့ ပေါ်လာတဲ့ ဘုရားအာရုံကို ဥဒ္ဒိဿစေတီလို့ ခေါ်တယ်။ ဘုရားပုံတော်၊ ပန်းချီကား၊ ဘုရားကားတွေနဲ့ ရုပ်ပွားဆင်းတုတော်ပုံတွေဟာလဲ ဥဒ္ဒိဿစေတီတွေ ဖြစ်ပါတယ်။ ဓာတ်တော် မွေတော်တွေ မဌာပနာဘဲ တည်ထားတဲ့ သဲပုံစေတီ၊ အုတ်စေတီ စသည်တွေဟာလဲ ဘုရားရှင်ကိုရည်မှန်း ပြုလုပ်ထားတာဖြစ်လို့ ဥဒ္ဒိဿစေတီတွေ ဖြစ်ပါတယ်။

မေး။ ။ ပရိဘောဂစေတီဆိုတာ ဘာလဲ။

ဖြေ။ ။ မြတ်စွာဘုရားသခင် အသုံးပြုခဲ့တဲ့ သင်္ကန်း သပိတ် ပရိက္ခရာတွေနဲ့ မဟာဗောဓိပင်ကို ပရိဘောဂစေတီလို့ ခေါ်တယ်။ မြန်မာနိုင်ငံမှာ ပရိဘောဂ စေတီအဖြစ် ကိုးကွယ်ဖို့ ဂေါတမမြတ်စွာဘုရားရဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုမှ ရှိတယ်လို့ မကြားမိဘူး။ ရွှေတိဂုံဘုရားထဲမှာ ကောဏာဂုံနဲ့ ကဿပ ဘုရားနှစ်ဆူရဲ့ တောင်ဝှေးနဲ့ ရေစစ် ဌာပနာထားတယ်လို့ ရွှေတိဂုံသမိုင်းမှာ အဆိုရှိတယ်။ ပရိဘောဂစေတီအဖြစ်နဲ့ ဗောဓိပင်ကိုပဲ ပူဇော်ကြတယ်။ ဒီဗောဓိပင် ပူဇော်မှုဟာလဲ အမြဲတစေ တစ်နှစ်ပတ်လုံး မဟုတ်ဘဲ ကဆုန်လပြည့် ညောင်ရေသွန်းပွဲနေ့ တစ်နေ့အတွက်သာ ရေလဲသွန်းကြ၊ ပူဇော်ကန်တော့မှုလဲ ပြုကြတယ်။ သီဟိုဠ်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးတစ်ခု တည်တော့မယ်ဆိုရင် စေတီတစ်ဆူနဲ့ ဗောဓိပင်တစ်ပင်ပါ စိုက်လေ့ရှိတယ်။ ဗောဓိပင်ကိုလဲ အလေးထား ပူဇော်ကြတယ်။ ရှင်မဟိန္ဒလက်ထက် အိန္ဒိယမှ မဟာဗောဓိပင် တောင်ကိုင်းကို ဘယ်လိုပင့်တယ်၊ ဘယ်လိုကြိုဆိုတယ်၊ ဘယ်လိုပူဇော်တယ်ဆိုတာ ဖော်ပြတဲ့ ဗောဓိဝံသခေါ် ဗောဓိပင်ကျမ်းတစ်ကျမ်းပင် ပြုစုရေးသားကြတယ်။

မေး။ ။ မဟာဗောဓိပင်ကို ပရိဘောဂစေတီအဖြစ် ကိုးကွယ်မှုဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ မဟာဗောဓိပင်ပူဇော်မှုဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကထဲက စခဲ့တယ်။ ဘုရားရှင်ဟာ ဝေနေယျ သတ္တဝါတွေကို တရားဟောဖို့အတွက် အခြားတိုင်းမြို့ရွာတွေကို ခရီးဒေသစာရီ ကြွတော်မူတယ်။ ဘုရားရှင် ခရီးထွက်မှန်းမသိတဲ့ တကာ တကာမတွေက ဘုရားရှင်ဖူးဖို့ ပန်းနံ့သာတွေ ပူဇော်ဖို့ ဇေတဝန်ကျောင်းတော်ကို လာတဲ့အခါ ဘုရားရှင်ကို မတွေ့ရလို့ စိတ်နှလုံး မသာမယာ ဖြစ်ခဲ့ကြတယ်။ ဒီအကြောင်းကို ညီတော်အာနန္ဒာက ဘုရားရှင်ကို လျှောက်ထားတယ်။ ညီတော် အာနန္ဒာက ပူဇော်ထိုက်တဲ့စေတီ ဘယ်နှစ်မျိုးရှိသလဲလို့ဘုရားရှင်ကို လျှောက်ထားတယ်။ ဘုရားရှင်က ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီဆိုပြီး သုံးပါးရှိတယ်လို့ မိန့်ကြားတယ်။ ဓာတုစေတီခေါ် ဓာတ်တော်တွေဟာ ဘုရားပရိနိဗ္ဗာန်စံပြီးမှသာ ပူဇော်လို့ရတယ်။ ဥဒ္ဒိဿနဲ့ ပရိဘောဂစေတီကတော့ သက်တော်ထင်ရှား ရှိနေတုန်းမှာလဲ ပူဇော်လို့ရတယ်။ မဟာဗောဓိပင်ဟာ ဘုရားရှင်ပွင့်တော်မူရာ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်လို့ ပရိဘောဂစေတီဖြစ်တယ်လို့ ဟောကြားတယ်။

ဒီအခါမှာ ညီတော်အာနန္ဒာက ဘုရားရှင် တခြားကြွနေတဲ့အခါ ဘုရားရှင်ကိုယ်စား ပူဇော်ကြဖို့ မဟာဗောဓိပင်က အစေ့ကိုယူပြီး ဇေတဝန်ကျောင်းအနီးမှာ စိုက်ပျိုးပါတယ်။ အဲဒီဗောဓိပင်ကို ညီတော်အာနန္ဒာ စိုက်တဲ့အတွက် “အာနန္ဒာဗောဓိပင်”လို့ခေါ်ပါတယ်။ ဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ မရှိတဲ့အခါ ဘုရားရှင်ကိုယ်စား အဲဒီအာနန္ဒာဗောဓိပင်ကိုပဲ ပန်းနံ့သာတွေနဲ့ ပူဇော်ရှိခိုးကြပါတယ်။ အဲဒီအချိန်ကစပြီး ယနေ့တိုင် ဗောဓိပင်ကို ပရိဘောဂစေတီအဖြစ်နဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ပူဇော်ကြတာပါပဲ။

မြန်မာနိုင်ငံမှာ ဗောဓိပင်ပူဇော်မှုဟာ နည်းပါတယ်။ ကဆုန်လပြည့် ညောင်ရေသွန်းပွဲနေ့ တစ်နေ့လောက်ပဲ ညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်။ ဗောဓိပင်ဟာ စေတီတစ်မျိုးဖြစ်တယ် ဆိုတာကိုတောင်မှ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း မသိကြပါဘူး။

မေး။ ။ ဗောဓိပင်ဆိုတာ သစ်ပင်တစ်မျိုးပါလား။

ဖြေ။ ။ ဗောဓိပင်ဆိုတာ သစ်ပင်တစ်မျိုးရဲ့ နာမည်မဟုတ်ပါဘူး။ ဘုရားရှင်တွေ သစ္စာလေးပါးကို သိရာအပင်ဖြစ်လို့ ဗောဓိပင်လို့ ခေါ်တာပါပဲ။ ဂေါတမ ဘုရားရှင်ကတော့ ညောင်ဗုဒ္ဓဟေပင်ရင်းမှာထိုင်ပြီး တရားထူး ရတော်မူလို့ ညောင်ဗုဒ္ဓဟေပင်ကို ဗောဓိပင်လို့ ခေါ်တာဖြစ်တယ်။ ပုန်းညက်ပင်၊ ရေသဖန်းပင်၊ ကန့်ကော်ပင်၊ ပိတောက်ပင် စသည်ဖြင့် ဘုရားတစ်ဆူဆူ၏ ဗောဓိပင်တွေဟာ ဘုရားရှင်အလိုက် ပြောင်းလဲသွားပါတယ်။

မေး။ ။ ဓမ္မပဒမှာ ဥယျာဉ်ခြံ၊ သစ်ပင်ကြီး၊ နတ်ကွန်း၊ တောင်၊ တော တွေကို ကိုးကွယ်လျှင် ကိုးကွယ်ရာမရောက်ပုံပြပြီး ယခုဗောဓိပင်ကို ဘာကြောင့် စေတီအဖြစ် ပြပါသလဲ။

ဖြေ။ ။ ဓမ္မပဒမှာ အဂ္ဂိဒတ္တရသေ့က ဥယျာဉ်ခြံ၊ သစ်ပင်၊ နတ်ကွန်း၊ တော၊ တောင်တွေကို ကိုးကွယ်ဆည်းကပ်ကြလို့ ဟောတဲ့အတွက် လူတွေက ရှိခိုးပူဇော်ကြတယ်။

ဘုရားရှင်က ဒါတွေကိုးကွယ်လို့ ဘေးရန်မပျောက်ဘူးလို့ ဟောတယ်။ ရတနာသုံးပါးကို ကိုးကွယ်မှ ဘေးရန်ပျောက်ကင်းတယ်လို့ ဟောတယ်။ သစ်ပင်ကြီးတွေကို ရှိခိုးတာက သစ်ပင်စောင့်နတ် ရုက္ခစိုးနတ်ကို ရှိခိုးတာဖြစ်တယ်။ ဗောဓိပင်ရှိခိုးတာက ဒီဗောဓိပင်မှာ ပွင့်သွားတဲ့ ဘုရားရှင်ကို ရှိခိုးတာဖြစ်တယ်။ ဗောဓိပင်ဟာ ဘုရားရှင်ကို သတိရစေကြောင်း အထောက်အပံ့သာဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ကို ပူဇော်ရာ ပရိဘောဂစေတီလို့ ဟောတာဖြစ်တယ်။

မေး။ ။ ရုပ်ပွားဆင်းတု ပူဇော်မှုဟာ ဘယ်တုန်းက စခဲ့ပါသလဲ။

ဖြေ။ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီက ဘုရားမရှိတဲ့အခါ ဘုရားရှင်ကိုယ်စား မဟာဗောဓိပင်ကို ပူဇော်ခဲ့တယ်။ ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် ဓာတ်တော်တွေကို ဌာပနာတဲ့ ဓာတုစေတီကို ကိုးကွယ်ခဲ့တယ်။ ဥဒ္ဒိဿစေတီအဖြစ်တော့ စိတ်က ရည်မှန်းရှိခိုး ပူဇော်နေကြတယ်။ ဘုရားရှင်ဟာ လက္ခဏာတော်ကြီး ၃၂၊ လက္ခဏာတော်ငယ် ၈၀ တို့ဖြင့် သပ္ပာယ်တော်မူတဲ့အတွက် ဘုရားရှင်ကို ကိုယ်စားပြုနိုင်တဲ့ ပုံတော်ကို ဘယ်ပန်းချီဆရာမှလဲ ပုံတူရေးဆွဲနိုင်မှာမဟုတ်ဘူး။ ဘယ်ပန်းပု ကျောက်ဆစ်မှလဲ ပုံတူထုနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားတော် ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်မှု မပြုခဲ့ကြဘူး။

၄-ရာစု ဘီစီမှာ ဂရိတ်လူမျိုး စစ်ဘုရင် အလက်ဇန္ဒာမင်းကြီးနဲ့ ဂရိတ်တပ်မတော်ကြီးက အိန္ဒိယပြည် အနောက်မြောက်ပိုင်းကို သိမ်းပိုက်လိုက်တဲ့အခါ ဂရိတ်တွေ ဗုဒ္ဓဘာသာဖြစ်လာတယ်။ ဂရိတ်တွေဟာ သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေကို ရုပ်တုပြုလုပ် ကိုးကွယ်ကြသလို ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်ကြတယ်။ ရှာဖွေတွေ့ရှိရတဲ့ သမိုင်းအထောက်အထားအရ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုကိုးကွယ်မှုဟာ (၁)ရာစု အေဒီမှာ စခဲ့တယ်လို့ အကြမ်းဖျင်း မှတ်သားနိုင်တယ်။

မေး။ ။ ရုပ်ပွားဆင်းတုကို မကိုးကွယ်ခင်မှာ ဘာတွေကို ဥဒ္ဒိဿစေတီအဖြစ်နဲ့ ရှိခိုးပူဇော်ကြပါသလဲ။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော် မကိုးကွယ်ခင်မှာ -

(၁) ဘာအထိမ်းအမှတ် ပုံစံမှမရှိဘဲ ယခုခေတ် နတ်ကိုးကွယ်မှုမှာလို ရည်စူးမှုသက်သက် ကိုးကွယ်တာလဲ ရှိတယ်။

(၂) ပလ္လင်တော်ပုံကို ဘုရားကိုယ်စား ပူဇော်တာလဲ ရှိတယ်။

(၃) လှည်းဘီးပုံ ဓမ္မစကြာကို ဘုရားရှင်ကိုယ်စား ပူဇော်တာလဲရှိတယ်။ ဘီစီ သုံးရာစု အသောကမင်းကြီးခေတ်မှာ စကြာပုံကို ဘုရားရှင်အမှတ် ကိုးကွယ်နေကြတာ တွေ့ရတယ်။

မေး။ ။ ဘုရားသက်တော်ထင်ရှား ရှိစဉ်က ကောသလမင်းကြီးက ဗုဒ္ဓရုပ်ပွားတော် ရွှေဆင်းတု ပြုလုပ်ကိုးကွယ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဘုရားသက်တော်ထင်ရှား ရှိစဉ်က ဗုဒ္ဓရုပ်တု ရွှေဆင်းတုတစ်ဆူကို ကောသလမင်း ပြုလုပ်ကိုးကွယ်ကြောင်း ပါဠိတော် အဋ္ဌကထာဋီကာမှာ မပြ။ ဇင်းမယ်ပဏ္ဏာသ၊ (သို့မဟုတ်) ယွန်းပဏ္ဏာသဟုခေါ်သော ကျမ်း စတုတ္ထဝဂ်၊ သတ္တမမြောက် ဝဋ္ဋင်္ဂုလီဇာတ်မှာ ဖော်ပြတဲ့ အကြောင်းအရာဖြစ်တယ်။ သာသနအာယု ကျမ်းမှာလဲ အလားတူဖော်ပြတယ်။ ဒါပေမယ့် ဒီကျမ်းတွေဟာ သံဂါယနာဝင် ကျမ်းတွေမဟုတ်လို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့က အခိုင်အမာကျမ်းအဖြစ် အသိအမှတ်မပြုကြဘူး။ ဒါကြောင့် ဘုရားလက်ထက်မှာ ရုပ်တုမရှိသေးဘူးလို့ဘဲ မှတ်ရပါမယ်။

မေး။ ။ ဘုရားရှင်ကိုယ်စား စေတီ (၄)မျိုးထဲမှာ ဘယ်စေတီကို အပူဇော်အများဆုံးလဲ။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဘုရားရှင်ကိုယ်စား စေတီ (၄)မျိုးထဲမှာ ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားတော် ဆင်းတုတော်များနဲ့ ဘုရားကားဟာ အပူဇော် အများဆုံးဖြစ်ပါတယ်။ များရတဲ့အကြောင်းကတော့-

(၁) ဓာတုစေတီနဲ့ ပရိဘောဂစေတီတွေကို လူတိုင်းစေ့ရဖို့မလွယ်ပေမယ့် ရုပ်ပွားဆင်းတုတော်တွေကို လူတိုင်း အလွယ်တကူ ရနိုင်လို့ရယ်။

(၂) ဓာတုစေတီ ဌာပနာထားတဲ့ အုတ်စေတီနဲ့ မဟာဗောဓိပင်ကို ကြည့်ရှုဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို မျက်စိထဲမြင်အောင် မျှော်မှန်းရတာထက် ရုပ်ပွားဆင်းတုတော်ကို ဖူးမြော်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်မှာမြင်အောင် ရည်မှန်းရတာက ပိုပြီးလွယ်ကူလို့ရယ်။

အဲဒီအကြောင်းနှစ်မျိုးကြောင့် ဥဒ္ဒိဿစေတီဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကို အများဆုံး ကိုးကွယ်ဆည်းကပ်ကြခြင်း ဖြစ်တယ်။

မေး။ ။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ နားရွက်တော်ဟာ အခုကိုးကွယ်နေကြတဲ့ ရုပ်ပွားဆင်းတု ပုံတော်မှာလို ပခုံးတော်နဲ့ ထိတဲ့အထိ ရှည်ပါသလား။

ဖြေ။ ။ ဘုရားရှင်ရဲ့ နားရွက်တော်ဟာ ပခုံးတော်မှာ ထိနေတယ်လို့ ပိဋကတ်တော်မှာ မဖော်ပြပါဘူး။ ဘုရားရှင်ရဲ့ပုံတော်ကို ဖော်ပြတဲ့ လက္ခဏာတော်ငယ် (၈၀)ကို ဖော်ပြတဲ့အခါမှာလဲ ရှည်သောနား၊ နှစ်လိုဖွယ်သော နားတော် ရှိတော်မူ၏၊ (အာယတရုစိကဏ္ဏတာ…) လို့သာ ပြပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ နားရွက်တော်ဟာ ပခုံးကို မထိဘူးလို့ပဲ ယူဆကြတယ်။

အစောဆုံး ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ကြတဲ့ ပန်းပုပညာတွေက အခုပုံမျိုး ထုလုပ်ခဲ့ရာက အစဉ်အလာ ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။ သမန္တစက္ခု ဒီပနီကျမ်း စာမျက်နှာ ၂၆၂ မှာ အာယတဏ္ဏတာ - ရှည်လျားသော နားရွက်တော်ရှိသောအဖြစ် (ဤသို့လာသော အာယတကဏ္ဏ လက္ခဏာတော်ကိုရည်၍ ပညာရှိအဆက်ဆက်တို့သည် ရုပ်ပွားဆင်းတုတော် ထုလုပ်ရာ၌ နားရွက်တော်ကို အထွာနှင့်ဖွဲ့၍ အရှည်အလျား ထုလုပ်လေ သည်။ ရှေးစာတမ်းဟောင်းတို့၌ကား နားရွက်တော်ကို ပခုံးတော်သို့ မထိစေနှင့် အမှာရှိသည်။ ယခု ငါတို့လက်ထက်၌မူကား နားရွက်တော်ကို ပခုံးတော်သို့ ထိစေလျက် ထုလုပ်ကြသည်)လို့ မှာထားတယ်။

အရှင်ဇနကာဘိဝံသ ဆရာတော်ရေးတဲ့ ရတနာ့ဂုဏ်ရည်ကျမ်း စာမျက်နှာ ၃၉၆ မှ (အရှည်ဟုဆိုသော်လည်း ယခုကာလ အချို့ဆင်းတုတော်များ၌ ထုထားသကဲ့သို့ ပခုံးတော်ထောက်အောင် ရှည်လျားသည်မဟုတ်ပါ။ ကျိုး၍မသွားအောင် ရုပ်တုတော် ပြုလုပ်သည့် ဆရာတို့က ထောက်ထားဟန် တူပါသည်)လို့ မှာထားတယ်။

မေး။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ပြီးနောက်ပိုင်းမှာ မကိုဋ်သရဖူ စလွယ်တွေကို ဝတ်ဆင်ပါသေးသလား။ ဝတ်ဆင်ထားတဲ့ ဆင်းတုတော်ပုံတွေ ဘာကြောင့် ရှိနေပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မကိုဋ်သရဖူ၊ စလွယ်တွေကို ဝတ်ဆင်တယ်လို့ ပိဋကတ်မှာ မတွေ့ရပါဘူး။ ဝတ်ဆင်ဖို့အကြောင်းလဲ မရှိပါဘူး။ ဒါပေမယ့် ငါဘုရားသည် မင်းပရိသတ် အမျိုးမျိုးထံ ချဉ်းကပ်ဖူးတယ်။ ထိုသို့ ချဉ်းကပ်စဉ် ထိုမင်းတို့၏ အဆင်းအသွင်ကဲ့သို့ပင် ငါဘုရား၏ အဆင်းအသွင်ရှိတယ်ဟူသော စကားတော်အရ အခုအခါ အချို့ ရုပ်ပွားဆင်းတုတော်တွေမှာ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ တွေ့ရတာကတော့ ဘုရားရှင်ကို ကြည်ညိုတဲ့အတွက် ပိုပြီးသပ္ပာယ်အောင် စိန်၊ ကျောက်၊ ပတ္တမြားတွေ စီထားတဲ့ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ ဆင်မြန်းထားပုံရပါတယ်။

မေး။ ။ မာန်မာနကြီးတဲ့ ဇမ္ဗုပတိမင်းကို ချွတ်ဖို့အတွက် ဘုရားရှင်ဟာ ဒီပုံတော်ကို တန်ခိုးနဲ့ဖန်ဆင်းတယ်ဆိုတာ အမှန်ပဲလား။

ဖြေ။ ။ တထာဂတဥဒါနဒီပနီ ခေါ် ဗုဒ္ဓဝင်ကျမ်းမှာ ဇမ္ဗုပတိချွတ်ခန်း အကြောင်းပါတယ်။ ဒီဇာတ်လမ်းကိုလည်း ဇင်းမယ်ပဏ္ဏာသကျမ်းက ယူပြီးရေးတယ်လို့ အမှာပြထားပါတယ်။ အခုမြန်မာပြည်ရှိ ဇင်းမယ်ပဏ္ဏာသ စာအုပ်မှာ ရှာကြည့်တော့ ဇမ္ဗုပတိချွတ်ခန်းအကြောင်း လုံးဝမတွေ့ရဘူး။ ရှေးဟောင်းပုရာဏ်ကျမ်း တစ်ကျမ်းကယူပြီး ရေးထားတာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဇင်းမယ်ပဏ္ဏာသ ဆိုတာကလဲ ဇာတ်တော်တွေကို နည်းမှီပြီး မဟာယာနဂိုဏ်းဝင် ဆရာတော်တစ်ပါးက ရေးသားထားတဲ့ ဘာသာရေးပုံဝတ္ထု စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒီဇမ္ဗုပတိချွတ်ခန်းခေါ်တဲ့ မကိုဋ် စလွယ်ပါ ပုံတော်နဲ့ ပတ်သက်လို့ ကျမ်းအခိုင်အမာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီပုံတော်ဟာ ခမ်းခမ်းနားနား လှလှပပရှိပြီး ဖူးမြော်သူရဲ့စိတ်ကို ကြည်နူးနှစ်သက်စေဖို့အတွက် ရှေးပညာရှိကြီးများက တီထွင်ခဲ့တဲ့ပုံပဲလို့ မှတ်ပြီး ကိုးကွယ်ထိုက်ပါတယ်။

မေး။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ ဘာဖြစ်လို့ အခြားရုပ်ပွားတော်တွေနဲ့ မတူတာလဲ။

ဖြေ။ ။ ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားနှစ်လုံးက တောင်ဘက်အကိုင်းလို့ အဓိပ္ပာယ်ရတယ်။ (၃)ရာစု ဘီစီမှာ အသောကမင်းတရားကြီးက သားတော်မဟိန္ဒနဲ့ သမီးတော် သင်္ဃာမိတ္တာတို့ကို သီဟိုဠ်ကျွန်းသို့ သာသနာပြု စေလွှတ်တာ်မူတဲ့အခါမှာ ပရိဘောဂစေတီအဖြစ် ပူဇော်ဖို့ မဟာဗောဓိပင်ရဲ့ တောင်ဘက် အကိုင်းတစ်ကိုင်းကို ဖြတ်ယူပင့်ဆောင်ပြီး သီဟိုဠ်မှာ စိုက်ပျိုးကိုးကွယ်ကြတယ်။ ဒီဒက္ခိဏသာခါ ဗောဓိပင်နဲ့ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ ဘယ်လို ဆက်စပ်တယ်ဆိုတာနဲ့ ဘာဖြစ်လို့ အခုလိုပုံတော်တစ်မျိုး ဖြစ်နေတယ်ဆိုတာကိုတော့ စာပေ အထောက်အထား မတွေ့ရသေးဘူး။ ဒီဒက္ခိဏသာခါ ပုံတော်ဘုရား သီဟိုဠ်ကျွန်းကတဆင့် မြန်မာပြည်ကို ရောက်လာတယ်လို့တော့ ဆရာစဉ်ဆက် ပြောစမှတ်ပြုကြတယ်။

ဒက္ခိဏသာခါလို့ခေါ်တဲ့ တောင်ကိုင်းကို ဖြတ်စိုက်တဲ့ဗောဓိပင်ဟာ သီဟိုဠ်မှာရှိတော့ ဒက္ခိဏသာခါ ဘုရားဟာလဲ သီဟိုဠ်ကပဲ လာဖို့ရှိပါတယ်။ ဒါပေမယ့် သီဟိုဠ်မှာနေဖူးတဲ့ ဆရာတော်တွေကို လျှောက်ထားကြည့်တော့ သီဟိုဠ်ဒက္ခိဏသာခါဘုရားဟာ အခုမြန်မာပြည်မှာ တွေ့ရတဲ့ ပုံတော်မျိုးမဟုတ်ဘဲ အခြား ရုပ်ပွားဆင်းတုတော် ပုံမျိုးပဲဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ဘုရားဆင်းတုတော် တွေကိုဖော်ပြတဲ့ စာအုပ်တွေမှာလဲ ဒက္ခိဏသာခါပုံ တစ်ပုံမှ မပါရှိပါဘူး။ ဒါကြောင့် သီဟိုဠ်ကရောက်တဲ့ ဒက္ခိဏသာခါဟာလဲ ရိုးရိုးဆင်းတုတော်ပုံ ဖြစ်မယ်လို့ပဲ ခန့်မှန်းရပါတယ်။ ဒီနေ့ မြန်မာပြည်မှာတွေ့ရတဲ့ ဒက္ခိဏသာခါ ပုံမျိုးကတော့ မြန်မာပြည်မှာပဲရှိတဲ့ ပုံတော် အထူးအဆန်း ဖြစ်ပုံရပါတယ်။ ဘာကြောင့် ဒီပုံမျိုး ဖြစ်တယ်ဆိုတာတော့ ခိုင်ခိုင်မာမာ မတွေ့ရသေးပါဘူး။

မေး။ ။ ဒက္ခိဏသာခါဘုရားရဲ့ ခေါင်းပေါ်မှာ ဘာဖြစ်လို့ ကြာပွင့် ဆောင်းထားသလဲ။

ဖြေ။ ။ သံဂါယနာတင် ကျမ်းဂန်မဟုတ်တဲ့ မဟာယာနကျမ်းတစ်ခုမှာ ကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားတို့ ဘုရားဖူးဖို့ လာတဲ့အခါ ဘုရားရှင်မရှိ ဖြစ်နေတယ်။ ရှင်မောဂ္ဂလာန်က တန်ခိုးတော်နဲ့ လိုက်ရှာတော့ ကြာမျိုးငါးပါး ဖူးပွင့်နေတဲ့ အနောတတ္ထ အိုင်ထဲမှာ ဘုရားရှင်ဟာ ကြာပွင့်ကြီး တစ်ပွင့်ပေါ်မှာ စျာန်ဝင်စားနေတာကို တွေ့ရတယ်။ အိုင်စောင့်နတ်ကိုးပါးဟာလဲ ဘုရားရှင်ကို ကြာပွင့်ထီး တစ်လက်စီနဲ့ ဆောင်းမိုးထားကြတယ်။ အဲဒီကြာပွင့်ပေါ်မှာ ထိုင်ပြီး ကြာပွင့်ထီးစောင်းတဲ့ အသွင်ဟာ ကြည့်ရှုဖူးမြော်လို့ မဝနိုင်အောင် ကြည်ညိုဖွယ် ရှိပေတယ်လို့ ကောသလမင်းကြီးနဲ့ မလ္လိကာ မိဖုရားကြီးတို့ကို ရှင်မောဂ္ဂလာန်မထေရ် ပြန်လည်မိန့်ကြားတယ်။ ရှင်မောဂ္ဂလာန် မိန့်ကြားချက်ကို ကောသလမင်းကြီးက ကြားတော့ မင်းကြီးလဲ ကြာပွင့်ပေါ်မှာ စျာန်ဝင်စားပြီး ကြာထီးဆောင်းထားတဲ့ ဘုရားရှင်နဲ့ ပုံတော်ကို အာရုံမှာ ဖူးတွေ့ရလို့ အလွန်ကြည်ညိုသွားတယ်။ ဒီပုံမျိုး ဘုရားရုပ်တု ပြုလုပ်ကိုးကွယ် ချင်ပါတယ်လို့ ကောသလမင်းကြီးက လျှောက်တော့ ရှင်မောဂ္ဂလာန်က ခွင့်ပြုလို့ ကြားပန်းထီးဆောင်းပုံကို ဘုရားရှင် လက်ထက်တော်တုန်းကတည်းက ထုလုပ် ကိုးကွယ်တယ်လို့ ယုံကြည်နေကြတယ်။

ဒါပေမယ့် အခုခေတ် ဒက္ခိဏသာခါ ဘုရားတွေမှာလို ကြာပန်းကို ခေါင်းတော်ပေါ်မှာ အုပ်ထားတဲ့ပုံမျိုး မဟုတ်ဘဲ ဦးခေါင်းတော်အထက်က ထီးဆောင်းသလို ဆောင်းထားတယ်လို့ မှတ်ရမယ်။

အခု မြန်မာပြည်မှာ ထုလုပ်ကိုးကွယ်နေတဲ့ လည်ကုတ်တိုတို ပုအိုင့်အိုင့်ပုံတော်ဟာ မကျွမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က လိမ်ညာ ရောင်းရာက အဟုတ်ထင်ပြီး ကိုးကွယ်နေကြတဲ့ ပုံတော်အမှား ဖြစ်တယ်လို့ သုတေသီတွေက တစ်ညီတည်း ဆိုနေကြပါပြီ။ ဒါကြောင့် ပန်းပုဆရာများကိုလည်း ယခုလို ပုံတော်ပုအိုင့်အိုင့် လည်ကုတ်တိုတို မသပ္ပာယ်တဲ့ပုံမျိုး မထုလုပ်ကြဖို့၊ ဗုဒ္ဓဘာသာတွေကလဲ ထိုဘုရားရှင်ပုံ မဟုတ်တဲ့ပုံမျိုးကို မကိုးကွယ် မဆည်းကပ်ဖို့ အထူးသတိပေးလိုက်ပါတယ်။

တကယ်လို့ ကြာပွင့်ပေါ်မှာထိုင်၍ စျာန်ဝင်စားပြီး ကြာပန်းထီး မိုးထားတဲ့ပုံ ကိုးကွယ်ချင်တယ်ဆိုရင်လဲ ထုလုပ်ကိုးကွယ်နိုင်ပါတယ်။ ဘုရားရှင် ရုပ်တုတော်ကတော့ အများကိုးကွယ်နေကြတဲ့ ကြည်ညိုဖွယ် သပ္ပာယ်တဲ့ပုံမျိုးပဲ ဖြစ်ရပါမယ်။

မေး။ ။ ဘုရားရှင်မှာ သျှောင်ထုံးရှိပါသလား။

ဖြေ။ ။ ဒီမေးခွန်းကတော့ ယနေ့လက်ရှိ ရုပ်ပွားဆင်းတုတော်တွေကို ကြည့်ပြီး ကလေးတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်သူတွေက မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။ ဘုရားရှင်မှာ သျှောင်ထုံးမရှိပါဘူး။ သိဒ္ဓတ္ထမင်းသားဘဝက သျှောင်ထုံးကို တောထွက်စဉ်က သန်လျက်နဲ့ ဖြတ်ခဲ့တယ်။ သန်လျက်နဲ့ ဖြတ်တာဖြစ်လို့ အခုခေတ် သင်ဓုန်းဓားနဲ့ ရိတ်သလို မပြောင်သွားပါဘူး။ ဘုရားရှင်ရဲ့ လက်သစ်တော်နဲ့ လက်နှစ်သစ် အငုတ်ကျန်ပါတယ်။ အဲဒီဆံငုတ်တွေဟာ လက်ယာရစ်ခွေပြီး ကျန်ရစ်တာဟာ နိဗ္ဗာန်စံတဲ့ အထိပါပဲ။ ဘုရားဖြစ်တဲ့အခါ ဆံပင်တော်မှ ရောင်လျှံတော်တွေ ထွက်နေတဲ့အတွက် မြင်ရသူတွေက သျှောင်ထုံးပုံသဏ္ဍာန်လို မြင်ရပါတယ်။ ဘုရားရှင်ကို ဖူးတွေ့မြင်ရတဲ့အတိုင်း ရောင်လျှံတော် ကွန့်မြူးနေတဲ့ ဆံတော်ပုံကို ထုထွင်းရာက ယနေ့ ဆင်းတုတွေမှာ ဆံထုံးပုံသဏ္ဍာန် ရှိနေတယ်လို့ပဲ ယူဆကြပါတယ်။

ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်က သူ့ရဲ့စိတ်ကြိုက် မတ်ရပ်တော် ဘုရားပုံတော် ပန်းချီကားတစ်ခုကို ရေးဆွဲစေရာမှာ ခေါင်းတော်မှာ သျှောင်ထုံးပုံသဏ္ဍာန် မပါဘဲ ရဟန်းတော်များကဲ့သို့ ခေါင်းတုံးပုံတော်နဲ့ ရေးဆွဲပူဇော်ထားတာကို မဟာသိမ်တော်ကြီးထဲမှာ ယနေ့တိုင် ဖူးတွေ့မြင်နိုင်ပါတယ်။

မေး။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ကို ကိုးကွယ်ရင် လောကီသိဒ္ဓိ အားလုံးပြီးတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဒက္ခိဏသာခါ ဘုရားပုံတော်ဟာ အမြင်အားဖြင့် ရိုးရိုးရုပ်ပွားတော်တွေလောက် ကြည်ညိုဖွယ် မဆောင်ပါဘူး။ ဒါပေမယ့် ဒက္ခိဏသာခါ ပုံတော်ကို လူတွေက ဘာသာရေးအရ ရုပ်ပွားတော်တစ်ဆူ အနေနဲ့သာ ကိုးကွယ်ကြတာ မဟုတ်ပါဘူး။ ဒက္ခိဏသာခါဘုရားကို ကိုးကွယ်ရင် လာဘ်လာဘ ပေါများမယ်၊ အရောင်းအဝယ် ကောင်းမယ်၊ ရာထူးတိုးမယ်၊ အန္တရာယ်အားလုံး ကင်းမယ်၊ အိမ်လဲ မီးမလောင်နိုင်ဘူး၊ လောကသိဒ္ဓိပေါင်းစုံ ပြီးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြပါတယ်။

ဘုရားကို ရှိခိုးတယ်၊ ပူဇော်တယ်ဆိုတာက ရုပ်ပွားတော်၊ ဆင်းတုတော်၊ ဓာတ်တော်၊ စေတီပုထိုးတွေကို ရှိခိုးပူဇော်တာ မဟုတ်ပါဘူး။ အရဟံ စတဲ့ ဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို စိတ်အာရုံထဲမှာ ပေါ်လာသည်အထိ မျှော်မှန်းပြီး ရှိခိုးပူဇော်ရတာ ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတု ဓာတ်တော် စေတီတွေက သက်တော်ထင်ရှား ဘုရားရှင်ရဲ့ အာရုံထင်မြင် လွယ်ကူဖို့ အထောက်အကူမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးရိုး ရုပ်ပွားတော်ပဲဖြစ်ဖြစ်၊ ဒက္ခိဏသာခါ ပုံတော်ပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ကြည်ညိုသဒ္ဓါတရား အားကောင်းရင် ကောင်းသလောက် ဝိပဿနာဘက်ကို ကူးလိုက်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အထိ ရနိုင်ပါတယ်။

မေး။ ။ ဘုရားရှင်ကြွတော်မူတဲ့အခါ ခြေတော်ရာ မထင်ဘူးဆိုတာ မှန်ပါသလား။ ဘာကြောင့်ပါလဲ၊ ဘယ်လိုအခါမှာ ထင်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ကြွတော်မူတဲ့အခါ ခြေတော်ရာမထင်တာ မှန်ပါတယ်။ ဘာကြောင့် မထင်သလဲဆိုရင် (၁) နူးညံ့သိမ်မွေ့တဲ့အတွက်၊ (၂) ခွန်အားကြီးမားတော် မူတဲ့အတွက် (၃) လူအများကို သနားငဲ့ညှာတော်မူတဲ့ အတွက်ကြောင့် မထင်ကြောင်းကို အင်္ဂုတ္တုရ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ ဘုရားရှင်ဟာ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာရပါတယ်။

ဘုရားရှင် ကြွတော်မူရာမှာ ခြေတော်ရာတွေ ထင်နေပါက လူအများက ဒီခြေတော်ရာအားလုံးကို အရိုအသေမပြုဘဲ လွှဲရှောင်မသွားနိုင်ဘဲ နင်းမိ ကျော်မိရင် အကုသိုလ်ဖြစ်ဖို့ ရှိကြပါတယ်။ ခြေတော်ရာကို နင်းသွား ကျော်သွားမယ့်လူတွေ အပြစ်ရမှာကို သနားတော်မူတဲ့အတွက် ဘုရားရှင်ဟာ ခြေတော်ရာမထင်အောင် အဓိဋ္ဌာန်ပြီး ကြွသွားတော်မူပါတယ်။

ဘုရားရှင်ကို အမှတ်တရ ဖူးမြော်လိုသူတွေ အမြတ်တနိုး ဖူးမြော်နိုင်ဖို့ ဖူးမြော်စရာတစ်ခု သနားတော်မူဖို့ တောင်းပန်တဲ့အခါ နောင်အခါလဲ သာသနာတော် ထွန်းကားစည်ပင်ပြီး သာသနာတော် အကျိုးများဖို့ မြင်တော်မူတဲ့အခါ ခြေတော်ရာ ထင်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ခြေတော်ရာကို ထင်စေပါတယ်။ မင်းဘူး၊ မန်းစက်တော်က ခြေတော်ရာဟာ သစ္စဗန်ရသေ့ တောင်းပန်လို့ ချခဲ့တာ ယနေ့ သာသနာတော် ၂၅၀၀-ကျော်အထိ တည်တံ့ထွန်းကားနေပါတယ်။

မေး။ ။ ယနေ့ မြန်မာနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံမှာ ကိုးကွယ်နေကြတဲ့ ခြေတော်ရာဟာ စေတီလေးပါးထဲမှာ ဘယ်စေတီ အမျိုးအစားလဲ။

ဖြေ။ ။ ခြေတော်ရာဟာ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့တော့ အတိအကျ မတွေ့ရဘူး။ ဂေါတမဘုရားရှင် ခြေတော်ရာနဲ့ ပတ်သက်ပြီး ပိဋကတ်ထဲမှာ ဖွင့်ပြထားတာ မတွေ့ရဘူး။ သစ္စဗန္ဓရသေ့ တောင်းပန်လို့ မင်းဘူးရွှေစက်တော်မှာ ခြေတော်ရာတစ်ဆူ ချတော်မူခဲ့တယ်။ နမ္မဒါနဂါး တောင်းပန်လို့ အောက်ခြေတော်ရာကို ချတော်မူတယ်လို့ ရွှေစက်တော်သမိုင်းမှာ တွေ့ရတယ်။ ဒီခြေတော်ရာကို နှစ်စဉ် ဗုဒ္ဓဘာသာဝင်တွေ အများသွားရောက် ဖူးမြော်နေကြတယ်။ ဘယ်စေတီမျိုးထဲမှာ ပါတယ်လို့ မတွေ့ပေမယ့် ဥဒ္ဒိဿစေတီထဲမှာ ပါတယ်လို့ မှတ်ရပါမယ်။ ဒီခြေတော်ရာကို ဖူးမြော်ခြင်းဖြင့် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့တယ်ဆိုတာကို မျှော်မှန်းရည်ရော်လို့ ဖြစ်ပါတယ်။

မေး။ ။ ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ရှိပါသလား။

ဖြေ။ ။ အခု ဘဒ္ဒကမ္ဘာမှာပွင့်တဲ့ ဘုရားရှင်လေးဆူ လက်ထက်တော်မှာ ခြေတော်ရာကို ကိုးကွယ်တဲ့ အစဉ်အလာ ပိဋကတ်မှာ မတွေ့ရပါဘူး။ သုန္ဒရထေရ အပဒါန်မှာတော့ တိဿဘုရားရှင် လက်ထက်တော်တုန်းက ခြေတော်ရာကို ပန်းနဲ့ ပူဇော်ခဲ့ရလို့ နတ်ပြည်ရောက်ရတဲ့အကြောင်း ဖွင့်ပြထားပါတယ်။

အင်္ဂုတ္တိုရ်အဋ္ဌကထာမှာတော့ ဒေါဏပုဏ္ဏားကြီးနောက်က လိုက်လာမှန်းသိတော့ ဘုရားရှင်ဟာ ခြေတော်ရာတွေ ထင်ပါစေလို့ အဓိဋ္ဌာန်ပြီး ခြေတော်ရာတွေ ချခဲ့ပါတယ်။ ဒေါဏပုဏ္ဏားကြီးဟာ ခြေတော်ရာမှာ ထင်နေတဲ့ စက်လက္ခဏာတော်တွေကို မြင်ပြီး ဘုရားမှန်းသိတာနဲ့ ခြေရာခံလိုက်သွားတယ်။ ဘုရားရှင်ကလဲ သစ်ပင်တစ်ပင်အောက်မှာ ထိုင်စောင့်နေတယ်။ ဒေါဏပုဏ္ဏားက နတ်လား၊ ဘီလူးလား၊ ကုမ္ဘာန် လား၊ လူလားဆိုတော့ ဘုရားရှင်က ဘာမှ မဟုတ်ဘူး။ ဗုဒ္ဓဖြစ်တယ်လို့ မိန့်ခဲ့တယ်။ ပရိနိဗ္ဗာန်စံတဲ့အခါ ဓာတ်တော်တွေကို ဦးဆောင်ဝေမှာကို သိတော်မူလို့ ခြေတော်ရာချပြီး တွေ့ဆုံစေခဲ့တာ ဖြစ်ပါတယ်။

အပဒါန်အဋ္ဌကထာနဲ့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ပဒစေတိယ ခြေတော်ရာကို ပူဇော်စရာလို့ ပြထားတာလဲ တစ်ကြောင်း၊ ဒေါဏပုဏ္ဏားကြီးဟာ စက်လက္ခဏာတော်တွေကို ကြည့်ပြီး ဘုရားမှန်း သိသလို စက်လက္ခဏာတွေပါတဲ့ ခြေတော်ရာကို ဖူးမြော်ရလို့ သက်တော်ထင်ရှား ဘုရားရှင်ကို မျှော်မှန်းပူဇော်နိုင်တဲ့အတွက် ခြေတော်ရာကို ရှိခိုးပူဇော်ထိုက်ပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလား။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာ မတင်ဘဲ ကိုးကွယ်ကောင်းပါတယ်။ အနေကဇာတင်တာနဲ့ ပတ်သက်ပြီး ပိဋကတ် အစဉ်အလာ မတွေ့ရပါဘူး။ ရှေးခေတ်မြန်မာကြီးတွေက တီထွင်လိုက်နာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတဉာဏ်ကို ရလို့ ဘုရားဖြစ်တော်မူပြီးတဲ့အခါ အားရကျေနပ်တော်မူတဲ့အတွက် “အနေကဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ” စတဲ့ ဂါထာတော်ကို စိတ်တော်ထဲမှာ ကျူးရင့်တော်မူပါတယ်။ အခု ရုပ်ပွားဆင်းတုတော်အသစ်ကို စတင်ပူဇော်တဲ့အခါ မူလက သာမန် ပန်းပုရုပ်တုတစ်ခု အဖြစ်မှ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ကိုယ်စား ဥဒ္ဒိဿစေတီ ဖြစ်လာပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ သက်တော်ထင်ရှား ဘုရားရှင် စိတ်တော်မှာ ရွတ်ဆိုသီကျူးခဲ့တဲ့ “အနေကဇာတိ သံသာရံ” ဂါထာတော်ကို ဘုရားရှင်ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးခြင်းဖြစ်တယ်။ အနေကဇာတိ သံသာရံကို ရွတ်ဆိုပြီး ဘုရားအဖြစ် သိဒ္ဓိတင်ရာ ရောက်တယ်လို့ ယူဆပြီး အနေကဇာတင်တယ်လို့ ခေါ်ကြတာပါပဲ။ အနေကဇာမတင်ဘဲ ဘုရားအဖြစ် ကိုးကွယ်လို့ ရပါတယ်။ ဘိသိက်သွန်း အခမ်းအနား ကျင်းပကြတဲ့ သဘောပါပဲ။

မေး။ ။ ဘုရားရှင်ဟာ ဘုရားဖြစ်ဖြစ်ချင်း ဘာဖြစ်လို့ “အနေကဇာတိ သံသာရံ” ဆိုတဲ့ ဥဒါန်းဂါထာကို ကျူးရင့်တော် မူပါသလဲ။ မြန်မာလို အဓိပ္ပာယ် ဘယ်လိုပါလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ ဘုရားအဖြစ် ရတော်မူပြီးတာနဲ့ တစ်ပြီုင်နက်…

ငါသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ။ ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ။ ငါသည် သတ္တဝါ အပေါင်းကို ဘဝသုံးပါးမှ လွတ်မြောက်အောင် တရားဟောတော်မူနိုင်ပြီလို့ ဆင်ခြင်ပြီး နှစ်သက်အားရမှု ပီတိဖြစ်တော်မူတယ်။ ထိုပီတိစိတ်ဖြင့် “အနေကဇာတိ သံသာရံ”စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မူခဲ့ခြင်း ဖြစ်တယ်။ အဲဒီဥဒါန်းကိုပဲ ဘုရားရှင် ပထမဆုံး ကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့ “ပထမ ဗုဒ္ဓဝစန = ပထမဆုံး ဘုရားစကားတော်”လို့လဲ ခေါ်ကြတယ်။

ဥဒါန်းဂါထာအဓိပ္ပာယ်

အကြိမ်ကြိမ် ပဋိသန္ဓေ နေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာလက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘဝများစွာ သံသရာတစ်လျှောက် ကျင်လည်ခဲ့ရပြီ။

တဏှာယောက်ျား လက်သမား၊ ယခုသင့်ကို ငါတွေ့ပြီ။ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ် ဆောက်ခွင့်မရှိတော့ပြီ။ ခန္ဓာအိမ် တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ။ မသိမှု အဝိဇ္ဇာဆိုတဲ့ အိမ်ရဲ့အထွတ်ကိုလဲ ငါဖျက်ဆီးလိုက်ပြီ။ ငါရဲ့ စိတ်တော်အစဉ်ဟာ ပြုပြင်စီရင်မှု ကင်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ။ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီ။ ဘုရားစင်စစ် ဖြစ်တော်မူပြီ။

မေး။ ။ အနေကဇာမတင်ဘဲ ကိုးကွယ်လို့ ရသားနဲ့ အနေကဇာတင်တဲ့အတွက် အကျိုးထူးပါသလား။

ဖြေ။ ။ အနေကဇာတင် အခမ်းအနား ကျင်းပတဲ့အတွက် အကျိုးအများကြီး ပိုထူးပါတယ်။ ထူးလို့ ရှေးမြန်မာကြီးတွေက ပိဋက အစဉ်အလာ မဟုတ်ပေမယ့် ဒီအနေကဇာတင် အခမ်းအနားကို စီစဉ်ပြုလုပ် လိုက်နာခဲ့ခြင်း ဖြစ်ပါတယ်။

(၁) အနေကဇာတိ သံသာရံစတဲ့ ဘုရားရှင်ရဲ့ ဥဒါန်းစကားကို ဘုရားရှင်ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးရတာဖြစ်လို့ ရဟန်းတော်တွေကို ဆွမ်း သင်္ကန်းစတဲ့ ပစ္စည်းတွေ လှူဒါန်းရတဲ့ ကုသိုလ်၊ လူပုဂ္ဂိုလ်တွေကို ပင့်ဖိတ်ကျွေးမွေးရတဲ့ ဒါနကုသိုလ်တွေ၊ ကျင့်သုံးဆောက်တည်ရတဲ့ သီလကုသိုလ်တွေ ပိုရတယ်။

(၂) အနေကဇာတိ သံသာရစတဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ဒေသနာကို ကြားနာရတဲ့ ဓမ္မသဝနကုသိုလ်တွေ ပိုရတယ်။ ဟောကြားရတဲ့ ရဟန်းတွေလဲ ဓမ္မဒေသနာကုသိုလ်တွေ ပြုခွင့်ရတယ်။

(၃) တရားဒေသနာတွေ ကြားနာရလို့ ဗုဒ္ဓဘာသာဆိုင်ရာ အသိအမြင် မှန်ကန်မှု ဒိဋ္ဌိဇုကမ္မ ဖြစ်ရတယ်။

(၄) အလှူရှင်အနေနဲ့ မိမိပြုလုပ်တဲ့ ဘုရားပူဇော်မှုကုသိုလ်၊ ဒါန သီလကုသိုလ်၊ အမျှအတမ်း ပေးဝေခြင်း ပတ္တိဒါနကုသိုလ်ကို ရတယ်။

(၅) အနေကဇာတင်ပွဲ လာရောက်ကြတဲ့ ပရိသတ်တွေအတွက် အလှူကိစ္စ ဝိုင်းဝန်းဆောင်ရွက်ရတဲ့ ဝေယျဝစ္စကုသိုလ်၊ သာဓုအနုမောဒနာ ခေါ်ဆိုရတဲ့ ပတ္တာနုမောဒနာကုသိုလ်တွေ ပိုရတယ်။

အဲဒီလို အကျိုးထူးတွေကို ပိုရစေနိုင်တဲ့အတွက် အနေကဇာတင် အခမ်းအနားကို ကျင်းပတဲ့ အစဉ်အလာကို ရှေးမြန်မာတွေက ယဉ်ကျေးမှု တစ်ခုအနေနဲ့ လိုက်နာကျင့်သုံး လာကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ပယောဂဆရာ၊ အထက်လမ်းဆရာတွေ သုံးနေတဲ့ ဘုရားငါးဆူ အမိန့်တော်ဆိုတာ ဘယ်ဘုရားတွေပါလဲ။

ဖြေ။ ။ အခုတည်ဆဲကမ္ဘာကြီးဟာ ဘုရားငါးဆူပွင့်မှာ ဖြစ်တဲ့အတွက် ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ အဲဒီဘုရားငါးဆူအနက် ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူပွင့်ပြီးပြီ၊ အရိမေတ္တယျ ဘုရားတစ်ဆူ ပွင့်ဖို့ကျန်သေးတယ်။ ပွင့်ပြီးလေးဆူနဲ့ ပွင့်လတ္တံ့ တစ်ဆူကိုပေါင်းပြီး ဘုရားငါးဆူ အမိန့်တော်လို့ သုံးကြခြင်းဖြစ်ပါတယ်။ အချို့ဓမ္မာရုံတွေမှာ ဘုရားငါးဆူပုံ ထုလုပ်ကိုးကွယ်နေကြတာ ဖြစ်တယ်။

အချို့ မုခ်ပေါက်လေးခုရှိတဲ့ ပုဂံအာနန္ဒာနဲ့ မန္တလေး အာနန္ဒာလိုဏ်ဂူ ဘုရားတွေမှာ ဘုရားလေးဆူ ကိုးကွယ်တာကတော့ ပွင့်ပြီး ဘုရားလေးဆူကို ရည်မှန်း ပူဇော်ကြခြင်း ဖြစ်တယ်။

မေး။ ။ အာဋာနာဋိယသုတ်မှာ ဝိပဿီဿစ နမတ္ထု စသည်ဖြင့် ဝိပဿီအစ ဂေါတမအဆုံး ဘုရား-၇-ဆူကို ရှိခိုးပူဇော်ထားတယ်။ ဘာဖြစ်လို့ ဒီဘုရား ၇-ဆူကို သီးခြားရှိခိုးရပါသလဲ။

ဖြေ။ ။ အာဋာနာဋိယသုတ်မှာလာတဲ့ ဝိပဿီဿစ နမတ္ထု စက္ခုမန္တဿ သီရီမတော စတဲ့ ဘုရားရှိခိုး ဂါထာတွေက ဗြဟ္မာကြီးရဲ့ ဘုရားရှိခိုးဖြစ်ပါတယ်။ ဗြဟ္မာတွေဟာ အလွန်သက်တမ်းရှည်တဲ့အတွက် ဝိပဿီဘုရား ပွင့်တော်မူတဲ့အချိန်က ဝိပဿီဘုရားရှင်ရဲ့ တပည့်သာဝက ဖြစ်ခဲ့ဖူးတဲ့ ဗြဟ္မာကြီးတွေဟာ အခုဂေါတမပွင့်ချိန်အထိ ဗြဟ္မာ့ပြည်မှာ ရှိနေပါသေးတယ်။ အဲဒီ ဝိပဿီဘုရားကိုမီတဲ့ ဗြဟ္မာကြီးတွေဟာ ဝိပဿီဘုရားရှင်ရဲ့နောက်မှာ ပွင့်တဲ့ သီခိ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရား ၇-ဆူကို ဖူးတွေ့ တရားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ဗြဟ္မာကြီးက ဖူးတွေ့တရားနာဖူးတဲ့ ဘုရား ၇-ဆူ ဂုဏ်တော်တွေကို ထုတ်ဖော်ချီးကျူးပြီး ရှိခိုးတာ ဖြစ်ပါတယ်။ အဲဒီ အာဋာနာဋိယသုတ်ဟာ ဗြဟ္မာကြီးရဲ့ ဘုရား ၇-ဆူရှိခိုးကို မှီငြမ်းပြုပြီး ဘုရား ၇-ဆူ ဘုရားရှိခိုးဟာ တွင်ကျယ်နေတာ ဖြစ်ပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်တယ်ဆိုတာ ဘယ်ဘုရားကို ပူဇော်တာပါလဲ။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်တယ်ဆိုတာက ဘုရားကိုးဆူကို ပူဇော်တာ မဟုတ်ပါဘူး။ ဘုရားရှင်နှင့်တကွ ရဟန္တာ ၈-ပါး စုစုပေါင်း ကိုးပါးကို ပူဇော်တာ ဖြစ်ပါတယ်။ ဘုရားနှင့်တကွ ကိုးဆူပူဇော်ခြင်းကို ပြောရာက အတိုချုံးပြီး ဘုရားကိုးဆူ ပူဇော်ခြင်းလို့ ဝေါဟာရ ပြောင်းလဲလာပုံ ရပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်မှုဟာ ပိဋကတ်တော်မှာပါတဲ့ အစဉ်အလာ ဟုတ်ပါသလား။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်မှုကို ပိဋကတ်တော်မှာ မတွေ့ရပါဘူး။ ပူဇော်ပွဲတစ်ခုအနေနဲ့ ကျင်းပတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဓမ္မပဒ အဋ္ဌကထာမှာပါတဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံပြီး တီထွင်ထားတဲ့ ပူဇော်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ဒီဃလင်္ဂိမြို့မှာ သီတင်းသုံးနေစဉ် ပုဏ္ဏားတစ်ယောက်က မွေးခါစ သူ့ရဲ့သားဟာ ၇-ရက်သာ အသက်ရှည်မယ်လို့ တိတ္ထိ ရဟန်းတစ်ပါးက ဟောပါတယ်။ သနားကရုဏာထားပြီး ကယ်မတော်မူပါလို့ လျှောက်တယ်။ ဘုရားရှင်က အိမ်ရှေ့မှာ မဏ္ဍပ်တစ်ခု ထိုးစေပြီး မဏ္ဍပ်အလယ်မှာ ကလေးကို ထားစေပြီး ရဟန္တာ (၈)-ပါးဖြစ်စေ၊ (၁၆)-ပါးဖြစ်စေ နေ့ရော ညပါ (၇) ရက် လုံးလုံး ပရိတ်ရွတ်စေပါတယ်။ (၇) ရက်မြောက်တဲ့နေ့မှာ ဘုရားရှင်ကိုယ်တိုင် ကြွရောက် ရွတ်ဖတ်ပါတယ်။ နတ်ဗြဟ္မာတွေက ပရိတ်တော်နာဖို့ ဘုရားရှင်ကိုဖူးဖို့ မဏ္ဍပ်ဝန်းကျင်မှာ ပြည့်နေတဲ့အတွက် ကလေးကို စားခွင့်ရထားတဲ့ အဝရုဒ္ဓက ဘီလူးဟာ ကလေးနား မကပ်နိုင်လို့ မစားနိုင်တော့ဘူး။ (၈) ရက်မြောက်နေ့မှာ ကလေးအား ဘုရားရှင်ကို ရှိခိုးစေရာ “အသက်ရှည်စေသော်လို့” မေတ္တာပို့လိုက်ရာက ပုဏ္ဏားက သူ၏ကလေးကို “အာယုဝုဍ္ဎန= မောင်သက်ရှည်” လို့ နာမည်ပေးလိုက်တယ်။

ဒီဖြစ်ရပ်ကို နမူနာယူပြီး ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ကိန်းခမ်းအရ ဂြိုဟ်စား ဂြိုဟ်နင်း အတိတ်နမိတ် မကောင်းတဲ့အခါ ဂြိုဟ်ကိုးလုံး ပူဇော်မှုနဲ့ တွဲပြီး ဘုရားကိုးဆူ ပူဇော်တဲ့ အလေ့အထကို တီထွင်ခဲ့ကြတယ်။

မေး။ ။ ဘုရားရှင်နဲ့အတူ အပူဇော်ခံရတဲ့ ရဟန္တာတွေက ဘယ်ရဟန္တာတွေပါလဲ။

ဖြေ။ ။ ဘုရားရှင်နဲ့အတူ အပူဇော်ခံရတဲ့ ရဟန္တာတွေဟာ ဘယ်ရဟန္တာရယ်လို့ အတိအကျ ဖော်မပြထားပါဘူး။ ဒါပေမယ့် အခု ဘုရားကိုးဆူ ပူဇော်ပွဲမှာတော့ ရဟန္တာ ၈-ပါးရဲ့ အမည်ကို တိတိကျကျ ဖော်ပြထားပါတယ်။ ဘယ်ရဟန္တာ ဘယ်အရပ် ဘယ်ထောင့်မှာ နေရမယ်ဆိုတာကိုလဲ အတိအကျ သတ်မှတ်ထားပါတယ်။ အရှေ့မြောက်ထောင့်မှာ ရှင်ရာဟုလာ၊ အရှေ့မှာ ရှင်ကောဏ္ဍည၊ ရှင်ရေဝတက အရှေ့တောင်ထောင့်မှာ၊ ရှင်သာရိပုတ္တရာက တောင်အရပ်မှာ၊ ရှင်ဥပါလိက အနောက်တောင်ထောင့်မှာ၊ ရှင်အာနန္ဒာက အနောက်မှာ ရှင်ဂဝံပတိက အနောက်မြောက်အရပ်မှာ၊ ရှင်မောဂ္ဂလာန်က မြောက်အရပ်မှာ ဆိုပြီး နေရာ သတ်မှတ်ထားပါတယ်။ ဘယ်ရဟန္တာကို ဘာကြောင့် ဘယ်အရပ်မှာ ထားတယ်ဆိုတာတော့ အကြောင်းအခိုင်အမာ မတွေ့ရပါဘူး။ တချို့စာအုပ်တွေမှာက ရဟန္တာ နေ့သင့်အလိုက် နေရာချထားတယ်လို့ ဆိုပါတယ်။ ဥပမာ ရှင်သာရိပုတ္တရာဟာ ဗုဒ္ဓဟူးသားဖြစ်လို့ တောင်အရပ်မှာ ထားတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရှင်သာရိပုတ္တရာဟာ ဗုဒ္ဓဟူးသားဖြစ်တယ်လို့ ပိဋကတ်မှာ မပါလို့ ယုတ္တိတော့ မတန်ပါဘူး။

မေး။ ။ ဘုရားကိုးဆူ ပူဇော်တဲ့ ဓလေ့ဟာ ဘယ်ခေတ် ဘယ်ဒေသက စခဲ့တာလဲ။

ဖြေ။ ။ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးဟာ သက္ကရာဇ် ၉၂၀ လောက်မှာ ယိုးဒယားပြည် ဇင်းမယ်ကိုသိမ်းပြီး သားတော် အနော်ရထာကို ဘုရင်ခံခန့်ထားပါတယ်။ ထိုအချိန်က ဇင်းမယ်တွင် လောကီဗေဒင် ကိန်းခန်းအရ ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်တဲ့ အစဉ်အလာရှိတယ်။ ဘုရင့်နောင် မင်းတရားကြီးက ဗုဒ္ဓဘာသာ ဆရာတော်ကြီးများနဲ့ တိုင်ပင်ပြီး လူတွေကျင့်သုံးနေတဲ့ ဂြိုဟ်ကိုးလုံး ပူဇော်မှုလဲမပျက်၊ ဗုဒ္ဓဘာသာနည်းအရ ဘုရားရှင်နဲ့ ရဟန္တာများကို ပူဇော်ရာလဲ ရောက်အောင်ဆိုပြီး ဓမ္မပဒကျမ်းလာ အာယာဝဎုန ဝတ္ထုအရ ဘာသာရေး ယဉ်ကျေးမှုအဖြစ် ပြောင်းလဲခဲ့တယ်။ အဲဒီဇင်းမယ်က ဘုရားကိုးဆူ အစဉ်အလာဟာ မြန်မာပြည်ကို ရောက်လာခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဘုရားကိုးဆူ ပူဇော်တဲ့ ဓလေ့ဟာ တောတွေကို မရောက်ပဲ မြို့တွေမှာ အထူးသဖြင့် အောက်မြန်မာပြည် မြို့တွေမှာသာ လုပ်လေ့လုပ်ထ ရှိပါတယ်။

မေး။ ။ ယခုကာလ ဘုရားကိုးဆူ ပူဇော်ပွဲကို ဘယ်လို ပူဇော်နေကြသလဲ။

ဖြေ။ ။ ဘုရားကိုးဆူ ပူဇော်ပွဲဟာ ဂြိုဟ်ကိုးလုံးပူဇော်ပွဲလဲ ဖြစ်ပါတယ်။ ဘုရားကိုးဆူ ပူဇော်ပွဲဟာ စေတနာ သဒ္ဓါတရား သက်သက်အရ ပြုလုပ်တာ မဟုတ်ပါဘူး။ ဗေဒင်ကိန်းခန်းအရ ကံဇာတာ နိမ့်တဲ့အခါမျိုးမှာ လောကီနည်းအရ ရာထူးဂုဏ်သိန် စည်းစိမ် တိုးတက်စေချင်တဲ့ အခါမျိုးမှာ ဘာသာရေးနည်းနဲ့ လောကီနည်း ပေါင်းပြီးလုပ်တဲ့ ပူဇော်ပွဲဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာပြခဲ့တဲ့ ဘုရားရှင်နဲ့ ရဟန္တာ ၈-ပါး အပြင် ဘုရားရှင်နောက်မှာ ကိတ်ဂြိုဟ်ကိုထားပြီး ရဟန္တာ (၈)ဆူရဲ့ နောက်မှာတော့ တနင်္ဂနွေထောင့်မှာ ဂဠုန်ရုပ်ကို စီးထားတဲ့ တနင်္ဂနွေဂြိုဟ်မင်း၊ တနင်္လာထောင့် အရှေ့ရပ်မှာ ကျားရုပ်ကို စီးထားတဲ့ တနင်္လာဂြိုဟ်မင်း စသည်ဖြင့် ဂြိုဟ်ကြီး ၈ လုံးကို နေရာချထားပါတယ်။ လှူဖွယ်ပြင်တဲ့အခါမှာလဲ ဘုရားရဟန္တာကိုးဆူနဲ့ ဂြိုဟ်ကိုးပါးအတွက် ပွဲ ၁၈ ပွဲ ပြင်ဆင် ပူဇော် ကျွေးမွေးရပါတယ်။ ဒါကြောင့် ဘုရားကိုးဆူဟာ ဘာသာရေး ပူဇော်ပွဲနဲ့ လောကီဂြိုဟ်နတ် ပူဇော်ပွဲကို ပေါင်းထားတဲ့ ပူဇော်ပွဲတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ဘုရားကိုးဆူ ပူဇော်ပွဲကို ဘာဖြစ်လို့ ညနေပိုင်း ညဘက်ပိုင်းမှာ ပြုလုပ်ပါသလဲ။

ဖြေ။ ။ တကယ့်ပူဇော်ပွဲ အစစ်ကိုတော့ မနက်အရုဏ်တက်မှာ လုပ်ကြပါတယ်။ ဒါပေမယ့် အခမ်းအနားကိုတော့ ညနေမှာ ကျင်းပပါတယ်။ ဘုရားကိုးဆူပူဇော်ပွဲဟာ မြို့တွေမှာ ပြုလုပ်လေ့ရှိတော့ အားလုံး အလုပ်အားလပ်တဲ့ အချိန်အခါလဲဖြစ်၊ ဘုရားကိုးဆူပူဇော်ပွဲ ပြင်ဆင်ထားတဲ့ ဘုရားဆောင်အခမ်းအနားကို ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်များလဲ ဖူးမြော်ကြည်ညိုနိုင်အောင် လူထုပရိတ်သတ်ကိုတော့ ညနေဘက်မှာ ဖိတ်ကြွေးပါတယ်။ ဘုရားရှင်၊ ရဟန္တာတွေနဲ့ ဂြိုဟ်နတ်တွေကိုတော့ မနက်အရုဏ်တက်မှာ ပူဇော် ကျွေးမွေးပါတယ်။

မေး။ ။ အချို့ ဗုဒ္ဓဘာသာတွေ ဘာကြောင့် ဘုရားကိုးဆူ မပူဇော်ကြသလဲ။

ဖြေ။ ။ အချို့ ဗုဒ္ဓဘာသာတွေက ရတနာသုံးပါးကလွဲပြီး ဘာကိုမှ မကိုးကွယ်ကြပါဘူး။ ဘုရားကိုးဆူ ပူဇော်ပွဲမှာ ဂြိုဟ်နတ်တွေကို ကိုးကွယ်ပူဇော်တဲ့ အခမ်းအနားပါနေတဲ့အတွက် ဗုဒ္ဓဘာသာလုပ်ငန်း မဟုတ်ဘူးလို့ ယုံကြည်ကြပြီး မပူဇော်တာပါပဲ။

တချို့ကတော့လဲ ဘုရားနဲ့တကွ ရဟန္တာတွေလဲပါ၊ ဂြိုဟ်နတ်တွေလဲပါဖြစ်လို့ လောကုတ္တရာရေး၊ လောကီရေး နှစ်မျိုးလုံးပါတဲ့ လုပ်ငန်းပဲဆိုပြီး လက်ခံပြုလုပ်ကြပါတယ်။ အင်္ဂုတ္တိုရ်ပါဠိမှာ ဗလိငါးမျိုးကို ပူဇော်ရတဲ့နေရာမှာ ဒေဝတာဗလိနတ်တွေကို တင်မြှောက်ပသခြင်း တစ်မျိုးပါတယ်။ ကြီးပွားကြောင်းတရား (၇)ပါးမှာ ရိုးရာကိုးကွယ်တဲ့ နတ်တွေကို ဗလိနတ်စာ ကျွေးမွေးတင်မြှောက်ရမယ်လို့ ဆိုတဲ့အတွက် ဘုရားကိုးဆူ ပူဇော်တာဟာ ဗုဒ္ဓဘာသာနဲ့ မဆန့်ကျင်ပါဘူး။

မေး။ ။ အချို့အရပ်တွေမှာ နှစ်ကျပ်ရှစ်ဆူ လှည့်ပွဲ၊ ပူဇော်ပွဲတွေ လုပ်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူဆိုတာ ဘာဘုရားတွေလဲ။

ဖြေ။ ။ သုမေဓာ ဘုရားအလောင်းဟာ ဒီပင်္ကရာဘုရားရှင်ထံမှာ ဗျာဒိတ်ခံတော်မူတယ်။ ပြီးတော့ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူတယ်။ အဲဒီလို ပါရမီဖြည့်ကျင့်နေစဉ် ကာလအတွင်းမှာ ဒီပင်္ကရာဘုရားနဲ့ ဂေါတမဘုရားရှင် အပါအဝင် ဘုရားပေါင်း နှစ်ဆယ့်ငါးဆူ ပွင့်တော်မူတယ်။ ဒါပေမယ့် ဒီပင်္ကရာဘုရားပွင့်တဲ့ ကမ္ဘာမှာ ဒီပင်္ကရာမတိုင်မီ၊ တဏှာင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူ ပွင့်သွားတယ်။ အဲဒီ ဘုရားသုံးဆူကိုပါ ပေါင်းပြီး ဘုရား (၂၈)ဆူ ရည်မှန်းပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ တည်ကြတယ်။ နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲတွေ ကျင်းပကြတယ်။

မေး။ ။ သမ္ဗုဒ္ဓေဂါထာမှာလာတဲ့ ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေဟာ ဘယ်ဘုရားတွေပါလဲ။

ဖြေ။ ။ စိန္တိတံ သတ္တသချေင်္ယျံ၊ နဝသချေင်္ယျ ဝါစကံ၊ ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုဝါဂမိ ဟူသော စူဠဗုဒ္ဓဃောသမထေရ် စီရင်သည့် သောတ္တကီကျမ်းလာ ဂါထာအရ ဂေါတမဘုရားအလောင်းတော်ဟာ စိတ်တော်ထဲမှာ ဘုရားဆုကိုတောင်းခဲ့တာ (၇)သချေင်္ကြာတယ်။ အဲဒီ (၇)သချေင်္အတွင်းမှာ ဗြဟ္မဒေဝစတဲ့ ဘုရားပေါင်း တစ်သိန်းနှစ်သောင်းငါးထောင် ပွင့်ပါတယ်။ နှုတ်တော်က မြွက်ဆိုပြီး ဘုရားဆုတောင်းခဲ့တာက (၉)သချေင်္ကြာပါတယ်။ အဲဒီ (၉)သချေင်္အတွင်းမှာ ပေါရာဏသကျဂေါတမ စတဲ့ ဘုရားအဆူပေါင်း သုံးသိန်း ရှစ်သောင်း ခုနှစ်ထောင် ပွင့်ခဲ့ပါတယ်။ ဒီပင်္ကရာဘုရားထံမှစ၍ ကိုယ်ရော နှုတ်ပါ ဘုရားဆုတောင်းခဲ့ ကျင့်ခဲ့တာက လေးသချေင်္နှင့် ကမ္ဘာ တစ်သိန်း ကြာပါတယ်။ အဲဒီကာလအတွင်း ပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူ ဖြစ်ပါတယ်။ အဲဒီသချေင်္နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူတဲ့ (၅၁၀၂၀၂၈) ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များကို ရည်မှန်းရှိခိုး ပူဇော်တာဖြစ်ပါတယ်။

မေး။ ။ သမ္ဗုဒ္ဓေ ဘုရားရှိခိုးနဲ့ ဆုတောင်းဂါထာကို ဘယ်သူရေးပါသလဲ။ ဘယ်ရည်ရွယ်ချက်နဲ့ ရေးပါသလဲ။

ဖြေ။ ။ သမ္ဗုဒ္ဓေ အန္တရာယ်ကင်း ဘုရားရှိခိုးကို ဘယ်ဆရာတော်ကြီး ရေးတယ်လို့ မှတ်တမ်းအခိုင်အမာ မတွေ့ရပါဘူး။ ရှေးမြန်မာ ဆရာတော်တစ်ပါး စီစဉ်ရေးသားခဲ့တယ်လို့ မှတ်သားရပါမယ်။

ရည်ရွယ်ချက်ကတော့ ဂေါတမဘုရားရှင်ဟာ သချေင်္နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ အဲဒီကာလအတောအတွင်း ဘုရားပေါင်း ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ပွင့်တော်မူခဲ့တယ်။ ဒီလိုသိရခြင်းအားဖြင့် “ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော” ဘုရားအဖြစ်ကို ရခဲတယ်ဆိုတာ ပိုပြီး ပေါ်လွင်လာမယ်။ ဂေါတမအရင်က ဘုရားပေါင်း (၅)သိန်းကျော် ပွင့်သွားခဲ့တယ်ဆိုတာကို သိသွားမယ်။ ဘုရားတစ်ဆူကို တစ်ခါရှိခိုးလို့ ကုသိုလ်တစ်ခါရရင် ဘုရားပေါင်း (၅)သိန်းကျော်ကို တစ်ခါရှိခိုးလို့ ကုသိုလ်ပေါင်း ငါးသိန်းကျော် ရမယ်။ အလားတူပဲ တရား သံဃာတော်တွေ ပူဇော်ရာမှာလဲ တစ်ခါပူဇော်တာနဲ့ ကုသိုလ်ပေါင်း (၅)သိန်းကျော် ရမယ်။ ဒီလို အကျိုးအများကြီး ရမယ်ဆိုတော့ ပူဇော်တဲ့သူရဲ့ သဒ္ဓါယုံကြည်မှုဟာလဲ အားကောင်းလာမယ်။ စေတနာဇောဟာလဲ အားကြီးလာမယ်။ စေတနာဇော အားကောင်းရင် အားကောင်းသလောက် အကျိုးဟာလဲ ကြီးမြတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတဲ့ ဘုရားရှိခိုးဖြစ်တယ်လို့ မှတ်နိုင်တယ်။

မေး။ ။ သမ္ဗုဒ္ဓေဂါထာရွတ်လို့ အန္တရာယ် ကင်းပါသလား။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ပရိတ်ရွတ်တဲ့အခါမှာ ပရိတ်တော်ရွတ်ခြင်းဖြင့် အန္တရာယ်ကင်းမယ်လို့လဲ ယုံကြည်မယ်။ ပရိတ်တော်ရဲ့ အနက်အဓိပ္ပာယ်လဲ သိမယ်ဆိုရင် အန္တရာယ် ကင်းသလိုပါပဲ။ သမ္ဗုဒ္ဓေဂါထာရွတ်ခြင်းဖြင့် အန္တရာယ်ဟူသမျှ ကင်းရှင်းမယ်လို့ ယုံကြည်မှုလဲရှိမယ်။ ရွတ်တဲ့အခါမှာလဲ ဂါထာရဲ့ အနက်အဓိပ္ပာယ်ကို သိမယ်ဆိုရင် တကယ်အန္တရာယ် ကင်းနိုင်ပါတယ်။ ဒီဂါထာဟာ ဥုံခံပြီး မန်းမှုတ်ရတဲ့ မန္တန် မဟုတ်ပါဘူး။ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျပ်ရှစ်ဆူသော ဘုရားတွေနဲ့ ၄င်းတို့ရဲ့ တရား သံဃာတွေကို ရှိခိုးပြီး ဆုတောင်းတဲ့ ဘုရားရှိခိုး ဖြစ်ပါတယ်။ ဒါကြောင့် သမ္ဗုဒ္ဓေဂါထာနဲ့ သူ့ရဲ့ မြန်မာအဓိပ္ပာယ်ကို ရေးပေးလိုက်ပါတယ်။

၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

၃။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ။

အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

၁။ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကို တပည့်တော် ဦးတိုက်ရှိခိုးပါ၏၊

၂။ ဂင်္ဂါသဲစုမက မရေမတွက်နိုင်အောင် များပြားသော ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်များနှင့် ၄င်းတို့၏ တရားတော် သံဃာတော်များကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏၊

၃။ ရှိခိုးရသော အာနုဘော်ကြောင့် အားလုံးသော ဘေးဥပဒ်များ ကင်းရှင်း၍ အန္တရာယ်ဟူသမျှ အကြွင်းမဲ့ ပျောက်ပျက်ပါစေကုန်သတည်း။

မေး။ ။ ဘုရားရှိခိုးရင် ဘုရားဂုဏ်ကို အောက်မေ့ရင် အန္တရာယ် ပျောက်ကင်းတယ်လို့ ကျမ်းဂန်အဆိုရှိပါသလား။

ဖြေ။ ။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို အောက်မေ့သူဟာ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်တယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်က ဓဇဂ္ဂသုတ်မှာ ဟောထားပါတယ်။ ဒီလိုပျောက်ရတာလဲ ရတနာသုံးပါးမှာ ရာဂ၊ ဒေါသ၊ မောဟ ကင်းပြီး ကြောက်ရွံ့ ထိတ်လန့်မှုတွေ မရှိလို့ဖြစ်ပါတယ်လို့ ဘုရားရှင်က အကြောင်းပြထားပါတယ်။

အဲဒီ ဓဇဂ္ဂသုတ် ဘုရားဟောတရားကို ထောက်ထားပြီးတော့လဲ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို ပြုစုတော်မူကြတဲ့ ဆရာတော်တွေဟာ ကျမ်းမပြုမီ ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးကန်တော့ပါတယ်။ ရှိခိုးတဲ့ စာတွေကိုလဲ ကျမ်းဂန်အစမှာ ရေးထည့်ထားကြတယ်။ ကျမ်းပြုပုဂ္ဂိုလ်တွေ ရှိခိုးတဲ့ ရည်ရွယ်ချက်က ရှိခိုးမှုကြောင့် အန္တရာယ်ကင်းပြီး ကျမ်းကို ပြီးအောင်ရေးနိုင်ဖို့ ဖြစ်ပါတယ်။ စာထဲမှာ ရတနာသုံးပါး ရှိခိုးထည့်ရေးတာကတော့ ကျမ်းဂန်ကို သင်တဲ့ တပည့်တွေလဲ ထိုအတိုင်းရှိခိုးပြီး အန္တရာယ်တွေ ကင်းကာ ထိုကျမ်းဂန်ကို ပြီးအောင် သင်ကြားနိုင်ကြဖို့ ဖြစ်ပါတယ်လို့ ဖွင့်ဆိုကြ ပါတယ်။

ဒါကြောင့်လဲ သမ္ဗုဒ္ဓေဘုရားရှိခိုး ဂါထာတွေကို ရွတ်ဆိုတာဟာ ဘုရားကို နှုတ်နဲ့ ရှိခိုးတဲ့ ဝစီဝန္ဒနာ ဖြစ်တဲ့အတွက် မုချဧကန် အန္တရာယ် ကင်းနိုင်တယ်လို့ ယုံယုံကြည်ကြည်နဲ့ မြန်မာလို အဓိပ္ပာယ်သိပြီး ရှိခိုးနိုင်ကြပါတယ်။

+++++++++++++++++++++++++++